← Chapters

ကြယ်စင်မြစ်နယ်ပယ် ဒုတိယအဆင့် အထွတ်အထိပ်

Vol. 23 Ch. 292

ကြယ်စင်မြစ်နယ်ပယ် ဒုတိယအဆင့် အထွတ်အထိပ်

Vol. 23 Ch. 292

ဖုမိသားစု၏ မြေခွေးတစ်သောင်းကျင်း တည်ရှိရာ ခြံဝန်းအပြင်ဘက်တွင် မိုးလင်းစအချိန်၌ လူရိပ်တစ်ခု တိတ်တဆိတ် ရောက်ရှိလာသည်။

ဤသည်မှာ မိန်းကလေးတစ်ယောက်ဖြစ်ပြီး မိုးပြာရောင်ဝတ်စုံရှည်ကို ဝတ်ဆင်ထားကာ သူမ၏ ပြေပြစ်သော ခန္ဓာကိုယ်အချိုးအစားကို ပို၍ပေါ်လွင်စေသည်။ သူမ၏နားထင်တွင် ပန်းရောင်ပန်းပွင့်တစ်ပွင့်ကို ပန်ထားပြီး လတ်ဆတ်ကာ ရေစက်များပင် တင်ကျန်နေသေးသည်။ သူမသည် ခြေလှမ်းကျဲကြီးများဖြင့် လျှောက်လှမ်းလာပြီး ခြံဝန်းတံခါးရှေ့သို့ ရောက်ရှိလာပေ၏။ သူမသည် ခြံဝန်းအတွင်းသို့ဝင်ရန် အလျင်မလိုသည့်အပြင် တံခါးလည်း မခေါက်သေးချေ။ ထိုအစား သူမသည် ကြေးမုံငယ်တစ်ချပ်ကို ထုတ်ယူပြီး သူမ၏မျက်နှာပေါ်ကျနေသော ဆံပင်များကို သေချာပြန်ပြင်ကာ နှုတ်ခမ်းနီ ပြန်ဆိုးလိုက်သည်။ ထို့နောက် သူမသည် သက်ပြင်းတစ်ချက် မှုတ်ထုတ်လိုက်၏။ သူမသည် ခြေလှမ်းနှစ်လှမ်း ရှေ့တိုးလိုက်ပြီး ခြံဝန်းတံခါးရှေ့သို့ ရောက်သည်နှင့် သူမ၏လက်ကို ဆန့်တန်းကာ တံခါးခေါက်ရန် ဟန်ပြင်လိုက်သည်။

"ယီယီ... နင် ဒီမှာ ဘာလုပ်နေတာလဲ"

ထိုအချိန်မှာပင် အသံတစ်သံ ထွက်ပေါ်လာသဖြင့် ဖုယီယီက အလျင်အမြန် လှည့်ကြည့်လိုက်ရာ ခြံဝင်း၏ဘေးတစ်ဖက်မှ လျှောက်လှမ်းလာသော ဖုကျင်းကျင်းကို တွေ့မြင်လိုက်ရသည်။

ဖုကျင်းကျင်းသည်လည်း ခရမ်းရောင်ဖျော့ဖျော့ ဝတ်စုံရှည်ကို သေချာပြင်ဆင်၍ ဝတ်ဆင်ထားပြီး သူမ၏ခန္ဓာကိုယ်ကောက်ကြောင်းများကို ပြီးပြည့်စုံစွာ ပုံဖော်ထားသည်။ သူမ၏မျက်နှာပေါ်တွင် မျက်နှာချေပါးပါး လိမ်းထားပြီး သူမ၏နှုတ်ခမ်းများ ရွှမ်းစိုတောက်နေသဖြင့် နမ်းချင်စဖွယ်ဆွဲဆောင်မှု ရှိနေပေ၏။

သူမ၏ လှပသောပုံပန်းသွင်ပြင်နှင့် အသေးစိတ်ကျကျ ပြင်ဆင်ဝတ်ဆင်ထားမှုသည် အမြင်အာရုံကို ဖမ်းစားနိုင်သည်။ သို့ရာတွင် အမှန်တကယ် စိတ်ရှုပ်ဖွယ်ကောင်းသည်မှာ သူမ၏လက်ထဲတွင် အထူးပြုလုပ်ထားသော ထမင်းဘူးတစ်ဘူးကို ကိုင်ထားခြင်းပင်။ သူမ အနီးသို့မရောက်မီမှာပင် သင်းပျံ့သော ရနံ့များက လေထုထဲတွင် ပျံ့လွင့်လာသည်။

...

