← Chapters

အားလုံး ဖောက်ခွဲပစ်ခြင်း

Vol. 1 Ch. 4

အားလုံး ဖောက်ခွဲပစ်ခြင်း

Vol. 1 Ch. 4

ချန်ဟွိုက်အန်က ဂိမ်းဆော့လေ့မရှိဘဲ ကိုယ်တိုင် အတွေ့အကြုံ မရှိသည့်တိုင် ဂိမ်းမြေပုံများတွင် အနီရောင် အစက်များမှာ များသောအားဖြင့် ရန်သူများကို ကိုယ်စားပြုကြောင်း သိသည်။

အနီစက် ၅စက်က ကြောက်မက်ဖွယ် အရှိန်အဟုန်ဖြင့် ရွေ့လျားနေပြီး မျက်စိတစ်မှိတ်အတွင်း အိမ်ငယ်‌လေးသို့ နီးကပ်လာခဲ့သည်။

“သွားပြီ။ လီချင်းရန်က အပြင်မှာ ပန်းကန်ဆေးနေတုန်းပဲ...”

မျက်နှာပြင်ပေါ်တွင် လီချင်းရန်က ပန်းကန်ဆေးနေသည်ကို အာရုံစိုက်နေပြီး အိမ်ပတ်လည်တွင် ဖြစ်ပေါ်နေသော မူမမှန်သည့် အခြေအနေကို လုံးဝ သတိမထားမိခဲ့။

ချန်ဟွိုက်အန် စိုးရိမ်သွား၏။ သူက လီချင်းရန်ကို အသိပေးနိုင်မည့် ရွေးချယ်စရာ ရှိမရှိ ဂိမ်းမျက်နှာပြင်ပေါ်တွင် အလျင်အမြန် ရှာဖွေလိုက်သည်။

မျက်နှာပြင်ပေါ်တွင် ရွေးချယ်စရာများစွာ ရှိသော်လည်း အများစုမှာ ပိတ်ထား၏။

[ အသံပို့ အဆောင်တစ်ခု ဝယ်ယူပြီး လီချင်းရန်ထံ စာတိုတစ်စောင် ပေးပို့ရန် ယွမ်၁၀၀ ဖြည့်လိုက်ပါ ]

ငွေဖြည့်ရမည့် မျက်နှာပြင် ပေါ်လာခဲ့သည်။

အသံပို့ အဆောင်က အဘယ်ကြောင့် ထိုမျှ ဈေးကြီးရသည်ကို စဉ်းစားရန် အချိန်မရှိတော့။ ချန်ဟွိုက်အန် ချက်ချင်း ငွေဖြည့်လိုက်၏။

အလီပေးမှ အသိပေးချက် အသံ ထွက်ပေါ်လာပြီး အဆောင် တစ်ခုက မျက်နှာပြင်၏ အလယ်ဗဟိုတွင် ပေါ်လာခဲ့သည်။

[ အဆောင်ကို ဖိပြီး စကားပြောပါ ]

ချန်ဟွိုက်အန်၏ မျက်နှာ အနည်းငယ် တွန့်သွား၏။ သူက အသက်ကို ပြင်းပြင်းရှူလိုက်ပြီး အဆောင်ကို နှိပ်ကာ လေးနက်သော အသံဖြင့် ပြောလိုက်သည်။ “မိစ္ဆာတွေ လာနေပြီ။ အခုပဲ ပြန်တော့...”

လေထဲတွင် ကျယ်လောင်သော အော်သံတစ်ခု ပဲ့တင်ထွက်လာ၏။

[ အခုချက်ချင်း ပြေး.... ]

ပန်းကန်ဆေးနေဆဲ လီချင်းရန်က ကြောင်သွားပြီး စိတ်ရှုပ်ထွေးလျက် ပတ်ဝန်းကျင်ကို လှည့်ကြည့်လိုက်သည်။

ဒီအသံက... စီနီယာရဲ့ အသံများလား။

“အာဝူး....”

