ကြီးမားသော လက်ဆောင်
Vol. 23 Ch. 295
"ဟမ့်...မင်း ငြင်းဦးမလို့လား"
ကျန်းရွှမ်က အေးစက်စက် နှာမှုတ်လိုက်သည်။
အရာအားလုံးသည် တိုက်ဆိုင်လွန်းနေပေ၏။
သူတို့ထံ၌ ပူးပေါင်းကြံစည်မှုမရှိဟု ပြောလျှင်ပင် သူ ယုံကြည်နိုင်မည် မဟုတ်ချေ။
"ကျွန်... ကျွန်တော် မလုပ်ပါဘူး..."
တဖက်လူသည် သူ့ကို အမှန်တကယ် သတ်ချင်နေပြီး အတွေးတစ်ချက်တည်းဖြင့် သတ်နိုင်ကြောင်း သူ သိထားသည်။ ထိုကြောင့် မင်ကျန်းထောင်က သူ၏ထိတ်လန့်နေမှုကို ဖိနှိပ်ကာ အလျင်အမြန် ခေါင်းခါယမ်းလိုက်သည်။
"ကျွန်တော့်မှာ အဲ့ဒီလို ရည်ရွယ်ချက်မျိုး မရှိဘူး .. တကယ်လို့ အရှင့်အပေါ် မကောင်းတဲ့ အတွေးတစ်ခုခု ရှိခဲ့ရင် ကျွန်တော်ရဲ့ကံကြမ္မာ ချက်ချင်းကုန်ဆုံးပြီးတော့ ဒီနေရာမှာတင် သေသွားပါစေ..."
"မင်းရဲ့စိတ်ကို လျှော့ထား....ဘာမှ မခုခံနဲ့..."
ကျန်းရွှမ်က မင်ကျန်းထောင်ကိုကြည့်ပြီး ပြောဆိုလိုက်၏။
...
"ဟုတ်ကဲ့"
မင်ကျန်းတောင်က အလျင်အမြန် ခေါင်းညိတ်ပြပြီး ငြိမ်သက်စွာ မတ်တတ်ရပ်နေလိုက်သည်။
ကျန်းရွှမ်သည် သူ၏လက်ညှိုးကို မင်ကျန်းထောင်၏နဖူးဆီသို့ ချိန်ရွယ်လိုက်ပြီး နောက်ထပ်အချိန်တခဏတွင် ကမ္ဘာသစ်အတွင်းရှိ မရေမတွက်နိုင်သော တောင်များနှင့်မြစ်များ လောင်ကျွမ်းသွားသည်။
ပါမောက္ခကုန်းမြေ၏ စိတ်ဝိညာဉ်စစ်ဆေးခြင်းနည်းစနစ်သည် တဖက်လူ၏အတွေးများကို သိရန် ကြိုးစားခြင်းမဟုတ်ဘဲ ထိုလူ လိမ်ပြောနေခြင်းရှိမရှိကိုသာ အတည်ပြုရန်ပင်။
အချိန်တခဏအကြာတွင် ကျန်းရွှမ်က သူ၏လက်ညှိုးကို ပြန်ရုတ်သိမ်းလိုက်သည်။
စိတ်ဝိညာဉ်စစ်ဆေးခြင်းနည်းစနစ်ဖြင့် စစ်ဆေးမှုအရ တဖက်လူသည် လိမ်မပြောခဲ့ချေ။ ဆိုလိုတာာသည်မှာ အချက်အလက်များသည် တိုက်တိုက်ဆိုင်ဆိုင် မှန်ကန်နေခြင်းပင်။
"မဟုတ်သေးဘူး...ဒါက... ငါ နားလည်သွားပြီ"
အချိန်တခဏကြာ စဉ်းစားတွေးတောပြီးနောက် ကျန်းရွှမ်က နားလည်သဘောပေါက်သွားပြီး သူ၏လက်ကို ဝှေ့ယမ်းလိုက်သည်။
"လမ်းပြစမ်း... လျဲ့ယီလမ်းကြား ကို သွားမယ် ...စွန်းချန် မင်း ဒီမှာနေခဲ့ပြီး ရှောင်ယွီနဲ့ဟုန်ရီကို စောင့်ရှောက်လိုက်"
