← Chapters

ဝင်ရောက်စီးနင်းခြင်း

Vol. 23 Ch. 291

ဝင်ရောက်စီးနင်းခြင်း

Vol. 23 Ch. 291

ကျန်းအိမ်တော်အတွင်းရှိ ခြံဝန်းငယ်တစ်ခုတွင်...

လေပြင်းများ တိုက်ခတ်နေပြီး ပြင်းထန်သော အရှိန်အဝါတစ်ရပ်က ဟိုဟိုသည်သည် ရွေ့လျားနေသည်။ အသက်ပြင်းပြင်းရှူသံများနှင့် မြေပြင်ပေါ်သို့ ချွေးများကျဆင်းသံများကိုလည်း ကြားနေရပေ၏။

"မင်ယွဲ့...ခဏလောက် နားလိုက်ပါအုံး...နင် လေ့ကျင့်နေတာ တစ်ရက်ကို နာရီနှစ်ဆယ်ကျော်နေပြီ....စားချိန်အိပ်ချိန် ပေါင်းလိုက်ရင်တောင် နင်နားတာက စုစုပေါင်း နှစ်နာရီ မပြည့်ဘူး... ဒီအတိုင်း ဆက်သွားရင် နင့်ရဲ့ခန္ဓာကိုယ်က ခံနိုင်မှာ မဟုတ်ဘူး"

ခြံဝန်းတံခါးပွင့်သွားပြီး ယုရှောင်ယွီနှင့်ဟုန်ရီတို့ ဝင်လာကြသည်။ သူတို့နှစ်ယောက်လုံး၏ မျက်လုံးများအတွင်းတွင် စိုးရိမ်ပူပန်မှုများ ရှိနေပေ၏။

သူတို့၏ရှေ့မှ လျူမင်းယွဲ့ သည် ယခင်က အဖြူရောင်ကျောက်တုံးမြို့တွင် မိသားစု၏အလိုလိုက်ခံထားရသော သခင်မလေး တစ်ယောက် ဖြစ်ပြီး အဆင်မပြေမှု တစ်ခုခုရှိသည်နှင့် ငိုတတ်သူပင်။ သို့ရာတွင် ယခုအချိန်၌ သူမသည် မမောမပန်းနိုင်သော ရုပ်သေးတစ်ရုပ်ကဲ့သို့ နေ့စဉ်နာရီနှစ်ဆယ်ကျော် လေ့ကျင့်နေသည်။

လွန်ခဲ့သော တစ်လခန့်က သူမ၏မျက်နှာသည် အနည်းငယ် ပြည့်ဖြိုးသော်လည်း ယခုအချိန်၌ ပါးရိုးများ အနည်းငယ် ချောင်ကျလာသည်။ သူမ၏မျက်နှာပေါ်တွင် ဆုံးဖြတ်ချက်ခိုင်မာမှုများဖြင့် ပြည့်နှက်နေသည်။ သူမသည် ယခင်ကနှင့် လုံးလုံးလျားလျား ကွာခြားသွားလေပြီ။

...

"အခု ငါက အမည်ခံတပည့်ပဲ ရှိသေးတာ...ဆရာကျန်းရဲ့တိုက်ရိုက်တပည့်တောင် မဟုတ်သေးဘူး..ငါ့မှာ နားနေဖို့ အချိန်မရှိဘူး..."

လျှူမင်ယွဲ့က ခေါင်းခါလိုက်သည်။

အဖြူရောင်ကျောက်တုံးမြို့ တွင် ရှိနေစဉ်က သူမ၏လှည့်စားခဲ့မှုများကြောင့် ကျန်းရွှမ်သည် သူမကို တိုက်ရိုက်တပည့်အဖြစ် လက်မခံသေးချေ။ ဆိုလိုသည်မှာ သူမသည် ကျိုးယီအင်ပါယာသို့ ရောက်ရှိလာသော်လည်း အမည်ခံတပည့်သာ ဖြစ်နေဆဲပင်။ အဆင့်အတန်းအရ ကျောက်ယာနှင့် တခြားတိုက်ရိုက်တပည့်များကို ယှဉ်နိုင်ရန် မဆိုထားနှင့် သောက်လီနှင့်ပင် ယှဉ်၍မရချေ။

