အခန်း (၉၂၁-၉၂၅)
Vol. 62 Ch. 921-925
Chapter 921
လူများအားလုံး ဂုဏ်ပြုစကားပြောဆိုနေစဉ်တွင် ပိုင်ကျီးတစ်ယောက်တည်းသာ မြေပြင်ပေါ်၌ ဖင်ထိုင်ရက်သားလဲကျနေပြီး သူ၏မျက်နှာ ဖြူရော်နေသည်။
"အောင်မြင်သွားတာလား... ဘယ်လိုလုပ်ပြီးတော့ အောင်မြင်သွားခဲ့တာလဲ"
"ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ...ဒီအမွေအနှစ်ကို ဘယ်သူမှမအောင်မြင်တာ နှစ်တွေအများကြီး ကြာနေပြီ....ဒီတစ်ကြိမ်မှာ ဘယ်လိုလုပ်ပြီးတော့ အောင်မြင်သွားတာလဲ"
သူသည် ကြိတ်မှိတ်သည်းခံနေရသောအမူအရာဖြင့် တီးတိုးရေရွတ်လိုက်သည်။
ထိုအချိန်မှာပင် ရီဖုန်းက ရုတ်တရက် သူ့ထံဦးတည်၍ လျှောက်လှမ်းလာသည်။
ထို့နောက် ရီဖုန်းက မှုန်ကုပ်ကုပ်မျက်နှာအမူအယာဖြင့် ပိုင်ကျီးကို ငုံကြည့်လိုက်၏။
"မင်းက ပိုင်ကျီးလား..."
ရီဖုန်းက ပိုင်ကျီး၏တီးတိုးရေရွတ်နေခြင်းကို ကြားဖြတ်နှောက်ယှက်လိုက်သည်။
ပိုင်ကျီးက ခေါင်းမော့ကြည့်လိုက်ရာ ချက်ချင်းဆိုသလိုပင် ရီဖုန်း၏အေးစက်စက်မျက်လုံးတစ်စုံနှင့် ဆုံတွေ့မိသည်။
ဤအကြည့်သည် သူ့အား ထိတ်လန့်တုန်လှုပ်သွားစေသည်။
"ငါ...ငါ.. ငါက..."
ပိုင်ကျီးက အထစ်ထစ်အငေါ့ငေါ့ဖြင့် တုံ့ပြန်လိုက်သည်။သူ့ရှေ့တွင်ရှိနေသော ရလဒ်ကို လက်ခံရန် ခက်ခဲနေသော်လည်း အနည်းဆုံးအနေဖြင့် သူသည် ရီဖုန်းကို အပြစ်ပြု၍မရကြောင်း ကောင်းစွာနားလည်သဘောပေါက်သည်။
"မင်း အမွေအနှစ်နယ်မြေထဲမှာ ငါ့ကိုနှောက်ယှက်ဖို့ ပြင်ဆင်ထားခဲ့တယ် မဟုတ်လား"
ရီဖုန်းက အသံနက်ကြီးဖြင့် မေးမြန်းသည်။
ထိုမေးခွန်းကိုကြားချိန်တွင် ပိုင်ကျီး၏နှလုံးခုန်နှုန်း လျှင်မြန်သွားပေ၏။
.
ရီဖုန်းသည် အမွေအနှစ်နယ်မြေအတွင်းသို့ ဝင်ရောက်ခဲ့ကာ အသက်ရှင်ရက် ပြန်ထွက်လာခဲ့သဖြင့် သူ၏ထောင်ချောက်များကို သိရှိထားမည်ဖြစ်စေရာ ဤကိစ္စအတွက် သူ ငြင်းချက်ထုတ်ရန် မဖြစ်နိုင်တော့ချေ။
"စီနီယာ ကျေးဇူးပြုပြီးတော့ ခွင့်လွှတ်ပေးပါ,,,စီနီယာ အသက်ချမ်းသာပေးပါ"
ပိုင်ကျီးသည် မြေပြင်ပေါ်၌ အလျင်အမြန်ဒူးထောက်ကာ အသနားခံတောင်းပန်ပြီး အော်ဟစ်ငိုကြွေးလိုက်၏။
"ငါက စိတ်ရူးပေါက်သွားခဲ့တာကြောင့် ခုလိုမျိုးအမှားကြီးတစ်ခုကို ကျူးလွန်ခဲ့မိတာပါ...ကျေးဇူးပြုပြီးတော့ စီနီယာက ခွေးတစ်ကောင်နဲ့တူတဲ ငါ့ရဲ့အသက်ကို ချမ်းသာပေးပါ"
"ကြည့်ရတာတော့ မင်းက တကယ်ကို အကွက်ရွှေ့ခဲ့တဲ့ပုံပဲ"
ရီဖုန်းသည် ရုတ်တရက် ဒေါသထွက်စပြုလာသဖြင့် သူ၏လက်ကိုဆန့်တန်းပြီး မြေပြင်ပေါ်ရှိပိုင်ကျီးကို ကြက်ကလေးတစ်ကောင်အလားမြှောက်ကာ ရက်စက်ကြမ်းကြုတ်စွာ ပြောဆိုလိုက်သည်။
"မင်းက ငါ့ကို အနှောက်အယှက်ပေးခဲ့တယ်ဆိုမှတော့ ငါ မင်းကို မေးပါရစေ..မင်း ဘယ်နေရာမှာ ထောင်ချောက်တွေ ဆင်ခဲ့တာလဲ"
"အမ် ဒါက...."
ပိုင်ကျီးသည် ခွင့်လွှတ်မှုရရန်အတွက် မည်ကဲသို့ တောင်းပန်ရမည်ကို စဉ်းစားနေသော်လည်း ထိုစကားများကိုကြားချိန်၌ ကြက်သေသေသွားသည်။
"မင်း...မင်းက အဲ့ဒီထောင်ချောက်တွေကို မထိခဲ့ဘူးလား"
သူက ဇဝေဇဝါဖြင့် မေးမြန်းသည်။
"သောက်ရေးမပါတာတွေ မပြောစမ်းနဲ့...တကယ်လို့ ငါသာ အဲ့ဒီအနှောင့်အယှက်တွေနဲ့တွေ့ခဲ့ရင် အမွေအနှစ်ကို ခုလိုမျိုး လွယ်လွယ်ကူကူ ဆက်ခံနိုင်မှာလား"
ရီဖုန်းက ဒေါသတကြီး အော်ငေါက်လိုက်သည်။သူသည် ယခင်က ပိုင်ကျီးအား ချစ်စဖွယ်ကောင်းသည်ဟု ယူဆခဲ့ကာ သူ့အား အနှောင့်အယှက်ပေးမည်ကိစ္စကို တားဆီးဟန့်တားခဲ့ခြင်းမရှိချေ။သို့ရာတွင် သူသည် မည်သည့်ထောင်ချောက်ကိုမျှ မထိတွေ့ခဲ့ရဘဲ လမ်းတလျှောက်လုံး၌ မည်သည့်အတားအဆီးမျှ မရှိချေ။
အကယ်၍ ပိုင်ကျီး၏ထောင်ချောက်များသာ အနည်းငယ်အားကောင်းပါက မည်သည်ကြောင့် သူသည် သူတော်စင်အဆင့်၏အောက်တွင် ပြိုင်ဘက်ကင်းဘဝဖြင့် အဆုံးသတ်သွားမည်နည်း။
"ငါ မင်းကို မေးနေတယ်လေ....မင်း ဘယ်နေရာမှာ ထောင်ချောက်ဆင်ခဲ့တာလဲ"
ရီဖုန်းက ဒေါသတကြီးဖြင့် ပိုင်ကျီးကို ပါးဖြတ်ရိုက်လိုက်သည်။
ပိုင်ကျီး၏မျက်နှာသည် ဝက်ခေါင်းနှင့်တူသွားကာ သေခြင်းကို ထိတ်လန့်ကြောက်ရွံ့မှုအောက်တွင် သူသည် အမှန်အတိုင်း ကျယ်လောင်စွာအော်ဟစ်ပြောဆိုလိုက်၏။
"စီနီယာ...ငါ့ရဲ့ထောင်ချောက်တွေအားလုံးကို အသက်တံခါးမှာ ထားထားတာပါ"
"အသက်တံခါးမှာလား"
"ခွေးမသား...အသက်တံခါးမှာ ထောင်ချောက်တွေဆင်မို့ မင်းကို ဘယ်သူက ပြောခဲ့တာလဲ"
"ဒီအဆင့်ကို ဖြတ်ကျော်နိုင်တဲ့ အစစ်အမှန်လမ်းကြောင်းက မရဏတံခါးဆိုတာ မင်း မသိဘူးလား"
"မင်း အဲ့ဒီထောင်ချောက်တွေကို မရဏတံခါးထဲမှာ ပြင်ဆင်ထားလို့ မရဘူးလား"
"ငါ မင်းကို မေးပါ့ရစေ...ဘာလို့ အဲ့ဒီလို လုပ်ခဲ့တာလဲ"
"တကယ်လို့ မင်းသာ မရဏတံခါးထဲမှာ ထောင်ချောက်ဆင်ထားမယ်ဆိုရင် ဒီအဆင့်တွေကို ငါက အလွယ်တကူ ဖြတ်ကျော်နိုင်ပါ့မလား...ငါ မင်းကို မေးပါရစေ...ဒီအဆင့်တွေ ကိုငါက လွယ်လွယ်ဖြတ်ကျော်နိုင်ပါ့မလား"
အော်ငေါက်နေစဉ်အတောအတွင်း၌ ရီဖုန်းသည် ပိုင်ကျီး၏မျက်နှာကို အဆက်မပြတ်ဖြတ်ရိုက်ကာ သူ့၏ဒေါသများကို ပုံချနေသည်။
ပိုင်ကျီး၏မျက်လုံးအတွင်းမှ မျက်ရည်များ ယိုစီးကျလာသည်။
သူ၏စိတ်နှလုံးသားအတွင်း၌.. 'အမွေအနှစ်ကိုဆက်ခံနိုင်တဲ့ အစစ်အမှန်လမ်းကြောင်းက မရဏတံခါးဆိုတာ ငါ ဘယ်လိုလုပ်ပြီး သိမှာလဲ ...တကယ်လို့ မရဏတံခါးကသာ အစစ်အမှန်လမ်းကြောင်းဆိုတာ ငါ ကြိုသိခဲ့ရင် ငါက ထောင်ချောက်တွေကို သေချာပေါက်ဆင်ခဲ့မှာပေါ့....ဘယ်လိုလုပ်ပြီးတော့ အခုလက်ရှိအခြေအနေမျိုးကို ငါက အရောက်ခံမှာလဲ'
ဤပါးရိုက်ချက်များကြောင့် နံဘေးတွင်ရှိနေသော လူများအားလုံး ထိတ်လန့်ကြောက်ရွံ့နေကြသည်။
ဤသည်မှာ အလွန်ရက်စက်ကြမ်းကြုတ်ပေ၏။
သူတို့၏အမြင်အရ ရီဖုန်း၏စကားများတွင် သတ်ဖြတ်လိုခြင်းစိတ်ဆန္ဒများဖြင့် ပြည့်နှက်နေသည်။
သူသည် အမွေအနှစ်အတွက် အန္တရာယ်များကို လွယ်လင့်တကူ ရှင်းလင်းနိုင်ခဲ့သည်ဟု ပြောသွားနေသည့်တိုင် သူ ဟန်ဆောင်ပြောဆိုနေသည် မဟုတ်လော....
သို့ရာတွင် မည်သို့ပင်ဆိုစေကာမူ အမွေအနှစ်ကို ဆက်ခံနိုင်ခဲ့သော ရီဖုန်း၏ခွန်အားအရ သူတို့အားလုံး ရိုသေလေးစားရန် ထိုက်တန်သည်။
ထိုကြောင့် သူတို့သည် စကားကောင်းများဝင်ရောက်ပြောဆိုမှ အဆင်ပြေပေမည်။
"စီနီယာက အမွေအနှစ်ကို ဆက်ခံနိုင်မှတော့ အနာဂတ်အောင်မြင်မှုက အကန့်အသတ်ရှိမှာ မဟုတ်ဘူး"
"နောင်အနာဂတ်မှာ စီနီယာက ပြိုင်ဘက်ကင်းကျင့်ကြံသူတစ်ယောက် ဖြစ်လာလိမ့်မယ်"
"အမှန်ပဲ အမှန်ပဲ...စီနီယာက ထျန်းယုနယ်မြေမှာ ပြိုင်ဘက်ကင်းဖြစ်လာလိမ့်မယ်"
"ဒါတင်မကဘူး ..ကောင်းကင်ရဲ့အောက်မှာ စီနီယာကို ခြိမ်းခြောက်နိုင်တဲ့လူဆိုလို့ ဘယ်သူမှ ရှိတော့မှာမဟုတ်ဘူးလို့ ငါ ထင်တယ်"
လူများအားလုံးသည် သူတို့၏လက်မများကိုမြှောက်ကာ ချီးကျူးစကားပြောဆိုလိုက်ကြ၏။
သို့ရာတွင် သူတို့၏စကားများသည် ရီဖုန်း၏အနာအပေါ် ဆားဖြူးနေသကဲ့သို့ဖြစ်နေသည်မှာ သံသယဖြစ်ဖွယ်မရှိကြောင်း သူတို့ သိရှိမည်မဟုတ်ချေ။
ရီဖုန်း၏ပါးစပ်မှ သွေးတစ်လုတ် အန်ထွက်လုနီးပါးပင်။
သေလုမျောပါးဖြစ်နေသော ပိုင်ကျီးကို မြေပြင်ပေါ်သို့ပစ်ချပြီးနောက် သူသည် လူများအားလုံး၏တောင်းဆိုချက်အရ ဂုဏ်ပြုစားသောက်ပွဲ၌ပါဝင်ဆင်နွှဲရန် သဘောတူလိုက်သည်။
မကြာမီမှာပင်....
ဖုန်းယွီကျွန်းပေါ်၌ ကြီးမားသောစားသောက်ပွဲကြီးတစ်ခုကို ကျင်းပခဲ့လေ၏။
တချိန်တည်းမှာပင် မရဏအမွေအနှစ်ကို တစ်စုံတစ်ယောက်မှ အောင်မြင်စွာဆက်ခံနိုင်ခဲ့သောသတင်းသည် ထျန်းယုနယ်မြေတစ်ခုလုံးအနှံ့ ပျံ့နှံ့သွားသည်။
အကြောင်းအရင်းမှာ သဘောတူညီချက်အရ ဖုန်းယွီကျွန်းသည် မရဏအမွေအနှစ်မှနေ၍ တစ်စုံတစ်ခုကိုမျှ ယူဆောင်မည် မဟုတ်သော်လည်း သူတို့ ရယူလိုသည်မှာ....
အမွေအနှစ်ကို အောင်မြင်စွာ ဆက်ခံနိုင်သူသည် ဖုန်းယွီကျွန်း၏ဧည့်အကြီးအကဲဖြစ်လာပြီး ကျွန်းတွင် အန္တရာယ်နှင့်ရင်ဆိုင်ရသည့် အချိန်၌ ဝင်ရောက်ကူညီပေးရမည် ဖြစ်သောကြောင့်ပင်။
ဤသတင်းကို ဖြန့်ချီလိုက်ရသော အကြောင်းအရင်းမှာ ဖုန်းယွီကျွန်းတွင် မရဏအမွေအနှစ်ကို အောင်မြင်စွာဆက်ခံနိုင်ခဲ့သည့် အစွမ်းထက်သော ကျင့်ကြံသူတစ်ယောက် ကျောထောက်နောက်ခံအဖြစ် ရှိနေကြောင်း ထျန်းယုနယ်မြေအတွင်းရှိ လူများအားလုံးကို သိစေလိုခြင်းပင်။
ဖုန်းယွီကျွန်းနှင့်ပတ်သက်ပြီး အတွေးများရှိနေသော အင်အားစုများဖြစ်စေ ကျွန်းအားသိမ်းပိုက်လိုသော အင်အားစုများဖြစ်စေ သူတို့သည် ကျွန်းအပေါ်၌ လှုပ်ရှားမှုတစ်ခုမလုပ်မီ သူတို့ထံ၌ အရည်အချင်းရှိမရှိ ချိန်ဆရပေမည်။
မည်သို့ပင်ဆိုစေကာမူ....
