အခန်း (၈၆၁-၈၆၅)
Vol. 58 Ch. 861-865
Chapter 861
"ကျွတ်...."
ရီဖုန်းက ကျွတ်တစ်ချက်စုပ်လိုက်သည်။
သူသည် ကျားကိုစီးနင်းပြီးမှ ပို၍ပင်ကိုးယိုးကားရား ဖြစ်နေပေ၏။
ဤလူသည် ဓားပြတိုက်ခြင်းနှင့် ရင်ဆိုင်ရသည့်တိုင် အနည်းငယ်မျှ ဒေါသထွက်ခြင်းမရှိရုံသာမက သူ့အား အင်မော်တယ်သလင်းကျောက်နှစ်သန်းကိုလည်း လွယ်လင့်တကူထုတ်ပေးနေပေ၏။
'ဟူး...'
'မင်းက ငါ့ကို ဘာလို့ အခွင့်အရေးတစ်ခုတောင် မပေးတာလဲ'
ရီဖုန်းသည် အင်မော်တယ်သလင်းကျောက်နှစ်သန်းအပေါ် အလွန်လိုချင်တပ်မက်မိသော်လည်း သူ သေဆုံးရမည့်ကိစ္စကို ဦးစားပေးရန် ရွေးချယ်လိုက်သည်။
"မင်း ငါ့ကို တိုက်ခိုက်လို့ရတယ်....တကယ်လို့ မင်းက ငါ့ကို သတ်လိုက်မယ်ဆိုရင် အင်မော်တယ်သလင်းကျောက်နှစ်သန်းကို မင်း ပေးဖို့မလိုတော့ဘူး"
"ဒါ့ပြင် မင်း အတွေးမလွန်နဲ့...ငါက အသိတရားရှိတဲ့ ဓားပြတစ်ယောက်ပဲ...အမှန်ပဲ...ငါ့မှာ အသိတရားရှိတယ်"
အဆုံးသတ်၌ ရီဖုန်းသည် သူ၏ထူးဆန်းပြီး ကိုးလို့ကန့်လန့်ဖြစ်နေသော အပြုအမူများနှင့်ပတ်သက်ပြီး အတင်းအကြပ်ရှင်းပြလိုက်၏။
သို့ရာတွင် သူ၏လက်အတွင်းသို့ နောက်ထပ်သိုလှောင်လက်စွပ်တစ်ကွင်း ထပ်ရောက်လာမည်ဟု သူ မျှော်လင့်မထားမိချေ။
"ဒီသိုလှောင်လက်စွပ်ထဲမှာ အင်မော်တယ်သလင်းကျောက်သုံးသန်းရှိတယ်...အရင်နဲ့အခုပေါင်းရင်ငါးသန်း...ငါတို့ ထွက်သွားလို့ရပြီလား"
အဖွဲ့ခေါင်းဆောင်က အမူအယာကင်းမဲ့စွာဖြင့် ပြောဆိုသည်။
"အမ်..."
ရီဖုန်းသည် နောက်ထပ်သိုလှောင်လက်စွပ်တစ်ကွင်း ထပ်မံ၍ရရှိလာသည်ကိုကြည့်ပြီး အလွန်ဒေါသထွက်သွားသဖြင့် သွေးအန်တော့လုမတတ်ပင်။
ဤကဲ့သို့ ကြီးကျယ်ခမ်းနားသော အသွင်အပြင်မျိုးဖြင့် ခရီးထွက်လာသည်ကို တစ်ချက်ကြည့်မိရုံဖြင့် အင်အားစုကြီးတစ်ခုမှ အဖွဲ့တစ်ဖွဲ့နှင့် တူညီနေသည်။သို့ရာတွင် ဤလူများသည် မည်သည်ကြောင့် အလွန်အားနည်းပြီး အနည်းငယ်မျှပင် ဒေါသမထွက်သနည်း။
ရီဖုန်းသည် သူ၏လက်ဖြင့် သိုလှောင်လက်စွပ်နှစ်ကွင်းကို ဆုပ်ကိုင်လိုက်သည်။
အချိန်အတော်ကြာခန့် တွေဝေစဥ်းစားနေပြီးနောက်.....
သူ၏စိတ်နှလုံးသား ပျက်စီးလုနီးပါးဖြစ်နေသော်လည်း...
သူ လက်လျှော့အရှုံးမပေးနိုင်ချေ။
လူကြီးလူကောင်းတစ်ယောက်သည် ချမ်းသာကြွယ်ဝမှုကို ချစ်မြတ်နိုးသည့်တိုင် သင့်တင့်လျောက်ပတ်သောနည်းလမ်းဖြင့်သာ ဖြစ်ရပေမည်။
အကယ်၍ သူသည် ဤအင်မော်တယ်သလင်းကျောင်းငါးသန်းကိုယူပြီး ထွက်ခွာသွားပါက သူသည် လမ်း၌လုယက်သော ဓားပြတစ်ယောက် အမှန်တကယ်ဖြစ်သွားပေမည်။
ဤသည်မှာ သေခြင်းတရားကိုရှာဖွေရန်ဟူသော သူ၏မူလရည်ရွယ်ချက်နှင့် လုံးလုံးလျားလျားဆန့်ကျင်နေသည်။
"ငါက ငွေတွေကို လုယက်ချင်တာမဟုတ်ဘူး...ငါက လူကို လုယက်ချင်တာပဲ
ရီဖုန်းက သူသည်သေလမ်းရှာနေခြင်းဖြစ်ကြောင်း ရှင်းရှင်းလင်းလင်းနားလည်သဘောပေါက်သည်။ထို့ကြောင့် သူသည် ဟန်ဆောင်ပန်ဆောင်ဖြင့် သိုလှောင်လက်စွပ်နှစ်ကွင်းကို အစောင့်ခေါင်းဆောင်ထံသို့ ပြန်လည်၍ပစ်ပေးလိုက်သည်။
"အော်...."
မမျှော်လင့်ဘဲ အဖွဲ့ခေါင်းဆောင်သည် အမူအယာကင်းမဲ့စွာဖြင့် ရီဖုန်းကို တစ်ချက်ကြည့်ပြီးနောက် သူ၏နောက်ရှိလူများထံသို့ လက်ဝှေ့ယမ်းပြလေသည်။
"ဟုတ်ကဲ့ပါ ခေါင်းဆောင်"
သူ၏နောက်တွင်ရှိနေသည့် အရပ်မြင့်ပြီး လှပချောမောသော အစေခံမလေးတစ်ယောက်သည် ခေါင်းညိတ်ပြကာ ဝှစ်နဲမြည်သံနှင့်အတူ ရီဖုန်း၏နံဘေးသို့ ရောက်ရှိလာသည်။
ရီဖုန်းသည် သူ၏နံဘေးသို့ ရောက်ရှိလာသည့် လှပချောမောသော အစေခံမလေးကိုကြည့်ကာ သူမ၏ခန္ဓာကိုယ်မှာ ခပ်ဖျော့ဖျော့မွှေးရနံ့ကိုရရှိချိန်တွင် သူ၏နှုတ်ခမ်း ကျွတ်စုပ်လိုက်၏။
'အို ဘုရားရေ....'
'ဒါက ဘယ်လိုလူစားမျိုးတွေလဲ'
'ငါ ဓားပြတိုက်တယ်လို့ပြောတာနဲ့ သူတို့က အင်မော်တယ်သလင်းကျောက်ငါးသန်းကို ထုတ်ပေးတယ်....ငါက လူကိုယူချင်တာလို့ ပြောတာနဲ့ မိန်းကလေးတစ်ယောက်ပေးတယ်..သူတို့က နည်းနည်းလေးတောင် ဒေါသမထွက်ကြဘူးလား....သူတို့က လူတွေရော ဟုတ်ရဲ့လား'
ရီဖုန်းသည် သူ၏ခေါင်းကိုကုတ်ကာ စဉ်းစားတွေးသောနေရင်း ရူးသွပ်သွားတော့လုမတတ်ပင်။
ဤအချိန်အခိုက်အတန့်မှာပင် လေညှင်းတစ်ရပ် ဖြတ်သန်းတိုက်ခတ်သွားသည်နှင့်အတူ ရထားလုံး၏လိုက်ကာ မြောက်တက်သွားကာ အနီရောင်ပိုးထည်စများ လူးလွန့်သွားသည်။ထိုအချိန်တွင် ပေါ်လွင်လာသည့် နူးညံ့သေးသွယ်သောမျက်နှာလေးတစ်ခုက ရီဖုန်း၏အမြင်အာရုံကို ဖမ်းစားသွားနိုင်ပေ၏။
အကြည့်တချက်သာဖြစ်သော်လည်း ရီဖုန်း၏မျက်လုံးများ တောက်ပသွားသည်။
ဤသည်မှာ ရီဖုန်းသည် ထိုမိန်းကလေးကို ချစ်မြတ်နိုးသွားခြင်းကြောင့်မဟုတ်ဘဲ ဤအဖွဲ့၏အခရာကျသူကို ရှာဖွေတွေ့ရှိသွားသောကြောင့်ပင်။
ထိုမိန်းကလေး၏ပုံပန်းသွင်ပြင် အဝတ်အစားနှင့် တခြားကဏ္ဍများကိုကြည့်ခြင်းအားဖြင့် သူမသည် အရေးပါသောလူတစ်ယောက်ဖြစ်မည်မှာ သေချာပေါက်ပင်။
သူ တစ်စုံတစ်ယောက်ကိုဖမ်းဆီး၍ နာကျင်အောင်ပြုလုပ်လိုက်ပါက....
ဤလူများထံတွင် စိတ်နှလုံးသားကောင်း ထပ်မံ၍ရှိနေဦးမည်ဟု သူ မယုံကြည်ချေ။
"ငါက ဒီမိန်းကလေးကို မလိုချင်ဘူး...ငါ သူ့ကို လိုချင်တယ်"
ရီဖုန်းသည် ရထားလုံးထံသို့ လက်ညှိုးညွှန်ပြပြီး ကျယ်လောင်စွာအော်ဟစ်လိုက်သည်။
ရီဖုန်း၏စကားလုံးများ ကျရောက်လာသည်နှင့် အစောင့်ခေါင်းဆောင်၏မျက်နှာ ချက်ချင်းအေးစက်တင်းမာသွားသည်။သူ၏သတ်ဖြတ်လိုခြင်းစိတ်ဆန္ဒများပေါ်လွင်လာပြီး ရီဖုန်း၏အနီးသို့ ချဉ်းကပ်လာပေ၏။
"မင်းက သေချင်နေတာလား"
ထိုလူသည် သူ၏သွားကြားမှနေ၍ စကားတစ်လုံးခြင်း ပြောဆိုလိုက်သည်။
ထိုစကားကိုကြားချိန်တွင် ရီဖုန်း အလွန်ပျော်ရွှင်သွားသည်။
ဤစကားတစ်ခွန်းကို သူ စောင့်ဆိုင်းခဲ့သည်မှာ အချိန်မည်မျှထိ ကြာမြင့်ခဲ့ကြောင်း သူ မသိတော့ချေ။ထိုကြောင့် သူ၏လက်ညှိုးကိုကွေးကာ အစောင့်ခေါင်းဆောင်ကို ရန်စစကားပြောဆိုလိုက်၏။
"မင်း ပြောတာမှန်တယ်...ငါက သေချင်နေတာပဲ"
ချွင်....
ကြည်လင်ပြတ်သားသော အသံတစ်သံနှင့်အတူ ဓားအိမ်မှနေ၍ ဓားတစ်လက်ထွက်ပေါ်လာကာ ရီဖုန်းကို ချိန်ရွယ်ထားလေ၏။
ဤတစ်ကြိမ်တွင် အဖွဲ့ခေါင်းဆောင်သည် အမှန်တကယ် ဒေါသထွက်နေလေပြီ။
အကျိုးအကြောင်းကို စဉ်းစားချင့်ချိန်နိုင်ရန်အလို့ငှာ အင်မော်တယ်သလင်းကျောက် ငါးသန်းဖြစ်စေ အစေခံတယောက်ဖြစ်စေ ပေးအပ်ရသည်မှာ သူတို့အတွက် အရေးမပါလှချေ။
သို့ရာတွင် ဤလူသည် ရထားလုံးအတွင်းရှိ သခင်မလေးကို နှစ်ခြိုက်သဘောကျဝံ့သဖြင့် သူ သည်းမခံနိုင်တော့ချေ။
သူ၏မျက်လုံးအတွင်း၌ ရီဖုန်းသည် သေလူတစ်ယောက် ဖြစ်သွားလေပြီ။
ဓားအိမ်မှချွတ်လိုက်သောဓားသည် အေးစက်စက်အလင်းတန်းတစ်တန်းကို သယ်ဆောင်လာကာ ပတ်ဝန်းကျင်ရှိမိုးနှင့်မြေကို အရောင်ပြောင်းလဲသွားစေသည်။ဤဓားမှစွမ်းအားသည် အလွန်လွှမ်းမိုးချုပ်ကိုင်နိုင်စွမ်းရှိကာ ရီဖုန်း၏နှလုံးသားနေရာနှင့် တစတစနီးကပ်လာသည်။
'ဒါက...'
'ဒါက သေရတော့မယ်ဆိုရင် ခံစားရတဲ့ ခံစားချက်မျိုးလား'
'အရမ်းကောင်းတယ်...'