"ငါက... ငါက ဒီတိုင်း လာကြည့်တာပါ.... နင်ရော ဒီမှာ ဘာလုပ်နေတာလဲ"

ဖုယီယီက သူမ၏ လက်များကို နောက်သို့ အလျင်အမြန် ဖွက်လိုက်ပြီး အထစ်ထစ်အငေါ့ငေါ့ဖြင့် မေးမြန်းလိုက်သည်။

"ငါက ကျန်းရွှမ်အတွက် အစားအသောက် လာပို့တာလေ ဒါက ယန်ဆန်းရှစ်ဆန်းကို မနက်အစောကြီးထပြီး ပြုတ်ခိုင်းထားတဲ့ စွပ်ပြုတ်ပဲ..."

ဖုကျင်းကျင်းက သူမ၏လက်ထဲမှ ထမင်းဘူးကို မြှောက်ပြလိုက်သည်။

"အစားအသောက် လာပို့တာလား...သူ့ဘေးမှာ ဖုယင်ယင် ရှိနေပြီးသားပဲ..နင် ဒီလိုလုပ်တာ မသင့်တော်ဘူး မဟုတ်လား"

ဖုယီယီက မျက်မှောင်ကြုတ်လိုက်သည်။

"ငါ နှစ်ပွဲ လုပ်လာတယ်လေ... ဖုယင်ယင်အတွက် တစ်ပွဲပေါ့... ငါ အဲ့ဒါတွေကို ဂရုမစိုက်ပါဘူး... သူက ငါ့ရဲ့လက်ရာကို တစ်လုတ်လောက် စားပေးရင်ပဲ ငါ ကျေနပ်ပါပြီ"

ဖုကျင်းကျင်က ပြုံးလိုက်သည်။

"နင်လည်း အစားအသောက် လာပို့တာတော့ မဟုတ်လောက်ပါဘူးနော်....နင်က လမ်းမှားပြီး ဒီကို မတော်တဆ ရောက်လာတယ်လို့တော့ ငါ့ကို မပြောနဲ့"

"ငါ... ငါက... သေချာတာပေါ့..ငါလည်း အစားအသောက် လာပို့တာပဲ"

ဖုယီယီသည် လက်ပူးလက်ကျပ်မိသွားသဖြင့် သူမ၏မျက်နှာ နီမြန်းသွားပြီး သူမ၏လက်များကို ရှေ့သို့ထုတ်ပြလိုက်သည်။ အမှန်တကယ်ကိုပင် သူမသည်လည်း ထမင်းဘူးတစ်ဘူး ကိုင်ထားပြီး မွှေးရနံ့များ ထွက်ပေါ်နေသည်။

"မနက်ခင်းမှာ စွပ်ပြုတ်သောက်တာက အစာအိမ်အတွက် မကောင်းဘူး.. ဒါက ရှန်ဝူကျွင်းကို မနက်အစောကြီးထပြီး ကျန်းရွှမ်အတွက် လုပ်ခိုင်းထားတဲ့ ရတနာရှစ်ပါး ပြောင်းဆန်ပြုတ်ပဲ..."

"ရတနာရှစ်ပါး ပြောင်းဆန်ပြုတ်က အရမ်းချိုတယ်... ငါက ဆုယွမ်ကျဲ့ကို အီကြာကွေးနဲ့ပဲနို့ လုပ်ခိုင်းထားတယ်"

ထိုအချိန်မှာပင် ဖုချင်းချင်း လျှောက်လှမ်းလာပြီး သူမ၏လက်ထဲမှ မနက်စာကို မြှောက်ပြလိုက်သည်။

"ကျန်းရွှမ်က ငါ့ဟာကို သေချာပေါက် စားမှာ..."

