ကယ်ဆယ်ကုသခြင်း
Vol. 23 Ch. 293
မိုဟုန်သည် သူ့အကြောင်း တိတ်တဆိတ်စုံစမ်းနေကြောင်း မင်ကျန်းထောင်က ပြောပြခဲ့ဖူးသည်။ ကျန်းရွှမ်သည် စွန်းချန်ကိုလည်း စုံစမ်းရန် ညွှန်ကြားခဲ့သော်လည်း သူတို့သည် ဤမျှထိ လျင်မြန်စွာ လှုပ်ရှားလိမ့်မည်ဟု သူ မျှော်လင့်မထားခဲ့ချေ။ သူ ဖုမိသားစုတွင် ရောက်နေသည်မှာ တစ်ရက်ကျော်သာ ရှိသေးသော်လည်း သူ၏အိမ်တော်တိုက်ခိုက်ခံရရုံသာမက သူ၏တပည့်များ ဒဏ်ရာရပြီး လျှုမင်ယွဲ့ ပြန်ပေးဆွဲခံရသည်အထိ ဖြစ်ခဲ့သည်...
ကျိုးယီမြို့တော်မှ ဂိုဏ်းအင်အားစုများ၏ ရဲတင်းမှုသည် အမှန်တကယ်ပင် အံ့အားသင့်ဖွယ် ကောင်းပေ၏။
"ငါ အပြင်ကို ခဏလောက် သွားအုံးမယ်..."
ဖုယင်ယင်ကို တစ်ချက်ကြည့်ပြီးနောက် ကျန်းရွှမ်က ပြောဆိုလိုက်သည်။
"မင်းက လေ့ကျင့်တာကိုပဲ အာရုံစိုက်ပါ...ပြီးရင် မင်းရဲ့ကျင့်ကြံမှုကို တတ်နိုင်သမျှ တိုးတက်အောင် ကြိုးစား...နောက်နှစ်ရက်နေရင် ငါတို့တွေ ကျီးလန်တောင်ကြားကို အတူတူ ဝင်ကြမယ်"
အကယ်၍ အဆင့်မတက်မီက ဆိုလျှင် သူ့ကို ကူညီရန် တစ်စုံတစ်ယောက်အား စေလွှတ်ပေးရန် ဖုယင်ယင်ကို တောင်းဆိုရကောင်း ရနိုင်သော်လည်း ယခုချိန်တွင်မူ မလိုအပ်တော့ပေ။
မိုတောက်ဂိုဏ်းသည် သေချင်နေသဖြင့် သူသည် သူတို့ကို မမေ့နိုင်ဖွယ် သင်ခန်းစာတစ်ခုပေးရန် ဝန်လေးနေမည် မဟုတ်ချေ။
...
"ဟုတ်ကဲ့"
ဖုယင်ယင်က ခေါင်းညိတ်လိုက်သည်။
"နောက်ရက်တွေကျရင် ကံကြမ္မာချပ်ပြားတွေ ဆက်ရှာခိုင်းပြီးတော့ ကျန်တဲ့နှစ်ထောင်ကို အမြန်ဆုံး စုဆောင်းခိုင်းလိုက်ပါ့မယ်..."
