ငွေဖြည့်လေ ပိုကြမ်းလေ
Vol. 1 Ch. 2
ချန်ဟွိုက်အန်က ငွေဖြည့်ရန် တောင်းဆိုသည့် စာတန်းကို ကြည့်လျက် ခါးသက်သက် ရယ်လိုက်မိသည်။
ဒီဂိမ်းကို ရေးဆွဲသူတွေက နည်းနည်းလေးတောင် လှည့်ပတ်မနေတော့ဘူး။ တည့်ကြီးကို P2W (pay to win) လုပ်လိုက်တာပဲ။
သို့သော် မျက်နှာပြင်ပေါ်မှ သနားစရာ မိန်းကလေးကို လှမ်းကြည့်လိုက်ရင်း သူ့ကိုယ်သူ ပြန်တွေးမိသည်။ တစ်ယောက်တည်း၊ ပိုက်ဆံမရှိ၊ သေဝောာ့မည့်ရောဂါသည်၊ ကောင်မလေး၏ စွန့်ပစ်ခြင်း ခံထားရသူ။
သူ့အခြေအနေက လီချင်းရန်ထက်ရော ဘာများထူးနေလို့လဲ။
သူ တစ်ချိန်က ရှိခဲ့ဖူးသော သူငယ်ချင်းများအားလုံးပင် ပိုက်ဆံလာချေးမည်ကို စိုးရိမ်သောကြောင့် ပျောက်ကွယ်သွားကြပြီ ဖြစ်သည်။
မည်သူက သူ့ကို ကူညီလက်တစ်စုံ ကမ်းလှမ်းမည်နည်း။ သို့သော် ယခု သူကတော့ ဒီကောင်မလေးထံသို့ လက်တစ်စုံ ကမ်းလှမ်းပေးနိုင်၏။
သူက ပရိုဂရမ်တစ်ခုမျှသာ ဖြစ်နေစေဦးတော့။ မိုဘိုင်းဂိမ်းတစ်ခုထဲတွင် သူ့ပိုက်ဆံအိတ်ကို ပြောင်သလင်းစေရန် ဖန်တီးထားသော ဇာတ်ကောင်တစ်ယောက် ဖြစ်နေဦးတော့။
“၆ ယွမ် ဟုတ်လား။ ကောင်းပြီလေ။ ပေးမယ်။”
ချန်ဟွိုက်အန်သည် ယခင်က ဂိမ်းမကစားဖူးခဲ့ဘဲ အခြားသူများ ကစားသည်ကိုသာ ကြည့်ဖူးသည်။ သူ ဂိမ်းတစ်ခုပေါ်မှာ ယခုမှ ပထမဆုံးအကြိမ် ပိုက်ဆံသုံးစွဲခြင်း ဖြစ်သည်။
[ ငွေဖြည့်ပြီးပါပြီ ]
ရွှေရောင်အလင်းတန်းများက လီချင်းရန်၏ ယိုယွင်းနေသော တဲအိမ်ဆီသို့ ဖြာထွက်သွား၏။ ကောက်ရိုးဖျာက အိပ်ယာခင်းပါသော သစ်သားကုတင်တစ်လုံးသို့ ပြောင်းလဲသွားသည်။
ကွဲအက်နေသော နံရံများက မိုးလေတို့မှ ကာကွယ်ပေးသော ပြတင်းပေါက်ပါသည့် ခိုင်မာသော အုတ်နံရံများ ဖြစ်လာသည်။ ရွှေရောင်အလင်းတန်းက အခန်းတစ်ခုလုံးကို လွှမ်းခြုံသွားပြီး ရှေးဆန်သော ပရိဘောဂများဖြင့် ပြည့်နှက်သွားတော့သည်။ ကြမ်းပြင်၊ စားပွဲ၊ ကုလားထိုင်များ၊ မီးဖိုတစ်ခုပင် ပါဝင်လာ၏။