"သူက ငါ့ဟာကိုပဲ သေချာပေါက် စားမှာ"

ဖုယီယီက မျက်ခုံးပင့်လိုက်သည်။

"ဒီနေရာမှာ ငြင်းနေလို့ ဘာအကျိုးရှိမှာလဲ..တံခါးခေါက်ပြီး ဝင်သွားရင် သူက ဘယ်သူ့ဟာကို စားချင်လဲဆိုတာ သိရမှာပဲလေ"

ထိုအချိန်မှာပင် ရွှတ်နောက်နောက်အသံတစ်သံ ထွက်ပေါ်လာပြီး ဖုဝေ့ဝေ့ လျှောက်လှမ်းလာသည်။

"ဝေ့ဝေ့.... နင်လည်း ကျန်းရွှမ်အတွက် အစားအသောက် ယူလာတာလား"

သူမသည်လည်း မနက်စာဘူးကို ကိုင်ထားသည်အား မြင်လိုက်ရသဖြင့် ဖုကျင်းကျင်း၏မျက်နှာပေါ်တွင် မလိုလားသည့် အမူအယာတစ်ရပ် ထင်ဟပ်လာသည်။

"အဲ့ဒီလို မဟုတ်ဘူး.... ငါက အစ်မ ယင်ယင်အတွက် လာပို့တာပါ.... ပြီးတော့ ကျန်းရွှမ်အတွက်လည်း တစ်ပွဲ ယူလာခဲ့တယ်..."

ဖုဝေ့ဝေ့က ပြောဆိုသည်။

"သူ့အတွက် သီးသန့်မဟုတ်ရင် ပြီးတာပဲ..."

ဖုကျင်းကျင်းက သက်ပြင်းချလိုက်ပြီး ခေါင်းညိတ်လိုက်သည်။

"ဝေ့ဝေ့ ပြောတာ အမှန်ပဲ.. ကျန်းရွှမ် ဘာစားချင်လဲ ဘယ်သူ့ဟာ စားချင်လဲ ဆိုတာ ငါတို့ သွားပို့လိုက်ရုံပဲ...သူ ဆုံးဖြတ်လိမ့်မယ်"

"ဟုတ်တယ်..တံခါးခေါက်လိုက်ကြစို့"

ဖုချင်းချင်းက လက်ဟန်ပြလိုက်သည်။

"ကောင်းပြီလေ"

ဖုယီယီက သဘောတူလိုက်ပြီး တံခါးခေါက်ရန် ပြင်လိုက်စဉ်မှာပင် ပတ်ဝန်းကျင်ရှိ ရင်းမြစ်စွမ်းအင်များ ခြံဝန်းအလယ်သို့ အရူးအမူး တိုးဝင်သွားသည်ကို ရုတ်တရက် ခံစားလိုက်ရသည်။ မျက်တောင်တစ်ခတ်စာ အချိန်အတွင်းမှာပင် ပတ်ဝန်းကျင်နေရာတဝိုက်လုံး မုန်တိုင်း၏ဗဟိုချက်အဖြစ် ပြောင်းလဲသွားသည်။

"ဘာဖြစ်တာလဲ"

သူမတို့လေးယောက်လုံး ငြင်းခုံမှုကို ဂရုမစိုက်တော့ဘဲ တည်ကြည်လေးနက်သော မျက်နှာအမူအယာများဖြင့် ခြံဝန်းအတွင်းသို့ ကြည့်လိုက်ကြ၏။

ခြံဝန်းသည် မြစ်အတွင်းမှ ကြီးမားသော ရေစုပ်ဝဲကြီးတစ်ခုအသွင် ပြောင်းလဲသွားပြီး ပတ်ဝန်းကျင်ရှိ ရင်းမြစ်စွမ်းအင်များအားလုံး လျင်မြန်စွာ တိုးဝင်နေသည်။ စုပ်ယူမှု အရှိန်နှုန်းသည် အလွန်လျှင်မြန်သဖြင့် လေဟာနယ်တစ်ခုပင် ဖြစ်ပေါ်နေပေ၏။

"ဒါက... တစ်ယောက်ယောက် အဆင့်တက်နေတာလား"

သူမတို့အားလုံး နားလည်သဘောပေါက်လိုက်ကြပြီး သူမတို့၏မျက်လုံးများတွင် အံ့အားသင့်မှုများဖြင့် ပြည့်နှက်နေသည်။

