အခန်း (၉၃၆-၉၄၀)
Vol. 63 Ch. 936-940
Chapter 936
ထိုစကားလုံးများ ကျရောက်သွားသည်နှင့်....
ဂိုဏ်းတူတပည့်များအားလုံး ချက်ချင်းနားလည်သဘောပေါက်သွားသည်။
"စီနီယာအစ်မ...မင်းက ဘာကို ဆိုလိုတာလဲ"
"ဆရာကြီးက လူနေမှုဘဝအသစ်ရှိတဲ့ ကမ္ဘာသစ်တစ်ခုကို ဖန်တီးချင်တာလား"
"ဟုတ်တယ်...အဲ့ဒါက အမှန်ပဲ"
စုယွင်ယွင်က အခိုင်အမာပြောဆိုသည်။
"ဒါပေမဲ့ မိုးမြေကျွန်းရဲ့စာကြည့်တိုက်ထဲမှာရှိတဲ့ စာအုပ်တွေနဲ့ကျောက်စိမ်းပြားတွေမှာ ကမ္ဘာတစ်ခုထက် ပိုရှိနေတယ်"
ဖန်ကျိုးဝူက ပြောဆိုသည်။
"တကယ်လို့ အဲ့ဒီအရာတွေကို ပေါင်းစပ်လိုက်ရင် ကမ္ဘာတွေအများကြီး ထွက်လာလိမ့်မယ်.... တချို့ကမ္ဘာတွေက ငါတို့ယွင်ရှင်းကမ္ဘာနဲ့ တူနေပြီးတော့ ကျင့်ကြံသူမျိုးစုံရှိတယ်...တချို့ကမ္ဘာတွေမှာတော့ အဆင့်နိမ့်သိုင်းပညာရှင်တွေပဲရှိပြီးတော့....တချို့ကမ္ဘာတွေမှာက နင်ဂျစ်ဆုကိုအသုံးပြုကြတယ်..."
"ဆရာကြီးက ဒီလောက်ထိများပြားတဲ့ ကမ္ဘာတွေကို ဖန်တီးချင်တာလား"
"သေချာတာတော့ အဲ့ဒီလို မဟုတ်နိုင်ဘူး"
စုယွင်ယွင်က သူမ၏ခေါင်းကို ခါယမ်းလိုက်သည်။စာကြည့်တိုက်အတွင်းရှိ စာအုပ်များတွင် ကမ္ဘာများစွာကို မှတ်တမ်းတင်ထားကြောင်း သူမ သိရှိထားသည်။သို့ရာတွင် ဆရာကြီးသည် ဤမျှထိများပြားသော ကမ္ဘာများကို ဖန်တီးလိုခြင်းမရှိကြောင်း သူမ အတပ်ပြောနိုင်သည်။
"ဒါဆိုရင် စာအုပ်တွေထဲမှာ ကမ္ဘာတွေအများကြီးကို ဘာလို့ မှတ်တမ်းတင်ထားတာလဲ"
တစ်စုံတစ်ယောက်က မေးမြန်းသည်။
"ဒါကြောင့် ငါတို့တွေက ဒီစာအုပ်တွေကိုရေးသားတဲ့ ဆရာကြီးရဲ့ရည်ရွယ်ချက်နဲ့ပတ်သက်ပြီး စဉ်းစားဖို့လိုတယ်"
စုယွင်ယွင်က ပြောဆိုသည်။
"ဒါတွေက ငါတို့တပည့်တွေအားလုံး ငါတို့ရဲ့ကိုယ်ပိုင်လမ်းကြောင်းကိုရှာတွေ့ဖို့ ကူညီနိုင်တဲ့အပြင်...ဆရာကြီးက သူ့ရဲ့စာတွေထဲကနေ လူနေမှုဘဝမြင့်မားပြီးတော့ အတော်လေးပြီးပြည့်စုံတဲ့ ကမ္ဘာတစ်ခုကိုရွေးချယ်ဖို့ ကြံစည်နေမှာကို ငါ စိုးရိမ်မိတယ်"
ထိုစကားများကိုကြားချိန်တွင် ဂိုဏ်းတူတပည့်များအားလုံး အလေးအနက်ထား၍ စဥ်းစားတွေးတောလိုက်ကြ၏။
"စီနီယာအစ်မပြောတဲ့ စကားတွေအရဆိုရင် ...စာကြည့်တိုက်ထဲက စာအုပ်တွေကျောက်စိမ်းပြားတွေမှာ မှတ်တမ်းတင်ထားတဲ့ ကမ္ဘာတွေအများကြီးကြားမှာ ဆရာကြီးလိုချင်တာက တစ်ခုပဲ ရှိနေနိုင်တယ်...တခြားကမ္ဘာတွေကတော့ ဆရာကြီးရဲ့ကျားကစားပွဲနဲ့ ဆက်စပ်နေတဲ့အရာတွေပဲ"
ရှန်းနွန်က မေးမြန်းသည်။
"ဒါဆိုရင် ငါတို့က ဒီလောက်ထိများတဲ့ ကမ္ဘာတွေကြားမှာ ဘယ်ကမ္ဘာက ဆရာကြီးလိုချင်တဲ့ လူနေမှုဘဝမြင့်မားတဲ့ကမ္ဘာဆိုတာကို ဘယ်လိုခွဲခြားကြမလဲ"
"ဒါက မေးခွန်းကောင်းပဲ"
စုယွင်ယွင်က ပြောဆိုသည်။
"ငါတို့တွေ ဒီမေးခွန်းကို သေချာမှတ်သားပြီးတော့ ဂရုတစိုက်စဉ်းစားကြရအောင်"
"ငါတို့တွေအားလုံးက စာကြည့်တိုက်ထဲမှာ စာအုပ်တွေအများကြီး ဖတ်ခဲ့ဖူးတယ်....အဲ့ဒီကမ္ဘာတွေကို ဖန်တီးထားတာက အရမ်းစိတ်လှုပ်ရှားဖို့ ကောင်းတယ်ဆိုပေမယ့် တော်တော်များများက အနည်းနဲ့အများ မပြည့်စုံဘူးဆိုတာ နင်တို့အားလုံးသိမယ်လို့ ငါ ယုံကြည်တယ်"
"တချို့ကမ္ဘာတွေမှာ ယဉ်ကျေးမှုကင်းမဲ့ပြီးတော့ တစ်ယောက်နဲ့တစ်ယောက် အမြဲတန်းတိုက်ခိုက်နေကြတယ်"
"တချို့ကမ္ဘာတွေမှာတော့ အခြေခံအုတ်မြစ် အမွေအနှစ် ယဉ်ကျေးမှုနဲ့မြေနေရာတွေ ချို့တဲ့တယ်"
"ဆရာကြီးက 'မိန်းမစိုးတွေ'လို့ခေါ်တဲ့ အဆုံးမသတ်ရသေးတဲ့ စာအုပ်တချို့လည်းရှိခဲ့တယ်...အဲ့ဒါတွေကလည်း ပြီးပြည့်စုံခြင်းမရှိတဲ့ကမ္ဘာတွေပဲ"
"ဒါကြောင့် အဲဒီကမ္ဘာတွေက ဆရာကြီးလိုချင်တဲ့အရာမဟုတ်တာ သေချာတယ်"
"အရမ်းပြီးပြည့်စုံတဲ့ ကမ္ဘာတစ်ချို့ ရှိနေပေမယ့် တကယ်လို့ နင်တို့ဂရုတစိုက်စစ်ဆေးမယ်ဆိုရင် ကျင့်ကြံခြင်းနည်းစနစ်တွေက အဲ့ဒီကမ္ဘာလောကတွေနဲ့ငါတို့ရဲ့အခုလက်ရှိကမ္ဘာလောကကြားမှာ ကွဲပြားခြားနားချက်တွေ အများကြီးမရှိတာကို နင်တို့ ရှာတွေ့လိမ့်မယ်"
"ဒါကြောင့်ဆရာကြီးက ငါတို့နေတဲ့ကမ္ဘာလောကနဲ့ တထပ်တည်းတူတဲ့ကမ္ဘာတစ်ခုကို ဖန်တီးဖို့ တွေးမှာမဟုတ်ဘူး"
"အတိုချုပ်ပြောရရင် ဆရာကြီးလိုချင်တာက ယဉ်ကျေးမှု အမွေအနှစ် အခြေခံအုတ်မြစ်တွေမှာ အခုလက်ရှိ ငါတို့နေတဲ့ကမ္ဘာလောကနဲ့ ကွဲပြားခြားနားနေတဲ့အရာဖြစ်မှာ သေချာတယ်"
"နင်တို့အားလုံး စဉ်းစားကြည့်ကြစမ်း...ဆရာကြီးရေးခဲ့တဲ့ စာအုပ်တွေနဲ့ကျောက်စိမ်းပြားတွေထဲမှာ ဘယ်ကမ္ဘာက တွေ့ရအများဆုံးလဲ... ဒါ့ပြင် ဘယ်ကမ္ဘာက ငါ ပြောခဲ့တဲ့ အခြေအနေတွေ အချက်အလက်တွေနဲ့ အတူဆုံးလဲ"
စုယွင်ယွင်၏စကားလုံးများသည် လူများအားလုံး၏မှတ်ဥာဏ်များကို ရုတ်တရက်နိုးကြားသွားစေသည်။
သူတို့အားလုံးသည် သံပြိုင်နီးပါး အော်ဟစ်လိုက်ကြ၏။
"မြို့ပြကမ္ဘာ....."
"အမှန်ပဲ...ဒါက မြို့ပြကမ္ဘာပဲ"
စုယွင်ယွင်၏နှုတ်ခမ်းထောင့် မြင့်တက်သွားပြီး သူမက ပြောဆိုသည်။
"ဆရာကြီးရေးခဲ့တဲ့စာအုပ်တွေထဲမှာ အကြိမ်အများဆုံး ထွက်ပေါ်လာတာက မြို့ပြကမ္ဘာပဲ"
"ဒါ့ပြင် အဲ့ဒီကမ္ဘာက ကျောက်စိမ်းပြားတွေထဲမှာလည်း အကြိမ်အများကြီး ထွက်ပေါ်လာတယ်"
"ကျောက်စိမ်းပြားတွေထဲမှာ ငါတို့မြင်ခဲ့ရတာက ရေခဲတောင်ရဲ့အစွန်အဖျားပဲရှိပေမယ့် တောက်ပတဲ့မီးရောင်တွေ ယာဉ်ကြောပိတ်ဆို့မှုတွေနဲ့ ငါတို့ယွင်ရှင်းကမ္ဘာထက် ပိုပြီးစည်ကားတယ်ဆိုတာကို မြင်တွေ့နိုင်တယ်"
"ဆရာကြီးရဲ့စာအုပ်တွေအရဆိုရင် မြို့ပြကမ္ဘာက ယဉ်ကျေးမှု အမွေအနှစ်နဲ့ လူနေမှုဘဝတွေမှာ အပြည့်စုံဆုံးပဲ...ဒါ့ပြင် အဲ့ဒီကမ္ဘာက ငါတို့ရဲ့အခုလက်ရှိ ယွင်ရှင်းကမ္ဘာနဲ့လည်း အရမ်းကွဲပြားခြားနားတယ်...ဒါက နည်းပညာအသစ်နဲ့တည်ဆောက်ထားတဲ့ ကမ္ဘာတစ်ခုပဲ"
ထို့မြို့ပြကမ္ဘာအတွင်းရှိ လူများအနက် လူကောင်းလူဆိုး ရောနှောနေသော်လည်း လူအများကို ထိန်းချုပ်ထားနိုင်သော ပြီးပြည့်စုံသည့်အမိန့်နှင့်ဥပဒေသများရှိသည်။လူများအားလုံး ကျင့်ကြံနိုင်ခြင်းမရှိသော်လည်း လူအများစုသည် အလွန်ကောင်းမွန်ပြီး ငြိမ်းချမ်းသောဘဝနှင့် နေထိုင်နိုင်ပေ၏။
စုယွင်ယွင်သည် သူမ၏ခေါင်းကို အနည်းငယ်မော့လိုက်ပြီးနောက် သူမ စကားပြောဆိုလိုက်သောအချိန်တွင် အနည်းငယ်မျှော်လင့်တောင့်တမှုကို ခံစားနေရသည်။
တခြားဂိုဏ်းတူတပည့်များသည်လည်း အံ့အားသင့်နေကြသည်။
သူတို့သည် ဤကိစ္စအကြောင်းကို ပို၍တွေးတောမိလေလေ စုယွင်ယွင်ပြောဆိုသည်မှာ အဓိပ္ပါယ်ရှိသည်ဟု ပို၍ခံစားရလေလေပင်။
ချီယီထုံက ဖြည့်စွက်၍ပြောဆိုသည်။
"ဆရာကြီးရဲ့ ရိုးရှင်းတဲ့ဘဝကို ပြန်သွားပြီးတော့ သေမျိုးတစ်ယောက်လိုနေချင်တဲ့ ဆန္ဒအရ တွေးကြည့်မယ်ဆိုရင် ဒါက သေချာသလောက်နီးပါးဖြစ်နေမှာကို ငါ စိုးရိမ်မိတယ်"
"စီနီယာအစ်မက အရမ်းတော်တာပဲ"
"ဒီလောက်ထိများတဲ့ သဲလွန်စတွေကနေ အမှန်တရားကို ဖော်ထုတ်နိုင်တယ်...စီနီယာအစ်မက အရမ်းဉာဏ်ကောင်းတယ်"
"အမှန်ပဲ...စီနီယာအစ်မက လျှို့ဝှက်ဆန်းကြယ်မှုတွေကို တစ်ဆင့်ပြီးတစ်ဆင့် ဖြေရှင်းပြီးတော့ အမှန်တရားကို ပြီးပြည့်စုံစေခဲ့တယ်...စီနီယာအစ်မက ငါတို့ထဲမှာ ဉာဏ်အကောင်းဆုံးလူပဲ"
"နင်တို့ ငါ့ကို မြှောက်ပင့်နေဖို့ မလိုဘူး"
စုယွင်ယွင်က သူမ၏လက်ကို ဝှေ့ယမ်းပြီးပြောဆိုသည်။
"ငါတို့အားလုံး ဒီကိစ္စကို တွေးမိသင့်တာ အချိန်အတော်ကြာနေပြီ"
"စီနီယာအစ်မ...မင်းက ဉာဏ်အကောင်းဆုံးပဲ...အခုအချိန်မှာ ဆရာကြီးလိုချင်တဲ့အရာကို ငါတို့သိပြီဆိုမှတော့ ချက်ချင်းဆောင်ရွက်သင့်တယ် မဟုတ်လား"
တစ်စုံတစ်ယောက်က စိတ်လှုပ်ရှားစွာဖြင့် ပြောဆိုသည်။
"အလျင်မလိုနဲ့"
စုယွင်ယွင်သည် သူမ၏လက်ကိုဝှေ့ယမ်းပြီး ပြောဆိုလိုက်၏။
"ဒါက ကိစ္စကြီးတစ်ခုပဲ...ညတွင်းချင်းလုပ်လို့ရတဲ့ ကိစ္စတစ်ခု မဟုတ်ဘူး"
"ဒါ့ပြင် ငါတို့မှာ ကမ္ဘာလောကတစ်ခုကို ဖန်တီးနိုင်တဲ့ အရည်အချင်းမရှိတာကြောင့် နေရာတစ်နေရာကို သတ်မှတ်ပြီးတော့ ဆရာကြီးရဲ့ဆန္ဒနဲ့အညီ တစ်ဆင့်ပြီးတစ်ဆင့် တိုးတက်အောင်လုပ်ရမယ်"
"ငါတို့က ဒီနေရာကိုရောက်မလာတဲ့ ဂိုဏ်းသူမောင်နှမတွေကို ခေါ်ရမယ်...ငါတို့နဲ့အတူပူးပေါင်းဖို့ လူတွေ ပိုပြီးလိုအပ်တယ်"
"မိုးမြေဂိုဏ်း ပင်ကျင်းမြို့နဲ့အရိပ်ကျွန်းတွေမှာ လူတွေအများကြီး ရှိတယ်မဟုတ်လား"
ထိုအချိန်မှာပင် ချီယီထုံက ပြောဆိုသည်။
"အဲ့ဒီလူတွေအားလုံးက ဆရာကြီးရဲ့ကြင်နာမှုကို လက်ခံထားကြတယ်...သူတို့က သူ့ကို ဘယ်လိုပြန်ပေးဆပ်ရမလဲဆိုတာ အမြဲတမ်း တွေးနေကြတာ...တကယ်လို့ ငါတို့တွေက ကိစ္စကြီးတစ်ခုလုပ်ဆောင်မယ်ဆိုရင် သူတို့ ကူညီပေးမှာ သေချာတယ်"
"ငါတော့ ဒီကိစ္စကို ဖြစ်နိုင်မယ်လို့ထင်တယ်...မင်းတို့ ဘယ်လိုထင်ကြလဲ"
စုယွင်ယွင်က အပြုံးနှင့်ပြောဆိုသည်။
"အဲ့ဒီလူတွေထဲကတချို့က ငါတို့သိတာထက် ဆရာကြီးကို ပိုပြီးကောင်းကောင်းသိတယ်.. ဒါကြောင့် သူတို့ရဲ့အကူအညီနဲ့ဆိုရင် ငါတို့ကဆရာကြီးရဲ့အကြံဉာဏ်တွေ သတ်မှတ်ချက်တွေအတိုင်း မြို့ပြကမ္ဘာကို တစ်ဆင့်ပြီးတစ်ဆင့်တည်ဆောက်နိုင်မယ်လို့ ငါ ထင်တယ်"
စုယွင်ယွင်၏စကားများကိုကြားပြီးနောက် ဂိုဏ်းတူတပည့်များအားလုံး လှုပ်ရှားရန် အဆင်သင့်ဖြစ်နေလေပြီ။
"အချိန်ဆွဲမနေဘဲနဲ့ ငါတို့က အရိပ်ကျွန်းကိုပြန်ပြီးတော့ အစီအစဉ်တွေ စလုပ်ကြရအောင်"
"ဒါပြင် ဒီနေရာကို အခုရောက်မလာတဲ့ ဂိုဏ်းတူတပည့်တွေကို အကြောင်းကြားပြီးတော့ သူတို့ကို အမြန်ဆုံးလာဖို့ တောင်းဆိုရမယ်"
"ငါတို့ အခုချက်ချင်း ထွက်ခွာမယ်"
စုယွင်ယွင်၏အမိန့်အတိုင်း လူများအားလုံးသည် ဖန်ကျိုးဝူဖန်တီးထားသော လေဟာနယ်သင်္ဘောပျံပေါ်သို့တက်လိုက်သည်။ထိုသင်္ဘောကြီးသည် လေထုအတွင်း၌ နောက်ချန်အလင်းတန်းတတန်းကို ချန်ထားခဲ့ပြီး နယ်မြေကြီးကိုးခုမှအရိပ်ကျွန်းထံသို့ ဦးတည်၍ ပျံသန်းခဲ့တော့သည်။
Chapter 937
တခြားတစ်ဖက်တွင်...
