အခန်း (၉၈၁-၉၈၅)
Vol. 66 Ch. 981-985
Chapter 981
စုကျဲ စိတ်ရှုပ်ထွေးသွားသည်။
ပါရမီနှင့် နားလည်နိုင်စွမ်းအရဆိုလျှင်...
သူမသည် မည်သူ့ကိုမှ မရှုံးနိမ့်ဖူးသည့် သံသယဖြစ်ဖွယ်မရှိသော အစွမ်းထက်ဆုံး သူတော်စင်တစ်ပါးပင်။
သို့ရာတွင် ရှေ့ဆက်ရမည့်လမ်းကိုမူ....
သူမ လုံးလုံးလျားလျား နားမလည်နိုင်ချေ။
သူမသည် နောက်တစ်ကြိမ် ဉာဏ်အလင်းရလျှင်ပင် မည်သည့်အရာကိုမျှ ရရှိမည် မဟုတ်ချေ။
သူမ၏နံဘေးပတ်လည်၌ လမ်းသွားလမ်းလာများ ကျင့်ကြံနေကြပြီး တာအိုသဘောတရားအတွင်းတွင် နစ်မြုပ်နေသကဲ့သို့ ဖြစ်နေသည်ကို မြင်တွေ့မိလေ၏။ သို့ရာတွင် သူမမှာမူ မည်သည့်အရာကိုမျှ အာရုံမခံမိသဖြင့် လမ်းသွားလမ်းလာများလောက်ပင် မထူးချွန်သကဲ့သို့ ခံစားနေရသည်။
'ဒါက မဖြစ်နိုင်ဘူး....'
'ဘာကြောင့်လဲ..'
ဤလူများသည် သာမန်ကျင့်ကြံမှုသာ ရှိပုံရသော်လည်း သူတို့သည် ပိုင်ဖျောင်ဖျောင်၏ လမ်းစဉ်ကို ထိတွေ့နိုင်စွမ်းရှိနေသည်။
စုကျဲထံတွင် စိတ်ပျက်အားငယ်မှုနှင့် စိတ်ရှုပ်ထွေးမှုတို့ ပို၍ပြင်းထန်လာပေ၏။
သူမသည် ရှေ့သို့ ခြေတစ်လှမ်းမတိုးဘဲ မနေနိုင်တော့ချေ။
"နင်က ရီဖုန်းလား..."
သူတို့နှစ်ဦး၏စကားဝိုင်း ပြတ်တောက်သွားသည်။
ပတ်ဝန်းကျင်ရှိ တာအိုအငွေ့အသက်များလည်း ပျောက်ကွယ်သွားသည်။
ဥာဏ်အလင်းပွင့်နေသော လူများအားလုံး မျက်လုံးဖွင့်လိုက်ကြပြီး သူတို့၏မျက်နှာများပေါ်တွင် နောင်တနှင့် ဒေါသအရိပ်အယောင်များ ထင်ဟပ်နေသည်။
မဟာတာအိုသဘောတရားကို နားလည်နိုင်မည့် ထိုကဲ့သို့သော အခွင့်အရေးမျိုးသည် ရခဲလှပေ၏။
'ဘယ်သူကများ မျက်စိမရှိဘဲ...'
သူတို့သည် ဒေါသတကြီးဖြင့် ကျိန်ဆဲစကားတစ်ခွန်း မပြောနိုင်မီမှာပင် ဓားသူတော်စင် တည်ငြိမ်စွာ လျှောက်လှမ်းလာသည်ကို မြင်လိုက်ရသည်။ လမ်းသွားလမ်းလာများသည် မည်သည့်ကန့်ကွက်စကားမျှ မဆိုဝံ့ဘဲ တိတ်တဆိတ် မတ်တတ်ထရပ်လိုက်ရသည်။
သူမသည် သူတို၏ဥာဏ်အလင်းပွင့်မှုကို ကြားဖြတ်နှောင့်ယှက်ခဲ့သည်။
သူတို့ အလွန်မကျေမနပ်ဖြစ်နေသော်လည်း မည်သည့်အရာမျှ မဖြစ်သကဲ့သို့ ဟန်ဆောင်နေရလေ၏။
လူတိုင်း၏ အာရုံစိုက်မှုအောက်တွင်...
ဓားသူတော်စင်သည် ရီဖုန်းထံသို့ လျှောက်လှမ်းသွားခဲ့သည်။
ထိုလူငယ်သည် အသက်အနည်းငယ် ရှိုက်သွင်းပြီး အေးဆေးတည်ငြိမ်နေပုံရသည်။
သို့ရာတွင် သူမ၏စိတ်အတွင်းတွင် ပို၍ပို၍ထူးဆန်းလာသကဲ့သို့ ခံစားနေရလေ၏။
ဤလူ၏ကျင့်ကြံဆင့်သည် သာမန်မျှသာ ဖြစ်ပုံရပြီး သူမပင်လျှင် သူ့ထံမှ ထူးခြားသောအရာတစ်စုံတစ်ရာကို မမြင်နိုင်ခဲ့ချေ။
ဤလူသည်...
