ဒီဂိမ်းမှာ သီးသန့် အသံသရုပ်ဆောင်တောင် ရှိနေပါလား
Vol. 1 Ch. 3
လီချင်းရန်သည် ထိုကဲ့သို့သော အဖြစ်အပျက်မျိုးကို တစ်ခါမျှ မကြုံဖူးခဲ့ချေ။
ကျင့်ကြံသူတစ်ယောက်အတွက် အိမ်တစ်လုံးဆောက်ခြင်းသည် ရိုးရှင်းသည်။ သို့သော် တဲစုတ်တစ်လုံးကို ကျောက်အိမ်အဖြစ် ချက်ချင်း ပြောင်းလဲလိုက်ခြင်းက သာမန်လုပ်ရပ်တစ်ခု မဟုတ်ခဲ့ပေ။
အစားအသောက်နှင့် အဝတ်အစားများ အလိုလို ပေါ်ထွက်လာခြင်းကလား။
တစ်စုံတစ်ခုကို အခြားတစ်ခုအဖြစ် ပြောင်းလဲခြင်းနှင့် ဘာမျှမရှိရာမှ တစ်စုံတစ်ခုကို ဖန်တီးခြင်းတို့ကြားက ကွာခြားမှု ကြီးမားလှ၏။
အစပိုင်းတွင် သူက စွမ်းအားကြီးမားသော ကျင့်ကြံသူ တစ်ဦးဦးက သူ့ကို လှည့်စားနေပြီး သိုလှောင်လက်စွပ်ကို အသုံးပြု၍ ပုန်းကွယ်နေရင်း ပစ္စည်းများ ထုတ်ယူနေခြင်း ဖြစ်သည်ဟု ထင်ခဲ့သည်။
သို့သော်လည်း သူက မည်သည့် စိတ်ဝိညာဉ်လှိုင်းကိုမျှ မခံစားခဲ့ရချေ။ အရာအားလုံးက အမှန်တကယ် နေရာတွင်ပင် ပေါ်ပေါက်လာခဲ့ခြင်း ဖြစ်သည်။
အစားအစာ၏ အနံ့၊ အသွင်အပြင်အထိ ဘာမှမရှိရာမှ ထိုမျှအနုစိတ်စွာ ဖန်တီးနိုင်ရန်မှာ အနည်းဆုံး အခြေတည်ဝိညာဉ်အဆင့် ကျင့်ကြံသူတစ်ဦး၏ လက်ရာ ဖြစ်ရပေမည်။ သို့မဟုတ် ပေါင်းစည်းအဆင့် ဖြစ်မည်လား။
လီချင်းရန် မသေချာခဲ့ပေ။
သူ သိထားသည်မှာ သူ၏ဆရာ၊ အခြေတည်ဝိညာဉ်အဆင့်ရှိ သက်တမ်းရင့် ဆရာကြီးတစ်ဦးဖြစ်သော တာအိုပညာရှင် ချင်းရွှမ်းပင်လျှင် ထိုသို့သော အစွမ်းမျိုးကို မလုပ်ဆောင်နိုင်ကြောင်းပင်။
သူက ပါဝင်ပစ္စည်းများကို ပြီးပြည့်စုံသော ဟင်းပွဲတစ်ပွဲအဖြစ် ပြောင်းလဲနိုင်သော်လည်း အစားအစာကို ဘာမှမရှိရာမှ ပေါ်လာအောင် မလုပ်နိုင်ချေ။ သို့မဟုတ် သူ၏ ဆရာက ထိုသို့သော ပညာများကို စိတ်မဝင်စားခဲ့ခြင်းလည်း ဖြစ်နိုင်သည်။
ကျင့်ကြံသူများက အခြေခံအုတ်မြစ် အဆင့်မှ စတင်၍ တရားထိုင်ခြင်းဖြင့် အသက်ဆက် ရှင်သန်နိုင်ကြရသည်။
မွှေးကြိုင်လှသော အစားအစာ အနံ့က သူ၏ ဆာလောင်မှုကို နိုးထစေခဲ့၏။
သူ၏ ကျင့်ကြံစွမ်းအားများ ဖျက်သိမ်းခံလိုက်ရသဖြင့် ဆာလောင်မှုကို တရားထိုင်ခြင်းဖြင့် ချိုးနှိမ်နိုင်စွမ်း မရှိတော့။
