မျက်နှာပြောင်တိုက်ပြီး လိမ်လည်ခြင်း
Vol. 23 Ch. 287
အဘွားအို ဖြစ်စေ ဖုမိသားစုခေါင်းဆောင် ဖြစ်စေ မြေခွေးတစ်သောင်းကျင်း တုန်ခါနေသည်ကို မြင်လိုက်ရချိန်၌ ဘိုးဘေး၏ ဒေါသ သို့မဟုတ် မကျေနပ်မှုကြောင့် ဖြစ်နိုင်သည်ဟု တွေးထင်ခဲ့ကြသည်။ သူမတို့၏အိမ်မက်ထဲတွင်ပင် ထည့်မမက်ခဲ့ဖူးသည်မှာ...ဘိုးဘေးသည် အမှန်တကယ်ကို အသနားခံတောင်းပန်နေခြင်း ဖြစ်သလော။
နယ်မြေအတွင်းတွင် မည်သည့်ကိစ္စများ ဖြစ်ခဲ့သဖြင့် ဘိုးဘေးသည် ဤစကားလုံးများကို ပြောလာရသနည်း။
"ဖြစ်နိုင်တာက... မြေခွေးတစ်သောင်းကျင်း တုန်ခါနေတာက ဘိုးဘေးရဲ့ဒေါသကြောင့် မဟုတ်ဘူးလား"
ဖုမိသားစုခေါင်းဆောင်သည် တံတွေးမြိုချလိုက်ရင်း သူမ၏မျက်နှာပေါ်တွင် လုံးလုံးလျားလျား မယုံကြည်နိုင်သော အမူအယာတစ်ရပ် ထင်ဟပ်နေသည်။
"ကြည့်ရတာတော့... အရမ်းကြောက်လန့်နေရင်လည်း တုန်ခါမှုကို ဖြစ်စေနိုင်တဲ့ပုံပဲ..."
အဘွားအိုက ရုတ်တရက် ပြောဆိုသည်။
"ကြောက်လန့်တာလား"
ဖုမိသားစုခေါင်းဆောင်၏မျက်လုံးများ ပြူးကျယ်သွားသည်။
...
"ငါ နောက်တစ်ခါ ထပ်မေးကြည့်မယ်..."
အဘွားအိုပင်လျှင် မယုံကြည်နိုင် ဖြစ်နေပြီး သူလျှာကို ထပ်မံ၍ကိုက်ကာ သွေးတစ်လုတ်ကို ထွေးထုတ်လိုက်သည်။ ထိုနောက် သူမ၏တီးတိုးရေရွတ်သံ ထွက်ပေါ်လာပေ၏။
"အမေ ဘာတွေ ဖြစ်ခဲ့တာလဲ...ဒီလူငယ်လေးတွေက အမေ့ကို ဒေါသထွက်အောင် တစ်ခုခု လုပ်ခဲ့လို့လား....ကျွန်မ သူတို့ကို သေချာ ဆုံးမပေးပါ့မယ်..."
ပုံရိပ်ရောင်ကားချပ်ပေါ်တွင် အလင်းတန်းတစ်တန်း လင်းလက်သွားသည်။
"အဲ့ဒီထဲကတစ်ယောက်ကို ခေါ်ထုတ်သွားပေးပါ... ငါ တောင်းပန်ပါတယ်...ငါ တကယ်ကို တောင်းပန်တာပါ..."
"..."
အဘွားအို၏မျက်ခွံများ တုန်ရီသွားပြီး အလျင်အမြန် ခေါင်းညိတ်လိုက်သည်။
"ဟုတ်ကဲ့"
ထို့နောက် သူမသည် မလှမ်းမကမ်းရှိ ဖုမိသားစုခေါင်းဆောင်ဘက်သို့ လှည့်ကြည့်လိုက်သည်
"မြေခွေးတစ်သောင်းကျင်းဝင်္ကပါ အသက်ဝင်နေတာကို အမြန်ဆုံး ရပ်လိုက်တော့....ပြီးရင် သူတို့ကို ခေါ်ထုတ်လိုက်စမ်း...."
