← Chapters

အခန်း (၈၆၆-၈၇၀)

Vol. 58 Ch. 866-870

အခန်း (၈၆၆-၈၇၀)

Vol. 58 Ch. 866-870

Chapter 866

ထိုစကားကိုပြောဆိုပြီးနောက်...

ရီဖုန်းက သူမကို လျစ်လျူရှုလိုက်သည်။

ထို့နောက် သူသည် ဖြောင်မြောင်ဟုန်ကို ကြိုးတစ်ချောင်းဖြင့် ချည်နှောင်ကာ စိတ်ပျက်လက်ပျက်ဖြင့် သူမကို ဆွဲခေါ်သွားလေ၏။

သူ၏နောက်တွင်ရှိနေသော ဖြောင်မြောင်ဟုန်သည် ကြက်သေသေနေဆဲပင်။

ဤလူ၏ရည်ရွယ်ချက်သည် မည်သည့်အရာ ဖြစ်နေသနည်း....

ထို့ပြင် သူသည် ခြောက်ခြားခြင်းတောအုပ်အတွင်း၌ တနေကုန်နေထိုင်ခဲ့သည့်တိုင် မည်သည်ကြောင့် ထိခိုက်ဒဏ်ရာရရှိခြင်းပင် မရှိဘဲ ပြင်ပသို့ ပြန်ထွက်လာနိုင်ခဲ့သနည်း။

သူမ၏စိတ်နှလုံးသားအတွင်းရှိ ထိတ်လန့်တုန်လှုပ်မှုကြောင့် မသိစိတ်မှနေ၍ ချောက်ချားခြင်းတောအုပ်ထံသို့ ပြန်ကြည့်လိုက်မိသည်။

အကယ်၍ သူမ ဤတောအုပ်ကို မကြည့်မိပါက အဆင်ပြေပေမည်။သို့ရာတွင် သူမသည် ထိုနေရာကို ကြည့်လိုက်ပြီးနောက် ပို၍ပင် ထိတ်လန့်တုန်လှုပ်သွားပေ၏။

အကြောင်းအရင်းမှာ ​ခြောက်ခြားခြင်းတောအုပ်အတွင်းရှိ မှုန်မှိုင်းပြီးအေးစက်သော အငွေ့အသက်များ ပျောက်ကွယ်သွားသောကြောင့်ပင်။တောအုပ်၏ပြင်ပနှင့်အတွင်းဘက် ဆန့်ကျင်ဘက်ဖြစ်နေသဖြင့် ထူးဆန်းနေမှုသည်လည်း ပျောက်ကွယ်သွားလေပြီ။

ထို့ပြင် အတိတ်တွင် သူမသည် ခြောက်ခြားခြင်းတောအုပ်ကို တစ်ချက်ကြည့်မိရုံဖြင့် အလွန်လွှမ်းမိုးချုပ်ကိုင်နိုင်သော ခြိမ်းခြောက်မှုအရှိန်အဝါကို အာရုံခံမိသည်။သို့ရာတွင် ယခုလက်ရှိချိန်၌ ထိုခံစားချက်သည်လည်း ပျောက်ကွယ်သွားလေပြီ။

ထိုအစား ​ခြောက်ခြားခြင်းတောအုပ်အတွင်းမှနေ၍ ငြိမ်းချမ်းပြီး တိတ်ဆိတ်ငြိမ်သက်သောခံစားချက်မျိုး ရရှိနေသည်။

"ဘယ်လိုလုပ်ပြီး...ဘယ်လိုလုပ်ပြီးတော့ ဒါက ဖြစ်နိုင်မှာလဲ"

ဖြောင်မြောင်ဟုန်သည် သူမ၏ပါးစပ်ကို အနည်းငယ်ဖွင့်ဟပြီးနောက် သူမ၏ခေါင်းကို ပြတ်ပြတ်သားသား ခါယမ်းလိုက်သည်။

အကြောင်းအရင်းမှာ သူမအား မယုံကြည်နိုင်ဖြစ်စေသည့် ထိတ်လန့်ကြောက်ရွံ့ဖွယ်ကောင်းသော ယူဆချက်တစ်ချက်ကို သူမ တွေးတောမိသောကြောင့်ပင်။ထိုယူဆချက်မှာ ရီဖုန်းသည် ​ခြောက်ခြားခြင်းတောအုပ်အတွင်းသို့ ဝင်ရောက်ပြီးနောက်အတွင်းရှိချိန်ခြောက်နိုင်မှုများအားလုံးကိုအမြစ်ပြတ်သုတ်သင်ခဲ့ခြင်းပင်

သူမသည် ခေါင်းမော့၍ ရီဖုန်းကို တစ်ချက်ကြည့်လိုက်သည်။

ဤလူ၏နောက်ကျောသည် ဝေဝါးနေကာ မှန်းဆ၍မရသည့်အပြင် ထွင်းဖောက်တွေ့မြင်နိုင်ခြင်းမရှိချေ။

သူမသည် အချိန်အတော်ကြာခန့် တွေဝေစဉ်းစားနေပြီးနောက်....

နောက်ဆုံး၌ သူမ၏သံသယများကို ဖွင့်ဟ၍ မေးမြန်းလိုက်၏။

"ငါ နင့်ကို တစ်ခုလောက် မေးပါရစေ...နင် ငါ့ကို ဘာလို့ဖမ်းထားတာလဲ"

သူမသည် ရှေ့မှဦးဆောင်၍ လျှောက်လှမ်းနေသော ရီဖုန်းကိုကြည့်ကာ မေးမြန်းသည်။

ရီဖုန်း၏ခြေလှမ်းများရပ်တန့်သွားကာ ထိုမိန်းကလေးအား လှည့်ကြည့်လိုက်သည်။

"မင်းရဲ့မေးခွန်းကို အဖြေပြန်မပေးခင်...ငါရဲ့မေးခွန်းတစ်ခုကို မင်း အဖြေပြန်ပေးနိုင်မလား။

အချိန်တခဏကြာခန့် ဆိုင်းငံ့ပြီးနောက် ရီဖုန်းက ပြောဆိုသည်။

ဖြောင်မြောင်ဟုန်သည် နှုတ်ဆိတ်နေပေ၏။

ရီဖုန်းက ထပ်မံ၍ပြောဆိုသည်။

"မင်းရဲ့နောက်မှာရှိနေတဲ့ ဟုန်ဂိုဏ်းက ဘယ်အချိန်ကျရင် မင်းကို လာကယ်မှာလဲဆိုတာ ငါ့ကို ပြောပြနိုင်မလား"

"ဟုန်ဂိုဏ်း....."

ဖြောင်မြောင်ဟုန်က မျက်မှောင်ကြုတ်လိုက်သည်။

"ငါ့ကို ကယ်ဖို့လား...."

"ထားလိုက်တော့....ငါ မင်းကို အမှန်အတိုင်း ပြောပြမယ်"

ရီဖုန်းသည် သူ၏ကိစ္စအား ဤမိန်းကလေးကိုပြောပြခြင်းမှာ ကိစ္စကြီးတစ်ရပ်မဟုတ်ဟု ခံစားမိသဖြင့် ဖွင့်ဟပြောဆိုလိုက်သည်။

"ငါ မင်းကို ဖမ်းလာတာက ဟုန်ဂိုဏ်းရဲ့နာကြည်းမုန်းတီးမှုကို ဆွဲဆောင်ချင်လို့ပဲ...ဟုန်ဂိုဏ်းကလူတွေ မင်းကိုလာကယ်မှာကို ငါ စောင့်နေတာပဲ"

"ဟုန်ဂိုဏ်းကလူတွေ ငါ့ကို လာကယ်တာကို နင်က စောင့်နေပြီးတော့...သူတို့ကို အမြစ်ပြတ်သုတ်သင်ချင်တာလား"

ဖြောင်မြောင်ဟုန်၏မျက်နှာ တောက်ပသွားသည်။

ရီဖုန်း၏ခွန်အားဖြင့် ဟုန်ဂိုဏ်းကို အမြစ်ပြတ်သုတ်သင်ရန်အတွက် ဤမျှထိဒုက္ခခံရန် လိုအပ်သလော....

ဟုန်ဂိုဏ်း၏တည်နေရာကိုရှာဖွေပြီး သူတို့အားလုံးကို သတ်ဖြတ်လိုက်ရုံသာ လိုအပ်သည် မဟုတ်လော....

"ငါက သူတို့အားလုံးကို သတ်မလို့ မဟုတ်ဘူး....သူတို့က ငါ့ကိုလာသတ်ဖို့ စောင့်နေတာပဲ"

ရီဖုန်းက အလေးအနက်ထားသောလေသံဖြင့် ပြောဆိုသည်။

ထိုစကားကိုကြားချိန်တွင်....

ဖြောင်မြောင်ဟုန်သည် ပါးစပ်အဟောင်းသား ဖြစ်သွားလေ၏။

ထို့ပြင် သူမကိုကြည့်ရသည်မှာ ပို၍စိတ်လှုပ်ရှားသွားပုံရသည်။

"နင် ဆိုလိုတာက...နင် ငါ့ကို ဖမ်းလာခဲ့တဲ့ရည်ရွယ်ချက်က ဟုန်ဂိုဏ်းရဲ့နာကြည်းမုန်းတီးမှုကို ဆွဲဆောင်ပြီးတော့ သူတို့တွေ နင့်ကို သတ်စေချင်တာလား"

ဖြောင်မြောင်ဟုန်က အံ့အားသင့်နေသောလေသံဖြင့် မေးမြန်းသည်။

"အမှန်ပဲ...မင်းက အရမ်းဉာဏ်ကောင်းတယ်"

ရီဖုန်းက ချီးမွမ်းသည့်အနေဖြင့် ခေါင်းညိတ်ပြသည်။

ဖြောင်မြောင်ဟုန်သည် ဆွံ့အသွားပေ၏။

အမျိုးအမည်မသိရသောစွမ်းအားကို ပိုင်ဆိုင်ထားသည့် ရီဖုန်းကဲ့သို့ ထိပ်သီးအစွမ်းထက်ဆရာကြီးတစ်ယောက်သည် ဟုန်ဂိုဏ်းထက် ပို၍သန်မာအားကောင်းသော သူမကိုပင် ဖမ်းဆီးနိုင်ခဲ့သည်။သို့ရာတွင် သူသည် ထိုအကြောင်းအရင်းကို မသိရှိဘဲ ဟုန်ဂိုဏ်းကဲ့သို့ ကပ်ဘေးအဆင့်ဂိုဏ်းတစ်ဂိုဏ်းအား သူ့ကိုသတ်ဖြတ်ရန်အတွက် စောင့်ဆိုင်းနေခဲ့သလော။

သူ၏ဦးနှောက်၌ အပေါက်တစ်ပေါက် ရှိနေသလော....

ထို့ပြင် သူသည် ဟုန်ဂိုဏ်းအား မည်သည်ကြောင့် သူ့ကို သတ်ဖြတ်စေလိုသနည်း...

ဖြောင်မြောင်ဟုန်၏မယုံကြည်နိုင်သောအမူအယာကို သတိပြုမိသွားပုံဖြင့် ရီဖုန်းက သက်ပြင်းတစ်ချက်ရှိုက်ကာ ရှင်းပြသည်။

"မင်း ဒီကိစ္စကို ယုံကြည်နိုင်မှာ မဟုတ်ဘူး...ဒါပေမဲ့ ငါရဲ့ရည်ရွယ်ချက်က သေလမ်းရှာဖို့ပဲ"

အချိန်တခဏကြာခန့် ဆိုင်းငံ့ပြီးနောက် ရီဖုန်းက ထပ်မံ၍ပြောဆိုသည်။

"ပြောရမယ်ဆိုရင် အရင်က ငါက မင်းတို့ရဲ့ရှေ့မှာ ဟန်ရေးပြခဲ့တာပဲ....သေလမ်းရှာဖို့အတွက်ကို ငါက အရင်က ဘယ်သူမှမလုပ်ခဲ့ဖူးတဲ့ နည်းလမ်းအမျိုးမျိုးကို ကြိုးစားကြည့်ခဲ့ပြီးပြီ... ဒါပေမဲ့ ဘယ်နည်းလမ်းကမှ အလုပ်မဖြစ်ခဲ့ဘူး...ဒါကြောင့် ငါက မင်းတို့ရဲ့ခရီးသွားယာဥ်တန်းကို ဟန့်တားခဲ့တာပဲ"

"အစကတော့ ငါက မင်းတို့ အဖွဲ့ရဲ့ပုံစံကို ကြည့်ပြီး မင်းတို့က ငါ့ကို သတ်ဖြတ်ဖို့အထိ လုံလောက်အောင် သန်မာအားကောင်းမယ်လို့ ငါ တွေးထင်ခဲ့တယ်...ဒါပေမဲ့ မင်းတို့က...."

