အခန်း (၈၈၁-၈၈၅)
Vol. 59 Ch. 881-885
Chapter 881
သို့ရာတွင် သူတို့ မြို့အတွင်းသို့ ဝင်လိုက်သည်နှင့် နောက်ဆုံးလူသည် မတ်တတ်ရပ်နေကာ ရုတ်တရက် လေးလံသောမြို့တံခါးကြီးကို ပြန်ပိတ်လိုက်၏။
တံခါးပိတ်လိုက်သောအသံသည် တခြားလူလေးယောက်၏အာရုံကြောများကို နိုးကြားသွားစေသည်။
"မင်း ဘာလို့ တံခါးပိတ်လိုက်တာလဲ...ငါတို့တွေ အန္တရာယ်ရှိတဲ့ အခြေအနေတစ်ခုခုနဲ့ ရင်ဆိုင်ရမယ်ဆိုရင် တံခါးကိုပြန်ဖွင့်ဖို့အချိန် ဘယ်လိုလုပ်ပြီး ရှိနိုင်မှာလဲ"
လူလေးယောက်သည် နောက်ဆုံးလူကို စူးစူးဝါးဝါးစိုက်ကြည့်ကာ သူတို့၏မျက်နှာများပေါ်တွင် သတိကြီးစွာထားသောအရိပ်အယောင်များ ထင်ဟပ်နေသည်။
ထို့ပြင် သူတို့သည် မြို့တံခါးကိုဖွင့်နိုင်ခြင်းမရှိသဖြင့် ပြောရမည်ဆိုလျှင် အကယ်၍ ထိုလူ တံခါးဖွင့်မပေးပါက သူတို့သည် ပြင်ပသို့ ပြန်ထွက်နိုင်တော့မည်မဟုတ်ချေ။
တံခါး၏ရှေ့၌မတ်တတ်ရပ်နေသောလူက စပ်ဖြဲဖြဲပြုံးလိုက်သည်။
သူ၏အမူအယာသည် အလွန်ထူးဆန်းပေ၏။
သူသည် ရယ်မောနေရင်း သူ၏ပါးစပ်ကြီး ပို၍ပို၍ကျယ်လောင်လာကာ နောက်ဆုံး၌ သွေးနီရောင်ပါးစပ်ကြီးတစ်ခုအဖြစ် ပြောင်းလဲသွားသည်။
ထို့နောက် ကြီးမားသောလျှာကြီး ဆန့်တန်းလာကာ လူလေးယောက်ထံဦးတည်၍ တိုးဝင်လာသည်။
ရုတ်ချည်းဆိုလိုပင် သေဒဏ်ကျအကျဥ်းသားတစ်ယောက်ကို ထိုလျှာကြီးဖြင့်ရစ်ပတ်ပြီး သူ၏ပါးစပ်ထဲသို့ဆွဲသွင်းကာ ကိုက်ဝါးလိုက်သဖြင့် စူးရှနာကျင်စွာအော်ဟစ်လိုက်သောအသံများ ထွက်ပေါ်လာသည်။
တခြားလူသုံးယောက်သည် ထိတ်လန့်ကြောက်ရွံသွားကာ သူတို့၏မျက်နှာများ ဖြူရော်သွားသည်။
ထျန်းယုနယ်မြေ၏ရင်ပြင်တွင် ရှိနေသော လူများသည်လည်း အလွန်ထိတ်လန့်ကြောက်ရွံသွားပေ၏။ထိုလူ ဝါးမြိုခြင်းကို မြင်တွေ့လိုက်ရသော အချိန်အခိုက်အတန့်သည် သူတို့မြင်တွေ့ရသော နောက်ဆုံးပုံရိပ်ပင်။သို့ရာတွင် ထိုလူလှုပ်ရှားခဲ့သော ဖြစ်စဥ်တစ်ခုလုံးကို တခြားလူများအားလုံး မြင်တွေ့မိလေ၏။
ဤသည်မှာ အလွန်သွေးပျက်ဖွယ်ကောင်းသော တုန်လှုပ်ချောက်ချားဖွယ် ကိစ္စတစ်ရပ်ပင်။
"မကောင်းတော့ဘူး...."
"အဲ့ဒီလူက ငါတို့လူသားမျိုးနွယ်ထဲကို ရောဝင်လာတဲ့ နတ်ဆိုးတစ်ကောင်ပဲ...ဒါကြောင့် သူက ဘာဆုလာဘ်ကိုမှ မလိုချင်ဘဲ သတ္တမအဆင့်တားမြစ်နယ်မြေထဲကိုဝင်ဖို့ ဆန္ဒရှိခဲ့တာပါလား...."
အင်အားစုခေါင်းဆောင်များ၏မျက်နှာများ ရှုံမဲ့နေကာ ထိုလူသည် နတ်ဆိုးမျိုးနွယ်၏သူလျှိုဖြစ်ကြောင်း ချက်ချင်းနားလည်သဘောပေါက်သွားသည်။
ထို့နောက် သူတို့ အံ့အားသင့်နေစဥ်မှာပင် သေဒဏ်ကျအကျဥ်းသားနှစ်ယောက်အနက်မှ တစ်ယောက်သည် နတ်ဆိုး၏ဝါးမြိုခြင်းကို ခံလိုက်ရ၏။
"ပြေးကြစို့..."
ကြွင်းကျန်သော အမျိုးသမီးနှင့်အမျိုးသားတို့သည် တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ကာ သူတို့သည် မည်သို့မျှ ထွက်မပြေးနိုင်သည်ကို သိရှိသွားသဖြင့် ထွက်ပြေးရန် ဟန်ပြင်လိုက်ကြသည်။
"ဟီး ဟီး...."
နတ်ဆိုးသည် သူ၏လျှာကိုသပ်ကာ သူ၏မျက်နှာပေါ်တွင် ဝမ်းသာပျော်ရွှင်သော အရိပ်အယောင်တစ်ရပ် ရှိနေသည်။
"တုံးအတဲ့လူသားတွေ...မင်းတို့က ငါ့ရဲ့နတ်ဆိုးချိတ်ပိတ်မြို့ထဲကို ဝင်လာပြီးမှ ထွက်ပြေးချင်သေးတာလား..."
နတ်ဆိုးသည် သေဒဏ်ကျအကျဥ်းသား၏ပေါင်ကိုရစ်ပတ်ကာ နောက်သို့တရွတ်တိုက် ပြန်ဆွဲလိုက်၏။
"ငါယိုးမသား....."
ထိုလူသည် ကျယ်လောင်စွာအော်ဟစ်ပြီး ဓားတစ်စုံကိုဆွဲထုတ်ကာ လျှာကြီးကို ခုတ်ပိုင်းလိုက်သည်။လျှာကြီးပြတ်တောက်သွားပြီးနောက် ထိုလူသည် လွတ်မြောက်သွားကာ အဝေးသို့ ထွက်ပြေးသွားတော့သည်။
"ဟမ့်..."
"မိုက်မဲလိုက်တဲ့ကောင်...."
နတ်ဆိုးသည် သရော်တော်တော်ပြောဆိုကာ လျှာပြတ်ကြီးသည် ထက်ရှသောဓားတစ်စင်းအလား ထွက်ပြေးသွားသောလူနောက်သို့ လိုက်လံဖမ်းဆီးနေပေ၏။
နောက်ထပ်အချိန်အခိုက်အတန့်တွင် သူ၏လှုပ်ရှားမှုများ ရုတ်ချည်းရပ်တန့်သွားကာ သူ အောက်သို့ငုံကြည့်လိုက်ချိန်၌ ထိုလျှာကြီးသည် သူ၏ခန္ဓာကိုယ်အတွင်းသို့ ထွင်းဖောက်နေလေပြီ။
ဤနေရာတွင် အမျိုးသမီးတစ်ယောက်တည်းသာ အသက်ရှင်ရက်ကြွင်းကျန်တော့သည်။
သူမ၏မျက်နှာပေါ်တွင် ထိတ်လန့်ကြောက်ရွံ့မှုအရိပ်အယောင်များ ထင်ဟပ်နေကာ သူမ၏မျက်လုံးသူငယ်အိမ်များ ပြူးကျယ်နေသည်။သူမသည် နှုတ်ခမ်းကိုတင်းတင်းကြပ်ကြပ်ကိုက်ထားကာ သူမ၏မျက်နှာပေါ်တွင် မလိုလားမှုများဖြင့် ပြည့်နှက်နေသည်။
ထိုလူသည် သူ၏လက်အတွင်းရှိဓားရှည်ကို တင်းတင်းကြပ်ကြပ်ဆုပ်ကိုင်ကာ ရုန်းကန်လိုသော်လည်း ဤရုန်းကန်မှုသည် အချည်းနှီးသာဖြစ်ကြောင်း သူ၏စိတ်နှလုံးသားအတွင်းမှ အလွန်ရှင်းလင်းစွာ နားလည်သဘောပေါက်ထားသည်။
ထျန်းယုနယ်မြေ၏ ရင်ပြင်၌....
မိုးကောင်းကင်ယံအတွင်းတွင် ပုံရိပ်တစ်ခုတည်းသာ ကြွင်းကျန်တော့သည်။
သို့ရာတွင် လူနည်းစုကသာ ဤမြင်ကွင်းကို စောင့်ကြည့်နေကြသည်။အကြောင်းအရင်းမှာ သူတို့အားလုံး ဤသည်မှာ မျှော်လင့်ချက် မရှိတော့ကြောင်း သိရှိထားသောကြောင့်ပင်။
ဤတာဝန်သည် ရှုံးနိမ့်မှုဖြင့် အဆုံးသတ်သွားခဲ့လေပြီ။
နောက်ဆုံး၌ လျှာပြတ်ကြီးသည် အမျိုးသမီးကိုတိုက်ခိုက်လေ၏။
အမျိုးသမီးသည် သေကွင်းသေကွက်များကိုရှောင်တိမ်းနိုင်ခဲ့သော်လည်း သူမ၏ဝမ်းဗိုက်အောက်ပိုင်း၌ ဒဏ်ရာရရှိသွားကာ သွေးများယိုစီးကျလာသည်။
အမျိုးသမီးက သူမသည် တိုက်ခိုက်မှုတစ်ခုကို ရှောင်တိမ်းနိုင်ခဲ့သော်လည်း နောက်ဆုံးရလဒ်သည် အနည်းငယ်မျှ ပြောင်းလဲသွားမည်မဟုတ်ကြောင်း နားလည်သဘောပေါက်သည်။
ထိုကြောင့် ရင်ပြင်တွင်ရှိနေသော လူများအားလုံး သက်ပြင်းရှိုက်ကာ ထွက်ခွာသွားရန်အတွက် ဟန်ပြင်လိုက်ကြ၏။
ထိုအချိန်မှာပင် ရင်ပြင်၌ရှိနေသော တစ်စုံတစ်ယောက်က အော်ဟစ်လိုက်သည်။
"ကြည့်လိုက်အုံး...အဲ့ဒီနေရာမှာ တခြားလူတစ်ယောက် ရှိနေတယ်...."
ထို့အော်သံနှင့်အတူ ထွက်သွားရန်ဟန်ပြင်နေသော လူများအားလုံး ပုံရိပ်ယောင်ကားချပ်ထံသို့ အလျင်စလိုကြည့်လိုက်ကြသည်။အမှန်တကယ်ကိုပင် ထိုနေရာ၌ လူတစ်ယောက်ရှိနေပုံပေါ်သည်။
ပုံရိပ်ယောင်ကားချပ်မှတဆင့် အဖြူရောင်ဝတ်စုံဝတ်လူတစ်ယောက်သည် နံဘေးတစ်ဖက်မှ တရွေ့ရွေ့လျှောက်လှမ်းလာသည်ကို မြင်တွေ့ရသည်။သူသည် တစ်စုံတစ်ခုကို တီးတိုးရေရွတ်နေပုံရသော်လည်း သူ၏ပုံရိပ်ကိုသာ မြင်တွေ့ရပြီး အသံကိုကြားနိုင်ခြင်း မရှိချေ။
တစ်ဦးတည်းသော အသက်ရှင်ကျန်ရစ်သူဖြစ်သည့် အမျိုးသမီးသည် ဆွံ့အသွားပေ၏။
ဤမြို့အတွင်း၌ မည်သည်ကြောင့် လူငယ်တစ်ယောက် ရှိနေသနည်း...
သို့ရာတွင် သူမသည် ထိုလူငယ်အား ကြည့်လိုက်ချိန်၌ သူမ၏မျက်လုံးအတွင်းတွင် သတိကြီးစွာထားသော အရိပ်အယောင်များ ထင်ဟပ်နေသည်။ဖြစ်နိုင်သည်မှာ ဤလူငယ်သည် နတ်ဆိုးတစ်ကောင်မှနေ၍ လူသားအရေးယောင်ဆောင်ထားသူဖြစ်နေသလော။
သူမ စိုးရိမ်ပူပန်နေသောအချိန်မှာပင် ထိုလူငယ်သည် ရုတ်တရက် နတ်ဆိုးထံသို့ လျှောက်လွှမ်းသွားသည်ကို သူမ မြင်တွေ့လိုက်ရသည်။
ရီဖုန်းသည် သေလမ်းရှာခြင်းကျရှုံးသွားပြီးနောက် ဤနေရာ၌ အလွန်အစွမ်းထက်ပုံရသော လူသားများနှင့်နတ်ဆိုးတစ်ကောင်ရှိနေသည်ကို ရင်ဆိုင်ကြုံတွေ့လိုက်ရသည်။
သူ၏စိတ်နှလုံးသားအတွင်း၌ မျှော်လင့်ချက်အလင်းရောင်တစ်ခု ရှိလာသဖြင့် နတ်ဆိုးကို ရန်စလိုက်သည်။
"သောက်ရေးမပါတဲ့ လူသား...."
နတ်ဆိုးသည် မြို့အတွင်း၌ တခြားလူသားတစ်ယောက်ရှိနေမည်ဟု မျှော်လင့်မထားမိချေ။ထိုကြောင့် ရီဖုန်း၏ရန်စမှုနှင့် ရင်ဆိုင်ရချိန်တွင် သူ ဒေါသထွက်သွားပေ၏။
ရှည်လျားသောလျှာသည် ထက်ရှသောဓားတစ်စင်းအလား လေဟာနယ်ကိုထွင်းဖောက်ကာ ရီဖုန်း၏သေကွင်းသေကွက်နေရာသို့ ဦးတည်၍တိုးဝင်လာသည်။
ထိုမြင်ကွင်းကိုကြည့်ပြီး....
နံဘေးတစ်ဖက်တွင်ရှိနေသော အမျိုးသမီး၏မျက်နှာ ရှုံ့မဲ့သွားသည်။
ရီဖုန်းသည် နတ်ဆိုးအား တိုက်ခိုက်သည်ကိုကြည့်ပြီး ဤသည်မှာ အစစ်အမှန်လူသားတစ်ယောက်ဖြစ်ကြောင်း သူမ နားလည်သဘောပေါက်သွားပေ၏။ဤကဲ့သို့ သေရေးရှင်ရေးအချိန်အခိုက်အတန့်၌ သူမနှင့် မျိုးနွယ်တူသော လူတစ်ယောက်ကို တွေ့ရသဖြင့် သူမ အနည်းငယ်စိတ်သက်သာရာရသွားသည်။သို့ရာတွင် ထိုနတ်ဆိုးသည် နောက်ထပ်အချိန်အခိုက်အတန့်၌ ထိုလူငယ်အား တိုက်ခိုက်မည်ဟု သူမ မျှော်လင့်မထားမိချေ။
ထို့ထက်ပို၍ အရေးကြီးသောကိစ္စမှာ ထိုလူငယ်သည် နေရာ၌မတ်တပ်ရပ်နေပြီး ရှောင်တိမ်းမည့်ပုံမရခြင်းပင်။
"မြန်မြန်ရှောင်လေ...."