“ဒီလိုမှပေါ့..” ချန်ဟွိုက်အန် ကျေနပ်စွာ သက်ပြင်းချလိုက်ပြီး လီချင်းရန်၏ တုံ့ပြန်မှုကို သိချင်စိတ်ဖြင့် သူ့ကို ကြည့်လိုက်သည်။
ဒါက မိုဘိုင်းဂိမ်းတစ်ခုပဲ။ ဇာတ်ကောင်က ပျော်သွားတဲ့ ပုံစံမျိုး ပြမှာမဟုတ်လား။
သို့သော် သူ မြင်လိုက်ရသည့်အရာက သူ့ကို အံ့အားသင့်သွားစေ၏။
လီချင်းရန်၏ မျက်နှာအမူအရာက တုန်လှုပ်ခြင်းမှ ကြောက်ရွံ့ခြင်း၊ ထို့နောက် သတိထားစောင့်ကြည့်ခြင်းသို့ ပြောင်းလဲသွားသည်။
သူသည် ဖြစ်ပျက်နေသည်များကို မယုံကြည်နိုင်ဘဲ ထောင့်တစ်နေရာတွင် ကွေးကွေးလေး နေနေ၏။ အချိန်အတော်ကြာမှ၊ ပတ်ဝန်းကျင်အသစ်သို့ ရောက်လာသော ကြောင်ငယ်လေးတစ်ကောင်ပမာ သတိကြီးစွာဖြင့် အခန်းကို တုံ့ဆိုင်းစွာ စူးစမ်းနေသည်။
သူ ကုတင်ဆီ ပြန်လာပြီး နူးညံ့သော အိပ်ရာကို ညင်သာစွာ ထိတွေ့လိုက်၏။ သူ၏ မျက်ဝန်းများထဲတွင် ရှုပ်ထွေးမှုများသာ ထင်ဟပ်နေလေသည်။
“ဒါ... ဒီလောက်အဆင့်ထိ တုံ့ပြန်မှုလား။ ဒီလို အပြန်အလှန် တုံ့ပြန်တဲ့ စနစ်က...”
ချန်ဟွိုက်အန်က သူ၏ လက်တွေ့ဆန်သော တုံ့ပြန်မှုများကြောင့် ကြက်သေသေသွား၏။ သူ ထိုင်လိုက်သည့်အခါ ကုတင်က အနည်းငယ် နိမ့်ကျသွားပုံ၊ သူ ထိလိုက်သည့်နေရာတွင် အရေးအကြောင်းများ ထင်သွားပုံတို့က မယုံနိုင်လောက်အောင် အသက်ဝင်လှသည်။
မိုဘိုင်းဂိမ်းတစ်ခုလေးက ဒီလောက်အဆင့်ထိ ရောက်နေတာလား။
သူ ပိုက်ဆံပိုသုံးရလည်း ကိစ္စမရှိတော့ဟု တွေးမိသည်။ ထိုအရာက စစ်မှန်သော အနုပညာရှင်တစ်ယောက်ကို ပံ့ပိုးပေးရသလို ခံစားရ၏။
ထိုအတွေး ဝင်လာသည်နှင့် နောက်ထပ် စာတန်းတစ်ခု ပေါ်လာသည်။
[ အကန့်အသတ် ကမ်းလှမ်းချက်... ယွမ်၃၀ ဖြည့်သွင်းပြီး သင်၏ ပုံရိပ်ယောင် ကောင်မလေးအား ဝတ်စုံလှလှတစ်စုံ လက်ဆောင်ပေးလိုက်ပါ ]
“အမ်း...”
ချန်ဟွိုက်အန်က လီချင်းရန်၏ စုတ်ပြတ်နေသော အဝတ်အစားများကို လှမ်းကြည့်လိုက်ပြီး သနားစိတ် ဝင်သွား၏။ “ကောင်းပြီလေ... ဖြည့်လိုက်မယ်”
ရွှမ်း...
