← Chapters

ချစ်ခင်မှု အဆင့်မပြည့်မီ၍ ချောင်းကြည့်ခွင့် မရှိ

Vol. 1 Ch. 8

ချစ်ခင်မှု အဆင့်မပြည့်မီ၍ ချောင်းကြည့်ခွင့် မရှိ

Vol. 1 Ch. 8

“ဒီ 'ကိုယ်တိုင်' ဆိုတာက ငါစဉ်းစားနေတဲ့ အဓိပ္ပာယ်မျိုးများလား...”

သိချင်ဖြင့် ချန်ဟွိုက်အန်က ထိုရွေးချယ်မှုကို အသုံးပြုရန် ရွေးချယ်လိုက်သည်။

“အာ... စီနီယာက ကျွန်မကို ကိုယ်တိုင် ကုသပေးမလို့လား...”

လီချင်းရန် ကြောင်သွားပြီး နူးညံ့သော မျက်နှာလေး နီရဲတက်သွားသည်ကို သူ တွေ့လိုက်ရ၏။ ကောင်မလေးက သူ၏ လက်များကို လျင်မြန်စွာ ခါယမ်းလိုက်သည်။

“လီချင်းရန်က ဒီလို ဂရုစိုက်မှုမျိုးနဲ့ မထိုက်တန်ပါဘူး။ ကျွန်မဘာသာ လုပ်နိုင်ပါတယ်...”

ဒိုင်ယာလော့ဂ် ရွေးချယ်စရာ (၄)ခု ပေါ်လာ၏။

o မြန်မြန်လုပ်။ ငါ အလုပ်များတယ်။

o ကောင်မလေး။ မင်းက ငါ့ကို ဆန့်ကျင်ရဲတယ်ပေါ့။ အသက်ရှင်ရတာ ပျင်းနေပြီလား။ မူးဟားဟားဟား။

o ဟမ့်။ ကျေးဇူးမသိတတ်တဲ့ ကောင်မ။ ဒါကို ဂုဏ်ယူစရာလို့ သတ်မှတ်လိုက်။

o ကိုယ်တိုင် စကားပြောဆိုမှုအတွက် အသံပို့ အဆောင် ဝယ်ယူရန် ယွမ် ၃၀၀ သုံးပါ။

ချန်ဟွိုက်အန် - “…”

ထိုအချိန် ဂိမ်းထုတ်လုပ်သူများက သူ့ဘဏ်အကောင့်ထဲသို့ လှမ်းနှိုက်နေသလို သူ ခံစားလိုက်ရ၏။

ဒီနေရာမှာ ယွမ်၃၀၀ သုံးလိုက်ခြင်းက တကယ့်ကို ရူးသွပ်မှုတစ်ခု ဖြစ်လိမ့်မည်။ သူ၏ ရွေးချယ်မှုများကို ချိန်ဆပြီးနောက် ပထမဆုံး ရွေးချယ်မှုကို ရွေးလိုက်သည်။

၎င်းက အနည်းငယ် ခက်ထန်လွန်းသော်လည်း ပုံမှန်ဖြစ်ပုံရသည့် တစ်ခုတည်းသော ရွေးချယ်မှုပင်။

သူ၏ ရွေးချယ်မှု ပြုလုပ်ပြီးနောက် အသံကို မကြားခဲ့ရသော်လည်း လီချင်းရန်က တုံ့ပြန်ပုံရသည်။ သူ၏ မျက်လုံးများတွင် ကြောက်ရွံ့မှု အရိပ်အယောင်များ ပြေးသွားပြီးမှ ခြေတစ်လှမ်းခွဲ နောက်ဆုတ်ကာ အဆူခံရသော ကလေး တစ်ယောက်လို ခေါင်းငုံ့သွားသည်။ သူက အဝတ်အစားများကို စိတ်လှုပ်ရှားလျက် ပွတ်သတ်နေပြီး တိုးတိုးလေး တီးတိုးရေရွတ်လိုက်၏။

“ဟုတ်ကဲ့… ဒါပေမဲ့ ကျွန်မရဲ့ ခန္ဓာကိုယ်က ညစ်ပတ်နေတယ်။ စီနီယာက မကုသခင် ကျွန်မ အရင်ဆုံး ခန္ဓာကိုယ်ကို သန့်စင်လို့ ရမလား...”