သူမတို့သည်လည်း အဆင့်တက်ခြင်းကို ကြုံဖူးကြပြီး ပို၍မြင့်မားသောနယ်ပယ်သို့ ရောက်ရှိရန် ကြိုးစားခဲ့ကြဖူးသည်။ ထိုသို့လုပ်ဆောင်ခြင်းသည် ရင်းမြစ်စွမ်းအင်စုပ်ယူမှုကို မြန်ဆန်စေကြောင်း သူမတို့ သိထားကြသော်လည်း အများဆုံးအနေဖြင့် အသေးအမွှား အနှောင့်အယှက်များသာ ဖြစ်စေလေ့ရှိသည်။ သို့ရာတွင် ခြံဝန်းအတွင်းရှိ ဤလူကမူ မိုင်ပေါင်းများစွာအကွာအဝေးအတွင်း၌ ရှိနေသော ရင်းမြစ်စွမ်းအင်များကို ဝါးမျိုနေသည်။ ထိုလူ စုဆောင်းထားသော စွမ်းအားများသည် မည်မျှထိ ကြီးမားနေမည်နည်း။

"ယင်ယင်က ဘိုးဘေးဆီကနေ အမွေအနှစ် ရသွားပြီးတော့ အဆင့်တက်တာနေတာပဲဖြစ်မယ်..."

သူမတို့လေးယောက်လုံး ထိတ်လန့်တုန်လှုပ်နေစဉ်မှာပင် ဖုမိသားစုခေါင်းဆောင်သည် မည်သည့်အချိန်က ရောက်နေမှန်း မသိဘဲ သူမတို့၏ရှေ့တွင် ထွက်ပေါ်လာကာ စိတ်လှုပ်ရှားစွာဖြင့် သူမ၏လက်သီးကို ဆုပ်ထားသည်။

ဤကိစ္စကို စဉ်းစားနေရန်ပင် မလိုချေ။ ဘိုးဘေးမှ အမွေအနှစ်များအားလုံးကို ရရှိပြီးနောက် ဖုယင်ယင်၏ကျင့်ကြံဆင့် အလျင်အမြန် တိုးတက်သွားခြင်းသာ ဖြစ်ပေမည်။

"ယင်ယင်..."

ဖုယီယီနှင့်တခြားမိန်းကလေးများထံတွင် မနာလိုအားကျမှုများဖြင့် ပြည့်နှက်နေသည်။

ဤမျှထိများပြားသော ရင်းမြစ်စွမ်းအင်ကို ဝါးမျိုပြီး အဆင့်တက်နိုင်သည်ဆိုလျှင် ယခုချိန်မှစ၍ ဖုယင်ယင်၏စွမ်းအားကို သူမတို့အားလုံး ယှဉ်နိုင်တော့မည် မဟုတ်ပေ။

ခြံဝန်း၏အပြင်ဘက်ရှိ လူများ ထိတ်လန့်တုန်လှုပ်နေကြစဉ်တွင် ခြံဝန်းအတွင်းရှိ ဖုယင်ယင်သည်လည်း သူမ၏ကျင့်ကြံမှုမှ နိုးထလာသည်။

တစ်ညလုံးကျင့်ကြံပြီးနောက် သူမသည် ကောင်းကင်ကံကြမ္မာအပေါ် နားလည်မှုကို ခိုင်မာစေရုံသာမက သူမ၏ကျင့်ကြံမှုကိုလည်း ကြယ်စင်မြစ်နယ်ပယ် ပထမအဆင့် အလယ်အလတ်အထိသို့ မြှင့်တင်နိုင်ခဲ့သည်။ ဤသည်မှာ အလွန်အစွမ်းထက်သည်ဟု မဆိုနိုင်သော်လည်း သိပ်မဆိုးလှသော တိုးတက်မှုပင်။

သူမသည် စိတ်ကျေနပ်အားရမှုကို ခံစားနေရစဉ်မှာပင် တစ်စုံတစ်ရာ မှားယွင်းနေကြောင်း ရုတ်တရက် အာရုံခံမိသဖြင့် ရှေ့သို့လှမ်းကြည့်လိုက်၏။