"အဲ့ဒီလူက ရူးနေတာလား"
ရင်ပြင်တွေရှိနေသော လူများအားလုံးသည် ထိုမြင်ကွင်းကိုမြင်တွေ့ချိန်တွင် စိုးရိမ်ပူပန်တကြီးအော်ဟစ်လိုက်ကြ၏။
ဤကဲ့သို့ လျှို့ဝှက်ဆန်းကြယ်သော လူတစ်ယောက်သည် နားမလည်နိုင်စွာ ထွက်ပေါ်လာခဲ့သဖြင့် ကိစ္စများအားလုံး ပြောင်းပြန်ဖြစ်သွားမည်ဟု သူတို့အားလုံး မူလက တွေးထင်ခဲ့ကြသည်။သို့ရာတွင် ယခုကြည့်ရသလောက် ဤလူသည် သေဆုံးသွားသည်ထက် ပိုမည့်ပုံမရချေ။
နောက်ဆုံး၌...
လူများအားလုံး၏မျက်လုံးအကြည့်များအောက်တွင် ထက်ရှသောဓားနှင့်တူညီသော နတ်ဆိုး၏လျှာကြီးသည် ရီဖုန်း၏နှလုံးသားနှင့် နီးကပ်သောရင်ဘတ်နေရာသို့ ချဉ်းကပ်လာသည်။
ဤမြင်ကွင်းကြောင့်...
လူအများသည် အမှုမဲ့အမှတ်မဲ့ဖြင့် သူတို့၏မျက်လုံးများကို စုံမှိတ်လိုက်ကြ၏။
သို့ရာတွင် နတ်ဆိုး၏လျှာသည် ရီဖုန်းခန္ဓာကိုယ်ပေါ်သို့ ကျရောက်သွားချိန်၌ ကြက်ဥတစ်လုံးဖြင့် ကျောက်တောင်ကိုပေါက်သည့်အလား ဖြစ်သွားမည်ဟု မည်သူကမျှ မျှော်လင့်မထားမိချေ။
နတ်ဆိုးသည် သူ၏လျှာ ထုံကျင်သွားကာ ပြင်းထန်သောနာကျင်မှုကို ခံစားရသဖြင့် လျှာတစ်ချောင်းလုံး တဆတ်ဆတ်တုန်သွားတော့သည်။
"ဒါက...."
"ဒါက အမှန်ပဲလား...."
"အဲ့ဒီလူရဲ့နှလုံးသားကို တစ်ခုခုနဲ့ ကာကွယ်ထားတာများလား..."
"အမှန်ပဲ...နတ်ဆိုးရဲ့လျှာက သူ့ကို ထိခိုက်နာကျင်အောင် မလုပ်နိုင်ဘူး..."
ထိုအမျိုးသမီးဖြစ်စေ ရင်ပြင်တွင်ရှိနေသူများဖြစ်စေ ဤအချိန်အခိုက်အတန့်တွင် သူတို့အားလုံး ထိတ်လန့်တကြား ရေရွတ်လိုက်ကြသည်။
ကျောက်ရုပ်ကဲ့သို့ရပ်နေသော လူငယ်ထံတွင် ဤကဲ့သို့ နည်းလမ်းတစ်ခုရှိနေမည်ဟု မည်သူမျှ တွေးထင်မထားကြချေ။
"သောက်ချေးပဲ...ကြည့်ရတာတော့ အစွမ်းထက်တဲ့ပုံနဲ့...မင်းက နောက်ထပ်အမှိုက်ကောင်တစ်ကောင်ဖြစ်နေမယ်လို့ ဘယ်သူက ထင်မိမှာလဲ"
ရီဖုန်းသည် သူ၏မျှော်လင့်ချက်များ ပျက်ပြားသွားသဖြင့် သူ၏မျက်နှာ ချက်ချင်းသုန်မှုန်သွားသည်။
သူသည် သူ့ရှေ့ရှိ တဆတ်ဆတ်တုန်နေသော လျှာကြီးကိုကိုင်ကာ တင်းတင်းကြပ်ကြပ်ဆုပ်ကိုင်လိုက်သည်။
ဘုန်း....
ဤအချိန်အခိုက်အတန့်တွင် ရီဖုန်းသည် နတ်ဆိုးအား လျှာမှကိုင်၍ မြေပြင်ပေါ်သို့ ရိုက်နှက်လိုက်ရာ ကျင်းနက်ကြီးတစ်ခု ဖြစ်ပေါ်လာခဲ့သည်။
ထို့နောက် သူသည် နတ်ဆိုးအားအလွတ်ပေးခြင်းမရှိဘဲ လျှာကိုကိုင်၍ ထပ်မံ၍ဆောင့်ဆွဲကာ လွှင့်ပစ်လိုက်၏။
ဘုန်း....
နံဘေးရှိ အဆောက်အအုံတစ်လုံး ပြိုကျသွားကာ နတ်ဆိုးသည် အပျက်အစီးများအကြား၌ နစ်မြုပ်နေပြီး စူးရှနာကျင်စွာ အော်ဟစ်လိုက်သောအသံများ အဆက်မပြတ်ထွက်ပေါ်နေသည်။
ရီဖုန်းမှနေ၍ ထိုနတ်ဆိုးကို နှိမ်နင်းလိုက်သောမြင်ကွင်းသည် လူများအားလုံး၏အမြင်အာရုံကိုဖမ်းစားနိုင်ခဲ့ကာ အံ့အားတသင့်ရေရွတ်လိုက်သောအသံများကို အဆုံးမရှိကြားနေရသည်။
"အဲ့ဒီလူက ဘယ်သူလဲ...အရမ်းတော်တာပဲ..."
"အိုး ဘုရားရေ...သူက နတ်ဆိုးတွေကို အနိုင်ယူနိုင်တာပါလား..."
"အခုကြည်ကြည်တော့မှ မြို့ထဲမှာ ဒီလူထွက်ပေါ်လာတာ တိုက်ဆိုင်မှုတစ်ခုမဟုတ်ဘူး"
အထူးသဖြင့် ဤစူစမ်းလေ့လာခြင်းကို စီမံခဲ့သော အင်အားစုခေါင်းဆောင်များသည် မတ်တတ်ထရပ်ကာ ပုံရိပ်ယောင်ကားချပ်အတွင်းရှိ ရီဖုန်းကို စူးစိုက်၍ကြည့်လိုက်ကြသည်။
"အဲ့ဒီလူက ငါတို့ထျန်းယုနယ်မြေကလား...."
"သူ့ကို ဘယ်သူ သိကြလဲ..."
"သူက ထိပ်သီးအင်အားစုကြီးတစ်ခုကလူများ ဖြစ်နေမလား..."
"ဒီလိုခွန်အားမျိုးနဲ့ဆိုရင် သူက အညတရလူတစ်ယောက် မဖြစ်နိုင်ဘူး..."
ထိတ်လန့်တကြားရေရွတ်သံများနှင့်အတူ လူများအားလုံးသည် စုံစမ်းစစ်ဆေးမှုအမျိုးမျိုးကို ပြုလုပ်လိုက်ကြသည်။သူတို့သည် ဤလျှို့ဝှက်ဆန်းကြယ်သောဆရာကြီး၏မူရင်းဇစ်မြစ်နှင့်ပတ်သက်ပြီး အလွန်အမင်း သိချင်စိတ်ပြင်းပြနေကြ၏။
အသက်ရှင်ကျန်သော အမျိုးသမီးသည်လည်း သူမ၏နှုတ်ခမ်းကို ဖုံးအုပ်ထားကာ ရီဖုန်းမှနေ၍ နတ်ဆိုးအား ရိုက်နှက်နေသည်ကို စောင့်ကြည့်နေခဲ့သည်။
သူမ၏မျက်လုံးအတွင်း၌ ထိတ်လန့်တုန်လှုပ်မှုများဖြင့် ပြည့်နှက်နေသည်။
စူးစမ်းလေ့လာရေးအဖွဲ့မှတစ်ယောက်ဖြစ်ခဲ့သော သူမသည် ဤနတ်ဆိုး မည်မျှထိ သန်မာအားကောင်းသည်ကို တခြားလူများထက်ပို၍ သိရှိထားသည်။
သို့ရာတွင် ဤလူငယ်လေး၏လက်အတွင်း၌ နတ်ဆိုးသည် နင်းခြေခြင်းခံရမည်ဟု သူမ မျှော်လင့်မထားမိချေ။
"ဝေါင်း...."
"သောက်ချေးပဲ...နိမ့်ကျတဲ့ လူသား..."
"ငါ မင်းကို သေစေချင်တယ်...မင်းက ငါ့ရဲ့နတ်ဆိုးမြို့ထဲမှာ သတ်ဖြတ်ဝံ့တယ်...မင်း သေရမယ်...မင်း မရှုမလှသေစေရမယ်"
အပျက်အစီးများအတွင်း၌ရှိနေသော နတ်ဆိုးသည် ဒေါသတကြီးအော်ဟစ်ကြုံးဝါးကာ မိုးကောင်းကင်ယံအတွင်းသို့ ပျံသန်းလိုက်သည်။
သူသည် ပျံသန်းနေစဉ်အတောအတွင်း၌ ထူးဆန်းသောအသံတစ်သံကို ပြုလုပ်လိုက်၏။
ထိုအသံသည် မြို့တစ်မြို့လုံးအနှံ့ ပျံ့နှံ့သွားတော့သည်။
"မကောင်းတော့ဘူး....ကြည့်ရတာတော့ သူက တခြားနတ်ဆိုးတွေကို ဆင့်ခေါ်နေတဲ့ပုံပဲ"
ထိုမြင်ကွင်းကိုကြည့်ပြီး နံဘေးတွင်ရှိနေသောအမျိုးသမီးက စိုးရိမ်ပူပန်တကြီးဖြင့် ပျာပျာသလဲအော်ဟစ်လိုက်သည်။
ရင်ပြင်တွေရှိနေသော လူများသည်လည်း ထိုနေရာသို့ အာရုံစူးစိုက်လိုက်ကြကာ သူတို့၏စိတ်နှလုံးသားများအတွင်း၌ ထိတ်လန့်တုန်လှုပ်မှုများ လွှမ်းခြုံနေသည်။
နတ်ဆိုး၏ ထူးဆန်းသောဟိန်းဟောက်သံသည် သူနှင့်တူညီသော မျိုးနွယ်များကို ဆင့်ခေါ်ခြင်းဖြစ်ကြောင်း သူတို့အားလုံး ရှင်းရှင်းလင်းလင်းနားလည်သဘောပေါက်သည်။
ဤဟိန်းဟောက်သံနှင့်အတူ လျှာရှည်နတ်ဆိုးသည် မိုးကောင်းကင်ယံအတွင်း၌ ပျံသန်းနေပေ၏။
ထိုနောက် သူ၏အသံသည် နတ်ဆိုးချိတ်ပိတ်မြို့၏ထောင့်တစ်နေရာတိုင်းအထိ ပျံ့နှံ့သွားသည်။
သူ၏မျက်နှာပေါ်တွင် သရော်တော်တော်အရိပ်အယောင်များ ထင်ဟပ်နေကာ သူ၏မျက်လုံးများအတွင်း၌ ရက်စက်ကြမ်းကြုတ်မှုများ နာကြည်းမုန်းတီးမှုများဖြင့်ပြည့်နှက်နေသည်။သူသည် သူရှေ့ရှိလူသားကို ညှဉ်းပန်းနှိပ်စက်ရန်အတွက် နည်းလမ်းအမျိုးမျိုးကို စဉ်းစားတွေးတောပြီးလေပြီ။
သို့ရာတွင်...
ဤတစ်ကြိမ်တွင် မည်သည်ကြောင့် မြို့အတွင်းမှာတုံ့ပြန်သံများ အလွန်နှေးကွေးနေသနည်း...
သူ၏အသံ ထွက်ပေါ်လာသောအချိန်အခိုက်အတန့်၌ သူ၏အပေါင်းအဖော်များထံမှ တုံ့ပြန်မှုများ ရှိလာသင့်သည်။သို့ရာတွင်သူ၏လည်ချောင်း အနည်းငယ် အက်ကွဲလာသည့်တိုင် မည်သည်ကြောင့် တုံ့ပြန်မှုတစ်ခုတလေကိုမျှ သူ မမြင်တွေ့ရသနည်း။
Chapter 882
ထိုနတ်ဆိုးသည် အမှုမဲ့အမှတ်မဲ့ဖြင့် လေထုအတွင်း၌ပျံသန်းရင်း နတ်ဆိုးချိတ်ပိတ်ခြင်းမြို့အတွင်းသို့ ကြည့်လိုက်သည်။
နောက်ထပ်အချိန်အခိုက်အတန့်တွင် သူ၏မျက်နှာပေါ်ရှိ သရော်တော်အရိပ်အယောင် ရုတ်တရက် ရပ်တန့်သွားပေ၏။
သာမန်မျက်စိဖြင့်မြင်နိုင်သော အရှိန်နှုန်းဖြင့်...
သူ၏မျက်လုံးသူငယ်အိမ်များ ရုတ်တရက်မှေးမှိန်သွားကာ သူ၏မျက်လုံးအတွင်း၌ ထိတ်လန့်ကြောက်ရွံ့မှုများ ပြည့်နှက်လာပြီး သူ၏ခန္ဓာကိုယ်တစ်ခုလုံး တုန်ရီသွားသည်။
အာ...ဝူး...
သူ၏ပါးစပ်မှနေ၍ ငိုကြွေးမြည်တမ်းသံများ အဆက်မပြတ်ထွက်ပေါ်နေပေ၏။
လက်ရှိနေရာတွင်ရှိနေသော အမျိုးသမီးနှင့် ရင်ပြင်တွင်ရှိနေသော လူများအားလုံး ဤအချိန်အခိုက်အတန့်၌ ထိုနတ်ဆိုးကို စူးစိုက်၍ကြည့်လိုက်ကြသည်။
နတ်ဆိုးကြီးသည် မိုးကောင်းကင်ယံအတွင်းသို့ ပျံသန်းသွားပြီးနောက် ဖြစ်ပေါ်သွားသည့်အသွင်အပြင်နှင့် သူ၏မျက်နှာပေါ်ရှိ ထိတ်လန့်ကြောက်ရွံ့မှုများကို သူတို့အားလုံး မြင်တွေ့မိသည်။
"သူ ဘာကို မြင်သွားတာလဲ..."
"အမှန်ပဲ..."