ပုံမှန်အားဖြင့် ကျင့်ကြံသူများက ခန္ဓာကိုယ် အနံ့အသက်များ မရှိတတ်သော်လည်း လီချင်းရန်သည် လွန်ခဲ့သော လဝက်အတွင်း ကြမ်းတမ်းသော အခြေအနေများကို ဖြတ်သန်းခဲ့ရသည်။ သူ၏ ရှုပ်ပွနေသော ဆံပင်နှင့် ရွှံ့များပေကျံနေသော အဝတ်အစားများတွင် ခြောက်သွေ့နေသော သွေးကွက်များ ရှိနေသည်။ သူ၏ ကျေးဇူးရှင်ကို ထိုကဲ့သို့ အခြေအနေဖြင့် ကုသခွင့်ပေးခြင်းက သူ၏ သည်းခံနိုင်စွမ်းထက် ကျော်လွန်နေသည်။

သူ၏ တုံ့ပြန်မှုကို စောင့်ဆိုင်းရင်း နားစွင့်ထားလိုက်၏။

ရွေးချယ်စရာ အသစ် (၄)ခု ပေါ်လာသည်။

o ဆေးစရာ မလိုဘူး။ ဒီအတိုင်းပဲ အစိမ်းပဲ ကြိုက်တယ်။ မူးဟားဟားဟား။

o ကောင်းပြီ။ သွား။ ငါ စောင့်နေမယ်။

o စကား များမနေနဲ့။ အခုချက်ချင်း မင်းရဲ့ အပေါ်ပိုင်းကို ချွတ်လိုက်။

o ကိုယ်တိုင် စကားပြောဆိုရန် အတွက် အသံပို့အဆောင် ဝယ်ယူရန် ယွမ်၃၀၀ အသုံးပြုပါ။

ကောင်းပြီလေ...

ရွေးချယ်မှု (၁)နှင့် (၄)ကို ချက်ချင်း ပယ်ဖျက်လိုက်၏။

ချန်ဟွိုက်အန်သည် ဒုတိယနှင့် တတိယ ရွေးချယ်မှုများကြား တွေဝေနေခဲ့သည်။ အကယ်၍ သူ တတိယတစ်ခုကို ရွေးချယ်ခဲ့လျှင် လီချင်းရန်က အမှန်တကယ် အပေါ်ပိုင်းကို ချွတ်မည်လား။ သူက အဝတ် တစ်ထပ်တည်းသာ ဝတ်ထားပုံရသည်။

အကယ်၍ ဒုတိယတစ်ခုကို ရွေးချယ်ခဲ့လျှင် သူ ရေချိုးရန် သွားလိမ့်မည်။ သူ ချောင်းကြည့်၍ ရနိုင်မည်လား။

ဒီဂိမ်းက ကစားသူတွေကို အသက် ၁၈နှစ်နဲ့အထက်ဖြစ်ဖို့ လိုအပ်တာ ဒါကြောင့်ကိုး။ ပြောမပြနိုင်တဲ့ ဗွီအိုင်ပီ အကြောင်းအရာတွေ အမှန်တကယ် ရှိနေနိုင််တယ်။

သို့သော် ချန်ဟွိုက်အန်က ထိုအရာကို အမြတ်ထုတ်မည့် လူစားမျိုးလော။ သူက ထိုဂိမ်းကို ဆော့ပြီး ၎င်းအတွက် ငွေသုံးစွဲရခြင်းမှာ လီချင်းရန်သည် ဒေတာစုစည်းမှု တစ်ခုမျှသာ ဖြစ်သော်လည်း သူ့ကို စိတ်ပိုင်းဆိုင်ရာ နှစ်သိမ့်မှု ပေးခဲ့သောကြောင့်ပင်။ သူက သူ၏ မျှော်လင့်ချက်ကင်းမဲ့သော ဘဝထဲမှ နောက်ဆုံးသော အလင်းတန်းလေး ဖြစ်ခဲ့သည်။

