အသေးစား ဂိမ်းစတူဒီယိုလေးတွေက တကယ် အပင်ပန်းခံကြတာပဲ
Vol. 1 Ch. 1
[ ဒီခေတ်မှာ ကင်ဆာရောဂါဆိုတာ ၁၀၀% သေစေနိုင်တဲ့ ရောဂါမျိုး မဟုတ်တော့ပါဘူး။ ကျွန်တော်တို့ရဲ့ ခေတ်မီနည်းပညာတွေနဲ့ ဝါရင့်ဆေးဘက်ဆိုင်ရာအဖွဲ့တွေ ရှိနေသရွေ့၊ ခင်ဗျားမှာ အာမခံ၊ ပံ့ပိုးပေးမယ့် မိသားစု၊ ဒါမှမဟုတ် ကိုယ်တိုင် ဖြစ်ဖြစ် ရှိနေသရွေ့...]
ချန်ဟွိုက်အန်က တီဗီကို ပိတ်လိုက်ပြီး ခါးသက်သက် ရယ်လိုက်၏။ “ဒါပေမဲ့ ငါ့မှာ အဲဒါတွေ တစ်ခုမှ မရှိဘူး။”
ရောဂါအခြေအနေ ဆိုးရွားကြောင်း အသိပေးစာက လွန်ခဲ့သော ၂ရက်က ရောက်လာခဲ့သည်။ သူ့ ကောင်မလေးက သူ့ကို မနေ့ကပင် ထားသွားခဲ့သည်။ ယနေ့တော့ သူ လုံးဝ ပြိုလဲသွားခဲ့လေပြီ။
သူက တက္ကသိုလ် ပထမနှစ် ကျောင်းသားလေးတစ်ယောက်သာ ဖြစ်သည်။ မိဘနှစ်ပါးစလုံးမှာ သစ်တောအစောင့်များ ဖြစ်ကြပြီး လွန်ခဲ့သောနှစ်များက တောမီးတစ်ခုထဲ ဆုံးပါးသွားခဲ့ကြကာ မပြောပလောက်သော နစ်နာကြေးငွေ အနည်းငယ်မှလွဲ၍ ဘာမှ ချန်မထားခဲ့။
အချိန်ကြာလာသည်နှင့်အမျှ ချန်ဟွိုက်အန်က သူတို့ သေဆုံးမှုမှ ရုန်းထွက်နိုင်ခဲ့ပြီး ဘဝကို ရင်ဆိုင်ရန် ရွေးချယ်ခဲ့သည်။ ထိုနစ်နာကြေး၊ ခြိုးခြံချွေတာစွာ နေထိုင်ခြင်းနှင့် အပိုအလုပ်များ လုပ်ကိုင်ခြင်းတို့ ပေါင်းလိုက်ရာ တက္ကသိုလ်တက်ရန် အဆင်ပြေခဲ့သည်။
သူ၏ အတန်းပညာ အဆင့်မှာ မဆိုးလှဘဲ ပထမတန်းစား တက္ကသိုလ်တစ်ခုသို့ ဝင်ခွင့်ရခဲ့သည်။ ဘွဲ့ရလျှင်ပင် အလုပ် အာမခံချက် ရှိသေးသည်။ လစာ သိပ်မများနိုင်သော်လည်း စားနိုင်သောက်နိုင်တော့ ရှိပေလိမ့်သည်။ သို့သော် လွန်ခဲ့သော ၂ရက်က သူ၏ မပျောက်နိုင်သော ခြေကျင်းဝတ် ကိုက်ခဲမှုကြောင့် ဆေးရုံပြခဲ့ရာမှ ကင်ဆာ အလယ်အလတ်အဆင့် ဖြစ်နေကြောင်း သိခဲ့ရသည်။
ကုသစရိတ် မတတ်နိုင်မှန်းသိရာ ချန်ဟွိုက်အန်က ကျောင်းမှ ထွက်လိုက်ပြီး မြို့၏ စိမ့်မြေတော ဥယျာဉ်အနီးတွင် အခန်းငယ်လေးတစ်ခန်းကို တစ်နှစ်စာ ငှားကာ ကျန်ရှိနေသော နေ့ရက်များကို ထိုနေရာ၌ ကုန်ဆုံးရန် စီစဉ်လိုက်သည်။ တစ်နှစ်စာ ငှားရမ်းခ ကုန်သွားပြီး ပိုက်ဆံလည်း မကျန်တော့ရင်ကော။
သူ ခါးသက်သက်နှင့် ရယ်လိုက်၏။ သူက ထိုမျှလောက် အသက်ရှည်မည် မထင်။ ဘဏ်အက်ပ် ဖွင့်လိုက်ပြီး လက်ကျန်ငွေ စစ်ကြည့်လိုက်ရာ ယွမ် ၃သောင်းကျော်သာ ကျန်တော့သည်။
