← Chapters

အမွေဆက်ခံမှု စတင်ခြင်း

Vol. 23 Ch. 289

အမွေဆက်ခံမှု စတင်ခြင်း

Vol. 23 Ch. 289

အဘွားအိုက ဖုယင်ယင်ကို ထပ်မံ၍ ကြည့်လိုက်သည်။

"ငါ နင့်ကို နောက်ဆုံးတစ်ကြိမ် ထပ်မေးမယ်.... အမွေအနှစ်ကို ရရှိပြီးရင် နင်က ဖုမိသားစုဝင် တွေအားလုံးကို စောင့်ရှောက်ပေးမှာလား"

"သေချာတာပေါ့ .. ဖုမိသားစုရဲ့ မျိုးဆက်တစ်ယောက်အနေနဲ့ ဒါက ကျွန်မ ရှောင်လွှဲလို့ မရတဲ့ တာဝန်ပါ"

ဖုယင်ယင်က တည်ကြည်လေးနက်စွာ ခေါင်းညိတ်လိုက်၏။

အဘွားအိုက ပြောဆိုသည်။

"ကောင်းပြီလေ...ငါ အခု မင်းကို သွေးကြောနဲ့ အရိုးသန့်စင်တာတွေ လုပ်ပေးမယ်... ဒါက မင်း မြေခွေးညို့ငင်ကံကြမ္မာရဲ့ တတိယအဆင့်ကို တက်လှမ်းနိုင်အောင် ကူညီပေးလိမ့်မယ်... ဒီကျင့်ကြံဆင့်နယ်ပယ်ကို ရောက်မှသာ ငါ့ရဲ့အမေ ချန်ထားခဲ့တဲ့ ကောင်းကင်ကံကြမ္မာနယ်မြေကို ဆက်ခံဖို့ အရည်အချင်း ပြည့်မီလိမ့်မယ်"

ဖုယင်ယင်က ခေါင်းညိတ်လိုက်သည်။

"ဘိုးဘေး...ကျွန်မ ဘာလုပ်ရမလဲ"

"နင် ငြိမ်ငြိမ်လေးနေလိုက်ရင် ရပြီ"

အဘွားအိုက သူမ၏လက်ဝါးကို ရှေ့သို့ဆန့်တန်းလိုက်ရာ သူမတို့၏နံဘေးပတ်ဝန်းကျင်ရှိ လေထုသည် ချက်ချင်းတောင့်တင်းသွားပေ၏။ ဖုယင်ယင်က သူမ၏ခန္ဓာကိုယ်တစ်ခုလုံးသည် စွမ်းအားတစ်ရပ်၏ ချုပ်နှောင်ခြင်းကို ခံလိုက်ရပြီး မလှုပ်ရှားနိုင်တော့သည်ကို ခံစားလိုက်ရသည်။

...

"လာခဲ့... ငါ့ရဲ့ ကံကြမ္မာကို မင်းကို ပြမယ်..."

အဘွားအိုသည် ညင်သာစွာ လက်ဝှေ့ယမ်းလိုက်ရာ ဖုယင်ယင်၏အမြင်အာရုံ ဝေဝါးသွားပြီး ကံကြမ္မာစွမ်းအင်မြစ်တစ်ခုအတွင်းတွင် ရောက်နေသကဲ့သို့ ခံစားမိလေ၏။ မျက်တောင်တစ်ခတ်စာအတွင်းမှာပင် အချိန်၏ချည်နှောင်မှုများကို ကျော်လွန်သွားသည့်အလား သူမ၏မျက်စိရှေ့မှ အဘွားအိုသည် ဆယ်ကျော်သက်အရွယ် မိန်းကလေးတစ်ယောက်အဖြစ်သို့ ပြောင်းလဲသွားသည်။