မည်သည်ကြောင့် ပိုင်ဖျောင်ဖျောင်၏တာအိုလမ်းစဉ်ကို ထိတွေ့နိုင်သနည်း။
သူမ သူ့ကို ကြည့်နေစဉ်...
ရီဖုန်းကလည်း သူမကို လှမ်းကြည့်လိုက်သည်။
အနက်ရောင်ကျစ်ဆံမြှီးဆံပင်ရှည်ရှိကာ လက်အတွင်းတွင် ဓားရှည်တစ်လက် ပိုက်ထားသော သူရဲကောင်းဆန်သည့် အမျိုးသမီးဓားသမားတစ်ဦး...
ဤမိန်းကလေးကို တစ်ချက်ကြည့်ရုံဖြင့် သူမသည် ဘုရင်မတစ်ပါးကဲ့သို့ ခန့်ညားထည်ဝါသည်ကို သိနိုင်ပေ၏။
သူမသည်လည်း သူတော်စင်တစ်ပါးဖြစ်ကာ အလွန်အစွမ်းထက်ပုံပင်။
ရုတ်တရက် တစ်စုံတစ်ခုကို နားလည်သဘောပေါက်သွားသည့်အလား ရီဖုန်းက ပိုင်ဖျောင်ဖျောင်ဘက်သို့ လှည့်ကြည့်လိုက်သည်။
"ဒါက ဘယ်သူလဲ မသိဘူး..."
စကားဝိုင်း ပြတ်တောက်သွားသဖြင့် ပိုင်ဖျောင်ဖျောင်သည် အနည်းငယ် စိတ်အားငယ်သွားသည်။
သို့ရာတွင် ရီဖုန်း၏ ယဉ်ကျေးသော မေးခွန်းကို ကြားပြီးနောက် သူမ၏ သူငယ်ချင်းကောင်းကို သတိရသွားသည်။
သူမက အပြုံးဖြင့် လျင်မြန်စွာ မိတ်ဆက်ပေးလိုက်သည်။
"ဒါက ကျွန်မရဲ့သူငယ်ချင်းကောင်း စုကျဲပါ.. လူတိုင်းက သူ့ကို မရှုံးနိမ့်နိုင်သော ဓားအင်မော်တယ်လို့ ခေါ်ကြတယ်..."
အမ်...
ရီဖုန်း၏မျက်လုံးများ ရုတ်တရက် တောက်ပသွားပေ၏။
မရှုံးနိမ့်နိုင်သော ဓားအင်မော်တယ်...
'ဒီနာမည်က တကယ်ကို ကြောက်ဖို့ကောင်းတာပဲ'
နာမည်ကို ကြားရုံဖြင့် ဤမိန်းကလေးသည် အလွန်အမင်း အစွမ်းထက်မည်မှာ သေချာပေါက်ပင်။ သူ၏ဘဝအတွက် မျှော်လင့်ချက် တဖန်ပြန်၍ ရှိလာလေပြီ။
ရီဖုန်းသည် ချက်ချင်းစိတ်အားတက်ကြွလာကာ အပြုံးနှင့် ခေါင်းညိတ်လိုက်သည်။
"ဒါဆို မင်းက မိန်းကလေးပိုင်ရဲ့ သူငယ်ချင်းကိုး...ဒီလိုဆိုရင်တော့ အိမ်ထဲမှာ စကားပြောကြတာပေါ့"
ဤစကားများ ထွက်ပေါ်လာသည်နှင့်...
ပတ်ဝန်းကျင်ရှိလူတိုင်း အံ့အားသင့်သွားကြသည်။
'တော်လိုက်တာ...'
'ဒီကောင်စုတ်က သတ္တိတွေ သိပ်ရှိနေပါလား...'
သူသည် ဧကရာဇ်ပိုင်ဟွမ်နှင့် နီးစပ်ခွင့်ရသည်ကပင် ကံကောင်းလွန်းနေလေပြီ။
ယခုချိန်တွင်...
သူသည် ဓားသူတော်စင်မကိုလည်း မြှူဆွယ်ရန် ကြိုးစားနေပေ၏။
'ဘယ်လောက်တောင် ရဲတင်းတဲ့ အတွေးလဲ...'
'လူယုတ်မာ...'
