အခန်း (၉၄၁-၉၄၅)
Vol. 63 Ch. 941-945
Chapter 941
"ဟယ်သောက်နယ်မြေကလာတဲ့ သူရဲကောင်းနှစ်ယောက်ကို ကြိုဆိုပါတယ်"
သူတို့နှစ်ယောက်အား မြင်တွေ့ချိန်၌ ယဲ့ရှောင်၏နှုတ်ခမ်းထောင့် မြင့်တက်သွားပြီး မတ်တတ်ထရပ်၍ သူတို့အား ဆီးကြိုနှုတ်ဆက်သည်။
သူတို့ လမ်းတွင်ရှိနေစဉ်အချိန်၌ ယဲ့ရှောင်သည် သူတို့နှင့်ပတ်သက်သော သတင်းများကို ကြိုတင်ရရှိပြီးဖြစ်သည်။
သို့ရာတွင်....
သူမ မသိရှိသည်မှာ ရီဖုန်းသည် သူ မည်သည့်နယ်မြေကလာသည်ဟု ပြောရမှန်းမသိသဖြင့် ဟယ်သောက်နယ်မြေဟု ကြုံရာသတင်းပို့လိုက်ခြင်းဖြစ်သည်။
ရီဖုန်းမှ ဟယ်သောက်နယ်မြေဟု သတင်းပို့သည့်အား ဖူနန်ထျန်း မြင်တွေ့ချိန်တွင် သူ၏သရုပ်မှန် ပေါ်လွင်မသွားစေရန်အလို့ငှာ သူသည်လည်း ဟယ်သောက်နယ်မြေမှဟု ပြောဆိုခဲ့သည်။
"သူရဲကောင်းနှစ်ယောက်က ဒီနေ့ ကျွန်းပေါ်ကိုရောက်လာမှတော့...ငါ ယဲ့ရှောင်က နင်တို့နှစ်ယောက်ကို ကိစ္စတွေရှင်းရှင်းလင်းလင်းဖြစ်အောင် ပြောပြချင်တယ်"
ယဲ့ရှောင်က အဓိကအချက်ကို တိုက်ရိုက်ပြောဆိုသည်။
"နင်တို့တွေက ဒီကျွန်းပေါ်ကို ခြေချပြီးတာနဲ့ ပြန်သွားဖို့ မလွယ်တော့ဘူး"
"ဒီနေရာမှာ နင်တို့ရဲ့အသက်ကို စတေးခံရဖို့က ဆယ်ပုံပုံရင်ကိုးပုံ သေချာတယ်"
"နင်တို့နှစ်ယောက်က ဟယ်သောက်နယ်မြေရဲ့ ထိပ်သီးအစွမ်းထက်ကျင့်ကြံသူတွေဖြစ်ပြီးတော့...ယွင်ရှင်းကမ္ဘာရဲ့ အဖိုးတန်ရှားပါးတဲ့ ပါရမီရှင်တွေပဲ...ကျင့်ကြံခြင်းဆိုတာက မလွယ်ကူဘူး...ဒါကြောင့် နင်တို့ သေသေချာချာစဉ်းစားဖို့ ငါ သတိပေးချင်တယ်"
"နင်တို့ အခုနောင်တရမယ်ဆိုရင် နောက်မကျသေးဘူး...ငါတို့ကောင်းကင်အဆိပ်ကျွန်းက နင်တို့နှစ်ယောက်ကို အပြစ်တင်မှာမဟုတ်ဘူး...ငါက နင်တို့ကို အကောင်းပကတိအတိုင်း ပြန်ပို့ပေးမယ်"
"ဒါကြောင့် ဒီနေ့ နင်တို့နှစ်ယောက်က ဒီနေရာမှာ ဆုံးဖြတ်ချက်အသစ်တစ်ခုကိုလုပ်ဖို့ လိုတယ်"
ထိုသို့ပြောဆိုပြီးနောက် ယဲ့ရှောင်သည် အေးအေးလူလူအကြည့်ဖြင့် သူတို့နှစ်ယောက်ကို ကြည့်သည်။
ဖူနန်ထျန်းသည် အဆိပ်စမ်းသပ်ခံရမည်မခံရမည်ကို အနည်းငယ်မျှဂရုမစိုက်ချေ။ သူ၏စိတ်သည် နံဘေး၌မတ်တတ်ရပ်နေသော ရီဖုန်းထံတွင်သာ လုံးလုံးလျားလျား ကျရောက်နေသည်။
ထို့ကြောင့် ရီဖုန်း အဖြေပေးလိုက်သည်နှင့် သူ တွေဝေတုံ့ဆိုင်းနေမည် မဟုတ်ချေ။သူသည် ရီဖုန်း၏ဆုံးဖြတ်ချက်ကို စောင့်ဆိုင်းရန်သာ လိုအပ်သည်။
"ကျွန်းအရှင်ယဲ့..."
ရီဖုန်းက ရှေ့သို့လျှောက်လှမ်းသွားပြီး သူ၏လက်နှစ်ဖက်ကို ပူးဆုပ်လိုက်သည်။
"ကောင်းကင်အဆိပ်ကျွန်းပေါ်မှာရှိတဲ့ အဆိပ်ပညာရှင်တွေအားလုံးက အနာဂတ်မှာ နတ်ဆိုးတွေကျူးကျော်လာမှာကို ခုခံကာကွယ်ဖို့အတွက် ကြိုးစားနေတယ်ဆိုတာ ငါ သိတယ်"
"ဒါက လူသားမျိုးနွယ်အတွက် အဓိကကိစ္စကြီးတစ်ခုပဲ...အဆိပ်စမ်းသပ်ခံတွေ နည်းပါးနေတဲ့အချိန်မှာ ယွင်ရှင်းကမ္ဘာရဲ့ကျင့်ကြံသူတစ်ယောက်ဖြစ်တဲ့ ငါ့မှာ ရွေးချယ်စရာမရှိတာကြောင့် ဒီတာဝန်ကို ငါ လက်ခံရမယ်"
"ဒါကြောင့် ငါ ရီဖုန်းက ဒီကျွန်းပေါ်ကို ခြေချလိုက်တဲ့အချိန်ကစပြီးတော့ ပြန်သွားဖို့ကို ဘယ်တုန်းကမှ မစဉ်းစားခဲ့ဖူးဘူး"
"ငါက စကားတည်တဲ့ယောက်ျားတစ်ယောက်ပါ"
'ကျေးဇူးပြုပြီးတော့ ကျွန်းအရှင်ယဲ့ရှောင်က ငါ့ကို အဆိပ်ခတ်ပြီး သတ်ပေးပါ'
ရီဖုန်းက သူ့၏ခေါင်းကိုမော့ကာ အကြောက်အလန့်ကင်းမဲ့သော အမူအယာဖြင့် ပြောဆိုသည်။
ရီဖုန်း၏စကားများကြောင့် ခန်းမတစ်ခုလုံးအတွင်းရှိ လူများအကြားတွင် တိုင်ပင်ဆွေးနွေးသံများ ထွက်ပေါ်လာသည်။
"တာဝန်တဲ့လား..."
"သူက ငါတို့လူသားမျိုးနွယ်ရဲ့အစစ်အမှန်သူရဲကောင်းပဲ"
အဆိပ်ပညာရှင်အမြောက်အများသည် ရီဖုန်းကို ချီးမွမ်းစကားများ ပြောဆိုလိုက်ကြ၏။
ဤကျွန်းပေါ်တွင် သူတို့၏ပင်ပင်ပန်းပန်းကြိုးစားခဲ့မှုများ အချည်းနှီးဖြစ်မသွားသည်ကို သိရှိရသည်မှာ သူတို့အတွက် အလွန်အားတက်ဖွယ်ရာပင်။
"တော်လိုက်တဲ့ကောင်လေး...လူသားမျိုးနွယ်အပေါ် မင်းရဲ့တာဝန်သိစိတ်က အရမ်းမြင့်မားတယ်"
သူ၏နောက်တွင်ရှိနေသော ဖူနန်ထျန်းသည်လည်း သူ့အား တိတ်တဆိတ်ကြည်ညိုလေးစားနေသည်။
,
ရီဖုန်းသည် သူ၏သဘောထားကို ထုတ်ဖော်ပြောဆိုပြီးနောက် ဖူနန်ထျန်းသည်လည်း သူ၏သဘောထားကို ချက်ချင်းထုတ်ဖော်ပြောဆိုလိုက်၏။
"အမှန်ပဲ...ဒီညီငယ်လေးပြောသွားတာက ငါ ပြောချင်တာနဲ့ တထပ်တည်းတူတယ်...လူသားမျိုးနွယ်ရဲ့ကောင်းကျိုးအတွက် ဒါက ငါ့ရဲ့တာဝန်ပဲ"
သူတို့နှစ်ယောက်၏အပြုအမူများကြောင့် သူတို့အား ခေါ်ဆောင်လာသောလူအိုကြီးသည် အလွန်စိတ်လှုပ်ရှားသွားပေ၏။
အမှန်တကယ်ကို သူ အမြင်မမှားခဲ့ချေ။
"အရှင်ယဲ့ရှောင်...မင်း ဘယ်လိုသဘောရလဲ"
လူအိုကြီးက တိုးညှင်းသောအသံဖြင့် ယဲ့ရှောင်ကိုမေးမြန်းသည်။
ယဲ့ရှောင်၏စူးရှသောမျက်လုံးတစ်စုံသည် သူတို့နှစ်ယောက်အား အစမှအဆုံးတိုင် စူးစမ်းလေ့လာနေကာ သူတို့ပြုလုပ်သော လှုပ်ရှားမှုတစ်ခုစီတိုင်းကို လွဲချော်သွားခြင်းမရှိချေ။
"နောက်ထပ်အဆိပ်စမ်းသပ်မှုအတွက် မျိုးရိုးနာမည်ဖူရှိတဲ့ လူအိုကြီးကို ပြင်ဆင်ထားလိုက်ပါ...ရီဖုန်းကတော့...."
"သူ့ကို ငါနဲ့ သီးသန့်လာတွေ့ဖို့ ပြောလိုက်ပါ"
ယဲ့ရှောင်သည် ထိုစကားကိုပြောဆိုပြီးနောက် သူမ၏လက်ကိုဝှေ့ယမ်းကာ ထွက်ခွာသွားရန်ဟန်ပြင်လိုက်၏။
လူအိုကြီးသည် ယဲ့ရှောင်၏ဆုံးဖြတ်ချက်နှင့်ပတ်သက်ပြီး အနည်းငယ်ဝေခွဲရခက်နေသည်။
"အရှင်မယဲ့ရှောင်....ဒါက ဘာလို့လဲ"
သူက သံသယအပြည့်ဖြင့် မေးမြန်းသည်။
"နင်ရောငါရော ကျင့်ကြံသူတစ်ယောက်ရဲ့အကြောင်းကို ကောင်းကောင်းသိထားတယ်.... စတေးခံဖို့ ဆန္ဒရှိတဲ့လူတွေက သူတို့အတွက် ပိုကောင်းတဲ့အရာကို ရဖို့မဟုတ်လား"
"သူတို့က ပိုပြီးကြီးမားတဲ့အရာကို ရဖို့အတွက် သူတို့ရဲ့အသက်ကို စတေးကြတာပဲ"
"ဥပမာအနေဖြင့်ပြောရရင် ဖူနန်ထျန်းက အစစ်အမှန်ဖြစ်နိုင်တယ်"
"ဒါပေမယ့် ရီမျိုးရိုးနဲ့တယောက်ကတော့ အရမ်းကောင်းတယ်လို့ ငါ မထင်ဘူး"
ယဲ့ရှောင်က သရော်တော်တော် ပြောဆိုသည်။
"အရှင်မယဲ့ရှောင်...မင်း ဘာလို့ သတိအရမ်းထားနေတာလဲ...သခင်လေးရီဖုန်းက ပထမဆုံးစာရင်းပေးသွင်းခဲ့တဲ့ လူတစ်ယောက်ပါ....လူသားမျိုးနွယ်ရဲ့ကောင်းကျိုးအတွက် သူ့ရဲ့အသက်ကို စတေးချင်တဲ့ အပြုအမူတွေက အတုအယောင်မဟုတ်ဘူး...ငါက အဆိပ်ပညာရပ်မှာ အရှင်မယဲ့ရှောင်လောက် မကျွမ်းကျင်ပေမယ့်...လူတွေကို အကဲဖြတ်တဲ့နေရာမှာ ငါ့ရဲ့အရည်အချင်းက အရှင်မယဲ့ရှောင်ထက် နိမ့်ကျမှာမဟုတ်ဘူး"
ယဲ့ရှောင်သည် ရီဖုန်းအပေါ် သံသယဝင်နေသည်ကို မြင်တွေ့ချိန်၌ လူအိုကြီးယဲ့က သူ၏အမြင်ကို အလျင်အမြန်ဖော်ပြသည်။
တစ်ခုသိထားရမည်မှာ....
ရီဖုန်းသည် သူ၏စိတ်နှလုံးသားအတွင်း၌ အလွန်အရေးပါသောနေရာတွင် ရှိနေပေ၏။
လူသားမျိုးနွယ်၏ကောင်းကျိုးအတွက် သူ့ကိုယ်သူစတေးလိုသော ရီဖုန်း၏စိတ်နေသဘောထားအပေါ် သူ အလွန်ကြည်ညိုလေးစားမိသည်။
ထို့ကြောင့် ယဲ့ရှောင်သည် ရီဖုန်းအပေါ် သံသယဝင်လာချိန်၌သူ မည်သို့မျှ သဘောမတူနိုင်ချေ။
"ဆရာကျန်း....နင် ဘယ်လိုခံစားနေရာလဲဆိုတာ ငါ သိတယ်"
ယဲ့ရှောင်က အေးအေးလူလူပြောဆိုသည်။
"ဒါပေမဲ့ အတိအကျပြောရရင် သူက အရမ်းပြီးပြည့်စုံနေတာကြောင့် ငါ သူ့ကို သံသယဝင်မိတာပဲ"
"အဲ့ဒီလူက သေခြင်းနဲ့ရင်ဆိုင်နေရတဲ့အချိန်မှာ ဘာကြောက်ရွံမှု ဘာတွေဝေတုံ့ဆိုင်းမှုမှ မရှိဘူး...သူက အရမ်းပြီးပြည့်စုံနေတာကြောင့် ဘယ်သူကမှ သူ့အပေါ်မှာ အပြစ်ရှာနိုင်မှာမဟုတ်ဘူး..ဒါက လူသားတစ်ယောက်နဲ့တောင်မတူဘူးလို့ ပြောနိုင်တယ်"
"ဒါပေမဲ့ အဲဒါက သူရဲ့အကျင့်စရိုက်လေ"
လူအိုကြီးသည် ရီဖုန်း၏ဘက်မှ ခုခံပြောဆိုရန် ကြိုးပမ်းလိုက်၏။
"သူက လူသားမျိုးနွယ်ရဲ့ကောင်းကျိုးအတွက် သေချင်တယ်ဆိုမှတော့ သူ့မှာ ဘာတွေဝေတုံ့ဆိုင်းမှုမှမရှိတာ သဘာဝကျတယ်"
ယဲ့ရှောင်က ပြုံးလိုက်သည်။
"ဒါဆိုရင် ငါ နင့်ကို မေးပါရစေ....တကယ်လို့ နောင်အနာဂတ်မှာ နတ်ဆိုးတွေကျူးကျော်လာရင် လူသားမျိုးနွယ်အတွက် နင့်ရဲ့အသက်ကို ပေးနိုင်လား"
ယဲ့ရှောင်က သူမရှေ့ရှိလူအိုကြီးကိုကြည့်ပြီး တုံ့ပြန်မေးမြန်းလိုက်သည်။
"ငါ...."
