အခန်း (၉၁၁-၉၁၅)
Vol. 61 Ch. 911-915
Chapter 911
အဝတ်အစားများ၏အဓိပ္ပာယ်အပေါ် သူမ လုံးလုံးလျားလျား နားလည်မှုလွဲသွားခဲ့သည်။
ဤသည်မှာ ခုခံကာကွယ်ရေးရတနာမဟုတ်ဘဲ သာမာန်အဝတ်အစားများသက်သက်ပင်။
အပ်ချုပ်သည်အဒေါ်ကြီးနှင့် ငြင်းခုံနေသောရီဖုန်းကိုကြည့်ပြီး ဖုန်းချမ်ယွီသည်လုံးလုံးလျားလျား ဆွံ့အသွားပေ၏။
ခုနစ်ရက်ကြာပြီးနောက် သူသည် မရဏအမွေအနှစ်ကို ဆက်ခံရပေမည်။အကယ်၍ သူသည် အမွေအနှစ်ကိုဆက်ခံရာ၌ အောင်မြင်မှုရာခိုင်နှုန်းကို မြှင့်တင်လိုပါက ကောင်းစွာကြိုတင်ပြင်ဆင်ထားရပေမည်။
သူ ကြိုတင်ပြင်ဆင်မှုများကို ပို၍ပြုလုပ်နိုင်လေလေ အောင်မြင်မှုရာခိုင်နှုန်း ပို၍မြင့်မားလေလေပင်။
ယခုအချိန်၌ ရက်အနည်းငယ်သာ ကျန်ရှိတော့သော်လည်း ဤလူသည် အလုပ်ကိစ္စကို အာရုံမစိုက်ဘဲ အဝတ်အစားများနှင့်စားရေးသောက်ရေးအပေါ်တွင် အလုပ်ရှုပ်နေသဖြင့်သူမအားအနည်းငယ် ဇဝေဇဝါဖြစ်သွားစေသည်။
ဤသည်မှာ သူမနှင့်ပိုင်ကျီးအကြားရှိအလောင်းအစားကြောင့် သူမ ဤကဲ့သို့ တွေးတောနေခြင်းမဟုတ်ချေ။
သာမန်လူများပင်လျှင် ကိစ္စကြီးတစ်ခုကိုပြုလုပ်ရတော့မည့်အချိန်တွင် အပြည့်အဝကြိုတင်ပြင်ဆင်ရသည်မဟုတ်လော...
နောက်ဆုံး၌ ငြင်းခုံမှုအဆုံးသတ်သွားကာ ရီဖုန်းသည် အပ်ချုပ်သည်အဒေါ်ကြီးထံမှ သူနဲ့ အံဝင်ခွင်ကျဖြစ်သော ဝတ်စုံနှစ်စုံကို ဝယ်ယူခဲ့သည်။
အဝတ်အစားများကိုဝယ်ယူပြီးနောက် ရီဖုန်းသည် ဖုန်းချမ်ယွီ၏ တိုက်တွန်းချက်အတိုင်း အမွေအနှစ်အတွက် ပြင်ဆင်ခြင်းမပြုဘဲ အစားအသောက်များကို ဆက်လက်၍အာရုံစူးစိုက်နေခဲ့သည်။
မိုးကောင်းကင်ယံသည် တဖြေးဖြေး မှေးမှိန်နေသည်။
နေဝင်ချိန်မြင်ကွင်းသည် ချွင်းချက်မရှိလှပပေ၏။နေလုံးကြီးကြောင့် မိုးကောင်းကင်ယံတစ်ဝက်လောက်ရှိ တိမ်တိုက်များ လောင်ကျွမ်းနေသကဲ့သို့ နီမြန်းနေကာ မြေပြင်တပြင်လုံးပေါ်၌ အဝါရောင်အရိပ်ကြီး ဖုံးလွှမ်းနေသည်။
မိုးကောင်းကင်ယံအတွင်းရှိ အနီရောင်တိမ်တိုက်များ၏ ရောင်ပြန်ဟပ်မှုကြောင့် အဝေးတစ်နေရာရှိ ရေမျက်နှာပြင်များတောက်ပနေသည်။
ဤသည်မှာ မိုးကောင်းကင်ယံကြီးသည် အထက်နှင့်အောက် နှစ်ခြမ်းကွဲနေသည့်အလားပင်။
ဤကဲ့သို့ လှပသောရှုမျှော်ခင်းကြောင့် မည်သူတစ်ဦးတစ်ယောက်မဆို သာယာကြည်နူးမှုကိုခံစားရပေမည်။
သို့ရာတွင်...
ဖုန်းချမ်ယွီသည် အနည်းငယ်မျှ သာယာကြည်နူးနိုင်ခြင်းမရှိချေ။
ပြင်ပသို့ ထွက်လာချိန်မှစ၍ ယခုလက်ရှိအချိန်ထိ ရီဖုန်းသည် တစ်ရက်လုံးလုံး အလဟဿအချိန်ဖြုန်းနေခဲ့သည်။
သူမ၏မျက်လုံးအတွင်း၌ စိုးရိမ်ကြောင့်ကြမှုများထင်ဟပ်နေပေ၏။
အကယ်၍ တစ်ရက်လျော့နည်းသွားပါက ကိစ္စတချို့ကို ပြင်ဆင်ရန် လုံလောက်သောအချိန် မရှိနိုင်တော့သဖြင့် နောက်ဆုံး၌ အောင်မြင်မှုရာခိုင်နှုန်း လျော့နည်းသွားပေမည်။
နောက်ဆုံးတွင် ဤအချိန်အခိုက်အတန့်၌ တစ်နေကုန်စျေးဝယ်ထွက်နေသော ရီဖုန်းသည် စိတ်ကျေနပ်သွားကာ အကြောဆန့်လိုက်၏။
“ဒါက တော်တော်လေးအလုပ်ရှုပ်သွားတဲ့ နေ့တစ်နေ့ပဲ…ဒါပေမဲ့ ငါက လိုအပ်တဲ့အရာရာတိုင်းကို ဝယ်နိုင်ခဲ့တယ်…”
ရီဖုန်းက စိတ်ကျေနပ်သွားသော မျက်နှာအမူအယာဖြင့် ပြောဆိုသည်။
ရီဖုန်း၏ စကားလုံးများကြောင့် ဖုန်းချမ်ယွီ၏စိုးရိမ်ပူပန်မှုများ အနည်းငယ် လျော့ပါးသွားကာ သူမ၏ စိတ်နှလုံးသားအတွင်းမှနေ၍ စိတ်သက်သာရာရသွားသော သက်ပြင်းတစ်ချက် ရှိုက်လိုက်သည်။
သူမက ဤလူသည် နောက်ဆုံး၌ လုပ်ငန်းကိစ္စများကို ဆောင်ရွက်ရန် သွားတော့မည်ဟု တိတ်တဆိတ် တွေးတောလိုက်၏။
“ဒါဆိုရင် သခင်လေးရီ ငါတို့ဘာဆက်လုပ်ကြမလဲ…”
ဖုန်းချမ်ယွီက သတိကြီးစွာထားပြီး မေးမြန်းလိုက်သည်။
“တစ်နေ့လုံး သွားလာပြီးမှတော့… ဘာမှလုပ်စရာမကျန်တော့ဘူး… ပြန်ကြတာပေါ့…”
ရီဖုန်းသည် မိုးကောင်းကင်ယံအတွင်းရှိ ရောင်နီသန်းနေသော တိမ်တိုက်များကိုကြည့်ပြီး သူ၏မျက်နှာပေါ်၌ လန်းဆန်းတက်ကြွနေသော အမူအယာတစ်ရပ်ရှိနေသည်။
သို့ရာတွင် ဖုန်းချမ်ယွီ၏နှုတ်ခမ်း မဲ့ရွဲ့သွားသည်။
“ ပြန်ကြမယ်…ပြန်တော့မှာလား…”
သူမသည် မယုံကြည်နိုင်စွာဖြင့် မျက်လုံးအပြူးသားဖြစ်သွားကာ ကူကယ်ရာမဲ့စွာဖြင့် မေးမြန်းလိုက်သည်။
“ သခင်လေးရီ… နင်က အမွေအနှစ် ဆက်ခံဖို့ကို ပြင်ဆင်နေတာမဟုတ်လား…အခုနင်ပြန်တော့မလိုလား…”
“ငါလိုအပ်တဲ့အရာတွေကို ပြင်ဆင်နေတာလေ…ခုဏက အဲ့ဒါတွေအားလုံးကို ဝယ်ခဲ့တယ်မဟုတ်ဘူးလား…”
ရီဖုန်းက သူ၏သိုလှောင်လက်စွပ်ကို ဖွင့်ကြည့်ပြီး အပြုံးနှင့် ပြောဆိုသည်။
“အရာအားလုံး အဆင်သင့်ဖြစ်မှတော့ ငါပြန်ရုံပဲကျန်တော့တယ်…”
ထိုစကားကိုကြားချိန်၌ ဖုန်းချမ်ယွီသည် ကြက်သေသေသွားလေ၏။
သူမသည် အသက်ပြင်းပြင်းတချက်ရှိုက်ပြီး စကားတစ်လုံးချင်း မေးမြန်းလိုက်သည်။
“နင်ဝယ်လာတဲ့ အမဲခြောက်နဲ့ ဘဲကင်တွေ အသားချောင်းတွေက အမွေအနှစ်ကို ဆက်ခံဖို့အတွက် နင်ပြင်ဆင်ထားတဲ့အရာတွေလို့ ဆိုလိုတာလား…”
“ဟုတ်တယ်လေ…မင်း ငါ့နောက်ကနေ ထပ်ချပ်မကွာလိုက်ပြီးတော့ ငါဝယ်တဲ့အရာတွေကို စောင့်ကြည့်နေတာမဟုတ်ဘူးလား…”
ရီဖုန်းကပြောဆိုသည်။
ရီဖုန်း၏ အတည်ပြုချက်ကို ကြားချိန်၌ ဖုန်းချမ်ယွီသည် ဒယိမ်းဒယိုင်ဖြင့် နောက်သို့ ခြေနှစ်လှမ်းခန့် ဆုတ်လိုက်ရသည်။
သူမသည် သူမ၏နဖူးကိုဆုပ်ကိုင်ကာ သူမ၏မျက်နှာပေါ်၌ အသက်ရှင်သန်ရခြင်းနှင့်ပတ်သက်ပြီး သံသယဝင်နေသော အရိပ်အယောင်များ ထင်ဟပ်လာသည်။
ယခုကြည့်ကြည့်တော့မှ ထိုအမဲသားခြောက်နှင့် အသားချောင်းများသည် ကြိုတင်ပြင်ဆင်မှုဟု ခေါ်ဆိုသော အရာများပင်။
ဤအခြေအနေကို မည်ကဲ့သို့ ပြောဆိုရမည်ကို သူမ မသိတော့ချေ။
ဤသည်မှာ မရဏအမွေအနှစ်ပင်…
သူသည် မရဏအမွေအနှစ်ကိုဆက်ခံရန်အတွက် အသက်ကယ်ဝှက်ဖဲတချို့နှင့် ရတနာများကို ပြင်ဆင်သင့်သည်မဟုတ်သော…
အမဲသားခြောက်များ အသားချောင်းများဖြင့် မရဏအမွေအနှစ်ကို ဆက်ခံရန် ကြံရွယ်ထားသလော...
ဤကောင်စုတ်သည် သူမအား အပြောင်အပျက် လုပ်နေခြင်း ဖြစ်သလော…
“သခင်လေး ငါဆိုလိုချင်တဲ့သဘောက မရဏအမွေအနှစ်မှာ အန္တရာယ်တွေနဲ့ပြည့်နှက်နေတယ်…”
“ နင်ပြောတဲ့ ပြင်ဆင်မှုတွေအပြင် တခြားပြင်ဆင်မှုတွေလုပ်ဖို့ မလိုအပ်ဘူးလား…”
ဖုန်းချမ်ယွီက ပြောဆိုလိုက်၏။
“တခြား ပြင်ဆင်မှုတွေလား…”
ရီဖုန်းက သူ့၏ခေါင်းကို ကုတ်လိုက်သည်။
“ငါ့ကို ခဏလောက် စဉ်းစားခွင့်ပြုပါ…”
ရီဖုန်း အလေးအနက်ထား၍ စဉ်းစားတွေးတောနေသည်ကိုမြင်တွေ့ချိန်၌ ဖုန်းချမ်ယွီသည် ဆွံ့အသွားပေ၏။
မရဏအမွေအနှစ်ကို ဆက်ခံရန်အတွက် ပြီးပြည့်စုံသော ကြိုတင်ပြင်ဆင်မှုတချို့ပြုလုပ်ခြင်းကို သူ သိနေသင့်သည်မဟုတ်လော… မည်သည့်အရာများပြင်ဆင်ရမည်ကို သူမသည် သူ့အားသတိပေးမှသာ စဉ်းစားတွေးတောရန်လိုအပ်သလော…
သူမ တစ်စုံတစ်ယောက်ကိုပင် ဆဲဆိုချင်စိတ်များ ပေါ်ပေါက်လာသည်။
မည်သည်ကြောင့် ဤလူ၏ ဦးနှောက်ပတ်လမ်းသည် ပုံမှန်မဟုတ်သနည်း...