မိစ္ဆာသားရဲ အများစု၏ အသားက အဆိပ်ရှိသည်။ သူက ဘေးကင်းသော အသားများကိုလည်း ခွဲခြားနိုင်စွမ်း မရှိခဲ့ချေ။ ထို့ကြောင့် သူက တောသစ်သီးများနှင့် အမြစ်များကိုသာ စားသုံး၍ ရှင်သန်ခဲ့ရသည်။
သို့သော် ကုတင်အောက်တွင် ပုန်းနေခြင်းက အဖြေမဟုတ်ချေ။
သတိကြီးစွာဖြင့် လီချင်းရန်က ကုတင်အောက်မှ ချောင်းကြည့်ပြီး သတ္တိမွေးကာ ပြောလိုက်သည်။ “ဘယ်စီနီယာက ဒီလိုမျိုး စွမ်းအားကြီးမားတဲ့ ပညာတွေကို သုံးနေတာပါလဲ။ ဒီဂျူနီယာ လီချင်းရန်က ကိုယ်တိုင် တွေ့ဆုံခွင့်ပြုဖို့ လေးလေးစားစား တောင်းဆိုပါတယ်။”
ဝါးပြတင်းပေါက်များကို မိုးစက်များ ရိုက်ခတ်နေသော အသံမှလွဲ၍ အခန်းက တိတ်ဆိတ်နေဆဲ ဖြစ်သည်။
ခဏမျှ တိတ်ဆိတ်သွားပြီးနောက် လီချင်းရန် ကုတင်အောက်မှ ထွက်လာရန် ဆုံးဖြတ်လိုက်သည်။
သူ မကြောက်ဟုဆိုလျှင် လိမ်ညာခြင်းသာ ဖြစ်ပေမည်။ သို့သော် အခြားတစ်ဖက်က ထိုမျှ စွမ်းအားကြီးမားနေပါက သူ ခုခံနိုင်ပါမည်လော။
ထို့ပြင် သူတို့က သူ၏ ခြေထောက်ကို ခုနက ထိခဲ့ပြီး ဖြစ်သည်။ သူ၏ အချည်းနှီး ပုန်းနေခြင်းကို လှောင်ပြောင် နေသကဲ့သို့ပင် နွေးထွေးပြီး နူးညံ့လှသည်။
ထိုအတွေးကြောင့် သူက နှုတ်ခမ်းကို ကိုက်လိုက်မိပြီး သူ၏ မျက်နှာ ရှက်သွေးများ ဖြာသွားခဲ့သည်။
“ဖြစ်ချင်ရာ ဖြစ်ပါစေတော့။”
မတ်တပ်ရပ်လိုက်ပြီး အခန်းကို ဝေ့ဝဲကြည့်လိုက်သော်လည်း မသင်္ကာဖွယ်ရာ လူပုဂ္ဂိုလ် တစ်ယောက်မျှ မတွေ့ခဲ့ရချေ။ သူ၏ အကြည့်က မလွှဲမရှောင်သာဘဲ ပွဲတော် တစ်ခုကဲ့သို့ ခင်းကျင်းထားသော စားပွဲဆီသို့ ရောက်ရှိသွားခဲ့သည်။
ဂလု...
သူ တံတွေးမျိုချလိုက်သော အသံက ဝမ်းဗိုက်ထဲမှ မြည်သံနှင့်အတူ ပေါ်ထွက်လာခဲ့သည်။
သူက စားပွဲတွင် အနေခက်စွာ ထိုင်လိုက်သည်။ ဟင်းလျာများကို စိုက်ကြည့်နေသော်လည်း သူ မစားခဲ့ပေ။ ထိုအစား သူက လက်အုပ်ချီ၍ ခေါင်းငုံ့ကာ လေးနက်စွာဖြင့် ပြောလိုက်သည်။ “စီနီယာက ကိုယ်ထင်မပြချင်ဘူး ဆိုတော့ ဒီဟင်းလျာတွေက ဒီက ဂျူနီယာ အတွက်လားလို့ မေးပါရစေ။။ စီနီယာ ဆက်ပြီးတော့ တိတ်ဆိတ်နေမယ်ဆိုရင်တော့ စီနီယာရဲ့ ပစ္စည်းကို စားမိတာထက် ဂျူနီယာ အငတ်ခံပြီး သေလိုက်တာက ပိုကောင်းပါလိမ့်မယ်။”
သူ၏ စကား အပြီးတွင် မျက်လုံးကို မှိတ်လိုက်ပြီး တင်ပျဉ်ခွေထိုင်ကာ တရားထိုင်နေလိုက်သည်။