လူအိုကြီး၏မျက်နှာ နီမြန်းသွားကာ အချိန်အတော်ကြာသည်အထိ စဉ်းစားတွေးတောပြီးနောက် အံ့တင်းတင်းကြိတ်၍ ပြောဆိုသည်။
"တကယ်လို့ ငါ့ရဲ့သေခြင်းက လူသားမျိုးနွယ်ရဲ့အောင်ပွဲအတွက် အထောက်အပံ့ဖြစ်မယ်ဆိုရင် ငါ သေဖို့ဆန္ဒရှိတယ်"
"အမှန်ပဲ....နင် လုပ်နိုင်လိမ့်မယ်"
ယဲ့ရှောင်က အေးအေးလူလူပြောဆိုသည်။
"နင့်ရဲ့သဘောထားက အရမ်းခိုင်မာတယ်...ဒါပေမဲ့ အနည်းဆုံးတော့ နင် တွေဝေနေခဲ့တယ်....နင်ရဲ့ စိတ်ထဲမှာ ရုန်းကန်မှုတွေရှိနေတယ်"
"ငါ...."
လူအိုကြီးသည် မည်သည့်စကားကိုမျှ မပြောနိုင်တော့ချေ။
"ဒါကြောင့် ငါ သူ့ကို သံသယဝင်မိတာပဲ"
ယဲ့ရှောင်က ရှင်းပြသည်။
"သာမန်လူတစ်ယောက်က သေခြင်းတရားကို စိတ်အေးအေးနဲ့ ရင်ဆိုင်နိုင်တယ် ဆိုရင်တောင် ....သူကသာမန်လူဖြစ်နေသရွေ့မသေခင်မှာ နောင်တတချို့ရပြီးတော့ သူ့ရဲ့စိတ်ထဲမှာ ရုန်းကန်မှုတချို့ကို ခံစားရလိမ့်မယ်"
"ဒါပေမဲ့ အဲဒီလူက ဘာမှဖြစ်မသွားခဲ့ဘူး"
"အနည်းဆုံးတော့ ငါ ယဲ့ရှောင်က ဒီလောကကြီးထဲမှာ တခြားလူတွေရဲ့ကောင်းကျိုးအတွက် သူတို့ကိုယ်သူတို့ စတေးမယ့်လူတွေ ရှိနေမယ်လို့ ငါ မယုံဘူး"
"နတ်ဆိုးနယ်မြေက ငါတို့လူသားနယ်မြေအပေါ် လိုချင်တပ်မက်နေတယ်ဆိုတာ နင်လည်းအသိပဲ ...အခု ငါတို့အသက်ရှင်နေထိုင်နိုင်တဲ့ နယ်မြေက ဆယ်ပုံတစ်ပုံပဲကျန်တော့တယ်...လူသားအယောင်ဆောင်ထားတဲ့ နတ်ဆိုးသူလျှိုတွေအများကြီးက ငါတို့လူသားတွေကြားမှာပုန်းအောင်းနေတယ်"
"လူသားမျိုးနွယ်ရဲ့မဟာအစီအစဉ်ကြီးနဲ့ဆက်စပ်နေတဲ့ အရာရာတိုင်းကို သတိထားရမယ်...ငါတို့ သတိလက်လွတ်နေလို့ မရဘူး...နင်နားလည်ပြီလား"
ယဲ့ရှောင်က ထက်ရှသောအကြည့်ဖြင့် လူအိုကြီးကိုကြည့်ပြီး တည်ကြည်လေးနက်စွာ သတိပေးလိုက်၏။
"ငါ နားလည်ပါပြီ"
လူအိုကြီးသည် ခေါင်းငုံ့ပြီး ယဲ့ရှောင်ပြောသောစကားများကို သဘောတူလိုက်သည်။
"ဒါကြောင့် သူ့ကို ငါဆီသီးသန့်လာတွေ့ဖို့ စေလွှတ်ခိုင်းတာပဲ"
"ငါက သူ့ကို ဂရုတစိုက်လေ့လာပြီးတော့ ဒီနေရာကိုလာတာက သူ့မှာ တခြားရည်ရွယ်ချက်ရှိမရှိသေချာအောင် လုပ်ရမယ်"
ယဲ့ရှောင်က အမိန့်ပေးသည်။
ထိုသို့ပြောဆိုပြီးနောက် သူမသည် သူမ၏လက်အတွင်းရှိ အဆိပ်ပြင်းဖွတ်ကို ညင်သာစွာပွတ်သပ်ပြီး အဓိပ္ပါယ်အပြည့်ဖြင့် ပြုံးလိုက်၏။
ထို့နောက် သူမသည် ရီဖုန်းနှင့်လူအိုကြီးနှစ်ယောက်ကို တစ်ချက်စောင်းငဲ့ကြည့်ပြီးနောက် ခန်းမအတွင်းမှ ထွက်ခွာသွားတော့သည်။
ယဲ့ရှောင် ထွက်ခွာသွားပြီးနောက် လူအိုကြီးကျန်းသည် ရီဖုန်းနှင့်ဖူနန်ထျန်းတို့ထံသို့ ရောက်ရှိလာသည်။
ဖူနန်ထျန်းက ယဲ့ရှောင်သည် ရီဖုန်းကို သီးသန့်တွေ့လိုကြောင်း ကြားသိချိန်တွင် သူ၏မျက်နှာအမူအယာ ချက်ချင်းတည်ကြည်လေးနက်သွားသည်။
သူသည် ရီဖုန်းကို နံဘေးသို့ဆွဲခေါ်လိုက်၏။
"ကောင်လေး...ငါ ပြောတာကို မှတ်ထားစမ်း"
"မင်း အဲ့ဒီအဆိပ်ပြင်းတဲ့မိန်းမနဲ့ တွေ့တဲ့အချိန်ကျရင် ခပ်ခွာခွာနေရမယ်....သူကသူတော်စင်တွေတောင် သတိထားနေရတဲ့ လူတစ်ယောက်ပဲ"
"တကယ်လို့ သူမ မပျော်မရွှင်ဖြစ်အောင် မင်း လုပ်မိမယ်ဆိုရင် မင်းက အဆိပ်စမ်းသပ်ခံဟုတ်မဟုတ်ကို သူက ဂရုစိုက်တော့မှာမဟုတ်ဘူး...မင်းက လူသားမျိုးနွယ်ရဲ့ကောင်းကျိုးအတွက် လုပ်တယ်ဆိုတာကိုလည်း သူ ထည့်တွက်မှာ မဟုတ်ဘူး...သူက မင်းရဲ့အသက်ကို နှုတ်ယူသွားလိမ့်မယ်....မင်း နားလည်ရဲ့လား"
ဖူနန်ထျန်းက အလေးအနက်ထားသောလေသံဖြင့် ရှင်းပြသည်။
သူသည် ယဲ့ရှောင်၏အဆိပ်ပညာစွမ်းရည်အကြောင်းကို ကြားသိပြီးဖြစ်သည်။
ရီဖုန်းအား သူ နောက်တစ်ကြိမ်ပြန်တွေ့ချိန်၌ အလောင်းဘဝသို့ ရောက်ရှိနေသည့်အား သူ မြင်တွေ့လိုခြင်းမရှိပေ။
ထိုကဲ့သို့ အခြေအနေမျိုးသို့ရောက်ရှိသွားပါက သူပင်လျှင် ရီဖုန်းကို ကယ်တင်နိုင်တော့မည်မဟုတ်ချေ။
သူ၏အနာဂတ်ချစ်တပည့်လေး ဒုက္ခတွေ့ခြင်းမှကာကွယ်ဟန်တားနိုင်ရန်အလို့ငှာ သူ ပြင်းပြင်းထန်ထန်သတိပေးလိုက်၏။
သို့ရာတွင် ရီဖုန်းကမူ သဘောမတူချေ။
'သေရမှာလား...'
ဤသည်မှာ သူ လိုချင်သောအရာ အတိအကျပင်။
ထိုကြောင့် အဆိပ်မိန်းမပျိုဟု နာမည်ဆိုးဖြင့်ကျော်ကြားသည့် ယဲ့ရှောင်နှင့် သူ တွေ့ဆုံရမည်ဟု ကြားချိန်၌ စိုးရိမ်ပူပန်နေရသည့်အစား သူ၏စိတ်နှလုံးသားအတွင်း၌ မျှော်လင့်ချက်အနည်းငယ်ပင်ရှိနေသည်။
အချိန်တခဏကြာပြီးနောက် လူအိုကြီး၏လမ်းညွှန်မှုအောက်တွင် ရီဖုန်းသည် ယဲ့ရှောင်၏သီးသန့်ခန်းအတွင်းသို့ ဝင်သွားခဲ့သည်။
"ထိုင်ပါအုံး"
အခန်းအတွင်း၌ ယဲ့ရှောင်သည် မွှေးပျံ့သောလက်ဖက်ရည်တစ်ခွက်ကို ဖျော်စပ်ထားပြီးဖြစ်ကာ လက်ဖက်ရည်စားပွဲ၏နံဘေး၌ ပလ္လင်ခွေထိုင်နေသည်။ရီဖုန်း ဝင်လာသည်ကို မြင်တွေ့ချိန်၌ သူမ၏လက်ကိုဆန့်တန်းကာ သူ့အား ထိုင်ရန်အချက်ပြလိုက်၏။
ရီဖုန်းသည် တုံ့ဆိုင်းခြင်းမရှိဘဲ ထိုင်ချလိုက်သည်။
ရီဖုန်း အခန်းအတွင်းသို့ ဝင်ရောက်လာစဉ်ကတည်းက သူ၏မျက်နှာပေါ်ရှိ အသေးစိတ်အမူအယာများအပါအဝင် သူ၏လှုပ်ရှားမှုတိုင်း ကို ယဲ့ရှောင်က အကဲခတ်နေသည်။
Chapter 942
"သခင်လေးရီက ဘယ်နေရာက လာတာလဲ"
"သခင်လေးရီက နောင်အနာဂတ်မှာ နတ်ဆိုးတွေ ကျူးကျော်လာနိုင်တာနဲ့ ပတ်သက်ပြီး ဘယ်လိုထင်လဲ"
"သခင်လေးရီ...နင်က သေရမှာကို နည်းနည်းလေးတောင် မကြောက်ဘူးလား"
"သခင်လေးရီ....ဒီလောကကြီးမှာ နင့်အတွက် ဘာစိုးရိမ်ပူပန်စရာမှ မရှိဘူးလား"
သူတို့နှစ်ယောက် စတင်၍စကားစမြည်ပြောဆိုကြသည်။
ယဲ့ရှောင်သည် ရီဖုန်းကို ကြုံရာကျပန်းပုံစံဖြင့် မေးခွန်းများ မေးမြန်းသည်။
ဤသည်မှာ အရေးမပါသော အဓိပ္ပါယ်မရှိသောမေးခွန်းများ ဖြစ်ပုံရသော်လည်း သူမသည် အသေးစိတ်အချက်အလက်များမှတဆင့် ရီဖုန်း၏မျက်နှာမှ သေးငယ်သောအပြောင်းအလဲများကို အကဲခတ်နေခဲ့သည်။
ဤသည်မှာတဆင့် ရီဖုန်းသည် ကျွန်းပေါ်သို့ ရောက်လာခြင်းမှာ တခြားရည်ရွယ်ချက်ရှိမရှိ သူမ ဆုံးဖြတ်နိုင်ပေမည်။
သို့ရာတွင် ရီဖုန်းသည် အခန်းအတွင်းသို့ ဝင်လာသည်နှင့် သူ၏ပူပြင်းသောအကြည့်သည် သူမထံမှ အနည်းငယ်မျှဖယ်ခွာမသွားချေ။
ယဲ့ရှောင်သည် ထိုအကြည့်ကိုမြင်တွေ့ချိန်၌ ကြက်သီးမွေးညှင်းထသွားသည်။
ရီဖုန်းသည် သူရှေ့ရှိ ယဲ့ရှောင်ကို စူးစိုက်ကြည့်ပြီး အလေးအနက်စဉ်းစားတွေးတောနေသည်။
ဤမိန်းကလေးသည် အမှန်တကယ် အစွမ်းထက်သလော....
ဤမိန်းကလေး၏လက်အတွင်း၌ သူသည် စောစောစီးစီးသေဆုံးသွားနိုင်သလော...
ကောင်းကင်အဆိပ်ကျွန်းပေါ်၌ အဆိပ်စမ်းသပ်ခံရန်မှာမူ ဟယ်သောက်နယ်မြေမှ ဖူနန်ထျန်း ကျန်သေးသည်မဟုတ်လော....
အကယ်၍ သူ သေဆုံးသွားလျှင်ပင် ဖြောင့်မတ်မှန်ကန်သော လူတစ်ယောက်ဖြစ်သည့် ဖူနန်ထျန်းရှိနေသဖြင့် ကောင်းကင်အဆိပ်ကျွန်းပေါ်၌ အဆိပ်စမ်းသပ်ခံသည့်တာဝန်ကို ယူနိုင်ပေမည်။ ဤသည်ကြောင့် သူ၏သေဆုံးခြင်းသည် လူသားမျိုးနွယ်၏မဟာအစီအစဉ်ကြီးအပေါ် ထိခိုက်စေမည်မဟုတ်ချေ။
ရီဖုန်းသည် သူ၏မေးကိုပွတ်သပ်ကာ အစမှအဆုံးတိုင် သူမအား စူးစိုက်ကြည့်နေသည်ကိုကြည့်ပြီး အစဉ်အမြဲတည်ကြည်ပြတ်သားသော ယဲ့ရှောင်သည် ဤအချိန်အခိုက်အတန့်၌ စိတ်လှုပ်ရှားမှုကို ခံစားမိပေ၏။
'ငါက သူ့ကို စမ်းသပ်မယ့်တစ်ယောက်ဆိုတာ အသိသာကြီးလေ...ဒါပေမဲ့ သူက ငါ့ကို စစ်ဆေးနေသလိုမျိုး ငါ ဘာလို့ခံစားနေရတာလဲ'
"သခင်လေးရီက ဘာတွေတွေးနေတာလဲဆိုတာ ငါ သိလို့ရမလား"
ယဲ့ရှောင်သည် ကသိကအောက်ဖြစ်နေသောခံစားချက်ကို အလျင်အမြန်ရှင်းထုတ်လိုက်၏။ထို့နောက် သူမ၏လက်ဖြင့် လက်ဖက်ရည်အိုးကိုကောက်ကိုင်ပြီး လက်ဖက်ရည်နှစ်ခွက်ငှဲ့လိုက်သည်။သူမ၏နှုတ်ခမ်းထောင့်မြင့်တက်သွားကာ တည်ငြိမ်စွာမေးမြန်းလိုက်ချိန်တွင် သူမ၏ထက်ရှသောမျက်လုံးအကြည့်ဖြင့် ရီဖုန်း၏လှုပ်ရှားမှုတိုင်းကို ဆက်လက်၍အကဲခတ်နေသည်။
ရီဖုန်း၏လှုပ်ရှားမှုများအနက် အသေးစိတ်အချက်တစ်ချက်ကိုပင် လွဲချော်စေခြင်းမရှိရဟု သူမ ကျိန်ဆိုသည်။
သို့ရာတွင် ယဲ့ရှောင်၏စကား အဆုံးသတ်သွားသည်နှင့် မျက်နှာချင်းဆိုင်တွင်ရှိနေသော ရီဖုန်းက သူမကို ဟန့်တားလေသည်။
"မလှုပ်နဲ့...."
ရီဖုန်းက ပြောဆိုသည်။
"အမ်...."
ယဲ့ရှောင်သည် အံ့အားသင့်သွားကာ အနည်းငယ်ဇဝေဇဝါဖြစ်သွားသော်လည်း ရီဖုန်း မည်သည့်အရာအား ဆိုလိုသည်ကို သူမ မတွေးတက်ချေ။
သို့ရာတွင် နောက်ထပ်အချိန်အခိုက်အတန့်၌....
ရီဖုန်းသည် သူ၏လက်ကိုဆန့်တန်းကာ သူမ၏နှုတ်ခမ်းထောင့်ပေါ်သို့ တင်လိုက်မည်ဟု သူ မျှော်လင့်မထားမိချေ။
ဤကောင်လေးသည် မည်သည့်အရာအား လုပ်ဆောင်နေသနည်း....