စူးရှသော ဝံပုလွေအူသံ တစ်ချက်က မိုးသံကို ထိုးဖောက် ဝင်ရောက်လာသည်။

ကျယ်လောင်သော ဟိန်းသံများနှင့်အတူ ကျွဲတစ်ကောင် အရွယ်အစားရှိသော မည်းနက်နေသည့် မိစ္ဆာဝံပုလွေ သုံးကောင်က လီချင်းရန်၏ မြင်ကွင်းထဲ ပြေးဝင်လာကြသည်။

သူတို့၏ နောက်တွင် နောက်ထပ် ဝံပုလွေ နှစ်ကောင်က အရိပ်ထဲတွင် မသဲမကွဲ ပုန်းကွယ်နေ၏။

“ကျောနက်မိစ္ဆာဝံပုလွေတွေလား..”

ဒါ ဘယ်လို ဖြစ်နိုင်မှာလဲ...

လီချင်းရန်က အဖြစ်အပျက်ကို အလျင်အမြန် ဆက်စပ်မိလိုက်သည်။

သူ မကြာသေးမီက တိုက်ခိုက်ခဲ့ရသော တစ်ကောင်တည်းသော ဝံပုလွေမှာ ကင်းထောက် ဖြစ်ပုံရသည်။

၎င်းက သူ့ကို တိုက်ရိုက် မတိုက်ခိုက်ဘဲ အနည်းငယ် ခုခံပြီးနောက် ထွက်ပြေးသွားခဲ့သည်မှာ အံ့သြစရာ မရှိတော့။

၎င်းက သတင်းအချက်အလက်များ စုဆောင်းနေခဲ့ခြင်း ဖြစ်ရပေမည်။

အနီးဆုံး ဝံပုလွေက ယခုအခါ ၅မီတာပင် မဝေးတော့‌ပေ။

မည်သည့် တုံ့ဆိုင်းမှုမှ မရှိဘဲ ၎င်းသည် သူ့ထံသို့ ခုန်အုပ်လိုက်၏။

သူ၏ ကျင့်ကြံစွမ်းအားများ ပျက်စီးသွားပြီး စိတ်ဝိညာဉ်အမြစ်လည်း ပျက်စီးသွားသော်လည်း လီချင်းရန်၏ တိုက်ခိုက်ချင်စိတ်များ ရှိနေသေးသည်။ သူက အချိန်ကိုက် လှုပ်ရှားလိုက်ပြီး ပထမ ဝံပုလွေ၏ တိုက်ခိုက်မှုကို ရှောင်တိမ်းရန် ဘေးသို့ လှိမ့်လိုက်ကာ ခုန်အုပ်ရန် ပြင်ဆင်နေသော ဒုတိယ ဝံပုလွေထံသို့ ပန်းကန်ပြားတစ်ချပ် ပစ်လိုက်၏။

မျက်နှာပြင် အပြင်ဘက်တွင် ချန်ဟွိုက်အန်၏ နှလုံးက လည်ချောင်းထဲသို့ ရောက်မတတ် ခံစားနေရသည်။

လီချင်းရန်က ကြောင်တစ်ကောင်လို လျင်မြန် ဖျတ်လတ်စွာ လှုပ်ရှားပြီး တန်ပြန်တိုက်ခိုက်သည်ကို ကြည့်ရင်း စိတ်လှုပ်ရှားလျက် ပေါင်ကို ရိုက်လိုက်၏။

“ဒါပဲကွ...”

သူ အစိုးရိမ်ဆုံးမှာ အန္တရာယ်နှင့် ကြုံတွေ့ရာတွင် လီချန်းရန် ကြောင်ရပ်နေမိမည်ကိုပင်။ ကံကောင်းစွာပင် သူက တည်ငြိမ်ပြီး တုံ့ပြန်မှု မြန်ဆန်နေခဲ့သည်။

ဝမ်ချင်းတောင်ပေါ်ရှိ ချင်းယွန်ဂိုဏ်း ကျင့်ကြံသူများနှင့် တိုက်ခိုက်နေကျ ဖြမိစ္ဆာဝံပုလွေများက အဖြူရောင် ပန်းကန်ပြားကို မှော်လက်နက်တစ်ခုဟု ထင်မိသွားကြသည်။ သူတို့ ရှောင်တိမ်းလိုက်ကြသော်လည်း ပန်းကန်ပြား မြေပြင်ပေါ်သို့ ကျသွားရာ ဘာမျှ ဖြစ်မလာသည်ကို သတိပြုမိသွားကြ၏။

ဝံပုလွေအုပ် အချင်းချင်း မျက်နှာ ကြည့်လိုက်ကြပြီး သူတို့၏ နီရဲသော မျက်လုံးများက ပို၍ ကြောက်မက်ဖွယ် ကောင်းလာကာ အလွန်အမင်း အရှက်ရသွားသလို ခံစားလိုက်ရသည်။

အခွင့်အရေးကို အရယူလျက် လီချင်းရန်က အိမ်ဆီသို့ ပြန်ပြေးပြီး တံခါးကို ဆောင့်ပိတ်လိုက်၏။

“သွားပြီ....သွားပြီ...ဒုက္ခပဲ...”