“အစားအသောက် ကုန်ကျစရိတ်က တစ်လကို အများဆုံး ၅၀၀၊ ၆၀၀ပဲ။ တခြား အသုံးစရိတ်တွေနဲ့ဆို ၁၀၀၀ထား။ တစ်နှစ်ကြာရင်တောင် အနည်းဆုံး ၂သောင်းလောက် ကျန်ဦးမှာ။” သူက လက်ကျန်ငွေကို စိုက်ကြည့်ရင်း တွက်ချက်နေ၏။ လွန်ခဲ့တဲ့ နှစ်များက သူ့အတွက် အလွန် ပင်ပန်းခဲ့သည်။ တခြား ကျောင်းသားများ ခရီးသွားနေချိန် သူက အလုပ်များ လုပ်နေခဲ့ရသည်။ အခြားသူများတွေ ဂိမ်းဆော့နေချိန် သူ အလုပ်လုပ်နေခဲ့ရသည်။ အခြားသူများ ရည်းစားထားနေချိန်... သူ့ရည်းစားက သူ့ကို ဖောက်ပြန်နေခဲ့သည်။
ကျန်နေသေးသော အချိန်များအတွက် ချန်ဟွိုက်အန်က ကိုယ့်အတွက်ကိုယ် ရှင်သန်ရန် ဆုံးဖြတ်လိုက်သည်။
ဂိမ်း နည်းနည်း ကစားမယ်။ သိမ်းထားတဲ့ ဒရာမာ ဇာတ်လမ်းတွဲတွေ အကုန်ကြည့်မယ်။ ခန္ဓာကိုယ်က ခွင့်ပြုဦးမယ်ဆို ပင်လယ်ကို သွားကြည့်ချင်သေးတယ်။
[ အင်စတောသွင်းပြီးပါပြီ ]
[ သင်၏ ပုံရိပ်ယောင် ကောင်မလေးကို အခုပဲ ရယူလိုက်ပါ ]
ပုံမှန်ဆိုလျှင် ချန်ဟွိုက်အန်က ထိုသို့ ပေါ်လာသော ကြော်ငြာများကို ချက်ချင်း ပိတ်ပစ်လိုက်မည် ဖြစ်သည်။ သို့သော် ယနေ့တော့ သူ့လက်ချောင်းများ တုံ့ဆိုင်းနေ၏။
သူ၏ ပင်မမျက်နှာပြင်ပေါ်တွင် အက်ပ်အသစ်တစ်ခု၏ အိုင်ကွန် ပေါ်လာသည်။ ၎င်းမှာ ဓားတစ်လက်လွယ်ထားသော ချီဘီပုံစံ ရှေးခေတ်ဝတ်စုံနှင့် ကောင်မလေးတစ်ယောက် ဖြစ်၏။
“အလိုလို အင်စတောလုပ်သွားတဲ့ ဂိမ်းလား။ ဗိုင်းရပ်စ် မဟုတ်ပါစေနဲ့...”
ပုံမှန်ဆို သူက ချက်ချင်း ဖျက်ပစ်ပြီး ဖုန်းကို စစ်ဆေးမည် ဖြစ်သည်။ သို့သော် ယနေ့တွင်တော့ ထိုကဲ့သို့ မဲဝဲလ်အက်ပ်များက မည်သို့ ဆိုသည်ကို စူးစမ်းချင်စိတ် ဖြစ်လာသည်။
ဒီအခြေအနေမှာတော့ ငါ့မှာ ဆုံးရှုံးစရာ ဘာမှ မရှိတော့ဘူး။ သေလောက်တဲ့ ကင်ဆာရောဂါ ခံစားနေရတယ်၊ မျှော်လင့်ချက်ရော၊ တွယ်တာစရာရော မရှိတော့မှတော့ ဘာကို ဂရုစိုက်နေရမှာပဲ။ ပြီးတော့ ငါက ကျောင်းနဲ့အလုပ်ပဲ လုံးပန်းနေရလို့ ဂိမ်းဆိုတာကို တစ်ခါမှ မကစားခဲ့ရဘူး။
သူ အက်ပ်ကို နှိပ်လိုက်သည်။
မျက်နှာပြင် မည်းမှောင်သွားပြီးနောက် စာတန်းတစ်ခု ပေါ်လာ၏။