“အမှန်ပဲ မင်း ငါ့ကို သတိပေးပြီးတဲ့နောက်မှာ ငါ့ပြင်ဆင်ဖို့လိုတဲ့ အရေးကြီးကိစ္စတစ်ခုရှိနေတာကို ငါအမှတ်ရသွားတယ်…”
ထိုအချိန်မှာပင် ရီဖုန်းက သူ၏ပေါင်ကိုပုတ်ပြီး ရုတ်တရက်အော်ဟစ်လိုက်သည်။
ဟူး…
ဖုန်းချမ်ယွီက စိတ်သက်သာရာရသွားပြီး သက်ပြင်းတချက်ရှိုက်လိုက်သည်။
ဤလူ၏ ပုံပန်းသွင်ပြင်ကိုကြည့်ခြင်းအားဖြင့် သူသည် အရေးကြီးသော လုပ်ငန်းအကြောင်းကို တွေးတောနေသည်ဟု ယူဆနိုင်ပေ၏။
သို့ရာတွင်...
ရီဖုန်း ဆက်ပြောလိုက်သော စကားတစ်ခွန်းကြောင့် သူမသည် ရေခဲလှိုဏ်ဂူကြီးအတွင်းသို့ ကျသွားသည့်အလား ခံစားလိုက်ရသည်။
“ငါက အမဲခြောက်တွေနဲ့ အသားချောင်းတွေကိုပဲ ပြင်ဆင်ခဲ့ရတယ်… ငါ အစာခြောက်ကို မပြင်ဆင်ခဲ့ရဘူး… ငါက အသီးအရွက်မပါရင် မစားနိုင်ဘူး...ကြည့်ရတာတော့ ငါက အစာခြောက်တချို့ကို ပြင်ဆင်ရမယ့်ပုံပဲ… ငါကအဲဒါတွေကိုပြန်ယူသွားပြီးတော့ သိုလှောင် သိမ်းဆည်းနိုင်ဖို့ နည်းလမ်းတစ်ခုကို ရှာရမယ်…”
“ငါ့ကို ခဏစောင့်ဦး …ငါ အစာခြောက်တချို့ သွားဝယ်လိုက်ဦးမယ်…”
ရီဖုန်းက စကားပြောဆိုပြီးနောက် မျက်နှာချင်းဆိုင်ရှိ စျေးဆိုင်ဆီသို့ သွားကာ ဆိုင်ရှင်နှင့်ထပ်မံ၍ ဈေးဆစ်နေလေသည်။
ဖုန်းချမ်ယွီသည် မျက်ရည်မထွက်ဘဲ ငိုချင်လာကာ ထွက်ပြေးချင်စိတ်ပင် ပေါက်လာသည်။
သူမ၏ စိတ်နှလုံးသားအတွင်းတွင် ဖုန်းယွီဂိုဏ်းအတွင်း၌ သူမ ချမှတ်ခဲ့သော ဆုံးဖြတ်ချက်နှင့်ပတ်သက်ပြီး နောင်တရစ ပြုလာသည်။
ဤကောင်စုတ်သည် နဂါးငါးကိုဖမ်းနိုင်သော်လည်း အနီးကပ်ဆက်ဆံကြည့်ချိန်၌ အမှန်တကယ် မှီခိုအားထား၍မရချေ။
ရီဖုန်းသည် အစာခြောက်ကို ဝယ်ယူလာပြီးနောက် သူ့ထံ၌ တခြားပြင်ဆင်စရာ မရှိတော့သည်ကို စဉ်းစား တွေးတောမိသည်။
ထို့ပြင် သူ၏ အောင်မြင်စွာ ဈေးဆစ်နိုင်ခဲ့ခြင်းအပေါ် စိတ်ကျေနပ်နေပေ၏။
ဖုန်းချမ်ယွီသည် သူမ၏ပါးစပ်ကို တင်းတင်းစေ့ထားကာ လုံးလုံးလျားလျား တိတ်ဆိတ်ငြိမ်သက်နေသည်။
သူမသည် ကံကြမ္မာကို လက်ခံပြီး အရှုံးပေးလိုက်လေပြီ။
အကယ်၍ သူမ ထပ်မံ၍တင်းခံနေပါက နေရာမှာပင် သူမ အသက်ထွက်သွားပေမည်။
Chapter 912
အဝေးတစ်နေရာရှိ ပင်လယ်ပြင်၌...
မိန်ရှင်းအာသည် သူမ၏လက်အတွင်း၌ မာကျောက်တုံးများကိုကိုင်၍ ကစားနေကာ အဝေးတစ်နေရာရှိ ပင်လယ်ရေမျက်နှာပြင်ထံသို့ ကြည့်လိုက်သည်။
ဟွန့်…
“ လောကကြီးထဲမှာ ဘယ်လိုလုပ်ပြီးတော့ ဒီလို ကောင်စုတ်လေးတစ်ကောင် ရှိနေတာလဲ…”
“ငါက မာနကြီးပြီး အကြောက်အလန့် နည်းတဲ့လူတွေကို မြင်တွေ့ဖူးတယ်… ဒါပေမဲ့ ခုလိုမျိုး သေလမ်းရှာတာကိုတော့ ငါ တစ်ခါမှ မမြင်ခဲ့ဖူးဘူး…”
သူမ၏ နီရဲသော နှုတ်ခမ်းလေးများမှ တီးတိုးရေရွတ်နေကာ သူမ စိတ်မကျေမနပ်ဖြစ်နေကြောင်း သိသာထင်ရှားသည်။
ထိုအချိန်မှာပင် သူမသည် တစ်စုံတစ်ခုကို အာရုံခံမိသွားသဖြင့် အလျင်အမြန် မတ်တတ်ထရပ်ပြီး ပြတင်းပေါက်မှတဆင့် မိုးကောင်းကင်ယံသို့ ကြည့်လိုက်သည်။
ဤသည်မှာ နေ့အချိန်ဖြစ်ကြောင်း သိသာထင်ရှားသည်။
သို့ရာတွင်...
တိမ်တိုက်များအကြားတွင် ကြယ်တစ်လုံး ထွက်ပေါ်လာကာ အချိန်များ ကုန်ဆုံးလာသည်နှင့်အမျှ တစတစပို၍တောက်ပလာသည်။
ဤမြင်ကွင်းကို မြင်တွေ့ချိန်တွင် မိန်ရှင်းအာသည် ကြက်သေသေသွားကာ သူမ၏ မျက်လုံးအတွင်း၌ မယုံကြည်နိုင်မှုများ ထင်ဟပ်နေသည်။
နောက်ဆက်တွဲဖြစ်ပေါ်လာသော မြင်ကွင်းတစ်ခုကြောင့် လူများအားလုံး အံ့အားသင့်သွားသည်။
အမှတ်ရှစ်ခရီးသည်တင်သင်္ဘော၏ ဂုဏ်သိက္ခာမြင့်မားသော ရေယာဉ်မှူးသည် ဒူးထောက်လိုက်ကာ မိုးကောင်းကင်ယံအတွင်းရှိ ကြယ်ထံသို့ မော့ကြည့်ပြီး သူမ၏မျက်လုံးအတွင်း၌ ရိုသေကိုင်းရှိုင်းမှုများဖြင့် ပြည့်နှက်နေသည်။
အချိန်တခဏကြာပြီးနောက် ဒုတိယနှင့်တတိယကြယ်များ ထွက်ပေါ်လာကာ...
ထို့နောက်မှနေ၍ ပဉ္စမမြောက် ဆမမြောက်...
နောက်ဆုံး၌ ကြယ်ခုနစ်လုံး တောက်ပနေတော့သည်။
ကြယ်များသည် မှိတ်တုတ်မှိတ်တုတ်ဖြစ်နေရာမှ တဖြည်းဖြည်း အတူတကွချိတ်ဆက်သွားပြီး ကြယ်ခုနစ်လုံး အတန်းလိုက်ဖြစ်နေသော ပုံရိပ်တစ်ခုအဖြစ် ဖွဲ့စည်းသွားပေ၏။
မြေပြင်ပေါ်၌ ဒူးထောက်နေသော မိန်ရှင်းအာ၏ ခန္ဓာကိုယ် တုန်ရီသွားပြီ ထိတ်လန့်တုန်လှုပ်စွာဖြင့် တီးတိုးရေရွတ်လိုက်သည်။
“အို ဘုရားရေ ကြယ်ခုနစ်လုံး ဆင့်ခေါ်ခြင်းပါလား…”
“ဒါက ကြယ်ခုနစ်လုံးတောင်မှပဲ..”
“ဒီဆင့်ခေါ်မှုက လင်းလုံခန်းမဆောင်ရဲ့ အဆင့်မြင့်ဆုံး ဌာနချုပ်ကမဟုတ်လား…”
“ဘာအရေးကြီးကိစ္စတွေ ဖြစ်သွားခဲ့တာလဲ…”
သူမ၏ လှပသောမျက်လုံးများအတွင်း၌ မယုံကြည်နိုင်မှုများဖြင့် ပြည့်နှက်နေသည်။
ဤသည်မှာ သူမ၏ဘဝတလျှောက်တွင် လင်းလုံခန်းမဆောင်မှနေ၍ ဤမျှအဆင့်ထိ ဆင့်ခေါ်မှုကို ကြုံတွေ့ရသည့် ပထမဆုံးအကြိမ်ပင်။
“လာကြစမ်း…”
“ထွက်ခွာမယ်…”
သူမ၏ နောက်၌ရှိနေသော လက်အောက်ငယ်သားများသည်လည်း အခြေအနေ၏ လေးနက်ပုံကို နားလည်သဘောပေါက်ကြသည်။
သူတို့အားလုံးသည် သူမ၏နောက်၌ ဒူးထောက်နေကာ သူတို့၏ခန္ဓာကိုယ်များ တုန်ရီနေပေ၏။
“ငါ့ကို ပြင်ဆင်ဖို့အတွက် ကူညီပေးကြစမ်း...ငါက ရေမိုးချိုးပြီး အဝတ်အစားလဲချင်တယ်…”
“ဒါ့ပြင် ကူးပြောင်းရေးကျွန်းဆီကို အမြင့်ဆုံးအရှိန်နှုန်းနဲ့ ဦးတည်ပြီးသွားမယ်…”
မိန်ရှင်းအာသည် အမိန့်ပေးပြီးနောက် လေးလံသောစိတ်နှလုံးဖြင့် အခန်းအတွင်းသို့ လျှောက်လှမ်းသွားသည်။
တချိန်တည်းမှာပင် အမှတ်ရှစ်ခရီးသည်တင်သင်္ဘောသည် ထျန်းယုနယ်မြေအတွင်းတွင် ယခင်က တစ်ကြိမ်တစ်ခါမျှ မမြင်တွေ့ဘူးသော အရှိန်ဖြင့် ရေနွေးငွေ့ စီးကြောင်းတစ်ခုအလား ပင်လယ်ရေ မျက်နှာပြင်ပေါ်၌ မောင်းနှင်နေသည်။ထိုသင်္ဘောသည် ယခုချိန်၌ ကူးပြောင်းရေးကျွန်းထံသို့ ဦးတည်ပြီး တရှိန်ထိုး မောင်းနှင်နေပေ၏။
နောက်တစ်နေ့၌...
မိန့်ရှင်းအာသည် လျှို့ဝှက်ကူးပြောင်းရေး ဝင်္ကပါထံမှ ထွက်လာကာ သူတော်စင်မြို့ထံသို့ ရောက်ရှိသွားသည်။
ဤအချိန်အခိုက်အတန့်တွင် သူတော်စင်မြို့အတွင်း၌ လူအမြောက်အများ သွားလာလှုပ်ရှားနေသည်။
သူတို့အားလုံးသည် သူတို့၏ခေါင်းများကို အောက်သို့ အဆက်မပြတ်ငုံ့ထားကာ ဆူညံသံများ မပြုလုပ်ဝံ့ကြချေ။
သူ့တို့အားလုံးသည် ထျန်းယုနယ်မြေ၏ နယ်မြေဒေသအသီးသီးသို့ လင်းလုံခန်းမဆောင်မှ စေလွှတ်ထားသော လက်အောက်ငယ်သားများပင်။
သူတို့သည် ကြယ်ခုနစ်လုံးဆင့်ခေါ်မှုကို မြင်တွေ့ရသဖြင့် သူတော်စင်မြို့ထံသို့ အပြေးပြန်လာကြခြင်းဖြစ်သည်။
သူတော်စင်မြို့၏ အလယ်ဗဟိုတွင် ကြီးမားကျယ်ပြန့်သော ရင်ပြင်ကြီးတစ်ခုရှိနေသည်။
ထိုရင်ပြင်အတွင်း၌ မြက်ဖျာအမြောက်အများကို ခင်းကျင်းထားသည်။
ရင်ပြင်ထံသို့လျှောက်လှမ်းလာသော မိန်ရှင်းအာသည် သူမ၏စိတ်နှလုံးသားအတွင်းမှနေ၍ တစ်စုံတစ်ခုကို ခံစားမိသည်။
မြက်ဖျာများအနက်မှတစ်ခုသည် သူမအား ဆင့်ခေါ်နေပုံရသဖြင့် သူမသည် ထိုနေရာသို့ အလျင်အမြန် ချဥ်းကပ်သွားကာ ထိုင်ချလိုက်၏။
တခြားလူများသည်လည်း ဤနေရာသို့ ရောက်ရှိလာချိန်၌ မိန်ရှင်းအာနှင့် တူညီစွာ သူတို့အားဆင့်ခေါ်ခြင်းခံရသည့် သက်ဆိုင်ရာမြက်ဖျာများတွင် ထိုင်လိုက်ကြသည်။
အချိန်များကုန်လွန်လာပြီးနောက်...