ငယ်ရွယ်စဥ်အချိန်၌ အဘွားအိုသည် သူမကဲ့သို့ပင် လှပပြီး ချစ်စဖွယ်ကောင်းသော်လည်း ခေါင်းမာသောအကျင့်စရိုက် ရှိခဲ့သည်။ သူမသည် သူမ၏မိခင်က ကျင့်ကြံမှုနည်းစနစ်များကို သင်ပေးသော်လည်း မသင်ယူလိုခဲ့ကာ မကြာခဏ ပျင်းရိနေတတ်သည်။ တစ်နေ့တွင် သူမ၏မိခင်သည် ပြင်းထန်သော ဒဏ်ရာများဖြင့် အိမ်ပြန်ရောက်လာပေ၏။ ယခင်က ကြင်နာတတ်သော ဦးလေးများ အဒေါ်များ ဝမ်းကွဲများနှင့် ညီအစ်မများသည် သူတို့၏ နူးညံ့မှုကို မပြသတော့ဘဲ ရက်စက်ကြမ်းကြုတ်သော အစစ်အမှန်မျက်နှာများကို ထုတ်ဖော်ပြသလာကြသည်။

"သူ့မှာ ပါရမီမရှိရင် အမွေအနှစ်ကို ငါ့ရဲ့သမီးဆီ လွှဲပေးလိုက်တော့..."

"ငါရဲ့သမီးကို ပေးလိုက်တာ ပိုကောင်းမယ်... ကြီးမြတ်တဲ့ အမွေအနှစ်ရှစ်ခုထဲက တစ်ခုကို နင့်ရဲ့လက်ထဲမှာ အလဟဿ အဖြစ်မခံနိုင်ဘူး..."

"စိတ်မပူပါနဲ့... ချင်းအာ ကို ငါ ကောင်းကောင်း စောင့်ရှောက်ပေးပါ့မယ်... သူ့အတွက် ဘာမှစိတ်ပူဖို့ မလိုဘူး...အမွေအနှစ်ကို ငါ့ကိုသာ ပေးလိုက်ပါ"

…

လူအများသည် နေ့စဥ်နေ့တိုင်း ရောက်လာပြီး ချိုချိုသာသာ ပြောဆိုကြသော်လည်း တကယ်တမ်းတွင်မူ သူမကို အတင်းအကြပ် ဖိအားပေးနေကြခြင်းပင်။ အဘွားအို၏မိခင်သည် သည်းမခံနိုင်တော့ဘဲ တစ်ညတွင် သူမကို ခေါ်ပြီး ချင်းချိုးတောင်မှ တိတ်တဆိတ် ထွက်ခွာခဲ့သည်။ သို့ရာတွင် သူမတို့သည် အလွန်ဝေးကွာသောနေရာသို့ မရောက်မီမှာပင် ခြုံခိုတိုက်ခိုက်ခြင်း ခံလိုက်ရသည်။

ယခင်က အလွန်ကြင်နာတတ်သည်ဟု ထင်ရသော မိတ်ဆွေများနှင့်မိသားစုဝင်များသည် ယခုထိပ်တိုက်ရင်ဆိုင်ရချိန်တွင် အလွန် ရက်စက်ကြမ်းကြုတ်ကြောင်း ပေါ်လွင်လာသည်။

သူမ၏မိခင်သည် သူမကို ကာကွယ်ပေးနေသဖြင့် ဒဏ်ရာများ ပို၍ပြင်းထန်လာပြီး အချိန်မရွေး သေဆုံးသွားနိုင်သည့် အခြေအနေသို့ ရောက်ရှိသွားသည်။ သို့ရာတွင် သူမတို့ကို လိုက်လံ ဖမ်းဆီးသူများအနက်မှ အများစုသည်လည်း သေဆုံးသွားကြသည်။

သူမတို့နှစ်ယောက်သား ကျိုးယီမြို့သို့ ထွက်ပြေးလာခဲ့ကြသည်။ သူမ၏မိခင်သည် ဆက်လက်၍ တောင့်မခံနိုင်တော့ဘဲ ကြီးမားသောနာကျင်မှုဝေဒနာများကို ခံစားရင်း ကောင်းကင်ကံကြမ္မာနယ်မြေအဖြစ် ပြောင်းလဲသွားသည်။ အဘွားအို၏အခြေခံအုတ်မြစ်သည် ပျက်စီးသွားသဖြင့် သူမ၏ကျင့်ကြံမှုသည် ဆက်လက်၍ မတိုးတက်နိုင်တော့ဘဲ ဖုမျိုးရိုးမိသားစုတစ်စုနှင့် လက်ထပ်ကာ ဤနေရာတွင် နေထိုင်ရန်မှတစ်ပါး ရွေးချယ်စရာ မရှိတော့ပေ။

