ဒါက တန်တယ်မလား
Vol. 1 Ch. 7
————ဂိမ်းဖိုရမ်————
[ နိုးထလာသော ကြက်ကင် ]
ခင်ဗျားတို့ 'ပုံရိပ်ယောင်ကောင်မလေး' ဆိုတဲ့ ဂိမ်းကို ကြားဖူးလား။ ထုတ်လုပ်မှုကတော့ ထိပ်တန်းအဆင့်ပဲ။ ဇာတ်ကောင် မော်ဒယ်တွေက အသေးစိတ်ကျတယ်။ အပြန်အလှန် တုံ့ပြန်တာလည်း ကောင်းတယ်။ မျက်နှာအမူအရာလေးတွေကလည်း မထပ်ဘူး။ ပြဿနာက... နည်းနည်း ငွေညှစ်သလို ဖြစ်နေသလားလို့။
[ အချစ်အတွက် ဥခွဲသူ ]
မကြားဖူးဘူး။
[ ရှန်ဟိုင်းဦးလေး ]
အဲဒါ ဘာလဲ။ ဒီလိုဂိမ်းမျိုး ရှိလို့လား။
[ ဖာရာရီ ပန်းရောင်နွား ]
အင်စတောပတ်ကေ့ခ်ျ တင်ပေး။ ငါ ဆော့ကြည့်မယ်။
————————————
သို့သော် အွန်လိုင်းတွင် ရှာဖွေကြည့်ရာ မည်သည့် ရလဒ်မျှ မထွက်ပေါ်ခဲ့ချေ။
အင်စတောပတ်ကေ့ချ် တစ်ခု မျှဝေခြင်းက အဓိပ္ပာယ်မရှိသော အကြံတစ်ခု ဖြစ်သည်။ အကြောင်းမှာ ချန်ဟွိုက်အန်က ထိုဂိမ်းတွင် ၎င်းမရှိကြောင်း ရှာတွေ့ရှိခဲ့ပြီး ဖြစ်၍ပင်။ သူ၏ အတွေ့အကြုံအရ ထိုအရည်အသွေးရှိသော ဂိမ်းတစ်ခုက အနည်းဆုံး 10GB ရှိသင့်သည်။ သို့သော် ထိုဂိမ်း မသွင်းမီနှင့် သွင်းပြီးနောက်တွင် သူ၏ 64GB ဖုန်းသိုလှောင်မှုက နည်းနည်းမှ မလျော့သွားခဲ့ချေ။
ထို့အပြင် ချောမွေ့သော ဂရပ်ဖစ်များနှင့် အသေးစိတ်ကျသော ရုပ်ပုံများက သူ၏ သာမန်ဂိမ်းများပင် မနိုင်တနိုင် လည်ပတ်နေရသော ယွမ်ထောင်ဂဏန်းတန် ဖုန်းက ကိုင်တွယ်နိုင်စွမ်း ရှိသင့်သော အရာမျိုး မဟုတ်ချေ။
အမှန်တရားက ထင်ရှားနေ၏။
ချန်ဟွိုက်အန်က မျက်မှန်ကို ပင့်လိုက်သည်။
သူက အင်အားကြီး ဟက်ကာအဖွဲ့အစည်းတစ်ခု၏ ပစ်မှတ်ထားခြင်း ခံနေရသည်ဟု ခန့်မှန်းလိုက်သည်။
ထိုဂိမ်းက ထိုဟက်ကာအဖွဲ့၏ လက်ရာ ဖြစ်နိုင်ပြီး သူက သူတို့၏ စမ်းသပ်ခံ သက်သက်သာ ဖြစ်၏။
“ဟူး… ဒါပေမဲ့ ဂိမ်းကိုတော့ အမှန်အကန် ရှယ်ကြီး လုပ်ထားတာပဲ။”
ချန်ဟွိုက်အန်က မျက်နှာပြင်ကို စိုက်ကြည့်ရင်း ရေရွတ်လိုက်သည်။