ယဲ့ရှောင် ကြက်သေသေသွားသည်။
"မင်းရဲ့နှုတ်ခမ်းထောင့်မှာ လက်ဖက်ရည်တွေ ပေနေတယ်"
ရီဖုန်းက ခပ်ဖျော့ဖျော့အပြုံးနှင့် ညင်သာစွာပြောဆိုလိုက်သည်။သူသည် စကားပြောဆိုရင်း သူ၏လက်မကို ညင်သာစွာလှုပ်ရှားကာ သူမ၏နှုတ်ခမ်းထောင့်တွင် ပေနေသောလက်ဖက်ရည်စက်များကို သုတ်ပေးလိုက်၏။
ရီဖုန်း၏လက်ဝါးမှ နွေးထွေးမှုကို ခံစားမိချိန်၌ ယဲ့ရှောင်၏မျက်နှာပေါ်တွင် မယုံကြည်နိုင်မှုများဖြင့် ပြည့်နှက်နေသည်။
'ဒီကောင်လေးက....'
'အတင့်ရဲလိုက်တာ...ဘယ်လိုသတ္တိမျိုးနဲ့ နင်က ငါ့ကို ထိရဲတာလဲ'
'သူ သေမှာ မကြောက်ဘူးလား'
သူမထံတွင် ကံကြမ္မာဆိုးခန္ဓာကိုယ်ရှိနေကာ သူ ထိတွေ့မိပါက သေဆုံးရမည်ကို သူ မသိသလော....
"နင် သေမှာကို မကြောက်ဘူးလား"
သူမက ရီဖုန်းကို စူးစိုက်ကြည့်ပြီး အလေးအနက်ထားသောအသံဖြင့် မေးမြန်းသည်။
"ယွင်ရှင်းကမ္ဘာထဲမှာ ဘယ်သူ့တစ်ဦးတစ်ယောက်ကမှ ငါ့ကို ခုလိုမျိုးမထိရဲဘူးဆိုတာ မင်း မသိဘူးလား....သူတော်စင်တွေတောင် ငါနဲ့ ဝေးဝေးမှာနေကြတယ်....ငါ့ရဲ့ခန္ဓာကိုယ်မှာ အဆိပ်တွေနဲ့ ပြည့်နေတာကြောင့် သာမန်လူတွေက ငါ့ကိုထိတွေ့မိတာနဲ့ သေသွားလိမ့်မယ်"
"ငါ သိတယ်"
ရီဖုန်းက အလေးအနက်ထားသောအမူအယာဖြင့် အဖြေပေးသည်။
"ဒါဆိုရင် နင် ဘာလို့ ဒီလို..."
ယဲ့ရှောင်က အံ့အားတသင့်မေးမြန်းသည်။
"ဘာအကြောင်းရင်းမှ မရှိဘူး"
ရီဖုန်းက သူ၏လက်ကိုဝှေ့ယမ်းပြီး သူမ၏စကားကိုကြားဖြတ်ကာ ပေါ့ပေါ့ပါးပါးပြောဆိုသည်။
"ဒီလိုမျိုး လှပတဲ့အချိန်လေးတစ်ခုမှာ...မင်းလိုအလှလေးတစ်ယောက်ရဲ့နှုတ်ခမ်းမှာ လက်ဖက်ရည်တွေ ပေနေတာကို ငါ သည်းမခံနိုင်လို့ပဲ"
ရီဖုန်းက အလေးအနက်ထားသောလေသံဖြင့် ပေါက်ကရစကားများကို လျှောက်ပြောလိုက်၏။
မည်သို့ပင်ဆိုစေကာမူ သူသည် သူမအား ထိတွေ့ခြင်းမှာ သေလမ်းရှာလိုသောကြောင့်ဟု ထုတ်ဖော်ပြောဆို၍မရချေ။ထို့ကြောင့် ဤကဲ့သို့ပေါက်ကရစကားများကို ပြောသည်က ပို၍ကောင်းသောနည်းလမ်း ဖြစ်ပေမည်။
ရီဖုန်း၏စကား အဆုံးသတ်သွားချိန်တွင်...
ယဲ့ရှောင်၏မျက်နှာ အချိန်တခဏအတွင်းမှာပင် သိသိသာသာနီမြန်းသွားသည်။
အကြောင်းအရင်းမှာ ဤတိုတောင်းသော စကားနှစ်ခွန်းသည် သူမ၏စိတ်နှလုံးသားကို လှုပ်ရှားသွားစေသောကြောင့်ပင်။
သူမထံတွင် ချစ်စိတ်ပြင်းပြသော စိတ်နှလုံးသားရှိသော်လည်း ကံဆိုးမှုကြောင့် ဝန်ထုပ်ဝန်ပိုးကြီးတစ်ခုကို ထမ်းထားရသည်။
သူမ၏ဘဝတလျှောက်တွင် ဆန့်ကျင်ဘက်လိင်များသာမက မိန်းကလေးအချင်းချင်းကပင် သူမနှင့် ခပ်ခွာခွာနေကြသည်။
အကယ်၍ သူမ၏ဘဝတွင် အနီးကပ်ထိတွေ့ဆက်ဆံဖူးသော တစ်စုံတစ်ယောက်ကိုပြပါဆိုလျှင် သူမ ကလေးဘဝအချိန်၌ ဘေးအိမ်တွင်နေထိုင်သော အစ်ကိုကြီးပင်။သို့ရာတွင် ထိုအစ်ကိုကြီးသည်လည်း သူမကြောင့်အဆိပ်သင့်ပြီး သေဆုံးသွားခဲ့သည်။
သူမနှင့်ပတ်သက်သောလူများအဆိပ်သင့်၍သေဆုံးသည်မှာ ပို၍ပို၍များပြားလာသောကြောင့် သူမနှင့်ထိတွေ့ဆက်ဆံလိုသောလူများ ပို၍ပို၍နည်းပါးလာသည်။
သူမသည် အထီးကျန်ဆန်သောဘဝမျိုးကို ကျင့်သားရနေလေပြီ။
သို့ရာတွင် တခြားလူများ၏ဖယ်ကြဉ်ထားခြင်းကို ခံရသော်လည်း သူမ ဝမ်းနည်းမနေချေ။အကြောင်းအရင်းမှာ သူမ၏အဆင့်အတန်းနှင့်မာန်မာနတို့ကြောင့် တခြားလူများအား ဂရုစိုက်ရန်မလိုသောကြောင့်ပင်။
ယနေ့တွင် သူ၏အသက်ဖြင့်စွန့်စား၍ သူမ၏နှုတ်ခမ်းထောင့်၌ စွန်းထင်းနေသော လက်ဖက်ရည်ကို သုတ်ပေးသည့် ယောကျာ်းသားတစ်ယောက် ရှိလာလေပြီ။
ဤသည်မှာ ယခင်က မိတ်မလိုက်ခဲ့ဘူးသောဝက်မအိုကြီးတကောင်သည် ရုတ်တရက် ဝက်ထီးတစ်ကောင်ဖြင့် ထိတွေ့လိုက်ရသည်အလားပင်။
"နင်က တခြားလူရဲ့ဆန္ဒကို မမေးဘဲနဲ့ ဘာလို့ ငါ့ရဲ့မျက်နှာကို ကိုင်တာလဲ"
ယဲ့ရှောင်က သူမ၏ခေါင်းကို အောက်သို့ငုံ့ပြီး သူမ၏နူးညံ့သေးသွယ်သောခြေထောက်ကိုဆောင့်ကာ ညုတုတုလေသံဖြင့် ပြောဆိုသည်။
ရီဖုန်း၏နှုတ်ခမ်း မဲ့ရွဲ့သွားသည်။
ဤအမျိုးသမီး၏တုံ့ပြန်မှုနှင့်ပါတ်သက်ပြီးတစ်စုံတစ်ခုမှားယွင်းနေလေပြီ။
သူမသည် ရှက်သွေးဖြာပြီး ခြေထောက်ဆောင့်နေသည်မှာ မည်သည့်အရာအား ဆိုလိုခြင်းဖြစ်သနည်း...
ထို့ပြင်...
ဤအမျိုးသမီး၏ခန္ဓာကိုယ်တွင် အဆိပ်များဖြင့် ပြည့်နက်နေကာ သူမနှင့်အနီးကပ်နေမိလျှင် အန္တရာယ်များသည်ဟု ပြောကြသည် မဟုတ်လော။သူသည် သူမကို ထိတွေ့ပြီးနောက် မည်သည်ကြောင့် တစ်စုံတစ်ခုမျှ ဖြစ်ပျက်မလာသနည်း။
"ခဏနေအုံး..."
ဤကိစ္စကိုအတည်ပြုနိုင်ရန် ရီဖုန်းက သူ၏လက်ကို ထပ်မံ၍ဆန့်တန်းလိုက်သည်။
"အခုထိ မင်းရဲ့နှုတ်ခမ်းမှာ ပေနေတာတွေ မပြောင်သေးဘူး"
ရီဖုန်း၏လက်ဝါးမှ ပူနွေးမှုကို တဖန်ထပ်၍ခံစားရချိန်တွင် ယဲ့ရှောင်၏နှလုံးခုန်နှုန်း လျင်မြန်လာသည်။
ဒီလူ...
ဒီလူရဲ့သတ္တိ....
'ဒီကောင်လေးက အရမ်းအတင့်ရဲတာပဲ'
ကံကောင်းထောက်မစွာဖြင့် သူမ၏ကျင့်ကြံဆင့် တိုးတက်လာသည်နှင့်အတူ သူမ၏ကံဆိုးမှုခန္ဓာကိုယ်ကို သူမရှေ့ရှိယောက်ျားအား အန္တရာယ်မတွေ့စေရန် ထိန်းချုပ်နိုင်သောအဆင့်သို့ ရောက်နေလေပြီ။
"သခင်လေးရီက ခုလိုမျိုး ဂရုစိုက်တတ်တဲ့လူမျိုးဖြစ်မယ်လို့ ငါ မျှော်လင့်မထားမိဘူး"
ယဲ့ရှောင်က သူမရှေ့ရှိလူကို တောက်ပသောမျက်လုံးတစ်စုံဖြင့်ကြည့်ပြီး ပြောဆိုသည်။ထို့နောက် စားပွဲပေါ်ရှိလက်ဖက်ရည်ခွက်ကိုကိုင်ကာ တစ်ငုံငုံ၍သောက်လိုက်၏။
သူမသည် သူမ၏နှုတ်ခမ်းထောင့်၌ လက်ဖက်ရည်များကို တမင်သက်သက်ပေသွားစေသည်။
ဤအချိန်အခိုက်အတန့်တွင်...
သူမသည် ရီဖုန်းအား သီးသန့်စကားပြောရန် ခေါ်ဆိုခဲ့သည့် ရည်ရွယ်ချက်ကို လုံးလုံးလျားလျားမေ့လျော့သွားလေပြီ။
'ဒီမိန်းကလေးက ဘာလုပ်နေတာလဲ'
ယဲ့ရှောင်၏နှုတ်ခမ်းထောင့်၌ ပေနေသောလက်ဖက်ရည်စက်များကိုကြည့်ပြီး ရီဖုန်း အံ့အားသင့်သွားသည်။
သို့ရာတွင် သူ အဆိပ်သင့်ခံရနိုင်သောအခွင့်အရေးကို သူ မည်သို့မျှ အလွတ်မပေးနိုင်ချေ။
"အရှင်မယဲ့က ဘာကိုမှ သတိမထားဘူး...ခုဏကလည်း မင်း လက်ဖက်ရည်သောက်တဲ့အချိန် မင်းရဲ့နှုတ်ခမ်းမှာ လက်ဖက်ရည်တွေပေနေတယ်လို့ ငါ ပြောခဲ့တယ်...အခု မင်း ထပ်ဖြစ်ပြန်ပြီ....မင်းက တကယ်ကို မင်းရဲ့အမှားတွေကနေ သင်ခန်းစာမယူနိုင်ဘူးပဲ"
ရီဖုန်းက သူ၏ခေါင်းကိုခါယမ်းပြီး ကူကယ်ရာမဲ့စွာဖြင့် ပြောဆိုကာ သူမ၏အနီးသို့ တဖန်ပြန်၍ ချဥ်းကပ်လိုက်သည်။
သို့ရာတွင် သူ၏လက်သည် ယဲ့ရှောင်၏နှုတ်ခမ်းထောင့်မှ လက်ဖက်ရည်စက်များကို ရိုးရိုးသားသားသုတ်ပေးရုံသက်သက်ပင်။
ယဲ့ရှောင်က သူ၏ခေါင်းကို အောက်သို့ငုံလိုက်သည်။
သူမ၏စိတ်နှလုံးသားအတွင်း၌ စိတ်ခံစားချက်များဖြင့် ပြည့်နှက်နေပေ၏။
ဤသည်မှာ သမင်တစ်ကောင် ဒုန်းစိုင်းပြေးနေသည့်အလားပင်။
ရီဖုန်း၏စကားများတွင် အပြစ်တင်မှုတို့ဖြင့် ပြည့်နှက်နေသော်လည်း ဤသည်မှာသူမ၏စိတ်နှလုံးသားအတွင်း၌ ရှင်းပြရန်မစွမ်းသောချိုမြိန်မှုကို ခံစားရစေသည်။
'သူက ငါ့ကို သဘောကျနေတာလား'
ယဲ့ရှောင်သည် စိတ်လှုပ်ရှားစွာဖြင့် ရီဖုန်းကိုကြည့်ပြီး သူမ၏စိတ်နှလုံးသားအတွင်း၌ မှန်းဆလိုက်၏။
ထိုသို့မဟုတ်ပါက သူသည် မည်သည့်ကြောင့် အဆိပ်သင့်ခံရမည်ကို ဂရုမစိုက်ဘဲ သူမ၏နှုတ်ခမ်းထောင့်တွင် ပေနေသည့် လက်ဖက်ရည်စက်များကို တွေဝေတုံ့ဆိုင်းခြင်းမရှိ သုတ်ပေးမည်နည်း။
ထိုသို့မဟုတ်ပါက မည်သူသည် ဤကဲ့သို့ကိစ္စမျိုးကိုပြုလုပ်ရန် သူတို့၏အသက်ဖြင့် စွန့်စားမည်နည်း။
ရီဖုန်းကလည်း သူမကို စူးစိုက်၍ကြည့်လေသည်။
တချိန်တည်းမှာပင် သူ၏ခန္ဓာကိုယ်အခြေအနေကို စစ်ဆေးလိုက်၏။
အကြောင်းမထူးချေ။
'တခုခုတော့ မှားနေပြီ'
သူ၏သွေးစီးဆင်းမှုနှင့်အသက်ရှူနှုန်းတို့သည် ပုံမှန်ဖြစ်ကာ မည်သည့်မသက်မသာဖြစ်မှုမျိုးမျှ မရှိချေ။
ဤသည်မှာ နာတာရှည်အဆိပ်ဖြစ်သလော...