ထို့နောက် တဖြည်းဖြည်း ကြီးပြင်းလာသော မိန်းကလေးသည် သူမ၏မိခင်အတွက် လက်စားချေလိုသော်လည်း နည်းလမ်းမရှိခဲ့ပေ။ သူမသည် မထင်မရှားနေထိုင်ခဲ့ရပြီး ဟူမျိုးရိုးကိုမသုံးရဲဘဲ ဖုမျိုးရိုးကိုသာ သုံးခဲ့ရသည်။

နောက်ပိုင်း၌ ဖြစ်ပျက်ခဲ့သည်များကို ဖုယင်ယင်က အခြေခံအားဖြင့် သိရှိထားသည်။ ကံကြမ္မာစွမ်းအင်မြစ်သည် သူမ၏မျက်လုံးရှေ့တွင် စီးဆင်းနေပြီး ဤအချိန်အခိုက်အတန့်တွင် သူမသည် အဘွားအို ဖြစ်သွားသည့်အလား တဖက်လူ၏ ဘဝကို ခံစားနေရသည်။ သူမ၏ကိုယ်ပိုင် ကံကြမ္မာစွမ်းအင်မြစ်သည် ဤနီးကပ်သော ခံစားချက်အောက်တွင် အဘွားအို၏စွမ်းအင်မြစ်နှင့် ဖြည်းညှင်းစွာ ပေါင်းစပ်သွားပေ၏။

ဒုတိယအဆင့်ကို ချိုးဖျက်ဝင်ရောက်ထားသော ကံကြမ္မာစွမ်းအင်မြစ်သည် အဘွားအို၏ စွမ်းအားဖြည့်တင်းပေးမှုကြောင့် ကျဉ်းမြောင်းသော စမ်းချောင်းလေးမှ မြစ်ငယ်လေးတစ်စင်းအဖြစ် ထိုမှတဆင့် လှိုင်းထနေသော မြစ်ကြီး တစ်စင်းအဖြစ် ပြောင်းလဲသွားသည်။

ဒုတိယအဆင့်..အလယ်အလတ်...

ဒုတိယအဆင့် နှောင်းပိုင်း....

ဒုတိယအဆင့် အထွတ်အထိပ်...

ဤအဆင့်သို့ ရောက်ရှိချိန်၌ မြေခွေးညို့ငင်ကံကြမ္မာအပေါ် သူမ၏နားလည်မှုသည် ကန့်သတ်ချက်သို့ ရောက်ရှိသွားကြောင်း ဖုယင်ယင် ခံစားလိုက်ရသည်။ ပတ်ဝန်းကျင်ရှိ စွမ်းအင်စီးကြောင်းများ မည်မျှထိ ကျယ်ပြန့်စေကာမူ သူမသည် တစိုးတသိကိုမျှ ထပ်မံစုပ်ယူ၍ မရတော့ချေ။

ဤသည်မှာ ရေအိုးတစ်လုံးသည် ပြည့်နေပြီ ဖြစ်သောကြောင့် ရေများ မည်မျှထိ ထပ်ဖြည့်ပါစေ လက်မခံနိုင်တော့သည့်အလားပင်။

"ဒါက ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ"

သူမ၏စွမ်းအားများ လျင်မြန်စွာ ယိုစိမ့်ထွက်သွားသည်ကို ခံစားလိုက်ရသဖြင့် အဘွားအို၏ ဝေဝါးနေသောမျက်လုံးများတွင် မယုံကြည်နိုင်မှုများ ထင်ဟပ်လာသည်။

"ဒီလို မဖြစ်သင့်ဘူး..နင့်ရဲ့ မြင့်မားတဲ့ ပါရမီနဲ့ဆိုရင် အမွေအနှစ်ကို ရရှိပြီးတာနဲ့ တတိယအဆင့်ကို အလွယ်တကူ ချိုးဖျက်ဝင်ရောက်နိုင်ရမှာ... ပြီးတော့ ငါ့ရဲ့စွမ်းအားတွေ အကုန်လုံးကို အကုန်အစင် စုပ်ယူနိုင်ရမှာလေ...ဒါက ဘာလို့ ယိုစိမ့်ထွက်နေရတာလဲ..."