[ ဒီဂိမ်းက အသက် ၁၈နှစ်အထက် ကစားသူတွေအတွက်ပါ။ ဂိမ်းစတင်ပါက သင့်ရဲ့ သီးသန့်အချက်အလက်တွေကို ချိတ်ဆက်သွားမှာ ဖြစ်ပါတယ်။ အကောင့် ဖျက်သိမ်းခြင်း သို့မဟုတ် လွှဲပြောင်းခြင်း ပြုလုပ်နိုင်မည် မဟုတ်ပါ။ ဂိမ်းစတင်လိုက်ပါက သင်ဟာ ဒီရက်စက်တဲ့ စည်းကမ်းချက်တွေကို သဘောတူလိုက်တာပါပဲ ]
“မင်းတို့က ရက်စက်တဲ့ စာချုပ်လို့ ကိုယ့်ဘာသာ ဝန်ခံတယ်ပေါ့။” ချန်ဟွိုက်အန်းက မဲ့ပြုံးပြုံးပြီး “စတင်မည်” ဟူသော ခလုတ်ကို နှိပ်လိုက်၏။
ထိုအရာက ဗိုင်းရပ်စ်အက်ပ်တစ်ခု ဖြစ်ကြောင်း သူ ယခု သေချာသွားလေပြီ။
ဒါက ဘာလုပ်မလို့လဲ။ ငါ့ရဲ့ ကိုယ်ရေးကိုယ်တာ အချက်အလက်တွေ ခိုးမလို့လား။ ငါ့ရဲ့ စကားပြောမှတ်တမ်းတွေလား။ ငါက ပိုက်ဆံမရှိတဲ့၊ သေတော့မယ့် ကင်ဆာလူနာ တစ်ယောက်မှန်း သိသွားရင် ဒီဂိမ်းရေးဆွဲသူတွေက သူတို့ရဲ့ အက်ပ်ကို ပြန်ဖျက်ပစ်ကြမလားပဲ။
[ သင်၏ ပုံရိပ်ယောင် ကောင်မလေးကို ရွေးချယ်ပါ ]
အံ့ဩစရာ ကောင်းသည်မှာ ဂိမ်း၏ ရုပ်ထွက်က အထင်ကြီးစရာ ကောင်းနေခြင်းပင်။ အိုင်ကွန်က ချီဘီပုံစံ ဖြစ်နေသော်လည်း တကယ့်ဂိမ်းက မယုံနိုင်လောက်အောင် အသက်ဝင်နေ၏။
မျက်နှာပြင်ပေါ်တွင် “ပုံရိပ်ယောင်ကောင်မလေး” များ ရွေးချယ်စရာ ပြသထားပြီး တစ်ယောက်ချင်းတွင် အသေးစိတ် အချက်အလက်များ ပါဝင်၏။
ဥပမာ-
[နီယွန် ယာကူဇာ မင်းသမီး - ကီရီကိုကီရီရှီးမား]
[အသက် - ၂၂ | အရပ် - ၁၅၈ စင်တီမီတာ | အတိုင်းအတာချက် - ၈၉၊ ၅၅၊ ၈၆]
လှုပ်ရှားနေသော နှစ်ဖက်မြင် မော်ဒယ်က အလွန် လှပပြီး၊ ပိုမိုထင်ရှားပေါ်လွင်သော ကောက်ကြောင်းများနှင့် ချိုမြသော မျက်နှာလေး ရှိသည်။
သူက ခန္ဓာကိုယ်ကို မလုံတလုံ ဖုံးကွယ်ထားသော ကီမိုနိုကို ဝတ်ဆင်ထား၏။ ယာကူဇာပုံစံ ရင်သားကြီးကြီးနှင့်လလိုလီတပင်။ ယောက်ျားအများစု အကြိုက်တွေ့မည့် ပုံစံမျိုး ဖြစ်သည်။
သို့သော် ရွှေရောင်ဆံပင်နှင့် ဂျပန်နောက်ခံ ဇာတ်လမ်းက ချန်ဟွိုက်အန် အကြိုက်မဟုတ်။
သူက နောက်ထပ် ပရိုဖိုင် အနည်းငယ်ကို ကြည့်လိုက်ရာ ဇာတ်ကောင်များမှာ မတူညီသော ခေတ်များမှ လာကြပြီး အချို့မှာ ကမ္ဘာမြေမှပင် မဟုတ်ကြပေ။ တီထွင်ဖန်တီးမှုကပင်။ စရန်စဖော်မာပုံစံ ကောင်မလေးတစ်ယောက်ပင် ပါသေးသည်။
နောက်ဆုံး၌ သူ၏ အာရုံကို ဖမ်းစားနိုင်သော ပရိုဖိုင်တစ်ခုသို့ ရောက်သွား၏။
[ချင်းယွန်ဂိုဏ်းမှ တပည့် - လီချင်းရန်]