ရီဖုန်းသည် ထိုသို့မှန်းဆလိုက်၏
အကယ်၍ ဤကဲ့သို့ကိစ္စမျိုးရှိနေပါက သူ ပြန်သွားပြီး စောင့်ဆိုင်းရပေမည်။
အချိန်တခဏကြာခန့်ထိုင်ပြီးနောက် ရီဖုန်းသည် မတ်တတ်ထရပ်ပြီး နှုတ်ဆက်စကားပြောဆိုလိုက်သည်။
"သခင်လေးရီ....နင်က ပြန်တော့မလိုလား"
ယဲ့ရှောင်က အလျင်အမြန်မေးမြန်းပြီး မတ်တတ်ထရပ်လိုက်၏။
"အရှင်မယဲ့က အရမ်းအလုပ်ရှုပ်တယ်လေ....ဒါကြောင့် ငါက မင်းကို မနှောက်ယှက်တော့ဘူး"
ရီဖုန်းက ဦးညွှတ်အရိုအသေပြုပြီး နှုတ်ဆက်ကာ ထွက်ခွာခဲ့တော့သည်။
"ကောင်းပါပြီ....သခင်လေးရီက ကျွန်းပေါ်ကို ခုဏကမှရောက်တာဆိုတော့ အနားယူသင့်တယ်""
ယဲ့ရှောင်သည် ရီဖုန်း၏ထွက်ခွာသွားသောနောက်ကျောပြင်ကို သူမ၏မြင်ကွင်းမှပျောက်သွားသည်အထိ စောင့်ကြည့်နေခဲ့သည်။
ရီဖုန်းထွက်ခွာသွားပြီးနောက် ကောင်းကင်အဆိပ်ကျွန်းမှ အဆင့်မြင့်အကြီးအကဲများ အလျင်အမြန် ရောက်ရှိလာသည်။
"အရှင်မယဲ့ရှောင်...အဲ့ဒီကောင်လေးနဲ့ ပတ်သက်ပြီး ပြဿနာတစ်ခုခုရှိနေလား"
ကောင်းကင်အဆိပ်ကျွန်း၏ အဆင့်မြင့်အဆိပ်ပညာရှင်တစ်ယောက်က အရင်ဆုံးပြောဆိုသည်။
"မင်း ပြောတဲ့အတိုင်းပဲ ...အဲ့ဒီလူရဲ့အပြုအမူတွေက အရမ်းပြီးပြည့်စုံတယ်....ငါ သေချာစဥ်းစားပြီးတဲ့နောက်မှာ သူက အနက်ရောင်နယ်မြေကနေ လွှတ်လိုက်တဲ့ သူလျှိုတစ်ယောက်ဖြစ်မယ်လို့ ငါ ခံစားမိတယ်....ငါတို့ သူ့ကို အရင်ဆုံး ဖမ်းဆီးပြီး အကျဉ်းချထားသင့်လား"
"ပါးစပ်ပိတ်ထားစမ်း"
ယဲ့ရှောင်၏မျက်နှာ ချက်ချင်းခက်ထန်တင်းမာသွားပြီး အသံနက်ကြီးဖြင့် ပြောဆိုသည်။
"သခင်လေးရီက အနက်ရောင်နယ်မြေကလွှတ်လိုက်တဲ့ သူလျှိုတစ်ယောက်လို့ နင့်ကို ဘယ်သူက ပြောတာလဲ"
"ဒါက ငါတို့ကို ဘယ်သူကမှ မပြောပါဘူး....ဒါပေမဲ့ အဲဒီလူရဲ့အပြုအမူတွေက အရမ်းပြီးပြည့်စုံတာကြောင့် သံသယဝင်စရာကောင်းတယ်လို့ မင်း အရင်က ပြောခဲ့တယ်မဟုတ်လား"
အဆင့်မြင့်အဆိပ်ပညာရှင်က ကူကယ်ရာမဲ့စွာဖြင့် ပြောဆိုသည်။
"သူက သံသယဝင်ဖို့ကောင်းတယ်လို့ ငါ ဘယ်ချိန်တုန်းက ပြောခဲ့လို့လဲ"
ယဲ့ရှောင်သည် တင်းမာခက်ထန်သောမျက်နှာဖြင့် ပြောဆိုလေ၏။
"နင်တို့က အဆိုးမြင်တတ်တဲ့ လူတစ်စုပဲ...နင်တို့မှာ တခြားလူတွေလို ဖြောင့်မတ်မှန်ကန်မှု မရှိဘူး..တခြားလူကို မေးခွန်းထုတ်ဖို့ နင်တို့တွေ ဘယ်လိုမျိုး အတွေးရသွားတာလဲ"
"ငါ့ရဲ့အတွေ့အကြုံအရဆိုရင် လူသားမျိုးနွယ်ရဲ့ကောင်းကျိုးအပေါ် သခင်လေးရီထားတဲ့ ဖြူစင်တဲ့စိတ်နေသဘောထားကို မိုးနဲ့မြေတောင် သက်သေပြုပေးနိုင်လိမ့်မယ်"
"သူက သူလျှိုတစ်ယောက်ဆိုတာ မဖြစ်နိုင်ဘူး"
"ငါ ယဲ့ရှောင်က ဒီကိစ္စကို ငါ့ရဲ့အသက်နဲ့ အာမခံတယ်"
Chapter 943
ယဲ့ရှောင်ထံမှ ထွက်ခွာလာပြီးနောက် ရီဖုန်းသည်ကျွန်းပေါ်ရှိ ခမ်းနားထည်ဝါဆုံးအခန်းတွင် နေထိုင်ခဲ့သည်။
အခန်းအတွင်းသို့ပြန်ရောက်ပြီးနောက် ရီဖုန်းသည် တံခါးကို တင်းတင်းကြပ်ကြပ်ပိတ်လိုက်၏။
သူသည် မည်သူတစ်ဦးတစ်ယောက်မျှ သူ့ကိုနှောက်ယှက်ခွင့်မပြုကြောင်း အစောင့်များအား ကြိုတင်၍မှာကြားထားခဲ့သည်။
တံခါးပိတ်ပြီးသည်အား အတည်ပြုပြီးနောက် ရီဖုန်းသည် အိပ်ယာပေါ်၌ ပလ္လင်ခွေထိုင်ကာ အဆိပ်ကြောင့် သူ သေဆုံးရမည့်အချိန်ကို စောင့်ဆိုင်းလိုက်သည်။
သူ သတိကြီးစွာထားနေရသော အကြောင်းအရင်းမှာ အဆိပ်၏သက်ရောက်မှု တစ်ဝက်တစ်ပျက်သို့အရောက်၌ တစ်စုံတစ်ယောက်၏ ကယ်တင်ခြင်းခံရမည်ကို သူ စိုးရိမ်သောကြောင့်ပင်။
သူ တိတ်ဆိတ်ငြိမ်သက်စွာဖြင့် အသက်ထွက်လိုသည်။
ရီဖုန်းသည် ဆက်လက်၍စောင့်ဆိုင်းလိုက်၏။
သို့ရာတွင် ဤစောင့်ဆိုင်းမှုသည် တစ်ညလုံး ကြာမြင့်သွားခဲ့သည်။
ပြင်ပ၌ အလင်းရောင်သန်းနေလေပြီ။ရီဖုန်း၏မျက်ကွင်းတစ်စုံသည် ညိုမည်းနေကာ သူ၏မျက်နှာ အလွန်အမင်းသုန်မှုန်နေသည်။
"အဲ့ဒီမိန်းမကိုထိတဲ့ ဘယ်သူမဆို သေရမယ်လို့ပြောတဲ့စကားကို ငါ သဘောမတူဘူး"
ရီဖုန်းက စိတ်မကျေမနပ်ဖြင့် ရေရွတ်လိုက်၏။
သူသည် တစ်ညလုံးစောင့်ဆိုင်းခဲ့သည့်တိုင် အဆိပ်သင့်သည့်လက္ခဏာမျှ မရှိချေ။
ကံကောင်းထောက်မစွာဖြင့်အချိန်တခဏကြာပြီးနောက် ကောင်းကင်အဆိပ်ကျွန်းမှ အဆိပ်ပညာရှင်များသည် အစည်းအဝေးတစ်ခုကိုတက်ရောက်ရန် သူ့အား လာရောက်တောင်းဆိုသည်။
ယခုကြည့်ကြည့်တော့မှ သူတို့သည် ယနေ့တွင် အဆိပ်စမ်းသပ်ခံရပေမည်။
"အော်....ဒီလောက်ထိ မြန်တာလား"
ရီဖုန်းသည် အလွန်စိတ်လှုပ်ရှားသွားပေ၏။
"သခင်လေးရီက ငါတို့ကို ခွင့်လွှတ်ပေးမယ်လို့ ငါ မျှော်လင့်မိတယ်....ဒါက လူသားမျိုးနွယ်အတွက် အရမ်းအရေးပါတဲ့ကိစ္စကြီးပဲ...နတ်ဆိုးတွေရဲ့ကျူးကျော်မှုက ထင်ရှားနေတာကြောင့် ငါတို့တွေက အချိန်ခဏလေးတောင် နှောင့်နှေးကြန့်ကြာလို့မဖြစ်ဘူး"
အဆိပ်ပညာရှင်များအနက်မှတစ်ယောက်က တောင်းပန်စကားပြောဆိုသည်။
"တကယ်တော့ မင်းတို့နှစ်ယောက် ခုထိအဆင်သင့်မဖြစ်သေးရင် ဒါမှမဟုတ် မင်းတို့ နည်းနည်းကြာကြာထပ်နေချင်သေးတယ်ဆိုရင်လည်း အဆင်ပြေပါတယ်...မင်းတို့နှစ်ယောက်က တိကျတဲ့အချိန်တစ်ခု ငါတို့ကို ပြောမယ်ဆိုရင် ငါတို့ ထပ်ပြီးပြင်ဆင်ပေးမယ်"
"မလိုဘူး..."
စိတ်လှုပ်ရှားနေသောရီဖုန်းသည် ထိုလူ၏စကားများကိုကြားချိန်၌ ချက်ချင်းစိုးရိမ်ပူပန်သွားကာ သူ၏လက်ကိုဝှေ့ယမ်းပြီး သူတို့၏စကားပြောဆိုနေမှုကို ကြားဖြတ်ဟန့်တားလိုက်သည်။
"ဒါက လူသားမျိုးနွယ်အတွက် အရေးကြီးတဲ့ကိစ္စတစ်ခုပဲ....ငါတို့က အချိန်ခဏလေးတောင် နှောင့်နှေးကြန့်ကြာလို့မဖြစ်ဘူး...ကျေးဇူးပြုပြီးတော့ မင်းတို့က ဒီနေ့ ငါ့ကို အဆိပ်စမ်းသပ်ခံခွင့်ပြုပါ"
"ဒါပြင် အခုချက်ချင်းပြင်ဆင်တာ အကောင်းဆုံးပဲ"
ရီဖုန်း၏စကားအဆုံးသတ်သွားပြီးနောက် လက်ရှိနေရာတွင်ရှိနေသော အဆိပ်ပညာရှင်များအားလုံး မယုံကြည်နိုင်စွာဖြင့် သူ့အား ကြည့်လိုက်ကြသည်။
သူသည် အရှင်မယဲ့ရှောင်၏အသိအမှတ်ပြုမှု့ကိုခံယူရရန် ထိုက်တန်ပေ၏။အရှင်မယဲ့ရှောင်သည် သူ့ထံ၌ မည်သည့်ပြဿနာမျှမရှိဟု သူမ၏အသက်ဖြင့် အာမခံရဲသည်မှာ အံ့အားသင့်ဖွယ်မရှိတော့ချေ။
ဤကဲ့သို့ စိတ်နေသဘောထားမျိုးကြောင့် လူအများသည် သူ့အပေါ် မလေးစားဘဲမနေနိုင် ဖြစ်စေသည်။
ထိုကြောင့် သူတို့အားလုံးသည် ရီဖုန်းကို ဦးညွှတ်အရိုအသေပြုလိုက်ကြ၏။
"သခင်လေးက အရမ်းဖြောင့်မတ်မှန်ကန်တာကြောင့် ငါတို့ လေးစားမိပါတယ်"
ရီဖုန်း၏နံဘေးတွင် ရှိနေသော ဖူနန်ထျန်းသည်လည်း သူ၏အနာဂတ်ချစ်တပည့်လေးကို အံ့အားသင့်စွာဖြင့် ကြည့်လိုက်သည်။
'ဒီကောင်လေးရဲ့တာဝန်သိစိတ်က တကယ့်ကို မြင့်မားတာပါလား'
'တကယ်လို့ ငါက အခုလတ်တလောမှာ ဒီကောင်လေးနဲ့ အတူရှိနေတာကြောင့်သာမဟုတ်ရင် သူက သေရတော့မယ့်လူလို့ ငါ ထင်မိမှာပဲ'
'သူ့ရဲ့တာဝန်သိစိတ်နဲ့နှိုင်းယှဉ်ရင် လူအိုကြီးတစ်ယောက်ဖြစ်တဲ့ငါက အရမ်းရှက်ဖို့ကောင်းတယ်'
'မဟုတ်ဘူး....ငါ့မှာ ဘာတာဝန်သိစိတ်မှမရှိပေမယ့် ငါ ဟန်ဆောင်ရမယ်...ဒီကောင်လေးက ငါ့ကို အထင်သေးသွားလို့မဖြစ်ဘူး'
ထိုကြောင့် သူသည် အလျင်အမြန်တုံ့ပြန်လိုက်၏။
"အမှန်ပဲ....အဆိပ်စမ်းသပ်မှုကို ဒီနေ့ လုပ်မယ်.... အချိန်ကို ဖြုန်းတီးလို့မဖြစ်ဘူး"
"ဆရာကြီးကို ကျေးဇူးတင်ပါတယ်"
ထိုစကားများကိုကြားချိန်၌ အဆိပ်ပညာရှင်များအားလုံးသည် ဖူနန်ထျန်းကို ဦးညွှတ်အရိုအသေပြုလိုက်ကြသည်။
အချိန်တခဏကြာပြီးနောက် အဆိပ်ပညာရှင်များ၏လမ်းညွှန်မှုအောက်တွင် ရီဖုန်းတို့နှစ်ယောက်သည် လေဟာနယ်အခန်း၏ဝင်ပေါက်ထံသို့ ရောက်ရှိလာသည်။
"သူရဲကောင်းနှစ်ယောက်....တကယ်တော့ အဆိပ်စမ်းသပ်ခံတာက အရမ်းရိုးရှင်းပါတယ်....မင်းတို့ ဘာမှလုပ်ဖို့မလိုဘူး...မင်းတို့က ဒီလေဟာနယ်အခန်းထဲကို ဝင်သွားရုံပဲ...အချိန်တခဏကြာရင် ငါတို့က အဆိပ်မြူခိုးတွေကို ထုတ်လွှတ်လိုက်မယ်"
"ငါတို့ရဲ့ရည်ရွယ်ချက်က နောင်အနာဂတ် နတ်ဆိုးတွေ ကျူးကျော်လာတဲ့အချိန်မှာ လူသားနယ်မြေနဲ့နတ်ဆိုးနယ်မြေကြားမှာရှိတဲ့ နယ်စပ်မှာ အဆိပ်မြူခိုးလေဟာနယ်တစ်ခုကို ဖန်တီးထားဖို့ပဲ"
"အဆိပ်မြူခိုးတွေကို ထိတွေ့မိတာနဲ့နတ်ဆိုးတွေအားလုံးသေသွားအောင် ငါတို့ လုပ်ရမယ်"
ထိုသို့ပြောဆိုပြီးနောက် အဆိပ်စမ်းသပ်ရာ၌ဦးဆောင်သော လူအိုကြီးသည် အချိန်တခဏဆိုင်းငံ့သွားကာ သူ စကားဆက်ပြောရန် ချီတုံချတုံဖြစ်နေပုံရသည်။
"ဆရာကြီး....တကယ်လို့ မင်းမှာ ပြောစရာတစ်ခုခုရှိရင် ကျေးဇူးပြုပြီးတော့ ထုတ်ပြောလိုက်ပါ"
ရီဖုန်းက ပြောဆိုသည်။
"ငါတို့ရဲ့အထူးဖန်တီးမှုတွေကြောင့် အဆိပ်ကိုထုတ်လွှတ်လိုက်တဲ့အချိန်မှာ ဘာခုခံကာကွယ်မှုမှ မင်းတို့အတွက် မရှိနိုင်ဘူး...ဒါ့ပြင် ငါတို့က အဆိပ်ထုတ်လွှတ်တဲ့အရှိန်နှုန်းကို တဖြည်းဖြည်း မြှင့်တင်သွားမယ်"
"ဒါကြောင့် မင်းတို့နှစ်ယောက်က ဒီတံခါးကနေ ဝင်သွားတာနဲ့ အချိန်မရွေး မင်းတို့ရဲ့အသက်ကိုစတေးဖို့ အဆင်သင့်ပြင်ထားကြပါ"
"မင်းတို့နှစ်ယောက် ဝင်သွားပြီးတဲ့နောက်မှာ အဆိပ်စမ်းသပ်မှုရဲ့စစ်မှန်မှုကို သေချာဖို့အတွက် ငါတို့ပြင်ဆင်ထားတဲ့ အဆိပ်အမျိုးမျိုးကို အဆိပ်မြူခိုးတွေထဲ ပေါင်းထည့်ရလိမ့်မယ်...ငါတို့က နည်းနည်းလေးတောင် နောက်တွန့်မှာမဟုတ်ဘူး"
လူအိုကြီးက သူ့ရှေ့ရှိလူနှစ်ယောက်ကိုကြည့်ကာ အလေးအနက်ထားသော မျက်နှာအမူအယာဖြင့် ပြောဆိုသည်။
"မင်းတို့က ငါတို့ အဆိပ်သင့်ပြီးမသေမချင်း ရပ်တန့်မှာမဟုတ်ဘူးလို့ ဆိုလိုချင်တာ မဟုတ်လား"
ရီဖုန်းက တုံ့ပြန်မေးမြန်းသည်။
"အမှန်ပဲ....မင်း ဒီအတိုင်း နားလည်ထားလို့ရတယ်"
လူအိုကြီးက အားနာသောလေသံဖြင့် ပြောဆိုသည်။
"အကြောင်းကတော့ အဲဒီအဆိပ်က မင်းတို့နှစ်ယောက်ကို မသတ်နိုင်ဘူးဆိုရင်...ဒီရက်တွေအတွင်းမှာ ငါတို့ရဲ့စူးစမ်းလေ့လာမှုတွေက ကျရှုံးသွားပြီဆိုတာကို သက်သေပြနေလို့ပဲ"
"ဒါကြောင့် ငါက မင်းတို့နှစ်ယောက်ကို ထပ်ပြီးသတိပေးမယ်...တကယ်လို့ မင်းတို့ အခုအချိန်မှာနောင်တရရင် နောက်မကျသေးဘူး"
"ငါတို့ကောင်းကင်အဆိပ်ကျွန်းက ဘယ်သူတစ်ဦးတစ်ယောက်ကိုမှ အပြစ်တင်မှာမဟုတ်..."