"သူ ဘာလို့ ဒီလိုမျိုး ဖြစ်သွားတာလဲ"
"ဘယ်လိုကိစ္စမျိုးတွေ ဖြစ်နေတာလဲ"
ရင်ပြင်တွေရှိနေသောလူများအားလုံး တိုင်ပင်ဆွေးနွေးလိုက်ကြသည်။
သူတို့သည် အမျိုးသမီး၏အမြင်အာရုံမှတစ်ဆင့်သာ ဤကိစ္စများကို မြင်တွေ့နိုင်ခြင်းဖြစ်သဖြင့် နတ်ဆိုးသည် မည်သည့်အရာကိုမြင်တွေ့ခြင်းကြောင့် ဤကဲ့သို့ အသွင်အပြင်မျိုးဖြစ်သွားသည်ကို သူတို့ မသိရှိနိုင်ချေ။
ထိုနတ်ဆိုးသည် အဆက်မပြတ်ငိုကြွေးမြည်တမ်းပြီးနောက် အနက်ရောင်အလင်းတန်းတတန်းအသွင်သို့ ပြောင်းလဲကာ သူ၏ခန္ဓာကိုယ်ပေါ်ရှိ ခုခံကာကွယ်မှုများအားလုံးကိုဖယ်ရှားပြီး အနက်ရောင်မြို့ရိုးများထံဦးတည်၍ ဝင်ဆောင့်လိုက်သည်။
သူ၏အသွေးအသားများ ပြန့်ကျဲသွားပေ၏။
နတ်ဆိုး၏ ကိုယ့်ကိုယ်ကိုယ်သေကြောင်းကြံစည်ခြင်း အဆုံးသတ်သွားပြီးနောက် နေရာတစ်နေရာလုံး တိတ်ဆိတ်ငြိမ်သက်သွားသည်။
လူများအားလုံးသည် ထိတ်လန့်တုန်လှုပ်မှုကြောင့် ဆွံ့အသွားပေ၏။
ဤကဲ့သို့ အစွမ်းထက်သောနတ်ဆိုးတစ်ကောင်သည် ဤကဲ့သို့ နည်းလမ်းတစ်ခုဖြင့်သေဆုံးရန် အမှန်တကယ်ကို ရွေးချယ်ခဲ့သလော....
ဤနတ်ဆိုးသည် မသေဆုံးမီအချိန်၌ မိုးကောင်းကင်ယံတွင် ပျံသန်းနေစဉ်အတောအတွင်း မည်သည့်မြင်ကွင်းအား မြင်တွေ့ခဲ့ရသည်ကို လူများအားလုံး သိချင်စိတ်ပြင်းပြနေသည်။အစောပိုင်းက ရန်လိုနေခဲ့သောနတ်ဆိုးသည် မည်သည်ကြောင့် သူ၏ခေါင်းဖြင့် မြို့ရိုးကိုဝင်တိုက်ကာ သေကြောင်းကြံစည်သွားသနည်း။
ဤသည်မှာ ရုတ်တရက်ထွက်ပေါ်လာသော လျှို့ဝှက်ဆန်းကြယ်သည့် အဖြူရောင်ဝတ်စုံဝတ်ဆရာကြီးနှင့် တစ်စုံတစ်ခု သက်ဆိုင်နေသလော...
အခင်းဖြစ်နေရာတွင်ရှိနေသော အမျိုးသမီးသည် နတ်ဆိုးသေဆုံးသွားသည်ကိုမြင်တွေ့ချိန်၌ သူမ၏နီမြန်းသောနှုတ်ခမ်းကို ဖုံးအုပ်ကာ ထိတ်လန့်တုန်လှုပ်မှုကြောင့် အချိန်အတော်ကြာသည်အထိ စကားပြောဆိုနိုင်ခြင်းမရှိချေ။
ဤနတ်ဆိုးသည် မည်သည့်အရာအား မြင်တွေ့ခဲ့ရသည်ကို သူမ အလွန်အမင်းသိချင်စိတ်ပြင်းပြနေသည်။
အကြောင်းအရင်းမသိရသောကိစ္စကြောင့် သူမ၏စိတ်နှလုံးသားအတွင်း၌လည်း ထိတ်လန့်တုန်လှုပ်မှုများဖြင့် ပြည့်နှက်နေသည်။
တခြားတစ်ဖက်တွင် ရီဖုန်းသည် သူ၏နှာခေါင်းကိုပွတ်သပ်ကာ မျက်ဖြူလန်သွားသည်။
ဤနတ်ဆိုးသည် အလွန်အစွမ်းထက်မည်ဟု သူ မူလက တွေးထင်ခဲ့သော်လည်း အဆုံးသတ်၌ မြို့ရိုးကိုဝင်တိုက်ကာ ပျက်စီးသွားခြင်းဖြင့် အဆုံးသတ်သွားပေ၏။ဤသည်ကြောင့် သူ၏မျှော်လင့်ချက်များ အချည်းနှီးဖြစ်သွားလေပြီ။
ဤနက်ဆိုးမြို့အတွင်း၌ သူ့၏သေလမ်းရှာခြင်းသည် ထပ်မံ၍သောင်တင်နေလေပြီ။
"မိန်းကလေး...မင်း အဆင်ပြေရဲ့လား..."
ရီဖုန်းက သူ၏နံဘေးတွင်ရှိနေသော အမျိုးသမီးကိုလှည့်ကြည့်ပြီး မေးမြန်းလိုက်သည်။
"စီနီယာကို အရိုအသေပြုပါတယ်"
ထိတ်လန့်တကြားဖြစ်နေသော အမျိုးသမီးသည် ရီဖုန်းကို အလျင်စလိုဦးညွှတ်အရိုအသေပြုလိုက်၏။
"စီနီယာရဲ့စိုးရိမ်ပူပန်မှုအတွက် ကျေးဇူးတင်ပါတယ်...ဒီဂျူနီယာက အဆင်ပြေပါတယ်..."
"ကောင်းပြီလေ..."
ရီဖုန်းက ပေါ့ပေါ့ပါးပါးအပြုံးနှင့် ပြောဆိုသည်။
"ဒါပေမဲ့ ငါ့ကို စီနီယာလို့မခေါ်နဲ့...ငါ ဘယ်လောက် အသက်ငယ်လဲဆိုတာ မင်း ကြည့်လိုက်အုံး...မင်းရဲ့စကားတစ်ခွန်းတည်းနဲ့ ငါက အရမ်းအသက်ကြီးတဲ့ပုံ ပေါက်သွားပြီ"
အမျိုးသမီးသည် အချိန်တစ်ခဏကြာခန့် ကြက်သေသေသွားပြီးနောက် သူမ၏နှုတ်ခမ်းကိုဖုံးအုပ်ကာ ကူကယ်ရာမဲ့စွာဖြင့် ပြုံးလိုက်သည်။
သူမရှေ့ရှိ အဖြူရောင်ဝတ်စုံဝတ်ဆရာကြီးသည် လိုက်လျောညီထွေနေတတ်သူတစ်ယောက်ဖြစ်မည်ဟု သူမ တစ်ကြိမ်တစ်ခါမျှ တွေးထင်မထားမိချေ။ရီဖုန်း၏ဟသနှောသောစကားများကြောင့် အစပထမတွင် စိတ်လှုပ်ရှားနေသော သူမသည် စိတ်သက်သာရာရသွားပေ၏။
သို့ရာတွင် သူမသည် ရီဖုန်းကို စီနီယာဟု ဆက်လက်၍ခေါ်ဆိုနေဆဲဖြစ်ကာ အလျှင်အမြန်ကျေးဇူးတင်စကားပြောဆိုသည်။
"ငါ့ရဲ့အသက်ကို ကယ်တင်ပေးခဲ့တဲ့အတွက် စီနီယာကို ကျေးဇူးတင်ပါတယ်..."
"မင်း ငါ့ကို ကျေးဇူးတင်ဖို့မလိုပါဘူး"
ရီဖုန်းက သူ၏လက်ကိုဝှေ့ယမ်းပြီး တည်ငြိမ်စွာပြောဆိုသည်။
"ဒါပေမဲ့ ငါ သိချင်တာတစ်ခုရှိတယ်...မင်းတို့တွေက ဒီနေရာကို ဘယ်လိုလုပ်ပြီးရောက်လာတာလဲ"
"ဒါကိုပြောရရင် ဇာတ်လမ်းရှည်ကြီးတစ်ခုပဲ..."
အမျိုးသမီးက ဖြစ်စဉ်အားလုံးကို ရိုးရှင်းစွာရှင်းပြလိုက်၏။
"အော်...အခုကြည့်ကြည့်တော့မှ ဒါက စူးစမ်းလေ့လာမှုတစ်ခုလား"
ရီဖုန်းက ခေါင်းညိတ်ပြပြီး ပြောဆိုသည်။
"ဒါပေမဲ့ မင်းတို့ရဲ့နည်းပါးတဲ့ခွန်အားတွေနဲ့ ဒီနေရာကိုလာတာက နည်းနည်းတော့ နမော်နမဲ့နိုင်တယ်"
"စီနီယာပြောတာက အမှန်ပါပဲ..."
အမျိုးသမီးသည် ရီဖုန်း၏စကားကို နားထောင်ပြီးနောက် ဦးညွှတ်အရိုအသေပြုကာ သူမ၏စိတ်နှလုံးသားအတွင်းမှနေ၍ သက်ပြင်းရှိုက်လိုက်သည်။အကယ်၍ တခြားနည်းလမ်းသာရှိနေပါက ဤကဲ့သို့ သရဲတစ္ဆေဆန်သော နေရာမျိုးသို့လာရန် သူမ မည်သည်ကြောင့် တွေးတောမည်နည်း။
"ဒီနေရာမှာ နတ်ဆိုးတွေ အများကြီးရှိတယ်...မင်းတစ်ယောက်တည်းသွားတာက အရမ်းအန္တရာယ်များမယ်လို့ ငါ ထင်တယ်..ငါနဲ့အတူ လိုက်ခဲ့တော့...ငါ မင်းကို အနီးဆုံးမြို့ဆီခေါ်သွားမယ်"
ရီဖုန်းက ပြောဆိုသည်။
ထိုစကားကိုကြားချိန်တွင် အမျိုးသမီး၏မျက်လုံးများ တောက်ပသွားသည်။
"စီနီယာကို ကျေးဇူးတင်ပါတယ်..."
အမျိုးသမီးသည် အလျှင်အမြန်ကျေးဇူးတင်စကားပြောဆိုလိုက်၏။သူမ၏နောက်ဆုံးတာဝန်သည် မြို့ကိုစူးစမ်းလေ့လာရန်ဖြစ်သော်လည်း ယခုအချိန်၌ သူမတစ်ယောက်တည်း ကျန်ရှိတော့သဖြင့်ဆက်လက်၍စူးစမ်းလေ့လာလိုခြင်း မရှိတော့ချေ။သူမ၏ရှေ့ရှိဆရာကြီးသည် သူမနှင့်အတူ အဖော်ပြုပေးမည်ဟု သူမ တွေးထင်ထားမိခြင်းမရှိချေ။
အကယ်၍ သူမတစ်ယောက်တည်း သွားလာပါက ဤနေရာတွင် သေဆုံးသွားရမည်မှာ သေချာပေါက်ပင်။
အကယ်၍ ယခုအချိန်တွင် သူမ နောက်သို့ဆုတ်လိုက်ပါကလည်း အဓိကအင်အားစုများမှ သူမအားပေးမည့် ဆုလာဘ်အမြောက်အများကို လက်လွှတ်လိုက်ရပေမည်။
"ကောင်းပြီလေ...ဒါဆိုရင်လည်း ငါနဲ့အတူ လိုက်ခဲ့တော့...."
ရီဖုန်းက သူ၏လက်ကိုဝှေ့ယမ်းကာ မန်မန်ကို ဆင့်ခေါ်လိုက်သည်။
မန်မန်ထွက်ပေါ်လာချိန်တွင် အမျိုးသမီးသည် အံ့အားသင့်သွားသောအမူအယာဖြင့် ခရုကြီးကို ကြည့်လိုက်၏။
ထျန်းယုနယ်မြေ၏ရင်ပြင်အတွင်းမှလည်း အံ့အားတသင့်ရေရွတ်သံများ ပွင့်အံ့ထွက်လာသည်။
"ဘယ်လောက်တောင်ကြီးတဲ့ ခရုကြီးလဲ..."
"ဒါက စီးနင်းရတဲ့ သားရဲတစ်ကောင်လား...."
"အရမ်းချစ်ဖို့ကောင်းတယ်..."
"ငါလည်း ဒီလိုခရုကြီးတစ်ကောင် လိုချင်တယ်"
လူများအားလုံးသည် မန်မန်၏အကြောင်းကိုပြောဆိုနေစဉ်မှာပင် မန်မန်သည် သူ၏ခံစားချက်ကင်းမဲ့သော ငါးသေမျက်လုံးတစ်စုံကိုလှန်ပြီး အမျိုးသမီး၏ခေါင်းထက်သို့ ကြည့်လိုက်သည်။
ထိုနောက် သူသည် သက်ပြင်းတချက်ရှိုက်လိုက်၏။
"ဘာဖြစ်တာလဲ..."
"ဘာလို့ ပုံရိပ်ယောင်ကားချပ် ပျောက်ကွယ်သွားတာလဲ"
"တခြားမတော်တစကိစ္စတစ်ခု ရှိနေတာလား..."
ရင်ပြင်အတွင်းရှိ လူများထံမှ တိုင်ပင်ဆွေးနွေးသံအမြောက်အများ ထွက်ပေါ်လာသည်။
ဤစူးစမ်းလေ့လာမှုကို စီမံအုပ်ချုပ်ခဲ့သော လူသည်လည်း မျက်မှောင်ကြုတ်ကာ အမျိုးသမီး၏ဝိညာဉ်မီးအိမ်ကို အလျှင်အမြန်သွားရောက်စစ်ဆေးလိုက်သည်။
ထိုအမျိုးသမီး၏ဝိညာဉ်မီးအိမ်သည် တောက်ပနေကာ အလွန်ကောင်းမွန်သောအခြေအနေ၌ ရှိနေပေ၏။
"ကြည့်ရတာတော့ အဲ့ဒီနေရာမှာ ပြဿနာတစ်ခုရှိသွားတာကြောင့် ဝင်္ကပါရဲ့ချိတ်ဆက်မှု ပျောက်ကွယ်သွားခဲ့ပုံပဲ"
လူတစ်ယောက်က ကျိုးကြောင်းဆက်စပ်၍ စဉ်းစားပြီးနောက် လက်မခံလိုသောလေသံဖြင့် ပြောဆိုသည်။
အကယ်၍ ဝင်္ကပါကြီးသာ ဆက်လက်၍တည်ရှိနေပါက ထိုအမျိုးသမီး၏အမြင်အာရုံမှတဆင့် သူတို့သည် မြို့အတွင်း၌ မည်သည့်ကိစ္စများ ဖြစ်ပွားသွားခဲ့သည်နှင့် နတ်ဆိုးသည် မည်သည့်အရာကိုမြင်၍ ထိတ်လန့်ကြောက်ရွံ့ကာ သေကြောင်းကြံစည်သွားသည်ကို ရှာဖွေဖော်ထုတ်နိုင်ပေမည်။
"ဒါပေမဲ့ အဲ့ဒီအဖြူရောင်ဝတ်စုံဝတ်လူငယ်က မြို့ထဲကနေ ထွက်လာခဲ့တာ....ဒါကြောင့် မြို့ထဲမှာ ဘာတွေဖြစ်နေလဲဆိုတာ သူ သိနိုင်တယ်"
"နင်းချင်က သူနဲ့အတူရှိနေမှတော့ တစ်ခုခုသိနိုင်မှာ သေချာတယ်..."
"အမှန်ပဲ..."
"နင်းချင်ထွက်လာတာကို စောင့်ကြည့်ကြရအောင်"
ရင်ပြင်ပေါ်ရှိလူများအားလုံး သဘောတူညီလိုက်ကြသည်။ကြည့်ရသည်မှာ သူတို့သည်စောင့်ဆိုင်းရုံသာ တတ်နိုင်ပေမည်။
"စီနီယာ ငါက ပျံသန်းပြီးတော့ ဒီမြို့ကို တစ်ချက်ကြည့်လို့ရမလား..."