မရဏအမွေအနှစ်သည် နာမည်ကျော်ကြားသဖြင့် သာမန်လူများမှနေ၍ အမွေအနှစ်၏စွမ်းအားသည် သာမန်မဟုတ်ဟု မှန်းဆကြပေမည်။
ရှူကျူးတို့လူစုသည် ဥာဏ်ကောင်းသူများဖြစ်သဖြင့် ရီဖုန်းသည် အမွေအနှစ်နယ်မြေအတွင်းမှ မည်သည့်အရာအား ရရှိခဲ့သည်ကို မေးမြန်းခြင်းမပြုချေ။
အကြောင်းအရင်းမှာ အမျိုးအမည်မသိရသောကိစ္စများသည် ပို၍ကြောက်မက်ဖွယ်ကောင်းသဖြင့် လူများအားလုံးကို ဤကျောထောက်နောက်ခံထံတွင် မည်သည့်အရာ ရှိနေသည်နှင့်ပတ်သက်ပြီး အတွေးများစေလိုခြင်းပင်။သူတို့သည် ဤကိစ္စကို မသိရှိပါက စွန့်စားဝံ့မည်မဟုတ်ချေ။
ထိုမေးခွန်းအား တစ်ကြိမ်မေးမြန်းလိုက်သည်နှင့် အမွေအနှစ် မည်မျှပင်ကောင်းမွန်နေပါစေ အကန့်အသတ်ဟူ၍ ရှိလာပေမည်။
အကယ်၍ သူတို့သည် ဤကိစ္စကို လျှို့ဝှက်ချက်အနေဖြင့် ထိန်းသိမ်းထားနိုင်ပါက ပြင်ပ၌ အမွေအနှစ်နှင့်ပတ်သက်သော ကောလဟာလများ ဆက်လက်၍ပျံ့နှံ့နေပေမည်။
ဖုန်းယွီကျွန်းအတွက် ရီဖုန်းသည် အမွေအနှစ်နယ်မြေမှ မည်သည့်အရာအား ရရှိသွားသည်ကို မည်သူတစ်ဦးတစ်ယောက် မသိရှိသည်မှာ အကောင်းဆုံးဖြစ်ပေမည်။
လျှို့ဝှက်ဆန်းကြယ်ပြီး မည်သည့်အရာကိုမျှ မသိနိုင်သော အခြေအနေကို ထိန်းသိမ်းထားခြင်းသည် သူတို့အတွက် အကျိုးကျေးဇူးများ ပို၍ရနိုင်ပေမည်။
ဂုဏ်ပြုစားသောက်ပွဲတွင် ရီဖုန်းသည် မတုန်မလှုပ်ဖြစ်နေပေ၏။
သူ၏အမြင်အရ ဤသည်မှာ သူ၏နှလုံးကို ထိုးစိုက်နေသော ဓားတစ်လက်ပင်။
"မင်းတို့ ငါ့ကို ဧည့်ခံတာမခံတာက ပြဿနာမရှိဘူး...ငါ့မှာ တောင်းဆိုချက်တစ်ခုပဲ ရှိတယ်"
ထိပ်ဆုံးနေရာ၌ ထိုင်နေသော ရီဖုန်းက ပေါ့ပေါ့ပါးပါးပြောဆိုသည်။
"ကျေးဇူးပြုပြီးတော့ ငါ့ကို ပြောပါ"
ရှုကျူးက သူ၏ခေါင်းကို အောက်သို့ငုံပြီး ပြောဆိုလိုက်၏။
"နောက်အနာဂတ်ကျွန်းအရှင်ရာထူးအတွက် သူ့ကို ခန့်အပ်ရမယ်"
ရီဖုန်းက ဖုန်းချမ်ယွီကိုကြည့်ပြီး တိုက်ရိုက်ပြောဆိုလိုက်သည်။
ထိုမြင်ကွင်းကိုမြင်တွေ့ချိန်၌ ဖုန်းချမ်ယွီသည် အလျင်အမြန်ဦးညွှတ်အရိုအသေပြုလိုက်ကာ သူမ၏မျက်နှာပေါ်၌ ကျေးဇူးတင်မှုအရိပ်အယောင်များ ထင်ဟပ်နေသည်။
"တကယ်တော့ အဲ့ဒီကိစ္စနဲ့ပတ်သက်ပြီး ဘာပြဿနာမှ မရှိပါဘူး...ဒီကလေးမလေးဖုန်းကလည်း အနာဂတ်ကျွန်းအရှင်နေရာအတွက် ဆက်ခံသူလောင်းတွေထဲက တစ်ယောက်ပဲ...သူက အရမ်းလိမ္မာပါးနပ်ပြီးတော့ ပါရမီရှိတယ်...ငါက သူ့ကို တော်တော်လေးသဘောကျတယ်....အခုအချိန်မှာ စီနီယာက ဒီလိုပြောနေမှာတော့ ဖုန်းယွီကျွန်းရဲ့နောက်အနာဂတ်ကျွန်းအရှင်က သူပဲဖြစ်ရမယ်... စီနီယာရဲ့အမြင်ကို ငါ ယုံကြည်တယ်.. သူ့ရဲ့ဦးဆောင်မှုအောက်မှာ ဖုန်းယွီကျွန်းက နောင်တစ်ချိန်ကျရင် ဒီထက်ပိုပြီးတော့ အောင်မြင်တိုးတက်လာမှာ သေချာတယ်"
ရှုကျူးက ရှည်ရှည်ဝေးဝေးအထွန့်တက်ခြင်းမရှိဘဲ ရီဖုန်း၏တောင်းဆိုချက်ကို သဘောတူလိုက်သည်။
"အရမ်းကောင်းတယ်...."
ရီဖုန်းက ခေါင်းညိတ်ပြလိုက်သည်။
ဖုန်းချမ်ယွီသည် အကောင်းဆုံးကြိုးစား၍ ဖုံးကွယ်ခဲ့သော်လည်း သူ မရဏနယ်မြေအတွင်းသို့ ဝင်ရောက်ရန်အတွက် ဤမိန်းကလေးနှင့်ပိုင်ကျီး အလောင်းအစားလုပ်ခဲ့သည့်ကိစ္စကို သူ မည်သည်ကြောင့် မကြားဘဲ နေမည်နည်း။
ရီဖုန်းသည် ဤမိန်းကလေးအပေါ်တွင် အမြင်ကောင်းရှိပေ၏။
ထို့ကြောင့် ဤမိန်းကလေးကို နောက်အနာဂတ်ဖုန်းယွီကျွန်းအရှင်အဖြစ် ပြုလုပ်ပေးခြင်းသည် ဤတစ်ကြိမ် သူ၏ကျရှုံးခဲ့သော သေလမ်းရှာခြင်းခရီးစဉ်အတွက် တစ်ခုတည်းသော နှစ်သိမ့်မှုပင်။
Chapter 922
"အင်း...သူ့ကိုလည်း ဂရုစိုက်ပေးပါ..."
ရီဖုန်းက ဖုန်လင်းပေကို လက်ညှိုးညွှန်ပြပြီး ပြောဆိုလိုက်သည်။
"အဲ့ဒီကောင်လေးမှာလည်း ပါရမီအရည်အချင်းရှိတယ်...သူကို ပစ်ပယ်မထားသင့်ဘူး"
ရှုကျူးက မျက်မှောင်ကြုတ်ပြီး ဖုန်းလင်းပေကို အထင်အမြင်သေးသောအကြည့်ဖြင့် တစ်ချက်ကြည့်လိုက်သည်။
ဤဖုန်းလင်းပေသည် ရီဖုန်း၏အသိအမှတ်ပြုမှုကို ရရှိသွားမည်ဟု သူ မျှော်လင့်မထားမိချေ။
သို့ရာတွင် သူသည် ဤကိစ္စကို ပေါ်လွင်စေခြင်းမရှိဘဲ သဘောတူလိုက်သည်။
"ဘာမှမစိုးရိမ်ပါနဲ့...ဒီကလေးဖုန်းလင်းပေကလည်း ငါ့ရဲ့ထူးချွန်တဲ့တပည့်တစ်ယောက်ပဲ ...ဒီကိစ္စကို ပြောဖို့မလိုပါဘူး...ငါက သူ့ကို သေချာပေါက်ဂရုစိုက်မှာပါ"
ဖုန်းလင်းပေက စီနီယာကြောင့် ရှူကျူးသည် သူ့အား ဂရုစိုက်ပေးရန် သဘောတူလိုက်သည်ကိုကြားချိန်၌ သူ၏မျက်လုံးအတွင်း၌ မျက်ရည်များစိုစွတ်လာသည်။
"စီနီယာကို ကျေးဇူးတင်ပါတယ်"
ဖုန်းလင်းပေက ဒူးထောက်ပြီး ကျေးဇူးတင်စကားပြောဆိုသည်။
"မတ်တတ်ထလိုက်ပါ"
ရီဖုန်းက ဖုန်းလင်းပေ မတ်တတ်ထရပ်နိုင်ရန် တွဲထူပေးလိုက်သည်။
ဖုန်းယွီကျွန်းသည် သူ့အတွက် ဝမ်းနည်းဖွယ်ကောင်းသော နေရာတစ်နေရာဖြစ်နေသဖြင့် သူ ဤနေရာ၌ ဆက်မနေလိုတော့ချေ။
"ဒီစားသောက်ပွဲကို မင်းတို့ပဲ ဆက်ပြီးကျင်းပကြတော့...ငါ သွားတော့မယ်"
ရီဖုန်းက ပေါ့ပေါ့ပါးပါးပြောဆိုလိုက်၏။
ရှူကျူးက မျက်ခုံးပင့်လိုက်သော်လည်း သူ၏အမူအယာကို အလျင်အမြန်ပြင်ဆင်ပြီး ပြောဆိုလိုက်သည်။
"စီနီယာ....မင်း ဘာလို့ ဒီလောက်မြန်မြန်ကြီး ထွက်သွားမှာလဲ...ငါက အခုထိ မင်းကို ဖုန်းယွီကျွန်းအနှံ့ လိုက်မပြရသေးဘူး"
"အဲ့ဒီကိစ္စနဲ့ပတ်သက်ပြီး ဘာမှစိုးရိမ်ဖို့မလိုဘူး"
ရီဖုန်းက သူ၏လက်ကို ဝှေ့ယမ်းပြီးနောက် ဖုန်းမောင်နှမနှစ်ယောက်ကို နှုတ်ဆက်ကာ ဖုန်းယွီကျွန်းမှ ထွက်ခွာခဲ့တော့သည်။
ရှုကျူးသည် ဖုန်းယွီကျွန်းမှ အဆင့်မြင့်အကြီးအကဲများအားလုံးကို ဦးဆောင်၍ ရီဖုန်းအား ပင်လယ်ကမ်းစပ်ထိလိုက်ပို့ပြီး သူ ပျောက်ကွယ်သွားသည့်အချိန်ထိ စောင့်ကြည့်နေခဲ့သည်။
ရီဖုန်းထွက်ခွာသွားသည်ကိုကြည့်ပြီးနောက် ဖုန်းချမ်ယွီက ရှူကျူးကိုကြည့်ကာ ဦးညွှတ်အရိုအသေပြုပြီး ပြောဆိုလိုက်၏။
"ဆရာ...."
သို့ရာတွင် ရှူကျူး၏မျက်နှာအမူအယာ ချက်ချင်းပြောင်းလဲသွားမည်ဟု မည်သူမျှ မျှော်လင့်မထားမိချေ။
"လာကြစမ်း...ဖုန်းချမ်ယွီကို အခုချက်ချင်း ဖမ်းလိုက်ကြစမ်း"
သူ၏အသံ ကျရောက်သွားသည်နှင့် နံဘေးတွင်ရှိနေသော အကြီးအကဲနှစ်ယောက်သည် ရှေ့သို့တပြိုင်နက်တည်းတိုးလိုက်ပြီး ဖုန်းချမ်ယွီကို တိုက်ခိုက်လိုက်ကြသည်။
ထိုအကြီးအကဲနှစ်ယောက်၏ တိုက်ခိုက်ခြင်းကိုခံရသော ဖုန်းချမ်ယွီ၏ကျင့်ကြံဆင့်အခြေခံ ချက်ချင်းချိတ်ပိတ်ခြင်းခံလိုက်ရကာ သူမသည် နေရာမှာပင် ဖမ်းဆီထိန်းသိမ်းခြင်း ခံလိုက်ရတော့သည်။
"ဆရာ နင် ဘာလုပ်တာလဲ"
ဖုန်းချမ်ယွီ၏မျက်နှာအမူအယာ သိသိသာသာပျက်ယွင်းသွားကာ သူမ၏ခေါင်းကိုမော့ပြီး ရှုကျူးကို မေးခွန်းထုတ်လိုက်သည်။
"မင်းက ငါ့ကို ဆရာလို့ ခေါ်ရဲသေးတာလား...မင်းက အထက်အကြီးအကဲတွေကို ပြစ်မှားတဲ့ပြစ်မှုတွေ ကျူးလွန်ပြီးတော့ နေရာရအောင် ကြံစည်ခဲ့တယ်...ဒါ့ပြင် မင်းက ဂိုဏ်းတူတပည့်တွေအပေါ်ကို ရက်စက်ယုတ်မာတဲ့ အကွက်ချကြံစည်မှုတွေ ပြုလုပ်ခဲ့တယ်...မင်းက ငါ့ရဲ့တပည့်ဖြစ်ဖို့ မထိုက်တန်ဘူး"
ရှုကျူးက အေးစက်စက်လေသံဖြင့် အော်ငေါက်လေသည်။
"နင်...."
"နင်...တကယ့်ကို..."
ဖုန်းချမ်ယွီ၏မျက်နှာပေါ်တွင် မယုံကြည်နိုင်သော အရိပ်အယောင်တစ်ရပ် ထင်ဟပ်လာသည်။သူမသည် သူမ၏ရှေ့ရှိ လူအိုကြီးကိုကြည့်ပြီး ပထမဆုံးအကြိမ်အဖြစ် အလွန်ထူးဆန်းမှု အလွန်အေးစက်မှုတို့ကို ခံစားမိလေ၏။
ရှုကျူးသည် ပိုင်ကျီးအပေါ်ဦးစားပေးသည့်အား သူမ သိရှိထားသည်။
သို့ရာတွင် ရှူကျူးသည် ပိုင်ကျီးအပေါ် ဤမျှထိ အလွန်ဦးစားပေးမည်ဟု သူမ မျှော်လင့်မထားမိချေ။ရီဖုန်း ထွက်ခွာသွားနောက် မကြာမီမှာပင် သူသည် တစ်စုံတစ်ခုကိုမျှ ဂရုမစိုက်တော့သည့်အပြင် အချိန်တစ်ခဏမျှပင် ဆိုင်းငံခြင်းမရှိချေ။
သူမသည် ရှုကျူးအား သူမ၏မွေးစားဖခင်အဖြစ် အစဉ်အမြဲ သတ်မှတ်ထားသည်မှာ အလွန်ရယ်ရွှင်ဖွယ်ကောင်းပေ၏။
ဒေါသများကြောင့် သူမ၏ပါးစပ်မှ သွေးတစ်လုတ်ထုတ်လိုက်ရသည်။
"ခွေးမသားအိုကြီး...မင်း ဘာလို့ ငါ့ရဲ့အစ်မကို ဒီလိုမျိုး ဆက်ဆံတာလဲ"
ထိုမြင်ကွင်းကိုမြင်တွေ့ချိန်၌ နံဘေးတစ်ဖက်တွင်ရှိနေသော ဖုန်းလင်းပေသည် ဆရာဟုတ်မဟုတ်ဂရုမစိုက်တော့ဘဲ ဒေါသတကြီး အော်ဟစ်ကြုံဝါးလိုက်သည်။ထို့နောက် သူသည် ဖုန်းချမ်ယွီကို ကယ်တင်ရန်အတွက် သူ၏ဓားကို ဆွဲထုတ်လိုက်၏။
"ဟမ့်....အမှိုက်ကောင်ကများ...."