သူမတို့သည် လူများကို နယ်မြေအတွင်းသို့ ပို့နိုင်သဖြင့် ပြန်ခေါ်ထုတ်ရန် နည်းလမ်း ရှိသည်မှာ သဘာဝကျပေ၏။
"ဟုတ်ကဲ့"
အချိန်မဆွဲရဲသဖြင့် ဖုမိသားစု ခေါင်းဆောင်သည် လေထဲသို့ လက်ဆန့်တန်းလိုက်ရာ ဓားမြှောင်တစ်ချောင်း ထွက်ပေါ်လာပြီး သူမ၏လက်ကောက်ဝတ်ကို လှီးဖြတ်လိုက်သည်။ သွေးများချက်ချင်း စီးကျလာပြီး မြေခွေးတစ်သောင်းကျင်း၏အတွင်းပိုင်းသို့ တိုးဝင်သွားသော သွေးစီးကြောင်းတစ်ခု ဖြစ်ပေါ်လာသည်။
စမ်းသပ်မှု မပြီးဆုံးသေးသဖြင့် လူများကို ကယ်တင်ရန် ကောင်းကင်ကံကြမ္မာနယ်မြေနှင့် နီးစပ်သော သွေးရင်းသားရင်းများ၏ သွေးအနှစ်သာရ လိုအပ်သည်။ လူအရေအတွက် များလေလေ သွေးအနှစ်သာရဆုံးရှုံးမှု ပိုများလေလေပင်။
အသက်နှစ်ရှိုက်စာအချိန်ခန့် အတွင်းမှာပင် ဖုမိသားစုခေါင်းဆောင်၏မျက်နှာသည် သွေးထွက်လွန်မှုကြောင့် ဖြူဖပ်ဖြူရော် ဖြစ်လာသည်။
ဝုန်း.....
သူမ၏သွေးအနှစ်သာရကို လက်ခံရရှိပြီးနောက် ကောင်းကင်ကံကြမ္မာနယ်မြေသည် စည်းမျဉ်းတချို့ကို အသက်သွင်းလိုက်ပုံရသည်။ လေဟာနယ်လှုပ်ခတ်မှုတစ်ခု ဖြစ်ပေါ်လာပြီး ဝုန်းခနဲမြည်ဟီးသံနှင့်အတူ လူဆယ်ယောက်ကျော်သည် မြေပြင်ပေါ်သို့ လဲကျလာကာ သူမတို့၏ရှေ့တွင် ထွက်ပေါ်လာသည်။
ဤသည်မှာ ကျန်းရွှမ် ဖုယင်ယင်နှင့် တခြားလူများပင်။
ဟူး....
လူများအားလုံး ထွက်ပေါ်လာသည်နှင့် မြေခွေးတစ်သောင်းကျင်းမှ သက်ပြင်းချသံအလား အသံတစ်သံ ထွက်ပေါ်လာပြီး တုန်ခါမှုများ ရပ်တန့်သွားကာ အလင်းရောင်များ တဖြည်းဖြည်း ပျောက်ကွယ်သွားသည်။ ဖုမိသားစုခေါင်းဆောင်သည်လည်း ယခင်က ရှိခဲ့သော လွှမ်းမိုးချုပ်ကိုင်နိုင်သည့် အရှိန်အဝါနှင့်စိတ်နေသဘောထားများ မရှိတော့ဘဲ အလွန်အမင်း ပင်ပန်းနွမ်းနယ်နေသောပုံစံဖြင့် မြေပြင်ပေါ်သို့ ထိုင်ချလိုက်၏။
"ငါတို့ ဘာလို့ အပြင်ရောက်လာတာလဲ"
ကျန်းရွှမ်သည် သူ၏ကျင့်ကြံမှုတွင် အာရုံစိုက်နေရင်း မတတ်သာဘဲ မျက်လုံးဖွင့်လိုက်ရသည်။
ကျင့်ကြံချိန်တိုတောင်းသော်လည်း သူ၏ခန္ဓာကိုယ်အတွင်း၌ စွမ်းအားများဖြင့် ပြည့်နှက်နေသည်။ သူသည် ကြယ်စင်မြစ်နယ်ပယ် ပထမအဆင့် အထွတ်အထိပ်သို့ ရောက်ရှိသွားရုံသာမက အတားအဆီးနေရာသို့ပင် ရောက်ရှိနေလေပြီ။ ယခုထက် ပိုမြင့်သော အဆင့်သို့ ချိုးဖျက်ဝင်ရောက်ရန် သူ တွေးတောနေစဥ်မှာပင် ဤနေရာသို့ ရောက်လာခဲ့ခြင်း ဖြစ်သည်။
'ဖြစ်နိုင်တာတော့ စမ်းသပ်မှုက ပြီးသွားပြီလား...'