ကျန်းရွှမ်သည် မည်သည့်စကားမျှ ဆက်မပြောတော့ပေ။ သူ၏ခြေထောက်ဖြင့် မြေပြင်ကို တစ်ချက်ဆောင့်နင်းပြီး ပျံသန်းထွက်ခွာသွားသည်။
သူ၏လက်ရှိစွမ်းအားအရ ဖုမိသားစုသည် ဝင်္ကပါကို အသက်သွင်းမထားလျှင် သူ့ကို တားဆီးထားရန်မှာ မဖြစ်နိုင်သလောက်နီးပါးပင်။ အသက်ရှူချိန်အနည်းငယ်အတွင်းမှာပင် သူ လုံးလုံးလျားလျား ပျောက်ကွယ်သွားလေပြီ။
သူ ထွက်သွားပြီးနောက် မကြာမီမှာပင် ခြံဝန်းတံခါးပွင့်လာပြီး ဖုမိသားစုခေါင်းဆောင်နှင့် တခြားသူများ ဝင်လာကြသည်။
ဖုယီယီတို့သည် အလျင်အမြန် လိုက်ပါလာပြီး ရင်းနှီးသောလူရိပ်ကို နေရာအနှံ့အပြား၌ ရှာဖွေကြတော့သည်။
"ခုဏက အဆင့်ချိုးဖျက်တာ... မင်းလား"
ဖုမိသားစုခေါင်းဆောင်က အလျင်အမြန် မေးမြန်းလိုက်၏။
"ကျွန်မက တကယ့်ကို ထိုးထွင်းသိမြင်မှုတချို့ကို ရခဲ့ပါတယ်..."
ဖုယင်ယင်က ငြင်းဆန်ခြင်းမပြုဘဲ ခေါင်းညိတ်ပြပြီး ဖုမိသားစုခေါင်းဆောင်ကို ကြည့်လိုက်သည်။
"မိသားစု ခေါင်းဆောင်....ကျေးဇူးပြုပြီးတော့ ကံကြမ္မာချပ်ပြားတွေနဲ့ အရင်းအမြစ်တွေကို ဆက်ရှာပေးပါအုံး...ကျွန်မက ပိုမြင့်တဲ့အဆင့်ကို ရောက်ဖို့ တံခါးပိတ်ကျင့်ကြံဖို့လိုတယ်"
"ပြဿနာ မရှိဘူး"
အမှန်တကယ်ကို ဖုယင်ယင် အဆင့်တက်ခဲ့ကြောင်း ကြားလိုက်ရသဖြင့် ဖုမိသားစုခေါင်းဆောင်သည် စိတ်သက်သာရာရသွားပြီး စိတ်လှုပ်ရှားစွာဖြင့် ခေါင်းညိတ်လိုက်သည်။
"ကျန်းရွှမ် ဘယ်မှာလဲ"
ထိုအချိန်တွင် မိန်းကလေးတချို့သည် သူမတို့ အစားအသောက် လာပို့သူကို ရှာမတွေ့သဖြင့် မနေနိုင်တော့ဘဲ မေးလိုက်ကြသည်။
"တချို့ကိစ္စလေးတွေရှိနေလို့ သူ ခဏပြန်သွားတယ်..."
ဖုယင်ယင်က ရှင်းပြပြီးနောက် လူငယ်လေး၏ စိုးရိမ်ပူပန်နေသော မျက်နှာအမူအယာကို သတိရလိုက်သဖြင့် ဖုမိသားစုခေါင်းဆောင်ကို ထပ်မံ၍ကြည့်လိုက်သည်။
"မိသားစုခေါင်းဆောင်...အကြီးအကဲတချို့ကိုကျန်းအိမ်တော်ဆီ လွှတ်ထားပေးသင့်တယ် ထင်တယ်....ကျန်းရွှမ် တစ်ခုခုလိုအပ်ရင် ကူညီပေးဖို့ အသင့်ရှိနေတာ အကောင်းဆုံးပဲ.... သူ့ကို ဘာမှ အဖြစ်ခံလို့ မဖြစ်ဘူး"