ကောင်းကင်ကံကြမ္မာ အမွေအနှစ်တစ်ခုကို လက်ဆင့်ကမ်းရန်အတွက် ပထမဦးစွာ တူညီသောကံကြမ္မာကို ကျင့်ကြံရမည် ဖြစ်ပြီး ဒုတိယအနေနှင့် ဆက်ခံသူ၏ပါရမီတွင်လည်း လိုအပ်ချက်များ ရှိသည်။

အဘွားအိုကိုယ်တိုင်ပင်လျှင် သူမ၏ပါရမီ အကန့်အသတ်ကြောင့် သူမမိခင်၏စွမ်းအားကို မဆက်ခံနိုင်ခဲ့ခြင်းဖြစ်သည်။ ထိုသို့မဟုတ်လျှင် သူမသည် ဤနေရာတွင် လှောင်ပိတ်မိပြီး နှစ်တစ်ရာခန့် အချိန်ဖြုန်းနေရမည် မဟုတ်ချေ။

ဤဖုယင်ယင်သည် အထွတ်အထိပ် လျှို့ဝှက်နည်းစနစ်ကို နားလည်သဘောပေါက်ခဲ့ခြင်း မဟုတ်လော။ သူမသည် ဖုချင်းချင်းနှင့်တခြားလူများကိုပင်လျှင် ညှို့ငင်ဖမ်းစားနိုင်စွမ်း ရှိသည်မဟုတ်လော။ ဤကဲ့သို့ပါရမီမျိုး ရှိနေသည့်တိုင် မည်သည်ကြောင့် ဤစွမ်းအားပမာဏမျှကိုပင် မစုပ်ယူနိုင်သနည်း။

အမွေဆက်ခံမှု စတင်သည်နှင့် ရပ်တန့်၍ မရတော့ချေ။ အကယ်၍ တဖက်လူသည် မြေခွေးညို့ငင်ကံကြမ္မာ တတိယအဆင့်သို့ ချိုးဖျက်ဝင်ရောက်နိုင်ခြင်းမရှိဘဲ ဤအတိုင်း ဆက်သွားပါက သူမ၏ကျင့်ကြံဆင့်စွမ်းအားများအားလုံး အလဟသဖြစ်သွားပြီး လုံးလုံးလျားလျား ပျောက်ကွယ်သွားပေလိမ့်မည်။

ထို့ကြောင့် အစွမ်းထက်ကျင့်ကြံသူများသည် ထူးခြားသော ပါရမီရှင်တပည့်ကို အစဥ်အမြဲ ရှာဖွေခဲ့ကြခြင်းပင်။ ထိုသို့ပြုလုပ်မှသာ သူတို့၏ ကောင်းကင်ကံကြမ္မာကို ပို၍ကောင်းမွန်စွာ အမွေဆက်ခံနိုင်မည် ဖြစ်ပြီး အလဟသမဖြစ်စေနိုင်ချေ။

"ဘိုးဘေး......"

နံဘေးတွင် စောင့်နေသော ဖုမိသားစုခေါင်းဆောင်သည် သူမ၏မျက်နှာအမူအယာ ပျက်ယွင်းနေသည်ကို မြင်တွေ့သဖြင့် အလျင်အမြန် ပြေးလာသည်။ သူမသည် ကူညီပေးလိုသော်လည်း မည်သည့်နည်းလမ်းမျှ မရှိပေ။

အမွေဆက်ခံမှု စတင်နေပြီဖြစ်ရာ ပြင်ပလူများ၏ အတင်းအကြပ် ဝင်ရောက်စွက်ဖက်မှုသည် အခြေအနေကို မကယ်တင်နိုင်ရုံသာမက နှစ်ဖက်လုံးကို ကံဆိုးမိုးမှောင်ကျစေနိုင်ခြေ မြင့်မားသည်။

"မြန်မြန် အဆင့်တက်လိုက်ပါ..."