ပိုင်ဖျောင်ဖျောင်သည်လည်း အံ့အားသင့်သွားသည်။ သူမသည် ထူးဆန်းသော အငွေ့အသက်တစ်ခုကို ရလိုက်သကဲ့သို့ ခံစားရပြီး အချိန်တခဏအတွင်းတွင် မည်ကဲ့သို့ စကားပြောဆိုရမည်ကို မသိတော့ချေ။
စုကျဲထံတွင်မူ ပုံမှန်မဟုတ်သောအမူအယာ မရှိချေ။
သူမသည် ကြည်လင်သော မျက်လုံးများဖြင့် ရီဖုန်းကို စိုက်ကြည့်ရင်း အေးဆေးတည်ငြိမ်စွာ တုံ့ပြန်အဖြေပေးလိုက်သည်။
"ကောင်းပြီ..."
ဤလူငယ်သည် သူမကို တိုက်ရိုက် စကားပြောရန် ဖိတ်ခေါ်ခဲ့ပြီး အလွန်ယုံကြည်မှုရှိပုံရသည်။
သူမရှေ့တွင် ဤမျှ ယုံကြည်မှုရှိသောသူကို ပထမဆုံးအကြိမ် တွေ့ဖူးခြင်းဖြစ်သည်။
စုကျဲသည် ပို၍ပို၍သိချင်စိတ်ပြင်းပြလာသည်။
ဓားအင်မော်တယ်သည် လွယ်လင့်တကူ သဘောတူလိုက်သည်ကို မြင်တွေ့ချိန်၌ ရီဖုန်းက ချက်ချင်းပြုံးလိုက်သည်။
သူသည် တခြားလူများ၏ အံ့အားသင့်သော အမူအယာများကို ဂရုမစိုက်သည့်အပြင် ပိုင်ဖျောင်ဖျောင်၏ ကြောင်ငေးနေမှုကိုလည်း သတိမထားမိဘဲ ဘေးသို့အနည်းငယ်ကပ်၍ ဖိတ်ခေါ်လိုက်၏။
"မိန်းကလေးပိုင်..မိန်းကလေးစု... ကြွပါ..."
အမျိုးသမီးနှစ်ဦးသည် တိတ်ဆိတ်ငြိမ်သက်စွာဖြင့် အချင်းချင်းကြည့်လိုက်ကြသည်။
သူမတို့ထံတွင် ခေါင်းညိတ်၍ အထဲသို့ဝင်သွားရုံမှတစ်ပါး တခြားရွေးချယ်စရာမရှိတော့ပေ။
ဤမြင်ကွင်းသည် လူတိုင်း၏ အမြင်ကို တိုက်ရိုက် ချိုးဖျက်လိုက်သည်။
ကျစ်..
'ဒီကောင်စုတ်က တကယ်ကြီး အောင်မြင်သွားပါလား'
'ဘာကြောင့်လဲ...'
လူတိုင်း စိတ်ရှုပ်ထွေးနေစဉ်မှာပင်
ရီဖုန်းသည် တစ်စုံတစ်ခုကို သတိရသွားသကဲ့သို့ ရုတ်တရက် တုံ့ဆိုင်းသွားသည်။
"ခဏစောင့်ပါအုံး...ငါ့ရဲ့ကြိုး ဟိုဘက်မှာ ကျန်ခဲ့တယ်...ငါ သွားယူလိုက်အုံးမယ်..."
အမ်……
လမ်းသွားလမ်းလာများသည် မည်ကဲ့သို့ ပြုလုပ်ရမည်ကို မသိတော့ချေ။
ဤသူတော်စင်နှစ်ပါးကို စကားပြောခွင့်ရရန် မည်မျှထိများပြားသော ဘဝများမှ ကုသိုလ်ကောင်းမှုများ စုဆောင်းခဲ့ရမည်ကို မသိနိုင်ချေ။
သူတို့သာဆိုလျှင် ဤအချိန်တွင် အလွန်ဝမ်းသာပျော်ရွှင်သဖြင့် အိုးစည်ဗုံမောင်းများဖြင့် ထကနေလောက်ပြီ။
မည်သည်ကြောင့် ပေါ့ဆရဲမည်နည်း....
သူမတို့ ရှေ့ဆက်သွားမယ့်လမ်းကိုပင် ချောမွေ့အောင် ရှင်းပေးမိပေမည်။
ဤကောင်စုတ်ကမူ တံခါးဝတွင် သူတော်စင်နှစ်ပါးကို ရပ်စောင့်ခိုင်းပြီး အရင်ဆုံး ကြိုးသွားရှာနေပေ၏။
'ဘယ်လောက်တောင် တန်ဖိုးရှိတဲ့ ကြိုးမလို့လဲ'
'သူတော်စင်နှစ်ပါးလောက် အရေးကြီးလို့လား..'
