သတင်းများ စုစည်းခြင်း
Vol. 23 Ch. 294
"ကျွန်မတို့က လေ့ကျင့်နေခဲ့တာပါ..."
ယုရှောင်ယွီသည် မနေ့ညက ဖြစ်ပျက်ခဲ့သည့် ကိစ္စများကို အသေးစိတ်ပြန်ပြောပြပြီး တိုက်ပွဲ ဖြစ်ပွားခဲ့သော ခြံဝန်းဆီသို့ ကျန်းရွှမ်ကို ခေါ်ဆောင်သွားလိုက်သည်။
မြေပြင်တွင် ကျန်ရစ်ခဲ့သော ဓားချီစွမ်းအင်များနှင့် ခြေရာလက်ရာများကို ကြည့်ရင်း ကျန်းရွှမ်က အခြေအနေသည် အလွန်အန္တရာယ်များခဲ့ကြောင်း နားလည်သဘောပေါက်သွားကာ သူ၏မျက်နှာအမူအယာ တင်းမာခက်ထန်သွားသည်။
သူ၏တပည့်များကို ပြောင်ပြောင်တင်းတင်း တိုက်ခိုက်ရဲသဖြင့် မိုပိုင်ယဲ့နှင့်မိုဟုန်တို့သည် အမှန်တကယ်ကို အလွန်အတင့်ရဲနေပေ၏။
သို့ရာတွင် သူသည် သူ၏ "အဆင့်အတန်းနှင့်နောက်ခံဇစ်မြစ်"ကို တဖက်လူများသိအောင် မသိမသာ သတင်းပို့ထားခဲ့သည် မဟုတ်လော။ မည်သည်ကြောင့် သူတို့သည် သူ့ကို တိုက်ခိုက်ရဲကြသနည်း။
"သခင်လေး...သူတို့က သက်သေတွေကို ထုတ်ဖော်ပြသပြီးတော့ ဒီလောက်ထိ သိသာတဲ့ ခြေရာလက်ရာတွေ ချန်ထားခဲ့တာက... သခင်လေးက မင်ယွဲ့ကို လာကယ်အောင် တမင်သက်သက် ဆွပေးနေတာ သေချာတယ်... ဖြစ်နိုင်တာကတော့ မိုပိုင်ယဲ့က ထောင်ချောက်တစ်ခုဆင်ထားပြီးတော့ သခင်လေး ဝင်လာမှာကို စောင့်နေတာပဲ..."
...
ကျန်းရွှမ်၏ သံမဏိကဲ့သို့ တင်းမာခက်ထန်နေသော မျက်နှာအမူအယာကို မြင်လိုက်ရသဖြင့် စွန်းချန်က အလျင်အမြန် ပြောဆိုလိုက်သည်။
"ငါ သိတယ်...."
ကျန်းရွှမ်က ခေါင်းညိတ်လိုက်သည်။
စွန်းချန် ပြောစရာမလိုအောင်ပင် မိုပိုင်ယဲ့က ပြင်ဆင်ထားပြီးသား ဖြစ်ပေမည်။ ထိုသို့မဟုတ်လျှင် သူတို့သည် ဤမျှထိ ပြောင်ပြောင်တင်းတင်း တိုက်ခိုက်မည်မဟုတ်ဘဲ တိတ်တဆိတ် ပြန်ပေးဆွဲသွားပေမည်။
"ဒီတစ်ညလုံး မိုပိုင်ယဲ့နဲ့ မိုဟုန် ဘယ်တွေသွားကြလဲ ဆိုတာ စုံစမ်းထားပြီးပြီလား"
စွန်းချန်၏အလုပ်လုပ်နိုင်စွမ်းကို သူ သိရှိထားသည်။ စွန်းချန်သည် သူ့ကို ဆက်သွယ်၍ မရလျှင်ပင် ဤအတိုင်း ထိုင်နေမည့်သူ မဟုတ်ချေ။