လီချင်းရန်က တရားထိုင်ခြင်း ပြီးဆုံးသွားခဲ့သည်။ သူ၏ အပြင်ဒဏ်ရာများ လုံးဝ ပျောက်ကင်းသွားခဲ့ပြီး သူ၏ ကျန်ရှိသော သက်တမ်းသည် ၆နာရီမှ ၃နှစ်အထိ တိုးလာခဲ့သည်။
ထိုအချိန်တွင် သူသည် အခင်းအကျင်းအလံ ၈ခုကို ဂရုတစိုက် ထုပ်ပိုးနေ၏။
သူ၏ ညင်သာစွာ ရေရွတ်နေသံကိုပင် ချန်ဟွိုက်အန် ကြားနိုင်သည်။
“အဲဒီစီနီယာက ငါ့အပေါ် အရမ်းကောင်းတာပဲ။ ဒီအခင်းအကျင်းအလံတွေပေါ်က ပစ္စည်းတွေက အကာအကွယ် အဆောင်တစ်ခုတောင် လုပ်လို့ရတယ်။ သူ့ကို ထပ်တွေ့ခွင့်ရရင် ဒါကို လက်ဆောင် ပေးရမယ်။”
ထို့နောက် သူက ခေါင်းကို ပြင်းပြင်းထန်ထန် ခါယမ်းလိုက်၏။
“ဒါပေမဲ့… စီနီယာလို စွမ်းအားကြီးတဲ့သူတစ်ယောက်က ဒီလိုလက်ဆောင်ကို ရယ်စရာလို့ ထင်လောက်တယ်။”
ချန်ဟွိုက်အန် ရယ်လိုက်သည်။
အကယ်၍ ထိုအဆောင် သူ့ထံသို့ ရောက်ရှိလာခဲ့လျှင်ပင် ဂိမ်းထဲ၌ တရားဝင် ထည့်သွင်းထားသော ဇာတ်လမ်းဖြစ်သည်ဟု သိနေသည့်တိုင် စိတ်ပိုင်းဆိုင်ရာ အောင်နိုင်မှု ကြီးကြီးမားမားတစ်ခု ဖြစ်နေဦးမည် ဖြစ်သည်။
သဘောကျတယ်လို့ ပြောဖို့ အသံပို့အဆောင်ကို သုံးကြည့်ရမလား။
သို့သော် ပုံရိပ်ယောင် ကောင်မလေး ဈေးဆိုင်ထဲတွင် အဆောင်က မူလ ဈေးနှုန်းသို့ ပြန်ရောက်သွားသည်ကို မြင်ရာ သူ တိတ်တဆိတ် လက်လျှော့လိုက်ရသည်။
ဘာပဲဖြစ်ဖြစ်ပါ၊ ကိစ္စမရှိပါဘူး။ ဒါက ဂိမ်းတစ်ခုပါပဲ။
အသစ်ဖွင့်လိုက်သော ချီကျင့်ကြံခြင်းအဆင့် ပုံရိပ်ယောင် ကောင်မလေး ဈေးဆိုင်က ပစ္စည်းမျိုးစုံကို ကမ်းလှမ်းသော်လည်း ဈေးနှုန်းနှင့် အရည်အသွေးများမှာ အံ့မခန်းပင်။
• အဆင့်နိမ့် စိတ်ဝိညာဉ်ကျောက်တုံး: တစ်လုံးလျှင် ယွမ်၅၀
• သာမန်အဆင့် မိုးကြိုးမီး အဆောင် တစ်ရွက်လျှင် ၅၇၆ယွမ်
• အသံပို့ အဆောင် တစ်ရွက်လျှင် ယွမ်၃၀၀
• အဆင့်နိမ့် သေမျိုးအဆင့် လက်နက် (ဓား) တစ်ချောင်းလျှင် ၉၉၈ယွမ်
