အခန်း (၉၀၆-၉၁၀)
Vol. 61 Ch. 906-910
Chapter 906
ရီဖုန်း၏လုပ်ရပ်များသည် သူမ၏မျှော်လင့်ချက်များထက် များစွာပို၍ကျော်လွန်သွားပေ၏။
သူသည် သူမ၏ရွှေ့ကွက်များအားလုံးကို ကျော်ဖြတ်သွားခဲ့သည်။
သူမသည် ဤကဲ့သို့ သမားရိုးကျမဟုတ်သော ကစားသမားမျိုးကို တစ်ကြိမ်တစ်ခါမျှ မမြင်တွေ့ဖူးချေ။
သူမသည် မည်မျှထိ အကွက်ချကြံစည်ခဲ့ရသည်ကို သူမ ပြန်လည်တွေးတောမိချိန်၌ သူမ၏မျက်နှာပူနွေးလာသည်။
သူမ အချိန်အတော်ကြာ စဉ်းစားတွေးတော၍ လုပ်ဆောင်ခဲ့သည်တိုင် နောက်ဆုံး၌ အရာအားလုံး အချည်းနှီးဖြစ်သွားခဲ့သည်။
"မျိုးရိုးနာမည်ရီနဲ့ကောင်...နင်ရဲ့ဦးနှောက်မှာ အပေါက်များ ရှိနေတာလား"
မိန်ရှင်းအာသည် အလွန်အမင်းဒေါသထွက်လာခြင်းကြောင့် သူမ၏ရင်ဘတ်ကိုပြင်းပြင်းထန်ထန်ထုနှက်ကာ စိတ်ပျက်လက်ပျက်ဖြင့် ကုန်းပတ်ပေါ်သို့ပြေးထွက်သွားပြီး အော်ဟစ်ဆဲဆိုလိုက်သည်။
ထိုမြင်ကွင်းကိုမြင်တွေ့ချိန်၌ သူမ၏လက်အောက်ငယ်သားများသည် အသက်ပင်မရှုဝံ့ကြတော့ချေ။သူတို့၏အရှင်သခင် ဤမျှထိ ရိုင်းစိုင်းစွာဆဲဆိုသည်ကို သူတို့သည် ယခင်က တစ်ကြိမ်တစ်ခါမျှ မြင်တွေ့ခဲ့ဖူးခြင်းမရှိချေ။
အချိန်အတော်ကြာပြီးနောက် မိန်ရှင်းအာသည် တိတ်ဆိတ်ငြိမ်သက်စွာထိုင်နေသည်ကိုကြည့်ပြီး တာဝန်ခံသည် သတိကြီးစွာထား၍ ရှေ့သို့လျှောက်လှမ်းသွားကာ တိုးညှင်းသောအသံဖြင့် မေးမြန်းလိုက်၏။
"အရှင်မ ငါတို့ နောက်ထပ် ဘာဆက်လုပ်ကြမလဲ"
"ငါက တခြားဘာလုပ်စရာရှိသေးလို့လဲ...ဆိပ်ကမ်းကိုပြန်မယ်...."
မိန်ရှင်းအာ၏မျက်နှာ သုန်မှုန်နေကာ ထိုစကားကိုပြောဆိုပြီးနောက် ချက်ချင်း ထွက်ခွာသွားတော့သည်။
မျက်တောင်တစ်ခတ်စာအချိန်အတွင်းမှာပင် အချိန်တစ်ရက် ကုန်ဆုံးသွားသည်။
ရီဖုန်းသည် ပင်လယ်ရေမျက်နှာပြင်ပေါ်၌ မျောလွင့်နေရင်း မိုးကောင်းကင်ယံအတွင်း၌ ပျံသန်းနေသော ပင်လယ်စင်ရော်များကို ကြည့်လိုက်သည်။
သူ၏မျက်နှာ တစတစပို၍သုန်မှုန်သွားပေ၏။
"ခွေးမ....ပြဿနာရှာတဲ့ မိန်းမ...ပင်လယ်နတ်ဆိုးသားရဲတွေက ဘယ်မှာလဲ...ဒီပင်လယ်ပြင်ကိုဖြတ်ကူးရင် သေရမယ်ဆိုတာ သံသယဖြစ်ဖို့မလိုဘူးလို့ ဘယ်သူက ပြောလိုက်တာလဲ"
"ငါ့ရဲ့ခြေဖဝါးတွေက ပင်လယ်ရေတွေထဲမှာ ပွတ်ပွတ်ဆူနေပြီးတော့ အိုးထဲကို ထည့်ချက်ရင် ဆားငန်တွေတောင် ထွက်လာလောက်တယ်...ငါ ခုထိ ဘယ်နတ်ဆိုးသားရဲကိုမှ မမြင်ရသေးဘူး"
ရီဖုန်းသည် အချိန်တခဏကြာခန့် ညည်းတွားပြီးနောက် ရေအတွင်း၌ သူ့ကဲ့သို့မျောလွင့်နေသော ဖားပြုတ်ကိုကြည့်ကာ သူ တစတစပို၍ဒေါသထွက်လာသည်။
"ငါ မင်းကို ပြောပါအုံးမယ်...မင်းက ဘာလို့ နေရာတိုင်းမှာ ရှိနေတာလဲ"
ရီဖုန်းသည် ဖားကို ခြေထောက်တစ်ဖက်မှကိုင်ပြီး အဝေးသို့လွှင့်ပစ်လိုက်သည်။ထို့နောက် သူ၏သိုလှောင်လက်စွပ်အတွင်းမှ မန်မန်ကို ဆင့်ခေါ်လိုက်သည်။
"ဖုန်းယွီကျွန်းကို သွားစမ်း..."
မန်မန်၏အခွံပေါ်၌ထိုင်ရင်း လူတစ်ယောက်နှင့်ခရုတစ်ကောင်သည် ဝှီးခနဲအသံနှင့်အတူ ပျောက်ကွယ်သွားသည်။
မကြာမီမှာပင်...
ရီဖုန်းသည် ဖုန်းယွီကျွန်းသို့ ရောက်ရှိလာပေ၏။
ဖုန်းယွီကျွန်းသည် သေးငယ်ခြင်းမရှိဘဲ ရှေ့နောက်မိုင်ရာနှင့်ချီပြီး ကျယ်ဝန်းသည်။
သာမာန်လူများနှင့်ကျင့်ကြံသူတချို့သည် ဤနေရာတွင် ယာယီရပ်နားကြသည်ကလွဲ၍ ကျွန်းတစ်ကျွန်းလုံးတွင် ဖုန်းယွီဂိုဏ်းသားများဖြင့် ပြည့်နှက်နေသည်။
ထို့ကြောင့် ဤနေရာသည် သက်ဝင်လှုပ်ရှားနေသော်လည်း အလွန်စည်ကားသိုက်မြိုက်ခြင်းမရှိချေ။
မိုးကောင်းကင်ယံမှ နေအလင်းရောင်များ ပြာကျနေကာ လေထုအတွင်း၌ မြေသင်းနံ့များဖြင့် ပြည့်နှက်နေသည်။
ခမောက်ဆောင်းထားသော ဓားသမားတစ်ယောက်သည် သူ၏ခန္ဓာကိုယ်၌ သွေးဆာသောအရှိန်အဝါတစ်ရပ်ရှိနေသည်။ခမောက်အောက်ရှိ သူ၏မျက်နှာပေါ်၌ ရှည်လျားသော ကြက်ခြေခတ်ပုံအမာရွတ်တစ်ခု ရှိနေသည်။
အဝေးတစ်နေရာ၌ လူသားများနှင့်သတ္တဝါများအပေါ် နာကျင်အောင် ပြုလုပ်မည့်ပုံမရသော မိန်းကလေးငယ်တစ်ယောက်သည် သူမ၏အင်္ကျီလက်အတွင်း၌ မြွေနီလေးတစ်ကောင်ကို ကွယ်ဝှက်ထားသည်။
တချို့လူများသည် စားသောက်ဆိုင်အတွင်း၌ သောက်စားပျော်ပါးနေကာ တချို့လူများကမူ ဒဏ်ရာအပြင်းအထန်ရရှိပြီး လမ်းနံဘေး၌လဲနေသည်။
မြင်တွေ့နေသမျှ အရာအားလုံးသည် သာမာန်ဆန်ပုံရသော်လည်း သာမာန်မဟုတ်ချေ။ထျန်းယုနယ်မြေ၏ အန္တရာယ်များသောပတ်ဝန်းကျင်အတွင်း၌ လူအများသည် တိုက်ခိုက်ခြင်းကို တားမြစ်ထားသော ဤကျွန်းပေါ်တွင်သာ အချိန်တခဏခန့် ငြိမ်းချမ်းမှုကို ရရှိကြသည်။
သို့ရာတွင် ထိုသို့ဆိုသည့်တိုင် လူများအားလုံးသည် လူစိမ်းများအပေါ် သတိကြီးစွာထားနေကြသည်။အကြောင်းအရင်းမှာ ဤကျွန်းပေါ်၌ တိုက်ခိုက်ခြင်းကို တားမြစ်ထားသော်လည်း သူတို့အား မျက်စေ့ကျနေသူမရှိဟု ဆိုလိုခြင်းမဟုတ်သောကြောင့်ပင်။
တစ်စုံတစ်ယောက်သည် ပင်လယ်အတွင်းသို့ ဆင်းလိုက်သည်နှင့် လုယက်သတ်ဖြတ်မှုများ မကြာခဏဖြစ်ပွားလေ့ရှိသည်။
မဖိတ်ခေါ်ထားသော ဧည့်သည်ဖြစ်သည့် အဖြူရောင်ဝတ်စုံဝတ် လူငယ်တစ်ယောက် ကျွန်းပေါ်သို့ရောက်ရှိလာကာ လမ်းများပေါ်ရှိ အရာရာတိုင်းနှင့် ကွဲလွဲနေပုံရသည်။
"ဟူး...ဒါက အရမ်းဒေါသထွက်ဖို့ကောင်းတာပဲ... ငါက ဒီလောက်အဝေးကြီးထိ လာခဲ့ရတာတောင် ဘာပင်လယ်နတ်ဆိုးသားရဲတကောင်ကိုမှ ရှာမတွေ့ခဲ့ဘူး"
ရီဖုန်းက ညည်းတွားလိုက်သည်။
သူသည် သူ၏ပါးစပ်မှနေ၍ ညည်းတွားနေသော်လည်း သူ၏စိတ်နှလုံးသားအတွင်း၌မူ များစွာဂရုစိုက်ခြင်းမရှိချေ။
မည်သို့ပင်ဆိုစေကာမူ သူသည် ဖုန်းယွီကျွန်းသို့ ရောက်ရှိနေလေပြီ။မရဏအမွေအနှစ် နယ်မြေအတွင်းသို့ သူ ဝင်ရောက်ပြီးနောက် သူ၏သင်္ချိုင်းသည် ဤနေရာ၌ ဖြစ်နေနိုင်သည်။
သူသည် မရဏအမွေအနှစ်နယ်မြေထံသို့သွားရန်လမ်းနှင့် ပတ်သက်ပြီး တခြားလူများကို အကြိမ်ပေါင်းများစွာမေးမြန်းခဲ့သည်။သို့ရာတွင် မည်သူတစ်ဦးကမျှ သူ့အား တုံ့ပြန်အဖြေပေးခြင်းမရှိဘဲ သူ့အား သတိထားသောအကြည့်ဖြင့်ပင် ပို၍ကြည့်လာကြသည်။
ရီဖုန်းသည် ဖုန်းယွီကျွန်းသို့ ရောက်ရှိလာပြီးနောက် မကြာမီမှာပင် ကျွန်း၏အလယ်ဗဟိုနေရာသို့ မတော်တဆရောက်ရှိသွားသည်။
ထိုနေရာသည် အဆောက်အအုံတစ်လုံးဖြစ်သော်လည်း ဧရာမလူဘီလူးကြီးတစ်ကောင်နှင့် ပို၍တူညီနေကာ ဖုန်းယွီကျွန်း၏ဗဟိုချက်ဖြစ်ရုံသာမက ဖုန်းယွီဂိုဏ်း တည်ရှိရာနေရာလည်းဖြစ်သည်။
သို့ရာတွင် ရီဖုန်းသည် တံခါးထံသို့ လျှောက်လှမ်းသွားလိုက်ချိန်၌ လူနှစ်ယောက်၏တားဆီးဟန့်တားခြင်းကို ခံလိုက်ရသည်။
"ဒီနေရာကိုလာဖို့ မင်းကို ဘယ်သူက ခွင့်ပြုလို့လဲ....ချက်ချင်းထွက်သွားစမ်း"
သူတို့နှစ်ယောက်သည် ရက်စက်ကြမ်းကြုတ်သောမျက်နှာအမူအယာများဖြင့် ရီဖုန်းကိုကြည့်ကာ သူ့အား ချက်ချင်းမောင်းထုတ်လိုက်ကြသည်။
"အလျင်မလိုကြပါနဲ့...ငါက ရီဖုန်းပါ...ငါ ဒီထဲကို ဝင်...."