"ကျွန်တော် လွှတ်လိုက်တဲ့လူတွေ အခုပဲ ပြန်ရောက်လာတယ်.... သူတို့ပြောတာတော့ ဒီနှစ်ရက်အတွင်းမှာ သူတို့နှစ်ယောက်လုံး ကောင်းကင်ကံကြမ္မာခန်းမမှာ ရှိနေကြတယ်..." စွန်းချန်က ပြောဆိုသည်။
ကျန်းရွှမ်က နားမလည်နိုင်စွာဖြင့် စွန်းချန်ကို ကြည့်လိုက်၏။
စွန်းချန်က ရှင်းပြသည်။
"ကောင်းကင်ကံကြမ္မာခန်းမ ပြိုကျသွားပြီးတဲ့နောက်မှာ ပြန်ပြီးတည်ဆောက်ဖို့အတွက် လူတွေ ငှားထားတယ်... လက်ရှိအချိန်မှာ ခန်းမသခင် ဒုခန်းမသခင်တွေနဲ့ အကြီးအကဲတွေ အားလုံး မြို့အရှေ့ပိုင်းက ယာယီဌာနချုပ်မှာ စုဝေးနေကြတယ်... မိုပိုင်ယဲ့က မိုတောက်ဂိုဏ်းရဲ့ခေါင်းဆောင် ဖြစ်ရုံတင်မကဘူး...ကျိုးယီအင်ပါယာက ကောင်းကင်ကံကြမ္မာခန်းမရဲ့ ဒုခန်းမသခင်တစ်ယောက်လည်း ဖြစ်နေတယ်... မိုဟုန် ကတော့ အကြီးအကဲ တစ်ယောက်ပဲ.... ဒီနှစ်ရက်အတွင်းမှာ နတ်ဘုရားနယ်မြေက 'စီးဆင်းသော အလင်းတန်း' သဘာဝလွန်ဖြစ်စဥ်ကြောင့် အစွမ်းထက်ကျင့်ကြံသူတွေအများကြီးက ကောင်းကင်ကံကြမ္မာခန်းမမှာ စုဝေးနေကြတယ်.... ပြီးရင် သူတို့က ကျီးလန်တောင်ကြား ကို ဝင်ရောက်ပြီးတော့ အခွင့်အရေးတွေရယူဖို့နဲ့ ခုန်းရှီကို ဖမ်းဆီးဖို့ ပြင်ဆင်နေကြတယ်"
ကျန်းရွှမ် ရုတ်တရက် နားလည်သဘောပေါက်သွားသည်။
ဖုမိသားစုကဲ့သို့သော မိသားစုကြီးတစ်ခုပင်လျှင် ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်နေသဖြင့် ကောင်းကင်ကံကြမ္မာခန်းမ အနေနှင့် နောက်ကျ ကျန်နေရန် အကြောင်းမရှိချေ။
မည်သို့ပင်ဆိုစေကာမူ နတ်ဘုရားနယ်မြေ၏ စီးဆင်းသော အလင်းတန်းဆိုသည့် သဘာဝလွန်ဖြစ်စဥ်သည် ဖရိုဖရဲကံကြမ္မာကျင့်ကြံသူကြောင့် ဖြစ်ပေါ်လာခြင်း ဖြစ်နိုင်ပေ၏။ ဤကိစ္စကို ကောင်းစွာကိုင်တွယ်နိုင်ခြင်း မရှိပါက ခန်းမသခင်ရှစ်ယွမ်ကျင်းပင်လျှင် ရာထူးမှ ထုတ်ပယ်ခံရနိုင်သည်။
ကောင်းကင်ကံကြမ္မာခန်းမတစ်ခုလုံး ပါဝင်သော လှုပ်ရှားမှု ဖြစ်သည့်အတွက် ဒုခန်းမသခင်များနှင့် အကြီးအကဲများအနေဖြင့် မဖြစ်မနေ ပါဝင်ရပေမည်။