'ဒါဆို မကောင်းတော့ဘူး...ငါ ကြွေလွင့်ပုလဲတွေကို ပိုပြီးစုဆောင်းဖို့ အခွင့်အရေး မရလိုက်ဘူး'
'ဖုယင်ယင် ရှုံးတော့မှာလား'
သူ၏အတွေးများရှုပ်ထွေးကာ ကျန်းရွှမ်သည် ဖုယင်ယင်နှင့် တခြားလူများ၏နောက်တွင် အလျင်အမြန် မတ်တတ်ရပ်လိုက်သည်။
"ဘိုးဘေးနဲ့ မိသားစုခေါင်းဆောင်ကို အရိုအသေပြုပါတယ်"
မိန်းကလေးခုနစ်ယောက်လုံးသည် သူမတို့၏လက်များကိုပူးဆုပ်ကာ တပြိုင်နက်တည်း ဦးညွှတ်လိုက်ကြသည်။
"သက်သောင့်သက်သာ နေကြပါ...နယ်မြေထဲမှာ ဘာတွေ ဖြစ်ခဲ့တာလဲ"
အဘွားအိုသည် မအောင့်အည်းနိုင်တော့ဘဲ မေးမြန်းလိုက်၏။ သူမသည် သိချင်စိတ်ပြင်းပြသော မျက်လုံးများဖြင့် ကြည့်နေပြီး မိသားစု ခေါင်းဆောင်သည်လည်း အလျှင်အမြန် ခေါင်းမော့ကြည့်လာသည်။ သူမတို့၏ သွားလေသူဘိုးဘေးကို တုန်လှုပ်ချောက်ချားစေပြီး ဆက်တိုက် တောင်းပန်စေခဲ့သည့် အကြောင်းအရင်းကို သူမတို့ သိလိုကြသည်။
"ဘာမှ မဖြစ်ပါဘူး....ကျွန်မတို့က မြေခွေးစိမ်းတွေနဲ့ ကြွေလွင့်ပုလဲတွေကို ရှာနေရုံပါပဲ..."
ဖုယွမ်ယွမ်က ပြောလိုက်သည်။
သူမနှင့်ဖုပျောင်ပျောင်တို့သည် ကျန်းရွှမ်တို့နှင့် မပူးပေါင်းခဲ့ဘဲ ကြွေလွင့်ပုလဲများကို အတူတကွ ရှာဖွေနေခဲ့ကြသည်။ သူမတို့သည် မည်သည်ကြောင့် ရုတ်တရက်ကြီး ဤနေရာသို့ ရောက်လာသည်ကို သူမတို့လည်း နားမလည်ကြချေ။
"မင်းကရော..."
အဘွားအိုက ဖုယင်ယင်ကို ကြည့်လိုက်သည်။
"ကျွန်မတို့ ဘက်မှာတော့..."