ရီဖုန်းက သူ၏လက်နှစ်ဖက်ကိုပူးဆုပ်ပြီး ပြောဆိုသည်။
သို့ရာတွင် သူ၏စကား တစ်ဝက်တစ်ပျက်သို့အရောက်မှာပင် ထိုလူနှစ်ယောက်၏ကြားဖြတ်ဟန့်တားခြင်းကို ခံလိုက်ရသည်။
"မင်းရဲ့နာမည်က ဘာဖြစ်ဖြစ် ငါတို့က ဘာလို့ဂရုစိုက်ရမှာလဲ...ငတုံးငအတွေကို ဂိုဏ်းထဲဝင်ခွင့် မပြုနိုင်ဘူး...ဒါကြောင့် ဒီနေရာကနေ ထွက်သွားစမ်း"
"အမ်... "
ထိုစကားများကိုကြားချိန်တွင် ရီဖုန်းသည် ချက်ချင်းဒေါသထွက်သွားပေ၏။
သူသည် မူလက ကောင်းကောင်းမွန်မွန် စကားပြောဆိုလိုသော်လည်း ဤလူနှစ်ယောက်သည် သူ့အား အလွန်ရိုင်းပြစွာ ဆက်ဆံမည်ဟု သူ မျှော်လင့်မထားမိချေ။
"ငါ ဒီနေ့ အထဲကိုဝင်မယ်...မင်းတို့က ဘာတတ်နိုင်မှာမလို့လဲ"
ရီဖုန်းက တံခါးအတွင်းသို့ တိုက်ရိုက်တိုးဝင်လိုက်သည်။
'မင်းတို့ ငါ့ကိုသတ်နိုင်ရင်သတ်လေ...'
'နောက်အနာဂတ်မှာ ငါ အင်မော်တယ်တစ်ယောက်ဖြစ်လာရင် မင်းတို့ကို ကျေးဇူးပြန်ဆပ်မှာပါ....'
"သေချင်နေတာလား..."
ရီဖုန်းသည် ဂိုဏ်းတံခါးအတွင်းသို့ အတင်းအကြပ် တိုးဝင်လာသည်ကို သူတို့နှစ်ယောက် မြင်တွေ့ချိန်၌ ဓားများကိုချက်ချင်းဆွဲထုတ်ကာ သူ့ထံဦးတည်ပြီး ခုတ်ပိုင်းလိုက်ကြသည်။
"အမှိုက်ကောင်တွေ"
ဤလူနှစ်ယောက်သည် နယ်မြေကြီးကိုးခုအတွင်းမှ တွားသွားနတ်ဆိုးများထက်ပင် ပို၍အားနည်းနေသည်။ထိုကြောင့် ရီဖုန်းသည် သူတို့အား လှည့်ကြည့်ခြင်းပင်မပြုဘဲ အဝေးသို့ လွှင့်ပစ်လိုက်၏။
ထို့နောက် သူ၏လက်နှစ်ဖက်ကိုခါကာ ဖုန်းယွီ၏တံခါးအတွင်းသို့ ဦးတည်၍ လျှောက်လှမ်းခဲ့တော့သည်။
သို့ရာတွင် သူ ခြေလှမ်းအနည်းငယ် လှမ်းပြီးသောအချိန်မှာပင် သံမဏိမျှော်စင်ကြီးနှင့်တူသော လူထွားကြီးတစ်ယောက်က သူ၏ရှေ့၌ ထွက်ပေါ်လာသည်။
Chapter 907
"ဒါက မင်းလာရမယ့် နေရာတစ်နေရာ မဟုတ်ဘူး...မင်းမှာ စွမ်းအာတချို့ရှိမယ်လို့ ငါ ထင်တယ်...ငါ မင်းနဲ့ အငြင်းမပွားချင်ဘူး...ဒါကြောင့် မင်း အခုချက်ချင်း ထွက်သွားစမ်း"
"မဟုတ်လို့ကတော့...မင်း ခုဏက လုပ်လိုက်တဲ့ လုပ်ရပ်နဲ့တင် ငါ မင်းကို သတ်လိုက်ပြီ"
လူထွားကြီးက ခံစားချက်ကင်းမဲ့သော မျက်နှာအမူအယာဖြင့် ပြောဆိုသည်။
"ဒါက ငါ ကြိုတင်ကြံစည်ထားတာ မဟုတ်ဘူး...မင်းရဲ့လူတွေက လွန်လာလို့ပဲ"
ရီဖုန်း၏မျက်ခုံး မြင့်တက်သွားပြီး တုံ့ပြန်ပြောဆိုလိုက်သည်။
"ငါ ဒီနေရာကိုလာတဲ့ အကြောင်းအရင်းက မရဏအမွေအနှစ်ကို ဆက်ခံဖို့ပဲ"
"မရဏအမွေအနှစ်လား...."
လူထွားကြီးကပြုံးလိုက်ကာ မကြိုဆိုသောအမူအယာဖြင့် ပြောဆိုသည်။
"မင်းက ငါတို့ဖုန်းယွီဂိုဏ်းရဲ့တံခါးစောင့်နှစ်ယောက်ကို အနိုင်ယူနိုင်တာနဲ့ မရဏအမွေအနှစ်ကိုဆက်ခံဖို့ အရည်အချင်းပြည့်မီပြီလို့ ထင်နေတာလား"
"မင်း စိတ်ကူးယဥ်အိပ်မက်မက်နေတာကို ရပ်လိုက်စမ်း...ဒီကျွန်းပေါ်က တားမြစ်ချက်တွေကို ချိုးဖျက်ခဲ့တဲ့အတွက် ငါ မင်းကို အရေးမယူခဲ့ဘူး...ဒါကို အခွင့်ကောင်းယူပြီးတော့ မင်းရဲ့လာရင်းနေရာကို ချက်ချင်းပြန်သွားတော့"
လူထွားကြီးက အေးစက်တင်းမာစွာ ပြောဆိုသည်။
ရီဖုန်းသည် မျက်မှောက်ကြုတ်လိုက်၏။
ဖုန်းယွီကျွန်းမှလူများသည် မည်သည်ကြောင့် စကားကို အစဉ်အမြဲ မချေမငံပြောဆိုနေသနည်း...
"ငါက မရဏအမွေအနှစ်ကို ဆက်ခံတာ မဆက်ခံတာကို မင်းမှာ ပြောခွင့်မရှိမှာ ငါ စိုးရိမ်မိတယ်....မင်းတို့ရဲ့ကျွန်းပိုင်ရှင်ကပဲ ပြောရေးဆိုခွင့်ရှိလိမ့်မယ်"
ရီဖုန်းက တုံ့ပြန်သည်။
"ကောင်လေး မင်း ဘယ်နေရာကနေလာလို့ ဒီလောက်ထိ အပိုစကားတွေ ပြောနေတာလဲ...မင်းက ငါတို့ရဲ့ကျွန်းအရှင်ကိုတောင် တွေ့ချင်နေတာလား"
လူထွားကြီးက အေးစက်တင်းမာစွာ ပြောဆိုသည်။
"ငါ မင်းကို အခွင့်အရေးတကြိမ် ထပ်ပေးမယ်....အခုချက်ချင်း ဒီနေရာကနေ ထွက်သွားစမ်း...မဟုတ်ရင် ဒီနေ့ ဒီနေရာမှာ မင်းရဲ့အသက်ကို ချန်ထားခဲ့ရမယ်"
"ဒါဆိုရင်လည်း ကြိုးစားကြည့်လေ"
ရီဖုန်းသည် လှောင်ပြောင်သရော်လိုက်၏။
ဖုန်းယွီကျွန်းမှလူများ၏ခွန်အား မည်ကဲ့သို့ရှိသည်ကို သူ သိရှိထားပြီးဖြစ်သည်။
အတိုချုပ်ပြောရလျှင် သူတို့၏ခွန်အားသည် များစွာသန်မာအားကောင်းခြင်း မရှိချေ။
အကယ်၍ သူတို့သာ အလွန်အစွမ်းထက်နေပါက ရီဖုန်းသည်မ ရဏအမွေအနှစ်နှင့်ပတ်သက်ပြီး စဉ်းစားတွေးတောနေမည်မဟုတ်ဘဲ သူ သေလမ်းရှာရန်အတွက် ကျွန်းပေါ်ရှိလူများကို ပြဿနာပတ်ရှာမိပေမည်။ဤသည်မှာ မရဏအမွေအနှစ်နယ်မြေအတွင်းသို့ သူ ဝင်သည်ထက် ပို၍လွယ်ကူသွားပေမည်။
"တော်လိုက်တဲ့ကောင်လေး...မင်းက အခွင့်အရေးကိုမယူဘဲ ငြင်းဆန်နေမှတော့ ငါ့ကိုအပြစ်မတင်နဲ့"
ထိုလူသည် အေးစက်စက်အော်ငေါက်ပြီးနောက် လက်စည်းတံဆိပ်တစ်ခုကိုဖွဲ့စည်းကာ သူ၏ပါးစပ်မှနေ၍ မှော်မန္တန်တစ်ပုဒ်ကို ရေရွတ်လိုက်သည်။
သူသည် ဥာဏ်ကောင်းသူတစ်ယောက်ပင်။
ဖုန်းယွီကျွန်းပေါ်၌ မဆင်မခြင်ပြုမူဝံ့သော မည်သူတစ်ဦးတစ်ယောက်ကိုမဆို လျှော့တွက်၍မရကြောင်း သူ၏စိတ်နှလုံးသားအတွင်းမှ ကောင်းစွာသိရှိထားသည်။
ထို့ပြင် အစောပိုင်းက တံခါးစောင့်နှစ်ယောက်ကို ရီဖုန်းသည် ဆန္ဒရှိသကဲ့သို့ ကိုင်ပေါက်လိုက်ခြင်းမှတစ်ဆင့် သူ၏ခွန်အား မဆိုးလှသည်ကို မြင်တွေ့နိုင်ပေ၏။
ထို့ကြောင့် သူ၏အစွမ်းထက်ဆုံးနည်းလမ်းတစ်ခုကို ထုတ်ဖော်အသုံးပြုလိုက်သည်။
သူ၏နောက်ဆုံးလက်စည်းတံဆိပ် ကျရောက်သွားသည်နှင့် အရှေ့နှင့်အနောက်ရှိ လေဟာနယ် တုန်ခါသွားပြီး အနက်ရောင်အက်ကွဲကြောင်းတစ်ကြောင်းအဖြစ် ပွင့်ထွက်သွားသည်။
ဖျက်ဆီးခြင်းအရှိန်အဝါတစ်ရပ် ပျံ့နှံ့လာခြင်းနှင့်အတူ ကြက်သွေးရောင်မျက်လုံးနှစ်စုံ ထွက်ပေါ်လာပေ၏။
ထို့နောက်မှနေ၍ ဆာလောင်မွတ်သိပ်နေပုံရကာ သူတို့၏ခန္ဓာကိုယ်အနှံ့ မီးတောက်များလွှမ်းခြုံနေသော ဝံပုလွေနှစ်ကောင်သည် ဖြည်းညှင်းစွာထွက်ပေါ်လာကာ ချောင်းမြောင်းနေသောသားရဲများ၏ပုံပန်းသွင်ပြင် ပေါ်လွင်နေသည်။
ထိုသားရဲများသည် အေးစက်တင်းမာစွာဖြင့် ရီဖုန်းကို ကြည့်လိုက်ကြ၏။
ရီဖုန်း၏ရှေ့မှလူသည် ဆင့်ခေါ်သူတစ်ယောက်ဖြစ်သည်မှာ သိသာထင်ရှားသည်။
"ဟွန့်...."
