← Chapters

လစဉ်ကြေးတောင် ရှိတာလား

Vol. 1 Ch. 6

လစဉ်ကြေးတောင် ရှိတာလား

Vol. 1 Ch. 6

ချင်းယွန်ဂိုဏ်း၊ ချီရှောင်းတောင်ထိပ်၌ မုပိုင်ရွှမ်က ကျင့်ကြံနေရင်း ပုံမှန်မဟုတ်သော အရာတစ်ခုကို ခံစားမိလိုက်ကာ ရုတ်တရက် မျက်လုံးဖွင့်လိုက်၏။

“ထူးဆန်းလိုက်တာ။ ငါ့စီနီယာအစ်မရဲ့ အရှိန်အဝါက တည်ငြိမ်သွားပြီလား။”

သူက သိုလှောင်လက်စွပ်ထဲမှ စုတ်ပြဲနေသော ကောက်ရိုးအရုပ်တစ်ရုပ်နှင့် ကြေးနီပြား နှစ်ပြားကို ထုတ်ယူလိုက်ပြီး အချိန်အတော်ကြာ တွက်ချက်နေခဲ့သော်လည်း မည်သည့် အဖြေကိုမျှ မရရှိခဲ့ချေ။

သူ၏ အစီအစဉ်အရ အတွင်းဒဏ်ရာ၊ အပြင်ဒဏ်ရာများဖြင့် ဝန်ပိနေပြီး၊ ပျက်စီးသွားသော စိတ်ဝိညာဉ်အမြစ်နှင့် မီးအဆိပ်တို့ ရှိနေသော လီချင်းရန်သည် လဝက်မျှ အသက်ရှင်နိုင်မည် မဟုတ်ချေ။ ဝမ်ချင်းတောင်တွင် လှည့်လည်နေသော မိစ္ဆာသားရဲများက သူ့ကို ရှင်းပစ်လိုက်သင့်သည်။

အတန်အသင့် အင်အားရှိသော သားရဲတစ်ကောင်နှင့် တွေ့ဆုံလိုက်ရုံမျှဖြင့် သူ၏ ကံကြမ္မာကို အဆုံးသတ်သွားစေနိုင်သည်။ လီချင်းရန် သေဆုံးသွားသည်နှင့် မုပိုင်ရွှမ်က ထိုက်ယင်တာအိုခန္ဓာကိုယ်ကို ရယူနိုင်မည် ဖြစ်သည်။

“ဒါဆို ဘယ်မှာ မှားသွားခဲ့တာလဲ။”

မုပိုင်ရွှမ် မျက်မှောင်ကြုတ်လိုက်သည်။သူ၏ တွက်ချက်မှုများက လီချင်းရန်သည် တဲအိမ်စုတ်ထဲတွင် မလှုပ်မယှက် ရှိနေဆဲ ဖြစ်ကြောင်းသာ ဖော်ပြနေ၏။ ၎င်းက တစ်ခုတည်းသော နှစ်သိမ့်မှုပင်။

“ပိုင်ရွှမ်။ အထဲမှာလား။” ဂူအပြင်ဘက်မှ စူးရှရှ အသံတစ်သံက ခေါ်လိုက်၏။

သူ၏ မျက်ခုံးများက မထီမဲ့မြင်နှင့် ပိုမို တွန့်သွားခဲ့သည်။ ထိုသူမှာ စကားများတတ်သော ကျန်းဟန်ရှောင်ပင်။

ထိုစိတ်အနှောင့်အယှက်ဖြစ်စရာ လူသည် တစ်နေ့လျှင် သူ၏ ဂူသို့ ဆယ့်နှစ်ကြိမ်မက ရောက်လာသည်။ သူ၏ “ချိုမြိန်သော ဂျူနီယာ ညီမလေး” ပုံစံကို မထိန်းသိမ်ထားပါက၊ သူ ယူလာသော တန်ဖိုးရှိ ပစ္စည်းတို့ကြောင့် မဟုတ်ပါက၊ သူ့ကို ယခင်ကတည်းက နှင်ထုတ်လိုက်ပြီး ဖြစ်သည်။

ပျင်းရိသော လူရှုပ်လူပွေတစ်ယောက်က သူ၏ တာအိုအဖော် ဖြစ်လာရန် အိပ်မက်မက်နေသည်လား။ တကယ့်ကို ရယ်စရာပင်။

သို့တိုင် ကျန်းဟန်ရှောင်တွင် အသုံးဝင်မှုများ ရှိနေသေးသ၏။

သူက အစီအစဉ်တစ်ခုကို စဉ်းစားမိလိုက်ပြီး မျက်လုံးများ အရောင်တောက်သွားကာ ထုံးစံအတိုင်း ချိုမြိန်သော အပြုံးဖြင့် အမြန် ပြုံးလိုက်သည်။

“အစ်ကို ဟန်ရှောင်...”