သို့ရာတွင်...
လူအိုကြီး၏စကား အဆုံးမသတ်သေးမီမှာပင် ရီဖုန်းသည် လေဟာနယ်တံခါးထံသို့ လျှောက်လှမ်းသွားသည်ကို သူ မြင်တွေ့မိပေ၏။
"ဒါက...."
မည်သည့်တွေဝေတုံ့ဆိုင်းခြင်းမျှမရှိဘဲ လေဟာနယ်အခန်းအတွင်းသို့ ဝင်သွားသော ရီဖုန်း၏နောက်ကျောပြင်ကိုကြည့်ပြီး လူအိုကြီးသည် ရှက်ရွံမှုနှင့် ရီဖုန်းအပေါ် လျှော့တွက်မိသည့်အတွက် အပြစ်ရှိစိတ်တို့ကို ခံစားလိုက်ရသည်။
'ဒီကောင်လေး...'
'သူ့ရဲ့တာဝန်သိစိတ်က အရမ်းမြင့်မားတာပဲ'
ထိုမြင်ကွင်းကိုကြည့်ပြီး ဖူနန်ထျန်းသည် ရီဖုန်း တစ်စုံတစ်ခုဖြစ်သွားမည်ကို စိုးရိမ်သဖြင့် အလျင်စလိုနောက်မှလိုက်သွားသည်။
"ဒီသူရဲကောင်းနှစ်ယောက်က တကယ်လေးစားဖို့ကောင်းတယ်"
"အမှန်ပဲ...သူတို့မှာ နည်းနည်းလေးတောင် တွေဝေမှုမရှိဘူး....ဒါက ဘယ်လိုစိတ်နေသဘောထားမျိုးလဲ"
လေဟာနယ်တံခါး၏ပြင်ပတွင်ရှိနေသော လူများအားလုံး ကူကယ်ရာမဲ့စွာဖြင့် သက်ပြင်းရှိုက်လိုက်ကြ၏။
သို့ရာတွင် ယဲ့ရှောင်သည် သူတို့၏နောက်တွင် မည်သည့်အချိန်က ရောက်ရှိနေမှန်း သူတို့ မသိရချေ။
ဤသည်မှာ လူများအားလုံးကို အံ့အားသင့်သွားစေသည်။
အဆိပ်စမ်းသပ်သည့်အချိန်တိုင်း ယဲ့ရှောင်သည် ရလဒ်ကိုသာကြည့်ပြီး ဖြစ်စဉ်ကိုကြည့်ခြင်းမရှိချေ။
သူမသည် ဤလေဟာနယ်တံခါး၏ပြင်ပသို့ တစ်ကြိမ်တစ်ခါမျှ ရောက်မလာခဲ့ဘူးဘဲ ယနေ့တွင် ရုတ်တရက်ထွက်ပေါ်လာသောကြောင့် လူများအားလုံး အံ့အားသင့်သွားကြသည်။
"အရှင်မ....မင်း ဘာလို့ ဒီနေရာကို ရောက်လာတာလဲ"
လူတိုင်း အလျင်အမြန် ဦးညွှတ်အရိုအသေပြုလိုက်သည်။
"အဟွတ်....ငါက တစ်ချက်လာကြည့်တာပါ"
ယဲ့ရှောင်သည် ချောင်းတစ်ချက်ဟန့်ပြီးနောက် သူ၏လက်နှစ်ဖက်ကို နောက်ပစ်ပြီး အမူအယာကင်းမဲ့စွာဖြင့် ပြောဆိုသည်။
"မင်းတို့တွေက လုပ်စရာရှိတဲ့ကိစ္စကို ဆက်လုပ်ကြပါ"
"ဟုတ်ကဲ့"
လူများအားလုံး ခေါင်းညိတ်လိုက်ကြပြီးနောက် အဆိပ်မြူခိုးများကိုစေလွှတ်ရန် ပြင်ဆင်လိုက်ကြ၏။
ယဲ့ရှောင်သည် တစ်စုံတစ်ခုပြောဆိုရန် အကြိမ်ပေါင်းများစွာကြိုးပမ်းခဲ့သော်လည်း သူမကိုယ်သူမ ထိန်းချုပ်လိုက်သည်။ထို့နောက် ပိတ်ထားသော လေဟာနယ်အခန်းတံခါးကိုကြည့်ပြီး သူမ ဤနေရာ၌ရပ်နေလျှင်ပင် အချည်းနှီးဖြစ်မည်ကိုသိရှိသောကြောင့် သူမ ထွက်ခွာခဲ့တော့သည်။
သို့ရာတွင် သူမသည် ခြေနှစ်လှမ်းခန့်လှမ်းပြီးနောက် ရပ်တန့်ပြီးပြောဆိုလိုက်၏။
"နင်တို့တွေက ရလဒ်ကိုသိတာနဲ့ ငါ့ဆီချက်ချင်းအကြောင်းကြားပါ"
"ငါတို့ အမြန်ဆုံးအကြောင်းကြားပါ့မယ်"
အဆိပ်ပညာရှင်များက တုံပြန်ပြောဆိုသည်။
သူမ၏အာရုံလွှဲမှု အောင်မြင်သွားသည်ကိုအတည်ပြုပြီးနောက် ယဲ့ရှောင်သည် သူမ၏လက်နှစ်ဖက်ကိုနောက်ပစ်ပြီး ထွက်ခွာခဲ့တော့သည်။
ဤအချိန်အခိုက်အတန့်တွင် ရီဖုန်းနှင့်ဖူနန်ထျန်းတို့သည် လေဟာနယ်အခန်းတစ်ခန်းအတွင်း၌ ရှိနေသည်။
ဤလေဟာနယ်အခန်းသည် ကြီးမားကျယ်ပြန့်ခြင်းမရှိဘဲ ရှေ့နောက်ပေအနည်းငယ်သာရှိသည်။
သို့ရာတွင် ဤပေအနည်းငယ်သာကျယ်ဝန်းသောနေရာတွင် ခြေချစရာမရှိအောင် အရိုးများဖြင့် ပြည့်နှက်နေသည်။
ဤသည်မှာ အဆိပ်စမ်းသပ်ခံများ၏အလောင်းများ မဟုတ်ချေ။
အဆိပ်စမ်းသပ်ခံများ၏အလောင်းများကို ကောင်းကင်အဆိပ်ကျွန်းပေါ်တွင် မြေမြုပ်ထားသည်။ဤနေရာ၌ရှိနေသည်မှာ ဖမ်းဆီးခံထားရသော နတ်ဆိုးများ၏အရိုးများပင်။
နတ်ဆိုးများ၏အရိုးစုများသည် ပုံစံနှင့်အရွယ်အစားအမျိုးမျိုး ရှိနေပေ၏။
သို့ရာတွင် အဆိပ်သင့်မှုကြောင့် သူတို့၏အရိုးများအားလုံး အနက်ရောင်ပြောင်းနေကာ သူတို့၏မျက်လုံးများသည် မင်နက်ဖြင့်ခြယ်ထားသည့်အလား မည်းမှောင်နေသည်။
သူတို့နှစ်ယောက်သည် နေရာတစ်နေရာကိုရှာဖွေပြီး ပလ္လင်ခွေထိုင်လိုက်၏။
'ဒီတကြိမ်တော့ ငါ လိုချင်တာကိုရမယ်လို့ ငါ ထင်တယ်'
ရီဖုန်းက မျှော်လင့်ချက်အပြည့်ဖြင့် တွေးတောလိုက်သည်။
'ဒီကောင်လေးက ဒီအဆိပ်ကို ခံနိုင်ပါ့မလားဆိုတာ ငါ မသိဘူး'
'တကယ်လို့ သူတောင့်ခံနိုင်တယ်ဆိုရင် ပြဿနာမရှိဘူး....တကယ်လို့ သူ တောင့်မခံနိုင်ဘူးဆိုရင် ငါ ဘာလုပ်သင့်လဲ'
ဖူနန်ထျန်းက သူ၏မေးကိုပွတ်သပ်ပြီး စဉ်းစားလိုက်၏။
'တကယ်လို့ ငါကသူ့ကို လမ်းတဝက်မှာ ကယ်လိုက်မယ်ဆိုရင်...သူ့ရဲ့တာဝန်သိစိတ်အရ ကောင်းကင်အဆိပ်ကျွန်းရဲ့စမ်းသပ်ချက်ကို ပျက်စီးစေတဲ့အတွက် သူက ငါ့ကို အပြစ်တင်လိမ့်မယ်'
'ဒါကြောင့် အကောင်းဆုံးရွေးချယ်မှုကတော့ အဲ့ဒီအဆိပ်တွေက ဒီကောင်လေးကို သေစေနိုင်တဲ့အထိ ပြင်းထန်တယ်ဆိုတာ သက်သေပြပြီးတော့ သူ သေမင်းခံတွင်းဝကိုရောက်မှ ငါ ကယ်ရမယ်'
'ဒီနည်းလမ်းနဲ့ ငါက အဆိပ်ကျွန်းရဲ့စမ်းသပ်ချက်ကို အောင်မြင်စေရုံတင်မကဘူး....ဒီကောင်လေးရဲ့အသက်ကိုလည်း ကယ်နိုင်လိမ့်မယ်'
'အဲ့ဒီကောင်လေးက ငါ့ကို အရမ်းကျေးဇူးတင်ပြီးတော့ ဒူးထောက်ပြီး ငါ့ရဲ့တပည့်ဖြစ်ဖို့တောင်းဆိုမှာ သေချာတယ်'
ဖူနန်ထျန်းက ခေါင်းညိတ်ပြီး သူ၏အစီအစဉ်များအတွက် အလွန်စိတ်ကျေနပ်နေသည်။ထို့ကြောင့် သူသည် အပြုံးဖြင့် ရီဖုန်းကို လှည့်ကြည့်လိုက်၏။
ဖူနန်ထျန်း၏အကြည့်ကို သတိပြုမိသဖြင့် ရီဖုန်းကလည်း ပြုံးပြလေသည်။
သို့ရာတွင် ဖူနန်ထျန်း၏စိတ်အတွင်း၌ ဤကဲ့သို့အတွေးများရှိနေသည်ကို ရီဖုန်း သိနိုင်မည်မဟုတ်ချေ။အကယ်၍ သူ သိရှိသွားပါက ဖူနန်ထျန်း၏ဘိုးဘေးအုတ်ဂူများကို တူးလိုသောစိတ်များ ပေါက်ဖွားလာပေမည်။
သူတို့နှစ်ယောက်ထံတွင် မတူကွဲပြားသောအတွေးများရှိနေစဉ်မှာပင် လေဟာနယ်အခန်း၏မြင်ကွင်း တဖြည်းဖြည်းဝေဝါးစပြုလာသည်။
မြူခိုးလွှာတစ်လွှာသည် လေဟာနယ်အတွင်း၌ ပြည့်နှက်သွားပေ၏။
Chapter 944
"အဆိပ်တွေရောက်လာပြီ"
ဖူနန်ထျန်းကသတိပေးပြီး သူ၏မျက်နှာအမူအယာ တည်ကြည်လေးနက်သွားသည်။
ဤအဆိပ်များသည် သူ့ပေါ်တွင် များစွာထိခိုက်မှုမရှိနိုင်ဟု သူ ယုံကြည်သော်လည်း သူ၏ခန္ဓာကိုယ်အတွင်းသို့ အဆိပ်များဝင်ရောက်လာချိန်တွင် သူ အနည်းငယ်မသက်မသာခံစားရနိုင်သည်။
ရီဖုန်း၏မျက်လုံးများလည်း တောက်ပသွားသည်။။
အဆိပ်မြူခိုးများသည် သူ့အား လုံးလုံးလျားလျား ဝိုင်းရံသွားသောအချိန်၌ သူ အသက်ပြင်းပြင်းတစ်ချက်ရှိုက်လိုက်သည်။
သူသည် မြေပြင်ပေါ်၌ပလ္လင်ခွေထိုင်ကာ အဆိပ်များ အာနိသင်ပြလာမည့်အချိန်ကို စောင့်ဆိုင်းလိုက်၏။
အဆိပ်သင့်မည့်အရှိန် အလွန်နှေးကွေးမည်ကို သူစိုးရိမ်သဖြင့် သူ၏စွမ်းအားများကို အသုံးပြု၍ သူ၏သွေးကြောများအတွင်း၌ လှည့်ပတ်လိုက်သည်။
"အိုး..."
"သေချာတယ်....ငါ ဗိုက်နည်းနည်းနာနေပြီ"
ရီဖုန်းသည် သူ၏ဝမ်းဗိုက်အောက်ပိုင်းမှ နာကျင်မှုကို ခံစားမိသဖြင့် သူ၏မျက်နှာပေါ်တွင် မျှော်လင့်တောင့်တချက်များဖြင့် ပြည့်နှက်သွားသည်။
သို့ရာတွင် ဤသည်မှာ သူ၏စိတ်ပိုင်းဆိုင်ရာသက်ရောက်မှုကြောင့်ဖြစ်ကြောင်း သူ မသိရှိချေ။
နံဘေးတွင်ရှိနေသော ဖူနန်ထျန်းသည် ရီဖုန်း အလွန်တည်ငြိမ်နေသည်အား မြင်တွေ့ချိန်၌ ခေါင်းညိတ်လိုက်သည်။
ကြည့်ရသည်မှာ ဤကောင်လေးသည် အဆိပ်မြူခိုးများကို အလွန်အလေးအနက်ထား၍ ခုခံနေပုံပင်။
ဤကောင်လေး မည်မျှထိ ကြာကြာတောင့်ခံနိုင်မည်ကို သူ မသိရှိချေ။
သို့ရာတွင် ကောင်လေးသည် အချိန်တိုအတွင်း၌ မည်သည့်အရာတစ်ခုမျှ ဖြစ်ပွားမည့်ပုံမပေါ်ပေ။
ထိုသို့တွေးတောရင်း ဖူနန်ထျန်းသည် သူ၏မျက်လုံးကိုစုံမှိတ်ကာ စတင်၍ကျင့်ကြံလိုက်၏။
မည်သို့ပင်ဆိုစေကာမူ....
ယခုလက်ရှိချိန်၌ သူ၏ကျင့်ကြံမှုသည် အရေးကြီးသောအချိန်အခိုက်အတန့်သို့ ရောက်နေလေပြီ။
ထို့ကြောင့် သူ တတ်နိုင်သရွေ့ကြိုးစားရပေမည်။
အချိန်များတရွေ့ရွေ့ကုန်ဆုံးလာကာ...