ထို့ကြောင့် အချိန်ရတိုင်း သူမ အသည်းအသန် လေ့ကျင့်နေခြင်း ဖြစ်သည်။ ကြိုးစားအားထုတ်မှုမှတဆင့် သူမကိုယ်သူမ သက်သေပြနိုင်ရန် မျှော်လင့်နေသည်။

"လေ့ကျင့်တာက အလုပ်နဲ့အနားယူမှု မျှတဖို့ လိုတယ်....ဒီလို လေ့ကျင့်နေတာက နင့်ကို ပိုပြီးပင်ပန်းစေရုံပဲရှိမှာ..ဒါက နင့်ရဲ့တိုးတက်မှုကို နှောင့်နှေးသွားစေမှာကို ငါ စိုးရိမ်မိတယ်..."

ယုရှောင်ယွီက မျက်မှောင်ကြုတ်လိုက်သည်။

"စိတ်မပူပါနဲ့...ငါ အခြေအနေကို ကြည့်လုပ်ပါ့မယ်...ငါ့ရဲ့ရည်မှန်းချက်က ရိုးရှင်းပါတယ်...ငါက နင်တို့လိုပဲ ဆရာကျန်းရဲ့တိုက်ရိုက်တပည့်တစ်ယောက် ဖြစ်လာချင်ရုံပဲ..."

သူမတို့၏စေတနာကို သိသဖြင့် လျှူမင်ယွဲ့က ခပ်ဖျော့ဖျော့အပြုံးဖြင့် ပြောဆိုလိုက်သည်။

"ကောင်းပြီလေ... ငါ ဆက်ပြီလေ့ကျင့်ဖို့ လိုတယ်....နင်တို့လည်း မြန်မြန်လေ့ကျင့်ကြတော့...ဆရာရဲ့တိုးတက်မှုက အရမ်းမြန်တယ်.... ငါတို့ရဲ့ စီနီယာအစ်ကိုတွေအစ်မတွေထဲက တချို့ဆိုရင် ထိပ်သီးအင်အားစုကြီးတွေရဲ့ ခေါ်ယူတာကို ခံနေရပြီ...သူတို့တွေအတွက် အစွမ်းထက်ထိပ်သီးကျင့်ကြံသူ ဖြစ်လာဖို့က အချိန်ပဲ လိုအပ်တယ်...ငါတို့ရဲ့ကျင့်ကြံဆင့်က နိမ့်ပါးလွန်းနေရင် ဆရာ့အတွက် အရှက်ရစရာ ဖြစ်လိမ့်မယ်"

"အဲ့ဒါက အမှန်ပဲ"

ယုရှောင်ယွီနှင့်ဟုန်ရီတို့ တပြိုင်နက်တည်း ခေါင်းညိတ်လိုက်ကြ၏။

ယခင်က သူတို့၏ ကျင့်ကြံမှုအရှိန်နှုန်းသည် နှေးကွေးခြင်းမရှိဟု တွေးထင်ခဲ့ကြသော်လည်း ကျောက်ယာနှင့်ကျန်းယန်တို့ကဲ့သို့ စီနီယာများနှင့် ယှဉ်လိုက်ချိန်တွင် အဆင့်ချင်းယှဥ်၍ပင် မရကြောင်း နားလည်းသဘောပေါက်လိုက်ကြသည်။

ထိုစီနီယာများသာမက ကြက်ပေါက်လေးနှင့် မြင်းပင်လျှင် လျှင်မြန်စွာ တိုးတက်နေကြပြီး သူတို့၏ကျင့်ကြံမှုအရှိန်နှုန်းသည် အံ့အားသင့်ဖွယ် ကောင်းလောက်အောင် မြန်ဆန်ပေ၏။

သူတို့ထံတွင် သာမန်ပါရမီနှင့်အရင်းအမြစ်များသာရှိသောကြောင့် သူတို့ ကြိုးစားအားထုတ်မှု မရှိလျှင် ဘယ်သောအခါမှ လိုက်မီနိုင်မည် မဟုတ်ချေ။

"ကျန်းရွှမ်က မင်းတို့ ဆရာဖြစ်နေတာ ပိုကောင်းသွားတာပေါ့..."