ဖုယင်ယင်က အချိန်တခဏကြာ တွန့်ဆုတ်နေပြီးနောက် တုံ့ပြန်အဖြေပေးလိုက်၏။
"ဘာမှတော့ ထွေထွေထူးထူး မရှိပါဘူး... ကျန်းရွှမ် ရုတ်တရက်ကြီး အဆင့်တက်သွားပြီးတော့ ကြယ်စင်မြစ်နယ်ပယ်ကို အောင်အောင်မြင်မြင် ရောက်သွားတယ်... ပြီးတော့ ရင်းမြစ်စွမ်းအင်တချို့ကို စုပ်ယူတယ်... ဒါပါပဲ တခြား ဘာမှ မဖြစ်ပါဘူး"
ထိုသို့ပြောဆိုရင်းဖြင့် သူမ၏လှပသောမျက်နှာလေး နီမြန်းလာသည်။
ရင်းမြစ်စွမ်းအင်ဆိုသည်မှာ နေရာတိုင်းတွင် ရှိနေသော အရာပင်။ ကျန်းရွှမ်သည် ထိုအရာကို အနည်းငယ်ပို၍ စုပ်ယူလိုက်ရုံမျှဖြင့် တစ်စုံတစ်ခုဖြစ်လာစေရန် အကြောင်း မရှိချေ။ ထိုကိစ္စလေးအတွက်ဖြင့် သူမတို့၏စမ်းသပ်မှုကို ရပ်တန့်ပြီး သွေးအနှစ်သာရများ ကုန်ဆုံးခံကာ သူမတို့ကို ပြင်ပသို့ခေါ်ထုတ်ခြင်း မဖြစ်နိုင်လောက်ချေ။
"အဆင့်တက်တာလား..."
အဘွားအိုက ကျန်းရွှမ်ဘက်သို့ လှည့်ကြည့်လိုက်ရာ သူ၏မျက်လုံးများ တောက်ပနေပြီး သူ၏အရှိန်အဝါကို ဖုံးကွယ်ထားသည်အား မြင်တွေ့လိုက်ရသည်။ သူသည် ကြယ်စင်မြစ်နယ်ပယ်သို့ ရောက်ရှိသွားကြောင်း သိသာထင်ရှားသည်။ သူမက ခေါင်းညိတ်ပြီး ပြောဆိုလိုက်၏။
"ကြယ်စင်မြစ်နယ်ပယ်ကို အဆင့်တက်ရုံနဲ့တော့ ပြဿနာကြီးကြီးမားမား ဖြစ်စရာ အကြောင်း မရှိပါဘူး"
"တကယ်ပဲ တခြား ဘာကိုမှ မတွေ့ဘူးလား"
မေးခွန်းတချို့ ထပ်မံ၍မေးမြန်းပြီးနောက် အထူးခြားဆုံးဖြစ်ရပ်မှာ ကျန်းရွှမ် အဆင့်တက်ခြင်းသာ ဖြစ်သည်ကို တွေ့ရသဖြင့် ဖုမိသားစု ခေါင်းဆောင်သည်လည်း အနည်းငယ် စိတ်ရှုပ်သွားသည်။
ကြယ်စင်မြစ်နယ်ပယ်သို့ အဆင့်တက်ရန်အတွက် ဤမျှထိများပြားသောစွမ်းအင်များ မလိုအပ်ချေ။ နယ်မြေအတွင်းသို့ ဝင်သွားသူများအားလုံး အရူးအမူးစုပ်ယူလျှင်ပင် မည်မျှထိများများ စုပ်ယူနိုင်မည်နည်း။
"ထားလိုက်တော့.... ငါတို့က မင်းတို့ကို အတင်းအကြပ် ခေါ်ထုတ်လိုက်ရပေမယ့် စမ်းသပ်မှုက ပြီးလုနီးပါး ဖြစ်နေပါပြီ...မင်းတို့ ကြွေလွင့်ပုလဲတွေ ဘယ်နှလုံး ရှာတွေ့ခဲ့ကြလဲ"
မည်သည့်ကိစ္စများ ဖြစ်ပျက်ခဲ့သည်ကို နောက်ပိုင်းမှ စုံစမ်း၍ရကြောင်း သိသဖြင့် ယခုချိန်သည် ထိတ်ထိတ်ပျာပျာ ဖြစ်နေရမည့် အချိန်မဟုတ်ပေ။ အဘွားအိုသည် မျှော်လင့်ချက်အပြည့်ဖြင့် လူများအားလုံးကို ကြည့်လိုက်သည်။
"ဘိုးဘေးကို တင်ပြရရင် ကျွန်မက ငါးလုံး တွေ့ပါတယ်"
ဖုယွမ်ယွမ်က သူမ၏လက်ကောက်ဝတ်ကို လှုပ်ခတ်လိုက်ရာ လူများအားလုံး၏ရှေ့တွင် အဝတ်အိတ်တစ်လုံး ထွက်ပေါ်လာပြီး မွှေးပျံ့သောရနံ့များ ထွက်ပေါ်နေသည့် သစ်သီးငါးလုံးကို တွေ့လိုက်ရသည်။
"ဒါက မဆိုးတဲ့ ရလဒ်ပဲ"
အဘွားအိုက စိတ်ကျေနပ်စွာဖြင့် ခေါင်းညိတ်လိုက်ပြီး ဖုယင်ယင်ကို ကြည့်လိုက်၏။
"မင်းကရော...."