"ငါ ချက်ချင်း စီစဉ်လိုက်မယ်"
ဖုမိသားစုခေါင်းဆောင်က တုံ့ပြန်အဖြေပေးသည်။
ကြယ်စင်မြစ်နယ်ပယ်သို့ မရောက်သေးမီကပင် ကြယ်စင်မြစ်နယ်ပယ် တတိယအဆင့်တွင်ရှိသော ရှန်ဝူကျွင်းကို တိုက်ခိုက်နိုင်ခဲ့သော ကျန်းရွှမ်၏ပါရမီသည် အံ့မခန်းပင်။ ထို့ပြင် သူသည် ဖုယင်ယင်မှ ညှို့ငင်ဖမ်းစားထားသူဖြစ်သည့်အတွက် ကောင်းစွာကာကွယ်ပေးရန် လိုအပ်သည်မှာ သဘာဝကျပေ၏။
ကြယ်စင်မြစ်နယ်ပယ် စတုတ္ထအဆင့်နှင့် ပဉ္စမအဆင့်၌ ရှိနေသော ဖုမိသားစု အကြီးအကဲများသည် မိုပိုင်ယဲ့ကို မယှဉ်နိုင်လျှင်ပင် သုံးလေးယောက် ပူးပေါင်းလိုက်လျှင် သေချာပေါက် တိုက်ခိုက်နိုင်ပေလိမ့်မည်။
"သူ ထွက်သွားပြီလား"
ကျန်းရွှမ် ထွက်သွားသည်ကို သိလိုက်ရသဖြင့် မိန်းကလေးများ၏မျက်လုံးများတွင် ပြင်းထန်သော စိတ်ပျက်အားငယ်မှုများ ထင်ဟပ်လာသည်။
သူ့ကို စိတ်ကျေနပ်စေရန် သူမတို့သည် အစားအသောက်များကို ပြင်ဆင်လာခဲ့သော်လည်း သူ၏အရိပ်အယောင်ကိုပင် မတွေ့လိုက်ရချေ။
"သူ ပြန်သွားပြီဆိုတော့ ကျန်းအိမ်တော်မှာ ရှိမှာပဲ....ငါတို့ အဲ့ဒီကို သွားရှာကြမယ်..."
ဖုချင်းချင်းက ပြောဆိုသည်။
"ဟုတ်တယ်"
တခြားမိန်းကလေးနှစ်ယောက်၏ မျက်လုံးများ တောက်ပလာသည်။
"အခု လိုက်မရှာနဲ့အုံး...နင်တို့တွေက လေ့ကျင့်တာကိုပဲ အာရုံစိုက်ထားပါ... ဟုတ်ပြီလား...နင်တို့တွေက သူနဲ့အတူ ကျီးလန်တောင်ကြားကို လိုက်ပြီးတော့ အခွင့်အရေး ရှာချင်တယ် မဟုတ်လား"
ဖုယင်ယင်က ကြားဖြတ်ပြောဆိုလိုက်သည်။
"ဒါက..."
ဖုချင်းချင်း ဖုကျင်းကျင်း နှင့် ဖုယီယီ တို့ တပြိုင်နက်တည်း တိတ်ဆိတ်ငြိမ်သက်သွားကြသည်။
သူမတို့၏ မြေခွေးညို့ငင်စွမ်းရည်သည် ကောင်းမွန်လျှင်ပင် လုံလောက်သော ကျင့်ကြံဆင့်စွမ်းအားမရှိဘဲ အဆင့်နှစ်ဆယ့်တစ်တွင်ရှိသော ကောင်းကင်ကံကြမ္မာ နတ်ဘုရားနယ်မြေထဲသို့ မဆင်မခြင် ဝင်ရောက်ရဲမည် မဟုတ်ပေ။