အချိန်အတိုင်းအတာတစ်ခုထိ မည်သည့်ရည်ရွယ်ချက်မျှမရှိသော ရီဖုန်းသည် ဓားတောင်ကြား၌ အခြေချနေထိုင်ခဲ့သည်။
သူသည် နေ့စဉ်နေ့တိုင်း မည်သည့်အရာကိုမျှ လုပ်ဆောင်ခြင်းမရှိဘဲ ဖြောင်မြောင်ဟုန်နှင့်လက်ဖက်ရည်အတူသောက်ပြီး စကားစမြည်ပြောဆိုနေရုံသက်သက်ပင်။
"မိန်းကလေးဟုန်.... နယ်မြေကြီးကိုးခုရဲ့သူတော်စင်နဲ့ပတ်သက်ပြီး အခုထိ ဘာသတင်းမှ မရသေးဘူးလား"
ရီဖုန်းက စိုးရိမ်ပူပန်နေသောအသံဖြင့် မေးမြန်းသည်။
"သခင်လေးရီ...ဘယ်အချိန်ကျမှ သူတော်စင်တွေ အမှန်တကယ်နိုးထလာမယ်ဆိုတာ ဘယ်သူမှ မပြောနိုင်ဘူး"
ဖြောင်မြောင်ဟုန်က တောင်းပန်စကားပြောဆိုသည်။
"မှတ်တမ်းတွေအရဆိုရင် သူတော်စင်တစ်ယောက် လောကကြီးထဲမှာ အမှန်တကယ်နိုးထလာတဲ့အချိန်က လအနည်းငယ်ကနေ နှစ်အနည်းငယ်ထိ ကြာမြင့်တတ်တယ်...ဒါပေမယ့် နှစ်ရာနဲ့ချီပြီး ကြာမြင့်တဲ့ကိစ္စတွေလည်း ရှိနေတယ်"
"အဲ့ဒီကိစ္စကို ဘယ်သူကမှ မထိန်းချုပ်နိုင်ဘူး...ငါတို့က စိတ်ရှည်ရှည်နဲ့စောင့်နေရုံပဲ တတ်နိုင်လိမ့်မယ်...ဒါပေမဲ့ သခင်လေးရီ ဘာမှမစိုးရိမ်ပါနဲ့...နယ်မြေကြီးကိုးခုမှာ ငါတို့ဓားတောင်ကြားရဲ့အခြေစိုက်စခန်းတစ်ခု ရှိနေတာကြောင့် သတင်းတစ်ခုရတာနဲ့ အမြန်ဆုံးအကြောင်းကြားလိမ့်မယ်...ဒါဆိုရင် ငါက နင့်ကို အဲ့ဒီနေရာဆီ ချက်ချင်းပို့ပေးမယ်"
"ကောင်းပြီလေ"
ရီဖုန်းက ကူကယ်ရာမဲ့စွာဖြင့် သက်ပြင်းရှိုက်လိုက်သည်။ဤကိစ္စများဖြစ်လာခြင်းသည် သူ၏ခန္ဓာကိုယ်ပေါ်ရှိ လိပ်ခွံကြောင့်ပင်။
အကယ်၍ ဤလိပ်ခွံသာမရှိပါက သူ့အတွက် ဖြောင်မြောင်ဟုန် ပြင်ဆင်ထားသော သေလမ်းရှာခြင်းအစီအစဉ်များအနက် အသုံးဝင်သောအရာတစ်ခု ရှိနေနိုင်သည်။
"ခွီ..."
ရီဖုန်း၏စိတ်ပျက်လက်ပျက်အမူအယာကိုကြည့်ပြီး ဖြောင်မြောင်ဟုန်သည် သူမ၏ပါးစပ်ကို ဖုံးအုပ်ကာ ရယ်မောလိုက်၏။သူမသည် အထက်တန်းလွှာမိသားစုတစ်စုမှ မိန်းမပျိုလေးတစ်ယောက်နှင့် အစဉ်အမြဲ တူညီသော်လည်း ဤအချိန်အခိုက်အတန့်တွင် သူမကိုကြည့်ရသည်မှာ အနည်းငယ်ချစ်စဖွယ်ကောင်းနေပေ၏။
"သခင်လေးရီ....ငါတို့ အရင်က ပြင်ဆင်ထားတဲ့ သေလမ်းရှာအစီအစဉ်တွေက အသုံးမဝင်တော့ပေမယ့်...ဟုန်အာက ဒီရက်အတွေအတွင်းမှာ အဖြေတစ်ခုကိုရှာဖို့ ကြိုးစားခဲ့တယ်"
ဖြောင်မြောင်ဟုန်က ပြောဆိုသည်။
"အမ်... "
ထိုစကားကိုကြားချိန်၌ ရီဖုန်းသည် ဆတ်ခနဲမတ်တတ်ထရပ်ပြီး မေးမြန်းသည်။
"မင်းရဲ့ပုံစံကို ကြည့်ရသလောက်တော့...မင်းမှာ နောက်ထပ်အကြံတစ်ခုရလာလို့ ငါ့ဆီ ရောက်လာခဲ့တာမဟုတ်လား"
"အမှန်ပဲ"
ဖြောင်မြောင်ဟုန်က ခေါင်းညိတ်ပြပြီးနောက် ပြုံးလိုက်သည်။
"အဲ့ဒါက ဘာနည်းလမ်းလဲဆိုတာ ငါ့ကို မြန်မြန်ပြောပြပါ"
ရီဖုန်းက စိတ်မရှည်သောလေသံဖြင့် မေးမြန်းသည်။
"သခင်လေးရီရဲ့ကိစ္စကို တွေးကြည့်ရင်...နင့်မှာအခု ရဲစွမ်းသတ္တိသံချပ်ကာရှိနေတယ်...ဒါကြောင့် သူတော်စင်အဆင့်အောက်မှာရှိနေတဲ့ ဘယ်ပြင်ပအင်အားကမှ နင့်ရဲ့ခုခံကာကွယ်မှုကို ချိုးဖျက်နိုင်မှာမဟုတ်ဘူး....ဒါပေမဲ့ နင်ခန္ဓာကိုယ်ထဲကဆိုရင်ရော ဘယ်လိုနေမလဲ..."
ဖြောင်မြောင်ဟုန်က ဖြည်းညှင်းစွာပြောဆိုသည်။
"နင် ဆိုလိုတာက...ငါ့ရ့ခန္ဓာကိုယ်ကို အတွင်းပိုင်းကနေ ပြိုကွဲအောင် လုပ်ရမှာလား"
ရီဖုန်း၏မျက်ခုံးမြင့်တက်သွားကာ သူသည်မျှော်လင့်ချက်အလင်းရောင်ကို မြင်တွေ့ရလေပြီ။
"အင်း...."
ဖြောင်မြောင်ဟုန်က ခေါင်းညိတ်ပြပြီးနောက် ဆက်လက်၍ပြောဆိုသည်။
"ဥပမာအနေနဲ့ပြောရရင်...ဆရာကြီး အဆိပ်ကိုအသုံးပြုဖို့ စဉ်းစားကြည့်ခဲ့ဖူးလား"
"အဆိပ်လား....ဒါက အလုပ်မဖြစ်ဘူး...ငါ အရင်က အဆိပ်တွေအများကြီးကို သောက်ခဲ့ဖူးတယ် ....အဲ့ဒါတွေက အသုံးမဝင်ဘူး"
ရီဖုန်းက မျက်မှောင်ကြုတ်လိုက်သည်။
"သခင်လေးရီ....နင် ပြောနေတာက သာမန်အဆိပ်တွေပဲ....ဒါပေမယ့် ငါ နင့်ကိုပြောမှာက လောကကြီးထဲမှာ အပြင်းဆုံးအဆိပ်နဲ့ ပတ်သက်နေတယ်"
ဖြောင်မြောင်ဟုန်က ပြောဆိုသည်။
"အပြင်းဆုံးအဆိပ်လား..."
ရီဖုန်းသည် သက်ပြင်းရှိုက်လိုက်၏။
"ဒါပေမဲ့ ငါက အဲ့ဒီအဆိပ်ကို ဘယ်နေရာကနေ ရနိုင်မှာလဲ"
"အဲ့ဒါကိုရနိုင်တဲ့ နည်းလမ်းတစ်ခု ရှိနေတယ်"
ဖြောင်မြောင်ဟုန်သည် ထိုစကားများကိုပြောဆိုနေစဉ်၌ သူမ၏သွားစွယ်ငယ်လေးများ ပေါ်လွင်နေကာ သူမ၏လှပသောမျက်နှာပေါ်တွင် စိတ်လှုပ်ရှားမှုအရိပ်အယောင်များ ထင်ဟပ်နေသည်။
"လူတိုင်းသိတဲ့အတိုင်းပဲ....ယွင်ရှင်းကမ္ဘာက အနက်ရောင်နယ်မြေရဲ့သက်ရောက်မှုခံရတာကြောင့် လူသားတွေ အသက်ရှင်သန်နေထိုင်နိုင်တာဆိုလို့ နေရာဆယ်နေရာပဲ ကျန်တော့တယ်"
"တကယ်တော့ အနက်ရောင်နယ်မြေနဲ့ နှိုင်းယှဉ်ရင် လူသားတွေကို အကြီးမားဆုံးခြိမ်းခြောက်နိုင်တာက အနက်ရောင်နယ်မြေထဲမှာ ပုန်းအောင်းနေတဲ့နတ်ဆိုးတွေပဲ"
"အစွမ်းထက်တဲ့နတ်ဆိုးတွေက အခုထိ ထွက်ပေါ်မလာသေးပေမယ့်...ဒါက မုန်တိုင်းမလာခင် ငြိမ်သက်ခြင်းမျိုးဆိုတာ လူသားတွေအားလုံး သိထားကြတယ်....နတ်ဆိုးတွေက လူသားတွေကိုတိုက်ခိုက်တာနဲ့ ပြင်းထန်တဲ့တိုက်ပွဲတစ်ခုဖြစ်လာမှာ မလွဲမသွေပဲ"
"ငါ ဒီကိစ္စကို သိတယ်...ဒါပေမဲ့ အဲ့ဒီကိစ္စက ငါ အဆိပ်သောက်တာနဲ့ ဘာဆိုင်လို့လဲ"
ရီဖုန်းက ကြောင်စီစီအမူအယာဖြင့် မေးမြန်းသည်။
"သခင်လေးရီ....ဘာမှမစိုးရိမ်ပါနဲ့...ကျေးဇူးပြုပြီးတော့ ငါ ပြောတဲ့စကားတွေကို သေချာနားထောင်ပေးပါ"
ဖြောင်မြောင်ဟုန်သည် အရာအားလုံးကို အသေးစိတ်ကျကျရှင်းပြလေ၏။
"နောင်အနာဂတ်မှာ နတ်ဆိုးတွေ တိုက်ခိုက်လာမှာကို ခုခံကာကွယ်ဖို့အတွက် ယွင်ရှင်းကမ္ဘာမှာ ထျန်းရှာအဖွဲ့အစည်းကို တည်ထောင်ခဲ့တယ်"
"အဲ့ဒီထျန်းရှာအဖွဲ့အစည်းက လူတစ်ယောက် ဒါမှမဟုတ် အင်အားစုတစ်စုရဲ့အပိုင် မဟုတ်ဘူး....ဒါက ယွင်ရှင်းကမ္ဘာရဲ့နယ်မြေဒေသအသီးသီးမှာရှိတဲ့ လက်ရွေးစင်တွေနဲ့ ဖွဲ့စည်းထားတာပဲ...အတိုချုပ်ပြောရရင် အဲဒီအဖွဲ့အစည်းမှာ ထိပ်သီးအစွမ်းထက်ကျင့်ကြံသူတွေနဲ့ပြည့်နေပြီးတော့ သူတော်စင်တွေတောင်ရှိတယ်...ဒါက ယွင်ရှင်းကမ္ဘာထဲမှာ လှုပ်ခတ်လို့မရနိုင်တဲ့ တည်ရှိမှုကြီးပဲ....တချိန်တည်းမှာ သူတို့က ယွင်ရှင်းကမ္ဘာတစ်ခုလုံးကို အမိန့်ပေးတဲ့တာဝန်ကို ယူကြတယ်"
"အနာဂတ်နတ်ဆိုးတွေရဲ့တိုက်ခိုက်မှုကို ကာကွယ်ဖို့အတွက် ထျန်းရှာအဖွဲ့အစည်းက အခန်းကဏ္ဍတွေအများကြီးမှာ ကြိုတင်ပြင်ဆင်မှုတွေကို လုပ်ခဲ့တယ်"
"မြေနေရာအနေအထားနဲ့ဆိုင်တဲ့ အကြောင်းအရင်းကြောင့် ငါတို့က ထျန်းရှာအဖွဲ့အစည်းကလူတွေကို ထျန်းယုနယ်မြေမှာ မတွေ့နိုင်ပေမယ့်....ထျန်းယုနယ်မြေထဲမှာ အရေးကြီးတဲ့နေရာတနေရာ ရှိနေတယ်"
"အဲ့ဒါက ကောင်းကင်အဆိပ်ကျွန်းပဲ"
"ကောင်းကင်အဆိပ်ကျွန်းလား..."