'သူက အရမ်းကပ်စေးနှဲတဲ့ကောင်များ ဖြစ်နေမလား...'
'အရေးကြီးတာနဲ့ အရေးမကြီးတာကိုတောင် မခွဲခြားတတ်ဘူး'
'ဒီလို အမြင်ကျဉ်းမြောင်းတဲ့လူမျိုး ဘယ်လိုလုပ်ပြီး ရှိနေတာလဲ'
'ဘယ်လိုတောင် ထူးဆန်းတဲ့ကောင်လဲ'
'သူတော်စင်တွေကိုတောင် လျစ်လျူရှုရဲတယ်လား'
'သူတော်စင်နှစ်ပါးက စိတ်သဘောထားကြီးမြတ်တယ်ဆိုရင်တောင် ဒီလို မလေးမစားလုပ်ရပ်က သူ့ကို ဒုက္ခရောက်စေမှာ သေချာတယ်'
'သူတော်စင်တွေကို စော်ကားလို့မရဘူး'
'ဒီကောင်လေးရဲ့လုပ်ရပ်က သေလမ်းရှာနေတာနဲ့ အတူတူပဲ'
ဟမ့်..
'သူက အရမ်းမောက်မာလွန်းတယ်...သူ ဘယ်လိုသေမလဲဆိုတာ စောင့်ကြည့်ကြသေးတာပေါ့..."
လူတိုင်း တိတ်တဆိတ် လှောင်ပြောင်နေစဉ်မှာပင်....
ပိုင်ဖျောင်ဖျောင်သည် တံခါးဝ၌ တိတ်တဆိတ်စောင့်ဆိုင်းနေသည်။
စုကျဲသည်လည်း ဓားကိုပိုက်ကာ ငြိမ်သက်စွာ မတ်တတ်ရပ်နေပြီး သူမ၏မျက်လုံးအတွင်းတွင် မည်သည့်စိတ်လှုပ်ရှားမှု အရိပ်အယောင်မှ မတွေ့ရချေ။
အသက်ရှူချိန်အနည်းငယ်ကြာပြီးနောက်...
လူအမြောက်အများ ကြက်သေသေသွားကြသည်။
သူတော်စင်နှစ်ပါးသည် အညတရလူငယ်တစ်ဦးအပေါ်တွင် အလွန်စိတ်သဘောထားကြီးပြီး အံ့အားသင့်ဖွယ်ကောင်းအောင်ပင် တိတ်တဆိတ် ရပ်စောင့်နေကြ။
'ဒါက မဟုတ်သေးဘူး....'
'ငါတို့ထင်ထားတဲ့ ဒေါသတွေ ဘယ်ရောက်သွားလဲ...'
'မဟုတ်သေးဘူး..'
'ဒီခေတ်ကာလက သူတော်စင်တွေက ဒီလောက်တောင် စကားပြောလို့ လွယ်နေပြီလား...'
လူများအားလုံး ရူးမတတ်ဖြစ်နေကြသည်။
နောက်ထပ် အသက်ရှူချိန်အနည်းငယ် ကြာမြင့်သွားပြီးနောက်...
နောက်ဆုံးတွင် ရီဖုန်းသည် ပျောက်ဆုံးသွားသောအရာကို ပြန်လည်ရရှိလာသည့်အလား စိတ်ကျေနပ်သောအပြုံးဖြင့် ပြန်ရောက်လာသည်။
သူသည် ရှေ့သို့တိုး၍ အရိုအသေပေးလိုက်၏။
"အကြာကြီးစောင့်ခိုင်းမိတဲ့အတွက် တောင်းပန်ပါတယ်...."
အသက်ရှူချိန်အနည်းငယ် စောင့်ခဲ့ရသော်လည်း...
သူမ၏ရှေ့တွင် အရိုအသေပေးနေသော ပုံရိပ်ကိုမြင်တွေ့ချိန်တွင် ပိုင်ဖျောင်ဖျောင်သည် စိတ်ထဲမထားဘဲ ညင်သာစွာ တုံ့ပြန်အဖြေပေးလိုက်သည်။
"ကိစ္စမရှိပါဘူး..."
စုကျဲသည်လည်း တိတ်တဆိတ် ခေါင်းညိတ်လိုက်ကာ သူမ၏ မျက်လုံးအကြည့်သည် ရီဖုန်းအပေါ်တွင် စူးစိုက်၍ ကျရောက်နေသည်။
သူတော်စင်နှစ်ပါးသည် အလွန်တည်ငြိမ်နေပေ၏။
တခြားသူများမှာမူ သည်းမခံနိုင်တော့ပေ။
'ဘာလို့လဲ....'