ရှုကျူးသည် ဖုန်းလင်းပေအား လှည့်ကြည့်ခြင်းပင်မပြုချေ။သူ၏လက်ဝါးကို တစ်ချက်ဝှေ့ယမ်းလိုက်ခြင်းနှင့်အတူ မိုးနှင့်မြေကို ဖျက်ဆီးနိုင်သော စွမ်းအားတစ်ရပ်က ဖုန်းလင်းပေကို လွှမ်းခြုံသွားသည်။
ဖူး...
ဖုန်းလင်းပေသည် လေထု၏အလယ်၌ သွေးတစ်လုတ်အန်ထုတ်လိုက်ရကာ ကျွန်းထိုးမှောက်ခုံဖြစ်သွားပြီး ပင်လယ်နက်အတွင်းသို့ ပြုတ်ကျသွားပေ၏။
"လင်းပေ..."
ထိုမြင်ကွင်းကိုမြင်တွေ့ချိန်၌ ဖုန်းချမ်ယွီ၏မျက်နှာဖြူရော်သွားကာ သူမ၏မျက်လုံးများ သွေးနီရောင်သန်းသွားသည်။သူမသည် အကြီးအကဲနှစ်ယောက်၏ချုပ်ကိုင်ထားမှုမှ ရုန်းထွက်ကာ အရူးတစ်ယောက်အလား ပင်လယ်ကမ်းစပ်ထံသို့ အပြေးသွားလိုက်၏။
"မင်းက ပြေးချင်သေးတာလား"
ဘုန်း...
ရှုကျူးက ဖုန်းချမ်ယွီကိုကန်ပြီး မြေပြင်ပေါ်သို့ လဲကျသွားစေသည်။
ဖုန်းချမ်ယွီသည် ဒဏ်ရာအပြင်းအထန်ရရှိသွားကာ သွေးများအန်ပြီး မြေပြင်ပေါ်သို့ လဲကျသွားပေ၏။
သို့ရာတွင် ပင်လယ်နက်အတွင်းသို့ ဖုန်းလင်းပေ ကျသွားသောမြင်ကွင်းသည် သူမ၏စိတ်အတွင်း၌ ရှိနေဆဲပင်။သူမသည် သူမ၏ခန္ဓာကိုယ်မှ ပြင်းထန်သောနာကျင်မှုကို တွန်းလှန်ကာ သူမ၏ခန္ဓာကိုယ် တုန်ရီနေပြီး ဖုန်းလင်းပေကျသွားသောနေရာထံသို့ ကြည့်လိုက်၏။ထိုနောက် သူမ၏လက်ကို ခက်ခက်ခဲခဲအားယူ၍မြှောက်ကာ ဖုန်းလင်းပေအား ကယ်တင်ရန်အတွက် ထပ်မံ၍မတ်တတ်ထရပ်လိုက်သည်။
ရှုကျူး၏လက်ဝါးရိုက်ချက်သည် အလွန်ပြင်းထန်သဖြင့် အကယ်၍ ဖုန်းလင်းပေသည် အချိန်မီကုသခြင်းမခံရပါက သေဆုံးရမည်မှာ သေချာပေါက်ပင်။
ပင်လယ်နက်အတွင်း၌ မရေမတွက်နိုင်သော ပင်လယ်နတ်ဆိုးသားရဲများ ရှိနေသည့်အချက်ကို ထည့်သွင်းဖော်ပြရန် မလိုတော့ချေ။
သို့ရာတွင် သူမ မတ်တတ်ထရပ်လိုက်သည်နှင့် ရှူကျူး၏အနက်ရောင်ဖိနပ်သည် သူမ၏ကျောပေါ်သို့ ကျရောက်လာသဖြင့် မလှုပ်ရှားနိုင်တော့ချေ။
"အား...."
"အား..."
ဖုန်းချမ်ယွီ၏ဆံပင်များ ဖရိုဖရဲဖြစ်နေကာ သူမ မတ်တတ်ထရပ်နိုင်ရန် ခက်ခက်ခဲခဲအားယူနေသော်လည်း သူမ၏နောက်ကျောကို ဖိထားသော ရှူကျူး၏ခြေထောက်သည် အလွန်လေးလံပေ၏။သူမသည် ဖုန်းလင်းပေကျသွားသောနေရာသို့ ကူကယ်ရာမဲ့စွာဖြင့် ကြည့်နေရုံသာတတ်နိုင်တော့သည်။
သူသည် မည်ကဲ့သို့မောင်မျိုး ဖြစ်သနည်း...
သူသည် သူမထက် များစွာပို၍အားနည်းသည့်တိုင် သူမအား အစဉ်အမြဲကူညီထောက်ပံ့ပေးပြီး သူမအပေါ် အလွန်အမင်းချစ်မြတ်နိုးသည်။
ဤကိစ္စများအားလုံးကို သူမ နားလည်သဘောပေါက်ပေ၏။
ဖုန်းလင်းပေ၏ပါရမီအရည်အချင်းသည် သူမထက်နိမ့်ကျသော်လည်း သူသည် ငယ်စဉ်ကလေးဘဝကတည်းက သူ၏ကျင့်ကြံခြင်းအရင်းအမြစ်များကို သူမအား တိတ်တဆိတ်ပေးအပ်ခဲ့သူပင်။
သူသည် မောင်ငယ်လေးတစ်ယောက်ဖြစ်သော်လည်း အမှန်အားဖြင့် သူမကို အလွန်ချစ်မြတ်နိုးသော အစ်ကိုကြီးတစ်ယောက်နှင့် ပို၍တူညီနေသည်။
ထို့ပြင် သူမ၏ဖခင်သေဆုံးသွားပြီးနောက် ဖုန်းလင်းပေသည် ဤကမ္ဘာလောကကြီးအတွင်း၌ သူမ၏တစ်ဦးတည်းသောဆွေမျိုးပင်။
"ဆရာ...ငါ မှားပါတယ်...ငါ မှားသွားပါတယ်...ငါ့ရဲ့ပြစ်မှုတွေအားလုံးကို ဝန်ခံပါတယ်...ငါက ကျွန်းအရှင်နေရာကို မလိုချင်တော့ဘူး....ငါ နင့်ကို တောင်းပန်ပါတယ်...ငါ့ရဲ့မောင်လေးကို ကယ်ပေးပါ....ကျေးဇူးပြုပြီးတော့ သူ့ကို ကယ်ပေးပါ"
မြေပြင်ပေါ်၌လဲကျနေသော ဖုန်းချမ်ယွီသည် သူမ၏လက်ချောင်းများကို မြေကြီးအတွင်းသို့ နက်ရှိုင်းစွာနှစ်ထားလေ၏။သူမ၏မျက်လုံးတစ်စုံလုံး နီမြန်းနေကာ သွေးမျက်ရည်များ စီးကျနေပြီး သူမ၏ခန္ဓာကိုယ်တစ်ခုလုံး တုန်ရီနေသည်။သူမသည် အလွန်အမင်းနှိမ့်ချသောလေသံဖြင့် ရှုကျူးကို အသနားခံတောင်းပန်နေလေ၏။
"ဟမ့် မင်းလို ပုန်ကန်တက်ပြီးတော့ ရက်စက်ကြမ်းကြုတ်တဲ့ မိန်းမမျိုးက တခြားလူတွေကိုလှည့်စားဖို့ ဒီလိုမျိုး ချိုသာတဲ့စကားလုံးတွေကို ထပ်မသုံးသင့်တော့ဘူး...ဒီတစ်ကြိမ်တော့ မင်း နောက်ကြောင်းပြန်လှည့်နိုင်မှာ မဟုတ်ဘူး"
ရှူကျူး၏မျက်နှာ ခက်ထန်တင်းမာနေပြီး သူသည် ဖုန်းချမ်ယွီ၏တောင်းပန်မှုကို လျစ်လျူရှု၍ သူမအားဖမ်းဆွဲကာ လေထုအတွင်းသို့ မြှောက်လိုက်သည်။
"အတိတ်မှာရှိခဲ့တဲ့ ဆရာတပည့်ဆက်ဆံရေးကြောင့် ငါက မင်းရဲ့အသက်ကို ချမ်းသာပေးမယ်"
"ဒါပေမဲ့ မင်း ကျူးလွန်ခဲ့တဲ့ပြစ်မှုတွေအတွက် ခွင့်လွှတ်ပေးလို့မရဘူး.. ဒါကြောင့် မင်းအပြစ်ဒဏ်ကို ရှောင်လွှဲလို့ရမှာ မဟုတ်ဘူး"
သူသည် ဖုန်းချမ်ယွီ၏အနီးသို့ ချဉ်းကပ်သွားပြီးနောက် သူ၏လက်ဝါးအတွင်း၌ စွမ်းအားများ တလိမ့်လိမ့်ထလာကာ သူမ၏ဝမ်းဗိုက်အောက်ပိုင်းကို ရိုက်နှက်လိုက်သည်။
"အား... "
ဖုန်းချမ်ယွီသည် စူးရှနာကျင်စွာ အော်ဟစ်လိုက်၏။ဤလက်ဝါးရိုက်ချက်သည် သူမ၏ဒန်တျန်ကို ကြေမွပျက်စီးသွားစေရုံသာမက သူမ၏ခန္ဓာကိုယ်တွင်းအင်္ဂါများကိုလည်း ဒဏ်ရာရရှိသွားစေသည်။ထို့ကြောင့် သူမ၏ပါးစပ်မှနေ၍ သွေးများနှင့်အတူ ခန္ဓာကိုယ်ကိုယ်တွင်း ကလီစာ အစအနများ ပန်းထွက်လာသည်။
သူမ တောင့်မခံနိုင်တော့ချေ။ သူမ၏မျက်လုံးတစ်စုံဖြင့် ပင်လယ်ရေပြင်အတွင်းသို့ ဖုန်းလင်းပေ ကျသွားသောနေရာကိုစူးစိုက်ကြည့်ပြီး တဖြည်းဖြည်းဝေဝါးလာသည်။နောက်ဆုံး၌ သူမသည် မြေပြင်ပေါ်သို့ လဲကျသွားကာ သတိလစ်မေ့မျောသွားပေ၏။
"သူ့ကိုဆွဲခေါ်ပြီးတော့ ကူရာလှိုဏ်ဂူထဲမှာ စိတ်ဝိညာဥ်ဖိနှိပ်ခြင်းသံနဲ့စိုက်ပြီး ဖမ်းချုပ်ထားလိုက်ကြစမ်း"
ရှူကျူးက ခက်ထန်ကျင်းပသောမျက်နှာဖြင့် သူ၏လက်ကို ဝှေ့ယမ်းပြီးနောက် လူနှစ်ယောက်က သတိလစ်မေ့မျောနေသော ဖုန်းချမ်ယွီကို ဆွဲခေါ်သွားတော့သည်။
မြေပြင်ပေါ်၌ ရှည်လျားသော သွေးစွပ်ကြောင်းရာကြီး ရှိနေသည်။
"ကျွတ် ကျွတ်....တော်တော်လေးအဖြစ်ဆိုးတာပဲ...ဒီမိန်းကလေးက ကျွန်းအရှင်ရဲ့သားနဲ့ ယှဉ်ပြိုင်ရဲမှတော့ ဒီလိုဖြစ်လာတဲ့အတွက် သူ့ကိုယ်သူပဲ အပြစ်တင်ရတော့မယ်"
ပိုင်ကျီးသည် ဖူးယောင်နေသောမျက်နှာဖြင့် ရောက်ရှိလာကာ အေးစက်စက်ရယ်မောလိုက်သည်။
"မင်းရဲ့ဒဏ်ရာတွေ ဘယ်လိုအခြေအနေရှိလဲ"
ရှုကျူးက မေးမြန်းသည်။
"ဒါကနာနေတုန်းပဲ"
ပိုင်ကျီးသည် သူ၏မျက်နှာကိုထိတွေ့ပြီးနောက် သူ၏ပါးစပ်ကိုမဲ့ရွဲ့ကာ ရက်စက်ကြမ်းကြုတ်စွာပြောဆိုလိုက်၏။
"တော်တော်လေး စိတ်ပျက်ဖို့ကောင်းတယ်...ဖုန်းချမ်ယွီက ဆိုးဆိုးရွားရွားအဆုံးသတ်ပီးသွားပေမယ့် ငါ့ကိုရိုက်နှက်ခဲ့တဲ့ တရားခံကတော့ အဝေးကိုထွက်သွားပြီ"
"မင်း သူ့ကို လက်စားချေဖို့ မစဉ်းစားနဲ့....သူ ပြန်လာတဲ့အချိန်ကျရင် ဒီကိစ္စကို ဘယ်လိုဖြေရှင်းမလဲဆိုတာကို စဉ်းစားထားစမ်း"
ရှုကျူးက အေစက်စက်အော်ငေါက်လိုက်သည်။
"အဖေ....ငါက ငါ့ရဲ့စဥ်းစားဉာဏ်ကိုအသုံးပြုပြီးတော့ ဒီကိစ္စကို ပြင်ဆင်ထားပြီးပါပြီ"
ပိုင်ကျီးက သရော်တော်တော်ပြောဆိုသည်။
"အင်း...."
ရှုကျူးက ခေါင်းတစ်ချက်ညိတ်ပြပြီး တုံ့ပြန်သည်။
"ဖုန်းချမ်ယွီနဲ့အဲ့ဒီလူရဲ့ကြားမှာရှိတဲ့ ဆက်ဆံရေးက သာမန်ပဲ....သူ့မှာ ဖုန်းယွီကျွန်းနဲ့ပတ်သက်ပြီးတော့ ဘာအတွေးမှမရှိဘူး....ဒါကြောင့် နောင်အနာဂတ်မှာ သူ ဖုန်းယွီကျွန်းကို ပြန်မလာနိုင်ချေများတယ်...တကယ်လို့ သူ ပြန်လာရင်တောင် ငါတို့တွေက ကြိုတင်ပြင်ဆင်ထားတဲ့ နည်းလမ်းတွေကိုသုံးပြီးတော့ ဖုန်းချမ်ယွီက သူ့ကိုယ်သူ သတ်သေသွားတယ်လို့ ပြောရမယ်"
"အဖေပြောတာ အမှန်ပဲ"
ပိုင်ကျီးက သရော်တော်တော်ပြောဆိုသည်။
"ဒါပေမဲ့ အဖေ....အဲ့ဒီကောင်စုတ်ပြန်မလာဘူးဆိုရင် ငါတို့ရဲ့ဖုန်းယွီကျွန်းမှာ ကျောထောက်နောက်ခံမရှိတော့ဘူး မဟုတ်လား"
"ဟမ့် သူ ပြန်လာတာမလာတာက ပြဿနာမရှိဘူး....ငါတို့က သူ့ရဲ့နာမည်ကိုငှားသုံးဖို့ပဲ လိုတယ်"
ရှုကျူးကပြောဆိုသည်
"အမှန်ပဲ... "
ပိုင်ကျီးသည် သဘောတူညီသည့်အနေဖြင့် ခေါင်းညိတ်ပြပြီးနောက် တစ်စုံတစ်ခုကိုသတိရသွားကာ ထပ်မံ၍မေးမြန်းလိုက်သည်။
"အဲ့ဒီကြားနေလူအိုကြီးတွေကိုရော ဘယ်လိုလုပ်ကြမလဲ"
"သူတို့အားလုံးကို ရှင်းလိုက်တော့"
ရှုကျူးက အေးစက်တင်းမာစွာ ပြောဆိုသည်။
"အစကတော့ ငါက အလွန်အကျွံ့မလုပ်ချင်တာကြောင့် သူတို့ကို ချန်ထားပြီး မင်းကို ဒီရာထူးနေရာ မှန်မှန်ကန်ကန်နဲ့ပေးချင်ခဲ့တာ...ဒါပေမဲ့ ရီဖုန်းရဲ့ကိစ္စက မတော်တဆဖြစ်လာမယ်လို့ ငါ မျှော်လင့်မထားမိဘူး...ဒီကိစ္စဖြစ်လာမှတော့ ငါက သွေးစွန်းတဲ့နည်းလမ်းကိုသုံးဖို့ပဲ ကျန်တော့တယ်"
"အဖေ...မင်း ဒီကိစ္စကိုသိသင့်တာ အချိန်အတော်ကြာနေပြီ....ငါ့ကို ဖုန်းချမ်ယွီနဲ့မျှမျှတတ ယှဉ်ပြိုင်ခိုင်းချင်ယောင်ဆောင်တာကအချိန်ဖြုန်းတာပဲ"
ပိုင်ကျီးက ပြောဆိုသည်။
"ဟမ့် ပါးစပ်ပိတ်ထားစမ်း ...တကယ်တော့ အရည်အချင်းအရ ပြောမယ်ဆိုရင် ဖုန်းချမ်ယွီက မင်းထက် အများကြီးပိုပြီး သန်မာအားကောင်းတယ်"
ရှုကျူးက အေးစက်စက်အော်ငေါက်လိုက်သည်။
ပိုင်ကျီး၏နှုတ်ခမ်း မဲ့ရွဲ့သွားကာ လက်မခံလိုသောအမူအရာဖြင့် အကြောဆန့်ပြီး ပျင်းတိပျင်းရွဲပြောဆိုလိုက်၏။
"ငါ့ကို အဖေ့ရဲ့သားဖြစ်ဖို့ ဘယ်သူက ပြောခဲ့တာလဲ...ဒါတွေ ထားလိုက်အုံး...ငါက ရီဖုန်းကို လွှတ်ပေးလိုက်ရတဲ့ ဒေါသတွေကို ဖုန်းချမ်ယွီဆီပုံချပြီးတော့ သူ့ကို နှိပ်စက်ညှဉ်းပန်းရမယ်"
ထိုသို့ပြောဆိုပြီးနောက် ပိုင်ကျီးသည် ကူရာလှိုဏ်ဂူထံသို့ လျှောက်လှမ်းသွားလိုက်၏။
Chapter 923
အရိပ်ကျွန်း၌....
