အဲ့ဒီလူကို ပြန်ခေါ်ထုတ်သွားပါ
Vol. 23 Ch. 286
"မြေခွေးစိမ်းတွေအားလုံး စုပ်ယူခံလိုက်ရတာလား"
သူတို့အားလုံးသည် စကားတစ်ခွန်းမျှ ထပ်မပြောနိုင်တော့ချေ။
မြေခွေးစိမ်းဆိုသည်မှာ ကောင်းကင်ကံကြမ္မာ နယ်မြေမှ ဆင်းသက်လာသော သားရဲများ ဖြစ်ကြပြီး တစ်ကောင်စီတွင် ကြယ်မြစ်နယ်ပယ် ပထမအဆင့် အထွတ်အထိပ် သို့မဟုတ် ဒုတိယအဆင့်အထွတ်အထိပ်တွင်ရှိသော စွမ်းအားများ ပိုင်ဆိုင်ထားကြသည်။ သူတို့နှင့်ရင်ဆိုင်ရန် ခက်ခဲသည်ဟု ဆိုနိုင်ကာ အနိုင်ယူရန်မှာ ပို၍ပင် အလှမ်းကွာဟသည်။ သို့ရာတွင် ဤလူကမူ ကျင့်ကြံမှုနေရင်းဖြင့် သူတို့ကို ကောင်းကင်ကံကြမ္မာစွမ်းအင်များအဖြစ် သဘောထားကာ ဝါးမျိုလိုက်သည်။
ဤအတိုင်းသာ ဆက်သွားလျှင် ကံကြမ္မာနတ်ဘုရားနယ်မြေ တစ်ခုလုံး အမှန်တကယ်ကို ပြိုလဲပျက်စီးသွားနိုင်သည်။
"တကယ်လို့ ဒီနယ်မြေသာ ပြိုလဲပျက်စီးသွားရင် ဖုမိသားစုခေါင်းဆောင်က သေချာပေါက် ဒေါသထွက်သွားလိမ့်မယ်... ယီယီ ဒါကို ရပ်တန့်ဖို့ နည်းလမ်းတစ်ခုခုကို မြန်မြန်စဉ်းစားရအောင်..."
ရှန်ဝူကျွင်းက အလျင်အမြန် ပြောလိုက်သော်လည်း သူ၏စကားမဆုံးမီမှာပင် ဖုယီယီက ဂူထဲရှိ လူငယ်လေးကို ကြည်ညိုလေးစားသော မျက်လုံးများဖြင့် ကြည့်နေသည်ကို မြင်တွေ့လိုက်ရသည်။
"ကျင့်ကြံရင်းနဲ့ ကံကြမ္မာ နတ်ဘုရားနယ်မြေကို ပြိုလဲပျက်စီးလုနီးပါး ဖြစ်အောင် လုပ်နိုင်တယ်ဆိုတော့... တကယ့်ကို အထင်ကြီးစရာပဲ ငါ သဘောကျတဲ့ ယောကျာ်းဖြစ်ဖို့ ထိုက်တန်တယ်"
...
ဖုကျင်းကျင်းသည်လည်း တောက်ပနေသော မျက်လုံးများဖြင့် ကျန်းရွှမ်ကို ကြည့်နေပေ၏။
"သူက ဘယ်လိုကြည့်ကြည့် ခန့်ညားနေတာပဲ....အရင်က ငါ ဘာလို့ သတိမထားမိခဲ့တာလဲ"
ဖုချင်းချင်းက ဝင်ရောက်ပြောဆိုသည်။
"အမှန်ပဲ ... ငါ အရင်က သူ့ကို လှောင်တောင် လှောင်ခဲ့သေးတယ်... အစ်ကိုကြီးကျန်းရွှမ် စိတ်မဆိုးလောက်ဘူးမလားဟင်"
"..."
ရှန်ဝူကျွင်း ငိုချင်စိတ်ပေါက်သွားသည်။
'ကောင်းကင်ကံကြမ္မာ နတ်ဘုရားနယ်မြေက အချိန်မရွေး ပြိုကျပျက်စီးသွားနိုင်ပြီးတော့ စုပ်ယူခံရတော့မှာကို... မင်းတို့က စိတ်မပူဘဲနဲ့ အချစ်စိတ်မွန်နေတဲ့ အရူးမတွေလို သူ့ကို ကိုးကွယ်နေကြတာလား...'