ရီဖုန်းသည် အကြည့်တချက်ဖြင့်ပင် ထိုသားရဲ့နှစ်ကောင်သည် သူ့အား ခြိမ်းခြောက်နိုင်ခြင်းမရှိကြောင်းသိရှိသွားသည်။သူသည် ဒေါသတကြီးဟိန်းဟောက်နေသော သားရဲနှစ်ကောင်ကို စူးစိုက်၍ကြည့်လိုက်၏။
မျက်လုံးအကြည့်ခြင်းဆုံမိသည်နှင့် သားရဲနှစ်ကောင်၏ခန္ဓာကိုယ်များ ပြင်းပြင်းထန်ထန်တုန်ရီသွားသည်။
ဤအချိန်အခိုက်အတန့်၌ သူတို့၏စိတ်ဝိညာဥ်များ လွင့်ပြယ်သွားသည့်အလား ခံစားချက်တစ်ခုကို သူတို့ ရရှိသွားပေ၏။
ယခင်က အလွန်အစွမ်းထက်သော ဝံပုလွေသားရဲနှစ်ကောင်သည် နှင်းရိုက်ခံရသောခရမ်းသီးများအလား ချက်ချင်းရှုံ့တွသွားကာ ခွေးပေါက်လေးများအလား မြေပြင်ပေါ်၌ လဲလျောင်းလိုက်ကြသည်။သူတို့သည် အဆက်မပြတ် ညည်းတွားနေကာ သူတို့၏အမြှီးများကိုကုပ်ထားပြီး သူတို့၏မျက်လုံးများအတွင်း၌ ရီဖုန်းမှ သူတို့ကို အလွတ်ပေးရန် ဆုတောင်းနေသော အရိပ်အယောင်များ ထင်ဟပ်နေသည်။
"ဒါက...."
ဝံပုလွေများ၏အနီးတွင်ရှိနေသော သားရဲဆင့်ခေါ်သူသည် သူ ဆင့်ခေါ်လိုက်သော တိုက်ပွဲဝင်သားရဲများ၏ပုံစံကို မြင်တွေ့ချိန်၌ သူ၏မျက်လုံးသူငယ်အိမ်များ ကျွတ်ထွက်တော့လုမတတ်ပင်။
တစ်ခုသိထားရမည်မှာ လွန်ခဲ့သောနှစ်တစ်ရာကျော်အချိန်က ဤဝံပုလွေနှစ်ကောင်ကို စာချုပ်ချုပ်နိုင်ရန်အတွက် သူ အင်အားများစွာစိုက်ထုတ်ခဲ့ရခြင်းပင်။သူ အင်အားစိုက်ထုတ်ခဲ့ရသည့် အကြောင်းအရင်းမှာ ဤဝံပုလွေများ၏ခွန်အားအပြင် သူတို့သည် မယှဥ်ပြိုင်နိုင်သောရန်သူနှင့် တွေ့ဆုံရလျှင်ပင် အရှုံးပေးရမည်ထက် သေရမည်ကို ရွေးချယ်သောကြောင့်ပင်။
နောက်ပိုင်းတွင် စာချုပ်ချုပ်ဆိုပြီးသည့်တိုင် ဝံပုလွေသားရဲနှစ်ကောင်သည် သူ့ရှေ့၌ မည်သည့် ကျိုးနွံမှုနှင့်ထိတ်လန့်ကြောက်ရွံ့မှုကိုမျှ မပြသဘဲ သာတူညီမျှဆက်ဆံရေးကို ထိန်းသိမ်းထားခဲ့သည်။
သို့ရာတွင် သူ့ရှေ့ရှိလူနှင့် ဆုံတွေ့ရချိန်တွင် သူ၏သားရဲများသည် မည်သည်ကြောင့် ဤကဲ့သို့ပုံစံမျိုး ဖြစ်သွားသနည်း...
"မင်း...မင်းက ဘယ်သူလဲ"
လူထွားကြီးက တံတွေးမြိုချပြီး မေးမြန်းလိုက်သည်။
အကယ်၍ ဤဝံပလွေသားရဲနှစ်ကောင်ကို ဆင့်ခေါ်ခြင်းသည် သူ၏အားအကောင်းဆုံးနည်းစနစ်မဟုတ်လျှင်ပင် သူသည် ရီဖုန်းနှင့် ဆက်လက်၍တိုက်ခိုက်ရန် ဆန္ဒမရှိတော့ချေ။
မလှမ်းမကမ်းအကွာ၌....
ဖုန်းချမ်ယွီသည် သီးသန့်အစေခံအမြောက်အများခြံရံ၍ ဖုန်းယွီဂိုဏ်း၏ပင်မအဆောက်အအုံအတွင်းမှ ထွက်လာသည်။
သူမသည် မျက်မှောင်ကြုတ်ထားကာ သူမ၏နူးညံ့သိမ်မွေ့သော မျက်နှာလေးပေါ်တွင် ပင်ပန်းနွမ်းနယ်မှုများဖြင့် ပြည့်နှက်နေသည်။
ယခုလတ်တလောအချိန်တွင် သူမ အလွန်ပင်ပန်းနွမ်းနယ်နေပေ၏။
.
ဖုန်းယွီဂိုဏ်းအတွင်း၌ အင်အားစုများသည် အဆက်မပြတ်တိုက်ခိုက်နေသဖြင့် သူမသည် နယ်မြေကြီးကိုးခုထံသို့သွားကာ သူတော်စင်များနိုးထလာခြင်းမှတစ်ဆင့် အခွင့်ကောင်းရှာရန် ကြိုးစားခဲ့သည်။ထိုသို့ပြုလုပ်မှသာ သူမ ပြန်ရောက်လာချိန်၌ တခြားလူများကို တိုက်ခိုက်ကာ ပို၍ကြီးမားသောအခွင့်အာဏာများကို ရရှိလာပေမည်။
သို့ရာတွင် ဤခရီးစဉ်၌ သူမသည် မည်သည့်အခွင့်အရေးကိုမျှ မရရှိခဲ့ရုံသာမက သူမ၏တာအိုနှလုံးသားပင် ပြိုလဲလုနီးပါးဖြစ်သွားမည်ဟု မည်သူက သိရှိမည်နည်း။
မဟုတ်သေးချေ...အတိအကျပြောဆိုရလျှင် အခွင့်အရေးတစ်ခု ရှိခဲ့သော်လည်း သူမသည် ဖမ်းဆုပ်ရန်အတွက် လွဲချော်သွားခဲ့သည်။
ရေအိုင်နံဘေးတွင်နေခဲ့သော နေ့ရက်များကို ပြန်လည်တွေးသောမိချိန်တွင် နောင်တကြောင့် သူမ၏နှလုံးသား နာကျင်နေသည်။
အကယ်၍ သူမထံတွင် ဤကဲ့သို့ သောက်ရေးမပါသော မာန်မာနများ ရှိမနေသည့်အပြင် ထိုလူ၏သာလွန်ထူးကဲမှုကို သူမ ကြိုသိခဲ့ပါက ဖြစ်စဉ်များ အနည်းငယ်ပြောင်းလဲသွားနိုင်သည်။သူမ အလွန်လိုလားတပ်မက်နေသောနဂါးငါးသည်လည်း ယခုအချိန်တွင် သူမ၏လက်အတွင်းသို့ ရောက်ရှိပြီးဖြစ်ပေမည်။
ယခုအချိန်၌ ထိုလူငယ်သည် မည်သည့်နေရာ၌ရှိနေမည်ကို သူမ မည်သည့်နည်းဖြင့် သိနိုင်မည်နည်း....
သူမသည် ထိုအကြောင်းကို စဉ်းစားတွေးသောနေစဉ်မှာပင်...
နံဘေးတဖက်မှနေ၍ လူထွားကြီး၏အကူအညီတောင်းခံသံ ထွက်ပေါ်လာသည်။
"စီနီယာအစ်မဖုန်း...ဒီလူက ဖုန်းယွီဂိုဏ်းထဲကို အတင်းအကြပ် ကျူးကျော်ဝင်လာခဲ့တယ်...စီနီယာအစ်မက သူ့ကို ရင်ဆိုင်ပေးမယ်လို့ ငါ မျှော်လင့်မိတယ်"
လူထွားကြီး၏မျက်လုံးအတွင်း၌ မျှော်လင့်ချက်များဖြင့် ပြည့်နှက်နေသည်။
ဤအချိန်အခိုက်အတန့်တွင် ကျွန်းပေါ်ရှိ အဆင့်မြင့်အကြီးအကဲများအားလုံး ဂိုဏ်းအတွင်း၌ အစည်းအဝေးကျင်းပနေကြသည်။သူသည် ဂိုဏ်းကို စောင့်ကြပ်ရန်အတွက် တာဝန်ယူထားသဖြင့် ရီဖုန်းကဲ့သို့ လူတစ်ယောက်ကို ဝင်ခွင့်မပြုခဲ့ခြင်းဖြစ်သည်။
အကယ်၍ သူသည် ထိုလူငယ်နှင့် တိုက်ခိုက်ရပါက သူ အနိုင်ရမည်ဟု အနည်းငယ်မျှ ယုံကြည်ချက်မရှိချေ။အကယ်၍ သူ မတိုက်ခိုက်ပါက ရီဖုန်းသည် ဂိုဏ်းအတွင်းသို့ အမှန်တကယ် ကျူးကျော်ဝင်ရောက်လာသည်နှင့် သူ အပြစ်ပေးခံရပေမည်။
ဤကဲ့သို့အချိန်အခိုက်အတန့်၌ သူသည် သူ့အတွက် အသက်ကယ်ကောက်ရိုးတစ်မျှင် ဖြစ်သော စီနီယာအစ်မဖုန်းနှင့် ဆုံတွေ့ရမည်ဟု မည်သူက တွေးထင်မိမည်နည်း။
စီနီယာအစ်မဖုန်း တိုက်ခိုက်ပါက မည်သည်ကြောင့် ထိုလူငယ်ကို မဖြေရှင်းဘဲနိုင်ဘဲ နေမည်နည်း...
စိတ်ရှုပ်ထွေးနေသော ဖုန်းချမ်ယွီသည် ထိုစကားများကိုကြားပြီးနောက် သူမ၏မျက်နှာပေါ်တွင် စိတ်မရှည်သောအရိပ်အယောင်များ ထင်ဟပ်လာသည်။
ဂိုဏ်းအတွင်းသို့ တစ်စုံတစ်ယောက် ကျူးကျော်ဝင်ရောက်လာသည့် အသေးအမွှားကိစ္စမျိုးနှင့် ပတ်သက်ပြီး သူမကိုယ်တိုင်ဖြေရှင်းရန် လိုအပ်ပါသလော...
သို့ရာတွင် မည်သို့ပင်ဆိုစေကာမူ သူမသည် ဤကိစ္စကို ကြုံတွေ့ပြီးဖြစ်သဖြင့် ထိုလူကို ကျူးကျော်ဝင်ရောက်ခွင့် မပြုနိုင်ချေ။သူမသည် ကျူးကျော်သူကို ပေါ့ပေါ့တန်တန်ရှင်းထုတ်ရန် ဟန်ပြင်လိုက်သော်လည်း တချက်ကြည့်မိရုံဖြင့် နေရာမှာပင် သူမ ကြက်သေသေသွားသည်။
သူမ၏မျက်လုံးတစ်စုံဖြင့် ရှေ့သို့စူးစိုက်၍ကြည့်နေကာ သူမ၏ခန္ဓာကိုယ်သည် လျှပ်စီးမိုးကြိုးဖြင့် ရိုက်ခတ်ခံရသည့်အလား အဆက်မပြတ်တုန်ရီနေပေ၏။
သူမ၏လက်အတွင်းရှိ ဓားပင်လျှင် အမှုမဲ့အမှတ်မဲ့ဖြင့် မြေပြင်ပေါ်သို့ ပြုတ်ကျသွားသည်။
သူမ၏နောက်ရှိ အစေခံမလေးသည်လည်း ထိတ်လန့်တုန်လှုပ်သွားသည်။
ဤသည်မှာ သခင်မလေး၏အသက်ရတနာဖြစ်ပြီး ခွဲခွာ၍မရသောအရာဖြစ်သော်လည်း မည်သည်ကြောင့် ဤတစ်ကြိမ်၌ အောက်သို့ပြုတ်ကျသွားသနည်း...
ဤနေရာတွင် မည်သည့်ကိစ္စများ ဖြစ်ပျက်နေသနည်း...
Chapter 908
မည်သည့်အမှားအယွင်းရှိနေသည်ကို မသိရှိသော အစေခံမလေးများသည်လည်း ထိတ်လန့်ကြောက်ရွံ့မှုကြောင့် မြေပြင်ပေါ်သို့ လဲကျသွားပေ၏။
နံဘေးတစ်ဖက်တွင်ရှိနေသော လူထွားကြီးသည်လည်း ထိတ်လန့်တကြား ဖြစ်သွားသည်။
မည်သည့်ကိစ္စများ ဖြစ်ပျက်သွားသနည်း။သူသည် အစောပိုင်းက ဂိုဏ်းအတွင်းသို့ တစ်စုံတစ်ယောက် ကျူးကျော်ဝင်လာသည်ကိုသာ သတင်းပို့ခဲ့သည်။သို့ရာတွင် မည်သည်ကြောင့် စီနီယာအစ်မဖုန်း၏လက်အတွင်းမှဓား လွတ်ကျသွားသနည်း။
သို့ရာတွင်...