ချန်ဟွိုက်အန်က ခရမ်းချဉ်သီးနှင့် ကြက်ဥမွှေကြော် ဟင်းရိုးရိုးလေးကို နေ့လယ်စာအဖြစ် စားခဲ့သည်။
ဂိမ်းထဲသို့ ပြန်ဝင်လိုက်ရာ လီချင်းရန်က ကုတင်အောက်မှ ထွက်လာခဲ့ပြီး ယခုအခါ စားပွဲတွင် ထိုင်ကာ တရားထိုင်နေသည်ကို တွေ့လိုက်ရ၏။
သူ၏ နူးညံ့သော မျက်နှာလေးက နီမြန်းနေပြီး ချွေးစက်များ၊ မိုးစက်များဖြင့် စိုစွတ်နေကာ ခန္ဓာကိုယ်က မတည်မငြိမ်နှင့် ယိမ်းထိုးနေသည်။
အစားအစာ၏ အနံ့ကို ကြိတ်မှိတ်ခံနိုင်ရည်ရှိအောင် ကြိုးစားနေသကဲ့သို့ပင် သူ၏ နှာခေါင်းလေး တွန့်သွားပုံက ရယ်စရာ ကောင်းလှ၏။
“ဒါက ဘယ်လို မြင်ကွင်းမျိုးလဲ။” ချန်ဟွိုက်အန် ရယ်လိုက်သည်။
အစားအသောက်ရှေ့မှာ တရားထိုင်နေတာလား။ သူ့ရဲ့ စိတ်ဓာတ်ခိုင်မာမှုကို စမ်းသပ်နေတာလား။ သူ၏ မေးစေ့က ကြက်ကင် အပေါ်မှာ ဝဲနေတာကို။
[ လီချင်းရန်က အစားအစာကို စားသုံးခွင့် တောင်းခံနေပါသည်။ သင် ခွင့်ပြုပါသလား ]
စကားပြောအကွက် တစ်ခု ပေါ်လာခဲ့သည်။
“ငါက ခွင့်ပြုပေးရဦးမှာလား။ တော်တော် စည်းကမ်းတင်းကျပ်တဲ့ စနစ်ပဲ။” ချန်ဟွိုက်အန် ရယ်မောလျက် ခေါင်းခါလိုက်ကာ “ခွင့်ပြုတယ်”ကို ရွေးချယ်လိုက်သည်။
မျက်နှာပြင်ပေါ်တွင် လီချင်းရန်က တစ်စုံတစ်ခုကို ကြားလိုက်ရဟန်တူ၏။ သူ၏ မျက်လုံး ပွင့်လာပြီး မျက်နှာက ဝမ်းမြောက်မှုဖြင့် လင်းလက်သွားခဲ့သည်။
“ကျေးဇူးတင်ပါတယ် စီနီယာ...”
“ဘာလား... အသံ သရုပ်ဆောင်တောင် ပါနေသေးတာလား...”
ကြည်လင်၍ ချိုမြိန်သော အသံကြောင့် ချန်ဟွိုက်အန် အံ့အားသင့်ကာ ဖုန်းကို လွတ်ကျမတတ် ဖြစ်သွားခဲ့သည်။ သူက အစောပိုင်း၌ ဂိမ်းတွင် နောက်ခံတေးဂီတ မပါဝင်ဟု ယူဆကာ အသံ ဖွင့်မထားခဲ့ချေ။ သို့သော် အသံကို ဖွင့်လိုက်ရာတွင် မီးဖိုထဲမှ မီးတောက်သံများနှင့် အပြင်ဘက်မှ သည်းထန်စွာ ရွာသွန်းနေသော မိုးသံများကဲ့သို့ မယုံနိုင်လောက်အောင် လက်တွေ့ကျသော ပတ်ဝန်းကျင် အသံများ ပါဝင်နေသည်ကို သူ သိသွားခဲ့သည်။
သို့သော် လီချင်းရန်တွင် ကိုယ်ပိုင် အသံသရုပ်ဆောင် ရှိလိမ့်မည်ဟု သူ လုံးဝ မမျှော်လင့်ထားခဲ့ပေ။
“စတူဒီယို အသေးစားလေးတွေက တကယ် အစွမ်းကုန် ကြိုးစားကြတာပဲ...”