သူက ပရိဘောဂများကို ဆွဲယူရင်း တံခါးကို ပိတ်ထားကာ စိုးရိမ်မှုများ မျက်နှာပေါ် ထင်ဟပ်နေလျက် ရေရွတ်လိုက်သည်။

“အရင်တစ်ခေါက် တစ်ကောင်တည်းကို ခုခံတာတောင် သေတော့မလိုပဲ။ အခု ၅ကောင်ကို ငါ ဘယ်လို ရင်ဆိုင်ရမှာလဲ။”

သူ၏ အင်အားများ အလျင်အမြန် လျော့နည်းလာသည်။ စားပွဲတစ်လုံးကို ဆွဲရုံမျှဖြင့် မျက်နှာ နီသွားခဲ့သည်။

သူက စားပွဲကို နေရာကောင်းကောင်း မချနိုင်မီမှာပင် ချဉ်းကပ်လာသော ဝံပုလွေများ၏ တုန်ခါမှုများက သူ၏ နားထဲသို့ ရောက်ရှိလာခဲ့၏။

လီချင်းရန်၏ မျက်လုံးသူငယ်အိမ်များ ကျဉ်းမြောင်းသွားပြီး တစ်ခုတည်းသော လွတ်လမ်း ဖြစ်သည့် ပြတင်းပေါက်ဘက်ဆီသို့ နောက်ဆုတ်လိုက်သည်။

သို့သော် ဝံပုလွေများက တံခါးကို ဖျက်ဆီး ဝင်ရောက်လာတော့မည်ဟု ထင်လိုက်သည့် အချိန်မှာပင်...

“ဘုန်း...”

တံခါးအပြင်ဘက်တွင် နားကွဲမတတ် မိုးခြိမ်းသံကြီး ပေါက်ကွဲထွက်လာ၏။

တံခါးကို ဖြတ်၍ သူက လျှပ်စီးလက်သွားသည်ကို မြင်လိုက်ရသည်။

ထို့နောက် ဝံပုလွေများ၏ နာကျင်စွာ အော်ဟစ်သံများ ထွက်ပေါ်လာပြီး လေထုထဲတွင် အသားများ လောင်ကျွမ်းနေသည့် စူးရှသော အနံ့များ ပြည့်သွား၏။

လီချင်းရန် သိမ့်သိမ့်တုန်သွားပြီး မော့ကြည့်လိုက်သည်။ တံခါးပေါ်ရှိ အဆောင်တစ်ရွက်က မိုးကြိုးမီးများဖြင့် တောက်လောင်နေပြီး ၎င်း၏ ထောင့်မှန်စတုဂံ ပုံသဏ္ဌာန်ကို သစ်သားတံခါးကို ဖြတ်၍ပင် မြင်နေရသည်။ ၎င်းက မိုးကြိုးနှင့် မီးများကို ထုတ်လွှတ်လိုက်ပြီး အနီးအနားရှိ ဝံပုလွေများကို မီးလောင်ကျွမ်းနေသောအကြွင်းအကျန်များ ဖြစ်သွားစေ၏။

“မိုးကြိုးမီးအဆောင်...”

သူ ချက်ချင်း မှတ်မိလိုက်သည်။

ခုနက တံခါးပေါ်တွင် မည်သည့် အဆောင်ကိုမျှ သတိမထားမိခဲ့ချေ။ ၎င်းကို ထိုစီနီယာက ထားရှိခဲ့ခြင်း ဖြစ်ရပေမည်။

အဆောင်များနှင့် ဆေးလုံးများက သေမျိုးအဆင့်၊ အလယ်အလတ်အဆင့်၊ ထူးကဲအဆင့်၊ ပြီးပြည့်စုံအဆင့်မှ နတ်ဘုရားအဆင့်အထိ အဆင့်သတ်မှတ်ထားသည်။