'ဒါက ဘယ်လို ဘေးကပ်ဆိုးကြီးလဲ'
ကျိုးယီမြို့....ဖုအိမ်တော်တွင် ..
ဖုမိသားစုဘိုးဘေးဟူချင်း သည် မြေခွေးတစ်သောင်းကျင်း၏ရှေ့တွင် ငြိမ်သက်စွာ လဲလျောင်းနေသည်။ သူမ၏ခန္ဓာကိုယ်သည် လမ်းလျှောက်ရန်ပင် ခက်ခဲသည်အထိ အားနည်းနေသော်လည်း သူမ၏မျက်လုံးများကမူ ပြင်းထန်သော စိတ်လှုပ်ရှားမှုများဖြင့် တောက်ပနေသည်။
ချင်းချိုးတောင်မှ ထွက်ခွာလာပြီးနောက် သူမ၏ ကောင်းကင်ကံကြမ္မာအပေါ် နားလည်မှု နိမ့်ပါးခြင်းနှင့် ပေါင်းစပ်လိုက်ချိန်၌ သူမတို့၏မိသားစုခွဲသည် သမိုင်းစာမျက်နှာများတွင် မေ့ပျောက်ခံရပြီး မကြာမီ ပျောက်ကွယ်သွားတော့မည်ဟု သူမ ထင်မှတ်ခဲ့ဖူးသည်။ ပါရမီရှင်တစ်ယောက် ထွက်ပေါ်လာလိမ့်မည်ဟု သူမ အိမ်မက်ထဲတွင်ပင် ထည့်မမက်ခဲ့ဖူးပေ။
မြေခွေးညို့ငင်ကံကြမ္မာ၏ အထွတ်အထိပ် လျှို့ဝှက်နည်းစနစ်... ဤသည်မှာ သူမ ငယ်ရွယ်စဉ်ကပင် မက်ခွင့်မရခဲ့သော အိမ်မက်တစ်ခု ပင်။ အကယ်၍ ဤပါရမီကိုသာ ရှာတွေ့ခဲ့ပါက ချင်းချိုးတောင်တစ်တောင်လုံးက ထိုပါရမီရှင်ကို အကြီးမြတ်ဆုံးရတနာအဖြစ် သတ်မှတ်ပြီး ရိုသေလေးစားကြပေမည်။
"ဒါက ငါ့ရဲ့ ခန့်မှန်းချက်သက်သက်ပဲ ရှိသေးတယ်...ဒါကို အတည်ပြုနိုင်ဖို့အတွက် သူက မြေခွေးတစ်သောင်းကျင်းရဲ့ စမ်းသပ်မှုကို အောင်မြင်ဖို့ လိုသေးတယ်"
ဟူချင်းသည် ခပ်ဖျော့ဖျော့ပြုံးကာ သူမ၏ အကြည့်သည် တွင်းဝပေါ်သို့ ကျရောက်သွားပြီး မျှော်လင့်ချက်များ ထင်ဟပ်နေသည်။
"ဘိုးဘေး.....မြေခွေးတစ်သောင်းကျင်း ရဲ့ စမ်းသပ်မှုက... ကြွေလွင့်ပုလဲတွေကိုရှာပြီးတော့ မြေခွေးစိမ်းတွေကို တိုက်ခိုက်ရုံပဲလား...ဒီစမ်းသပ်မှုကို အောင်မြင်ပြီး ထွက်လာဖို့က ဘယ်လိုအခြေအနေတွေ လိုအပ်လဲ"
ဖုမိသားစုခေါင်းဆောင်က မြိုသိပ်မထားနိုင်တော့သဖြင့် မေးမြန်းလိုက်၏။
မိသားစုခေါင်းဆောင် ဖြစ်သော်လည်း သူမသည် မြေခွေးတစ်သောင်းကျင်းနှင့် ပတ်သက်သော အသေးစိတ် အချက်အလက်များအားလုံးကို မသိချေ။ မြေခွေးစိမ်းများနှင့် တိုက်ခိုက်ခြင်း ကြွေလွင့်ပုလဲများ ရိတ်သိမ်းခြင်းစသည့် နည်းလမ်းတချို့ကိုသာ သိရှိထားသည်။