သူမ၏ရှေ့မှ မိန်းကလေးသည် မြေခွေးညို့ငင်နယ်ပယ် တတိယအဆင့်ကို မည်သို့မျှ ချိုးဖျက်နိုင်တော့မည် မဟုတ်ကြောင်း သိသဖြင့် အဘွားအိုက စိုးရိမ်ပူပန်မှုများ ပြည့်နှက်နေသော မျက်နှာဖြင့် အလျင်စလို ပြောဆိုလိုက်သည်။

သို့ရာတွင် သူမ မည်မျှထိ အလျင်လိုနေစေကာမူ သူမ၏ရှေ့မှ မိန်းကလေးသည် ထိုနေရာတွင် ချည်နှောင်ခံထားရသကဲ့သို့ ဖြစ်နေပြီး အဆင့်တက်မည့် အရိပ်အယောင်ကို မတွေ့ရချေ။

အကယ်၍ သူမ အဆင့်မတက်နိုင်ပါက အဘွားအို ထုတ်လွှတ်လိုက်သော ကောင်းကင်ကံကြမ္မာ စွမ်းအားများကို စုပ်ယူနိုင်မည် မဟုတ်ချေ။ ထို့ကြောင့် ဤစွမ်းအားများသည်သူမကို ဗဟိုပြုပြီး ခြံဝင်းအတွင်းသို့ စီးဆင်းသွားကာ နောက်ဆုံးတွင် လောကကြီးအတွင်း၌ ပျောက်ကွယ်သွားပေလိမ့်မည်။

"ပြီးသွားပြီ....အမွေဆက်ခံမှု ကျရှုံးသွားပြီ..."

သူမ၏စွမ်းအားများ ပို၍လွင့်ပါးနေသည်ကို ခံစားမိသဖြင့် အဘွားအို၏စိတ်နှလုံးသား အေးစက်သွားသည်။

သူမသည် ဤကိစ္စကို နှစ်ပေါင်းနှစ်ဆယ်ကြာ အောင် ကြိုတင်စီစဉ်ခဲ့သည်။ ရွေးချယ်မှုပြီးဆုံးသွားချိန်တွင် သူမ၏မိခင်ကိုယ်တိုင် လေးစားခဲ့ရသော ဤမြစ်မလေးသည် သူမ၏ထိုးထွင်းသိမြင်မှုများအားလုံးကို ပြီးပြည့်စုံစွာ နားလည်နိုင်လိမ့်မည်ဟု ထင်မှတ်ခဲ့သည်။ ယခုမူ သူမသည် အရာအားလုံးကို လွယ်လင့်တကူ တွေးခဲ့မိပုံရသည်...

သူမ၏ကြိုးစားအားထုတ်မှုများအားလုံး သဲထဲရေသွန် ဖြစ်တော့မည့်ပုံပင်။

သူမထံတွင် စိတ်ပျက်အားငယ်မှုများ ပြည့်နှက်နေပြီး အမွေဆက်ခံမှု ကျရှုံးသွားပြီဟု တွေးထင်လိုက်တော့သည်။ ထိုအချိန်မှာပင် ဖုယင်ယင် မစုပ်ယူနိုင်သော စွမ်းအားများသည် လောကကြီးထဲသို့ ပျောက်ကွယ်သွားမည့်အစား မြစ်တစ်စင်းအဖြစ် ပေါင်းစည်းသွားပြီး မလှမ်းမကမ်းတွင် မတ်တတ်ရပ်နေသော လူငယ်လေးထံသို့ အရူးအမူး တိုးဝင်သွားသည်ကို သူမ ရုတ်တရက် ခံစားလိုက်ရသည်။ သူသည် တိတ်ဆိတ်စွာ ရပ်နေပြီး ပျင်းရိနေပုံရကာ နေ့ခင်းကြောင်တောင် အိမ်မက်မက်နေသည့်အလားပင်။ စွမ်းအားများ သူ၏ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်သွားပြီး စုပ်ယူခြင်းခံနေရသည်ကိုပင် သူ သတိမထားမိပုံရသည်။

"အဲ့ဒါက.. ဖုယင်ယင်ရဲ့ ညှို့ငင်ဖမ်းစားတာကို ခံထားရတဲ့ ကျန်းရွှမ် မဟုတ်လား"

အဘွားအိုက သူ့ကို မှတ်မိလိုက်သည်။

ဤသည်မှာ သူမ အထင်မကြီးခဲ့သော ကျန်းရွှမ်မှလွဲ၍ တခြားလူ မဟုတ်ပေ။

သူသည် ညှို့ငင်ဖမ်းစားခံထားရသော ကောင်စုတ်လေးတစ်ကောင်သာ မဟုတ်လော...

သူသည် မည်သည်ကြောင့် သူမထံမှ ယိုစိမ့်ထွက်သွားသော စွမ်းအားများကို စုပ်ယူနိုင်ခဲ့သနည်း...