ထို့အပြင် လီချင်းရန်က ထိုအခြေအနေအတိုင်းပင် လှပနေပြီးသား ဖြစ်သည်။

သန့်စင်ခြင်းသည် သူ၏ အလှကို ပိုမို မြှင့်တင်ပေးရုံသာ ဖြစ်သည်။

ရေချိုးခန်းကို ချောင်းကြည့်ရန် သူ လုံးဝ စိတ်မဝင်စားပါ။

ရွေးချယ်မှု (၂)ကိုသာ ရွေးလိုက်၏။

ဂိမ်းထဲမှ လီချင်းရန်က မျက်နှာ နီမြန်းသွားပြီး ခေါင်းညိတ်လိုက်သည်။

“ဒါ...ဒါဆို ကျွန်မ အခုပဲသွားလိုက်ပါ့မယ်...”

ယခင်က မရှိခဲ့သော ရေချိုးခန်းက အနီးအနားတွင် ပေါ်လာသည်။ သူက အစောပိုင်း အိမ်ကို စူးစမ်းစဉ်က ၎င်းကို စစ်ဆေးခဲ့ပြီး ဖြစ်ပြီး သန့်စင်ရေး ပစ္စည်းများ အပြည့်အစုံ ရှိသည်ကို တွေ့ရှိခဲ့သည်။ သန့်ရှင်းမှုကို တန်ဖိုးထားသော သူတစ်ယောက်အနေဖြင့် သူသည် လန်းဆန်းသန့်စင်လိုစိတ် ရှိနေခဲ့သည်မှာ ကြာပြီ ဖြစ်သော်လည်း ယခုအချိန်အထိ စိတ်အေးလက်အေး မခံစားခဲ့ရချေ။

ကြေးမုံရှေ့တွင် ရပ်လျက် လီချင်းရန်က သူ၏ ပုံရိပ်ကို စိုက်ကြည့်နေမိသည်။

သူက အဝတ်အစားများကို စတင် ဖြေလျော့လိုက်စဉ် သူ၏ လက်ချောင်းများသည် သူ၏ ရင်ဘတ်တွင် ရပ်တန့်သွားပြီး ရှက်သွေးက ပါးပြင်မှ နားရွက်များဆီသို့ ပျံ့နှံ့သွား၏။

သူက နှုတ်ခမ်းကို ကိုက်လိုက်ပြီး အကြည့်ကို အောက်သို့ ချလိုက်ကာ တွေးလိုက်သည်။

စီနီယာက နတ်ဘုရားနဲ့တူတဲ့ စွမ်းရည်တွေကို ပိုင်ဆိုင်ထားတယ်။ သူက မိစ္ဆာဝံပုလွေရဲ့ တိုက်ခိုက်မှုကို ကြိုတင်မြင်တွေ့ခဲ့တယ်။ ငါ သွေးအန်နေတုန်းက စိတ်ဝိညာဉ်ကျောက်တုံးတွေနှင့် ဆေးလုံးများ ပို့ပေးခဲ့တယ်။ ဒါက သူ ငါ့အကြောင်း အားလုံးကို မြင်နိုင်တယ် ဆိုတာကို သက်သေပြနေတာပဲ။

ဒါဆို… ငါ ဒီနေရာတွင် ရေချိုးရင်လည်း သူရဲ့ အကြည့်အောက်မှာ ရှိနေမှာပဲ မဟုတ်လား။

“မဟုတ်ဘူး။ လုံးဝ မဖြစ်နိုင်ဘူး။ စီနီယာက ဒီလိုအရာမျိုးကို လုပ်မှာ မဟုတ်ဘူး...”