ကမ်းစပ်တွင် လုပမ်ဝေ ဝက်ဝံနက် ကင်းခြေများခွေးနှင့် စိတ်ဝိညာဥ်ဘုရင်တို့ စုဝေးနေကြသည်။
ထို့ပြင် အထွတ်အထိပ်ရွှေအရိုးကို မတော်တဆရရှိခဲ့သော ပိုင်မီလည်း ရှိနေပေ၏။
ပိုင်မီသည် ညအိပ်ဝတ်စုံကို ဝတ်ဆင်ထားကာ သူမ၏ လက်အတွင်း၌ သံချေးတက်နေသော အိုးစုတ်တစ်လုံးကိုကိုင်ထားပြီး ကြိုးစားပမ်းစားမွှေနှောက်နေသည်။အိုးအတွင်းတွင် သဲများရှိနေပေ၏။
'မီးဖို'ခုံ၏နံဘေးတွင် မည်သည့်နေရာမှကောက်ယူလာမှန်းမသိရသော သစ်ရွက်များသစ်ကိုင်းများ ညှိုးနွမ်းခြောက်သွေ့နေသော ပွင့်ဖတ်များ ဖရဲနွယ်များစသည့် 'ဟင်းခတ်အမွှေးအကြိုင်'များထည့်ထားသော အိုးခွက်ပန်းကန်စုတ်များဖြင့် ပြည့်နှက်နေပေ၏။
မလှမ်းမကမ်းအကွာတွင် လုပမ်ဝေသည် ခန္ဓာကိုယ်ကိုကိုင်းကာ ကမ်းခြေပေါ်၌ အပင်ပေါက်များကို သပ်သပ်ရပ်ရပ်စိုက်ပျိုးနေသည်။တစ်ခါတရံ၌ သူသည် မတ်တတ်ရပ်ပြီး သူ၏ခါးကိုထုကာ တစ်ခါတစ်ရံ၌ သူ၏ကောက်ရိုးခမောက်ကိုချွတ်ပြီး ယပ်ခတ်လိုက်၏။
"နေမွန်းတည့်တဲ့အချိန်ထိ တူးဆွနေလိုက်တာ...ချွေးတွေတောင် မြေပေါ်ကိုကျနေပြီ"
လုပမ်ဝေက မိုးကောင်းကင်ယံကိုမော့ကြည့်ပြီး ပြောဆိုလိုက်သည်။
"အခုက နေ့လည်စာစားဖို့ အချိန်ကျပြီ"
ထိုသို့ပြောဆိုပြီးနောက် သူသည် စိုက်ပျိုးရေးသုံးပစ္စည်းများကို နံဘေးသို့ဖယ်ကာ ကမ်းခြေ၌ပတ်လျှောက်ပြီး 'အိမ်'ဟုခေါ်သောနေရာထံသို့ ဦးတည်၍ လျှောက်လှမ်းလေသည်။
"ရှင်မရေ ရှင်မ ငါ ပြန်လာပြီ"
သူသည် ကောက်ရိုးခမောက်ကို နံဘေးသို့ချွတ်ကာ မီးဖိုချောင်ထံသို့လျှောက်လှမ်းသွားပြီး ချစ်မြတ်နိုးသောအမူအယာဖြင့် ပိုင်မီ၏ခါးကို ပွေ့ဖက်လိုက်၏။
"ရှင်မ ချက်တဲ့ထမင်းဟင်းတွေက တကယ့်ကိုအရသာရှိတယ်"
လုပမ်ဝေသည် အိုးအတွင်းသို့ငုံကြည့်ကာ အနံ့ခံလိုက်ပြီး သူ၏မျက်နှာပေါ်၌ ပျော်ရွှင်သောအမူအယာတစ်ရပ် ထင်ဟပ်လာသည်။ထို့နောက် သူသည် နံဘေးတဖက်မှ သဲအနည်းငယ်ကိုကောက်ယူကာ အိုးအတွင်းသို့ ပစ်ထည့်လိုက်သည်။
"ရှင်မ ..ယောက်ျားက နည်းနည်းငံတဲ့အစားအစာတွေကို ကြိုက်တယ်...ဒါကြောင့် ဆားနည်းနည်းပိုထည့်ပေးပါ"
"ကောင်းပါပြီ သခင်ကြီး"
ပိုင်မီ၏မျက်နှာ ပြုံးရွှင်နေကာ တုံ့ပြန်သည့်အနေဖြင့် သူမ၏ခေါင်းကို အောက်သို့ငုံ့ထားသည်။သူမသည် သရုပ်ဆောင်ရာ၌ အရည်အချင်းမရှိသည်မှာ သိသာထင်ရှားသည်။
ဝါး..ဝါး...ဝါး...
နံဘေးတစ်ဖက်တွင်ရှိနေသည့် မြက်များဖြင့်ပြုလုပ်ထားသော ပုခက်အတွင်း၌ ကင်းခြေများကို အဖြူရောင်အဝတ်တစ်စဖြင့် ကောက်ညှင်းထုပ်ထုတ်သည့်အလား တင်းတင်းကြပ်ကြပ်ရစ်ပတ်ထားသည်။သူသည် အချိန်မှန်အရောက်၌ ငိုကြွေးကာ ကလေးဆန်သောအသံဖြင့် အော်ဟစ်လိုက်၏။
"အမေ..အမေ...."
"အိုး...ကလေးငိုနေပြီ...ရှင်မက အလုပ်ရှုပ်နေမှတော့ ငါက ကလေးကို သွားချော့လိုက်မယ်"
လုပမ်ဝေသည် ကင်းခြေများကို ပုခက်အတွင်းမှထုတ်ပြီး သူ၏လက်မောင်းအကြား၌ ပွေ့ဖက်ကာ နူးညံညင်သာစွာချော့မြူလိုက်၏။
"ဟေ့ ငါ့ရဲ့ပူတူးတူးလေး အိပ်တော့လေ"
ရွှတ်...ရွှတ်....
ကင်းခြေများသည် သဘာဝကျကျငိုရှိုက်ပြီးနောက် အချိန်အနည်းငယ်အကြာတွင် သူ၏မျက်လုံးများကို မှိတ်လိုက်၏။
ထို့နောက် လင်မယားနှစ်ယောက်သည် နေ့လည်စာကိုစားပြီး ခွေးသည် အမြီးကိုဝှေ့ယမ်းကာစားပွဲကို ပတ်ပြေးနေသည်။
"ရှင်မရေ...မင်း ခွေးကိုအစာကျွေးဖို့ မမေ့နဲ့အုံး....မဟုတ်ရင် ခွေးက ချေးတွေထပ်စားနေအုံးမယ်"
လုပမ်ဝေသည် ပန်းကန်လုံးအတွင်းမှ အရိုးတစ်ချောင်း(ကျောက်တုံး)ကို ထုတ်ယူပြီး ခွေးထံသို့ပစ်ပေးလိုက်သည်။
ဤသို့ဖြင့် စည်ကားသိုက်မြိုက်သော မိသားစုနေ့လေးတစ်နေ့ကို ပျော်ရွှင်စွာဖြတ်သန်းနိုင်ခဲ့လေ၏။
"အစ်ကိုကြီး အစ်ကိုကြီး...ငါ့ရဲ့သရုပ်ဆောင်စွမ်းရည်က ဘယ်လိုနေလဲ"
ပုခက်အတွင်းတွေရှိနေသော ကင်းခြေများသည် သူ၏ခန္ဓာကိုယ်ပေါ်မှ အဖြူရောင်အဝတ်စကိုဆွဲဖြဲပြီး လုပမ်ဝေထံမှ ဆုလာဘ်တောင်းရန်အတွက် အပြေးသွားလိုက်သည်။
"မင်းတို့အားလုံး အရမ်းတော်တယ်...တကယ်တော့ မိန်းကလေးပိုင်မီက အကောင်းဆုံးပဲ"
လုပမ်ဝေက ချီးမွမ်းလိုက်ကာ သူ၏အရိုးအနည်းငယ်ကို ခြစ်ထုတ်ပြီး ပိုင်မီထံသို့ ပေးလေသည်။
နံဘေးတစ်ဖက်တွင်ရှိနေသော ဝက်ဝံနက်ကြီးနှင့်စိတ်ဝိညာဥ်ဘုရင်တို့၏မျက်လုံးများအတွင်း၌ မျက်ရည်များရွှဲနေကာ သူတို့၏မျက်နှာပေါ်၌ ကြေကွဲဝမ်းနည်းမှုအရိပ်အယောင်များ ရှိနေသည်။
"အစ်ကိုကြီး...မင်း နောက်တစ်ခေါက် မိသားစုလုပ်တမ်းကစားရင် ငါတို့ကို ခေါ်ပါလား"
"နောက်တစ်ခေါက်....နောက်တစ်ခေါက်ကျရင်ခေါ်မယ်"
လုပမ်ဝေက ကျယ်လောင်စွာ အော်ဟစ်ရယ်မောပြီး မိသားစုအရသာကို ဆက်လက်၍ခံစားလိုက်သည်။
"ဟူး...မိန်းမတစ်ယောက်ရှိတာ အရမ်းကောင်းတာပဲ"
"ငါ လုပမ်ဝေက ဘယ်အချိန်ကျမှ ငါ့ရဲ့အချစ်စစ်ကို ရှာတွေ့နိုင်မှာလဲ"
ထိုမြင်ကွင်းကိုကြည့်ပြီး ခွေးနှင့်ကင်းခြေများ တို့သည် စတင်၍ မြှောက်ပင့်စကားများပြောဆိုလိုက်ကြကာ ဝက်ဝံနတ်ကြီးပင်လျှင် သံယောင်လိုက်၍ပြောဆိုသည်။
"အစ်ကိုကြီးက အရမ်းချောမောပြီးတော့ လွတ်လပ်ပေါ့ပါးတယ်...မကြာခင်မှာပဲ အချစ်စစ်ကို ရှာတွေ့မှာပါ"
"ဒါက အမှန်ပဲ...အစ်ကိုကြီး ခုထိ အချစ်စစ်ကိုရှာမတွေ့သေးတဲ့ အကြောင်းအရင်းက အစ်ကိုကြီးနဲ့လိုက်ဖက်ညီတဲ့ မိန်းမတစ်ယောက်ကို ရှာမတွေ့သေးလို့ပဲ"
"ဒါကြောင့် အစ်ကိုကြီးက ဒီအချိန်တိုအတွင်းမှာ အထီးကျန်ဆန်တာကို သည်းခံရမယ်...ဘယ်လိုပဲဖြစ်ဖြစ် အရမ်းထူးချွန်တဲ့ ယောက်ျားသားတွေက အထီးကျန်ဆန်ရလေ့ရှိတယ်"
သူတို့ပြောဆိုသောစကားများသည် အလွန်အသုံးဝင်သွားကာ လုပမ်ဝေက သူတို့၏ခေါင်းများကို ပွတ်သပ်ပြီး ချီးမွမ်းစကားပြောဆိုသည်။
သို့ရာတွင် ညီအစ်ကိုတစ်စုလုံး ပျော်ရွှင်နေစဉ်မှာပင် လုပမ်ဝေက ရုတ်တရက် မတ်တတ်ထရပ်ကာ သူ၏ဟောင်းလောက်ပေါင်းမျက်လုံးတစ်စုံဖြင့် မိုးကောင်းကင်ယံထံသို့ ကြည့်လိုက်၏။
"အရှင့်ရဲ့စိတ်ဆန္ဒကို ချိုးဖောက်ရဲတဲ့ တစ်ယောက်ယောက် ရှိနေတာပါလား"
သူ့ကိုကြည့်ရသည်မှာ တခြားအခြေအနေတစ်ခုသို့ ပြောင်းလဲသွားသည့်အလားပင်။
ထိုမြင်ကွင်းကိုမြင်တွေ့ချိန်တွင် ခွေးတို့တစ်စုသည်လည်း တည်ကြည်လေးနက်သောမျက်နှာအမူအယာများဖြင့် မတ်တတ်ရပ်လိုက်ကြ၏။
"အစ်ကိုကြီး .. ဘာကိစ္စရှိလို့လဲ"
ခွေးက စိတ်လှုပ်ရှားစွာဖြင့်မေးမြန်းသည်။
လုပမ်ဝေ၏လက် တစ်ချက်ဝှေ့ယမ်းလိုက်ခြင်းနှင့်အတူ မှတ်ဉာဏ်အမြောက်အများက ခွေး ဝက်ဝံနက်နှင့်တခြားသူများ၏ စိတ်များအတွင်းသို့ စီးဝင်လာသည်။
သူတို့အားလုံးသည် ယဇ်ပလ္လင်အတွင်းသို့ အရှင်သခင် ဝင်ရောက်သွားသည်ကို မြင်တွေ့မိလေ၏။
သူသည် လမ်းတလျှောက်လုံးရှိ အတားအဆီးများကို အောင်မြင်ခဲ့ကာ အမွေအနှစ်ကိုဆက်ခံပြီး ယဇ်ပလ္လင်မှ ပြန်ထွက်လာခဲ့သည်။
ထို့နောက် ဂုဏ်ပြုစားသောက်ပွဲကိုကျင်းပချိန်၌ အရှင်သခင်သည် ရှုကျူးအား ဖုန်းချမ်ယွီသည် နောက်အနာဂတ်ကျွန်းအရှင်ဖြစ်ရမည်ဟု ပြောဆိုနေသည်ကို သူတို့အားလုံး မြင်တွေ့မိသည်။
အရှင်သခင်ထွက်ခွာသွားပြီးနောက် ရူကျူးတို့လူစုသည် သူတို့၏ကတိကို ပြန်ရုတ်သိမ်းလိုက်ကြသည်။
သူတို့သည် အရှင်သခင်၏စကားများကို ဂရုမစိုက်ဘဲ ဖုန်းချမ်ယွီနှင့်ဖုန်းလင်းပေတို့ကို တိုက်ခိုက်သောမြင်ကွင်း ထွက်ပေါ်လာသည်
ခွေးတို့တစ်စုထံမှ ဒေါသများ ပွင့်အံ့ထွက်လာသည်။
"ဒီလောကကြီးထဲမှာ အရှင်သခင်ရဲ့စိတ်ဆန္ဒကို ချိုးဖောက်ဝံ့တဲ့လူတွေ တကယ်ကြီးရှိနေသေးတာပါလား...သူတို့က သေခြင်းတရားဆိုတဲ့စာလုံးကို ဘယ်လိုရေးရတယ်ဆိုတာ တကယ်မသိတဲ့ပုံပဲ"
"အစ်ကိုကြီး ဒါဆိုရင် ငါတို့ ဘာလုပ်သင့်လဲ"
ခွေး၏မျက်လုံးအတွင်း၌ စိတ်မကြည့်မသာဖြစ်နေသော အရိပ်အယောင်တစ်ရပ် ရှိနေသည်။
"အရှင်က ဒီကိစ္စကို မဖြေရှင်းနိုင်မှတော့ ငါ လုပမ်ဝေက ဒါကို ဖြေရှင်းရမယ်"
"အရှင်သုတ်လို့ မပြောင်တဲ့ဖင်ကိုတောင် ငါ လုပမ်ဝေက သုတ်ပေးရမယ်"
"ဒါက ငါ ခုထိရှိနေရတဲ့ အကြောင်းအရင်းပဲမဟုတ်လား"
လုပမ်ဝေက အေးစက်စက်ပြုံးပြီး သူ၏လက်ကို မြှောက်လိုက်ခြင်းနှင့်အတူ မိုးကောင်းကင်ယံသည် အက်ကွဲကြောင်းတစ်ခုအဖြစ် ဆုတ်ပြဲသွားပြီး အတွင်းသို့ခြေချလိုက်၏။
ကူရာလှိုဏ်ဂူ၌....