သူတို့အားလုံး ပို၍ပင်မမျှော်လင့်ထားသော ကိစ္စတစ်ခု ဖြစ်ပွားသွားခဲ့သည်။ဤသည်မှာ နောက်ထပ်အချိန်အခိုက်အတန့်၌ ဖုန်းချမ်ယွီသည် သူမ၏ဓားကို ကောက်ခြင်းမပြုဘဲ မြေပြင်ပေါ်၌ ဒူးတစ်ဖက်ထောက်လိုက်ခြင်းပင်။
"ဂျူနီယာဖုန်းချမ်ယွီက စီနီယာကို အရိုအသေပြုပါတယ်"
ဖုန်းချန်ယွီက သူမ၏ခေါင်းကို အကန့်အသတ်ထိရောက်အောင် ငုံထားကာ သူမ၏စိတ်နှလုံးသားအတွင်း၌ အလွန်အမင်းစိတ်လှုပ်ရှားနေသည်။
နယ်မြေကြီးကိုးခုအတွင်းရှိ ယွင်ဟူရေကန်မှ သူမ ထွက်လာပြီးနောက် ဖုန်းယွီကျွန်းတွင် ဤစီနီယာကို တဖန်ပြန်၍ဆုံတွေ့ရမည်ဟု သူမ မျှော်လင့်မထားမိချေ။
ဤစီနီယာသည် ယွင်ဟူရေကန်၌ နဂါးငါးများမျှားခဲ့သည့် မြင်ကွင်းကို သူမ ဘယ်သောအခါမှ မေလျော့မည်မဟုတ်ချေ။
ဖုန်းချန်ယွီသည် ရုတ်တရက် ဒူးထောက်လိုက်သဖြင့် သူမ၏နံဘေးပတ်လည်တွင်ရှိနေသော လူများသည် အချိန်တခဏအတွင်း အသိပြန်မဝင်နိုင်သောအဆင့်ထိ ထိတ်လန့်တုန်လှုပ်သွားတော့သည်။
တစ်ခုသိထားရမည်မှာ ဖုန်းချမ်ယွီသည် ဖုန်းယွီကျွန်း၌ အဆင့်အတန်းအလွန်မြင့်မားသည့် အစွမ်းထက်သော ကျင့်ကြံသူတစ်ယောက်ပင်။ ထို့ပြင် သူမသည် ဖုန်းယွီဂိုဏ်းချုပ်၏တိုက်ရိုက်တပည့်တစ်ယောက်လည်း ဖြစ်သည်။ထိုသို့ဆိုသည့်တိုင် သူမသည် ဂိုဏ်းချုပ်နှင့် ဆုံတွေ့သောအချိန်၌ ဤကဲ့သို့ ထုံးတန်းစဉ်လာများကို ပြုလုပ်ရန်မလိုအပ်ချေ။
သို့ရာတွင် ဖုန်းချမ်ယွီသည် ဤလူကို မြင်တွေ့သည်နှင့် ချက်ချင်းဒူးထောက်လိုက်ပေ၏။
"ငါတို့က စီနီယာကို အရိုအသေပြုပါတယ်"
ဖုန်းချန်ယွီ၏သီးသန့်အစေခံမလေးများသည်လည်း မြေပြင်ပေါ်၌ ဒူးထောက်လိုက်သည်။သူမတို့သည် ရှေ့တွင်ရှိနေသောလူငယ်နှင့်ပတ်သက်ပြီး အလွန်ဇဝေဇဝါဖြစ်နေသည့်တိုင် သူမတို့၏သခင်မလေး ဒူးထောက်နေသောကြောင့် သူမတို့သည်လည်း မဖြစ်မနေ ဒူးထောက်အရိုအသေပြုရပေမည်။
"အမ် ဒါက...."
နံဘေးတွင်ရှိနေသော လူထွားကြီးသည် ထိတ်လန့်တုန်လှုပ်သွားပြီး ထွက်ပြေးရန်အတွက် နောက်သို့ချာခနဲလှည့်လိုက်သည်။
သို့ရာတွင် သူ ခြေလှမ်းနှစ်လှမ်း ပြေးပြီးသောအချိန်၌ မသင့်တော်ဟု ခံစားမိသဖြင့် နောက်သို့ပြန်လှည့်ပြီး မြေပြင်ပေါ်တွင် ဒူးထောက်လိုက်၏။
ဤသည်မှာ သူ့အား ပါးတစ်ချက် ဖြတ်ရိုက်လိုက်သည့်အလားပင်။
"မင်းက ဘယ်သူလဲ...."
ရီဖုန်းသည် သူ့ရှေ့ရှိမိန်းကလေးကိုကြည့်ကာ ဦးနှောက်ခြောက်လုမတတ် စဉ်းစားသော်လည်း သူမ မည်သူမည်ဝါဖြစ်သည်ကို အမှတ်မရချေ။
ဖုန်းချမ်ယွီသည် အနည်းငယ်စိတ်ပျက်သွားပေ၏။
သူမတို့သည် များစွာဆက်ဆံခဲ့ဖူးခြင်းမရှိသော်လည်း ယွင်ဟူရေကန်၏ နံဘေး၌ လဝက်ကြာ အတူတကွနေထိုင်ခဲ့ကြသည်။
ယခုကြည့်ကြည့်တော့မှ သူမသည် ဤစီနီယာ မှတ်မိရန်အတွက်ပင် အရည်အချင်းမပြည့်မီချေ။
သို့ရာတွင် သူမသည် မည်သည့်အရာကိုမျှ အပြစ်မတင်ဝံ့သဖြင့် ပြောင်ပြောင်တင်းတင်း ရှင်းပြလိုက်သည်။
"စီနီယာ...ငါတို့တွေ အရင်တုန်းက ယွင်ဟူရေကန်ရဲ့ဘေးမှာ ငါးအတူတူမျှားခဲ့ဖူးတယ်လေ....နင်က ငါနဲ့မလှမ်းမကမ်းအကွာမှာ ထိုင်နေပြီးတော့ နင့်ရဲ့တခြားတဖက်မှာ သားမွှေးဝတ်ရုံဝတ်ထားတဲ့ လူအိုကြီးတစ်ယောက် ရှိနေတယ်"
"အော်....ဒါက မင်းလား"
ဖုန်းချမ်ယွီ၏ရှင်းပြမှုကို ကြားချိန်၌ ရီဖုန်းက ခေါင်းညိတ်ပြပြီးနောက် မေးမြန်းလိုက်သည်။
"မင်းက ယွင်ဟူရေကန်မှာ ဆက်နေခဲ့တာမဟုတ်လား...ဘာဆက်ဖြစ်သေးလဲ..."
"ချမ်ယွီက အရည်အချင်းမရှိတာကြောင့် ဘာငါးကိုမှ ဖမ်းမမိခဲ့ဘူး....စီနီယာအတွက် ရယ်စရာဖြစ်စေမိပြီ"
ဖုန်းချမ်ယွီက ခါးသည်းစွာပြုံးလိုက်သည်။
"အော်...ငါ တောင်းပန်ပါတယ်...အဲ့ဒီလိုဖြစ်မယ်လို့ ငါ မထင်မိလို့ပါ"
ရီဖုန်းက ရှက်ကိုးရှက်ကန်းအပြုံးနှင့် ပြောဆိုသည်။
"ပြောရမယ်ဆိုရင် ငါ ထွက်သွားတဲ့အချိန်တုန်းက မင်းကို ငါးတွေ ခြင်းတောင်းတစ်ဝက်လောက် ပေးချင်ခဲ့တယ်...ဒါပေမဲ့ မင်းကိုကြည့်ရတာ စိတ်ဝင်စားပုံမရတာကြောင့် ငါ ထွက်လာခဲ့တာပဲ"
ထိုစကားကိုကြားချိန်တွင်...
ဖုန်းချမ်ယွီသည် မွန်းကြပ်သွားသဖြင့် အသက်ပြင်းပြင်းတချက်ရှိုက်လိုက်ပြီး နေရာတွင် နှလုံးဖောက်သွားလုနီးပါးပင်။
သူမ အသိပြန်ဝင်လာသည့်တိုင် သူမ၏စိတ်နှလုံးသားအတွင်း၌ နာကြင်မှုကိုခံစားနေရဆဲပင်။
နဂါးငါးများ ခြင်းတောင်းတစ်ဝက်ဟု ဆိုသလော....
အကယ်၍ သူမသည် ယခင်က မောက်မာထောင်လွှားခဲ့ခြင်းမရှိပါက ယခုအချိန်တွင် သူမ၏လက်အတွင်း၌ နဂါးငါးများ ခြင်းတောင်းတစ်ဝက် ရှိနေပေမည်။
သူမ၏အူများ အစိမ်းရောင်သို့ပြောင်းလုမတတ် သူမ အမှန်တကယ် နောင်တရနေမိသည်။
"မင်း ဘာလို့ ဒူးထောက်နေတာလဲ...မြန်မြန်မတ်တတ်ထရပ်တော့လေ...ငါက စီနီယာတစ်ယောက် မဟုတ်ပါဘူး"
ဖုန်းချန်ယွီသည် တစ်ချိန်လုံး ဒူးထောက်နေသည်ကိုကြည့်ပြီး ရီဖုန်းက သူမအား အလျင်အမြန်တွဲထူပေးကာ ပြောဆိုလိုက်၏။
"မင်း အရမ်းယဉ်ကျေးနေဖို့ မလိုပါဘူး"
"စီနီယာကို အရမ်းကျေးဇူးတင်ပါတယ်...စီနီယာက အရမ်းနှိမ့်ချနေတတ်တာပဲ"
ဖုန်းချမ်ယွီက မတ်တတ်ထရပ်ပြီး ကျေးဇူးတင်စကားပြောဆိုသည်။
"စီနီယာရဲ့ခွန်အားကို ငါ မသိပေမယ့် ယွင်ဟူရေကန်မှာ နင် ငါးဖမ်းခဲ့တာကနေတဆင့် အကဲဖြတ်ကြည့်မယ်ဆိုရင်...ငါက နင့်ကို စီနီယာလို့ သုံးနှုန်းရလိမ့်မယ်"
"ဟေး မင်း ငါးမဖမ်းနိုင်တာနဲ့ပဲ ငါက စီနီယာဖြစ်သွားရောလား"
ရီဖုန်းက သူ၏လက်ကို ဝှေ့ယမ်းပြီး ပြုံးလိုက်သည်။
"နောက်တစ်ကြိမ် အခွင့်အရေးရရင် ငါက ဘယ်လိုငါးဖမ်းရမယ်ဆိုတာ မင်းကို သင်ပေးမယ်"
"တကယ်လား....စီနီယာကို ကျေးဇူးတင်ပါတယ်"
ဖုန်းချမ်ယွီသည် အလွန်စိတ်လှုပ်ရှားသွားသဖြင့် ထပ်မံ၍ဒူးထောက်ရန် ဟန်ပြင်လိုက်သော်လည်း ရီဖုန်း၏ဟန့်တားခြင်းကို ခံလိုက်ရသည်။
"ဒါက ငါးမျှားတာပဲ မဟုတ်လား....ဒီလောက်ထိစိတ်လှုပ်ရှားနေဖို့ မလိုပါဘူး...နောက်ပိုင်းကျ ငါ့မှာအချိန်ရရင် ငါ မင်းကို သင်ပေးမယ်...အခုကတော့ ငါ့မှာ လုပ်စရာကိစ္စတချို့ ရှိနေတယ်"
ရီဖုန်းက ပြောဆိုသည်။
"စီနီယာကို တောင်းပန်ပါတယ်....ငါက အနှောင့်အယှက်ပြုမိသွားတယ်"
ဖုန်းချမ်ယွီက အလျင်စလိုပြောဆိုသည်။
"စီနီယာက ငါ့ရဲ့နေရာမှာ အရင်ဆုံး အနားယူလိုက်ပါလား....ငါက ဖုန်းယွီဂိုဏ်းကလူ ဖြစ်နေတာကြောင့် အချိန်ကျလာရင် စီနီယာ အမိန့်ပေးစရာရှိတာနဲ့ ငါက လုပ်ပေးနိုင်လိမ့်မယ်"
"အော်...မင်းက ဒီနေရာကလူလား...အရမ်းကောင်းတာပဲ"
ရီဖုန်းက စိတ်လှုပ်ရှားစွာဖြင့် ပြောဆိုလေ၏။
"ဒါဆိုရင်လည်း ကောင်းပြီလေ....ငါက မင်းရဲ့နေရာကိုသွားပြီး အရင်ဆုံးအနားယူမယ်"
"စီနီယာ...ကျေးဇူးပြုပြီး..."