မြို့အတွင်းမှမထွက်ခွာမီ အမျိုးသမီးသည် ရီဖုန်းကိုကြည့်ပြီး မေးမြန်းလိုက်သည်။
အကြောင်းအရင်းမှာ နတ်ဆိုးအား ဤကဲ့သို့ဖြစ်သွားစေရန် မြို့အတွင်း၌ မည်သည့်ကိစ္စများ ဖြစ်ပျက်သွားသည့်ကို သူမ အလွန်အမေး သိချင်သောကြောင့်ပင်။
"မင်း ဆန္ဒရှိသလို လုပ်နိုင်တယ်..."
ရီဖုန်းက တည်ငြိမ်စွာပြောဆိုသည်။
"စီနီယာကို ကျေးဇူးတင်ပါတယ်...."
အမျိုးသမီးသည် ဦးညွှတ်အရိုအသေပြုကာ ကျေးဇူးတင်စကားပြောဆိုပြီးနောက် အသက်ပြင်းပြင်းတချက်ရှိုက်လိုက်သည်။သူမသည် အဆင်သင့်ပြင်ဆင်ပြီးနောက်သူမ၏ခန္ဓာကိုယ်တစ်ခုလုံးရှိ စွမ်းအားများကိုဖြန့်ကျက်ကာ ဓားရှည်ကိုကိုင်၍ လေထုအတွင်းသို့ခြေချပြီး မိုးကောင်းကင်ယံအတွင်း၌ ဂရုတစိုက်ပျံသန်းလိုက်သည်။
သူမသည် မိုးကောင်းကင်ယံအတွင်းသို့ ပို၍မြင့်မားစွာပျံသန်းမိလေလေ သူမ ပို၍မြင်တွေ့နိုင်လေလေပင်။
အဆုံးသတ်၌ သူမသည် နတ်ဆိုး ပျံသန်းသွားခဲ့သောအမြင့်သို့ ရောက်ရှိသွားကာ မြို့တစ်မြို့လုံးကို မြင်နိုင်လေပြီ။
အကြည့်တစ်ချက်ဖြင့် သူမသည် သူမ၏နှုတ်ခမ်းကို ဖုံးအုပ်ပြီးနောက် မယုံကြည်နိုင်စွာဖြင့် အံ့အားတသင့်ရေရွတ်လိုက်သည်။
"ဘယ်လိုလုပ်ပြီး...ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ"
သူမသည် ဤမြင်ကွင်းကို သူမ၏မျက်လုံးဖြင့် ကိုယ်တိုင်မြင်တွေ့ရသည့်တိုင် ယုံကြည်နိုင်ခြင်းမရှိချေ။
ဤသည်မှာ အစစ်အမှန် မဟုတ်သည့်အလားပင်။
အကြောင်းအရင်းမှာ နတ်ဆိုးချိတ်ပိတ်မြို့အတွင်းရှိ လမ်းများပေါ်၌ နတ်ဆိုးများ၏အလောင်းများ ပြန့်ကျဲနေသောကြောင့်ပင်။
ထိုနတ်ဆိုးအလောင်းများ၏အရေအတွက်သည် ရာထောင်ချီ၍ ရှိနေပေ၏။
တချို့နေရာများတွင် အလောင်းများသည် တောင်ငယ်တလုံးစာပမာဏမျှ စုပုံနေသည်။
ဤသည်မှာ မြို့ပျက်ကြီးတစ်ခုအလားပင်။
သူမ၏ဘဝတလျှောက်လုံးတွင် ဤမျှထိများပြားသော နတ်ဆိုးများကို မြင်တွေ့ခဲ့ဖူးခြင်းမရှိချေ။
ထိုနတ်ဆိုးသည် မည်သည်ကြောင့် သေကြောင်းကြံစည်ရန် ရွေးချယ်သွားခဲ့သည်ကို သူမ နောက်ဆုံး၌ နားလည်သဘောပေါက်သွားလေပြီ။သူသည် အကူအညီရရန်ခေါ်ခဲ့သော်လည်း မြို့တစ်မြို့လုံးအတွင်းရှိ နတ်ဆိုးများ အသတ်ခံထားရသည်ကို ရှာဖွေတွေ့ရှိသွားသဖြင့် သူ၏စိတ်နှလုံးသား ပြိုလဲပျက်စီးသွားခြင်း ဖြစ်ပေမည်။
"ဘယ်သူက ဒီကိစ္စကြီးကို လုပ်ခဲ့တာလဲ"
သူမသည် ဇဝေဇဝါဖြစ်သွားလေ၏။
နောက်ထပ်အချိန်အခိုက်အတန့်တွင် သူမသည် တစ်စုံတစ်ခုကို အမှတ်ရသွားသဖြင့် ခရုကြီး၏နောက်ကျောပေါ်၌ ထိုင်နေသော ရီဖုန်းကို အလျှင်အမြန်ကြည့်လိုက်သည်။
"ဖြစ်နိုင်တာတော့...."
ဤဖြစ်နိုင်ချေကို တွေးသောမိချိန်၌ သူမ၏မျက်လုံးများ ပြူးကျယ်သွားသည်။
သူမသည် မြေပြင်ပေါ်သို့ ဆင်းသက်လိုက်ကာ သူမ၏စိတ်အတွင်းရှိ သံသယများနှင့်ပတ်သက်ပြီး ရီဖုန်းကို မေးမြန်းလိုက်သည်။
"အော် ဒါလား....ဒါက ငါလုပ်ခဲ့တာပဲ...ငါက လူသားတွေအတွက် အဲ့ဒီနတ်ဆိုးတွေကို အမြစ်ပြတ်သုတ်သင်ခဲ့တယ်"
ရီဖုန်းက မတုန်မလှုပ်လေသံဖြင့် ပြောဆိုသည်။
သူသည် ဤစကားများကိုပြောဆိုနေစဉ်တွင် အနည်းငယ်စိတ်ဓာတ်ကျနေဆဲပင်။မြို့အတွင်း၌ နတ်ဆိုးအမြောက်အများရှိသည့်တိုင်သူတို့အနက်မှမည်သည့်တကောင်မျှ သူ၏အသက်ကို ခြိမ်းခြောက်နိုင်ခဲ့ခြင်းမရှိချေ။
ထိုစကားကိုကြားချိန်တွင် အမျိုးသမီးသည် ပါးစပ်အဟောင်းသားဖြစ်သွားပေ၏။
သူမသည် ဤကိစ္စကို မှန်းဆနိုင်ပြီးဖြစ်သည့်တိုင် ရီဖုန်း၏အတည်ပြုချက်ကို ကြားလိုက်ရသော အချိန်အခိုက်အတန့်၌ သူမ၏စိတ်နှလုံးသား တုန်ရီသွားသည်။
လမ်းများပေါ်၌ နတ်ဆိုးအလောင်းများ မည်မျှထိများများ ရှိနေသနည်း....
ဤသည်မှာ သူမ၏ရှေ့တွင်ရှိနေသော ဆရာကြီး၏လက်ချက်ဖြစ်ကြောင်း သူမတွေးတောကြည့်နိုင်ရန်ပင် အလွန်ခက်ခဲသည်။
"စီနီယာက ဒီနတ်ဆိုးမြို့ကိုရောက်နေတာ အချိန်အတော်ကြာနေပြီဖြစ်မယ်.. ဒီလောက်ထိများပြားတဲ့နတ်ဆိုးတွေကို သတ်ခဲ့မှတော့ စီနီယာရဲ့အချိန်တွေအများကြီး အသုံးပြုခဲ့ရမှာပဲ"
အမျိုးသမီးက လေးစားကြည်ညိုသောအမူအယာဖြင့် ပြောဆိုသည်။
"စီနီယာက လူသားတွေရဲ့ကောင်းကျိုးအတွက်နဲ့ ဒီနေရာကိုလာပြီးတော့ ပြင်းပြင်းထန်ထန်ကြိုးစားခဲ့တယ်....ဒါက လူသားမျိုးဆက်တွေအတွက် ကြီးမားတဲ့ ကံကြမ္မာကောင်းကြီးတစ်ခုပဲ"
"ဒါက လူသားတွေရဲ့ကံကြမ္မာကောင်းဖြစ်တယ်ဆိုတာကတော့ ပြောဖို့ မလိုဘူး"
ရီဖုန်းက သူ၏လက်ကိုဝှေ့ယမ်းပြီး ပေါ့ပေါ့ပါးပါးပြောဆိုသည်။
"ဒါပေမဲ့ အဲဒီနတ်ဆိုးတွေကိုသတ်တာက ငါ ဘာမှတောင် အင်အားမစိုက်ခဲ့ရဘူး...သူတို့အားလုံးကိုသတ်ဖို့အတွက် အချိန်နှစ်ရက်ပဲ ကြာခဲ့တယ်"
Chapter 883
ရီဖုန်း၏စကားကိုကြားချိန်၌ အမျိုးသမီး၏မျက်နှာပေါ်တွင် မေးခွန်းထုတ်လိုသောအရိပ်အယောင်များ ထင်ဟပ်လာသည်။
သူမ၏ခန္ဓာကိုယ်တစ်ခုလုံးသည် ရေခဲရုပ်ထုတစ်ခုအလား နေရာမှာပင် တောင့်တင်းနေပေ၏။
"နှစ်ရက်တိတိလား..."
နင်းချင်က မေးမြန်းသည်။
"အမှန်ပဲ...."
ရီဖုန်းက စိတ်ခံစားချက်အပြည့်ဖြင့် ပြောဆိုသည်။
"တိတိကျကျပြောရရင် အဲ့ဒီကိစ္စက နှစ်ရက်နဲ့တစ်နာရီကြာခဲ့တယ်...ငါက ကြားထဲမှာမနားခဲ့ရဘူး...ဒါကြောင့် ငါ အရမ်းပင်ပန်းတယ်"
အမျိုးသမီး၏နှုတ်ခမ်း မဲ့ရွဲ့သွားကာ သူမသည် အချိန်အတော်ကြာသည်အထိ တိတ်ဆိတ်ငြိမ်သက်နေပေ၏။
သို့ရာတွင် ဤဆရာကြီးနှင့်ပတ်သက်ပြီး သူမ အလွန်သိချင်စိတ်ပြင်းပြနေသည်။
ဤကဲ့သို့ လူတစ်ယောက်သည် ထျန်းယုနယ်မြေအတွင်း၌ အမည်မသိလူတစ်ယောက် မဖြစ်သင့်ချေ။
သို့ရာတွင် သူ၏အကြောင်းကို သူမ တစ်ကြိမ်တစ်ခါမျှ မကြားခဲ့ဖူးပေ။
သူမသည် ရီဖုန်း၏နောက်သို့လိုက်ပြီး မန်မန်၏ကျောပေါ်သို့တက်ကာ ခရီးဆက်ခဲ့တော့သည်။
လမ်း၌စကားပြောဆိုနေစဉ်အတောအတွင်း ရီဖုန်းက ဤအမျိုးသမီး၏နာမည်သည် နင်းချင်ဖြစ်ကြောင်း သိရှိခဲ့ရသည်။
နင်းချင်သည် ယခင်က နတ်ဆိုးများ၏လက်အတွင်း၌ ဒဏ်ရာရရှိထားကာ ကုသနိုင်ခြင်းမရှိသေးချေ။ထို့ကြောင့် မန်မန်၏အရှိန်နှုန်းကို သူမ တောင့်ခံနိုင်ခြင်းမရှိတော့ဘဲ သတိလစ်မေ့မြောသွားတော့သည်။
နင်းချင် နိုးထလာချိန်၌ သူမသည် သေးငယ်သောထပ်ခိုးတစ်ခုအတွင်း၌ ရှိနေကြောင်း ရှာဖွေတွေ့ရှိခဲ့သည်။
အောက်ထပ်တွင် သူမကို ခိုးကြောင်ခိုးဝှက်ကြည့်နေသော ပုံရိပ်အမြောက်အများ ရှိနေပေ၏။
"အရှင်....ငါတို့ ဘာဆက်လုပ်ကြမလဲ"
ကုံးတက စိတ်လှုပ်ရှားစွာဖြင့် မေးမြန်းသည်။
"အဲ့ဒီနတ်ဆိုးကောင်က ထွက်သွားခဲ့ပေမယ့် မိန်းကလေးတစ်ယောက်ကို ဒီနေရာမှာ ထားခဲ့တယ်....ဒါက ဘာသဘောလဲ"
"ငါတို့က အဲ့ဒီမိန်းမကို သတ်ရမှာလား"
ဖြောင်း....
ဟေးယင်က ကုံးတကို ပါးဖြတ်ရိုက်ပြီး အော်ငေါက်လိုက်သည်။
"မင်း ရူးနေတာလား..."
"အဲ့ဒီမိန်းကလေးက နတ်ဆိုးကောင်ရဲ့လူဖြစ်နေမှတော့ တကယ်လို့ သူ သေသွားမယ်ဆိုရင် နတ်ဆိုးက ငါတို့ကို ဒုက္ခပေးမှာမဟုတ်ဘူးလား"
ဟေးယင်က ပြောဆိုသည်။
"ဒါကြောင့် ငါတို့က အဲ့ဒီအမျိုးသမီးကို ဘာအနှောင့်အယှက်မှမပေးတဲ့အပြင် သူ့ကို ကောင်းကောင်းကူညီထောက်ပံ့ပေးရမယ်...သူ့ကို သေသေချာချာ ဂရုစိုက်ပေးမယ်ဆိုရင် နတ်ဆိုးက ငါတို့ကို ပြဿနာရှာမှာ မဟုတ်ဘူး"
"ဒါပေမဲ့ တကယ်လို့ အဲ့ဒီလိုကိစ္စရှိနေရင်တောင် ငါတို့ရဲ့မြို့တစ်မြို့လုံး လူသားအသွင်ဆောင်ရတဲ့အစီအစဉ်ကြီးကို ဆက်လုပ်ရမယ်မဟုတ်လား...."
ကုံးတက ဝန်လေးစွာဖြင့်ပြောဆိုသည်
"တကယ်လို့ အဲဒီအမျိုးသမီးက တစ်နှစ်ကြာပြီးမှ ထွက်သွားမယ်ဆိုရင် ငါတို့က နောက်ထပ်တစ်နှစ်လုံးလုံး ဂရုစိုက်ပြီးတော့ သရုပ်ဆောင်ရမယ်...တကယ်လို့ သူက ဆယ်နှစ်ကြာတဲ့အထိ ထွက်မသွားဘူးဆိုရင် ငါတို့က ဆယ်နှစ်လုံးလုံး သရုပ်ဆောင်ရမှာလား"
"စိတ်ငြိမ်ငြိမ်ထားစမ်း..."