'ဘာကြောင့်လဲ...'
သူတော်စင်နှစ်ပါးသည် တံခါးဝတွင် အသက်ရှူချိန်အနည်းငယ်ကြာအောင် ရပ်စောင့်ခဲ့ရသည်။
သူမတို့ထံတွင် ဒေါသထွက်ခြင်း တစိုးတစိမျှမရှိချေ။
မည်သူမဆို ပထမဆုံးအကြိမ် လာလည်ချိန်၌ ပြင်ပတွင် ရပ်စောင့်ခိုင်းခံရရင် ဒေါသထွက်မည်မဟုတ်လော....
သို့ရာတွင် ယခုချိန်၌မူ....
သူတော်စင်နှစ်ပါးသည် ဒေါသမထွက်သည့်အပြင် တည်ငြိမ်နေပုံရသည်။
ထိုအမူအယာသည် သူမတို့၏ဆန္ဒအလျောက် စောင့်နေသည့်ပုံစံမျိုး ပေါက်နေသည်။
'ဒါက ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ...'
'သာမန်လူတစ်ယောက်က သူတော်စင်နှစ်ပါးရဲ့ အာရုံစိုက်မှုကို ခံရလောက်အောင် ဘယ်လိုလုပ်ပြီး ထိုက်တန်မှာလဲ....'
လမ်းသွားလမ်းလာများသည် အံ့အားသင့်သွားကာ စကားမပြောနိုင် ဖြစ်သွားကြသည်။
အရာအားလုံးသည် သူတို့ မျှော်လင့်ထားသည်ထက် ကျော်လွန်နေပေ၏။
သူတို့မြင်နေရသောအရာကို လုံးလုံးလျားလျား နားမလည်နိုင်သည့်အပြင် မည်သည်ကြောင့် ဤမျှထိ ထူးဆန်းနေသည်ကိုလည်း သဘောမပေါက်နိုင်ကြချေ။
သူတို့ စောင့်ကြည့်နေချိန်မှာပင်...
ထိုအသိတရားမဲ့သောကောင်စုတ်သည် သူတော်စင်များနှင့်အတူ ခြံဝန်းအတွင်းသို့ ဝင်သွားခဲ့သည်။
ရာနှင့်ချီသောလူများသည် အချင်းချင်း ကြောင်ကြည့်နေကြ၏။
သူတို့၏အောက်မေးရိုးများ မြေပြင်ပေါ်သို့ ပြုတ်ကျလုမတတ်ပင်။
သူတို့သည် ခေါင်းကုတ်ရင်း အချိန်အတော်ကြာ စဉ်းစားသော်လည်း မည်သည့်အဖြေမျှ ထွက်မလာချေ။
ယနေ့ ဖြစ်ပျက်ခဲ့သမျှ အရာအားလုံးသည် သူတို့အား အမှန်တကယ်ကို ပင်ပန်းနွမ်းနယ်စေသည်။
သို့ရာတွင် သူတို့ မည်မျှပင် နားမလည်နိုင် ဖြစ်နေစေကာမူ အခွင့်အရေးသည် ဆုံးရှုံးသွားခဲ့လေပြီ။ ထို့ကြောင့် လူအများသည် သူတို့ဆုပ်ကိုင်ထားသော မဟာတာအို၏အရိပ်အယောင်ကို နားလည်သဘောပေါက်နိုင်ရန် ဤနေရာမှ ထွက်ခွာသွားကြတော့သည်။
သို့ရာတွင်....
မဟာတာအိုကို နားမလည်နိုင်သော ကျင့်ကြံမှုနိမ့်ပါးသည့် သူရဲကောင်းဟုခေါ်သူများလည်း ရှိနေသည်။ သူတို့သည် ဤကိစ္စနှင့်ပတ်သက်၍ မနာလိုစိတ်များဖြင့် ပြည့်နှက်နေပြီး ထိုလူငယ်ကို စကားလုံးများ စာပေများဖြင့် ဝေဖန်တိုက်ခိုက်လိုကြသည်။
ဧကရာဇ်ပိုင်ဟွမ်ကိုယ်တိုင် ဤနေရာသို့ ရောက်ရှိလာသည်မှာ ကိစ္စကြီးတစ်ရပ်ပင်။
မကြာမီမှာပင် ဤကိစ္စသည် လူပြောများသော အကြောင်းအရာတစ်ခုဖြစ်လာပြီး နေရာအနှံ့အပြားသို့ ပျံ့နှံ့သွားသည်။
အဝေးတစ်နေရာတွင်...
ချန်းသုန်သည် အလျင်အမြန် ပြေးလာပြီး ရီဖုန်း၏ခြံဝန်းမှ သစ်သားတံခါးကို ခေါက်လိုက်သည်။
"ရီဖုန်း...ရီဖုန်း..."