သူတို့နှစ်ယောက်သား ထိုနေရာသို့ လျှင်မြန်စွာ ပျံသန်းသွားကြသည်။ အသက်ဆယ်ရှိုက်စာအချိန်အတွင်း၌ သူတို့သည် ကြီးမားသော ခြံဝန်းကြီးတစ်ခု၏အပြင်ဘက်သို့ ရောက်ရှိလာကြသည်။
ထိုခြံဝန်းသည် ဆယ်ဧကကျော်ကျယ်ဝန်းပြီး အဆောက်အဦများအားလုံးသည် မြင့်မားခြင်းမရှိဘဲ ရိုးရှင်းသည်။ အဝေးကကြည့်လျှင် ထိုနေရာသည် စိမ်းလန်းစိုပြည်နေပြီး သစ်ပင်ပန်းမန်များဖြင့် ပြည့်နှက်နေကာ လူမနေသော ဥယျာဉ်တစ်ခုနှင့် တူညီနေသည်။
ဤလျဲ့ယီလမ်းကြားသည် အလွန်ချောင်ကျပြီး ဆိုင်ခန်းများစွာမရှိသည့်အပြင် လူနေကျဲပါးသည်။ မည်သည့်ရှုထောင့်က ကြည့်သည့်ဖြစ်စေ ဤနေရာသည် မင်ကျန်းထောင် ပြောသည့်အတိုင်း လူဝှက်ထားရန် အလွန်သင့်တော်သည်။
လျှူမင်ယွဲ့တစ်ယောက်တည်းကို မဆိုထားနှင့် လူအယောက်တစ်ရာလောက်ကိုပင် မည်သူမှ သတိမထားမိအောင် တိတ်တဆိတ် ဝှက်ထားနိုင်သည်။
"အရှင်ကျန်း...ဒါက ကျွန်တော် ပြောတဲ့ နေရာပဲ...ကျွန်တော်တို့ ခိုးဝင်ပြီး လူရှာကြမလား ဒါမှမဟုတ် အတင်းအကြပ် ဝင်စီးကြမလား... ကြယ်စင်မြစ်နယ်ပယ် ဒုတိယအဆင့် အထွတ်အထိပ်မှာရှိတဲ့ အိမ်တော်ထိန်းအဒေါ်ကြီးကို ကျွန်တော် လွယ်လွယ်ကူကူ သတ်ပေးလို့ ရတယ်..."
မင်ကျန်းထောင်က ကျန်းရွှမ်ကိုကြည့်ပြီး မေးမြန်းလိုက်သည်။
သူသည် အစောပိုင်းက သံသယ ဝင်ခံထားရသဖြင့် သူ၏တန်ဖိုးကို ပြသလိုနေသည်။
သူ၏မေးခွန်းကို မဖြေဘဲ ကျန်းရွှမ်က ကျောက်တုံးတစ်တုံးကိုကောက်ယူပြီး ခြံဝန်းထဲသို့ ပစ်ထည့်လိုက်သည်။ "ဘုန်း"ခနဲ အသံနှင့်အတူ တစ်စုံတစ်ခုကို ထိမှန်သွားသည်။
သို့ရာတွင် ခြံဝန်းအတွင်းထဲတွင် မည်သည့်လှုပ်ရှားမှုမျှ မရှိဘဲ လူများရှိမနေသည့်အလား တိတ်ဆိတ်ငြိမ်သက်နေသည်။
ထိုသို့ပြုလုပ်ပြီးနောက် ကျန်းရွှမ်သည် မည်သည့်အရာကိုမျှ ဆက်မလှုပ်ရှားတော့ဘဲ နေရာတွင် ငြိမ်သက်စွာ မတ်တတ်ရပ်နေလေ၏။
"အရှင်ကျန်း..."
မင်ကျန်းထောင်က နားမလည်နိုင်စွာဖြင့် ကြည့်လိုက်သည်။
"ခြံဝန်းထဲမှာ ထိပ်သီးကျင့်ကြံသူငါးယောက် ရှိတယ်....အားအနည်းဆုံးက ကြယ်စင်မြစ်နယ်ပယ် စတုတ္ထအဆင့်ရှိပြီးတော့ အားအကောင်းဆုံးက ကြယ်စင်မြစ်နယ်ပယ် ပဉ္စမအဆင့်ပဲ..."