ရီဖုန်း၏မျက်လုံးများ အနည်းငယ်တောက်ပသွားသည်။
သူသည် နောက်ဆုံး၌ အဓိကခေါင်းစဉ်ကို ရောက်ရှိသွားပြီဟု တွေးတောမိသဖြင့် ဖြောင်မြောင်ဟုန်ကိုကြည့်ကာ သူမ ဆက်ပြောမည့်စကားများကို စောင့်ဆိုင်းလိုက်သည်။
ဖြောင်ဖြောင်ဟုန်က လက်ဖက်ရည်တစ်ငုံငုံ၍သောက်ပြီး ဆက်လက်ပြောဆိုသည်။
"ထျန်းယုနယ်မြေထဲမှာရှိတဲ့ ကျွန်းတွေရဲ့ပိုင်ရှင်တွေက မကြာခဏပြောင်းလဲနေတယ်...ဒါပေမဲ့ ကောင်းကင်အဆိပ်ကျွန်းကို ဘယ်သူကမှ အာရုံမစိုက်ဝံ့ဘူး....ထျန်းယုနယ်မြေထဲမှာ နံပါတ်တစ်အင်အားစုဖြစ်တဲ့ မိုးမြေကျွန်းကတောင် သူတို့ကို ယဥ်ယဥ်ကျေးကျေးဆက်ဆံတယ်"
"ပထမအချက်အနေနဲ့ ကောင်းကင်အဆိပ်ကျွန်းက ထျန်းရှာအဖွဲ့အစည်းရဲ့အပိုင်ပဲ...ဒုတိယအချက်ကတော့ ယွင်ရှင်းကမ္ဘာထဲမှာရှိတဲ့ အဆိပ်ပညာရှင်တွေအားလုံး ကောင်းကင်အဆိပ်ကျွန်းမှာ စုဝေးနေတယ်...သူတို့က အစွမ်းထက်နတ်ဆိုးတွေကို ရင်ဆိုင်ဖို့အတွက် ကျွန်းပေါ်မှာ အဆိပ်တွေကို အဆက်မပြတ် စူးစမ်းရှာဖွေနေကြတယ်...ဒါကြောင့် အကြမ်းတမ်းဆုံးလူတွေတောင် ကောင်းကင်အဆိပ်ကျွန်းနဲ့ပတ်သက်ပြီးတော့ မသင့်တော်တဲ့အတွေးတွေ မထားဝံ့ကြဘူး"
ရီဖုန်းသည် ရုတ်တရက် နားလည်သဘောပေါက်သွားပေ၏။
ယခုကြည့်ကြည့်တော့မှ ကောင်းကင်အဆိပ်ကျွန်းသည် ထျန်းရှာအဖွဲ့အစည်းမှနေ၍ နတ်ဆိုးများကို ဆန့်ကျင်တိုက်ခိုက်နိုင်ရန် အဆိပ်များကို ရှာဖွေဖော်ထုတ်သော လျှို့ဝှက်အခြေစိုက်စခန်းပင်။
အကယ်၍ ဤကဲ့သို့ကိစ္စမျိုးရှိနေပါက ထိုနေရာတွင် အပြင်းထန်ဆုံးအဆိပ်များ ရှိနေနိုင်သည်။
ရီဖုန်း၏စိတ်နှလုံးသားအတွင်း၌ လှိုင်းထန်စ ပြုလာသည်။
"ဒါဆိုရင် ငါက ကောင်းကင်အဆိပ်ကျွန်းကို ဘယ်လိုသွားရမလဲ...ဒါမှမဟုတ် ငါက အဲ့ဒီကျွန်းကအဆိပ်ကို ဘယ်လိုရနိုင်မလဲ"
"သခင်လေးရီ...တကယ်လို့ နင်က ကောင်းကင်အဆိပ်ကျွန်းကိုသွားချင်တယ်ဆိုရင် ဒါက အရမ်းလွယ်တယ်"
ဖြောင်မြောင်ဟုန်က အပြုံးနှင့် ပြောဆိုသည်။
"ကောင်းကင်အဆိပ်ကျွန်းက အဆိပ်ပညာရှင်တွေရဲ့ ကြိုးစားမှုကြောင့် သူတို့ဆီမှာရှိနေတဲ့အဆိပ်တွေက တိုးတက်လာပြီးတော့ ပိုပြီးပြင်းထန်လာတယ်"
"ဒါပေမဲ့ အခုအချိန်မှာ သူတို့က အတားအဆီးတစ်ခုနဲ့ ရင်ဆိုင်နေရတယ်"
ရီဖုန်း မေးမြန်းမည်ကို စောင့်ဆိုင်းခြင်းမပြုဘဲ ဖြောင်မြောင်ဟုန်သည် ဆက်လက်၍ပြောဆိုလိုက်၏။
"အတိတ်မှာ သူတို့တွေက စမ်းသပ်မှုတွေလုပ်ဖို့အတွက် သူတို့ဖမ်းဆီးထားတဲ့ နတ်ဆိုးတွေကို အသုံးပြုခဲ့တယ်.. .ဒါပေမဲ့ အဆိပ်တွေ ပိုပြီးပြင်းထန်လာတာနဲ့အမျှ အဲ့ဒီနတ်ဆိုးတွေရဲ့ခွန်အားက မလုံလောက်တော့ဘူး...ဒါပေမဲ့ သူတို့က ပိုပြီးအစွမ်းထက်တဲ့နတ်ဆိုးတွေကိုလည်း မဖမ်းနိုင်ကြဘူး"
"သန်မာအားကောင်းတဲ့ စမ်းသပ်ခံမရှိတာကြောင့် သူတို့က ပိုပြီးပြင်းထန်တဲ့အဆိပ်တွေကို ဘယ်လိုမှ မသန့်စင်နိုင်တော့ဘူး"
"ဒါကြောင့် သူတို့က အစွမ်းထက်တဲ့အဆိပ်တွေကို ဖော်ထုတ်နိုင်ဖို့အတွက် စမ်းသပ်ခံအဖြစ် ထိပ်သီးအစွမ်းထက်ကျင့်ကြံသူတွေကို အသုံးပြုဖို့ ရွေးချယ်ခဲ့တယ်"
"အစကတော့ စမ်းသပ်ခံအဖြစ် သက်ရှိလူသားတွေကိုသုံးတာ ကောင်းကင်ပုံကတောင် သည်းခံနိုင်မှာမဟုတ်တဲ့ လူမဆန်မှုတစ်ခုဖြစ်တာကြောင့် ခွင့်မပြုခဲ့ကြဘူး....ဒါပေမဲ့ လူသားမျိုးနွယ်ရဲ့ကောင်းကျိုးနဲ့ နောက်အနာဂတ်နတ်ဆိုးတွေရဲ့ကျူးကျော်တိုက်ခိုက်မှုကို ကာကွယ်ဟန့်တားနိုင်ဖို့အတွက် ကောင်းကင်အဆိပ်ကျွန်းက ထျန်းယုနယ်မြေထဲမှာရှိတဲ့ ထိပ်သီးအစွမ်းထက်ကျင့်ကြံသူတွေကို သူတို့ရဲ့သဘောဆန္ဒအလျောက် အဆိပ်စမ်းသပ်ခံတွေဖြစ်လာဖို့ ဖိတ်ခေါ်ခဲ့တယ်"
"အမ်...."
ထိုစကားများကိုကြားချိန်တွင် ရီဖုန်း၏စိတ်လှုပ်ရှားမှုများ အထွတ်အထိပ်သို့ ရောက်ရှိသွားသည်။
"ဒါဆိုရင် ငါ ဆန္ဒရှိသရွေ့ကောင်းကင်အဆိပ်ကျွန်းကို အချိန်မရွေးသွားနိုင်တယ်လို့ ဆိုလိုတာလား"
"ဒါ့ပြင် တကယ်လို့ အဆိပ်တစ်မျိုးက ငါ့ကိုမသတ်နိုင်ဘူးဆိုရင် သူတို့က ငါ့ကို မသတ်နိုင်မချင်း ပိုပြီးပြင်းထန်တဲ့အဆိပ်ကို ဖန်တီးကြမှာမဟုတ်လား"
ရီဖုန်းက စိတ်လှုပ်ရှားစွာဖြင့် မေးမြန်းသည်။
"နင် ပြောတဲ့အတိုင်းပဲ..."
ဖြောင်မြောင်ဟုန်က အပြုံးနှင့် ပြောဆိုသည်။
"သခင်လေးရီ...တကယ်လို့ နင်က ကောင်းကင်အဆိပ်ကျွန်းကို သွားမယ်ဆိုရင် နာမည်ကျော်ကြားလာမှာ သေချာတယ်"
"အဆိပ်စမ်းသပ်ခံဖြစ်ဖို့ လက်မှတ်ထိုးထားတဲ့ စိတ်ထားမွန်မြတ်တဲ့ကျင့်ကြံသူတွေ အများကြီးရှိပေမယ့်....သူတို့ထဲကအများစုက ကောင်းကင်အဆိပ်ကျွန်းရဲ့လိုအပ်ချက်တွေနဲ့ မကိုက်ညီဘူး...သူတို့ ပိုပြီးသန်မာအားကောင်းမှသာ အဆိပ်ထုတ်ဖော်တဲ့နေရာမှာ ကြီးမားတဲ့အကူအညီကို ရစေနိုင်တယ်"
"သခင်လေးရီရဲ့ခွန်အားနဲ့ဆိုရင် တကယ်လို့ နင် လက်မှတ်ထိုးလိုက်တာနဲ့ သူတို့ လုံးဝငြင်းဆန်မှာမဟုတ်ဘူး"
"ကောင်းတယ်...ကောင်းတယ်...အရမ်းကောင်းတယ်..."