[အသက် - ၁၉ | အရပ် - ၁၆၉ စင်တီမီတာ | အတိုင်းအတာ - ၉၀၊ ၆၀၊ ၉၁]
ထိုလီချင်းရန်က အက်ပ်၏ အိုင်ကွန်နှင့် ကိုက်ညီသော်လည်း ပို၍ အသက်ဝင်နေ၏။ ဖြူစွတ်သော အသားအရေ၊ နူးညံ့သော မျက်နှာသွင်ပြင်၊ ကျောဘက်သို့ ဝဲကျနေသော ကျီးကန်းတောင်ပံလို မည်းနက်သည့် ဆံပင်ရှည်နှင့် ကျောနောက်တွင် ဓားတစ်လက်ကို လွယ်ထားကာ ရိုးရှင်းသော အစိမ်းရောင် ဝတ်ရုံကို ဝတ်ဆင်ထား၏။ သူက မည်သည့် မိတ်ကပ်မှ မလိမ်းထားသော်လည်း ပန်းချီကား တစ်ချပ်ပမာ ကျက်သရေ ရှိနေသည်။
ချန်ဟွိုက်အန်ကို အထိစေဆုံးအရာမှာ သူ၏ မျက်လုံးများပင်။ မျက်နှာပြင်ကို ထုတ်ချင်းဖောက် မြင်နေရသလို ထင်ရသော အေးစက်စင်နှင့် တောင့်တင်းပြီး မျှော်လင့်ချက်ကင်းမဲ့မှုနှင့် ဟာလာဟင်းလင်း အရိပ်အယောင်များ..
“ကျွတ်... အသေးစား အင်ဒီး စတူဒီယိုတစ်ခုက ဒီလောက်ထိ အပင်ပန်းခံရလား။”
၎င်းက ဗိုင်းရပ်စ် ဟုတ်ရဲ့လားဟု သူ သံသယ စဝင်လာသည်။
ဘယ်သူက လိမ်ဖို့အတွက် ဒီလောက်ထိ ကြိုးစားကြမှာလဲ။ သူတို့က မာစတာ စာတမ်း ဒါမှမဟုတ် Ph.D ပရောဂျက်အတွက် ပြင်ဆင်နေကြတာလား။
“မင်းကိုပဲ ရွေးလိုက်မယ်။”
[ လီချင်းရန်အား သင်၏ ပုံရိပ်ယောင် ကောင်မလေးအဖြစ် အတည်ပြုမည်လား ]
[ သတိပေးချက် - ဒီရွေးချယ်မှုကို ပြန်ပြင် မရနိုင်ပါ ]
[ သင်၏ ပုံရိပ်ယောင် ကောင်မလေး သေဆုံးသွားပါက ပြန်လည် အသက်သွင်းနိုင်မည် မဟုတ်ပါ။ အပြီးတိုင် ပျောက်ကွယ်သွားလိမ့်မည် ]
“ဒီလောက်တောင် အလေးအနက်ထားရလား။” ချန်ဟွိုက်အန် မျက်မှောင်ကြုတ်လိုက်သည်။ ဂိမ်းရေးဆွဲသူများက ကစားသူများကို နှစ်မြောစေရန် စိတ်ခံစားချက်ကို အသုံးချနေခြင်း ဖြစ်နိုင်ကြောင်း သူ သဘောပေါက်လိုက်သည်။
ပုံမှန်ဆို သူ နောက်ဆုတ်လိုက်မည် ဖြစ်သည်။
သို့သော် ယနေ့တော့ သူက “အတည်ပြုမည်” ကို နှိပ်လိုက်၏။
[ သင် အသက်ရှင်နိုင်မယ့် ရက်ပေါင်း ၁၃၂ ရက်သာ ကျန်ပါတော့သည် ]
ဂိမ်းမစခင် မျက်နှာပြင်ပေါ်မှ ထိုသို့ ကျောချမ်းစရာ စာတိုတစ်ခု လက်ခနဲ ပေါ်လာ၏။
ချန်ဟွိုက်အန်က ပုံမှန် ဘတ်ဂျက်အနိမ့်စား မိုဘိုင်းဂိမ်း တစ်ခုကို မျှော်လင့်ထားသည်။ ရုပ်ထွက်စုတ်စုတ်၊ ကျင့်ကြံခြင်းလောကထဲက လူသစ် ရွာတစ်ရွာ၊ အဓိပ္ပာယ်မရှိ ပစ္စည်းများသွားယူခိုင်းသော ကစားကွက်များ၊ ပစ္စည်းများရအောင် ကြိုးစားခြင်း၊ စီးစရာများနှင့် အဆုံးမရှိသော အလိုအလျောက် ကစားခြင်းများပင်။