ကျန်းရွှမ်သည် သေချာပေါက်သွားမည် ဖြစ်သောကြောင့် သူမတို့ မသွားလျှင် သူနှင့်အတူ သေအတူရှင်မကွဲနေခွင့်ကို ဆုံးရှုံးသွားမည် မဟုတ်လော။
"မဖြစ်ဘူး...ငါ သွားပြီးလေ့ကျင့်မှရမယ်"
ဖုချင်းချင်းကလလှည့်ထွက်သွားသည်။
"ငါလည်း သွားမယ်"
ဖုယီယီနှင့်တခြားလူများသည်လည်း တပြိုင်နက်တည်း ခေါင်းညိတ်လိုက်ကြ၏။
သေရမည်ဆိုလျှင်ပင် သူမတို့ ကြောက်လန့်ချင်မှ ကြောက်လန့်မည် ဖြစ်သော်လည်း ကျန်းရွှမ်ကို ဘယ်တော့မှ ပြန်မတွေ့ရတော့မည့် အတွေးက သူမတို့အတွက် သည်းခံနိုင်စရာ ကိစ္စတစ်ရပ် မဟုတ်ပေ။
"နင်တို့အားလုံးက ငါနဲ့ယှဥ်ချင်တာလား... ငါနဲပြိုင်ပြီးတော့ ကျန်းရွှမ်ကို လုချင်နေတဲ့ မြေခွေးမတွေ... အိမ်မက်မက်နေလိုက်စမ်း"
သူမတို့ ထွက်ခွာသွားသည်ကိုကြည့်ရင်း ဖုယင်ယင်က ရေရွတ်လိုက်သည်။
သူမတို့ မည်သည့်အရာအား ကြံစည်နေသည်ကို သူမ ကောင်းစွာသိရှိထားသည်။ ထိုမိန်းကဘေးများသည် သူမ၏အဆင့်ကို လိုက်မီမည်မဟုတ်ချေ။
…
ကျန်းရွှမ်သည် အစွမ်းကုန် ပြေးလွှားပြီးနောက် ဆယ်မိနစ်ခန့်အကြာတွင် ကျန်းအိမ်တော်သို့ ပြန်ရောက်လာသည်။ ခြံဝန်းထဲသို့ရောက်သည်နှင့် ကျန်းရွှမ်သည် စိတ်မထိန်းနိုင်တော့ဘဲ အသံကုန်အော်ဟစ်လိုက်၏။
"စွန်းချန်...."
"သခင်လေး..."
စွန်းချန် အပြေးရောက်လာသည်။
"ဘယ်လို အခြေအနေရှိလဲ..."
သူသည် ဝင်ရောက်တိုက်ခိုက်ခံရမှု၏ အသေးစိတ်အချက်အလက်များကို ဂရုမစိုက်ဘဲ သူ့တပည့်များ၏အခြေအနေကိုသာ မေးမြန်းလိုက်သည်။
စွန်းချန်က တုံ့ပြန်အဖြေပေးသည်။
"သူတို့က အခန်းထဲမှာပါ...သူတို့ကို ကုသဆေးလုံး တိုက်ပြီးတော့ သွေးတိတ်အောင် လုပ်ထားပေမယ့်...သူတို့ရဲ့ဒဏ်ရာတွေက ပြင်းထန်လွန်းတာကြောင့် ခုထိသတိမရကြသေးဘူး..."
ကျန်းရွှမ်သည် အခန်းထဲသို့ ဝင်သွားရာ ယခင်က သူမ၏ဝတ်စုံတွင် ခေါင်းလောင်းလေးများ တပ်ဆင်ထားပြီး လှုပ်ရှားလိုက်တိုင်း အသံမြည်တတ်သော မိန်းကလေးကို တွေ့လိုက်ရသည်။ ယခုချိန်၌ သူမ၏မျက်လုံးများကို တင်းကြပ်စွာစုံမှိတ်ထားပြီး သူမ၏ဗိုက်တွင် ကြောက်မက်ဖွယ် ဓားဒဏ်ရာကြီးတစ်ခု ရှိနေကာ သွေးများ စီးကျနေဆဲပင်။