ရီဖုန်းသည် သူ၏ခန္ဓာကိုယ်အတွင်း၌ မည်သည့်သိသာထင်ရှားသော လက္ခဏာမျှ မပြသည်ကိုမြင်တွေ့ချိန်၌ အနည်းငယ်စိတ်တိုသွားသည်။
သို့ရာတွင် သူ၏နံဘေးရှိ ဖူနန်ထျန်းသည်လည်း အဆိပ်မသင့်သည်ကို မြင်တွေ့ချိန်၌ ဤအဆိပ်သည် အာနိသင်ပြရန် အချိန်အတော်ကြာမည်ဟု သူ တွေးထင်ကာ စိတ်ရှည်လက်ရှည်စောင့်ဆိုင်းလိုက်၏။
ပြင်ပတွင်ရှိနေသော ကောင်းကင်အဆိပ်ကျွန်းမှလူများအားလုံး စိတ်လှုပ်ရှားနေသည်။
"ဒီတစ်ကြိမ်ရလဒ် ဘယ်လိုထွက်လာမလဲဆိုတာ ငါ မသိဘူး"
"အမှန်ပဲ...ငါတို့ဖော်စပ်ထားတဲ့ အဆိပ်မြူခိုးတွေက ဟယ်သောက်နယ်မြေကလူနှစ်ယောက်ရဲ့အသက်ကို ခြိမ်းခြောက်နိုင်ပါ့မလား"
လူများအားလုံး စိတ်မအေးနိုင်ဖြစ်နေသည်။
အကယ်၍ သူတို့အား ဤလူနှစ်ယောက်ကိုသတ်ဖြတ်ရန် အဆိပ်ကိုဖန်တီးခိုင်းပါက ဤပတ်ဝန်းကျင်တွင်ရှိနေသော အဆိပ်ပညာရှင်များအားလုံးထံတွင် အရည်အချင်းရှိပေမည်။
သို့ရာတွင် လေဟာနယ်အခန်းတစ်ခုအတွင်း၌ထည့်ထားသော သက်ရှိနှစ်ယောက်ကို အဆိပ်သင့်စေရန်အတွက်မှာမူ အခက်အခဲသည် လုံးလုံးလျားလျား ကွဲပြားခြားနားသွားလေပြီ။
အကယ်၍ သူတို့သည် ဤတစ်ကြိမ်အောင်မြင်သွားပါက သူတို့အတွက် မှတ်တိုင်တစ်ခုဖြစ်သွားပေမည်။
မျက်တောင်တစ်ခတ်စာအချိန်အတွင်းမှာပင် နာရီပေါင်းများစွာ ကုန်ဆုံးသွားလေပြီ။
ဖူနန်ထျန်းသည် ကျင့်ကြံနေစဉ်အတောအတွင်း ရီဖုန်း၏အခြေအနေကို ရံဖန်ရံခါ အကဲခတ်နေသည်။
ထို့ကြောင့် ရီဖုန်း၏လှုပ်ရှားမှုတိုင်းသည် သူ၏အမြင်အာရုံအောက်မှ လွတ်ကင်းသွားခြင်းမရှိချေ။
ရီဖုန်းသည် အချိန်ကြာမြင့်စွာ တောင့်ခံနိုင်မည်ဟု သူ မျှော်လင့်မထားမိပေ။
ကောင်းကင်အဆိပ်ကျွန်း၏အဆိပ်မြူခိုးများသည် ရီဖုန်းအား သေမင်းခံတွင်းဝသို့ရောက်စေရန် မလုံလောက်ဟု သူ တွေးထင်နေစဉ်မှာပင် ရီဖုန်း၏မျက်နှာ ရှုံမဲ့သွားကာ အော်သံတစ်သံ ထွက်ပေါ်လာသည်။
"ငါ မရတော့ဘူး.....ငါ ထပ်ပြီးတောင့်မခံနိုင်တော့ဘူး"
ထိုသို့ပြောဆိုပြီးနောက် သူ လဲကျသွားသည်။
'အမ်....'
'ဒီကောင်လေးက နောက်ဆုံးတော့ တောင့်မခံနိုင်တော့ဘူးလား'
ထိုမြင်ကွင်းကိုမြင်တွေ့ချိန်၌ ဖူနန်ထျန်းသည် အလျင်အမြန်မတ်တတ်ထရပ်ပြီး ရီဖုန်း၏အခြေအနေကို စစ်ဆေးလိုက်၏။
'အမ်...'
'ဒီကောင်လေးရဲ့ဒွါရခုနှစ်ပေါက်ကလည်း ပုံမှန်ပါပဲ'
ရီဖုန်း၏အခြေအနေကို စစ်ဆေးပြီးနောက် ဖူနန်ထျန်းက မျက်မှောက်ကြုတ်လိုက်သည်။
"ဖြစ်နိုင်တာတော့ အဲ့ဒီအဆိပ်က ခန္ဓာကိုယ်အတွင်းပိုင်းကို ပစ်မှတ်ထားတာလား"
"တကယ်လို့ ပစ်မှတ်က သူ့ရဲ့ခန္ဓာကိုယ်တွင်းအင်္ဂါတွေဖြစ်နေရင် ငါ အချိန်ဆွဲလို့မရဘူး....အချိန်ကြာသွားမယ်ဆိုရင် ဒီကောင်လေးက နောက်ဆက်တွက်ဆိုးကျိုးတွေကို ခံစားရလိမ့်မယ်"
ရီဖုန်း၏အခြေအနေကို ခွဲခြမ်းစိတ်ဖြာပြီးနောက် ဖူနန်ထျန်းက ရီဖုန်း၏လက်ကောက်ဝတ်သွေးကြောကို အလျင်အမြန်စမ်းလိုက်၏။
"အမ်...."
"ဘာလို့ ဒီကောင်လေးရဲ့သွေးခုန်နှုန်းက သာမန်ဖြစ်နေတာလဲ"
ဖူနန်ထျန်း၏မျက်လုံးများ ပြူးကျယ်သွားကာ သူ ကြက်သေသေသွားသည်။
"ဘာတွေဖြစ်နေတာလဲ"
သို့ရာတွင်...
သူ ဇဝေဇဝါဖြစ်နေစဉ်မှာပင် တိတ်ဆိတ်ငြိမ်သက်သော လေဟာနယ်အတွင်း၌ အသံတစ်သံထွက်ပေါ်လာသည်။
ခေါ...ခေါ....
ဤအသံသည် အလွန်ကြည်လင်ပြတ်သားပေ၏။
နောက်ထပ်အချိန်အခိုက်အတန့်၌ သူ ဒေါသထွက်သွားသည်။
အကြောင်းအရင်းမှာ ထိုအသံသည် တခြားနေရာမှ လာခြင်းမဟုတ်ဘဲ ရီဖုန်း၏တိုးညှင်းသောဟောက်သံ ဖြစ်နေသောကြောင့်ပင်။
"သောက်ချေးပဲ...မင်း သွားပြီလို့ ငါ ထင်ခဲ့တာ"
"ကြည့်ရတာတော့ မင်းက အိပ်ပျော်သွားပုံပဲ"
"ငါကတော့ မင်း ဘာဖြစ်လဲလို့ဆိုတာ သိရဖို့ အချိန်အကြာကြီးယူပြီး စမ်းသပ်ခဲ့ရတယ်"
သူသည် ဒေါသတကြီးဖြင့် ရီဖုန်းကိုဆုပ်ကိုင်ပြီးအော်ဟစ်လိုက်သည်။
"ခွေးမသားလေး...မင်းက ကျားတစ်ကောင်လား....အဆိပ်မြူခိုးတွေနဲ့ ပြည့်နှက်နေတဲ့ ဒီလိုလေဟာနယ်ထဲမှာတောင် မင်းက အိပ်ရဲတာလား"
"ပြဿနာမရှာစမ်းပါနဲ့...ငါ့ကို ခဏလောက်အိပ်ခွင့်ပြုပါ"
"ငါ မနေ့ညက တစ်ညလုံး မအိပ်ရသေးဘူး....အခုလည်း နာရီအများကြီးကြာနေပြီ...ငါ တကယ်ကို ထပ်ပြီးတောင့်မခံနိုင်တော့ဘူး....ငါ နည်းနည်းလောက် ထပ်အိပ်ပါရစေ"
ရီဖုန်းသည် သူ၏မျက်ခွံကိုပင် မဖွင့်နိုင်တော့ချေ။သူသည် အိပ်ချင်မူးတူးမျက်နှာဖြင့် ဗလုံးဗထွေးပြောဆိုကာ သူ၏စိတ်အတွင်းရှိ တခြားကိစ္စများကို ဘေးဖယ်လိုက်တော့သည်။
အချိန်မည်မျှထိ ကုန်ဆုံးသွားသည်ကို သူ မသိရှိချေ။
ရီဖုန်းနိုးလာချိန်၌ သူ၏နံဘေးပတ်ဝန်းကျင်တွင် လူအမြောက်အများရှိနေသည်ကို မြင်တွေ့မိသည်။
သူ၏အမြင်အာရုံအတွင်းသို့ ပထမဆုံးဝင်ရောက်လာသည်မှာ ကောင်းကင်အဆိပ်ကျွန်းမှ အဆိပ်ပညာရှင်များပင်။
သူတို့အားလုံးကို ကြည့်ရသည်မှာ မပျော်မရွှင်ဖြစ်နေပြီး စိတ်ပျက်နေကြပုံပင်။
"ကြည့်ရတာတော့ ငါတို့ဖော်စပ်ထားတဲ့ အဆိပ်မြူခိုးတွေက ကျရှုံးသွားတဲ့ပုံပဲ"
"ဒါက သူတို့နှစ်ယောက်အပေါ်ကို နည်းနည်းလေးတောင် သက်ရောက်မှုမရှိခဲ့ဘူး"
လူများအားလုံးကို ကြည့်ရသည်မှာ စိတ်ပျက်လက်ပျက်ဖြစ်နေသည်။ဤသည်မှာ ယခုလတ်တလောတွင် သူတို့၏အင်အားစိုက်ထုတ်ခဲ့မှုများအားလုံး အချည်းနှီးဖြစ်သွားပြီဟု ဆိုလိုခြင်းပင်။
"မင်းတို့ ပေါက်ကရစကားတွေပြောနေတာကို မရပ်ကြသေးဘူးလား....ဒါက ဘာအကျိုးသက်ရောက်မှုမှမရှိတာ သေချာတယ်"
နံဘေးတွင်ရှိနေသော ဖူနန်ထျန်း၏ဒေါသတကြီးပြောဆိုသံ ထွက်ပေါ်လာသည်။
"အဲ့ဒီကောင်လေးက မင်းတို့အဆိပ်မြူခိုးတွေရဲ့ကြားမှာ အိပ်ပျော်သွားခဲ့တယ်....ဘယ်လိုလုပ်ပြီးတော့ အဲ့ဒီအဆိပ်တွေမှာ အကျိုးအာနိသင်ရှိနိုင်မှာလဲ"
ရီဖုန်းသည် ထိတ်လန့်တုန်လှုပ်သွားပြီးနောက် သူ၏မျက်နှာပေါ်တွင် နောင်တရမှုနှင့်အားနာမှုအရိပ်အယောင်များ ထင်ဟပ်လာသည်။
သူသည် သေဆုံးမသွားရုံသာမက အိမ်မောပင်ကျသွားခဲ့သည်။
"ငါ အရမ်းဒေါသထွက်တယ်...ငါ ဘာလို့ကျရှုံးသွားတာလဲ"
ရီဖုန်းက သူ၏လက်သီးကို တင်းတင်းကြပ်ကြပ်ဆုပ်လိုက်သည်။သူသည် ဒေါသတကြီးဖြင့် သူ၏တင်ပါးအောက်ရှိ ဦးခေါင်းခွံတစ်လုံးကို အစိတ်စိတ်အမွှာမွှာ ခြေမွဖျက်ဆီးလိုက်၏။
ရှုံးနိမ့်မှုကြောင့် ကြေကွဲဝမ်းနည်းနေသော အဆိပ်ပညာရှင်များသည် ရီဖုန်း၏ပုံပန်းသွင်ပြင်ကိုမြင်တွေ့ချိန်၌ အံ့အားသင့်သွားသည်။
ယေဘုယျကျပြောဆိုရလျှင် သူ မသေသဖြင့်ဝမ်းသာပျော်ရွှင်နေသင့်သည်။
မည်သည်ကြောင့် ဤလူသည် အဆိပ်ပညာရှင်ဖြစ်သော သူတို့ထက် ပို၍ဒေါသထွက်နေသနည်း။
အခြေအနေ တစတစပို၍ဆိုးဝါးလာကာ ဦးခေါင်းခွံတစ်ချို့ အမှုန်အမွှားဖြစ်သွားသည်ကိုကြည့်ပြီး အဆိပ်ပညာရှင်များသည် သူ့အားနှစ်သိမ့်ရန် အလျင်စလိုပြေးလာကြသည်။
"သခင်လေးရီ...အဲ့ဒီလိုလုပ်ဖို့ မလိုပါဘူး"
"အမှန်ပဲ သခင်လေးရီ...ဒီလောက်ထိ ဝမ်းနည်းဖို့မလိုပါဘူး"
"ဘဝမှာ ရှုံးနိမ့်မှုဆိုတာ အမြဲတမ်းရှိတတ်တယ် ...ဒါပေမဲ့ ငါတို့က အဲ့ဒီကိစ္စတွေကနေ အတွေ့အကြုံတွေ စုဆောင်းပြီးတော့ ထပ်ပြီးကြိုးစားမယ်ဆိုရင် နောင်အနာဂတ်မှာ အောင်မြင်မှုရနိုင်မှာပါ"
လူတိုင်းက သူ့အား နှစ်သိမ့်ပေးကြသည်။
သို့ရာတွင် သူတို့၏စိတ်နှလုံးသားများအတွင်း၌ အနည်းငယ်ထူးဆန်းနေသည်။
ယေဘုယျကျပြောဆိုရလျှင်...
နှစ်သိမ့်မှုကို လိုအပ်သည်မှာ သူတို့ မဟုတ်လော....
မည်သည်ကြောင့် သူတို့သည် ရီဖုန်းအား နှစ်သိမ့်ပေးနေရသနည်း။
"မင်းတို့က ဒီကိစ္စကို နားလည်နိုင်မှာမဟုတ်ဘူး"
နံဘေးတွင်ရှိနေသော လူအိုကြီးတယောက်က ရှင်းပြသည်။
"သခင်လေးရီက လူသားတွေရဲ့ကောင်းကျိုးကို ဂရုစိုက်ပြီးတော့ သူ့ရဲ့သေရေးရှင်ရေးကို ဘေးဖယ်ထားတယ်...သူက ဒီစမ်းသပ်မှုရဲ့ရလဒ်ကို သူ့ရဲ့အသက်ထက် ပိုပြီးတန်ဖိုးထားတယ်"
လူအိုကြီး၏စကားများကို ကြားချိန်တွင်....
လူများအားလုံး ခေါင်းညိတ်လိုက်ကြသည်။
ဤသည်မှာ အမှန်ဖြစ်ပေမည်။
ထိုသို့မဟုတ်ပါက သခင်လေးရီသည် မည်သည်ကြောင့် ဤမျှထိ အလွန်ကြေကွဲဝမ်းနည်းနေသနည်း။
သူ၏စိတ်ဓာတ်မျိုးသည် အလွန်ရှာပါးပြီးလေးစားဖွယ်ကောင်းပေ၏။
လူများအားလုံး ရီဖုန်းကို ဦးညွှတ်အရိုအသေပြုလိုက်ကြသည်။
ဤတစ်ကြိမ်ရလဒ်သည် ရှုံးနိမ့်ခဲ့ရသော်လည်း ရီဖုန်းကဲ့သို့ သူရဲကောင်းတစ်ယောက် ဘေးကင်းလုံခြုံနေသဖြင့် ဤကျရှုံးမှုသည် ကိစ္စကြီးတစ်ခုမဟုတ်ဟု သူတို့ တွေးထင်လိုက်ကြသည်။
"မဟုတ်ဘူး...."