လှပသော အစိမ်းရောင် ဝတ်ရုံတစ်စုံက ကုတင်ပေါ်တွင် ပေါ်လာသည်။
[ ယနေ့ အထူးစပယ်ရှယ်... ၆၈ယွမ် ဖြည့်သွင်းပြီး သင်၏ ပုံရိပ်ယောင် ကောင်မလေးအား အစားအသောက်ကောင်းကောင်း ကျွေးလိုက်ပါ ]
၆၈ယွမ်တန် အစားအသောက်လား။ ချန်ဟွိုက်အန်ကိုယ်တိုင်ပင် အပြင်စာအတွက် ၁၅ယွမ်ထက် ပိုသုံးလေ့မရှိပေ။
ဒါပေမဲ့ ဘာဖြစ်လဲ။ သူ ဖြည့်လိုက်၏။
[ ဒီတစ်ပတ်အတွက် အထူးစပယ်ရှယ်... ၉၈ယွမ် ဖြည့်သွင်းပြီး သင်၏ ပုံရိပ်ယောင် ကောင်မလေး၏ နောက်ခံဇာတ်လမ်းကို ဖွင့်ကာ ကျန်းမာရေး အစီရင်ခံစာကို ရယူလိုက်ပါ ]
“ငါ့ပိုက်ဆံသာ ယူသွားလိုက်တော့...”
[ လစဉ် အထူးစပယ်ရှယ်... ၁၈၈ယွမ် ဖြည့်သွင်းပြီး သင်၏ ပုံရိပ်ယောင် ကောင်မလေး၏ အိမ်အား အကာအကွယ်ပေးရန် အထူးမိုးကြိုးမီး အဆောင်သုံးခု ဆင်လိုက်ပါ ]
“ဖြည့် ဖြည့် ဖြည့်ကွာ...”
[ သင်၏ ပုံရိပ်ယောင် ကောင်မလေး ကြောက်ရွံ့နေ၏။ နောက်ထပ် လုပ်ဆောင်မှုများ မပြုလုပ်မီ ခေတ္တစောင့်ဆိုင်းပေးပါ ]
ငွေဖြည့်ရန် တောင်းဆိုမှုများ နောက်ဆုံး ရပ်တန့်သွား၏။
ချန်ဟွိုက်အန် မျက်နှာပြင်ကို စစ်ဆေးကြည့်လိုက်ရာ လီချင်းရန်က ကုတင်အောက်သို့ တွားသွားဝင်ရောက်ပြီး တုန်ရီနေကြောင်း တွေ့လိုက်ရသည်။
ကုတင်ပေါ်မှ အဝတ်အစားသစ်များကို မထိရသေးပေ။
ကြက်၊ ဘဲ၊ ငါး ဟင်းလျာများ စုံလင်သော စားသောက်ပွဲကိုလည်း မထိရသေး။
မျက်နှာပြင် ထောင့်တစ်နေရာတွင် ကျန်းမာရေး အစီရင်ခံစာ ထွက်ပေါ်လာရန် မိနစ်၃၀ ကြာမည်ဟု ပြသနေသည်။
အခန်းထဲတွင် ယခုအခါ တံခါး၊ ပြတင်းပေါက်နှင့် အမိုးတို့တွင် အဆောင်များ ကပ်ထား၏။ ချဲ့ကြည့်မှသာ မြင်နိုင်သော အရာများပင်။
သတင်းကောင်းမှာ လီချင်းရန်၏ သက်တမ်းက ၆နာရီအထိ တိုးလာခြင်း ဖြစ်သည်။
“အခုမှပဲ နည်းနည်း တော်တော့တယ်။” ချန်ဟွိုက်အန်က သက်ပြင်းချရင်း ရေရွတ်လိုက်သည်။
ဂိမ်းအတွင်း အချိန်က အပြင်လောက အချိန်နှင့် တူညီသောကြောင့် သူ အနည်းငယ် အနားယူ၍ ရသေးသည်။
“ဒါနဲ့ လီချင်းရန်ကို သက်ရောက်နေတဲ့ မီးအဆိပ်ဆိုတာ အဲဒါက ဘာကြီးလဲ။”
သူက လီချင်းရန်ကို နှိပ်လိုက်လျှင် သူ၏ အခြေအနေကို သိနိုင်မည်ဟု ထင်ခဲ့သော်လည်း သူ ကုတင်အောက်တွင် မြင်နိုင်သမျှမှာ ဖြူဖျော့သော ခြေဖဝါးလေးတစ်ခုသာ ဖြစ်ပြီး သူ ထိလိုက်သည်နှင့် ၎င်းက ချက်ချင်း တွန့်သွား၏။