ဟေးယင်က လက်ညှိုးတစ်ချောင်းထောင်ပြပြီး တည်ကြည်လေးနက်စွာပြောဆိုသည်။
"တကယ်တော့ ငါ အဲ့ဒီကိစ္စကို သေချာစဉ်းစားပြီးပြီ...ငါတို့တွေက လူသားတွေလို အယောင်ဆောင်ရတာ ဘာပြဿနာမှမရှိဘူး...ချက်ပြုတ်ရတာနဲ့ ဝိုင်အရက်ဖော်စပ်ရတာကလည်း အဆင်ပြေတယ်"
"ငါတို့နတ်ဆိုးတွေအတွက် လူသားတွေလိုဟန်ဆောင်နိုင်တဲ့ အရည်အချင်းရှိနေတာက ဘယ်လောက်တောင် အကျိုးကျေးဇူးရှိလိုက်လဲ"
"နောက်အနာဂတ်ကျရင် လူသားတွေနဲ့နတ်ဆိုးတွေကြားမှာ တိုက်ပွဲတစ်ခု ဖြစ်လာလိမ့်မယ်...ငါတို့မှာ ဒီအရည်အချင်းရှိနေရင် တကယ်လို့ နတ်ဆိုးတွေက အနိုင်မယူနိုင်တော့တဲ့ နေ့ရက်မျိုးရှိလာမယ်ဆိုရင်တောင် လူသားတွေလိုအယောင်ဆောင်ပြီးတော့ လူသားမျိုးနွယ်ထဲမှာ ရောနှောပြီးနေနိုင်လိမ့်မယ်...သူတို့တွေကို အတွင်းကနေ ပြိုကွဲအောင် လုပ်နိုင်တယ်"
ထိုစကားကိုကြားချိန်တွင်....
ကုံးတနှင့်ကုံးအာတို့က ဤသည်မှာ အလွန်ကျိုးကြောင်းဆီလျော်သည်ဟု ခံစားမိပေ၏။
"အရှင်ဟေးယင်က အမြင်ကျယ်ပြီးတော့ နတ်ဆိုးမျိုးနွယ်အတွက် ပင်ပင်ပန်းပန်းကြိုးစားခဲ့တာပါလား..."
"အရှင်က အရမ်းတော်တယ်..."
ဟေးယင်သည် သူ၏လက်ကိုနောက်ပစ်ပြီး ဂုဏ်ယူဝံ့ကြွားစွာ ပြောဆိုသည်။
"မင်းတို့က အတွေ့အကြုံမရင့်ကျက်သေးတာကြောင့် မင်းတို့ရဲ့အမြင်ကျဉ်းတာက ပုံမှန်ပါပဲ..."
သူတို့သည် စကားပြောဆိုပြီးနောက် မူလနတ်ဆိုးခန္ဓာကိုယ်များမှနေ၍ လူသားများအသွင်ပြောင်းလဲကာ အပေါ်ထပ်သို့ တက်သွားကြသည်။
သူတို့အားလုံး သတိပြုမိခြင်းမရှိသော်လည်း ထိုမြင်ကွင်းကို အစောပိုင်းကနိုးထလာသော နင်းချင်မှ အပြည့်အဝမြင်တွေ့ပြီးဖြစ်သည်။
နင်းချင်သည် သူတို့ ပြောဆိုနေသောစကားများကို မကြားသော်လည်း သူတို့ လူသားအသွင်ဆောင်သည့်မြင်ကွင်းကို မြင်တွေ့ပြီးလေပြီ။
သူမသည် အသက်ရှူနှုန်းကိုထိန်းသိမ်းကာ နံရံ၌မှီ၍လဲလျောင်းပြီး ဤနတ်ဆိုးများမှ သူမအား ရှာဖွေတွေ့ရှိသွားမည်ကို ထိတ်လန့်ကြောက်ရွံ့နေသည်။
သို့ရာတွင် ထိုသို့ဆိုသည့်တိုင် သူမ၏နဖူးပြင်မှနေ၍ ဇောချွေးများယိုစီးကျနေကာ သူမ၏နှလုံးခုန်နှုန်း အလွန်အမင်းလျှင်မြန်နေသည်။
ဦးခေါင်းတွင် ဦးချိုပါသော ဝံပုလွေနတ်ဆိုး...
ဤကြောက်မက်ဖွယ်ကောင်းသော ဆဋ္ဌမအဆင့်တားမြစ်နယ်မြေကို စူးစမ်းလေ့လာချိန်တွင် မရေမတွက်နိုင်သော လူသားများ သေဆုံးသွားခဲ့ကာ ဤသတင်းတစ်ခုတည်းကိုသာ ပြန်ရခဲ့သည်။
နတ်ဆိုးများကို မျိုးနွယ်များပိုင်းခြားထားကာ ဝံပုလွေနတ်ဆိုးများအကြား၌ပင် ကွဲပြားခြားနားမှုများရှိနေသည်။ထိုနတ်ဆိုးများသည် သတ်မှတ်ထားသော ခွန်အားအဆင့်သို့ ရောက်ရှိချိန်တွင် သူတို့၏ခေါင်းများပေါ်၌ ဦးချိုများ ပေါက်ဖွားလာသည်။ထို့ကြောင့် အကယ်၍ လူသားများသည် ဦးချိုပါဝံပုလွေနတ်ဆိုးများနှင့်ရင်ဆိုင်ကြုံတွေ့ရပါက အလျှင်အမြန်ရှောင်တိမ်းရပေမည်။
ကောလဟာလများသည် အနည်းငယ်ဝေဝါးသော်လည်း အခြေအမြစ်မရှိသောကိစ္စများမဟုတ်သည်မှာ သေချာပေါက်ပင်။
အနည်းဆုံးအနေဖြင့် နင်းချင်အတွက် ဤဝံပုလွေနတ်ဆိုး၏ခွန်အားသည် သူမ တွေးထင်ထားသည်ထက် များစွာပို၍ကျော်လွန်နေသည်။
အကယ်၍ လူသားမျိုးနွယ်၏ကျင့်ကြံဆင့် သတ်မှတ်ချက်အရ တိုင်းတာပါက ဤဝံပုလွေနတ်ဆိုးသည် အနည်းဆုံးအနေဖြင့် တာအိုပေါင်းစပ်ခြင်း သို့မဟုတ် တာအိုသက်သေပြုခြင်းနယ်ပယ်၌ ရှိနေပေမည်။
သူမသည် သတိလစ်လစ်မေ့မြောနေရာမှ နိုးထလာပြီးနောက် ဤဒဏ္ဍာရီလာနတ်ဆိုးကို မြင်တွေ့ရသည့်အပြင် သူမနှင့်အနီးကပ်ရှိနေမည်ဟု တစ်ကြိမ်တခါမျှ တွေးထင်မထားမိချေ။
ဒေါက်...ဒေါက်...
ထိုအချိန်မှာပင် တံခါးခေါက်သံ ထွက်ပေါ်လာသည်။
ဤသည်မှာ နင်းချင်၏အာရုံကြောများကို နိုးကြားသွားစေပြီး သူမ၏နူးညံ့သေးသွယ်သောခန္ဓာကိုယ်လေး တုန်ရီသွားပေ၏။
ဒေါက်...ဒေါက်...ဒေါက်...
တံခါးခေါက်သံများ ထပ်မံ၍ ထွက်ပေါ်လာသည်။
နင်းချင်၏အာရုံကြောများ ပို၍တင်းမာလာကာ သူမ၏အရှိန်အဝါကို အဆုံးစွန်ဆုံးအဆင့်ထိ ဖုံးကွယ်ထားပြီး အသက်ပင်ရှူဝံ့ခြင်း မရှိတော့ချေ။
သို့ရာတွင်....
တံခါးသည် တွန်းဖွင့်ခြင်းခံလိုက်ရမည်ဟု သူမ မျှော်လင့်မထားမိချေ။
အစောပိုင်းက သူမ မြင်တွေ့ခဲ့ရသော ကြောက်မက်ဖွယ်ကောင်းသည့် ဝံပုလွေနတ်ဆိုးနှင့်တခြားနတ်ဆိုးများသည် လူသားများအသွင်သို့ပြောင်းလဲ၍ အခန်းအတွင်းသို့ ဝင်ရောက်လာကြသည်။
ထို့နောက် သူမနှင့် အကြည့်ချင်းဆုံမိကြလေ၏။
'ဒါက အဆုံးသတ်သွားပြီ....'
နင်းချင်က သူမ၏စိတ်နှလုံးသားအတွင်းမှနေ၍ ညည်းတွားလိုက်သည်။
သူမ၏မျက်နှာဖြူရော်သွားကာ သူမ၏မျက်လုံးအတွင်း၌ စိတ်ပျက်အားငယ်မှုများဖြင့် ပြည့်နှက်သွားသည်။
အဆုံးသတ်၌ သူမကို ရှာတွေ့သွားကြလေပြီ။
သူမသည် သူမ၏မျက်လုံးကိုစုံမှိတ်ကာ သေဆုံးရန်အတွက် စောင့်ဆိုင်းလိုက်သည်။
ဤအဆင့်နတ်ဆိုးတစ်ကောင်းနှင့် ရင်ဆိုင်ကြုံတွေ့ပြီးနောက် သူမ အသက်ရှင်ရက်လွတ်မြောက်နိုင်မည်ဟု တွေးထင်ထားခြင်းမရှိတော့ချေ။
သို့ရာတွင်...
ကြောက်မက်ဖွယ်ကောင်းသော ဝံပုလွေနတ်ဆိုးသည် ရင်းနှီးဖော်ရွေသောမျက်နှာအမူအယာဖြင့် သူမ၏လက်ကို ဆုပ်ကိုင်လိုက်မည်ဟု သူမ မျှော်လင့်မထားမိချေ။
ထို့နောက် သူ၏ပါးစပ်မှနေ၍ နူးညံ့ညညင်သာသောအသံတစ်သံ ထွက်ပေါ်လာသည်။
"အိုး လှပချောမောတဲ့ မိန်းကလေးနင်းချင်...မင်း နိုးလာပြီလား ..."
"ဒါက အရမ်းကောင်းတာပဲ...""
"မင်း အိပ်ယာပေါ်မှာ အနားမယူဘဲနဲ့ ဘာလို့ ဒီနေရာမှာ မတ်တတ်ရပ်နေတာလဲ"
"မင်းရဲ့မျက်နှာလေးကိုကြည့်ရတာ ရှုံမဲ့ပြီးတော့ ကြောက်နေသလိုပဲ....မင်း ဗိုက်ဆာနေတာလား"
"ဒါက ငါ့အပြစ်ပါ...မိန်းမလှလေးနင်းချင်အတွက် အရသာရှိတဲ့ စားကောင်းသောက်ဖွယ်တွေကို ငါ မပြင်ဆင်ထားမိဘူး..."
"မိန်းမလှလေးနင်းချင်...ကျေးဇူးပြုပြီးတော့ မင်း အနားယူဖို့အတွက် ငါ့ကို အိပ်ယာဆီ ခေါ်သွားခွင့်ပြုပါ"
"ဒါ့ပြင် မိန်းမလှလေးနင်းချင်အတွက် ငါက အရသာရှိတဲ့ စားကောင်းသောက်ဖွယ်တွေကို မြန်မြန်လေးပြင်ဆင်ပေးပါ့မယ်"
Chapter 884
"ကျေးဇူးပြုပြီးတော့ ငါကိုယ်တိုင်လုပ်ထားတဲ့ ကြက်ဥမွှေကြော်ကို မြည်းကြည့်ပါအုံး"
ဟေးယင်သည် ခရမ်းချဉ်သီးကြက်ဥမွှေကြော်ပန်းကန်ကို ယူဆောင်လာကာ နင်းချင်ကိုလက်ကမ်းပေးပြီး ယဉ်ကျေးသိမ်မွေ့စွာပြောဆိုသည်။
နင်းချင်သည် ကြက်သေသေသွားလေ၏။
ဤမျှထိ မျက်နှာချိုသွေးနေသည်မှာ ဒဏ္ဍာရီလာ ကြောက်မက်ဖွယ်ဝံပုလွေနတ်ဆိုး ဖြစ်နိုင်ပါသလော....
သူမရှေ့ရှိအရာရာတိုင်းသည် အစစ်အမှန်မဟုတ်သည့်အလား သူမ ခံစားနေရသည်။
ဤနတ်ဆိုးတစ်စုသည် သူမအား ယဉ်ကျေးသိမ်မွေ့စွာဆက်ဆံပြီး အလွန်နူးညံ့ညင်သာစွာ စကားပြောဆိုနေကြ၏။
သို့ရာတွင် သူတို့၏လေသံများ၌ တစ်စုံတစ်ခုကို အနည်းငယ်ဖုံးကွယ်ထားသော အရိပ်အယောင်များ ပါဝင်နေသည်။
ဤသည်မှာ လိမ်လည်လှည့်စားမှုတစ်ခု ဖြစ်နေသလော...
သို့ရာတွင် ဤသို့ မဖြစ်သင့်ချေ။
ဆဋ္ဌမအဆင့်တားမြစ်နယ်မြေကို ယခင်က စူးစမ်းလေ့လာခဲ့သော ကျင့်ကြံသူများထံမှ ရရှိသည့်သတင်းများအရ ဤဦးချိုပါဝံပုလွေနတ်ဆိုးသည် စူးစမ်းလေ့လာရေး အဖွဲ့တစ်ဖွဲ့လုံးကို သတ်ခဲ့သည့် နတ်ဆိုးပင်။
ထို့ပြင် ထိုစူးစမ်းလေ့လာရေးအဖွဲ့၌ တာအိုကြေးမုံနယ်ပယ် ထိပ်သီးအစွမ်းထက်ကျင့်ကြံသူ အမြောက်အများပါဝင်သည်။
ဤဦးချိုပါဝံပုလွေနတ်ဆိုးသည် အလွန်အစွမ်းထက်သဖြင့် သူမအား လွယ်လွင့်တကူသတ်ဖြတ်နိုင်ပေရာ မည်သည်ကြောင့် သူမကို မျက်နှာချိုသွေး၍ လိမ်လည်လှည့်ဖျားနေရန် လိုအပ်မည်နည်း။
"နင်...နင်တို့..."
နင်းချင်သည် စိတ်တည်ငြိမ်အောင်ထိန်းသိမ်းပြီး နောက်သို့ခြေနှစ်လှမ်းခန့် အလျှင်အမြန်ဆုတ်ကာ ထိတ်လန့်ကြောက်ရွံ့စွာဖြင့် ဟေးယင်ကို ကြည့်လိုက်သည်။
"အိုး ဘုရားရေ...ဘယ်လိုတောင် အရေးမပါတာလဲ..ငါက ငါ့ကိုယ်ငါ့ မိတ်ဆက်ပေးဖို့ မေ့နေတယ်"
ဟေးယင်သည် သူ၏ရင်ဘတ်ပေါ်သို့ သူ့၏လက်များကိုတင်ကာ အလွန်အမင်းလူကြီးလူကောင်းဆန်သောအမူအယာကို ပြုလုပ်ပြီး နူးညံ့သိမ်မွေ့စွာပြောဆိုသည်။
"လေးစားရတဲ့ မိန်းမလှလေးနင်းချင်...ကျေးဇူးပြုပြီးတော့ ငါ့ကိုယ်ငါ မိတ်ဆက်ပေးပါရစေ"
"မင်းက ငါ့ကို ဝံပုလွေလေးလို့ ခေါ်နိုင်တယ်..."
ထိုစကားကိုပြောဆိုပြီးနောက် ဟေးယင်က အပြုံးမျက်နှာဖြင့် နင်းချင်ကို ကြည့်လေသည်။
သို့ရာတွင် နင်းချင်သည် သတိကြီးစွာထား၍ သူတို့အား စောင့်ကြည့်နေဆဲဖြစ်ကြောင်း ဟေးယင်က မြင်တွေ့မိသည်။
ထိုမြင်ကွင်းကိုကြည့်ပြီး ဟေးယင်သည် ကုံးတနှင့်ကုံးအာတို့ကို ကန်ကျောက်ကာ အော်ငေါက်လိုက်၏။
"ဟမ့်...မိုက်မဲတဲ့ခွေးမသားတွေ...မင်းတို့က ဘာလို့ မင်းတို့ကိုယ်မင်းတို့ မိတ်ဆက်မပေးကြတာလဲ"
ကုံးတနှင့်ကုံးအာတို့သည် သူတို့ကိုယ်သူတို့ အလျှင်အမြန်မိတ်ဆက်ပေးလေ၏။
သူတို့နှစ်ယောက်၏မိတ်ဆက်ပေးမှု အဆုံးသတ်သွားချိန်တွင် ဟေးယင်က နူးညံ့ညင်သာစွာပြောဆိုသည်။
"မိန်းမလှလေးနင်းချင်...ငါတို့အားလုံးက ဆရာကြီးရီဖုန်းရဲ့ သူငယ်ချင်းတွေပါ... ဆရာကြီးက သူ ထွက်မသွားခင်မှာ မင်းကိုကောင်းကောင်းစောင့်ရှောက်ဖို့ ငါတို့ကို မှာခဲ့တယ်"
"ရီဖုန်းလား...."