• အလတ်တန်းစား သေမျိုးအဆင့် လက်နက် (ဓား) တစ်ချောင်းလျှင် ၄၉၉၈ယွမ်
• အဆင့်မြင့် သေမျိုးအဆင့် လက်နက် (ဓား) တစ်ချောင်းလျှင် ၉၉၉၈ယွမ်
မိုးကြိုးမီးအဆောင်က သူ့ကို အစိတ်ဆိုးဆုံးပင်။
လျှော့ဈေး ဗားရှင်းက နတ်ဘုရားအဆင့်ဖြစ်သော်လည်း ဝယ်ယူရန်အတွက် တစ်ခုမှာ သာမန်အဆင့် ဖြစ်သည်။
ကွာဟချက် အလွန်ကြီးမားမည်မှာ သေချာသည်။
လက်နက်များမှာ ပိုဆိုး၏။
သေမျိုးအဆင့် လက်နက်များမှာ အနိမ့်ဆုံးအဆင့် ဖြစ်သည်။ ၎င်းတို့အထက်တွင် မှော်လက်နက်များ၊ စိတ်ဝိညာဉ်ပစ္စည်းများ၊ မွေးရာပါ စိတ်ဝိညာဉ်ရတနာများနှင့် နတ်ဘုရားအဆင့် လက်နက်များ ရှိနေသေးသည်။
ပိုမိုမြင့်မားသော အဆင့်ပစ္စည်းများအတွက် မိုးထိုးသော ဈေးနှုန်းများကို သူ စိတ်ကူးပင် မယဉ်နိုင်ခဲ့ချေ။
“ထုတ်လုပ်သူတွေက စီးပွားရေး သောင်းကြမ်းနေကြတာပဲ။ ၉၉၉၈ယွမ်တန် ဓားတစ်ချောင်းကို ဘယ်သူ ဝယ်မှာလဲ။”
ချန်ဟွိုက်အန် လှောင်ရယ်လိုက်သည်။ အခြားအရာများအတွက် သုံးစွဲခြင်းက လက်ခံနိုင်ဖွယ် ရှိသေးသော်လည်း အကယ်၍ သူသာ ထိုဈေးဆိုင်မှ လက်နက်တစ်ခု ဝယ်ခဲ့မိလျှင် သူ၏ အမည်ကို ပြောင်းပြန်ရေးမည် ဖြစ်သည်။
သူ ထိုအကြောင်းကို စဉ်းစားနေစဉ်တွင် ဂိမ်းထဲမှ လီချင်းရန်က ရုတ်တရက် မျက်မှောင်ကြုတ်ပြီး ပါးစပ်ထောင့်မှ သွေးများ စီးကျလာ၏။
သူ၏ လှုပ်ရှားနေသော ချီစွမ်းအင်ကို ခေတ္တမျှ တည်ငြိမ်အောင် ထိန်းလိုက်ပြီးနောက် သူ သက်ပြင်းချလိုက်သည်။
“စီနီယာရဲ့ အကူအညီကြောင့် ငါ့ရဲ့ စိတ်ဝိညာဉ်စွမ်းအင်က ပိုဆိုးမသွားဘူး။ ဒါပေမဲ့ ငါ့ဒန်တျန်က ကြေမွသွားပြီ။ အခြေခံအုတ်မြစ်လည်း မရှိတော့ဘူး။ စိတ်ဝိညာဉ်အမြစ်လည်း မရှိတော့ဘူး။ ငါ့ရဲ့ ခန္ဓာကိုယ်ထဲက မီးအဆိပ်ကို ထုတ်ပယ်ဖို့က ကောင်းကင်ကို တက်ရသလို ခက်ခဲတယ်။ ငါ့ရဲ့ ကျင့်ကြံနှုန်း ပိုဆိုးလာဖို့ပဲ ရှိတော့တယ်...”