သူမ၏ ကောင်းကင်ကံကြမ္မာစွမ်းအားသည် ကံကြမ္မာချပ်ပြားအတွင်းမှ စွမ်းအားများနှင့် မတူညီချေ။ သူမ၏စွမ်းအားများအားလုံးသည် သန့်စင်ပြီးသားဖြစ်ပြီး မြေခွေးညို့ငင်ကံကြမ္မာ၏အနှစ်သာရများ ပါဝင်သည်။ တစ်စုံတစ်ယောက်သည် ဤကံကြမ္မာအမျိုးအစားကို မကျင့်ကြံပါက စုပ်ယူရန် မဖြစ်နိုင်ချေ။

"ဖြစ်နိုင်တာက... အထွတ်အထိပ် လျှို့ဝှက်နည်းစနစ်ကို နားလည်ခဲ့တာက ဖုယင်ယင် မဟုတ်ဘဲ သူ များလား"

တဖက်လူသည် စွမ်းအားများကို တစိုးတစိမကျန် စုပ်ယူနေသည်အား မြင်လိုက်ရသဖြင့် အဘွားအိုသည် နောက်ဆုံးတွင် သတိပြုမိသွားပြီး သူမ၏မျက်လုံးသူငယ်အိမ်များ ကျဉ်းမြောင်းသွားသည်။

ဖုယင်ယင်သည် ကျန်းရွှမ်ကို ညှို့ငင်ဖမ်းစားခဲ့ပြီး ဖုချင်းချင်း ဖုကျင်းကျင်း ဖုယီယီနှင့် တခြားလူများကိုလည်း ညှို့ငင်ဖမ်းစားခဲ့သည်ဟု သူမ အစဥ်အမြဲ ထင်မှတ်ခဲ့သည်။ ထိုသို့ဆိုလျှင်... ဤလူငယ်သည် ထိုလူများအားလုံးကို ညှို့ငင်ဖမ်းစားခဲ့ခြင်းလည်း ဖြစ်နိုင်ပေ၏။

အထွတ်အထိပ်လျှို့ဝှက်နည်းစနစ်ကို သူမ ပထမဆုံး သတိထားမိချိန်၌ တစ်စုံတစ်ယောက် ဘိုးဘေးများ၏ကောင်းချီးပေးမှုကို အပြည့်အဝ စုပ်ယူလိုက်သည်အား ပြန်ပြောင်း သတိရလိုက်သည်။ ကြည့်ရသည်မှာ ထိုလူငယ်သည်လည်း ထိုနေရာ၌ ရှိနေခဲ့ပုံပင်။

မြေခွေးတစ်သောင်းကျင်း တုန်ခါသွားခြင်းနှင့် သူမ၏မိခင် အသနားခံတောင်းပန်နေခြင်းများသည်... ဤလူငယ် ကျင့်ကြံနေခြင်းကြောင့် ဖြစ်ပုံရသည်။

"ဒါကြောင့် ဒီလို ဖြစ်နေတာကိုး..."

အဘွားအို ရုတ်တရက် နားလည်သဘောပေါက်သွားသည်။

ဤအချိန်တလျှောက်လုံး သူမ ယုံကြည်ခဲ့သည်မှာ ညှို့ငင်ဖမ်းစားမှုရှိခဲ့လျှင် သူမတို့၏မျိုးဆက်များကသာ တခြားသူများကို ညှို့ငင်ဖမ်းစားခဲ့ခြင်း ဖြစ်သည်ဟုပင်။ ထိုမျိုးဆက်များသည် တခြားသူတစ်ယောက်၏ ညှို့ငင်ဖမ်းစားခြင်းကို ခံခဲ့ရသည်ဟု သူမ တစ်ကြိမ်တစ်ခါမျှ စိတ်ကူးပင်ယဉ်မကြည့်မိခဲ့ချေ... ထို့ပြင် ထိုမိန်းကလေးများသည် ယောကျာ်းတစ်ယောက်၏ ညှို့ငင်ဖမ်းစားခြင်းကို ခံခဲ့ရပေ၏။

သို့ရာတွင် ဤသည်မှာ နောက်ကျသွားလေပြီ....

