အခန်း (၈၈၆-၈၉၀)
Vol. 60 Ch. 886-890
Chapter 886
ယွင်ဟူနယ်မြေသည် နယ်မြေကြီးကိုးခု၏အလယ်၌ ရှိနေပေ၏။
မူလက ဤနေရာသည် အင်မော်တယ်နယ်မြေနှင့် တခြားနယ်မြေကြီးရှစ်ခု၏ ဆုံမှတ်ပင်။
သူတော်စင်များ ထွက်ပေါ်လာတော့မည်ဖြစ်သဖြင့် ကောင်းကင်နှင့်မြေပြင်တွင် လှုပ်ခတ်မှုများရှိလာကာ အခွင့်အလမ်းနယ်မြေများနှင့်အန္တရာယ်နယ်မြေများ ပေါ်ထွက်လာခဲ့သည်။
ယွင်ဟူနယ်မြေသည်လည်း အသစ်ထွက်ပေါ်လာသော အခွင့်အလမ်းနယ်မြေများအနက်မှ တစ်ခုပင်။
ရီဖုန်းသည် ဖြောင်မြောင်ဟုန်နှင့်အတူ ယွင်ဟူနယ်မြေသို့ ရောက်ရှိလာပြီးနောက် သူ့ရှေ့ရှိမြင်ကွင်းကြောင့် သူ အံ့အားသင့်သွားသည်။
ကြီးမားသော ရေကန်ကြီးတစ်ကန်၏အဆုံးသတ်ကို အကြည့်တစ်ချက်ဖြင့် တွေ့မြင်နိုင်မည်မဟုတ်ဘဲ ရေမျက်နှာပြင်သည် တောက်ပနေကာ မြေပြင်ပေါ်ရှိ အင်မော်တယ်ကုန်းမြေတစ်ခုအလား မြူဆိုင်းနေသည်။
ရေကန်၏ကမ်းစပ်တွင် ငှက်များနားနေပြီး ပန်းရနံ့များ သင်းပျံ့နေကာ သစ်ပင်များ နေရာအနှံ့အပြား၌ ပေါက်နေသည်။အနည်းငယ်ဗဟုသုတရှိသည့် မည်သူတစ်ဦးတစ်ယောက်မဆို ဤသစ်ပင်များအားလုံးသည် အဖိုးတန်သော ဆေးပင်များဖြစ်ကြောင်း သိရှိနိုင်ပေမည်။
တစ်စုံတစ်ယောက်သည် ရေကန်၏အနီးသို့ ချဥ်းကပ်ကာ အသက်ပြင်းပြင်းတစ်ချက်ရှိုက်လိုက်သည်နှင့် စိတ်လန်းဆန်းလာကာ သက်တောင့်သက်သာရှိမှုကို ခံစားရပေမည်။
အကယ်၍ တစ်စုံတစ်ယောက်သည် ဤနေရာ၌ကျင့်ကြံပါက တစ်ဝက်ခန့်အင်အားစိုက်ထုတ်ရုံဖြင့် အကျိုးကျေးဇူးနှစ်ဆရရှိပေမည်။
ယွင်ဟူရေကန်၏မြေနေရာအနေအထားနှင့် အရွယ်အစားကြောင့် ကျင့်ကြံသူများအကြားတွင် ဤအခွင့်အလမ်းနယ်မြေသည် လျှို့ဝှက်ချက်တစ်ခု မဟုတ်တော့ချေ။
ထို့ပြင် ရေအိုင်အတွင်း၌ နဂါးငါးများ ရှိနေသောကြောင့် ကျင့်ကြံသူအမြောက်အများသည် ငါးမျှားရန်အတွက် ဤနေရာသို့ ရောက်ရှိလာကြ၏။
နဂါးငါးဟူသော အမည်သည် အမျိုးအမည်မသိရသောရင်းမြစ်များမှ ဖြစ်တည်လာသော်လည်း ထိုငါး၏အရွယ်အစားသည် ကြီးမားခြင်းမရှိဘဲ ခန္ဓာကိုယ်တစ်ခုလုံး ရွှေရောင်နှင့်အနီရောင်သန်းနေသည်။
ကောလဟာလများအရ နဂါးငါး၏အသားသည် လူသေ၏အသွေးအသားနှင့်အရိုးများကို မပုပ်သိုးအောင် ပြုလုပ်ပေးနိုင်သည်။
ထိုမျှသာမက ဤငါးသည် တာအိုကိုလေ့လာရာတွင်လည်း အောင်မြင်နိုင်သည့် အခွင့်အရေးကို များစွာမြှင့်တင်ပေးနိုင်သည်။
ထို့ထက်ပို၍ ရူးသွပ်ဖွယ်ကောင်းသောကိစ္စမှာ ဤငါးသည် သူတော်စင်ဆေးလုံးတချို့အတွက် အရေးပါသောပါဝင်ပစ္စည်း ဖြစ်နေခြင်းပင်။
နဂါးငါးကိုဖမ်းမိသော မည်သူတစ်ဦးတစ်ယောက်မဆို ကံကြမ္မာ၏သားတော် ဖြစ်လာမည်မှာ သေချာပေါက်ပင်။
နဂါးငါးအပြင် ရေကန်အတွင်း၌ တခြားငါးတချို့လည်း ရှိနေသည်။ထိုငါးများသည် နဂါးငါးလောက် ကောင်းမွန်ခြင်းမရှိသော်လည်း ထိုအရာများကို ဖမ်းမိပါက ကောင်းမွန်သောအခွင့်အရေးတစ်ခု ရရှိလာပေမည်။
ဤနေရာ၌ သူတော်စင်များမွေးဖွားလာသောကြောင့် နတ်ဘုရားများမှပေးအပ်သောလက်ဆောင်တစ်ခုဖြစ်သည်ဟု လူတိုင်းပြောဆိုနေကြသည်။
ထို့ကြောင့် ငါးမျှားရန်အတွက် ယွင်ဟူရေကန်သို့ရောက်လာသော လူအမြောက်အများရှိနေပေ၏။ဆန့်ကျင်ဘက်အနေဖြင့် ရေအိုင်နံဘေးတွင် ဆေးပင်မျိုးစုံပေါက်နေသော်လည်း မည်သူတစ်ဦးတစ်ယောက်ကမျှ ခူးဆွတ်ခြင်းမရှိချေ။
ပထမအချက်မှာ ဤဆေးပင်များသည် အဖိုးတန်ရှားပါးသော်လည်း ဤနေရာသို့ရောက်ရှိလာသော ထိပ်သီးအစွမ်းထက်ကျင့်ကြံသူများအတွက် အသုံးမဝင်ချေ။
တခြားအချက်မှာ ကောလာဟလများအရ ဤနေရာတွင် တစ်စုံတစ်ယောက်သည် အခွင့်အရေးတစ်ခုကိုသာ ရရှိနိုင်ပေမည်။ပြောရမည်ဆိုလျှင် အကယ်၍ တစ်စုံတစ်ယောက်သည် ဆေးပင်များကို ခူးဆွတ်လိုက်ပါက နဂါးငါးကို ဖမ်းမိနိုင်ချေ နည်းပါးသွားပေမည်။
ဤကောလဟာလများသည် ယုံကြည်ရစေဖြစ်စေ မယုံကြည်ရစေဖြစ်စေ လူများအားလုံးသည် သူတို့မလိုအပ်သော ဆေးပင်တချို့အတွက်ဖြင့် အလောင်းအစားမလုပ်ဝံ့ကြချေ။
ထို့ပြင် ငါးမျှားသည့်နေရာများသည် အလွန်ဝေးကွာပေ၏။
မည်သို့ပင်ဆိုစေကာမူ နေရာတနေရာတည်းတွင် နဂါးငါးကိုဖမ်းမိနိုင်သော အခွင့်အရေးသည် မြင့်မားခြင်းမရှိချေ။
အကယ်၍ တစ်စုံတစ်ယောက်သည် နဂါးငါးတစ်ကောင်ကို ဖမ်းမိလျှင်ပင် တခြားလူများကို သိရှိစေမည်မဟုတ်ဘဲ ကံကြမ္မာကောင်းကို တိတ်တဆိတ်ရယူသွားပေမည်။
လူသားများသည် အပြစ်ကင်းစင်ခြင်းမရှိဘဲ လောဘကြီးသည်မှာ လူများအားလုံး သိရှိထားသော အမှန်တရားပင်။
"ဝိုး....ကြီးလိုက်တဲ့ ရေကန်ကြီး...."
ရီဖုန်းသည် ပျင်းကြောဆန့်ကာ စိတ်လန်းဆန်းသွားသည်ကို ခံစားမိလေ၏။ဤနေရာသည် သူ သေလမ်းမရှာနိုင်ခြင်းကြောင့် ခံစားနေရသော စိတ်အနှောက်အယှက်ဖြစ်မှုများအားလုံးကို ဖယ်ရှားပေးနိုင်သည်။
"သခင်လေးရီ...ငါတို့တွေ အချိန်အတိုင်းအတာတစ်ခုထိ လူခွဲပြီးနေကြမလား...."
ဖြောင်မြောင်ဟုန်က နူးညံညင်သာစွာ ပြောဆိုသည်။
"အမ်....ဘာလို့လဲ...."
ရီဖုန်းက ဇဝေဇဝါဖြင့် မေးမြန်းသည်။
"အခုအချိန်မှာ သူတော်စင်တွေ ယှဉ်ပြိုင်နေတာကြောင့် အဓိကအင်အားစုတွေမှာ တစ်ဖက်နဲ့တစ်ဖက် စောင့်ကြည့်နေတဲ့မျက်လုံးတွေ ဘယ်လောက်ထိများတယ်ဆိုတာ မသိနိုင်ဘူး...ငါက ထုတ်ဖော်ခံရမှာကို မလိုလားဘူး"
ဖြောင်မြောင်ဟုန်က ရှင်းပြသည်။
"ပထမတစ်ချက်က သခင်လေးရီအတွက် ယင်ကောင်ငယ်လေးတွေ အများကြီးရောက်လာနိုင်တယ်...နောက်တစ်ချက်ကတော့ သခင်လေးရီလို ဝှက်ဖဲတစ်ချပ်က လူအများရှေ့မှာ စောစောစီးစီးပေါ်လွင်သွားနိုင်တယ်"
"အဲ့ဒီလိုလား..."
ရီဖုန်းက သူ့၏ခေါင်းကိုကုတ်ပြီး ပြောဆိုသည်။
"ကောင်းပြီလေ..."
"သခင်လေးရီ...အချိန်အတိုင်းအတာတစ်ခုထိ နှုတ်ဆက်ခဲ့ပါတယ်...လဝက်ကြာရင် ဒီနေရာမှာ ငါတို့ ပြန်တွေ့ကြရအောင်"
ဖြောင်မြောင်ဟုန်က အပြုံးနှင့်ပြောဆိုသည်။
"သခင်လေးက နဂါးငါးကို ဖမ်းမိပါစေလို့ ဟုန်အာက ဆုတောင်းပေးပါတယ်..."
"ငါက အဲ့ဒီငါးကို စိတ်မဝင်စားဘူး..."
ရီဖုန်းက သူ၏နှာခေါင်းကိုပွတ်သပ်ပြီး ပြောဆိုသည်။
ပထမအချက်မှာ သူသည် သေဆုံးသွားပြီးနောက် အင်မော်တယ်တစ်ယောက် ဖြစ်လာမည်ဖြစ်သောကြောင့် နဂါးငါးကို မလိုအပ်ချေ။
ဒုတိယအချက်အနေဖြင့် ဤနဂါးငါးကို စောင့်ကြည့်နေသော လူအမြောက်အများရှိနေသဖြင့် သူ ဖမ်းဆီးနိုင်သည်အထိ ကံကောင်းမည်ဟု တွေးထင်ထားခြင်းမရှိချေ။
"ငါက သာမန်ငါးတချို့ကို ဖမ်းဖို့ပဲ စဉ်းစားထားတယ်"
ရီဖုန်းက ပေါ့ပေါ့ပါးပါးအပြုံးနှင့် ပြောဆိုသည်။
"ဒီရေကန်ထဲမှာ သာမန်ငါးတွေလည်း ရှိတယ်မဟုတ်လား"
"သာမန်ငါးတွေလား..."
ရီဖုန်းသည် နဂါးငါးမဟုတ်သော တခြားငါးများအကြောင်းကို ပြောဆိုနေသည်ဟု တွေးတောမိသဖြင့် ဖြောင်မြောင်ဟုန်က ခေါင်းညိတ်ပြလိုက်သည်။
"အမှန်ပဲ..."
"ကောင်းပြီလေ...လမ်းခွဲကြစို့..."
ရီဖုန်းသည် ငါးမျှားရန်အတွက် မစောင့်ဆိုင်းနိုင်တော့ချေ။
ဖြောင်မြောင်ဟုန်နှင့် လမ်းခွဲပြီးနောက် ရီဖုန်းက စတင်၍လည်ပတ်ကြည့်လိုက်သည်။
မည်သို့ပင်ဆိုစေကာမူ သူသည် ကျွမ်းကျင်သော တံငါသည်တစ်ယောက်မဟုတ်ချေ။အတိတ်ဘဝတွင် သူသည် တစ်ကြိမ်တခါမျှ ငါးမျှားခဲ့ဖူးခြင်းမရှိပေ။သို့ရာတွင် ငါများများဖမ်းမိသောနေရာတွင် ငါးဖမ်းသမားများ စုဝေးနေသည်ကို သူ၏အတိတ်ဘဝမှ အတွေ့အကြုံများအရ သိရှိထားသည်။
အကယ်၍ ရေကန်၏နေရာတနေရာတွင် တံငါသည်တစ်ယောက်မျှမရှိပါက ငါးများလည်း ရှိနေမည်မဟုတ်ချေ။
ရီဖုန်းသည် ဤအမှန်တရားကို လက်ခံထားသဖြင့် လူအမြောက်အမြားရှိသော နေရာများကို စတင်၍ရှာဖွေလိုက်၏။
ယွင်ဟူရေကန်၏အရှေ့တောင်ဘက်တွင်...