သူ ခေါင်းကို ပြင်းပြင်းထန်ထန် ခါယမ်းလိုက်သည်။

ထိုသို့ တွေးမိရုံမျှဖြင့် သူ၏ ပါးပြင်များ ရှက်စိတ်ဖြင့် ပူလောင်လာ၏။ အကယ်၍ စီနီယာက သူ့ကို အခွင့်အရေး ယူလိုခဲ့လျှင် ယခုအချိန်အထိ စောင့်နေမည် မဟုတ်ချေ။ ထို့အပြင် စီနီယာက ရိုသေလေးစားရသော အကြီးအကဲတစ်ဦး ဖြစ်နိုင်ပြီး နှစ်ပေါင်း ရာနှင့်ချီ အသက်ကြီးနိုင်ဖွယ် ရှိသည်။

သူ၏အသံက နုပျိုသည်ဟု ထင်ရုံမျှဖြင့် အသက်ငယ်သည်ဟု မဆိုလိုနိုင်။ သူ့လို အကြီးအကဲတစ်ဦးက သူ့ကဲ့သို့သော တစ်စုံတစ်ဦးကို စိတ်ဝင်စားမည် မဟုတ်ချေ။

ထိုသို့သော ကျိုးကြောင်းဆင်ခြင်မှုဖြင့် သူ၏ ရှက်ရွံ့မှုနှင့် တွေဝေမှုတို့မှာ သိသိသာသာ လျော့ပါးသွားသည်။

သူ၏ အဝတ်အစားများက ပခုံး‌ပေါ်မှ လျှောကျသွားပြီး အတွင်းအဝတ်များ လျော့ရဲသွားသည်နှင့် ပြီးပြည့်စုံသော အချိုးအစားကျပြီး ဆွဲဆောင်မှုရှိသော ကိုယ်လုံးကိုယ်ပေါက်တစ်ခု ပေါ်လွင်လာသည်...

ထိုအချိန်...

ချန်ဟွိုက်အန်၏ သွေးရောင်လွှမ်းနေသော မျက်လုံးများက ဖုန်းမျက်နှာပြင်ပေါ်တွင် ကပ်တွယ်နေဆဲ ဖြစ်ပြီး သူ၏ လက်ချောင်းသည် ရေချိုးခန်း မျက်နှာပြင်ပေါ်တွင် ဝဲနေကာ ဘာလုပ်ရမှန်း မသေချာ ဖြစ်နေသည်။

သူသည် အစောပိုင်းက စမ်းသပ်ခဲ့ပြီး ဖြစ်သည်။ သူသည် နှိပ်ရုံမျှဖြင့် အခန်းများအကြား လွတ်လပ်စွာ ပြောင်းလဲနိုင်ခဲ့သည်။

“ချန်ဟွိုက်အန်။ မင်းကိုယ်တိုင် ရွံတဲ့ လူမျိုး မဖြစ်စေနဲ့...”

“ဒါပေမဲ့ ဒါက ဂိမ်းလေ။ အစားအသောက်နဲ့ ကာမဂုဏ်ဆိုတာ လူ့သဘာဝပဲ...”

“မင်းက ကင်ဆာ လူနာတစ်ယောက်ပဲ။ မင်းမှာ ဒီလို တဏှာစိတ်တွေ မရှိသင့်ဘူး...”

“ဘာလို့ မရှိရမှာလဲ။ လူနာတစ်ယောက်က ဆန္ဒတွေ ရှိလို့မရဘူးလား။”

...

“ငါက သူ ဘေးကင်းမကင်း စိတ်ပူရုံပါ။ ရေချိုးခန်းထဲမှာ ချော်လဲသွားရင် ဘယ်လိုလုပ်မလဲ။ မိစ္ဆာငါးမန်း ဒါမှမဟုတ် ရေဘဝဲတစ်ကောင် ရုတ်တရက် ပေါ်လာရင် ဘယ်လိုလုပ်မလဲ...”