ဧရာမ ရင်းမြစ်စွမ်းအင်ဝဲကတော့ကြီးတစ်ခုသည် သူမ၏ရှေ့တွင် မျောလွင့်နေပြီး ကောင်းကင်နှင့်မြေပြင်ကို ဆက်သွယ်ထားသော နဂါးတစ်ကောင်နှင့် တူညီနေသည်။ ထိုနဂါး၏ အောက်ခြေတွင် ကျန်းရွှမ်သည် ပလ္လင်ခွေထိုင်နေပြီး သူ၏အရှိန်အဝါ ပို၍အားကောင်းလာသည်။ သူ၏ ကျင့်ကြံမှုနယ်ပယ်မှ အတားအဆီးများသည် မရှိတော့သည့်အလား တစ်ခုပြီးတစ်ခု ကြေမွှပျက်စီးသွားပေ၏။

ကြယ်စင်မြစ်နယ်ပယ် ဒုတိယအဆင့် အစောပိုင်း..

ကြယ်စင်မြစ်နယ်ပယ် ဒုတိယအဆင့် အလယ်အလတ်...

ကြယ်စင်မြစ်နယ်ပယ် ဒုတိယအဆင့် နှောင်းပိုင်း....

အသက်ဆယ်ရှိုက်စာအချိန်အတွင်းမှာပင် သူသည် ကြယ်စင်မြစ်နယ်ပယ် ပထမအဆင့် အထွတ်အထိပ်မှ ဒုတိယအဆင့် အထွတ်အထိပ်သို့ ရောက်ရှိသွားသည်။

ဤသည်မှာ နယ်ပယ်ကြီးတစ်ခုလုံး အဆင့်တက်သွားခြင်းပင်။

"ဟူး....."

ရင်းမြစ်စွမ်းအင်များ ပျောက်ကွယ်သွားပြီး ဝဲကတော့ကြီး၏ လုံးလုံးလျားလျားလျား ဝါးမြိုခြင်းကို ခံလိုက်ရတော့သည်။ ကျန်းရွှမ်သည် သူ၏မျက်လုံးများကို ဖြည်းညှင်းစွာ ဖွင့်လိုက်ပြီး ခါးသည်းစွာပြုံးကာ ခေါင်းခါယမ်းလိုက်၏။ သူ၏မျက်နှာပေါ်တွင် စိတ်ပျက်မှုအရိပ်အယောင်များ အနည်းငယ်ထင်ဟပ်နေသည်။

"ငါက ကြယ်စင်မြစ်နယ်ပယ် တတိယအဆင့်ကို မရောက်သေးဘူး...ဒါက နည်းနည်းတော့ အားနည်းနေသလိုပဲ..."

မနေ့ညက သူသည် ဖုယင်ယင် ပေးခဲ့သော ကံကြမ္မာချပ်ပြားသုံးထောင်ကို ဝါးမျိုခဲ့သည်။ မြေခွေးညှို့ငင်ကံကြမ္မာသည် အမှန်တကယ် တိုးတက်လာသော်လည်း ပဉ္စမအဆင့်သို့ ရောက်ရှိရန် အလှမ်းကွာဟနေဆဲပင်။ သို့ရာတွင် သူသည် စတုတ္ထအဆင့်အတွင်း၌ သိသာထင်ရှားသော တိုးတက်မှုများ ရရှိခဲ့သည်။ ဤအချက်က သူ့ကို မည်သည့် အတားအဆီးမှ မရှိဘဲ ကြယ်စင်မြစ်နယ်ပယ် ဒုတိယအဆင့်သို့ ချိုးဖျက်ဝင်ရောက်နိုင်စေခဲ့သည်။

သို့ရာတွင် သူသည် ကြယ်မြစ်နယ်ပယ် တတိယအဆင့်သို့ ချိုးဖျက်ဝင်ရောက်ရန်မှာမူ မလွယ်ကူလှပေ။

သူသည် နောက်ထပ် ကောင်းကင်ကံကြမ္မာစွမ်းအင်တန်း သန်းပေါင်းများစွာကို ထပ်မံ၍မတွေ့ရှိပါက မဖြစ်နိုင်ပေ။

"ဒီလောက် ကျင့်ကြံဆင့်ဆိုရင် လောလောဆယ် လုံလောက်ပါပြီ..."