ကျန်းရွှမ်က တီးတိုးပြောဆိုသည်။
"ထိပ်သီးကျင့်ကြံသူငါးယောက် ဟုတ်လား... အရှင် ကျွန်တော် ဒါကို တကယ် မသိပါဘူး"
မင်ကျန်းထောင်သည် ထိတ်လန့်သွားပြီး အလျင်အမြန် လက်ခါပြလေသည်။
"မင်း သိနေခဲ့ရင် ခုဏကတည်းက မင်း သေနေပြီ"
ကျန်းရွှမ်က သူ၏လက်ကိုဝှေ့ယမ်းရင်း ပြောဆိုလိုက်သည်။
အစောပိုင်းက သူ ကျောက်တုံးကို ပစ်လိုက်ချိန်တွင် ခြံဝန်းထဲ၌ ပုန်းအောင်းနေသော ထိပ်သီးကျင့်ကြံသူများထံမှ တုံ့ပြန်မှုမရှိသည့်အပြင် လှုပ်ရှားခဲ့ခြင်းလည်း မရှိချေ။ သို့ရာတွင် သူတို့၏စွမ်းအားများကို တိတ်တဆိတ် လှည့်ပတ်လိုက်ကြသည်။ ထိုမျှဖြင့် သူသည် ကောင်းကင်ဘုံစာကြည့်တိုက်ကို အသုံးပြုပြီး ပုန်းအောင်းနေသူများ၏ အထောက်အထားနှင့် ဇစ်မြစ်များကို ရှာဖွေရန် လုံလောက်သည်။
တစ်ချက်ကြည့်လိုက်ရုံနှင့် ဤလူများ၏ အရေအတွက်နှင့်စွမ်းအားကို သူ အတည်ပြုနိုင်ခဲ့သည်။
သူ၏ရှေ့မှလူနှင့် ပတ်သက်၍မူ စိတ်ဝိညာဉ်စစ်ဆေးခြင်းနည်းစနစ်ဖြင့် စစ်ဆေးပြီးပြီ ဖြစ်ရာ အမှန်တကယ်မသိရှိကြောင်း သိသာထင်ရှားပေ၏။ ဤသို့ဖြစ်ရသော အကြောင်းအရင်းမှာ အလွန်ရိုးရှင်းသည်။
မိုပိုင်ယဲ့သည် မင်ကျန်းထောင် သစ္စာဖောက်သွားကြောင်းနှင့် သူ၏တိတ်တိတ်ပုန်းချစ်သူ အကြောင်း သိနေကြောင်းကို နားလည်ထားသဖြင့် ဤအချက်ကို အခွင့်ကောင်းယူပြီး ကြိုတင်ထောင်ချောက်ဆင်ကာ ကျန်းရွှမ် ရောက်လာမည်ကို စောင့်ဆိုင်းနေခြင်းပင်။
အကယ်၍ ကျန်းရွှမ်ကို သတ်နိုင်လျှင် ပြဿနာအမြောက်အများကို ဖြေရှင်းပြီးသား ဖြစ်သွားပေမည်။ မသတ်နိုင်ခဲ့လျှင်ပင် အနည်းဆုံးအနေဖြင့် ကျန်းရွှမ်၏စွမ်းအားကို ကြိုတင်ခန့်မှန်းနိုင်ပြီး လိုအပ်သည်များကို ပြင်ဆင်နိုင်မည် ဖြစ်သည့်အပြင် သူ့နှင့်မင်ကျန်းထောင်ကြားတွင် သွေးခွဲရာလည်းရောက်သည်။
ဤသည်မှာ ငှက်နှစ်ကောင်ကို ကျောက်ခဲတစ်လုံးတည်းဖြင့် ပစ်ခတ်သော နည်းဗျူဟာပင်။
မိုပိုင်ယဲ့သည် ကောင်းကင်ကံကြမ္မာတစ်ခုကို နားလည်သဘောပေါက်ခဲ့သော ပါရမီရှင်ဖြစ်ရန် ထိုက်တန်ပေ၏။ သူသည် အမှန်တကယ်ကို အပေါ်ယံတွင်မြင်ရသလောက် မရိုးရှင်းချေ။
သို့ရာတွင် သူသည် ထောင်ချောက်ကို ကြိုတင် သိရှိပြီးဖြစ်ရာ အရေးမပါတော့ပေ။
"ကျွန်တော်တို့ ဝင်ကြအုံးမှာလား"
မင်ကျန်းတောင် မနေနိုင်တော့ဘဲ မေးမြန်းလိုက်သည်။
"မဝင်တော့ဘူး..."