မူလက ကွက်လပ်ဖြစ်နေသော ရင်ပြင်နေရာတွင် တဖြည်းဖြည်း လူများဖြင့် ပြည့်နှက်စပြုလာသည်။
နောက်ဆုံး၌ လူတစ်ယောက်သည် နောက်ဆုံးမြက်ဖျာပေါ်၌ ထိုင်ပြီးနောက် သူတော်စင်မြို့တစ်မြို့လုံးအတွင်းတွင် လမ်းလျှောက်နေသူဟူ၍ တစ်ယောက်တလေမျှ မကျန်ရှိတော့ချေ။
ဤရင်ပြင်တွင် ရှိနေသည်မှာ ထိပ်သီးအစွမ်းထက်ကျင့်ကြံသူများဖြစ်ကြောင်း သိသာထင်ရှားသော်လည်း အသံဗလံကြားရန် မဆိုထားနှင့် အသက်ပြင်းပြင်းရှုသံကိုပင် မကြားရချေ။
သူတို့အားလုံး တိတ်ဆိတ်ငြိမ်သက်စွာ စောင့်ဆိုင်းနေကြချိန်တွင် နောက်ဆုံး၌ အသံတစ်သံ ထွက်ပေါ်လာသည်။
ကျွီ...
ဤသည်မှာ ဘီးတပ်ကုလားထိုင်တစ်လုံး၏ အသံပင်။
ထိုဘီးတပ်ကုလားထိုင်ကို အစောင့်တစ်ယောက်မှ တွန်းလာကာ ထိုအရာပေါ်တွင် လူလတ်ပိုင်းကြီးတစ်ယောက် ထိုင်နေပြီး ရင်ပြင်၏ထိပ်၌ ထွက်ပေါ်လာသည်။
ထိုဘီးတပ်ကုလားထိုင်၏ အသံကိုကြားလိုက်ချိန်တွင် တားမြစ်ကန့်သတ်ချက်တစ်ခုအလား ရင်ပြင်ပေါ် ရှိ ထိပ်သီးအစွမ်းထက် ကျင့်ကြံသူများအားလုံး တပြိုင်နက်တည်း ဦးညွတ်အရိုအသေပြုလိုက်ကြ၏။
“ခေါင်းဆောင်ကြီးကိုအရိုအသေပြုပါတယ်…”
“ငါ့ကို မန်နေဂျာချုပ်လို့ ခေါ်ပြီးတော့…မင်းတို့ကိုမင်းတို့ မန်နေဂျာတွေလို့ သုံးနှုန်းရမယ်လို့ ငါပြောထားတယ်မဟုတ်လား…မန်နေဂျာဆိုတာကို မင်းတို့နားမလည်ဘူးလား…”
“ဟုတ်ကဲ့ပါ မန်နေဂျာချုပ်…”
လူအုပ်ကြီးက တညီတစ်ညွတ်တည်း တုံ့ပြန်လိုက်ကြသည်။
"အင်း…"
လူလတ်ပိုင်းကြီးသည် ထိုကဲ့သို့ ခေါ်ဆိုခံရမှုအပေါ် အလွန်စိတ်ကျေနပ်သွားသည်။ သူသည်ခေါင်းညိတ်ပြပြီးနောက် သူ၏အင်္ကျီလက်မောင်းကြားမှ သေတ္တာတစ်လုံးကို ထုတ်ယူကာ ထိုအရာပေါ်တွင် တရုတ်စာများကို ခတ်နှိပ်ထားသည်။
သူသည် ထိုသေတ္တာအတွင်းမှ ဆေးလိပ်တစ်လိပ်ကိုထုတ်ယူပြီး သူ၏ပါးစပ်၌ တပ်လိုက်၏။
“ဒီတကြိမ် ငါမင်းတို့ကို ဆင့်ခေါ်တာက မင်းတို့အတွက် သတင်းကောင်းတွေ ရှိနေလို့ပဲ…”
လူလတ်ပိုင်းကြီးသည် မီးခြစ်တစ်လုံးဖြင့် ဆေးလိပ်ကိုမီးညှိပြီးနောက် မီးခြစ််မှမီးကို ငြိမ်းလိုက်သည်။သူသည် ဆေးလိပ်ကို တစ်ချက်ဖွာရှိုက်ပြီးနောက် အခိုးအငွေ့များကို မှုတ်ထုတ်ကာ ဆက်လက်၍ပြောဆိုသည်။
“ဒေသအသီးသီးက ရတဲ့သတင်းတွေအရ လွန်ခဲ့တဲ့ နှစ်တစ်သိန်းလောက်တုန်းက ပျောက်နေခဲ့တဲ့ ဘိုးဘေးကိုးဆယ့်ကိုးယောက် ပြန်ရောက်လာခဲ့ပြီ…”
ဘာ…
ထိုလူလတ်ပိုင်းကြီး၏ စကားလုံးများသည် လူအများကြား၌ လှိုင်းလုံးကြီးများ ဖြတ်သန်းတိုက်ခတ်သွားသည့်အလားပင်။
လူအမြောက်အများသည် အံ့အားသင့်မှုကြောင့် မြက်ဖျာပေါ်မှ မတ်တတ်ထရပ်လိုက်ကြ၏။
လင်းလုံခန်းမဆောင်၏ အဖွဲ့ဝင်တစ်ယောက်ဖြစ်သော သူတို့အနေဖြင့် ဤနေရာ၏ နောက်ခံနှင့် မူရင်းဇစ်မြစ်ကို ရှင်းရှင်းလင်းလင်း သိရှိထားသည်။
ဤသည်မှာ လွန်ခဲ့သော နှစ်ပေါင်းတစ်သိန်းခန့်အကြာက ထိပ်သီးတည်ရှိမှုကြီး ကိုးဆယ့်ကိုးယောက် ဖန်တီးခဲ့သောအရာပင်။
ဤထိပ်သီးတည်ရှိမှုကြီး ကိုးဆယ့်ကိုးယောက်ကို ဘိုးဘေးများအဖြစ်မှတ်ယူပြီး လင်းလုံခန်းမဆောင်တွင် ဝတ်ပြုကိုးကွယ်ကြသည်။
သူတို့သည် နတ်ဘုရားများနှင့်တူညီသောတည်ရှိမှုကြီးများပင် လင်းလုံခန်းမဆောင်သို့ ဝင်ရောက်နိုင်ရန်အတွက် လင်းလုံခန်းမ၏ သမိုင်းကြောင်းနှင့် ဘိုးဘေးကိုးဆယ့်ကိုးယောက်၏ မူရင်းဇစ်မြစ်ကို ရင်းနှီးကျွမ်းဝင်ရပေမည်။
ကွင်းပြင်အတွင်းရှိ လူများအနက်မှ ကိုးဆယ့်ကိုးရာခိုင်နှုန်းသည် ထိုဘိုးဘေးကိုးဆယ့်ကိုးယောက်ကို တစ်ကြိမ်တခါမျှ မြင်တွေ့ဖူးခြင်းမရှိသော်လည်း သူတို့အပေါ် အလွန်အမင်း လေးစားကြည်ညိုကြသည်။
အကြောင်းအရင်းမှာ တစ်စုံတစ်ယောက်သည် လင်းလုံခန်းမဆောင်အတွင်းသို့ ဝင်ပြီးနောက် ဤအင်အားစု၏ စွမ်းအားကိုသိရှိသွားပါက တည်ထောင်သူ ဘိုးဘေးကိုးဆယ့်ကိုးယောက် မည်မျှထိ ကြီးကျယ်ခမ်းနားသည်ကို အပြည့်အဝ နားလည်သဘောပေါက်သွားပေမည်။
ဤနေရာတွင် ထျန်းယုနယ်မြေအတွင်း၌ မြင်တွေ့ဖူးမည်မဟုတ်သည့် လုပ်ငန်းဆောင်ရွက်ခြင်းနည်းလမ်းများစွာ ရှိနေသည့်အပြင် အတွေးအမြင်သစ်ကိုဖော်ဆောင်သော ပုံစံအမျိုးမျိုးလည်းရှိနေသည်။
ဥပမာအနေဖြင့် ပကတိဘဝနှင့် ခရီးသည်တင်သင်္ဘောများသည် ထိုအချိန်ကာလမှ လက်ဆင့်ကမ်း ဆင်းသက်လာခြင်းဖြစ်သည်။
နှစ်များကြာညောင်းလာခဲ့သည့်အချိန်တွင် ထိုခရီးသည်တင်သင်္ဘောများမှ လင်းလုံခန်းမဆောင်အတွက် ငွေကြေးဘယ်လောက်ထိများများ ရှာပေးနိုင်ခဲ့သည်ကို မည်သူမျှမသိနိုင်ချေ။
လင်းလုံခန်းမဆောင်၏ အဖွဲ့ဝင်ဖြစ်သော သူတို့အနေဖြင့် တခြားအင်အားစုများမှ လူများကဲ့သို့ တိုက်ခိုက်နေရန် မလိုအပ်ချေ။
ဥပမာအနေဖြင့် အာမခံငါးခုနှင့် သက်သာချောင်ချိရေးရန်ပုံငွေတစ်ခု...
ထူးချွန်သော အကျိုးဆောင်မှုများ ပြုလုပ်နိုင်ခဲ့သည့် အမာခံ လက်အောက်ငယ်သားများအတွက်လည်း အလွန်အဖိုးတန်သော ဆုလာဘ်များကို ချီးမြှင့်သည်။
ထို့ကြောင့် လင်းလုံခန်းမဆောင်အတွင်းသို့ ဝင်ရောက်နိုင်ခြင်းသည် ထမင်းစားနိုင်ရန် အာမခံချက်ရသွားသည်နှင့် တူညီသည့်အပြင် သူတို့၏ ကျင့်ကြံဆင့်လမ်းကြောင်းကိုလည်း စိုးရိမ်ပူပန်ရန်မလိုပဲ ချောချောမွေ့မွေ့ ကျင့်ကြံနိုင်ပေမည်။
သို့ရာတွင်...