"ဧကရာဇ်ပိုင်ဟွမ် ရောက်လာပြီ... ဧကရာဇ်ပိုင်ဟွမ် တကယ်ကြီး ရောက်လာပြီ...."
Chapter 982
ခြံဝန်ငယ်လေးအတွင်းတွင်....
ရီဖုန်းသည် မိန်းကလေးနှစ်ဦးနှင့်အတူ ကျောက်စားပွဲတွင် ထိုင်နေရင်း မည်သို့စကားစရမည်ကို စဉ်းစားနေသည်။
ပိုင်ဖျောင်ဖျောင်သည် ရင်းနှီးပြီးသားမိတ်ဆွေတစ်ဦးဖြစ်သည်။
သူမနှင့်ဆက်ဆံရန်မှာ အရာအားလုံး လွယ်ကူပေ၏။
သို့ရာတွင် ယနေ့အတွက် အဓိကသော့ချက်မှာ စုကျဲပင်။
မည်သို့ပင်ဆိုစေကာမူ....
ဤမိန်းကလေးနှင့် ပထမဆုံးတွေ့ဆုံချိန်မှာပင် သူ့ကိုသတ်ခိုင်းရန် တောင်းဆိုရမည်ဖြစ်ရာ သူ စကားလုံးကို သတိထားရွေးချယ်ရန် လိုအပ်သည်။
ထိုသို့မဟုတ်ဘဲ ဤမိန်းကလေးကို စိတ်အနှောင့်အယှက်ဖြစ်စေလျှင် သူ၏ သေကြောင်းကြံရန် ကြိုးစားမှု မအောင်မြင်ရုံသာမက ပိုင်ဖျောင်ဖျောင်ကိုလည်း မျက်နှာပျက်ပေစေမည်။
ဤသည်မှာ မိတ်ဆွေသူငယ်ချင်းအဖြစ် ပြုမူရာရောက်မည် မဟုတ်တော့ချေ။
သူသည် မုန်းတီးမှုကို ဆွဲဆောင်ခြင်းကဲ့သို့သော ကြမ်းတမ်းသည့် နည်းဗျူဟာများကို သေချာပေါက် အသုံးမပြုနိုင်တော့ပေ။
တစ်ခုတည်းသောနည်းလမ်းမှာ ဉာဏ်ဖြင့်ကျော်လွှားရန်ပင်။
ရီဖုန်း ပို၍သတိထားနေသည်မှာ အံ့အားသင့်ဖွယ်မရှိချေ။
သူထံ၌ အမှန်တကယ်ကို ရွေးချယ်စရာမရှိတော့ပေ။
သူသည် အချိန်အတော်ကြာ သေလမ်းရှာခဲ့သော်လည်း အကြိမ်တိုင်း ရှုံးနိမ့်မှုဖြင့်သာ အဆုံးသတ်ခဲ့ရသည်။
သူ့အတွက် အချိန်သိပ်မကျန်တော့ချေ။
ဤတစ်ကြိမ်တွင် အစွမ်းထက်ဆုံးသူတော်စင်နှင့် တွေ့ဆုံရခြင်းသည် အလွန်ကောင်းမွန်သော အခွင့်အရေးပင်။
သူ သေချာပေါက် ဆုပ်ကိုင်ထားရပေမည်။
သာမန်နှုတ်ဆက်စကား အနည်းငယ်ပြောပြီးနောက်...
ပတ်ဝန်းကျင်အခြေအနေသည် အနည်းငယ် ထူးဆန်းနေပေ၏။
ရီဖုန်းသည် သူ၏ဘဝအတွက် အရေးကြီးသောအရာများကို စဉ်းစားနေစဉ်၌...
တံခါးဝတွင်....
ရုတ်တရက် ဝက်သတ်သကဲ့သို့ အော်ဟစ်လိုက်သော အသံတစ်သံ ထွက်ပေါ်လာသည်။
"ရီဖုန်း...ရီဖုန်း...."
"ပိုင်ဟွမ်ဧကရာဇ် ရောက်လာပြီ...ပိုင်ဟွမ်ဧကရာဇ် တကယ်ကြီးရောက်လာပြီ..."
ထိုအသံသည် အလွန်အမင်း စိတ်လှုပ်ရှားစွာ ပြောဆိုနေပုံရသည်။
ဤအသံကြောင့်...
ရီဖုန်းသည် နားအူသွားလုမတတ်ပင်။
ပိုင်ဖျောင်ဖျောင်နှင့် စုကျဲတို့သည်လည်း စိတ်ရှုပ်ထွေးသောအကြည့်များဖြင့် ရီဖုန်းကို ကြည့်လိုက်ကြသည်။
'ဒါက အရေးကြီးတဲ့ အချိန်အခိုက်အတန့်လေ...'