ဖုန်းချမ်ယွီသည် နှင်းကဲ့သို့ဖြူဖွေးသော အဖြူရောင်ဝတ်စုံကိုဝတ်ဆင်ထားကာ ကြည်လင်သော ကျောက်စိမ်းငါးမျှားတံကို ကိုင်ထားပြီး ကမ်းစပ်တစ်နေရာ၌ မလှုပ်မယှက်ထိုင်နေသည်။သူမ၏နံဘေးရှိ အလွန်ကြည်လင်သော ပိုးသေတ္တာအတွင်း၌ ငါးစာတစ်ခုကို ထည့်ထားသည်။
ဤငါးစာသည် နှစ်ထောင်နှင့်ချီသက်တမ်းရှိသော ပယင်းကျောက်ဖြစ်ပြီး စိတ်ဝိညာဥ်စွမ်းအားများ စုဝေးသောနေရာမှ အလိုအလျောက် ဖွဲ့စည်းလာခြင်းဖြစ်သည်။ထိုအရာသည် မိုးနှင့်မြေ၏စွမ်းအားကို စုပ်ယူကာ နေနှင့်လ၏အနှစ်သာရဖြင့် ဖြစ်တည်လာခြင်းပင်။
ငါးစာအရေအတွက်မှာ နှစ်ခုသာရှိသည်။
ငါးစာတစ်ခုကို ရေအတွင်းရှိငါးမျှားချိတ်၌ တပ်ထားပြီး တခြားတစ်ခုသည် ပိုးသေတ္တာအတွင်း၌ ရှိနေဆဲပင်။
ဤကဲ့သို့ ကောင်းကင်နှင့်မြေပြင်အကြားရှိ သဘာဝရတနာများဖြင့် ငါးမျှားခြင်းသည် ချွင်းချက်တစ်ခုမဟုတ်ချေ။ဤနေရာသို့ နဂါးငါးကိုမျှားရန်လာသော လူတိုင်းနီးပါး ငါးစာရှာရန်အတွက် အချိန်များစွာယူခဲ့ကြသည်။
အကယ်၍ နဂါးငါးကိုမျှားရန်မဟုတ်ဘဲ တခြားစိတ်ဝိညာဥ်ငါးများအတွက်ဆိုလျှင်ပင် ကောင်းကင်နှင့်မြေပြင်၏ အနှစ်သာရများဖြင့် ဖွဲ့စည်းထားသော ငါးစာများ သို့မဟုတ် အဖိုးတန်ရှားပါးသောပစ္စည်းများကို အသုံးပြုကြသည်။
သူမ၏လက်ဝဲဘက် မလှမ်းမကမ်းအကွာ၌...
သားမွှေးဝတ်ရုံကို ဝတ်ဆင်ထားကာ သူ၏ခေါင်းထက်၌ ခမောက်တစ်လုံးကိုဆောင်းထားသော လူအိုကြီးတစ်ယောက် ရှိနေသည်။
ဖုန်းချမ်ယွီသည် ဤနေရာ၌ ရှိနေသည်မှာ နှစ်ဝက်ကြာမြင့်ပြီဖြစ်သည့်တိုင့် လူအိုကြီးနှင့် စကားတစ်လုံးမျှ ပြောဆိုခဲ့ဖူးခြင်းမရှိချေ။
သို့ရာတွင် လူအိုကြီးသည် ယွင်ဟူရေကန် မွေးဖွားလာစဥ်ကတည်းက ဤနေရာသို့ ရောက်ရှိနေခြင်းဖြစ်ကြောင်း သူမ သိရှိထားသည်။
တစ်ချိန်က ယွင်ဟူရေကန်တွင် တစ်စုံတစ်ယောက်သည် နဂါးငါးကိုဖမ်းမိခဲ့ကြောင်း ကောလာဟလများလည်းရှိသည်။ဖုန်းချမ်ယွီက ဤသည်မှာ သူမ၏နံဘေးရှိ လူအိုကြီး ဖြစ်နိုင်သည်ဟု ခန့်မှန်းမိပေ၏။
ဤသည်မှာ ဖုန်းချမ်ယွီသည် တခြားလူများကို အလေးအနက်မထားသောကြောင့် မဟုတ်ချေ။သူမ၏အမြင်အရ လူအိုကြီးနှင့်ယှဉ်ပြိုင်နိုင်သူဟူ၍ တစ်စုံတစ်ယောက်မျှ မရှိသောကြောင့်ပင်။ဤလူအိုကြီး၏နည်းစနစ်များ အလွန်ကောင်းမွန်သည်ကို သူမ သိရှိထားသည်။
ထိုကြောင့် သူမ ဤနေရာ၌ ထိုင်နေသည်မှာအကြောင်းမဲ့မဟုတ်ချေ။
ပထမအချက်အနေဖြင့် ဤလူအိုကြီး မည်သူမည်ဝါဖြစ်သည်ကို သူမ ရှာဖွေဖော်ထုတ်လိုခြင်းဖြစ်ကာ ဒုတိယအချက်အနေဖြင့် သူမသည် သူ၏နည်းစနစ်များကို ခိုးယူလိုခြင်းပင်။
သို့ရာတွင် သူမ၏ချဉ်းကပ်လာမှုအတွက် လူအိုကြီးသည် သူမအား မောင်းထုတ်ခြင်းမပြုချေ။
လူအိုကြီးသည် သူမအား အာရုံစူးစိုက်ခြင်းလည်းမရှိသဖြင့် ဖုန်းချမ်ယွီသည် ဤနေရာ၌ ထိုင်နေခဲ့ရသည်။
ဤနှစ်ဝက်အချိန်ကာလအတွင်းတွင် လူအိုကြီး၏ကိုယ်နေဟန်ထားပြောင်းလဲခြင်းကို သူမ တစ်ကြိမ်တစ်ခါမျှ မမြင်တွေ့ခဲ့ဘူးချေ။
ဤသည်မှာ သူမအတွက်လည်း ထပ်တူထပ်မျှပင်။သူမသည် အစမှအဆုံးတိုင် ငါးမျှားချိတ်ကိုသာ စူးစိုက်ကြည့်နေပြီး မလှုပ်မယှက်ထိုင်နေခဲ့သည်။
သူမသည် အလျင်လို၍မရကြောင်း သူမ ကောင်းစွာသိရှိထားသည်။
အကယ်၍ တစ်စုံတစ်ယောက်သည် နဂါးငါးကိုဖမ်းဆီးလိုပါက ဤနေရာ၌ နှစ်တရာခန့် ထိုင်ရမည့်ပုံပင်။
ဤအချိန်အခိုက်အတန့်မှာပင် အဖြူရောင်ဝတ်စုံဝတ်လူငယ်တစ်ယောက်သည် သူမနှင့်လူအိုကြီးအကြား၌ ထိုင်ချလိုက်၏။
ဖုန်းချမ်ယွီက မျက်မှောင်အနည်းငယ်ကြုတ်လိုက်သည်။
အကယ်၍ နေရာတစ်နေရာတည်းတွင် လူတစ်ယောက်ပိုလာပါက နဂါးကိုဖမ်းနိုင်မည့် သူမ၏အခွင့်အရေးသည် လေးပုံပုံလျှင်သုံးပုံခန့် လျော့နည်းသွားပေမည်။ထိုကြောင့် ဤလူငယ် ရောက်ရှိလာခြင်းနှင့်ပတ်သက်ပြီး သူမ အလွန်စိတ်မကျေမနပ်ဖြစ်သွားသည်။
လူများအားလုံးသည် တခြားလူများရှိနေသည့်နေရာအား သူတို့ကိုယ်တိုင်အတွက်ဖြစ်စေတခြားလူများအတွက်ဖြစ်စေ ရှောင်ကြဥ်ကြသည်။သို့ရာတွင် ဤလူငယ်သည် လူအုပ်အကြားသို့ ဝင်ရောက်လာပေ၏။
ထိုလူငယ်သည် ဤနေရာသို့ ငါးဖမ်းရန်လာခြင်းဟု ပြောဆိုပါက သူမ ယုံကြည်မည်မဟုတ်ချေ။
သူမ၏စိတ်အတွင်း၌ အပြောင်းအလဲတစ်ခု ဖြစ်ပေါ်လာပြီးနောက် ဤလူငယ်အပေါ် အထင်အမြင်သေးမှုကို သူမ ခံစားမိသည်။
သူသည် ငါးမျှားရန်ဟူသော ဆင်ခြေကိုအသုံးပြု၍ သူမ၏အနီးသို့ ချဉ်းကပ်လိုခြင်းဖြစ်ပေမည်။
သူမကိုယ်သူမ အလွန်အထင်ကြီးခြင်းမဟုတ်သော်လည်း ဤကဲ့သို့အခြေအနေမျိုးကို သူမ အမြောက်အများ ကြုံတွေ့ပြီးလေပြီ။
သူမသည် ထျန်းယုနယ်မြေ၌ 'နတ်မိမယ်'ဟူသော ဘွဲ့ထူးကိုရရှိထားကာ မရေမတွက်နိုင်သောလူငယ်များသည် ထူးဆန်းသောနည်းလမ်းအမျိုးမျိုးကို အသုံးပြု၍ သူမအားတိတ်တဆိတ်ဆွဲဆောင်ရန်အတွက် ချဥ်းကပ်လာကြသည်။
ထိုလူငယ်များအနက်မှတချို့သည် မရိုးသားသောနည်းလမ်းများကိုပင် အသုံးပြုကြ၏။
သူမက သားမွှေးဝတ်ရုံဝတ်လူအိုကြီးကို ထပ်မံ၍တချက်ကြည့်လိုက်သည်။
လူအိုကြီးသည် အစမှအဆုံးတိုင် လှုပ်ရှားခြင်းမရှိချေ။
သူသည် ဤအဖြူရောင်ဝတ်စုံဝတ်လူငယ် ရောက်ရှိလာမှုနှင့်ပတ်သတ်ပြီး ဂရုစိုက်ပုံမရချေ။
အချိန်တခဏကြာခန့် စဉ်းစားတွေးတောပြီးနောက် ဖုန်းချမ်းယွီသည် ထိုလူငယ်အား မောင်းထုတ်ခြင်းမပြုရန် ဆုံးဖြတ်လိုက်သည်။သူမသည် ငါးမျှားရန်အတွက်သာ အာရုံစူးစိုက်ပြီး နံဘေးဘက်သို့ တချက်ပင်စောင်းငဲ့ကြည့်ခြင်း မပြုတော့ချေ။
Chapter 887
ရီဖုန်းက ထိုလူနှစ်ယောက်ကို လုံးလုံးလျားလျားလျစ်လျှူရှုထားသည်။
သူ ဤနေရာ၌ထိုင်နေသည့် အကြောင်းအရင်းမှာ လူနှစ်ယောက်ရှိနေသောကြောင့်ပင်။တခြားနေရာများနှင့် နှိုင်းယှဥ်ပါက ဤနေရာတွင် ငါးများ ပို၍ရှိနေနိုင်သည်။
ရီဖုန်းသည် သိုလှောင်လက်စွပ်ကိုဖွင့်ပြီး မွှေနှောက်၍ ရှာဖွေလိုက်၏။
ထို့နောက် သူသည် ဆယ်ပေခန့်ရှည်သော ငါးမျှားတံကို ထုတ်ယူလိုက်သည်။
ပြောရမည်ဆိုလျှင် ဤငါးမျှားတံသည် မိုးမြေဂိုဏ်း၏ကျွန်းငယ်လေးပေါ်၌ သူ ပြုလုပ်ခဲ့သောအရာပင်။
"အမ်...ငါးမျှားချိတ်ပဲ ကျန်တော့တယ်..."
ရီဖုန်းသည် ရိုးရှင်းသောငါးမျှားတံကိုကြည့်ပြီး ဆွံ့အသွားပေ၏။
သူ ငါးမမျှားသည်မှာ အချိန်အတော်ကြာမြင့်နေပြီဖြစ်သောကြောင့် ငါးမျှားတံဖော့များ မည်သည့်နေရာသို့ ရောက်ရှိသွားသည်ကို သူ မသိရှိချေ။
သို့ရာတွင် ဤသည်မှာ မဖြစ်နိုင်သော ကိစ္စတစ်ရပ်မဟုတ်ချေ။
ရီဖုန်းသည် မတ်တတ်ထရပ်ပြီး သူ၏နောက်၌ ပေါက်နေသော အပင်များကို လှည့်ပတ်၍ကြည့်လိုက်သည်။
အချိန်တခဏကြာပြီးနောက် သူသည် ကျူပင်နှင့်တူညီသော တုတ်တစ်ချောင်းကို ရှာဖွေတွေ့ရှိခဲ့သည်။
သူ၏အတိတ်ဘဝတွင် ငယ်ရွယ်စဥ်ကလေးဘဝ၌ ဤကဲ့သို့နည်းလမ်းဖြင့် ငါးမျှားခဲ့သည်ကို သူ သတိရသွားပေ၏။
ရီဖုန်းသည် ငါးမျှားတံ၌ ငါးမျှားဖော့ကို တပ်ဆင်ပြီးနောက် ရေအနက်ကို စတင်၍စမ်းသပ်လိုက်သည်။
ရီဖုန်းသည် စိတ်မပါ့တပါဖြင့် ပြုလုပ်ခဲ့ခြင်းဖြစ်သောကြောင့် သူ၏ငါးမျှားတံကို ရေအတွင်းသို့ ချလိုက်သည့်အချိန်တွင် အထက်အောက်လှုပ်ခတ်သွားသဖြင့် ရေအိုင်မျက်နှာပြင်၌ လှိုင်းဂယက်များ ထသွားစေသည်။
ရီဖုန်း ဤကဲ့သို့ဖြစ်နေသည်ကို တခြားလူများမှ သတိပြုမိလေ၏။
ဖုန်းချမ်ယွီ၏နောက်တွင် မတ်တတ်ရပ်နေသော အစေခံမလေးက ရယ်မောလိုက်သည်။
"သခင်မလေး...အဲ့ဒီလူကို ကြည့်ပါအုံး...သူက အရမ်းထူးဆန်းတယ်....သူက ဒီနေရာမှာငါးမျှားဖို့အတွက် ဘာမှ ကောင်းကောင်းပြင်ဆင်မထားဘူး...သူက ငါးမျှားဖို့အတွက် ဝါးတုတ်တစ်ချောင်းကိုတောင် အသုံးပြုနေတယ်"
အစေခံမလေးက ရယ်မောပြီး ပြောဆိုသည်။
"သူ့ရဲ့ ငါးမျှားတံဖော့အတွက်တောင် ကြုံရာကျပန်း ကျူပင်တစ်ပင်ကို ခုတ်ပြီးသုံးနေတာပဲ .."
ဖုန်းချမ်ယွီသည် စကားပြောဆိုခြင်း မပြုချေ။
သို့ရာတွင် သူမ၏စိတ်နှလုံးသားအတွင်း၌ ရီဖုန်းသည် ဤနေရာသို့ ရောက်ရှိလာသည်မှာ ငါးမျှားရန်မဟုတ်ကြောင်း ပို၍အခိုင်အမာ သတ်မှတ်လိုက်သည်။
နံဘေးတစ်ဖက်တွင်ရှိနေသော လူအိုကြီးသည် စကားမပြောဆိုခြင်းကြောင့်သာ နောက်မှရောက်လာသော သူမသည် ထိုလူငယ်ကို မတိုက်ခိုက်ခြင်းပင်။
"အင်း...ငါးစာအတွက်က ငါ ဘာကိုသုံးရမလဲ..."