လင်းလုံခန်းမဆောင်အတွင်းသို့ ဝင်ရောက်နိုင်ရန် မလွယ်ကူချေ။
ပထမဆုံးအချက်အနေဖြင့် လင်းလုံခန်းမဆောင်သည် လျောက်ထားသူ၏ နောက်ခံဇစ်မြစ်နှင့် မျိုးရိုးစဉ်ဆက် ဆယ့်ရှစ်ဆက်အထိ စုံစမ်းစစ်ဆေးပေမည်။အကယ်၍ တစ်စုံတစ်ယောက်၏ဘိုးဘေးများသည် အလွန်အမင်း ရက်စက်ကြမ်းကြုတ်သော လူများဖြစ်နေပါက သူ၏ အရည်အချင်း မည်မျှထိ ကောင်းမွန်နေပါစေ လင်းလုံခန်းမဆောင်သို့ ဝင်ရောက်ရန် မဖြစ်နိုင်ချေ။
ထို့ပြင် လင်းလုံခန်းမဆောင်သည် စာပေနှင့်သိုင်းပညာ စာမေးပွဲများကိုလည်း ပြင်ဆင်ထားသည်။
နောက်ဆုံး၌ လျောက်ထားသူ ထောင်နှင့်ချီ၍ ရှိနေသည့်တိုင် လူတစ်ယောက် နှစ်ယောက်သာ ရွေးချယ်ခြင်းခံရသည်။
ဤကဲ့သို့ စည်းမျဥ်းများကြောင့် လင်းလုံခန်းမဆောင်ကို ယခုအရွယ်အစားထိ ကြီးထွားလာအောင် ဖန်တီးနိုင်ခဲ့ခြင်းဖြစ်သည်။
ဤအရာများအားလုံးသည် ထိုဘိုးဘေးများထံမှ လက်ဆင့်ကမ်းဆင်းသက်လာခြင်းပင်။
လူငယ်မျိုးဆက်သစ်များအနက် မည်သည့်တစ်ယောက်မဆို သူတို့အား လေးစားကြည်ညိုခြင်းမရှိဘဲ မနေနိုင်ကြချေ။
ထိုဘိုးဘေးများသည် လင်းလုံခန်းမဆောင်ကို ဖန်တီးပြီးနောက် တစ်ချိန်တည်းမှာပင် သူတို့အားလုံး ပျောက်ကွယ်သွားခဲ့သည်။
သူတို့ ပျောက်ကွယ်သွားခဲ့သည်မှာ နှစ်ပေါင်းတစ်သိန်းခန့် ကြာမြင့်နေလေပြီ။
Chapter 913
“မန်နေဂျာချုပ် ဘိုးဘေးတွေက ဘယ်နေရာမှာလဲ…”
လင်းလုံခန်းမဆောင်၏ အဖွဲ့ဝင်တစ်ယောက်က မအောင့်အည်းနိုင်တော့သဖြင့် မေးမြန်းလိုက်သည်။
“တကယ်လို့ သူတို့ ဘယ်နေရာမှာလဲဆိုတာ ငါသိနေရင် ငါကမင်းတို့ကို ဆင့်ခေါ်ဖို့လိုဦးမှာလား…”
လူလတ်ပိုင်းကြီးကအော်ငေါက်လိုက်သည်။
“ဒါ့ပြင် ငါပြောတာက ဒါက ဖြစ်နိုင်ချေပဲရှိသေးတယ်… တကယ်ဖြစ်တာမဟုတ်ဘူး…မင်းနားမလည်ဘူးလား…”
“ဟုတ်ကဲ့ပါ မန်နေဂျာချုပ်…”
ထိုလင်းလုံခန်းမဆောင်အဖွဲ့ဝင်သည် သူ၏ခေါင်းကို အောက်သို့ ငုံ့လိုက်၏။
လူများအားလုံးသည် မန်နေဂျာချုပ်၏ ဒေါသကို သိရှိထားသဖြင့် ဤကဲ့သို့ ဆူပူကြိမ်းမောင်းခံရမည့် မေးခွန်းများကို မေးမြန်းဝံ့ခြင်းမရှိသော်လည်း တခြားတစ်မျိုးကို ပြောင်းလဲ၍ မေးမြန်းလိုက်သည်။
“မန်နေဂျာချုပ် ဘိုးဘေးတွေပြန်လာတယ်ဆိုတာကို မင်းဘယ်လိုလုပ်ပြီးသိတာလဲ…”
“မေးခွန်းကောင်းပဲ…”
လူလတ်ပိုင်းကြီးသည် သူ၏ဆေးလိပ်ကို တစ်ချက်ဖွာရှိုက်ပြီး သူ၏လက်ကို ဝှေ့ရမ်းကာ ပြောဆိုလိုက်သည်။
“လွန်ခဲ့တဲ့ သုံးလအကြာက ကွေ့ဟိုင်ပင်လယ်ထဲမှာ တိုက်ပွဲတစ်ခုဖြစ်သွားခဲ့တယ် အဲဒီတိုက်ပွဲက လူတစ်ယောက်ရဲ့ ကိုယ့်ကိုယ်ကိုယ်ဖောက်ခွဲတာကြောင့် ဖြစ်ပေါ်လာတာလို့ ကောက်ချက်ချနိုင်ခဲ့တယ်…”
“ဒါ့ပြင် လူတွေကို ထူးဆန်းနေသလိုခံစားစေခဲ့တဲ့ ကိစ္စကတော့ လွန်ခဲ့တဲ့ နှစ်လအကြာက ကွေ့ဟိုင်ပင်လယ်မှာ နောက်ထပ်တိုက်ပွဲတစ်ခု ထပ်ပြီးဖြစ်ပွားခဲ့တယ်....အဲ့ဒီတိုက်ပွဲရဲ့အဆုံးသတ်ရလဒ်ကတော့ လူတစ်ယောက်ရဲ့ ကိုယ့်ကိုယ်ကို ဖောက်ခွဲခြင်းပဲ…”
“ပိုပြီးအရေးကြီးတဲ့ကိစ္စကတော့ အဲ့ဒီတိုက်ပွဲနှစ်ခုလုံးမှာ ကိုယ့်ကိုယ်ကိုဖောက်ခွဲခဲ့တဲ့လူက လူတစ်ယောက်တည်း ဖြစ်နေတာကို လူတချို့က တွေ့ခဲ့ရတယ်…”
ထိုစကားကို ပြောဆိုပြီးနောက် လူလတ်ပိုင်းကြီးသည် စကားပြောဆိုနေခြင်းကို ရပ်တန့်ကာ သေတ္တာအတွင်းမှ နောက်ထပ်ဆေးလိပ် တစ်လိပ်ကို ထုတ်ယူပြီး ဖွာရှိုက်လိုက်သည်။
သူ၏စကားများကို ကြားလိုက်ရသောအချိန်၌ ကွင်းပြင်ပေါ်ရှိလူများအားလုံး ထိတ်လန့်တကြားအော်ဟစ်လိုက်ကြသည်။
“ဒါက နံပါတ်ဆယ့်ရှစ်ဘိုးဘေးလား…”
“ဟား ဟား ဟား ယုန်လေးတွေ မင်းတို့ ဥာဏ်ကောင်းကြသားပဲ…”
လူလတ်ပိုင်းကြီးက အပြုံးနှင့် ပြောဆိုသည်။
“ကိုယ့်ကိုယ်ကို ဖောက်ခွဲပြီး မသေဆုံးနိုင်တဲ့ စွမ်းရည်မျိုးကို ပိုင်ဆိုင်ထားတာဆိုလို့ ရှေးဟောင်းခေတ်အချိန်ကာလကနေ အခုအချိန်ထိ နံပါတ်ဆယ့်ရှစ်ဘိုးဘေးကလွဲပြီးတော့ တခြားဘယ်သူ့ကိုမှ မကြားဖူးသေးဘူး…”
သူ၏ အတည်ပြုမှုကြောင့် ရင်ပြင်တစ်ခုလုံးထံမှ ထိတ်လန့်တကြားအော်ဟစ်သံများ ထွက်ပေါ်လာသည်။
လူအများသည် ပို၍ပင် စိတ်အားထက်သန်သွားပေ၏။
သူတို့၏ ဘဝသက်တမ်းအတွင်းတွင် ကံကောင်းထောက်မမှုကြောင့် လင်းလုံခန်းမဆောင်၏ ဒဏ္ဍာရီလာဘိုးဘေးများကို မြင်တွေ့ခွင့် ရတော့မည်လော....
“တိတ်တိတ် နေကြစမ်း…”
လူလတ်ပိုင်းကြီးက အော်လိုက်သည်။
“အခုအချိန်မှာ ငါရထားတဲ့ သဲလွန်စက အဲ့ဒီတစ်ခုတည်းမဟုတ်ပေမဲ့ ဒါက နံပါတ်ဆယ့်ရှစ်ဘိုးဘေး ဟုတ်မဟုတ် အတည်မပြုနိုင်သေးဘူး…”
“ဒါကြောင့် ဘိုးဘေးတွေပြန်လာမလာကို အတည်ပြုနိုင်ဖို့အတွက် တခြားကိစ္စတွေကို ထပ်ပြီးစုံစမ်းဖို့ လိုအပ်နေတုန်းပဲ…”
“အကြောင်းကတော့ ဘိုးဘေးတွေက အမြဲတမ်း ပူးပေါင်းဆောင်ရွက်ကြတယ်...နံပါတ်ဆယ့်ရှစ်ဘိုးဘေးက လွဲပြီးတော့ တခြားဘိုးဘေးတွေရဲ့သတင်းကို ထျန်းယုနယ်မြေထဲမှာ ကြားရရင် ပိုကောင်းလိမ့်မယ်…”
“ဒီတစ်ကြိမ်မှာ ငါ မင်းတို့ကို ဆင့်ခေါ်လိုက်ရတဲ့ အကြောင်းအရင်းက ထျန်းယုနယ်မြေရဲ့ ဒေသအသီးသီးမှာ တခြားဘိုးဘေးတွေနဲ့ တူတဲ့လူမျိုးရှိမရှိ စုံစမ်းဖို့အတွက် မင်းတို့ရဲ့ လက်အောက်ငယ်သားတွေကို စေလွတ်ဖို့ပဲ…”
ကွင်းပြင်တွင်ရှိနေသော မိန်ရှင်းအာသည် လူလတ်ပိုင်းကြီး၏ စကားများကိုကြားချိန်တွင် ရီဖုန်း၏ပုံရိပ်က သူမ၏စိတ်အတွင်း၌ ရုတ်တရက် ထွက်ပေါ်လာသည်။
ရီဖုန်းကိုကြည့်ရသည်မှာ ဘိုးဘေးတစ်ယောက်နှင့်မျှ မတူညီချေ။
သို့ရာတွင် ရီဖုန်း၏ မာကျောက်ကစားခြင်းစွမ်းရည်သည် သူမအား အံ့အားသင့်မှုကို ခံစားရစေသည်။ အထူးသဖြင့် ရီဖုန်း မာကျောက်ကစားသည့်အချိန်တွင် ယှဉ်ပြိုင်လိုစိတ်ပြင်းထန်သော လူအိုကြီးတစ်ယောက်၏ အပြုအမူမျိုးရှိနေသည်။သူမသည် မန်နေဂျာချုပ်နှင့် ရံဖန်ရံခါ ကစားသည့်အချိန်မှလွဲ၍ တခြားမည်သူတစ်ဦးတစ်ယောက်ထံတွင်မျှ ဤကဲ့သို့အပြုအမူမျိုးကို မမြင်တွေ့ဘူးချေ။
အတိုချုပ်ပြောရလျှင် ထိုအပြုအမူမှတစ်ဆင့် ရီဖုန်းသည် သာမန်မဟုတ်ဟု သူမ ဝိုးတဝါးခံစားရစေသည်။
“မန်နေဂျာချုပ် မိန်အာမှာ ပြောစရာတစ်ခုရှိနေတယ်…”
မိန်ရှင်းအာက ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။
“အိုး… မိန်အာလေး ဘာကိစ္စရှိလို့လဲ ငါ့ကိုပြောလေ…”
လူလတ်ပိုင်းကြီးက အပြုံးနှင့်ပြောဆိုသည်။
“မန်နေဂျာချုပ် ငါကလွန်ခဲ့တဲ့ ရက်အနည်းငယ်အကြာတုန်းက ငါရဲ့ အမှတ်ရှစ်ခရီးသည်တင်သင်္ဘောပေါ်မှာ လူငယ်တစ်ယောက်နဲ့ ဆုံတွေ့ခဲ့ရတယ်…”
မိန်ရှင်းအာသည် ရီဖုန်းနှင့် တွေ့ဆုံခဲ့သောအချိန်မှစတင်၍ သူ မာကျောက်ကစားနေချိန်တွင် ဖြစ်ပေါ်နေသော အမူအယာများအပါအဝင် အရာရာတိုင်းကို ပြောပြလိုက်၏။
“အော် အဲ့ဒီလိုကိစ္စမျိုး ရှိတာလား…”
လူလတ်ပိုင်းကြီး၏ မျက်လုံးများ တောက်ပသွားပြီးနောက် တည်ငြိမ်စွာပြောဆိုသည်။
“မင်းတို့ သိထားရမှာက အဲဒီ မာကျောက်တုံးတွေက ဘိုးဘေးတွေဆီကနေ လက်ဆင့်ကမ်းဆင်းသက်လာတဲ့ အထူးသီးသန့်နည်းလမ်းနဲ့ နဂါးဌာနခွဲကနေ ပြုလုပ်ထားတာပဲ...ဘယ်ကျင့်ကြံသူမှ လိမ်လည်လှည့်ဖျားလို့မရဘူး…”
ဘိုးဘေးများမှ ဤကိစ္စများကိုပြုလုပ်ခဲ့သည့်ရည်ရွယ်ချက်သည် လင်းလုံခန်းမဆောင်၏ အင်အားကို တိုးချဲ့ရန်ပင်။
သာမာန်လူများသည် လင်းလုံခန်းမဆောင်၏ လျှို့ဝှက်အင်အားစုဖြစ်သော နဂါးဌာနခွဲနှင့်ပတ်သက်ပြီး သိရှိမည်မဟုတ်ချေ။
“အဲ့ဒီလူ အခုဘယ်ရောက်သွားပြီလဲ…”
လူလတ်ပိုင်းကြီးက အလျင်စလိုမေးမြန်းကာ သူ့ကိုကြည့်ရသည်မှာ အနည်းငယ် စိတ်စောနေပုံရသည်။
ထိုလူသည် မည်သူမည်ဝါဖြစ်နေပါစေ သူ၏အမြင်အရ နဂါးဌာနခွဲမှလူများနှင့် အုပ်စုတစ်စုတည်းဖြစ်ပေမည်။
နဂါးဌာနခွဲ...
သို့ရာတွင် ထိုနေရာရှိလူများအားလုံးသည် အရူးများပင်။
အကယ်၍သူသည် ထိုလူများအနက်မှ တစ်ယောက်ယောက်နှင့် ဆုံတွေ့ရလျှင် စကားကြီးကြီးကျယ်ကျယ်မပြောဝံ့ချေ။
ဘိုးဘေးများသာလျှင် သူတို့အား ဖိနှိပ်ထားနိုင်ကာ အရေးပေါ်အခြေအနေမျိုးတွင် အမိန့်နာခံအောင်ပြုလုပ်နိုင်မည်ကို သူ စိုးရိမ်မိသည်။
"ဒါက...."