ကျန်းရွှမ်က ခေါင်းခါယမ်းလိုက်၏။
သူသည် ဤလူများ၏ အားနည်းချက်များနှင့် နောက်ခံဇစ်မြစ်များကို သိထားသော်လည်း လက်ရှိအချိန်တွင် သူသည် ကြယ်စင်မြစ်နယ်ပယ် ဒုတိယအဆင့် အထွတ်အထိပ်တွင်သာ ရှိသေးသည်။ သူသည် တတိယအဆင့်နှင့်စတုတ္ထအဆင့်ကျင့်ကြံသူများထိ တိုက်ခိုက်နိုင်သော်လည်း ပဉ္စမအဆင့်နှင့် ရင်ဆိုင်ရခြင်းမှာမူ အနည်းငယ် လွန်ကဲသွားပေမည်။ သူ မဆင်မခြင် ဝင်ရောက်တိုက်ခိုက်လျှင်ပင် အနိုင်ရမည်ဟု အာမမခံနိုင်ပေ။
ထို့ပြင် ဤသည်မှာ ထောင်ချောက်တစ်ခု ဖြစ်နေသဖြင့် လျှူမင်ယွဲ့သည် ဤနေရာ၌ ရှိနေနိုင်ရန်မှာ မဖြစ်နိုင်သလောက်နီးပါးပင်။
သူ အတင်းအကြပ် ဝင်ရောက်တိုက်ခိုက်ပါက ရန်သူအား သူ၏စွမ်းအားကို စမ်းသပ်ခွင့်ပေးသကဲ့သို့ ဖြစ်သွားပေမည်။ ထိုကြောင့် သူ ထိုသို့ပြုလုပ်ရန် မလိုအပ်ချေ။
မင်ကျန်းထောင်က ပြောဆိုသည်။
"ဒါဆိုရင် ကျွန်တော်တို့ ဘာဆက်လုပ်ကြမလဲ..."
ကျန်းရွှမ်က အချိန်တခဏတာကြာ စဉ်းစားပြီးနောက် တံဆိပ်ပြားတစ်ခုကိုထုတ်ယူကာ လက်ကမ်းပေးလိုက်သည်။
ဤသည်မှာ ကောင်းကင်ပြာ အလုံးစုံသိမြင်တံဆိပ်ပြားပင်။
လွန်ခဲ့သောဖြစ်ရပ်များကြောင့် ဤပစ္စည်းသည် အလုံးစုံသိမြင်ဂိုဏ်းအတွက် အလွန်အရေးကြီးကြောင်း သူ သိလိုက်သည်။ ထိုသို့ဆိုပါက သူသည် မည်သည်ကြောင့် အခွင့်ကောင်းမယူဘဲ နေရမည်နည်း။
"ဒီတံဆိပ်ပြားကို ယူသွားပြီးတော့ အလုံးစုံသိမြင်ဂိုဏ်းကိုသွားပြီး ဂိုဏ်းခွဲသခင်ချန်ယွီဟွမ် ကို ရှာလိုက်စမ်း... အမဲလိုက်စာရင်းထဲက လူဆိုးတချို့ ဒီနေရာမှာ ပုန်းနေတယ်လို့ ပြောပြီးတော့ သူတို့ကို ဖမ်းဆီးဖို့ လူလွှတ်ခိုင်းလိုက်...ထိပ်သီးကျင့်ကြံသူ တော်တော်များများကို ခေါ်လာဖို့ သေချာမှာလိုက်စမ်း..."
"ဒါက..."