"ကျွန်မမှာ တစ်လုံးပဲ ရှိတယ်..."
ဖုယင်ယင်၏မျက်နှာ နီမြန်းသွားသည်။
သူမသည် မှန်ကန်သော ခူးဆွတ်နည်းကို မသိခဲ့သဖြင့် စုစုပေါင်း ကြွေလွင့်ပုလဲလေးလုံးကို တွေ့ခဲ့သော်လည်း သုံးလုံးသည် အသုံးပြုလိုက်ရခြင်း သို့မဟုတ် ပျောက်ကွယ်သွားခြင်းတို့ ဖြစ်ခဲ့ပြီး တစ်လုံးတည်းသာ ကျန်ရှိတော့သည်။
"မင်းကရော ..."
သူမ၏ရလဒ် ဤမျှထိ နည်းပါးလိမ့်မည်ဟု ထင်မှတ်မထားသဖြင့် အဘွားအိုသည် မျက်မှောင် အနည်းငယ် ကြုတ်လိုက်ပြီး တခြားသူများကို ကြည့်လိုက်သည်။
ဖုချင်းချင်းသည် အချိန်တခဏကြာ တွန့်ဆုတ်နေပြီးမှ သူမ၏လက်ဝါးကိုဖြန့်ကာ အဝတ်စပေါ်ရှိသစ်သီးများကို ပြသလိုက်၏။
"ကျွန်မက နှစ်လုံး ခူးခဲ့တယ်"
ဖုကျင်းကျင်းက ရှေ့ထွက်လာသည်။
"ကျွန်မက တစ်လုံး ခူးခဲ့တယ်"
ဖုဝေ့ဝေ့က ရှက်ရွံ့စွာဖြင့် ပြောဆိုသည်။
"ကျွန်မ တစ်လုံးမှ မခူးခဲ့ဘူး..."
ဖုယီယီက တွေဝေတွန့်ဆုတ်နေပြီးနောက် ပြောဆိုလိုက်၏။
"ကျွန်မက သုံးလုံး ခူးခဲ့တယ်"
"ငါးလုံး..သုံးလုံး...နှစ်လုံး..တစ်လုံး..."
အဘွားအို၏မျက်လုံးများတွင် စိတ်ရှုပ်ထွေးမှု အရိပ်အယောင်များ အနည်းငယ် ထင်ဟပ်လာသည်။
'ငါ အရင်က အမြင်မှားခဲ့တာများလား'
'တကယ်လို့ ဖုယင်ယင် နားလည်သဘောပေါက်ခဲ့တာက အထွတ်အထိပ် လျှို့ဝှက်နည်းစနစ် ဆိုရင် ဘယ်လိုလုပ် တစ်လုံးတည်း ရှာတွေ့နိုင်မှာလဲ...အချိန်အကန့်အသတ် ရှိရင်တောင် သူက လေးငါးလုံးလောက်တော့ ရသင့်တယ် မဟုတ်လား'
ထိုအချိန်မှာပင် ဖုမိသားစုခေါင်းဆောင်က ရုတ်တရက် ပြောဆိုလိုက်သည်။
"အရင်က သဘောတူညီချက်အရ အများဆုံး ခူးနိုင်သူက စမ်းသပ်မှုမှာ အမှတ်အများဆုံး ရမယ်ဆိုတော့ ဖုယွမ်ယွမ်က ပထမ..."