'ငါ စောင့်မျှော်နေတဲ့အချိန်က နောက်ဆုံးတော့ ရောက်လာခဲ့ပြီ'
ရီဖုန်းက ပြုံးလိုက်သည်။
အကြောင်းအရင်းမှာ ဤဓားသည် အလွန်အစွမ်းထက်ပုံရသောကြောင့်ပင်။
သူ၏ခန့်မှန်းချက်အရ သူ့၏ဆုတောင်းများအတွက် မြင့်မားသောအောင်မြင်မှုနှုန်း ရှိနေနိုင်သည်။
သူ တစ်ကြိမ်သေဆုံးသွားသည်နှင့် သူ၏တာဝန် အောင်မြင်သွားပေမည်။
သူသည် နီဗားနားအခြေအနေသို့ ဝင်ရောက်ကာ ပြန်လည်ရှင်သန်လာပြီးနောက် ကျင့်ကြံဆင့်များချိုးဖျက်နိုင်ပြီး ထာဝရအသက်ကို ရရှိနိုင်ပေမည်။
သူ ထာဝရအသက်ကိုရရှိပါက ပြိုင်ဘက်ကင်းတစ်ယောက် ဖြစ်သွားပေမည်။
ထိုအချိန်ကျပါက သူသည် နှစ်ကိုယ်တူကျင့်ကြံရန်အတွက် သူတော်စင်မတချို့ကို ရှာဖွေရပေမည်။
သူသည် လောကကြီး၏စည်းစိမ်ကို ရှာဖွေစုဆောင်းနိုင်တော့မည်မဟုတ်လော....
ရီဖုန်းသည် သူ၏တောက်ပသောအနာဂတ်ကို မြင်ယောင်ရင်း ဝမ်းသာပျော်ရွှင်နေသည်။
ရုတ်တရက်....
ဒေါင်...
ကြည်လင်ပြတ်သားသော အသံတစ်သံသည် သူ၏အတွေးများကို ကြားဖြတ်နှောက်ယှက်လိုက်သဖြင့် တစ်ချက်ကြည့်ရန်အတွက် သူ၏မျက်လုံးများကိုဖွင့်လိုက်သည်။
ယခုကြည့်ကြည့်တော့မှ ရထားလုံးထံမှ စွမ်းအားလှိုင်းတစ်လှိုင်း ပျံ့လွင့်လာပြီး သူ့အားခုတ်ပိုင်းတော့မည့်ဓားကို ပိတ်ဆို့ဟန့်တားလိုက်ခြင်းပင်။
ထိုဓားသည် မူလနေရာသို့ ပြန်လည်ရောက်ရှိသွားပေ၏။
ရီဖုန်းသည် မည်သည့်ထိခိုက်ဒဏ်ရာမျှ မရရှိချေ။
'အိုး ဘုရားရေ....'
'ငါက သူတောင်းစားတွေနဲ့ခေါင်းပြောင်ကြီးတွေကို လှူခဲ့တဲ့ ကောင်းမှုကုသိုလ်တွေကိုလည်း မလုပ်ခဲ့မိပါဘူး'
သူ၏သေလမ်းရှာခြင်းအား ကြားဖြတ်နှောက်ယှက်ခံရသည်ကိုကြည့်ပြီး ရီဖုန်းသည် အလွန်အမင်းဒေါသထွက်စ ပြုလာပေ၏။
ထို့ကြောင့် ရီဖုန်းသည်သူ၏ရင်ဘတ်ကိုသူပြန်၍ထုနေစဉ်မှာပင် ရထားလုံး၏လိုက်ကာ မြောက်တတ်သွားသည်။
မျက်နှာလွှာဇာတပ်ထားသော မိန်းကလေးသည် ခြေဗလာဖြင့် ရထားလုံးအတွင်းမှ ထွက်လာပေ၏။
သူမကိုကြည့်ရသည်မှာ မြေပြင်ပေါ်၌ ခြေလှမ်းတစ်လှမ်းခြင်း လျှောက်လှမ်းနေပုံရသော်လည်း အမှန်အားဖြင့် သူမ၏နူးညံ့သေးသွယ်သောခြေဖဝါးနှင့်မြေပြင်ကြားတွင် အနည်းငယ်ကွာဟနေသည်။သူမ၏ခြေထောက်တစ်စုံသည် အစက်အပျောက်ကင်းမဲ့ပြီး နူးညံ့ချောမွေ့ကာ အလွန်အမင်းဖြူဖွေးသည်။
"သခင်မလေး...."
ထိုမိန်းကလေး ထွက်ပေါ်လာမှုကြောင့် အစောင့်ခေါင်းဆောင်အပါအဝင် တခြားလူများအားလုံး ဦးညွှတ်အရိုအသေပြုလိုက်ကြသည်။
"သခင်လေး....ငါ့ရဲ့လက်အောက်ငယ်သားက နင့်ကို မရိုမသေဆက်ဆံခဲ့မိတဲ့အတွက် ငါက အရင်ဆုံး နင့်ကို တောင်းပန်ပါရစေ"
အဖြူရောင်ဝတ်စုံဝတ်ဆင်ထားသော အမျိုးသမီးသည် သူမ၏ခေါင်းကို အနည်းငယ်ငုံကာ ရီဖုန်းထံသို့လျှောက်လှမ်းသွားပြီး နူးညံ့သိမ်မွေ့စွာပြောဆိုသည်။
"ဒါပေမဲ့ နင် ဒီနေရာကနေ အမြန်ဆုံးထွက်သွားဖို့ ငါ အကြံပြုရစေ....ငါတို့က ကပ်ဘေးအဆင့်ဂိုဏ်းကြီးတစ်ဂိုဏ်းဖြစ်တဲ့ ဟုန်ဂိုဏ်းရဲ့အဖွဲ့ဝင်တွေပဲ.... နင်က သူတို့ကို အပြစ်ပြုမိသလိုဖြစ်သွားမှာကို ငါ စိုးရိမ်မိတယ်"
"တကယ်တော့ သခင်လေးက ထွက်သွားမယ်ဆိုရင် ခုဏက အင်မော်တယ်သလင်းကျောက်တွေနဲ့ အစေခံမလေးကို ယူသွားလို့ရတယ်"
ထိုစကားကိုပြောဆိုပြီးနောက် မိန်းကလေးက ခပ်ဖျော့ဖျော့ပြုံးလိုက်သည်။
သူမသည် မလိုအပ်ဘဲ မည်သည့်ကံကြမ္မာအရှုပ်အထွေးတွင်မျှ ပါဝင်ပတ်သတ်လိုခြင်းမရှိချေ။နယ်မြေကြီးကိုးခုအတွင်း၌ မည်ကဲ့သို့သောအရာများ တည်ရှိနေသည်ကို မည်သူက သိနိုင်မည်နည်း။အကယ်၍ သူမသည် သတိလက်လွတ်နေမိပါက သူမ၏သရုပ်မှန် ပေါ်လွင်သွားနိုင်သည်။
အနာဂတ်သူတော်စင်များအကြားရှိ ယှဉ်ပြိုင်မှုတွင် တစ်စုံတစ်ယောက်သည် စောစီးစွာထုတ်ဖော်ခံရလေလေ ပို၍အခွင့်မသာလေလေပင်။
ထိုကြောင့် သူမသည် ရီဖုန်းကို စကားပြောဆိုရန် ဆုံးဖြတ်လိုက်ခြင်းပင်။
ဟုန်ဂိုဏ်းသည် သူမအတွက် သေးငယ်သောဂိုဏ်းတစ်ဂိုဏ်းသာဖြစ်သော်လည်း ကျင့်ကြံသူအများစုအတွက် အလွန်ထိတ်လန့်ကြောက်ရွံ့ရသော ထိပ်သီးအစွမ်းထက်တည်ရှိမှုကြီးတစ်ခုပင်။
ထို့ကြောင့် သူမ၏စကားများသည် ရီဖုန်းကို ခြိမ်းခြောက်နေပုံရသော်လည်း တစ်ချိန်တည်းမှာပင် သူ့အား ခြေတစ်လှမ်းနောက်ဆုတ်ရန်အတွက် အခွင့်အရေးပေးလိုက်ခြင်းဖြစ်သည်။
သူမ၏တောင်းဆိုချက်ကို သဘောတူညီလိုက်ပါက သူမသည် ရီဖုန်းနှင့် ထပ်မံ၍ ပတ်သက်ဆက်နွယ်ရတော့မည် မဟုတ်ချေ။
သို့ရာတွင် သူမ မှားယွင်းသွားလေပြီ။
ရီဖုန်းသည် မူလက ဤမိန်းကလေး အလွန်လှပသည်ဟု တွေးထင်ခဲ့သော်လည်း ဤအချိန်အခိုက်အတန့်တွင် သူမကိုဖမ်းဆီးရန် မစောင့်ဆိုင်းနိုင်တော့ချေ။
ဤနတ်မိမယ်မိန်းမလှလေးသည် သူ၏သေခြင်းကို နှောက်ယှက်ခဲ့သည် မဟုတ်လော....
ထို့ကြောင့် သူ ဆက်လက်၍ ဓားပြတိုက်ရပေမည်။
ဤသည်မှာ အလွန်ကောင်းမွန်သော အစီအစဉ်ပင်။
'မိန်းကလေး....မင်းက ငါ့ကို နှောက်ယှက်ခဲ့ပြီး ယမမင်းရဲ့နန်းတော်ကနေ ပြန်ပြီးဆွဲခေါ်ခဲ့မှတော့ ငါ့ကို အပြစ်မတင်နဲ့'
"သခင်လေးက ဘယ်လိုသဘောရလဲ"
ရီဖုန်း အဖြေပြန်မပေးသည်ကိုကြည့်ပြီး မိန်းကလေးသည် မျက်မှောင်အနည်းငယ်ကြုတ်ကာ သူမ၏ခေါင်းကိုငုံပြီး မေးမြန်းလိုက်၏။
နောက်ထပ်အချိန်အခိုက်အတန့်မှာပင် သူမ၏မျက်နှာအမူအယာ သိသိသာသာပြောင်းလဲသွားသည်။
ရီဖုန်းသည် ခြေလှမ်းတစ်လှမ်းဖြင့် သူမ၏အနီးသို့ ရောက်ရှိလာကာ လက်ဝါးရိုက်ချက်တစ်ချက်ဖြင့် သူမအား သတိလစ်မေ့မြောသွားစေပြီး သူ၏ပခုံးပေါ်သို့ သူမ၏ခြေထောက်များကိုတင်ကာ အဝေးသို့ထွက်ပြေးသွားတော့သည်။
Chapter 862
"မင်းက ငါရဲ့ကိစ္စကောင်းကို ဖျက်ဆီးခဲ့တယ်"
"မင်းရဲ့လုပ်ရပ်ကြောင့် ငါ့အတွက် အခြေအနေဆိုးရွားသွားပြီ"
ရီဖုန်းသည် ပြေးလွှားရင်း အော်ငေါက်နေပေ၏။
ဤမိန်းကလေးကို ရီဖုန်း ပြန်ပေးဆွဲလာရသည့် အကြောင်းအရင်းမှာ သူ့အား ဓားပြတစ်ယောက်အဖြစ် သူမမှတစ်ဆင့် သူမ၏မိသားစုထံသို့ သတင်းပို့စေလိုသောကြောင့်ပင်။
ကပ်ဘေးအဆင့်ဂိုဏ်းကြီးများအကြောင်းကို ရီဖုန်းသည် များစွာမသိရှိထားသော်လည်း ကြားဖူးနားဝရှိပေ၏။
ဤသည်မှာ အတားအဆီးကိုချိုးဖျက်ပြီး ရောက်ရှိလာကာ နယ်မြေကြီးကိုးခုအတွင်း၌ အခြေချနေထိုင်သော ဂိုဏ်းများပင်။
အတိုချုပ်ပြောရလျှင် ရီဖုန်း၏အမြင်အရ ထိုဂိုဏ်းများသည် အလွန်ကြီးကျယ်ခမ်းနားပေ၏။
ထို့ပြင် မိန်းကလေး၏အဆင့်အတန်းသည် သာမန်မဟုတ်ချေ။အကယ်၍ သူ သူမအား ပြန်ပေးဆွဲလိုက်ပါက ဟုန်ဂိုဏ်းသည် သူ့အားသတ်ဖြတ်ရန်အတွက် ထိပ်သီးကျင့်ကြံသူအမြောက်အများကို စေလွှတ်လိုက်ပေမည်။
'ဟား ဟား ဟား...'
ရီဖုန်း၏စိတ်နှလုံးသားအတွင်း၌ ပျော်ရွှင်မှုများ ပွင့်လန်းနေပေ၏။သူသည် ဥာဏ်ကောင်းသူတစ်ယောက်ပင်။
သူ၏ပခုံးပေါ်၌ သတိလစ်မေ့မျောနေသော မိန်းကလေးသည် ယခုကဲ့သို့ဖြစ်လာမည်ဟု တစ်ကြိမ်တစ်ခါမျှ တွေးထင်ထားမိမည်မဟုတ်ချေ။သူမသည် ကပ်ဘေးအဆင့်ဂိုဏ်း၏နာမည်ကို အသုံးပြု၍ ရီဖုန်းအား ထွက်သွားရန်ခြိမ်းခြောက်ခဲ့သည်။သို့ရာတွင် ရီဖုန်းသည်ဤအကြောင်းအရင်းကြောင့် သူမကို ပြန်ပေးဆွဲလာခဲ့ခြင်းပင်။
ခရီးသွားယာဉ်တန်းနေရာ၌....