သူ၏ အခြေအနေတွင် ဖြစ်နိုင်သော ဖြေရှင်းနည်း နှစ်ခု ရှိသည်။
• ချင်းယွန်ဂိုဏ်းသို့ ပြန်သွားပြီး ဆေးလုံး တောင်းခံ။
• အနီးအနားရှိ ဝမ်ချင်းတောင်ကို စူးစမ်းပြီး ကုသနိုင်သော ဝိညာဉ်ဆေးပင်များ ရှာဖွေ။
ပထမတစ်ခုက မဖြစ်နိုင်သလောက်ပင်။ အကြောင်းမှာ သူက ချင်းယွန်ဂိုဏ်း တပည့်တစ်ဦး မဟုတ်တော့သည့်အပြင် ထိုနေရာမှ သူ၏ အသိမိတ်ဆွေများကို ဝန်ထုပ်ဝန်ပိုး မဖြစ်စေလို၍ပင်။
ဒုတိယတစ်ခု အန္တရာယ်ပိုများသော်လည်း သူ့အတွက် ပို၍ ဆွဲဆောင်မှု ရှိသည်။
ယခင်က သူ၏ အားနည်းသော ခန္ဓာကိုယ်ကြောင့် တဲအိမ်ထဲတွင် သေဆုံးမည့်အချိန်ကိုသာ စောင့်ဆိုင်းနေခဲ့ရသည်။
ယခုမူ အကယ်၍ သူ ထိုမိစ္ဆာဝံပုလွေနှင့် ထပ်မံ ကြုံတွေ့ရလျှင်ပင် သူ အနည်းငယ် ခုခံနိုင်စွမ်း ရှိနေပြီ ဖြစ်သည်။
အသံက တိုးသော်လည်း ချန်ဟွိုက်အန် အရာအားလုံးကို ကြားနိုင်သည်။ သူ၏ အတွင်းစိတ် စကားပြောသံများ အပါအဝင် ဖြစ်၏။
“ချင်းယွန်ဂိုဏ်းကို ပြန်မှာလား။ ဝမ်ချင်းတောင်ကို စူးစမ်းမှာလား။”
ချန်ဟွိုက်အန်က တွေဝေခြင်းမရှိဘဲ ငွေဖြည့်သည့် မျက်နှာပြင်ကို ဖွင့်လိုက်၏။
သူ့ကောင်မလေးက သွေးအန်နေပြီ ဖြစ်သည်။ သူ ဘာကို စောင့်နေရဦးမည်နည်း။
၎င်းမှာ ဂိမ်း၏ ငွေညှစ်ဗျူဟာမှန်း သူ သိနေသော်လည်း သူ၏ လက်များကို မထိန်းချုပ်နိုင်ခဲ့ချေ။
သူက လစဉ်ကြေး တစ်ကတ်ကို ချက်ချင်း ဝယ်ယူလိုက်၏။
“ဒီလမဝယ်ရင် နောက်လ ပိုဈေးကြီးသွားမှာ။ ဒီလိုပဲ ကိုယ့်ကိုယ်ကိုယ် နှစ်သိမ့်ရုံပေါ့” သူက ကျိုးကြောင်းဆင်ခြင် သုံးသပ်လိုက်၏။
[ လစဉ်ကြေး ဝယ်ယူမှု အောင်မြင်ပါသည်။ စွမ်းအားကူးပြောင်းဖြည့်တင်းခြင်း တစ်ကြိမ် ရရှိသည် ]
[ ဆေးလုံးနှင့် စိတ်ဝိညာဉ်ကျောက်တုံးများ ပို့ဆောင်ပြီးပါပြီ ]
အိတ်ငယ်နှစ်လုံးက စားပွဲပေါ်သို့ ရုတ်တရက် ကျလာရာ လီချင်းရန် အံ့အားသင့်သွား၏။
“ဒါက ဘာတွေလဲ...” လီချင်းရန်က ဖောင်းကားနေသော အိတ်တစ်လုံးကို စူးစမ်းလိုစိတ်ဖြင့် ထိကြည့်လိုက်ပြီး အတွင်းမှ ထွက်ပေါ်နေသော ဝိညာဉ်စွမ်းအင်ကို ခံစားမိလိုက်သည်။
သူက မျက်နှာကျက်ဆီသို့ မော့ကြည့်လိုက်ပြီး ကျေးဇူးတင်စွာဖြင့် အရိုအသေပြုလိုက်သည်။