ရွှေရောင်အလင်းတန်းများဖြင့် ရစ်ပတ်ထားသော နတ်ဘုရားအဆင့် အဆောင်များက စွမ်းအားကြီးမားသည်။ ဂိုဏ်းကြီးများမှ ဝါရင့် ဆရာကြီးများသာ ၎င်းတို့ကို ဖန်တီးနိုင်၏။

ပုံမှန် မိုးကြိုးမီးအဆောင်များက ချီသန့်စင်ခြင်း သို့မဟုတ် အခြေခံအုတ်မြစ်အဆင့် ကျင့်ကြံသူများကို တိုက်ခိုက်ရာတွင် ထိရောက်မှု ရှိသည်။

သို့သော် နတ်ဘုရားအဆင့်က ရွှေအမြုတေအဆင့် မိစ္ဆာတစ်ကောင်ကိုပင် သုတ်သင်နိုင်၏။ ၎င်းက ငွေဖြင့် ဝယ်ယူ၍မရသော ရတနာတစ်ပါးပင်။

ထို့ပြင် ယခုက နတ်ဘုရားအဆင့် အဆောင် ဖြစ်နေ၏။

ကျင့်ကြံသူအများစုက ထိုကဲ့သို့သော ပစ္စည်းကို ဝှက်ဖဲအဖြစ် သိုဝှက်ထားကြမည် ဖြစ်သည်။

သို့သော် စီနီယာက ၎င်းကို သူ၏ တံခါးပေါ်တွင် ပေါ့ပေါ့ပါးပါး ကပ်ထားခဲ့သည်လား...

တန်ဖိုးမဖြတ်နိုင်တဲ့ ရတနာကို ဖြုန်းတီးတာပဲ...

လီချင်းရန်က ကျေးဇူးတင်မှုနှင့် နှမြောမှုများဖြင့် ပြည့်နှက်သွား၏။

အပြင်ဘက်တွင်...

တံခါးနှင့် အနီးဆုံး ဝံပုလွေနှစ်ကောင်က အဆောင်ကြောင့် ပြာဖြစ်သွား၏။

ကျန်ရှိသော သုံးကောင်လည်း ကြောက်လန့်တကြား အမြီးများ ကုပ်သွားပြီး သူတို့၏ ကြမ်းကြုတ်မှုကို ကြောက်ရွံ့မှု အစားထိုးသွားသည်။

ငါတို့ ကျိန်စာတိုက် ခံနေရတာလား။ ချီသန့်စင် အဆင့်ပဲ ရှိတဲ့ ဝံပုလွေ‌တွေကို ဘာလို့ တစ်ယောက်ယောက်က ဒီလောက် စွမ်းအားကြီးတဲ့ အဆောင် သုံးရတာလဲ...

တံခါးမှ ဝင်ရန် လမ်းက ဖြတ်သန်း၍ မရနိုင်တော့ကြောင်း သူတို့ သဘောပေါက်သွားသည်။

သို့သော် သူတို့၏ သားကောင်ကို ထိုမျှ လွယ်လွယ်ဖြင့် လက်လွှတ်အရှုံးပေးခြင်းက သူတို့ပုံစံ မဟုတ်ချေ။

သူတို့ထဲမှ နှစ်ကောင်က ပြတင်းပေါက်ဆီသို့ ပတ်သွားပြီး တတိယတစ်ကောင်က အမိုးပေါ်သို့ တက်ရန် ကြိုးစားလိုက်သည်။

အမိုးပေါ်မှ တစ်ကောင် မလှုပ်ရှားနိုင်ခင်မှာပင်...

ဝုန်း...

ပြတင်းပေါက်အနီးရှိ နှစ်ကောင်က ပေါက်ကွဲထွက်ပြီး ပြာဖြစ်သွား၏။

နောက်ဆုံး ဝံပုလွေက အမဲလိုက်ရန် အတွေးအားလုံးကို စွန့်လွှတ်လိုက်ပြီး ထွက်ပြေးသွားတော့သည်။

[〈အချိန်အကန့်အသတ် ကမ်းလှမ်းချက်〉 ထွက်ပြေးနေသော ဝံပုလွေကို တိုက်ခိုက်ရန် မိုးကြိုးမီး အဆောင် တစ်ရွက် ဝယ်ယူလိုပါသလား။ (မိုးကြိုးမီးအဆောင် ၂၈၈ယွမ်၊ ၅၀% လျှော့စျေး) ]