သူ၏ ကိုယ်ကျင့်တရားဆိုင်ရာ အကျပ်အတည်းကို ဖြေရှင်းပြီးနောက် သူက ရေချိုးခန်း မျက်နှာပြင်ကို နှိပ်လိုက်သည်။

[ ချစ်ခင်မှု အဆင့် မလုံလောက်၍ ချောင်းကြည့်ခြင်းမပြုနိုင် ]

ချန်ဟွိုက်အန် သက်ပြင်းတစ်ချက်ကို ရှိုက်ထုတ်ပြီး သူ၏ စိုးရိမ်ပူပန်မှုများ ပျောက်ကွယ်သွား၏။

သို့သော် ၎င်းက အတွေးသစ်တစ်ခုကို ဖြစ်ပေါ်စေခဲ့သည်။

“ဒါဆို မင်းပြောချင်တာက ချစ်ခင်မှု အဆင့်သာ လုံလောက်မယ်ဆိုရင် ငါ ချောင်းကြည့်လို့ ရတယ်ဆိုတဲ့ သဘောပေါ့ ဟုတ်လား...”

“ဟား ငါက ကြည့်ချင်နေတာ ကျလို့..”

နှာခေါင်းရှုံ့လိုက်ရင်း သူ အာရုံလွှဲရန် ကြုံရာ ဝဘ်ဆိုဒ်တစ်ခုကို ဖွင့်လိုက်သည်။

ဝဘ်ဆိုဒ်ကြည့်ရှုနေစဉ် ဂိမ်းအတွင်းမှ အသိပေးချက်တစ်ခု ပေါ်လာ၏။

[ လီချင်းရန် ရေချိုးပြီးပါပြီ ]

“မြန်လိုက်တာ။ မိန်းကလေးတွေက ပုံမှန်ဆိုရင် နာရီဝက်ကျော်လောက် ကြာတတ်တာ မဟုတ်ဘူးလား...”

ချန်ဟွိုက်အန်က သူ ထုတ်ထားသော တစ်ရှူးများကို တိတ်တဆိတ် ပြန်သိမ်းလိုက်ပြီး မျက်နှာပြင်ကို ပြန်လည် အာရုံစိုက်လိုက်သည်။

ခေတ္တမျှ ရပ်တန့်ပြီးနောက် ရေချိုးခန်းတံခါးက အနည်းငယ် ပွင့်လာပြီး မှုန်ဝါးဝါး အငွေ့များ ထွက်လာသည်။ ထို့နောက် လုံးဝ ထင်ရှားသွားပြီး လီချင်းရန်သည် ရိုးရှင်းသော အဖြူရောင် သဘက်တစ်ထည်ဖြင့် ပတ်ထားသော ဗလာကျင်း ပခုံးများဖြင့် ထွက်ပေါ်လာခဲ့သည်။

ချန်ဟွိုက်အန်၏ အာရုံစိုက်မှုက သူ၏ ရှည်လျားပြီး ဖြူဖွေးသော ခြေထောက်များဆီသို့ ချက်ချင်း ရောက်သွား၏။ ချဲ့ကြည့်လိုက်ရာ သူ၏ အရေပြားပေါ်မှ လျှောကျလာသော ရေစက်များကိုပင် မြင်နိုင်ခဲ့သည်။

“ဝိုး… အသေးစား ဂိမ်းဖန်တီးတဲ့အဖွဲ့တွေနဲ့ သူတို့ရဲ့ စွမ်းရည်တွေက ရူးလောက်စရာပဲ။ ဟက်ကာတွေကို ဦးညွှတ်ပါတယ်။”

သို့သော် ထို့နောက် သူက မျက်မှောင် ကြုတ်လိုက်သည်။

“နေပါဦး။ သူက အဝတ်အစား သန့်သန့် မဝတ်တော့ဘူးလား။”

မြင်ကွင်းက ကုတင်ပေါ်တွင် ဒူးထောက်နေသော လီချင်းရန်ဆီသို့ ပြောင်းသွားပြီး အပြစ်ကင်းစင်သော ကျောပြင်က ကင်မရာကို မျက်နှာမူထား၏။