ပိုင်ကျီးသည် ဂုဏ်ယူဝံ့ကြွားမှုများ ပြည့်နေသောမျက်နှာဖြင့် ဖုန်းချမ်ယွီ၏ရှေ့၌ မတ်တတ်ရပ်နေသည်။သူ၏လက်အတွင်း၌ ကြာပွတ်ရှည်တစ်ချောင်းကို ကိုင်ထားကာ ဖုန်းချမ်ယွီအား အညှာအတာကင်းမဲ့စွာ ရိုက်နှက်နေပေ၏။
ဤသည်မှာ ညှင်းပန်းနှိပ်စက်ခြင်းကြာပွတ်ပင်။
ဤကြာပွတ်ရိုက်ချက်များသည် ဖုန်းချမ်ယွီ၏ရုပ်ခန္ဓာကိုယ်ကို နာကျင်စေရုံသာမက သူမ၏စိတ်ဝိညာဥ်ကိုလည်း အပြင်းအထန်ဒဏ်ရာရရှိစေသည်။
ဖုန်းချမ်ယွီသည် ပုံမှန်အနေအထား၌ ရှိနေလျှင်ပင် အကယ်၍ ဤကြာပွတ်ဖြင့် ရိုက်နှက်ခံရပါက သူမ ဒဏ်ရာအပြင်းအထန်ရရှိသွားပေမည်။ယခုအချိန်၌ သူမ၏ဒန်တျန်ပျက်စီးသွားကာ ခုခံကာကွယ်နိုင်စွမ်း ကင်းမဲ့နေသည့်အချက်ကို ထည့်ပြောရန်မလိုတော့ချေ။
ပိုင်ကျီး၏ညှင်းပန်းနှိပ်စက်မှုအောက်တွင် ဖုန်းချမ်ယွီသည် လူပုံမပေါက်တော့ဘဲ ရုပ်ပျက်ဆင်းပျက်ဖြစ်နေလေပြီ။
သို့ရာတွင် ပိုင်ကျီးသည် ဤမျှဖြင့် မရပ်တန့်သေးဘဲ ဆားငန်ရေထက် အဆတစ်ရာခန့်ပို၍ပြင်းထန်သော အရည်တစ်ပုံးကိုယူကာ ဖုန်းချမ်ယွီပေါ်သို့ ဖြန်းပက်လိုက်သည်။
ဤအရည်များသည် ဖုန်းချမ်ယွီ၏ဒဏ်ရာများကို ထိတွေ့မိသည်နှင့် ချက်ချင်းဆိုသလို ကြီးမားသောတုံ့ပြန်မှုတစ်ခု ဖြစ်ပွားလာသည်။ သူမ၏ဒဏ်ရာများမှ ရေနွေးငွေ့များအလား အခိုးအငွေ့များထွက်လာကာ တစ်ရှဲရှဲအသံများ မြည်ဟီးလာပေ၏။
"အား..."
စိတ်ဝိညာဥ်ဖိနှိပ်ခြင်းသံဖြင့် ချိတ်ပိတ်ခံထားရသော ဖုန်းချမ်ယွီထံမှ စူးရှနာကျင်စွာ အော်ဟစ်လိုက်သောအသံကြီး ထွက်ပေါ်လာသည်။ သူမ၏ခန္ဓာကိုယ်နှင့်စိတ်နှစ်ခုလုံးကို ညှဉ်းပန်းနှိပ်စက်မှု ခံနေရသဖြင့် သူမ၏အသိစိတ်သည် ပြိုလဲလုဆဲဆဲအခြေအနေသို့ ရောက်နေလေပြီ။
"ခွေးမ...ငါ့ကို တိုက်ခိုက်အုံးလေ...မင်းက ငါ့ကို အမြဲတမ်း တိုက်ခိုက်နေတာမဟုတ်လား"
ပိုင်ကျီးသည် ဖုန်းချမ်ယွီ၏ဆံပင်ကိုဆုပ်ကိုင်ကာ သူမ၏ခေါင်းကို အထက်သို့မော့လိုက်၏။သူမသည် ဤမျှထိ ညှင်းပန်းနှိပ်စက်ခြင်းခံထားရသည့်တိုင် သူမ၏မျက်နှာလေးသည် ချောမောလှပနေဆဲပင်။
"မင်း အရင်က အရမ်းတိုက်ခိုက်ချင်ခဲ့တာမဟုတ်လား"
"ရီဖုန်း ယဇ်ပလ္လင်ကနေ ထွက်လာတဲ့အချိန်တုန်းက မင်း အရမ်းဂုဏ်ယူဝံ့ကြွားနေတာ မဟုတ်လား"
"ငါ ရီဖုန်းရဲ့ရိုက်တာကို ခံနေရတဲ့အချိန်တုန်းက မင်း အရမ်းပျော်နေတာ မဟုတ်လား"
"အခု မင်း ဘယ်လိုတိုက်ခိုက်နိုင်မလဲဆိုတာ ငါ စောင့်ကြည့်နေမယ်"
ပိုင်ကျီးသည် ဖုန်းချမ်ယွီကို ပါးတစ်ချက်ဖြတ်ရိုက်ပြီး သူမ၏ဆံပင်ကို ထပ်မံ၍ ဆုပ်ကိုင်လိုက်၏။
"မင်းက အခု ရီဖုန်းပြန်လာပြီးတော့ မင်းကို ကယ်မှာကို မျှော်လင့်နေတာမဟုတ်လား"
"ဒါပေမဲ့ အဲ့ဒီလူက မင်းကို နည်းနည်းလေးတောင် အလေးအနက်မထားဘူး....သတင်းပေးတွေဆီကနေ ငါတို့ရထားတဲ့ သတင်းတွေအရ အခုအချိန်မှာ သူက အရမ်းဝေးကွာတဲ့နေရာကို ရောက်နေပြီ"
"ဒါကြောင့် ဒီလောကကြီးထဲမှာ မင်းကိုကယ်တင်မယ့်လူ တစ်ယောက်မှ မရှိတော့ဘူး..မင်းရဲ့စိတ်ကို လုံးလုံးလျော့ချလိုက်ပြီးတော့ ငါ့ရဲ့ညှဉ်းပန်းနှိပ်စက်မှုကို ပျော်ပျော်ရွှင်ရွှင်နဲ့ ခံယူလိုက်စမ်း"
"ဟား ဟား ဟား...."
ပိုင်ကျီးက ရက်စက်ကြမ်းကြုတ်သောမျက်နှာအမူအယာဖြင့် ကျယ်လောင်စွာ အော်ဟစ်ရယ်မောလိုက်သည်။
သို့ရာတွင် နောက်ထပ်အချိန်အခိုက်အတန့်မှာပင် သူ၏နောက်ရှိ စင်္ကြန်လမ်းမှ ခြေလှမ်းသံများ ထွက်ပေါ်လာသည်။
ရှပ်...ရှပ်....
ပိုင်ကျီး၏မျက်လုံး မှေးစင်းသွားပေ၏။
ထို့နောက် စင်္ကြန်လမ်းပေါ်တွင် ဤနေရာသို့ဦးတည်၍ လျှောက်လှမ်းလာသော ပုံရိပ်တချို့ရှိနေသည်ကို သူ မြင်တွေ့မိသည်။
အလင်းရောင်ကင်းမဲ့မှုကြောင့် သူတို့၏မျက်နှာများကို သူ ရှင်းရှင်းလင်းလင်းမမြင်တွေ့နိုင်ဘဲ သူတို့၏အနက်ရောင်ဝတ်ရုံများကိုသာ ဝိုးတဝါးမြင်တွေ့နိုင်ပေ၏။
Chapter 924
"ဘယ်သူလဲ...."
"ဒီနေရာက ကူရာလှိုဏ်ဂူ...ဒီနေရာကိုဝင်လာဖို့ မင်းတို့ကို ဘယ်သူက ခွင့်ပြုလိုက်တာလဲ...အခုချက်ချင်း ထွက်သွားကြစမ်း"
ဖုန်းယွီကျွန်း၏နောင်အနာဂတ်ဆက်ခံသူဖြစ်သော ပိုင်ကျီးအနေဖြင့် ကျွန်းတစ်ကျွန်းလုံးသည် သူ၏အပိုင်ပင်။သူ၏ပိုင်နက်နယ်မြေအတွင်း၌ ရှိနေသဖြင့် မည်သူမည်ဝါဖြစ်သည်ကို ဂရုမစိုက်ဘဲ သူ အော်ငေါက်လိုက်၏။
သို့ရာတွင် သူ၏အသံ ကျရောက်သွားသည်နှင့် မျက်နှာချင်းဆိုင်ဘက်ရှိ အနက်ရောင်ဝတ်ရုံဝတ်လူထံမှ အဖြူရောင်အရိုးလက်တစ်ချောင်း ဆန့်တန်းလာသည်ကို သူ မြင်တွေ့လိုက်ရသည်။
ထိုအရိုးလက်ဖြင့် ညင်သာစွာတစ်ချက်တောက်လိုက်ရုံဖြင့် စွမ်းအားလှိုင်းများ ပွင့်အံ့ထွက်လာသည်။
ခရက်..
"အား...."
ကြည်လင်ပြတ်သားသော အသံတစ်သံနှင့် အတူယှဥ်တွဲ၍ ပိုင်ကျီး၏စူးရှနာကျင်စွာအော်ဟစ်လိုက်သောအသံကြီး ထွက်ပေါ်လာသည်။
ထိုစွမ်းအားလှိုင်းသည် ပိုင်ကျီး၏သွားများကို ကျိုးပဲ့ပျက်စီးသွားစေကာ သူသည် မြေပြင်ပေါ်သို့ လဲကျသွားပေ၏။
ပိုင်ကျီးသည် နာကျင်မှုကြောင့် သူ၏ပါးစပ်ကို ဖုံးအုပ်ကာ စူးရှကျယ်လောင်စွာ အော်ဟစ်ငိုကြွေးလိုက်သည်။သူ၏လက်များဖြင့် သူ၏ပါးစပ်မှဒဏ်ရာကို ဖုံးအုပ်ထားနိုင်ခြင်းမရှိတော့ဘဲ သူ၏လက်ချောင်းများအကြားမှ သွေးများ ယိုစီးကျလာသည်။
"ခွေးကောင်....အတင့်ရဲလှချည်လား...ငါ ဘယ်သူလဲဆိုတာ မင်း သိလား...ဘယ်လိုသတ္တိမျိုးနဲ့ မင်းက ငါ့ကို တိုက်ခိုက်ရဲတာလဲ"
ပိုင်ကျီးသည် သူ၏ပါးစပ်ကိုဖုံးအုပ်ကာ ရက်စက်ကြမ်းကြုတ်စွာ အော်ဟစ်လိုက်သော်လည်း သူ၏အသံသည် တဝါးဝါးသာထွက်လာပြီး ရှင်းရှင်းလင်းလင်း မကြားရချေ။
နောက်ထပ်အချိန်အခိုက်အတန့်တွင်...
လေထုအတွင်း၌ မမြင်နိုင်သော လက်တစ်ဖက်ထွက်ပေါ်လာကာ သူ၏လည်ပင်းကိုဆုပ်ကိုင်ပြီးသူ့အား လေထုအတွင်းသို့ မြှောက်တင်လိုက်၏။
ကြီးမားသောမွန်းကြပ်မှုကြောင့် ပိုင်ကျီးကို အသက်ရှူမရဖြစ်သွားစေကာ သူ၏မျက်လုံးများ ပြူးကျယ်ပြီး သွေးနီရောင်သန်းနေသည်။
"မင်း....မင်းက ဘယ်သူလဲ"
သူသည် ခေါင်းဆောင်အနက်ရောင်ဝတ်ရုံဝတ်လူကိုကြည့်ပြီး ခက်ခက်ခက်ခဲအားယူ၍ မေးမြန်းလိုက်၏။
"အား..."
ထိုမျက်နှာကြီး သူ၏အနီးသို့ ချဉ်းကပ်လာချိန်၌ ပိုင်ကျီးသည် လိပ်ပြာလွင့်လုမတတ် ထိတ်လန့်ကြောက်ရွံ့သွားကာ သူ၏မျက်လုံးများ ကျွတ်ထွက်တော့လုမတတ်ပင်။
ဤသည်မှာ သေမင်းနတ်ဘုရား၏မျက်နှာပင်။
သို့ရာတွင် မျက်တောင်တစ်ခတ်စာအချိန်အတွင်းမှာပင် သူသည် ဝေဝါးနေသောအခြေအနေမှ ပြန်လည်ကောင်းမွန်သွားသဖြင့် ဤသည်မှာ သူ အမြင်မှားခြင်းဖြစ်မည်ဟု တွေးတောလိုက်သည်။
တချိန်တည်းမှာပင် မမြင်နိုင်သောလက်ကြီးသည် ပျောက်ကွယ်သွားကာ ပိုင်ကျီးသည် မြေပြင်ပေါ်သို့ ပြုတ်ကျသွားပေ၏။သူသည် လည်ပင်းကိုဆုပ်ကိုင်ကာ အသက်ကို ပင်ပင်ပန်းပန်းရှူရှိုက်နေရသည်။အနက်ရောင်ဝတ်ရုံဝတ်လူများ သူ့ကို အာရုံမစိုက်မိသေးမီ သူသည် သိုလှောင်လက်စွပ်အတွင်း၌ သိမ်းဆည်းထားသော ကူးပြောင်းရေးစာလိပ်ကို အလျင်အမြန်ထုတ်ယူလိုက်၏။
"ဟား ဟား ဟား ခွေးမသားတွေ ငါက ထွက်ပြေးနိုင်ခဲ့ပြီ...မင်းတို့ ငါ့ကို ဘာလုပ်နိုင်မလဲဆိုတာ စောင့်ကြည့်ကြတာပေါ့...ငါ အကူအညီခေါ်ပြီးတဲ့အထိ မင်းတို့ စောင့်နေကြစမ်း...မင်းတို့က ဘာကောင်တွေပဲဖြစ်နေနေ...ငါ့ကိုထိခိုက်အောင်လုပ်ရဲမှတော့ ဒီနေရာကနေ ဘယ်တော့မှ ထွက်မသွားနဲ့တော့"
ပိုင်ကျီးသည် အဝေးသို့ကူးပြောင်းသွားပြီဖြစ်သော်လည်း သူ ချန်ထားခဲ့သောစကားလုံးများသည် လေဟာနယ်အတွင်း၌ ပဲ့တင်ထပ်နေဆဲပင်။
"ဟမ့်...."