သူ၏ ပျားရည်ဆမ်းသလို ချိုသာသော အသံက ကျန်းဟန်ရှောင်ကို တွေဝေ ငေးမောသွားစေလုနီးပါး ဖြစ်သွား‌စေသည်။

“ဘာကိစ္စ ရှိလို့လဲ။ အစ်ကို ဟန်ရှောင်...” သူ ရှေ့သို့ တိုးလာပြီး ခေါင်းလေးကို အနည်းငယ် စောင်းလိုက်သည်။ သူ၏ ရိုးရှင်းသော အဖြူရောင် ဝတ်ရုံက နှင်းကဲ့သို့ ဖြူစင်နေပြီး လက်ကို ရှေ့တွင် ယဉ်ကျေးစွာ ဆုပ်ကိုင်ထား၏။ သူ၏ မည်းနက်သော ဆံနွယ်များက လေပြေထဲတွင် လွင့်ခါနေပြီး မျက်ဝန်းများက ပွင့်ခါစ ကြာဖြူပန်းတစ်ပွင့်ကဲ့သို့ သန့်စင်ကာ အပြစ်ကင်းစင်သော ဆွဲဆောင်မှုဖြင့် တောက်ပနေသည်။

“အာဟားဟား... ကိစ္စကြီး မဟုတ်ပါဘူး။” ကျန်းဟန်ရှောင်၏ မျက်လုံးများသက သူ၏ မျက်နှာပေါ်တွင် စွဲကပ်နေပြီး စိတ်လှုပ်ရှားစွာ တံတွေးမျိုချလိုက်ရင်း တစ်စုံတစ်ခုကို အနေခက်စွာ ကမ်းပေးလိုက်သည်။ “မင်းရဲ့ နှင်းလမင်း ဓားက လွန်ခဲ့တဲ့ လဝက်က လီချင်းရန်နဲ့ တိုက်ခိုက်ရင်း ကျိုးသွားတယ် မဟုတ်လား။ ငါ ဂိုဏ်းအပြင်ဘက်မှာ တာဝန်တချို့ ယူပြီးတော့ မင်းအတွက် ပိုကောင်းတဲ့ ဓားတစ်လက် ဝယ်လာခဲ့တယ်။ သူ့နာမည်က ဆောင်းဦး‌ရောင်ခြည်တဲ့။ နှင်းလမင်းဓားထက် ပိုကောင်းတယ်။”

သူ လိမ်နေခြင်း ဖြစ်သည်။ ထိုဓားက အမှန်တကယ်တွင် လီချင်းရန်ထံမှ ရရှိသော မွေးနေ့လက်ဆောင် ဖြစ်၏။

သူက မကြာသေးမီက ဂိုဏ်း၏ တာဝန်များစွာကို ယူခဲ့သော်လည်း ဒုက္ခများစွာလည်း ပေးခဲ့သည်။ သူ ရရှိခဲ့သော ငွေများက အကြွေးများကိုပင် မနည်း ဆပ်နေရသည်။

ယခင်က လီချင်းရန်သည် သူ၏ ရှုပ်ထွေးမှုများကို ဖြေရှင်းပေးခဲ့သည်။ ယခုမူ သူက ကိုယ့်ဒုက္ခ ကိုယ်ရှင်းရတော့သည်။ သို့သော် မုပိုင်ရွှမ်၏ မျက်နှာသာ ရရှိရန် သူက လက်ဆောင်တစ်ခု လိုအပ်ပြီး ထိုဓားက ရွေးချယ်မှု ကောင်းတစ်ခုဟု ထင်ရသည်။

မုပိုင်ရွှမ်သည် လက်ထဲမှ ဆောင်းဦးရောင်ခြည်ဓားကို တစ်ချက် လှမ်းကြည့်လိုက်၏။ အလယ်တန်းစား မှော်လက်နက်တစ်လက်၊ အမှန်တကယ်ပင် အဆင့်မြင့် သေမျိုးအဆင့် လက်နက်တစ်ခုမျှသာ ဖြစ်သော သူ၏ နှင်းလမင်း ဓားထက် သာလွန်သည်။