“ဘာကြီး...” ချန်ဟွိုက်အန်၏ မျက်နှာ အစိမ်းရောင် ပြောင်းသွား၏။

ပုံမှန်အခြေအနေအောက်တွင် သူက စက္ကန့်ပိုင်းအတွင်း ထိုဂိမ်းကို ဖျက်ပစ်လိုက်မည် ဖြစ်သည်။

သို့သော် မျက်နှာပြင်ပေါ်ရှိ လီချင်းရန်၏ စိုးရိမ်ပူပန်နေသော မျက်နှာအမူအရာကို မြင်ရပြီး ဝံပုလွေက အားဖြည့်ကာ ပြန်လာနိုင်ကြောင်း သဘောပေါက်လိုက်ပြီး…

“ကျူပင်ခုတ်ရင် ကျူမြစ် မကျန်ရဘူး။ ရတယ်လေ။ ငွေဖြည့်မယ်။”

လက်သီးများကို ကျစ်ကျစ်ပါအောင် ဆုပ်ထားရင်း ချန်ဟွိုက်အန်က အဆောင်ကို ကိုယ်တိုင် ကိုင်ထားသကဲ့သို့ ဖြစ်နေ၏။

နောက်ထပ် ၂၈၈ယွမ်က သူ၏ အလီပေးမှ ပျောက်ကွယ်သွားပြီး အဆောင်တစ်ရွက်က ထွက်ပြေးနေသော ဝံပုလွေဆီသို့ ပျံသန်းသွားသည်။

လီချင်းရန်၏ ရှုထောင့်မှ ကြည့်လျှင် မိုးခြိမ်းသံတစ်ချက် ပဲ့တင်ထွက်လာပြီး ရွှေရောင် အလင်းတန်းတစ်ခုက မိုးရေများကို ထိုးဖောက်သွား၏။ အဆောင် ထိလိုက်သည်နှင့် ပေါက်ကွဲသွားပြီး သည်းနေသော မုန်တိုင်းကြားတွင် ဝံပုလွေ၏ မီးလောင်ကျွမ်းနေသော အကြွင်းအကျန်များသာ ကျန်ရစ်ခဲ့လေသည်။

“နတ်ဘုရားအဆင့် မိုးကြိုးမီးအဆောင်ကို သုံးခု ဆက်တိုက်တောင်...”

လီချင်းရန် ပြတင်းပေါက်မှ အပြင်သို့ ကြောင်ငေးကြည့်နေမိသည်။

စက္ကန့်၃၀ မပြည့်ခင်မှာပင် ဝံပုလွေ ၅ကောင်လုံး သေဆုံးသွားခဲ့၏။

စီနီယာက မျက်နှာပင် မပြဘဲ သတိပေးချက်အဖြစ် အသံလွှင့်ပို့မှု တစ်ကြိမ်သာ ပေးခဲ့သည်။

ထိုသို့သော စွမ်းရည်များက ကြောက်မက်ဖွယ် ကောင်းလှသည်။

သို့သော် ထိုမျှ စွမ်းအားကြီးမားသော တစ်စုံတစ်ယောက်က သူ့ကို အဘယ်ကြောင့် ကူညီရသနည်း။

သူက ချင်းယွန်ဂိုဏ်းမှ စီနီယာများနှင့် ဆရာဖြစ်သူကို သတိရမိသည်။ သူ၏ ဂျူနီယာ ညီမလေး မရောက်လာမီက သူတို့သည် သူ့အပေါ် ကောင်းမွန်စွာ ဆက်ဆံခဲ့ကြသည်။ သို့သော် သူတို့၏ ကြင်နာမှုသည် များသောအားဖြင့် တွက်ချက်ထားမှုများသာ ဖြစ်သည်။