အနက်ရောင်ဝတ်ရုံအောက်မှနေ၍ အေးစက်စက်နှာမှုတ်သံတစ်သံ ထွက်ပေါ်လာကာ အထင်အမြင်သေးမှုများဖြင့် ပြည့်နှက်နေသည်။
ထိုနောက် လုပမ်ဝေသည် သူ၏လက်ကိုညင်သာစွာမြှောက်ကာ လေဟာနယ်နှင့်ပေါင်းစည်းပြီး သူ၏လက်ချောင်းငါးချောင်းဖြင့် ဖမ်းဆုပ်လိုက်သည်။
ဤကိစ္စများအားလုံးသည် အလွန်ကြာရှည်ပုံရသော်လည်း အမှန်အားဖြင့် အချိန်တိုအတွင်း၌ ဖြစ်ပျက်သွားခြင်းပင်။
ဤအချိန်အခိုက်အတန့်တွင် ဖုန်းယွီဂိုဏ်း၏ခန်းမအတွင်း၌ လူများဖြင့်ပြည့်နှက်နေပြီး သူတို့အားလုံးသည် ရှုကျူး၏အပေါင်းအဖော်များပင်။အစောပိုင်းက သူသည် ဖုန်းယွီဂိုဏ်းရှိလူများအနက် သူ့အားဆန့်ကျင်သော လူများအားလုံးကို ဖမ်းဆီးအကျဉ်းချခဲ့သည်။
ပိုင်ကျီးသည် ဖုန်းယွီဂိုဏ်း၏ခန်းမအတွင်းသို့ ချက်ချင်းကူးပြောင်းလာပေ၏။
ပိုင်ကျီး၏ရုတ်တရက်ထွက်ပေါ်လာမှုသည် လက်ရှိနေရာတွင်ရှိနေသော လူများအားလုံး၏စိတ်အာရုံများကို ဆွဲဆောင်သွားနိုင်သည်။အထူးသဖြင့် ပိုင်ကျီး၏ပါးစပ်မှ သွေးများ အဆက်မပြတ်ယိုစီးကျနေကာ သူ့ထံ၌ သွားမရှိတော့သည့် အခြေအနေတွင် ရှိနေသောကြောင့် ရှူကျူး အလွန်အမင်း စိုးရိမ်ပူပန်သွားသည်။
"ဘာဖြစ်ခဲ့တာလဲ"
ရှူကျူးက စားပွဲကိုရိုက်ပုတ်၍ မတ်တတ်ထရပ်ပြီး အသံနက်ကြီးဖြင့် မေးမြန်းလိုက်၏။
"အဖေ...ဂိုဏ်းထဲကို ကျူးကျော်လာတဲ့ ရန်သူတွေရှိပြီးတော့ သူတို့တွေက ငါ့ကို သတ်ချင်နေတယ်...အခု သူတို့က ကူရာလှိုဏ်ဂူထဲမှာ ရှိနေတယ်...သူတို့ကိုကြည့်ရတာ အဲ့ဒီဖုန်းချမ်ယွီဆိုတဲ့မိန်းမကို ကယ်ချင်နေတဲ့ပုံပဲ...ငါက မင်း ငါ့ကိုပေးထားတဲ့ ကူးပြောင်းရေးစာလိပ်ကိုသုံးပြီးလွတ်မြောက်လာခဲ့တာ...သူတို့ကို မြန်မြန် သွားသတ်လိုက်ပါ"
ထိုသို့ပြောဆိုပြီးနောက် ပိုင်ကျီးသည်သူ၏ပါးစပ်ကိုဖုံးအုပ်ကာ နာကျည်းမုန်းတီးသောအသံဖြင့် အော်ဟစ်လိုက်သည်။
"သူတို့က ငါ့ရဲ့သွားတွေကို ချိုးခဲ့တယ်...ငါက သူတို့ကို ဆိုးဆိုးရွားရွားသေစေချင်တယ်"
"ဘာ..."
"ငါ့ရဲ့ဖုန်းယွီဂိုဏ်းထဲကို ကျူးကျော်ဝင်လာပြီးတော့ ကူရာလှိုဏ်ဂူထဲမှာ ဖမ်းထားတဲ့လူကို ကယ်ဖို့ကြိုးစားရဲတာလား"
ရှူကျူးသည် ချက်ချင်းဒေါသူပုန်ထသွားလေ၏။
သို့ရာတွင် ထိုအချိန်မှာပင် ခန်းမ၏အထက်ရှိ လေဟာနယ်အတွင်း၌ လျှို့ဝှက်ဆန်းကြယ်သော လှုပ်ခတ်မှုလှိုင်းများ ထွက်ပေါ်လာသည်။
ရှူကျူးက ခေါင်းမော့ကြည့်လိုက်ပြီးနောက် သူ၏စိတ်နှလုံးသားအတွင်း၌ ဆိုးရွားသောနိမိတ်တစ်ခု ရရှိလာသည်။
အမှန်တကယ်ကိုပင်....
နောက်ထပ်အချိန်အခိုက်အတန့်၌ ပိုင်ကျီး၏နောက်ရှိ လေဟာနယ်စုတ်ပြဲသွားကာ အဖြူရောင်အရိုးလက်တစ်ဖက် ရုတ်တရက် ဆန့်ထွက်လာပြီး ပိုင်ကျီး၏လည်ပင်းကို ဖမ်းဆုပ်လိုက်၏။
ပိုင်ကျီး၏ခန္ဓာကိုယ် ရုတ်တရက် တောင့်တင်းသွားသည်။
အကြွင်းမဲ့အကြောက်တရားသည် သူ၏စိတ်နှလုံးသားအတွင်း၌ ပျံ့နှံ့သွားကာ သူ့ထံသို့ သေခြင်းတရား ချဉ်းကပ်လာသည်ကို ခံစားမိသည်။
ဘန်း...
ကျယ်လောင်သောဘန်းခနဲမြည်သံနှင့်အတူ ပိုင်ကျီး၏ခေါင်းပေါက်ကွဲသွားကာ အသွေးအသားများအဖြစ် ပြန့်ကျဲသွားပြီး ရှုကျူး၏မျက်နှာထက်သို့ပင် လွင့်စင်ကျလာသည်။
"အတင့်ရဲလှချည်လား"
သူ၏မျက်လုံးရှေ့၌ သားဖြစ်သူ အသတ်ခံလိုက်ရသည်ကိုကြည့်ပြီး ရှုကျူး၏မျက်လုံးများ နီမြန်းသွားသည်။
သူ၏သားသည် ငယ်ရွယ်စဉ်ကလေးဘဝကတည်းက သူနှင့်ဝေးကွာနေခဲ့သည်။သူ နှစ်ပေါင်းများစွာ ရှာဖွေပြီးမှ သားဖြစ်သူကို ပြန်လည်တွေ့ရှိခဲ့ခြင်း ဖြစ်ပေ၏။
ယခုအချိန်၌ သားအဖနှစ်ယောက် ပြန်လည်၍ပေါင်းစည်းနိုင်ခဲ့ကာ ဖုန်းယွီကျွန်းတစ်ကျွန်းလုံးကို ထိန်းချုပ်နိုင်ခဲ့သော်လည်း သူ့၏သား သေဆုံးသွားလေပြီ။
"ငါ မင်းကို သတ်မယ်"
ရှူကျူးသည် ကျယ်လောင်စွာအော်ဟစ်ပြီးနောက် သူ့ထံမှနေ၍ တာအိုနယ်ပယ် ကျင့်ကြံဆင့်အခြေခံစွမ်းအား ပွင့်အံ့ထွက်လာသည်။ သူ၏ခန္ဓာကိုယ်မှ မီးတောက်များ ထွက်ပေါ်လာကာ သူ့ကိုကြည့်ရသည်မှာ မီးလူသားတစ်ယောက်အလားပင်။
သူသည် မီးတောက်များအနက်မှာတစ်ခုဖြင့် ပေါင်းစပ်ထားသည်မှာ သိသာထင်ရှားလှ၏။
သူ၏မီးတောက်အရှိန်အဝါထွက်ပေါ်လာပြီးနောက် သူ ပြုလုပ်သောလှုပ်ရှားမှုတိုင်း မီးစွမ်းအားများဖြင့် ပြည့်နှက်နေသည်။မဟာခန်းမတစ်ခုလုံး၏အပူချိန်ပင်လျှင် သိသိသာသာမြင့်တက်လာပြီး ပစ္စည်းအမြောက်အများ အလျင်အမြန်အရည်ပျော်သွားခဲ့သည်။
ရှုကျူးသည် ဒေါသသတ်ကြီးဖြင့် ပြင်းထန်သောမီးတောက်များကို အသုံးပြုကာ လေဟာနယ်ထံဦးတည်ပြီး လက်ဝါးတချက်ရိုက်နှက်လိုက်သည်။
ဘုန်း...
လက်ဝါးနှစ်ဖက် ထိပ်တိုက်ရင်ဆိုင်မိချိန်တွင် ပြင်းထန်သောလေပြင်းမုန်တိုင်းတစ်ရပ် ပွင့်အံ့ထွက်လာသည်။
စွမ်းအားလှုပ်ခတ်မှုလှိုင်းများသည် အရပ်မျက်နှာအဘက်ဘက်သို့ ပြန့်သွားပြီး နံဘေး၌ရပ်နေသော အဆင့်မြင့်အကြီးအကဲများသည် နောက်သို့ထပ်ခါတလဲလဲဆုတ်လိုက်ကြ၏။
သို့ရာတွင် ရှူကျူး၏မျက်လုံးများ ပြူးကျယ်နေကာ ထိတ်လန့်ကြောက်ရွံ့မှုများဖြင့် ပြည့်နှက်နေသည်။
မီးတောက်များဖြင့် ပြည့်နှက်နေသော သူ၏လက်ဝါးသည် အဖြူရောင်အရိုးလက်ဝါးဖြင့် ထိတွေ့မိသည်နှင့် သူ၏လက် လှုပ်ရှား၍မရတော့ဘဲ စူးရှသောအေးစက်မှုတစ်ခုကို ခံစားလိုက်ရသည်။ဤအရာသည် သူ၏မီးတောက်များကို အလျင်အမြန်ငြိမ်းသေသွားစေကာ သူ၏လက်တစ်ချောင်းလုံးထံသို့ ပျံ့နှံ့လာသည်။
သူ၏လက်သည် သာမန်မျက်လုံးဖြင့် မြင်နိုင်သောအရှိန်ဖြင့် အေးခဲတောင့်တင်းနေလေပြီ။
တစ်ချိန်တည်းမှာပင် ထိုအရာသည် သူ၏ခန္ဓာကိုယ်တစ်ခုလုံးထံသို့ ဆက်လက်၍ ပျံ့နှံ့နေပေ၏။
ကံကောင်းထောက်မစွာဖြင့် ရှူကျူးသည် ပြတ်သားသောလူတစ်ယောက်ပင်။ရုတ်ချည်းဆိုသလိုပင် သူသည် ဓားရှည်တစ်လက်ကို ဆင့်ခေါ်ကာ သူ၏လက်ကို လက်မောင်းအရင်းမှ ခုတ်ပိုင်းလိုက်သည်။
ပြတ်တောက်သွားသောလက်သည် မြေပြင်ပေါ်သို့ ကျရောက်သွားသော်လည်း ခပ်အုပ်အုပ်အသံမကြားရပဲ ရေခဲရုပ်တုတစ်ခု ကျသွားသည့်အလား ကြည်လင်ပြတ်သားသော အသံတစ်သံ ထွက်ပေါ်လာသည်။ထိုလက်သည် မြေပြင်နှင့်ထိတွေ့မိသည်နှင့် ရေခဲအစအနများအဖြစ်သို့ပြောင်းလဲကာ အရပ်မျက်နှာအဘက်ဘက်သို့ ပြန့်ကျဲသွားသည်။
ထို့နောက် လေဟာနယ် ပုံပျက်သွားကာ အဖြူရောင်အရိုးလက်ဝါး ပျောက်ကွယ်သွားပေ၏။
ဤသည်မှာ မည်သည့်ကိစ္စမျှ မဖြစ်ခဲ့သည့်အလားပင်။
သို့ရာတွင် ရှုကျူးသည် နေရာမှာပင် ဟောဟဲဆိုက်နေကာ သူ၏မျက်နှာပေါ်၌ ထိတ်လန့်ကြောက်ရွံ့မှုအရိပ်အယောင်တစ်ရပ် ရှိနေသည်။
သူ၏စိတ်နှလုံးသားအတွင်း၌ ထိတ်လန့်ကြောက်ရွံ့မှုများ ရစ်သိုင်းလွှမ်းခြုံနေပေ၏။
သူ့၏လက်သည် တဖက်လူ၏ လက်ဝါးတစ်ဖက်ဖြင့် ထိတွေ့မိသည်နှင့် ဆုံးရှုံးလိုက်ရမည်ဟု သူ မျှော်လင့်မထားမိချေ။အကယ်၍ သူ၏တုံ့ပြန်မှု လျင်မြန်ခြင်းမရှိပါက လက်တစ်ချောင်းဆုံးရှုံးရသည်ထက် ပို၍ကျော်လွန်နေပေမည်။
ဤသည်မှာ သူအား အလွန်အမင်းတုန်လှုပ်ချောက်ချားသွားစေသည်။
ထို့ပြင် ဤလက်ဝါးရိုက်ချက်သည် ခွန်အားတစ်ဝက်ကိုပင် စိုက်ထုတ်ထားပုံမရချေ။ထိုလက်သည် ပိုင်ကျီးသေဆုံးသွားစေရန် ဖျစ်ညှစ်ခဲ့ပြီးနောက် သူ့အား ပေါ့ပေါ့ပါးပါးရင်ဆိုင်သွားခဲ့ခြင်းပင်။
သူ ထပ်မံ၍တွေးကြည့်ချိန်၌.....