ထိုအချိန်မှာပင် အမှောင်ထုအတွင်းမှနေ၍ အေးစက်စက် နှာမှုတ်သံတစ်သံ ထွက်ပေါ်လာသည်။

ယုရှောင်ယွီ လျှူမင်ယွဲ့ နှင့် ဟုန်ရီတို့သည် အလျင်အမြန် လှည့်ကြည့်လိုက်ကြရာ အရပ်ရှည်သော လူရိပ်နှစ်ရိပ်က သူတို့ထံသို့ ဖြည်းညှင်းစွာ လျှောက်လှမ်းလာသည်ကို မြင်တွေ့လိုက်ရသည်။

ထိုလူများသည် ခြံဝန်းအတွင်းသို့ တိတ်တဆိတ် ချဉ်းကပ်လာသော မိုတောက်ဂိုဏ်းချုပ် မိုပိုင်ယဲ့ နှင့် သူ၏အကြီးဆုံးတပည့်မိုဟုန်တို့ပင်။

"ဘယ်သူလဲ..."

ဟုန်ရီ၏မျက်နှာအမူအယာ မည်းမှောင်သွားပြီး သူ့စီနီယာအစ်မနှစ်ယောက်၏ရှေ့တွင် ကာဆီး၍ မတ်တတ်ရပ်လိုက်သည်။

"မလိုလားအပ်တဲ့ နာကျင်မှုတွေ မဖြစ်ရအောင် မင်းတို့ ငြိမ်ငြိမ်လေးလိုက်ခဲ့ဖို့ ငါ အကြံပေးချင်တယ်"

မိုဟုန်က ဂရုမစိုက်သောလေသံဖြင့် ပြောဆိုပြီး သူ၏လက်ကို ဝှေ့ယမ်းလိုက်သည်။

"စီနီယာအစ်မတို့... မြန်မြန်ထွက်ပြေးပြီးတော့ ဆရာ့ကို သွားရှာလိုက်ပါ...သူတို့ကို ကျွန်တော် တားထားပေးမယ်..."

ဟုန်ရီ၏မျက်နှာအမူအယာ တည်ကြည်လေးနက်သွားပြီး အော်ဟစ်သံတစ်သံနှင့်အတူ ရှေ့သို့ပြေးဝင်သွားသည်။ သူသည် သူတို့၏အနားသို့ မရောက်မီမှာပင် ကြီးမားသော လက်သီးထိုးနှက်ချက်တစ်ချက်က မိုးကြိုးပစ်ခတ်သကဲ့သို့ ကျရောက်သွားသည်။

ဤအချိန်ကာလအတောအတွင်း၌ သူ၏ ကျင့်ကြံဆင့်တိုးတက်မှုသည် အလွန်အထင်ကြီးဖွယ်ကောင်းပေ၏။ သူသည် ရင်းမြစ်ရေအိုင် အဋ္ဌမအဆင့်ဖြစ်သော နတ်ဘုရားစိတ်ဝိညာဥ်နယ်ပယ်သို့ ရောက်ရှိနေပြီဖြစ်ရာ ဓမ္မရုပ်သွင်နယ်ပယ်သို့ ရောက်ရှိရန် ခြေတစ်လှမ်းသာ လိုတော့သည်။ ထိုကျင့်ကြံမှုသည် အဖြူရောင်ကျောက်တုံးမြို့တွင် ထိပ်တန်းအဆင့်ဟု သတ်မှတ်နိုင်သော်လည်း မိုတောက်ဂိုဏ်း၏ အသန်မာဆုံး နှစ်ယောက်ရှေ့တွင်မူ အရေးမပါချေ။