ထိုစကားကိုပြောဆိုရင်း ရီဖုန်းသည် ရပ်တန့်ကာ သူ့၏မျက်နှာပေါ်တွင် အလေးအနက်ထားသောအမူအယာတစ်ရပ် ထင်ဟပ်လာသည်။

"ငါ မင်းကို ဝေဖန်ရလိမ့်မယ်...မင်း အဲ့ဒီလောက်ထိညံဖျင်းတဲ့ သက်တော်စောင့်တစ်ယောက်ကို ဘယ်နေရာကနေ ရှာလာခဲ့တာလဲ...သူက ငါ့ကို ဓားနဲ့ခုတ်ပိုင်းခဲ့တာတောင်မှ ခြစ်ရာတစ်ခုထင်ကျန်အောင် မလုပ်နိုင်ခဲ့ဘူး...ဒါက ငါ့ရဲ့ဂိုဏ်းမှာရှိတဲ့ လူအိုကြီးထက်တောင် ပိုပြီးဆိုးနေတယ်"

"မင်းရဲ့အစောင့်တွေက ငါ့ကို မသတ်နိုင်မှတော့ ငါက မင်းကိုဖမ်းဖို့ပဲ ရွေးချယ်နိုင်ခဲ့တယ်"

ရီဖုန်းက ဆက်လက်၍ပြောဆိုသည်။

"အဲ့ဒီနည်းလမ်းနဲ့ဆိုရင် မင်းရဲ့နောက်မှာရှိနေတဲ့ ဟုန်ဂိုဏ်းက မင်းကိုလာကယ်တာနဲ့ ငါ့ကိုဝိုင်းရံတိုက်ခိုက်ပြီးတော့ ငါ သေသွားအောင် သတ်နိုင်လိမ့်မယ်"

"ကံဆိုးချင်တော့ မင်းရဲ့ဟုန်ဂိုဏ်းကို ကြည့်ရတာ အရမ်းနာမည်ကျော်ကြားပုံရပေမယ့်...သူတို့ရဲ့လုပ်ရပ်တွေက အရမ်းနှေးကွေးတယ်...ဒီလောက်ထိအ ချိန်တွေကြာလာတာတောင် သူတို့ရဲ့အရိပ်အယောင်ကို မမြင်ရသေးဘူး"

ရီဖုန်း၏မှတ်ချက်စကားများအားလုံးကို နားထောင်ပြီးနောက် ဖြောင်မြောင်ဟုန်သည် ဆွံ့အသွားကာ စိတ်ပျက်လက်ပျက်ဖြစ်သွားလေ၏။

သို့ရာတွင် ရီဖုန်း၏အလွန်အမင်းအလေးအနက်ထားနေသော မျက်နှာအမူအယာကို ကြည့်ခြင်းအားဖြင့် ဖြောင်မြောင်ဟုန်သည် သူ၏စကားများအနက်မှ ဆယ်ပုံပုံလျှင်ကိုးပုံသည် အမှန်ဖြစ်သည်ကို နားလည်သဘောပေါက်သွားသည်။

ယခုကြည့်ကြည့်တော့မှ သူမကို ဖမ်းဆီးခေါ်ဆောင်ထားသော ရည်ရွယ်ချက်သည် သူ့အားသတ်ဖြတ်ရန်အတွက် ဟုန်ဂိုဏ်းကို ဆွဲဆောင်လိုခြင်းဖြစ်နေသည်။

ဤသည်မှာ အလွန်ရယ်ရွှင်ဖွယ် ကောင်းပေ၏။

သူမ၏သက်တော်စောင့်ဖြစ်သော လော့ချန်ပင်လျှင် သူ၏ခုခံကာကွယ်မှုကို မချိုးဖျက်နိုင်လေရာ မည်သည်ကြောင့် ဟုန်ဂိုဏ်းသည် သူ့အားသတ်ဖြတ်နိုင်မည်ဟု သူ တွေးထင်ခဲ့သနည်း။

"ဒါကို ကြည့်လိုက်အုံး"

အချိန်တစ်ခဏကြာခန့် တွေဝေတုံ့ဆိုင်းပြီးနောက် ဖြောင်မြောင်ဟုန်က ကျောက်စိမ်းပြားတစ်ခုကို ထုတ်ပေးလိုက်သည်။

ထိုကျောက်စိမ်းပြားကို ယူဆောင်ပြီးနောက် ရီဖုန်းသည် မည်သည့်အရာဖြစ်သည်ကို သိရှိသွားပေ၏။

သူသည် ယခင်က ဤကဲ့သို့အရာတစ်ခုကို ဝယ်ယူခဲ့ဖူးသည်။ထိုအရာတွင် နယ်မြေကြီးကိုးခုအတွင်း၌ ဖြစ်ပွားသွားခဲ့သည့် နောက်ဆုံးရသတင်း​များအနက်မှတချို့ကို ဖော်ပြထားသည်။

ဖြောင်မြောင်ဟုန်သည် ဤကျောက်စိမ်းပြားကိုဝယ်ယူထားခြင်းမှာ သူမသည် သတင်းလမ်းကြောင်းအမျိုးမျိုးမှတဆင့် တခြားသူတော်စင်များ၏အရေးကိစ္စတချို့ကို ခန့်မှန်းလိုသောကြောင့်ပင်။

ဤအချိန်အခိုက်အတန့်တွင် ကိစ္စတခုကိုကျောက်စိမ်းပြားပေါ်၌ မှတ်တမ်းတင်ထားသည်။

လွန်ခဲ့သောလဝက်ခန့်က ဟုန်ဂိုဏ်းသည် အစပထမ၌ ဂိုဏ်းတံခါးများကို ပိတ်ထားခဲ့သည်။

နောက်ထပ်လဝက်ကြာမြင့်ပြီးနောက် သူတို့သည် ဂိုဏ်းကိုဖျက်သိမ်းရန် ဆုံးဖြတ်ခဲ့ပေ၏။

နယ်မြေရပ်ခြားသို့သွားနေသော ဟုန်ဂိုဏ်းမှတပည့်များ ပြန်ရောက်လာချိန်၌ ဂိုဏ်းကိုဖျက်သိမ်းလိုက်ပြီဖြစ်ကြောင်း ရှာဖွေတွေ့ရှိခဲ့သည်။

ဤသတင်းကိုမြင်တွေ့ချိန်တွင် ရီဖုန်း၏မျက်နှာ ရှုံမဲ့သွားသည်။

"ဘာ...."

"ဒါက ဂိုဏ်းကြီးတစ်ဂိုဏ်းလေ.. တကယ်လို့ ဂိုဏ်းကို ဖျက်သိမ်းမယ်ဆိုရင်တောင် ဒီလောက်ထိမြန်ဖို့လိုလို့လား"

"မင်းတို့က ဒီလောက်ထိ သောက်သုံးမကျတာလား..."

ရီဖုန်းက ဆဲဆိုလိုက်သည်။

ဤသို့ဆိုပါက သူသည် တစ်လလုံးလုံး အလဟဿ အချိန်ဖြုန်းခဲ့သည် မဟုတ်လော....

ဖြောင်မြောင်ဟုန်၏မျက်နှာပေါ်တွင် အံအားသင့်မှုအရိပ်အယောင်များ ထင်ဟပ်နေသည်။

ဟုန်ဂိုဏ်းအား ဖျက်သိမ်းလိုက်သော အကြောင်းအရင်းကို သူမ ခန့်မှန်းမိလေ၏။

ဟုန်ဂိုဏ်းသည် မည်သည့်ကြောင့် သူမအား ပြန်ပေးဆွဲသွားသည့်လူကို အပြစ်ပြုဝံ့မည်နည်း..

ထို့ကြောင့် သူမ၏စိတ်နှလုံးသားအတွင်းမှနေ၍ ရီဖုန်းကို မကျေမချမ်းပြောဆိုလိုက်မိသည်။

'နင်လုပ်ခဲ့တာတွေက ကောင်းတယ်လို့ နင် ထင်နေတာလား'

တချိန်တည်းမှာပင်...

သူမသည် ရီဖုန်းနှင့်ပတ်သက်ပြီး ကောက်ချက်ချလိုက်၏။

သူမ၏ရှေ့ရှိလူငယ်သည် အလွန်အစွမ်းထက်သော်လည်း သူ့ကိုကြည့်ရသည်မှာ သူ၏ကိုယ်ပိုင်စွမ်းအားနှင့်တခြားလူများ၏စွမ်းအားကို ခွဲခြားသိမြင်နိုင်ပုံ မရ​ချေ။

ထိုသို့မဟုတ်ပါက သူသည် ဟုန်ဂိုဏ်း၏နာကျည်းမုန်းတီးမှုကို ဆွဲဆောင်ရန်အတွက် သူမအား ဖမ်းဆီးထားသည့် ထူးဆန်းသောလုပ်ရပ်တစ်ခုကို မည်သည်ကြောင့် လုပ်ဆောင်မည်နည်း....

Chapter 867

အမှန်အားဖြင့်....

သူမ၏အတွေးများအားလုံးသည် ရီဖုန်းနှင့်စကားပြောဆိုမှုအပေါ် အခြေခံ၍ ထင်ကြေးပေးရုံသက်သက်ပင်။

အမှန်အားဖြင့် သူမ၏အတွေးများကို အတည်ပြုပေးနိုင်သော တခြားအကြောင်းအရာများ လိုအပ်နေသည်။

တိုက်တိုက်ဆိုင်ဆိုင်ဖြင့်....

ဤနေရာနှင့်မလှမ်းမကမ်းအကွာတွင် တိုက်ပွဲလှုပ်ခတ်မှုများ ထွက်ပေါ်နေသည်။

ထိုတိုက်ပွဲကို အပျော်သဘောဖြင့် စောင့်ကြည့်ရန်အတွက် လူတချို့လည်း စုဝေးနေပေ၏။

သူတို့နှစ်ယောက်သည် ထိုမြေကွက်လပ်ထံသို့ရောက်ရှိသွားချိန်တွင် လေထုအတွင်း၌တိုက်ခိုက်နေသော လူနှစ်ယောက်ကို တွေ့မြင်မိသည်။

အင်မော်တယ်ကျင့်ကြံခြင်းလောကတွင် ဤကဲ့သို့တိုက်ပွဲတပွဲသည် အလွန်သာမန်ဆန်ပေ၏။

ဘုန်း....

ထိုလူနှစ်ယောက်အနက်မှတစ်ယောက်သည် သူ၏ဓားချက်ကို ထုတ်လွှတ်လိုက်၏။

မိုးကောင်းကင်ယံသည် ရုတ်တရက် ကြီးမားစွာကွဲထွက်သွားကာ လေဟာနယ်အက်ကွဲကြောင်းကြီးတစ်ခု ပေါ်လွင်လာသည်။

စွမ်းအားလှိုင်းများသည် မိုးကောင်းကင်ယံတခွင်လုံးအနှံ့ ပြည့်နှက်နေကာ လေဓားသွားများက နေရာအနှံ့အပြား၌ ရှိနေသည်။

သို့ရာတွင် ထိုဓားချက်ကို သူ၏ပြိုင်ဘက်သည် ရှောင်တိမ်းနိုင်ခဲ့သဖြင့် လေထုကိုသာ ခုတ်ပိုင်းမိလေ၏။

ကျရှုံးသွားသောဓားချက်သည် မြေပြင်ကို ခုတ်ပိုင်းမိသဖြင့် တောင်ငယ်တလုံးသည် တစ်ဝက်ခန့်ပြတ်တောက်သွားသည့်အပြင် မလှမ်းမကမ်းအကွာတွင်ရှိနေသော မြစ်တစ်စင်းသည်လည်း ပျက်စီးသွားလုနီးပါးပင်။

ဤနေရာရှိ မြေပြင်တစ်ဝိုက်လုံး တုန်ခါနေသည်။

အကြည်တချက်ဖြင့်ပင် ဤလူနှစ်ယောက် တိုက်ခိုက်နေသည်မှာ သွေးပူစအခြေအနေတွင်သာ ရှိနေသေးကြောင်း သိရှိနိုင်သည်။သူတို့သည် တိုက်ခိုက်နေရင်း လေထုအတွင်း၌ ပျံသန်းနေပေ၏။အချိန်တခဏကြာပြီးနောက် သူတို့နှစ်ယောက်သည် မြင်ကွင်းအတွင်းမှ ပျောက်ကွယ်သွားတော့သည်။

ဖြောင်မြောင်ဟုန်သည် ဤတိုက်ပွဲ အစမှအဆုံးထိ မည်သို့မျှ ခံစားရခြင်းမရှိချေ။

အကြောင်းအရင်းမှာ ဤကဲ့သို့တိုက်ပွဲသည် ကြီးကျယ်ခမ်းနားကာ မြေပြင်ကိုပင် တုန်ခါသွားစေသော်လည်း အမှန်အားဖြင့် ထိုလူနှစ်ယောက်၏ခွန်အားသည် အသေးအမွှားသာ ဖြစ်နေသောကြောင့်ပင်။

အကယ်၍ ကျင့်ကြံသူတစ်ယောက်သည် တာအိုကြေးမုံနယ်ပယ်သို့ ရောက်ရှိပြီးသွားပါက တိုက်ခိုက်နေစဥ်တွင် တိုက်ပွဲ၏စွမ်းအားလှုပ်ခတ်မှုများအားလုံး ပေါင်းစည်းသွားကာ မည်သည့်ယိုစိမ့်သွားမှုမျိုးမျှ ရှိမည်မဟုတ်ချေ။

အထူးသဖြင့် တာအိုပေါင်းစပ်ခြင်းနယ်ပယ်သို့ရောက်ရှိပြီးနောက် ကျင့်ကြံသူများအကြားရှိတိုက်ပွဲကို သာမန်လူများ တွေ့မြင်နိုင်မည်မဟုတ်ချေ။သူတို့အကြား၌ ကိုယ်ပိုင်တာအိုနည်းလမ်းဖြင့် ယှဉ်ပြိုင်မှုကိုသာ အသုံးပြုကြသည်။

ထိုကြောင့် ထိုလူနှစ်ယောက်၏တိုက်ခိုက်မှုသည် စွဲမက်ဖွယ်ကောင်းပုံရသော်လည်း ဤကဲ့သို့လက်တွေ့မကျသော သက်ရောက်မှုများကို အောက်ဘုံများအတွင်းရှိ လူတချို့ကသာ ပြုလုပ်လေ့ရှိသည်။

ဤသည်မှာ ကပ်ဘေးချိုးဖျက်ခြင်းနယ်ပယ် သတ္တမအဆင့် သို့မဟုတ် အဋ္ဌမအဆင့်တွင်ရှိနေသော ကျင့်ကြံသူများ ဖြစ်ပေမည်။

ထိုကြောင့် ဖြောင်မြောင်ဟုန်သည် ဤကဲ့သို့တိုက်ပွဲတစ်ပွဲကို စိတ်မဝင်စားချေ။

သို့ရာတွင်...

ရီဖုန်းသည် လေးစားကြည်ညိုသောအမူအယာဖြင့် သူ၏ပါးစပ်ကို ဖွင့်ဟ၍ပြောဆိုလိုက်သည်။

"ဘယ်လောက်တောင်ကောင်းတဲ့ တိုက်ခိုက်မှုလဲ...ဒါက ပြိုင်ဘက်ကင်းဆရာကြီးတွေပါလား...."

