သင့်ပုံရိပ်ယောင် ကောင်မလေး၏ လက်ဆောင် အသေးလေး ရောက်ရှိလာပါပြီ
Vol. 1 Ch. 10
ညအချိန် ဖြစ်သည်။
မိုးက တဖြည်းဖြည်း စဲသွားလေပြီ။
လီချင်းရန်က သူ၏ လက်ထဲမှ အကာအကွယ် အဆောင်ကို စိတ်လှုပ်ရှားစွာ ကြည့်လိုက်ပြီး နောက်ဆုံး အဆင့် သုံးဆင့်ကို ပြီးမြောက်ရန် ပြင်ဆင်လိုက်သည်။
အဆင့် (၁) အဆောင်ကို စိတ်ဝိညာဉ် ချီစွမ်းအင်ဖြင့် အားပြန်ဖြည့်ခြင်း။
နတ်ဘုရားအဆင့် အခင်းအကျင်းအလံများမှ လက်ကျန်ပစ္စည်းများကို အသုံးပြု၍ အဆောင် ဖန်တီးရန် စိတ်ဝိညာဉ် ချီစွမ်းအင် မည်မျှ လိုအပ်ကြောင်းကို သူ သေချာ မသိပေ။ သူ သိထားသည်မှာ အဆောင် အလုပ်လုပ်နိုင်ရန်အတွက် သူသည် အဆင့်နိမ့် စိတ်ဝိညာဉ်ကျောက်တုံး ၅၀လုံးကို သုံးပစ်ရမည့်အပြင် သူ၏ ကိုယ်ပိုင် စိတ်ဝိညာဉ် ချီစွမ်းအင် အားလုံးကိုပါ အကုန်အစင် သုံးစွဲပစ်ရမည် ဆိုသည်ကိုပင်။
သူက ဖြူဖျော့နေသော မျက်နှာကို ပွတ်သပ်လိုက်ပြီး အသက်ပြင်းပြင်း ရှူလိုက်သည်။
နောက်တစ်ဆင့်က...
အဆင့် (၂) နာမည် ထွင်းခြင်း။
အဆောင် ဖန်တီးသူက ကာကွယ်ပေးလိုသော ပုဂ္ဂိုလ်၏ နာမည်ကို ရေးထိုးရန် မိမိ၏သွေးကို မင်အဖြစ် အသုံးပြုရမည်။
ထိုအဆင့်က အလွယ်ကူဆုံး ဖြစ်သင့်သော်လည်း လီချင်းရန် ယခင်ထက် ပို၍ စိုးရိမ်ပူပန်နေမိသည်။
“သေချာလေး ရေးစမ်းပါ။ သေချာ ရေး။ နင် သေသေချာချာ ရေးရမယ်...”
သူ တစ်ယောက်တည်း ရေရွတ်နေရင်း နောက်ဆုံးတွင် “ချန်ဟွိုက်အန်” ဟူသော စာလုံးများကို အဆောင်ပေါ်တွင် ရေးထိုးလိုက်သည်။
ရေးပြီးသွားသည့်အခါ သူ၏ မျက်နှာအမူအရာက ငိုနေသော မျက်နှာထက်ပင် ပိုသနားစရာ ကောင်းနေ၏။
“အာ... မဟုတ်သေးပါဘူး။ ဒါက လုံးဝကို ရယ်စရာကြီး ဖြစ်နေတယ်...”