အခြေခံအုတ်မြစ်အဆင့် ကျင့်ကြံသူတစ်ဦးအတွက် ၎င်းကို ဇိမ်ခံပစ္စည်းတစ်ခုဟု ယူဆနိုင်သည်။

မှန်ပေသည်။ စီနီယာအစ်ကို လုချန်ထျန်းက သူ့ကို အဆင့်မြင့် မှော်လက်နက်ဖြစ်‌သော လေပြေရက်ကန်းဓားကို လက်ဆောင်ပေးခဲ့ပြီး ဖြစ်သည်။ သို့သော် လက်နက်များလွန်းခြင်းကို မည်သူက ညည်းညူမည်နည်း။ ထို့အပြင် မှော်လက်နက်များကို အရေးပေါ်အခြေအနေများတွင် ဖောက်ခွဲလိုက်ပါက သေစေနိုင်သော အဆုံးအဖြတ် လက်နက်များအဖြစ် အသုံးပြုနိုင်၏။

“အစ်ကို ဟန်ရှောင်။ ဒါ အစ်ကို့ရဲ့ ကိုယ်ပိုင်ဓား မဟုတ်လား။” မုပိုင်ရွှမ်က စိုးရိမ်ဟန်ဆောင်ကာ နှုတ်ခမ်းစူလိုက်သည်။ “ကျွန်မကို ဒါပေးလိုက်ရင် အစ်ကိုက ဘာသုံးမှာလဲ။”

“အာ.. ငါ့အစွမ်းနဲ့ဆို ဘယ်ဓားမဆို အဆင်ပြေပါတယ်” ကျန်းဟန်ရှောင်က သူ၏ စိုးရိမ်မှုကို လက်ကာပြလိုက်သည်။ “ဒါပေမဲ့ မင်း ပိုင်ရွှမ်က ကာကွယ်ဖို့အတွက် ယုံကြည်ရတဲ့ လက်နက်တစ်ခု လိုတယ်လေ။ ဒါက အတည်ပဲ။ ငြင်းစရာ မလိုပါဘူး။”

စိတ်ထဲတွင်တော့ မုပိုင်ရွှမ်က မျက်လုံးလှန်လိုက်သည်။ ငါ့ကို ကာကွယ်ဖို့ လိုတယ်ဆိုတာ ဘာအဓိပ္ပာယ်လဲ။ ငါက အားနည်းတဲ့ပုံ ပေါက်နေလို့လား။

“ဒါဆိုရင်တော့ ကျေးဇူးတင်ပါတယ်။ အစ်ကို ဟန်ရှောင်...” အပြင်ပန်းတွင် သူက ဓားကို လက်ခံလိုက်ပြီး ဝမ်းမြောက်မှုဖြင့် မျက်နှာ လင်းလက်သွားကာ ကျက်သရေရှိစွာဖြင့် ဦးညွှတ်လိုက်၏။ ဓားကို အနည်းငယ် ဆွဲထုတ်လိုက်ရာ ဓားသွားက အလင်းရောင်အောက်တွင် အေးစက်စွာ တောက်ပသွားခဲ့သည်။ ဓားကို သူ၏ ရင်ဘတ်တွင် ပွေ့ဖက်ထားရင်း ပြုံးလိုက်သည်။ “ကျွန်မ ဒါကို အရမ်းကြိုက်တယ်။ အစ်ကိုက သိပ်ကို တွေးပေးတတ်တာပဲ။ အစ်ကို ဟန်ရှောင်။”

မုပိုင်ရွှမ် ဓားကို ပွေ့ဖက်ထားသည်ကို ကြည့်ရင်း ကျန်းဟန်ရှောင်က သူသာ ထိုဓားနေရာတွင် အစားထိုးချင်စိတ် ပေါက်သွားသည်။

အခွင့်ကောင်းကို အရယူလျက် သူက စိတ်အားထက်သန်စွာ ထပ်ပြောလိုက်သည်။ “ဂျူနီယာ ညီမလေး။ ဒီည အားလား။ တောင်အနောက်ဘက်မှာ စိတ်ဝိညာဉ် ချီစွမ်းအင် သိပ်သည်းတဲ့ နေရာကောင်းတစ်ခု ရှိတယ်။ ငါ မင်းကို အဲဒီ ခေါ်သွားပေးမယ်။”