"ဒါပေါ့....အဲ့ဒါတွေတင် မကဘူး"
အဘွားအိုက ခေါင်းခါယမ်းလိုက်သည်။
"မြေခွေးစိမ်းတွေက မြေခွေးတစ်သောင်းကျင်း ရဲ့စွမ်းအင်တွေ ရုပ်လုံးပေါ်လာတာပဲ... စွမ်းအင်တွေ ရှိနေသရွေ့ သူတို့ကို အမြစ်ပြတ်သုတ်သင်ပစ်ဖို့ဆိုတာ မဖြစ်နိုင်ဘူး... ကြွေလွင့်ပုလဲဆိုတာက ဘိုးဘေးတွေရဲ့ မြေခွေးညို့ငင်ကံကြမ္မာအပေါ် နားလည်သဘောပေါက်မှုတွေပဲ...ဒါကို နားမလည်နိုင်တဲ့လူတွေက ရိတ်သိမ်းရာမှာ ကျရှုံးကြလိမ့်မယ်...သူတို့ရဲ့အင်အားတွေကို အလဟဿ ဖြုန်းတီးရာ ရောက်ရုံပဲ ရှိတယ်...ဒါတွေက မြေကြီးထဲကို တိုးဝင်သွားပြီးရင် တခြားနေရာမှာ ပြန်ပေါ်လာကြမှာပဲ..."
ဖုမိသားစုခေါင်းဆောင် ကြက်သေသေသွားပြီးနောက် သူမ၏မျက်နှာအမူအယာ ပြောင်းလဲသွားသည်။
"ဘယ်တော့မှ မဆုံးနိုင်ဘဲ အမြဲတမ်း ပြန်မွေးဖွားနေတယ်ဆိုတော့....မြေခွေးတစ်သောင်းကျင်းထဲက စွမ်းအားက အမြဲတမ်း ဟန်ချက်ညီပြီး အဆုံးမရှိဘူးဆိုတဲ့ သဘောလား"
အဆုံးမရှိသော စွမ်းအင်...မရေမတွက်နိုင်သော မြေခွေးစိမ်းများ...ဤသို့ဆိုလျှင် စမ်းသပ်မှုကို အောင်မြင်ရန်မှာ မဖြစ်နိုင်သလောက်နီးပါးပင်။
လူသားများ၏စွမ်းအားသည် အကန့်အသတ် ရှိပြီး လမ်းခရီးကမူ အဆုံးမရှိဟုဆိုလျှင် မည်ကဲ့သို့ ဆက်သွားနိုင်မည်နည်း။
အဘွားအို ခေါင်းညိတ်လိုက်သည်။
"အမှန်ပဲ.... မြေခွေးတစ်သောင်းကျင်းက ကောင်းကင်ကံကြမ္မာ နတ်ဘုရားနယ်မြေရဲ့ အားပျော့တဲ့ ပုံစံတစ်ခုပဲ..ဒါက အစစ်အမှန်တွေလောက် မကြမ်းတမ်းပေမယ့် ကမ္ဘာငယ်လေးတစ်ခုပဲ.... အောင်မြင်ဖို့အတွက် မြေခွေးစိမ်းတွေကို အကုန် သတ်ဖို့ ကြွေလွင့်ပုလဲတွေကို အကုန် ရိတ်သိမ်းဖို့ မလိုအပ်ဘူး... အဲ့ဒီအစား နယ်မြေအတွင်းထဲက နည်းစနစ်တွေရဲ့အနှစ်သာရကို နားလည်သဘောပေါက်ပြီးတော့ ကံကြမ္မာကို ထိုးထွင်းသိမြင်နိုင်အောင်လုပ်ပြီး ဘိုးဘေးတွေရဲ့အသိအမှတ်ပြုမှုကို ရယူရမယ်"
"ဘိုးဘေးတွေရဲ့ အသိအမှတ်ပြုမှုကို ရယူရမယ်.... ဟုတ်လား"