အဆောင်ပေါ်ရှိ စာလုံးများက ကြောင်ခြစ်ထားသကဲ့သို့ပင် တွန့်လိမ်ကောက်ကွေးပြီး ရုပ်ဆိုးနေသည်။
လီချင်းရန်တွင် မွေးရာပါ အားနည်းချက် တစ်ခု ရှိသည်။ သူ၏ လက်ရေးမှာ အလွန် ဆိုးရွားခြင်းပင်။
ယဉ်ကျေးသိမ်မွေ့မှု မရှိသောကြောင့် မဟုတ်။ ချင်းယွန်ဂိုဏ်းသို့ မဝင်ရောက်ခင် သူက စစ်ဗိုလ်ချုပ်ကြီးတစ်ဦး၏ သမီး ဖြစ်ခဲ့သည်။ သူ၏ မိဘများက သူ့ကို မိန်းမကောင်းပီသသော အရည်အချင်းများ သင်ယူရန် တိုက်တွန်းခဲ့သော်လည်း သူက စိတ်မဝင်စားခဲ့ပေ။ မြင်းစီးခြင်း၊ လှံသိုင်းကစားခြင်း၊ မြှားပစ်ခြင်းနှင့် စစ်ရေးနည်းဗျူဟာများကိုသာ အာရုံစိုက် လေ့လာခဲ့သည်။
ထိုစဉ်က သူ၏ မိဘများ သူ့ကို စာရေးလေ့ကျင့်ခိုင်းရာတွင် ငိုခဲ့ဖူးသည်။
စစ်မြေပြင်တွင် လှံကိုင်ပြီး စစ်ချီတက်ရာ၌ လက်ရေးလှ မလိုအပ်ပေ။
သို့သော် ယခုတွင်မူ သူ အကြီးအကျယ် နောင်တရနေ၏။
အကယ်၍ သူ အတိတ်ကို ပြန်သွားနိုင်လျှင် သူက မိဘများ၏ အကြံဉာဏ်ကို ယူပြီး လက်ရေးလှကို သေချာပေါက် ကြိုးစားလေ့ကျင့်မိမည် ဖြစ်သည်။
“အဖေက ပြောဖူးတယ်။ လက်ဆောင်ဆိုတာ ပေးတဲ့သူရဲ့ စိတ်ရင်းစေတနာက အဓိကပဲတဲ့။”
သူက တီးတိုးရေရွတ်ရင်း နောက်ဆုံးအဆင့်ဖြစ်သော 'ကံတရားလက်ဆောင်'သို့ ကူးပြောင်းရန် ကိုယ့်ကိုယ်ကိုယ် အားပေးသည့် အနေဖြင့် လက်သီးကို ဆုပ်လိုက်သည်။
နာမည်အတိုင်းပင် ၎င်းက မိမိ၏ ကံတရားကို အခြားသူထံ လွှဲပြောင်းပေးခြင်း ဖြစ်သည်။
လောကကြီး၏ ကံတရားများမှာ သဘာဝ ဟန်ချက်ညီမှုတစ်ခု ဖြစ်ပေါ်စေသည်။ ပေးကမ်းခြင်းက မိမိ၏ ကံကို လျော့ပါးစေခြင်းပင်။ ကံကောင်းစွာပင် အဆောင်ကို ကြားခံအဖြစ် အသုံးပြုခြင်းကြောင့် လွှဲပြောင်းခြင်းက ယာယီသာ ဖြစ်သည်။
သို့သော် ပေးကမ်းသူက လျော့နည်းသွားသော ကံတရားကြောင့် အချိန်ကာလတစ်ခုအထိ ကံဆိုးခြင်းများကို မလွဲမသွေ ကြုံတွေ့ရလိမ့်မည်။
လီချင်းရန်က ဂရုမစိုက်ပေ။ သူ၏ စီနီယာက ထိုသေးငယ်သော ကံတရားကို လိုအပ်သည်ဖြစ်စေ မလိုအပ်သည်ဖြစ်စေ၊ သူက စီနီယာကို ဘေးကင်းလုံခြုံစေချင်ရုံ သက်သက်သာ ဖြစ်၏။
လျှို့ဝှက်ပညာရပ်တစ်ခုဖြင့် သူ၏ ကံတရားကို အဆောင်ထဲသို့ ချိပ်ပိတ်ထည့်သွင်းပြီးနောက် သူ၏ မျက်နှာအသွေးအရောင် သိသိသာသာ ပျက်ယွင်းသွားသည်။ သို့တိုင် သူ၏ အပြုံးက ယခင်ကထက် ပိုမို၍ တောက်ပနေခဲ့သည်။
“ကျွန်မ ဒီအဆောင်ကို စားပွဲပေါ်မှာပဲ ထားခဲ့လိုက်ပါမယ်။”
မျက်နှာကြက်ကို မျက်နှာမူလျက် လီချင်းရန်က ဒူးထောက်ပြီး ဦးညွှတ်လိုက်သည်။ စီနီယာ ကြားသည်ဖြစ်စေ မကြားသည်ဖြစ်စေ၊ သူ ဂရုမစိုက်ပေ။ ကြားနိုင်သည်ဟု သူ ယုံကြည်၏။
“စီနီယာ။ ဒီဂျူနီယာလေးက စီနီယာရဲ့ ဂရုစိုက်မှုတွေ အများကြီး ရခဲ့ပါတယ်။ ကျွန်မရဲ့ ဒဏ်ရာတွေ ပျောက်ကင်းသွားပါပြီ။ ကျေးဇူးကို ဘယ်လိုဆပ်ရမလဲ မသိနိုင်အောင်ပါပဲ။ ဒါကြောင့် ကျွန်မရဲ့ ကျေးဇူးတင်တဲ့ အထိမ်းအမှတ် အနေနဲ့ ဒီအကာအကွယ် အဆောင်ကို ဖန်တီးလိုက်ပါတယ်။ ဒါက လက်ဆောင် အသေးလေး ဖြစ်ပေမဲ့ ကျွန်မရဲ့ စိတ်ရင်းစေတနာ အပြည့်အဝ ပါဝင်ပါတယ်... စီနီယာ မငြင်းဘူးဖို့ မျှော်လင့်ပါတယ်။”
သူ ပြောပြီးနောက် ခေါင်းကို ငုံ့လိုက်သော်လည်း မျက်လုံးများက စားပွဲပေါ်ရှိ အဆောင်ကို စစ်ဆေးရန် အပေါ်သို့ စိတ်လှုပ်ရှားစွာ ခိုးကြည့်လိုက်သည်။
တစ်စက္ကန့်....