"ဟူး...ငါ အရမ်းဒေါသထွက်တယ်...ငါ့ကို ဒီလိုတိုက်ခိုက်မယ့်လူ ဘာလို့ တစ်ယောက်မှ မရှိတာလဲ...ငါ အစကတည်းက ကြိုသိခဲ့ရင် အဲ့ဒီလူနှစ်ယောက်ရဲ့တိုက်ပွဲကြားကို ငါ ပြေးဝင်ခဲ့တယ်"

ရီဖုန်းသည် အလွန်စိတ်အနှောင့်အယှက်ဖြစ်နေပေ၏။

သူသည် အစောပိုင်းက ရှေ့သို့ပြေးဝင်သွားရန် ဆုံးဖြတ်ချက်မပြတ်သားခဲ့သည့်အတွက် စိတ်အနှောင့်အယှက် ဖြစ်နေမိသည်။

အကယ်၍ သူ ရှေ့သို့ပြေးဝင်သွားမိပါက ဤကဲ့သို့အစွမ်းထက်သော တိုက်ခိုက်မှုတစ်ခုအောက်တွင် သူ သေဆုံးရမည်မှာ သေချာပေါက်ပင်။

ဖြောင်မြောင်ဟုန်၏နှုတ်ခမ်း မဲ့ရွဲ့သွားသည်။

ဤအချိန်အခိုက်အတန့်တွင် သူမ၏ယခင်မှန်းဆချက်ကို သူမ အခိုင်အမာယုံကြည်သွားလေပြီ။

သူမရှေ့ရှိလူသည် အစွမ်းထက်သည်မှာ သိသာထင်ရှားသော်လည်း သူ၏ခွန်အားနှင့် တခြားလူများ၏ခွန်အားအပေါ် ရှင်းရှင်းလင်းလင်း နားလည်သဘောပေါက်ခြင်းမရှိချေ။

"မင်း သွားလို့ရပြီ"

ရီဖုန်းက သူ၏လက်ကို ဝှေ့ယမ်းလိုက်သည်။

သူ စိတ်ဓာတ်ကျနေလေပြီ။

တစ်လခန့်ကြာအောင် သူ၏အင်အားစိုက်ထုတ်ခဲ့မှုများအားလုံး အလဟဿဖြစ်သွားခဲ့သည်။

ဟုန်ဂိုဏ်းကို ဖျက်သိမ်းခဲ့ပြီးဖြစ်သောကြောင့် ဤမိန်းကလေးကို ခေါ်ထားပါကလည်း အသုံးဝင်တော့မည်မဟုတ်ချေ။

သို့ရာတွင် ဤကိစ္စကို သူ ပြန်တွေးမိချိန်တွင် အလွန်ဒေါသထွက်နေပေ၏။ဤအလွန်ကြီးကျယ်ခမ်းနားသော ဂိုဏ်းကြီးတစ်ဂိုဏ်းဖြစ်သည့်တိုင် မည်သည်ကြောင့် အလျင်စလို ဖျက်သိမ်းခဲ့သနည်း။

ဖြောင်မြောင်ဟုန်က ခေါင်းညိတ်လိုက်သည်။

သူမသည် ကိုယ့်ကိုယ်ကိုယ် အထင်ကြီးခဲ့ခြင်းကြောင့် အလွန်ရှက်ရွံနေမိသည်။

သူမသည် ရီဖုန်းနှင့် အချိန်အတော်ကြာ တိုက်ခိုက်ရမည်ဟု သူမ တွေးထင်ထားခဲ့သည်။

မမျှော်လင့်ဘဲ ရီဖုန်းသည် သူမ တွေးထင်ထားသကဲ့သို့ ဖြစ်မလာခဲ့ချေ။

နောက်ဆုံးရလဒ်သည် သူမ အမှန်တကယ်ကိုမျှော်လင့်မထားတော့အရာပင်။

သို့ရာတွင် သူမ ထွက်ခွာသွားခါနီးအချိန်တွင် သူမ၏စိတ်နှလုံးသားအတွင်း၌ အတင့်ရဲသောအတွေးတစ်ခု ထွက်ပေါ်လာသည်။

"ငါတို့တွေ အပေးအယူတစ်ခု လုပ်ကြမလား..."

ဖြောင်မြောင်ဟုန်က နောက်သို့ပြန်လှည့်ကြည့်ပြီး ပြောဆိုသည်။

"ဘာအပေးအယူလဲ...."

ရီဖုန်းက မေးမြန်းသည်။

"ငါက နင်သေဖို့အတွက် ကူညီပေးနိုင်လောက်တယ်"

အချိန်တခဏကြာခန့် တွေဝေစဉ်းစားနေပြီးနောက် ဖြောင်မြောင်ဟုန်က အလေးအနက်ထားသောလေသံဖြင့် ပြောဆိုသည်။

အကယ်၍ သူမအား ရီဖုန်းနှင့်အဆင့်တူတွင်ရှိနေသော ဆရာကြီးတစ်ယောက် သို့မဟုတ် သူ့အား သတ်ဖြတ်နိုင်သူတစ်ယောက်ကို ရှာရန်တောင်းဆိုပါက သူမ လုပ်ဆောင်နိုင်စွမ်း ရှိမည်မဟုတ်ချေ။သို့ရာတွင် ရီဖုန်းသည် သူ၏သဘောဆန္ဒအလျောက် သေဆုံးလိုခြင်းဖြစ်သဖြင့် သူမထံ၌ နည်းလမ်းအမြောက်အများရှိနေသည်။

သူမ၏နောက်ခံအင်အားစုကြောင့် ရီဖုန်းကို ခြိမ်းခြောက်နိုင်စွမ်းရှိမည့် အန္တရာယ်နယ်မြေတချို့အကြောင်းကို သူမ သိရှိထားသည်။

"အော်...တကယ်လား..."

ရီဖုန်း၏မျက်လုံးများ တောက်ပသွားကာ သူ အလွန်အမင်း စိတ်လှုပ်ရှားသွားပေ၏။

မည်သို့ပင်ဆိုစေကာမူ သူသည် ဤလောကကြီးအကြောင်း သိရှိထားသည်မှာ အလွန်နည်းပါးသည်။လွန်ခဲ့သောနှစ်နှစ်ခန့်က သူသည် ပိုင်ကျင်းမြို့အတွင်းမှ သိုင်းပညာခန်းမပိုင်ရှင်တစ်ယောက်သာ ဖြစ်သည်။

သူ့ရှေ့ရှိ မိန်းကလေးသည် အရည်အချင်းနိမ့်ပါးသော်လည်း ဟုန်ဂိုဏ်း၌ မွေးဖွားလာသူဖြစ်သဖြင့် အသိပညာဗဟုသုတအရာတွင် သူ့ထက်ပို၍ မြင့်မားမည်မှာ သေချာပေါက်ပင်။

"ဒါပေမဲ့ ဒီကိစ္စက အချိန်တစ်ခုတော့ ကြာမယ်ဆိုတာ နင့်ရဲ့စိတ်ထဲကနေ နားလည်သဘောပေါက်ထားဖို့ လိုတယ်"

ဖြောင်မြောင်ဟုန်က ပြောဆိုသည်။

မည်သို့ပင်ဆိုစေကာမူ သူမသည် ရီဖုန်း၏စွမ်းအားအတိအကျကို မသိရှိသဖြင့် သူ၏ဆန္ဒကို ဖြည့်ဆည်းပေးနိုင်ရန်မှာ အချိန်မည်မျှထိ ကြာမြင့်မည်ဖြစ်ကြောင်း သူမ မပြောဆိုနိုင်ချေ။

"အင်း...ငါ နားလည်တယ်"

ရီဖုန်းက ခေါင်းညိတ်ပြလေသည်။

သူသည် အချိန်ကြာမြင့်စွာ ရှာဖွေခဲ့သည့်တိုင် သူ သေဆုံးရန်အတွက် နည်းလမ်းမရှိခဲ့ချေ။ထို့ကြောင့် သူ အလျင်လို၍မရကြောင်း ကောင်းစွာသိရှိထားသည်။

ဖြောင်မြောင်ဟုန်က တည်တည်လေးနက်စွာ ပြောဆိုသည်။

"ငါက နင့်ရဲ့ဆန္ဒကို အကောင်အထည်ဖော်ဖို့အတွက် နည်းလမ်းမျိုးစုံကို အသုံးပြုပေးမယ်...ဒါပေမဲ့ အပြန်အလှန်အနေနဲ့ တကယ်လို့ ငါ့မှာ လိုအပ်တာတစ်ခုခုရှိရင် ကျေးဇူးပြုပြီးတော့ နင်က ငါ့ကို ကူညီပေးပါ"

"အရမ်းမျှတတဲ့ အပေးအယူပဲ"

ရီဖုန်းက ချက်ချင်းသဘောတူညီလိုက်သည်။

ရီဖုန်းသည် ချက်ချင်းသဘောတူညီလိုက်သည်ကို တွေးထင်သော်လည်း ဖြောင်မြောင်ဟုန်၏မျက်နှာပေါ်တွင် မည်သည့်ခံစားချက်အရိပ်အရောင်မျှ ထင်ဟပ်မသွားချေ။

သို့ရာတွင် သူမ၏စိတ်နှလုံးသားအတွင်း၌ ဝမ်းသာပျော်ရွှင်နေသည်။သူတော်စင်ယှဉ်ပြိုင်ပွဲအတွက် အချိန်ကျလာပါက အကယ်၍ ရီဖုန်းကဲ့သို့ ထိပ်သီးဆရာကြီးတယောက်သည် သူမဘက်တွင် အကူအညီအဖြစ် ရှိနေပါက သူမထံတွင် မည်မျှထိများပြားသော ယုံကြည်ချက်များရှိလာမည်ကို မသိနိုင်​ချေ။

ကြွင်းကျန်သောကိစ္စများအတွက်ကိုမူ သူမ စကားများစွာ ပြောဆိုခြင်းမပြုပေ။

သူမသည် မည်သည်ကြောင့် ရီဖုန်း သေလမ်းရှာရသနည်းဟူသော မေးခွန်းကိုပင် မေးမြန်းခြင်းမပြုချေ။

သူမသည် မာန်မာနကြီးသူတစ်ယောက်ဖြစ်သဖြင့် အကယ်၍ သူမကို မသိစေလိုသောကိစ္စဖြစ်ပါက သူမ ထိုကိစ္စကို ကျော်လွှားသွားပေမည်။

"မင်း ဆက်ပြောပါအုံး"

ရီဖုန်းက ပြောဆိုသည်။

အချိန်တခဏကြာခန့် တွေဝေနေပြီးနောက် ဖြောင်​မြောင်ဟုန်က မြေပုံတစ်ခုကို ထုတ်ပေးသည်။

"ငါက ဒီမြေပုံပေါ်မှာ နင့်အတွက် တည်နေရာအမှတ်အသားတစ်ခုကို မှတ်ပေးမယ်....အဲ့ဒီနေရာက အရမ်းအန္တရာယ်များတယ်...ဒါကြောင့် နင့်ရဲ့ဆန္ဒအတိုင်းဖြစ်အောင် လုပ်နိုင်လိမ့်မယ်"

ဖြောင်မြောင်ဟုန်က အလေးအနက်ထား၍ ပြောဆိုပြီးနောက် မြေပုံပေါ်၌ အမှတ်အသားတစ်ခုကို ပြုလုပ်လိုက်သည်။

"ဒါက အမှန်ပဲလား...."

ခြောက်ခြားခြင်းတောအုပ်အကြောင်းကို တွေးတောမိသဖြင့် ရီဖုန်းက သံသယအပြည့်ဖြင့် မေးမြန်းလိုက်သည်။

ဖြောင်မြောင်ဟုန်သည် ရီဖုန်း၏ဆိုလိုရင်းကို နားလည်သဘောပေါက်သဖြင့် ရှင်းပြလေသည်။

"အန္တရာယ်အဆင့်အရ ပြောမယ်ဆိုရင် ခြောက်ခြားခြင်းတောအုပ်နဲ့ အဲ့ဒီနေရာက တူညီတဲ့အဆင့်မှာ ရှိမနေဘူး"

"ဒါပေမဲ့ တကယ်တမ်းတော့ နင့်ရဲ့ဆန္ဒအတိုင်း ဖြစ်လာမလာကိုတော့ ပြောဖို့ခက်ခဲတယ်"

"ငါ နားလည်ပြီ...."

ရီဖုန်းသည် မြေပုံကိုယူဆောင်ကာ ထိုအရာပေါ်ရှိအမှတ်အသားကိုကြည့်ပြီးနောက် ခေါင်းညိတ်လိုက်သည်။

ဤမိန်းကလေးပြောဆိုသည်မှာ အမှန်ဟုတ်သည်ဖြစ်စေ မဟုတ်သည်ဖြစ်စေ ရီဖုန်းသည် ထိုနေရာသို့သွားရောက်၍ စူးစမ်းရန် ဆုံးဖြတ်လိုက်သည်။ဤကိစ္စသည် အောင်မြင်သည်ဖြစ်စေ မအောင်မြင်သည်ဖြစ်စေ သူ့အတွက် ရည်မှန်းချက်ပန်းတိုင်တစ်ခု ရှိသွားလေပြီ။

"ဒါပေမဲ့ တကယ်လို့ ငါ အဲ့ဒီနေရာမှာ သေသွားမယ်ဆိုရင် မင်းအတွက် ကြီးမားတဲ့ဆုံးရှုံးမှုကြီးတစ်ခု ဖြစ်သွားနိုင်တယ်မဟုတ်လား"

ရီဖုန်းသည် သူရှေ့ရှိမိန်းကလေးနှင့် အပေးအယူလုပ်ခဲ့သောကိစ္စကို ပြန်လည်၍ စဉ်းစားတွေးသောမိသည်။သူမသည် သူ့၏စွမ်းအားကိုငှားယမ်း၍ အကူအညီတောင်းခံလိုပေ၏။အမှန်အားဖြင့် ရီဖုန်းသည် သူမအား အထင်အမြင်သေးခြင်းမရှိချေ။အကြောင်းအရင်းမှာ သူမသည် သူ့အပေါ် အခွင့်ကောင်းယူခဲ့ခြင်းမဟုတ်ဘဲ နှစ်ဖက်အကြားတွင် အပေးအယူတစ်ခုကို ပွင့်ပွင့်လင်းလင်းပြုလုပ်ခဲ့သောကြောင့်ပင်။

သူ လိုအပ်သောအရာကိုလည်း သူ ရရှိနိုင်ပေမည်။

"တကယ်လို့ နင် လိုချင်တဲ့အရာကို ရသွားပြီဆိုရင်...ငါတို့ကြားမှာ ဆက်ဆံရေးကောင်းတစ်ခုရှိသွားပြီလို့ ဆိုလို့ရတယ် မဟုတ်လား..."