နင်းချင်သည် ထိတ်လန့်တုန်လှုပ်သွားပေ၏။
ထိုအချိန်ကျမှသာ နတ်ဆိုးချိတ်ပိတ်ခြင်းမြို့အတွင်း၌ နတ်ဆိုးများအား သတ်ဖြတ်ခဲ့သည့် အဖြူရောင်ဝတ်စုံဝတ်ဆရာကြီးကို သူမ ပြန်လည်အမှတ်ရမိသည်။
သူမရှေ့ရှိ နတ်ဆိုးများသည် သူမအား ထိခိုက်နာကျင်အောင် လုပ်ရမည့်အစား မည်သည်ကြောင့် သူမကို အလွန်ယဥ်ကျေးလိမ်မွေ့စွာဆက်ဆံနေသည်အား နောက်ဆုံး၌ သူမ နားလည်သဘောပေါက်သွားလေပြီ။
ယခုကြည့်ကြည့်တော့မှ ဤကိစ္စများအားလုံးသည် ရီဖုန်းကြောင့်ပင်။
ရီဖုန်းသည် မည်မျှထိ သန်မာအားကောင်းနေသဖြင့် လူသားမျိုးနွယ်၏အလွန်အန္တရာယ်များသောစာရင်းတွင်ရှိသည့် ဝံပုလွေနတ်ဆိုးသည် သူမအား ယခုကဲ့သို့ ယဉ်ကျေးလိမ်မွေ့စွာ ဆက်ဆံနေသနည်း။
ဟေးယင်၏စကားကိုနားထောင်ပြီးနောက် ရီဖုန်းထွက်ခွာသွားသည်ကို သူမ သိရှိသွားသည်။
သူမသည် စိတ်ပျက်လက်ပျက်ဖြင့် သူမ၏ခေါင်းကို အနည်းငယ်ငုံလိုက်၏။
အမှန်တကယ်ကိုပင် သူမတို့နှစ်ယောက်သည် တူညီသောကမ္ဘာလောက၌ ရှိမနေချေ။သူမတို့နှစ်ယောက်အကြား၌ တိုက်ဆိုင်မှုတစ်ခုရှိခဲ့သည်ကပင် အံ့အားသင့်ဖွယ်ကောင်းနေလေရာ မည်သည်ကြောင့် တိုက်ဆိုင်မှုများ ပို၍ရှိနေနိုင်မည်နည်း။
သို့ရာတွင် ရီဖုန်းသည် မည်သည်ကြောင့် သူမအားစောင့်ရှောက်ရန် နတ်ဆိုးများကို ပြောဆိုခဲ့သည်နှင့်ပတ်သက်ပြီး သူမ အလွန်သိချင်စိတ်ပြင်းပြနေသည်။
ထို့ပြင် မည်သည်ကြောင့် နတ်ဆိုးများသည် လူသားမြို့အတွင်း၌ ပြောင်ပြောင်တင်းတင်းအသွင်ပြောင်းဝံ့သနည်း။
သူမ၏စိတ်နှလုံးသားအတွင်း၌ ဖွင့်ဟမေးမြန်းနိုင်ခြင်းမရှိသော သံသယများဖြင့် ပြည့်နှက်နေသည်။
ဝံပုလွေနတ်ဆိုးသည် သူမအား မည်သည်ကြောင့် အလွန်ယဉ်ကျေးသိမ်မွေ့စွာ ဆက်ဆံနေသည်ဟူသော အကြောင်းအရင်းကို သူမ ရှာဖွေဖော်ထုတ်နိုင်ခဲ့သည်။သူမသည် အန္တရာယ် မကျရောက်နိုင်သည်ကို သိရှိသွားသော်လည်း ဤနတ်ဆိုးများနှင့် များစွာထိတွေ့ဆက်ဆံလိုခြင်းမရှိချေ။
"နင်တို့ရဲ့ဧည့်ဝတ်ကျေပွန်မှုအတွက် ကျေးဇူးတင်ပါတယ်...ငါ့ရဲ့ဒဏ်ရာတွေက ကောင်းသွားပါပြီ...ဒါကြောင့် ငါ နှုတ်ဆက်ပါရစေ"
နင်းချင်သည် အမူအယာကင်းမဲ့သောမျက်နှာဖြင့်ပြောဆိုကာ ပြတင်းပေါက်ကိုတွန်းဖွင့်ပြီး ထွက်ခွာသွားရန်ဟန်ပြင်လိုက်သည်။
သို့ရာတွင် သူမသည် ပြတင်းပေါက်ကိုဖွင့်ပြီးသည်နှင့် ကြက်သေသေသွားလေ၏။
မိုးကောင်းကင်ယံကြီးတခွင်လုံး မီးခိုးရောင်သန်းနေကာ အနက်ရောင်မြူခိုးများက နေရာအနှံ့အပြား၌ ရစ်သိုင်းလွှမ်းခြုံနေပြီး လေထုအတွင်းရှိ အငွေ့အသက်များသည် မှုန်မှိုင်းနေပေ၏။
ဤသည်မှာ....
ဤခံစားချက်သည် သူမ နတ်ဆိုးချိတ်ပိတ်မြို့အတွင်း၌ ရှိနေစဉ်အချိန်နှင့် ထပ်တူထပ်မျှပင်။
ဤသည်မှာ သူမ၏စိတ်နှလုံးသားအတွင်း၌ ဆိုးရွားသောခံစားချက်တစ်ခုကို ရရှိစေသည်။
အမှန်အားဖြင့် ဤနေရာရှိ ပတ်ဝန်းကျင်အခြေအနေ မူမမှန်သည်ကို သူမ ရှာဖွေတွေ့ရှိခဲ့သင့်သည်။သို့ရာတွင် သူမ ပထမဆုံးအကြိမ်နိုးထလာစဉ်၌ သူမ၏စိတ်သည် ဝံပုလွေနတ်ဆိုးတို့အုပ်စုထံသို့ အခိုင်အမာကျရောက်နေသဖြင့် ပတ်ဝန်းကျင်အခြေအနေကို အနည်းငယ်မျှ အာရုံစိုက်မိခြင်းမရှိချေ။
"ဒါက...ဒါက ဘယ်နေရာလဲ"
သူမသည် ဝံပုလွေနတ်ဆိုးတို့အုပ်စုကို ဆက်ဆံလိုခြင်းမရှိသည့်တိုင် ဤအချိန်အခိုက်အတန့်တွင် ဂရုမစိုက်နိုင်တော့ဘဲ ကူကယ်ရာမဲ့စွာဖြင့် သူမ၏ခေါင်းကို နောက်သို့ပြန်လှည့်ပြီး မေးမြန်းလိုက်သည်။
"နတ်ဆိုးမြို့..."
ကုံးတက အဖြေပေးရန်အတွက် သူ၏ပါးစပ်ကို ဖွင့်ဟလိုက်သည်။
သူ၏စကားအဆုံးသတ်သွားသော အချိန်မှာပင် ဟေးယင်က သူ၏ခေါင်းကို ဖြတ်ရိုက်လိုက်သည်။
"မင်း ဘာလို့ ပေါက်ကရစကားတွေ ပြောနေတာလဲ...ဒါက မိုချမ်မြို့ဆိုတာ အသိသာကြီးလေ...အမှန်ပဲ...ဒီနေရာက မိုချမ်မြို့ပဲ"
ထိုသို့ပြောဆိုပြီးနောက် ဟေးယင်က နင်းချင်ကိုကြည့်ကာ ရှင်းပြလေသည်။
"ဟူး မိန်းမလှလေးနင်းချင်...ဒီကောင်းကျိုးမပေးတဲ့ကောင်ရဲ့ ပေါက်ကရစကားတွေကို နားမထောင်နဲ့...ဒီနေရာက မိုချမ်မြို့ပါ"
"မိုချမ်မြို့လား...."
နင်းချင်၏မျက်လုံးများ တောက်ပသွားကာ သူမ၏စိတ်အတွင်း၌ မိုချမ်မြို့နှင့်ပတ်သက်သည့် အကြောင်းအရာများကို ရှာဖွေလိုက်သည်။
သို့ရာတွင် သူမ မည်မျှထိ စဉ်းစားသည်ဖြစ်စေ မိုချမ်မြို့ဟုခေါ်သောနေရာကို ရှာဖွေနိုင်ခြင်းမရှိချေ။
"ငါ သွားတော့မယ်....နှုတ်ဆက်ခဲ့ပါတယ်"
နင်းချင်သည် ဟေးယင်၏တုံပြန်မှုကို လျစ်လျူရှုပြီး ပြတင်းပေါက်မှတဆင့် ပျံသန်း၍ထွက်ခွာခဲ့သည်။ဤအချိန်အခိုက်အတန့်၌ သူမ မည်သည့်နေရာသို့ ရောက်ရှိနေသည့်အား ရှာဖွေဖော်ထုတ်ရန် ဆန္ဒစောနေပေ၏။
သူမသည် လမ်းများပေါ်သို့ ရောက်ရှိသွားချိန်၌ ဖြတ်သားဖြတ်လာလူများ ရှိနေသည့်အပြင် စျေးဆိုင်များခင်းကျင်း၍ ရောင်းချနေသော ဈေးသည်များကိုလည်း မြင်တွေ့မိသည်။
သို့ရာတွင် မည်သည့်အကြောင်းအရင်းကြောင့်ဟု မသိသော်လည်း ထိုလူများသည် သူမအား မသိမသာဖြစ်စေ သိသိသာသာဖြစ်စေ အာရုံစိုက်နေသည်ဟု သူမ အစဉ်အမြဲခံစားနေရသည်။
ထို့ပြင် ဤနေရာရှိလူသားများကို ကြည့်ရသည်မှာ အလွန်ထူးဆန်းပေ၏။
သူမ အလွန်အမင်း စိတ်မသက်မသာခံစားနေရသည့်အပြင် သူတို့သည် သာမန်လူသားများနှင့် အနည်းငယ်ကွဲပြားခြားနားနေသည်။
ထို့ပြင် ဤမြို့၏မြို့ရိုးများသည် နတ်ဆိုးချိတ်ပိတ်မြို့နှင့် အလွန်တူညီနေသဖြင့် သူမ၏စိတ်အတွင်း၌ ဆိုးရွားသောနိမိတ်တစ်ခု ရရှိလာသည်။
သူမ၏ရှေ့ရှိမြို့သည် လူသားများနေထိုင်သောမြို့ မည်သည့်နည်းနှင့်မျှ မဖြစ်နိုင်ချေ။
ထို့ပြင် ဤမြို့သည် နတ်ဆိုးချိတ်ပိတ်မြို့နှင့် တူညီနေပေ၏။
ထိုအကြောင်းကိုတွေးတောရင်း နင်းချင်၏ခန္ဓာကိုယ် တုန်ရီသွားသည်။အကယ်၍ ဤကဲ့သို့ကိစ္စမျိုးရှိနေပါက သူမ၏ရှေ့၌ မြင်တွေ့နေရသောလူသားများသည် .....
သူမသည် ဤကိစ္စကို ဆက်၍တွေးတောဝံ့ခြင်း မရှိတော့သဖြင့် နေရာမှ အလျှင်အမြန်ထွက်ခွာခဲ့သည်။
ထိုအချိန်မှာပင် မြို့လယ်တွင်ရှိနေသည့် ကြီးမားသောအဆောက်အအုံကြီးတစ်ခုက သူမ၏စိတ်အာရုံကို ဖမ်းစားသွားနိုင်ခဲ့သည်။
ဤသည်မှာ ကြီးမားသောယဇ်ပလ္လင်ကြီးတစ်ခုပင်။ထိုယဇ်ပလ္လင်၏အလယ်တွင် တိမ်တိုက်များအတွင်းထိ ရောက်ရှိနေသော ကျောက်တိုင်ကြီးတစ်လုံးရှိနေသည်။
အမှန်အားဖြင့် ယဇ်ပလ္လင်သည် ထူးဆန်းမနေသည့်အပြင် မိုးထိလုမတတ်မြင့်မားသော ကျောက်တိုင်ကြီးသည်လည်း ပြဿနာမရှိချေ။မည်သို့ပင်ဆိုစေကာမူ မြို့တစ်မြို့စီ၌ ကိုယ်ပိုင်ဝိသေသလက္ခဏာများရှိသည်။
ဥပမာအနေဖြင့် မြို့များတွင် အရေးပါသောပုဂ္ဂိုလ်များနှင့်ဆရာကြီးများ၏ရုပ်ထုများကို စိုက်ထူထားပေ၏။တချို့မြို့များတွင် မြို့အတွင်း၌ အဆောက်အအုံအမျိုးအစားတချို့ကို တည်ဆောက်ထားကာ တချို့မြို့များတွင် ဖုန်းရွှေဝင်္ကပါတချို့ကို ခင်းကျင်းထားသည်။
သို့ရာတွင် နင်းချင်အား စိတ်လှုပ်ရှားသွားစေသောအချက်မှာ သူမရှေ့ရှိ ကျောက်တိုင်ကြီးသည် သူမ တစ်နေရာရာတွင် မြင်တွေ့ခဲ့သောအရာဖြင့် တထပ်တည်းတူညီနေသောကြောင့်ပင်။
ထိုကြောင့် သူမ၏စိတ်အတွင်း၌ ဖြစ်နိုင်ချေမရှိသောအတွေးတစ်ခု မြင့်တက်လာသည်။
"မဖြစ်နိုင်ဘူး...ဒါက မဖြစ်နိုင်ဘူး..."
"ဘယ်လိုလုပ်ပြီးတော့ ဖြစ်နိုင်မှာလဲ..."