ထိုမေးခွန်းကိုကြားချိန်၌ မိန်ရှင်းအာကို ကြည့်ရသည်မှာ အနည်းငယ် ကိုးယိုးကားယားဖြစ်သွားပုံပင်။
မိန်ရှင်းအာသည် သူမ၏နှာခေါင်းကို ပွတ်သပ်ပြီးပြောဆိုလိုက်၏။
“လူက ပင်လယ်ထဲကို ခုန်ချသွားပြီ...အခု ငါ့အထင်တော့…”
“သောက်ချေးပဲ..မင်း အပိုစကားတွေ လျှော့ပြောလို့မရဘူးလား…”
လူ့လတ်ပိုင်းကြီးက မိန်ရှင်းအာကို စူးစူးဝါးဝါးစိုက်ကြည့်လိုက်သည်။
“မင်းက လူကို ဒီနေရာဆီခေါ်လာတယ်လို့ငါထင်နေတာ…”
မိန်ရှင်းအာသည် ရှက်ကိုးရှက်ကန်းဖြစ်သွားလေ၏။
“ငါက ဘိုးဘေးဆယ့်ရှစ်အကြောင်း ပြောတာကိုကြားမှ အဲ့ဒီကိစ္စကို သတိရသွားတာပါ…”
မိန်ရှင်းအာက ပြောဆိုသည်။
“ကောင်းပြီ ကောင်းပြီလေ…အဲဒီကိစ္စကို နောက်ကျမှ ဆက်ပြောကြတာပေါ့”
လူလတ်ပိုင်းကြီးက သူ၏လက်ကိုဝှေ့ယမ်းပြီး စိတ်မရှည်စွာဖြင့်ပြောဆိုသည်။
“နောက်မှ ဆက်ပြောမှာလား…”
မိန်ရှင်းအာ၏ မျက်ခုံး မြင့်တက်သွားသည်။
“သူက သေသွားပြီလေ…ဘယ်လိုလုပ်ပြီးတော့ သူ့ကိုရှာတွေ့နိုင်မှာလဲ…”
“မင်း အဲဒီကိစ္စနဲ့ပတ်သက်ပြီး ဘာမှာစိုးရိမ်နေဖို့မလိုဘူး… အဲဒီလူက သေမှာမဟုတ်ဘူး…”
လူလတ်ပိုင်းကြီးသည် စိတ်မရှည်စွာဖြင့် ပြောဆိုလိုက်သော်လည်း များစွာရှင်းပြခြင်းမပြုချေ။
သူ ထိုကိစ္စကို တွေးတောမိချိန်၌ အကယ်၍ မိန်ရှင်းအာ၏ ဖော်ပြချက်များသည် အမှန်ဖြစ်ပါက ထိုလူသည် နဂါးဌာနခွဲမှလူများနှင့် တစ်အုပ်စုတည်း ဖြစ်ပေမည်။
ထိုလူကိုယ်တိုင်ပင်လျှင် နဂါးဌာနခွဲ၏ အဖွဲ့ဝင်များအနက်မှတစ်ယောက် ဖြစ်နေနိုင်သည်။
သို့ရာတွင် မည်သို့ပင်ဆိုစေကာမူ ဘိုးဘေးများမှနေ၍ နဂါးဌာနခွဲမှ အဖွဲ့ဝင်များနှင့်တူညီသော လူများကို ရန်စစော်ကားခြင်းမပြုသင့်ကြောင်း ရှင်းပြထားခဲ့သည်။ထို့ပြင် ဘိုးဘေးများသည် မည်သည့်ကိစ္စကိုမဆို အစွန်းမရောက်ရန်နှင့် အရာရာတိုင်းသည် ကံစီမံရာအတိုင်းသာဖြစ်ကြောင်း သင်ပြထားခဲ့ပေ၏။
သို့ရာတွင် မိန်ရှင်းအာသည် ဤမျှထိ များစွာသိရှိခြင်းမရှိချေ။
လူလတ်ပိုင်းကြီးမှနေ၍ ရီဖုန်းမသေနိုင်ဟု ပြောဆိုသောစကားကိုကြားချိန်၌ သူမ၏မျက်ခုံး မြင့်တက်သွားသည်။
မန်နေဂျာချုပ်ကိုကြည့်ရသည်မှာ ရိုင်းပြပြီး မည်သည့်အရာကိုမျှ အလေးအနက်ထားပုံမရချေ။ သို့ရာတွင် သူသည် သူမ တွေးတောကြည့်နိုင်စွမ်း မရှိသည်အထိ ကြောက်မက်ဖွယ်ကောင်းသည့် တည်ရှိမှုကြီးတစ်ခုပင်။ထိုမန်နေဂျာချုပ်သည် ဘိုးဘေးများကို မြင်တွေ့ခဲ့ဖူးသော လူနည်းစုအနက်မှ တစ်ယောက်လည်းဖြစ်သည်။
ကောလဟာလများအရ ဘိုးဘေးများသည် အစပထမတွင် သူ့အားနှစ်ခြိုက်ခြင်းမရှိဟုဆိုကြသည်။သို့ရာတွင် သူသည် ကပ်ဖားရပ်ဖား ပြုလုပ်ရာ၌ ထူးချွန်သဖြင့် ဘိုးဘေးများပင်လျှင် ကြောက်ရွံ့ရသောလူတစ်ယောက်ကို ဖားယားပြီးနောက် ဤရာထူးနေရာကို ရယူနိုင်ခဲ့သည်။
သို့ရာတွင် သူ၏ခွန်အားနှင့် လုပ်ကိုင်နိုင်စွမ်းတို့ကြောင့် သူ့အား သံသယဝင်နေခဲ့သော လူများ၏ သဘောထားများ ပျောက်ကွယ်သွားသည်။
ထို့ကြောင့် လူလတ်ပိုင်းကြီးမှနေ၍ ရီဖုန်းမသေနိုင်ဟု ပြောဆိုလာသောကြောင့် မည်သည့်အကြောင်းအရင်းမျိုးဖြစ်နေပါစေ သူ မသေဟု သူမ ယုံကြည်သည်။
“ကောင်စုတ်လေး နင်က မသေသေးဘူးပဲ…”
“ဒါက… စိတ်ဝင်စားစရာပဲ”
မိန်ရှင်းအာ သူမ၏နှုတ်ခမ်းကို လျှာဖြင့်သပ်ပြီးနောက် သူမ၏မျက်နှာပေါ်တွင် ရွှင်မြူးသော အပြုံးတစ်ခု ထင်ဟပ်လာသည်။
“မိန်အာလေး… အဲဒီလူနဲ့ ဝေးဝေးနေတာပိုကောင်းလိမ့်မယ်… သူ့ကို သွားမရှုပ်နဲ့…”
လူလတ်ပိုင်းကြီးသည် သူမကို တစ်ဖန်ထပ်၍ကြည့်ပြီး အဓိပ္ပာယ်အပြည့်ပါသော စကားကို ပြောဆိုသည်။
မိန်ရှင်းအာသည် ကြက်သေသေသွားလေ၏။
သွားမရှုပ်နှင့်ဟု ဆိုလိုက်သလော....
မန်နေဂျာချုပ်သည် ထိုသို့ပြောဆိုလိုက်သဖြင့် ဤအချိန်တွင် မိန်ရှင်းအာ၏ သိချင်စိတ်ပြင်းပြမှု အဆုံးစွန်ဆုံးအဆင့်ထိ မြင့်တက်သွားသည်။
'ကောင်စုတ်လေး… မန်နေဂျာက မင်းကို ဘာလို့ ဒီလိုတွေပြောလဲဆိုတာ ငါမသိဘူး…'
'ငါက နင်ရဲ့ မူရင်းဇစ်မြစ်နဲ့ပတ်သက်ပြီးတော့ ရုတ်တရက်ကြီး အရမ်းသိခြင်နေမိပြီ…'
“ကောင်းပြီလေ မင်းတို့အားလုံးသွားကြတော့ ဘာသတင်းကိုပဲရရ အချိန်မရွေး အကြောင်းကြားကြစမ်း…”
လူလတ်ပိုင်းကြီးက သူ၏လက်ကို ဝှေ့ယမ်းပြီးနောက် အစောင့်တယောက်က သူ၏ ဘီးတပ် ကုလားထိုင်ကိုတွန်းကာ ထွက်ခွာသွားတော့သည်။
နောက်သို့ချာခနဲ လှည့်လိုက်ပြီးနောက်....
သူ၏မျက်နှာပေါ်တွင် စိတ်ဖိစီးနေသော အရိပ်အယောင်များ ထင်ဟပ်နေသည်။
“ဘိုးဘေးတို့ အတိတ်မှာတုန်းက မင်းတို့ ငါ့ကို ပေးခဲ့တဲ့ တာဝန်တွေအားလုံး ငါ လုပ်ပြီးပြီ…ဒါပေမဲ့ နောက်ပိုင်းမှာ ဘာတွေ ဆက်လုပ်ရမယ်ဆိုတာ ငါ မသိတော့ဘူး…”
“တကယ်လို့ မင်းတို့ ဒီကိစ္စအတွက် စိတ်မကျေမနပ် ဖြစ်သွားခဲ့တယ်ဆိုရင် ငါ့ကို အပြစ်မတင်ကြနဲ့…”
“မင်းတို့ထဲက တစ်ယောက်ယောက် တကယ်ပြန်လာခဲ့တာဆိုရင် အရမ်းကောင်းမှာပဲ…”
Chapter 914
ရီဖုန်းသည် ပြန်ရောက်လာပြီးနောက် 'ပြင်ဆင်မှုများ' ကို လုံလုံလောက်လောက် ပြုလုပ်ပြီးသဖြင့် သူသည် ဖုန်းချမ်ယွီ၏ အိမ်၌နေကာ သေဆုံးရမည့်အချိန်ကို စောင့်ဆိုင်းနေခဲ့သည်။
သူသည် နောက်မှီကုလားထိုင်ပေါ်၌ ပျင်းရိစွာလဲလျောင်းကာ နေပူဆာလှုံနေပြီး သူ၏လက်ဝဲဘက်လက်တွင် စပျစ်သီး သူ၏လက်ယာဘက်လက်တွင် မက်မွန်သီးကိုကိုင်ကာ ဝါးစားရင်း သူ၏ပါးစပ်မှ သီချင်းညည်းနေသည်။
သူ ပျော်ရွှင်စွာ စားသောက်ပြီး သေဆုံးရမည့်အချိန်ကို စောင့်ဆိုင်းရပေမည်။
သူ၏နံဘေးတွင် ပလ္လင်ခွေထိုင်နေသော ဖုန်းချမ်ယွီသည် သူ့အား မည်သည့်အကြောင်းကိုမျှ ထပ်မမေးနိုင်တော့ချေ။
သူမသည် ဤစီနီယာ၏ အကျင့်စရိုက်ကို ရှာဖွေဖော်ထုတ်နိုင်ခြင်းမရှိပေ။
မရဏအမွေအနှစ်ကို ဆက်ခံရမည်မှာ ရက်အနည်းငယ်သာလိုတော့သော်လည်း ရီဖုန်းသည် မည်သည်ကြောင့် အလွန်စိတ်ပေါ့ပါးနေသနည်း....
သာမန်လူများသည် ဤကဲ့သို့ အချိန်အခိုက်အတန့်တွင် သူတို့ကိုယ်သူတို့ အနည်းငယ်တိုးတက်စေမည့် နည်းလမ်းရှိလျှင်ပင် ပြုလုပ်ကြပေမည်။သို့ရာတွင် ဤတစ်ယောက်သည် အားလပ်ရက် ခရီးထွက်နေသည့်အလား အနားယူနေသည်။
ဖြစ်နိုင်သည်မှာ သူသည် အောင်မြင်ရန်အတွက် အနည်းငယ်မျှ စိုးရိမ်ပူပန်ခြင်းမရှိဘဲ အသေခံရန် ဆုံးဖြတ်ထားသလော...