သုံးကြိမ်ဆက်တိုက် ပြောဆိုလိုက်ခြင်းသည် ရီဖုန်း၏စိတ်လှုပ်ရှားမှုကိုဖော်ပြရန် လုံလောက်ပေ၏။
ဤသည်မှာ သူ၏သေဆုံးလိုသောစိတ်ဆန္ဒကို ဖြည့်ဆည်းပေးနိုင်ရုံသာမက လူသားမျိုးနွယ်အတွက်လည်း အကျိုးကျေးဇူးရရှိကာနာမည်ကောင်းကို ချန်ထားခဲ့နိုင်သည်။ ဤသည်မှာ နှစ်ဦးနှစ်ဖက်အကျိုးရှိသောကိစ္စပင်။
Chapter 938
ထျန်းယုနယ်မြေ...ကူးပြောင်းရေးကျွန်း
ဖြောင်မြောင်ဟုန် ပြောပြသောဇာတ်ကြောင်းကိုနားထောင်ပြီးနောက် ရီဖုန်းသည် ဤနေရာသို့ မရပ်မနားအပြေးလာခဲ့သည်။
အကြောင်းအရင်းမှာ ကောင်းကင်အဆိပ်ကျွန်းသို့သွားရန် စာရင်းသွင်းရမည့်နေရာသည် ဤနေရာတွင် ရှိနေသောကြောင့်ပင်။
ထျန်ရှားအဖွဲ့အစည်း၏လျှို့ဝှက်အခြေစိုက်စခန်းဖြစ်သဖြင့် ကူးပြောင်းရေးဝင်္ကပါကျွန်းတွင်ရှိသော ကောင်းကင်အဆိပ်ကျွန်း၏စာရင်းသွင်းနေရာသည် အလွန်ကြီးကျယ်ခမ်းနားမည်ဟု သူ တွေးထင်ခဲ့သည်။သို့ရာတွင် ဤသည်မှာ သာမန်အုတ်ကြွတ်မိုးအိမ်တစ်လုံး ဖြစ်နေမည်ဟု သူ မျှော်လင့်မထားမိချေ။
ကံကောင်းထောက်မစွာဖြင့် ထိုနေရာသည် လမ်းမကြီးပေါ်၌ ရှိနေပေ၏။
အဝေးတစ်နေရာမှကြည့်ပါက အိမ်တံခါး၏ဘေးတွင် ဖျင်ကြမ်းဝတ်စုံဝတ်လူအိုကြီးတယောက် ပလ္လင်ခွေထိုင်နေကာ သူ၏နံဘေးတွင် ကောင်ငယ်လေးတစ်ယောက် မတ်တတ်ရပ်နေသည်။
လမ်းမကြီးပေါ်တွင် ဖြတ်သွားဖြတ်လာအမြောက်အများ ရှိနေကာ လူအများစုသည် စာရင်းသွင်းနေရာကို အကြိမ်ရေအနည်းငယ်ခန့် စောင်းငဲ့ကြည့်ရုံမှအပ ရပ်တန့်ခြင်းမရှိချေ။
ပထမအကြောင်းအရင်းမှာ ဤကဲ့သို့ လှည့်ဖျားမှုနှင့်ယုတ်မာကောက်ကျစ်မှုတို့ ပြည့်နေသော လောကကြီးတွင် အသက်ရှင်သန်ရန် မလွယ်ကူသည့်အပြင် အစွမ်းထက်သော ကျင့်ကြံသူတစ်ယောက်ဖြစ်ရန် ပို၍ခက်ခဲသည်။လူနည်းစုကသာ လူသားမျိုးနွယ်၏ကောင်းကျိုးအတွက် သူတို့၏အသက်များကို စွန့်လွှတ်လိုစိတ်ရှိသည်။
ဒုတိယအချက်အနေဖြင့် ကောင်းကင်အဆိပ်ကျွန်းအတွက် စာရင်းပေးရန်လိုအပ်ချက်များသည် အလွန်မြင့်မားကာ အနိမ့်ဆုံးကျင့်ကြံခြင်းလိုအပ်ချက်သည် တာအိုကြေးမုံနယ်ပယ်ပင်။အမှန်အားဖြင့် တာအိုကြေးမုံနယ်ပယ်ကျင့်ကြံသူများသည် ကောင်းကင်အဆိပ်ကျွန်းအတွက် အလွန်အရေးပါသည်။ကောင်းကင်အဆိပ်ကျွန်းမှ ကျင့်ကြံသူများကိုစေလွှတ်၍ ဤအဆင့်နတ်ဆိုးများကိုဖမ်းဆီးရန် အနက်ရောင်နယ်မြေအတွင်းသို့ စေလွှတ်ရန်မှာ မဖြစ်နိုင်ချေ။
ရလဒ်အနေဖြင့် အကယ်၍ တစ်စုံတစ်ယောက်သည် စာရင်းသွင်းခဲ့သည့်တိုင် သူတို့အနက်မှအများစုသည် လိုအပ်ချက်များနှင့် ကိုက်ညီခြင်းမရှိချေ။
လိုအပ်ချက်များနှင့်ကိုက်ညီသော တာအိုကြေးမုံနယ်ပယ်ကျင့်ကြံသူများသည်လည်း ဤအဆင့်သို့ရောက်ရှိပြီးနောက် သူတို့၏အသက်များကို ပို၍ချစ်မြတ်နိုးသည်။
အမှန်အားဖြင့် အကယ်၍ လိုအပ်ချက်များဖြင့်ကိုက်ညီသော တစ်စုံတစ်ယောက်ရှိနေပါက ဆုလာဘ်များသည် အလွန်အမင်းရက်ရောပေ၏။အခြေခံအားဖြင့် ထိုလူသည် ကောင်းကင်အဆိပ်ကျွန်း၏နာမည်အောက်တွင် မည်သည့်ကျိုးကြောင်းဆီလျော်သော တောင်းဆိုမှုကိုမဆို ပြုလုပ်နိုင်သည်။
သို့ရာတွင် ထိုသို့ဆိုသည့်တိုင် စာရင်းပေးသွင်းသူတစ်ယောက်ကို ရှာတွေ့နိုင်ရန် အလွန်ခက်ခဲနေဆဲပင်။
ဤအချိန်တွင် တံခါးရှေ့၌ထိုင်နေသော ဖျင်ကြမ်းဝတ်စုံဝတ်လူအိုကြီးသည် သူ၏မျက်လုံးကိုဖွင့်ကာ မိုးကောင်းကင်ယံကို မော့ကြည့်ပြီး စိတ်ပျက်လက်ပျက်ဖြင့် သူ၏ခေါင်းကို ခါယမ်းလိုက်သည်။
သူ ဤနေရာ၌ရောက်နေသည်မှာ အချိန်သုံးလရှိနေလေပြီ။
ဤနေရာသို့ ကောင်းကင်အဆိပ်ကျွန်းသို့သွားလိုသော လူတစ်ယောက်မျှ ရောက်မလာချေ။သူသည် ကောင်ငယ်လေးကို တံခါးပိတ်ရန် အမိန့်ပေးတော့မည့်အချိန်မှာပင် ရုတ်တရက် နေဝင်ဆည်းဆာချိန်၏တောက်ပမှုအောက်တွင် အရိပ်တစ်ရိပ်က သူ၏ရှေ့၌ ထွက်ပေါ်လာသည်။
သူမော့ကြည့်လိုက်ရာ အဖြူရောင်ဝတ်စုံဝတ်ဆင်ထားသော လူငယ်တစ်ယောက်ကို မြင်တွေ့မိသည်။
ထိုလူငယ်သည် နူးညံ့သိမ်မွေ့ပြီး ချောမောခန့်ညားကာ ကျက်သရေရှိပေ၏။
"မင်းက..."
ဖျင်ကြမ်းဝတ်စုံဝတ်လူအိုကြီးက သူ့ရှေ့ရှိလူငယ်သည် စာရင်းသွင်းရန်လာခြင်းဟုတ်မဟုတ် မသေချာသဖြင့် စူးစိုက်၍ကြည့်လိုက်သည်။
လွန်ခဲ့သောနှစ်နှစ်အတွင်း၌ အောင်မြင်စွာစာရင်းသွင်းနိုင်သော လူတချို့ရှိနေသော်လည်း အများစုသည် ကောင်းမွန်သောအခြေအနေ၌ ရှိမနေချေ။
တချို့သည် ဒဏ်ရာအပြင်းအထန်ရရှိထားကာ ကြာရှည်အသက်မရှင်နိုင်သူများ ဖြစ်နေကာတချို့သည် ပြင်းထန်သောထိုးနှက်ချက်ကိုခံစားရပြီး အသက်ရှင်သန်ရန် မျှော်လင့်ချက်ပျောက်ဆုံးနေသူများပင်။
သူ့ရှေ့ရှိလူငယ်ကမူ ကောင်းမွန်သောအခြေအနေ၌ ရှိနေကာ ထိုလူငယ်၏မျက်လုံးအတွင်း၌ စိတ်လှုပ်ရှားမှုအရိပ်အယောင်များ ထင်ဟပ်နေသည်။သူ့ကိုကြည့်ရသည်မှာ သေလမ်းလာရှာသော တစ်စုံတစ်ယောက်နှင့် မတူညီချေ။
"ငါ စာရင်းသွင်းချင်လို့ပါ"
ရီဖုန်းက လူအိုကြီး၏အတွေးများကို ကြားဖြတ်နှောက်ယှက်လိုက်သည်။
လူအိုကြီး၏မျက်ခုံး မြင့်တက်သွားကာ သူ့ရှေ့ရှိလူငယ်ကို မယုံကြည်နိုင်သောအကြည့်ဖြင့်ကြည့်လေသည်။
ဤနေရာတွေ ဖြစ်ပျက်နေသောကိစ္စများသည် ဖြတ်သွားဖြတ်လာလူများ၏စိတ်အာရုံကို ချက်ချင်းဆွဲဆောင်နိုင်ခဲ့ပေ၏။
ကောင်းကင်အဆိပ်ကျွန်း၏စာရင်းပေးနေရာကို ထျန်းယုနယ်မြေအတွင်းတွင် မသိသူဟူ၍ မည်သူရှိမည်နည်း...
တစ်စုံတစ်ယောက်သည် စာရင်းပေးသွင်းလိုသည်ကို မြင်တွေ့ချိန်တွင် ပတ်ဝန်းကျင်၌ လူအမြောက်အများ စုဝေးလာသည်။
"ကြည့်လိုက်အုံး... တစ်ယောက်ယောက်ကတော့ ကောင်းကင်အဆိပ်ကျွန်းကို သွားဖို့အတွက် စာရင်းပေးနေပြီ"
"အမှန်ပဲ....သူက လူငယ်လေးတစ်ယောက်ပဲ"
"သူ ဘာတွေဖြစ်ခဲ့တယ်ဆိုတာ ငါ မသိပေမယ့် သူက သေချင်နေတာလား"
"ဒါပေမဲ့ ဘာအကြောင်းအရင်းရှိနေနေ ကိစ္စမရှိဘူး...ဒီနေရာကိုလာပြီး စာရင်းပေးသွင်းရဲတဲ့လူတွေက ယောက်ျားကောင်းတွေပဲ"
"မင်းပြောတာ အမှန်ပဲ"
ဤအချိန်အခိုက်အတန့်တွင် ကြည်ညိုလေးစားသောမျက်လုံးအကြည်များ ရီဖုန်းထံသို့ စူးစိုက်၍ကျရောက်နေသည်။
လူအိုကြီးက သူ့ရှေ့ရှိလူငယ်လေးကို စုန်ချည်ဆန်ချည်ကြည့်လိုက်သည်။
တချို့လူများက သူတို့ရှေ့ရှိလူငယ်လေးသည် စာရင်းပေးသွင်းရန် ဤနေရာသို့ ရောက်ရှိလာသည်ကို မယုံကြည်ကြချေ။
ထိုကြောင့် သူသည် လိမ္မာပါးနပ်စွာဖြင့် မေးမြန်းလိုက်၏။
"မင်းက မကြာခင် သေတော့မယ့်လူလား"
ရီဖုန်းက သူ၏ခေါင်းကို ခါယမ်းလေသည်။
လူအိုကြီးက ခေါင်းညိတ်လိုက်သည်။ဤလူငယ်လေးကိုကြည့်ရသည်မှာ ထိုကဲ့သို့ဖြစ်ပုံမရသဖြင့် သူ ထပ်မံ၍မေးမြန်းသည်။
"မင်းမှာ နက်ရှိုင်းတဲ့ သွေးကြွေးရန်ငြိုးတစ်ခုရှိနေတာကြောင့်...မင်းရဲ့အသက်ကို အသုံးပြုပြီးတော့ မင်း လက်စားချေဖို့အတွက် ကူညီပေးစေချင်တာလား"
ရီဖုန်းက သူ၏ခေါင်းကို ထပ်မံ၍ခါယမ်းလိုက်သည်။
လူအိုကြီးက မျက်မှောင်ကြုတ်ပြီး မေးမြန်းသည်။
"ဒါဆိုရင် မင်းက ဆိုးဆိုးရွားရွား ခံစားနေရတာကြောင့် ဘဝက ပျင်းရိငြီးငွေ့ဖို့ကောင်းတယ်လို့ ခံစားနေရလို့လား"
ရီဖုန်းက သူ၏ခေါင်းကို ထပ်မံ၍ ခါယမ်းလေသည်။
'တစ်ခုမှ မဟုတ်ဘူးလား'
လူအိုကြီးသည် ဤအချိန်အခိုက်အတန့်တွင် အံ့အားသင့်သွားလေ၏။
သူသည် စူးရှသောမျက်လုံးအကြည့်ဖြင့် ရီဖုန်းကိုကြည့်ကာ တိုက်ရိုက်မေးမြန်းလိုက်သည်။
"ဒါဆိုရင် မင်း ငါ့ဆီလာပြီးတော့ စာရင်းသွင်းတာ ဘာကြောင့်လဲ"
"ဒါက မင်းတို့ကောင်းကင်အဆိပ်ကျွန်းမှာ အဆိပ်စမ်းသပ်ခံဖို့အတွက်လေ"
ရီဖုန်းက တုံ့ပြန်အဖြေပေးသည်။
လူအိုကြီးသည် အချိန်တခဏကြာခန့် ကြက်သေသေသွားပြီးနောက် သုန်မှုန်နေသောမျက်နှာဖြင့် ပြောဆိုသည်။
"ငါ ဆိုလိုတာက မင်းမှာ ဒဏ်ရာလည်းမရှိနာကျင်မှုလည်းမရှိဘူး...ဒါပြင် လက်စားချေဖို့ကိစ္စလည်းမရှိဘူး...မင်းက ဘာလို့ ကောင်းကင်အဆိပ်ကျွန်းကိုသွားပြီး အဆိပ်စမ်းသပ်ခံ လုပ်ချင်တာလဲ...မင်း စာရင်းပေးသွင်းပြီးပြီဆိုရင် ပြန်ရုတ်သိမ်းလို့မရတော့ဘူးဆိုတာကို မင်း မသိဘူးလား"
"စာရင်းပေးသွင်းပြီးတဲ့နောက်မှာ ပြန်ရုတ်သိမ်းလို့မရဘူးဆိုတာကို ငါ သိပြီးသားပါ"
"ဒါပေမဲ့ ငါက သေတော့မယ့်လူမဟုတ်ရင် ဒါမှမဟုတ် ငါ့မှာ ဘာဒဏ်ရာဘာနာကျင်မှုမှ ရှိမနေရင် ငါ စာရင်းသွင်းလို့မရဘူးလား"
"ငါက အဆိပ်စမ်းသပ်ခံ ဖြစ်ချင်ရုံသက်သက်နဲ့ စာရင်းသွင်းလို့မရဘူးလား"
"မင်းတို့ အဆိပ်တွေကို ဖော်စပ်တာက နောင်အနာဂတ်မှာ နတ်ဆိုးတွေရဲ့ကျူးကျော်လာမှုကို တားဆီးဖို့ မဟုတ်လား...ဒါဆိုရင် ငါက တရားမျှတမှုနဲ့ လူသားမျိုးနွယ်ရဲ့အနာဂတ်အတွက် ဒီကိစ္စကို လုပ်တာပဲ"
"မင်း လူတွေအပေါ် ဘာလို့ အမြဲတမ်း အဆိုးမြင်နေတာလဲ"
ရီဖုန်းက မျက်လုံးလှန်ကြည့်ပြီး ချေပပြောဆိုသည်။
ရီဖုန်း၏စကားလုံးများကြောင့် လူအိုကြီးသည်အံ့အားသင့်သွားကာ သူ၏မျက်နှာ နီမြန်းသွားသည်။
အချိန်တခဏကြာပြီးနောက်....