“ထပ်သိရဖို့ ကျန်းမာရေး အစီရင်ခံစာကိုပဲ စောင့်ရတော့မယ် ထင်တယ်။”
ဂိမ်းထဲမှ စားသောက်ပွဲကို လှမ်းကြည့်လိုက်စဉ် ချန်ဟွိုက်အန်၏ ဗိုက်က အသံမြည်လာသည်။ ဘဲကင်က အလွန် လက်တွေ့ဆန်လှပြီး၊ ဆီများက တလက်လက် တောက်ပကာ ၎င်း၏ရနံ့ မျက်နှာပြင်ကို ထွက်လာနိုင်သယောင် ရှိနေသည်။
နေ့လယ်ပင် စောင်းနေပြီ ဖြစ်ပြီး သူ နေ့လယ်စာ မစားရသေးပေ။
“တစ်ခုခု မြန်မြန် လုပ်စားလိုက်ဦးမယ်။ ငါ့ ပုံရိပ်ယောင် ကောင်မလေးက ငါ့ထက်တောင် ကောင်းကောင်းစားနေရတာပဲ။” သူက ခပ်ယဲ့ယဲ့ ရယ်လိုက်၏။
ဒီစားသောက်ပွဲအတွက် ၆၈ ယွမ် သုံးလိုက်ရတာလား။ အခုကျတော့ တန်သလိုပဲ။
သူ ဆက်မကစားမီ အရင် ထမင်းစားရန် ရည်ရွယ်ပြီး ဖုန်းကို စားပွဲပေါ်တင်ကာ အားသွင်းထားလိုက်သည်။
လီချင်းရန်၊ အသက် ၁၉ နှစ်၊ ချင်းယွန်ဂိုဏ်းရှိ ချီရှောင်းတောင်ထိပ်၏ ပဉ္စမမြောက်တပည့်။
သူ၏ ဘဝမှာ တစ်ချိန်က တည်ငြိမ်ခဲ့ဖူးသည်။
ကျင့်ကြံခြင်းနှင့် ဂိုဏ်း၏ တာဝန်များကို လုပ်ဆောင်ပြီးပုံမှန် လည်ပတ်နေခဲ့သည်။ စီနီယာအစ်ကို လေးယောက်တို့က တစ်ယောက်ချင်းစီတွင် ကိုယ်ပိုင် အစွမ်းအစများ ရှိကြပြီး သူ့ကို မကြာခဏ အကာအကွယ် ပေးခဲ့ကြသည်။
သို့သော် သူ၏ ပထမ စီနီယာ အစ်ကို လုချန်ထျန်က အပြင်မှ ဆဋ္ဌမမြောက် ညီမငယ်တစ်ဦးကို ခေါ်ဆောင်လာခဲ့ချိန် အရာအားလုံး ပြောင်းလဲသွားခဲ့သည်။ သူက ပါရမီမရှိသော ထိုကောင်မလေး မုပိုင်ရွှမ်အတွက် အာမခံပေးခဲ့ပြီး သူတို့၏ ဆရာအား သူ့ကို ချီရှောင်းတောင်ထိပ်၌ လက်ခံပေးရန် တောင်းဆိုခဲ့သည်။
ထိုနောက်တွင် အရာအားလုံး မတူတော့ပေ။
သူ့ကို တစ်ချိန်က ဂရုစိုက်ခဲ့သော ပထမ စီနီယာ အစ်ကိုက သူ့ကို နံနက်ခင်း သင်ခန်းစာများအတွက် မဖိတ်ခေါ်တော့ပေ။ ဆေးဖော်စပ်ခြင်းတွင် ကျွမ်းကျင်သော ဒုတိယ စီနီယာအစ်ကို ရှောင်းယိဖုန်းသည်လည်း သူ၏ ဆေးလုံးများ စမ်းသပ်ရန် သူ့အား မတောင်းဆိုတော့။ အမြဲအေးစက်နေတတ်သော တတိယ စီနီယာအစ်ကို ယွင်ကျီမော့သည်ပင် ညီမငယ် အသစ်အတွက် အချစ်သီချင်းများ သင်ယူခဲ့သည်။ တာဝန်ကို အလေးထားသော စတုတ္ထ စီနီယာအစ်ကို ကျန်းဟန်ရှောင်းက တာဝန်များကို စွန့်ပယ်ကာ မုပိုင်ရွှမ်ကို စောင့်ရှောက်ရန် တောင်ထိပ်တွင် နေခဲ့သည်။