မိုဟုန်က သူ၏လက်ချောင်းများကို လှုပ်ခတ်လိုက်ရာ ဓားချီအလင်းတန်းတစ်ခု ထွက်ပေါ်လာပြီး ဟုန်ရီသည် ညည်းညူသံတစ်သံနှင့်အတူ လွင့်ထွက်သွားသည်။ သူ လေထုအတွင်းတွင် ရှိနေစဉ်မှာပင် သူ၏ပါးစပ်မှ သွေးများ ပန်းထွက်လာသည်။

"ဟုန်ရီ...."

သူမတို့၏ ဂျူနီယာမောင်လေးသည် တိုက်ကွက်တစ်ကွက်ပင် တောင့်မခံနိုင်ဘဲ ဒဏ်ရာရသွားသည်ကို မြင်လိုက်ရသဖြင့် ယုရှောင်ယွီနှင့် လျှူမင်ယွဲ့တို့၏ မျက်နှာအမူအယာများ တည်ကြည်လေးနက်သွားကြသည်။ စူးရှသောအော်သံတစ်သံနှင့်အတူ သူမတို့သည်လည်း ထိုတိုက်ခိုက်မှုကို ရင်ဆိုင်ရန် ရှေ့တိုးလိုက်ကြသည်။

မိန်းကလေးနှစ်ယောက်၏ စွမ်းအားသည် ဟုန်ရီနှင့် များစွာကွာခြားခြင်း မရှိချေ။ သူမတို့သည် ဓမ္မရုပ်သွင်နယ်ပယ်သို့ ရောက်ရှိခါစဖြစ်ပြီး အခြေခံခိုင်မာကြသည်။ သူမတို့၏လှုပ်ရှားမှုတိုင်းတွင် ကြီးမားသောစွမ်းအားများ ပါဝင်သည်။ သို့ရာတွင် ကြယ်စင်မြစ်နယ်ပယ် တတိယအဆင့် အထွတ်အထိပ်သို့ ရောက်ရှိနေသော မိုဟုန်နှင့် နှိုင်းယှဉ်လျှင် လွန်စွာအလှမ်းကွာဟသည်။ မိုဟုန်သည် သူ၏လက်ချောင်းများကို နှစ်ကြိမ်လှုပ်ခတ်လိုက်ရုံဖြင့် သူမတို့နှစ်ယောက်လုံး နောက်ဆုတ်သွားရသည်။

"သေချင်နေတဲ့ ငတုံးတွေ..."

သူတို့သုံးဦးကို လွင့်ထွက်သွားစေပြီးနောက် မိုဟုန်က အေးစက်စက် နှာမှုတ်လိုက်သည်။ သူသည် သူတို့အာစ ဖမ်းဆီးရန် ဟန်ပြင်လိုက်စဉ်မှာပင် လျှူမင်ယွဲ့က သူမ၏လက်ကောက်ဝတ်ကို လှုပ်ခတ်လိုက်ရာ သူမ၏လက်အတွင်းတွင် မိုတောက်ဓားတစ်လက် ရုတ်တရက် ထွက်ပေါ်လာသည်။ ထိုဓားမှနေ၍ ပြင်းထန်သော ဓားချီလှိုင်းတစ်လှိုင်းထွက်ပေါ်လာကာ မိုဟုန်ထံသို့ ဦးတည်ပြီး တိုးဝင်လာသည်။

"မိုတောက်ဓား နည်းစနစ်လား..."