ဖုန်းချမ်ယွီက လမ်းပြခေါ်ဆောင်သွားသည်။
ရီဖုန်းသည်လည်း သူမတို့နှင့်အတူ လိုက်ပါသွားလေ၏။
ရီဖုန်းထွက်ခွာသွားပြီးနောက် လူထွားကြီးသည် မြေပြင်ပေါ်သို့ ဖင်ထိုင်ရက်သား လဲကျသွားတော့သည်။
ကံကောင်းထောက်မစွာဖြင့် ထိုလူသည် သူအား အနည်းငယ်မျှ ဂရုမစိုက်သဖြင့် သူ လွတ်မြောက်သွားခဲ့သည်။
သို့ရာတွင် သူသည် ထိုလူအား ဖုန်းချမ်ယွီမှ အလွန်ရိုသေလေးစားနေသည်ကိုမြင်ပြီး ထိုလူ မည်သူမည်ဝါဖြစ်သည်ကို ပို၍ပို၍သိချင်စိတ်ပြင်းပြလာသည်။
ထိုအချိန်မှာပင် အသံစကားတစ်ခွန်းက သူ၏နားအတွင်းသို့ ဝင်ရောက်လာသည်။
"သူ ဘယ်သူလဲဆိုတာကို မမေးနဲ့...သူက နင် အပြစ်ပြုလို့မရတဲ့ တည်ရှိမှုကြီးတစ်ခုဆိုတာပဲ မှတ်ထားပါ...ဒီနေ့ကိစ္စကို မပေါက်ကြားအောင် ထိန်းသိမ်းတာက နင့်အတွက် အကောင်းဆုံးဖြစ်လိမ့်မယ်...တကယ်လို့ သူ စိတ်မပျော်မရွှင်ဖြစ်သွားမယ်ဆိုရင် နင် သေရုံတင်မကဘူး ဖုန်းယွီကျွန်းတစ်ကျွန်းလုံး သေကြေပျက်စီးသွားနိုင်တယ်"
ဤအသံသတင်းစကားကို ပေးပို့လိုက်သည်မှာ ဖုန်းချမ်ယွီပင်။
ဖုန်းချမ်ယွီ၏ အသံသတင်းစကားကိုကြားချိန်တွင် လူထွားကြီး၏ခန္ဓာကိုယ်၌ ရုတ်တရက် ဇောချွေးများထွက်လာသည်။
ဖုန်းချမ်ယွီ၏အကျင့်စရိုက်နှင့် ပတ်သက်ပြီး သူ ရှင်းရှင်းလင်းလင်းသိရှိထားသဖြင့် သူမသည် ချဲ့ကားပြောဆိုသောလုပ်ရပ်မျိုးကို လုပ်ဆောင်မည့်လူ မဟုတ်ချေ။
သူသည် မူလက ဤကိစ္စနှင့်ပတ်သက်ပြီး မိတ်ဆွေကောင်းတချို့ကို အတင်းအဖျင်းစကားများ ပြောလိုသော်လည်း သူ၏ပါးစပ်ကို ချက်ချင်းတင်းတင်းကြပ်ကြပ်ပိတ်လိုက်သည်။
အသံသတင်းစကားကို ပေးပို့ပြီးနောက် ဖုန်းချမ်ယွီသည် စိတ်သက်သာရာရသွားကာ သတင်းတစ်ချက်ရှိုက်လိုက်၏။
ပြောရမည်ဆိုလျှင် ဤကဲ့သို့ အစွမ်းထက်တည်ရှိမှုကြီးတစ်ယောက်နှင့် ရင်ဆိုင်ရစဉ်တွင် အရာရာတိုင်းကို အလေးအနက်ထား၍ ဆောင်ရွက်ရန် လိုအပ်သည်။
သူသည် ဤနေရာသို့ ပျော်ပွဲရွှင်ပွဲကျင်းပရန် လာခဲ့ခြင်း မဟုတ်သဖြင့် သူ၏တည်ရှိမှုကို လူအများမှ သိရှိသွားစေလိုခြင်း ရှိမည်မဟုတ်ချေ။
ဤသည်ကြောင့် သူမသည် လူထွားကြီးကို လိုရမယ်ရသတိပေးလိုက်ခြင်းဖြစ်သည်။
"စီနီယာ...ကျေးဇူးပြုပြီးတော့...."
ဖုန်းချမ်ယွီက ဆက်လက်၍လမ်းပြလိုက်သည်။
ဖုန်းယွီဂိုဏ်းသည် ဖုန်းယွီကျွန်းတစ်ကျွန်းလုံး၏ ဗဟိုချက်နေရာ ဖြစ်သဖြင့် ထိုနေရာ၌ လူအမြောက်အများနေထိုင်ရန် မဖြစ်နိုင်ချေ။ ထို့ကြောင့် သူမသည် ဂိုဏ်း၏ပြင်ပတွင် ရှိသော ခြံဝန်းတစ်ခုအတွင်း၌ နေထိုင်သည်။
သူမ အစဥ်အမြဲ ခေါ်ဆောင်ထားလေ့ရှိသော အစေခံမလေးများမှလွဲ၍ သူမ၏အိမ်တော်၌ အစောင့်များစွာမရှိသဖြင့် အနည်းငယ်ခြောက်ကပ်နေပုံရသည်။
သူမ၏အိမ်တော်သည် ကြီးကျယ်ခမ်းနားခြင်း မရှိသော်လည်း သန့်ရှင်းပြီး အမှိုက်သရိုက်များကင်းစင်နေသည်။
ခန်းမအတွင်း၌ ဖုန်းချမ်ယွီသည် ရီဖုန်းကိုထိုင်ရန် ဖိတ်ခေါ်ကာ လက်ဖက်ရည်တစ်ခွက်ကို သူမကိုယ်တိုင် ဖျော်စပ်၍ တည့်ခင်းဧည့်ခံလိုက်သည်။
"စီနီယာက ဘာကိစ္စရှိလို့ ဒီနေရာကို ရောက်လာတာလဲဆိုတာ ငါ သိလို့ရမလား"
ဖုန်းချမ်ယွီက မေးမြန်းသည်။
"ဒါက ကိစ္စကြီးတစ်ခုတော့ မဟုတ်ပါဘူး"
ရီဖုန်းကပြုံးကာ လိုရင်းအချက်ကို တန်းတန်းမတ်မတ်ပြောဆိုလိုက်၏။
"ငါက မင်းတို့ဖုန်းယွီကျွန်းရဲ့ မရဏအမွေအနှစ်ကို ဆက်ခံချင်လို့ပဲ...မိန်းကလေးဖုန်းက ငါ့ကို ကူညီပေးနိုင်မလားဆိုတာ ငါ သိချင်မိတယ်"
"မရဏအမွေအနှစ်လား...."
ဖုန်းချမ်ယွီ အံ့အားသင့်သွားသည်။ရီဖုန်းသည် ဤအမွေအနှစ်ကြောင့် ဤနေရာသို့ ရောက်ရှိလာခြင်းဖြစ်မည်ဟု သူမ မျှော်လင့်မထားမိချေ။
သူမ၏အသိအမြင်အရ မရဏအမွေအနှစ်ကိုဆက်ခံလိုသော လူများသည် နာကြည်းမုန်းတီးမှုပြင်းထန်သူများ တိုးတက်ရန်အတွက်စိတ်အားထက်သန်နေသူများ သို့မဟုတ် သာမာန်ခွန်အားသာရှိသဖြင့် အခြေအနေကို ပြောင်းလဲလိုသူများသာ ဖြစ်သည်။
သူမ၏အမြင်အရ အကယ်၍ မရဏအမွေအနှစ်ကို ဆက်ခံရာ၌ အောင်မြင်ရန်အတွက် ရီဖုန်းကဲ့သို့ လူစားမျိုးထံတွင် ကြီးမားသောအခွင့်အရေးတစ်ရပ် ရှိနေသည်။သို့ရာတွင် ရီဖုန်း၏ခွန်အားဖြင့်ပင် ပေးဆပ်ရမည့် တန်ကြေးသည် နိမ့်ပါးမည်မဟုတ်ချေ။
ရီဖုန်းက ဖုန်းချမ်ယွီကိုကြည့်ပြီး မေးမြန်းသည်။
"ဒါက အဆင်ပြေရဲ့လား"
ရီဖုန်းသည် မည်သည်ကြောင့် ဤနည်းလမ်းကို ရွေးချယ်ခဲ့သည်အား မသိရှိသော်လည်း ဖုန်းချမ်ယွီက ဤသည်မှာ သူမနှင့်ဤစီနီယာအကြားတွင် ဆက်ဆံရေးကောင်းတစ်ခု တည်ဆောက်နိုင်မည့် အခွင့်အရေးဖြစ်ကြောင်း နားလည်သဘောပေါက်သည်။
သူမသည် ယခင်တစ်ကြိမ်၌ လွဲချော်သွားခဲ့သဖြင့် ယခုတစ်ကြိမ်၌ သူမ လွဲချော်ခံလိုခြင်းမရှိချေ။
"ဒါက အဆင်ပြေပါတယ်...ငါက အခုချက်ချင်း နင်အတွက် စာရင်းသွားပေးလိုက်မယ်"
ဖုန်းချမ်ယွီသည် မေးခွန်းများကို ထပ်မံ၍မမေးတော့သည့်အပြင် သူမသည် ယဉ်ကျေးသိမ်မွေ့မှုကိုလည်း ပြသခြင်းမရှိတော့ချေ။ဤကဲ့သို့လူစားမျိုးရှေ့တွင် သူမ မျက်နှာချိုသွေးနေခြင်း စကားများစွာပြောဆိုနေခြင်းထက် လက်တွေ့လုပ်ရပ်ဖြင့် သက်သေပြရန်သာလိုအပ်ကြောင်း သူမ နားလည်သဘောပေါက်သည်။
သူမသည် နောက်သို့ချာခနဲလှည့်ပြီး ထွက်ခွာကာ ဖုန်းယွီဂိုဏ်းထံဦးတည်၍ တဖန်ပြန်၍လျှောက်လှမ်းသွားလိုက်သည်။
သူမ၏လျှင်မြန်သောလုပ်ရပ်သည် ရီဖုန်း၏ချီးမွမ်းမှုကို အမှန်တကယ်ရရှိသွားပေ၏။
"ဒီမိန်းကလေးက အရမ်းအလေးအနက်ထားတာပဲ...သူက ကိစ္စတွေကို သေသေချာချာ ကိုင်တွယ်ဖြေရှင်းနိုင်တယ်"
Chapter 909
တခြားတစ်ဖက်တွင်...
ဖုန်းချမ်ယွီသည် ဖုန်းယွီဂိုဏ်းအတွင်းသို့ တဖန်ပြန်၍ ရောက်ရှိလာခဲ့သည်။
ယခုချိန်တွင်...