သူသည် မတ်တတ်ထရပ်ကာ ရိုသေလေးစားသောအကြည့်ဖြင့် ရီဖုန်းကို ကြည့်လေသည်။
ထို့နောက် သူသည် ရီဖုန်းကို ဦးညွှတ်အရိုအသေပြုလိုက်၏။
"သခင်လေး...ငါ့ကို သင်ခန်းစာတစ်ခု သင်ကြားပေးတဲ့အတွက် မင်းကို ကျေးဇူးတင်ပါတယ်"
"ငါ အမြင်ကျဉ်းသွားခဲ့တယ်....ဒါကြောင့် ငါ မင်းကို တောင်းပန်ပါတယ်"
ရီဖုန်း၏စကားများသည် စောင့်ကြည့်နေသော ဖြတ်သွားဖြတ်လာများအကြား၌ ပြင်းထန်သောဆွေးနွေးမှုများကို ဖြစ်ပေါ်လာစေသည်။
"တစ်ချက်က တရားမျှတမှုအတွက်ဖြစ်ပြီးတော့ နောက်တစ်ချက်က လူသားမျိုးနွယ်ရဲ့အနာဂတ်အတွက်တဲ့လား"
"အဲ့ဒီလူက တကယ်ကို ငါ့ရဲ့စံပြပုဂ္ဂိုလ်အမျိုးအစားပဲ"
"အမှန်ပဲ....ဒီနေရာမှာ စာရင်းပေးသွင်းတဲ့လူတွေက မကြာခင်သေတော့မယ့်လူတွေ ဒါမှမဟုတ် ကံဆိုးမှုတွေနဲ့ ကြုံခဲ့ရတဲ့လူတွေလို့ ငါလည်း အမြဲတမ်း တွေးထင်ခဲ့တယ်... ဒီသူရဲကောင်းက ငါ့ကို သင်ခန်းစာတစ်ခု သင်ကြားပေးလိုက်ပြီ....ငါ အရင်တုန်းက အရမ်းအမြင်ကျဥ်းခဲ့မိတယ်"
"ဟူး...ဒါက မင်းရဲ့အမှားတော့ မဟုတ်ဘူး....ဘယ်လိုပဲဖြစ်ဖြစ် ကောင်းကင်အဆိပ်ကျွန်းကို သွားတဲ့လူတွေက ကံဆိုးမှုတစ်ခုနဲ့ ကြုံခဲ့ရတဲ့ လူတွေပဲဖြစ်မယ်လို့ သာမန်လူတွေက တွေးထင်ကြမှာပဲ"
လူများအားလုံးသည် စိတ်လှုပ်ရှားသွားကာ ရီဖုန်းကို ချီးမွမ်းစကား ပြောဆိုလိုက်ကြသည်။
လူအိုကြီးကိုကြည့်ရသည်မှာ အရှက်ရသွားပုံရပြီး ရီဖုန်းအပေါ် အလွန်အမင်း ယဉ်ကျေးသိမ်မွေ့စွာ ဆက်ဆံစပြုလာသည်။
"သခင်လေး....ကျေးဇူးပြုပြီးတော့ ပွင့်ပွင့်လင်းလင်းပြောမိတဲ့အတွက် ငါ့ကို ခွင့်လွှတ်ပေးပါ"
လူအိုကြီးက သူ့၏လက်နှစ်ဖက်ကိုပူးဆုပ်ပြီး ပြောဆိုသည်။
"ငါတို့ကောင်းကင်အဆိပ်ကျွန်းက အဆိပ်တွေစမ်းသပ်ခံဖို့အတွက် လူတွေအများကြီး လိုနေပေမယ့် မင်းက တရားမျှတမှုနဲ့ လူသားမျိုးနွယ်ရဲ့အနာဂတ်အတွက်လုပ်တာလို့ ပြောခဲ့တယ်....ဒီလိုအပြုအမူကြောင့် ငါက ကျွန်းကို ကိုယ်စားပြုပြီးတော့ မင်း စာရင်းပေးမှာကို လက်မခံရဲဘူး"
"ငါ မင်းကို မေးပါရစေ...တကယ်လို့ မင်းက ကောင်းကင်အဆိပ်ကျွန်းကိုသွားပြီးတော့ ငါတို့ရဲ့ကျွန်းပေါ်မှာ သေသွားမယ်ဆိုရင်...ငါတို့ကောင်းကင်အဆိပ်ကျွန်းက လောကကြီးကို ဘယ်လိုရှင်းပြရမှာလဲ"
"ဒါကြောင့် သခင်လေး...ကျေးဇူးပြုပြီး ပြန်ပါတော့....မင်းရဲ့အကျင့်စရိုက်နဲ့ဆိုရင် နောင်အနာဂတ်မှာ ကြီးမားတဲ့အောင်မြင်မှုတွေရပြီးတော့ ယွင်ရှင်းကမ္ဘာမှာ ထင်ပေါ်ကျော်ကြားလာမှာ သေချာတယ်....တကယ်လို့ နောင်အနာဂတ်မှာ နတ်ဆိုးတွေ ကျူးကျော်လာရင်တောင် လူသားမျိုးနွယ်အတွက် မင်းက ကြီးမားတဲ့အကျိုးဆောင်မှုတွေကို လုပ်ပေးနိုင်လိမ့်မယ်....ဒါကြောင့် မင်းက အသုံးဝင်နေတုန်းပဲ....မင်းရဲ့ပါရမီအရည်အချင်းနဲ့ ကျွန်းပေါ်ကိုသွားပြီး အဆိပ်စမ်းသပ်ခံမယ်ဆိုရင် အလဟဿဖြစ်သွားလိမ့်မယ်"
"လူအိုကြီးပြောတာ အမှန်ပဲ"
"တကယ်လို့ ဒီလိုလူမျိုးက အဆိပ်စမ်းသပ်ခံဖို့အတွက် ကောင်းကင်အဆိပ်ကျွန်းကို သွားမယ်ဆိုရင် နှမြောဖို့ကောင်းတယ်"
"ဟုတ်တယ်....ဒီလူငယ်လေးရဲ့အကျင့်စရိုက်နဲ့ဆိုရင် သူ့ရဲ့အနာဂတ်အောင်မြင်မှုက အကန့်အသတ်ရှိမှာ မဟုတ်ဘူး...ငါတို့က သူ့ကိုယ်သူ ဒီလိုမျိုး စတေးမှာကို ခွင့်မပြုသင့်ဘူး"
"ဒါကြောင့် သူရဲကောင်းလေး....ငါတို့အားလုံး မင်းရဲ့အကျင့်စရိုက်ကို မြင်ပြီးပါပြီ...ကျေးဇူးပြုပြီး ပြန်ပါတော့"
"အမှန်ပဲ...ကျေးဇူးပြုပြီး နောက်ပြန်ဆုတ်ပါတော့"
"မင်းရဲ့အကျင့်စရိုက်နဲ့ဆိုရင် အဆိပ်စမ်းသပ်ခံအဖြစ်သွားဖို့ မထိုက်တန်ဘူး"
လူအိုကြီး၏စကားများကို ဖြတ်သွားဖြတ်လာလူအမြောက်အများမှ ချက်ချင်းထောက်ခံလိုက်ကြသည်။
ရီဖုန်း၏မျက်နှာ ချက်ချင်းသုန်မှုန်သွားသည်။
'သောက်ချေးပဲ...'
'ငါက ငါ့ရဲ့လျှို့ဝှက်ချက်ကို ထုတ်မပြောချင်လို့ ကြုံရာကျပန်း ဆင်ခြေတစ်ခုကို ပေးလိုက်တာလေ'
'ဒါပေမဲ့ မင်းတို့ကောင်တွေက ငါ သေသွားရင် ငါ့ရဲ့ပါရမီအရည်အချင်း အလဟဿဖြစ်သွားမှာကို ကြောက်နေကြတာလား'
'ငါ သေမှရမယ်'
သူ၏မျက်နှာသုန်မှုန်နေကာ ဖြောင့်မတ်မှန်ကန်သောလေသံဖြင့် အော်ဟစ်လိုက်၏။
" 'ပါရမီအရည်အချင်း'ဆိုတာက မင်းတို့ ဘာကိုဆိုလိုတာလဲ"
"ငါက ကျွန်းပေါ်ကို အဆိပ်စမ်းသပ်ခံအဖြစ်သွားဖို့ မတန်ဘူးလို့ ဘယ်သူက ပြောတာလဲ"
"အနက်ရောင်မြူခိုးတွေ ချဉ်းကပ်လာပြီးတော့ နတ်ဆိုးတွေ ကျူးကျော်နေတာကြောင့် ငါတို့လူသားနယ်မြေက ဆယ်ပုံတစ်ပုံပဲကျန်တော့တယ်....လူသားမျိုးနွယ်တစ်ခုလုံး အန္တရာယ်ထဲကို ကျနေပြီ"
"အရှည်ကိုမျှော်တွေးတတ်တဲ့လူတွေက ထျန်းရှာအဖွဲ့အစည်းကို တည်ထောင်ပြီးတော့ ကောင်းကင်အဆိပ်ကျွန်းကို ဖန်တီးခဲ့တယ်...အဲ့ဒီကျွန်းပေါ်မှာ အဆိပ်ပညာရှင်တွေအများကြီးစုဝေးနေပြီးတော့ အဆိပ်တွေကို စူးစမ်းလေ့လာပြီး ဖော်စပ်နေကြတယ်.. သူတို့က တိတ်တဆိတ်ကြိုးစားနေတဲ့အပြင် သူတို့ရဲ့အောင်မြင်မှုနဲ့နာမည်ကျော်ကြားမှုတွေကို လျစ်လျူရှုပြီးတော့ နောင်အနာဂတ်လူသားမျိုးနွယ်အတွက် ပြင်ဆင်နေတာပဲ"
"အခုအချိန်မှာ သူတို့က အခက်အခဲတွေ အတားအဆီးတွေနဲ့ ကြုံတွေ့နေရတယ်...ငါတို့တွေက မြင့်မြတ်တဲ့အတွေးအခေါ်တွေနဲ့ သူတို့ကို ကူညီမပေးသင့်ဘူးလား"
"ငါ ရီဖုန်းက လူသားကျင့်ကြံသူတစ်ယောက်....လူသားမျိုးနွယ်ရဲ့ သန်းရာနဲ့ချီတဲ့ လူတွေထဲကတစ်ယောက်ပဲ...ဒါကြောင့် ငါ သေသွားရင်တောင် ဘာဝမ်းနည်းစရာမှ မရှိဘူး"
"ဒါ့ပြင် သေခြင်းက ငှက်မွေးတစ်ချောင်းလို ပေါ့ပါးပြီးတော့ ရှင်သန်ရတာက တောင်တစ်လုံးလို လေးလံနေရတာကို ငါ မလိုချင်ဘူး.....တကယ်လို့ ငါ့ရဲ့သေဆုံးခြင်းက နောင်အနာဂတ်လူသားမျိုးနွယ်အတွက် တည်ငြိမ်မှုကိုဆောင်ကြဉ်းပေးနိုင်မယ်ဆိုရင် ဘာလို့ ငါ့ရဲ့သေဆုံးမှုက မထိုက်တန်ရမှာလဲ"
"ဒါကြောင့် မင်းတို့ သဘောတူတူမတူတူ ငါ ဒီနေ့ရအောင်စာရင်းသွင်းမယ်"
Chapter 939
ရီဖုန်း၏စကား အဆုံးသတ်သွားချိန်၌ ပတ်ဝန်းကျင်နေရာတဝိုက်လုံး ငြိမ်အတိကျသွားသည်။
သုဿန်တစပြင်ကဲ့သို့ တိတ်ဆိတ်ငြိမ်သက်သွားပေ၏။
မြေပြင်ပေါ်၌ မျောလွင့်နေသော သစ်ရွက်ကြွေများ၏ပွတ်တိုက်သံများကိုပင် ရှင်းရှင်းလင်းလင်းကြားရနိုင်သည်။
လူများအားလုံးသည် ကြက်သွေးများထိုးသွင်းခံရသည့်အလား အလွန်စိတ်လှုပ်ရှားနေတာ သူတို့၏ပူပြင်းသောအကြည့်များသည် ရီဖုန်းပေါ်သို့ အခိုင်အမာကျရောက်နေပေ၏။
သူတို့၏မျက်လုံးအတွင်း၌ လေးစားကြည်ညိုခြင်း သဘောကြောင့်နှစ်ခြိုက်ခြင်းတို့ဖြင့် ပြည့်နှက်နေသည်။
အကြောင်းအရင်းမှာ ရီဖုန်း၏စကားများသည် သူတို့၏ယွင်ရှင်းကမ္ဘာအပေါ် ကြီးမားသောသက်ရောက်မှုကို ဆောင်ကြဉ်းပေးနိုင်သောကြောင့်ပင်။
"ကောင်းတယ်"
"ပြောသွားတာ အရမ်းကောင်းတယ်"
နောက်ဆုံး၌ အချိန်တခဏကြာခန့် တိတ်ဆိတ်ငြိမ်သက်သွားပြီးနောက် နွေးထွေးလှိုက်လှဲသော ချီးမွမ်းစကားများက ပတ်ဝန်းကျင်နေရာတဝိုက်မှ ပွင့်အံ့ထွက်လာသည်။
"သူ ပြောသွားတာ အရမ်းကောင်းတယ်"
"အမှန်ပဲ...သူရဲကောင်းတစ်ယောက်ရဲ့အပြုအမူနဲ့စိတ်နေသဘောသားက ငါတို့တွေးထားတာထက် ကျော်လွန်တယ်ဆိုတာ သဘာဝကျတဲ့ကိစ္စပဲ"
"သူက ငါတို့လူသားမျိုးနွယ်ရဲ့ထောက်တိုင်ကြီးပဲ"
"သေခြင်းက ငှက်မွှေးတစ်ချောင်းလို ပေါ့ပါးပြီးတော့ ရှင်သန်နေရတာက တောင်တစ်လုံးလို လေးလံတယ်တဲ့လား"
"ငါ့မှာ အနှောင်အဖွဲ့တွေ အများကြီးရှိနေတာကြောင့်သာမဟုတ်ရင် ငါလည်း ဒီသူရဲကောင်းလေးလိုလုပ်ဖို့ ငါ့မှာ ဆန္ဒရှိတယ်"
ပတ်ဝန်းကျင်နေရာတဝိုက်တွင် တိုင်ပင်ဆွေးနွေးနေသော အသံလှိုင်းများ ပွင့်အံ့ထွက်နေသည်။
တချို့လူများသည် စိတ်လှုပ်ရှားနေကာ တချို့သည် တိတ်တဆိတ်အံ့ကြိတ်ထားပြီး သူတို့၏မချင့်မရဲဖြစ်မှုကိုပြသနေကာ တချို့ကမူ ရီဖုန်း၏နောက်သို့လိုက်ပြီး နေရာမှာပင်စာရင်းသွင်းလိုကြသည်။
သို့ရာတွင် ရီဖုန်း၏စကားများကိုကြားပြီးနောက် စိတ်အလှုပ်ရှားဆုံးသူမှာ ကောင်းကင်အဆိပ်ကျွန်းသို့သွားရန် စာရင်းသွင်းနေရာကို ဦးဆောင်သော လူအိုကြီးပင်။
သူသည် တံခါးဝ၌ မတ်တတ်ရပ်နေကာ တုန်တုန်ရီရီဖြစ်နေပြီး သူ၏တောင်ဝှေးကို အားပြုထားရသည်။
သူ၏မျက်လုံးအတွင်း၌ မျက်ရည်များဖြင့် ပြည့်နှက်နေလေပြီ။
ကောင်းကင်အဆိပ်ကျွန်းပေါ်၌ စုဝေးနေသော အဆိပ်ပညာရှင်များသည် နောင်အနာဂတ်နတ်ဆိုးများ ကျူးကျော်လာမည်ကို ကာကွယ်ဟန့်တားရန်ရည်ရွယ်၍ လူသားမျိုးနွယ်၏ကောင်းကျိုးအတွက် နေ့ရောညပါပြင်းပြင်းထန်ထန်ကြိုးစားနေကြသည်။သူတို့သည် အဆင့်အတန်းမြင့်မားကာ ရိုသေလေးစားခံရပုံရသော်လည်း လက်တွေ့ဖြစ်ရပ်မှန်မှာ....
အမှန်အားဖြင့်...