မိုဟုန်သည် အံ့အားသင့်သွားပြီး သူ၏မျက်လုံးများတွင် အံ့အားသင့်မှုများဖြင့် ပြည့်နှက်နေပေ၏။

"မင်းလည်း မိုတောက်ကံကြမ္မာကို ကျင့်ကြံနေတာလား"

ဤမိန်းကလေး၏ဓားနည်းစနစ်မှာ အလွန်သန့်စင်သည်။ သူမ၏ အကန့်အသတ် ရှိသော စွမ်းအားကြောင့် တိုက်ခိုက်မှုသည် မပြင်းထန်သော်လည်း ဓားချီမှထွက်ပေါ်လာသော ပြင်းထန်သည့် အရှိန်အဝါသည် သူ့ကိုပင် ထိတ်လန့်ကြောက်ရွံသွားစေသည်။

ဤသည်မှာ သူ၏ဆရာ သင်ပေးထားသော နည်းစနစ်များနှင့် လုံးလုံးလျားလျား ကွဲပြားခြားနားပြီး ပို၍အားကောင်းကာ စွမ်းအားကြီးမားပုံ ရသည်။

မိန်းကလေးတစ်ယောက်သည် သူ့ကဲ့သို့ သန်မာထွားကျိုင်းသော ယောက်ျားသားတစ်ယောက်ထက် မိုတောက်ဓားနည်းစနစ်ကို ပို၍ပြင်းထန်စွာ အသုံးပြုနိုင်သည်ဆိုခြင်းက ယုံကြည်နိုင်ရန် ခက်ခဲနေသည်။

"သူက မိုတောက်ကံကြမ္မာကို ကျင့်ကြံနေတာပဲ.... ဒါကို ငါ သင်မပေးခဲ့ဘူး... ငါတောင် အာရုံမခံနိုင်ခဲ့ဘူး... သူ့ကို အရှင်ဖမ်းထား... သေသေချာချာ စစ်ဆေးမေးမြန်းရမယ်..."

မိုပိုင်ယဲ့သည် မိန်းကလေး၏ ဓားနည်းစနစ်ကို သတိပြုမိပြီးနောက် မျက်ခုံးပင့်လိုက်သည်။

"ဟုတ်ကဲ့"

မိုဟုန်သည် စကားပြောဆို၍ အချိန်မဖြုန်းရဲတော့ပေ။ သူ၏လက်ကို တစ်ချက်လှုပ်ရှားလိုက်ရာ လျှူမင်ယွဲ့၏မိုတောက်ဓား လွင့်ထွက်သွားပြီး လက်ဝါးရိုက်ချက်တစ်ချက်က သူမ၏ပခုံးကို ထိမှန်သွားသည်။

ဝုန်း....

လျှူမင်ယွဲ့သည် နောက်သို့လွင့်ထွက်သွားပြီး လေထုအတွင်းတွင် သွေးများ အန်ထုတ်လိုက်ရကာ သူမသည် မြေပြင်ပေါ်သို့ ကျသွားပြီး မလှုပ်ရှားနိုင်တော့ပေ။

"ကယ်ပါအုံး..."

ရန်သူသည် အလွန်သန်မာအားကောင်းကြောင်းပြီး အသက်ရှူချိန် အနည်းငယ်အတွင်း၌ သူမတို့သုံးဦးလုံး ဒဏ်ရာအပြင်းအထန်ရခဲ့သည်ကို မြင်လိုက်ရသဖြင့် ယုရှောင်ယွီသည် ထပ်မံ၍ မစဉ်းစားနိုင်တော့ချေ။ သူမသည် အော်ဟစ်၍ အကူအညီ တောင်းခံလိုက်၏။ သို့ရာတွင် သူမ၏ပါးစပ်မှ စကားသံမထွက်မီမှာပင် ဖိနှိပ်ချုပ်ကိုင်နိုင်သော စွမ်းအားတစ်ရပ် ကျရောက်လာသည်။ ထို့နောက် သူမ၏ဗိုက်ကို တစ်စုံတစ်ခုမှ လာရောက်ရိုက်ခတ်သံအား ကြားလိုက်ရသည်။

ဝုန်း...