ဖုန်းချမ်ယွီသည် အနည်းငယ် စိုးရိမ်ပူပန်သွားပေ၏။
သူမ၏ အရည်အချင်းအရ ရီဖုန်းကို သင်ပြပေးရန်လည်း အရည်အချင်းမပြည့်မှီချေ။
သူမသည် ကံစီမံရာကိုသာ စောင့်ဆိုင်းနိုင်ပေမည်။
“ဟေး… ငါပျင်းနေတယ် ငါလမ်းလျှောက်ထွက်လိုက်ဦးမယ်…မင်း ငါနဲ့အတူ လိုက်ချင်လား…”
နောက်မှီကုလားထိုင်ပေါ်၌ပင် လဲလျောင်းနေသော ရီဖုန်းသည် သူ့၏ ပါးစပ်အတွင်းသို့ နောက်ဆုံးစပျစ်သီးကို ပစ်ထည့်ပြီးနောက် နံဘေးတွင်ရှိနေသော ဖုန်းချမ်ယွီကို မေးမြန်းလိုက်၏။
“သခင်လေးကို တောင်းပန်ပါတယ် ချမ်ယွီမှာ လုပ်စရာ ကိစ္စတစ်ခုရှိနေတယ် ဒါကြောင့် သခင်လေးကို အဖော်ပြုပေးနိုင်မှာ မဟုတ်ဘူး…”
ဖုန်းချမ်ယွီက သူမ၏ခေါင်းကို ငုံ့ပြီးပြောဆိုသည်။
“ကောင်းပြီလေ…ငါ လမ်းလျှောက်ထွက်လိုက်ဦးမယ်…ခဏနေကြရင် ပြန်လာခဲ့မယ်…”
ရီဖုန်းသည် အကြောဆန့်ရင်း ပျင်းရိငြီးငွေ့သောအမူအယာဖြင့် လမ်းလျှောက်ထွက်ခဲ့တော့သည်။
နေမင်းကြီး တောက်ပနေပြီး ပူနွေးသောလေများတိုက်ခတ်နေကာ
လမ်းတစ်လျှောက်၌ စျေးတန်းရှည်ကြီးရှိနေပြီး ဈေးသည်အမြောက်အများမှ ကုန်ပစ္စည်းများရောင်းချနေသည်။
လမ်းထောင့်တစ်နေရာတွင် နေရောင်ခြည်ကို ပိတ်ဆို့ဟန့်တားနိုင်ဆုံးဖြစ်သည့် မြင့်မားသော သစ်ပင်ကြီးတစ်ပင်ရှိနေသည်။သစ်ရွက်များကြားမှနေ၍ နေ့ရောင်ခြည်အလင်းတန်းတတန်းသာ ဖြာကျနေပြီး အထက်သို့မော့ကြည့်ပါက တောက်ပသောအလင်းရောင်ကို မြင်တွေ့ရပေမည်။
သစ်ပင်၏အောက်၌ သစ်ရွက်ကြွေများ စုပုံနေကာ အနံ့ဆိုးများထွက်နေသော်လည်း စိတ်အနှောင့်အယှက်ဖြစ်စေလောက်သည့်အထိ မဟုတ်ချေ။
ထို့ပြင် သစ်ပင်၏အောက်၌ ကျောက်တုံးစားပွဲတစ်လုံးလည်းရှိနေသည်။
ကျောက်တုံးစားပွဲ၏နောက်တွင် လူအိုကြီးတစ်ယောက်ရှိနေကာ သူ၏လက်အတွင်း၌ ယပ်တောင်ကိုကိုင်ထားပြီး စားပွဲပေါ်ရှိ စစ်တုရင်ကစားကွက်ကို လေ့လာနေသည်။
လမ်းပေါ်၌ ပျင်းရိငြီးငွေ့စွာ လျှောက်လှမ်းနေသော ရီဖုန်းသည် ဤမြင်ကွင်းကို မြင်တွေ့ချိန်တွင် ချက်ချင်းဆိုသလို စိတ်ဝင်စားသွားပေ၏။
“လူအိုကြီး မင်း ဒီကစားကွက်ကို ဒီလိုမျိုး ကစားသင့်တယ်…”
ရီဖုန်းက ငုံံ့ကြည်ပြီးပြောဆိုသည်။
ဟား ဟား ဟား…
လူအိုကြီးက ခေါင်းမော့ကြည့်ပြီး ပြုံးလိုက်သည်။ထို့နောက် သူ၏လက်အတွင်းရှိ ယပ်တောင်ကို ဝှေ့ရမ်းကာ စစ်တုရင်ခုံမှနေ၍ သူ၏စိတ်ကို အဆက်ဖြတ်လိုက်၏။ထို့နောက် သူက ရီဖုန်းကို မော့ကြည့်ပြီး အပြုံးနှင့်ပြောဆိုသည်။
“လူငယ်လေး မင်း နောက်ဆုံးတော့ ဒီနေရာကို ရောက်လာပြီ…”
”အော်… ငါရောက်လာမယ်ဆိုတာကို မင်းက သိနေတာလား…”
ရီဖုန်းသည် လူအိုကြီးအား ဇဝေဇဝါဖြင့်ကြည့်ကာ ကူကယ်ရာမဲ့စွာ မေးမြန်းလိုက်သည်။
လူအိုကြီးက ပြုံးလိုက်ကာ တုံ့ပြန်အဖြေပေးခြင်းမပြုချေ။ထိုအစား သူသည် သူ၏ လက်ကို ဆန့်တန်းပြီး ပြောဆိုလိုက်သည်။
“လူငယ်လေး ထိုင်ပါအုံး ဒီလူအိုကြီးကို အဖော်ပြုပေးပါဦး… ငါ့ရဲ့ကစားကွက်ကို မင်းဘယ်လိုသဘောရလဲ…”
“ကောင်းပြီလေ…”
ရီဖုန်းသည် များစွာ စဉ်းစားတွေးတောခြင်းမပြုဘဲ ထိုင်ချလိုက်ကာ သူ အပျင်းပြေသည်ဟု စဉ်းစားတွေးတောလိုက်သည်။
အကြောင်းအရင်းမှာ တစ်စုံတစ်ယောက်သည် နေ့တစ်နေသို့ရောက်ရှိရန် ပို၍စောင့်မျှော်နေလေလေ အချိန်များပို၍ နှေးကွေးလာလေလေဟု ခံစားသောကြောင့်ပင်။
လူအိုကြီးသည် အဓိပ္ပာယ်အပြည့်ပါသောအကြည့်ဖြင့် ရီဖုန်းကိုကြည့်ပြီး သူ၏လက်အတွင်းရှိ စစ်တုရင်ရုပ်ကို အောက်သို့ ချလိုက်သည်။
ရီဖုန်းက စိတ်အေးလက်အေးဖြင့် စစ်တုရင်ခုံကို ကြည့်ပြီး လိုက်ပါကစားလိုက်၏။
အချိန်များ ကုန်လွန်လာသည်နှင့်အမျှ သူတို့နှစ်ယောက်သည် စစ်တုရင်ခုံပေါ်၌ ကစားကွက်များ အပြန်အလှန်ဆော့ကစားနေကြသည်။
သို့ရာတွင် အစမှအဆုံးတိုင် လူအိုကြီး၏မျက်နှာ တည်ငြိမ်နေသည်။
ဤသည်မှာ အရာအားလုံးသည် သူ၏ထိန်းချုပ်မှုအောက်၌ ရှိနေသည့်အလားပင်။
“ဖုန်းယွီကျွန်းရဲ့ မရဏအမွေအနှစ်ကို ပြန်ပြီးအသက်သွင်းတော့မယ်လို့ အခုလတ်တလောမှာ ငါကြားထားတယ်…”
စစ်တုရင်ကစားရင်း လူအိုကြီးသည် သူ၏အတွေးများကိုခွဲခြမ်း၍ အဓိပ္ပာယ်အပြည့်ပါသောအပြုံးဖြင့် ပြောဆိုသည်။
“အင်း… ဒါကအမှန်ပဲ”
ရီဖုန်းက ခေါင်းညိတ်လိုက်သည်။
သူ ထိုစကားကိုပြောဆိုပြီးနောက် သူ၏စစ်တုရင်ရုပ်ကို အောက်သို့ချလိုက်၏။
ထိုစစ်တုရင်ရုပ် ကျရောက်သွားသည်နှင့် လူအိုကြီး၏ တည်ငြိမ်နေသော မျက်နှာအမူအယာ ရုတ်တရက် ပြောင်းလဲသွားသည်။
သူသည် ရုတ်တရက် အလေးအနက်ထားပြီး ခါးမတ်မတ်ထိုင်လိုက်သည်။
သူ၏စိတ်အာရုံတစ်ခုလုံး စစ်တုရင်ကစားကွက်အတွင်းသို့ ကျရောက်နေကာ သူ၏လက်အတွင်း၌ စစ်တုရင်ရုပ်တစ်ခုကို ကိုင်ထားသော်လည်း မည်သည့်နေရာအား ချရမည်ကိုမသိတော့ချေ။
အကြောင်းအရင်းမှာ ဤအချိန်အခိုက်အတန့်တွင် သူသည် ရီဖုန်း၏ဝိုင်းရံထားမှုအတွင်းသို့ ရောက်ရှိနေပြီဖြစ်ကြောင်း နားလည်သဘောပေါက်သွားသောကြောင့်ပင်။
မည်သည့်နည်းလမ်းဖြင့်မဆို ဤသည်မှာ သူ ရှုံးနိမ့်သွားမည့် ကစားကွက်ပင်။
လူအိုကြီးသည် စစ်တုရင်ရုပ်ကို မည်သည့်နေရာအား ချရမည်ကို မသိတော့သဖြင့် သူ၏မျက်နှာ ရုတ်တရက် ပြာတစ်လှည့် နီတလှည့် ဖြစ်သွားသည်။
“လူအိုကြီး ဆက်မကစားနဲ့တော့ မင်းရှုံးသွားပြီ…”
ရီဖုန်းက သန်းဝေလိုက်သည်။
အလွန်ပျင်းရိ ငြီးငွေ့ဖွယ်ကောင်းပြီး အလွန် စိတ်ဖိအားကင်းစင်ပေ၏။
“ဟား…ဟား…ဟား…”
“တကယ်လို့ မင်းက ငါရှုံးပြီလို့ပြောတော့လည်း ရှုံးတာပေါ့…”
လူအိုကြီးသည် စားပွဲပေါ်ရှိ သူရန်ရုံများကိုနဘေးသို့တွန်းဖယ်ပြီး ရင်းရင်းနှီးနှီး ပြောဆိုသည်။
“ဒါက မင်းရှုံးသွားတာလဲဖြစ်နိုင်တာပဲ…”
“ဒါက ဘာကိုဆိုလိုတာလဲ…”
ရီဖုန်းသည် မျက်တောင်ပုတ်ခတ်ပုတ်ခတ်လုပ်ပြီး အနည်းငယ် ဇဝေဇဝါဖြစ်သွားသည်။
ဤလူအိုကြီးသည် မည်သည်ကြောင့် ထူးထူးဆန်းဆန်းစကားများကို ပြောဆိုနေသနည်း။
“လူငယ်လေး…မရဏအမွေအနှစ်ကို ဆက်ခံမယ့်တစ်ယောက်က မင်းမဟုတ်လား…”
လူအိုကြီးက ရယ်မောပြီး ပြောဆိုလေ၏။
“ဟုတ်တယ်လေ အဲ့ဒါက ငါပဲ…”
ရီဖုန်းက ဤသည်မှာ သူနှင့်ပတ်သက်ပြီး ပြောဆိုနေခြင်းဖြစ်သဖြင့် ကွယ်ဝှက်ထားခြင်းမရှိချေ။
“တော်လိုက်တဲ့ကောင်လေး…ဒါက တကယ်ကို မင်းဖြစ်နေတာပဲ…”
လူအိုကြီးက စိတ်လှုပ်ရှားစွာဖြင့် ရီဖုန်း၏ပုခုံးကိုပုတ်ကာ လေးစားသောအမူအယာဖြင့် ပြောဆိုသည်။
“လွန်ခဲ့တဲ့ ရက်အနည်းငယ်အကြာတုန်းက တစ်စုံတစ်ယောက်က မရဏအမွေအနှစ်ကို ဆက်ခံဖို့ ကြိုးစားတော့မယ်ဆိုတာကို ငါကြားလိုက်တဲ့အချိန်မှာ… ငါကမင်းကို တိတ်တဆိတ် အာရုံစိုက်ခဲ့တယ်… ပြောရမယ်ဆိုရင် မင်းလိုသတ္တိမျိုးက လူနည်းစုမှာပဲရှိနိုင်တယ်…ဒါက အရမ်းကောင်းတဲ့ကိစ္စပဲ…”
“မင်းရဲ့ ချီးမွမ်းမှုအတွက် ကျေးဇူးတင်ပါတယ်…”
ရီဖုန်းက ယဉ်ကျေးစွာဖြင့် ကျေးဇူးတင်စကားပြောဆိုလိုက်သည်။
အကယ်၍ စနစ်သည် သူ့အား သေလမ်းရှာရန် တောင်းဆိုထားခြင်းကြောင့်သာမဟုတ်ပါက ရူးသွပ်နေသောလူများသာလျှင် မရဏအမွေအနှစ်ကို ဆက်ခံရန် ကြံစည်ပေမည်။
“တကယ်တော့ ငါ့ကို စိတ်အလှုပ်ရှားစေဆုံးကိစ္စက မရဏအမွေအနှစ်ကို ဆက်ခံဖို့ ရွေးချယ်လိုက်တဲ့ မင်းရဲ့သတ္တိမဟုတ်ဘူး… ဘယ်လိုပဲဖြစ်ဖြစ် သမိုင်းစဉ်တစ်လျှောက်မှာ မရဏအမွေအနှစ်ကို ဆက်ခံဖို့ ကြိုးစားခဲ့တဲ့ လူတွေအရမ်းများတယ်…ဒါပေမယ့် သူတို့ထဲက ဘယ်သူကမှ ငါ့ရဲ့အမြင်အာရုံကို မဖမ်းစားနိုင်ခဲ့ဘူး…”