“အို.. ဒါ မလိုတော့ပါဘူး။” မုပိုင်ရွှမ်က ယဉ်ကျေးစွာ ပြုံးလိုက်သည်။ “စီနီယာအစ်ကိုလုက ကျွန်မအတွက် စိတ်ဝိညာဉ်စုစည်း အခင်းအကျင်းတစ်ခု ပြင်ဆင်ပေးထားပြီးသားပါ။”

“ဪ..” ကျန်းဟန်ရှောင်က ကြက်သေသေသွားခဲ့သည်။

“အိုး ဟုတ်သား။ အစ်ကို ဟန်ရှောင်..” မုပိုင်ရွှမ် ပိုမို နီးကပ်စွာ တိုးကပ်လာပြီး သူ၏ လက်မောင်းများကို ညင်သာစွာ ပွေ့ဖက်ကာ လက်ချောင်းလေးက ကျန်းဟန်ရှောင်၏ လက်ဖဝါးကို ပွတ်သပ်နေ၏။ “စုန်ကျောင်းကျောင်းလို့ခေါ်တဲ့ အပြင်စည်း တပည့်တစ်ယောက် ရှိတယ်။ ကျွန်မ သူနဲ့ ရင်းနှီးတယ်။ သူ့ကို ကျွန်မဆီ ခေါ်လာပေးလို့ ရနိုင်မလား။ ကျွန်မ အပြင်စည်းကို သွားလို့မရဘူးတာ အစ်ကို သိသားပဲ...”

သူ၏ နူးညံ့သော ပွေ့ဖက်မှုနှင့် မူးယစ်စေသော ရနံ့တို့ကြောင့် ကျန်းဟန်ရှောင်၏ ဦးနှောက် ပျော့ဖတ်သွား၏။ တစ်နည်းနည်းဖြင့် သူက မုပိုင်ရွှမ်၏ ဂူအပြင်ဘက်ရှိ မိုးမခပင်တစ်ပင်အောက်တွင် ရပ်နေမိသည်ကို တွေ့ရှိလိုက်ရသည်။

“လုံးဝ တန်တယ်။” လက်မောင်းပေါ်မှ ကျန်ရှိနေသော နွေးထွေးမှုကို အရသာခံရင်း သူက ပြုံးဖြီးဖြီးဖြင့် ထွက်ခွာသွားခဲ့သည်။

အပြင်စည်း တပည့်များကို အတွင်းစည်းသို့ ဝင်ခွင့်မပြု။ အတွင်းစည်း တပည့်များကလည်း သူတို့ကို ခေါ်ဆောင်လာခွင့် မရှိ။ ၎င်းက ဂိုဏ်းစည်းကမ်းများကို ဆန့်ကျင်ခြင်းပင်။ သို့သော် စည်းမျဉ်းများကို မည်သူက ဂရုစိုက်မည်နည်း။ ဂျူနီယာ ညီမလေး၏ စကားက ဥပဒေပင်။

ဂူထဲသို့ ပြန်ရောက်ရာတွင် မုပိုင်ရွှမ်က တံခါးကို မှီလိုက်သည်။ သူ၏ လက်ကခါးအောက်ပိုင်းရှိ ပူလောင်နေသော မြွေပုံစံ အမှတ်အသားကို အလိုလို ပွတ်သပ်မိလိုက်၏။ သူ၏ မျက်နှာက မည်းမှောင်သွားပြီး မျက်လုံးများက မကောင်းသော အကြံဖြင့် လက်သွား၏။

“လီချင်းရန်။ ဒီတစ်ခေါက် နင် အသက်ရှင်နိုင်ဦးမလား ကြည့်တာပေါ့...”

သန်းခေါင်ယံတွင် ချန်ဟွိုက်အန်က နှိုးစက်သံကြောင့် လန့်နိုးလာ၏။

ပုံမှန်အားဖြင့် သူ၏ ခန္ဓာကိုယ်က အလွန်အမင်း အားနည်းနေပြီး ည ၈နာရီ သို့မဟုတ် ၉နာရီ ရောက်သည်နှင့် မည်သို့ပင် ဖြစ်စေ သူ သေမတတ် အိပ်ပျော်သွားတတ်သည်။

သို့သော် ယနေ့တွင် သူ၏ ဖုန်းကို တုန်ခါသည့်မုဒ်တွင် ထားလိုက်ပြီး နိုးလာရန် သန္နိဋ္ဌာန် ချထားရင်း ၎င်းအပေါ် မျက်နှာတင်လျက် အိပ်ပျော်သွားခဲ့သည်။