ဖြောင်မြောင်ဟုန်က အပြုံးနှင့် ပြောဆိုသည်။

သူမသည် သူမ၏တောင်းဆိုချက်ကို ဘေးဖယ်ထားလေ၏။အမှန်အားဖြင့် သူမသည် ရီဖုန်းအား သူမအတွက် တစ်စုံတစ်ခု ပြုလုပ်စေလိုခြင်းမဟုတ်ချေ။သူမသည် ရီဖုန်းအတွက် နည်းလမ်းတစ်ခုကို ရှာဖွေပေးခြင်းဖြင့် သူမ၏ရိုးသားမှုကို ပြသလိုခြင်းဖြစ်သည်။

ဤသည်မှတဆင့် ရီဖုန်း၏မျက်နှာသာပေးမှုကို သူမ ရရှိနိုင်ပေမည်။

"ဘာမှ မစိုးရိမ်နဲ့....မင်းက ရိုးသားတဲ့လူတစ်ယောက် ဖြစ်နေမှတော့ ငါ သေသွားတဲ့အချိန်ကျရင် မင်းကို မေ့မှာမဟုတ်ဘူး"

ရီဖုန်းက ပေါ့ပေါ့ပါးပါးပြုံးကာ သာမန်ကာလျှံကာ ပြောဆိုသည်။

သို့ရာတွင် ဖြောင်မြောင်ဟုန်သည် အမူအယာကင်းမဲ့စွာဖြင့် ရီဖုန်းကို တစ်ချက်ကြည့်လိုက်သည်။

သူသည် အမှန်တကယ် သေဆုံးသွားမည်မဟုတ်ချေ။

သို့ရာတွင် သူသည် ယာယီသေဆုံးသွားရန် လိုအပ်သော ကျင့်ကြံနည်းစနစ်တချို့ကိုကျင့်ကြံနေခြင်းကြောင့် ဖြစ်နေသလော...

မည်သို့ပင်ဆိုစေကာမူ သူမသည် သူနှင့် ဆက်ဆံရေးကောင်းတခုကို တည်ဆောက်ထားရပေမည်။

ဖြောင်မြောင်ဟုန်က သူမ ကံအလွန်ကောင်းသည်ဟု ခံစားမိသည်။

Chapter 868

သူတို့နှစ်ယောက်သည်ကျောက်စိမ်းပြာသင်္ကေတအချင်းချင်း လဲလှယ်ပြီးနောက် ရီဖုန်းသည် ဖြောင်မြောင်ဟုန် ရေးဆွဲထားခဲ့သော မြေပုံမှအမှတ်အသားအတိုင်း ထွက်ခွာခဲ့တော့သည်။

ရီဖုန်း၏ ထွက်ခွာသွားသောနောက်ကျောပြင်ကိုကြည့်ပြီး ဖြောင်မြောင်ဟုန်၏မျက်လုံးအကြည့်သည် အချိန်အတော်ကြာသည်အထိ ရွေ့လျားသွားခြင်းမရှိချေ။

ရီဖုန်း ပြန်လာနိုင်ခြင်းရှိမည်မရှိမည်ကို သူမ မသိရှိချေ။

သူ၏ဆန္ဒ ပြည့်သွားနိုင်သလော....

သူမသည် ထိုနေရာသို့ တစ်ကြိမ်တစ်ခါမျှ သွားခဲ့ဖူးခြင်း မရှိချေ။

သို့ရာတွင် သူမ ထိုနေရာသို့ မရောက်ရှိခဲ့သည် အတိအကျအကြောင်းအရင်းမှာ သူမသည် ထိုနေရာကို ကိုယ်စားပြုသောအန္တရာယ်များကို ရင်ဆိုင်ရန်အတွက် အရည်အချင်းမ​ပြည့်မီသောကြောင့်မယ်။

အနက်ရောင်မြူခိုးများ လေထုအတွင်း၌ ပြည့်နှက်နေစဥ်မှစတင်၍ အနက်ရောင်နယ်မြေအပေါ် လူသားမျိုးနွယ်၏စူးစမ်းရှာဖွေမှုသည် တစ်ကြိမ်တစ်ခါမျှ မရပ်တန့်ခဲ့ချေ။

ဤနှစ်များအတွင်းတွင် စူးစမ်းရှာဖွေခဲ့မှုများမှတဆင့် အနက်ရောင်နယ်မြေအပေါ် လူသားမျိုးနွယ်၏နားလည်သဘောပေါက်မှုသည် မြင်ရသလောက် မရိုးရှင်းချေ။

အနည်းဆုံးအနေဖြင့်....

အနက်ရောင်နယ်မြေအတွင်းရှိ နတ်ဆိုးများအားလုံးသည် အသိဥာဏ်မရှိသော သန္ဓေပြောင်းသက်ရှိများ မဟုတ်ပေ။

လူသားများနှင့်တူညီစွာ မြို့များတည်ထောင်ပြီးနေထိုင်သည့် ဥာဏ်ရည်မြင့်မားသော နတ်ဆိုးအမြောက်အများလည်းရှိနေသည်။

သူတို့သည် အမိန့်ကိုနာခံကာ စည်းကမ်းရှိပြီး သူတို့၏ကိုယ်ပိုင်စည်းမျဥ်းများကို လိုက်နာကျင့်သုံးကြသည်။

သူတို့သည် ရိုင်းပျသော နတ်ဆိုးများမဟုတ်ဘဲ အဆင့်မြင့်မျိုးနွယ်တစ်ခုနှင့် ပို၍တူညီသည်။

ဤရှာဖွေတွေ့ရှိချက်ကြောင့် ထျန်းယုနယ်မြေ၏ထိပ်သီးအင်အားစုကြီးများ ထိတ်လန့်တုန်လှုပ်သွားသည်။

အကြောင်းအရင်းမှာ အနက်ရောင်နယ်မြေထွက်ပေါ်လာမှုသည် မတော်တဆကိစ္စတချို့ကြောင့် ဖြစ်ပုံမရဘဲ ကြိုတင်ပြင်ဆင်ထားမှုတစ်ခုနှင့် တူညီနေသောကြောင့်ပင်။

ဤကိစ္စ၏နောက်ကွယ်၌ မမြင်နိုင်သောလက်ကြီးတစ်စုံ ရှိနေနိုင်သည်။

ဖြောင်မြောင်ဟုန်မှ ရီဖုန်းကိုပေးသော မြေပုံပေါ်ရှိ အမှတ်အသားပြုထားသည့် တည်နေရာသည် လူသားများရှာဖွေတွေ့ရှိထားသည့် နတ်ဆိုးမြို့တစ်မြို့ပင်။

ဤနတ်ဆိုးမြို့ကို မထင်မှတ်ဘဲ ရှာဖွေတွေ့ရှိပြီးနောက် လူသားမျိုးနွယ်မှအင်အားစုအမြောက်အများ အတူပူးပေါင်း၍ စူးစမ်းလေ့လာရန်အတွက် ထိပ်သီးအစွမ်းထက်ကျင့်ကြံသူများကို စေလွှတ်ခဲ့သည်။သို့ရာတွင် အစမှအဆုံးတိုင် မည်သူတစ်ဦးတစ်ယောက်မျှ အသက်ရှင်ရက် ပြန်ရောက်မလာခဲ့ချေ။

ကြီးမားသော ဆုံးရှုံးမှုများကြောင့် လူသားမျိုးနွယ်သည် အချိန်များကြာလာသည်နှင့်အမျှ ထိုမြို့အား စူးစမ်းလေ့လာခြင်းကို ရပ်တန့်လိုက်၏။ထိုမြို့ကို သူတို့၏စိတ်နှလုံးသားများအတွင်းမှနေ၍ အဆင့်မြင့်တားမြစ်နယ်မြေတစ်ခုဟု တိတ်တဆိတ်မှတ်သားလိုက်ကြသည်။

အမှန်အားဖြင့် လူသားများသည် ဤနတ်ဆိုးမြို့ကို ဆက်လက်၍ စူးစမ်းလေ့လာခြင်းမပြုသော်လည်း အနက်ရောင်နယ်မြေအတွင်းရှိ တခြားနေရာများအပေါ် စူးစမ်းလေ့လာမှုကို ဆက်လက်၍လုပ်ဆောင်နေဆဲပင်။

နေရာတချို့ကို စူးစမ်းလေ့လာပြီးနောက် ရှင်းလင်းသိနိုင်စေရန် အဆင့်များခွဲခြားသတ်မှတ်ထားသည်။

ဤအဆင့်များကို ပထမအဆင့်မှ နဝမအဆင့်ထိ ခွဲခြားထားသည်။

ပထမအဆင့်သည် အမြင့်ဆုံးအဆင့်ဖြစ်ပြီး နဝမအဆင့်သည် အဆင့်အနိမ့်ဆုံးပင်။

ပိုင်းခြားထားသော နယ်မြေများအကြားတွင် အများစုသည် နဝမအဆင့်နှင့်အဋ္ဌမအဆင့်တွင်ရှိပြီး အလွန်နည်းပါးသော တားမြစ်နယ်မြေတချို့သာ သတ္တမအဆင့်၌ ရှိနေသည်။

ဤအဆင့် တားမြစ်နယ်မြေများအတွင်းသို့ လူသားများ ဝင်ရောက်နိုင်ပေ၏။

နတ်ဆိုးမြို့၏အဆင့်အတိအကျကို သတ်မှတ်၍မရသော်လည်း လူသားမျိုးနွယ်သည် ထိုနေရာကို ဆဋ္ဌမအဆင့်ဟု ယာယီထားရှိသည်။

ထို့ပြင် ဤသည်မှာ လူသားမျိုးနွယ်၏သမိုင်းစဥ်တလျှောက်၌ ပထမဆုံးကြုံတွေ့ရသည့် ဆဋ္ဌမအဆင့် တားမြစ်နယ်မြေပင်။

ဆဋ္ဌမအဆင့်၏အထက်တွင်ရှိနေသော တားမြစ်နယ်မြေများကိုမူ လူသားမျိုးနွယ်သည် အဆင့်သတ်မှတ်ထားခြင်းသာရှိပြီး ပြင်ပ၌ ထိုကဲ့သိုါနေရာမျိုး မရှိချေ။

သူတို့သည် ဆဋ္ဌမအဆင့်၏အထက်တွင်ရှိသေူ တားမြစ်နယ်မြေများ ထွက်ပေါ်မလာစေရန် မျှော်လင့်နေကြ၏။

"ဟေး...ဒီနေရာက ဘယ်မှာလဲဆိုတာ မင်း သိလား...."

မန်မန်၏နောက်ကျောပေါ်တွင်ထိုင်ရင်း ရီဖုန်းသည် ဖြောင်မြောင်ဟုန်မှရေးဆွဲပေးထားသော မြေပုံကိုထုတ်ယူကာ မန်မန်၏မျက်နှာရှေ့သို့ ပြလိုက်သည်။

"ဖရူး...ဖရူး..."

မန်မန်ထံမှနေ၍ ထူးဆန်းသောအသံများ ထွက်ပေါ်လာသည်။

"ဘယ်လိုပဲဖြစ်ဖြစ်.. မင်း ငါ့ကို အဲ့ဒီနေရာဆီ ခေါ်သွားပေးရမယ်"

ရီဖုန်းသည် ခါးကြောဆန့်ကာ မန်မန်၏ကျောပေါ်၌ ပျင်းရိငြီးငွေ့စွာ လဲလျောင်းပြီးနောက် အိပ်ပျော်သွားတော့သည်။

ဝှစ်...

မန်မန်သည် မိုးကောင်းကင်ယံပေါ်၌ ပျံသန်းနေကာ သူ၏နောက်ချန်ပုံရိပ်ကိုသာ တွေ့မြင်နိုင်ပေမည်။

ဤသည်မှာ အနက်ရောင်နယ်မြေအတွင်းရှိ တားမြစ်နယ်မြေတစ်ခုဖြစ်သောကြောင့် အနက်ရောင်နယ်မြေအတွင်းသို့ မဖြစ်မနေ ဝင်ရောက်ရပေမည်။

ဤနေရာရှိ မြေပြင်သည် ကျက်တီးမြေများဖြစ်ကာ...

မန်မန်သည် မရေမတွက်နိုင်သော အနက်ရောင်အရိပ်များကို ဖြတ်သန်းခဲ့ပေ၏။

"ကွပ်...."

မည်သည့်နေရာမှ ထွက်ပေါ်လာမှန်းမသိရသော ဖားပြုတ်တစ်ကောင်သည် မန်မန်၏ခေါင်းထက်သို့ ဆင်းသက်လာပေ၏။

"ဖားပြုတ်ကောင်...ထွက်သွားစမ်း..."

မန်မန်သည် မျက်လုံးလှန်၍ကြည့်ပြီး မှုန်တေတေအသံဖြင့် ပြောဆိုသည်။

"မျိုးရိုးနာမည် ခရုဆိုတာနဲ့လိုက်အောင် မင်းက အရမ်းတွန့်တိုတယ်...မင်းက ခရုဘုရင် မဟုတ်ဘူးလား..."

"ထွက်သွားစမ်း..."

မန်မန်၏ခေါင်းထက်မှ စွမ်းအားလှုပ်ခတ်မှုလှိုင်းတစ်လှိုင်း ထွက်ပေါ်လာခြင်းနှင့်အတူ ဖားပြုတ်ပမ်ဝေသည် လေထုအတွင်းသို့ လွင့်ထွက်သွားပေ၏။

မိုးကုတ်စက်ဝိုင်းအတွင်း၌....

ခရေပွင့်သင်္ကေတတစ်ခု ထွက်ပေါ်လာပြီးနောက် ဖားပြုတ်ပမ်ဝေ ပျောက်ကွယ်သွားသည်။

"ကွပ်...."

အချိန်တခဏကြာပြီးနောက် ဖားအော်သံ တဖန်ပြန်၍ထွက်ပေါ်လာကာ ဖားပြုတ်ပမ်ဝေသည် တစ်နေရာရာမှနေ၍ ခုန်ထွက်လာသည်။

"ငါ မင်းနဲ့ အငြင်းအခုံ မလုပ်ချင်ဘူး...အလုပ်ကိစ္စအကြောင်း ပြောမယ်....မင်းရဲ့ရှေ့မှာရှိနေတာက မူလနယ်နိမိတ်နံရံပဲ...မင်း အပြင်ကို ထွက်ချင်တာ သေချာပြီလား"

ဖားပြုတ်ပမ်ဝေက အလေးအနက်ထားသောလေသံဖြင့် မေးမြန်းသည်။

မန်မန်သည် တိတ်ဆိတ်ငြိမ်သက်နေပေ၏။အချိန်အတော်ကြာပြီးနောက် သူ ​စကားပြောဆိုလိုက်သည်။

"ထိန်းချူပ်မှုလွတ်ကင်းသွားပြီးတော့ မူလအစီအစဥ်ကနေ သွေဖည်သွားတဲ့ ကိစ္စတွေ အများကြီးရှိနေတယ်"

အချိန်တခဏကြာခန့် ဆိုင်းငံပြီးနောက် မန်မန်သည် ကျယ်ပြန့်သောအနက်ရောင်နယ်မြေကို တဖန်ထပ်၍ကြည့်ကာ ဆက်လက်၍ပြောဆိုသည်။

"ကြည့်ရတာတော့ အနက်ရောင်နယ်မြေရဲ့အလယ်မှာ ဒီကိစ္စကို ဖျက်ဆီးချင်တဲ့လူတွေလည်း ရှိနေတဲ့ပုံပဲ"

"အဲ့ဒီထက်ပိုပြီး အရေးကြီးတဲ့ကိစ္စက အခုအချိန်မှာ သခင်က သေချင်နေတယ်...မင်းက ဒီကိစ္စကို ဟန့်တားနိုင်မှာလား"

"စကြာဝဠာကြီး ပျက်စီးသွားတာက ကိစ္စကြီးတစ်ခုပဲ...ဘယ်လိုပဲဖြစ်ဖြစ် ငါ သေမှာမဟုတ်ဘူး"

"မင်းရဲ့ခြေထောက်တိုလေးတွေနဲ့...မင်း ကောင်းကောင်းအသက်ရှင်နိုင်အောင် ကြိုပြီးပြင်ဆင်သင့်တယ်"

"လေလုံးထွားမနေစမ်းနဲ့...."