သူမသည် မနေ့ညကတည်းက သတိမေ့နေပြီး ပြန်နိုးလာခြင်းမရှိသေးချေ။
ယုရှောင်ယွီ၏အနားသို့ ချဥ်းကပ်သွားပြီး ကျန်းရွှမ်က သူမ၏နားထင်ကို သူ၏လက်ချောင်းများဖြင့် ထိလိုက်ရာ သူ၏စိတ်ထဲတွင် စာအုပ်တစ်အုပ် ချက်ချင်းထွက်ပေါ်လာသည်။
ထိုစာအုပ်ကို ဖွင့်ကြည့်လိုက်ပြီးနောက် သူ သက်ပြင်းချလိုက်၏။
သူမ၏ဒဏ်ရာများသည် ပြင်းထန်သော်လည်း အချိန်မီ ကုသမှုခံယူနိုင်ခြင်းနှင့် ကုသဆေးလုံး၏အာနိသင်တို့ကြောင့် အသက်အန္တရာယ် မရှိတော့ချေ။ သူမ သတိလစ်နေရသည့် အဓိကအကြောင်းအရင်းမှာ သူမ၏ခန္ဓာကိုယ်ထဲတွင် ကြွင်းကျန်နေသော မိုတောက်ဓားချီကြောင့်ပင်။
ဤဓားချီစွမ်းအားသည် သူမ၏ခန္ဓာကိုယ်ထဲတွင် ဖြည်းညှင်းစွာ ရွေ့လျားနေပြီး ဤသည်ကို မဖယ်ရှားပါက သူမသည် ထာဝရ သတိပြန်လည်လာမည် မဟုတ်ချေ။
တခြားလူများအတွက်မူ သူတို့၏ကျင့်ကြံမှုသည် မိုဟုန်ထက် များစွာသာလွန်ခြင်းမရှိပါက ထိုအရာကို ဖယ်ရှားရန် ခက်ခဲပေလိမ့်မည်။ ထို့ပြင် ဓားချီစွမ်းအားသည် ရွေ့လျားနေပြီး တစ်နေရာတည်းတွင် တည်ငြိမ်မနေသဖြင့် မဆင်မခြင်ကုသခြင်းသည် အန္တရာယ်များပေ၏။
သို့ရာတွင် ကျန်းရွှမ်ကမူ မတူညီပေ။ သူသည် မိုတောက်ကံကြမ္မာကို ကျွမ်းကျင်ပြီးသား ဖြစ်သည့်အပြင် ကောင်းကင်ဘုံစာကြည့်တိုက်ကိုလည်း ပိုင်ဆိုင်ထားသဖြင့် သူမ၏ခန္ဓာကိုယ်အတွင်း၌ မွှေနှောက်ဖျက်ဆီးနေသော ဓားချီစွမ်းအားကို အချိန်မရွေး ရှာဖွေနိုင်သည်။ အချိန်တခဏကြာခန့် စူးစမ်းလေ့လာပြီးနောက် သူသည် သူ၏လက်ချောင်းများကို ဓားပုံစံပြုလုပ်ပြီး သတ်မှတ်ထားသော နေရာတစ်နေရာသို့ ဖိနှိပ်လိုက်၏။
သူသည် သူမ၏အပ်စိုက်မှတ်ခုနစ်ခုကို ဆက်တိုက်ဖိနှိပ်လိုက်သည်။ ထို့နောက် သူ၏လက်ကို လေထုထဲသို့ ဖမ်းဆွဲလိုက်ရာ ပိုးကောင်ကဲ့သို့ တွန့်လိမ်နေပြီး မရပ်မနား ရုန်းကန်နေသော ဓားချီစွမ်းအားတစ်ခုကို အတင်းအကြပ် ဆွဲထုတ်နိုင်ခဲ့သည်။
"မိုဟုန်..."