တံဆိပ်ပြားကို ယူလိုက်ပြီးနောက် မင်ကျန်းထောင်သည် မျက်တောင်ပုတ်ခတ်ပုတ်ခတ်လုပ်ကာ သူ အနည်းငယ် ကြောင်အသွားသည်။
အလုံးစုံသိမြင်ဂိုဏ်းကို ဒီနေရာဆီ လူလွှတ်ပြီး ဖမ်းခိုင်းတာလား...
ဒါက ဘယ်လိုမျိုး ထူးဆန်းတဲ့ အမိန့်မျိုးလဲ...သူတို့က နားထောင်ပါ့မလား...
သို့ရာတွင် ကျန်းရွှမ်က ညွှန်ကြားနေသဖြင့် သူသည် မည်သည့်စကားကိုမျှ ပြန်မပြောရဲဘဲ ချက်ချင်းခေါင်းညိတ်လိုက်၏။
"ဟုတ်ကဲ့"
"မိုတောက်ဂိုဏ်း ဘယ်နေရာမှာ ရှိလဲဆိုတာနဲ့ အသေးစိတ်ကို ပြောပြစမ်း...ဂိုဏ်းရဲ့ဖွဲ့စည်းပုံ လူအင်အားနဲ့ သူတို့ရဲ့စွမ်းအားတွေကို ငါ့ကို ပြောပြစမ်း"
ကျန်းရွှမ်က ဆက်လက်၍ မေးမြန်းလိုက်သည်။
"ဟုတ်ကဲ့"
မင်ကျန်းထောင်က ချက်ချင်းဆိုသလိုပင် အသေးစိတ်ကျကျ ပြန်ပြောပြလေသည်။
မိုပိုင်ယဲ့၏ ဒုတိယတပည့် ဖြစ်သည့်အတွက် မင်ကျန်းထောင်သည် မိုတောက်ဂိုဏ်း၏အကြောင်းကို သူ၏လက်ဖမိုးကဲ့သို့ သိရှိထားသည်။ မကြာမီမှာပင် ကျန်းရွှမ်သည် ဤအင်အားစု၏အကြောင်းကို ကောင်းစွာ နားလည်သဘောပေါက်သွားပေ၏။
မိုတောက်ဂိုဏ်း၏ အစွမ်းထက်ဆုံးလူသည် ဂိုဏ်းချုပ်မိုပိုင်ယဲ့ ဖြစ်ပြီး ကြယ်စင်မြစ်နယ်ပယ် ဆဋ္ဌမအဆင့် အထွတ်အထိပ်၌ရှိနေသည်။ ထို့နောက် မိုဟုန်သည် တတိယအဆင့် အထွတ်အထိပ်၌ ရှိနေကာ မင်ကျန်းထောင်သည် တတိယအဆင့် အစောပိုင်း ကျင့်ကြံသူတစ်ယောက်ပင်။
သူတို့၏နောက်တွင် အစွမ်းထက်ဆုံးလူများသည် ဒုတိယအဆင့် အစောပိုင်းတွင်သာ ရှိပြီး ပထမအဆင့်ကျင့်ကြံသူ အယောက်နှစ်တယ်ခန့် ရှိသည်။ ဓမ္မရုပ်သွင်နယ်ပယ်တွင်ရှိသော ဂိုဏ်းသားများသည် အများဆုံးဖြစ်ပြီးအရေအတွက်နှစ်ရာကျော်ရှိကာ စုစုပေါင်း လူအင်အားသုံးရာကျော် ရှိသည်။
ဤသည်ကို အလွန်ကြီးမားသော အင်အားစုဟု မသတ်မှတ်နိုင်သော်လည်း အင်အားနည်းပါးခြင်းမရှိချေ။
ဤလူများအားလုံး မိုတောက်ကံကြမ္မာကို ကျင့်ကြံကြသည်။ လူတချို့သည် ကံကြမ္မာပထမအဆင့် တချို့သည် ဒုတိယအဆင့်ကို နားလည်သဘောပေါက်ထားကြပြီး မိုပိုင်ယဲ့ကို စွမ်းအားနှင့်ထိုးထွင်းသိမြင်မှုများ အမြဲတစေ ထောက်ပံ့ပေးနေကြသည်။
ဤသည်မှာ မိုပိုင်ယဲ့ ကံကြမ္မာစတုတ္ထအဆင့်သို့ ချိုးဖျက်ဝင်ရောက်ရန်နှင့် လက်ရှိစွမ်းအားကို ထိန်းသိမ်းထားရန်အတွက် သူ့၏ အကြီးမားဆုံး အထောက်အပံ့များပင်။
"အရှင်... ဆရာက ကျွန်တော်တို့ကို နှိမ့်ချဆက်ဆံပြီးတော့ သူ့ကျင့်ကြံမှုရဲ့ အနှစ်သာရ အစစ်အမှန်ကို ဖုံးကွယ်ထားပေမယ့်... ကျွန်တော်ရဲ့ဂိုဏ်းတူမောင်နှမတွေက အပြစ်ကင်းပါတယ်...အရှင်က သနားညှာတာပေးဖို့ မျှော်လင့်ပါတယ်..."