ဖုမိသားစုခေါင်းဆောင် ကူကယ်ရာမဲ့ ဖြစ်သွားသည်။
အဘွားအိုသည် နှစ်ပေါင်းများစွာကြာအောင် အမြင့်မားဆုံးပါရမီနှင့်စွမ်းအား ရှိခဲ့သူ ဖြစ်ပြီး သူမ မြေခွေးတစ်သောင်းကျင်းထဲသို့ ဝင်ရောက်ခဲ့စဉ်ကပင် အသိအမှတ်ပြုမှုကို မရရှိခဲ့ပေ။ လူငယ်မျိုးဆက်သစ်များသည် အသိအမှတ်ပြုမှုကိူ ရရှိနိုင်မည်ဟူသည်မှာ သံသယဝင်ဖွယ်ကောင်းသော ကိစ္စတစ်ရပ်ပင်။
"မဖြစ်နိုင်ဘူးလို့ မင်း ထင်နေတာလား"
သူမ၏မျက်နှာအမူအယာကို မြင်ပြီးနောက် အဘွားအိုက အပြုံးနှင့် ပြောဆိုလိုက်၏။
"ဟုတ်ကဲ့"
ဖုမိသားစုခေါင်းဆောင်သည် သူမ၏ခံစားချက်များကို ဖုံးကွယ်မထားဘဲ ခေါင်းညိတ်လိုက်သည်။
အဘွားအိုက ပြောဆိုသည်။
"ငါလည်း အရင်ကတော့ ဒါကို မဖြစ်နိုင်ဘူးလို့ ထင်ခဲ့ဖူးတယ်.. ဒါပေမဲ့ ဒီတစ်ကြိမ်တော့ဘိုးဘေးရဲ့ အသိအမှတ်ပြုမှုကိုရဖို့ ပထမဆုံး ပါရမီ ရှိရမယ်...ပြီးရင် ခံနိုင်ရည်နဲ့ ဇွဲလုံ့လ ရှိရမယ်... မြေခွေးစိမ်းတွေရဲ့ လှည့်စားမှုတွေနဲ့ တိုက်ခိုက်မှုတွေကို ခံနိုင်ရည်ရှိပြီးတော့ ဘိုးဘေးတွေ ချန်ထားခဲ့တဲ့ ကြီးမားတဲ့ဖိအားတွေကို တောင့်ခံနိုင်သရွေ့ မဖြစ်နိုင်ဘူးဆိုတာ မရှိပါဘူး"
"ဒါပေမဲ့ အဲ့ဒီကိစ္စနှစ်ခုလုံးက အရမ်းခက်ခဲလွန်းတယ်...အထူးသဖြင့် ဘိုးဘေးတွေရဲ့ ဖိအားပဲ... ကျွန်မ အရင်က ဒါကို ကြုံဖူးတယ်... သူတို့ကို မဆိုထားနဲ့ ကျွန်မတောင် ခံနိုင်ရည်ရှိဖို့ ခက်ခဲတယ်"
ဖုမိသားစုခေါင်းဆောင်က ခါးသည်းသောအပြုံးနှင့် ပြောဆိုလိုက်သည်။
"အဲ့ဒါတော့ အမှန်ပဲ..."
အဘွားအိုက ခေါင်းညိတ်လိုက်သည်။
"ဒါပေမဲ့ ငါတို့ရဲ့ရည်ရွယ်ချက်က သူတို့ကို စမ်းသပ်မှု အောင်မြင်စေချင်တာ မဟုတ်ဘူး... အချိန်ကြာကြာ တောင့်ခံနိုင်ဖို့ မြေခွေးစိမ်းတွေ အများကြီးကို သတ်နိုင်ဖို့နဲ့ ကြွေလွင့်ပုလဲကို အများကြီး ရိတ်သိမ်းနိုင်ဖို့ပဲ... နင် ဘာမှစိတ်မပူနဲ့ .....ငါက ဘိုးဘေးရဲ့ ကျန်ရစ်တဲ့စိတ်ဆန္ဒနဲ့ ဆက်သွယ်ထားပြီးပြီ...သူက သနားညှာတာပါလိမ့်မယ်..."