ရီဖုန်းသည် နောက်ဆုံး၌ ငါးမျှားတံဖော့ကို ပြုလုပ်ပြီးနောက် ငါးစာအတွက် သူ မပြင်ဆင်ရသေးသည်ကို အမှတ်ရသွားသည်။
သူသည် စိတ်အနှောက်အယှက် ဖြစ်သွားပေ၏။
သူသည် ဖြောင်မြောင်ဟုန်နှင့် လမ်းခွဲခဲ့စဥ်အချိန်၌ သူမထံမှနေ၍ ငါးစာတချို့ကို တောင်းခဲ့သင့်သည်။
သို့သော် သူ၏အတိတ်ဘဝတွင် ကျေးလက်ဒေသ၌ သူငယ်ချင်းများနှင့် ငါးမျှားခဲ့စဥ်က ငါးစာအဖြစ် တီကောင်များအား အသုံးပြုခဲ့သည်ကို သူ မှတ်မိသွားပေ၏။
ထိုနေ့တုန်းက မိုးဖွဲဖွဲကျနေသည်ကိုပင် သူ အမှတ်ရနေပေ၏။
သူသည် တီကောင်များဖြင့် ဖမ်းထားသည့် ငါးသိုင်းခြင်းတောင်းငယ်အပြည့်ကို သယ်ဆောင်၍ တက်ကြွဖျတ်လတ်စွာဖြင့် ရွာ၏ခေါင်းရင်းမှ ဖြတ်သန်းသွားစဥ်တွင် နံဘေးရွာမှ ဂျိမ်းနှင့် တွေ့ဆုံခဲ့ရသည်....
ဂျိမ်းသည် သူ့အား မျက်လုံးများဝေဝါးသည်အထိ ကြည့်နေခဲ့သည်အား သူ မေ့လျော့သွားမည်မဟုတ်ချေ...
ရီဖုန်းသည် မတ်တတ်ထရပ်ပြီး သိုလှောင်လက်စွပ်အတွင်းမှ တူရွင်းပြားတစ်လက်ကို ထုတ်ယူကာ သူ၏နံဘေးရှိ မည်းနက်ပြီးစိုစွတ်သော မြေပြင်ကိုတူးလိုက်သည်။
အချိန်တခဏကြာပြီးနောက် ရီဖုန်းသည် တီကောင်ရှစ်ကောင်ကို တူးထုတ်နိုင်ခဲ့လေ၏။
သူသည် ပုလင်းငယ်တစ်လုံးကိုထုတ်ယူပြီး မြေကြီးအနည်းငယ်ဖြည့်ကာ ထိုအရာတွင်း၌ တီကောင်များကိုထည့်၍ ရေကန်ထံသို့ ပြန်လာခဲ့သည်။
ရေကန်နံဘေး၌ ပြန်ထိုင်ပြီးနောက် ရီဖုန်းသည် တီကောင်တစ်ကောင်ကိုထုတ်ယူပြီး ဓားမြှောင်တစ်လက်နှင့် အပိုင်းပိုင်းဖြတ်လိုက်သည်။ထို့နောက် သူသည် တီကောင်အပိုင်းအစတစ်ခုကို ငါးမျှားချိတ်၌ တပ်လိုက်၏။
ဝှစ်....
ထို့နောက် ငါးမျှားချိတ်ကို ရေအတွင်းသို့ချကာ ရီဖုန်းသည် စတင်၍ ငါးမျှားလိုက်တော့သည်။
နံဘေးတွင်ရှိနေသော ဖုန်းချမ်ယွီ၏နောက်ရှိ အစေခံမလေးက သူမ၏ပါးစပ်ကိုအုပ်ပြီး ရယ်မောလိုက်သည်။
"သခင်မလေး....အဲ့ဒီထူးဆန်းတဲ့လူကို ကြည့်ပါအုံး...သူက ငါးမျှားဖို့အတွက် တီကောင်တွေကို သုံးနေတယ်"
အစေခံမလေးက ကူကယ်ရာမဲ့စွာဖြင့် စောဒကတက်လိုက်သည်။
ဖုန်းချမ်ယွီသည် မျက်မှောင်ကြုတ်ကာ သူမ၏မျက်နှာ အနည်းငယ်သုံးမှုန်သွားသည်။
သူမ၏အမြင်အရ ရီဖုန်း၏လုပ်ရပ်သည် ယွင်ဟူရေကန်ကို ပုတ်ခတ်စော်ကားခြင်းပင်။
လောကကြီးအတွင်းသို့ သူတော်စင်များ ရောက်ရှိလာပြီးနောက် ယွင်ဟူရေကန်သည် နတ်ဘုရားများမှနေ၍ လောကကြီးအတွင်းရှိလူများအား ပြန်လည်ပေးအပ်သော လက်ဆောင်ပင်။ထို့ကြောင့် လူများသည် ယွင်ဟူရေကန်အပေါ် ရိုသေလေးစားမှုရှိရပေမည်။
ထို့ပြင် ယွင်ဟူရေကန်အတွင်းရှိ သက်ရှိများအားလုံးသည် စိတ်ဝိညာဉ်သက်ရှိများပင်။
ဤနေရာသို့ ငါးမျှားရန်လာသော မည်သူမဆို ငါးမျှားတံများဖြစ်စေ ငါးမျှားကြိုးနှင့်ငါးမျှားချိတ်များဖြစ်စေ ကောင်းမွန်သောပစ္စည်းများကို အသုံးပြုကြသည်။ငါးစာအတွက်ကမူ စိတ်ဝိညာဉ်သက်ရှိများကို ဆွဲဆောင်နိုင်ရန် အမျိုးမျိုးသောရတနာများကို အသုံးပြုကြ၏။
သို့ရာတွင်...
ရီဖုန်းကမူ ငါးများတံအဖြစ် ဝါးတစ်ချောင်းကိုအသုံးပြုနေကာ ငါးစာအတွက်ကမူ တီကောင်ကဲ့သို့ ညစ်ပတ်သောသက်ရှိတစ်ကောင်ကို အသုံးပြုနေသည်။
ဤကဲ့သို့ အောက်တန်းကျသောအပြုအမူသည် ယွင်ဟူရေကန်၏ပတ်ဝန်းကျင်အခြေအနေနှင့် ထိုက်တန်ခြင်းမရှိချေ။ဤသည်မှာ ယွင်ဟူရေကန်၏အဆင့်ကို နှိမ့်ချလိုက်သကဲ့သို့ ဖြစ်သွားသဖြင့် ထိုလူငယ်သည် နတ်ဘုရားများ၏ပြစ်ဒဏ်ပေးမှုကို ခံရမည်မှာ သေချာပေါက်ပင်။
ဖုန်ချမ်ယွီက သည်းမခံနိုင်တော့သဖြင့် မတ်တတ်ထရပ်လိုက်သည်။
သူမသည် ရီဖုန်းကို မောင်းထုတ်လိုပေ၏။
သို့ရာတွင် သူမလလှုပ်ရှားတော့မည့် အချိန်မှာပင် အသံသတင်းစကားတစ်ခုက သူမ၏စိတ်အတွင်းသို့ ဝင်ရောက်လာသည်။
"တကယ်လို့ မင်းက ကြိုတင်ပြီးတော့ တွေးတောဆင်ခြင်ထားနိုင်တယ်ဆိုရင်...ဘာလို့ တခြားလူတွေရဲ့အပြုအမူတွေကို ဂရုစိုက်နေတာလဲ"
"ဒါက သူလား...."
ဖုန်းချမ်ယွီခန္ဓာကိုယ် အနည်းငယ်တုန်ရီသွားသည်။ထို့နောက် သူမ၏မျက်လုံးအကြည့်သည် မလှမ်းမကမ်းအကွာတွင်ရှိနေသော သားမွှေးဝတ်ရုံဝတ်လူအိုကြီးထံသို့ ကျရောက်သွားပေ၏။
လူအိုကြီးသည် အစမှအဆုံးထိ တိတ်ဆိတ်ငြိမ်သက်စွာထိုင်နေကာ မည်သည့်လှုပ်ရှားမှုမျှ မရှိချေ။
"အမှန်ပဲ...ဒီနေရာမှာ တခြားဘယ်သူမှ ရှိမနေမှတော့ ဒီလူအိုကြီးပဲ ဖြစ်မယ်...."
ဖုန်းချမ်ယွီက တီးတိုးရေရွတ်လိုက်သည်။
အမှန်တကယ်ကိုပင်...
ရီဖုန်း၏လုပ်ရပ်များသည် သူမနှင့် အနည်းငယ်မျှ မသက်ဆိုင်ချေ။
အကယ်၍ သူသည် ယွင်ဟူရေကန်ကို ပုတ်ခတ်စော်ကားခဲ့သည် ဆိုလျှင်ပင် သူ့အား အပြစ်ပေးရန်အတွက် မိုးနှင့်မြေ၏ ဥပဒေသများ ရှိနေလေရာ မည်သည်ကြောင့် သူမ လှုပ်ရှားမှုပြုလုပ်ရန် လိုအပ်မည်နည်း။
ထိုအစား သူမသည် အချိန်တခဏခန့် စိတ်တည်ငြိမ်မှု ပျက်ပြားသွားခဲ့သည်။
"ကျွန်မကို သတိပေးတဲ့အတွက် စီနီယာကို ကျေးဇူးတင်ပါတယ်"
သူမသည် လူအိုကြီးထံဦးတည်၍ ခေါင်းညိတ်ပြပြီးနောက် စိတ်တည်ငြိမ်ခြင်းအခြေအနေသို့ ပြန်လည်၍ဝင်ရောက်လိုက်သည်။
သူမ၏မသိစိတ်မှနေ၍...
ရီဖုန်းကို ထပ်မံ၍မကြည့်တော့ဟု ဆုံးဖြတ်လိုက်၏။
ဗွမ်း....
ရေပွက်သံများကို ကြားရသဖြင့် ရီဖုန်းက စိတ်လှုပ်ရှားစွာဖြင့် သူ၏ငါးမျှားတံကို မတင်လိုက်သည်။
လက်မအနည်းငယ်ခန့်ရှည်လျားသော အနီရောင်ငါးကြင်းတစ်ကောင်ကို သူ ဖမ်းမိလေ၏။
"ယိုး ဒီနေရာက အရမ်းကောင်းတာပဲ"
ရီဖုန်းသည် စိတ်လှုပ်ရှားစွာဖြင့် ငါးကိုဖြုတ်ပြီးနောက် သိုလှောင်လက်စွပ်အတွင်းမှနေ၍ ခြင်းတောင်းတစ်လုံးကို ရှာဖွေလိုက်သည်။ထို့နောက် သူသည် ငါးကြင်းကို ခြင်းတောင်းအတွင်းသို့ထည့်လေသည်။
"သခင်မလေး...ကြည့်လိုက်အုံး အဲ့ဒီလူက တကယ်ကြီး ငါးတစ်ကောင်ကို ဖမ်းမိခဲ့တယ်...ဒါက ဘယ်လိုငါးမျိုးလဲ ဆိုတာတော့ ငါ မသိဘူး...သူက တကယ့်ကို ကံကောင်းတာပါလား"
ရီဖုန်းသည် ငါးတစ်ကောင်ကို ဖမ်းမိသွားသည်အား မြင်တွေ့ချိန်၌ အစေခံမလေးသည် အံ့အားတသင့် ရေရွတ်လိုက်၏။
"နင် ပါးစပ်ပိတ်ထားစမ်း"
"ငါတို့ ငါးမျှားဖို့အတွက် ငါတို့ရဲ့စိတ်တွေ တည်ငြိမ်နေဖို့ လိုတယ်..တခြားလူတွေ ဘာလုပ်တယ်ဆိုတာနဲ့ ပတ်သက်ပြီး ငါတို့ စိုးရိမ်ပူပန်နေဖို့မလိုအပ်ဘူး"
စိတ်တည်ငြိမ်ခြင်းအခြေအနေ၌ ရှိနေသော ဖုန်းချမ်ယွီက သူမ၏နောက်ရှိ အစေခံမလေးကို သတိပေးလိုက်သည်။
သူမ၏စိတ်နှလုံးသားအတွင်း၌ လူအိုကြီး၏သတိပေးမှုအတွက် ကျေးဇူးတင်နေမိသည်။
သူမသည် သူမ၏စိတ်အတွင်းမှနေ၍ ထိုအောက်တန်းကျသောလူကို မောင်းထုတ်နိုင်ခဲ့ပေ၏။
"ဟုတ်ကဲ့"
ဖုန်းချမ်ယွီ၏ အပြစ်တင်ခြင်းကိုခံရသော အစေခံမလေးသည် သူမ၏လျှာကိုထုတ်ပြီးနောက် သူမ၏ပါးစပ်ကိုပိတ်ကာ စကားပြောဆိုနေခြင်းကို ရပ်တန့်လိုက်၏။
အမှန်အားဖြင့် ရီဖုန်းသည် အလွန်စိတ်မရှည်သော လူတစ်ယောက်ပင်။
နောက်ဆုံးတကြိမ်တုန်းက သူ မိုးမြေဂိုဏ်း၏ကျွန်းငယ်လေးပေါ်တွင် တစ်နာရီခန့်ကြာအောင် ငါးမျှားခဲ့စဉ်၌ သူ မည်သည့်ငါးကိုမျှ မဖမ်းမိသည့်အတွက် ငါးမျှားတံများအားလုံးကို ရေအတွင်းသို့ ပစ်ချခဲ့သည်။
သို့ရာတွင် သူသည် မည်သည့်အကျိုးအမြတ်ကိုမျှ မရရှိဘဲ ဆန့်ကျင်ဘက်အခြေအနေသာ ထွက်ပေါ်လာခဲ့သည်။
ယခုအချိန်၌ သူသည် ဤနေရာ၌ ငါးတစ်ကောင်ကို ဖမ်းမိလေ၏။
ဤသည်ကြောင့် သူ၏ငါးမျှားတံကို တဖန်ပြန်၍ ရေအတွင်းသို့ ချလိုက်သည်။
ငါးများတံဖော့ ထပ်မံ၍ လှုပ်ရှားသွားကာ...
ဝါးတိုင်ကို အနည်းငယ်လှုပ်ခတ်လိုက်ခြင်းနှင့်အတူ အစောပိုင်းကငါးနှင့် တူညီသော နောက်ထပ်ငါးတစ်ကောင်ကို ရီဖုန်းက မတင်လိုက်သည်။
ဤမြင်ကွင်းကိုမြင်တွေ့ချိန်တွင် ဖုန်းချန်ယွီ၏နောက်ရှိ အစေခံမလေးသည် တစ်စုံတစ်ခုကို ပြောဆိုရန် သူမ၏ပါးစပ်ကို ဖွင့်ဟလိုက်သည်။သို့ရာတွင် သူမသည် အနည်းငယ်မျှ လှုပ်ရှားခြင်းမရှိသော ဖုန်းချမ်ယွီကိုကြည့်ပြီး လိမ္မာပါးနပ်စွာဖြင့် သူမ၏ပါးစပ်ကို ပိတ်လိုက်၏။
ရေအိုင်၏အထက်တွင် လေများတိုက်ခတ်ကာ လူအများ၏မျက်နှာများကို ရိုက်ခတ်သွားသဖြင့် သူတို့အား အလွန်အမင်းသက်တောင့်သက်သာရှိမှုကို ခံစားရစေသည်။
ရေအိုင်မျက်နှာပြင်ပေါ်၌ လှိုင်းဂယက်များ အနည်းငယ်ထနေပေ၏။
အချိန်များ တရွေ့ရွေ့ကုန်ဆုံးလာပြီးနောက်..