"မိသားစုခေါင်းဆောင်... ခဏနေပါအုံး..."
ထိုအချိန်မှာပင် ကျန်းရွှမ်က ရုတ်တရက် ဝင်ရောက်ပြောဆိုသည်။
"ဘာကိစ္စလဲ"
ဖုမိသားစုခေါင်းဆောင်က မျက်မှောင်ကြုတ်လိုက်သည်။
"တကယ်တော့... ကျင်းကျင်း ယီယီနဲ့ ချင်းချင်းတို့ဆီမှာရှိတဲ့ ကြွေလွင့်ပုလဲတွေက ဖုယင်ယင်က ခူးပေးထားတာပါ..."
ကျန်းရွှမ်က ထိုသို့ပြောဆိုပြီးနောက် မိန်းကလေးများဘက်သို့ လှည့်ကြည့်လိုက်သည်။
"ဟုတ်တယ်မလား"
"ဒါက..."
ဖုကျင်းကျင်းနှင့်တခြားမိန်းကလေးများသည် အကြည့်ချင်း ဖလှယ်လိုက်ကြပြီးနောက် တပြိုင်နက်တည်း ခေါင်းညိတ်လိုက်ကြ၏။
"ဟုတ်ပါတယ်"
သူတို့၏စံပြပုဂ္ဂိုလ်က ဖုယင်ယင်ကို ရွေးချယ်ထားသောကြောင့် အမာခံပရိသတ်များ အနေနှင့် လိုက်လျောရမည်မှာ သဘာဝပင်...
မဟုတ်ရင် သူက ငါတို့ကို လျစ်လျူရှုလိုက်ရင် ဘယ်လိုလုပ်မလဲ...
"ယင်ယင်...ဒါတွေ အကုန်လုံး နင် ရှာတွေ့ခဲ့တာပါ...ငါတို့က ယူထားရုံပါပဲ... အခု နင့်ကို ပြန်ပေးမယ်..."
ဖုယီယီက ပထမဆုံး ချဉ်းကပ်လာပြီး သူမ၏ကြွေလွင့်ပုလဲများကို ပေးလိုက်သည်။
ဖုချင်းချင်းနှင့်ဖုကျင်းကျင်းတို့ကလည်း သူမတို့၏ကြွေလွင့်ပုလဲများကို ပေးလိုက်ကြ၏။
သူမ၏လက်ဝါးထဲတွင် သစ်သီးများ များပြားလာသည်ကိုကြည့်ရင်း ဖုယင်ယင်သည် မလှမ်းမကမ်းရှိ လူငယ်လေးကို ကျေးဇူးတင်စွာဖြင့် ကြည့်လိုက်သည်။
ဟန်ယွမ်မြို့တွင် သူ့ကို တွေ့ခဲ့စဉ်က သူမထံတွင် များစွာယုံကြည်မှု မရှိခဲ့ချေ။ ဤသည်မှာကောက်ရိုးတစ်မျှင်ကို လှမ်းဆွဲလိုက်သကဲ့သို့ ဖြစ်ခဲ့သော်လည်း သူသည် အံ့အားသင့်ဖွယ်ရာများကို တစ်ခုပြီးတစ်ခု ဖန်တီးလိမ့်မည်ဟု သူမ လုံးလုံးလျားလျား ထင်မှတ်မထားခဲ့ချေ။
'အဟွတ် အဟွတ်..ငါတို့ရဲ့ရှေ့မှာ ဒီလောက်ထိ ပြောင်ပြောင်တင်းတင်း လိမ်လည်နေတာက... သိပ်မကောင်းဘူး ထင်တယ်"
ဖုမိသားစုခေါင်းဆောင်၏နှုတ်ခမ်း မဲ့ရွဲ့သွားသည်။
'ငါ လိမ်တာတွေကို မြင်ဖူးပါတယ်...ဒါပေမဲ့ ဒီလောက်ထိ မျက်နှာပြောင်တိုက်တာမျိုးတော့ တစ်ခါမှ မမြင်ဖူးဘူး...ငါတို့ကို ငတုံးတွေလို့ထင်နေကြတာလား’