ချန်ဟွိုက်အန်က လီချင်းရန် စတင် စားသောက်နေသည်ကို စိတ်ဝင်တစား ကြည့်နေခဲ့သည်။
အစပိုင်းတွင် သူက နူးညံ့သိမ်မွေ့စွာ တစ်လုတ်ချင်း စားနေခဲ့သည်။ သို့သော် မကြာမီ သူ၏ တူများ ပိုမြန်လာခဲ့ပြီး အစားအစာကို အငမ်းမရ စားတော့သည်။ ချန်ဟွိုက်အန်ကို အံ့အားသင့်သွားစေခဲ့သော အမြန်နှုန်းဖြင့် အပြီးသတ် စားနေ၏။
ဂိမ်းထဲမှာပဲ ဇာတ်ကောင်တွေက ဒီလောက် မြန်မြန် စားနိုင်ကြတာ။
စားပြီးနောက် လီချင်းရန်က လက်သုတ်ပဝါ အသေးလေး တစ်ထည်ကို ကောက်ယူကာ ပါးစပ်ကို သုတ်လိုက်ပြီး ထပ်မံ ဦးညွှတ်လိုက်၏။ သူ၏ မျက်နှာတစ်ခုလုံး နီမြန်းကာ ရှက်သွေးများ ဖြာနေခဲ့သည်။
“ဂျူနီယာ ဒီလို အရသာရှိတဲ့ အစားအစာမျိုး မစားခဲ့ရတာ ကြာပါပြီ။ စီနီယာရဲ့ ကျေးဇူးတရားကို ဘယ်တော့မှ မမေ့ပါဘူး...”
ခုနက သူ တရားထိုင်နေစဉ် “ခွင့်ပြုတယ်” ဟူသော စကားလုံးတစ်လုံးကို ရုတ်တရက် ကြားလိုက်ရ၏။
အသံက တာအို၏ ပဲ့တင်ထပ်သံကဲ့သို့ သူ၏ ဝိညာဉ်ထဲသို့ ထိုးဖောက် ဝင်ရောက်လာသည်။ သူ မျက်လုံးဖွင့်လိုက်ရာ အစားအစာက စိတ်ဝိညာဉ်စွမ်းအင်ဖြင့် ပြုလုပ်ထားသော ရွှေရောင်စာလုံး 可 (ခွင့်ပြုတယ်) ဖြင့် ခပ်ရေးရေး တောက်နေသည်ကို တွေ့လိုက်ရသည်။
ထိုအသံက အသံလွှင့်ပို့ခြင်း ပညာရပ်ကို အသုံးပြုခဲ့သည်။ သို့သော် သူ့ကို အံ့အားသင့်စေခဲ့သည်မှာ ထိုစိတ်ဝိညာဉ်စာလုံးက ပတ်ဝန်းကျင်မှ ချီစွမ်းအင်ကို စုစည်း၍ ဖန်တီးခဲ့ခြင်း မဟုတ်ဘဲ အစားအစာ ကဲ့သို့ပင် ဘယ်ကမှန်းမသိ ထုတ်လုပ်ခဲ့ခြင်းပင်။
လီချင်းရန် အနည်းငယ် တုန်ရီသွားခဲ့၏။ ထိုစီနီယာ မည်သူ ဖြစ်စေကာမူ သူ၏ နားလည်နိုင်စွမ်းထက် ကျော်လွန်နေခဲ့သည်။ သို့သော် အနည်းဆုံး ယခုအချိန်အထိ သူတို့က ရန်လိုပုံ မရချေ။
“စီနီယာ။ ကျွန်မ ပန်းကန် ဆေးလိုက်ပါ့မယ်။”
ပန်းကန်များကို သယ်ဆောင်လျက် သူ အပြင်သို့ ထွက်လာခဲ့သည်။
မိုးက ယခုအခါ ပို၍ သည်းနေ၏။ ထူထဲသော မိုးရေများကြောင့် အနီးအနား မီတာအနည်းငယ်မှလွဲ၍ ဘာကိုမျှ မမြင်ရချေ။ တစ်ခုတည်းသော အသံများမှာ မိုးရေများ မြေပြင်ကို ရိုက်ခတ်နေသံနှင့် အဝေးမှ မိုးခြိမ်းသံ သဲ့သဲ့တို့ပင် ဖြစ်သည်။
“မိုးက အရင်ထက် ပိုသည်းလာတယ်...”