အစောပိုင်းက လက်ဝါးရိုက်ချက်သည် အင်အားတစ်ဝက်ကို အသုံးပြုထားခြင်းမရှိသည့်တိုင် သူ၏လက်တစ်ဖက်ကို ဆုံးရှုံးသွားစေလေရာ ထိုလက်ဝါး၏ပိုင်ရှင်သည် မည်မျှထိ အစွမ်းထက်နေသနည်း။
ရှူကျူးသည် ဤကိစ္စကို တွေးတောကြည့်၍မရချေ။
သူ၏မျက်နှာပေါ်တွင် အလွန်အမင်းအလေးအနက်ထားသောအရိပ်အယောင်များ ထင်ဟပ်လာသည်။
ဤကဲ့သို့ အစွမ်းထက်သော ရန်သူတစ်ယောက်သည် သူ တွေးထင်ထားသည်ထက် များစွာပို၍ကျော်လွန်စနေသည်။
"ဒီလိုမျိုး အစွမ်းထက်တဲ့ ဆရာကြီးတစ်ယောက်က ဘယ်နေရာကနေ ရောက်လာတာလဲ"
"ငါတို့ကို ရန်လိုနေတဲ့ လူတွေကြားမှာလည်း ဒီလိုလူစားမျိုး တစ်ယောက်မှ ရှိပုံမရဘူး"
သူ မည်သို့မျှ ရှာဖွေဖော်ထုတ်နိုင်ခြင်းမရှိချေ။
တစ်ချိန်တည်းမှာပင် သူ၏လက်ကို တစ်ချက်ဝှေ့ယမ်းပြီး ပိုင်ကျီး၏တာအိုနှလုံးသားကို ထုတ်ယူလိုက်၏။
ပိုင်ကျီး၏ရုပ်ခန္ဓာကိုယ် သေဆုံးသွားသော်လည်း တာအိုနှလုံးသားရှိနေသရွေ့သူ လုံးလုံးလျားလျား သေဆုံးသွားမည်မဟုတ်ချေ။အဆိုးဆုံးအနေဖြင့် သူသည် ပိုင်ကျီးအတွက် တခြားရုပ်ခန္ဓာကိုယ်တစ်ခုကို ရှာဖွေပေးရုံပင်။
ဤသည်မှာ တာအိုကြေးမုံနယ်ပယ် ကျင့်ကြံသူတစ်ယောက်၏စွမ်းအားဖြစ်ပြီး အကယ်၍ သူသေဆုံးသွားလျှင်ပင် သူ၏တာအိုနှလုံးသားကိုမှီခို၍ ပြန်လည်မွေးဖွားနိုင်စွမ်းရှိသည်။
ပိုင်ကျီး၏တာအိုနှလုံးသား ပျံ့လွင့်လာကာ သူ၏မျက်နှာအဖြစ် ဖွဲ့စည်းသွားပြီး သူ၏ပါးစပ်ကိုဖွင့်ဟ၍ ကျယ်လောင်စွာအော်ဟစ်လိုက်၏။
"အဖေ...ငါ့ရဲ့ခန္ဓာကိုယ် မရှိတော့ဘူး...ငါ့ရဲ့ခန္ဓာကိုယ် မရှိတော့ဘူး...ငါ ဘယ်လိုလုပ်ရမှလဲ....ငါ့ကိုကူညီပြီးတော့ လက်စားချေပေးပါ....သူတို့ကို အစိတ်စိတ်အမွှာမွှာ ဆုတ်ဖြဲပေးပါ....သူတို့ရဲ့အလောင်းတွေကို တစစီလုပ်ပစ်ရမယ်"
ရှုကျူး၏မျက်နှာ သုန်မှုန်သွားသည်။
ဤသည်မှာ လက်စားချေရန်အချိန် ဖြစ်သလော....
ပိုငိကျီးသည် အခြေအနေကို မည်သည်ကြောင့် ရှင်းရှင်းလင်းလင်း မမြင်တွေ့နိုင်သနည်း...
အကယ်၍ ပိုင်ကျီးသည် သူ၏သားမဟုတ်ပါက သူသည် ပိုင်ကျီး၏တာအိုနှလုံးသားကို ခြေမွှဖျက်ဆီးပြီး ချက်ချင်းသတ်ဖြတ်လိုသည်။
ထိုအချိန်မှာပင် ခန်းမ၏ပြင်ပမှနေ၍ ပြင်းထန်သောခြေလှမ်းသံများ ထွက်ပေါ်လာသည်။
ရှပ်...
ရှပ်....
ဤခြေလှမ်းသံများကြောင့် ခန်းမအတွင်းတွင်ရှိနေသော ပိုင်ကျီးလူစု၏မျက်နှာအမူအယာများ သိသိသာသာပျက်ယွင်းသွားသည်။
အကြောင်းအရေးမှာ ထိုခြေလှမ်းသံကို တစ်ချက်ကြားရချိန်တိုင်း သူတို့၏ရင်ဘတ်များကို လေးလံသော သံမဏိတူဖြင့် ထုနှက်နေသည့်အလား အလွန်အမင်းပြင်းထန်သော မမြင်နိုင်သည့် ဖိအားအရှိန်အဝါကို ခံစားရသောကြောင့်ပင်။
Chapter 925
ဤအချိန်အခိုက်အတန့်တွင် ခန်းမအတွင်းရှိ လူများအားလုံးထံ၌ ဇောချွေးများပြန်နေသည်။
သူတို့၏မျက်လုံးအကြည့်များသည် ခန်းမ၏ပြင်ပထံတွင် အခိုင်အမာကျရောက်နေပေ၏။
ခြေလှမ်းသံများသည် တဖြည်းဖြည်းနီးကပ်လာလေပြီ။
ပြင်းထန်သောဖိအားအရှိန်အဝါသည် ဆက်လက်၍ ရိုက်ခတ်နေဆဲဖြစ်သဖြင့် လူများအားလုံးသည် သူတို့ပေါ်သို့ တောင်ကြီးတစ်လုံးဖိစီးလာသည့်အလား ခံစားနေရသည်။
ဘုန်း....
ခန်းမအတွင်းတွင်ရှိနေသော လူတချို့သည် ထိုဖိအားအရှိန်အဝါကို တောင့်မခံနိုင်တော့သဖြင့် မြေပြင်ပေါ်၌ ဒူးထောက်လိုက်ကြသည်။
ဒူးထောက်ကျသွားခြင်း မရှိသောလူများသည်လည်း အလွန်အမင်းခက်ခဲသော ကိုယ်နေဟန်ထားဖြင့် သူတို့ကိုယ်သူတို့ ထိန်းသိမ်းနေရသည်။
နောက်ထပ်ခြေတစ်လှမ်း...
လူအများစုသည် ထိုဖိအားအရှိန်အဝါကို တောင့်မခံနိုင်တော့သဖြင့် မြေပြင်ပေါ်၌ ဒူးထောက်လိုက်ကြ၏။
ရှပ်...ရှပ်...ရှပ်...
ခြေလှမ်းသံများ ဆက်လက်၍ ထွက်ပေါ်နေဆဲပင်။
ထိုလူ ခြေတစ်လှမ်းလှမ်းလိုက်သည့် အချိန်တိုင်း လူအမြောက်အများ ဒူးထောက်လိုက်ကြသည်။
ရှုကျူး၏မျက်စိသူငယ်အိမ်များ သွေးနီရောင်သန်းနေသည်။သူသည် ဖုန်းယွီကျွန်း၏အစွမ်းထက်ဆုံးကျင့်ကြံသူဖြစ်သဖြင့် ယခုအချိန်ထိ ဒူးမထောက်သေးသော်လည်း သူ့၏ခြေထောက်များ အထိန်းအကွပ်မဲ့စွာဖြင့် တုန်ရီနေသည်။သူ၏ခြေထောက်အောက်ရှိ ကြမ်းပြင်တွင် အက်ကွဲကြောင်းများဖြင့် ပြည့်နှက်နေကာ ပင့်ကူအိမ်တစ်ခုအလား အရပ်မျက်နှာအဘက်ဘက်သို့ ပျံ့နှံ့သွားသည်။
တံခါးသည် အလိုအလျောက် ပွင့်သွားလေ၏။
ပုံပန်းသွင်ပြင်များကို ရှင်းရှင်းလင်းလင်းမမြင်တွေ့နိုင်သော အနက်ရောင်ဝတ်ရုံဝတ်လူတချို့သည် တံခါးဝသို့ ရောက်ရှိနေလေပြီ။
သူတို့ တံခါးထံသို့ ရောက်ရှိလာစဉ်တွင် ခန်းမအတွင်းရှိ လူအားလုံးနီးပါး မြေပြင်ပေါ်၌ ဒူးထောက်နေကြသည်။သူတို့သည် ဖိအားအရှိန်အဝါကို တောင့်ခံနိုင်ခြင်းမရှိသဖြင့် မြေပြင်ပေါ်၌ဝပ်တွားနေကြကာ မတ်တတ်မရပ်နိုင်ကြတော့ချေ။
ခန်းမအတွင်း၌ ရှုကျူးတစ်ယောက်တည်းသာလျှင် ဇွဲနပဲကြီးစွာဖြင့် တောင့်ခံနေသည်။
ခေါင်းဆောင်အနက်ရောင်ဝတ်ရုံဝတ်လူသည် နောက်ထပ်ခြေတစ်လှမ်းလှမ်းကာ ခန်းမအတွင်းသို့ ခြေချလိုက်၏။
ဤခြေတစ်လှမ်းကြောင့်....
သိသာသောအပြောင်းအလဲများ ဖြစ်ပွားလာသည်။
ဘုန်း....
ရှုကျူးသည် သူ၏နှလုံး ပြင်းထန်စွာဒဏ်ရာရရှိသွားသည်ကို ခံစားမိကာ သူ၏ပါးစပ်မှ သွေးများ အန်ထုတ်လိုက်ရသည်။သူသည် တောင်တစ်လုံးပြိုလဲသွားသည့်အလား မြေပြင်ပေါ်သို့ ဒူးထောက်ရက်သား လဲကျသွားကာ သူ၏ခုံညင်းရိုးများ ကျိုးပဲ့သွားသည်။
သူသည် သူ၏ခေါင်းကိုခက်ခက်ခက်ခဲမော့ပြီး ရောက်ရှိလာသူကိုကြည့်ကာ သူ့၏သွားများ တဂတ်ဂတ်တုန်ရီနေသည်။
သူ၏သေးငယ်သော ဖုန်းယွီကျွန်းသည် ဤကဲ့သို့ အစွမ်းထက်သော ဆရာကြီးတစ်ယောက်ကို မည်ကဲ့သို့ရန်စခဲ့ကြောင်း သူ ရှာဖွေဖော်ထုတ်နိုင်ခြင်းမရှိချေ။
သို့ရာတွင် ကံကောင်းထောက်မစွာဖြင့် သူ့ထံ၌ ဝှက်ဖဲတစ်ချပ်ရှိနေဆဲပင်။
သူသည် ရီဖုန်းကို အပြစ်ပြုသည်အထိ စွန့်စားဝံ့ကာ ပိုင်ကျီးကို နောင်အနာဂတ်ကျွန်းအရှင်နေရာအား အောင်မြင်စွာရရှိစေပြီး ဖုန်းယွီကျွန်းတစ်ကျွန်းလုံးကို သန့်စင်ခဲ့သည်။ဤကဲ့သို့ပြတ်သားသောဆုံးဖြတ်ချက်တစ်ခုကို မည်သည့်ဝှက်ဖဲမျှမရှိဘဲ သူ ပြုလုပ်ခဲ့မည်မဟုတ်ချေ။
သူ့၏လက်အတွင်း၌ ဝှက်ဖဲတစ်ချပ် အမှန်တကယ်ကိုရှိနေသည်။
ဤဝှက်ဖဲသည် တာအိုသက်သေပြုခြင်း အထွတ်အထိပ်နယ်ပယ်၌ ရှိနေသော ဆရာကြီးတစ်ယောက်ပင်။
သူသည် မသိမသာခေါင်းမော့ကာ မိုးကောင်းကင်ယံတစ်နေရာထံသို့ကြည့်ပြီး အသံသတင်းစကားပေးပို့လိုက်၏။
"စီနီယာဝမ်...အခုအချိန်မှာ ဖုန်းယွီကျွန်းက အရမ်းနက်နဲသိမ်မွေ့တဲ့ ရန်သူတစ်ယောက်နဲ့ ရင်ဆိုင်နေရတယ်... အဲ့ဒီရန်သူကို နှိမ်နင်းဖို့အတွက် စီနီယာဝမ်က ကူညီပေးမယ်လို့ ငါ မျှော်လင့်မိတယ်"
ရှူကျူး အသံသတင်းစကားပေးပို့လိုက်သည်နှင့် တစ်ချိန်တည်းမှာပင် ဖုန်းယွီမျှော်စင်၏ထိပ်ဆုံးထပ်၌....
မျှော်စင်၏ထောင့်တစ်နေရာတွင် အဖြူရောင်ဝတ်စုံဝတ်လူငယ်တစ်ယောက် ခွေခေါက်နေကာ သူ၏ခန္ဓာကိုယ်တစ်ခုလုံး တုန်ရီနေပြီး သူ၏လက်ဖြင့် သူ၏ပါးစပ်ကို တင်းတင်းကြပ်ကြပ်ပိတ်ထားသည်။
တချိန်တည်းမှာပင် သူ၏အရှိန်အဝါကို အဆုံးစွန်ဆုံးအဆင့်ထိ ဖုံးကွယ်ထားပြီး အသံတစ်သံကိုပင် မထွက်ဝံ့ချေ။
"ဘယ်လောက်တောင် ကြောက်ဖို့ကောင်းတဲ့ မွန်းစတားလဲ....ဒီသောက်ရေးမပါတဲ့ ရှုကျူးက ခုလိုမျိုး အစွမ်းထက်တဲ့ မွန်းစတားကောင်ကို ရန်စခဲ့တာလား"
"အရမ်းကြောက်ဖို့ ကောင်းတယ်...သူက ငါ့ရဲ့အရင်ဘဝက အထွတ်အထိပ်အခြေအနေထက်တောင် အဆတစ်ရာကျော် ပိုပြီးသန်မာအားကောင်းတယ်"
"မဟုတ်ဘူး...ငါ့ကို မရှာနဲ့...ငါ့ကို လာမရှာနဲ့...ဒါက ငါနဲ့ဘာမှမဆိုင်ဘူး"
"အဲ့ဒီ ငါယိုးမသားရှူကျူးနဲ့ပဲ ဆိုင်တယ် ...ကျေးဇူးပြုပြီးတော့ ငါ့ကို အလွတ်ပေးပါ"
သူသည် သူ၏စိတ်နှလုံးသားအတွင်းမှနေ၍ အရူးအမူးဆုတောင်းနေသည်။
သို့ရာတွင် နောက်ထပ်အချိန်အခိုက်အတန့်မှာပင်...
ရှုကျူး၏အသံသတင်းစကားက သူ၏စိတ်အတွင်းသို့ ဝင်ရောက်လာသည်။
"အမ်..."
သူ ထိတ်လန့်သွားပေ၏။
"သောက်ချေးပဲ...ငါက မင်းကို ငါ့ဆီ အသံသတင်းစကားမပို့ဖို့ ပြောခဲ့တယ်လေ...ဘာလို့ မင်းက ငါ့ဆီ အသံသတင်းစကား ပို့ခဲ့တာလဲ...အဲ့ဒီမွန်းစတားကောင်က မင်းရဲ့အသံပေးပို့မှုကို သိသွားရင် ဘယ်လိုလုပ်မလဲ"
"ငါ ပေါ်သွားလို့မဖြစ်ဘူး...ငါက နောက်ဆုံးမှ ပြန်လည်မွေးဖွားလာခဲ့တာ...ငါ ဒီနေရာမှာ အသက်ထွက်သွားလို့မဖြစ်ဘူး"
"ငါ ဘာကိုမှ မကြားဘူး"
"ငါ ဒီနေရာမှာ ရှိမနေဘူး"
"ငါက ဘယ်သူနဲ့မှ မသက်ဆိုင်ဘူး"
"အမ်...."
ရှုကျူးသည် အသံသတင်းစကား ပေးပို့ပြီးနောက် အချိန်အတော်ကြာသည်အထိ မည်သည့်တုံ့ပြန်မှုမျှ ပြန်မရသည်ကို ရှာဖွေတွေ့ရှိခဲ့သည်။ထို့ကြောင့် သူသည် စိုးရိမ်ပူပန်စွာဖြင့် နောက်ထပ်အသံသတင်းစကားတစ်ခုကို ပေးပို့လိုက်၏။
"စီနီယာဝမ်...ငါတို့တွေ ကောင်းကင်တာအိုကျမ်းသစ္စာကို လုပ်ခဲ့တဲ့အချိန်တုန်းက မင်း နိုးထလာတဲ့ အချိန်ကာလတလျှောက်မှာ ငါက အရာရာတိုင်း မင်းကို ကူညီပေးပြီးတော့...မင်းက ငါတို့ဖုန်းယွီကျွန်း ပိုပြီးသန်မာအားကောင်းလာအောင် ကူညီပေးမယ်လို့ ကျိန်ဆိုခဲ့ကြတယ်... အခုအချိန်မှာ ငါ့ရဲ့ဖုန်းယွီဂိုဏ်းက ကြီးမားတဲ့အန္တရာယ်နဲ့ ရင်ဆိုင်နေရတယ်...စီနီယာဝမ်က ဒီရန်သူကိုနှိမ်နင်းဖို့ လှုပ်ရှားပေးမယ်လို့ ငါ မျှော်လင့်မိတယ်"
"ဘာ...."