သူတို့၏စိတ်နှလုံးသားအတွင်းရှိ နာကြင်မှုများကို မည်သူကမျှ နားလည်သဘောပေါက်ခြင်းမရှိချေ။
ကောင်းကင်အဆိပ်ကျွန်းသည် အဆိပ်များဖော်စပ်သည့် အခြေစိုက်နေရာဖြစ်သဖြင့် ကျွန်းတကျွန်းလုံးအပြင် ပတ်ဝန်းကျင်ရှိနယ်မြေများ၌ မည်သည့်သက်ရှိမျှမရှိချေ။ထိုကြောင့်အဆိပ်ပညာရှင်များသည် အခြေခံအားဖြင့် မည်သည့်ပျော်ရွှင်မှုမျှမရှိဘဲ အသက်ရှင်သန်ခဲ့ရသည်။သူတို့သည် အချိန်တိုင်း အဆိပ်များ၏စူးရှသောရနံ့ကို ရှုရှိုက်နေရလေ၏။
သူတို့အတွက် ကျွန်းမှထွက်ရသည်မှာ အလွန်ရှားပါးသော ခရီးစဉ်ပင်။သို့ရာတွင် သူတို့သည် ကောင်းကင်အဆိပ်ကျွန်းမှလာသည်ဟု ကြားသည်နှင့် တစ်ခြားလူများမှ သူတို့အားရှောင်ကွင်းသွားကြသည်။ထိုလူများသည် သူတို့ထံမှအဆိပ်များ သက်ရောက်လာမည်ကို စိုးရိမ်ထိတ်လန့်နေပေ၏။။နောက်အနာဂတ်နတ်ဆိုးများ၏ကျူးကျော်မှုကို တားဆီးဟန့်တားရန်အဆိပ်များကို အသုံးပြုမည်ဟူသော ကိစ္စကိုပင် လူအမြောက်အများမှ သဘောမတူချေ။သူတို့သည် ထိုအဆိပ်များသည် လူသားများကို မတော်တဆ ထိခိုက်ဒဏ်ရာရစေနိုင်ပြီး လူသားများ၏နေထိုင်မှုပတ်ဝန်းကျင်ကို မငြိမ်းချမ်းစေသည်ဟူသော အကြောင်းပြချက်ဖြင့် အပြင်းအထန်ငြင်းဆန်ကြသည်။
အထူးသဖြင့် ဤနေရာတွင် အဆိပ်စမ်းသပ်ခံများကို စုဆောင်းခြင်းကြောင့် သူ့အား တခြားလူများမှ နှိမ့်ချ၍ဆက်ဆံခံရခြင်းကိုသူကျင်သားရနေလေပြီ။
ထိုအကြောင်းကိုတွေးတောရင်း လူအိုကြီးသည် သူ၏မျက်ရည်များကိုသုတ်ကာ မိုးကောင်းကင်ယံကိုမော့ကြည့်ပြီး သက်ပြင်းရှိုက်လိုက်၏။
သို့ရာတွင် ယနေ့၌ နောင်အနာဂတ်လူသားမျိုးနွယ်အတွက် တိတ်တဆိတ်အကျိုးဆောင်နေသော အဆိပ်ပညာရှင်များအပေါ် နားလည်သဘောပေါက်သော တစ်စုံတစ်ယောက် ရှိလာလေပြီ။
နောက်ဆုံး၌ သူတို့၏နာကျင်မှုကို ထုတ်ဖော်ပြောဆိုသော တစ်စုံတစ်ယောက် ရှိလာခဲ့သည်။
နောက်ဆုံး၌ သူတို့အား အသိအမှတ်ပြုသော တစ်စုံတစ်ယောက် ရှိလာလေပြီ။
ရီဖုန်းပြောသကဲ့သို့ပင် ကျွန်းပေါ်ရှိ အဆိပ်ပညာရှင်အများစုသည် တစ်ချိန်က သူတို့၏ဒေသများအတွင်း၌ နယ်မြေခံ ထိပ်သီးအစွမ်းထက်တည်ရှိမှုကြီးများပင်။ယခုအချိန်၌ သူတို့သည် အတူတကွစုဝေးကာ အဆိပ်များကိုစူးစမ်းလေ့လာ၍ ဖော်ထုတ်နေကြသည်။သူတို့သည် တိတ်တဆိတ်တောက်ပနေသော်လည်း သူတို့၏အောင်မြင်မှုနှင့် နာမည်ကျော်ကြားမှုတို့ ဖုံးကွယ်နေသည်ဟု ဆိုနိုင်ပေ၏။
"သခင်လေးရီ.. ကျေးဇူးပြုပြီးတော့ ငါရဲ့အရိုအသေပြုမှုကို ထပ်ပြီးလက်ခံပေးပါ"
လူအိုကြီးသည် အလွန်စိတ်လှုပ်ရှားသွားကာ သူ၏လက်နှစ်ဖက်ကိုပူးဆုပ်ပြီး ရီဖုန်းကိုအရိုအသေပြုရန် ဟန်ပြင်လိုက်သည်။
ထိုမြင်ကွင်းကိုကြည့်ပြီး ရီဖုန်းသည် ရှေ့သို့အလျင်အမြန်ပြေးသွားကာ လူအိုကြီးအား တွဲထူလေသည်။
အမှန်အားဖြင့် သူသည် ပြပွဲကောင်းတစ်ခုကို သရုပ်ဆောင်နေခြင်းပင်။
သူ တမလွန်ဘဝသို့သွားရန်လမ်းသည် သူ့ရှေ့ရှိလူအိုကြီးအပေါ်၌ လုံးလုံးလျားလျားမူတည်နေသည်။
သူသည် သူ၏မျက်လုံးများ နီမြန်းစေရန်အတွက် သူ့ကိုယ်သူဖိအားပေးထားကာ သူ၏လက်သီးကို တင်းတင်းကြပ်ကြပ်ဆုပ်ထားသည်။
ထို့နောက် သူ၏လက်ကိုမြှောက်ပြီး တည်ကြည်လေးနက်စွာ ပြောဆိုလိုက်၏။
"လူအိုကြီး....ငါက ဘယ်လိုလုပ်ပြီးတော့ မင်း အရိုအသေပြုတာကို လက်ခံနိုင်မှာလဲ...တကယ်လို့ အရိုအသေပြုရမယ့်တစ်ယောက် ရှိမယ်ဆိုရင် ငါကသာ မင်းကို အရိုအသေပြုသင့်တာပါ"
"မင်းက နောင်အနာဂတ်လူသားမျိုးနွယ်အတွက် အကျိုးဆောင်နေခဲ့တယ်...ဒါက ကြီးမားတဲ့ကောင်းမှုကုသိုလ်နဲ့အကျိုးဆောင်မှုကြီးပဲ ...ပိုးကောင်တွေက မသေမချင်း ပိုးချည်ထုတ်တာကို မရပ်တန့်ဘူး ဖယောင်းတိုင်တစ်တိုင်က ပြာမဖြစ်မချင်း မျက်ရည်ကျတာကို မရပ်တန့်ဘူး"
ရီဖုန်းသည် ထိုစကားကိုပြောဆိုပြီးနောက် သူ၏လက်နှစ်ဖက်ကိုပူးဆုပ်ပြီး လူအိုကြီးကို ရိုသေလေးစားစွာ ဦးညွှတ်အရိုအသေပြုလိုက်သည်။
ထိုမြင်ကွင်းကိုကြည့်ပြီး ဖြတ်သွားဖြစ်လာများသည် ရပ်ကြည့်မနေနိုင်တော့ဘဲ သူတို့၏လက်များကိုပူးဆုပ်ကာ ရီဖုန်း၏နောက်မှလိုက်ပြီး အရိုအသေပြုလိုက်ကြ၏။
"ဆရာကြီး....ကျေးဇူးပြုပြီးတော့ ငါတို့ရဲ့အရိုအသေပြုမှုကိုလည်း လက်ခံပေးပါ"
"ကောင်းတယ်....အရမ်းကောင်းတယ်"
"ဟား ဟား ဟား...."
"ပိုးကောင်တွေကမသေမချင်း ပိုးချည်တွေထုတ်ပေးတာကို မရပ်တန့်ဘူး...ဖယောင်းတိုင်က ပြာမဖြစ်မချင်း မျက်ရည်ကျတာကို မရပ်တန့်ဘူး.... ကောင်းလိုက်တဲ့စကား...."
လူအမြောက်အများသည် ရီဖုန်းနှင့် သဘောထားထပ်တူကျနေသည်ကိုကြည့်ပြီး လူအိုကြီးသည် အလွန်စိတ်လှုပ်ရှားသွားကာ သူ၏ခန္ဓာကိုယ် တုန်ရီနေသည်။သူသည် အစေခံကောင်လေး၏ တွဲထူပေးမှုကို လျစ်လျူရှုပြီးသူ၏လက်နှစ်ဖက်ကို မိုးကောင်းကင်ယံထံသို့ ဆန့်တန်းပြီး ကျယ်လောင်စွာအော်ဟစ်ရယ်မောလိုက်၏။
"ဟား ဟား ဟား....မင်းရဲ့စကားတွေကြောင့် ငါတို့ကောင်းကင်အဆိပ်ကျွန်းရဲ့လူအိုကြီးတွေ ကျွန်းပေါ်မှာ အမောဖောက်ပြီး သေသွားမယ်ဆိုရင်တောင် ဒါက ထိုက်တန်တယ်"
"ဒါက ထိုက်တန်တယ်"
ရီဖုန်းသည် သူ့ရှေ့ရှိလူအိုကြီးကိုကြည့်ပြီး ရှင်းမပြနိုင်သောစိတ်ခံစားချက်တစ်ခုကို ခံစားမိသည်။
သူ၏မျက်လုံးအတွင်းရှိ အရိပ်အယောင်များသည် ပေါ့ပေါ့တန်တန်မဟုတ်တော့ဘဲ ရိုသေလေးစားမှုများဖြင့် ပြည့်နှက်နေပေ၏။
အမှန်အားဖြင့် သူ၏ရည်ရွယ်ချက်ကို သူ မမေ့လျော့ချေ။သူသည် လူအိုကြီး၏လက်ကိုကိုင်ပြီး ရိုးသားစွာနှင့်ခိုင်မာပြတ်သားစွာ ပြောဆိုလိုက်သည်။
"ဒါကြောင့် ကျေးဇူးပြုပြီးတော့ ငါရဲ့တောင်းဆိုချက်ကို သဘောတူပြီး အဆိပ်စမ်းသပ်ခံ လုပ်ခွင့်ပြုပါ"
"ကောင်းပြီ....ကောင်းပြီလေ"
လူအိုကြီးသည် ရီဖုန်း၏လက်ကို တင်းတင်းကြပ်ကြပ်ကိုင်ထားကာ သူ ငြင်းဆန်ရန်အတွက် အကြောင်းပြချက် မရှိတော့ချေ။
"တော်လိုက်တဲ့ ကောင်လေး"
အဝေးတစ်နေရာရှိ မိုးကောင်းကင်ယံ၌ ဖျင်ကြမ်းဝတ်စုံဝတ် လူအိုကြီးတယောက်သည် မိုးကောင်းကင်ယံအတွင်း၌ မတ်တတ်ရပ်နေပေ၏။
သူ လေထုအတွင်း၌ မတ်တတ်ရပ်နေသောကြောင့် ပတ်ဝန်းကျင်ရှိ လေစီးကြောင်းများ ပြောင်းလဲနေပုံရသည်။
သူသည် လေထုအတွင်း၌ရှိနေသော်လည်း မည်သူကမျှ သူကိုသတိမပြုမိဘဲ လေဟာနယ်နှင့် တသားတည်းကျနေသည့်အလားပင်။
သူသည် လမ်းပေါ်ရှိ စာရင်းပေးနေရာတွင်ဖြစ်ပျက်ခဲ့သမျှအရာရာတိုင်းကို မြင်တွေ့ခဲ့ရသည်။
အကယ်၍ ရီဖုန်းသာ ဤနေရာ၌ရှိနေပါက ဤဖျင်ကြမ်းဝတ်စုံဝတ်လူအိုကြီးသည် ဖုန်းယွီကျွန်းပေါ်၌ သူနှင့်စစ်တုရင်ကစားခဲ့သော လူအိုကြီးဖြစ်ကြောင်း သိရှိသွားပေမည်။ထိုလူအိုကြီးသည် သူ့အား တပည့်အဖြစ် ခေါ်ယူလိုသည့်အပြင် အသက်ကယ်အဆောင်လက်ဖွဲ့တစ်ခုကိုပင် ပေးရန်ကြိုးစားခဲ့သည်။
"ဒီကောင်လေးရဲ့တာဝန်သိစိတ်က ငါ့ထက်မြင့်မားနေမယ်လို့ ငါ ဘယ်တုန်းကမှ မတွေးခဲ့ဖူးဘူး"
လူအိုကြီးထံ၌ သဘောကျနှစ်ခြိုက်မှုများဖြင့် ပြည့်နှက်နေသည်။
"မရဏအမွေအနှစ်ကို ဆက်ခံနိုင်တဲ့ မင်းရဲ့အရည်အချင်းနဲ့ မင်းရဲ့အကျင့်စရိုက်အရဆိုရင် သာမန်လူတွေက မင်းရဲ့ဆရာဖြစ်ဖို့ မထိုက်တန်ဘူး"
"ဒါက မင်းကို ငါ ပိုပြီးသဘောကျသွားစေတယ်"
လူအိုကြီးက သူ၏မုတ်ဆိတ်များကိုပွတ်သပ်နေကာ သူကိုကြည့်ရသည်မှာ အလွန်စိတ်ကျေနပ်နေပုံပင်။
"ဒါပေမဲ့ ဒီကောင်လေးက ကောင်းကင်အဆိပ်ကျွန်းကိုသွားဖို့ အောင်အောင်မြင်မြင် စာရင်းသွင်းနိုင်ခဲ့တယ်..ကောင်းကင်အဆိပ်ကျွန်းရဲ့လူတွေက လူသားမျိုးနွယ်ရဲ့အကျိုးအတွက် လုပ်နေကြတဲ့ တည်ရှိမှုကြီးတွေပဲ...ငါ ဒီကိစ္စကို ဟန့်တားလို့မရဘူး....အကြောင်းကတော့ ငါက သူ့ကို တပည့်အဖြစ် လက်ခံချင်လို့ပဲ....ငါ တားလိုက်ရင် ငါက ဒီကောင်လေးရဲ့အကျင့်စရိုက်ကို ဖျက်ဆီးသလိုဖြစ်သွားလိမ့်မယ်"
"ဒါပေမဲ့ ငါက ဒီကောင်လေးကိုသေခွင့်မပြုနိုင်ဘူး"
လူအိုကြီးက ထပ်မံ၍မျက်မှောင်ကြုတ်ကာ သူ၏မေးကိုပွတ်သပ်ပြီး နက်နက်ရှိုင်းရှိုင်းစဉ်းစားတွေးတောလိုက်၏။
အချိန်အတော်ကြာပြီးနောက် သူ ဆုံးဖြတ်ချက်တစ်ခုချလိုက်သည်။
"ဒီလိုကိစ္စမျိုးရှိနေမှတော့ ငါလည်း စာရင်းသွင်းလိုက်မယ်....ငါက သူ့ကိုကာကွယ်ဖို့အတွက် ဒီကောင်လေးရဲ့နောက်ကို အမြဲတမ်းလိုက်နေရင် ....သူက အဆိပ်ကြောင့် သေလုမျောပါးဖြစ်နေရင်တောင် ငါက ကယ်နိုင်လိမ့်မယ်...ဒီနည်းလမ်းနဲ့ ကောင်းကင်အဆိပ်ကျွန်းရဲ့လုပ်ဆောင်ချက်တွေကို သက်ရောက်မှုမရှိစေတဲ့အပြင် ဒီကောင်လေးလည်း သေသွားမှာမဟုတ်ဘူး"
ရီဖုန်းသည် နောက်ဆုံး၌ လူအိုကြီး၏စိတ်လှုပ်ရှားမှုအောက်တွင် အောင်မြင်စွာစာရင်းသွင်းနိုင်ခဲ့သည်။
ရီဖုန်း၏အတွေးအမြင်များကို ကြားပြီးနောက် စာရင်းပေးသွင်းသော လူတချို့ရှိသော်လည်း သူတို့ထံ၌ ဆန္ဒသာရှိပြီး အရည်အချင်းမပြည့်မီချေ။
သူတို့သည် တာအိုကြေးမုံနယ်ပယ် ကျင့်ကြံသူတစ်ယောက်မဟုတ်သရွေ့ စာရင်းပေးသွင်းနိုင်မည်မဟုတ်ပေ။