အရှေ့တောင်ကမ်းစပ်တွင် စိတ်တည်ငြိမ်းစွာဖြင့် ငါးမျှားနေသော လူသုံးယောက်သည် တစ်ယောက်နှင့်တစ်ယောက် အနည်းငယ်မျှအာရုံစိုက်ခြင်း မရှိတော့ချေ။
သို့ရာတွင် ကွဲပြားခြားနားချက်မှာ ထိုလူသုံးယောက်အနက် နံဘေးဘက်မှနှစ်ယောက်သည် ဘုန်းတော်ကြီးများအလားထိုင်နေကာ အနည်းငယ်မျှလှုပ်ရှားခြင်း မရှိသော်လည်း ငါးတစ်ကောင် မဆိုထားနှင့် အမွှေးတစ်ချောင်းကိုပင် ဖမ်းဆီးနိုင်ခဲ့ခြင်းမရှိချေ။
အလယ်၌ထိုင်နေသော အဖြူရောင်ဝတ်စုံဝတ်လူငယ်ကမူ တကြိမ်ပြီးတကြိမ် သူ၏ငါးမျှားတံကို မတင်နေသည်။
သူ၏ငါမျှားတံကို မတင်လိုက်သည်နှင့် သူ ငါးတစ်ကောင်ကို ဖမ်းမိသွားလေပြီ။
ရီဖုန်း၏ခြင်းတောင်းသည် တဖြည်းဖြည်း ပြည့်လူနီးပါး ဖြစ်သွားခဲ့သည်။
ဤအချိန်အခိုက်အတန့်၌ ဤနေရာတွင် အချိန်အတော်ကြာထိုင်ကာ ငါးမျှားနေပြီး အစမှအဆုံးတိုင် မလှုပ်ရှားသော လူအိုကြီးသည် သူ့၏ခေါင်းကို တိမ်းစောင်းကာ ရီဖုန်းကို တစ်ချက်ကြည့်လိုက်၏။
သို့ရာတွင် မကြာမီမှာပင် သူ၏ခေါင်းကို ပြန်လည်ပြီးလှည့်လိုက်ကာ ဤကိစ္စသည် သူ့အပေါ်တွင် မည်သည့်သက်ရောက်မှုမျှ ရှိပုံမရချေ။
တခြားတစ်ဖက်တွင်ရှိနေသော ဖုန်းချမ်ယွီသည် လူအိုကြီး၏သတိပေးမှုကြောင့် အစပထမတွင် သူမ၏စိတ်ကို တည်ငြိမ်အောင် ထိန်းသိမ်းနိုင်ခဲ့သည်။သို့ရာတွင် သူမက ရီဖုန်းသည် ငါးတစ်ကောင်ပြီးတစ်ကောင် ဖမ်းမိနေသည်ကို မြင်တွေ့ချိန်၌ သူမသည် မငြိမ်မသက်ဖြစ်လာကာ စိတ်တည်ငြိမ်နိုင်ခြင်း မရှိတော့ချေ။
သူမသည် စိတ်တည်ငြိမ်စေရန်အတွက် အကောင်းဆုံးကြိုးစားသော်လည်း တစတစပို၍ခက်ခဲလာသည်။
Chapter 888
ဤနေရာတွင်ငါးဖမ်းရာ၌ ငါးမျှားတံ ငါးမျှားကြိုးမှစ၍ ငါးများချိတ်အထိ သူမသည် အခန်းကဏ္ဍအားလုံးတွင် အကောင်းဆုံးပစ္စည်းများကို အသုံးပြုခဲ့သည်။
ထို့ပြင် ငါးစာသည် သူမ အချိန်အတော်ကြာယူ၍ ကြိုးစားရှာဖွေခဲ့ရသော ကောင်းကင်နှင့်မြေပြင်၏အနှစ်သာရပင်။
သို့ရာတွင် သူမသည် ဤနေရာ၌ ထိုင်နေသည်မှာ နှစ်ဝက်ကျော်ပြီဖြစ်သည့်တိုင် ငါးမျှားဖော့သည် လှုပ်ရှားခြင်းမရှိချေ။
သူမသည် နဂါးငါးကို ဖမ်းမမိနိုင်လျှင်ပင် အနည်းဆုံးအနေဖြင့် ငါးစာကိုလာကိုက်သော စိတ်ဝိညာဥ်ငါးတချို့ ရှိနေသင့်သည်။ထိုသို့ဖြစ်လာပါက သူမသည် ဤငါးမျှားခြင်းအတွက် မျှော်လင့်ချက် အနည်းငယ်ရှိလာပေမည်။
တခြားတစ်ဖက်တွင် သူမ၏နံဘေး၌ရှိနေသော ရီဖုန်းကမူ...
ငါးမျှားတံသည် ဝါးတစ်ချောင်းဖြစ်ကာ...
ငါးများချိတ်သည် သံချိတ်တစ်ခုပင်။
ငါးမျှားဖော့သည်လည်း ကြုံရာကျပန်းကျူပင်တစ်ချောင်းဖြစ်ကာ...
ငါးစာပင်လျှင် မြေကြီးအောက်မှတူးထုတ်ထားသော တီကောင်များဖြစ်သည်။
သို့ရာတွင် ထိုကောင်စုတ်၏တင်ပါးများသည် ထိုင်ချလိုက်သည်နှင့် မကြာခဏကြွနေပြီး ငါးမျှားတံဆွဲတင်ခြင်းကို မကြာခဏပြုလုပ်နေသည်။
ထို့ကြောင့် ဖုန်းချန်ယွီ၏စိတ်ပိုင်းဆိုင်ရာများ ပြိုလဲလုနီးပါး ဖြစ်နေလေပြီ။
ဟူး....
သူမသည် အသက်ပြင်းပြင်းတစ်ချက်ရှိုက်ကာ စိတ်တည်ငြိမ်သွားစေရန် သူမကိုယ်သူမ တွန်းအားပေးလိုက်၏။
အရည်အသွေးညံ့ဖျင်းသော ငါးမျှားတံနှင့် တီကောင်ကဲ့သို့ ငါးစာကိုအသုံးပြုကာ မည်သည်ကြောင့် ကောင်းမွန်သော စိတ်ဝိညာဥ်ငါးများကို ဖမ်းဆီးနိုင်မည်နည်း။ဤသည်မှာ ငါးငယ်လေးများနှင့် ပုစွန်ငယ်လေးများသာ ဖြစ်ပေမည်။
သူမကမူ အရည်အသွေးကောင်းမွန်သော ပစ္စည်းများကို အသုံးပြုထားသည်။
ထိုကြောင့် သူမသည် ထိုလူငယ်ထက် အနည်းငယ်ပို၍ကောင်းမွန်သော စိတ်ဝိညာဉ်ငါးတစ်ကောင်ကို ဖမ်းမိသရွေ့ သူ့အား အနိုင်ယူနိုင်ပေမည်။
ထိုအကြောင်းကိုတွေးတောရင်း ဖုန်းချန်ယွီသည် သူမ၏စိတ်အတွင်း၌ အလွန်အမင်း စိတ်သက်သာရာရသွားသကဲ့သို့ ခံစားရသည်။
သူမသည် စိတ်တည်ငြိမ်ခြင်းအခြေအနေသို့ ပြန်လည်၍ရောက်ရှိသွားပေ၏။
မျက်တောင်တစ်ခတ်စာအချိန်မှာပင် နေ့ဝက်ကုန်ဆုံးသွားသည်။
"အမ်...ခြင်းတောင်းပြည့်တော့မှာပါလား..."
ရီဖုန်းသည် ငါးခြင်းတောင်းကိုကြည့်ပြီး ငါးမျှားတံကို အောက်သို့ချကာ အကြောဆန့်လိုက်သည်။
ထို့နောက် သူသည် နောက်ဖက်သို့သွားကာ ကျင်းတစ်ကျင်းတူးပြီး မီးမွှေး၍ အိုးတစ်အိုးအတွင်းသို့ရေထည့်ကာ တည်လိုက်သည်။
အချိန်တစ်ခဏကြာပြီးနောက် အိုးအတွင်းရှိရေများ ဆူပွက်လာလေပြီ။
ရီဖုန်းသည် ငါးခြင်းတောင်းအတွင်းမှ ငါးအနည်းငယ်ကိုထုတ်ယူကာ သန့်စင်ပြီးနောက် အိုးအတွင်းသို့ပစ်ထည့်ပြီး အမျိုးမျိုးသောဟင်းခတ်အမွှေးအကြိုင်များကို ပေါင်းထည့်လိုက်သည်။
မကြာမီမှာပင်....
ဟင်းအိုးသည် အနည်းငယ်ဆူပွက်လာကာ ငါးစွပ်ပြုတ်ရနံ့ ထွက်ပေါ်လာသည်။
"အိုး...ဒါက အရမ်းမွှေးတာပဲ"
ရီဖုန်းသည် ပျင်းရိငြီးငွေ့စွာထိုင်ချပြီးနောက် ပန်းကန်လုံးငယ်တစ်လုံးအတွင်းသို့ ငါးစွပ်ပြုတ်ကိုထည့်ကာ မြည်းစမ်းလိုက်၏။
နံဘေးတစ်ဖက်တွင်ရှိနေသော....
အစောပိုင်းကမှ စိတ်တည်ငြိမ်ခြင်းအခြေအနေသို့ ဝင်ရောက်သွားသည့် ဖုန်းချမ်ယွီ၏မျက်နှာသည် နှင်းများလွှမ်းခြုံသွားသည့်အလား အေးစက်တင်းမာနေပေ၏။
စော်ကားခြင်း...
အကြွင်းမဲ့စော်ကားခြင်းပင်။
ရီဖုန်းသည် တန်ဖိုးကြီးသောပစ္စည်းများကို လွှင့်ပစ်လိုက်ခြင်းပင်။
သူမ၏အမြင်အရ ရီဖုန်းသည် ငါးငယ်လေးများနှင့်ပုစွန်ငယ်လေးများကို ဖမ်းမိသည့်တိုင် ဤသည်မှာ ယွင်ဟူရေကန်မှ သက်ရှိများဖြစ်နေသဖြင့် အလွန်အမင်းထူးဆန်းပြီး အဖိုးတန်သောအရာများပင်။
သို့ရာတွင်...
ရီဖုန်းသည် စိတ်ဝိညာဥ်ငါးများကို ဤကဲ့သို့နည်းလမ်းဖြင့် ဖြုန်းတီးနေသည်မှာ သူမအား ဒေါသထွက်သွားစေသည်။
ဖုန်းချမ်ယွီသည် အံ့တင်းတင်းကြိတ်လိုက်စဉ်မှာပင် သူမ၏နံဘေးတွင်ထိုင်နေသော သားမွှေးဝတ်ရုံဝတ်လူအိုကြီးသည် ရုတ်တရက် မတ်တတ်ထရပ်လိုက်၏။
ဤသည်မှာ ဖုန်းချန်ယွီကို အံ့အားသင့်သွားစေသည်။
သူမသည် ဤနေရာ၌ ထိုင်ခဲ့သည်မှာ အချိန်ကြာမြင့်ပြီ ဖြစ်သည့်တိုင် လူအိုကြီး လှုပ်ရှားသည်ကို မမြင်တွေ့ခဲ့ဘူးချေ။ကြည့်ရသည်မှာ လောကကြီးတခွင်လုံးသည် သူနှင့် သက်ဆိုင်မှုမရှိသည့်အလားပင်။သို့ရာတွင် ယခုအချိန်၌ ထိုလူအိုကြီးသည် မတ်တတ်ထရပ်လိုက်၏။
ထို့နောက် လူအိုကြီးသည် ငါးမျှားတံကို တဖြည်းဖြည်း ပြန်လည်၍ သိမ်းဆည်းလိုက်သည်အား သူမ မြင်တွေ့မိသည်။
သူသည် လက်တစ်ဖက်ဖြင့် ငါးခြင်းတောင်းအလွတ် တခြားလက်တစ်ဖက်ဖြင့် အနည်းငယ်စိုစွတ်နေသော ခွေးခြေခုံတစ်လုံးကိုကိုင်ကာ ရေကန်ကမ်းစပ်တလျှောက် ထွက်ခွာသွားသည်။
ငါးစွပ်ပြုတ်စားနေသော ရီဖုန်းသည်လည်း လူအိုကြီးကို မော့ကြည့်လိုက်၏။
လူအိုကြီး၏ငါးခြင်းတောင်း ဗလာဟင်းလင်းဖြစ်နေသည်ကို မြင်တွေ့ချိန်၌ သူ၏နှုတ်ခမ်းမဲ့ရွဲ့သွားသည်။
ဤသည်မှာ ရီဖုန်းကို အနည်းငယ်ရှက်ရွံ့သွားစေသည်။
သူသည် ဤနေရာ၌ ငါးမျှားတံကို မကြာခဏမတင်ကာ ငါးခြင်းတောင်းပြည့်လုနီးပါး ဖြစ်သွားခဲ့သည်။သို့ရာတွင် သူနှင့်မလှမ်းမကမ်း၌ ထိုင်နေသော လူအိုကြီးကမူ ထိုင်နေရာမှထလာသဖြင့် နေရာပြောင်းခြင်း သို့မဟုတ် စိတ်မကြည်မသာဖြင့်ထွက်ခွာသွားခြင်း ဖြစ်ပေမည်။
ရီဖုန်းက လူအိုကြီးကိုကြည့်ပြီး အပြုံးနှင့် ပြောဆိုလိုက်သည်။
"လူအိုကြီး....ငါ ဒီနေရာမှာ ငါးတွေ အများကြီးဖမ်းမိခဲ့တယ်...ငါ မင်းကို ငါးနည်းနည်းလောက် ပေးမယ်လေ"
"ကျေးဇူးတင်ပါတယ်"
ခမောက်၏အောက်မှနေ၍ လူအိုကြီးတစ်ယောက်၏အသံ ထွက်ပေါ်လာသည်။
"ဘာကုသိုလ်ကောင်းမှုမှမရှိဘဲနဲ့ ဆုလာဘ်မရနိုင်ဘူး....ဒါ့ပြင် ဒီလူအိုကြီးက ငါးဖမ်းရတာကို ပျော်နေရုံသက်သက်ပဲ...ဒါကြောင့် ငါ ငါးဖမ်းမိတာ မဖမ်းမိတာက ပြဿနာမရှိဘူး"
"အော်...."