သူမ၏စကားမဆုံးမီမှာပင် မြေခွေးတစ်သောင်းကျင်းမှ ရုတ်တရက် မျက်စိကျိန်းလောက်သော အလင်းရောင်များ တောက်ပလာပြီး မရပ်မနား တုန်ခါလာသည်။
"ဘာဖြစ်တာလဲ"
အဘွားအိုသည် ထိတ်လန့်သွားပြီး အလျင်အမြန် ကြည့်လိုက်၏။
ပုံမှန်အားဖြင့် တည်ငြိမ်အေးဆေးသော မြေခွေးတစ်သောင်းကျင်းသည် ယခုအချိန်၌ တုန်ခါနေပြီး လှုပ်ရှားနေသည်။ ထိုအရာ၏အထက်၌အလင်းရောင်များ တွန့်လိမ်ပုံပျက်နေပြီး တွင်းနက်ကြီးထဲမှ ဟိန်းဟောက်သံများ ထွက်ပေါ်နေပေ၏။
"ဘိုးဘေးက ဖိအားပေးပြီး နောက်ဆုံး စမ်းသပ်မှုကို စတင်လိုက်တာများလား... အချိန် ဘယ်လောက် ကြာသေးလို့လဲ..."
ဖုမိသားစုခေါင်းဆောင်က မယုံကြည်နိုင်စွာဖြင့် ပြောဆိုသည်။
ထိုကဲ့သို့ဖြစ်ရပ်မျိုးသည် ဘိုးဘေးက နောက်ဆုံးစမ်းသပ်မှုအတွက် ဖိအားပေးသည့် အချိန်မျိုး၌သာ ဖြစ်ပေါ်လာလေ့ရှိသည်။ သို့ရာတွင် ဤလူများသည် နယ်မြေအတွင်းသို့ ရောက်ရှိသည်မှာ နှစ်နာရီပင် မကြာသေးသဖြင့် မြေခွေးစိမ်း တစ်သုတ်နှစ်သုတ်လောက်ဖြင့်သာ ရင်ဆိုင်ရပေမည်။ နောက်ဆုံးစမ်းသပ်မှု ဆိုသည်မှာ ၄ နာရီ ၅ နာရီ သို့မဟုတ် ၇ နာရီ ၈ နာရီခန့်ကြာမှသာ ရောက်ရှိလာတတ်သည်။
"ဖြစ်နိုင်တာတော့... ဘိုးဘေးက သူတို့ကို သဘောမကျတာကြောင့် အပြစ်ပေးချင်နေတာလား"
ထိုအတွေး ဝင်လာသည်နှင့် သူမ၏ မျက်လုံးအိမ် ကျဉ်းမြောင်းသွားသည်။
အကယ်၍ ထိုသို့ဆိုလျှင် အခြေအနေသည် အန္တရာယ်များပေလိမ့်မည်။
"ဖြစ်နိုင်တယ်... ဘယ်လိုလုပ်ပြီး ဒီလို ဖြစ်ရတာလဲ"
အဘွားအို၏မျက်လုံးများတွင်လည်း ထိတ်လန့်ကြောက်ရွံမှုများ ဖြတ်သန်းသွားသည်။
'ဖုယင်ယင်က အထွတ်အထိပ် လျှို့ဝှက်နည်းစနစ်ကို နားလည်သဘောပေါက်ခဲ့တာ မဟုတ်ဘူးလား....ဘာလို့ ဘိုးဘေးက ဒေါသထွက်ရတာလဲ... ငါ့ရဲ့ ပိုင်းခြားသိမြင်မှု အားနည်းလို့ အမြင်မှားခဲ့တာများလား...
"ဘိုးဘေးရဲ့ စိတ်ခံစားချက်ကို ငြိမ်သက်သွားအောင် စွမ်းအားတွေ မြန်မြန်ဖြည့်တင်းကြရအောင်..."