သူမ၏အတွေးများ ရှုပ်ယှက်ခတ်နေကာ သူမ၏ခေါင်းကို အဆက်မပြတ်ခါယမ်းပြီး အလွန်လျင်မြန်သောအရှိန်ဖြင့် ပျံသန်းကာ မြို့အတွင်းမှ ထွက်ခွာခဲ့သည်။
မြို့တံခါးကို ပိတ်ထားခြင်းမရှိဘဲ တံခါး၏ရှေ့တွင် မည်သူတစ်ဦးတစ်ယောက်မျှ ရှိမနေပေ။
သူမသည် ပွင့်နေသောမြို့တံခါးမှတစ်ဆင့် အမှောင်ထုကြီးကို တွေ့မြင်မိသည်။
ဤသည်မှာ နှိုင်းယှဉ်ပြစရာမရှိသည်အထိ သူမနှင့် အလွန်ရင်းနှီးကျွမ်းဝင်သော အမှောင်ထုကြီးဖြစ်သည့် အနက်ရောင်နယ်မြေပင်။
သူမ၏ခြေလှမ်းများ အလွန်အမင်းလေးလံနေကာ သူမ၏ခန္ဓာကိုယ်တုန်ရီနေပြီး သူမ၏စိတ်နှလုံးသား ပြိုလဲတော့လုမတတ် ခံစားနေရသည်။
အကြောင်းအရင်းမှာ သူမ၏ခန့်မှန်းချက်များ မှန်ကန်နေသောကြောင့်ပင်။
ဤသည်မှာ လူသားမြို့တစ်မြို့မဟုတ်ဘဲ နတ်ဆိုးချိတ်ပိတ်မြို့နှင့်တူညီသည့် အနက်ရောင်နယ်မြေအတွင်းရှိ မြို့တစ်မြို့ပင်။
ထို့ပြင် သူမ လေးလံသောခြေလှမ်းများနှင့် လျှောက်လှမ်းနေရသော အကြောင်းအရင်းမှာ သူမ၏တခြားခန့်မှန်းချက်တစ်ခု အမှန်ဟုတ်မဟုတ်ကို သူမ၏နောက်ဆုံးလက်ကျန်သတ္တိဖြင့် ရှာဖွေဖော်ထုတ်လိုသောကြောင့်ပင်။
သူမ၏ခန္ဓာကိုယ်နံဘေးပတ်လည်တွင် မှော်စွမ်းအားများ ရစ်သိုင်းလွှမ်းခြုံကာ အနက်ရောင်နယ်မြေ၏တိုက်စားမှုကို ခုခံလိုက်သည်။
သူမသည် မြို့တံခါးမှနေ၍ ပြင်ပသို့ လျှောက်လှမ်းထွက်လာပြီးနောက် သတ္တိမွေးပြီး နောက်သို့ပြန်လှည့်ကြည့်လိုက်သည်။
မြို့တံခါး၏ထိပ်တွင် ကြီးမားသောဝံပုလွေခေါင်းအမှတ်အသားကြီးတစ်ခု ရှိနေပေ၏။
ထိုအမှတ်အသားကိုမြင်တွေ့ချိန်၌ နင်းချင်၏မျက်နှာဖြူရော်သွားကာ သူမသည် ဒယိမ်းဒယိုင်ဖြင့် နောက်သို့ခြေလှမ်းအနည်းငယ်ဆုတ်ပြီး မြေပြင်ပေါ်သို့ ဖင်ထိုက်ရင်သားလဲကျသွားသည်။
လူသားမျိုးနွယ်တစ်ခုလုံးမှာနေ၍ ဆဋ္ဌမအဆင့်တားမြစ်နယ်မြေဟု သတ်မှတ်ထားသည့် နေရာဟူ၍ တစ်ခုတည်းသာရှိသည်။ထိုနေရာတွင် မရေမတွက်နိုင်သော လူသားကျင့်ကြံသူများ ပျောက်ကွယ်သွားခဲ့ကာ အလွန်ကြောက်မက်ဖွယ်ကောင်းသော နတ်ဆိုးမြို့တစ်မြို့အဖြစ် တည်ရှိခဲ့သည်။ထိုလူသားကျင့်ကြံသူများထံမှတစ်ဆင့် ဦးချိုပါဝံပုလွေမျိုးနွယ်အပြင် တခြားမရေမရာမှတ်တမ်းတချို့ကိုလည်း သိရှိခဲ့ရသည်။
အနက်ရောင်နယ်မြေအတွင်း၌တည်ရှိသော ဆဋ္ဌမအဆင့်တားမြစ်နယ်မြေတစ်ခု၏ အသေးစိတ်အချက်အလက်များကိုမူ မည်သူက သိရှိနိုင်မည်နည်း။
လူသားများသိရှိရသည့် သတင်းအချက်အလက်များအရ အနက်ရောင်နယ်မြေ၏အနက်ပိုင်းတွင် နတ်ဆိုးမြို့တစ်မြို့ရှိနေသည်။
ထိုနတ်ဆိုးမြို့၏မြို့ရိုးများသည် အလွန်ရှည်လျားကာ အကြည့်တစ်ချက်ဖြင့် အဆုံးသတ်ကို တွေ့မြင်နိုင်မည်မဟုတ်ချေ။ထို့ပြင် မြင့်မားသောမြို့ရိုးပေါ်၌ ကြီးမားသောဝံပုလွေခေါင်းအမှတ်အသားတစ်ခု ရှိနေသည်။
မြို့၏ပြင်ပမှကြည့်ပါက မြို့အတွင်းတွင် တိမ်စိုင်များကိုထိလုမတတ် တိုးထွက်နေသော ကျောက်တိုင်ကြီးတစ်တိုင် ရှိနေသည်ကို မြင်တွေ့ရပေမည်။
ဦးချိုပါဝံပုလွေနှင့် ဤကိစ္စများအားလုံးကို ပေါင်းစပ်လိုက်ပါက ဤနေရာသည် မည်သည့်နေရာဖြစ်သည်ကို နင်းချင်မှအတည်ပြုရန် လုံလောက်ပေ၏။
နင်းချင်သည် ဤသို့ဖြစ်လာမည်ဟု တစ်ကြိမ်တစ်ခါမျှ တွေးထင်ထားမိခြင်းမရှိချေ။
သူမ၏ခန့်မှန်းချက်များ မှန်ကန်နေသည်။
ဤအချိန်အခိုက်အတန့်တွင် သူမသည် အမှန်တကယ်ကိုပင် ထျန်းယုနယ်မြေမှ လူသားကျင့်ကြံသူအမြောက်အများ သေဆုံးခဲ့ရသည့် ဆဋ္ဌမအဆင့်တားမြစ်နယ်မြေအတွင်း၌ ရောက်ရှိနေပေ၏။
သူမသည် ရူးသွပ်သွားလုမတတ် ခံစားနေရသည်။
ထို့ထက်ပို၍ အရေးကြီးသည်မှာ...
သူမသည် တားမြစ်နယ်မြေအတွင်း၌ သေဆုံးမသွားသည့်အပြင် ခရမ်းချဉ်သီးကြက်ဥမွှေကြော် ဖြင့် ကောင်းမွန်စွာဧည့်ခံခြင်းကိုပင် ခံခဲ့ရသလော.....
Chapter 885
ဤအချိန်အခိုက်အတန့်၌ ရီဖုန်းသည် မန်မန်၏ကျောပေါ်၌ထိုင်ကာ နယ်မြေကြီးကိုးခုထံသို့ ပြန်သွားနေလေပြီ။
နင်းချင်ကို သူ နှုတ်မဆက်ဘဲထွက်ခွာခဲ့သည်မှာ ရီဖုန်းသည် ပြဿနာတက်မည်ကို ကြောက်ရွံ့သောကြောင့်ပင်။
အကယ်၍ ထိုမိန်းကလေးသည် နိုးထလာပြီးနောက် သူမ၏အသက်ကို ကယ်တင်ခဲ့သည့်အတွက် ကျေးဇူးဆပ်လိုသဖြင့် သူ့အား လက်ထပ်ရန် တောင်းဆိုပါက သူ မည်ကဲ့သို့ ပြုလုပ်ရမည်နည်း။
သူသည် အလွန်ပျော်ရွှင်မိမည်ဖြစ်သော်လည်း မည်သို့ပင်ဆိုစေကာမူ သူသည် သေရတော့မည်လူတစ်ယောက်ပင်။
တချိန်တည်းမှာပင်....
ဖြောင်မြောင်ဟုန်သည် တောင်တစ်လုံး၏ထိပ်၌ မတ်တတ်ရပ်ကာ အဝေးတစ်နေရာသို့ မျှော်ကြည့်နေသည်။
"သခင်မလေး...ဒီလောက်ထိ စိတ်မွန်းကြပ်နေဖို့မလိုပါဘူး....နဂါးငါးကိုဖမ်းမိမှာ သေချာတယ်"
သူမ၏နောက်တွင်ရှိနေသော သက်တော်စောင့်လော့ချန်က သူမကို နှစ်သိမ့်ပေးသည်။
"အင်း..."
ထိုစကားကိုကြားချိန်တွင် ဖြောင်မြောင်ဟုန်၏မျက်နှာပေါ်၌ ခါးသည်းသောအပြုံးတစ်ခု ထွက်ပေါ်လာသည်။
နဂါးငါးကိုဖမ်းနိုင်ရန်မှာ လွယ်ကူသောကိစ္စတစ်ရပ် မဟုတ်ချေ။
"သခင်မလေး...စိတ်ဓာတ်မကျပါနဲ့..ငါတို့က နဂါးငါးကို ဖမ်းမမိသေးပေမယ့် ယွင်ဟူနယ်မြေမှာ အဲ့ဒီငါးတွေကို စောင့်ကြည့်နေတဲ့လူတွေ အများကြီးပဲ...တယောက်ယောက်ကတော့ နဂါးငါးကို ဖမ်းမိမှာပါ...တကယ်လို့ ငါတို့တွေက အရမ်းကြီးမားတဲ့တန်ကြေးကိုပေးပြီး လဲလှယ်ရမယ်ဆိုရင်တောင် အဲ့ဒီလူဆီကနေ နဂါးငါးကိုရအောင်ယူမယ်...ငါက မင်းကို နည်းနည်းလေးတောင် နာကျင်ခွင့် ပြုမှာမဟုတ်ဘူး...ဒါက အဆင်ပြေသွားမှာပါ"
လော့ချန်က ပြောဆိုသည်။
"အချိန်တွေ ကုန်သွားပြီ...."
ဖြောင်မြောင်ဟုန်က အမူအယာကင်းမဲ့စွာဖြင့် ပြောဆိုသည်။
"ဘာလို့ အချိန်တွေ ကုန်သွားတာလဲ..."
လော့ချန်က မေးမြန်းသည်။
"ကျိန်စာအချိန်ကန့်သတ်ချက်က အဆုံးသတ်ကို ရောက်တော့မယ်...ငါ ဆိုလိုတာက တကယ်လို့ အခုအချိန်မှာ နဂါးငါးကိုရရင်တောင် ကျိန်စာကို ချိုးဖျက်နိုင်မှာမဟုတ်ဘူး...အဲ့ဒီကိစ္စက ဘယ်လိုပဲဖြစ်ဖြစ် နိဂုံးချုပ်သွားပြီး...နင်က ငါနဲ့ပတ်သက်ပြီးတော့ ဘာမှစိုးရိမ်ပူပန်ဖို့ မလိုတော့ဘူး"
ဖြောင်မြောင်ဟုန်က တည်ငြိမ်စွာပြောဆိုကာ ဤအဆုံးသတ်ကို လက်ခံလိုက်သည့်အလားပင်။
"မဟုတ်ဘူး...ဒါက မဖြစ်နိုင်ဘူး...ဘယ်လိုလုပ်ပြီးတော့ အချိန်ကုန်သွားတာလဲ..."
လော့ချန်သည် စိတ်ပျက်လက်ပျက်ဖြင့် သူ၏ခေါင်းကိုခါယမ်းကာ သူ၏မျက်လုံးများ တဖြည်းဖြည်းနီမြန်းလာသည်။
"ဒါပေမဲ့ အခုအချိန်မှာ ငါတို့ ဘာမှ မလုပ်ဘဲ နေလို့မရဘူး....ယွင်ဟူနယ်မြေကိုသွားပြီးတော့ ငါတို့ ကံစမ်းကြည့်ရအောင်..."
"ဒါက ငါ့အတွက် အကူအညီမဖြစ်နိုင်ပေမယ့် ....တကယ်လို့ ငါက အခွင့်အရေးတချို့ကိုရမယ်ဆိုရင် ငါ့ရဲ့ဂိုဏ်းအတွက် ကောင်းတဲ့ကိစ္စပဲ"
ဖြောင်မြောင်ဟုန်းက နူးညံ့ညင်သာစွာ ပြောဆိုသည်။
ရီဖုန်း၏ထွက်ပေါ်လာမှုကြောင့် ဟုန်ဂိုဏ်းကို ပျက်စီးသွားစေပြီး သူမ၏အစီအစဉ်များ အနှောင့်အယှက်ဖြစ်သွားခဲ့သည်။
ထိုကြောင့် ယခုအချိန်၌ သူမထံတွင် မည်သည့်အစီအစဉ်မျှ မရှိတော့သဖြင့် တစ်ဆင့်ပြီးတစ်ဆင့်လျှောက်လှမ်းသွားရုံသာ တတ်နိုင်ပေမည်။
ရီဖုန်း ပြန်ရောက်လာမည်ဟူသောကိစ္စကိုမူ သူသည် လူသားမျိုးနွယ်မှ ဆဋ္ဌမအဆင့်တားမြစ်နယ်မြေဟု သတ်မှတ်ထားသည့်နေရာသို့ သွားခဲ့ခြင်းပင်။အကယ်၍ သူ၏ခွန်အား အလွန်သန်မာအားကောင်းနေလျှင်ပင် သူ သေဆုံးသွားပေမည်။
သူသည် မည်သည်ကြောင့် သေလမ်းကိုရှာဖွေနေသည့်အား သူမ မသိရှိသော်လည်း သူ အမှန်တကယ် သေဆုံးသွားမည်မဟုတ်ကြောင်း သူမ နားလည်သဘောပေါက်သည်။သို့ရာတွင် ဤဘဝ၌ သူမသည် သူနှင့်ပြန်လည်ဆုံတွေ့နိုင်ရန် အခွင့်အရေးမရှိတော့မည်ကိုလည်း သူမ စိုးရိမ်ပူပန်မိသည်။
သူ ပြသထားသောခွန်အားအရ နောင်အနာဂတ်တွင် သူမအား အကူအညီပေးနိုင်ရန် အခွင့်အရေးတစ်ခုရှိလာမည်ကို သူမ မျှော်လင့်မိသည်။ဤဖြစ်နိုင်ချေသည် အလွန်နည်းပါးသော်လည်း အံ့ဖွယ်ကိစ္စတစ်ရပ်ဖြစ်လာမလာကို မည်သူမျှ မပြောနိုင်ချေ။
အကယ်၍ ဤကဲ့သို့ ကိစ္စမျိုးရှိလာပါက ရီဖုန်းသည် မိတ်ဆွေဆက်ဆံရေးကိုထောက်ထားပြီး သူမ၏ဂိုဏ်းကို စောင့်ရှောက်ပေးမည်ဟု သူမ မျှော်လင့်မိသည်။
ထိုအချိန်မှာပင်....
သူမ၏ကျောက်စိမ်းပြား လင်းလက်သွားသည်။
သူမသည် ကျောက်စိမ်းပြားကိုထုတ်ယူ၍ကြည့်လိုက်ရာ ရီဖုန်းထံမှ အသံသတင်းစကားတစ်ခုဖြစ်နေကြောင်း သူမ သိရှိလိုက်ရသည်။
"ဟေး...မိန်းကလေးဖြောင်...ငါပါ...."
ဖြောင်မြောင်ဟုန်သည် ကြက်သေသေသွားလေ၏။
ရီဖုန်းသည် ဆဋ္ဌမအဆင့်တားမြစ်နယ်မြေမှ အမှန်တကယ် ပြန်ရောက်လာခဲ့သလော...