"ငါ အခန်းထဲကို မဝင်ခင်တုန်းက မင်းတို့ ဘာပြောခဲ့လဲ"
"ငါ အဆိပ်သင့်ပြီးတော့ မသေမချင်း မင်းတို့မရပ်ဘူးလို့ သဘောတူခဲ့တယ် မဟုတ်လား"
ရီဖုန်းက မတ်တတ်ထရပ်ပြီး ကောင်းကင်အဆိပ်ကျွန်းမှအဆိပ်ပညာရှင်များကို လက်ညှိုးထိုးကာ ပြောဆိုသည်။
"မင်းတို့က စကားမတည်ကြဘူး....မင်းတို့က ငါ့ကို အဆိပ်သင့်ပြီးသေအောင် မလုပ်နိုင်ကြဘူး ....ယွင်ရှင်းကမ္ဘာတစ်ခုလုံးမှာရှိတဲ့ အစွမ်းထက်ဆုံးအဆိပ်ပညာရှင်တွေအားလုံး ကောင်းကင်အဆိပ်ကျွန်းမှာ စုဝေးနေတယ်လို့ မင်းတို့ ပြောကြတယ်မဟုတ်လား....မင်းတို့ရဲ့အရည်အချင်းက ဘာလဲ..မင်းတို့ရဲ့အစစ်အမှန်အရည်အချင်းတွေ ငါ့ကို ထုတ်ပြစမ်း"
"ငါ မင်းတို့ကို အချိန်ပေးမယ်"
"သုံးရက်...."
"နောက်ထပ်သုံးရက်အတွင်းမှာ မင်းတို့က ငါ့အတွက် နောက်ထပ်အဆိပ်စမ်းသပ်ခံဖို့ ပြင်ဆင်ပေးရမယ်"
"တကယ်လို့ မင်းတို့ငါ့ကို အဆိပ်သင့်ပြီးသေအောင် မလုပ်နိုင်ဘူးဆိုရင် မင်းတို့အားလုံး အိမ်ပြန်ပြီး ဝက်မွေးကြတော့"
"အမ် ဒါက...."
ရီဖုန်း၏စကားလုံးများကြောင့် အံ့အားတသင့်အော်ဟစ်သံများ ထွက်ပေါ်လာသည်။လက်ရှိနေရာတွင်ရှိနေသော အဆိပ်ပညာရှင်များသည် ထိတ်လန့်တကြားဖြင့် တစ်ယောက်မျက်နှာတစ်ယောက် ကြည့်လိုက်ကြ၏။
ထို့နောက်...
သူတို့၏မျက်နှာများ နီမြန်းသွားကာ သူတို့သည် ကျင်းတကျင်းရှာပြီး တွားသွားဝင်နိုင်ရန် ဆုတောင်းလိုက်ကြသည်။
ရီဖုန်း၏စကားလုံးများသည် သူတို့ကို လုံးလုံးလျားလျားနိုးထသွားစေသည်။
အမှန်တကယ်ကို.....
သူတို့သည် ယွင်ရှင်းကမ္ဘာတစ်ခုလုံး၌ အစွမ်းထက်ဆုံး အဆိပ်ပညာရှင်များဟု သူတို့ကိုယ်သူတို့ ထုတ်ဖော်ပြောဆိုခဲ့သည်။သူတို့သည် လူသားမျိုးနွယ်၏အနာဂတ်ကယ်တင်ရှင်များဟု သူတို့ကိုသူတို့ သတ်မှတ်ထားသည့်အဆင့်အတန်းကြောင့် အစဉ်အမြဲ ဂုဏ်ယူဝင့်ကြွားနေခဲ့သည်။
အကယ်၍ သူတို့သည် ဤလူနှစ်ယောက်ကိုသတ်နိုင်မည့် အဆိပ်မျိုးကို ဖော်စပ်နိုင်ခြင်းမရှိပါက အိမ်ပြန်ပြီးဝက်မွေးသည်က ပို၍ကောင်းမွန်ပေမည်။
ဤအချိန်အခိုက်အတန့်တွင်....
ကျရှုံးမှုကြောင့် စိတ်ပျက်လက်ပျက်ဖြစ်နေသောအစိတ်ပညာရှင်များအားလုံးထံ၌ တိုက်ခိုက်လိုခြင်းစိတ်ဆန္ဒများ ပြန်လည်ထွက်ပေါ်လာသည်။
သူတို့၏စိတ်နှလုံးသားအတွင်း၌ သူတို့၏သခင်လေးရီသည် အလွန်ကောင်းမွန်သည်ဟု တွေးထင်မိလေ၏။
သူသည် နောက်ထပ်အဆိပ်စမ်းသပ်မှုကို သုံးရက်အတွင်း ပြင်ဆင်ပေးရန် တောင်းဆိုခဲ့သည်။
မည်မျှထိ သဘောထားကြီးသူ ဖြစ်သနည်း....
မည်မျှထိ သတ္တိကောင်းပြီး ကြီးကျယ်ခမ်းနားကာ ဖြောင့်မတ်မှန်ကန်သူဖြစ်သနည်း...
သခင်လေးရီသည် နောင်အနာဂတ်လူသားမျိုးနွယ်အတွက် သူ၏အသက်ကို စတေးလိုသည်ဟု အခိုင်အမာပြောဆိုခဲ့သည်။ထို့ကြောင့် ယွင်ရှင်းကမ္ဘာတစ်ခုလုံးတွင် အစွမ်းထက်ဆုံးအဆိပ်ပညာရှင်များဖြစ်သည့် သူတို့သည် မည်သည်ကြောင့် ပင်ပင်ပန်းပန်းမကြိုးစားဘဲ နေရမည်နည်း။
အကယ်၍ သူတို့သည် သခင်လေးရီကို ဖြေရှင်းချက်မပေးနိုင်ပါက မည်သည့်နည်းဖြင့် သူတို့သည် သူ့အား မျက်နှာပြရမည်နည်း။
"သခင်လေးရီရဲ့အားပေးမှုအတွက် ကျေးဇူးတင်ပါတယ်"
"ငါတို့တွေက အခုချက်ချင်း ငါတို့ရဲ့အဆိပ်စမ်းသပ်ချက်တွေကို အစကနေ ပြန်လုပ်လိုက်ပါ့မယ်"
"ငါတို့က သုံးရက်အတွင်းမှာ သခင်လေးရီကို ဖြေရှင်းချက်တစ်ခုပေးမယ်"
ထိုသို့ပြောဆိုပြီးနောက် အဆိပ်ပညာရှင်များအားလုံးသည် တိုက်ခိုက်လိုခြင်းစိတ်ဆန္ဒအပြည့်ဖြင့် သူတို့၏လက်သီးများကိုဆုပ်ကာ နေရာမှထွက်ခွာသွားတော့သည်။
Chapter 945
ထိုသတင်းများကိုရရှိပြီးနောက် ယဲ့ရှောင်၏စိတ်ခံစားချက်များ ရှုပ်ထွေးနေသည်။
ကောင်းကင်အဆိပ်ကျွန်း၏ပိုင်ရှင်ဖြစ်သော သူမအနေဖြင့် ကြေကွဲဝမ်းနည်းမှုကိုခံစားရကာ အဆိပ်စမ်းသပ်မှုရှုံးနိမ့်သဖြင့် စိတ်ပျက်နေသင့်သည်။
သို့ရာတွင် အကြောင်းအရင်းတချို့ကြောင့် သူမသည် အနည်းငယ်စိတ်လှုပ်ရှားမှုနှင့်စိတ်သက်သာရာရမှုကို ခံစားမိလေ၏။
"သတင်းပို့ပါတယ်...."
ထိုအချိန်မှာပင် တံခါး၏ပြင်ပမှာနေ၍ အစောင့်တစ်ယောက်၏အသံ ထွက်ပေါ်လာသည်။
"ဘာကိစ္စလဲ"
ယဲ့ရှောင်က သူမ၏လက်အတွင်းရှိ အဆိပ်ပြင်းဖွတ်ကို ဆော့ကစားရင်း အသံနက်ကြီးဖြင့်မေးမြန်းသည်။
"သူရဲကောင်းရီဖုန်းက အရှင်မကို တွေ့ခွင့်တောင်းနေပါတယ်"
အစောင့်က ရိုသေလေးစားစွာပြောဆိုသည်။
ထိုစကားကိုကြားချိန်တွင်....
ယဲ့ရှောင်၏လှုပ်ရှားမှုများ ရပ်တန့်သွားကာ သူမသည် အလင်းတန်းတတန်းအလား အမြန်ပြေး၍ ယမန်နေ့ညက လဲလှယ်ဝတ်ဆင်ပြီး မသိမ်းဆည်းရသေးသော အောက်ခံဘောင်းဘီကိုသူမ၏ခေါင်းအုံးအောက်၌ ဖွက်လိုက်သည်။
ထို့နောက် သူမသည် လျှပ်ပြက်သကဲ့သို့အရှိန်ဖြင့် အခန်းအတွင်းရှိရှုပ်ပွနေသောနေရာများကိုသပ်သပ်ရပ်ရပ်ဖြစ်အောင် ပြုပြင်လိုက်၏။ အရာအားလုံး အစီအစဥ်တကျဖြစ်သွားသည်ကို အတည်ပြုပြီးနောက် သူမသည် နေရာ၌ပြန်ထိုင်လိုက်၏။
ထို့နောက် သူမ၏ခေါင်းကို အနည်းငယ်တိမ်းစောင်းပြီး ကြေးမုံမှန်ကိုကြည့်ကာ ရီဖုန်းအား ဝင်ခွင့်ပြုသည်ဟုပြောရန် ဟန်ပြင်လိုက်သည်။
သို့ရာတွင် သူမ ပါးစပ်ဟလိုက်သောအချိန်မှာပင် တစ်စုံတစ်ခုကို အမှတ်ရသွားသဖြင့် သူမဆော့ကစားနေသော အဆိပ်ပြင်းဖွတ်ကို ကုတင်အောက်သို့ အလျင်အမြန်ထိုးထည့်လိုက်သည်။
အရာအားလုံး နေသားတကျဖြစ်သွားသည်ကို အတည်ပြုပြီးနောက် သူမသည် အမှုမဲ့အမှတ်မဲ့ဖြင့် သူမ၏ဆံပင်ရှည်များကိုပွတ်သပ်ကာ အော်လိုက်၏။
"ကျေးဇူးပြုပြီး အထဲကိုဝင်လာခဲ့ပါ"
အချိန်တခဏကြာပြီးနောက် အဖြူရောင်ဝတ်စုံဝတ်ဆင်ထားသော ရီဖုန်းသည် အခန်းအတွင်းသို့ ဝင်ရောက်လာပေ၏။
ရီဖုန်းသည် သူမအား တစ်ချက်ကြည့်ပြီးနောက် နှုတ်ဆက်စကားမဆိုပဲ ထိုင်ချလိုက်သည်။
ဤတစ်ကြိမ်လာခဲ့ခြင်းမှာ...
ရီဖုန်း၏စိတ်အတွင်းတွင် အစီအစဉ်တချို့ရှိနေသောကြောင့်ပင်။
အဆိပ်ပညာရှင်တစ်စုသည် သူ၏သွေးထိုးလှုံဆော်မှုကြောင့် ယခုအချိန်၌ စိတ်အားထက်သန်စွာဖြင့် အဆိပ်များကို လေ့လာဖော်စပ်နေကြသည်။သို့ရာတွင် ပထမဆုံးအကြိမ် အဆိပ်စမ်းသပ်ခံပြီးနောက် ရီဖုန်းသည် ထိုအဆိပ်ပညာရှင်တစ်စု၏ အရည်အချင်းများနှင့်ပါတ်သက်ပြီး သံသယများစွာ ရှိနေခဲ့သည်။
ထို့ကြောင့် သူ၏မျှော်လင့်ချက်များအားလုံးကို အဆိပ်စမ်းသပ်ခံခြင်းအပေါ်၌ ပုံအပ်မထားရန်ဆုံးဖြတ်လိုက်၏။
နောက်ထပ်သေလမ်းတစ်လမ်း....
အမှန်အားဖြင့် ဤသည်မှာ သူတော်စင်များပင်လျှင် ထိတ်လန့်ကြောက်ရွံသော ဤအဆိပ်မိန်းမပျိုပေါ်တွင် မူတည်နေသည်။
အမှန်အားဖြင့် ရီဖုန်းသည် ဤကိစ္စကို ယခင်တစ်ကြိမ်ကတည်းက တွေးတောပြီးဖြစ်သည်။
သူသည် ယခင်တစ်ကြိမ်တုန်းက မည်သည်ကြောင့် အဆိပ်မသင့်ခဲ့သည်ကို ဂရုတစိုက် စဉ်းစားတွေးတောခဲ့သည်။
ဤသည်မှာ သူ၏အဆင့်အတန်းကြောင့် ဖြစ်ပေမည်။
မည်သို့ပင်ဆိုစေကာမူ သူသည် အဆိပ်စမ်းသပ်ခံရန်လာသော စေတနာဝန်ထမ်းတစ်ယောက်ပင်။အကယ်၍ သူသည် အဆိပ်စမ်းသပ်မခံရသေးမီ ယဲ့ရှောင်ကြောင့် အဆိပ်သင့်ပြီးသေဆုံးသွားပါက မည်သူမျှ လက်ခံနိုင်မည်မဟုတ်ချေ။
ထို့ပြင် ယခင်တစ်ကြိမ်တုန်းက ယဲ့ရှောင်အပေါ်သူ၏အပြုအမူများသည် အနည်းငယ်လွန်ကဲသွားသော်လည်း စိတ်စေတနာကောင်းဖြင့် ပြောဆိုပုံပေါက်နေသဖြင့် ယဲ့ရှောင်ထံ၌ သူအားသတ်ဖြတ်ရန် အကြောင်းအရင်းမရှိချေ။
ပြောရမည်ဆိုလျှင် အကယ်၍ ထိုအချိန်တုန်းက သူ အဆိပ်သင့်ခဲ့လျှင် ယဲ့ရှောင်သည်သူ့အား တိတ်တဆိတ်အဆိပ်ဖြေပေးမည်မှာ သေချာပေါက်ပင်။
ထိုကြောင့် ဤတစ်ကြိမ်၌ ဤနေရာသို့ အလာလမ်းတွင် ရီဖုန်းသည် မည်ကဲ့သို့ပြုလုပ်မည်ကို ကြိုတင်စဉ်းစားထားခဲ့သည်။
ဤသည်မှာ ယဲ့ရှောင်ကို ဒေါသထွက်အောင် ပြုလုပ်ရန်ပင်။
သူသည် ယဲ့ရှောင် မနှစ်မြို့သော တစ်စုံတစ်ခုကိုပြုလုပ်ရပေမည်။
ထို့ကြောင့် သူသည် အခန်းအတွင်းသို့ ဝင်လိုက်သောအချိန်အခိုက်အတန့်၌ သူ၏အပြုအမူများ အလွန်အမင်းရုန့်ရင်းကြမ်းတမ်းနေကာ ယဲ့ရှောင်အား နှုတ်ဆက်စကားပင်မဆိုချေ။
ဤနည်းလမ်းဖြင့် ယဲ့ရှောင်သည် သူ့အပေါ်တွင် ဆိုးရွားသောအမြင်များ ရှိလာနိုင်ရုံသာမက နောက်ဆက်တွဲဒေါသထွက်လာစေရန်အတွက် အုတ်မြစ်လည်းချနိုင်ပေမည်။
ရီဖုန်းသည် သူ၏လိမ္မာပါးနပ်မှုအတွက် သူ့ကိုယ်သူ ချီးမွမ်းလိုက်သည်။
"လက်ဖက်ရည် မရှိဘူးလား"
အချိန်တခဏကြာခန့်ထိုင်ပြီးနောက် ယဲ့ရှောင် မလှုပ်ရှားသည်ကို မြင်တွေ့ချိန်၌ ရီဖုန်းက စိတ်မရှည်စွာဖြင့် ပြောဆိုလိုက်သည်။
"အော်...ငါ တောင်းပန်ပါတယ်....ဒါက ငါရဲ့ပေါ့ဆမှုပါ"
ယဲ့ရှောင်သည် အသိဝင်လာကာ အလျင်အမြန် လက်ဖက်ရည်ဖျော်စပ်လိုက်၏။
"မင်းက တော်တော်ယဉ်ကျေးတာပဲ"
ရီဖုန်းသည် ယဲ့ရှောင်၏အမူအယာကို စောင့်ကြည့်ပြီးနောက် သူ၏လေသံသည် သူမအားအနည်းငယ်မျှ စိတ်မကျေမနပ် မဖြစ်စေသည်ကို သတိပြုမိသဖြင့် အံ့အားသင့်သွားသည်။
ယေဘုယျကျကျပြောဆိုရလျှင် ဤကဲ့သို့ ထိပ်သီးတည်ရှိမှုကြီးများထံတွင် သွေးဆူသောအကျင့်စရိုက်ရှိတတ်သည် မဟုတ်လော။
"သခင်လေးရီရဲ့ မျက်နှာအမူအယာကိုကြည့်ရင် အဆိပ်စမ်းသပ်မှုမှာ ကျရှုံးသွားတာကြောင့် ဒေါသထွက်နေသေးမှာကို ငါ စိုးရိမ်မိတယ်....သခင်လေးရီက ဒီလောကကြီးကို တကယ်ဂရုစိုက်တဲ့လူပဲ"
ယဲ့ရှောင်က ရီဖုန်းကို လက်ဖက်ရည်တစ်ခွက်ငှဲ့ပေးရင်း ပြောဆိုသည်။
သူမ၏စကားတစ်ဝက်တပျက်သို့ အရောက်မှာပင် သူမ ဝှက်ထားသော အဆိပ်ပြင်းဖွတ်သည် ကုတင်အောက်မှနေ၍ပြေးထွက်ကာစားပွဲအောက်သို့ ရောက်ရှိလာသည်ကို သူမ တွေ့မြင်မိသည်။
ယဲ့ရှောင်သည် ထိုအဆိပ်ပြင်းဖွတ်ကို ကုတင်အောက်သို့ ပြန်ကန်ထုတ်လိုက်သော်လည်း သူမ၏မျက်နှာပေါ်တွင် မည်သည့်အမူအယာမျှ မရှိချေ။
လက်ဖက်ရည်တစ်ငုံငုံပြီးနောက် သူမက ဆက်လက်ပြောဆိုသည်။
"နင် စိတ်အခြေအနေမကောင်းတာကို ကြည့်ပြီးတော့ ငါ့မှာ အကြံတစ်ခုရှိတယ်...ဒီနှစ်ရက်အတွင်းမှာ နင့်ရဲ့စိတ်လန်းဆန်းသွားအောင် ပတ်ဝန်းကျင်က ရှုခင်းတွေကို သွားကြည့်ပြီးအပန်းဖြေမလား...နင် ဘယ်လိုသဘောရလဲ"
ရီဖုန်းက သုန်မှုန်နေသောမျက်နှာဖြင့် ယဲ့ရှောင်ကိုကြည့်ပြီး မေးမြန်းသည်။
"ကိစ္စတွေကို ဘယ်လိုလုပ်မယ်ရမယ်ဆိုတာ မင်းက ငါ့ကို သင်ပေးချင်တာလား"
"မင်းက အရမ်းစကားများတာပဲ"
ထိုသို့ပြောဆိုပြီးနောက် ရီဖုန်းသည် အမူအယာကင်းမဲ့စွာဖြင့် လက်ဖက်ရည်ခွက်ကိုကောက်ကိုင်ပြီး ပါးစပ်အပြည့်သောက်လိုက်သည်။ ထို့နောက် သူသည် ရွံရှာသောအမူအယာဖြင့် မြေပြင်ပေါ်သို့ ထွေးထုတ်လိုက်၏။
နံဘေးတွင်ရှိနေသော....