သူ ထပ်မံ၍ အဆင့်မတက်ခဲ့သော်လည်း သူ့ထံ၌ မြေခွေးညှို့ငင်ကံကြမ္မာနှင့် ပေါင်းစပ်ထားသော ကြယ်စင်မြစ်နယ်ပယ် ဒုတိယအဆင့် အထွတ်အထိပ် ကျင့်ကြံဆင့်ရှိနေသည်။ တိုက်ခိုက်ရေးစွမ်းရည်သက်သက် ပြောရလျှင် သူသည် ကြယ်စင်မြစ်နယ်ပယ် တတိယအဆင့် အထွတ်အထိပ်တွင်ရှိသော မိုဟုန် ကိုပင် လွယ်လင့်တကူ သတ်ဖြတ်နိုင်သည်။ ဤသည်မှာ ရှစ်ယွမ်ကျင်း နှင့်မိုပိုင်ယဲ့တို့ကဲ့သို့ ကြယ်စင်မြစ်နယ်ပယ် ဆဋ္ဌမအဆင့် အထွတ်အထိပ် ကျင့်ကြံသူများနှင့် နှိုင်းယှဉ်လျှင် များစွာနိမ့်ကျနိုင်သော်လည်း ကျိုးယီမြို့တော်တွင်မူ သန်မာအားကောင်းသူဟု သတ်မှတ်နိုင်ပေ၏။

ကျင့်ကြံခြင်းသည် တစ်ဆင့်ပြီးတစ်ဆင့်သွားရမည် ဖြစ်ပြီး ကောင်းကင်ဘုံသောကကံကြမ္မာ အဆင့်မတက်မီ သူ၏ကျင့်ကြံဆင့် မြင့်တက်လာရန် အလွန်ခက်ခဲကြောင်း သိရှိသဖြင့် ကျန်းရွှမ် စိတ်မပျက်ချေ။ သူသည် မတ်တတ်ရပ်လိုက်ပြီး ဖုယင်ယင်ဘက်သို့ လှည့်ကြည့်လိုက်၏။ သူ ဤကိစ္စများအား ရှင်းပြရန် ဟန်ပြင်လိုက်စဉ်မှာပင် ရုတ်တရက် သူ၏ခန္ဓာကိုယ် တောင့်တင်းသွားသည်။

ရုတ်ချည်းဆိုသလိုပင် သူ၏အသိစိတ်သည် ကမ္ဘာသစ်ထဲသို့ ရောက်ရှိသွားပြီး ကွင်းပြင်တစ်ခုထံသို့ ရောက်ရှိသွားသည်။

"သခင်လေး ပြဿနာတက်ပြီ... မိုတောက်ဓားဂိုဏ်းက လူတွေက ကျန်းအိမ်တော်ကို ဝင်စီးသွားတယ်... ဟုန်ရီနဲ့ ယုရှောင်ယွီတို့ ဒဏ်ရာအပြင်းအထန်ရထားပြီးတော့ အချိန်မရွေး သေဆုံးသွားနိုင်တယ်...လျှူမင်ယွဲ့က ဖမ်းခေါ်သွားခံလိုက်ရတယ်..."

စိုးရိမ်ပူပန်နေသော အသံတစ်သံက ကမ္ဘာသစ်ထဲမှ ထွက်ပေါ်လာသည်။

ဤသည်မှာ စွန်းချန်သည် သူ့ထံ သတင်းပို့ရန်အတွက် ကမ္ဘာသစ်ကို အသုံးပြုနေခြင်းပင်။ သူ ကျင့်ကြံနေသဖြင့် ယခင်က သတိမထားမိခဲ့ဘဲ ယခုမှ ကြားလိုက်ရခြင်း ဖြစ်ပေ၏။

"ဝင်စီးတာလား...မိုတောက်ဂိုဏ်းလား"

ရုတ်ချည်းဆိုသလိုပင် ကျန်းရွှမ်၏မျက်လုံးများ ကျဉ်းမြောင်းသွားသည်။

All Chapters