“ဒီအိတ်တွေက စီနီယာ ချပေးခဲ့တာလား”
တိတ်ဆိတ်နေဆဲပင်။
တုံ့ပြန်မှု မရှိခြင်းအပေါ် သူက အံ့အားမသင့်တော့ချေ။ အချိန်ကြာလာသည်နှင့်အမျှ သူက သူ၏ တိတ်ဆိတ်သော ကျေးဇူးရှင်နှင့် အသားကျလာခဲ့သည်။
ထိုအိတ်များက သူ၏ လက်ဆောင်များ ဖြစ်သည်မှာ သေချာ၏။
ယခင်က သူ၏ အကူအညီများကို လက်ခံခဲ့ပြီး ဖြစ်သဖြင့် သူက ပထမအိတ်ကို ဖွင့်ရန် တွေဝေမနေခဲ့ချေ။
တရှပ်ရှပ် အသံနှင့်အတူ စိတ်ဝိညာဉ်ကျောက်တုံး တစ်ပုံ ကျလာ၏။
လီချင်းရန် မှင်တက်သွားသည်။ သူ ရေတွက်ကြည့်လိုက်ရာ စုစုပေါင်း အဆင့်နိမ့် စိတ်ဝိညာဉ်ကျောက်တုံး ၅၀ ရှိနေသည်။
ချင်းယွန်ဂိုဏ်းတွင် ချီကျင့်ကြံခြင်းအဆင့်ရှိ အတွင်းစည်းတပည့်တစ်ဦးသည် တစ်လလျှင် အဆင့်နိမ့် စိတ်ဝိညာဉ်ကျောက်တုံး ၃၀ မှ ၄၀ အထိ ရရှိသည်။
အခြေခံအုတ်မြစ် တပည့်များက ၆၀ မှ ၁၀၀ အထိ ရရှိသည်။ စိတ်ဝိညာဉ်ကျောက်တုံးများက ငွေကြေးအဖြစ်သာမက စိတ်ဝိညာဉ်စွမ်းအင် စုပ်ယူရန်၊ အခင်းအကျင်း ပြုလုပ်ရန်နှင့် လက်နက်များ သန့်စင်ရန်အတွက်လည်း အရေးကြီး။
ထိုစိတ်ဝိညာဉ်ကျောက်တုံး ၅၀က အလွန်ပင် တန်ဖိုးရှိလှသည်။
သူ မသိလိုက်သည်မှာ ထိုအရာမှာ သူ၏ နေ့စဉ် ခွဲတမ်းဖြစ်နေခြင်းပင်။
“ဒီစိတ်ဝိညာဉ်ကျောက်တုံးတွေ အတွက် ကျေးဇူးပါပဲ။ စီနီယာ..” လီချင်းရန်က ကျေးဇူးတင်ကြောင်းကို လေးနက်စွာ ဖော်ပြလိုက်သည်။
အခြေတည်ဝိညာဉ် သို့မဟုတ် ပေါင်းစည်းခြင်းအဆင့် တစ်ဦးအတွက် စိတ်ဝိညာဉ်ကျောက်တုံး ၅၀က မပြောပလောက်သောအရာ ဖြစ်နိုင်သော်လည်း ကျေးဇူးတင်မှုနှင့် ကျင့်ဝတ်မူကား မရှိမဖြစ် လိုအပ်သည်။
သူ၏ စကားကို ကြားရာ ချန်ဟွိုက်အန် မပြုံးဘဲ မနေနိုင်ခဲ့ချေ။ သူက မရှိသော မုတ်ဆိတ်မွှေးများကို အလိုလို ပွတ်သပ်ချင်မိသွားသည်။
ဟုတ်တယ်။ လစဉ်ကြေးက ဈေးကြီးပေမဲ့ ဒီလိုရတာတွေက တန်တာပဲ မဟုတ်လား။
ထို့နောက် လီချင်းရန်က ဒုတိယ အိတ်ကို ဖွင့်လိုက်ရာ အနီရောင် ပိုးထည်ဘူးလေးတစ်ဘူး ရှိနေ၏။ သူ ကိုင်လိုက်သည်နှင့် တပြိုင်နက် ဆေးအနံ့တစ်ခု ထွက်ပေါ်လာသည်။
“ဆေးအနံ့က အတော်လေးကို သန့်စင်တာပဲ...”