“ငါ့ကို အစစ်အမှန် စိတ်လှုပ်ရှားစေတဲ့အရာက မင်းဆီက မရေရာမှုတွေပဲ…”
“မရေရာမှုတွေလား…”
ရီဖုန်းသည် ဆွံ့အသွားပေ၏။
“အကြောင်းကတော့ ငါက မင်းရဲ့ ဘဝသက်တမ်းကို မမြင်နိုင်လို့ပဲ…”
လူအိုကြီးက တည်ကြည်လေးနက်စွာ ပြောဆိုသည်။
“ဘဝသက်တမ်းလား…”
ရီဖုန်းက နှုတ်ခမ်းစူပြီး ပြောဆိုသည်။
“လူအိုကြီး… မင်းက ကံကြမ္မာဖတ်တဲ့ လူတစ်ယောက်လား…”
“ဟေး… လူငယ်လေး ငါမင်းကိုပြောမယ်… ငါက ဒီလမ်းပေါ်မှာ ဖြတ်သန်းသွားလာတဲ့ လူတွေအားလုံးရဲ့ကံကြမ္မာကို ရှင်းရှင်းလင်းလင်းမြင်နိုင်တယ်…လူတစ်ယောက် ဘယ်ချိန်မှာရှင်သန်ပြီးတော့ ဘယ်အချိန်မှာ သေဆုံးမယ်ဆိုတာငါသိတယ်…”
“ဒါ့ပြင်… အဲဒီလူရဲ့ အနာဂတ်ရည်မှန်းချက်ပန်းတိုင်နဲ့ အနာဂတ်အောင်မြင်မှုတွေ…”
ထိုစကားကိုပြောဆိုရင်း လူအိုကြီးသည် ရီဖုန်းရှေ့၌ သူ၏လက်ကို ဝှေ့ရမ်းလိုက်၏။
ရုတ်ချည်းဆိုသလိုပင် ရီဖုန်းသည် မတူကွဲပြားသော ကမ္ဘာလောကတစ်ခုကို ရှာဖွေတွေ့ရှိသွားသည်။
အနက်ရောင်ဝတ်စုံဝတ်ဓားသမား တစ်ယောက်ဖြတ်သန်းသွားကာ သူ၏ ခေါင်းထက်၌ အနက်ရောင်အခိုးအငွေ့များ လွမ်းခြုံနေသည်။
တခြားတဖက်တွင် မိန်းကလေးငယ်တစ်ယောက်၏ခေါင်းထက်တွင် အနီရောင်အလင်းတန်းများ တောက်ပနေပေ၏။
အမှန်အားဖြင့် ထိုကိစ္စများမှလွဲ၍ လူအများစု၏ ခေါင်းများထက်တွင် သာမန်အခြေအနေသာဖြစ်သည်။
“မင်း…ခုနကမြင်လိုက်တဲ့ ဓားသမားက သုံးရက်အတွင်းမှာသေရမယ်… ဘယ်သူကမှ သူ့ကို ကယ်တင်လို့မရဘူး…အကြောင်းကတော့ သူ့ရဲ့သက်တမ်း ကုန်သွားလို့ပဲ…”
“ငါ့ရဲ့ ဘေးကနေဖြတ်သွားတဲ့ မိန်းကလေးကတော့ နောက်အနာဂတ်မှာ အကန့်အသတ်မရှိတဲ့ အောင်မြင်မှုတွေရလာလိမ့်မယ်…”
လူအိုကြီးက တည်ငြိမ်သောအမူအယာဖြင့် ပြောဆိုသည်။
ရီဖုန်းသည် အံ့အားသင့်သွားပေ၏။
ဤလူအိုကြီးသည် ကြွားဝါနေခြင်းဖြစ်မည်ဟု သူ တွေးထင်ခဲ့သော်လည်း အမှန်တကယ်ကို ဆရာကြီးတစ်ယောက်ဖြစ်နေသည်။
“ဒါပေမဲ့…မင်းရဲ့ဘဝသက်တမ်းကိုတော့ မမြင်နိုင်ဘူး…”
လူအိုကြီးက သူ၏ခေါင်းကိုမော့ပြီး ထပ်မံ၍ပြောဆိုသည်။
“မင်းရဲ့ဘဝသက်တမ်းကို ငါထွင်းဖောက်မမြင်တဲ့အပြင် ဒါက မင်းဘဝရဲ့ အလယ်အလတ်အချိန်ဖြစ်နိုင်ပေမယ့် ဘာကိုမှန်းဆလို့မရဘူး…”
“ဒါကြောင့်…မင်းရဲ့ကံကြမ္မာက အဆင့်မြင့်ဆုံးနေရာမှာ ရှိနေတယ်…”
ရီဖုန်း၏ နှုတ်ခမ်းထောင့် မြင့်တက်သွားပြီးပြုံးလိုက်သည်။
အမှန်အားဖြင့် လူအိုကြီးသည် သူ့အား မည်သို့မျှ ထွင်းဖောက်မြင်နိုင်မည် မဟုတ်ချေ။
သူသည် သေဆုံးသွားပြီးနောက် အင်မော်တယ် တစ်ယောက် ဖြစ်လာမည့်သူပင်။
ပြောရမည်ဆိုလျှင် ဤလူအိုကြီးထံ၌ အမြင်ကောင်းရှိနေပေ၏။
Chapter 915
“လူအိုကြီး… ဒါပေမယ့် ငါ မင်းကို မေးပါဦးမယ်…ငါ့ရဲ့ရှေ့အလားအလာကမြင့်မားတယ်ဆိုရင်တောင် မင်းကဘာလို့ စိတ်လှုပ်ရှားနေတာလည်း…”
ရီဖုန်းက သူ့ရှေ့ရှိ လူအိုကြီးကိုကြည့်ပြီး ကူကယ်ရာမဲ့စွာဖြင့် မေးမြန်းလိုက်သည်။
လူအိုကြီးသည် သူ၏မုတ်ဆိတ်ကို ပွတ်သပ်ပြီး သူ၏မျက်နှာပေါ်တွင် လျှို့ဝှက်ဆန်းကြယ်သော အပြုံးတစ်ခု ထင်ဟပ်လာသည်။
“ငါက ငါ့ရဲ့အမွေအနှစ်ကိုဆက်ခံဖို့အတွက် ကံကြမ္မာကိုထွန်းဖောက်မမြင်နိုင်တဲ့ မင်းလိုလူစားမျိုးကို လောကကြီးတခွင်လုံးမှာ ရှာနေခဲ့တာပဲ...မင်းလို ရှေ့အလားအလာ အကန့်အသတ်မဲတဲ့ လူမျိုးကသာ ငါ့ရဲ့အမွေအနှစ်ကို ဆက်ခံဖို့ အရည်အချင်း ပြည့်မိတယ်…”
ရီဖုန်းသည် ကြက်သေသေသွားလေ၏။
ဤလူအိုကြီးသည် သူ့အား တပည့်အဖြစ် လက်ခံလိုခြင်းဖြစ်ကြောင်း အချိန်အတော်ကြာမှ သူ သိရှိခဲ့သည်။
“တကယ်တော့ ငါ့ရဲ့အမွေအနှစ်ကိုဆက်ခံဖို့က ရိုးရှင်းတဲ့ကိစ္စမဟုတ်ဘူး… မင်းက အရည်အချင်းပြည့်မှီချင်တယ်ဆိုရင် တခြားစမ်းသပ်ချက်တွေကို ဖြတ်ကျော်နိုင်ဖို့လိုအပ်တယ်…”
လူအိုကြီးက စိတ်လှုပ်ရှားစွာဖြင့် ပြောဆိုသည်။
“ဒါပေမယ့် အခုချိန်မှာ မင်းက မရဏအမွေအနှစ်ကို ဆက်ခံဖို့ကြိုးစားတော့မယ်… ဒါကြောင့် အဲဒီမရဏအမွေအနှစ်က မင်းအတွက် ငါ့ရဲ့စမ်းသပ်ချက်ဖြစ်သွားခဲ့တယ်…”
“ဟေး… လူအိုကြီး ငါ ခုထိ သဘောမတူရသေးဘူးလေ…မင်းကိုမင်း စွတ်အထင်ကြီးမနေနဲ့…”
ရီဖုန်းက မျက်စောင်းထိုးပြီး ပြောဆိုလိုက်သည်။
“မင်းသဘောတူတာမတူတာက နောင်တချိန်မှာဖြစ်လာမယ့် ကိစ္စတစ်ခုပဲ… မင်းမှာ အရည်အချင်းရှိမရှိကသာ အခုလက်ရှိကိစ္စဖြစ်သွားပြီ… မင်းမှာ အရည်အချင်းပြည့်မှီမှသာ မင်းသဘောတူတာ မတူတာကို ငါတို့ ဆက်ပြောလို့ရမယ်… ဒါပေမဲ့ တကယ်လို့ မင်းက အရည်အချင်းပြည့်မှီနေရင် ငါ့ရဲ့အမွေအနှစ်ကို မင်းဆီ ငါက လက်ဆင့်ကမ်းပေးမှာပဲ… မင်း ဘယ်လိုမှ ငြင်းဆန်နိုင်မှာ မဟုတ်ဘူး…”
လူအိုကြီးသည် ယုံကြည်ချက်အခိုင်အမာရှိသော လေသံဖြင့် ပြောဆိုသည်။
ရီဖုန်းသည် ထပ်မံ၍ မျက်စောင်းတချက်ထိုးလိုက်၏။
ဤလူအိုကြီးသည် အမှန်တကယ်ကို ယုံကြည်ချက် ပြင်းထန်နေပုံပင်။
“တကယ်တော့ ဒီကိစ္စတွေကို ပြောဖို့ အချိန်စောပါသေးတယ်… အဓိကကိစ္စက မရဏအမွေအနှစ်ကို မင်း ဘယ်လိုဖြတ်ကျော်မယ်ဆိုတာပဲ… မင်း အောင်မြင်သွားတာနဲ့ ငါကမင်းကို တပည့်အဖြစ်လက်ခံမယ်…”
လူအိုကြီးက မျှော်လင့်တောင့်တသော အမူအယာဖြင့် ပြောဆိုသည်။
“တကယ်တော့ မင်း ဖိအားအများကြီးခံစားနေဖို့မလိုဘူး…မရဏအမွေအနှစ်က ခက်ခဲပြီး အန္တရာယ်များတဲ့အပြင် ငါက မင်းရဲ့ကံကြမ္မာကို မမြင်နိုင်ဘူးဆိုပေမယ့် မင်းနဲ့ပတ်သက်ပြီး ငါ့မှာ အမြင်ကောင်းရှိတယ်…ဒါကြောင့် မင်းက အဲဒီအမွေအနှစ်ကို အောင်အောင်မြင်မြင့်ဆက်ခံနိုင်မယ်လို့ ငါယုံကြည်တယ်…”
ရီဖုန်း၏ မျက်နှာ သိသိသာသာသုန်မှုန်သွားသည်။
ဤ လူအိုကြီးကြောင့်...
သူ စိတ်မချမ်းမြေ့တော့ချေ။
သူသည် မည်သည့်နည်းနှင့်မှ မရဏအမွေအနှစ်ကို ဆက်ခံရလိုခြင်းမရှိပေ။လူအိုကြီးသည် ထိုကိစ္စကို ကြိုသိသဖြင့် သူ့အား တမင်သက်သက် ပြောဆိုခြင်းဖြစ်ပေမည်။
ဤလောကကြီးအတွင်း၌ အတွင်းစိတ်မှနေ၍ ယုတ်မာကောက်ကျစ်သော လူအမြောက်အများ ရှိနေသည်။
ရီဖုန်းသည် မတ်တတ်ထရပ်ပြီး ထွက်ခွာခဲ့လိုက်သည်။
သူ့အား အစကတည်းက ကျိန်ဆဲနေသော ဤကဲ့သို့ လူစားမျိုးကို သူ ထပ်မံ၍ ပေါင်းသင်းဆက်ဆံလိုခြင်း မရှိချေ။
“ဟေး… ခဏနေပါအုံး”
ရီဖုန်း ထွက်ခွာသွားရန်ဟန်ပြင်နေသည်ကိုကြည့်ပြီး လူအိုကြီးက အလျှင်အမြန် ဟန့်တားကာ အော်ဟစ်လိုက်သည်။
“ငါက မင်းအပေါ်မှာ အကောင်းမြင်ပေမယ့် မင်း မရဏအမွေအနှစ်ကို ဆက်ခံတဲ့နေရာမှာ အောင်မြင်နိုင်ချေ မြင့်မားသလို သေဆုံးနိုင်ချေလည်း အတော်အသင့်ရှိနေတယ်…”
ထိုစကားကို ကြားချိန်တွင်...
ရီဖုန်း၏ သုန်မှုန်နေသောမျက်နှာ အနည်းငယ် ပြေလျော့သွားသည်။
ဤသည်မှာ လူသားတစ်ယောက်ပြောဆိုသော စကားနှင့် တူညီပေ၏။
သို့ရာတွင် လူအိုကြီး နောက်ထပ်ဆက်ပြောလိုက်သော စကားများသည် ရီဖုန်းအား ကြက်သေသေသွားစေခဲ့သည်။
“မရဏအမွေအနှစ်က မင်းအတွက် ငါ့ရဲ့စမ်းသပ်ချက်ဆိုပေမယ့်…ငါက တပည့်တစ်ယောက်ရှာတွေ့ဖို့ စိတ်စောနေတာကြောင့် မင်းကို အနောက်တံခါးကနေ ဖြတ်လျှောက်နိုင်အောင် နည်းနည်းကူညီပေးလိုက်မယ်…”
ထိုသို့ပြောဆိုရင်း....