ဥပမာအားဖြင့် မီးစိတ်ဝိညာဉ်အမြစ် ကျင့်ကြံသူ စီနီယာ လုချန်ထျန်းက သူ၏ ရေစိတ်ဝိညာဉ်အမြစ်ကို တာအိုအဖော်အဖြစ် လိုချင်ခဲ့သည်။ ဆေးဖော်ခြင်းကို စွဲလမ်းသော ဒုတိယ စီနီယာ ရှောင်ယိဖုန်းက စိတ်ဝိညာဉ်ဆေးပင်များ စိုက်ပျိုးရန်နှင့် ဆေးလုံးများ စမ်းသပ်ရန် သူ့ကို လိုအပ်ခဲ့သည်။ တိုက်ခိုက်ရေးကို ရူးသွပ်သော တတိယ စီနီယာ ယွင်ကျိမိုသည် မကြာခဏ ဆိုသလို လက်မနှေးဘဲ သူ့ကို တိုက်ခိုက်လေ့ကျင့်ဖက်အဖြစ် သုံးခဲ့သည်။ စည်းကမ်းမရှိ လျှောက်သွားတတ်သော စတုတ္ထ စီနီယာ ကျန်းဟန်ရှောင်က ဂိုဏ်း၏ တာဝန်များအတွင်း ဒုက္ခထဲ ဆွဲခေါ်သွားပြီး သူ့ကို အပြစ်တင်ခံရသူအဖြစ် ထားခဲ့သည်။

စီနီယာ၏ ရည်ရွယ်ချက်က ဘာများ ဖြစ်နိုင်မည်နည်း။

သူ့တွင် ဘာမှမရှိတော့။ ပေးဆပ်ရန် အသက်သာ ရှိတော့သည်။

သူက မည်သည့် ရည်ရွယ်ချက်မှ မရှိဘဲ သူ၏ ဒုက္ခကို မြင်၍ ကရုဏာသက်သွားသော ဖြတ်သွားဖြတ်လာတစ်ဦးမျှသာလည်း ဖြစ်နိုင်၏။

လီချင်းရန် ခေါင်းခါရင်း အတွေးများကို ဘေးဖယ်ထားလိုက်သည်။

သူ၏ အကြောင်းပြချက် မည်သို့ပင် ရှိစေကာမူ စီနီယာက သူ၏ အသက်ကို ကယ်တင်ခဲ့သည်။ အကယ်၍ သူ အသက်ရှင်ကျန်ရစ်ခဲ့ပါက ကျေးဇူးတရားကို ပြန်လည် ပေးဆပ်မည် ဖြစ်သည်။

“ဂျူနီယာ လီချင်းရန်က စီနီယာရဲ့ ကူညီမှုအတွက် စိတ်ရင်းနဲ့ ကျေးဇူးတင်ပါတယ်...”

ထိုတစ်ကြိမ်တွင် သူက ကောင်းကင်ကို မျက်နှာမူ၍ ဒူးထောက်ကာ လေးနက်သော အမူအရာဖြင့် ဦးညွှတ်လိုက်သည်။

[လီချင်းရန်၏ နှစ်သက်မှု +၅၊ ယခု ၁၅]

“မဆိုးဘူး။ နှစ်သက်မှုက မြန်မြန်တက်သားပဲ...” ချန်ဟွိုက်အန်က မေးစေ့ကို ပွတ်သပ်ရင်း ရေရွတ်လိုက်၏။

ပြုံးလိုက်ရင်း သူက ထပ်ပြောသည်။ “၂၈၈ယွမ် ဖြည့်ရတာ တန်သားပဲ။”

ဒီဂိမ်းက အတော်လေး စွဲစေတာယ်။

သူက ယွမ် ၃..၄...၅၀၀ သုံးစွဲပြီးသွားပြီ ဖြစ်သည်။

တချို့ ကလေးတွေ ဂိမ်းဆော့ရင်း အကြွေးတင်သွားတာ ဒါကြောင့်ကိုး။

၎င်းက သူ့အတွက်လည်း အလားတူ စိတ်လှုပ်ရှားဖွယ် ကောင်းလှ၏။

[ တွီ... လီချင်းရန်၏ ကျန်းမာရေး အစီအရင်ခံစာနှင့် အသေးစိတ် ကိုယ်ရေးအချက်အလက်များကို ထုတ်ပေးလိုက်ပါပြီ ]

[ ယခု ကြည့်ရှုပါမည်လား ]

ချန်ဟွိုက်အန်၏ မျက်လုံးများ လက်ခနဲ ဖြစ်သွားပြီး လက်များကို စိတ်အားထက်သန်စွာ ပွတ်သပ်လိုက်၏။ “လာပြီလေ။ ဟဲဟဲ....”

All Chapters