သူမသည် နောက်သို့လွင့်ထွက်သွားပြီး သူမ၏ခန္ဓာကိုယ် တောင့်တင်းသွားကာ သူမ၏မျက်နှာ ဖြူဖတ်ဖြူရော်သွားသည်။ ဓားချီအလင်းတန်းတစ်ခုသည် သူမ၏ ဗိုက်အောက်ပိုင်းကို ထိမှန်သွားပြီး ဒဏ်ရာအပြင်းအထန် ရစေခဲ့သည်။

"စီနီယာအစ်မ ယု..."

ဟုန်ရီ၏မျက်လုံးများ ဒေါသကြောင့် နီမြန်းသွားသည်။ သူသည် နာကျင်မှုကို လျစ်လျူရှုပြီး ရှေ့သို့ ပြေးဝင်လိုက်၏။ မိုဟုန်က သူ၏လက်ကို ထပ်မံ၍လှုပ်ရှားလိုက်ရာ ဓားချီတစ်လှိုင်းသည် လေထုကို ဖြတ်သန်းပြီး ဟုန်ရီ၏ရင်ဘတ်ကို ထိမှန်သွားသည်။

ဘုန်း....

ပြင်းထန်သောဓားချီကို ခံယူလိုက်ရပြီးနောက် ဟုန်ရီသည် ဆက်လက်၍ တောင့်မခံနိုင်တော့ပေ။ သူသည် မြေပြင်ပေါ်သို့ ပြင်းထန်စွာ လဲကျသွားပြီး သူ၏ပါးစပ်မှ သွေးများ တလဟောယိုစီးကျလာကာ သူ လုံးလုံးလျားလျား မလှုပ်ရှားနိုင်တော့ချေ။

"ဒီကောင်မလေးတစ်ယောက်တည်းကို ခေါ်သွားရင် လုံလောက်ပြီ..."

သူတို့နှစ်ယောက်ကို ဒဏ်ရာအပြင်းအထန်ရစေမည့် တိုက်ကွက်နှစ်ကွက်ကို ထုတ်သုံးပြီးနောက် မိုဟုန်က ရှေ့ဆက်တိုးရန် ဟန်ပြင်လိုက်စဉ်မှာပင် မိုပိုင်ယဲ့၏အသံ ထွက်ပေါ်လာသည်။

"ဟုတ်ကဲ့"

မိုဟုန်က ခေါင်းညိတ်လိုက်ပြီး လေထုထဲသို့ သူ၏လက်ကိုဆန့်တန်းကာ လျှူမင်ယွဲ့ကိုဖမ်းဆုပ်ပြီး သူ၏ပခုံးပေါ်သို့ တင်လိုက်သည်။

"သွားကြစို့"

မိုပိုင်ယဲ့က နောက်သို့ပြန်လှည့်ကာ ထွက်ခွာရန် ဟန်ပြင်လိုက်၏။

"ဆရာ... စာတစ်စောင်လောက် ချန်ခဲ့ရမလား"

မိုဟုန်က သူ၏လေသံကိုနှိမ့်ပြီး မေးမြန်းသည်။

"မလိုဘူး.... မင်း ခုဏက သုံးခဲ့တာက မိုတောက်နည်းစနစ်တွေပဲ...ကျန်းရွှမ် ပြန်ရောက်ရင် ဒါကို သေချာပေါက် သတိထားမိလိမ့်မယ်... သူ ငတုံးတစ်ယောက် မဟုတ်သရွေ့ ဘာတွေဖြစ်ခဲ့လဲဆိုတာ သူ တွေးမိမှာပါ"

မိုပိုင်ယဲ့က သူ၏လက်ကို ဝှေ့ယမ်းလိုက်သည်။

"သူ သိလိုက်တဲ့ အချိန်ကျရင် ငါတို့က ကျီးလန်တောင်ကြားကို ရောက်နေပြီ...သူ့မှာ အင်အားကြီးတဲ့နောက်ခံ ရှိပြီးတော့ သူ့ရဲ့ စွမ်းအားအစစ်အမှန်ကို ဖုံးကွယ်ထားရင်တောင် အဲ့ဒီနေရာမှာ သူ့အတွက် အားသာချက် ရှိမှာမဟုတ်ဘူး....သူက ငါတို့ လက်ခုပ်ထဲကရေပဲ ဖြစ်လာလိမ့်မယ်"