နှစ်အတော်ကြာ သူက စီနီယာအစ်ကို အတွက် စိတ်ဝိညာဉ်ဆေးပင်များကို စီမံခန့်ခွဲပေးခဲ့ရပြီး ဆေးလုံးများအတွက် စမ်းသပ်ခံအဖြစ်လည်း ရံဖန်ရံခါ အသုံးချခံခဲ့ရသည်။ သူက ချီကျင့်ကြံခြင်းမှ အခြေခံအုတ်မြစ်အထိ ဆေးလုံးများစွာကို မြင်တွေ့ခဲ့ဖူးသည်။
သူ၏ စီနီယာအစ်ကိုက အရည်အချင်းရှိသော ဆေးဖော်သူတစ်ဦး ဖြစ်ပြီး သူဖော်စပ်သော ဆေးလုံးများမှာ အကြီးအကဲများပင် ချီးကျူးရလောက်အောင် အရည်အသွေး မြင့်မားသည်။
သို့သော် သူ၏ ဆေးလုံးများပင်လျှင် အမြဲပင် အညစ်အကြေး အနည်းငယ် ပါဝင်နေပြီး ထိုအနံ့နှင့် မယှဉ်နိုင်ခဲ့ချေ။
ဘူးကို ဖွင့်လိုက်ရာ သူသည် ပတ္တမြားကဲ့သို့ တောက်ပနေပြီး မည်သည့် အပြစ်အနာအဆာမှ မရှိအောင် ကြည်လင်သော အနီရောင် ဆေးလုံးတစ်လုံးကို တွေ့လိုက်ရ၏။
“မဟာပြန်ဖြစ်တည်ဆေးလုံး။ နတ်ဘုရားအဆင့်ပဲ...”
လီချင်းရန်က အံ့အားသင့်စွာဖြင့် ပါးစပ်ကို အုပ်လျက် အသက်ရှူမှားသွားခဲ့သည်။ အဆောင်များက နတ်ဘုရားအဆင့် ဖြစ်ခဲ့ပြီး ယခု ဆေးလုံးများကလည်း ထိုအတိုင်းပေလား။
ထိုကျေးဇူးရှင်သည် အရာရာ ကျွမ်းကျင်သော ပါရမီရှင်တစ်ဦး ဖြစ်ရပေမည်။
မဟာပြန်ဖြစ်တည် ဆေးလုံးသည် ချီကျင့်ကြံခြင်းမှ ရွှေရောင်အမြုတေအဆင့်အထိ ကျင့်ကြံသူများအတွက် သာမန် ကုသရေး ဆေးလုံးတစ်မျိုး ဖြစ်သည်။
အန္တိမအဆင့် ဆေးလုံးတစ်လုံးသည် အဆိပ်များကို ဖြေနိုင်လျှင် နတ်ဘုရားအဆင့် ဆေးလုံးတစ်လုံးသည် သူ၏ မီးအဆိပ်ကို လုံးဝ ဝါးမျိုပစ်မည်မှာ သေချာသည်။
စိတ်ဝိညာဉ်ကျောက်တုံးများနှင့် ဆေးလုံး နှစ်မျိုးစလုံးက သူ့အတွက် သီးသန့် ဖန်တီးထားသကဲ့သို့ပင် ဖြစ်နေပြီး သူ အတိအကျ လိုအပ်နေသော အရာများပင်။
သူ၏ နှလုံးသားထဲတွင် နွေးထွေးမှုများ ပြည့်နှက်သွား၏။ သူက ထိုကဲ့သို့သော ဂရုစိုက်မှုကို ခံစားခဲ့ရသည့် တစ်ခုတည်းသော အချိန်မှာ မိဘများထံမှ ဖြစ်သည်။
“စီနီယာ ကြိုက်ကြိုက် မကြိုက်ကြိုက်၊ သူ့အတွက် လက်ဆောင်တစ်ခု လုပ်ပေးရမယ်။” လီချင်းရန်က ပြတ်ပြတ်သားသား ဆုံးဖြတ်လိုက်သည်။
ထိုအချိန်တွင် ချန်ဟွိုက်အန်က ဂိမ်းအတွင်းမှ နောက်ထပ် သတိပေးချက်တစ်ခု ရရှိလိုက်၏။
[ လီချင်းရန် ကုသမှု စတင်တော့မည် ဖြစ်သည်။ သင်၏ စွမ်းအားကူးပြောင်းဖြည့်တင်းခြင်း' အခွင့်အရေးကို အသုံးပြု၍ သူ၏ ကုသမှုကို 'ကိုယ်တိုင်' ကူညီလိုပါသလား။ (ပိုမို ထိရောက်စေသည်) ]
“နေပါဦး… ကိုယ်တိုင် ဟုတ်လား...” ချန်ဟွိုက်အန်က မျက်မှောင်ကြုတ်ပြီး ထိုအရာတွင် ပိုမို နက်နဲသော အဓိပ္ပာယ် ရှိနေကြောင်း ခံစားမိလိုက်၏။