ထိုမိန်းကလေး ပြန်ပေးဆွဲခံရသောအချိန် အခိုက်အတန့်၌ အဖွဲ့တစ်ဖွဲ့လုံး ကြက်သေသေနေသည်။
အထူးသဖြင့် အစောင့်ခေါင်းဆောင်၏မျက်လုံးများ ကျွတ်ထွက်တော့လုမတတ်ပင်။
သခင်မလေး...သူ့ရှေ့တွင်ရှိနေသော သခင်မလေးသည် တစ်စုံတစ်ယောက်၏ပြန်ပေးဆွဲခြင်းကို ခံလိုက်ရသလော....
သူ၏ခေါင်း ပေါက်ထွက်တော့လုမတတ် စဉ်းစားတွေးတောသည့်တိုင် အဖြူရောင်ဝတ်စုံဝတ်လူငယ်သည် မည်ကဲ့သို့ လူစားမျိုးဖြစ်သည်ကို သူ ရှာဖွေဖော်ထုတ်နိုင်ခြင်းမရှိချေ။
သူ မည်သို့ ပြုလုပ်ရမည်နည်း....
ထို့ပြင် သူ ရှာဖွေဖော်ထုတ်နိုင်ခြင်းမရှိသည့် နောက်ထပ်ကိစ္စတစ်ခုမှာ သခင်မလေးသည် မည်သည်ကြောင့် ခုခံကာကွယ်ခြင်း မပြုသနည်း။
သူမသည် အလွန်အစွမ်းထက်သူဖြစ်လေရာ မည်သည်ကြောင့် ဤကဲ့သို့ ပြန်ပေးဆွဲခြင်းခံလိုက်ရသနည်း....
သို့ရာတွင် ယခုလက်ရှိ၌ ဤကိစ္စအကြောင်းကိုစဉ်းစားတွေးတောနေရန် အချိန်မဟုတ်ကြောင်း သူ သိရှိထားသဖြင့် တခြားသူများကိုခေါ်ဆောင်ကာ ရီဖုန်း၏နောက်သို့ လိုက်လံဖမ်းဆီးတော့သည်။
အချိန်တခဏကြာပြီးနောက် လူအများကို ဦးဆောင်လာသော အဖွဲ့ခေါင်းဆောင်သည် ရီဖုန်းကို လိုက်မှီသွားလေ၏။
"ကောင်စုတ်လေး....သခင်မလေးကို မြန်မြန်အောက်ချလိုက်စမ်း"
အစောင့်ခေါင်းဆောင်သည် ရီဖုန်းကို ဓားဖြင့်ချိန်ရွယ်ပြီး အေးစက်တင်းမာစွာ ပြောဆိုသည်။
"မင်းတို့က ခုထိ လက်မလျှော့နိုင်သေးဘူးလား...ဒီမိန်းကလေးက ငါ့အပိုင် ဖြစ်သွားပြီ"
မိန်းကလေးကို ပခုံးပေါ်တင်၍ သယ်ဆောင်လာသော ရီဖုန်းသည် သူမ၏တင်ပါးကို ခပ်ဆတ်ဆတ်တစ်ချက် ရိုက်လိုက်၏။သူသည် ထိုမိန်းကလေး၏အသက်ကယ်တင်ခဲ့သောကျေးဇူးကို ပြန်ပေးဆပ်ရန်အတွက် သူ၏နာကျည်းမုန်းတီးမှုများကို ပုံချလိုက်သည်။
"မင်း...မင်း...မင်း..."
သူ၏သခင်မလေးအပေါ် ရီဖုန်း၏ပုတ်ခတ်စော်ကားမှုကိုကြည့်ပြီး အစောင့်ခေါင်းဆောင်၏မျက်နှာအမူအယာ ပျက်ယွင်းသွားသည်။သူ၏လက်အတွင်းရှိဓားရှည် တုန်ခါသွားကာ တုန်လှုပ်ချောက်ချားဖွယ်ကောင်းသော ဖျက်ဆီးခြင်းအရှိန်အဝါတစ်ရပ်ဖြင့် ရီဖုန်းကို ဓားဖြင့်ထိုးစိုက်လိုက်၏။
"ကောင်းတယ်...."
ရီဖုန်းသည် အနည်းငယ်မျှ ခုခံကာကွယ်ခြင်းမရှိဘဲ သူ၏ရင်ကိုကော့ကာ သေကွင်းသေကွက်များကို အပြည့်အဝ ပေါ်လွင်နေစေသည်။
ဤကောင်စုတ်၏ဓားချက်သည် အစောပိုင်းကထက် ပို၍အစွမ်းထက်ပုံရသဖြင့် သူ့အား သတ်ဖြတ်ကောင်းသတ်ဖြတ်နိုင်ပေမည်။
မိန်းကလေးကိုပြန်ပေးဆွဲပြီးနောက် ထိုလူအားစောင့်ဆိုင်းရန်အတွက် သူသည် တမင်သက်သက်နှေးကွေးစွာသွားပြီး အချိန်များစွာဖြုန်းတီးခဲ့သည်မှာ အချည်းနှီးမဟုတ်ချေ။
ရုတ်ချည်းဆိုသလိုပင် ထိုဓားချက်သည် ရေဖုံး၏နှလုံးသားနေရာသို့ကျရောက်လာပေ၏။
ရီဖုန်းသည်သေဆုံးရတော့မည်ဟုတွေးထင်နေသောအချိန်မှာပင်…
ခရက်…
ဓားရှည်သည် ကွေးညွတ်သွားပြီးနောက်နှစ်ခြမ်းခွဲထွက်သွားကာ တချိန်ထဲမှာပဲအဖွဲ့ခေါင်းဆောင် လွင့်ထွက်သွားသည်။
ရီဖုန်း ကြက်သေသေသွားသည်။
သူ၏မျက်နှာပေါ်ရှိအမူအရာသည်ကျက်သေသေနေရာမှအလွန်အမင်းအံအားသင့်မှုကိုပြောင်းလဲသွားပေ၏။
အိုဘုရားရေ
သူသည်ဤနေရာထိ ခက်ခက်ခဲခဲများခေါ်လာရသော်လည်း ဤကဲ့သို့အမှိုက်ကောင်တကောင်ဖြစ်နေပြီဟုသူမျှော်လင့်မထားမိချေ။
ဤသည်မှာမိုးချိန်းရုံသာရှိပြီးမိုးမရွာသည့်အလားပင်
ဤအစောင့်ခေါင်းဆောင်၏စွမ်းအားသည် လူအိုကြီးဝမ်နှင့်တူညီသောအဆင့်တွင်သာရှိနေပုံရသည်။
ဤသည်မှာသူ အလဟဿအင်အားစိုက်ထုတ်ခဲ့မိခြင်းပင်။
ရီဖုန်း၏မျက်နှာသုန်မှုန်သွားကာ သူသည် ဤလူတစ်စုနှင့် ထပ်မံ၍ အချိန်ဖြုန်းလိုစိတ် မရှိတော့ချေ။လူများအားလုံး၏ထိတ်လန့်ကြောက်ရွံ့နေမှုအောက်တွင်သူသည် မျက်နှာလွှားဇာတပ်ထားသော မိန်းကလေးကိုမကာ ထွက်ခွာသွားရန် ဟန်ပြင်လိုက်သည်။
ကံကောင်းထောက်မစွာဖြင့် ဤမိန်းကလေး ရှိနေဆဲပင်။
ထိုကြောင့် သူမမှတဆင့် သူသည် ဟုန်ဂိုဏ်းအတွင်းတွင်ရှိနေသော ဂိုဏ်းချုပ်နှင့်အကြီးအကဲများ အစရှိသဖြင့် အစွမ်းထက်သောကျင့်ကြံသူများကို ဆွဲဆောင်နိုင်ပေမည်။
သူ့ရှေ့ရှိ အစောင့်ခေါင်းဆောင်သည် မည်သို့ပင်ဆိုစေကာမူ အစောင့်တစ်ယောက်သက်သက်ပင်။
"သူ့ကို လာကယ်ဖို့အတွက် ငါက မင်းတို့ဟုန်ဂိုဏ်းကို စောင့်နေမယ်.. မင်းတို့ မြန်မြန်လာတာ ပိုကောင်းလိမ့်မယ်...တကယ်လို့ မင်းတို့မလာဘူးဆိုရင် ငါက ဟုန်ဂိုဏ်းကို ဖျက်ဆီးမယ်"
ရီဖုန်းသည် ထွက်ခွာမသွားမီအချိန်တွင် သူ၏မပြေပျောက်သေးသော နာကြည်းမုန်းတီးမှုကြောင့် ရန်စစကားတချို့ကို ထပ်မံပြောဆိုလိုက်သည်။
ထိုသို့ပြောဆိုပြီးနောက် သူသည် မိုးကောင်းကင်ယံအတွင်းသို့ ပျံသန်းသွားပြီး ပျောက်ကွယ်သွားပေ၏။
အစောင့်ခေါင်းဆောင်သည် မြေပြင်မှနေ၍ ခက်ခက်ခဲခဲ မတ်တတ်ထရပ်ကာ သူ၏မျက်လုံးတစ်စုံဖြင့် ရီဖုန်း ထွက်ခွာသွားသောနေရာထံသို့ ဦးတည်၍ စူးစိုက်ကြည့်လိုက်သည်။
ထိုလူငယ်သည် မည်သည့်ကျင့်ကြံဆင့်စွမ်းအားကိုမျှ အသုံးမပြုခဲ့သည့်တိုင် သူ့၏ဓားချက်ကြောင့် ထိခိုက်ဒဏ်ရာမသွားသည့်အပြင် တိုက်ခိုက်ခဲ့သူဖြစ်သော သူသည် ဒဏ်ရာအပြင်းအထန်ရရှိသွားမည်ဟု သူ မျှော်လင့်မထားမိချေ။
"ဘာလို့လဲ....ဖြစ်နိုင်တာတော့ သခင်မလေးရဲ့အကြောင်း ပေါ်လွင်သွားတာလား"
"ဒါမှမဟုတ် သူတော်စင်ယှဉ်ပြိုင်ပွဲကြောင့်လား"
"ဒါမှမဟုတ် ထျန်းယုနယ်မြေရဲ့အတိတ်က ရန်သူများလား"
အစောင့်ခေါင်းဆောင်၏လက်များ တုန်ရီနေကာ သူ၏မျက်နှာပေါ်တွင် တည်ကြည်လေးနက်မှုများဖြင့် ပြည့်နှက်နေသည်။သူသည် ကြွင်းကျန်ခဲ့သောဓားရိုးကို သူ၏လက်ဖြင့်ဆုပ်ကိုင်ကာ သခင်မလေး၏သီးသန့်အစေခံမလေးကို ကြည့်လိုက်သည်။ထို့နောက် သူတို့နှစ်ယောက်သည် လေထုအတွင်းသို့ပျံသန်းကာ တိုက်ရိုက်ထွက်ခွာခဲ့တော့သည်။
သူတို့နှစ်ယောက် ထွက်ခွာသွားသည့် နေရာသည် ရီဖုန်း သွားသောနေရာနှင့်မတူဘဲ တခြားဦးတည်ချက်တစ်ခုပင်။
သူတို့နှစ်ယောက်သည် သူတို့၏သခင်မလေးအားကယ်တင်ရန် နည်းလမ်းတစ်ခုကို ရှာဖွေလိုသည်မှာ သိသာထင်ရှားလှ၏။သို့ရာတွင် အစောပိုင်းကဓားချက်ကြောင့် အကယ်၍ သူတို့သည် ရီဖုန်း၏နောက်သို့ လိုက်လံဖမ်းဆီးလျှင်ပင် မည်သည့်အကျိုးသက်ရောက်မှုမျှ ရှိမည်မဟုတ်ချေ။
သူတို့နှစ်ယောက် ထွက်ခွာသွားပြီးနောက် ကြွင်းကျန်သောလူများသည် မတ်တတ်ထရပ်ကာ အချင်းချင်းကြည့်လိုက်ကြပြီး တစ်ယောက်၏မျက်လုံးအတွင်းမှ ထိတ်လန့်တုန်လှုပ်မှုကို ကျန်တစ်ယောက်က တွေ့မြင်နေရသည်။သူတို့သည် မည်ကဲ့သို့ ပြုလုပ်ရမည်ကို မသိကြတော့ချေ။
အကြောင်းအရင်းမှာ သူတို့သည် အစောင့်ခေါင်းဆောင်နှင့်သီးသန့်အစေခံမလေးတို့နှင့် မတူညီဘဲ ဟုန်ဂိုဏ်း၏အစစ်အမှန်အဖွဲ့ဝင်များဖြစ်နေသောကြောင့်ပင်။သူတို့သည် ဤနေရာသို့ လူအင်အားဖြည့်တင်းရန်သက်သက် ရောက်ရှိလာခြင်းဖြစ်သည်။
ကံကောင်းထောက်မစွာဖြင့် သူတို့အကြားတွင် ဟုန်ဂိုဏ်း၏အကြီးအကဲတစ်ယောက် ရှိနေသည်။
"ဟူး အကြီးအကဲ...ငါတို့ ဘာလုပ်ကြမလဲ"
လူများအားလုံးသည် အကြီးအကဲကိုကြည့်ပြီးမေးမြန်းလိုက်၏။
"ငါတို့ ဘာလုပ်ကြမလဲဆိုတော့ ဂိုဏ်းကိုမြန်မြန်ပြန်ပြီး ဂိုဏ်းချုပ်ဆီကို သတင်းပို့ကြမယ်"
အကြီးအကဲက အလျင်စလိုအော်ဟစ်လေသည်။သူ၏ခြေထောက်များ ပြင်းပြင်းထန်ထန်တုန်ခါနေကာ သူ၏မျက်လုံးအတွင်းရှိ ထိတ်လန့်ကြောက်ရွံ့မှုများသည် အချိန်အတော်ကြာသည်အထိ ပျက်ပြယ်သွားခြင်းမရှိချေ။
အစောပိုင်းက တိုက်ခိုက်မှုသည် အလွယ်ပြောရလျှင် သူ့အတွက် နတ်ဘုရားများ၏တိုက်ပွဲအလားပင်။
သူသည် လျှို့ဝှက်ဆန်းကြယ်သောအဖြူရောင်ဝတ်စုံဝတ်လူငယ်ကဲ့သို့ မိန်းကလေးကို အဝေးသို့ခေါ်ဆောင်သွားရန် နေနေသာသာ အစောင့်ခေါင်းဆောင်လော့ချန်၏ဓားချက်ကို မည်သို့မျှ ရင်ဆိုင်နိုင်မည်မဟုတ်ချေ။
မည်သို့ပင်ဆိုစေကာမူ လျှို့ဝှက်ဆန်းကြယ်သော အဖြူရောင်ဝတ်စုံဝတ်လူငယ် ထွက်ခွာမသွားမီ အော်ဟစ်ခဲ့သောစကားကို သူ မေ့လျော့ခြင်းမရှိချေ။
သူသည် လူ လာကယ်ရန်အတွက် ဟုန်ဂိုဏ်းကိုစောင့်ဆိုင်းနေမည်ဖြစ်ပြီး အကယ်၍ ဟုန်ဂိုဏ်းမှလူများ လာရောက်ခြင်းမရှိပါက ဂိုဏ်းကိုဖျက်ဆီးမည်ဟု ပြောဆိုခဲ့သည်။
ဤသည်မှာ မည်ကဲ့သို့နတ်ဆိုးမျိုး ဖြစ်သနည်း။
'မင်းတို့ ဆရာကြီးတွေအချင်းချင်း တိုက်ခိုက်ကြ ရိုက်နှက်ကြလေ....ငါတို့ဟုန်ဂိုဏ်းကို ဘာလို့ဆွဲထည့်ကြတာလဲ'
Chapter 863
ရှုခင်းလှပသော တောင်ထိပ်တစ်ခုပေါ်၌...