"ဆရာ့ရဲ့ဉာဏ်ပညာက တကယ့်ကို ပြိုင်ဘက်ကင်းတယ်"

မိုဟုန် ရုတ်တရက် နားလည်သဘောပေါက်သွားသည်။

သူတို့နှစ်ယောက်သားသည် စကားပြောဆိုနေရင်း လျှူမင်ယွဲ့ကိုထမ်းကာ ခြံဝန်းထဲမှ ထွက်ခွာသွားပြီး ထူထဲသော ညအမှောင်ထုထဲသို့ တိုးဝင်ပျောက်ကွယ်သွားကြသည်။

"ရှောင်ယွီ...ဟုန်ရီ..."

ကျူးကျော်တိုက်ခိုက်သူများ ထွက်ခွာသွားပြီး မကြာမီမှာပင် ဆူညံသံများကို ကြားသဖြင့် စွန်းချန် အပြေးရောက်လာသည်။ သူသည် သွေးများဖြင့် ရွှဲနစ်နေသော လူနှစ်ဦးကို မြင်တွေ့လိုက်ရသဖြင့် သူ၏မျက်နှာအမူအယာ ပျက်ယွင်းသွားပေ၏။

သူသည် ကုသဆေးလုံးများကို အလျင်အမြန် ထုတ်ယူပြီး သူတို့နှစ်ယောက်ကို တိုက်ကျွေးကာ ဆိုးရွားနေသော ဒဏ်ရာများကို တည်ငြိမ်အောင် ထိန်းသိမ်းလိုက်သည်။

"မြန်မြန် ကယ်... မင်ယွဲ့ကို မိုတောက်ဂိုဏ်းက ဖမ်းသွားပြီ..."

ယုရှောင်ယွီက ခက်ခက်ခဲခဲ ရှင်းပြပြီးနောက် ချက်ချင်းသတိလစ်သွားသည်။

"သခင်လေးရဲ့တပည့်တွေကို နာကျင်အောင်လုပ်ပြီးတော့ သူ့ရဲ့တပည့်တစ်ယောက်ကို ပြန်ပေးဆွဲသွားတယ်ပေါ့... မိုတောက်ဂိုဏ်းက ကိုယ့်သေတွင်း ကိုယ်တူးနေတာပဲ"

ဒဏ်ရာအပြင်းအထန် ရရှိနေသူနှစ်ဦးကို ကုသပေးရန် အခန်းထဲသို့ ပို့ဆောင်ခိုင်းပြီးနောက် စွန်းချန်က သူ၏လက်သီးကို တင်းတင်းကြပ်ကြပ်ဆုပ်လိုက်သည်။ သူ၏အကြည့်သည် အေးစက်ပြီး ခက်ထန်တင်းမာနေပေ၏။

သခင်လေး၏စိတ်နေသဘောထားကို သူ ကောင်းစွာသိရှိထားသည်။ ကျန်းရွှမ်သည် ပုံမှန်အားဖြင့် အသေးအမွှားကိစ္စများကို ဂရုမစိုက်သော်လည်း တစ်စုံတစ်ယောက်သည် သူ၏လူများကို နာကျင်အောင် လုပ်ဝံ့ပါက လောကကြီးကို ဇောက်ထိုးလှန်ပစ်ရန်ပင် ဝန်လေးမည့်သူ မဟုတ်ချေ။

မကြာမီအချိန်အတွင်း၌ ကျိုးယီအင်ပါယာသည် မငြိမ်မသက်မှုတစ်ခု ဖြစ်ပေါ်တော့မည့် အခြေအနေတွင် ရှိနေပုံရသည်။

All Chapters