သူမ မည်သည့်အရာကို ပြောသည်ဖြစ်စေ နောက်ကျသွားလေပြီ။

အမွေဆက်ခံမှုစတင်ခြင်းသည် သူမ၏ဘဝ အဆုံးသတ်ကို မှတ်တိုင်စိုက်ထူလိုက်ခြင်းပင်။ အကယ်၍ ယခုချိန်၌ သူမ ရှင်းပြလိုလျှင်ပင် နောက်ကျသွားလေပြီ။

အဘွားအို၏ နားလည်သဘောပေါက်မှုနှင့် မတူဘဲ အမွေဆက်ခံနေသော ဖုယင်ယင်သည် သူမ၏ ခန္ဓာကိုယ်ထဲသို့ ကြီးမားသောစွမ်းအားများ စီးဝင်လာပြီး ချက်ချင်းလွင့်ထွက်သွားသည်ကို ခံစားလိုက်ရသည်။ သူမသည် ထိတ်ထိတ်ပျာပျာဖြစ်နေသော်လည်း သူမထံ၌ မည်သည့်ဖြေရှင်းနည်းမျှ မရှိချေ။

မြေခွေးညို့ငင်ကံကြမ္မာ တတိယအဆင့်သည် သူမ၏စိတ်ဆန္ဒများကို လုံးလုံးလျားလျား ပိတ်ဆို့ထားသော တောင်ကြီးတစ်လုံးကဲ့သို့ ခံစားနေရသည်။ သူမသည် နားလည်သဘောပေါက်နိုင်ရန် အသည်းအသန် ကြိုးစားသော်လည်း သူမ၏ ပါရမီအကန့်အသတ်ကြောင့် လုပ်ဆောင်နိုင်ခဲ့ခြင်းမရှိပေ။

ယခုမှသာ သူမ နားလည်လိုက်သည်မှာ လုံလောက်သော ပါရမီမရှိပါက အမွေအနှစ် ရရှိလျှင်ပင် နောက်ဆုံးတွင် အလဟသဖြစ်သွားမည်ကိုပင်။

ဤသည်မှာ ယခင်မျိုးဆက်တွင် ကြီးမြတ်သော မျိုးရိုးအဆင့်အတန်းနှင့် ငွေကြေးအမြောက်အများ ရှိသော်လည်း မျိုးဆက်များမှ မကြိုးစားလျှင် နောက်ဆုံး၌ အရာအားလုံးကို ဖြုန်းတီးလိုက်သည့်အလားပင်။

သူမတို့၏အတွေးများကို သတိမထားမိဘဲ ကျန်းရွှမ်သည် ဤအချိန်တွင် သဘောတူထားသော ကံကြမ္မာချပ်ပြားငါးထောင်ကို လွှဲပြောင်းပေးရန် ဖုယင်ယင်အား မည်သို့ ပြောရမည်ကို စဉ်းစားနေသည်။

ထိုကံကြမ္မာချပ်ပြားအရေအတွက်သည် ဖုမိသားစုအတွက် ကြီးမားသောပမာဏဖြစ်ပြီး လွယ်လင့်တကူ ထုတ်ပေးနိုင်မည့်အရာ မဟုတ်ချေ။ သူ့အနေဖြင့် ခိုင်လုံသော အကြောင်းပြချက် လိုအပ်သည်။

အချိန်ကြာမြင့်စွာ စဉ်းစားပြီးနောက် မည်သည့်အကြံဥာဏ်မျှ ထွက်မလာသဖြင့် သူ၏နားထင်ကို ပွတ်သပ်လိုက်သည်။ သူသည် ဖုယင်ယင်၏အမွေဆက်ခံမှု ပြီးဆုံးသည်အထိ စောင့်ဆိုင်းပြီးမှ သူမနှင့် ဆွေးနွေးရန်သာ ရှိတော့သည်။ သူသည် အသိပြန်ဝင်လာပြီး ပျင်းရိစွာဖြင့် အကြောဆန့်ရန် ဟန်ပြင်လိုက်စဉ်မှာပင် ရုတ်တရက် သူ၏ခန္ဓာကိုယ်တောင့်တင်းသွားပြီး မယုံကြည်နိုင် ဖြစ်သွားသည်။

"မြေခွေးညို့ငင်ကံကြမ္မာ... ဘယ်အချိန်က စတုတ္ထအဆင့် ရောက်သွားတာလဲ...ဒါက ဒီလောက်ထိ လွယ်တာလား"

All Chapters