နှစ်စက္ကန့်...
သုံးစက္ကန့်...
ဝူး...
အဆောင် ပျောက်သွား၏။
သူ၏ စီနီယာက သူ့လက်ဆောင်ကို လက်ခံလိုက်လေပြီ။
လီချင်းရန်၏ နှလုံးသားက ဝမ်းမြောက်မှုဖြင့် ခုန်ပေါက်သွားပြီး ထိန်းချုပ်မရသော အပြုံးတစ်ခု သူ၏ မျက်နှာပေါ်တွင် ပျံ့နှံ့သွားသည်။
“ကျွန်မရဲ့ မိုက်မဲမှုကို ဗွေမယူတဲ့အတွက် ကျေးဇူးတင်ပါတယ်။ စီနီယာ။ ဟီးဟီး...”
ဒဏ်ရာများနှင့် တစ်ညလုံး ကြိုးပမ်းအားထုတ်မှုတို့ကြောင့် မောပန်းနွမ်းနယ်နေသဖြင့် သူက ကုတင်ဆီသို့ ဒယီးဒယိုင် လျှောက်သွားလိုက်သည်။
ထိုမျှ နူးညံ့သော မွေ့ရာပေါ်တွင် သူ နောက်ဆုံး အိပ်စက်ခဲ့ရသည်မှာ လဝက်ခန့် ရှိနေပြီ ဖြစ်ပြီး ခေါင်းအုံးနှင့် ခေါင်း ထိလိုက်သည်နှင့် တပြိုင်နက် အိပ်ပျော်သွားတော့သည်။
အိပ်မက်ကမ္ဘာထဲသို့ မရောက်မီ သူ မျက်နှာကြက်ကို စိုက်ကြည့်ပြီး အိပ်ချင်မူးတူးဖြင့် ရေရွတ်လိုက်၏။ “ကောင်းသောညပါ စီနီယာ...”
ထိုအချိန်တွင်...
“စုန်ကျောင်းကျောင်း။ နင် အတော်လေး တိုးတက် လာတာပဲ။ ချီသန့်စင်ခြင်း အဆင့်၉တောင် ရောက်နေပြီ။ ကောင်းတယ်။ ငါ့အတွက် လုပ်ပေးစရာ ကိစ္စတစ်ခု ရှိတယ်။”
“ဘာကိစ္စလဲ...”
“လီချင်းရန်ကို သတ်ပေး...”
“ဘာ။ လီချင်းရန်ကို သတ်ရမယ် ဟုတ်လား။ နင်… နင် အဲဒီကိစ္စကို စွဲနေတုန်းပဲလား။”
“ဟွန့်။ ဒါဆို ငါက ဘာလုပ်ရမှာလဲ။ လီချင်းရန်ရဲ့ ဂုဏ်သတင်းက ဂိုဏ်းထဲမှာ ပျက်စီးနေပြီးသား။ သူ သေဆုံးတာက အရေးမပါဘူး။ သူက အဲဒါနဲ့ ထိုက်တန်တယ်။ ပြီးတော့ နင် သေသေချာချာ လုပ်နိုင်ရင် သူ့ရဲ့ သေဆုံးမှုကို ဝမ်ချင်းတောင်ထဲက သားရဲတွေကြောင့်လို့ အလွယ်လေး အပြစ်ပုံချလို့ ရတယ်။ လိမ္မာပါတယ်။ နင် ဒါကို ကောင်းကောင်း လုပ်ပေးရင် နင့်အတွက် အခြေခံအုတ်မြစ်ဆေးလုံး တစ်လုံး ပေးမယ်။”
“အခြေခံ... အခြေခံအုတ်မြစ် ဆေးလုံးလား။ ကောင်းပြီ။ သဘောတူတယ်။ ငါ့သတင်းကောင်းကိုသာ စောင့်နေ။”
နောက်တစ်နေ့ မနက်
မိုးမလင်းခင်တွင် ချန်ဟွိုက်အန်က ပုံရိပ်ယောင် ကောင်မလေးကို ဖွင့်လိုက်သည်။
[ ကျန်ရှိသော သက်တမ်း = ၁၃၁ ရက် ]
“ရယ်စရာပဲ....”