ဖုန်းယွီဂိုဏ်းအတွင်း၌ အစည်းအဝေးကျင်းပနေဆဲပင်။ဖုန်းချန်ယွီ ပြန်ဝင်လာသည်ကို မြင်တွေ့ချိန်တွင် အဖြူရောင်ဝတ်စုံဝတ်လူငယ်တစ်ယောက်က ရှေ့သို့ထွက်လာပြီး အသံနက်ကြီးဖြင့် မေးမြန်းသည်။
"ဖုန်းချမ်ယွီ...မင်း အစည်းအဝေးကနေ အလောတကြီးထွက်သွားတာ မဟုတ်လား....ဘာလို့ ပြန်ပြေးလာတာလဲ"
"ပိုင်ကျီး...ငါ ဖုန်းချမ်ယွီက နင် သင်ပြပေးရမယ့် လူစားမျိုးမဟုတ်ဘူး"
ဖုန်းချမ်ယွီသည် ထိုလူငယ်ကို လျစ်လျှူရှုပြီး လူလတ်ပိုင်းကြီးတစ်ယောက်ကို ကြည့်လိုက်သည်။
ထိုလူလတ်ပိုင်းကြီးသည် ဖုန်းယွီကျွန်းအရှင်နှင့်ဖုန်းယွီဂိုဏ်းချုပ်ဖြစ်သော ရှုကျူးမှတပါး တခြားလူမဟုတ်ချေ။
"ဆရာ...ချမ်ယွီက တောင်းဆိုချင်တာတစ်ခု ရှိနေလို့ပါ"
ဖုန်းချမ်ယွီက သူမ၏လက်နှစ်ဖက်ကိုပူးဆုပ်ကာ ဦးညွှတ်အရိုအသေပြုပြီး ပြောဆိုသည်။
"ဘာတောင်းဆိုချင်တာလဲ...ပြောလေ"
ရှုကျူး၏မျက်လုံးအကြည့် ရွေ့လျားလာပြီးနောက် ပေါ့ပေါ့ပါးပါးပြောဆိုသည်။
"တပည့်ရဲ့မိတ်ဆွေတစ်ယောက်က ကျွန်းပေါ်ကို ရောက်လာတယ်...သူက မရဏအမွေအနှစ်ကို ဆက်ခံချင်နေတာကြောင့် ဆရာဆီကနေ ခွင့်ပြုချက်ရဖို့ လိုအပ်နေလို့ပါ"
ဖုန်းချမ်ယွီက လေသံနှိမ့်၍ ပြောဆိုလိုက်၏။
ထိုစကားကိုကြားချိန်တွင်...
ရှုကျူးက ရုတ်တရက် မျက်မှောင်ကြုတ်လိုက်သည်။
အချိန်အတော်ကြာပြီးနောက် ရှုကျူးက တိုးညှင်းသောအသံဖြင့် ပြောဆိုသည်။
"ချမ်ယွီ...တကယ်လို့ မင်းရဲ့မိတ်ဆွေနဲ့ မင်းက သာမာန်ဆက်ဆံရေးဆိုရင် သူ့ကို ပြန်လွှတ်လိုက်တော့...မရဏအမွေအနှစ်နဲ့ ငါတို့ဖုန်းယွီကျွန်းကြားက လျှို့ဝှက်ဆန်းကြယ်မှုကို မင်းလည်း နားလည်သားပဲ...ဒါကြောင့် သာမာန်အရတော့ ခုချိန်မှာ အပြင်လူတစ်ယောက်အတွက် အဲ့ဒီနယ်မြေကို ငါ ဖွင့်မပေးနိုင်ဘူး"
"ဆရာ...ဆရာပြောတာကို ငါ နားလည်ပါတယ်...ဒါပေမဲ့ ငါက ဆရာ ခွင့်ပြုပေးစေချင်တယ်"
ဖုန်းချမ်ယွီက ဦးညွှတ်အရိုအသေပြုလိုက်သည်။
ထိုမြင်ကွင်းကိုကြည့်ပြီး ရှုကျူးသည် မျက်မှောင်တင်းတင်းကြပ်ကြပ်ကြုတ်လိုက်၏။
"ဟမ့်...ဖုန်းချမ်ယွီ...ဆရာက အခုချိန်မှာ မရဏအမွေအနှစ်နယ်မြေကို အပြင်လူတွေအတွက် ဖွင့်မပေးနိုင်ဘူးလို့ ပြောပြီးပြီလေ...မင်းက ဘာလို့ ဆရာ့ကို ဖိအားပေးနေတာလဲ"
ထိုအချိန်မှာပင် ပိုင်ကျီးက ရှေ့သို့ထွက်လာကာ အလေးအနက်ထားသောအသံဖြင့် ပြောဆိုသည်။
"မရဏအမွေအနှစ်က ငါတို့ဖုန်းယွီကျွန်းရဲ့ ကံကြမ္မာနဲ့ ဆက်စပ်နေတယ်ဆိုတာ မင်း မသိတာလည်းမဟုတ်ဘူး...တစ်စုံတစ်ယောက်က အမွေအနှစ်ကိုဆက်ခံဖို့ ကျရှုံးသွားတဲ့အချိန်တိုင်း ငါတို့ကျွန်းရဲ့ ကံကြမ္မာ ဆိုးဆိုးရွားရွားထိခိုက်သွားတယ်....ထျန်းယုနယ်မြေရဲ့ ထိပ်သီးတည်ရှိမှုကြီးတစ်ခုအဆင့်အနေ လက်ရှိအခြေအနေထိ နိမ့်ပါးလာတာက မရဏအမွေအနှစ်ကြောင့်ပဲ"
"အတိတ်တုန်းက အဲ့ဒီအမွေအနှစ်နယ်မြေထဲမှာ ဘာလျှို့ဝှက်ဆန်းကြယ်မှုတွေ ရှိခဲ့လဲဆိုတာ ငါတို့ မသိဘူး...ဒါပေမဲ့ လူတွေအများကြီးကို အမွေအနှစ်ဆက်ခံဖို့ ကြိုးစားခွင့်ပြုခဲ့တာကြောင့် မရေမတွက်နိုင်တဲ့ ကံကြမ္မာစွမ်းအားတွေ ဆုံးရှုံးသွားခဲ့တယ်...အခုချိန်မှာ ငါတို့အားလုံးက ဒီလျှို့ဝှက်ဆန်းကြယ်မှုကို သိထားပြီးမှတော့ ဆရာက ဘယ်လိုလုပ်ပြီးတော့ မင်းရဲ့ရိုင်းပြတဲ့တောင်းဆိုမှုကို သဘောတူနိုင်မှာလဲ"
"နှစ်တစ်ရာအတွင်းမှာ ခွင့်ပြုချက်မပေးဘူးလို့ အမိန့်ထုတ်ပြန်ထားမှတော့ မင်းအတွက်ကြောင့်နဲ့ ငါတို့က ချွင်းချက်ထားမှာမဟုတ်ဘူး..."
"ပိုင်ကျီး...ဒီနေရာမှာ ဆရာ ရှိနေတယ်...နင် စကားဝင်ပြောဖို့ မလိုဘူး"
ဖုန်ချမ်ယွီက သုန်မှုန်နေသောမျက်နှာဖြင့် အော်ဟစ်ပြီးနောက် ရှူကျူးကိုကြည့်ပြီး ဆက်လက်၍ပြောဆိုသည်။
"ဆရာ ငါ့အတွက် ဒီစည်းမျဉ်းကို ချိုးဖောက်ပေးပါလို့ တောင်းဆိုပေးရစေ...ကျေးဇူးပြုပြီးတော့ တပည့်က ဒီနှစ်တွေအတွင်းမှာ ဖုန်းယွီကျွန်းအတွက် အကောင်းဆုံးကြိုးစားပေးခဲ့တာကို ထောက်ပြီးတော့ ဒီတစ်ကြိမ်မှာ တပည့်ရဲ့တောင်းဆိုမှုကို ဖြည့်ဆည်းပေးပါ
ထိုသို့ပြောဆိုပြီးနောက် ဖုန်းချမ်ယွီသည် ဒူးတစ်ဖက်ထောက်ပြီး သူမ၏လက်နှစ်ဖက်ကို ပူးဆုပ်လိုက်သည်။
ထိုစကားများကို ကြားချိန်တွင်...
ရှုကျူး၏မျက်နှာပေါ်၌ အမူအယာကင်းမဲ့နေကာ သူသည် မည်သည့်အရာကိုမျှ မခံစားရသည့်အလားပင်။
သူ၏လက်ချောင်းများဖြင့် စားပွဲပေါ်သို့ တောက်နေသဖြင့် တိတ်ဆိတ်သောခန်းမအတွင်းတွင် ဆူညံသံများ ထွက်ပေါ်လာသည်။ထို့နောက် သူ၏ထက်ရှသောမျက်လုံးအကြည့်သည် ဖုန်းချန်ယွီနှင့်ပိုင်ကျီးတို့ထံသို့ ကျရောက်သွားပေ၏။
အချိန်အတော်ကြာပြီးနောက်...
သူက အေးအေးလူလူအသံဖြင့် ပြောဆိုသည်။
"မရဏအမွေအနှစ်က လူတစ်ယောက်တည်းနဲ့ သက်ဆိုင်တဲ့ကိစ္စ မဟုတ်ဘူး...ဖုန်းယွီကျွန်းတစ်ကျွန်းလုံးနဲ့ သက်ဆိုင်တယ်"
"ငါက အိုနေပြီ...နောက်အနာဂတ်မှာ ဒီကျွန်းက မင်းတို့အတွက်ပဲ...."
"ဖုန်းယွီကျွန်းရဲ့အနာဂတ်ကလည်း မင်းတို့ရဲ့လက်ထဲမှာ ရှိနေတယ်"
"မင်းတို့ဂိုဏ်းတူမောင်နှမတွေက ကျွန်းအရှင်နေရာအတွက် အနာဂတ်ရွေးချယ်ခံတွေ ဖြစ်တာကြောင့် မင်းတို့ကိုယ်တိုင် ဒီကိစ္စကို ဆုံးဖြတ်ကြတော့"
ထိုသို့ပြောဆိုပြီးနောက်....
သူသည် တောင်းပန်သောအကြည့်ဖြင့် ဖုန်းချမ်ယွီကို တစ်ချက်ကြည့်ကာ သူ၏မျက်လုံးများကို စုံမှိတ်လိုက်သည်။
ယခုအချိန်၌ သူသည် သူ၏တပည့်နှစ်ယောက် ငြင်းခုံနေသည်ကိုကြည့်ပြီး စိတ်ပျော်ရွှင်ခြင်းမရှိချေ။
အနက်ရောင်နယ်မြေ၏ဖိအားအရှိန်အဝါနှင့် ထျန်းယုနယ်မြေ၏အန္တရာယ်များသော ပတ်ဝန်းကျင်အခြေအနေတို့ကြောင့် နောင်အနာဂတ်ကျွန်းပိုင်ရှင်သည် အရည်အချင်းအရှိဆုံးသူသာ ဖြစ်ရပေမည်။
သန်မာအားကောင်းဆုံးတပည့်သာလျှင် ကျွန်းအရှင်ဖြစ်ရန် အရည်အချင်းပြည့်မိပေ၏။ထိုသိူ့ဖြစ်လာမှသာ ကျွန်းအရှင်သည် နောင်အနာဂတ်တွင် ဖုန်းယွီကျွန်းကို အန္တရာယ်များသောအခြေအနေမှ ရှင်သန်နိုင်အောင် ဦးဆောင်ပေးရန် မျှော်လင့်နိုင်ပေမည်။
ရှုကျူး၏စကားလုံးများကြောင့် ဖုန်းချမ်ယွီမျက်နှာ အလွန်အမင်းဖြူဖတ်ဖြူရော် ဖြစ်သွားသည်။
သူမ၏တောင်းဆိုချက်ကို ပိုင်ကျီး ငြင်းဆန်မည်မှာ သေချာပေါက်ပင်။
မည်သို့ပင်ဆိုစေကာမူ...
မည်သည့်နည်းဖြင့် ပိုင်ကျီးသည် သူမ၏ဆန္ဒကို ဖြည့်ဆည်းပေးမည်နည်း...
အမှန်တကယ်ကိုပင်...
ပိုင်ကျီး၏မျက်နှာပေါ်၌ ပီပြင်ထင်ရှားသောအပြုံးတစ်ရပ် ထင်ဟပ်လာသည်။
သူသည် အနိုင်ရလဒ်ကို ဆုပ်ကိုင်ထားနိုင်သည့်အလားပင်။
"ဖုန်းချမ်ယွီ...ဒီကိစ္စကို ဆက်မပြောနဲ့တော့...မင်းရဲ့ရူးသွပ်မိုက်မဲတဲ့တောင်းဆိုချက်ကို ငါ သဘောမတူဘူး"
ပိုင်ကျီးက သရော်တော်တော်ပြောဆိုသည်။
ဖုန်းချမ်ယွီ၏မျက်နှာအမူအယာ ပျက်ယွင်းသွားပေ၏။
သူမသည် စီနီယာကို ကတိပေးထားပြီးလေပြီ။စီနီယာသည် ဤအချိန်အခိုက်အတန့်၌ သူမ၏အိမ်၌ စောင့်ဆိုင်းနေဆဲပင်။
အကယ်၍ သူမ ပြန်သွားပြီး ခွင့်ပြုချက်မရဟု စီနီယာကို ပြောဆိုလိုက်ပါက...