သူ စိတ်မပျက်ခဲ့ရ‌ပေ။ အဆင့်မြင့် စိတ်ဝိညာဉ်စုစည်း အခင်းအကျင်းက အလုပ်ကို ပြီးမြောက်သွားခဲ့ပြီး စိတ်ဝိညာဉ် ပုံဆောင်ခဲ ၁၀တုံးကို ကြေမွသွားစေခဲ့ကာ အခင်းအကျင်း အလံများကို မှိန်ဖျော့သွားစေခဲ့သည်။

အခင်းအကျင်း၏ အလယ်ဗဟိုတွင် လီချင်းရန်က တောက်ပနေခဲ့၏။

ချန်ဟွိုက်အန်က လီချင်းရန်၏ နဖူးကို အသာ ထိလိုက်သည်။

[ အခြေအနေ = အနားယူနေ ]

[ ကျင့်ကြံခြင်း တိုးတက်မှု = ၃၂၇/၄၉၉ (အဆင့်၂) ]

“ဟာ့..ကြည့်စမ်း။ ချီသန့်စင်ခြင်း အဆင့်၂ မှာပဲ။ အဆင့်၃တောင် ရောက်တော့မယ်။ ကုန်ရကျိုး နပ်တာပဲ။”

သူက ပြုံးဖြီးဖြီး လုပ်နေပြီး စာရေးကိရိယာများ ဝယ်ပေးပြီး‌နောက် သားသမီး ဖြစ်သူ၏ အဆင့် တိုးတက်သွားသည်ကို မြင်နေရသော အဖေတစ်‌ယောက်လို ခံစားနေရသည်။

သူက အခိုက်အတန့်၌ အပြည့်အဝ မနေနိုင်ခင်မှာပင် မျက်နှာ‌ပြင်ပေါ်တွင် အကွက်များ ပေါ်လာ၏။

[ ဂုဏ်ယူပါတယ်။ သင့်ရဲ့ ပုံရိပ်ယောင် ကောင်မလေး “လီချင်းရန်”က ချီသန့်စင်ခြင်း အဆင့်၂ကို ရောက်သွားပါပြီ ]

[ လစဉ်ကြေးကို ပထမဆုံး အနေဖြင့် အံ့ဩဖွယ်ရာ ဈေးနှုန်းနှင့် ရယူလိုက်ပါ။ အခုပဲ ဝယ်ယူပြီးတော့ “စွမ်းအားကူးပြောင်းဖြည့်တင်း” ကာလကို အခမဲ့ ရယူလိုက်ပါ။ နေ့စဉ် စိတ်ဝိညာဉ် ကျောက်တုံးများ၊ လိုက်ဖက်သော ဆေးဝါး အထောက်အပံ့များ အပါအဝင် ယွမ် ၁၈.၈၈သန်းတန် အကျိုးအမြတ်များအတွက် ယွမ် ၁၈၈၈သာ ကျသင့်မှာပါ။(ပုံရိပ်ယောင် ကောင်မလေး အသုံးပြုရန်အတွက် သီးသန့်ဖြစ်သည်) ]

[ ပုံရိပ်ယောင် ကောင်မလေး ဈေးဆိုင် ဖွင့်ပါပြီ။ ချီသန့်စင်ခြင်း ကျင့်ကြံသူများအတွက် သီးသန့်ပစ္စည်းများ ဝယ်ယူလိုက်ပါ။ သို့မဟုတ် “ကံတရားငါးကြင်းရေကန်”တွင် ကံစမ်းကြည့်ပါ။ ( တစ်ခါလျှင် ယွမ် ၁၀‌၀၊ ၁၀ခါလျှင် ၁၀% လျှော့ဈေးရှိ၊ အထူးဆု ရရှိရန် အခွင့်အရေး ၀.၀၀၁% ၊ အကြိမ် ၁၀၀၀ လှည့်ပြီးလျှင် ရလာဒ်များ သေချာပေါက် ရရှိမည် ) ]

ချန်လွေ့၏ အပြုံး တန့်သွားသည်။

သူက ဖုန်းကို တိတ်ဆိတ်လျက် စိုက်ကြည့်နေပြီး လက်က အနည်းငယ် တုန်လှုပ်နေခဲ့သည်။

သူ ရဲတိုင်ချင်သွား၏။

All Chapters