ဖားပြုတ်ပမ်ဝေက အော်ငေါက်လိုက်သည်။

"မင်းလို မျိုးရိုးနာမည်ခရု ဆိုတဲ့ကောင်တောင် မသေနိုင်ရင်....ငါ သေနိုင်မယ်လို့ မင်း ထင်နေတာလား"

"ဒါပေမဲ့ အလေးအနက်ထားပြီး တွေးကြည့်ရင်...တကယ်လို့ သခင်ကသေချင်တယ်ဆိုရင်တောင် သူက သေနိုင်မှာလား...."

"ဒါက သေခြင်းတရားရဲ့သော့ချက်ကို ရှာဖွေတာမဟုတ်လား...."

မန်မန်က ဖားပြုတ်ပမ်ဝေကို ကြည့်လိုက်သည်။

"ဒါက သခင်ရဲ့စိတ်ပေါ် မူတည်တယ်...သူက တစ်ခုခုကိုလုပ်ချင်တာကြောင့် ဆင်ခြေတစ်ခုကို သုံးနေတာပဲ မဟုတ်လား...."

ဖားပြုတ်ကိုကြည့်ရသည်မှာ အပြည့်အဝနားလည်သဘောပေါက်ပုံမရချေ။

"ထားလိုက်တော့....ဒီလိုကိစ္စကြီးတစ်ခုမှာ မင်းရဲ့ဉာဏ်ရည်က သခင်ကို လိုက်မီမှာမဟုတ်ဘူး...မင်း သေဖို့ကိုပဲစောင့်နေလိုက်တော့...ဘာမှ အများကြီးမစဉ်းစားနဲ့"

ခရုပမ်ဝေက ပြောဆိုသည်။

"အရိုးစုဆိုတဲ့ကောင်ဆီကနေ သင်ယူစမ်းပါ...သူက နေ့တိုင်း စားလိုက်သောက်လိုက်နဲ့ ဘယ်လောက်တောင် သာယာလိုက်လဲ...သူ့နားမှာ မိန်းကလေးတွေ ဘယ်လောက်များများရှိနေလဲမသိဘူး...သူ့ရဲ့ညီငယ်တစ်သိုက်နဲ့ဆိုရင် ဒါက တကယ့်ကို မနာလိုစရာကောင်းတယ်"

ထိုစကားကိုပြောဆိုရင်း မန်မန်က ရုတ်တရက်ရပ်တန့်လိုက်သည်။

"ဒါနဲ့ မိန်းကလေးတစ်ယောက်ကို ထိတွေ့ရင် ဘယ်လိုခံစားရတယ်ဆိုတာ မင်း သိလား...."

Chapter 869

နယ်နိမိတ်နံရံကိုဖြတ်ကျော်ပြီးနောက် မန်မန်သည် ရုတ်တရက် အရှိန်မြှင့်တင်လိုက်၏။

ရီဖုန်း နိုးထလာချိန်တွင် သူသည် မန်မန်၏ကျောပေါ်၌ လဲလျောင်းနေကာ သူ့ရှေ့၌ ကြီးကျယ်ခမ်းနားသော မြို့ကြီးတစ်မြို့ရှိနေသည်ကို မြင်တွေ့မိသည်။

အနက်ရောင်မြို့ရိုးများကို မည်သည့်ပစ္စည်းဖြင့် ပြုလုပ်ထားသည်အား သူ မသိရှိသော်လည်း ပေတစ်ရာကျော်မြင့်မားသည်။ အကယ်၍ တစ်စုံတစ်ယောက်သည် ဤမြို့ရိုးကို အဝေးတစ်နေရာမှ ကြည့်လျှင်ပင် ပြင်းထန်သောဖိအားအရှိန်အဝါကို ခံစားရပေမည်။

မြို့တံခါး၏ဘေးတစ်ဖက်တချက်တွင်ရှိနေသော မြို့ရိုးများ၏အဆုံးသတ်ကို အကြည့်တစ်ချက်ဖြင့် တွေ့မြင်နိုင်မည်မဟုတ်ဘဲ မိုင်ထောင်နှင့်ချီ၍ သွယ်တန်းနေသည်။

"ဒီနေရာလား...."

ရီဖုန်းက သူရှေ့ရှိမြို့ကြီးကိုကြည့်ပြီး တီးတိုးရေရွတ်လိုက်သည်။သူသည် မန်မန်၏လမ်းပြမှုကြောင့် ဤနေရာသို့ အလိုအလျောက် ရောက်ရှိလာခဲ့သဖြင့် စိတ်သက်သာရာရသွားခဲ့သည်။

သို့ရာတွင် သူ့အား ဇဝေဇဝါဖြစ်စေသောကိစ္စမှာ ဤမြို့ကြီးသည်ကြီးမားသော်လည်း သက်ရှိများ၏အရိပ်အယောင်ဟူ၍ တစိုးတစိမျှရှိမနေခြင်းပင်။

ထူထပ်လေးလံသောမြို့တံခါးသည် ပိတ်ထားသောအခြေအနေ၌ရှိနေကာ သုဿန်တစပြင်ကဲ့သို့ တိတ်ဆိတ်ငြိမ်သက်မှုများဖြင့် ပြည့်နှက်နေပြီး မြို့သေကြီးတစ်ခုအလားပင်။

မြို့တံခါးများကို ပိတ်ထားသောကြောင့် ရီဖုန်းသည် မြို့အတွင်းသို့ဝင်ရန် အလျင်စလို မပြုလုပ်ခဲ့ချေ။

ထိုအစား သူသည် မြို့ပြင်မှနေ၍ အခြေအနေကို အရင်ဆုံးစောင့်ကြည့်ရန် ပြင်ဆင်လိုက်သည်။

မြို့၏ပြင်ပတွင် ​လူသူဆိတ်ညံနေသော်လည်းအကယ်၍ တစ်စုံတစ်ယောက်သည် အနီးကပ်ကြည့်ပါက သက်ရှိအရိပ်အယောင်တချို့ကို တွေ့မြင်နိုင်ပေမည်။

ထိုအရိပ်အယောင်များမှတဆင့် ရီဖုန်းသည် နောက်ထပ်လမ်းကြောင်းတစ်ကြောင်းကို ရှာဖွေတွေ့ရှိခဲ့သည်။

ရီဖုန်းသည် ထိုလမ်းကြောင်းအတိုင်းသွားကာ ရှေ့သို့လျှောက်လှမ်းလိုက်၏။

သူ မည်မျှအကွာအဝေးထိ လျှောက်လှမ်းခဲ့ကြောင်း မသိရှိသော်လည်း ၁၀မိုင်ခန့်ကွာဝေးလာပြီးနောက် အိမ်များ၏အရိပ်အယောင်ကို မြင်တွေ့မိသည်။

"အမ်...ဒါက ရွာတစ်ရွာပါလား..."

ရီဖုန်းသည် အလွန်စိတ်လှုပ်ရှားသွားပေ၏။

သူသည် အန္တရာယ်အများဆုံးနေရာ မည်သည့်နေရာ၌ ရှိသည်ကို အနီးအနားရှိလူများအားရှာဖွေ၍ မေးမြန်းလိုသည်။

ရွာတံခါးမှနေ၍ ရွာအတွင်းသို့ ဝင်ရောက်ပြီးနောက် ရီဖုန်းသည် လူရိပ်လူယောင်ကို ရှာမတွေ့ချေ။သို့ရာတွင် ပတ်ဝန်းကျင်ရှိ အဆောက်အအုံများကို ကြည့်ခြင်းအားဖြင့် ဤသည်မှာ လူသူဆိတ်ညံသောနေရာနှင့် မတူညီချေ။

ထိုကြောင့် ရီဖုန်းက အော်ဟစ်လိုက်သည်။

"နှောက်ယှက်မိတဲ့အတွက် ခွင့်လွှတ်ပေးပါ...ဒီနေရာမှာ တစ်ယောက်ယောက် ရှိနေလား"

"ငါက လမ်းမှားပြီး ဒီနေရာကို ရောက်လာတာပါ....ငါ ဗိုက်လည်းဆာနေတာကြောင့် စားစရာတစ်ခုခုပေးဖို့ တောင်းပန်ပါတယ်..."

ရွာသည် ကြီးမားခြင်းမရှိသဖြင့် ရီဖုန်း၏အသံသည် ရွာတစ်ရွာလုံးအနှံ့ ချက်ချင်းပျံ့နှံ့သွားသည်။

ရုန်းရင်းဆန်ခတ်ဖြစ်နေသောအသံများက အရပ်မျက်နှာအဘက်ဘက်မှ ထွက်ပေါ်လာသည်။

"အိုး...ခြေလှမ်းသံတွေကို နားထောင်ရသလောက်တော့ လူတွေအများကြီး ရှိနေတာပါလား"

"ရွာတစ်ရွာလုံးမှာရှိတဲ့လူတွေ ထွက်လာတာလို့တောင် ငါ ထင်မိတယ်..."

"ဒီရွာမှာရှိတဲ့လူတွေက အရမ်းစိတ်အားထက်သန်တယ်....လူတွေရဲ့အကြားက ရင်းနှီးဖော်ရွေမှုကို ဒီလိုတောင်ပေါ်ရွာငယ်လေးတွေမှာပဲ မြင်တွေ့နိုင်တော့တယ်"

ရီဖုန်းက ပြုံးလိုက်သည်။

သို့ရာတွင် နောက်ထပ်အချိန်အခိုက်အတန့်မှာပင် သူ ကြက်သေသေသွားလေ၏။

အရပ်မျက်နှာအဘက်ဘက်မှ ထွက်လာသည်မှာ မည်ကဲ့သို့ ရွာသားများ ဖြစ်နေသနည်း....

သူတို့သည် ထူးဆန်းသောနတ်ဆိုးများဖြစ်သည်မှာ သိသာထင်ရှားသည်။

ဤနတ်ဆိုးများ၏မျိုးစိတ်များမှာ ကွဲပြားခြားနားသည်။တချို့ထံတွင် မျက်လုံးခြောက်လုံးနှင့်ခြေထောက်ရှစ်ချောင်းရှိကာ တချို့ထံတွင် ခြေထောက်တစ်ချောင်းရှိပြီး လက်များရှိမနေဘဲ တိုင်လုံးကြီးတစ်လုံးနှင့် တူညီနေသည်။ တချို့နတ်ဆိုးများကမူ တောင်ကြီးတစ်လုံးအလား အရပ်မြင့်ပြီးကြီးမားသည်။

ပြင်ပသို့ တဟုန်ထိုးပြေးထွက်လာသော နတ်ဆိုးများသည်လည်း ရီဖုန်းကိုမြင်တွေ့ချိန်တွင် ကြက်သေသေသွားလေ၏။

လူသားတစ်ယောက် ရောက်ရှိလာသလော...

ဤအချိန်အခိုက်အတန့်၌ လေထုသည် အေးစက်လာကာ ပတ်ဝန်းကျင်အခြေအနေ ထူးဆန်းသွားသည်။

နတ်ဆိုးများသည် ဤကဲ့သို့မြင်ကွင်းတစ်ခုကို မျှော်လင့်မထားသဖြင့် ကြောင်စီစီဖြင့် ရီဖုန်းကိုစူးစိုက်၍ ကြည့်နေကြသည်။

သို့ရာတွင် အချိန်တစ်ခဏကြာပြီးနောက် နတ်ဆိုးများသည် အသိဝင်လာကာ သူတို့၏ပါးစပ်ကြီးများကို ကျယ်လောင်စွာဖွင့်ဟ၍ အရပ်မျက်နှာအဘက်ဘက်မှနေ၍ ရီဖုန်းထံသို့ တဟုန်ထိုးပြေးဝင်လာကြသည်။

သူတို့၏မျက်လုံးများအတွင်း၌ ရီဖုန်းသည် အရသာရှိသည့် လတ်ဆတ်သောအသားပင်။

သူတို့သည် ခြေတစ်လှမ်းနောက်ကျမည်ကို စိုးရိမ်သဖြင့် အလုအယက် ပြေးလွှားလာကြသည်။

"တော်လိုက်တဲ့ကောင်တွေ...သူတို့အားလုံးက နတ်ဆိုးတွေပဲ...အခုကြည့်ကြည့်တော့မှ ဒီရွာမှာရှိတဲ့လူတွေအားလုံး သေသွားတာပဲဖြစ်မယ်"

ရီဖုန်းသည်လည်း နောက်ဆုံး၌ အသိဝင်လာခဲ့သည်။

သူ၏မျက်လုံးအတွင်း၌ ဖော်ပြရန်မစွမ်းသော စိတ်လှုပ်ရှားမှုတစ်ရပ် ရှိနေသည်။

ဖြောင်မြောင်ဟုန်သည် ဤနေရာကို အန္တရာယ်နယ်မြေဟု မည်သည်ကြောင့် ပြောဆိုခဲ့သည်ကို သူ နောက်ဆုံး၌ နားလည်သဘောပေါက်သွားသည်။ယခုကြည့်ကြည့်တော့မှ ဤနေရာတွင် နတ်ဆိုးအမြောက်အများ ရှိနေပေ၏။

ထို့ထက်ပို၍ အရေးကြီးသောကိစ္စမှာ ဤနတ်ဆိုးများသည် ပို၍အစွမ်းထက်ပုံရခြင်းပင်။ သူတို့သည် ယခင်က သူ တွေ့ခဲ့သော တွားသွားနတ်ဆိုးနှင့်မန်ဒိုနတ်ဆိုးတို့ထက် ပို၍သန်မာအားကောင်းပုံရသည်။

ဤနတ်ဆိုးများ၏စားခြင်းကိုခံရပြီးနောက် မစင်အဖြစ် ပြောင်းလဲသွားမည်ကို တွေးတောကြည့်ပါက သူ လက်ခံနိုင်ရန် အလွန်ခက်ခဲသည်။

သို့ရာတွင် ထာဝရအသက်ကို ရနိုင်ရန်အတွက် သူ ဤမျှထိ များစွာတွေးတောနိုင်ခြင်း မရှိတော့ချေ။

ထို့ကြောင့် သူ့ထံသို့ပြေးဝင်လာသော နတ်ဆိုးအမြောက်အများဖြင့် ရင်ဆိုင်ရချိန်တွင် ရီဖုန်းသည် ခုခံကာကွယ်ရန် သို့မဟုတ် တန်ပြန်တိုက်ခိုက်ရန်အတွက် ပြင်ဆင်မထား​ချေ။သူသည် အံ့တင်းတင်းကြိတ်ကာ သူ့အား ထိုနတ်ဆိုး​များမှ ဝါးမြိုမည်ကို စောင့်ဆိုင်းလိုက်သည်။

နောက်ဆုံး၌ တိုက်ခိုက်မှုကြီး ရောက်ရှိလာလေပြီ။

ကြီးမားသော အနက်ရောင်လက်သည်းကြီးတစ်ဖက်သည် သူ၏ခေါင်းထက်သို့ ကျရောက်လာပေ၏။အစွမ်းထက်သောလက်သည်းကြီးသည် ရီဖုန်း၏ဦးခေါင်းခွံတစ်ခုလုံးကို ခြေမွှဖျက်ဆီးတော့မည့်ပုံရသည်။ထိုအရာကြီးမှ အားအနည်းငယ်စိုက်လိုက်ရုံဖြင့် ရီဖုန်းသည် နေရာမှာပင် သေဆုံးသွားပေမည်။

သို့ရာတွင်...