အချိန်တခဏကြာခန့် စဉ်းစားပြီးနောက် ကျန်းရွှမ်က မေးမြန်းလိုက်သည်။
"လူတွေနဲ့ ပြည့်နှက်နေတဲ့ ကောင်းကင်ကံကြမ္မာ ခန်းမမှာ ဒဏ်ရာအပြင်းအထန်ရနေတဲ့ လျှူမင်ယွဲ့ကို ထားမှာ မဟုတ်ဘူး...သူ့ကို ဘယ်နေရာမှာ ချုပ်နှောင်ထားနိုင်လဲဆိုတာ စုံစမ်းပြီးပြီလား"
စွန်းချန်က ခေါင်းခါလိုက်သည်။
"အဲ့ဒါတော့ ကျွန်တော် အတိအကျ မသိပါဘူး... ဒါပေမဲ့ ကျွန်တော် သိသလောက် နေရာနှစ်ခုပဲ ရှိတယ်...ပထမနေရာက မြို့အနောက်ဘက်မှာ ရှိတဲ့ မိုတောက်ဂိုဏ်းဌာနချုပ်ပဲ...ဒုတိယနေရာကတော့ မြို့လယ်မှာရှိတဲ့ မိုပိုင်ယဲ့ရဲ့အိမ်တော်...အဲ့ဒီနေရာနှစ်ခုလုံးက သူရဲ့ထိန်းချုပ်မှုအောက်မှာ ရှိနေပြီးတော့ သံမဏိပြားတွေနဲ့ ကာကွယ်ထားသလိုမျိုး လုံခြုံရေးတင်းကြပ်ထားတာကြောင့် စုံစမ်းဖို့ ခက်ခဲတယ်....တကယ်လို့ သူတို့က လူတစ်ယောက်ကို ပြန်ပေးဆွဲပြီးတော့ ဖမ်းချုပ်ထားမယ်ဆိုရင် အဲ့ဒိနေရာနှစ်ခုထဲက တစ်ခု ဖြစ်ဖို့များတယ်..."
"မင်း ခန့်မှန်းတာက မဆိုးပါဘူး... ဒါပေမဲ့ အဲ့ဒီနေရာနှစ်ခုလုံးမှာ ရှိမှာ မဟုတ်ဘူး"
ထိုအချိန်မှာပင် ဖျော့တော့တော့အသံတစ်သံ ထွက်ပေါ်လာပြီး မင်ကျန်းထောင်က တံခါးပေါက်မှ ဝင်လာကာ အနီးသို့ချဉ်းကပ်လာသည်။
"အရှင်ကျန်း...."
ကျန်းရွှမ်က သူ့ထံသို့ လှမ်းကြည့်လိုက်ပြီး မျက်မှောင်ကြုတ်လိုက်သည်။
"အဲ့ဒီမှာ မရှိဘူး ဟုတ်လား....ငါ့ရဲ့တပည့် အဖမ်းခံရတာကို မင်း သိနေတာလား"
လေပြင်းမုန်တိုင်းကဲ့သို့ ကြီးမားသော ဖိအားတစ်ရပ် သူ့ထံသို့ တိုးဝင်လာသည်ကို ခံစားမိသဖြင့် မင်ကျန်းတောင်၏နဖူးမှ ချွေးများ ယိုစီးကျလာသည်။ သူ၏မျက်နှာ ဖြူဖတ်ဖြူရော်ဖြစ်သွားကာ အလျင်အမြန် ဦးညွှတ်အရိုအသေပြုလိုက်၏။
"ကျွန်တော်သိထားပါတယ် အရှင်ကျန်း....အိမ်တော်ထိန်းစွန်းက ကျွန်တော့်ကို အကြောင်းကြားပြီးတော့ သူတို့ကို လိုက်ရှာပေးဖို့ အကူအညီ တောင်းထားလို့ပါ..."