ပုံမှန် လျစ်လျူရှုတတ်သော သူတို့၏ ဆရာအပါအဝင် လူတိုင်းက မုပိုင်ရွှမ်ကို အလွန်အမင်း ချစ်ခင်ကြသည်။
လီချင်းရန် ၎င်းကို စိတ်ထဲမထားခဲ့။
မုပိုင်ရွှမ်က ချိုသာပြီး ချစ်ခင်စရာကောင်းကာ ညီမငယ်တစ်ယောက် အနေဖြင့် ဂရုစိုက်မှု အနည်းငယ် ရထိုက်သည်ဟု သူ တွေးခဲ့သည်။
သို့သော် သူတို့၏ လမ်းညွှန်မှုနှင့် အရင်းအမြစ်များကြောင့် မုပိုင်ရွှမ်၏ ကျင့်ကြံမှုအဆင့်က သူ့ကို လျင်မြန်စွာ အမီလိုက်လာခဲ့သည်။
လွန်ခဲ့သော လဝက်ခန့်က ဂိုဏ်းတွင်း ပြိုင်ပွဲတစ်ခုအတွင်း လီချင်းရန် မုပိုင်ရွှမ်နှင့် ရင်ဆိုင်ခဲ့ရသည်။ လေးစားမှုအရ သူသည် မုပိုင်ရွှမ် အရှုံးပေးရန် လုံလောက်သော ဖိအားပေးမှုဖြင့် သိုင်းကွက်အနည်းငယ်မျှဖြင့် အဆုံးသတ်ရန် စီစဉ်ထားခဲ့သည်။
သို့သော် မုပိုင်ရွှမ်က ချက်ကောင်းများကို ဦးတည်လျက် အပြင်းအထန် တိုက်ခိုက်ခဲ့ရာ လီချင်းရန်အလေးအနက် ခုခံကာကွယ်ခဲ့ရသည်။
ထို့နောက် မုပိုင်ရွှမ်က ရုတ်တရက် ခုခံသည့်ပုံစံသို့ ပြောင်းလိုက်ပြီး လီချင်းရန်၏ ဓားဆီသို့ သူ့ကိုယ်သူ ပစ်ဝင်လိုက်သည်။
လီချင်းရန် အချိန်မီ ဓားကို ပြန်မရုတ်သိမ်းနိုင်ခဲ့ဘဲ သူ၏ဓားက မုပိုင်ရွှမ်၏ ပခုံးကို ထိုးဖောက်သွားသည်။ ရှပ်ထိသွားသော်လည်း ၎င်းက သူ့အား အပြင်းအထန် ဒဏ်ရာရစေခဲ့သည်။
ထို့နောက် လီချင်းရန်က ချီရှောင်းတောင်ထိပ်မှ နှင်ထုတ်ခံပြီး ကျင့်ကြံမှု ဖျက်ဆီးခံရကာ စိတ်ဝိညာဉ်အမြစ် ထုတ်ယူခံခဲ့ရ၏။ စီနီယာအစ်ကိုများ၏ လက်စားချေမှုက ရက်စက်လှသည်။
ယခုအခါ လီချန်းရန်က သားရဲများ ကျက်စားရာ တောနက်ကြီးထဲတွင် စွန့်ပစ်ခံထားရပြီး မီးအဆိပ်နှင့် ငတ်မွတ်မှုတို့က နှိပ်စက်နေရင်း မုန်တိုင်းထဲတွင် အသက်ကို ဆွဲဆန့်ထားကာ သေခြင်းတရားကို စောင့်မျှော်နေခဲ့သည်။
ထိုအချိန်...
မိုးရေထဲ စာကလေးတစ်ကောင် ဖြတ်ပျံသွား၏။
ပြီးနောက် ရုတ်တရက် အသံတစ်သံက တိုးညှင်းစွာ ထွက်ပေါ်လာခဲ့သည်။
[ အိမ်ကနေ ကြိုဆိုပါတယ် ]
မျက်စိတစ်မှိတ်အတွင်း သူ၏ တဲအိမ်က ကျောက်အိမ်တစ်လုံးအဖြစ် ပြောင်းလဲသွား၏။