သူမ၏နံဘေးတွင်ရှိနေသော လော့ချန်သည်လည်း အံ့အားသင့်တုန်လှုပ်နေပေ၏။
ယခင်က ရီဖုန်းသည် သူရှေ့မှနေ၍ ဖြောင်မြောင်ဟုန်ကို ပြန်ပေးဆွဲသွားခဲ့သည်။နောက်ပိုင်းတွင် ဖြောင်မြောင်ဟုန်မှတဆင့် ရီဖုန်းနှင့်သူမအကြားရှိ အကြောင်းအရာများကို သူ သိရှိခဲ့ရပေ၏။
ထိုကြောင့် သူမက ဖြောင်မြောင်ဟုန်ကိုကြည့်ပြီး မေးမြန်းလိုက်သည်။
"သခင်မလေး....အဲ့ဒီကောင်က ဆဋ္ဌမအဆင့် တားမြစ်နယ်မြေကိုသွားတာတောင် သေမသွားဘူးလား"
သူတို့နှစ်ယောက် အံ့အားသင့်နေစဉ်မှာပင် ရီဖုန်း၏ စိတ်မကျေမနပ်ပြောဆိုလိုက်သောအသံက ထပ်မံ၍ထွက်ပေါ်လာသည်။
"မင်းပြောတဲ့နေရာမှာ တကယ့်ကို နတ်ဆိုးတွေအများကြီးရှိနေပေမယ့် အဲ့ဒီကောင်တွေအားလုံးက အရမ်းအားနည်းတယ်...ငါ့ကို သေအောင်လုပ်ဖို့ မပြောနဲ့...ငါ့ရဲ့အရေပြားမှာ ခြစ်ရာတစ်ခုကိုတောင် ချန်မထားနိုင်ဘူး...ဒါက အချိန်ဖြုန်းတာတစ်ခုပဲ"
ထိုစကားကိုကြားချိန်တွင်....
ဖြောင်မြောင်ဟုန်၏လှပသောမျက်နှာလေး မသိမသာရှုံမဲ့သွားသည်။
နံဘေးတစ်ဖက်တွင်ရှိနေသော လော့ချန်၏လက်များတုန်ရီနေကာ ကျောက်စိမ်းပြားကိုလက်ညှိုးညွှန်ပြီး အော်ဟစ်လိုက်၏။
"သခင်မလေး...သူ ဘာတွေကို ပြောနေတာလဲ..."
အချိန်အတော်ကြာပြီးနောက် ဖြောင်မြောင်ဟုန်က သက်ပြင်းတစ်ချက်ရှိုက်လိုက်သည်။
ရီဖုန်း မသေဆုံးသေးသည့်အချက်ကို သူမ လက်ခံလိုက်လေပြီ။
သူမ၏စိတ်နှလုံးသားအတွင်း၌ စိတ်ခံစားချက်များဖြင့် ပြည့်နှက်နေပေ၏။ကြည့်ရသည်မှာ သူမသည် ရီဖုန်းကို လျှော့တွက်ခဲမိပုံပင်။
"နင် ဘယ်နေရာမှာလဲ..."
ဖြောင်မြောင်ဟုန်က မေးမြန်းသည်။
"မင်း ရှိနေတဲ့နေရာ ငါ့ကိုပြောလိုက်...ငါ မင်းကို လာရှာမယ်"
ကျောက်စိမ်းပြားမှနေ၍ ရီဖုန်း၏အသံ ထွက်ပေါ်လာသည်။
"ကောင်းပြီလေ..."
ဖြောင်မြောင်ဟုန်က သဘောတူကာ သူမ ရှိနေသောနေရာကို ပြောဆိုလိုက်သည်။
မကြာမီမှာပင်....
ခရုကြီးတကောင်သည် လေထုအတွင်း၌ ထွက်ပေါ်လာပြီးနောက် သူတို့နှစ်ယောက်၏ဘေးသို့ ဆင်းသက်လာသည်။
"မိန်းကလေးဖြောင်..."
ရီဖုန်းက နှုတ်ဆက်လိုက်သည်။
"သခင်လေးရီ..."
ဖြောင်မြောင်ဟုန်ကလည်း ဦးညွှတ်အရိုအသေပြုပြီး နှုတ်ဆက်လေ၏။
သူတို့နှစ်ယောက်သည် စကားအနည်းငယ်ခန့်ဖလှယ်ပြီးနောက် ရီဖုန်းက နံဘေးတွင်ရှိနေသော လော့ချန်ကို မြင်တွေ့သွားသည်။
ရီဖုန်းကို ထပ်မံ၍မြင်တွေ့ရချိန်၌ လော့ချန်သည် အလွန်အမင်း ထိတ်လန့်တုန်လှုပ်နေကာ ဖြောင်မြောင်ဟုန်၏နောက်၌ ပုန်းအောင်လေသည်။သူသည် ဤဆရာကြီးအား ဓားဖြင့်အစွမ်းကုန်ခုတ်ပိုင်းခဲ့မိသည့်ကိစ္စကို သူ မေ့လျော့သွားခြင်းမရှိချေ။
"မိန်းကလေးဖြောင် ...ငါက အဲ့ဒီနေရာမှာ မသေခဲ့ဘူး"
ရီဖုန်းသည် ဖြောင်မြောင်ဟုန်ကို အပြစ်တင်ခြင်းမရှိချေ။မည်သို့ပင်ဆိုစေကာမူ သူမသည် သူအား လိမ်ညာခြင်းမဟုတ်ကြောင်း သူ သိရှိထားသည်။သို့ရာတွင် ထိုသရဲသစ္ဆေဆန်သောနေရာ၌ ရှိနေသည့် နတ်ဆိုးများသည် အလွန်အားနည်းပေ၏။
"ဒါပေမဲ့ ပြောရမယ်ဆိုရင် အဲ့ဒီနေရာမှာရှိနေတဲ့လူတွေက အရမ်းဖော်ရွေတယ်"
ရီဖုန်းက သက်ပြင်းတစ်ချက်ရှိုက်လိုက်သည်။
"အဲ့ဒီနေရာမှာရှိတဲ့ လူတွေလား"
ဖြောင်မြောင်ဟုန်သည် မျက်မှောင်ကြုတ်ပြီးနောက် ရီဖုန်း ရယ်စရာပြောနေသည်ဟု တွေးတောကာ ထပ်မံ၍မေးမြန်းခြင်း မပြုတော့ချေ။
"တကယ်လို့ သခင်လေးရီက အဲ့ဒီနေရာကနေ ဘာထိခိုက်ဒဏ်ရာမှမရဘဲ ထွက်လာနိုင်ခဲ့တယ်ဆိုရင် အချိန်အတိုင်းအတာတစ်ခုထိ....အနည်းဆုံးတော့ နယ်မြေကြီးကိုးခုမှာ နင့်အသက်အန္တရာယ်ကို ခြိမ်းခြောက်နိုင်တဲ့အရာ တစ်ခုမှမရှိမှာကို ငါ စိုးရိမ်မိတယ်...ဒါကြောင့် နင်က ထျန်းယုနယ်မြေကိုသွားပြီးတော့ နည်းလမ်းတစ်ခုကို စဉ်းစားပါလား..."
ဖြောင်မြောင်ဟုန်က ပြောဆိုသည်။
"နင်က နည်းနည်းတော့စောင့်ဖို့ လိုအပ်တယ်"
"ငါက ထျန်းယုနယ်မြေကိုသွားဖို့ လိုတာလား"
ရီဖုန်း၏မျက်လုံးများ အနည်းငယ်တောက်ပသွားသည်။
ထျန်းယုနယ်မြေအကြောင်းကို သူ ယခင်ကတည်းက ကြားဖူးသည်။နယ်မြေကြီးကိုးခုတွင် နောက်ပိုင်း၌ပေါ်ထွက်လာသော အင်အားစုများသည် ထိုနေရာမှ ရောက်ရှိလာခြင်းဖြစ်ကြောင်း သူ သိရှိပေ၏။
အမှန်အားဖြင့် ရီဖုန်းသည် ထိုနေရာနှင့်ပတ်သက်ပြီး အလွန်သတိကြီးစွာထားနေဆဲပင်။
သို့ရာတွင် နယ်မြေကြီးကိုးခု၌ သူ၏အသက်အန္တရာယ်ကို ခြိမ်းခြောက်နိုင်သောအရာ တစ်ခုမျှမရှိဟု ပြောဆိုလိုက်သောအချိန်၌ ရီဖုန်းသည် အနည်းငယ်အံ့အားသင့်သွားပေ၏။
သူသည် အမှန်တကယ်ကို အလွန်သန်မာအားကောင်းနေသလော...
'ဟူး...'
'ဒါက ငါ့ကိုယ်ငါပဲ အပြစ်တင်ရတော့မယ်....'
အစပထမတွင် သူသည် နတ်ဆိုးအမြောက်အများကိုသတ်ဖြတ်ကာ မတော်တဆ သူ၏ကျင့်ကြံဆင့်ကို များစွာမြှင့်တင်ခဲ့မိသည်။
ထို့ထက်ပို၍ မုန်းတီးဖွယ်ကောင်းသောကိစ္စမှာ နတ်ဆိုးမြို့တမြို့ကို အမြစ်ပြတ်သုတ်သင်ခဲ့သောအချိန်တွင် အတွေ့အကြုံရမှတ်အမြောက်အများရရှိခဲ့ကာ သူသည် ထိုအရာများကိုကြည့်ရန် စိတ်ဝင်စားမှုမရှိဘဲ အဆင့်မြှင့်တင်ခဲ့ခြင်းပင်။
ကြည့်ရသည်မှာ နောင်အနာဂတ်တွင် သူသည် သူ့ကိုယ်သူ များစွာထိန်းချုပ်ရမည့်ပုံပင်။
ရီဖုန်းသည် မူလက နယ်မြေကြီးကိုးခုတွင် နယ်မြေခံဧကရာဇ်တစ်ပါးကဲ့သို့ ဖြစ်နေသဖြင့် အလွန်စိတ်ကျေနပ်နေမိသည်။သူသည် သေဆုံးချိန်ထိ သောက်စားပျော်ပါးကာ အမျိုးသမီးကျင့်ကြံသူတချို့နှင့် နှစ်ကိုယ်တူကျင့်ကြံ၍ ပျော်ရွှင်သောဘဝကို ဖြတ်သန်းနိုင်မည်မဟုတ်လော။
သို့ရာတွင် နောင်လာမည့်နှစ်ကိုးဆယ်အတွင်း၌ မဟာဘေးကပ်ဆိုးကြီး ဆိုက်ရောက်လာမည်ဖြစ်ကြောင်း စနစ်မှနေ၍ သူ့အား ပြောဆိုခဲ့သည်။
ဟူး...
ထို့ပြင် နောက်ဆုံးတပည့်လက်ခံရမည့်တာဝန်သည် ယခုအချိန်ထိ ပြီးဆုံးသေးပုံမရချေ။စနစ်သည် နောက်ပိုင်းတွင် ဤကိစ္စကို ပြောဆိုခြင်းမရှိသော်လည်း သူ အမှတ်ရပေ၏။
သူသည် ဤတာဝန်ကို ပြီးမြောက်အောင်ဆောင်ရွက်လိုသည်။
သူ ယခင်က အလွန်ပေါ့ဆခဲ့ပေ၏။
"အင်း...ရက်နည်းနည်းလောက်စောင့်ဖို့အတွက်ကတော့ အဆင်ပြေပါတယ်"
ရီဖုန်းက ခေါင်းညိတ်ပြပြီးပြောဆိုသည်။မည်သို့ပင်ဆိုစေကာမူ နှစ်ပေါင်းကိုးဆယ်ကျော် ကျန်ရှိနေသဖြင့် သူ အလျင်လိုရန်မလိုအပ်ချေ။သူသည် သူကိုယ်သူထိန်းချုပ်ကာ နတ်ဆိုးများကိုသတ်ဖြတ်ခြင်းအားလျှော့ပြီး ကျင့်ကြံဆင့်ကိုမြှင့်တင်ခြင်းမပြုဘဲ သေလမ်းကိုအစဉ်အမြဲရှာဖွေရပေမည်။
"သခင်လေးရီရဲ့နားလည်ပေးမှုအတွက် ကျေးဇူးတင်ပါတယ်....ဒါဆိုရင် နင်က အရင်ဆုံးထွက်သွားပြီးတော့ ထျန်းယုနယ်မြေကို သွားတဲ့အချိန်ကျမှ အကြောင်းကြားမှာလား"
ဖြောင်မြောင်ဟုန်က မေးမြန်းသည်။
"မင်းကရော...မင်း ဘယ်နေရာကို သွားမလို့လဲ"
ရီဖုန်းက မေးမြန်းသည်။
"ဒီလောကကြီးထဲမှာ သူတော်စင်တွေ ထွက်ပေါ်လာပြီးတော့ လောကကြီးတခွင်လုံး သိသိသာသာပြောင်းလဲနေပြီ...အန္တရာယ်နယ်မြေတွေနဲ့အခွင့်အလမ်းတွေလည်း မရေမတွက်နိုင်အောင် ပေါက်ဖွားလာတယ်...ယွင်ဟူနယ်မြေက အခွင့်အလမ်းရနိုင်တဲ့ နေရာတွေထဲကတစ်ခုပဲ"
"ဟွင်ဟူနယ်မြေမှာ နဂါးငါးတွေ ရှိနေတယ်...ဒါ့ပြင် တခြားငါးတွေ အများကြီးရှိပြီးတော့ အဲ့ဒါတွေက ရှားပါးတဲ့ ပစ္စည်းကောင်းတွေပဲ...အခုအချိန်မှာ ယွင်ဟူနယ်မြေက လူသိများကျော်ကြားလာပြီးတော့ အဲ့ဒီနေရာကို လူတွေအများကြီး သွားနေကြတယ်"
"ဒါကြောင့် ငါလည်း အဲ့ဒီနေရာကိုသွားပြီး ကံစမ်းကြည့်ချင်တယ်"
ဖြောင်မြောင်ဟုန်သည် ထိုသို့ပြောဆိုပြီးနောက်သူမ၏မျက်ခုံးကိုပင့်ကာ ရီဖုန်းကိုကြည့်ပြီး မျှော်လင့်ချက်အပြည့်ဖြင့် မေးမြန်းသည်။
"သခင်လေးရီက ငါနဲ့အတူ အဲ့ဒီနေရာကို သွားချင်လား"
"အော် ငါးမျှားတာလား...ငါ ဒါကို သဘောကျတယ်....ငါတို့ အတူတူသွားကြတာပေါ့"
ရီဖုန်းက အပြုံးနှင့်တုံ့ပြန်သည်။
"ငါ အရင်က မိန်းကလေးဟုန်ကို ကတိပေးခဲ့တယ်...မင်းက ငါ သေလမ်းရှာဖို့အတွက် ကူညီပေးနေမှတော့ ငါကလည်း မင်းရဲ့ပြဿနာတွေကို အကောင်းဆုံးကူညီဖြေရှင်းပေးမယ်... တကယ်လို့ မင်းအတွက် ဘေးအန္တရာယ်ဖြစ်လာနိုင်တဲ့ ကိစ္စမျိုးရှိနေရင် ငါက အစွမ်းကုန်ဟန့်တားပေးမယ်"
"အခုကြည့်ကြည့်တော့မှ သခင်လေးရီက ဒါကို မှတ်မိနေတာပါလား"
ဖြောင်မြောင်ဟုန်က ပြုံးလိုက်ကာ ကျေးဇူးတင်စကားပြောဆိုသည်။
"ဒါဆိုရင် ငါ့ရဲ့စကားတွေကို သခင်လေးရီက သေသေချာချာမှတ်ထားတဲ့အတွက် ကျေးဇူးတင်စကား ပြောပါ့ရစေ"
ထို့နောက် သူတို့သည် ယွင်ဝူနယ်မြေသို့ဦးတည်၍ ခရီးထွက်ခဲ့ကြတော့သည်။
Thank For Reading.