ဤနေရာ၌ နေရောင်ခြည်တောက်ပကာ ကျေးငှက်များ တေးသီဆိုနေပြီး ပန်းရနံ့များ သင်းပျံ့သည်။ဤတောင်ထိပ်သည် ကျယ်ပြန့်ကာ အနောက်ဖက်တောင်၌ သစ်ပင်ကြီးများရှိပြီး ဖုန်းရွှေအနေအထားသည် အလွန်ကောင်းမွန်ပုံရပေ၏။
ဤသည်မှာ ရီဖုန်း သူကိုယ်တိုင်အတွက် အထူးသီးသန့်ရွေးချယ်ထားသော သင်္ချိုင်းနေရာပင်။
မျက်နှာလွှားဇာတပ်ထားသော မိန်းကလေးသည် ရီဖုန်း၏နံဘေး၌ လဲလျောင်းနေသည်။
ဤနေရာတွင် လေများ ဖြတ်သန်းတိုက်ခိုက်နေသဖြင့် အနည်းငယ်အေးစိမ့်လာသည်။
ရီဖုန်းသည် မျက်နှာလွှားဇာတပ်ထားသော မိန်းကလေးကို တစ်ချက်ကြည့်ပြီးနောက် သူ၏သိုလှောင်လက်စွပ်အတွင်းမှ အဝတ်စတစ်စကိုထုတ်ယူကာ သူမပေါ်သို့ ခြုံလွှမ်းပေးလိုက်သည်။
ဤမိန်းကလေးသည် အနည်းငယ်စိတ်ညစ်ဖွယ်ကောင်းသော်လည်း...
အစောင့်ခေါင်းဆောင်၏ နှမြောတသဖြစ်နေသော ပုံပန်းသွင်ပြင်ကို ကြည့်ခြင်းအားဖြင့် အကယ်၍ သူမကိုယ်သူမ သတ်သေသွားပါက သူ လူဆိုးတစ်ယောက် ဖြစ်သွားပေမည်။
ရီဖုန်းသည် ဤမိန်းကလေးအပေါ်တွင် ဆိုးရွားသောအတွေးအမြင်မျိုး မရှိချေ။သူသည် သူမကို ထိခိုက်နာကျင်အောင် မလုပ်လိုဘဲ ဟုန်ဂိုဏ်း၏နာကျည်းမုန်းတီးမှုကို ဆွဲဆောင်နိုင်ရန် သူမအား ခေါ်ဆောင်ထားခြင်းဖြစ်သည်။
ထိုအချိန်ကျလျှင် ဟုန်ဂိုဏ်းမှနေ၍ ရာနှင့်ချီသော ထိပ်သီးအစွမ်းထက်ကျင့်ကြံသူများကို သူ့ထံသို့ စေလွှတ်ကာ နည်းစနစ်မျိုးစုံဖြင့် သူ့အား ဝိုင်းရံတိုက်ခိုက်ကြပေမည်။
ဤကိစ္စကိုတွေးတောရင်း သူ၏အကြံအစည်သည် အံ့ဩဖွယ်ကောင်းသည်ဟု ခံစားမိလေ၏။
"မိန်းမလှလေး..ငါက မင်းကို ယာယီအခိုက်အတန့်တော့ ဒုက္ခခံခိုင်းရအုံးမယ်"
"နောင်အနာဂတ်မှာ ငါက ပြိုင်ဘက်ကင်းအင်မော်တယ်တစ်ယောက် ဖြစ်လာတဲ့အချိန်ကျရင် ....ငါ မင်းကို ပြန်ပေးဆပ်မယ်"
ရီဖုန်းသည် ကျောက်တုံးပေါ်၌ ပျင်းရိငြီးငွေ့စွာလဲလျောင်းရင်း အဝေးတစ်နေရာရှိ မိုးကောင်းကင်ယံကိုကြည့်ကာ သူ့၏ခြေထောက်များကိုခါးယမ်းပြီး မျှော်လင့်တောင့်တသောလေသံဖြင့် ပြောဆိုသည်။
"ဟုန်ဂိုဏ်း...ဟုန်ဂိုဏ်း...မင်းတို့တွေ မြန်မြန်ရောက်လာရင် ပိုကောင်းလိမ့်မယ်"
"ကပ်ဘေးအဆင့်ဂိုဏ်းဆိုတဲ့ မင်းတို့ဂိုဏ်းရဲ့ဂုဏ်ပုဒ်ကြောင့် တုံ့ပြန်မှုက အရမ်းမြန်သင့်တယ်....အချိန်တိုအတွင်းမှာ ဒီနေရာကို မင်းတို့ ရောက်လာသင့်တယ်"
"တကယ်လို့ လူအများကြီး ရောက်မလာဘူးဆိုရင်တောင် အရမ်းအစွမ်းထက်တဲ့ ဆရာကြီးတချို့ ရောက်လာသင့်တယ်...."
...
ဤအချိန်အခိုက်အတန့်တွင် ဟုန်ဂိုဏ်း၌...
စည်းဝေးခန်းမအတွင်းတွင် လူများဖြင့် ပြည့်နှက်နေသည်။
ထိုလူများအားလုံးသည် ချွင်းချက်မရှိဘဲ ဟုန်ဂိုဏ်း၏ထိပ်သီးတည်ရှိမှုကြီးများပင်။
"ငါ အရင်နဲ့တူညီတဲ့ စကားတစ်ခွန်းကို ထပ်ပြောမယ်...သတင်းတွေကို ပေါက်ကြားလို့မရဘူး...ငါတို့က မိန်းကလေး ဖြောင်မြောင်ဟုန်နဲ့ အပြည့်အဝ ပူးပေါင်းဆောင်ရွက်ရမယ်"
ဟုန်ဂိုဏ်းချုပ်သည် သူ၏လေသံကိုနှိမ့်ကာ တခြားလူများအား ပြောဆိုလိုက်သည်။
"နားလည်ပါပြီ"
လူများအားလုံး တည်ကြည်လေးနက်စွာ ခေါင်းညိတ်လိုက်၏။
သူတို့သည် ဖြစ်စဉ်တစ်ခုလုံးကို မသိသော်လည်း သူတော်စင်ယှဉ်ပြိုင်ပွဲနှင့်ပတ်သက်သည့် ကိစ္စများကို အနည်းနှင့်အများ သိရှိထားသည်။
ဤကဲ့သို့ ယှဉ်ပြိုင်ပွဲမျိုးတွင် သူတို့ကဲ့သို့ ကပ်ဘေးအဆင့်ဂိုဏ်းများသည် ပါဝင်ယှဉ်ပြိုင်ရန်အတွက် အရည်အချင်းမပြည့်မီကြောင်း သူတို့အားလုံး နက်နက်ရှိုင်းရှိုင်းနားလည်သဘောပေါက်သည်။အကယ်၍ သူတို့သည် အတင်းအကြပ်ပါဝင်ယှဉ်ပြိုင်ပါက အမြှောက်စာများအဖြစ်သာ အဆုံးသတ်ရပေးမည်။
ကံကောင်းထောက်မစွာဖြင့် ထျန်းယုနယ်မြေ၏ အစစ်အမှန်အရှင်သခင်ဖြစ်သော မိန်းကလေးဖြောင်သည် ဤနေရာသို့ အစောင့်ခေါင်းဆောင်လော့ချန် သူမ၏သီးသန့်အစေခံမလေး တို့နှင့်အတူ ရောက်ရှိလာခဲ့သည်။မိန်းကလေးဖြောင်သည် သူတို့၏ဂိုဏ်းအတွင်း၌ ယာယီနေထိုင်ကာ လျှို့ဝှက်မှုနှင့်ပူးပေါင်းဆောင်ရွက်မှုတို့ကိုသာ လိုအပ်ခဲ့သည်ဟု အကြောင်းကြားလာခဲ့သည်။
ဖြောင်မြောင်ဟုန်၏တောင်းဆိုချက်မှာ သူမ၏သရုပ်မှန်ကို ပေါ်လွင်မသွားစေရုံသက်သက်ပင်။
သူတော်စင်ယှဉ်ပြိုင်ပွဲပြီးနောက် ဟုန်ဂိုဏ်းသည်လည်း အကျိုးအမြတ်တချို့ကို ဝေစုအဖြစ် ရရှိနိုင်ပေမည်။
ထိုအကျိုးအမြတ်များကို ရှင်းရှင်းလင်းလင်း ဖော်ပြထားခြင်းမရှိသော်လည်း သူတို့အားလုံး ထိုကိစ္စကို သိရှိနေရန် မလိုအပ်ချေ။ဖြောင်မြောင်ဟုန်ကဲ့သို့ ထိပ်သီးတည်ရှိမှုကြီးတစ်ယောက်၏ လက်ချောင်းများပေါ်တွင်ကပ်နေသော ဆီအနည်းငယ်ဆိုလျှင်ပင် သူတို့ဟုန်ဂိုဏ်း စားသောက်ရန်အတွက် လုံလောက်ပေမည်။
အကယ်၍ သူမ ပေးအပ်သည့်အရာများသည် အနည်းငယ်ပို၍ကောင်းမွန်ပါက သူ၏ဟုန်ဂိုဏ်းကို တာအိုဂိုဏ်းအဆင့်သို့ရောက်အောင် တွန်းပို့နိုင်ပေမည်။
အနာဂတ်အကြောင်းကို တွေးတောရင်း...
ဟုန်ဂိုဏ်းချုပ်နှင့်တခြားလူများ အလွန်ဝမ်းသာပျော်ရွှင်နေစဉ်မှာပင် ခန်းမ၏ပြင်ပမှနေ၍ စိုးရိမ်ပူပန်တကြီး သတင်းပို့သောအသံကို ကြားလိုက်ရသည်။
"သတင်းပို့ပါတယ်...."
"ဂိုဏ်းချုပ်....မကောင်းတော့ဘူး..."
ခရီးသွားယာဥ်တန်းနောက်၏သို့လိုက်ပါသွားသော အကြီးအကဲသည် ခန်းမအတွင်းသို့ ပျာပျာသလဲပြေးဝင်လာသည်ကို သူတို့အားလုံး မြင်တွေ့မိလေ၏။
"ဘာဖြစ်တာလဲ...."
ဟုန်ဂိုဏ်းချုပ်သည် မျက်မှောင်ကြုတ်ပြီး မတ်တတ်ထရပ်ကာ မေးမြန်းလိုက်သည်။
"မိန်းကလေးဖြောင်မြောင်ဟုန်...မိန်းကလေးဖြောင်ကို ပြန်ပေးဆွဲခံလိုက်ရပြီ"
အကြီးအကဲသည် စိုးရိမ်ပူပန်တကြီးအော်ဟစ်ကာ ပြန်ပေးဆွဲခံရမှုဖြစ်စဉ်ကို တစ်ခုပြီးတစ်ခုရှင်းပြသည်။
"ဘာ...."
ဤသတင်းကို သူတို့၏စိတ်နှလုံးသားများအတွင်း၌ ထောင်ပေါင်းများစွာသော လှိုင်းလုံးများရိုက်ခတ်သွားခြင်းဟု ယူဆနိုင်သည်။
သူတို့ပွေ့ဖက်ထားသော ပေါင်လုံးကြီးသည် ကြောက်ဖက်ဖွယ်ကောင်းသော လျှို့ဝှက်ဆန်းကြယ်သည့် လူတစ်ယောက်၏ပြန်ပေးဆွဲခြင်းကို ခံလိုက်ရသလော.....