မိုတောက်ဂိုဏ်း၏အခြေအနေကို ရှင်းပြပြီးနောက် မင်ကျန်းထောင်သည် အနည်းငယ် တွန့်ဆုတ်နေပြီးနောက် ဆုံးဖြတ်ချက်ချလိုက်ကာ ဒူးထောက်လိုက်၏။
သူသည် ပို၍နက်ရှိုင်းသော ဓားကျင့်ကြံသူတစ်ဦးနောက်သို့ လိုက်နေသဖြင့် မိုပိုင်ယဲ့အပေါ် လေးစားမှု ပျက်ပြားသွားသော်လည်း သူ့၏ ဂိုဏ်းတူမောင်နှမများ အသတ်ခံရမည်ကို မလိုလားချေ။
ကျန်းရွှမ်သည် ဤမျှထိ အသေးစိတ် မေးမြန်းနေခြင်းသည် ဝင်ရောက်စီးနင်းရန် အခွင့်အလမ်း များနေသည်။ အကယ်၍ သူသာ သတ်ဖြတ်ရန် ဆုံးဖြတ်လိုက်ပါက ထိုဂိုဏ်းသားများအားလုံး လွတ်မြောက်နိုင်မည် မဟုတ်ချေ။
"ငါက သွေးဆာနေတဲ့ လူသတ်သမား မဟုတ်ဘူး...ငါက ဘယ်သူ့ကိုမှ လက်လွတ်စပယ် မသတ်ဘူး...မင်း စိတ်ချပါ"
ကျန်းရွှမ်က လက်ဝှေ့ယမ်းပြလိုက်သည်။ မင်ကျန်းထောင်သည် ဤကဲ့သို့ တွေးတောလိမ့်မည်ဟု သူ ထင်မှတ်မထားပေ။
"ဒါဆိုရင်..."
မင်ကျန်းထောင်က နားမလည်နိုင်စွာဖြင့် ကျန်းရွှမ်ကို ကြည့်လိုက်၏။
လျှူမင်ယွဲ့သည် မိုတောက်ဂိုဏ်းတွင် ရှိနေသည်မှာ မဖြစ်နိုင်ကြောင်း ကျန်းရွှမ် သိရှိထားပြီးဖြစ်သည်။ ထိုကြောင့် သူသည် သတ်ဖြတ်ရန် မဟုတ်လျှင် မည်သည်ကြောင့် ဤမျှထိ အသေးစိတ်ကျကျ မေးမြန်းနေသနည်း။ သူ့ထံတွင် မည်သည့်ရည်ရွယ်ချက် ရှိနေသနည်း။
"မိုပိုင်ယဲ့က ငါ့ရဲ့တပည့်ကို ဖမ်းပြီး ငါ့ကို ထောင်ချောက်ထဲ တွန်းပို့ခဲ့တယ်...ဒါကြောင့် ငါက သူ့ကို 'လက်ဆောင်' ပြန်ပေးရမှာပေါ့.. သူ့ရဲ့ ကြိုးစားအားထုတ်မှုအတွက် ပြန်မပေးဆပ်ရင် ရိုင်းရာမကျဘူးလား"
ကျန်းရွှမ်က ခပ်ဖျော့ဖျော့ပြုံးလိုက်ကာ သူ၏နှုတ်ခမ်းများ တွန့်ကွေးသွားသည်။
Thank For Reading.