သို့သော် မျက်စိ အရှေ့တွင် မြင်လိုက်ရသည်မှာ လုံးဝ ကွဲပြားခြားနား၏။
မြင်ကွင်းက လေတိုးနေသော သက်ငယ်မိုး တဲအိမ်တစ်လုံးထဲတွင် ဖွင့်လာသည်။ တစ်ခုတည်းသော “အိပ်ရာ” ဖြစ်သည့် ကောက်ရိုးဖျာက မိုးရေများဖြင့် စိုရွှဲနေ၏။
ပိန်လှီပြီး စုတ်ပြတ်သတ်နေသော မိန်းကလေးတစ်ယောက်က ဒူးကို ပိုက်ကာ ထောင့်တစ်နေရာတွင် ကွေးကွေးလေး ထိုင်နေသည်။ သူ၏ ရှုပ်ပွနေသော ဆံပင်များက မျက်နှာကို ဖုံးကွယ်ထားသော်လည်း ဖြူဖျော့သော လက်မောင်းနှင့် ခြေထောက်များတွင် အညိုအမည်း စွဲနေသော ဒဏ်ရာများနှင့် ပြတ်ရှရာများ ရှိနေ၏။ ကင်းခြေများတစ်ကောင်လို အရာထင်နေသော ပြတ်ရှဒဏ်ရာတစ်ခုက သူ၏ ဖြူဖွေးသော အသားအရေပေါ်တွင် ထင်ရှားစွာ ပေါ်လွင်နေသည်။
“ဒါ... လီချင်းရန်လား။”
ချန်ဟွိုက်အန် မယုံနိုင်စွာ စိုက်ကြည့်နေမိသည်။ ဖျာအနီးတွင် ကျိုးပဲ့နေသော ဓားတစ်လက် လဲနေသည်။ ၎င်းမှာ လီချင်းရန်က ပရိုဖိုင်တွင် ကိုင်ထားခဲ့သော ဓားပင်။
[ လီချင်းရန် ချမ်းအေး၍ ဆာလောင်နေ၏။ ခန္ဓာကိုယ် ပို၍ အားနည်းလာသည် ]
[ လီချင်းရန်က မီးအဆိပ်ကို ခံစားနေရပြီး မခံမရပ်နိုင်အောင် နာကျင်နေသည် ]
[ လီချင်းရန် နာရီဝက်သာ အသက်ရှင်နိုင်တော့မည် ]
ထိုစာတန်းများ ပေါ်လာသည်နှင့် မိန်းကလေးက နာကျင်မှုကြောင့် ညည်းညူလိုက်၏။ ချိုင့်ဝင်နေသော မျက်လုံးများနှင့် ဖြူဖျော့နေသော နှုတ်ခမ်းများနှင့်အတူ သူက တဖြည်းဖြည်းနှင့် ခေါင်းမော့လာသည်။
မျက်နှာ တစ်ခြမ်းကိုသာ မြင်ရသော်လည်း ထိုမိန်းကလေးက မိမိ ရွေးချယ်ခဲ့သော ဇာတ်ကောင်မှန်း ချန်ဟွိုက်အန် သိလိုက်သည်။
“ငါ ဘာလုပ်ရမလဲ။”
စိုးရိမ်ပူပန်စိတ်က သူ၏ရင်ထဲသို့ ရုတ်တရက် တိုးဝင်လာ၏။
ဇာတ်ကောင်၏ မျက်နှာအမူအရာနှင့် အသံတို့က အလွန်ပင် အသက်ဝင်လှပြီး ဒဏ်ရာများပင် တကယ့် အစစ်အမှန်ဟု ထင်ရသည်။ သူသာ ဘာမှ မလုပ်လျှင် အချိန်သုည ဖြစ်သွားသည်နှင့် ထိုကောင်မလေး အမှန်တကယ်...
စာတန်းအသစ်တစ်ခု ပေါ်လာ၏။
[ တွီ! ၆ယွမ်တန် ပထမဆုံး ငွေဖြည့်သွင်းမှုမှ “အိမ်ပြုပြင်ရေးပစ္စည်းစုံ” ရရှိနိုင်ပြီး သင်၏ ပုံရိပ်ယောင် ကောင်မလေးအား နွေးထွေးသော အိမ်တစ်လုံး ပေးအပ်နိုင်မည် ]