နောက်ထပ်နတ်ဆိုးတကောင်သည် ဟိန်းဟောက်ကာ ထက်ရှသော လက်ဝါးဓားသွားတစ်ခုကို ထုတ်လွှတ်ပြီး ဧရာမလက်သည်းကြီးကို ခုတ်ပိုင်းလိုက်မည်ဟု သူ မျှော်လင့်မထားမိချေ။

ထိုလက်သည်းကြီးကို ခုတ်ပိုင်းပြီးနောက် ထိုနတ်ဆိုးက ကျယ်လောင်စွာ ဟိန်းဟောက်လိုက်သည်။

ကြည့်ရသည်မှာ ပတ်ဝန်းကျင်ရှိနတ်ဆိုးများအားလုံးကို ဤသည်မှာ သူ၏အစာဖြစ်သည်ဟု ကြော်ညာနေသည့်အလားပင်။

သို့ရာတွင် နောက်ထပ်အချိန်အခိုက်အတန့်မှာပင် သူ၏ဟိန်းဟောက်နေသောအသံ ရုပ်ချည်းရပ်တန့်သွားသည်။ယခုကြည့်ကြည့်တော့မှ နောက်ထပ်နတ်ဆိုးတကောင်သည် သူ၏ခန္ဓာကိုယ်ကို တခြမ်းဆုတ်ဖြဲလိုက်ခြင်းပင်။

ဤအချိန်အခိုက်အတန့်တွင်...

မရေမတွက်နိုင်သောနတ်ဆိုးများသည် အရသာရှိသောအစာဖြစ်သည့် ရီဖုန်းကြောင့် စတင်တိုက်ခိုက်ကြတော့သည်။

အထူးသဖြင့် ရီဖုန်းထံသို့ ရှေ့ဆုံးမှပြေးဝင်လာသည့် နတ်ဆိုးများသည် တခြားနတ်ဆိုးများ၏ပထမဆုံးပစ်မှတ် ဖြစ်လာပေ၏။

ရှည်လျားသောလျှာများရှိသည့် နတ်ဆိုးများသည် ရီဖုန်း၏ခေါင်းကို လျက်လိုက်သောအချိန်မှာပင် တခြားနတ်ဆိုးများ၏အစိတ်စိတ်အမွှာမွှာဆုတ်ဖြဲခြင်းကို ခံလိုက်ရသည်။

ဤအချိန်အခိုက်အတန့်တွင်....

ပြင်းထန်သော သွေးညှိနံ့များ ထွက်ပေါ်လာကာမြေပြင်ပေါ်၌ နတ်ဆိုးများ၏အသွေးအသားများ ခြေပြတ်လက်ပြတ်များဖြင့် ပြည့်နှက်နေတော့သည်။အခြေအနေကိုမူတည်၍ကြည့်ပါက နတ်ဆိုးများမှ ရီဖုန်းအား တိုက်ခိုက်သည့်အခြေအနေသည် အနည်းငယ်မျှတိုးတက်မလာသော်လည်း သူတို့အချင်းချင်းကြားရှိတိုက်ပွဲသည် ပို၍ပြင်းထန်စပြုလာပေ၏။

တခြားတစ်ဖက်တွင် ရီဖုန်းသည် မည်သည့်ထိခိုက်ဒဏ်ရာမျှ မရရှိချေ။

အကြောင်းအရင်းမှာ သူ့အား တိုက်ခိုက်သောနတ်ဆိုးများအားလုံးသည် တခြားနတ်ဆိုးများ၏ပစ်မှတ်ထားခံရခြင်းကြောင့် သေဆုံးသွားသောကြောင့်ပင်။

ယခုလက်ရှိချိန်၌ အခြေအနေကို ကြည့်ရသလောက် နတ်ဆိုးများတွင် အနိုင်ရသူ ထွက်ပေါ်သေးပုံမရချေ။အချိန်အတိုင်းအတာတစ်ခုထိ သူ့ကိုတိုက်ခိုက်မည့်နတ်ဆိုး ရှိမည်မဟုတ်ချေ။

ရီဖုန်း၏မျက်နှာ သုန်မှုန်နေကာ သူ၏နှုတ်ခမ်း မဲ့ရွဲ့သွားသည်။

"ဘာလဲကွာ...."

"ဘယ်လိုလုပ်ပြီးတော့ ဒီလိုအခြေအနေမျိုး ဖြစ်လာရတာလဲ"

"ဒါက အရမ်းဆိုးတယ်..."

"ငါက သေဖို့အခွင့်အရေးကို ရှာနေတာလေ...ငါ့အတွက်နဲ့ မင်းတို့တွေက ဒီလိုမျိုး အဆုံးသတ်သွားကြပြီလား"

ရီဖုန်းက ကူကယ်ရာမဲ့စွာဖြင့် အော်ဟစ်လိုက်သည်။ထို့ပြင် နတ်ဆိုးများအနက်မှတချို့ကို သူ့အား အညီအမျှခွဲဝေယူရန် အကြံဉာဏ်ပေးလိုက်သည်။

သို့ရာတွင် သူတို့၏မျက်လုံးများ နီမြန်းသည်အထိ သတ်ဖြတ်နေသော နတ်ဆိုးများသည် မည်သည်ကြောင့် ရီဖုန်း၏အကြံဉာဏ်ကို နားထောင်မည်နည်း။သူတို့သည် ရီဖုန်းကို တစ်ယောက်တည်းအပိုင်စီးလိုကာ တခြားနတ်ဆိုးများအား သူ၏ဆံပင်တစ်ချောင်းကိုပင် ခွဲဝေပေးလိုစိတ်မရှိချေ။

အချိန်မည်မျှထိ ကုန်ဆုံးသွားခဲ့ကြောင်း သူ မသိတော့ချေ။

ရီဖုန်းသည် လှေကားထစ်တခုပေါ်၌ထိုင်ကာ သူ၏မေးကိုထောက်ပြီး သူရှေ့ရှိမြင်ကွင်းကို ပျင်းရိငြီးငွေ့စွာဖြင့် စောင့်ကြည့်လိုက်သည်။

ကြီးမားသောလျှာပြတ်ကြီးတစ်ခုက သူ၏ခေါင်းထက်သို့ ကျရောက်လာသည်။

သူ၏မျက်နှာအမူအယာ ပြောင်းလဲမသွားချေ။

နောက်ထပ်အချိန်အခိုက်အတန့်တွေ လက်ပြတ်ကြီးတစ်ခု ပျံ့လွင့်လာကာ သူ၏မျက်နှာကို ရိုက်ခတ်မိသည်။

သူသည် အမူအယာကင်းမဲ့စွာဖြင့် ထိုအရာကိုဆုတ်ဖြဲပြီး မြေပြင်ပေါ်သို့ပစ်ချလိုက်၏။

ထို့ပြင် တစ်ဝက်လောက်သာကျန်တော့သည့် တင်ပါးကြီးတစ်ခုကလည်း သူ့ထံသို့ ပျံ့လွင့်လာသည်။သူသည် ရွံရှာစပ်ဆုပ်သောအမူအယာဖြင့် သူ၏လက်ကိုဝှေ့ယမ်းကာ တင်ပါးကြီးသည် သူ၏ခြေသောက်အနီးသို့ ကျရောက်သွားသည်။ဤသည်မှာ သူ့ကို ဖင်ကုန်းပြနေသည့်အလားပင်။

သူသည် ဆူအောင့်ကာ သူ၏ခြေထောက်ကိုမြှောက်ပြီး ထိုတင်ပါးကြီးကို အဝေးသို့ကန်​ထုတ်လိုက်၏။

ရီဖုန်းသည် လှေကားထစ်ပေါ်၌ထိုင်ရင်း အဆက်မပြတ်သန်းဝေနေလေ၏။

ထိုနောက် သူ အကြောဆန့်ကာ အမှုမဲ့အမှတ်မဲ့ဖြင့် အိပ်ပျော်သွားတော့သည်။

သူ အိပ်ပျော်သွားခဲ့သည်မှာ အချိန်မည်မျှထိ ကြာမြင့်သွားကြောင်း သူ မသိရှိချေ။သူ နိုးထလာချိန်တွင် မြေပြင်ပေါ်ရှိ နေရာအနှံ့အပြား၌ နတ်ဆိုးအလောင်းများ အသွေးအသားများ ခြေပြတ်လက်ပြတ်များဖြင့် ပြည့်နှက်နေသည်ကို သူ မြင်တွေ့မိသည်။

မြေပြင်ပေါ်၌ ခန္ဓာကိုယ်တစ်ဝက်ခန့်သာကျန်တော့သော နတ်ဆိုးတစ်ကောင်ရှိနေသည်။ သူ၏မျက်နှာပေါ်တွင် နာကျင်မှုနှင့်ပျော်ရွှင်မှုကိုရောယှက်နေသော အမူအယာရှိနေသော်လည်း အောင်နိုင်သူတစ်ယောက်၏အပြုံးက ပို၍ပီပြင်ထင်ရှားနေသည်။

ကြည့်ရသည်မှာ သူသည် ဤတိုက်ပွဲ၏အောင်နိုင်သူဖြစ်ခဲ့သည့်အတွက် ဂုဏ်ယူဝင့်ကြွားနေပုံပင်။

တချိန်တည်းမှာပင် သူသည် ရီဖုန်းထံသို့ တရွေ့ရွေ့တွားသွားလာပြီး သူသည် အောင်နိုင်သူတစ်ယောက်ဖြစ်သဖြင့် အရသာရှိသောအသားဖြစ်သည့် ရီဖုန်းကို စားရန်ဟန်ပြင်လိုက်သည်။

နောက်ဆုံး၌...

သူသည် ရီဖုန်း၏ခြေထောက်အနီးသို့ ရောက်ရှိလာကာ သူ၏ထက်ရှသောလက်သည်းများကိုမြှောက်ပြီး အရှည်ဆုံးလက်ခလယ်ဖြင့် ရီဖုန်း၏ခြေချောင်းများကို တို့ထိနိုင်ခဲ့သည်။

ထို့နောက်..

သူ၏အသက်ရှူနှုန်း ရပ်တန့်သွားတော့သည်။

ရီဖုန်းသည် ထူးဆန်းသောမျက်နှာအမူအယာဖြင့် သူ့ရှေ့ရှိနတ်ဆိုးကိုကြည့်ပြီး သူ၏နဖူးကိုဖိနှိပ်ကာ သူ့ကိုကြည့်ရသည်မှာ အလွန်စိတ်ရှုပ်ထွေးနေပုံရသည်။

သူ၏စိတ်နှလုံးသားအတွင်း၌ ဆဲရေးတိုင်းထွာလိုသော စကားလုံးမျိုးစုံရှိနေသော်လည်း မည်သူ့အပေါ်သို့ ဒေါသပုံချရမည်ကို သူ မသိရှိချေ။

သူသည် ခြေထောက်အနီးရှိ နတ်ဆိုးအသေကောင်ကို နုပ်နုပ်စဥ်းကာ မြေပြင်ပေါ်သို့ ပစ်ချလိုက်သည်။ထို့နောက် သူသည် သုန်မှုန်နေသောမျက်နှာဖြင့် မတ်တတ်ထရပ်ပြီးဆဲဆိုကာ မလိုလားသောအမူအယာဖြင့် ထွက်ခွာသွားတော့သည်။

Chapter 870

ရီဖုန်းသည် ရွာအတွင်း၌ နံရံတစ်ခုကို ဝင်တိုက်မိပြီးနောက် ပတ်ဝန်းကျင်ကို ဝေ့ဝိုက်၍ကြည့်လိုက်သည်။

သူသည် တခြားနတ်ဆိုးများနှင့် အန္တရာယ်များသော နေရာတချို့ကို ရှာဖွေရန် ကြိုးစားလိုက်၏။

သူသည် ဤရွာအတွင်း၌ သေဆုံးသွားခြင်းမရှိသော်လည်း ရွာအတွင်းရှိနတ်ဆိုးများသည် အလွန်အစွမ်းထက်သည်ဟု ဆိုနိုင်သည်။

အကယ်၍ သူတို့အချင်းချင်း သတ်ဖြတ်နေခြင်းကြောင့်သာ မဟုတ်ပါက သူ့အားသတ်နိုင်ရန်မှာ ဖြစ်နိုင်​ချေရှိသည်။

အကယ်၍ သူ ကံကောင်းပါက အစွမ်းထက်ပြီး တစ်ကောင်တည်းဖြစ်နေသော နတ်ဆိုးများနှင့် ကြုံတွေ့ရနိုင်သည်။

ရွာအတွင်း၌ လမ်းလျှောက်နေသော ရီဖုန်းသည် တခြားလမ်းတစ်လမ်းကိုကြည့်ပြီး သူ၏မျက်လုံးများ တောက်ပသွားသည်။

သူသည် အမှန်တကယ်ကို ကံကောင်းကာသူ၏ဆန္ဒအတိုင်း ဖြစ်လာတော့မည်ဟု တိတ်တဆိတ်တွေးတောလိုက်၏။

သူ၏ရှေ့တွင် သူ ယခင်က တစ်ကြိမ်တစ်ခါမျှ မြင်တွေ့ခဲ့ဖူးခြင်းမရှိသော နတ်ဆိုးတစ်ကောင်ရှိနေသည်။ ဤနတ်ဆိုးသည် မီတာပေါင်းများစွာအရပ်မြင့်ကာ ကြီးမားသော ဝံပုလွေခေါင်းနှင့်ခူခန္ဓာကိုယ်ရှိသည်။သူ၏ပါးစပ်မှနေ၍ ထက်ရှသောသွားများ ပေါ်လွင်နေကာ အေးစက်စက်အလင်းရောင်များ ဖြာထွက်နေပေ၏။

"အဲ့ဒီသွားတွေက ငါ့ရဲ့အတိတ်ဘဝတုန်းက ဒိုင်နိုဆောနဲ့ တော်တော်လေးတူတယ်"

ရီဖုန်းသည် ထိုနတ်ဆိုး၏သွားများကိုကြည့်ကာ သူ့အတွက် အခွင့်အရေးရောက်ရှိလာပြီဟု တွေးတောလိုက်သည်။

နတ်ဆိုးသည်လည်း ရီဖုန်းကိုမြင်တွေ့ချိန်တွင် ချက်ချင်းစိတ်လှုပ်ရှားသွားပေ၏။သူသည် ဤကဲ့သို့အရသာရှိသောအစာကို ဤနေရာ၌ ကြုံတွေ့ရမည်ဟု တကြိမ်တစ်ခါမျှ မျှော်လင့်မထားမိချေ။

ဝံပုလွေခေါင်းနတ်ဆိုးသည် လေထုအတွင်းသို့ခုန်တက်ကာ မြေပြင်ပေါ်တွင်ရှိနေသော ရီဖုန်းထံသို့ ဦးတည်၍ခုန်အုပ်လေသည်။

...