ဤသည်မှာ မည်ကဲ့သို့ သောက်ရေးမပါသည့်ကိစ္စ ဖြစ်သနည်း။
"လော့ချန်...ဘာဖြစ်သွားလဲ"
ဟုန်ဂိုဏ်းချုပ်က ထိုအကြီးအကဲကိုစူးစိုက်ကြည့်ပြီး ထပ်မံ၍မေးမြန်းလိုက်၏။
"လော့ချန်က အဲ့ဒီလျို့ဝှက်ဆန်းကြယ်တဲ့လူကို ဓားတစ်ချက်နဲ့ခုတ်ပိုင်းလိုက်ပေမယ့် အဲ့ဒီလူက ဘာထိခိုက်ဒဏ်ရာမှ မရခဲ့ဘူး...လော့ချန်ကတော့ သေလုမျောပါးဖြစ်သွားပြီးတော့ မိန်းကလေးရဲ့သီးသန့်အစေခံမလေးနဲ့အတူ ထွက်ပြေးသွားခဲ့တယ်"
အကြီးအကဲက ပျာပျာသလဲ ပြောဆိုသည်။
"ဘာ လော့ချန်လည်း ထွက်ပြေးသွားတာလား"
ဟုန်ဂိုဏ်းချုပ်၏မျက်နှာ အဆုံးစွန်ဆုံးအဆင့်ထိ မည်းမှောင်သွားသည်။သူသည် သူ၏နဖူးကိုဖိနှိပ်ကာ ကြေကွဲဝမ်းနည်းသောလေသံဖြင့် ပြောဆိုလိုက်သည်။
"ငါ ခက်ခက်ခဲခဲကြိုးစားပြီးမှ ရလာခဲ့တဲ့ ဆက်ဆံရေး...ငါ ပွေ့ဖက်ထားခဲ့တဲ့ ပေါင်လုံးကြီး... နောင်အနာဂတ်မှာ ငါတို့ရဲ့ဟုန်ဂိုဏ်းက တာအိုဂိုဏ်းတစ်ဂိုဏ်းဖြစ်ဖို့အတွက် အရာအားလုံးက မိန်းကလေးဖြောင်ပေါ်မှာ မူတည်နေတယ်...ဘာလို့ ဒီလိုဖြစ်သွားခဲ့တာလဲ"
ဟုန်ဂိုဏ်း၏တောက်ပသောအနာဂတ်အတွက် ဤထိုးနှက်ချက်သည် အလွန်အမင်း ပြင်းထန်ပေ၏။
"ဂိုဏ်းချုပ်...အဲ့ဒီကိစ္စတွေကို အရင်ဆုံး မစဉ်းစားနဲ့အုံး...ပိုပြီးအရေးကြီးတဲ့ကိစ္စ ကျန်သေးတယ်"
အကြီးအကဲက ထပ်မံ၍ပြောဆိုသည်။
"အဓိကအချက်ကတော့ မိန်းကလေးဖြောင်မြောင်ဟုန်က သူ့ရဲ့ဂိုဏ်းကို ဟုန်ဂိုဏ်းလို့ပြောခဲ့တာကြောင့်....လျှို့ဝှက်ဆန်းကြယ်တဲ့လူက ထွက်မသွားခင်မှာ ငါတို့ဟုန်ဂိုဏ်းကို လူလာကယ်ဖို့ စောင့်နေမယ်...တကယ်လို့ ငါတို့မလာဘူးဆိုရင် ဟုန်ဂိုဏ်းကို ဖျက်ဆီးပစ်မယ်လို့ ပြောသွားခဲ့တယ်"
"ဘာ...."
ထိုသတင်းကိုကြားချိန်တွင် ဟုန်ဂိုဏ်းချုပ်သည် ဖင်ထိုင်ရက်သား လဲကျသွားလုနီးပါးပင်။ သူ၏လူများမှ သူအား အလျင်စလိုကူညီပေးမှသာ သူ ပြန်လည်ကောင်းမွန်လာခဲ့သည်။
ဟုန်ဂိုဏ်းမှလူများအားလုံးသည် ယခုလက်ရှိအချိန်တွင် သူတို့၏လက်များအတွင်း၌ အာလူးပူတစ်လုံးကို ကိုင်ထားသည့်အလား ခံစားနေရသည်။
ဤသည်မှာ မည်ကဲ့သို့ သောက်ရေးမပါသည့်ကိစ္စ ဖြစ်သနည်း....
သူတို့၏ဟုန်ဂိုဏ်းတွင် ဤကဲ့သို့ အရည်အချင်းမျိုး မည်သည်ကြောင့် ရှိနိုင်မည်နည်း...
ပိုင်ဖြောင်မြောင်ကို ပြန်ပေးဆွဲကာ လော့ချန်ကိုထွက်ပြေးသွားအောင် လုပ်ဆောင်နိုင်သော လူသည် သူ၏ဟုန်ဂိုဏ်းကို ကြက်ကလေးများကဲ့သို့ ဖျက်ဆီးနိုင်ပေမည်။
သူတို့သည် အမြောက်စာများဖြစ်ရန်ပင် အရည်အချင်းပြည့်မီမည် မဟုတ်ချေ။
ဤသည်မှာ နတ်ဘုရားများ တိုက်ခိုက်ချိန်တွင် သေမျိုးများ သေကြေခံစားရသည့်အလားပင်။
"ဒီကိစ္စကို ပေါ့ပေါ့တန်တန် သဘောထားလို့မရဘူး"
"ငါတို့က အစကတည်းက သူတော်စင်ယှဉ်ပြိုင်ပွဲမှာ မပါဝင်ခဲ့သင့်ဘူး...ငါတို့က မိန်းကလေးဖြောင်နဲ့ပတ်သက်ပြီး ဘာတစ်ခုကိုမှ လုပ်နိုင်မှာမဟုတ်ဘူး"
"လာကြစမ်း"
ဟုန်ဂိုဏ်းချုပ်သည် သူ၏လူများအားလုံးကို စုဝေးကာ စိုးရိမ်ပူပန်တကြီးလေသံဖြင့် အမိန့်ထုတ်ပြန်လိုက်သည်။
"ငါ့ရဲ့အမိန့်ကို ထုတ်ပြန်လိုက်စမ်း...ဂိုဏ်းတံခါးကို ပိတ်မယ်...ဂိုဏ်းအကာအကွယ်ဝင်္ကပါကြီးကို အသက်သွင်းမယ်...ဘယ်သူ့ကိုမှ ဝင်ထွက်သွားလာခွင့်မပြုဘူး...ငါတို့အားလုံးက လိပ်တွေလိုပဲ ခေါင်းဝှက်ပြီး ပုန်းအောင်းနေရမယ်"
ထိုသို့ပြောဆိုပြီးနောက် ဟုန်ဂိုဏ်းချုပ်သည် သူ၏နဖူးကို သူ့လက်ဖြင့် အကြိမ်များစွာဖိနှိပ်ကာ အဆောင်လက်ဖွဲ့တချို့ကိုရေးဆွဲပြီး လေထုအတွင်းသို့ ပစ်လွှတ်လိုက်သည်။ထို့နောက် သူသည် မျှော်လင့်ချက်များ ပျက်သုဥ်းသွားသောမျက်နှာဖြင့် သူ၏မျက်လုံးကိုစုံမှိတ်ကာ သူ၏ပါးစပ်မှနေ၍ တုန်တုန်ရီရီအသံဖြင့် စကားတချို့ကို ရေရွတ်လိုက်သည်။
"အိုး နတ်ဘုရားတွေအားလုံး...ငါတို့ဟုန်ဂိုဏ်းကို ကောင်းချီးပေးပြီးတော့ ကယ်တင်စောင့်မပေးကြပါ"
Chapter 864
တောင်ပေါ်၌...
ရီဖုန်းသည် အဝေးတစ်နေရာသို့ကြည့်ပြီး ဆဲဆိုလိုက်သည်။
"ကြီးကျယ်ခမ်းနားတဲ့ ကပ်ဘေးအဆင့်ဂိုဏ်းကြီးရဲ့တုံ့ပြန်မှုက ဘာလို့ ဒီလောက်ထိ နှေးကွေးနေတာလဲ"
"ငါ ဒီနေရာမှာ တစ်နေ့လုံးစောင့်နေခဲ့တာတောင် ခုထိ သူတို့ကို မမြင်ရသေးဘူး...ဒါက တကယ့်ကို စိတ်ပျက်စရာပဲ"
ရီဖုန်းက ညည်းတွားလိုက်သည်။
သူသည် မိန်းကလေးကို ပြန်ပေးဆွဲပြီးနောက် အလွန်ဝေးကွာသောနေရာသို့ သွားခဲ့ခြင်းမရှိချေ။
ထိုကြောင့် ဤနေရာပတ်ဝန်းကျင်တွင် ဟုန်ဂိုဏ်းမှလူများ၏ လှုပ်ရှားမှုတချို့ ရှိနေသင့်သည်။
အချိန်တခဏကြာခန့် ညည်းတွားပြီးနောက် ရီဖုန်းသည် သူ၏ခေါင်းကို တိမ်းစောင်းလိုက်၏။
နေ့ဝက်ခန့်အကြာက သူ ဖမ်းဆီးခေါ်ဆောင်လာခဲ့သော မိန်းကလေးသည် သတိပြန်ရလာလေပြီ။
ထူးဆန်းစွာဖြင့် ဤမိန်းကလေးထံတွင် မည်သည့်တုံ့ပြန်မှုမျှမရှိသော်လည်း အနည်းငယ်မျှပင် ထိတ်လန့်ကြောက်ရွံ့ပုံမရချေ။
သူမသည် တိတ်ဆိတ်ငြိမ်သက်စွာ ထိုင်နေတာ စကားတစ်ခွန်းမျှ ပြောဆိုခြင်းမပြုပေ။
ရီဖုန်း၏အကြည့်ကြောင့် မိန်းကလေးသည် သူမ၏ခေါင်းကို အနည်းငယ်မော့ကာ သူ့အား တစ်ချက်ကြည့်လေသည်။ထို့နောက် သူမသည် မည်သည့်စကားကိုမျှ ပြောဆိုခြင်းမရှိဘဲ သူမ၏ခေါင်းကို ပြန်ငုံလိုက်၏။
ရီဖုန်းထံတွင် သူမအား လွယ်လင့်တကူ သတိလစ်မေ့မျောသွားစေကာ သူမအား ပြန်ပေးဆွဲနိုင်သည့် အရည်အချင်းမျိုး ရှိနေသဖြင့် သူမ အလွန်ထိတ်လန့်တုန်လှုပ်သွားခဲ့သည်။သို့ရာတွင် ပြင်ပလောက၌ ဤကဲ့သို့လူများ ရှိနေကြောင်း သူမ သိရှိနေသည်မှာ အချိန်အတော်ကြာမြင့်နေလေပြီ။
သူမ၏ကံဆိုးမှုကြောင့် ဤကဲ့သို့ လူတစ်ယောက်ဖြင့် တွေ့ဆုံရသည်မှာ သဘာဝကျသဖြင့် စကားများစွာပြောဆိုရန် မလိုအပ်ချေ။
တခြားကိစ္စများအတွက်လည်း သူမသည် ရီဖုန်းနှင့် စကားများစွာပြောဆိုရန် မလိုအပ်ပေ။
ဤကဲ့သို့အခြေအနေမျိုးတွင် ထိုလူ၏ရည်ရွယ်ချက် ဆယ်ပုံပုံလျှင်ကိုးပုံသည် သူတော်စင်ယှဉ်ပြိုင်ပွဲနှင့် ဆက်စပ်နေပေမည်။
သူမကိုဖမ်းဆီးပြီးနောက် သူမ သိရှိထားသော သတင်းအချက်အလက်များကို ရရှိစေရန် သို့မဟုတ် အနာဂတ်သူတော်စင်ယှဉ်ပြိုင်ပွဲတွင် ပြိုင်ဘက်တစ်ယောက် လျော့နည်းသွားစေရန် သို့မဟုတ် သူမကိုအသုံးချ၍ သူမ၏နောက်ရှိအင်အားစုကို လှုပ်ရှားလာစေရန် စသည့်ကိစ္စများသာ ဖြစ်နိုင်သော်လည်း ဤသည်မှာ သူမအတွက် အရေးမကြီးချေ။
အများဆုံးအနေဖြင့် သူမ သေသွားရုံသာ ဖြစ်ပေမည်။
မည်သို့ပင်ဆိုစေကာမူ သူမ အသက်ရှင်သန်နိုင်ရန် ရက်အမြောက်အများ ကျန်ရှိတော့မည် မဟုတ်ချေ။
ရီဖုန်းက သူမအား ထပ်မံ၍ တစ်ချက်ကြည့်လေသည်။
ဤမိန်းကလေးသည် အလွန်ထူးဆန်းပေ၏။
သို့ရာတွင် ဤသည်မှာ သူ့အတွက် အဆင်ပြေသောကိစ္စပင်။သူမ၏ထူးဆန်းမှုကြောင့် သူ ကိစ္စအမြောက်အများကိုရှင်းပြရန် သက်သာသွားစေသည်။
ဤမိန်းကလေး တိတ်ဆိတ်ငြိမ်သက်နေသရွေ့သူ့အတွက် အကောင်းဆုံးဖြစ်ပေမည်။
သူမကိုယ်သူမ သတ်သေမည်ဟု ခြိမ်းခြောက်ခြင်း သို့မဟုတ် ခွင့်လွှတ်ရန်အတွက် အသနားခံတောင်းပန်ခြင်းတို့ ပြုလုပ်ပါက သူမအား နှစ်သိမ့်ပေးရန်အတွက် သူ အချိန်များစွာ အသုံးပြုရပေမည်။
ရီဖုန်းသည် သူမအား တစ်ချက်ကြည့်ပြီးနောက် လျစ်လျူရှုလိုက်၏။
ထို့နောက် သူ ပျင်းရိငြီးငွေ့စွာဖြင့် ထိုင်လိုက်သည်။
သို့ရာတွင် ရီဖုန်းသည် သူမအား လျစ်လျူရှုထားသည်ကိုကြည့်ပြီး မိန်းကလေး၏စိတ်နှလုံးသားအတွင်း၌ အံ့အားသင့်မှုတချို့ မြင့်တက်လာသည်။
စစ်ဆေးမေးမြန်းခြင်း မရှိသလော...