ထို့ကြောင့် သူမသည် ခေါင်းမော့ပြီး အံ့တင်းတင်းကြိတ်ကာ ဂုဏ်ယူဝံ့ကြွားနေသော ပိုင်ကျီးကိုကြည့်ပြီး အေးစက်တင်းမာစွာ မေးမြန်းလိုက်၏။
"ငါ့ကို ပြောစမ်း....ငါ ဘယ်လိုလုပ်ရင် နင် သဘောတူမှာလဲ"
"ငါက မင်းနဲ့ပတ်သက်တဲ့ ဘယ်အရာကိုမှ စိတ်မဝင်စားဘူး"
ပိုင်ကျီးက သရော်တော်တော်ပြောဆိုကာ ဖုန်းချမ်ယွီ ဤမျှထိ အလွန်တုန်လှုပ်နေသည်ကို မြင်တွေ့ရသဖြင့် သူ ပျော်ရွှင်နေသည်။
"တကယ်လို့ အမွေအနှစ်ဆက်ခံမှု ကျရှုံးသွားရင် ရလဒ်အနေနဲ့ ဖုန်းယွီကျွန်းရဲ့ကံကြမ္မာ ကျဆင်းသွားလိမ့်မယ်....တကယ်လို့ ငါက ကျွန်းအရှင်နေရာအတွက် ပြိုင်ဆိုင်မှုကို ငါ့ရဲ့ဆန္ဒအလျောက် လက်လျှော့ပေးမယ်ဆိုရင် နင် ဘယ်လိုသဘောရလဲ"
ဖုန်းချမ်ယွီက အံ့တင်းတင်းကြိတ်ပြီး ပြောဆိုသည်။
မူလက ပြတ်ပြတ်သားသားငြင်းဆန်နေသော ပိုင်ကျီးသည် ထိုစကားများကိုကြားချိန်တွင် သူ၏မျက်လုံးများ ရုတ်တရက် ပြူးကျယ်သွားပေ၏။
ခန်းမအတွင်းမှလည်း အံ့အားတသင့်ရေရွတ်သံများ ထွက်ပေါ်လာသည်။
တစ်ချိန်လုံး မျက်လုံးစုံမှိတ်၍ အနားယူနေသော ရှူကျူးပင်လျှင် ဤအချိန်အခိုက်အတန့်၌ သူ၏မျက်လုံးများကို ဖွင့်လိုက်သည်။သူသည် ခေါင်းငုံ့ထားသော ဖုန်းချမ်ယွီကိုကြည့်ကာ သူ့၏မျက်လုံးအတွင်း၌ စိတ်ရှုပ်ထွေးသောအရိပ်အယောင်များဖြင့် ပြည့်နှက်နေပေ၏။
သို့ရာတွင် သူသည် ကြားဝင်စွက်ဖက်ခြင်း မရှိချေ။
မည်သို့ပင်ဆိုစေကာမူ ဤသည်မှာ သူမ၏ကိုယ်ပိုင်ရွေးချယ်ချက်ပင်။
"မင်း တကယ်ပြောတာလား..."
ပိုင်ကျီးသည် ဖုန်းချမ်ယွီ၏အပေးအယူကို ကြားချိန်တွင် အလွန်စိတ်လှုပ်ရှားသွားပေ၏။
မူလက သူသည် ဖုန်းချမ်ယွီ၏တောင်းဆိုချက်ကို သဘောတူညီလိုခြင်းမရှိချေ။
သို့ရာတွင် ဖုန်းချမ်ယွီသည် ဤကဲ့သို့ အပေးအယူမျိုးကို ကမ်းလှမ်းလာမည်ဟု မည်သူက တွေးထင်မိမည်နည်း။
"ငါ ဖုန်းချမ်ယွီက ပြောတဲ့စကားအတိုင်း တည်တယ်"
ဖုန်းချမ်ယွီသည် အင်္ကျီလက်အတွင်းရှိသူမ၏လက်များ ဖြူရော်သည်အထိ တင်းတင်းကြပ်ကြပ်ဆုပ်ထားသော်လည်း သူမ၏အသံသည် အလွန်ခိုင်မာပြတ်သားနေဆဲပင်။
သူမ ရှေ့လှမ်းရမည့် ခြေတစ်လှမ်းအတွက် သူမ မစွန့်စား၍မရချေ။
အကယ်၍ ရီဖုန်း ကျရှုံးသွားပါက သူမသည် ဖုန်းယွီကျွန်းအရှင်နေရာကို ဆက်ခံရန် တိုက်ပွဲတွင် ရှုံးနိမ့်သွားရုံသာမက ရီဖုန်းလည်း သေဆုံးသွားပေမည်။ထိုအချိန်ကျပါက သူမနှင့်ရီဖုန်းအကြားတွင် မည်မျှထိကောင်းမွန်သော ဆက်ဆံရေး ရှိနေပါစေ အလဟဿ ဖြစ်သွားပေမည်။
တခြားလူများ၏အမြင်၌ ဖုန်းချမ်ယွီသည် အလွန်အမင်း ရူးသွပ်မိုက်မဲသော ဆုံးဖြတ်ချက်တစ်ခုကို ချခဲ့ခြင်းပင်။
ထို့ပြင် ဤသည်မှာ ဖြစ်နိုင်ချေမရှိသော အလောင်းအစားပင်။
"ကောင်းပြီလေ...မင်းရဲ့တောင်းဆိုချက်ကို ငါ သဘောတူတယ်...ခုနစ်ရက်ကြာပြီးတဲ့နောက်မှာ အမွေအနှစ်နယ်မြေဆီ ငါကိုယ်တိုင် သူကိုပို့ပေးမယ်"
ပိုင်ကျီးက သရော်တော်တော်အသံဖြင့် တုံ့ပြန်အဖြေပေးသည်။
ဖုန်းချန်ယွီသည် ဤအပေးအယူအား ပိုင်ကျီး သဘောတူမည်ဟု မျှော်လင့်ထားပြီးဖြစ်သောကြောင့် ခေါင်းညိတ်ပြလိုက်၏။ထို့နောက် သူမသည် စားပွဲတွင်ထိုင်နေသော ရှုကျူးထံသို့ တစ်ချက်ကြည့်လိုက်သည်။
သူမသည် အချိန်တခဏကြာခန့် တွေဝေတုံ့ဆိုင်းနေပြီးနောက် သူမ၏ပါးစပ်ဟလိုက်သော်လည်း စကားသံထွက်ပေါ်လာခြင်း မရှိချေ။
အဆုံးသတ်၌ သူမသည် စကားပြောဆိုခြင်းမပြုဘဲ နောက်သို့ချာခနဲလှည့်ကာ ထွက်ခွာခဲ့တော့သည်။
သူမသည် ဆရာဖြစ်သူ၏ရည်ရွယ်ချက်ကောင်းများနှင့် ဖုန်းယွီကျွန်းအတွက် ကူကယ်ရာမဲ့ဖြစ်နေသောကိစ္စကို နားလည်သဘောပေါက်သည်။
သို့ရာတွင် မည်သို့ပင်ဆိုစေကာမူ ယနေ့ကိစ္စ၌ သူမ၏ဆရာသည် ပိုင်ကျီးကို ဦးစားပေးခဲ့ပေ၏။
Chapter 910
ခြံဝန်းသို့ ပြန်လည်ရောက်ရှိချိန်၌....
ဖုန်းချန်ယွီသည် ရီဖုန်းတောင်းဆိုထားသော ကိစ္စ၏ရလဒ်ကို သာမန်ကာလျှံကာ အကြောင်းကြားလိုက်သည်။
သူမသည် ဖြစ်စဉ်တစ်ခုလုံးကို ပြောပြခြင်းမရှိသည့်အပြင် သူမကိုယ်သူမ ဂုဏ်ဖော်ခြင်းလည်းမရှိချေ။
ယွင်ဟူရေကန်မှကိစ္စသည် သူမအတွက် ပြင်းထန်သောထိုးနှက်ချက်ကြီးဖြစ်ကာသူမ၏တာအိုနှလုံးသားကို ပျက်စီးသွားစေလုနီးပါး ဖြစ်သွားခဲ့သော်လည်း သူမ၏စိတ်နေသဘောထားကို တိုးတက်စေခဲ့သည်။
"သခင်လေးရီ... အမွေအနှစ်နယ်မြေက ခုနစ်ရက်ကြာရင် ဖွင့်လိမ့်မယ်...နင် ဘာတွေ ပြင်ဆင်ထားလဲ"
ရီဖုန်း၏တောင်းဆိုမှုကြောင့် ဖုန်းချန်ယွီသည် သူမ၏အခေါ်အဝေါ်ကို ပြောင်းလဲအသုံးပြုပြီး သူ့အား မေးမြန်းလိုက်သည်။
"ပြင်ဆင်ရမှာလား...ငါက ဘာတွေပြင်ဆင်ရမှာလဲ"
ရီဖုန်းက ဇဝေဇဝါဖြင့် တုံ့ပြန်မေးမြန်းလေ၏။
"အမွေအနှစ်ကို ဆက်ခံဖို့အတွက် ပြင်ဆင်ရမှာပေါ့....သခင်လေးရီက ဘာမှမပြင်ဆင်ဘဲ နေမလို့လား"
ဖုန်းချမ်ယွီ၏မျက်လုံးများ ပြူးကျယ်သွားကာ အင်အားတသင့် ပြောဆိုလိုက်သည်။
ရီဖုန်း အလွန်သန်မာအားကောင်းသည်ကို သူမ သိရှိထားသော်လည်း မရဏအမွေအနှစ်သည် အကြောင်းမဲ့ နာမည်ကြီးနေခြင်း မဟုတ်ချေ။
သမိုင်းစဉ်တလျှောက်တွင် ဤအမွေအနှစ်ကို ရယူရန် ကြိုးပမ်းခဲ့သော ထိပ်သီးအစွမ်းထက်ကျင့်ကြံသူများ ရှားပါးခြင်းမရှိချေ။
သို့ရာတွင် အဆုံးသတ်၌ ရလဒ်အနေဖြင့် ချွင်းချက်မရှိဘဲ ထိုလူများအားလုံး ကျရှုံးသွားခဲ့သည်။
ထို့ကြောင့် ရီဖုန်းဖြစ်နေသည့်တိုင် အောင်မြင်မှုရာခိုင်နှုန်း မြင့်မားမည်ဟု သူမ တွေးထင်မထားချေ။
ဤအချိန်အခိုက်အတန့်တွင် ရီဖုန်းမှနေ၍ မည်သည့်ပြင်ဆင်မှုကို ပြုလုပ်ရမည်နည်းဟု ပြန်လည်မေးမြန်းသည့်အပေါ် သူမ စိတ်မကျေမနပ်ဖြစ်သွားသည်။
"အော် မင်း ပြောမှ ငါ အမှတ်ရတယ်...ပြင်ဆင်မှုတချို့လုပ်ဖို့ တကယ်လိုအပ်တယ်"
ရီဖုန်းက သူ၏ခေါင်းကိုကုတ်ပြီး ပြောဆိုသည်။
"မင်းကို ကျေးဇူးတင်ပါတယ်...မင်း သတိမပေးရင် ငါ တကယ်မေ့သွားနိုင်တယ်"
ဖုန်းချမ်ယွီက နှုတ်ခမ်းစူလိုက်သည်။
မေ့လျော့လုနီးပါး ဖြစ်သွားသည်ဟု ဆိုသလော...
သူသည် ဤကဲ့သို့ အရေးကြီးသောကိစ္စတစ်ခုနှင့် ပတ်သက်ပြီး မေ့လျော့လုနီးပါး ဖြစ်သွားခဲ့သလော...
ဤသည်မှာ အလွန်ပေါ့ပေါ့တန်တန်နိုင်လွန်းသည်။
သူမ၏ခံစားချက်များ ပို၍ဆိုးဝါးလာသည်။
ဖုန်းယွီဂိုဏ်းအတွင်းရှိ သူမ၏ဆုံးဖြတ်ချက်သည် အနည်းငယ်အဆင်အခြင်မဲ့ရာ ကျသွားခဲ့သလော....
အမှန်အားဖြင့် သူမ၏စိတ်အတွင်းရှိ စောဒကတက်လိုမှုများကို ထုတ်ဖော်ပြောဆိုဝံ့ခြင်းမရှိချေ။
ကံကောင်းထောက်မစွာဖြင့်..
အချိန်ခုနစ်ရက် ကျန်ရှိနေသည်။
အကယ်၍ သူ အလျှင်အမြန်ပြင်ဆင်ပါက အချိန်မီလုပ်ဆောင်နိုင်ပေမည်။
"မင်း နေကောင်းလား..."