...

ဆယ့်ငါးမိနစ်ခန့် ကြာပြီးနောက်...

ရီဖုန်း၏အဝတ်အစားများ စုတ်ပြတ်သတ်သွားကာ သူ၏အတွင်းခံဘောင်းဘီတခြမ်းပင်လျှင် ပြဲသွားပြီး သူ၏ခြေသလုံးကြွက်သားများ ပေါ်လွင်နေသည်။

သူ၏မျက်နှာနှင့်လည်ပင်းတွင် နတ်ဆိုး၏ကိုက်ခြင်းကြောင့် ကြွင်းကျန်ခဲ့သောတံတွေးများ ပေကျံနေသည်။

သို့ရာတွင် နတ်ဆိုးသည် လက်လျှော့အရှုံးပေးခြင်းမရှိဘဲ ရီဖုန်းပေါ်သို့ ဆက်လက်၍ဖိနှိပ်ထားသည်။သူသည် မာကျောသောသွားများဖြင့် ရီဖုန်း၏ခန္ဓာကိုယ်ကို ကိုက်ဝါးနေလေ၏။ထို့နောက် သူ၏ခန္ဓာကိုယ်ကိုမြှောက်ကာ သွေးရူးသွေးတန်းအမူအယာဖြင့် ရီဖုန်းကို မျက်နှာချင်းဆိုင်လိုက်သည်။

မြေပြင်ပေါ်၌ စုတ်ပြတ်သတ်နေသောအဝတ်အစားများဖြင့် လဲလျောင်းနေသော ရီဖုန်း၏မျက်နှာပေါ်တွင် မည်သည့်အမူအယာမျှရှိမနေဘဲ ဝံပုလွေခေါင်းနတ်ဆိုးအား သူ့ကို ကိုက်ခွင့်ပြုထားသည်။

သူထံ၌ ခံစားချက်ကင်းမဲ့သော မျက်လုံးတစ်စုံရှိနေကာ သူသည် မျက်ရည်မထွက်ဘဲ ငိုချင်နေလေပြီ။

သူသည် အဖြစ်မှန်ကို လက်ခံရတော့မည့်ပုံပင်။

ဤဝံပုလွေခေါင်းနတ်ဆိုးသည် အလွန်အမင်းညံ့ဖျင်းမည်ဟု သူ မျှော်လင့်မထားမိချေ။သူသည် နတ်ဆိုးအား နည်းလမ်းမျိုးစုံကို အသုံးပြုရန်အတွက် အခွင့်အရေးပေးထားသော်လည်း သူ့၏ခန္ဓာကိုယ်ပေါ်၌ ခြစ်ရာတစ်ခုကိုပင် ချန်ထားနိုင်ခဲ့ခြင်းမရှိချေ။

မည်သည်ကြောင့် သူ သေဆုံးရန် ဤမျှထိ ခက်ခဲနေသနည်း...

ခရက်....

ဝံပုလွေခေါင်းနတ်ဆိုး၏ နောက်ဆုံးသွား ကျွတ်ထွက်ကာ ရီဖုန်း၏မျက်နှာပေါ်သို့ ကျရောက်လာသည်။

ရီဖုန်းသည် ထိုသွားကို တစ်ချက်ကြည့်ပြီးနောက် နံဘေးရှိကျောက်တုံးတစ်တုံးကိုကောက်ယူကာ ဝံပလွေခေါင်းနတ်ဆိုး၏ခေါင်းကို ထုနှက်လိုက်သည်။ထိုနတ်ဆိုးသည် မြေပြင်ပေါ်သို့ လဲကျပြီး သေဆုံးသွားလေ၏။

ရီဖုန်းသည် သူ၏ဘောင်းဘီရှည်ကိုမတင်ပြီးနောက် စုတ်ပြတ်သတ်နေသော အဝတ်အစားများကိုကြည့်ကာ သူ၏မျက်နှာရှုံမဲ့သွားသည်။

ဤသည်မှာ အင်မော်တယ်သလင်းကျောက်သုံးလုံးနှင့် သူ ဝယ်ခဲ့သော အဝတ်အစားများပင်။

သူ့ထံတွင် အင်မော်တယ်သလင်းကျောက်များ သန်းရာနှင့်ချီ၍ ရှိနေသော်လည်း...

သူသည် ဝံပုလွေခေါင်းနတ်ဆိုး၏ဦးခေါင်းခွံကိုဖွင့်ကာ အတွင်းရှိ တောက်ပနေသောအမြူတေကို ထုတ်ယူလိုက်သည်။ထိုသို့ပြုလုပ်မှသာ သူဆုံးရှုံးလိုက်ရသော အဝတ်အစားများအတွက်တန်ဖိုးကို ပြန်ကာနိုင်ပေမည်။

အမှန်အားဖြင့် ယခင်က ရွာအတွင်း၌ သေဆုံးသွားခဲ့သော ရာနှင့်ချီသည့် နတ်ဆိုးများ၏အမြူတေများသည်လည်း အလေအလွင့်ဖြစ်မသွားချေ။ဤသည်မှာ သူ၏အချိန်ကို ဖြုန်းတီးရခြင်းအတွက် ရရှိသောအကျိုးအမြတ်တစ်ခုဟု ရီဖုန်းက တွေးထင်ထားသည်။

အချိန်များတရွေ့ရွေ့ကုန်ဆုံးလာကာ မျက်တောင်တစ်ခတ်စာအချိန်အတွင်းမှာပင် ရက်ပေါင်းများစွာ ကြာ​ညောင်းသွားလေပြီ။

လွန်ခဲ့သော ရက်အနည်းငယ်အတွင်းတွင် ရီဖုန်းသည် နတ်ဆိုးမြို့၏နံဘေးပတ်လည်၌ ကြိမ်ဖန်များစွာ လှည့်လည်သွားလာခဲ့သည်။ပထမရွာကို တွေ့ရှိပြီးနောက် ရီဖုန်းသည် တခြားရွာအမြောက်အမြားကိုလည်း ရှာဖွေတွေ့ရှိခဲ့လေ၏။

မျှော်လင့်ထားသကဲ့သို့ပင် တခြားရွာများတွင်လည်း နတ်ဆိုးများဖြင့် ပြည့်နှက်နေသည်။

ဤနတ်ဆိုးများသည် လူသား၏အငွေ့အသက်ကို အနံ့ခံမိသည်နှင့် ပထမရွာကဲ့သို့ပင် ရီဖုန်းအတွက် ယှဉ်ပြိုင်တိုက်ခိုက်ကြသည်။

အမှန်အားဖြင့် နောက်ပိုင်းတွင်ဖြစ်လာသော ယှဉ်ပြိုင်ပွဲများသည် ပထမရွာကဲ့သို့ ပြင်းထန်ခြင်းမရှိချေ။

သို့ရာတွင် ရီဖုန်းအား စိတ်ဓာတ်ကျသွားစေသည့်အချက်မှာ ဤရက်စက်ကြမ်းကြုတ်သောနတ်ဆိုးများတွင် အစစ်အမှန်ခွန်အားမရှိခြင်းပင်။သူတို့သည် သူ၏ခန္ဓာကိုယ်ပေါ်တွင် အလျှင်အမြန်ပြန်လည်ကောင်းမွန်စေသော ခြစ်ရာတချို့ကို ချန်ထားနိုင်သည်မှလွဲ၍ သူ၏အသက်ကို အနည်းငယ်မျှ ခြိမ်းခြောက်နိုင်စွမ်းမရှိချေ။

ထို့ပြင် သူ၏အဝတ်အစားများ ထပ်မံ၍ပျက်စီးသွားသဖြင့် အင်မော်တယ်သလင်းကျောက်နှစ်လုံး အလေအလွင့်ဖြစ်သွားလေပြီ။

ဒေါသများပြည့်နက်နေသော ရီဖုန်းသည် ထိုနတ်ဆိုးများကို စတင်၍သတ်ဖြတ်တော့သည်။

ထိုအချိန်တွင် နတ်ဆိုးမြို့အတွင်းရှိ လျှို့ဝှက်ဆန်းကြယ်သော နေရာတနေရာ၌....

လူသားပုံစံနတ်ဆိုးနှစ်ကောင်သည် မြေပြင်ပေါ်၌ ဒူးထောက်နေသည်။သူတို့ကိုကြည့်ရသည်မှာ လူသားများနှင့်တူညီသော်လည်း အကယ်၍ တစ်စုံတစ်ယောက်မှ အနီးကပ်ကြည့်ရှုပါက သူတို့၏အပြုအမူများ ထူးဆန်းနေသည်ကို မြင်တွေ့ရပေမည်။

သူတို့၏ရှေ့တွင် ထူထပ်သိပ်သည်းသော အနက်ရောင်မြူခိုးများ ရှိနေသည်။

ထိုအချိန်မှာပင် အနက်ရောင်မြူခိုးများအကြားမှနေ၍ အသံတစ်သံထွက်ပေါ်လာသည်။

"ကုံးတ ကုံးအာ...အခုအချိန်မှာ မင်းတို့ရဲ့ကျွမ်းကျင်မှုက ဘယ်လိုအခြေအနေ ရှိသွားပြီလဲ"

"အရှင်ချီ...ငါတို့က တဖြည်းဖြည်းကျွမ်းကျင်စ ပြုလာပါပြီ...ဒါပေမဲ့ အသေးစိတ်လှုပ်ရှားမှုတချို့ကိုတော့ ထပ်ပြီးလေ့ကျင့်ဖို့ လိုအပ်နေတုန်းပဲ"

မြေပြင်ပေါ်၌ ဒူးထောက်နေသော နတ်ဆိုးနှစ်ကောင်က ရိုသေလေးစားစွာ ပြောဆိုသည်။

"ကောင်းတယ်...မင်းတို့ မှတ်ထားရမှာက လူသားမျိုးနွယ်ထဲကို မင်းတို့ ကောင်းကောင်းကြီး ထွင်းဖောက်ဝင်ရောက်နိုင်ပြီးတော့ သရုပ်မှန်ကို ထုတ်ဖော်မခံရဖို့အတွက် မင်းတို့က လူသားမျိုးနွယ်လို့ ကိုယ့်ကိုယ်ကိုယ်ခံယူပြီးတော့ တစ်ချိန်လုံး နေထိုင်ရမယ်....နောင်တစ်ချိန်မှာ မင်းတို့ ဒီနေရာကနေ ထွက်သွားတာနဲ့ သာမန်လူတွေနဲ့အတူ ရောနှောနေထိုင်နိုင်ပြီးတော့ ဘာကွဲပြားခြားနားချက်မှ မရှိစေရဘူး"

အနက်ရောင်မြူခိုးများအကြားမှနေ၍ အသံနက်ကြီးတစ်သံ ထွက်ပေါ်လာသည်။

"ဒီကိစ္စနဲ့ မင်းတို့ရဲ့အမှားတွေကို ပြင်ဆင်တယ်လို့ စဉ်းစားထားကြပါ...မင်းတို့က ခြောက်ခြားခြင်းတောအုပ်ကို ဆုံးရှုံးလိုက်ရတဲ့အတွက် တာဝန်ယူဖို့ မလိုတော့ဘူး..."

"ဟုတ်ကဲ့ပါ အရှင်..."

နတ်ဆိုးနှစ်ကောင်က ရိုသေလေးစားစွာ တုံ့ပြန်သည်။

ထိုအချိန်မှာပင် တံခါး၏ပြင်ပမှနေ၍ အနက်ရောင်မြူခိုးများ မျောလွင့်လာကာ နတ်ဆိုးတစ်ကောင်အသွင်သို့ ပြောင်းလဲသွားပြီး မြေပြင်ပေါ်၌ ရိုသေလေးစားစွာ ဒူးထောက်လိုက်၏။

"အရှင်...မြို့ပြင်မှာ တစ်ခုခု ဖြစ်သွားခဲ့တယ်"

"ဘာဖြစ်တာလဲ..."