ဤသည်မှာ သူမကို ဖမ်းဆီးထားရုံသက်သက် ဖြစ်နေသလော....
ဤသည်မှာ သူမအတွက် ပို၍ကောင်းမွန်ပေမည်။မည်သို့ပင်ဆိုစေကာမူ ဤကိစ္စအတွက် သူမ လေကုန်သက်သာပေမည်။
ဤသို့ဖြင့် အချိန်များ တရွေ့ရွေ့ကုန်ဆုံးသွားခဲ့သည်။
အချိန်လဝက်ခန့် ကြာမြင့်သွားလေပြီ။
ဤလဝက်အချိန်ကာလအတွင်း၌ သူတို့နှစ်ယောက်သည် စကားတခွန်းကိုပင် ပြောဆိုခြင်းမပြုခဲ့ချေ။
ရီဖုန်းသည် သူမအပေါ် မည်သည့်စစ်မေးခြင်းမျှ မပြုလုပ်ခဲ့သည့်အပြင် တခြားမည်သည့်အရာကိုမျှလည်း မပြုလုပ်ချေ။သို့ရာတွင် သူသည် ရံဖန်ရံခါ၌ သူ၏လက်များကိုနောက်ပစ်၍ ခေါက်တုံ့ခေါက်ပြန်လမ်းလျှောက်နေသည်။
ထိုကဲ့သို့အချိန်မျိုးတွင် သူ၏ပါးစပ်မှနေ၍ စကားတချို့ကို တီးတိုးရေရွတ်နေပေ၏။
ဤသည်ကြော င့်စိတ်ခံစားချက်ကို အစဉ်အမြဲထုတ်ဖော်ပြသလေ့မရှိသော ဖြောင်မြောင်ဟုန်ကို ရီဖုန်းအား အခါအားလျော်စွာ ကြည့်မိသွားစေသည်။
အကြောင်းအရင်းမှာ ရီဖုန်း၏ထူးဆန်းသောအပြုအမူများကြောင့် သူမသည် သူ၏ရည်ရွယ်ချက်နှင့်ပတ်သက်ပြီး အနည်းငယ်စိတ်ရှုပ်ထွေးသွားသောကြောင့်ပင်။
အကယ်၍ သူသည် သူမကိုသတ်ဖြတ်လိုပါက သူ၏ခွန်အားဖြင့် အချိန်မရွေးသတ်ဖြတ်နိုင်သည်။
သူမသည် သဲလွန်စတချို့ကို ရှာဖွေဖော်ထုတ်လိုသော်လည်း ရီဖုန်းကို မေးခွန်းထုတ်နိုင်ခြင်းမရှိချေ။
သူသည် သူမ၏နောက်ကွယ်၌ရှိနေသော အင်အားစုကို ပါဝင်ပတ်သက်စေလိုခြင်း ဖြစ်နေသလော....
သို့ရာတွင် မည်ကဲ့သို့ရည်ရွယ်ချက်မျိုး ရှိနေပါစေ သူ လှုပ်ရှားမှုတချို့ကို ပြုလုပ်သင့်သည်။
နောက်ထပ် လဝက်ခန့် ကြာမြင့်သွားပြီးနောက်....
ရီဖုန်းကိုကြည့်ရသည်မှာ ဒေါသထွက်နေပုံရသည်။
သူရဲဘောကြောင်သော ဟုန်ဂိုဏ်း၏လှုပ်ရှားမှုများသည် အလွန်နှေးကွေးပေ၏။
သူ တစ်လကြာအောင် စောင့်ဆိုင်းခဲ့သည့်တိုင် မည်သည့်တိုးတက်မှုမျှ ရှိမလာချေ။
ဤသည်မှာ ရီဖုန်းကို လက်လျှော့အရှုံးပေးလိုစိတ်များ ပေါက်ဖွားစေသည်။
သို့ရာတွင် အကယ်၍ သူ လက်လျှော့လိုက်ပါက ဤတစ်လလုံးတွင် သူ၏အင်အားစိုက်ထုတ်ခဲ့မှုများ အလဟဿဖြစ်သွားမည်ကို စိုးရိမ်သဖြင့် ရီဖုန်းသည် ဤဆုံးဖြတ်ချက်ကို ပြန်လည်၍ ရုတ်သိမ်းလိုက်၏။
"ကြည့်ရတာတော့ ငါက နောက်ထပ်ပြင်ဆင်မှုတစ်ခုလုပ်ထားဖို့ လိုအပ်တဲ့ပုံပဲ"
ရီဖုန်းက သူ၏လက်များကိုနောက်ပစ်ပြီး ညည်းတွားလိုက်သည်။
သူ ဤအတိုင်း အချည်းနှီးစောင့်ဆိုင်းနေမည့်အစား တခြားသေဆုံးနိုင်သော နည်းလမ်းများကို ရှာဖွေရပေမည်။
ယခုအချိန်၌ သူ သေဆုံးရန်အတွက်နည်းလမ်းကို မည်သို့ ရှာဖွေရမည်နည်း။
ထိပ်သီးအစွမ်းထက်ဆရာကြီးများသည် ဂေါ်ဖီထုပ်များမဟုတ်သဖြင့် သူတို့အား လွယ်လင့်တကူ တွေ့ရှိနိုင်မည်မဟုတ်ချေ။
သူသည် နည်းလမ်းမျိုးစုံကို စဉ်းစားတွေးတောသော်လည်း အဖြေမရရှိသဖြင့် ပင်ပန်းနွမ်းနယ်စပြုလာသည်။
ရီဖုန်းသည် သူ၏ခေါင်း ပေါက်ထွက်တော့လုမတတ် စဉ်းစားသည့်တိုင် အဖြေမရသဖြင့် မိန်းကလေးထံသို့ လျှောက်လှမ်းသွားကာ သူမအား ကြည့်လိုက်သည်။
ထိုမိန်းကလေးသည် သူမ၏ခေါင်းကိုမော့ကာ ရီဖုန်းအား တုံ့ပြန်ကြည့်လေ၏။
"နှောင့်ယှက်မိတဲ့အတွက် ခွင့်လွှတ်ပေးပါ....အန္တရာယ်နယ်မြေတစ်ခု ဘယ်နေရာမှာရှိလဲဆိုတာ မင်း သိလား"
"ဒါ့ပြင် အဲ့ဒီနေရာက အရမ်းအန္တရာယ်များတဲ့ နေရာတစ်နေရာ ဖြစ်ရမယ်....တကယ်လို့ လူဆယ်ယောက်ဝင်သွားရင်တောင် အသက်ရှင်ရက်ပြန်ထွက်လာနိုင်တဲ့သူ မရှိတဲ့နေရာမျိုးဖြစ်ရင် အကောင်းဆုံးပဲ"
ရီဖုန်းက ကြည်လင်ပြတ်သားစွာ ပြောဆိုသည်။
ထိုစကားကိုကြားချိန်တွင်....
ဖြောင်မြောင်ဟုန်၏မျက်လုံးအကြည့် ရွေ့လျားသွားကာ သူမ၏စိတ်နှလုံးသားအတွင်း၌ လှောင်ပြောင်သရော်လိုစိတ်များ မြင့်တက်လာသည်။
တစ်လကြာမြင့်သည်အထိ စောင့်ဆိုင်းပြီးနောက် ဤလူသည် နောက်ဆုံး၌ လှုပ်ရှားလာခဲ့သလော....
ဤသည်မှာ သူမကို ခြိမ်းခြောက်ခြင်းဖြစ်သလော....
အကယ်၍ သူမသည် နာခံရို့ကျိုးစွာဖြင့် ပူးပေါင်းခြင်းမရှိပါက သူမအား အသက်ရှင်လမ်းမရှိသောနေရာသို့ လွှင့်ပစ်မည်ဟု ခြိမ်းခြောက်လိုသလော....
အစပထမတွင် သူမ၏စိတ်နှလုံးသားကို ဖိနှိပ်၍ ထိန်းချုပ်ပြီးမှ သူ သိရှိလိုသောအရာအားလုံးကို သူမအား မေးမြန်းလိုသလော....
ဤသည်မှာ အမှန်တကယ်ကို အကြံဉာဏ်ကောင်းတစ်ခုပင်။
မည်သို့ပင်ဆိုစေကာမူ သာမန်လူများအတွက် အချိန်တစ်လကြာမြင့်အောင် အသံတိတ်စောင့်ဆိုင်းခဲ့ရကာ ညှဉ်းပန်းနှိပ်စက်မှုကို ခံယူခဲ့ရသည်။ထို့နောက် ဤကဲ့သို့ ခြိမ်းခြောက်စကားတစ်ခွန်းဖြင့် ကြုံရပါက ထိုလူများသည် ခွင့်လွှတ်မှုကိုရရန်အတွက် အမှန်တကယ်ကို ဒူးထောက်ပြီး အသနားခံတောင်းပန်ပေမည်။
သို့ရာတွင် သူမကမူ မတူကွဲပြားပေ၏။
သူသည် အန္တရာယ်နယ်မြေတစ်ခုဖြင့် ခြိမ်းခြောက်လိုသောကြောင့် သူမသည် ထိုကိစ္စကို လုပ်ဆောင်ရပေမည်။သူမသည် သူ ဆန္ဒရှိသည့်အတိုင်း ဒူးထောက်ပြီး အသနားခံတောင်းပန်ခြင်းကို မပြုရုံသာမက ဆန့်ကျင်ဘက်အနေဖြင့် အလွန်အမင်းအန္တရာယ်များသောနေရာအား ပြောဆိုရန် ရွေးချယ်လိုက်သည်။
ဤနည်းလမ်းဖြင့် သူမသည် သူမ၏သဘောထားကို ရှင်းရှင်းလင်းလင်းပြသရာ ရောက်ပေမည်။
ခြိမ်းခြောက်ခံရခြင်း သေဆုံးခြင်းတို့သည် သူမအတွက် အသေးအမွှားများပင်။
သူမသည် ရီဖုန်းကို အရှုံးပေးမည်မဟုတ်ချေ။
"ခြောက်ချားခြင်း တောအုပ်"
ဖြောင်မြောင်ဟုန်က သူမ၏ပါးစပ်ကိုဖွင့်ဟပြီး နေရာတနေရာကို ပြောဆိုသည်။
ယခုလက်ရှိအချိန်တွင် နယ်မြေကြီးကိုးခုအတွင်း၌ ဤနေရာသည် အမှန်တကယ်ကို အန္တရာယ်အများဆုံးနေရာပင်။
သူမသည် ဤကိစ္စအကြောင်းကို ကောင်းစွာသိရှိထားပေ၏။
ဤသည်မှာ သူတော်စင်ယှဥ်ပြိုင်ပွဲအတွက် ပေါက်ဖွားလာသော နေရာသစ်တစ်ခုပင်။
သူတော်စင်တစ်ယောက်၏မွေးဖွားလာမှုသည် လောကကြီး၏ကံကြမ္မာလမ်းကြောင်းများအပေါ် သက်ရောက်မှုရှိလာနိုင်ရာ နယ်မြေကြီးကိုးခုကဲ့သို့ နေရာငယ်လေးတစ်ခုအတွက် ဆိုဖွယ်ရာပင်မရှိချေ။
ဤကဲ့သို့ အခြေအနေများအောက်တွင် နယ်မြေကြီးကိုးခု၏ဒေသအသီးသီး၌ မဟာအခွင့်အရေးကြီးများနှင့် ထိတ်လန့်ကြောက်ရွံ့ဖွယ်ကောင်းသောနေရာများ ပေါက်ဖွားလာခဲ့သည်။
ယခုလက်ရှိအချိန်တွင် အမှောင်ထုအတွင်း၌ရှိနေသော ဆရာကြီးများသည် ဤနေရာများမှတဆင့် အခွင့်အရေးကောင်းများကိုရရှိရန် ယှဉ်ပြိုင်နေကြ၏။
အင်အားစုအသီးသီးတွင် နည်းလမ်းများနှင့်နည်းစနစ်များ ကွဲပြားခြားနားသည်။ထို့ကြောင့် အင်အားစုတစ်စုသည် အခွင့်အရေးနယ်မြေနှင့် အန္တရာယ်နယ်မြေကို သိရှိထားချိန်၌ တခြားအင်အားစုများသည်လည်း တခြားအခွင့်အရေးနယ်မြေများနှင့်အန္တရာယ်နယ်မြေများကို သိရှိထားသည်။
ချောင်မြောင်ဟုန်၏အမြင်အရ ရီဖုန်း သူမကို ဖမ်းဆီးလာခဲ့သော ရည်ရွယ်ချက်သည် သူမ၏လက်အတွင်းတွင် ရှိနေသော အခွင့်အရေးနယ်မြေကို သိရန်ထက် မပိုနိုင်ချေ။
ချောက်ချားခြင်းတောအုပ်သည် သူမ၏နောက်ကွယ်ရှိ အင်အားစုမှ သိရှိထားသော အန္တရာယ်နယ်မြေပင်။
"အင်း...ဒါက နာမည်ကြားရုံနဲ့ ကြောက်ဖို့ကောင်းတယ်"
ရီဖုန်း၏မျက်နှာပေါ်တွင် အနည်းငယ်ပျော်ရွှင်သွားသော အရိပ်အယောင်ထင်ဟပ်လာကာ သူသည် မိန်းကလေးကိုကြည့်ပြီး နူးညံ့ညင်သာစွာ ပြောဆိုလိုက်၏။
"ဒါဆိုရင် ကျေးဇူးပြုပြီးတော့ ငါ့ကို လမ်းညွှန်ပေးနိုင်မလား"
"ဒါက အဆင်ပြေပါတယ်"
ဖြောင်မြောင်ဟုန်က သဘောတူညီလိုက်ကာ သူမ၏မျက်နှာပေါ်တွင် ထိတ်လန့်ကြောက်ရွံ့မှုအရိပ်အယောင် တစိုးတစိမျှရှိမနေချေ။
သူမသည် စကားပြောဆိုပြီးသည်နှင့် ရီဖုန်းကိုကြည့်ကာ သူ၏ထိတ်ထိတ်ပျာပျာဖြစ်သွားသောအမူအယာကို ဖမ်းဆုပ်နိုင်ရန် ကြိုးစားလိုက်သည်။
ကံအကြောင်းမလှစွာဖြင့်....