ရီဖုန်းက မေးမြန်းသည်။
"ချမ်ယွီက နေကောင်းပါတယ်"
ဖုန်းချမ်ယွီက တုံ့ပြန်သည်။
"ဒါဆိုရင် အဆင်ပြေသွားပြီ...ငါတို့ ပြင်ဆင်စရာရှိတာတွေ လုပ်ဖို့အတွက် အပြင်ကို ငါနဲ့အတူ လိုက်ခဲ့ပါလား"
ရီဖုန်းက မတ်တတ်ထရပ်ပြီး ပြောဆိုလိုက်၏။
"ငါ....ငါက နင်နဲ့အတူ သွားရမှာလား"
ဖုန်းချမ်ယွီ အနည်းငယ်မယုံကြည်နိုင် ဖြစ်သွားသည်။
"ဟုတ်တယ်လေ....မင်း နေကောင်းတယ်လို့ ပြောခဲ့တယ် မဟုတ်လား"
ရီဖုန်းက ပြောဆိုသည်။
"မဟုတ်ဘူး.....ငါ ဆိုလိုတာက ငါ တကယ်လိုက်လို့ရလား"
ဖုန်းချမ်ယွီသည် မယုံကြည်နိုင်ဖြစ်နေဆဲပင်။
"ငါ့ဘေးမှာ အဖော်မပါရင် ပျင်းဖို့ကောင်းနေမှာလေ....မင်း ငါနဲ့အတူ လိုက်ချင်လား"
ရီဖုန်း မျက်ဖြူလန်သွားသည်။
ဤအမျိုးသမီးသည် အနည်းငယ်စိတ်လှုပ်ရှားနေပုံရသည်ဟု သူ အစဉ်အမြဲခံစားမိပေ၏။
ရီဖုန်း၏အတည်ပြုမှုကို ကြားပြီးနောက် ဖုန်းချန်ယွီသည် အသက်ပြင်းပြင်းတစ်ချက်ရှိုက်ကာ စိတ်လှုပ်ရှားမှုများအတွင်းမှ ရုန်းမထွက်နိုင်တော့ချေ။
ရီဖုန်းနှင့်သူမ၏ဆက်ဆံရေးသည် အလျင်အမြန် အလွန်နီးကပ်လာကာ သူသည် သူမအပေါ် ယုံကြည်လာမည်ဟု သူမ မျှော်လင့်မထားမိချေ။
သူမ၏ အင်အားစိုက်ထုတ်ခဲ့ရမှုများ အချည်းနှီးဖြစ်မသွားသည်မှာ သေချာပေါက်ပင်။
သူမသည် အလျင်အမြန်မတ်တတ်ထရပ်ပြီး ရီဖုန်း၏နောက်သို့ လိုက်ပါသွားခဲ့သော်လည်း သူမ၏စိတ်နှလုံးသားအတွင်း၌ တည်ငြိမ်နိုင်ခြင်းမရှိသေးချေ။
သူမသည် ဤစီနီယာ၏နောက်သို့လိုက်ခြင်းဖြင့် သူ၏ဝှက်ဖဲတချို့နှင့်လှည့်ကွက်များကို မြင်တွေ့နိုင်ပေမည်။
မည်သို့ပင်စိုစေကာမူ အန္တရာယ်များသော မရဏအမွေအနှစ်ကို ဆက်ခံရန်အတွက် မည်သူမဆို အလေးအနက်ထား၍ ဝှက်ဖဲတချို့ကို ပြသရမည် မဟုတ်လော...
ထို့နောက် သူမတို့နှစ်ယောက်သည် ခြံဝန်းအတွင်းမှ ရှေ့ဆင့်နောက်ဆင့်ထွက်လာကာ လမ်းတစ်လမ်းအတွင်းသို့ ရောက်ရှိလာသည်။
ရီဖုန်းသည် ရှေ့မှာဦးဆောင်ကာ သူ၏လက်များကိုနောက်ပစ်၍ လမ်းလျှောက်နေပြီး ဖုန်းချမ်ယွီသည် နောက်၌ထပ်ချက်မကွာရှိနေပေ၏။
ဤလမ်းအတွင်းသို့ မည်သည်ကြောင့် လာရသည်ကို သူမ မသိရှိသော်လည်း သူမသည် ပြောဆိုဝံ့ခြင်း သို့မဟုတ် မေးမြန်းဝံ့ခြင်းမရှိချေ။
ရုတ်တရက်....
ရီဖုန်းသည် အစားအသောက်ရောင်းချသော ဆိုင် တစ်ဆိုင်အတွင်းသို့ ဝင်ရောက်သွားသည်။
သူမသည်လည်း နောက်မှလိုက်ပါသွားခဲ့ပေ၏။
"ဆိုင်ရှင် ဒီအမဲခြောက်ကို ဘယ်လိုရောင်းတာလဲ"
ရီဖုန်းသည် နံဘေးတစ်ဖက်ရှိ စင်ပေါ်၌တင်ထားသော အမဲခြောက်များကိုကြည့်ပြီး မေးမြန်းလိုက်သည်။
"အမဲခြောက်တစ်ပေါင်ကို အင်မော်တယ်သလင်းကျောင်းသုံးတုံးပါ"
ဆိုင်ရှင်က တုံ့ပြန်အဖြေပေးသည်။
"အမ်...အင်မော်တယ်သလင်းကျောက်တစ်တုံး မရဘူးလား"
ရီဖုန်းက လက်ချောင်းတစ်ချောင်းထောင်ပြီး ပြောဆိုသည်။
"ဧည့်သည်လေး...ဒါက စျေးလျှော့လို့ မရဘူး"
ဆိုင်ရှင်က ပြောဆိုလေ၏။
"မင်းက ဘာလို့ စျေးလျှော့လို့ မရရမှာလဲ ...ကုန်ကျစရိတ်က ဘယ်လောက်ကြီးမှာမလို့လဲ...ဘယ်လိုပဲဖြစ်ဖြစ် မင်းက အမြတ်ကြီးစားနေတာပဲ"
"ဧည့်သည်လေး...ငါက အင်မော်တယ်သလင်းကျောက် နှစ်တုံးနဲ့တောင် တကယ့်ကိုမရောင်းနိုင်ဘူး...ဒီလိုဆိုရင်ရော...ငါက အမဲခြောက်နှစ်ပေါင်ကို အင်မော်တယ်သလင်းကျောက်ငါးတုံး ထားပေးမယ်"
"ဆိုင်ရှင်...မင်းက အခုလောလောဆယ်အတွက်ပဲ စီးပွားရေးမလုပ်သင့်ဘူး...တကယ်လို့ ငါက မင်းပြောတဲ့ဈေးနှုန်းနဲ့ ဝယ်သွားမယ်ဆိုရင် ငါ ထပ်ပြီးပြန်လာတော့မှာ မဟုတ်ဘူး...ငါပြောတဲ့စျေးနှုန်းနဲ့ မင်းက ငါ့ကိုရောင်းပေးမယ်ဆိုရင် ငါက နောင်အနာဂတ်မှာ မင်းရဲ့ရေရှည်ဖောက်သည်တစ်ယောက် ဖြစ်သွားလိမ့်မယ်"
နံဘေးတွေရှိနေသော....
ဖုန်းချမ်ယွီသည် သူတို့နှစ်ယောက် စျေးဆစ်နေသည်ကိုကြည့်ပြီး သူမ၏နဖူးပေါ်၌ အနက်ရောင်အရေးအကြောင်းများ ထင်ဟပ်လာသည်။
ရီဖုန်းအား မရဏအမွေအနှစ်ကိုဆက်ခံရန်အတွက် ပြင်ဆင်ရမည့်ကိစ္စများကို အမြန်ပြုလုပ်ရန် သူမ တိုက်တွန်းလိုသည်။သို့ရာတွင် အကယ်၍ သူမ စကားများများပြောဆိုမိပါက ရီဖုန်း စိတ်မပျော်မရွှင်ဖြစ်သွားမည်ကို စိုးရိမ်နေမိသည်။
နောက်ဆုံး၌....
သူတို့နှစ်ယောက်သည် အချိန်တစ်ခဏကြာခန့် ညှိနှိုင်းပြီးနောက် ရီဖုန်းသည် နောက်ဆုံး၌ အမဲခြောက်အမြောက်အများကို တစ်ပေါင်လျှင် အင်မော်တယ်သလင်းကျောက်တစ်တုံးခွဲစျေးနှုန်းဖြင့် ဝယ်ယူနိုင်ခဲ့သည်။
ဆိုင်ရှင်သည် ရီဖုန်း၏လက်ပေါက်ကပ်မှုကြောင့် မျက်ရည်ဝဲနေသည်။သူသည် ဤကဲ့သို့ စျေးစစ်သော ဝယ်သူမျိုးကို တစ်ကြိမ်တစ်ခါမျှ မြင်တွေ့ခဲ့ဖူးခြင်းမရှိချေ။
ထို့ထက်ပို၍ဆိုးရွားသောကိစ္စမှာ ထိုကောင်စုတ်လေးသည် ထွက်မသွားမီအချိန်တွင် သူ့ထံမှနေ၍ ဘဲကင်တကောင်ကို ယူသွားခြင်းပင်။
သူသည် အရသာမြည်းစမ်းကြည့်ပြီး ကောင်းမွန်ပါက နောက်တကြိမ်ကျလျှင် အရေအတွက်အမြောက်အများ ဝယ်ယူမည်ဟု ပြောဆိုသွားခဲ့ပေ၏။
အစားအသောက်ဆိုင်မှ ထွက်လာပြီးနောက် ဖုန်းချမ်ယွီသည် စိတ်သက်သာရာရသွားကာ သက်ပြင်းရှိုက်လိုက်သည်။
ယခုအချိန်၌ ဤသခင်လေးသည် ပြင်ဆင်ရမည့်ကိစ္စများအတွက် သွားသင့်ပြီ မဟုတ်လော....
ထိုအကြောင်းကိုတွေးတောရင်း သူမ၏စိတ်အတွင်းရှိ မျှော်လင့်တောင့်တမှုများ တဖန်ပြန်၍ မြင့်တက်လာသည်။
"ဒါဆိုရင် သခင်လေးရီ...ငါတို့ နောက်ထပ် ဘာဆက်လုပ်ကြမလဲ"
ဖုန်းချန်ယွီက လိမ္မာပါးနပ်စွာဖြင့် မေးမြန်းသည်။
"အင်း ငါက အဝတ်အစားတွေ ပြင်ဆင်ချင်တယ်"
ရီဖုန်းက သူ၏မေးကိုပွတ်သပ်ပြီး စဉ်းစားတွေးတောလိုက်သည်။
ယခင်က နတ်ဆိုးသားရဲများကြောင့် စုတ်ပြဲသွားခဲ့သော အဝတ်အစားများအကြောင်းကို တွေးတောမိချိန်တွင် သူ့ထံ၌ လဲလှယ်ဝတ်ရန်အတွက် အဝတ်အစားများစွာ ရှိတော့ပုံမရချေ။
ဖုန်းချမ်ယွီ၏လှပသောမျက်လုံးလေးများ တောက်ပသွားသည်။
အဝတ်အစားများဟု ဆိုသလော....
အမှန်တကယ်ကိုပင်....
မရဏအမွေအနှစ်အတွက် ပထမဆုံးပြင်ဆင်မှု စတင်နေလေပြီ။
သူ ပြောဆိုသောအဝတ်အစားများသည် ခုခံကာကွယ်ရေးရတနာများ ဖြစ်ပေမည်။
ထို့ပြင် အဝတ်အစားအဖြစ်သို့ ပြောင်းလဲနိုင်သော အင်မော်တယ်ရတနာ၏အဆင့်သည် နိမ့်ပါးမည်မဟုတ်ချေ။
ဤကိစ္စသည် တဖြည်းဖြည်းနှင့် ရုပ်လုံးပေါ်စပြုလာပေ၏။
သူမသည် ထိုကိစ္စကို သူမ၏စိတ်အတွင်း၌ အရူးအမူးစဉ်းစားတွေးတောနေမိသည်။သို့ရာတွင် ရီဖုန်းသည် လမ်းထောင့်၌ မတ်တတ်ရပ်ကာ အပ်ချုပ်သည်အဒေါ်ကြီးနှင့် စျေးဆစ်နေသည်အား သူမ မြင်တွေ့မိလေ၏။သူမ ပါးစပ်အဟောင်းသား ဖြစ်သွားသည်။
ဖုန်းချမ်ယွီ၏နှုတ်ခမ်းထောင့် မဲ့ရွဲ့သွားကာ သူမ၏မျက်ခွံများ တဆတ်ဆတ်တုန်ရီနေသည်။
သူမ၏ပါးစပ်မှ သွေးတစ်လုတ် အန်ထွက်တော့လုမတတ်ပင်။