ကုံးတက မေးမြန်းသည်။

"သတင်းပို့မှုတွေအရဆိုရင် မြို့ပြင်မှာ အပြောင်းအလဲတစ်ခု ဖြစ်သွားခဲ့တယ်...ရွာခုနှစ်ရွာရှစ်ရွာလောက် အမြစ်ပြတ်သုတ်သင်ခံလိုက်ရတယ်...အဲ့ဒီကိစ္စရဲ့လက်သည်တရားခံက လူသားတွေဖြစ်မယ်လို့ ကျွန်တော်တို့ သတင်းရထားတယ်"

သတင်းပို့လာသောနတ်ဆိုးက ပြောဆိုသည်။

"ဟမ့်....လူသားတွေ ထပ်လာပြန်ပြီလား"

အနက်ရောင်မြူခိုးများအကြားမှနေ၍ အေးစက်စက်အသံကြီးတစ်သံ ထွက်ပေါ်လာသည်။

"အခုလတ်တလောနှစ်တွေမှာ လူသားတွေက နတ်ဆိုးမြို့ကို စုံစမ်းဖို့အတွက် ထိပ်သီးအစွမ်းထက်ကျင့်ကြံသူတွေ အများကြီးကို စေလွှတ်ထားပုံရတယ်...ဒီနေရာမှာ လူသားတွေသေသွားတာ မလုံလောက်ဘူးလို့ သူတို့က ထင်နေကြတာလား"

သူသည် ထိုစကားကိုပြောဆိုပြီးနောက် သူ၏မျက်လုံးအကြည့်သည် ကုံးတနှင့်ကုံးအာထံသို့ ကျရောက်သွားပေ၏။

ထိုအကြည့်ကိုခံစားမိချိန်တွင် ကုံးတနှင့်ကုံးအာတို့နှစ်ယောက်သား ရိုသေလေးစားစွာ ဒူးထောက်လိုက်သည်။

"မြို့ပြင်မှာရှိတဲ့ကိစ္စကို မင်းတို့နှစ်ယောက်နဲ့ပဲ ချန်ထားခဲ့တော့မယ်...မင်းတို့က ခွေးနတ်ဆိုးမျိုးနွယ်ကို ခေါ်သွားပြီးတော့...အဲ့ဒီလူသားတွေရဲ့ခေါင်းကို ငါ့ဆီ ပြန်ယူလာခဲ့စမ်း"

အနက်ရောင်မြူခိုးများအကြားမှာနေ၍ အမိန့်ပေးသံ ထွက်ပေါ်လာသည်။

"ဟုတ်ကဲ့"

ကုံးတနှင့်ကုံးအာတို့သည် ရိုသေလေးစားစွာ တုံ့ပြန်ပြီးနောက် အနက်ရောင်မြူခိုးနှစ်ခုအသွင်သို့ပြောင်းလဲကာ နေရာမှပျောက်ကွယ်သွားတော့သည်။

မကြာမီမှာပင်....

သူတို့နှစ်ယောက်သည် နတ်ဆိုးမြို့၏ပြင်ပ၌ ထွက်ပေါ်လာပေ၏။

သူတို့၏နောက်၌ လူသားခန္ဓာကိုယ်နှင့်ခွေးခေါင်းရှိသည့် နတ်ဆိုးတစ်ရာကျော် ရှိနေသည်။ ထိုနတ်ဆိုးများသည် တူညီသောသံချပ်ကာဝတ်စုံများကိုဝတ်ဆင်ထားကာ အင်မော်တယ်လက်နက်များကို ကိုင်ထားလေ၏။

"ဒါက မယုံကြည်နိုင်စရာပဲ...."

ကုံးတသည် သူ၏နောက်ရှိ ရာနှင့်ချီသော ခွေးနတ်ဆိုးများကိုကြည့်ကာ စိတ်အားတက်ကြွစွာဖြင့် ပြောဆိုသည်။

"ဒါပေမဲ့...ဒါက ငါတို့ကို အရှင်က ကူညီပေးထားတယ်ဆိုတာကို မေ့လို့မရဘူး"

"အမှန်ပဲ...အရှင်က ငါတို့အပေါ် အရမ်းကြင်နာတယ်..."

ကုံးအာသည်လည်း စိတ်လှုပ်ရှားနေကာ သူသည် စကားပြောဆိုနေရင်း အမှုမဲ့အမှတ်မဲ့ဖြင့် သူ၏လျှာကိုဆန့်တန်းကာ ပြောဆိုလိုက်၏။

"ဟား ဟား ဟား....ငါတို့ အဖွဲ့ခေါင်းဆောင်ဖြစ်နေတဲ့အချိန်မှာ ငါတို့ရဲ့အမိန့်အောက်မှာရှိတဲ့ အဆင့်နိမ့်နတ်ဆိုးတွေအားလုံး အသတ်ခံလိုက်ရတယ်...

ဒါပေမဲ့ အရှင်က ငါတို့ကို အပြစ်မတင်ခဲ့ဘူး...ငါတို့ ခြောက်ခြားခြင်းတောအုပ်ကို ဆုံးရှုံးလိုက်ရတဲ့ ကိစ္စနဲ့ပတ်သက်ပြီးတော့ သူက စကားအများကြီးတောင် မပြောခဲ့ဘူး...အခုအချိန်မှာ သူက ငါတို့ကို ယုံကြည်ပြီးတော့ လူသားတွေကို သတ်ဖြတ်ရမယ့် အရေးကြီးတဲ့တာဝန်ကိုတောင် စေခိုင်းခဲ့တယ်...ဟား ဟား ဟား...ဒါက ငါ့ကို တကယ်ခံစားရစေတယ်..."

"ဒါပေမဲ့ လူသားရဲ့အရေခွံက ငါ့ကို သက်သောင့်သက်သာ မရှိစေတာလေးတစ်ခုပဲ"

ကုံးတက ကိုးယိုးကားယားဖြင့်လမ်းလျှောက်ရင်း ပြောဆိုသည်။

"တခြားနည်းလမ်းတစ်ခုတော့ ရှိလာမှာပါ...ဟား ဟား ဟား..."

ကုံးအာသည် သူ၏လျှာကိုထုတ်ပြီး ပြောဆိုလိုက်၏။

"ဒါက အရှင် ငါတို့ကိုပေးထားတဲ့ အရေးကြီးတာဝန်တစ်ခုပဲ...ငါတို့က အခုအချိန်ကနေစပြီးတော့ ဘယ်အချိန် ဘယ်နေရာမှာမဆို လူသားပုံသဏ္ဍာန်ကို တစ်ချိန်လုံးထိန်းသိမ်းထားရမယ်လို့ သူက ပြောခဲ့တယ်...ဟား ဟား ဟား..."

"ကောင်းပြီလေ သွားကြစို့...ငါတို့တွေက မြို့ပြင်မှာရှိတဲ့ လူသားတွေကို သွားသတ်ကြရအောင်"

ကုံးတက ရှေ့မှဦးဆောင်ပြီး လျှောက်လှမ်းလိုက်သည်။

"ဟား ဟား ဟား...အမှန်ပဲ"

ကုံးအာလည်း အလျှင်အမြန် နောက်မှလိုက်ပါသွားလေ၏။

တစ်ချိန်တည်းမှာပင် တခြားရွာတစ်ရွာမှ နတ်ဆိုးများကို သတ်ဖြတ်ပြီးသော ရီဖုန်းသည် စိတ်မရှည်တော့ဘဲ နောက်သို့ချာခနဲလှည့်ကာ နတ်ဆိုးမြို့ထံသို့ဦးတည်၍ လျှောက်လှမ်းလိုက်သည်။

သူသည် နတ်ဆိုးမြို့တံခါးကိုတိုက်ရိုက်တွန်းဖွင့်ကာ ဝင်ရောက်ရန် ရည်ရွယ်ထားပေ၏။

အကယ်၍ မြို့အတွင်းတွင် လူသားများရှိနေပါက အဆင်ပြေပေမည်။ယခုလတ်တလောအချိန်တွင် သူ၏ပါးစပ်သည် အစားအစာ၏အရသာကို မေ့ပျောက်လုနီးပါးပင်။

အကယ်၍ မြို့ကို နတ်ဆိုး​များမှသိမ်းပိုက်ထားလျှင်လည်း သူ့အတွက် အဆင်ပြေသည်။မည်သို့ပင်ဆိုစေကာမူ ထိုနေရာတွင် ယခင်ထက်အဆင့်မြင့်သော နတ်ဆိုးများ ရှိနေနိုင်သည်။

ရီဖုန်းသည် ခြေလှမ်းအနည်းငယ်ခန့် လျှောက်လှမ်းပြီးနောက် သူ့ထံသို့ ဦးတည်၍ပျံသန်းလာသော ခွေးနတ်ဆိုးတချို့ကို မြင်တွေ့မိသည်။

ကုံးတနှင့်ကုံးအာတို့သည်လည်း မြေပြင်ပေါ်၌ လမ်းလျှောက်နေသော ရီဖုန်းကို ရှာဖွေတွေ့ရှိမိလေ၏။

"လူသားတစ်ယောက်ဆိုတာ သေချာတယ်"

"ဒုတိယညီလေး...အဲ့ဒီကောင်ကို ငါ့လက်ထဲအပ်စမ်း...."

"အဲ့ဒီလူသားကိုသတ်ရင် အရှင်ဆီကနေ ဆုလာဘ်တွေရနိုင်တယ်"

ကုံးတနှင့်ကုံးအာတို့သည် ရှေ့သို့ထွက်၍တိုက်ခိုက်ရန်အတွက် မစောင့်ဆိုင်းနိုင်တော့ချေ။

ထို့နောက် ခွေးနတ်ဆိုးများသည် ကျယ်လောင်စွာဟိန်းဟောက်ကာ ရီဖုန်းကိုသတ်ဖြတ်ရန်အတွက် အလွန်ကြီးမားသော နတ်ဆိုးချီစွမ်းအားများကို ထုတ်လွှတ်လိုက်ကြသည်။

"တူညီဝတ်စုံ...သူတို့က တူညီဝတ်စုံတွေကို ဝတ်ထားတာပါလား...ကြည့်ရတာတော့ သေသေချာချာလေ့ကျင့်ထားတဲ့ကောင်တွေဖြစ်ပုံပဲ"

စိတ်ပျက်လက်ပျက်ဖြစ်နေသော ရီဖုန်းသည် ခွေးနတ်ဆိုးတစ်စု၏စည်းစနစ်ကျနသော ဖွဲ့စည်းပုံကို မြင်တွေ့ချိန်၌ သူ၏မျှော်လင့်ချက်များ တဖန်ပြန်၍ထွက်ပေါ်လာသည်။နတ်ဆိုးများသည် ဤမျှထိ စည်းစနစ်တကျရှိမည်ဟု သူ တကြိမ်တစ်ခါမျှ မျှော်လင့်မထားမိချေ။

သို့ရာတွင် နောက်ထပ်အချိန်အခိုက်အတန့်မှာပင် သူ၏မျှော်လင့်ချက် ပျက်ပြယ်သွားလေပြီ။

ခွေးနတ်ဆိုးများသည် သူ၏လည်ပင်းကို ခုတ်ပိုင်းသော်လည်း မည်သည့်နာကျင်မှုမျှ မရှိသည့်အပြင် ယားယံခြင်းပင်မဖြစ်ချေ။

"နောက်ထပ်အသုံးမကျတဲ့ကောင်တစ်သိုက် ထပ်ရောက်လာပြန်ပြီ...."

"သေစမ်း...."

ရီဖုန်းသည် အမူအယာကင်းမဲ့စွာဖြင့်ဟသူ၏ဓားရှည်ကိုဆွဲထုတ်ကာ ထိုခွေးနတ်ဆိုးများကို ချက်ချင်းခုတ်ပိုင်းလိုက်တော့သည်။

"တော်လိုက်တဲ့လူသား...သူ့မှာ အရည်အချင်းနည်းနည်းတော့ ရှိသားပဲ"

"ကြည့်ရတာတော့ ငါတို့နှစ်ယောက် ရှေ့ထွက်ပြီးတိုက်ခိုက်ရမယ့်ပုံပဲ"

"သူ့မှာ စွမ်းအားနည်းနည်းရှိတာ ပိုကောင်းတယ်...အဲဒီလိုမှသာ ငါတို့နှစ်ယောက်ရဲ့အခန်းကဏ္ဍကို ပိုပြီးပေါ်လွင်သွားစေလိမ့်မယ်"

"ဟေ့ လူသား...မင်းရဲ့အသက်ကို ပေးစမ်း"

ခွေးနတ်ဆိုးများ၏နောက်တွင်ရှိနေသော ကုံးတနှင့်ကုံးအာတို့သည် လေထုအတွင်းသို့ခုန်တက်ကာ ပျံသန်းလိုက်သည်။သူတို့၏တိုက်ခိုက်လိုခြင်းစိတ်ဆန္ဒများသည် အလွန်ကြီးမားကာ လျှပ်ပြက်သကဲ့သို့အရှိန်နှုန်းဖြင့် ရီဖုန်းထံသို့ ချဉ်းကပ်လာကြ၏။

ရီဖုန်းနှင့်အနည်းငယ်နီးကပ်သွားချိန်တွင် ကုံးတက ကူကယ်ရာမဲ့စွာဖြင့် သူ၏မျက်လုံးကို ပွတ်သပ်လိုက်သည်။

"ဒုတိယညီလေး...အဲ့ဒီလူကိုကြည့်ရတာ ရင်းနှီးနေတယ်လို့ မင်း မထင်ဘူးလား"

အချိန်အတော်ကြာသည်အထိ မည်သည့်တုံ့ပြန်မှုမျှမရရှိသဖြင့် သူ၏ခေါင်းကို နောက်သို့လှည့်ပြီး တချက်ကြည့်လိုက်သည်။ကုံးအာသည် လျှာတန်းလန်းထုတ်ထားကာ ဒယိမ်းဒယိုင်ဖြင့် နောက်သို့ဆုတ်နေသည်ကို သူ မြင်တွေ့မိလေ၏။

"ဒုတိယညီလေး ဘာဖြစ်တာလဲ...."

ကုံးတက မေးမြန်းလိုက်သည်။

"ပြေးတော့...အစ်ကိုကြီး ပြေးတော့...ဒါကကြက်သွန်မြိတ်လှီးတဲ့လူပဲ..."

ကုံးအာက အော်ဟစ်လိုက်သည်။

"ဘာကြက်သွန်မြိတ်လှီးတဲ့လူလဲ..."

ကုံးတသည် အချိန်တခဏကြာခန့် ကြက်သေသေသွားသော်လည်း မကြာမီမှာပင် ရုတ်တရက် သူ အသိပြန်ဝင်သွားခဲ့သည်။

"ဂေ့...."

"မင်း ငါ့ကို ဘာလို့ စောစောက မပြောတာလဲ"

ကုံးတသည်လည်း ဒေါသတကြီးအော်ဟစ်ကာ ကုံးအာ၏နောက်မှနေ၍ အသည်းအသန် ထွက်ပြေးသွားတော့သည်။

Thank For Reading.

All Chapters