ရီဖုန်းနှင့်လူအိုကြီးတို့ စိတ်ကျေနပ်နေကြကာ သူ့အား ကြည်ညိုလေးစားစွာဖြင့် စောင့်ကြည့်နေသော ဖြတ်သွားဖြတ်လာများ လူစုကွဲသွားချိန်တွင် ဝါးခမောက်ဆောင်းထားသောလူအိုကြီးတယောက်သည် စာရင်းပေးသွင်းရန် ရောက်ရှိလာပေ၏။
"စကားတွေ အများကြီးမပြောနဲ့...မေးခွန်းတွေလည်း အများကြီးမမေးနဲ့...အရာရာတိုင်းက လူသားမျိုးနွယ်ရဲ့ကောင်းကျိုးအတွက်ပဲ"
လူအိုကြီးသည် ရောက်ရှိလာပြီးနောက် သူ့ကိုယ်သူအားပေးရန် ရီဖုန်း၏စကားလုံးများကို တိုက်ရိုက်အသုံးချခဲ့သည်။
ထိုသို့ပြောဆိုပြီးနောက် ဝါးခမောက်ဆောင်းထားသောလူအိုကြီးသည် သူ့၏နံဘေးတွင် မတ်တတ်ရပ်နေသော ရီဖုန်းကို မသိမသာတစ်ချက်ကြည့်လိုက်သည်။
တိုက်တိုက်ဆိုင်ဆိုင်ဖြင့် ရီဖုန်း၏အကြည့်သည်လည်း သူ့ထံသို့ ရောက်ရှိလာပေ၏။
ဝါးခမောက်၏ပိတ်စအောက်မှတစ်ဆင့် မျက်လုံးနှစ်စုံ အကြည့်ခြင်းဆုံသွားသည်။
'တပည့်တစ်ယောက်ကိုခေါ်ဖို့အတွက် ငါက ဒီ လူသားမျိုးနွယ်ကောင်းကျိုးဆိုတဲ့အရာကို လုပ်ရတော့မယ်.... တာဝန်သိစိတ်တကယ်ရှိတဲ့ ဒီကောင်လေးနဲ့နှိုင်းယှဉ်ရင် နောင်အနာဂတ်ဆရာဖြစ်တဲ့ငါက နိမ့်ကျနေပြီ'
'ပြောရမယ်ဆိုရင် ဒီကောင်လေးက တော်တော်လေးသဘောကျဖို့ကောင်းတယ်'
လူအိုကြီးက ထိုသို့တွေးတောနေသည်။
'ငါ သေချင်တာက ငါ သေပြီးတဲ့နောက်မှာ အင်မော်တယ်တစ်ယောက်ဖြစ်လာမှာမလို့ ဒီလိုမျိုးတွေ ပြောခဲ့တာပဲ...အစစ်အမှန်တရားမျှတမှုအတွက် လုပ်ဆောင်တဲ့ ငါ့ရှေ့က လူအိုကြီးနဲ့နှိုင်းယှဉ်ရင် ငါ တကယ်ကို ရှက်မိတယ်'
'ဒီလူအိုကြီးက တကယ့်ကို လေးစားဖို့ကောင်းတယ်'
ရီဖုန်းသည် ထိုသို့တွေးတောနေလေ၏။
ထိုကဲ့သို့အတွေးများရှိနေသဖြင့် သူတို့နှစ်ယောက်သည် အချင်းချင်းကြည့်ကာ တည်ကြည်လေးနက်စွာ ခေါင်းညိတ်လိုက်ကြသည်။
"သူရဲကောင်းတွေက တစ်ယောက်နဲ့တစ်ယောက် တန်ဖိုးထားကြတယ်...ဒါက တကယ့်ကိုမှန်တဲ့ ဆိုရိုးစကားပဲ"
စာရင်းသွင်းနေရာကိုဦးဆောင်သော လူအိုကြီးသည် သူရဲကောင်းနှစ်ယောက်မှ တစ်ယောက်ကိုတစ်ယောက် ရင်းနှီးချစ်ခင်စွာ စိုက်ကြည့်နေသည်ကိုမြင်တွေ့ချိန်၌ ကြည်ညိုလေးစားစွာဖြင့် ကျယ်လောင်စွာအော်ဟစ်လိုက်သည်။
ထိုအသံသည် လူနှစ်ယောက်၏နားအတွင်းသို့ ကျရောက်သွားပေ၏။
ဝါးခမောက်အောက်ရှိ လူအိုကြီး၏မျက်နှာ ရှက်ရွံမှုကြောင့် နီမြန်းသွားသည်။
ရီဖုန်းသည် မိုးကောင်းကင်ယံသို့ မော့ကြည့်ပြီးနောက် သူ၏စိတ်နှလုံးသားအတွင်းရှိ ရှက်ရွံမှုကိုပယ်ဖျက်ရန် ချောင်းတစ်ချက်ဟန့်လိုက်သည်။
Chapter 940
တည်ငြိမ်သော ပင်လယ်ရေမျက်နှာပြင်ပေါ်တွင် သင်္ဘောတစ်စီး ရွက်လွှင့်နေသည်။
ဤသင်္ဘောသည်ကြီးမားခြင်းမရှိသည့်အပြင် ကြည့်ရသည်မှာ အလွန်စုတ်ပြတ်သတ်နေသော်လည်း အလံများအနက် အဆင့်မြင့်ဆုံးအလံဖြစ်သော အလံနီကို လွှင့်ထူထားသည်။
ထျန်းယုနယ်မြေအတွင်းတွင် မိုးမြေကျွန်း၏ချင်မိသားစုမှလွဲ၍ အလံနီလွှင့်ထူနိုင်သော သင်္ဘောဟူ၍ ဤသင်္ဘောတစီးသာ ရှိပေမည်။
ဤသည်မှာ ကောင်းကင်အဆိပ်ကျွန်းသို့ ဦးတည်သွားသော သင်္ဘောပင်။
ကုန်းပတ်ပေါ်၌..
ဤနေရာတွင် လူအမြောက်အများရှိမနေဘဲ ခေါင်းဆောင်လူအိုကြီးနှင့်သူ၏အစေခံကောင်လေးအပြင် သင်္ဘောအမှုထမ်းတချို့နှင့် ကောင်းကင်အဆိပ်ကျွန်းမှအစောင့်များသာ ရှိနေသည်။
အမှန်အားဖြင့် အရေးကြီးဆုံးလူနှစ်ယောက်မှာ အဆိပ်စမ်းသပ်ခံနှစ်ယောက်ပင်။
ကုန်းပတ်ပေါ်တွင် လူအမြောက်အများသည် စိတ်လန်းဆန်းပေါ့ပါးစွာဖြင့် မွှေးပျံ့သောလက်ဖက်ရည်ကို သောက်နေကြသည်။
'ဟူး....ငါ အချိန်အကြာကြီး ပင်ပင်ပန်းပန်း ကြိုးစားခဲ့ပြီးတဲ့နောက်မှာ ငါ သေရတော့မယ်'
ရီဖုန်းသည် ပင်လယ်လေညှင်းကို ရှူရှိုက်ပြီးနောက် သူ၏မျက်နှာပေါ်တွင် ပျော်ရွှင်မှုအရိပ်အယောင်များ ထင်ဟပ်လာကာ စိတ်လန်းဆန်းမှုကို ခံစားမိသည်။
'အိုး...ငါက ငါ့ရဲ့အဖိုးတန်တပည့်လေးကို ရတော့မယ်'
ဝါးခမောက်အောက်ရှိ လူအိုကြီး၏မျက်နှာထက်တွင် အပြုံးတစ်ခုထင်ဟပ်နေကာ သူ၏လက်နှစ်ဖက်ကိုပွတ်သပ်ပြီး သူ ပလ္လင်ခွေထိုင်နေစဉ်၌ ဒူးနှစ်ဖက်ကို လုပ်ယမ်းနေသည်။
'ငါက ဒီတစ်ကြိမ်မှာ ဘယ်သူ့ကိုမှ ခေါ်နိုင်မှာမဟုတ်ဘူးလို့ ငါ ထင်ခဲ့တာ...ဒါပေမဲ့ ငါက သန်မာအားကောင်းတဲ့ သူရဲကောင်းနှစ်ယောက်ကို ရခဲ့တယ်'
ကောင်းကင်အဆိပ်ကျွန်းမှ လူအိုကြီး၏မျက်နှာပေါ်တွင် အပြုံးတစ်ခုထင်ဟပ်နေကာ သူ၏မုတ််ဆိတ်မွှေးများကို ပွတ်သပ်နေပေ၏။
လူသုံးယောက်ထံ၌ မတူကွဲပြားသောအတွေးများ ရှိနေသည်။
"သူရဲကောင်းနှစ်ယောက်...စစ်တုရင် ကစားကြပါလား"
ကောင်းကင်အဆိပ်ကျွန်းမှလူအိုကြီးသည် သူရဲကောင်းနှစ်ယောက် ပျင်းရိမည်ကို စိုးရိမ်မိသဖြင့် စစ်တုရင်ခုံကိုထုတ်ယူပြီး မေးမြန်းလိုက်သည်။
ထိုစကားကိုကြားချိန်၌ ဝါးခမောက်ဆောင်းထားသော လူအိုကြီး၏မျက်လုံးများ တောက်ပသွားကာ သူ၏အကြည့်သည် ရီဖုန်းထံသို့ တန်းတန်းမတ်မတ်ကျရောက်သွားသည်။
ယခင်တစ်ကြိမ်တုန်းက ဖုန်းယွီကျွန်းပေါ်တွင် ဤလူငယ်လေးအား သူ ရှုံးနိမ့်ခဲ့ရသည်ကို သူ မမေ့လျော့သေးချေ။
"မကစားဘူး..."
သို့ရာတွင် ရီဖုန်းက ငြင်းဆန်လိုက်သည်။မည်သို့ပင်ဆိုစေကာမူ သူသည် ဤကဲ့သို့စိတ်ကောင်းဝင်နေသောအချိန်တွင် စစ်တုရင်ကစားရမည်ကို စိတ်ဝင်စားမှုမရှိပေ။
ထို့ပြင် စနစ်၏သင်ကြားခြင်းကို ခံယူပြီးနောက် သူသည် စစ်တုရင်ကစားခြင်း၌ ပြိုင်ဘက်ကင်းဖြစ်လာခဲ့သည်။သူသည် မည်သူတစ်ဦးတစ်ယောက်နှင့်မဆို စစ်တုရင်ကစားခြင်းသည် ရိုးရှင်းသော ကွန်ပျူတာကစားကွက်နှင့် ကစားနေရသည့်အလားပင်။ဤသည်မှာ သူ့အတွက် အနည်းငယ်မျှ ပျော်ရွှင်ဖွယ်မကောင်းချေ။
"မကစားဘူးလား...."
ထိုစကားကိုကြားချိန်၌ ဝါးခမောက်ဆောင်းထားသော လူအိုကြီးသည် ဒေါသထွက်သွားလုနီးပါးပင်။
ရီဖုန်း၏အံ့အားသင့်သွားသောအကြည့်ကို မြင်တွေ့ချိန်၌ လူအိုကြီးက အလျင်အမြန်ရှင်းပြသည်။
"ငါ ဆိုလိုတာက ဒီနေရာမှာ အရမ်းပျင်းဖို့ကောင်းတယ်...မင်းက ဘာလို့ စစ်တုရင်မကစားတာလဲ"
သူသည် ထိုသို့ပြောဆိုပြီးနောက် သူ၏လက်အတွင်းရှိ စစ်တုရင်ရုပ်ကိုချကာ တစ်ဖက်လူကို ကစားရန် ဖိအားပေးမှုကို လုပ်ဆောင်လိုက်သည်။
"ကောင်းပြီ....ကောင်းပြီလေ"
ထိုမြင်ကွင်းကိုကြည့်ပြီး ရီဖုန်းက ကူကယ်ရာမဲ့စွာဖြင့် သူ၏ခေါင်းကိုခါယမ်းကာ သဘောတူလိုက်သည်။
မကြာမီမှာပင် စစ်တုရင်ခုံပေါ်၌ အဖြူနှင့်အနက်အရုပ်များဖြင့် ပြည့်နှက်သွားကာ နှစ်ဖက်စလုံးသည် ဝမ်းသာအားရတိုက်ခိုက်နေကြ၏။
'ဟမ့် ကောင်စုတ်လေး...အရင်တစ်ကြိမ်က ငါ မင်းကို ရှုံးခဲ့တဲ့အကြောင်းကတော့ ငါက စကားပြောဆိုမှုအပေါ်မှာ အာရုံစိုက်နေလို့ပဲ"
"ဒီတကြိမ်တော့ မင်းရဲ့အနာဂတ်ဆရာ ဘယ်လောက်ထိအစွမ်းထက်လဲဆိုတာ မင်း မြင်စေရမယ်"
ဝါးခမောက်ဆောင်းထားသော လူအိုကြီးသည် အလွန်ကြိုးစားနေကာ သူ၏အချစ်ဆုံးတပည့်ရှေ့တွင် ရာဇဝင်ဆိုးတွင်ကျန်ခဲ့မည်ကို မလိုလားချေ။
အကယ်၍ တပည့်သည် အလွန်ထူးချွန်နေပါက ဆရာဖြစ်သူသည်လည်း ထပ်တူထပ်မျှဖြစ်နေရပေမည်။
လူသားမျိုးနွယ်၏ဘေးအန္တရာယ်ကို ကာကွယ်ရန် စာရင်းပေးရာတွင် သူ၏တပည့်လေးထက် သူ ခြေတစ်လှမ်းနောက်ကျခဲ့သော်လည်း တခြားနေရာများတွင် နောက်ကျကျန်ခွင့်မပြုနိုင်ချေ။
မည်သို့ပင်ဆိုစေကာမူ ဤကဲ့သို့ အဖိုးတန်တပည့်လေးမှ သူ၏တပည့်အဖြစ် လိုလိုလားလားလက်ခံလာရန် အခန်းကဏ္ဍများအားလုံး၌ သူ ထူးချွန်နေရန် လိုအပ်သည်။ထိုသို့ဖြစ်လာမှသာ သူ၏တပည့်လေးသည် သူ့အပေါ်တွင် ရိုသေလေးစားမှုများ ရှိလာပေမည်။
ဝါးခမောက်ဆောင်းထားသော လူအိုကြီးသည် သူ၏ပေသီးဖြင့် တွက်နေလေရာ တဂျောက်ဂျောက်အသံများကို ကြားနေရသည်။ထို့နောက်သူ၏လက်အတွင်းရှိ စစ်တုရင်ရုပ်ကိုမြှောက်ပြီး သူ၏အချစ်ဆုံးတပည့်လေးအား မည်ကဲ့သို့ချောင်ပိတ်ဖမ်းရမည်ကို စဉ်းစားတွေးတောလိုက်သည်။သို့ရာတွင် သူ၏စစ်တုရင်ရုပ်ကို ချ၍မရနိုင်တော့ကြောင်း သူ ရှာဖွေတွေ့ရှိခဲ့သည်။
အကြောင်းအရင်းမှာ သူ၏စစ်တုရင်ရုပ်များသည် ရီဖုန်း၏လုံးလုံးလျားလျားဝိုင်းရံပိတ်ဆို့ထားခြင်းကို ခံရပြီဖြစ်ကြောင်း သူ နားလည်သွားသောကြောင့်ပင်။
အခြေခံအားဖြင့် သူ့အတွက် လွတ်လမ်းမရှိတော့ချေ။
"မင်း ရှုံးသွားပြီ"
ရီဖုန်းက ခပ်ဖျော့ဖျော့အပြုံးနှင့် ပြောဆိုသည်။
"ဒါ...ဒါ...ဒါက ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ"
သူ၏တွက်ချက်မှုကျရှုံးသွားသဖြင့် ဤကြီးမားသောကွာဟချက်သည် ဝါးခမောက်ဆောင်းထားသော လူအိုကြီးအား မယုံကြည်နိုင်ဖြစ်သွားစေသည်။
"မဟုတ်ဘူး...နောက်တစ်ပွဲ ထပ်စမ်းကြည့်ရအောင်... "
လူအိုကြီးသည် သူ ရှုံးသွားသည်အား လက်မခံနိုင်ဖြစ်နေသည်။
အကယ်၍ သူသည် တခြားတစ်ယောက်ကို ရှုံးသွားပါက ပြဿနာမရှိချေ။သို့ရာတွင် သူသည် သူ၏အချစ်ဆုံးတစ်ပည့်လေးအား ရှုံးနိမ့်ခဲ့ရသည့်ကိစ္စကို သူ အကြွင်းမဲ့လက်မခံနိုင်ပေ။
"ဟူး ကောင်းပြီ...ကောင်းပြီလေ"
ရီဖုန်းသည် ကူကယ်ရာမဲ့စွာဖြင့် သက်ပြင်းရှိုက်လိုက်၏။
'ငါ ပျင်းနေတာနဲ့ အတော်ပဲ.. အခု ကစားပွဲစပြီဆိုမှတော့ ဒီလူအိုကြီးကို နည်းနည်းအနိုင်ကျင့်ရမယ်'
ဤသို့ဖြင့်...