ကျန်းရွှမ်က စွန်းချန်ဘက်သို့ လှည့်ကြည့်လိုက်ရာ သူ အလျင်အမြန် ခေါင်းညိတ်ပြသည်ကို မြင်လိုက်ရသည်။
"သခင်လေး.... ကျွန်တော်က တကယ်ကို ရှာမတွေ့တော့လို့ သူ့ကို အကူအညီ တောင်းလိုက်တာပါ"
ကျန်းရွှမ်က သူ၏အရှိန်အဟုန်စွမ်းအင်လှိုင်းကို ပြန်ရုတ်သိမ်းလိုက်သည်။
"လျှူမင်းယွဲ့ က အဲ့ဒီနေရာနှစ်ခုမှာ မရှိဘူးလို့ မင်း ဘာလို့ ပြောတာလဲ"
"မနေ့က နေ့လည်ပိုင်းလောက်က ဆရာ့ဆီကနေ အမိန့်တစ်ခု ရခဲ့တယ်.. ဒါက မိုတောက်ဂိုဏ်းအတွက် ကိစ္စတစ်ခုကို သွားလုပ်ပေးဖို့ပါ..... ကျွန်တော် ပြန်ရောက်တော့ ညဉ့်နက်နေပြီ... အဲ့ဒီအချိန်မှာ မိန်းကလေးလျှူက အဖမ်းခံထားရပြီးပြီ...ကျွန်တော်က မိုတောက်ဂိုဏ်းနဲ့ မိုအိမ်တော်ကို ညတွင်းချင်း ဝင်ရောက်ပြီးတော့ စုံစမ်းခဲ့တယ်... မိုဟုန် ရော ဆရာရော ပြန်မရောက်ကြသေးဘူး..."
မင်ကျန်းထောင်က အလျင်အမြန် ရှင်းပြလိုက်သည်။
ကြည့်ရသည်မှာ မိုပိုင်ယဲ့သည် ကျန်းရွှမ်နှင့်မင်ကျန်းထောင်အကြားရှိ ရင်းနှီးသောဆက်ဆံရေးကို သိရှိထားသဖြင့် သူတို့ မလှုပ်ရှားမီ သူ့ကို တမင်သက်သက် ခရီးထွက်ခိုင်းလိုက်ပုံ ရသည်။
ကျန်းရွှမ်သည် တိတ်ဆိတ်ငြိမ်သက်နေသော်လည်း သူ၏အတွေးများ လျင်မြန်စွာ လှုပ်ရှားနေပေ၏။
အမှန်အားဖြင့် သူ လိုက်ရှာရန်ပင်မလိုဘဲ မိုပိုင်ယဲ့က သူမကို ထိုနေရာများ၌ ထားမည်မဟုတ်ကြောင်း သူ သိရှိထားသည်။
မင်ကျန်းထောင်နှင့် အလုံးစုံသိမြင်ဂိုဏ်းမှ ချန်ယွီဟွမ်တို့မှတဆင့် သူ၏အဆင့်အတန်းသည် "သာလွန်ထူးကဲ"ကြောင်း တဖက်လူကို မသိမသာ အသိပေးခဲ့ပြီးဖြစ်သည်။ မိုပိုင်ယဲ့ အနေနှင့် လျှူမင်ယွဲ့ကို ထိုနေရာနှစ်ခု၌ ပြောင်ပြောင်တင်းတင်း ဝှက်ထားမည်ဆိုလျှင် အကယ်၍ ရှာတွေ့သွားပါက ကျန်းရွှမ်ကိုယ်တိုင်ပင် လှုပ်ရှားရန် လိုမည်မဟုတ်ချေ။ ကျန်းရွှမ်သည် ကောင်းကင်ကံကြမ္မာခန်းမ ကို ဆက်သွယ်လိုက်ရုံဖြင့် မိုပိုင်ယဲ့အတွက် ပြဿနာ များစွာ ဖြစ်သွားစေနိုင်သည်။
သူမကို သူ့နှင့် တိုက်ရိုက်မသက်ဆိုင်သော နေရာ တစ်နေရာတွင် ဝှက်ထားခြင်းဖြစ်ပေမည်။
ထိုနည်းအားဖြင့် သူ၏ "ကျောထောက်နောက်ခံ အင်အားစု"မှ ရှာတွေ့သွားလျှင်ပင် မိုပိုင်ယဲ့အပေါ် အပြစ်ပုံချ၍ ရမည်မဟုတ်ပေ။
မည်သို့ပင်ဆိုစေကာမူ မိုပိုင်ယဲ့ထံ၌ သူ ကောင်းကင်ကံကြမ္မာခန်းမ၌ ရှိနေခဲ့သည်ဆိုသော သက်သေရှိနေပေ၏။
"သူ လူတွေကို ဝှက်ထားနိုင်တဲ့ တခြားနေရာတွေကို သိသေးလား"
ကျန်းရွှမ် မင်ကျန်းထောင်ကို ထပ်မံ၍ကြည့်လိုက်သည်။
"လူကိုဝှက်ထားဖို့ ဆိုရင်တော့ ကျိုးယီအင်ပါယာက အရမ်းကျယ်ဝန်းတယ်...ဘယ်နေရာမဆို ဖြစ်နိုင်တယ်... ဒါပေမဲ့ သူ့အတွက်ကျတော့ ကျွန်တော် နေရာတစ်နေရာကို သိထားတယ်..."