'ဘယ်မအေပေးကများ ဒီလို မကောင်းတဲ့အလုပ်ကို လာလုပ်နေရတာလဲ...'
'အဲ့ကောင် သေချင်နေတာလား'
ရီဖုန်းသည် မတ်တတ်ထရပ်၍ တံခါးထံသို့ လျှောက်သွားရုံမှတစ်ပါး တခြားရွေးချယ်စရာ မရှိတော့ချေ။
သူ တံခါးဖွင့်၍ ကြည့်လိုက်ချိန်တွင်...
ယခုကြည့်ကြည့်တော့မှ ချွေးများရွှဲနစ်နေပြီး သူ၏လက်များကို ဝှေ့ယမ်းကာ နံဘေးပတ်လည်ကို ညွှန်ပြနေသော ချန်းသုန် ဖြစ်နေသည်။
"မြန်မြန်...မြန်မြန်...မြန်မြန်လေး..."
"ပိုင်ဟွမ်ဧကရာဇ် ဒီနေရာကို တကယ်ရောက်လာတယ်...သူ မြို့ထဲမှာရှိနေတယ်လို့ ပြောကြတယ်... ငါနဲ့အတူ သွားကြည့်ရအောင်..."
ချန်သုန်သည် အလွန်စိတ်အားထက်သန်နေသည့်တိုင် ရီဖုန်းကို အသိပေးရန် အမှတ်ရပေ၏။
'ဒါပေမဲ့ ဒီတုံ့ပြန်မှုက နည်းနည်းလွန်မနေဘူးလား...'
'ပြီးတော့ ဒီသတင်းက ကြာနေပြီ...'
'လူတွေကဖြင့် ခြံထဲမှာ ထိုင်နေတာ အချိန်တော်တော်ကြာနေပြီ....'
'မင်းက ငါ့ကို အခုမှ လာနေပြီလို့ ပြောနေတယ်...'
ရီဖုန်းသည် မည်ကဲ့သို့ပြန်ဖြေရမည်ကို မသိတော့ပေ။
'အင်း...မင်းရဲ့သတင်းက တော်တော်လေးနောက်ကျတာပဲ'
သူသည် ချန်းသုန်ကို နှုတ်ဆက်ပြီး ပြောဆိုလိုက်သည်။
"အင်း……မင်း အရင်ဆုံး အထဲကိုဝင်ခဲ့အုံး"
ချန်းသုန်သည် အစပိုင်းတွင် ကြောင်သွားပြီးနောက် ရုတ်တရက် သူ၏မျက်လုံးများ ပြူးကျယ်သွားသည်။
"ရီဖုန်း..."
"မင်း ငါ ပြောတာကိုကြားလား....ပိုင်ဟွမ်ဧကရာဇ်... အဲ့ဒါက ပိုင်ဟွမ်ဧကရာဇ်နော်... ဒဏ္ဍာရီလာ သူတော်စင်က ဒီမြို့ကို ရောက်နေပြီ"
"မင်းက အမြဲတမ်း ပိုင်ဟွမ်ဧကရာဇ်ကို ရှာချင်တယ်လို့ ပြောခဲ့တယ် မဟုတ်လား..."
"အဲ့ဒီသူတော်စင် တကယ်ကြီး ရောက်နေပြီ... သတင်းက မြို့အနှံ့မှာ ပျံ့နေပြီ... ဒီလောက်ကြီးကျယ်တဲ့ ကိစ္စကို မင်း ဘာလို့ ငါနဲ့အတူ လိုက်မကြည့်တာလဲ..."
သူသည် စကားပြောလေလေ ပို၍စိုးရိမ်လာလေလေပင်။
ရီဖုန်းထံတွင် ရှင်းပြရန် နည်းလမ်းမရှိသဖြင့် ဤကောင်စုတ်ကို ခြံဝန်းအတွင်းသို့ ဆွဲခေါ်လာရုံသာ တတ်နိုင်တော့သည်။
"အင်း...ငါ ဒီကိစ္စကို အကုန်သိပါတယ်.."
ချန်းသုန်သည် ခြံဝန်းအတွင်းသို့ ဆွဲခေါ်ခြင်းခံလိုက်ရသည်။
သူသည် ရီဖုန်း၏စကားကို လုံးဝမယုံကြည်ဘဲ အဆက်မပြတ် အလေးပေးပြောဆိုနေသည်။
"မင်း သိတာလား..."
"မင်းက ဘာသိတာလဲ.... သူက သူတော်စင်နော်....သူတော်စင်ဆိုတာက...."