“စီနီယာ။ ကျွန်မ အဆင်သင့်ပါပဲ…”

လီချင်းရန်၏ စိတ်ထဲတွင် စီနီယာက ကြင်နာတတ်သော်လည်း တင်းကြပ်သော သက်ကြီးရွယ်အို ပုံစံမျိုး ဖြစ်သောကြောင့် သူ၏ ရှက်ရွံ့မှုမှာ ထိန်းမနိုင်သိမ်းမရ မဖြစ်ခဲ့ချေ။

မဟာပြန်ဖြစ်တည်ဆေးလုံးကို သောက်သုံးပြီးနောက် သူ၏ ဝတ်ရုံကို ဖြေလျော့လိုက်ကာ ခါးစည်းတလျှောက် လျှောကျစေလိုက်သည်။

သူ၏ ကျောပြင် ပေါ်သွားသည့် အခိုက် နားရွက်များ နီရဲသွား၏။

အသံပို့ခြင်းနှင့် ကုသခြင်းအတွက် အထူးသဖြင့် ကျော၊ ဝမ်းဗိုက်နှင့် ရင်ဘတ်တို့တွင် တိုက်ရိုက် ထိတွေ့ရန် လိုအပ်သည်။ သူ၏ ခန္ဓာကိုယ်က မီးအဆိပ်များနှင့် အညစ်အကြေးများဖြင့် ပြည့်နှက်နေပြီး ၎င်းတို့ကို လုပ်ငန်းစဉ်အတွင်း ထုတ်ပယ်ခံရမည် ဖြစ်သည်။

မီးအဆိပ်မှ အပူသည် သူ၏ အဝတ်အစားများကို လွယ်ကူစွာ လောင်ကျွမ်းစေနိုင်သဖြင့် သူ၏ ကျောကို ဖော်ပြခြင်းသည် အလုံခြုံဆုံး ရွေးချယ်မှုပင်။

လုံးဝ လောင်ကျွမ်းသွားမည့် အန္တရာယ်ထက် ကျောပြင်ကို ဖော်ပြလိုက်ခြင်းက ပိုကောင်းသည် မဟုတ်ပါလား။

ချန်ဟွိုက်အန်က ဗလာကျင်းနေသော ကျောပြင်ကို လုံးဝ မှင်တက်စွာ စိုက်ကြည့်နေမိသည်။

ဂိမ်း၏ ရှုထောင့်က ချဲ့သွားပြီး သူ၏ ကျောပြင်ကို လည်ပင်းမှစ၍ တင်ပါး အထက်နားအထိ ပြသထား၏။ သူ၏ ဖြူဖွေးသော အရေပြားအောက်ရှိ သွေးကြောမျှင် ရေရေးလေးများကိုပင် မြင်နိုင်ခဲ့သည်။

“တကယ်ကြီးလား။ သူတို့ ဒါ‌တွေနဲ့ လူကြီးပိုင်းတွေကို စမ်းနေတာလား။”

သူက မကျေမနပ် ရေရွတ်လိုက်သော်လည်း ထိုမြင်ကွင်းမှာ အသက်ရှုမှားလောက်အောင် လှပနေသည်ဟူ၍ ဝန်ခံရပေမည်။

ကောက်ကြောင်းများမှာ အပြစ်ပြောစရာ မရှိချေ။

သို့သော် သူ နောက်ထပ် ဘာဆက်လုပ်ရမည်နည်း။

သူ ထိုအကြောင်းကို တွေး‌နေစဉ်မှာပင် လီချင်းရန်၏ ကျောပေါ်တွင် ရွှေရောင် အပ်စိုက်မှတ်များ ပေါ်လာခဲ့သည်။

[ ကုသမှု လုပ်ငန်းစဉ် စတင်ရန် သင်၏ ဘယ်လက်ကို 'မင်မန်' အမှတ်ပေါ် တွင် ထားပြီး ညာလက်ကို 'ချီဟိုင်ရှူ' အမှတ်ပေါ်တွင် ထားပါ ]

All Chapters