မင်ကျန်းထောင်က အချိန်တခဏကြာခန့် စဉ်းစားပြီးနောက် ပြောဆိုလိုက်သည်။
ကျန်းရွှမ်က သူ့ကို ကြည့်လိုက်သည်။
မင်ကျန်းထောင်က ဆက်လက်၍ ပြောဆိုသည်။
"ဆရာက မယားငယ်ခုနစ်ယောက် ယူထားပြီးတော့ ပျော်ရွှင်မှုတွေကို ခံစားနေရတယ် ဆိုတာ လူတိုင်း သိထားကြတယ်....ဒါပေမဲ့ သူတို့တင် မကဘူး....ဒီနေရာနဲ့ မဝေးတဲ့ လျဲ့ယီလမ်းကြားမှာ သူ့ရဲ့တိတ်တိတ်ပုန်းချစ်သူတစ်ယောက် ရှိသေးတယ်...အဲ့ဒီချစ်သူက တစ်ချိန်တုန်းက စွေ့ရှန်းဆောင်ကြာမြိုင်ရဲ့ ထိပ်တန်း ဖျော်ဖြေသူတစ်ယောက် ဖြစ်ခဲ့ဖူးတယ်.. ဒါပေမဲ့ သူက တစ်ယောက်ယောက်ကို အပြစ်ပြုမိပြီးတော့ အသတ်ခံရလုနီးပါး ဖြစ်ခဲ့တယ်... အဲ့ဒီနောက်မှာ ဆရာက သူ့ကို ကယ်တင်ခဲ့ပြီးတော့ သူ့ရဲ့လွတ်လပ်ခွင့်ကို ဝယ်ယူပေးခဲ့တယ်.. ပြီးတော့ သူ့ကို တိတ်တဆိတ် ထောက်ပံ့ပေးထားတယ်....ကျွန်တော်က အရင်က အဲ့ဒီမိန်းကလေးအတွက် ပစ္စည်းတွေ ဝယ်ပေးဖူးလို့ သိတာပါ"
ကျန်းရွှမ်က မျက်မှောင်ကြုတ်လိုက်သည်။
"လျဲ့ယီလမ်းကြား ဟုတ်လား...."
စွန်းချန်က အလျင်အမြန် ရှင်းပြသည်။
"သခင်လေးကို တင်ပြပါတယ်... အဲ့ဒီနေရာက တကယ့်ကို အရမ်းနီးပါတယ်...ဒီနေရာကနေ မီတာငါးရာတောင် မဝေးပါဘူး..."
"သူက မယားငယ်ခုနစ်ယောက်တောင် ယူထားပြီးပြီပဲ ....နောက်တစ်ယောက် ထပ်ယူတာက ပြဿနာကြီး မဟုတ်လောက်ပါဘူး... ဘာလို့ သူက တိတ်တဆိတ် ထောက်ပံ့ပေးနေရတာလဲ"
ကျန်းရွှမ်က မေးမြန်းလိုက်၏။
ဤနေရာတွင် တစ်လင်တစ်မယားစနစ် ရှိမနေသည့်အပြင် သူ့၏ မြင့်မားသော အဆင့်အတန်းနှင့်ဂုဏ်ပုဒ်တို့အရ တိတ်တိတ်ပုန်းမယားငယ်ထားရန် အကြောင်းမရှိချေ။
"အကြောင်းအရင်း အတိအကျကိုတော့ ကျွန်တော် မသိပါဘူး...ဒါက ဆရာ့ရဲ့ အဆင့်အတန်းနဲ့ သက်ဆိုင်လိမ့်မယ်... ပြည့်တန်ဆာ တစ်ယောက်ကို အိမ်ပေါ်ခေါ်တင်တာက သူ့ရဲ့ဂုဏ်သိက္ခာကို ထိခိုက်စေနိုင်တယ်လေ..."