ရီဖုန်းသည် ထိတ်ထိတ်ပျာပျာဖြစ်သွားခြင်းမရှိဘဲ ထိုအစား အလွန်စိတ်လှုပ်ရှားနေပုံရသည်။
ချောက်ချားခြင်းတောအုပ်သည် ဤနေရာနှင့် မလှမ်းမကမ်းအကွာတွင် ရှိနေပေ၏။
ရီဖုန်းသည် မိန်းကလေးကိုခေါ်ဆောင်ကာ ချောက်နက်ကြီးတစ်ခုကို ဖြတ်သန်းပြီးသည်နှင့် ထိုနေရာသို့ ရောက်ရှိသွားသည်။
ဤတောအုပ်ကြီးကို ပြင်ပမှကြည့်ပါက အုံ့မှိုင်းသောခံစားချက်တစ်ခုကို ရရှိစေကာ လူအများအား ကြက်သီးမွေးညှင်းထစေနိုင်စွမ်းရှိသည်။
ဤသည်မှာ အလွန်အမင်း ဆန့်ကျင်ဘက်ဆန်သော နေရာတစ်နေရာပင်။
တောအုပ်၏ပြင်ပ၌ တောက်ပနေကာ...
တောအုပ်အတွင်း၌ မှောင်မည်းနေသည်။
ဤနေရာသည် ယခင်က အလွန်သာမန်ဆန်သော တောအုပ်တစ်ခုသာ ဖြစ်သည်။သူတော်စင်များ၏မွေးဖွားလာမှုကြောင့် ကောင်းကင်နှင့်မြေပြင်၏ပုံသဏ္ဍာန်များကို သက်ရောက်မှုရှိလာသောကြောင့် ဤနေရာ၌ အပြောင်းအလဲများ ဖြစ်ပွားလာခဲ့သည်။
တောအုပ်၏ပြင်ပတွင် ဖြောင်မြောင်ဟုန်သည် အမူအယာကင်းမဲ့စွာဖြင့် မတ်တတ်ရပ်နေလေ၏။
ဤအချိန်အခိုက်အတန့်တွင် ရီဖုန်းသည် သူမအား ခြိမ်းခြောက်စကားပြောဆိုမည်ဟု သူမ မျှော်လင့်ထားခဲ့သည်။သူမ သိရှိထားသောအခွင့်အရေးနယ်မြေကို ပြောဆိုရန်နှင့် ထိုသို့မဟုတ်ပါက သူမအား ချောက်ချားခြင်းတောအုပ်အတွင်းသို့ တွန်းပို့မည်ဖြစ်ကြောင်း သူခြိမ်းခြောက်ပေမည်။
သို့ရာတွင် သူမသည် ရီဖုန်းဆန္ဒရှိသကဲ့သို့ လုပ်ဆောင်မည်မဟုတ်ချေ။
မည်သို့ပင်ဆိုစေကာမူ ချောက်ချားခြင်းတောအုပ်သည် သူမ၏ပါးစပ်မှ ထွက်ပေါ်လာသောနေရာဖြစ်သဖြင့် သူမ မည်သည်ကြောင့် ကြောက်ရွံ့မည်နည်း။
အလွန်ဆုံးအနေဖြင့် သူမ သေဆုံးသွားရုံပင်။
ထို့ကြောင့် သူမသည် ရီဖုန်းနှင့် စကားပြောဆိုလိုခြင်းမရှိသဖြင့် ချောက်ချားခြင်းတောအုပ်အတွင်းသို့ တန်းတန်းမတ်မတ် လျှောက်လှမ်းဝင်လိုက်သည်။သူမသည် သူမ၏သဘောထားကို သူမ၏လုပ်ရပ်ဖြင့် သက်သေပြရပေမည်။
သို့ရာတွင်...
သူမ ချောက်ချားခြင်းတောအုပ်အတွင်းသို့ ခြေတစ်လှမ်းချလိုက်စဉ်မှာပင် သူမ၏နောက်မှနေ၍ အသံတစ်သံထွက်ပေါ်လာသည်။
"မင်း ဘာလုပ်တာလဲ"
ထိုသို့ပြောဆိုပြီးနောက် ရီဖုန်းက လက်တစ်ဖက်ဖြင့် သူမကို နောက်သို့ပြန်ဆွဲလေ၏။
"မင်းက ဘာသွားလုပ်မလို့လဲ....ဒီနေရာမှာပဲ နေခဲ့စမ်း"
ထိုသို့ပြောဆိုပြီးနောက် ရီဖုန်းသည် ဖြောင်မြောင်ကို သစ်ပင်တစ်ပင်၌ ချည်နှောင်ခဲ့ကာ သူကိုယ်တိုင်ကမူ ချောက်ချားခြင်းတောအုပ်အတွင်းသို့ လျှောက်လှမ်းသွားတော့သည်။
မည်သို့ပင်ဆိုစေကာမူ သူသည် ဖြောင်မြောင်ဟုန်ကို ပြန်ပေးဆွဲခဲ့သည့် အချိန်ကတည်းက သူမအား ထိခိုက်နာကျင်အောင်လုပ်ရန် တစ်ကြိမ်တစ်ခါမျှ တွေးတောထားခြင်းမရှိချေ။သူသည် သူမကိုအသုံးပြု၍ ဟုန်ဂိုဏ်း၏နာကျည်းမုန်းတီးမှုကို ဆွဲဆောင်လိုခြင်းသက်သက်ပင်။
ဤကဲ့သို့ အန္တရာယ်နယ်မြေတစ်ခုကို ဝင်ရောက်မည်ဖြစ်သဖြင့် ရီဖုန်းသည် သူမအား သေဆုံးသွားရန်အတွက် ခေါ်ဆောင်သွားမည် မဟုတ်ချေ။
ဖြောင်မြောင်ဟုန်၏အမြင်အာရုံအတွင်း၌ ရီဖုန်း၏ပုံရိပ် ဝေဝါးသွားသည်။
သစ်ပင်၌ချည်နှောင်ထားခြင်းခံရသော ဖြောင်မြောင်ဟုန်၏မျက်နှာပေါ်၌ မေးခွန်းထုတ်လိုသောအရိပ်အယောင်များ ထင်ဟပ်လာသည်။
နင် ဘာလုပ်တာလဲ....
ဒါက ဘယ်လိုလှည့်ကွက်မျိုးတွေကို နင် ကစားနေတာလဲ...
ဖြောင်မြောင်ဟုန်သည် ရုတ်တရက် စိတ်ရှုပ်ထွေးစပြုလာပြီးနောက် သူမသည် ရီဖုန်းအား မမြင်တွေ့ရတော့သည်ကို သတိပြုမိသွားသည်။
Chapter 865
"အမှန်ပဲ....ဒီနေရာက အရမ်းကြောက်ဖို့ကောင်းတယ်"
ခြောက်ခြားခြင်းတောအုပ်အတွင်းသို့ ဝင်ရောက်ပြီးနောက် အရိပ်ကောင်းသော သစ်ပင်ကြီးများအောက်တွင် လေပြင်းများတိုက်ခတ်နေသည်။သူသည် တောအုပ်၏အနက်ပိုင်းသို့ ဝင်မိသည်နှင့်အမျှ သူ၏အမြင်အာရုံ ပို၍ဆိုးရွားလာကာ နောက်ဆုံး၌ မည်သည့်အရာကိုမျှ သဲသဲကွဲကွဲမမြင်ရစပြုလာသည်။
ဤကဲ့သို့ မှောင်မည်းပြီး အမျိုးအမည်မသိရသော ခံစားချက်မျိုးသည် ရီဖုန်းအား အလွန်ကြောက်ရွံသွားစေပေ၏။
အထူးသဖြင့် အမှောင်ထုအတွင်းတွင် ချောက်ချားဖွယ်ကောင်းသော အသံများကို ရံဖန်ရံခါကြားနေရသဖြင့် ရီဖုန်း၏အာရုံကြောများကို နိုးကြားသွားစေသည်။
သို့ရာတွင် ဤကိစ္စသည် ရီဖုန်းကို အလွန်စိတ်လှုပ်ရှားစေမှုကိုလည်း ဖြစ်စေခဲ့သည်။
ပတ်ဝန်းကျင်အခြေအနေသည် အနည်းငယ်ဆိုးရွားသော်လည်း သူ သေဆုံးနိုင်မည်မှာ သေချာသလောက်ပင်။
ထိုကြောင့် ရီဖုန်းသည် တောအုပ်အတွင်းတွင် ဦးတည်ချက်မဲ့စွာ လျှောက်လှမ်းလိုက်၏။
သူ လျှောက်လှမ်းခဲ့သည်မှာ အချိန်မည်မျှထိ ကြာမြင့်ခဲ့ကြောင်း သူ မသိရှိသော်လည်း အလွန်ပင်ပန်းလာသဖြင့် နေရာတနေရာ၌ ထိုင်လိုက်သည်။
"ဒီတောအုပ်ထဲမှာ ဘာအန္တရာယ်တွေ ရှိနေလဲဆိုတာ ငါ မသိဘူး"
ရီဖုန်းက သူ၏ပါးစပ်မှနေ၍ တီးတိုးရေရွတ်လိုက်သည်။
သူသည် အမှန်တကယ် ပင်ပန်းနွမ်းနယ်နေကာ မည်သည့်အရာတစ်ခုကိုမျှ လုပ်ဆောင်နိုင်စွမ်းမရှိသဖြင့် သစ်ပင်တစ်ပင်ကိုမှီ၍ လဲလျောင်းပြီးနောက် အိပ်မောကျသွားတော့သည်။
သူ တွေးတောနေသည်မှာ အကယ်၍ သူ အိပ်မောကျနေစဉ်အတောအတွင်း၌ သေဆုံးသွားပါက အကောင်းဆုံးဖြစ်ပေမည်။
သို့ရာတွင်.....
ရီဖုန်း အိပ်ပျော်နေသောအချိန်တွင် အမှောင်ထုအတွင်းမှနေ၍ အနက်ရောင်ပုံရိပ်နှစ်ခု ထွက်ပေါ်လာကာ မည်သည့်လှုပ်ရှားခြင်းမျှမရှိဘဲ သူ့အား စူးစိုက်၍ကြည့်နေကြသည်။
"ဒီထိပ်သီးတည်ရှိမှုကြီးက ဘာလို့ ရောက်လာတာလဲ....ငါတို့က သူ့ကို အပြစ်ပြုလို့မရဘူးမဟုတ်လား"
ထိုအရိပ်နှစ်ရိပ်အနက်မှ တစ်ရိပ်၏အသံတွင် နာကြည်းမုန်းတီးမှုများဖြင့် ပြည့်နှက်နေသည်။
"မင်းက ငါ့ကိုမေးရင် ငါက ဘယ်သူ့ကို သွားမေးရမှာလဲ...ငါလည်း သိချင်မိတယ်....ငါတို့နဲ့ ဒီထိပ်သီးတည်ရှိမှုကြီးအကြားမှာ ဘာရန်ငြိုးရန်စမှာမရှိဘူး...ဘာလို့ သူက ငါတို့ကို တစ်ချိန်လုံး စိုက်ကြည့်နေတာလဲ"
တခြားအနက်ရောင်ပုံရိပ်တစ်ခုကလည်း မကျေမနပ်ဖြင့် ပြောဆိုလေ၏။
"သောက်ချေးပဲ....ငါတို့နှစ်ယောက်က နောက်ဆုံးမှ အဖွဲ့ခေါင်းဆောင်တွေဖြစ်ပြီးတော့ သန်းနဲ့ချီတဲ့နတ်ဆိုးငယ်လေးတွေကို အုပ်ချုပ်ရတယ်....ဒီလူက အဲ့ဒီနတ်ဆိုးလေးတွေကို ကြက်သွန်မိတ်တွေကို လှီးဖြတ်သလို သတ်သွားခဲ့တယ်....သူ့ရဲ့သတ်ဖြတ်မှုကြောင့် ငါတို့က ဒီလိုမျိုး သရဲတစ္ဆေဆန်တဲ့နေရာမျိုးကို ပြောင်းရွှေ့ခဲ့ရတယ်....အခုအချိန်မှာ ငါတို့ သူ့ကို ထပ်တွေ့ရပြန်ပြီ....ဘယ်လောက်တောင် ကံဆိုးလိုက်လဲ"
"ဟူး...ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ စကားတွေ အများကြီးမပြောနဲ့....မင်းက အစ်ကိုကြီးပဲ...မင်း နည်းလမ်းတစ်ခုကို ရှာလေ...ဒါမှမဟုတ် သူ့ကိုရင်ဆိုင်မှုအတွက် ငါတို့ လှုပ်ရှားမှုတချို့ကို လုပ်ကြမလား"
ယခင်က စကားပြောဆိုခဲ့သော အနက်ရောင်ပုံရိပ်က ပြောဆိုသည်။
"ငါက သူ့ကို ရင်ဆိုင်ဖို့အတွက် ဘာမှမလုပ်ဘူးလို့ ဘယ်သူ ပြောလဲ"
"မင်း ဘယ်လို လှုပ်ရှားမှာလဲ"
"ငါက ဆုတောင်းမယ်လေ...."