ဘယ်လိုဂိမ်းမျိုးက သေမယ့်အကြောင်း ဟောကိန်းထုတ်ပြီး စတာလဲ။
မှန်ပေသည်။ သူ့မှာ ကုသ၍ မရသော ရောဂါရှိ သည်။ သို့သော် ဂိမ်းတစ်ခု အနေနဲ့ ၎င်းကို ထပ်ခါတလဲလဲ သတိပေးနေရန် လိုအပ်သည်လား။
ထို့နောက် ထိုအချိန်ရေတွက်မှုမှာ သူ၏ ဂိမ်းတွင်း ဇာတ်ကောင် “စီနီယာ”ကို ရည်ညွှန်းခြင်း ဖြစ်လိမ့်မည်ဟု သူ တွေးလိုက်သည်။ ဂိမ်းက ဖြေရှင်းနည်း တစ်ခုခု မပေးလျှင် ၁၃၁ ရက်အတွင်း သူ သေဆုံးသွားနိုင်၏။
“ကျွတ်...အဲဒီ အချိန်ကျရင် ငါ့ကို ပိုက်ဆံပေးပြီး လွတ်မြောက်အောင် လုပ်ခိုင်းကြဦးမှာမလား။ မင်းတို့ရဲ့ ငွေရှာနည်းတွေကို ငါ မြင်နေပါပြီကွာ။”
ချန်ဟွိုက်အန် လှောင်ရယ်လိုက်သည်။
အသိပေးချက် အသစ်တစ်ခု ပေါ်လာသည်။
[ သင်၏ ကောင်းကင်နက္ခတ် တွက်ချက်မှုကြောင့် တာအိုထံမှ တန်ပြန်သက်ရောက်မှုကို ခံစားရပြီး ကံတရား ဆုံးရှုံးသွားခဲ့သည် ]
[ ယနေ့ နိမိတ်။ မီးနက္ခတ်။ ကံကောင်းခြင်း အနည်းငယ်ရှိ။ လက်ထပ်ခြင်းအတွက် ကောင်းသည်။ တောင်တက်ရန် မသင့် ]
[ မနက်ဖြန် နိမိတ်။ မိုးကြိုးနက္ခတ်။ ကံဆိုးခြင်း။သန့်ရှင်းရေးလုပ်ခြင်း အတွက် ကောင်းသည်။ တောင်တက်ရန် မသင့် ]
“ဪ... အခုတော့ ငါ့ကို သတိပေးချက်တွေ ပေးနေပြီ ဟုတ်လား။” ချန်ဟွိုက်အန် နှာခေါင်းရှုံ့လိုက်သည်။
“ငါ့ခြေထောက်တစ်ဖက်က မြေကြီးထဲ ရောက်နေပြီပဲ။ အဆိုးဆုံး ဘာဖြစ်နိုင်မှာမို့လို့လဲ။”
သိချင်စိတ်ဖြင့် သူက မိုးကြိုးနက္ခတ်ကို ရှာဖွေကြည့်လိုက်သည်။ ၎င်းက မိုးကြိုးပစ်ခြင်းကို ဟောကိန်းထုတ်ပြီး ခြေထောက်များနှင့် ဆက်စပ်နေ၏။ ကံဆိုးခြင်းနှင့် တွဲလိုက်သောအခါ ခရီးသွားခြင်းကို သတိပေးထားသည်။ ကံဆိုးခြင်းက ကံဆိုးမိုးမှောင်ကဲ့သို့ မပြင်းထန်သော်လည်း ထိခိုက်ဒဏ်ရာရခြင်း သို့မဟုတ် ဆုံးရှုံးခြင်းကို အရိပ်အမြွက် ပြသနေ၏။
“ဒါဆို ငါက တောင်တက်ရင် မိုးကြိုးပစ်ခံရမယ်လို့ ပြောတာလား။ ဟာသပဲ။”
သူက မိုးလေဝသ ခန့်မှန်းချက်ကို စစ်ဆေးလိုက်သည်။ ကောင်းကင်က ကြည်လင်နေပြီး အပူချိန် ၃၀ဒီဂရီ စင်တီဂရိတ် အထက်တွင် ရှိသည်။ မိုးရွာမည့် အရိပ်အယောင် လုံးဝ မရှိနေပေ။
အသိပေးချက်များကို ပိတ်လိုက်ပြီး သူက လီချင်းရန်၏ အေးချမ်းစွာ အိပ်စက်နေသော မျက်နှာလေးကို အာရုံစိုက်လိုက်၏။