ယဲ့ရှောင်သည် ရီဖုန်း၏တင်းမာခက်ထန်သောမျက်နှာကြောင့် ကြောင်တောင်တောင်ဖြစ်နေသည်။
'သူ...'
'သူက ငါ့အပေါ်မှာ ဘာလို့ဒီလောက်ထိ ကြမ်းတမ်းနေတာလဲ'
ယဲ့ရှောင်၏နှလုံးခုန်နှုန်း အလွန်အမင်းလျှင်မြန်နေသည်။
သူမ၏ဘဝတလျှောက်တွင် ငယ်ရွယ်စဉ်ကလေးဘဝမှစ၍ ကံကြမ္မာဆိုးခန္ဓာကိုယ်ပိုင်ဆိုင်ထားသည်ကို လူအများမှ သတိပြုမိသွားသဖြင့် သူမအား မြင်တွေ့မိသော မည်သူမဆို ရှောင်ကွင်းသွားကြသည်။
ပွင့်ပွင့်လင်းလင်းပြောဆိုရလျှင် သူတို့၏အသက်များ ဆုံးရှုံးမည်ကိုစိုးရိမ်သဖြင့် သူမကို မစင်တစ်တုံးအလားဆက်ဆံကာ သူမနှင့် သုံးပေအကွာ၌ အစဉ်အမြဲနေထိုင်ကြသည်။
တစ်စုံတစ်ယောက်သည် ဤကဲ့သို့ လေသံမျိုးနှင့် သူမအား စကားပြောဆိုဝံ့ရန် နေနေသာသာ ယွင်ရှင်းကမ္ဘာရှိ သူတော်စင်များပင်လျှင် သူမအား ရန်စလိုခြင်းမရှိချေ။
သူမ၏ရှေ့ရှိ ရီဖုန်းကသာ ကံကြမ္မာဆိုးကိုမယုံကြည်ဘဲ သူမအား ပုံမှန်အတိုင်းဆက်ဆံရဲသည့် တစ်ယောက်တည်းသောလူပင်။
"သခင်လေးရီက တကယ့်ကို ဖြောင့်မတ်မှန်ကန်ပြီးတော့ မျက်နှာမလိုက်တဲ့သူပဲ...ဒါကြောင့် သခင်လေးရီ မာနကြီးတာက ပုံမှန်ပါပဲ..ငါက နင့်ကို လေးစားမိတယ်"
"ငါတို့ ကောင်းကင်အဆိပ်ကျွန်းကလူတွေအားလုံး နင့်ကို အရမ်းလေးစားနေတယ်ဆိုတာ နင် သိလား....သူတို့က နင့်ကို ဖြောင့်မတ်မှန်ကန်ပြီးတော့ တာဝန်သိစိတ်ရှိပြီး လူသားမျိုးနွယ်ကောင်းကျိုးအတွက် နင့်ရဲ့အသက်ကို စတေးဖို့ဆန္ဒရှိတဲ့လူလို့ ပြောနေကြတယ်"
ယဲ့ရှောင်သည် တိုးညှင်းသောလေသံဖြင့်စကားပြောကာ သူမ၏အသံ၌ ညုတုတုအရိပ်အယောင်များ ရောယှက်နေသည်။
ထိုစကားကိုကြားချိန်၌ ရီဖုန်း၏နှုတ်ခမ်းမဲ့ရွဲ့သွားကာ သူ့၏တင်ပါးကို ကျုံလိုက်၏။
ဤယဲ့ရှောင်သည် ဒေါသထွက်ရမည့်အစား ထူးဆန်းသောလေသံဖြင့် သူ့အား စကားပြောဆိုနေသည်။
ရီဖုန်းသည် သူ၏ခန္ဓာကိုယ်တစ်ခုလုံးအနှံ့ ကြက်သီးမွေးညှင်းထသွားသည်ကို ခံစားမိလေ၏။
ဤကျွန်းပေါ်ရှိလူများသည် ကောင်းမွန်စွာကြီးပြင်းလာသူများဖြစ်မည်ဟု သူ တွေးထင်မိသည်။
လူများအားလုံးက သူသည် ဖြောင့်မတ်မှန်ကန်ပြီး တာဝန်သိစိတ်ရှိသူဟု တွေးထင်ထားကြသည်။
ယဲ့ရှောင်ပင်လျင် သူ၏အကျင့်စရိုက်ကြောင့် သူ့အားဆက်ဆံရာ၌ အလွန်သည်းခံနေပေ၏။
ဤကဲ့သို့ကိစ္စမျိုး ရှိနေသောကြောင့်...
သူ ရှေ့ဆက်တိုးရပေမည်။
သူ ထိုကိစ္စကို တွေးတောမိချိန်တွင်...
သူ၏အမူအယာကို ချက်ချင်းပြောင်းလဲပြီး သူ၏မျက်နှာပေါ်တွင် ဆိုးညစ်သောအပြုံးတစ်ခု ထင်ဟပ်လာသည်။ထို့နောက် သူသည် စူးစူးရဲရဲအကြည့်ဖြင့် ယဲ့ရှောင်ကိုကြည့်လိုက်၏။
"အရှင်မယဲ့.....မင်းက ယောက်ျားတစ်ယောက်ကို တောင့်တနေတာမဟုတ်လား"
ရီဖုန်း၏နှုတ်ခမ်းထောင့် မြင့်တက်သွားပြီး ပြီတီတီစကားကို ပြောဆိုလိုက်သည်။
သူ၏အတွေးအရ ဤကဲ့သို့မေးခွန်းကိုမိန်းကလေးတစ်ယောက်အား မေးမြန်းပါက သူ့ကို အရူးဟု ထင်သွားနိုင်သည့်အပြင် နေရာမှာပင် သူ့အား ပါးဖြတ်ရိုက်ပေမည်။
"သခင်လေးရီက ဒီလိုမေးခွန်းမျိုးကို ဘာလို့မေးတာလဲ"
ရီဖုန်း၏မေးခွန်းကိုကြားချိန်တွင် အဆိပ်မိန်းမပျိုဟုနာမည်ကျော်ကြားသော သူမ၏မျက်နှာလေး နီမြန်းသွားသည်။
"အမ်...."
"ငါက ဘာလို့ ဒီမေးခွန်းကိုမေးတယ်လို့ မင်း ထင်လဲ"
ရီဖုန်းက သရော်တော်တော်စကားပြောဆိုရင်း ယဲ့ရှောင်ထံသို့ တရွေ့ရွေ့လျှောက်လှမ်းသွားလိုက်သည်။
ရီဖုန်း ရှေ့တိုးလာသည်ကို မြင်တွေ့ချိန်၌ ယဲ့ရှောင်သည် အမှုမဲ့အမှတ်မဲ့ဖြင့် မတ်တတ်ထရပ်ကာ စိတ်လှုပ်ရှားစွာဖြင့် သူ့အား ကြည့်လိုက်သည်။
နောက်ထပ်အချိန်အခိုက်အတန့်တွင်....
သန်မာအားကောင်းသောလက်တစ်ဖက်သည် သူမ၏လက်ကောက်ဝတ်ကို ဆုပ်ကိုင်ထားပြီးနောက် တခြားလက်တစ်ဖက်သည် သူမ၏သေးသွယ်သောခါးကို ပွေ့ဖက်လိုက်၏။
ဤအချိန်အခိုက်အတန့်၌ ယဲ့ရှောင်၏ခန္ဓာကိုယ်တစ်ခုလုံး တုန်ရီသွားကာ သူမရှေ့ရှိလူကို စိတ်လှုပ်ရှားစွာဖြင့် စိုးရိမ်ပူပန်တကြီးကြည့်လိုက်သည်။
ဤလူသည် အလွန်ကြမ်းတမ်းပြီး တဲ့တိုးဆန်ကာ လွှမ်းမိုးချုပ်ကိုင်နိုင်စွမ်းရှိသည်။
သူသည် တဖက်လူကို တုံ့ပြန်ရန်ပင် အချိန်မပေးချေ။
သို့ရာတွင် ဤကိစ္စကို ငြင်းဆန်နိုင်ရန် သူမအတွက် ခက်ခဲသည်။
သူသည် တခြားလူများနှင့်မတူကွဲပြားကာ သူ့အား သာမန်လူများနှင့် နှိုင်းယှဉ်၍မရနိုင်ချေ။
ဗေဒင်ဆရာမှနေ၍ သူမ၏အသက်သုံးထောင် ပြည့်သောအချိန်တွင် သူမ၏လက်တွဲဖော်ကို ရှာတွေ့မည်ဟု ဟောခဲ့သည်မှာ အံ့အားသင့်ဖွယ်မရှိသောချေ။ထိုအချိန်တုန်းက သူမသည် မယုံကြည်သဖြင့် ထို ဗေဒင်ဆရာကို ရိုက်သတ်ခဲ့သည်။ယခုအချိန်၌ သူမ အလွန်ရက်စက်ခဲ့မိသည်ဟု တွေးတောမိလေ၏။
"သခင်လေးရီ....နင်က ငါ့ကို ဘာလုပ်ဖို့ကြိုးစားနေတာလဲ"
"ငါ ရီဖုန်းက ရွှေလှံမင်းသား...လှိုင်းလုံးတွေရဲ့နဂါးဖြူလေးဖြစ်ပြီးတော့ ငါ့ရဲ့နာမည်ပြောင်က ကျိုးရီထျန်းပဲ"
ရီဖုန်း၏စကားလုံးများ ကျရောက်လာချိန်၌ ယဲ့ရှောင်၏ခန္ဓာကိုယ် ပို၍တင်းမာသွားကာအသက်ရှူမှားစပြုလာသည်။သူမ၏နူးညံ့သေးသွယ်သောလက်ဖြင့် သူမ၏ဝတ်စုံစကိုတင်းတင်းကြပ်ကြပ်ဆုပ်ကိုင်ထားကာ သူမ၏အသိစိတ် ဗလာဟင်းလင်းဖြစ်နေလေပြီ။
နောက်ထပ်အချိန်အခိုက်အတန့်၌...
အားလှိုင်းတစ်ရပ်က သူမကို ကုတင်ပေါ်သို့တွန်းလှဲလိုက်သည်။
ထို့နောက် ရီဖုန်းသည် သူမ၏ဝမ်းဗိုက်အောက်ပိုင်းကိုခွ၍ ဒူးထောက်ထိုင်လေ၏။
"မင်း ဘယ်လိုခံစားရလဲ"
ရီဖုန်းက ပြီတီတီစကားများ ဆက်လက်၍ပြောဆိုသည်။
သူ၏နှုတ်ခမ်းထောင့်သည် နားရွက်သို့ချိတ်လုမတတ် ကွေးညွတ်နေပေ၏။
ဤကဲ့သို့ ပြီတီတီဆက်ဆံခံရခြင်းကို မည်သည့်အမျိုးသမီးမဆို သည်းခံနိုင်မည်မဟုတ်ဘဲ ဒေါသထွက်သွားမည်မဟုတ်လော...
ဤလုပ်ဆောင်ချက်ကြောင့် ယခင်ကသူ၏ဖြောင့်မတ်မှန်ကန်သူဟူသော ပုံရိပ်သည် သူမ၏စိတ်နှလုံးသားအတွင်းမှပြိုလဲပြီး သူသည် မြာပွေသူတစ်ယောက်အဖြစ် ပြောင်းလဲသွားပေမည်။
မြာပွေသူတစ်ယောက်ကို ဖြေရှင်းရာ၌ အကောင်းဆုံးနည်းလမ်းသည် မည်သည့်အရာ ဖြစ်သနည်း။
သတ်ဖြတ်ခြင်းပင်...
"သတ်လိုက်စမ်း...ငါ့ကို မြန်မြန်သတ်လိုက်စမ်းပါ.....အပြင်းထန်ဆုံးအဆိပ်ကိုသုံးပြီး ငါ့ကို သတ်စမ်းပါ...ငါ့ရဲ့အသက်ကို ကယ်ဖို့အတွက် ဘာအခွင့်အရေးမှ မရှိစေနဲ့'
ရီဖုန်းသည် ထိုအကြောင်းကိုတွေးတောရင်း သေဆုံးခြင်းဆိုက်ရောက်လာမည့်အချိန်ကို စောင့်ဆိုင်းလိုက်၏။
သို့ရာတွင် အချိန်အတော်ကြာစောင့်ဆိုင်းပြီးသည့်တိုင် ယဲ့ရှောင်သည် အနည်းငယ်မျှ လှုပ်ရှားခြင်းမရှိချေ။
ရီဖုန်းက ကူကယ်ရာမဲ့စွာဖြင့် အောက်သို့ငုံကြည့်လိုက်သည်။
သို့ရာတွင် သူမကို သူ မြင်တွေ့ချိန်၌ ကြက်သေသေသွားသည်။
ပတ်ဝန်းကျင်အခြေအနေ ရုတ်တရက် အေးခဲတောင့်တင်းသွားလေပြီ။
Thank For Reading.