ရီဖုန်းသည် အနည်းငယ်အံ့အားသင့်သွားပြီး ချီးမွမ်းစကားပြောဆိုလိုက်၏။
"လူအိုကြီးက စိတ်နေသဘောထား မြင့်မားတဲ့လူပါလား..."
"ဟား ဟား ဟား...."
ခမောက်၏အောက်မှနေ၍ ရယ်သံများထွက်ပေါ်လာပြီးနောက် လူအိုကြီးက သူ့ကိုယ်သူနှိမ့်ချသောစကားမျိုး ပြောဆိုသည်။
"အရှင်နဲ့နှိုင်းယှဥ်ရင် ဒီလူအိုကြီးက လိုက်မီဖို့ဆိုတာ အဝေးကြီးလိုပါသေးတယ်"
ဤကဲ့သို့ နားမလည်နိုင်သောစကားများကို ပြောဆိုပြီးနောက် လူအိုကြီးသည် သူ၏ပစ္စည်းများနှင့်အတူ ထွက်ခွာသွားတော့သည်။
နံဘေးတစ်ဖက်တွင်ရှိနေသော...
ဖုန်းချမ်ယွီက သရော်တော်တော်ပြုံးလိုက်သည်။
'နင် ဖမ်းမိတဲ့ ငါးငယ်လေးတွေနဲ့ ပုစွန်ငယ်လေးတွေကို တခြားလူတွေဆီ ပေးချင်သေးတယ် ..သူက ဘယ်သူလဲဆိုတာတောင် နင် သိလို့လား'
'သူက ယွင်ဟူရေကန် မွေးဖွားလာတဲ့ အချိန်ကတည်းက နဂါးငါးကိုဖမ်းနိုင်တဲ့ တစ်ဦးတည်းသောလူပဲ'
'နင့်လိုမျိုး ငါးငယ်လေးတွေနဲ့ပုစွန်ငယ်လေးတွေကိုပဲ ဖမ်းနိုင်တဲ့လူ မဟုတ်ဘူး'
'ဒါက အရမ်းရယ်စရာကောင်းတယ်'
'နင့်ကိုယ်နင် အရှက်ခွဲနေတာပဲ'
သူမသည် ထိုအကြောင်းကို တွေးတောနေစဉ်မှာပင် နေရာမှထွက်ခွာလာသော လူအိုကြီးသည် သူမ၏နံဘေးမှဖြတ်၍ လျှောက်လှမ်းသွားပေ၏။
ထိုမြင်ကွင်းကို မြင်တွေ့ချိန်တွင်...
ဖုန်းချမ်ယွီက အလျှင်အမြန် မတ်တတ်ထရပ်ပြီး ဦးညွှတ်အရိုအသေပြုလိုက်သည်။
လူအိုကြီးသည် ခြေတစ်လှမ်းလှမ်းပြီးနောက်...
သူ၏ခေါင်းကို နောက်သို့ပြန်လှည့်ကာ သူမကို ကြည့်လေသည်။
ဝါးခမောက်၏အနက်ရောင်ပဝါစသည် လေကြောင့် ညင်သာစွာမြောက်တက်သွားချိန်၌ ဝေဝါးနေသောမျက်လုံးတစ်စုံက ထူးဆန်းသောအကြည့်ဖြင့် သူမကို ကြည့်နေသည်အား ဖုန်းချမ်ယွီက မြင်တွေ့မိသည်။
ထို့နောက် လူအိုကြီး ထွက်ခွာသွားတော့သည်။
ဖုန်းချမ်ယွီသည် နေရာမှာပင် တောင့်တင်းသွားပေ၏။
အစောပိုင်းက လူအိုကြီးသည် သူမအားမည်သည်ကြောင့် ဤကဲ့သို့အကြည့်မျိုးဖြင့် ကြည့်နေသည်ကို သူမ စဉ်းစားတွေးတောနေမိသည်။
ဤသည်မှာ အဓိပ္ပာယ်တစ်ခုခု ရှိနေသလော...
သူမသည် ဝေခွဲရခက်နေစဉ်မှာပင် အလွန်ရွှင်မြူးသောအသံဖြင့် သတင်းစကားတစ်ခုက သူမ၏စိတ်အတွင်းသို့ ဝင်ရောက်လာသည်။
'ဖုန်းမိသားစုရဲ့မျိုးဆက်တွေက မျိုးဆက်တစ်ဆက်ပြီးတစ်ဆက် ပိုပြီးနိမ့်ကျလာတယ်...'
'မင်းတို့ဖုန်းမိသားစုဘိုးဘေးနဲ့ ငါ့အကြားက ဆက်ဆံရေးကိုထောက်ပြီးတော့ ငါ မင်းကို သတိပေးလိုက်မယ်...'
'သူ ဖမ်းမိတဲ့ငါးတွေက ဘယ်လိုအမျိုးအစားလဲဆိုတာ မင်း သေချာကြည့်လိုက်အုံး...'
ထိုအသံသတင်းစကားသည် ဖုန်းချန်ယွီ၏စိတ်အတွင်းသို့ ရောက်ရှိလာချိန်၌ သူမ၏မျက်နှာအသားအရေ နီမြန်းသွားသည်။
သူမသည် အလွန်အမင်း ရှက်ရွံ့နေပေ၏။
အထူးသဖြင့် နောက်ဆုံးစကားလုံးအနည်းငယ်သည် သူမ၏စိတ်ကို ပြင်းထန်စွာသက်ရောက်သွားစေသည်။
သူမသည် လူအိုကြီး ထွက်ခွာသွားရာဘက်သို့ ကြည့်လိုက်ကာ ထိုနေရာသို့သွားပြီး ရှင်းရှင်းလင်းလင်းဖြစ်အောင် မေးမြန်းလိုသည်။သို့ရာတွင် ထိုလူအိုကြီး ပျောက်ကွယ်သွားသည်မှာ အချိန်ကြာမြင့်နေပြီဖြစ်ကြောင်း သူမ သိရှိလိုက်ရသည်။
သူမသည် နေရာမှာပင် ကြက်သေသေနေကာ အချိန်အတော်ကြာသည်အထိ စိတ်တည်ငြိမ်နိုင်ခြင်း မရှိတော့ချေ။
သူမထံ၌ ငါးမျှားလိုစိတ်လည်း မရှိတော့ပေ။
သူမ၏စိတ်အတွင်း၌...
လူအိုကြီး၏အသံကသာ တစ်ချိန်လုံး ပဲ့တင်ထပ်နေသည်။
ထို့ပြင် သူမ၏မျက်လုံးအကြည့်သည် ရီဖုန်းရှိနေသောနေရာသို့ ရံဖန်ရံခါ ကျရောက်သွားပေ၏။
သူမ အလွန်အမင်း ဝေခွဲရခက်နေသည်။လူအိုကြီးသည် မည်သည်ကြောင့် ဤကဲ့သို့စကားများကို သူမအား ပြောဆိုခဲ့သနည်း။
ရီဖုန်းသည် ငါးငယ်လေးများနှင့် ပုစွန်ငယ်လေးများကိုသာ ဖမ်းမိခဲ့သည် မဟုတ်လော...
ထိုကြောင့် သူမက ရီဖုန်းသည် မည်သည့်ငါးအမျိုးအစားမျာကို ဖမ်းမိခဲ့သည်နှင့် ပတ်သက်ပြီး အလွန်သိချင်စိတ်ပြင်းပြနေသည်။
သို့ရာတွင် ဤသည်မှာ သူမအတွက် အရှက်ရစရာကိစ္စဖြစ်သောကြောင့် ရီဖုန်းကို သူမဘက်မှစ၍ နှုတ်ဆက်လိုခြင်းမရှိချေ။
ဤသို့ဖြင့်....
ဤကဲ့သို့ ကိုးယိုးကားယား အခြေအနေအောက်တွင် အချိန်လဝက် ကြာမြင့်သွားခဲ့သည်။
လဝက်အချိန်ကာလအတွင်းတွင် ဖုန်းချန်ယွီသည် စိတ်တည်ငြိမ်နိုင်ခြင်းမရှိဘဲ အထူးသဖြင့် ရီဖုန်း ငါးမျှားနေစဉ်တွင် သူမ၏ခန္ဓာကိုယ်တစ်ခုလုံး ထုံကျင်နေပေ၏။
သူသည် ငါးများကို ထပ်ခါတလဲလဲဖမ်းမိနေတာ...
ရံဖန်ရံခါ၌ သူသည် တစ်ချက်တည်းဖြင့် ငါးနှစ်ကောင်ဖမ်းကာ ရံဖန်ရံခါ၌ ငါးသုံးကောင်ကိုပင် ဖမ်းမိခဲ့သည်။
အဓိကသော့ချက်မှာ ရီဖုန်းသည် နောက်ပိုင်းတွင် ငါးမျှားရုံသာမက...
သူသည် နံဘေးတစ်နေရာ၌ ရိုးရှင်းသောတဲတစ်လုံးကို တည်ဆောက်ခဲ့သည်။တဲ၏ပြင်ပတွင် စွပ်ပြုတ်အိုးများ သံပြားများနှင့် အသားကင်သောတုတ်ချောင်းများ ရှိနေသည်။
သူ ဖမ်းမိသည့် ငါးများအနက်မှ သေးငယ်သောငါးများကို ပြန်လွှတ်ပေးကာ ငါးကြီးများကိုသာလျှင် နည်းလမ်းအမျိုးမျိုးဖြင့်စားသုံးရန် သိမ်းဆည်းထားသည်။
သူသည် ငါးခေါင်းစွပ်ပြုတ် ငါးဥသုပ် ငါးခြောက်ကြော် ငါးကြော် ငါးကင်စသဖြင့် သူ စားလိုသမျှ အရာရာတိုင်းကို ချက်ပြုတ်စားသောက်ခဲ့သည်။
အတိုချုပ်ပြောရလျှင်...
သူတို့နှစ်ယောက်သည် ဆန့်ကျင်ဘက်ဖြစ်နေပေ၏။
သို့ရာတွင် လူအိုကြီးသည် သူမထံသို့ အသံသတင်းစကား ပေးပို့ခဲ့သော အချိန်မှစတင်၍...
သူမသည် ရီဖုန်းကို ထပ်မံ၍အထင်သေးဝံ့ခြင်း မရှိတော့ချေ။သူမသည် ရီဖုန်း မည်ကဲ့သို့ ငါးအမျိုးအစားများအား ဖမ်းဆီးမိသည်ကို ရှာဖွေဖော်ထုတ်နိုင်ရန်သာ အာရုံစူးစိုက်နေသည်။
သို့ရာတွင် လဝက်ကြာမြင့်ခဲ့သည်တိုင် သူမသည် အခွင့်အရေးမရရှိခဲ့ချေ။
ထိုအချိန်မှာပင် ရီဖုန်းသည် သူ၏တဲကိုဖျက်ကာ သူ၏အိုးခွက်ပန်းကန်များနှင့် ငါးမျှားတံကို သိမ်းဆည်းလိုက်သည်။
မည်သို့ပင်ဆိုစေကာမူ သူနှင့်ဖြောင်မြောင်ဟုန်သည် လဝက်ကြာပြီးနောက် ပြန်လည်တွေ့ဆုံမည်ဟု သဘောတူညီထားခဲ့သည်။ယခုအချိန်၌ လဝက်ကုန်ဆုံးသွားကာ ငါးဖမ်းခြင်းအပေါ် သူ၏စိတ်ဝင်စားခြင်းသည်လည်း ရပ်တန့်သွားသဖြင့် သူမနှင့်သွားရောက်တွေ့ဆုံရန် အချိန်ကျလေပြီ။
ထို့ကြောင့် ရီဖုန်းသည် ငါးခြင်းတောင်းကို ကောက်ကိုင်ပြီး မတ်တတ်ထရပ်ကာ ထွက်ခွာခဲ့တော့သည်။
သူ ထွက်ခွာခဲ့သောဦးတည်ချက်သည် ဖုန်းချန်ယွီ၏နံဘေးမှ ဖြတ်သန်းသွားရပေမည်။
ရီဖုန်း နီးကပ်လာသည်ကို မြင်တွေ့ချိန်၌ ဖုန်းချမ်ယွီသည် သူမ၏မျက်လုံးကို အလျှင်အမြန်မှိတ်ကာ တည်ငြိမ်သောအမူအယာကို ဆောင်လိုက်သည်။သူမသည် မိုးကောင်းကင်ယံအတွင်းရှိ အဖြူရောင်ကြာပန်းတစ်ပွင့်နှင့် တူညီနေကာ သူမ၏စိတ်ခံစားချက်များကို မြင်တွေ့ရန်မှာ မဖြစ်နိုင်ချေ။
သူမသည် သူ့အားအကဲခတ်နေသည်ကို ရီဖုန်း သိစေလိုခြင်းမရှိသည်မှာ သိသာထင်ရှားလှ၏။
သို့ရာတွင် ရီဖုန်းသည် သူမ၏နောက်သို့ ရောက်ရှိချိန်၌ အချိန်တခဏကြာခန့် ရပ်တန့်ပြီးနောက် သူ၏လက်သည် ခြင်းတောင်းအတွင်းသို့ ရောက်ရှိနေသည်အား သူမ သိမည်မဟုတ်ချေ။
ဤမိန်းကလေးသည် သူ့ထက်အရင် ဤနေရာသို့ ရောက်ရှိနေသူပင်။
သူတို့နှစ်ယောက်၏နေရာများသည် အလွန်ဝေးကွာခြင်းမရှိသဖြင့် ရီဖုန်းသည် တမင်သက်သက် အာရုံစူးစိုက်ခြင်းမရှိသည့်တိုင် သူမအား အစဉ်အမြဲ သတိပြုမိသည်။
မည်သို့ပင်ဆိုစေကာမူ သူ ဤနေရာသို့ ရောက်ရှိလာသော လဝက်အတွင်းတွင် မိန်းကလေးသည် ငါးတစ်ကောင်ကို ဖမ်းမိသည်အား သူ မြင်တွေ့မိခြင်းမရှိချေ။ဤသည်မှာ လူအိုကြီးထက်ပင် ပို၍ဆိုးဝါးသည်ဟု သူ တွေးတောမိလေ၏။
ထိုကြောင့် သူသည် အလွန်အမင်း ရှက်ရွံမှုကို ခံစားရသည်။
မည်သို့ပင်ဆိုစေကာမူ ငါးများကို သူတစ်ယောက်တည်းသာ ဖမ်းမိကာ သူ၏နံဘေးရှိလူများ ဖမ်းမိခဲ့ခြင်းမရှိချေ။ဤကိစ္စကြောင့် တခြားလူများ စိတ်မသတ်မသာဖြစ်သွားမည်ကို သူ စိုးရိမ်မိသည်။
ထိုကြောင့် သူသည် ဤမိန်းကလေး၏နံဘေးမှ ဖြတ်သန်းသွားစဉ်တွင် သူမကို ငါးနှစ်ကောင်ခန့်ပေးခဲ့မည်ဟု တွေးတောခဲ့သည်။သို့ရာတွင် မိန်းကလေး၏မျက်နှာသည် ရေခဲတောင်ကြီးကဲ့သို့ အေးစက်တင်းမာနေကာ လူစိမ်းများ မချဉ်းကပ်သင့်သည့် အမူအယာမျိုးဖြစ်နေသည်ကို မြင်တွေ့ချိန်၌ ရီဖုန်းသည် ထိုအကြံကို ဖျက်သိမ်းလိုက်၏။
သူသည် တစ်ဖက်မိန်းကလေးကို အောက်ကျို့၍ဆက်ဆံရလောက်သည်အထိ ကြင်နာတက်သူမဟုတ်ချေ။
ထိုကြောင့် ရီဖုန်းသည် သူ၏ငါးခြင်းတောင်းကိုသယ်ဆောင်ကာ ထွက်ခွာခဲ့တော့သည်။
Chapter 889
သို့ရာတွင် ဖုန်းချမ်ယွီ၏နောက်ရှိ အစေခံမလေးသည် အစောပိုင်းက ရီဖုန်း၏လှုပ်ရှားမှုများကို သံသယအပြည့်ဖြင့် ကြည့်နေခဲ့သည်။သူမသည် မျက်လုံးအပြူးသားဖြင့် ရီဖုန်းထွက်ခွာသွားသည်ကို စောင့်ကြည့်နေပေ၏။
အချိန်တခဏကြာပြီးနောက်....