အဘွားအိုသည် ဆက်လက်၍ ကြည့်မနေနိုင်တော့ဘဲ အလျင်အမြန် မတ်တတ်ထရပ်ကာ သူမ၏တောင်ဝှေးကို ဆုပ်ကိုင်ပြီး ရှေ့သို့ ထိုးစိုက်လိုက်သည်။ အားကောင်းသော စွမ်းအားတစ်ရပ်သည် မြေခွေးတစ်သောင်းကျင်းထံသို့ လျင်မြန်စွာ တိုးဝင်သွားပေ၏။ ဖုမိသားစုခေါင်းဆောင်သည်လည်း တုံ့ဆိုင်းမနေရဲဘဲ သူမ၏စွမ်းအားများကို တွင်းထဲသို့ ပေးပို့လိုက်သည်။
ရုတ်ချည်းဆိုသလိုပင် သူမတို့နှစ်ဦးလုံး ခံစားလိုက်ရသည်မှာ မြေခွေးတစ်သောင်းကျင်းသည် အောက်ခြေမရှိသော ချောက်နက်ကြီး တစ်ခုကဲ့သို့ ဖြစ်နေခြင်းပင်။ ဤသည်မှာ သူမတို့၏ စွမ်းအားများကို ဝါးမျိုရုံသာမက သူတို့ကိုလည်း လွှမ်းမိုးသွားလုနီးပါး ဖြစ်နေကာ အချိန်မရွေး ဆွဲချသွားနိုင်မည့် အခြေအနေသို့ ရောက်ရှိနေပေ၏။
"ပတ်ဝန်းကျင်က ရင်းမြစ်စွမ်းအင်တွေကို စုပ်ယူဖို့ ဝင်္ကပါကို မြန်မြန်အသက်သွင်းလိုက်..."
ဤအတိုင်းဆက်သွားလျှင် သူမတို့တို့၏စွမ်းအားများ ခြောက်ခမ်းသွားလိမ့်မည်ကို သိရှိသဖြင့် အဘွားအိုက ကူကယ်ရာမဲ့စွာဖြင့် အော်ဟစ်လိုက်သည်။
"ဟုတ်ကဲ့...."
ဖုမိသားစုခေါင်းဆောင်က သူမ၏လက်ချောင်းကို လှုပ်ခတ်လိုက်ရာ အဝေးရှိ ဝင်္ကပါအလံများကို ရိုက်ခတ်သွားသည်။ မြူခိုးများထွက်ပေါ်လာပြီးနောက် ပတ်ဝန်းကျင်ရှိ ရင်းမြစ်စွမ်းအင်များသည် အသက်ဝင်လာသော ဝင်္ကပါ၏စုပ်ယူခြင်း ခံလိုက်ရကာ မြေခွေးတစ်သောင်းကျင်း ထဲသို့ ဝင်ရောက်သွားသည်။
ရင်းမြစ်စွမ်းအင်အမြောက်အများ ဝင်ရောက်သွားပြီးနောက် မြေခွေးတစ်သောင်းကျင်း၏ တုန်ခါမှုသည် နောက်ဆုံးတွင် ငြိမ်သက်သွားပေ၏။
အဘွားအိုနှင့် ဖုမိသားစုခေါင်းဆောင်တို့သည် သူမတို့၏လက်များကို ပြန်ရုတ်သိမ်းလိုက်ကြပြီး အချိန်တိုအတွင်းမှာပင် သူမတို့၏စွမ်းအား ထက်ဝက်ခန့် ကုန်ဆုံးသွားကြောင်း သတိပြုမိလိုက်ကြသည်...
ဒါက ကြောက်ဖို့ကောင်းလိုက်တာ...
'ဘိုးဘေးက ဘယ်လောက်တောင် ဒေါသထွက်နေတာလဲ'
သူမတို့အချင်းချင်း ကြည့်လိုက်ကြပြီး နှစ်ဦးလုံးထံတွင် တူညီသောအတွေးများရှိနေကာ အံ့အားသင့်နေကြသည်။
'ဘိုးဘေး အရမ်းဒေါသထွက်နေမှသာ ဒီလို ဖြစ်နိုင်တာ မဟုတ်လား...'
ဝုန်း...