ရီဖုန်းမျှော်လင့်ထားသည်နှင့်တူညီစွာ ဝါးခမောက်ဆောင်းထားသော လူအိုကြီးသည်ကစားပွဲ၌ သူ၏အရူးလုပ်ခြင်းကို ခံရတော့သည်။လူအိုကြီးသည် ယခင်ကစားပွဲအချိန်လောက် ကြာရှည်တောင့်ခံနိုင်ခြင်းမရှိချေ။
သို့ရာတွင် သူသည် အရှုံးပေးလိုခြင်းမရှိဘဲ ရီဖုန်းအား ဆက်လက်၍ နားပူနားဆာတိုက်နေခဲ့သည်။
ဤသို့ဖြင့် သူတို့နှစ်ယောက်သည် နောက်ထပ်ငါးပွဲ ကစားခဲ့ကြ၏။
နောက်ထပ်ကစားပွဲငါးပွဲတွင် အဆုံးသတ်သည်ပို၍ပို၍လျင်မြန်လာပြီး ရီဖုန်း၏လက်အတွင်း၌ လူအိုကြီးတောင့်ခံနိုင်သောအချိန် ပို၍တိုတောင်းလာသည်။
မည်သို့ပင်ဆိုစေကာမူ ရီဖုန်းသည် အစပထမတွင် တစ်ဖက်လူကို မျက်နှာသာအနည်းငယ်ပေးခဲ့သည်။သို့ရာတွင် လူအိုကြီးသည် ကံဆိုးမှုကိုမယုံကြည်သဖြင့် ရီဖုန်းသည် အလွတ်မပေးတော့ဘဲ ကစားပွဲတိုင်းကို အမြန်ဆုံးအဆုံးသတ်ခဲ့သည်။
ကစားပွဲအနည်းငယ်ခန့် ကစားပြီးနောက် ဝါးခမောက်ဆောင်းထားသော လူအိုကြီး၏စိတ်ပိုင်းဆိုင်ရာ သိသိသာသာပြောင်းလဲသွားလေပြီ။
ဝါးခမောက်အောက်ရှိ သူ၏မျက်နှာပေါ်တွင် ချွေးများစိုရွှဲနေသည်။
သူသည် စစ်တုရင်ကစားရာ၌ ရီဖုန်း၏ပြိုင်ဘက် မဖြစ်နိုင်ကြောင်း သူ ဝန်ခံရပေမည်။
'ဒါက အဆင်ပြေပါတယ်...ငါက စစ်တုရင်ကစားတဲ့နေရာမှာ မထူးချွန်ရုံလေးပဲ'
'ဒါက အချိန်ခဏလေးကိုပဲ ဖြတ်ကျော်ခဲ့ရတာ...ဒီကိစ္စက ငါ တပည့်လက်ခံမှာကို ဘာထိခိုက်မှုမှ မရှိစေနိုင်ဘူး'
'ဒါ့ပြင် ငါက သူ့ကို တပည့်အဖြစ် လက်ခံတာက စစ်တုရင် ဘယ်လိုကစားရမယ်ဆိုတာ သင်ကြားပေးဖို့မဟုတ်တာ....တခြားအခန်းကဏ္ဍတွေမှာ ဒီကောင်လေးထက် ငါ သာနေသရွေ့ လုံလောက်တယ်'
'အမှန်ပဲ...ဒါက စစ်တုရင်ကစားနည်းလေးတစ်ခုပဲ...ဆရာက အခန်းကဏ္ဍအားလုံးမှာ သူ့ရဲ့တပည့်ထက် ပိုပြီးတော်နေရမယ်လို့ ဘယ်သူက ပြောခဲ့တာလဲ'
ဝါးခမောက်ဆောင်းထားသော လူအိုကြီးသည် ဤနည်းလမ်းဖြင့် သူ့ကိုယ်သူ နှစ်သိမ့်ပြီးနောက် စိတ်သက်သာရာရမှုကို ခံစားမိလေ၏။
ဤသို့ဖြင့် သင်္ဘောကြီးသည် တစတစကောင်းကင်အဆိပ်ကျွန်းနှင့် နီးကပ်လာခဲ့သည်။
ကျွန်းနှင့်နီးကပ်သွားချိန်၌ သူတို့သည် လေထုအတွင်း၌ စူးရှသောဆေးရနံ့တစ်ခု ရှိနေသည်ကိုရှူရှိုက်မိသည်။
ဤကျွန်း၏အထက်ရှိ မိုးကောင်းကင်ယံ၌ဖြစ်စေ အနီးရှိပင်လယ်ရေပြင်အတွင်း၌ဖြစ်စေ မည်သည့်သက်ရှိတစ်ကောင်ကိုမျှ မမြင်တွေ့ရချေ။
ကောင်းကင်အဆိပ်ကျွန်းသည် နာမည်ဂုဏ်သတင်းနှင့် ထိုက်တန်ပေ၏။
ကျွန်းပေါ်သို့ ရောက်ရှိပြီးနောက်..
ကျွန်းတစ်ကျွန်းလုံးသည် ခြောက်ကပ်ပြီး ကျောက်တုံးကျောက်ခဲများဖြင့် ပြည့်နှက်နေကာ စိမ်းစိုနေသောနေရာတနေရာကိုပင် မမြင်တွေ့ရချေ။
အကယ်၍ သူသည် ကြိုသိထားခြင်းမရှိပါက တားမြစ်နယ်မြေတစ်ခုအတွင်းသို့ ဝင်ရောက်လာမိသည်ဟု တွေးထင်မိပေမည်။
နောက်ဆုံး၌ သူ၏သင်္ချိုင်းမြေသို့ ရောက်လာပြီဖြစ်သောကြောင့် သူ့ထံတွင် စိတ်လှုပ်ရှားမှုများဖြင့် ပြည့်နှက်နေသည်။
တခြားတစ်ဖက်တွင် ဝါးခမောက်ဆောင်းထားသော လူအိုကြီးသည် စိတ်တည်ငြိမ်သောအခြေအနေ၌ရှိနေကာ မည်သည့်ကိစ္စကိုမျှ စိတ်ဝင်စားပုံမရချေ။
"သူရဲကောင်းနှစ်ယောက်...ငါက မင်းတို့နှစ်ယောက် ကျွန်းပေါ်ရောက်လာတဲ့သတင်းကို အရှင်မယဲ့ရှောင်ဆီ အကြောင်းကြားပေးပြီ...အခု ငါက အရှင်မယဲ့ရှောင်နဲ့တွေ့ဖို့အတွက် မင်းတို့နှစ်ယောက်ကို ခေါ်သွားပေးမယ်"
လူအိုကြီးက ယဉ်ကျေးသိမ်မွေ့စွာဖြင့် လမ်းပြခေါ်ဆောင်သည်။
သို့ရာတွင် ယဲ့ရှောင်ဟူသောနာမည်ကို ကြားချိန်တွင် အအေးမိလျှင်ပင် အရိပ်အယောင်ကို ရိပ်မိနိုင်မည်မဟုတ်သည့် ဝါးခမောက်ဆောင်းထားသော လူအိုကြီး၏မျက်နှာအမူအယာ မသိမသာပျက်ယွင်းသွားသည်။
သူ၏နံဘေးတွင် မတ်တတ်ရပ်နေသော ရီဖုန်းသည် တစ်စုံတစ်ခုမှားယွင်းနေသည်ကို သတိပြုမိသဖြင့် မေးမြန်းလိုက်၏။
"ဦးလေးဖူ...ယဲ့ရှောင်ဆိုတဲ့တစ်ယောက်က အရေးပါလို့လား"
သင်္ဘောပေါ်တွင် စကားပြောဆိုဆက်ဆံခဲ့ခြင်းမှတဆင့် ရီဖုန်းက ဝါးခမောက်ဆောင်းထားသောလူအိုကြီး၏နာမည်သည် ဖူနန်ထျန်းဖြစ်ကြောင်း သိရှိခဲ့ရသည်။
ထိုစကားကိုကြားချိန်တွင် ဝါးခမောက်၏အောက်မှနေ၍ ဖူနန်ထျန်း၏အသံ ထွက်ပေါ်လာသည်။
"ကြောက်ဖို့ကောင်းတဲ့ မိန်းမတစ်ယောက်..."
"သူက ယွင်ရှင်းကမ္ဘာမှာ အဆိပ်မိန်းမပျိုလို့ နာမည်ကျော်ကြားတယ်...သူက သူတော်စင်တစ်ဝက်အဆင့်မှာရှိပေမယ့် သူတော်စင်တွေတောင် အလွယ်တကူရန်မစရဲတဲ့ လူစားမျိုးပဲ ...ဘာလို့လဲဆိုရင် သူ့ရဲ့အဆိပ်ပြင်းတဲ့တိုက်ခိုက်မှုတွေက အရမ်းအစွမ်းထက်တာကြောင့် သူတော်စင်တွေတောင် ဂရုမစိုက်မိရင် အလွယ်တကူ အရူးလုပ်ခံရနိုင်တယ်"
"အဲ့ဒီမိန်းမက ကောင်းကင်အဆိပ်ကျွန်းရဲ့ခေါင်းဆောင်ပဲ"
"ဘယ်လိုပဲဖြစ်ဖြစ် မင်း သူကိုတွေ့တဲ့အချိန်ကျရင် အဲ့ဒီမိန်းမနဲ့ ဝေးဝေးနေပါ....သူ့မှာ အဆိပ်တွေနဲ့ပြည့်နေပြီးတော့ မင်းကို သတ်နိုင်တယ်"
ဖူနန်ထျန်းက ရီဖုန်းကို ဂရုတစိုက်သတိပေးသည်။
ရီဖုန်းသည် သူ၏နံဘေးတွင်နေပါက မည်သည့်ဒုက္ခမျှမတွေ့နိုင်ဟု သူ အာမမခံနိုင်သောသော်လည်း ဤအဆိပ်မိန်းမပျို၏အဆိပ်သင့်သွားပါက အနည်းဆုံး ဒုက္ခတစ်ခုတွေ့သွားနိုင်သည်။
"အဲ့ဒီလိုလား..."
ရီဖုန်းက သူ၏မေးကိုပွတ်သပ်ပြီး ဤသဲလွန်စကို တိတ်တဆိတ်မှတ်သားလိုက်၏။
နောက်ဆုံး၌ သူတို့သည် မှောင်မည်းနေသော ခန်းမတစ်ခုအတွင်းသို့ ရောက်ရှိလာသည်။
ခန်းမ၏ထိပ်ဆုံးနေရာတွင်...
အနက်ရောင်ဆံပင်ရှည်များရှိသော အမျိုးသမီးတစ်ယောက်သည် ပေါ့ပေါ့ပါးပါးကိုယ်နေဟန်ထားဖြင့် ထိုင်နေလေ၏။
သူမသည် အရပ်မြင့်ကာ ရေမြွေတစ်ကောင်အလား ခွေခေါက်နေသဖြင့် သူမ၏လှပသောခန္ဓာကိုယ်အချိုးအစားကို အပြည့်အဝပေါ်လွင်စေသည်။
အထူးသဖြင့် သူမသည် အနက်ရောင်သံချပ်ကာကို တင်းတင်းကြပ်ကြပ်ဝတ်ဆင်ထားသဖြင့် သူမ၏ခြေတံရှည်များ ပြီးပြည့်စုံစွာကောက်ကြောင်းပေါ်နေသည်။
သူမထံတွင် နူးညံ့သိမ်မွေ့သောပုံပန်းသွင်ပြင်နှင့် လှပသောဘဲဥပုံမျက်နှာရှိသော်လည်း သူမ၏အသားဖြူဖွေးခြင်းမရှိသည့်အပြင် သူမ၏ မျက်လုံးနှင့်နှုတ်ခမ်းများကို အနက်ရောင် ဆိုးထားသည်။
ရီဖုန်း၏စကားများအရဆိုလျှင် သူမသည် သူ၏အတိတ်ဘဝရှိ အမိုက်စားပုံစံမျိုး ဝတ်ဆင်ထားခြင်းပင်။
ဤအမျိုးသမီးသည် သူမျှော်လင့်ထားသည် ပို၍အသက်ငယ်နေသည်ကလွဲ၍ သူ တွေးထင်ထားသော ပုံပန်းသွင်ပြင်နှင့် လုံးလုံးလျားလျားကိုက်ညီနေသည်။
ဤအချိန်အခိုက်အတန့်၌ သူမ၏နူးညံသေးသွယ်သော အဆိပ်ပြင်းဖွတ်တစ်ကောင်၏ခေါင်းကို ညင်သာစွာပွတ်သပ်နေသည်။ထို့နောက် သူမ၏ဆွဲဆောင်မှုရှိသောမျက်လုံးတစ်စုံဖြင့် သူမအား အလွန်အမင်းစိတ်ဝင်စားသောပုံစံဖြင့် ကြည့်နေသော ရီဖုန်းနှင့်ဖူနန်ထျန်းတို့ကို ပြန်ကြည့်လေသည်။