လီချင်းရန်က နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေဆဲ ဖြစ်ပြီး တစ်ညလုံး လှုပ်ရှားမှု မရှိသလောက်ပင်။ သို့သော် သူ၏ မျက်နှာအသွေးအရောင်မှာ သိပ်ပြီး မကောင်းလှချေ။ မနေ့ညက ချန်ဟွိုက်အန်သည် တောင်တက်ခြင်းအကြောင်း ဖတ်ပြီးနောက် အိပ်ရာဝင်ခဲ့သည်။ လီချင်းရန်၏ အခြေအနေကို သိပ်အာရုံမစိုက်ခဲ့မိသော်လည်း သူ ပုံမှန်အတိုင်း တရားထိုင်နေခဲ့သည်ကို မှတ်မိသည်။ ကောင်မလေးက မရပ်မနား လည်ပတ်နေသော စက်တစ်လုံးသဖွယ် မနားမနေ အလုပ်လုပ်ခဲ့သည်။
သူက ပရိုဖိုင်ကို နှိပ်လိုက်ရာ 'အားလျော့မှု' အသစ်တစ်ခုကို တွေ့လိုက်ရသည်။ ကံတရား ဆုံးရှုံးခြင်း။
“ထူးဆန်းတယ်… ငါ့ရဲ့ ကောင်းကင်နက္ခတ် တွက်ချက်မှုက သူ့ကို ထိခိုက်သွားတာလား။” ဖြစ်နိုင်ခြေကို သူ စဉ်းစားမိလိုက်သည်။
အခြေအနေ = အိပ်နေ၏။
လက်ရှိ ချစ်ခင်မှု အဆင့် = ၂၅ (လေးစားရိုသေမှု)။
ချစ်ခင်မှု အဆင့်၂၅က လက်ဆောင်အသေးလေး တစ်ခုကို ဖွင့်လိုက်ပါပြီ။
သင့်ပုံရိပ်ယောင်ကောင်မလေး 'လီချင်းရန်'က သင့်အတွက် လက်ဆောင် ပသေးလေး တစ်ခု ပြင်ဆင်ထားသည်။ ၎င်းကို ပို့ဆောင်ပြီးပါပြီ။
“လက်ဆောင်စနစ်လား။ ထုံးစံပဲ။” ချန်ဟွိုက်အန်က မေးစေ့ကို ပွတ်သပ်ရင်း ရေရွတ်လိုက်သည်။
သူက ပစ္စည်းစာရင်းထဲတွင် လက်ဆောင်ကို ရှာဖွေလိုက်သော်လည်း ဘာမျှ မတွေ့ရ။
ဂိမ်းတွင်း စာပို့စနစ်လည်း မရှိ။
ဂိမ်းက ကြိုဆိုလက်ဆောင်ပင် မပေးထားပေ။ ၎င်းက P2W ပုံစံကို အလွန်အမင်း ကျင့်သုံးထား၏။
“ရီဖရပ်စ် မဖြစ်သေးတာ နေမယ်။” သူ ခန့်မှန်းလိုက်သည်။
ထိုအချိန် တံခါးခေါက်သံ တစ်ခု ထွက်ပေါ်လာခဲ့သည်။
ချန်ဟွိုက်အန်က ဇဝေဇဝါနှင့် တံခါးကို ဖွင့်လိုက်ရာ မည်သူမျှ ရှိမနေသည်ကို တွေ့လိုက်ရသည်။
သူ တံခါးပိတ်တော့မည့် အချိန်တွင် ကြမ်းပြင်ပေါ်ရှိ လက်ဝါးအရွယ်ရှိသော အထုပ်တစ်ထုပ်ကို သတိထားမိလိုက်သည်။
“ဟမ်... ငါ ဘာမှ မမှာထားပါဘူး။ ပြီးတော့ ဘယ်သူက မနက် ၅နာရီကြီး အထုပ်လာပို့တာတုန်း...”
သူက ၎င်းကို ကောက်ယူလိုက်သည်။
တံဆိပ်ပေါ်တွင် မည်သည့် ပို့ဆောင်ရေး ကုမ္ပဏီ လိုဂို၊ ခြေရာခံ နံပါတ်မျှ မပါရှိပေ။ သပ်ရပ်သော စာကြောင်း တစ်ကြောင်းသာ ပါရှိ၏။
စီနီယာချန် အတွက် “လီချင်းရန်မှ လက်ဆောင် အသေးလေး” ...