ထိုဓားချီစွမ်းအားကို အာရုံခံပြီးနောက် မည်သူ ချန်ထားခဲ့ကြောင်း နားလည်သွားသဖြင့် ကျန်းရွှမ်၏မျက်လုံးများ ကျဉ်းမြောင်းသွားသည်။
နဂါးတစ်ကောင်တွင် ပြောင်းပြန်အကြေးခွံရှိပြီး ထိုအရာကို ထိတွေ့မိသော မည်သူမဆို သေရပေမည်။ တခြားလူများသည် သူ့ကို ပစ်မှတ်ထားခြင်းအား သူ ရယ်ရယ်မောမောဖြင့် လျစ်လျူရှုထားနိုင်သော်လည်း သူ၏တပည့်များကို တိုက်ခိုက်ခြင်းသည် သေလမ်းလာရှာကြခြင်းပင်။
ယုရှောင်ယွီ၏ခန္ဓာကိုယ်ပေါ်ရှိ နောက်ထပ်အပ်စိုက်မှတ်တချို့ကို ဖိနှိပ်ပြီးနောက် သူသည် ဓားချီစွမ်းအားနှစ်ခုကို ထပ်မံ၍ဆွဲထုတ်လိုက်၏။ ထိုအချိန်ကျမှသာ ယုရှောင်ယွီ တဖြည်းဖြည်း ပြန်သတိရလာသည်။ သူမ၏ရှေ့တွင် ဆရာဖြစ်သူကို မြင်လိုက်ရသဖြင့် သူမက ချက်ချင်းဆိုသလိုပင် စိုးရိမ်တကြီး ပြောဆိုလိုက်သည်။
"ဆရာ မင်ယွဲ့ ကို ကယ်ပါအုံး...သူ အဖမ်းခံလိုက်ရတယ်..."
"မင်း အနားယူလိုက်ပါ...ကျန်တာတွေကို ငါ့တာဝန် ထားလိုက်.."
သူမကို နှစ်သိမ့်ပြီးနောက် ကျန်းရွှမ်သည် ဟုန်ရီ ထံသို့သွားကာ အလားတူနည်းလမ်းဖြင့် သူ၏ခန္ဓာကိုယ်ထဲမှ ရွေ့လျားနေသော မိုတောက်ဓားချီစွမ်းအားများကို ဆွဲထုတ်လိုက်သည်။
ဓားချီစွမ်းအားများ ပျောက်ကွယ်သွားသည်နှင့် သူ၏ အားအနည်းဆုံး တပည့်သည်လည်း ပြန်လည်၍သတိရလာသည်။
ထိုကိစ္စများကို ပြုလုပ်ပြီးနောက် ကျန်းရွှမ်သည် သူ၏စွမ်းအားများကို လှည့်ပတ်လိုက်ရာ အစစ်အမှန်စွမ်းအင်လှိုင်းနှစ်ခုသည် သူ့တပည့်နှစ်ယောက်၏ ခန္ဓာကိုယ်များထဲသို့ ဝင်ရောက်သွားသည်။ အစစ်အမှန်စွမ်းအင်၏ အားဖြည့်ပေးမှုကြောင့် သူတို့၏ဒဏ်ရာများသည် သိသိသာသာ သက်သာလာပြီး အသက်ရှူချိန် အနည်းငယ်အတွင်းမှာပင် လုံးလုံးလျားလျား ပျောက်ကင်းသွားသည်။
"ဒါက..."
ဟုန်ရီနှင့်ယုရှောင်ယွီတို့သည် ထထိုင်လိုက်ကြပြီးနောက် တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ကာ ထိတ်လန့်တုန်လှုပ်သွားကြသည်။
သူတို့၏ဆရာတွင် ထူးချွန်သောစွမ်းရည်များနှင့် အစွမ်းထက်သော ဆေးပညာစွမ်းရည်ရှိကြောင်း သူတို့ သိရှိထားပြီးဖြစ်သည်။ သို့ရာတွင် ဤမျှထိ ပြင်းထန်သော ဒဏ်ရာများကို အလွန်လျင်မြန်စွာ ပျောက်ကင်းအောင် ကုသနိုင်ခြင်းကို ကိုယ်တိုင် ကြုံတွေ့ရချိန်၌ အံ့အားသင့်သွားကြသည်။
'ဆရာက ဘယ်လိုလုပ်လိုက်တာလဲ'
"မနေ့ညက ဘာတွေ ဖြစ်ခဲ့တာလဲ"
သူတို့၏အံ့အားသင့်နေမှုကို လျစ်လျူရှုပြီး ကျန်းရွှမ်က မေးမြန်းလိုက်သည်။