သူမတို့၏အတွေး မဆုံးခင်မှာပင် မြေခွေးတစ်သောင်းကျင်း တဖန်ပြန်၍ တုန်ခါလာသည်။
"အမေ...ဘယ်လိုလုပ်မလဲ ဒီဝင်္ကပါက ဖုမိသားစုရဲ့ အကြီးမားဆုံး စွမ်းအားစုစည်းမှု အစီအရင်ပဲ... ဒါတောင် မလုံလောက်ဘူးဆိုရင် အထဲက လူတွေအားလုံး သေသွားမှာကို ကျွန်မ စိုးရိမ်တယ်..."
ဖုမိသားစုခေါင်းဆောင်က စိုးရိမ်ပူပန်တကြီး ပြောဆိုသည်။
"ငါ သိတယ်"
အဘွားအိုသည် အခြေအနေ၏ပြင်းထန်မှုကို သတိပြုမိကာ အချိန်တခဏကြာမျှ စဉ်းစားပြီးနောက် အံ့တင်းတင်းကြိတ်လိုက်သည်။
"ဘိုးဘေးကို ဘာက ဒီလောက်ထိ ဒေါသထွက်စေလဲဆိုတာ မသိပေမယ့် ဒီကောင်းကင်ကံကြမ္မာနယ်မြေက ငါ့ရဲ့အမေ ချန်ထားခဲ့တာပဲ.... ငါ သူနဲ့ဆက်သွယ်ဖို့ ကြိုးစားကြည့်မယ် ဒီလူငယ်လေးတွေကို ကယ်နိုင်လောက်ပါတယ်"
"ဟူး...ကောင်းပါပြီ"
သူမ၏စကားကို ကြားလိုက်ရချိန်တွင် ဖုမိသားစုခေါင်းဆောင်က သက်ပြင်းချလိုက်သည်။
အချိန်သည် အရေးကြီးကြောင်း သိသဖြင့် အဘွားအိုသည် အချိန်မဆွဲတော့ဘဲ သူမ၏လျှာကိုကိုက်ကာ သွေးတစ်လုတ်ထွေးထုတ်လိုက်သည်။ နောက်ထပ်အချိန်တခဏတွင် သွေးများသည် တွင်းဝဆီသို့ ပြန့်ကျဲသွားသည်။ တစ်ချိန်တည်းမှာပင် သူမက တီးတိုးရေရွတ်လိုက်သည်။
"အမေ...သမီး ချင်းအာပါ...လူငယ်မျိုးဆက်သစ်တွေက အမှားလုပ်မိပြီးတော့ အမေ့ကို ဒေါသထွက်စေခဲ့ပါတယ်....ကျေးဇူးပြုပြီးတော့ သနားညှာတာပေးပါ..."
ဝုန်း…
တွင်းဝ၌ အလင်းရောင်များ တောက်ပလာပြီး အလင်းပုံရိပ်ယောင်ကားချပ်တစ်ခု ရုတ်တရက် ထွက်ပေါ်လာသည်။
ဤသည်မှာ ဘိုးဘေး၏စိတ်ဆန္ဒ သရုပ်သကန်ထင်ဟပ်လာခြင်းဖြစ်ကြောင်း သိသဖြင့် ဘိုးဘေးသည် ဒေါသထွက်ရသည့် အကြောင်းအရင်းကို ဖော်ပြပြီး ပြဿနာများကို ဖြေရှင်းရန် သူမကို လမ်းညွှန်ပေးပေလိမ့်မည်။
အဘွားအိုက စူးရှသောမျက်လုံးများဖြင့် စူးစိုက်ကြည့်လိုက်သည်။
မကြာမီတွင် ပုံရိပ်ယောင်ကားချပ်ပေါ်၌ စာကြောင်းတစ်ကြောင်း ဖြည်းညှင်းစွာ ထွက်ပေါ်လာသည်ကို မြင်တွေ့လိုက်ရသည်။
" ငါ မှားသွားပါတယ်...ကျေးဇူးပြုပြီး သူတို့ကို ခေါ်ထုတ်သွားပေးပါ..."
"...."
အဘွားအိုနှင့် ဖုမိသားစုခေါင်းဆောင်တို့သည် ကြက်သေသေသွားပြီး နေရာမှာပင် တောင့်တင်းစွာ မတ်တတ်ရပ်နေကြတော့သည်။