မိုးကောင်းကင်ကို မော့ကြည့်ရင်း လီချင်းရန်က ကျေးဇူးတင်သော ခံစားချက်တစ်ခု ဖြစ်ပေါ်လာခဲ့သည်။
အကယ်၍သာ စီနီယာ၏ အိမ်သာ မရှိခဲ့ပါက သူ၏ တဲအဟောင်းမှာ ယခုအချိန်တွင် ပြိုကျသွားလောက်ပြီ ဖြစ်သည်။
အပြင်ဘက်တွင် စင်္ကြံလမ်းသေးသေးတစ်ခုက သူ့ကို မိုးဒဏ်မှ ကာကွယ်ပေးထားသည်။ ခေါင်မိုးအစွန်းအတိုင်း လိုက်သွားရာ မနေ့က မိုးရေခံရန် ချထားခဲ့သော သစ်သားခွက်တစ်လုံး တွေ့ခဲ့သည်။ ယခုအခါ ရေပြည့်နေသဖြင့် ပန်းကန်ဆေးရန် အကောင်းဆုံးပင်။
[ လီချင်းရန် ပန်းကန် ဆေးနေသည် ]
[ လီချင်းရန်၏ နှစ်သက်မှု +၅။ လက်ရှိ = ၁၀ ]
“အမ်း ပန်းကန်တောင် ဆေးတာပဲ။ နှစ်သက်မှု စနစ်ကတော့ အံ့သြစရာတော့ မဟုတ်ပါဘူး။”
ချန်ဟွိုက်အန်က ဂိမ်း၏ အသေးစိတ်ကျမှုအပေါ် ပို၍ သဘောကျရင်း ရယ်လိုက်မိသည်။
ဇာတ်ကောင်များက မယုံနိုင်လောက်အောင် အသက်ဝင်လှရုံသာမက အပြန်အလှန် တုံ့ပြန်နိုင်သော အကြောင်းအရာမှာလည်း အံ့အားသင့်ဖွယ် ကောင်းလှသည်။
ဒီဂိမ်းအကြောင်း ငါ ဘာလို့ အရင်က မကြားခဲ့ရတာလဲ။
အချိန်ကို တစ်ချက်ကြည့်လိုက်ရာ မိနစ်အနည်းငယ်အတွင်း ကျန်းမာရေးအစီရင်ခံစာ အဆင်သင့် ဖြစ်တော့မည်ကို တွေ့လိုက်ရသည်။
စောင့်ဆိုင်းနေစဉ်အတွင်း သူက ဂိမ်းကို ပိုမို စူးစမ်းရန် ဆုံးဖြတ်လိုက်သည်။
သူ့ကို အံ့အားသင့်စေသည်မှာ ဂိမ်းတွင် ကြီးမားသော မြေပုံကြီးတစ်ခု ရှိနေခြင်းပင်။ အပြည့်အဝ ချဲ့ကြည့်လိုက်ရာ လီချင်းရန်၏ အိမ်ငယ်လေးက အမှောင်မြူခိုးများ ဖုံးလွှမ်းနေသော ကျယ်ပြန့်သော မစူးစမ်းရသေးသည့် နေရာကြီး၏ အလယ်တွင် သေးငယ်သော အစက်လေးတစ်ခုမျှသာ ဖြစ်နေ၏။ သူ၏ အိမ်ပတ်ဝန်းကျင် ဧရိယာကိုသာ မြင်နိုင်သည်။
စိတ်ဝင်စားစရာ ကောင်းသည်မှာ မြင်နိုင်သော အခြား နေရာတစ်ခု ထင်ရှားနေ၏။ ၎င်းမှာ ရွှေရောင်စာလုံးများဖြင့် အမှတ်အသားပြုထားသော ခမ်းနားကြီးကျယ်သည့် ဂိုဏ်းကြီး ချင်းယွန်ဂိုဏ်းပင်။
“ဪ... ဒါ သူ အရင်က နေခဲ့တဲ့ နေရာပဲ။” ချန်ဟွိုက်အန် မျက်မှောင်ကြုတ်လိုက်သည်။
အဘယ်ကြောင့် လီချင်းရန်က ချင်းယွန်ဂိုဏ်းတွင် ရှိမနေရသနည်း။ ထို့ပြင် သူက အဘယ်ကြောင့် ထိုမျှ သနားစရာကောင်းသော အခြေအနေသို့ ရောက်နေရသနည်း။
ဂိုဏ်းက တောင်ထိပ်တွင် ရှိပြီး သူ၏ လက်ရှိ တည်နေရာက တောင်ခြေတွင် ရှိသည့်အတွက် နီးကပ်ပုံရသည်။ ကျင့်ကြံသူများအတွက် ၎င်းက ရှည်လျားသော ခရီးတစ်ခု မဟုတ်ပေ။ ထိုအရာ၏ နောက်ကွယ်တွင် ဇာတ်လမ်းတစ်ပုဒ် ရှိရမည် ဖြစ်သည်။
မြေပုံကို ပြန်ဆွဲကြည့်လိုက်စဉ် သူ၏ မျက်နှာအမူအရာ ပြောင်းသွား၏။ အိမ်ငယ်လေး၏ ပတ်ဝန်းကျင်တွင် အနီရောင် အစက်၅စက် ပေါ်လာ၍ပင်။
၎င်းတို့က လီချင်းရန်၏ နေရာဆီသို့ လျင်မြန်စွာ ရွေ့လျားလာနေကြ၏။