"ဒါက အသုံးဝင်လို့လား...."
"ငါ ထင်တာ...တခြားဘာလုပ်ရမလဲဆိုတာ ငါ မသိဘူး....."
"ဒါဆိုရင် ဆုတောင်းတာက ဘာအသုံးဝင်လို့လဲ"
"ဒါက ဘာမှာမလုပ်တာထက် ပိုကောင်းလိမ့်မယ်..."
"ဒါဆိုရင်လည်း....."
အချိန်အတော်ကြာပြီးနောက်....
ရီဖုန်း၏ဟောက်သံ တဖြည်းဖြည်းကျယ်လောင်လာသော်လည်း အနက်ရောင်ပုံရိပ်နှစ်ခုသည် လှုပ်ရှားဝံ့ခြင်းမရှိချေ။
"ငါ နောက်ဆုံးတော့ နည်းလမ်းတစ်ခုကို ရှာတွေ့ပြီ"
အနက်ရောင်ပုံရိပ်တစ်ခုက ရုတ်တရက် ပြောဆိုသည်။
"ဘာနည်းလမ်းလဲ...."
"ငါတို့ ထွက်ပြေးရအောင်...."
"ဒါက တကယ့်ကို နည်းလမ်းကောင်းတခုပဲ"
သူတို့နှစ်ယောက်သည် တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ပြီး အလင်းတန်းနှစ်တန်းအသွင်ပြောင်းလဲကာ ကြောက်မက်ဖွယ်ကောင်းသောအရှိန်နှုန်းဖြင့် မိုးကောင်းကင်ယံအတွင်း၌ ပျံသန်းသွားတော့သည်။ခြောက်ခြားခြင်းတောအုပ်အတွင်းရှိ အမှောင်ထုကြီးပင်လျှင် သူတို့နှင့်အတူ အဝေးသို့လွင့်ပါသွားသည်။
ရုတ်ချင်းဆိုသလိုပင် ခြောက်ခြားခြင်းတောအုပ်တစ်ခုလုံး အလင်းရောင် ပြန်လည်ရရှိသွားသည်။
သုဿန်တစပြင်ကဲ့သို့ဖြစ်နေသော ပုံပန်းသွင်ပြင်သည်လည်း မူလအသက်စွမ်းအားများ ပြန်လည်ရရှိသွားပေ၏။
ကြည်လင်သောစမ်းချောင်းများ ပေါက်ဖွားလာကာ ရေများစီးဆင်းနေသည်။
စမ်းချောင်း၏နံဘေး၌ သစ်ပင်ပန်းမန်များ ပြည့်နှက်နေကာ လိပ်ပြာများနှင့်ပျားပိတုန်းများ ပြန်ဝဲနေသည်။
မလှမ်းမကမ်းအကွာတွင် ယုန်ငယ်လေးတစ်ကောင်နှင့် ရှဥ့်ငယ်လေးတစ်ကောင် အထက်အောက်ခုန်ပေါက်နေကြသည်။ထိုသတ္တဝါနှစ်ကောင်သည် ခုန်ပေါက်ရင်း ရံဖန်ရံခါ၌ ရီဖုန်း၏ရှေ့သို့ ရောက်ရှိလာကာ သူ၏ပုံပန်းသွင်ပြင်ကို စပ်စုလိုကြသည်။
နောက်ဆုံး၌.....
အကျီစားသန်သော ရှဥ့်ငယ်လေးသည် အခွံမာသီးတစ်လုံးကိုကောက်ယူကာ ရီဖုန်း၏ခေါင်းကို ထုလိုက်သည်။
အိပ်ပျော်နေသော ရီဖုန်းသည် လန့်နိုးသွားပေ၏။
ရှဥ့်ငယ်လေးသည် ဤမြင်ကွင်းကို မြင်တွေ့ချိန်တွင် သတိကြီးစွာထား၍ အဝေးသို့ ခုန်ထွက်သွားသည်။
ရီဖုန်းသည် နိုးလာပြီးနောက် ထိုရှဥ့်ငယ်လေးကို လျစ်လျှူရှုလိုက်သော်လည်း မတ်တတ်ထရပ်ကာ နှေးကွေးလေးကန်စွာဖြင့် ပတ်ဝန်းကျင်ကိုကြည့်လိုက်သည်။
သူ၏မျက်နှာ သိသိသာသာ သုန်မှုန်နေပေ၏။
"ဟမ့်...အဲ့ဒီမိန်းကလေးက ငါ့ကို လိမ်နေတာပဲ...အရင်က ဒီနေရာရဲ့အခြေအနေကို ကြည့်ပြီးတော့ ငါက တကယ့်ကို ကြောက်ဖို့ကောင်းပြီး အန္တရာယ်များတဲ့နေရာလို့ ထင်ခဲ့မိတယ်....အခုကြည့်ကြည့်တော့မှ အဲ့ဒါက ညအချိန်ဖြစ်နေလို့ပါလား"
"ခုမနက်ရောက်တော့ အစစ်အမှန်ပတ်ဝန်းကျင်အခြေအနေက နည်းနည်းလေးတောင် ကြောက်ဖို့မကောင်းတော့ဘူး"
"ငါ ဒီနေရာမှာ တနေကုန်နေခဲ့တာတောင် ဘာမှဖြစ်မလာခဲ့ဘူး..."
"ဒါက ခြောက်ခြားခြင်းတောအုပ်လား...သောက်ရေးမပါလောက်အောင်ကို ကြောက်ဖို့ကောင်းတဲ့ နေရာပဲ....."
ရီဖုန်းသည် သုန်မှုန်နေသောမျက်နှာဖြင့် ဆဲဆိုကာ မူလလမ်းကြောင်းအတိုင်း ပြန်လည်၍ လျှောက်လှမ်းခဲ့တော့သည်။
အပြန်လမ်း၌ သူ့ထံတွင် နောက်ဆုံးမျှော်လင့်ချက်တချို့ရှိနေဆဲပင်။
သူသည် ကြီးမားသောအန္တရာယ်များနှင့် ရင်ဆိုင်တွေ့ရရန် မျှော်လင့်နေမိသည်။
သို့ရာတွင် အန္တရာယ်အများဆုံးကိစ္စမှာ မျောက်တစ်ကောင်သည် သစ်ပင်တစ်ပင်ပေါ်မှ ရုတ်တရက် ခုန်ဆင်းလာကာ လက်တစ်ဖက်ဖြင့် သူ၏ခန္ဓာကိုယ်အောက်ခြမ်းကို ကိုင်လိုက်သဖြင့် သူ၏မက်မွန်သီးတစ်လုံးကို ခူးဆွတ်မိလုနီးပါးဖြစ်သွားသောကြောင့်ပင်။
ခြောက်ခြားခြင်းတောအုပ်၏ပြင်ပ၌....
ဖြောင်မြောင်ဟုန်သည် သစ်ပင်၌ ချည်နှောင်ထားခြင်း ခံရဆဲပင်။သူမသည် လွတ်မြောက်နိုင်မည့် နည်းလမ်းများကို အကြိမ်ပေါင်း မရေမတွက်နိုင်အောင် တွေးတောခဲ့သည်။သို့ရာတွင် ရီဖုန်း၏ရိုးရှင်းသောကြိုးချည်မှုကို သူမ၏ကျင့်ကြံဆင့်စွမ်းအားဖြင့် လွတ်မြောက်အောင် မရုန်းထွက်နိုင်ဘဲနေမည်ဟု သူမ မျှော်လင့်မထားမိချေ။
သူမ၏စိတ်နှလုံးသားအတွင်း၌ ဤလျှို့ဝှက်ဆန်းကြယ်သောလူသည် မည်ကဲ့သို့ လူစားမျိုးဖြစ်သည်ကို အချိန်အတော်ကြာသည်အထိ စဥ်းစားတွေးတောသည့်တိုင် ရှာဖွေဖော်ထုတ်နိုင်ခြင်းမရှိချေ။
သူသည် အမှန်တကယ်ကိုပင် သူမအား ချန်ထားခဲ့ပြီး သူတစ်ယောက်တည်း အသေခံရန်အတွက် ချောက်ချားခြင်းတောအုပ်အတွင်းသို့ ပြေးဝင်သွားခဲ့သလော....
အကယ်၍ ဤကိစ္စသည် အမှန်ဖြစ်ပါက မည်သည်ကြောင့် သူမကို ဖမ်းဆီးခဲ့သနည်း...
သူ၏သူရဲကောင်းဆန်သောသေခြင်းကို စောင့်ကြည့်ရန်အတွက် မိန်းကလေးတစ်ယောက်ကို ရှာဖွေခြင်းသက်သက် ဖြစ်နေသလော....
သို့ရာတွင် ဤအတွေးအမြင်သည်လည်း မဖြစ်နိုင်ကြောင်း သူမ သိရှိထားသည်။
သူမ ရရှိထားသော သတင်းအချက်အလက်များအရ ခြောက်ခြားခြင်းတောအုပ်အတွင်းသို့ ဝင်ရောက်သွားသောအချိန် ကြာမြင့်သည်နှင့်အမျှ အန္တရာယ်ပို၍ကြီးလာပေမည်။အကယ်၍ တစ်စုံတစ်ယောက်သည် ဆယ့်ငါးမိနစ်ခန့်အကြာတွင် ပြင်ပသို့ထွက်မလာပါက အခြေခံအားဖြင့် ထိုလူပြန်ထွက်လာရန်မှာ မဖြစ်နိုင်တော့ချေ။
ရီဖုန်းသည် တစ်ရက်ခန့် ကြာမြင့်အောင်နေထိုင်ပြီးနောက် ပြင်ပသို့ထွက်လာခြင်း မရှိသဖြင့် သူ သေဆုံးသွားပြီးဖြစ်ပေမည်။
ရီဖုန်းသည် အလွန်သန်မာအားကောင်းသည့်တိုင် ဤသည်မှာ အမှန်တရားပင်။
သူမ ဤကိစ္စကို မည်သည်ကြောင့် အလွန်ရှင်းလင်းစွာ သိရှိထားသည်ဟူသော အချက်မှာ သူမတို့ဂိုဏ်းရှိ မရေမတွက်နိုင်သောထိပ်သီးဆရာကြီးများ၏ အတွေ့အကြုံများမှ စုစည်းခဲ့သော ရလဒ်ကြောင့်ပင်။
ထိုတောအုပ်အတွင်း၌ မည်သည့်အရာများရှိနေသည်ကိုမူ သူမ မသိရှိဘဲ အလွန်အန္တရာယ်များသည်ကိုသာ သိရှိထားသည်။
ချွင်းချက်အနေဖြင့် တောအုပ်အတွင်း၌ နာရီဝက်ခန့်နေပြီး ပြင်ပသို့ ပြန်ထွက်လာနိုင်ခဲ့သူရှိသည့်တိုင် သူ၏တာအိုနှလုံးသား ပြိုလဲသွားကာ အရူးတစ်ယောက်အဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။တခြားလူများအားလုံးကမူ ထိုတောအုပ်အတွင်းသို့ ဝင်ရောက်ပြီးနောက် သေဆုံးသွားခဲ့သည်။
သူမ အတွေးလွန်နေသဖြင့် သစ်ပင်၌ သူမအား ချည်နှောင်ထားသောကြိုး မည်သည့်အချိန်က ပြေသွားသည်ကို သူမ မသိရှိခဲ့ချေ။
"မင်း ဘာလုပ်နေတာလဲ...သွားကြစို့...."
ရီဖုန်းက ဒေါသတကြီးပြောဆိုသည်။
ဖြောင်မြောင်ဟုန်သည် ကြက်သေသေသွားကာ သူမသည် သရဲတစ္ဆေတစ်ကောင်ကို မြင်တွေ့လိုက်ရသည့်အလား ရီဖုန်းကို စူးစိုက်၍ကြည့်လိုက်သည်။
"နင် ဘာလို့ ပြန်လာတာလဲ"
ရီဖုန်း၏ဖမ်းဆီးခြင်းကို ခံရသောအချိန်မှစတင်၍ ဤသည်မှာ သူမ၏စိတ်ခံစားချက်ဖြင့် မေးခွန်းထုတ်လိုက်သော ပထမဆုံးအကြိမ်ပင်။
သို့ရာတွင် ရီဖုန်းသည် သုန်မှုန်နေသောမျက်နှာအမူအယာဖြင့် သူမကို တုံ့ပြန်လေ၏။
"ငါ အဲ့ဒီနေရာမှာ တစ်ညအိပ်ပြီးပြီ...ငါက ဒီနေရာကို ပြန်မလာလို့ နောက်ထပ်တစ်ညဆက်အိပ်ရမှာလား"