ရီဖုန်းထွက်ခွာသွားသည်ကို အတည်ပြုပြီးနောက် နေရာမှာပင်ထိုင်နေကာ မည်သည့်လှုပ်ခတ်မှုမျိုးမှ ရှိပုံမရသော ဖုန်းချမ်ယွီသည် ထပ်မံ၍ ထိုင်ကြည့်မနေနိုင်တော့ချေ။
သူမသည် မတ်တတ်ထရပ်ပြီး လျှပ်ပြက်သကဲ့သို့အရှိန်ဖြင့် အလွန်လျှင်မြန်စွာ ပျံသန်းသွားကာ အစောပိုင်းက ရီဖုန်း ငါးမျှားနေသောနေရာသို့ ရောက်ရှိသွားသည်၏ထို့နောက်သူမ၏ခေါင်းကိုငုံပြီး ဂရုတစိုက် စူးစမ်းလေ့လာလိုက်၏။
ဤနေရာရှိမြေပြင်ပေါ်၌ ငါးကြေးခွံများ ပြန့်ကျဲနေသည်။
ရွှေနီရောင်ငါးကြေးခွံများကို မြင်တွေ့ချိန်၌ ဖုန်းချမ်ယွီ၏မျက်ခွံများ တုန်ရီသွားသည်။
သို့ရာတွင် ဤငါးကြေးခွံများသက်သက်ဖြင့် ရီဖုန်းသည် မည်သည့်ငါးအမျိုးအစားကို ဖမ်းမိသည်အား အတည်မပြုနိုင်သောကြောင့် သူမသည် အနီးအနား၌ သဲလွန်စများကို ဆက်လက်၍ရှာဖွေလိုက်သည်။
အချိန်တခဏကြာပြီးနောက်...
သူမသည် နံဘေးတစ်နေရာ၌ ရေအိုင်ငယ်တစ်ခုကို ရှာဖွေတွေ့ရှိခဲ့သည်။
ဤရေအိုင်သည် ရီဖုန်းမှနေ၍ ငါးခြင်းတောင်းဖြင့် အဆင်မပြေတော့သောကြောင့် ငါးများကိုယာယီထိန်းသိမ်းရန်အတွက် တူးခဲ့သော ရေအိုင်ငယ်တစ်ခုဖြစ်သည်။
ဤအချိန်အခိုက်အတန့်တွင် ရေအိုင်ငယ်အတွင်း၌ ငါးတစ်ကောင် ပေါလောပေါ်နေသည်။ထိုငါး၏အနီရောင်ဗိုက်သားများ ပေါ်နေကာ သေဆုံးသွားသည်မှာ သိသာထင်ရှားပြီး ထိုငါး၏ခန္ဓာကိုယ်တွင် မည်သည့်စိတ်ဝိညာဥ်စွမ်းအားမျှ မရှိတော့ချေ။
သို့ရာတွင် ထိုငါး၏ဗိုက်ကိုမြင်တွေ့ချိန်၌ ဖုန်းချမ်ယွီ၏ခန္ဓာကိုယ် တုန်ရီသွားသည်။
အကြောင်းအရင်းမှာ သူမ၏ရှေ့ရှိ ငါး၏ပုံပန်းသွင်ပြင်သည် ဒဏ္ဍာရီလာနဂါးငါးနှင့် တူညီနေသောကြောင့်ပင်။
ဤကိစ္စ၏အမှန်တရားကို ရှာဖွေဖော်ထုတ်နိုင်ရန်အလို့ငှာ သူမ၏လက်ချောင်းများ ပေကျံသွားမည်ကို သူမ ဂရုမစိုက်တော့ချေ။
သူမ၏နူးညံ့သေးသွယ်သောလက်ချောင်းများကို ရေအတွင်းသို့နှစ်၍ ငါးသေကို ဖမ်းဆုပ်လိုက်သည်။
ဤငါးသေသည် လက်တစ်ဝါးစာပမာဏထက် အနည်းငယ်ပို၍ရှည်လျားကာ ငါး၏ခန္ဓာကိုယ်တစ်ခုလုံး ရွှေနီရောင်သန်းနေသည်။ငါးသည်သေဆုံးသွားသည့်တိုင် ငါးကြေးခွံများသည် ခပ်ဖျော့ဖျော့တောက်ပနေဆဲဖြစ်သဖြင့် အသက်ရှင်သန်နေစဉ်အချိန်က ထူးခြားသည်ကို ပြသနေပေ၏။
သို့ရာတွင် ဤသည်မှာ ဖုန်းချန်ယွီ၏စိတ်ကို လှုပ်ရှားသွားစေသော အဓိကသော့ချက် မဟုတ်ချေ။
သူမ၏စိတ်အာရုံကို နိုးကြားသွားစေသော အဓိကသော့ချက်မှာ ငါး၏ရွှေနီရောင်နဖူးပေါ်၌ သေးငယ်သော ဦးချိုတစ်စုံ ပေါက်နေခြင်းပင်။
ဤဦးချိုများသည် ဒဏ္ဍာရီလာနဂါးဦးချိုများနှင့် တူညီနေပေ၏။
ဤနဂါးဦးချိုတစ်စုံသည် နဂါးငါး၏ အကြီးမားဆုံးဝိသေသလက္ခဏာပင်။
"နဂါး ငါး..."
ဖုန်းချမ်ယွီ၏လက် တုန်ရီသွားကာ စကားလုံးနှစ်လုံးကို ရေရွတ်လိုက်သည်။သူမ၏ခန္ဓာကိုယ် တုန်ရီသွားကာ တီးတိုးရေရွတ်ပြီး ဒယိမ်းဒယိုင်ဖြင့် နောက်သို့ဆုတ်လိုက်၏။
"သူ ဖမ်းမိတာက တကယ့်ကို နဂါးငါးတစ်ကောင် ဖြစ်နေတာလား"
ဤအချိန်အခိုက်အတန့်ဤ ဖုန်းချမ်ယွီသည် သူမ၏ဦးနှောက်များ ပွင့်ထွက်တော့လုမတတ် ခံစားနေရသည်။
ထိုလူငယ်လေးသည် နဂါးငါးတစ်ကောင်ကို အမှန်တကယ်ဖမ်းမိမည်ဟု သူမ တစ်ကြိမ်တစ်ခါမျှ တွေးထင်မထားမိချေ။
သူမအား ပို၍စိတ်လှုပ်ရှားစေသောအချက်မှာ မြေပြင်ပေါ်၌ပြန့်ကျဲနေသော ငါးကြေးခွံများသည်လည်း သူမ၏လက်အတွင်းရှိ နဂါးငါး၏ကြေးခွံများနှင့် တထပ်တည်းတူညီနေသောကြောင့်ပင်။ထိုအရာများမှလွဲ၍ တစ်ခြားငါးအများ၏ကြေးခွံများကို သူမ ရှာဖွေတွေ့ရှိခဲ့ခြင်းမရှိချေ။
ပြောရမည်ဆိုလျှင်...
ဤရက်များအတွင်း၌ ရီဖုန်းဖမ်းဆီးခဲ့သမျှ ငါးများအားလုံးသည် နဂါးငါးများ ဖြစ်နေပေ၏။
ဟူး....
ဖုန်းချမ်ယွီသည် အသက်ရှူမဝဖြစ်သွားကာ သူမ၏အသိစိတ် အချိန်တခဏကြာခန့် လွတ်ကင်းသွားပြီး သူမ၏စဉ်းစားတွေးတောနိုင်စွမ်း ဆုံးရှုံးလူနီးပါး ဖြစ်သွားခဲ့သည်။
ဤသည်မှာ မည်ကဲ့သို့လူစားမျိုး ဖြစ်သနည်း။
တခြားလူများသည် နေ့ရောညပါ အကောင်းဆုံးကြိုးစားခဲ့သည့်တိုင် နဂါးငါး၏အရိပ်အယောင်ကိုပင် မြင်တွေ့ခဲ့ရခြင်းမရှိချေ။သို့ရာတွင် ထိုလူငယ်သည် ပေါ့ပေါ့ပါးပါးဖြင့် နဂါးငါးအမြောက်အများကို ဖမ်းမိခဲ့ပေ၏။
သူသည် ဒဏ္ဍာရီလာ သူတော်စင်တစ်ယောက် ဖြစ်နေသလော....
ဖုန်းချန်ယွီ၏ လှပသောမျက်နှာလေး နီမြန်းသွားကာ သူမ၏စိတ်နှလုံးသားအတွင်းတွင် ကြီးမားသောကျောက်တုံးတစ်တုံးကို ဆွဲထားရသည့်အလား အလွန်အမင်းရှက်ရွံ့သွားသည်။
သူမသည် ယခင်က ရီဖုန်းကို မည်ကဲ့သို့ တွေးထင်ခဲ့သည်အား ပြန်လည်အမှတ်ရမိချိန်တွင် သူမသည် လူပြက်တစ်ယောက်အလားပင်။
လူအိုကြီးသည် ရီဖုန်းမှ နဂါးငါးများအား ဖမ်းဆီးခဲ့သည်ကို သိရှိပြီးဖြစ်ပေမည်။သူမကသာ အမြင်ကျဥ်းပြီး တခြားလူ၏အရည်အချင်းကို ထွင်းဖောက်မမြင်ဘဲ စိတ်သဘောထားကျဉ်းမြောင်းမှုအတွင်း၌ သူမကိုယ်သူမ ချုပ်နှောင်ထားခဲ့မိသည်။
သူမ၏စိတ်ကို တည်ငြိမ်အောင်ထိန်းသိမ်းပြီးနောက် သူမ၏ လက်အတွင်းရှိ နဂါးငါးကို တဖန်ပြန်၍စစ်ဆေးလိုက်သည်။
သို့ရာတွင် သူမ၏လက်အတွင်းရှိ နဂါးငါးသည် စွမ်းအားများ ဆုံးရှုံးသွားပြီဖြစ်သောကြောင့် သာမန်ငါးသေတစ်ကောင်နှင့် ကွဲပြားခြားနာခြင်းမရှိကြောင်း သူမ ရှာဖွေတွေ့ရှိခဲ့သည်။
သူမသည် နဂါးငါးသေကို ရေအိုင်ငယ်အတွင်းသို့ ပြန်ချပြီးနောက် ဖြည်းညှင်းစွာမတ်တတ်ထရပ်ကာ သူမ၏အသိစိတ်တစ်ခုလုံး ဗလာဟင်းလင်းဖြစ်သွားသည်။
ယနေ့ဖြစ်ခဲ့သောကိစ္စများသည်....
သူမ၏စိတ်နှလုံးသားကို ပြင်းပြင်းထန်ထန်ရိုက်ခတ်ခဲ့သော ထိုးနှက်ချက်တစ်ခု ဖြစ်သွားလေပြီ။
သူမသည် တောင်တစ်လုံးထက် ပို၍မြင့်သော တခြားတောင်တစ်လုံးရှိနေကာ လူတစ်ယောက်ထက်ပို၍တော်သော တခြားလူတစ်ယောက် ရှိနေသည်အား မြင်တွေ့ရသည့် ပထမဆုံးအကြိမ်ပင်။
"သခင်မလေး...."
"ဘာဖြစ်နေတာလဲ...."
ထိုအချိန်မှာပင် အစေခံမလေးသည် ဖုန်းချမ်ယွီနှင့်ပတ်သက်ပြီး တစ်စုံတစ်ခုမှားယွင်းနေသည်ကို မြင်တွေ့သွားသဖြင့် အပြေးရောက်လာသည်။
"ဘာမှမဖြစ်ဘူး"
ဖုန်းချမ်ယွီသည် သူမ၏စိတ်နှလုံးသားအတွင်း၌ နာကျင်နေသော်လည်း အစေခံမိန်းကလေး၏ရှေ့တွင် မည်သည့်အမူအယာမျိုးကိုမျှ မပြသချေ။
"ဒါနဲ့ တီကောင်တွေနဲ့ ငါးမျှားခဲ့တဲ့လူက သူ ထွက်သွားတဲ့အချိန်တုန်းက ငါတို့ရဲ့နောက်မှာ ခဏရပ်နေခဲ့တယ်"
အစေခံမလေးသည် စိတ်ဝင်စားဖွယ်ကောင်းသော ပုံပြင်တစ်ခုကို ပြောနေသည့်အလား အစောပိုင်းက သူမမြင်တွေ့ခဲ့ရသည့်အရာရာတိုင်းကို ပြောဆိုလေ၏။
"ဒါက အရမ်းရယ်ဖို့ကောင်းတယ်...အဲ့ဒီလူရဲ့ပုံကိုကြည့်ရတာတော့ လူအိုကြီးလိုပဲ သခင်မလေးကိုလည်း ငါးတစ်ကောင် ပေးချင်နေတဲ့ပုံပဲ"
ထိုစကားကိုကြားချိန်တွင် အစောပိုင်းကမှ စိတ်တည်ငြိမ်သွားသော ဖုန်းချမ်ယွီသည် ရုတ်တရက် ကြက်သေသေသွားလေ၏။
သူမက စိတ်လှုပ်ရှားစွာဖြင့် အစေခံမလေးကိုကြည့်ပြီး မေးမြန်းသည်။
"နင် အမှန်အတိုင်း ပြောနေတာလား"
"ဒါက အမှန်ပါပဲ...ငါက အဲဒီ့ကိစ္စကို ငါ့ရဲ့မျက်လုံးနဲ့ သေချာမြင်ခဲ့တယ်"
အစေခံမလေးက အပြုံးနှင့်ပြောဆိုသည်။
"ဟွန့် အဲ့ဒီကောင်ကတော့...လူအိုကြီးကတောင် သူ့ရဲ့ငါးတွေကို မကြိုက်ဘူး...ဘယ်လိုလုပ်ပြီးတော့ သခင်မလေးက သူ့ရဲ့ငါးတွေကို ကြိုက်မှာလဲ...ငါးငယ်လေးတွေနဲ့ ပုစွန်ငယ်လေးတွေကို ဘယ်သူက ဂရုစိုက်နေမှာလဲ"
"ဒါပေမဲ့ သခင်မလေးက သူ့ကို လျစ်လျူရှုထားတာကိုမြင်ပြီးတော့ သူက စိတ်ရှုပ်တဲ့အမူအယာနဲ့ ထွက်သွားခဲ့တယ်...သူက နည်းနည်းတော့ အသိစိတ်ရှိတယ်လို့ ယူဆလို့ရတယ်"
"ဘာ...."