မင်ကျန်းထောင်က ပြောဆိုသည်။
ကျန်းရွှမ်က ခေါင်းညိတ်လိုက်သည်။
ကောင်းကင်ကံကြမ္မာခန်းမ၏ ဒုခန်းမသခင် တစ်ယောက် ကောင်းကင်ကံကြမ္မာတစ်ခုကို တည်ထောင်သူတစ်ယောက်အနေနှင့် ပြည့်တန်ဆာတစ်ယောက်ကို လက်ထပ်ခြင်းသည် အမှန်တကယ်ကို ဝေဖန်ခံရနိုင်သောကိစ္စကြီး ဖြစ်ပေလိမ့်မည်။
"အဲ့ဒီမယားငယ်ရဲ့ ကျင့်ကြံဆင့်က ဘယ်လောက်ရှိလဲ"
ကျန်းရွှမ်က ဆက်လက်၍ မေးမြန်းသည်။
မင်ကျန်းထောင်က အချိန်တခဏကြာခန့် စဉ်းစားလိုက်၏။
"သူရဲ့ကျင့်ကြံဆင့်က သိပ်မမြင့်ပါဘူး....ရင်းမြစ်ရေအိုင်နယ်ပယ် ဆဋ္ဌမအဆင့် ဒါမှမဟုတ် သတ္တမအဆင့်လောက်ပဲ ရှိမယ်... ဒါပေမဲ့ အိမ်တော်ထိန်းအဒေါ်ကြီး တစ်ယောက် ရှိတယ်....သူက တော်တော်လေး သန်မာအားကောင်းပြီးတော့ ကြယ်စင်မြစ်နယ်ပယ် ဒုတိယအဆင့်မှာ ရှိနေတယ်... မိန်းကလေးလျှူ အဲ့ဒီနေရာမှာ ရှိနိုင်တယ်လို့ ကျွန်တော် ထင်ရတဲ့ အကြောင်းရင်းက အဲ့ဒီအိမ်က အရမ်းကျယ်ဝန်းပြီးတော့ တစ်ခုခုကို သိုဝှက်ထားဖို့ ကောင်းလို့ပဲ... လူတစ်ယောက် မပြောနဲ့ ဆယ်ယောက် အယောက်နှစ်ဆယ်လောက်ကို ဝှက်ထားရင်တောင် အချိန်တိုအတွင်းမှာ ဘယ်သူမှ ရှာတွေ့နိုင်မှာ မဟုတ်ဘူး"
"မိုပိုင်ယဲ့ရဲ့ အပြင်က တိတ်တိတ်ပုန်းချစ်သူ... မင်း မတော်တဆ ရောက်ဖူးတဲ့ နေရာ... ပြီးတော့ လူဝှက်ထားဖို့ သင့်တော်လောက်အောင် ကျယ်ဝန်းတယ်..."
ကျန်းရွှမ်က အချက်အလက်များအားလုံးကို သူ၏စိတ်ထဲတွင် တွက်ချက်လိုက်၏။ ထို့နောက် သူ၏မျက်လုံးသူငယ်အိမ်များ ရုတ်တရက် ကျဉ်းမြောင်းသွားကာ အေးစက်စက် အရိပ်အယောင်တစ်ရပ် ဖြတ်သန်းသွားသည်။
"မင်ကျန်းထောင်...မင်း ငါ့ကို ထောင်ချောက်ထဲ ဆွဲခေါ်သွားနေတာလား... မင်း သေချင်နေတာလား"
ဝုန်း...
သူ၏စကားဆုံးသည်နှင့် ပြင်းထန်သော သတ်ဖြတ်လိုခြင်းအရှိန်အဝါတစ်ရပ်က မင်ကျန်းထောင်ကို လွှမ်းခြုံသွားသည်။
"အရှင်... အရှင် ကျန်း..."
သူ၏ရှေ့မှ ဒေါသအရှိန်အဝါကို ခံစားမိသဖြင့် မင်ကျန်းထောင်၏ခန္ဓာကိုယ်တုန်ရီသွားပြီး သူ၏မျက်နှာ ချက်ချင်းဖြူဖျော့သွားသည်။