လူအိုကြီးသည် အဆောင်လက်ဖွဲ့တစ်ခုကိုထုတ်ယူကာ စားပွဲပေါ်သို့တင်လိုက်၏။
“ဒါက လောကကြီးထဲမှာ ငါ ကိုးထောင်ကိုးရာကိုးဆယ့်ကိုးနှစ်ကြာအောင် လှည့်လည်သွားလာနေတဲ့အချိန်မှာ စုဆောင်းခဲ့တဲ့ပစ္စည်းတွေနဲ့ ပြုလုပ်ထားပြီးတော့ ငါ့ရဲ့ အနာဂတ်တပည့်ကိုပေးဖို့ ရည်ရွယ်ထားတဲ့ ပြန်လည်ဝင်စားခြင်းအဆောင်လက်ဖွဲ့ပဲ…ဒါက အရမ်းအစွမ်းထက်ပြီးတော့ မင်း သေဆုံးရမယ့်တစ်ကြိမ်ကို အစားထိုးပေးနိုင်တယ်…”
“တခြား စကားပြောင်းပြောရရင် ဒီအဆောင်လက်ဖွဲ့ရှိထားတာက အသက်နှစ်သက် ပိုင်ဆိုင်ထားတာနဲ့ညီမျှတယ်…”
“အခုချိန်မှာ မင်းက ငါ့ရဲ့တပည့်မဟုတ်သေးပေမယ့် ငါက မင်းကို ကြိုပြီးပေးထားချင်တယ်…”
“ဒါကို ယူထားလိုက်တော့...ဒါဆိုရင် မရဏအမွေအနှစ်ကို ဝင်သွားပြီးတဲ့နောက်မှာ မင်း အောင်မြင်နိုင်တဲ့အခွင့်အရေး မြင့်မားလာလိမ့်မယ်…”
ရီဖုန်းက သူ၏လက်သီးကို တင်းတင်းကြပ်ကြပ်ဆုပ်ထားပြီး သူ၏မိဘကို သတ်သွားသောရန်သူအလား လူအိုကြီးကို သတ်ဖြတ်လိုစိတ်ပေါက်နေသည်။
ဤလူအိုကြီးသည် အလွန်ယုတ်မာကောက်ကျစ်ပြီး သူ့အား တပည့်အဖြစ်ခေါ်ယူလိုသာမက သူ့အား အသက်ကယ်ရတနာများလည်း ပေးအပ်နေခဲ့သည်။
ထို့ပြင် ဤသည်မှာ အလွန်ကောင်းမွန်သော အင်မော်တယ် ရတနာတစ်ခုပင်။
ဤကဲ့သို့ မွန်းစတာအိုးကြီးတစ်ကောင်သည် ဓားဖြင့် အကြိမ်ပေါင်းထောင်သောင်းချီ၍ ခုတ်ပိုင်းခံရပြီး သေသင့်သည်။
သူ၏ စိတ်နှလုံးသားအတွင်းမှာနေ၍ ထိုလူအိုကြီးကို တိတ်တဆိတ် အပြစ်ပေးလိုက်သည်။
“လူအိုကြီး မင်းရဲ့ဒီအဆောင်လက်ဖွဲ့ကို မင်းရဲ့အနာဂတ်တပည့်အတွက်ပဲ သိမ်းထားသင့်တယ် ငါ့အတွက် မလိုအပ်ဘူး…”
ရီဖုန်းက အလေးအနက်ထား၍ ပြောဆိုပြီးနောက် ထိုအဆောင်လက်ဖွဲ့ကို လှည့်ကြည့်ခြင်းပင်မပြုဘဲ နောက်သို့ ချာခနဲ လှည့်လိုက်သည်။
“ဟူး …ဒီကောင်လေးကတော့ သူက ငါ့ရဲ့ ပြန်လည်ဝင်စားခြင်းအဆောင်လက်ဖွဲ့ကိုတောင် မလိုဘဲနေမယ်လို့ ငါမျှော်လင့်မထားမိဘူး…ဒါက ငါ့ကို ပိုပြီး အထင်ကြီးသွားစေတယ်… အမှန်ပဲ ဒီလိုအကျင့်စရိုက်မျိုးနဲ့ သတ္တိမျိုးရှိတာ အရမ်းကောင်းတယ်…တကယ်လို့ မင်းက ပြန်လည်ဝင်စားခြင်းအဆောင်လက်ဖွဲ့ မပါသွားဘဲနဲ့ အမွေအနှစ်နယ်မြေထဲကနေ ပြန်ထွက်လာနိုင်မယ်ဆိုရင်...ငါ့ရဲ့အရည်အချင်းနဲ့ အရင်းအမြစ်တွေအားလုံး အသုံးပြုပြီးတော့ မင်းကို သင်ကြားပေးမယ်…”
လူအိုကြီးသည် ပြတ်ပြတ်သားသားထွက်ခွာသွားသော ရီဖုန်း၏ နောက်ကျောပြင်ကြည့်ပြီး သူ့၏မုတ်ဆိတ်ကို ပွတ်သပ်ကာ သူ၏မျက်နှာပေါ်၌ လေးစားမှုအရိပ်အယောင်များ ထင်ဟပ်နေသည်။
ဤစကားလုံးများသည် ရီဖုန်း၏ နားအတွင်းသို့ဝင်ရောက်သွားချိန်တွင် သူ့အား ခလုတ်တိုက်လဲသွားစေကာ သူ၏ပါးစပ်မှ သွေးတစ်လုတ် အန်ထွက်တော့လုမတတ်ပင်။
ဤလူအိုကြီးကို သူ အစိတ်စိတ်အမွှာမွှာ ခုတ်ဖြတ်၍ သတ်ဖြတ်လိုပေ၏။
ဤသည်မှာ သူ၏ဘဝတွင် ဤကဲ့သို့ ယုတ်မာကောက်ကျစ်သော လူတစ်ယောက်ကို မြင်တွေ့ဖူးသည်မှာ ပထမဆုံးတစ်ကြိမ်ပင်။
ရီဖုန်းသည် အိမ်သို့ပြန်ရောက်လာပြီးနောက် တစ်နေ့လုံး စိတ်မကျေမနပ်ဖြစ်နေသည်။
အမွေအနှစ်နယ်မြေထံသို့မသွားမီမှာပင် သူ့အတွက် ကံဆိုးမှုများ စတင်နေလေပြီ။
ရီဖုန်းသည် အိမ်အတွင်း၌ ထိုင်ကာ လက်ဖက်ရည်တစ်ခွက်ပြီးတစ်ခွက် ငှဲ့သောက်ပြီး သူ့၏စိတ်နှလုံးသားအတွင်းရှိ ဒေါသများကို ဖြေဖျောက်လိုက်၏။
တခြားတစ်ဖက်တွင် သူ၏နံဘေး၌ရှိနေသော ဖုန်းချမ်ယွီသည် ရီဖုန်းအား ကူညီပြီး လက်ဖက်ရည်ငှဲ့ပေးနေသည်။
ထိုအချိန်မှာပဲ ရိုးရာဝတ်စုံဝတ်ဆင်ထားသော လူငယ်တစ်ယောက် အလျင်အမြန်လျှောက်လှမ်းလာသည်။
“လင်းပေ… နင်ဘယ်လိုလုပ်ပြီး ရောက်လာတာလဲ”
ထိုမြင်ကွင်းကိုကြည့်ပြီ ဖုန်းချမ်ယွီက အံ့အားသင့်ဖြစ်နေသည်။ယခုရောက်ရှိလာသူသည် သူမ၏မောင်လေး ဖုန်းလင်းပေ ဖြစ်ပေ၏။
ဖုန်းလင်းပေ၏ မျက်နှာ သုန်မှုန်နေကာ စကားပြောဆိုခြင်းမရှိဘဲ ရီဖုန်းကို စောင်းငဲ့၍ကြည့်လိုက်သည်။
ကြည့်ရသည်မှာ သူသည် ရီဖုန်းကို စိတ်မကျေမနပ်ဖြစ်နေပုံပင်။
“နင် ဘာဖြစ်နေတာလဲ…ဘာလို့ ဒီနေရာကို ရောက်လာတာလဲ”
ဖုန်းချမ်ယွီက မျက်မှောင်ကြုတ်ပြီး မေးမြန်းသည်။
“အစ်မ...ဆရာဆီသွားပြီးတော့ ခွင့်လွှတ်ပေးဖို့တောင်းပန်ကြရအောင်…မင်း အရင်ကပြောခဲ့တဲ့စကားတွေကို ပြန်ရုတ်သိမ်းလိုက်ပါ”
ဖုန်းလင်းပေက ပြောဆိုသည်။
“ပြန်ရုတ်သိမ်းရမှာလား…”
ဖုန်းချမ်ယွီ၏ လှပသောမျက်လုံးလေးများ အနည်းငယ်လှုပ်ရှားသွားကာ ပြောဆိုလိုက်၏။
“ဒီဆုံးဖြတ်ချက်ကို ချပြီးမှတော့ ပြန်ရုတ်သိမ်းဖို့ဆိုတာ ဘယ်လိုမှမဖြစ်နိုင်တော့ဘူး…”
“ဒါပေမယ့် ဒါက ကျွန်းအရှင် နေရာဆက်ခံဖို့အတွက် မင်းရဲ့အခွင့်အရေးကို ဆုံးရှုံးသွားလိမ့်မယ်…”
ဖုန်းလင်းပေက စိတ်မရှည်စွာပြောဆိုသည်။
“ငါ သိတယ်…”
ဖုန်းချမ်ယွီက ရီဖုန်းကို တစ်ချက်ကြည့်လိုက်သည်။
သူမသည် မရဏအမွေအနှစ်ကြောင့် သူမနှင့် ပိုင်ကျီးအကြားတွင် အလောင်းအစားပြုလုပ်ခဲ့သည့်ကိစ္စကို ရီဖုန်းအား သိစေလိုခြင်းမရှိချေ။ထို့ကြောင့် သူမသည် တင်းမာသောလေသံဖြင့် ဖုန်းလင်းပေကို အမိန့်ပေးလိုက်၏။
“အခုချိန်မှာ ငါ ဒီကိစ္စကိုမပြောချင်တော့ဘူး…တကယ်လို့ နင့်မှာ တခြားဘာကိစ္စမှ မရှိတော့ဘူးဆိုရင် နင် ပြန်လိုက်တော့…”
သို့ရာတွင် ဖုန်းလင်းပေသည် စိတ်ကျေနပ်ခြင်းမရှိချေ။ဖုန်းချမ်ယွီသည် သူမ၏ခေါင်းကို အောက်သို့ငုံ့ထားပြီး ဂိုဏ်းချုပ်ထံသို့သွား၍ အလောင်းအစားကို ပြန်မရုတ်သိမ်းလိုသောအကြောင်းအရင်းမှာ ရီဖုန်းကြောင့်ဟု သူ သိရှိထားသည်။ထို့ကြောင့် သူသည် ရီဖုန်းကို ကြည့်လိုက်၏။
“မြန်မြန်ထွက်သွားတော့ …အမွေအနှစ်ကိုဆက်ခံဖို့က မင်းအတွက် မဖြစ်နိုင်ဘူး…”
ဖုန်းလင်းပေက အေးစက်တင်းမာစွာ ပြောဆိုသည်။
အမ်…
ရီဖုန်းက သူ့၏ခေါင်းကို စောင်းငဲ့၍ ကြည့်လိုက်သည်။
“ငါ့ရဲ့အစ်မက ကျွန်းအရှင်နေရာအတွက် အနာဂတ်ဆက်ခံသူပဲ...ငါ့အစ်မက မင်းကို ကျောထောက်နောက်ခံပြုပေးထားတာကြောင့် မင်းသာ အမွေအနှစ်ဆက်ခံတာကို အောင်မြင်သွားခဲ့ရင် ငါ့အစ်မနဲ့ယှဉ်ပြိုင်နေတဲ့ ပိုင်ကျီးက ကျွန်းအရှင်နေရာကို အလိုအလျောက် လက်လွတ်ရလိမ့်မယ်… ဒါကြောင့် သူက မင်းကို သေခြင်းကနေ လွတ်မြောက်ခွင့်ပြုမှာမဟုတ်ဘူး…”
“အမွေအနှစ်ဆက်ခံပွဲ မစတင်ခင်အချိန်မှာပဲ ပိုင်ကျီးက မင်းကို တစ်ခုခုလုပ်မှာ သေချာတယ်…”
“တခြားစကားပြောင်းပြောရရင် တကယ်လို့ မင်းထွက်မသွားဘူးဆိုရင် မင်း အမွေအနှစ်နယ်မြေထဲကို ဝင်သွားပီးတာနဲ့ သေရမှာသေချာတယ်…မင်းမှာ အသက်ရှင်သန်နိုင်ဖို့ ဘာအခွင့်အရေးမှမရှိဘူး…”
“မင်းရဲ့ မျိုးရိုးနာမည်ကဘာလဲ…”
ရီဖုန်းက မေးမြန်းသည်။
ရီဖုန်း၏မေးခွန်းကြောင့် ဖုန်းလင်းပေသည် ချက်ချင်းဆိုသလို ကြက်သေသေသွားလေ၏။
သူသည် ရီဖုန်းအား ပြင်းပြင်းထန်ထန်ပြောဆိုနေသဖြင့် ရိုင်းပြစွာတုံ့ပြန်လျှင်ပင် ပုံမှန်သာဖြစ်သည်။မည်သည်ကြောင့် သူသည် ဤကဲ့သို့ အလွန်ယဉ်ကျေးသိမ်မွေ့စွာ တုံ့ပြန်မေးမြန်းခဲ့သနည်း။
ဖုန်းလင်းပေက သုန်မှုန်နေသောမျက်နှာဖြင့် ပြောဆိုသည်။
“ငါ့အစ်မနဲ့ငါက အမွှာမောင်နှမတွေပဲ…ဒါကြောင့် ငါ့ရဲ့မျိုးရိုးနာမည်က ဖုန်း…”
“အော်…ဒါဆိုရင် ညီအစ်ကိုဖုန်းပေါ့…”
ရီဖုန်းသည် မတ်တတ်ထရပ်ပြီး စိတ်အားထက်သန်စွာဖြင့် ဖုန်းလင်းပေ၏ လက်ကို ဆုပ်ကိုင်လိုက်သည်။
“ကျေးဇူးပြုပြီးတော့ ထိုင်ပါအုံး”
ဖုန်းလင်းပေ၏ လှုပ်ရှားမှုကို စောင့်ဆိုင်းခြင်းမရှိဘဲ ရီဖုန်းသည် စိတ်အားထက်သန်စွာဖြင့် သူ့အား ထိုင်ခုံပေါ်သို့ တွန်းပို့ကာ လက်ဖက်ရည်တစ်ခွက်ကို ငှဲ့ပေးလိုက်၏။
ဤစိတ်အားထက်သန်သောအပြုအမူကြောင့် ဖုန်းလင်းပေအား ကြောင်တောင်တောင် ဖြစ်သွားစေသည်။
ရီဖုန်းအပေါ် သူ၏အပြုအမူများသည် ဖုန်းချမ်ယွီ၏မျက်နှာကြောင့် အလွန်မဆိုးလှသော်လည်း သူ အစောပိုင်းက ပြောသောလေသံမှတစ်ဆင့် ကောင်းမွန်ခြင်းမရှိသည်မှာ သိသာထင်ရှားသည်။
နံဘေးတဖက်တွင်ရှိသော ဖုန်းချမ်ယွီသည်လည်း စိုးရိမ်ပူပန်နေခဲ့သည်။
သူမသည် မူလက သူမ၏မောင်လေးသည် ရီဖုန်းကို မရိုမသေပြုလုပ်ကာ စိတ်အနှောင့်အယှက်ပေးမိမည်ကို စိုးရိမ်နေခဲ့သည်။ သို့ရာတွင် ရီဖုန်းသည် ဒေါသမထွက်ရုံသာမက ဖုန်းလင်းပေအား ရင်းနှီးဖော်ရွေစွာ ဆက်ဆံနေမည်ဟု သူမ မျှော်လင့်မထားမိချေ။
ဆရာကြီးတစ်ယောက်၏ သဘောထားသည် ဤကဲ့သို့ အလွန်ထူးဆန်းသလော…
ဆိုရိုးစကားအရ ပြောဆိုရလျှင် မွန်းစတားများ ပို၍အသက်အိုမင်းလာလေလေ ပို၍စိတ်မမှန်လေလေပင်…
Thank For Reading.