အစေခံမလေး၏စကားလုံးများ ကျရောက်လာသည်နှင့် ဖုန်းချမ်ယွီ၏မျက်နှာအမူအယာ သိသိသာသာပျက်ယွင်းသွားသည်။
ဤသည်မှာ သူမ၏ရင်ဘတ်ကို ကြီးမားသောတူကြီးတလက်နှင့် ထုနှက်လိုက်သည်နှင့်တူညီကာ သူမ၏ဒေါသများအောက်တွင် သူမ၏ပါးစပ်မှ သွေးများအန်ထွက်လာသည်။
သူမသည် စိတ်တည်ငြိမ်စေရန် အတင်းအကြပ်ဖိနှိပ်ခဲ့သော်လည်း ဤကြီးမားသောထိုးနှက်ချက်ကြောင့် ဤအချိန်အခိုက်အတန့်တွင် သူမ၏ဝိညာဉ် ပျောက်ကွယ်သွားသည့်အလား သူမ၏အမူအယာကို သိသိသာသာ ပျက်ယွင်းသွားစေသည်။
ထိုလူသည် အစောပိုင်းက သူမအား အမှန်တကယ်ကို ငါးများပေးလိုသလော...
သို့ရာတွင် သူမ၏အေးစက်တင်းမာချင်ယောင်ဆောင်နေသော မျက်နှာထားကြောင့် အခွင့်အရေးကြီးတစ်ခုကို သူမ အချည်းနှီး တွန်းထုတ်ခဲ့မိလေပြီ။
ဤသည်မှာ အလွန်ရယ်ရွှင်ဖွယ် ကောင်းပေ၏။
ဖုန်းချမ်ယွီသည် မိုးကောင်းကင်ယံကိုမော့ကြည့်ပြီး အော်ဟစ်မိလုနီးပါးဖြစ်သွားကာ ဖင်ထိုင်ရက်သား လဲကျသွားတော့သည်။
သူမ၏ခြေထောက်များကို တည်ငြိမ်အောင် ထိန်းသိမ်းနိုင်ခြင်း မရှိတော့ပေ။
"ထျန်းယုကို ပြန်ကြမယ်"
အချိန်အတော်ကြာပြီးနောက် ဖုန်းချမ်ယွီက ဖြူရော်နေသောမျက်နှာနှင့် ပြောဆိုသည်။
"အမ် သခင်မလေး...နင်က သူတော်စင်ယှဉ်ပြိုင်ပွဲမှာ ပါဝင်ချင်တာ မဟုတ်လား....ဘာလို့ ထျန်းယုကို ပြန်သွားမှာလဲ"
အစေခံမလေးက အံ့အားတသင့် မေးမြန်းသည်။
"ဟက်...."
ဖုန်းချမ်ယွီက ရယ်မောလိုက်သည်။
"တကယ်လို့ ငါက သူတော်စင်ယှဉ်ပြိုင်ပွဲအတွက် ဆက်ပြီးနေမယ်ဆိုရင်တောင် ဘာအခွင့်အရေးမှ ရမှာမဟုတ်ဘူး"
"သခင်မလေး...ဘာလို့လဲ..."
အစေခံမလေးက ဇဝေဇဝါဖြင့် မေးမြန်းသည်။
ဖုန်းချမ်ယွီ၏မျက်နှာပေါ်၌ ခါးသည်းသောအပြုံးတစ်ခု ထင်ဟပ်လာသည်။
နဂါးငါးကိုရနိုင်သောအခွင့်အရေးသည် သူမ၏ရှေ့သို့ ရောက်ရှိလာသည့်တိုင် တွန်းထုတ်ခဲ့မိသည်။ဤသည်မှာ ဤနေရာတွင်ရှိနေသော သူမ၏လက်အတွင်းမှ ကံကြမ္မာများ ချော်ထွက်သွားသည်နှင့် တူညီသည်။
သူမသည် မည်သည့်နည်းဖြင့် တခြားအခွင့်အရေးများကို ရရှိနိုင်မည်နည်း...
ဖုန်းချမ်ယွီသည် အစေခံမလေးကို ရှင်းပြခြင်းမပြုတော့ဘဲ သူမ၏ပစ္စည်းများကို ထုတ်ပိုးသိမ်းဆည်းကာ အလျှင်အမြန်ထွက်ခွာသွားတော့သည်။
Chapter 890
ရီဖုန်းသည် ငါးခြင်းတောင်းကိုကိုင်ပြီး စိတ်အေးလက်အေးဖြင့် ချိန်းဆိုထားသောနေရာထံသို့ဦးတည်၍ သွားလိုက်သည်။
သူ လမ်းလျှောက်နေစဉ်တွင် သူ၏လက်များ အနည်းငယ် ညောင်းကိုက်လာသည်။
သူသည် လက်ပြောင်းလိုက်သော်လည်း အချိန်တခဏကြာခန့် လမ်းလျှောက်ပြီးနောက် သူ၏လက်များ ထပ်မံ၍ညောင်းကိုက်လာဆဲပင်။
"အင်း ကုသိုလ်ကောင်းမှုတစ်ခု လုပ်လိုက်တာပေါ့"
ရီဖုန်းသည် ငါးခြင်းတောင်းကိုကိုင်ပြီး ထိုအရာအတွင်းရှိ ငါးများအားလုံးကိုလွှတ်ပေးကာ ငါးနှစ်ကောင်ကိုသာ ချန်ထားခဲ့သည်။
ငါးခြင်းတောင်းကို သူ သယ်ဆောင်ရသည်မှာ ပေါ့ပါးသွားသဖြင့် စိတ်သက်သာရာရသွားတော့သည်။
မကြာမီမှာပင် ရီဖုန်းသည် ဖြောင်မြောင်ဟုန်နှင့် ချိန်းဆိုထားသောနေရာသို့ ရောက်ရှိလာခဲ့သည်။
ထိုနေရာတွင် ဖြောင်းမြောင်ဟုန်နှင့် လော့ချန်တို့သည် ကြို၍စောင့်ဆိုင်းနေပေ၏။
"သခင်လေးရီ...."
ဖြောင်မြောင်ဟုန်က ဦးညွှတ်အရိုအသေပြုလေသည်။
"အော်....မင်းတို့က ငါးအများကြီးမိလို့လား...ငါ့ထက်အရင် ကြိုရောက်နေကြတယ်"
ရီဖုန်းသည် ထိုလူနှစ်ယောက်ကိုကြည့်ပြီး သူ၏နှုတ်ခမ်းကိုစူ၍ ပြောဆိုလိုက်သည်။
"သခင်လေးရီက ရယ်စရာပြောနေပြန်ပြီ...ငါ ဒီနေရာကိုလာတာ ကံစမ်းရုံသက်သက်ပါပဲ ...လဝက်ကြာပြီးတဲ့နောက်မှာ ငါက ဘာမျှော်လင့်ချက်မှ မထားတော့ဘူး"
ဖြောင်မြောင်ဟုန်က အပြုံးနှင့် ပြောဆိုသည်။
"ဒါဆိုရင် မင်းက တကယ့်ကို စိတ်ရှည်တဲ့လူပဲ"
ရီဖုန်းက မျက်စောင်းထိုးလိုက်သည်။ အကယ်၍ သူသည် နေရာတစ်နေရာတည်းတွင်ထိုင်၍ လဝက်ခန့်ငါးမျှားပြီး မည်သည့်ငါးကိုမျှ ဖမ်းမမိပါက ဤရေကန်အား ဖောက်ခွဲမိပေမည်။သို့ရာတွင် ဖြောင်မြောင်ဟုန်သည် တည်ငြိမ်သောစိတ်အခြေအနေကို ထိန်းသိမ်းထားနိုင်ဆဲသဖြင့် သူ အမှန်တကယ်ကို လေးစားသွားမိသည်။
"ဟူး...ငါက ငါးကောင်းကောင်း မိခဲ့တဲ့ပုံ မရပေမယ့်...ဘယ်လိုပဲဖြစ်ဖြစ် ငါ မင်းကို ဒီငါးပေးလိုက်မယ်....မင်း တစ်ချက်ကြည့်လိုက်အုံး"
ရီဖုန်းက သူ၏လက်အတွင်းရှိ ငါးခြင်းတောင်းကို ဆန့်တန်းပြပြီး ပေါ့ပေါ့ပါးပါးပြောဆိုလိုက်၏။
"သခင်လေးရီက ငါးတွေဖမ်းမိခဲ့တာလား...ငါးနှစ်ကောင်တောင် မိခဲ့တယ်..."
ဖြောင်မြောင်ဟုန်သည် အံ့အားသင့်စွာဖြင့် ရီဖုန်းကို ကြည့်လိုက်၏။လဝက်အချိန်ကာလအတွင်းတွင် ရီဖုန်းသည် ယွင်ဟူရေကန်မှငါးများကို ဖမ်းမိခဲ့မည်ဟု သူ မျှော်လင့်မထားမိချေ။
"ငါ ငါးနှစ်ကောင်ဖမ်းမိတာက ဘာပြဿနာရှိလို့လဲ"
ရီဖုန်းက မျက်ဖြူလန်သွားကာ ဒေါသတကြီးပြောဆိုသည်။
"အရင်နှစ်ပတ်အတွင်းမှာ ငါက ငါးတွေအများကြီး ဖမ်းမိခဲ့တယ်...ခုဏက ငါ ထွက်လာတဲ့အချိန်မှာတောင် ငါ့မှာ ငါးခြင်းတောင်းတစ်တောင်းအပြည့် ကျန်သေးတယ်....ဒါပေမဲ့ ငါးခြင်းတောင်းက အရမ်းလေးတယ်လို့ ခံစားမိတာကြောင့် ငါးတွေကို ပြန်လွှတ်လိုက်တယ်"
ထိုစကားကိုကြားချိန်တွင် ဖြောင်မြောင်ဟုန်နှင့်လော့ချန်တို့သည် တစ်ယောက်မျက်နှာတစ်ယောက် ကြည့်လိုက်ကြ၏။
ရီဖုန်းသည် မည်မျှထိများပြားသော ငါးခြင်းတောင်းများအတွင်းမှ ငါးများကိုစားခဲ့သနည်း...
သူသည် မည်သည်ကြောင့် ငါးခြင်းတောင်းတစ်တောင်းအတွင်းမှ ငါးများကို လွှတ်ပေးခဲ့သနည်း...
ဤသည်မှာ လူတစ်ယောက် ပြောဆိုသောစကားနှင့် တူပါသေးသလော...