"ငါယိုးမသား ရှုကျူး...ငါက မင်းရဲ့ဘိုးဘေးဆယ့်ရှစ်ဆက်အထိ သတ်ပစ်မယ်...ငါ့ဆီ အသံသတင်းစကားမပို့ဖို့ ငါ မင်းကို ပြောထားတယ်လေ....ဘာလို့ မင်းက ငါ့ဆီ အသံသတင်းစကား ဆက်ပို့နေတာလဲ...အဲ့ဒီမွန်းစတားကောင်က မင်းကို ဖမ်းမိသွားရင် ဘယ်လိုလုပ်ကြမလဲ"
ထောင့်တစ်နေရာ၌ ခွေခေါက်နေသော အဖြူရောင်ဝတ်စုံဝတ်လူငယ်သည် ရှုကျူးအား အစိတ်စိတ်အမွှာမွှာ ဆုတ်ဖြဲလိုစိတ်များ ပေါက်နေသည်။
သို့ရာတွင် သူသည် တိတ်ဆိတ်ငြိမ်သက်နေဆဲပင်။
သူသည် ရှုကျူး ထပ်မံ၍ မနှောက်ယှက်နိုင်တောသည့်အချိန်ထိ တိတ်ဆိတ်ငြိမ်သက်နေရပေမည်။
အကယ်၍ စီနီယာဝမ် လှုပ်ရှားမှုမပြုပါက ဖုန်းယွီကျွန်းတစ်ကျွန်းလုံး အမြစ်ပြတ်သုတ်သင်ခံရနိုင်သဖြင့် ရှုကျူးသည် အသံသတင်းစကားကို ထပ်မံ၍မပို့တော့ဘဲ သူ့၏ခေါင်းကိုမော့ကာ ကျယ်လောင်စွာအော်ဟစ်လိုက်၏။
"စီနီယာဝမ်....မင်းက ကောင်းကင်တာအိုကျမ်းသစ္စာကို လုပ်ထားပြီးတော့ ဖုန်းယွီဂိုဏ်းကို ကူညီပေးမယ်လို့ ကတိပေးထားတယ် မဟုတ်လား....ကျေးဇူးပြုပြီးတော့ အခု မင်းရဲ့ကတိကို ဖြည့်ဆည်းပေးပါ"
ထိုစကားလုံးများ ထွက်ပေါ်လာသည်နှင့် မျှော်စင်၏ထိပ်တွင်ရှိနေသော အဖြူရောင်ဝတ်စုံဝတ်လူငယ် ချက်ချင်းထိတ်လန့်သွားသည်။
သူသည် အလွန်ဒေါသထွက်နေသဖြင့် ငိုကြွေးမိတော့လုမတတ်ပင်။
"ငါ ဝမ်ချန်းယုက ဒီဘဝမှာ ဘာလို့ ခုလိုဒုက္ခမျိုးတွေကို ခံစားနေရတာလဲ"
"ငါက နိုးထပြီးတော့ အထွတ်အထိပ်ကို ပြန်ရောက်ချင်ရုံလေးပဲ...ဒါက ငါ ဘာမှားနေလို့လဲ"
နယ်မြေကြီးကိုးခုအတွင်း၌ သူသည် စန့်ရှန်းဂိုဏ်းနှင့် ကောင်းကင်တာအိုကျမ်းသစ္စာကို ပြုလုပ်ခဲ့သည်။သို့ရာတွင် ထိုဂိုဏ်းသည် ကတိသစ္စာကို စောင့်ထိန်းခြင်းမရှိဘဲ ဂိုဏ်းကိုဖျက်သိမ်းကာ ဂိုဏ်းသားတစ်ဝက်ခန့် သေဆုံးသွားခဲ့သည်။
ယခုအချိန်၌ သူသည် ကောင်းကင်တာအိုကျမ်းသစ္စာမှဟာကွက်ကို အခွင့်ကောင်းယူနိုင်ခဲ့သည်။သူသည် စန့်ရှန်းဂိုဏ်းထက် ပို၍သန်မာအားကောင်းသော နောက်ထပ်ဂိုဏ်းတစ်ဂိုဏ်းကိုရှာဖွေကာ သူ နိုးထပြီး အထွတ်အထိပ်အခြေအနေသို့ ပြန်ရောက်ရန်အတွက် ပူးပေါင်းခဲ့လေ၏။သို့ရာတွင် ထိုဂိုဏ်းသည် ဤကဲ့သို့အစွမ်းထက်သော ရန်သူတော်ကြီးတစ်ယောက်ကို ရန်စခဲ့မည်ဟု သူ မျှော်လင့်မထားမိချေ။
"သေစမ်း...."
သူ ထပ်မံ၍ပုန်းကွယ်မရတော့သည်ကို သိရှိထားသဖြင့် အံ့တင်းတင်းကြိတ်ပြီး မတ်တတ်ထရပ်လိုက်သည်။
ထို့နောက် သူသည် မျှော်စင်၏ထိပ်မှနေ၍ တဖြည်းဖြည်း ဆင်းသက်လိုက်၏။
ဤဝှက်ဖဲတချပ်သည် နောက်ဆုံး၌ ထွက်ပေါ်လာခဲ့သည်ကိုကြည့်ပြီး မြေပြင်ပေါ်၌ ဒူးထောက်နေသော ရှူကျူး၏မျက်နှာပေါ်တွင် မျှော်လင့်ချက်အရိပ်အယောင်များ ထင်ဟပ်လာသည်။
တာအိုသက်သေထူခြင်းနယ်ပယ် အထွတ်အထိပ်အဆင့်သည် အမှန်အားဖြင့် တာအိုကြေးမုံနယ်ပယ် ကျင့်ကြံသူများအကြား၌ အမြင့်မားဆုံးပင်။
ဘဝနှစ်ခုကိုရှင်သန်ခဲ့သော လူတစ်ယောက်ဖြစ်သည့်အချက်ကို ထည့်သွင်းဖော်ပြရန် မလိုတော့ချေ။
စီနီယာဝမ်သည် သက်ရှိအင်မော်တယ်တစ်ယောက်ပင်။
သူ ရှိနေပါက ဖုန်းယွီကျွန်းတစ်ကျွန်းလုံး ဘေးကင်းလုံခြုံနေပေမည်။
သူ့ထံ၌ ယုံကြည်ချက်များဖြင့် ပြည့်နှက်နေကာ စီနီယာဝမ်အတွက် အရှိန်အဝါတစ်ခုကို ဖန်တီးပေးရမည်ဟု စဉ်းစားတွေးတောလိုက်၏။ထို့ကြောင့် သူ၏ခေါင်းကိုမော့ပြီး တံခါးဝရှိ အနက်ရောင်ဝတ်ရုံဝတ်လူကိုကြည့်ကာ အော်ဟစ်လိုက်သည်။
"မင်း ဘာကောင်ပဲဖြစ်နေနေ...စီနီယာဝမ်ရှိနေမှတော့ မင်း သေရမယ်ဆိုတာ သံသယဖြစ်ဖို့ မလိုဘူး"
ထိုစကားကို ပြောဆိုပြီးနောက်....
သူသည် လေးစားကြည်ညိုစွာဖြင့် ဝမ်ချန်းယုကို ကြည့်လိုက်၏။
ဝမ်းချန်းယုသည် မြေပြင်ပေါ်သို့ ရောက်ရှိလာသည်နှင့်....
'ဘဝနှစ်ခုရှင်သန်ခဲ့တဲ့ လူသားဆရာကြီးတစ်ယောက်လို့ ခေါ်ခံရဖို့ ထိုက်တန်တယ်...ဒီလိုလွတ်လပ်ပေါ့ပါးပြီးတော့ တည်ငြိမ်မှုမျိုးက ရိုးရှင်းမှုကိုပြန်ရောက်တဲ့ အစစ်အမှန်ထိပ်သီးဆရာကြီးတွေမှာရှိတဲ့ အပြုအမူမျိုးပဲ'
မြေပြင်ပေါ်သို့ဆင်းသက်လာသော ဝမ်ချန်းယုကိုကြည့်ပြီး ရှုကျူးက ထိုသို့တွေးတောလိုက်သည်။
သို့ရာတွင် နောက်ထပ်အချိန်အခိုက်အတန့်၌...
ဝမ်ချန်းယုသည် မြေပြင်ပေါ်၌ ဒူးထောက်လိုက်၏။
"အစ်ကိုကြီးတို့...အဲ့ဒီသောက်ရေးမပါတဲ့စကားတွေကို နားမထောင်ပါနဲ့...ငါ သူ့ကို မသိပါဘူး...ငါက ဖြတ်သွားဖြတ်လာတစ်ယောက်ပါ"
ဝမ်ချန်းယုသည် မြေပြင်ပေါ်၌ဒူးထောက်ပြီး တံခါးဝရှိ အနက်ရောင်ဝတ်ရုံဝတ်လူများကိုကြည့်ကာ အပြစ်ကင်းစင်သောအပြုံးဖြင့် ပြောဆိုလိုက်သည်။
တချိန်တည်းမှာပင် သူသည် ယခင်က စန့်ရှန်းဂိုဏ်း၌ အတွေ့အကြုံရခဲ့သဖြင့် အမြင်ကျယ်သွားကာ ကောင်းကင်တာအိုသစ္စာကျိန်ဆိုရာ၌ ဟာကွက်တစ်ခုထားခဲ့သဖြင့် ပျော်ရွှင်သွားခဲ့သည်။
အကယ်၍ သူ အနိုင်မယူနိုင်သော ရန်သူတစ်ယောက်နှင့် ကြုံတွေ့ရလျှင် သို့မဟုတ် ဖုန်းယွီဂိုဏ်းကို ဖျက်သိမ်းလိုက်လျှင် ကောင်းကင်တာအိုကျမ်းသစ္စာ အလိုအလျောက် ပျက်ပြယ်သွားပေမည်။
တံခါးဝရှိ အနက်ရောင်ဝတ်ရုံဝတ်လူသည် ဤကိစ္စကို မယုံကြည်မည်အား စိုးရိမ်ထိတ်လန့်သဖြင့် သူ၏လက်တစ်ဖက်ကိုမြှောက်ပြီး ကျိန်ဆိုလိုက်သည်။
"အစ်ကိုကြီးတို့...ငါ တကယ် သူတို့ကို မသိပါဘူး"
ထိုသို့ပြောဆိုပြီးနောက် သူသည် အပြစ်ကင်းစင်သောမျက်လုံးဝိုင်းကြီးများကို ပုတ်ခတ်ပုတ်ခတ်လုပ်လိုက်သည်။
နံဘေးတွင်ရှိနေသော....
ရှုကျူး၏စိတ်နှလုံးသားအတွင်း၌ ဝမ်ချန်းယု၏စကားလုံးများ ပဲ့တင်ထပ်နေကာ ဒေါသကြောင့် သူ၏ပါးစပ်မှ သွေးတစ်လုတ်အန်ထုတ်လိုက်ရသည်။
"ဘယ်လိုလုပ်ပြီး ...ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ"
"ဘာလို့ ဒီလို ဖြစ်လာတာလဲ...ဘာလို့ ဒီလိုတွေ ဖြစ်လာရတာလဲ"
ဤအချိန်အခိုက်အတန့်တွင် ရှုကျူးသည် အလွန်အမင်းစိတ်ဓာတ်ကျသွားကာ သူ့ကိုကြည့်ရသည်မှာ အသက်များစွာ အိုမင်းသွားသည့်အလားပင်။
"ထွက်သွားစမ်း...ငါ မင်းကို ထပ်မတွေ့ချင်ဘူး"
အနက်ရောင်ဝတ်ရုံ၏အောက်မှ အေးစက်စက်အသံ ထွက်ပေါ်လာကာ သူသည် ဝမ်ချန်းယုကို လှည့်ကြည့်ခြင်းပင်မပြုချေ။သူ့ကိုကြည့်ရသည်မှာ ဝမ်ချန်းယုအပေါ် အနည်းငယ်မျှ စိတ်မဝင်စားသည့်အလားပင်။
"ဟုတ်ကဲ့...ငါ ထွက်သွားပါ့မယ်....ငါ အခုချက်ချင်း ထွက်သွားပါ့မယ်"
အနက်ရောင်ဝတ်ရုံဝတ်လူ၏စကားများသည် အလွန်ရင့်သီးသော်လည်း ဝမ်ချန်းယု၏စိတ်နှလုံးသားအတွင်း၌ ဝမ်းသာလုံးဆို့သွားသည်။သူသည် ကြက်အစာကောက်သည့်အလား ထပ်ခါတလဲလဲခေါင်းညိတ်လိုက်၏။ထို့နောက် သူသည် သတိကြီးစွာထား၍ မတ်တတ်ထရပ်ကာ ခန်းမ၏ပြင်ပသို့ ထွက်လိုက်သည်။သူသည် တံခါးဝသို့အရောက်၌ အနက်ရောင်ဝတ်ရုံဝတ်လူများကို ဖြတ်သန်းသွားသောအချိန်တွင် စိတ်လှုပ်ရှားစွာဖြင့် အကြိမ်ရေအနည်းငယ်ခန့် ဦးညွှတ်အရိုအသေပြုလိုက်၏။သူသည် ဖုန်းယွီခန်းမအတွင်းမှထွက်ခွာခဲ့ပြီးနောက် သူ၏အရှိန်ကို အဆုံးစွန်ဆုံးအဆင့်ထိမြှင့်တင်ကာ ထွက်ပြေးခဲ့တော့သည်။
ဝမ်ချန်းယုသည် ခြေထောက်တွင်ဆီစွတ်ထားသည့်အလား အလျင်အမြန် ထွက်ပြေးသွားသည်ကိုကြည့်ပြီး ရှုကျူးသည် နောက်ထပ်သွေးတစ်လုတ်အန်ထုတ်လိုက်သည်။
သူ့၏ဝှက်ဖဲဟု ယူဆထားခဲ့သော ဝမ်ချန်းယုသည် ဤကဲ့သို့ သေရေးရှင်ရေးအချိန်အခိုက်အတန့်၌ နောက်သို့ပြန်လှည့်မကြည့်ဘဲ ဤကဲ့သို့ပုံစံမျိုးဖြင့် ထွက်ပြေးသွားမည်ဟု သူ မျှော်လင့်မထားမိချေ။
သို့ရာတွင် သူသည်လည်း ဤကိစ္စကို နားလည်သဘောပေါက်ပေ၏။
ဝမ်ချန်းယု ကြောက်ရွံ့နေသော အကြောင်းအရင်းမှာ သူ့ရှေ့ရှိ အနက်ရောင်ဝတ်ရုံဝတ်လူသည် သူ တွေးတောထားသည်ထက်ပို၍ကြောက်မက်ဖွယ်ကောင်းနေသောကြောင့် ဖြစ်ပေမည်။
"မင်း ငါ့ကို ပြောပြနိုင်မလား...ငါတို့က မင်းကို ဘာအပြစ်ပြုခဲ့မိလို့လဲ"
ရှုကျူးထံတွင် ရုန်းကန်ရန်ရည်ရွယ်ချက်မရှိတော့ဘဲ မည်သည့်ကိစ္စများ ဖြစ်ပျက်သွားသည်ကိုသာ သူ ရှာဖွေဖော်ထုတ်လိုသည်။သူတို့၏ဖုန်းယွီကျွန်းမှ ပိုင်ဆိုင်ထားသောအရည်အချင်းဖြင့် ဤကဲ့သို့ အစွမ်းထက်သော ဆရာကြီးတစ်ယောက်ကို ရန်စစော်ကားရန် မည်သည်ကြောင့် အရည်အချင်းပြည့်မီမည်နည်း။
"ဟမ့်...."
အနက်ရောင်ဝတ်ရုံ၏အောက်မှနေ၍ အထင်အမြင်သေးစွာ ပြောဆိုလိုက်သော အေးစက်စက်အသံတစ်သံ ထွက်ပေါ်လာသည်။
"အကြောင်းကတော့ မင်းတို့က အရှင်နတ်ဘုရားရဲ့စိတ်ဆန္ဒကို ချိုးဖောက်ခဲ့လို့ပဲ"