လော့ချန်ပင်လျှင် ရီဖုန်း ကြွားလုံးထုတ်နေသည်ဟု တွေးတောမိသည်။
နံဘေးတစ်ဖက်တွင်ရှိနေသော ဖြောင်မြောင်ဟုန်ထံတွင်လည်း သံသယများ ရှိနေပေ၏။
ယွင်ယူရေကန်အတွင်းမှ ငါးများကို လွယ်လင့်တကူ ဖမ်းဆီးနိုင်ခြင်းမရှိချေ။
ထိုငါးတစ်ကောင်စီထံ၌ စိတ်ဝိညာဥ်စွမ်းအားများဖြင့် ပြည့်နှက်နေသည်။တစ်စုံတစ်ယောက်သည် ထိုငါးများကို ခွန်အားဖြင့်ဖမ်းဆီးနိုင်သည်မရဘဲ ကံကြမ္မာ တိုက်ဆိုင်မှု နေရာနှင့်လူမှန်ကန်မှု တို့ရှိနေရန် လိုအပ်သည်။
သို့ရာတွင် ရေကန်အတွင်းမှနေ၍ တဗွမ်းဗွမ်းအသံများ ထွက်ပေါ်လာသဖြင့် သူတို့နှစ်ယောက်လုံး ထိတ်လန့်တုန်လှုပ်သွားသည်။
ရီဖုန်းသည် ငါးခြင်းတောင်းကို မြေပြင်ပေါ်၌ချပြီးနောက် ရေကန်စပ်၌ဆောင့်ကြောင့်ထိုင်ကာ သူ၏လက်များကို ဂရုတစိုက်ဆေးကြောသန့်စင်လိုက်သည်။
ရေများဖြာထွက်လာပြီးနောက် လက်ဆေးနေသော ရီဖုန်းသည် ငါးတစ်ကောင်ကိုဖမ်းဆီးကာ သူ၏လက်ဖြင့် တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်လိုက်၏။
"ကြည့်လိုက်အုံး...ဒါက ငါးတစ်ကောင် မဟုတ်လား...ငါလက်ဆေးရင်းနဲ့တောင် ငါးတစ်ကောင်ကို ဖမ်းမိတယ်...ဘာလို့ ကြီးကြီးကျယ်ကျယ်တွေ ပြောနေကြတာလဲ"
ရီဖုန်းက ရယ်မောပြီး နောက်ပြောင်ကျီစယ်လိုက်သည်။
ဤငါးသည် အမှန်တကယ်ကိုတုံးအကာ သူ့၏လက်အတွင်းသို့ ကူးခတ်၍ဝင်လာသည့်အတွက် သူသည်လည်း အံ့အားသင့်နေမိသည်။
သို့ရာတွင် သူသည် ယခုလတ်တလောတွင် ဤကဲ့သို့ငါး အမြောက်အများကို စားခဲ့သဖြင့် ငါးကိုမြင်တွေ့ချိန်၌ သူ ဗိုက်နာလာသကဲ့သို့ ခံစားရသဖြင့် တုံးအသောငါးကို လွှတ်ပေးလိုက်တော့သည်။
ရီဖုန်း အမှုမဲ့အမှတ်မဲ့ပြောဆိုလိုက်သောစကားများသည် ဖြောင်မြောင်ဟုန်နှင့်လော့ချန်တို့၏မျက်နှာများကို ရှုံမဲ့သွားစေသည်။
ယွင်ဟူရေကန် မဆိုထားနှင့် အကယ်၍ သာမန်ငါးများသာရှိသော သာမန်ရေကန်တစ်ကန်ဆိုလျှင်ပင် ဤကဲ့သို့ကိစ္စမျိုးမှာ အလွန်ရှားပါးပေ၏။
လူအများသည် ဤနေရာ၌ လပေါင်းများစွာကြာအောင်ထိုင်၍ ငါးမျှားလျှင်ပင် ငါးတစ်ကောင်ကို ဖမ်းမိနိုင်ခြင်းမရှိချေ။သို့ရာတွင် ရီဖုန်းသည် လက်ဆေးနေရုံဖြင့် ငါးတစ်ကောင်ကို ဖမ်းမိခဲ့သည်။ဤသည်မှာ လူများသည် တစ်ယောက်နှင့်တစ်ယောက် ကံကြမ္မာခြင်းမတူညီသည်ကို ပြသနေခြင်းပင်။
သို့ရာတွင် ဤသည်မှတဆင့် ရီဖုန်းသည် အစွမ်းထက်ရုံသာမက ကံကြမ္မာကောင်းလည်းရှိသည်ဟု ပြသရန် လုံလောက်ပေ၏။
သူတို့နှစ်ယောက်သည် အသက်ပြင်းပြင်းရှိုက်ကာ တစ်ယောက်မျက်နှာတစ်ယောက် ကြည့်လိုက်ကြသည်။
သူတို့နှစ်ယောက်၏မျက်လုံးများအတွင်း၌ တူညီသောအဓိပ္ပာယ်များ ရှိနေပေ၏။
နောက်အနာဂတ် သူတော်စင်ယှဉ်ပြိုင်ပွဲတွင် ရီဖုန်းအတွက် နေရာတစ်နေရာ ရှိနေနိုင်သည်။
"မင်းတို့နှစ်ယောက်က ဘာလို့ အဲ့ဒီနေရာမှာ မတ်တတ်ရပ်နေတာလဲ...ငါးတွေကို ယူလိုက်လေ"
ရီဖုန်းသည် လက်ဆေးပြီးနောက် သူတို့နှစ်ယောက်ထံသို့ ပြန်၍လျှောက်လှမ်းလာကာ မြေပြင်ပေါ်၌ရှိနေဆဲဖြစ်သော ငါးခြင်းတောင်းကိုကြည့်ပြီး ကူကယ်ရာမဲ့စွာဖြင့် ပြောဆိုလိုက်သည်။
"သခင်လေးရီ...ကုသိုလ်ကောင်းမှုမရှိဘဲနဲ့ ဆုလာဘ်မရနိုင်ဘူး...ငါတို့က ဘယ်လိုလုပ်ပြီးတော့ နင့်ရဲ့ငါးတွေကို ယူရဲမှာလဲ...နင်ကိုယ်တိုင် သိမ်းထားသင့်တယ်"
ဖြောင်မြောင်ဟုန်က ယဥ်ကျေးသိမ်မွေ့စွာ ငြင်းဆန်လေသည်။
ဤသည်မှာ သူမသည် ရီဖုန်း၏ငါးများကို မလိုချင်သောကြောင့် မဟုတ်ချေ။သို့ရာတွင် ယွင်ဟူရေကန်၌ ပေါက်ဖွားလာသော အရာများသည် သာမန်ငါးများ မဟုတ်သဖြင့် သူမသည် ဤငါးများကို လက်ခံရန် အလွန်ရှက်ရွံ့နေမိသည်။
"ငါက ဘာလို့ သိမ်းထားရမှာလဲ"
ရီဖုန်းက ဖြောင်မြောင်ဟုန်ကိုကြည့်ပြီး တည်ငြိမ်စွာပြောဆိုသည်။
"ငါ ခုဏကတင် အဲ့ဒီငါးမျိုးတစ်ကောင်ကို လွှတ်ပေးလိုက်တာလေ"
"အမ်...."
ဖြောင်မြောင်ဟုန်သည် နေရာမှာပင် ကြက်သေသေသွားလေ၏။
ထိုအချိန်ကျမှသာ ဤငါးများသည် တခြားလူများအတွက် အရေးကြီးသော်လည်း ရီဖုန်းအတွက် အဖိုးတန်ရှားပါးသော အရာမဟုတ်ကြောင်း သူမ နားလည်သဘောပေါက်သွားသည်။
"ကောင်းပြီလေ...ဒါဆိုရင်လည်း ငါက သခင်လေးရီရဲ့စကားကို နာခံပါ့မယ်"
ဖြောင်မြောင်ဟုန်သည် သူမ၏သဘောထားကို ပြသသည့်အနေဖြင့် ဦးညွှတ်အရိုအသေပြုပြီးနောက် မြေပြင်ပေါ်ရှိ ငါးခြင်းတောင်းကို ကောက်ယူလိုက်သည်။
တစ်ချိန်တည်းမှာပင် သူမသည် အမှုမဲ့အမှတ်မဲ့ဖြင့် ငါးခြင်းတောင်းအတွင်းသို့ ကြည့်လိုက်၏။
ဤအကြည့်တစ်ချက်ဖြင့်...
သူမ၏ခန္ဓာကိုယ် တုန်ရီသွားသည်။
သူမသည် မျက်လုံးအပြူးသားဖြစ်သွားကာ သူမ၏လှပသောမျက်နှာလေးပေါ်တွင် မယုံကြည်နိုင်မှုများ ထိတ်လန့်တုန်လှုပ်မှုများဖြင့် ပြည့်နှက်နေသည်။
"သခင်မလေး ဘာပြဿနာရှိလို့လဲ"
နံဘေးတွင်ရှိနေသော လော့ချန်သည် ကြက်သေသေနေသော ဖြောင်မြောင်ဟုန်ကိုကြည့်ပြီး တစ်စုံတစ်ခုမှားယွင်းနေသည်ကို သိရှိသွားသဖြင့် ငါးခြင်းတောင်းကိုယူကာ တစ်ချက်ကြည့်လိုက်သည်။
"အား..."
ရုတ်ချည်းဆိုသလိုပင် စူးရှကျယ်လောက်စွာအော်လိုက်သော အသံတစ်သံ ထွက်ပေါ်လာကာ ပတ်ဝန်းကျင်ရှိရေမျက်နှာပြင်ပေါ်၌ လှိုင်းဂယက်များထလာသည်။
"နဂါးငါး...."
"ဒါက တကယ့်ကို နဂါးငါးပဲ...."
လော့ချန်၏ပါးစပ်မှနေ၍ စိတ်လှုပ်ရှားစွာပြောဆိုလိုက်သော အော်သံများ အဆက်မပြတ်ထွက်ပေါ်လာသည်။ထို့နောက် သူသည်တစ်စုံတစ်ခုကို အမှတ်ရသွားကာ သူ၏ပါးစပ်ကို အလျှင်အမြန်ပိတ်ပြီး ခိုးကြောင်ခိုးဝှက်မျက်လုံးတစ်စုံဖြင့် ပတ်ဝန်းကျင်ကို ကြည့်လိုက်သည်။လော့ချန်သည် သူ၏လက်များဖြင့် ငါးခြင်းတောင်းကို တင်းတင်းကြပ်ကြပ်ပွေ့ဖက်ထားလေ၏။
"နဂါးငါး...သခင်မလေး ဒါက နဂါးငါးပဲ...."
လော့ချန်သည် ဖြောင်မြောင်ဟုန်ကြည့်ကာ လေသံတိုးတိုးဖြင့် အသိပေးလိုက်သည်။
ဖြောင်မြောင်ဟုန်၏အသက်ရှူနှုန်း လျှင်မြန်နေသည်။ဤသည်မှာ နဂါးငါးဖြစ်သည်ကို မည်သည်ကြောင့် သူမ မသိရှိဘဲနေမည်နည်း။
သို့ရာတွင် သူမသည် အနည်းငယ် မယုံကြည်နိုင်ဖြစ်နေဆဲပင်။
ယခုအချိန်၌ သူမ၏လက်အတွင်းတွင် အမှန်တကယ်ကို နဂါးငါးနှစ်ကောင် ရှိနေလေပြီ။
"အော်....ဒါက မင်းတို့ပြောနေတဲ့ နဂါးငါးဆိုတာလား"
လော့ချန်၏အော်ဟစ်သံကိုကြားချိန်၌ နံဘေးတစ်ဖက်တွင်ရှိနေသော ရီဖုန်းက ပြောဆိုလိုက်သည်။
သူ၏မျက်နှာပေါ်တွင် အံ့အားသင့်သောအရိပ်အယောင်များ ထင်ဟပ်နေပေ၏။
သူ ဖမ်းမိခဲ့သည်မှာ နဂါးငါးများဖြစ်နေမည်ဟု သူ မျှော်လင့်မထားမိချေ။
သူ ထိုငါးများကို အလွန်အကျွံ့ ဖမ်းခဲ့မိသလော...
"သခင်လေးရီ...ဒါက အရမ်းအဖိုးတန်တယ်...ငါ ဒါကို လက်မခံနိုင်ဘူး"
ဖြောင်မြောင်ဟုန်သည် စိတ်တည်ငြိမ်အောင် ထိန်းသိမ်းပြီးနောက် လော့ချန်၏လက်အတွင်းရှိ ငါးခြင်စတောင်းကိုယူကာ ရီဖုန်းထံသို့ လက်ကမ်းပေးလေသည်။
"သခင်လေးရီက ဒါကို ပြန်ယူလိုက်ပါ"
"အမ်..."
ရီဖုန်းက ငါးခြင်းတောင်းကိုကြည့်ပြီး သူ၏နှာခေါင်းကို ပွတ်သပ်လိုက်သည်။
ဤနဂါးငါးသည် အလွန်အစွမ်းထက်ကာ ကျင့်ကြံခြင်းစွမ်းအားကို မြှင့်တင်ပေးနိုင်သည်ဟု သူ ကြားသိခဲ့ရသော်လည်း ဤအရာကို သူ့အတွက် မလိုအပ်ဟု ရီဖုန်းက တွေးထင်ခဲ့သည်။
သူသည် သေတော့မည့် လူတစ်ယောက်ပင်။
ထို့ပြင် သူ သေကြောင်းကြံစည်ရန်ကိစ္စ ရှိနေသဖြင့် သူ၏ကျင့်ကြံဆင့်နယ်ပယ်ကို မြှင့်တင်လိုခြင်း မရှိသေးချေ။
"ဒါက အဆင်ပြေပါတယ်....ငါ မင်းကို ပေးမယ်"
ရီဖုန်းက သူ၏လက်ကို ဝှေ့ယမ်းပြီး ရက်ရောသောအမူအယာဖြင့် ပြောဆိုသည်။
"သခင်လေးရီ...ငါက ဒီလိုအဖိုးတန်တဲ့ ပစ္စည်းအတွက် ဘာနဲ့မှ ပြန်ပေးဆပ်နိုင်မှာမဟုတ်ဘူး"
ဖြောင်မြောင်ဟုန်က စိတ်လှုပ်ရှားစွာ ပြောဆိုသည်။
"မင်း ဘာမှပြန်ပေးဆပ်ဖို့ မလိုဘူး...ငါ မြန်မြန်သေနိုင်အောင် နည်းလမ်းတစ်ခုရှာဖို့ပဲ ကူညီပေးပါ"
ရီဖုန်းက ခံစားချက်ကင်းမဲ့သောလေသံဖြင့် ပြောဆိုလေ၏။
ရီဖုန်း၏ပြတ်သားသောအပြုအမူကို ကြည့်ပြီး ဖြောင်မြောင်ဟုန်သည် ခေါင်းညိတ်ပြက ကျေးဇူးတင်စွာဖြင့် နဂါးငါးနှစ်ကောင်ကို လက်ခံလိုက်တော့သည်။
သို့ရာတွင် သူမ၏လှပသောမျက်နှာလေးပေါ်၌ ဝမ်းသာပျော်ရွှင်မှုအပြင် ဖုံးကွယ်ထားသည့် စိတ်ရှုပ်ထွေးမှုအရိပ်အယောင်များလည်း ရှိနေသည်။
"ငါက နဂါးငါးကို စောစောကသာရခဲ့ရင် အရမ်းကောင်းမှာပဲ...ဒါပေမယ့် ကံဆိုးချင်တော့ အခုအချိန်မှာ ငါ့အတွက် ဒီငါးက အသုံးမဝင်တော့ဘူး"
ဖြောင်မြောင်ဟုန်က သူမ၏ခေါင်းကို အောက်သို့ငုံပြီး ညည်းတွားလိုက်သည်။ထို့နောက် သူမသည် ငါးခြင်းတောင်းကို လော့ချန်ထံသို့ လက်ကမ်းပေးလိုက်၏။
"ဒီနဂါးငါးကို ကောင်းကောင်းမွန်မွန်ထိန်းသိမ်းပြီးတော့ ငါရဲ့မိသားစုကို ပေးလိုက်ပါ"
"သခင်မလေး...နဂါးငါးက တကယ့်ကိုပဲ မင်းအတွက် အသုံးမဝင်တော့ဘူးလား"
လော့ချန်က စိုးရိမ်ပူပန်စွာဖြင့် မေးမြန်းကာ သူ၏မျက်လုံးများ ရုတ်တရက်နီမြန်းသွားသည်။
"အင်း..."
ဖြောင်မြောင်ဟုန်က ခေါင်းညိတ်ပြပြီးနောက် သူမ၏မျက်နှာပေါ်တွင် ခါးသည်းမှုများဖြင့်ပြည့်နှက်နေသည်။
"အမ် မင်းတို့မှာ ဘာပြဿနာတွေ ရှိနေလို့လဲ"
ရီဖုန်းသည် ရုတ်တရက် မျက်လုံးများနီမြန်းသွားသော လော့ချန်ကိုကြည့်ပြီး ကူကယ်ရာမဲ့စွာဖြင့် မေးမြန်းလိုက်သည်။
"ဒီလို ရတနာငါးတွေကိုရတာကို မင်းတို့ ပျော်နေသင့်တယ် မဟုတ်လား...ဘာလို့ မင်းတို့က ရုတ်တရက်ကြီး စိတ်ဓာတ်ကျသွားကြတာလဲ"
"ဟူး...."
ရီဖုန်း၏မေးခွန်းကိုကြားချိန်တွင် ဖြောင်မြောင်ဟုန်က သက်ပြင်းရှိုက်လိုက်သည်။
"သခင်လေးရီ...ရိုးရိုးသားသားဝန်ခံရရင် ငါက သေရတော့မယ့် လူတစ်ယောက်ပါ"
"တကယ်တော့ သခင်လေးရီ ငါ့ကို နဂါးငါးတွေပေးတာက ငါရဲ့မိသားစုကို ကယ်တင်လိုက်တာပဲ....ငါက ဒီတစ်ကြိမ်မှာ နင့်ရဲ့ဆန္ဒတွေပြည့်ဝဖို့အတွက် အကောင်းဆုံးကြိုးစားပြီးတော့ ကူညီပေးပါ့မယ်"