သူ၏စကား တစ်ဝက်တစ်ပျက်အရောက်တွင်....
သူ ရုတ်တရက် တွေ့မြင်လိုက်ရသည်။
သူ၏ရှေ့တွင်...
ခြံဝန်းအတွင်းရှိ ကျောက်စားပွဲနံဘေးတွင် နတ်ဘုရားမများကဲ့သို့သော အမျိုးသမီးနှစ်ဦး ထိုင်နေသည်။
အမျိုးသမီးတစ်ဦးသည် အလွန်လှပသော ရုပ်ရည်ရှိကာသူမ၏အဖြူရောင်ပိုးသားဝတ်စုံသည် သူမကို နတ်မိမယ်တစ်ပါးကဲ့သို့ ပို၍လှပစေသည်။ သူမထံတွင် သာလွန်ထူးကဲသော အရှိန်အဝါရှိနေပေ၏။
တခြားတစ်ဦးထံတွင် ကျစ်လျစ်တောင့်တင်းသော ကိုယ်လုံးကိုယ်ပေါက်ရှိသည်။
သူမသည် တင်းကြပ်သောအဝတ်အစားကို ဝတ်ဆင်ထားပြီး အလွန်အေးစက်တည်ငြိမ်သည်။
အမျိုးသမီးနှစ်ဦး၏ ပုံစံသည် အလွန်ကွဲပြားသော်လည်း နှစ်ဦးစလုံးသည် အလွန်အမင်းချောမောလှပသော အမျိုးသမီးများဖြစ်သည်။ သူမတို့ကို တစ်ချက်ကြည့်ရုံဖြင့် တစ်သက်မမေ့နိုင်စရာ ဖြစ်စေသည်။ ဒဏ္ဍာရီလာ နတ်မိမယ်များပင် သူမတို့နှင့်ယှဉ်နိုင်ရန် ခက်ခဲပေမည်။
ထို့ထက်ပို၍ တုန်လှုပ်ဖွယ်ကောင်းသည်မှာ....
ဤမိန်းမလှနှစ်ဦး၏ နံဘေးပတ်လည်တွင် ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါများ ထွက်ပေါ်နေပြီး ခြံဝန်းတစ်ခုလုံးကို တောင်ကြီးတစ်လုံး ဖိထားသကဲ့သို့ ခံစားရစေသည်။ သူမတို့ကို မြင်ရုံမျှဖြင့် လူအများကို ထိတ်လန့်စေရန် လုံလောက်ပေ၏။
သူမတို့၏လက်ကို တစ်ချက်ဝှေ့ယမ်းလိုက်ရုံဖြင့် တောင်ကိုရွှေ့ပြောင်းခြင်း ပင်လယ်ကိုဖြည့်တင်းခြင်းများ ပြုလုပ်နိုင်ပုံရသည်။
တစ်ချက်ကြည့်လိုက်ရုံနှင့်...
ချန်တုန်းသည် တောင်ကြီးတစ်လုံး သူ့အပေါ် ဖိစီးလာသကဲ့သို့ ခံစားလိုက်ရသည်။
သူ၏လျှာပင် အာစေးမိသွားသည်။
"ဒါ...ဒါ...ဒါ... ဒါက..."
နံဘေးတွင်ရှိနေသော ရီဖုန်း၏တည်ငြိမ်သောအသံက ဖြည်းညှင်းစွာ ထွက်ပေါ်လာသည်။
"ဟုတ်တယ်..."
"ဒါက မင်းပြောတဲ့ ပိုင်ဟွမ်ဧကရာဇ်ပဲ..."
ချန်းသုန်တုံ့ပြန်ချိန်မရလိုက်မီမှာပင် သူသည် ကျောက်စားပွဲဆီသို့ ခေါ်ဆောင်သွားခြင်းခံလိုက်ရပြီး ထိုနေရာသို့ သူ မည်သို့ရောက်သွားသည်ကိုပင် မမှတ်မိတော့ချေ။
ပိုင်ဟွမ်ဧကရာဇ်ဟု ဆိုသလော...
'အိုးဘုရားရေ...ကယ်တော်မူပါ...'
ဤနာမည်သည် သူ၏စိတ်အတွင်းတွင် ရုတ်တရက် ပဲ့တင်ထပ်သွားပြီး သူ ခန့်မှန်းထားသည့်အရာနှင့် လုံးလုံးလျားလျား ထပ်တူကျနေပေ၏။
ချန်းသုန်သည် မိုးကြိုးဖြင့် ပစ်ခတ်ခံရသည့်အလား ခံစားလိုက်ရသည်။
သူ အကြောက်လွန်သွားသဖြင့် သူ၏မျက်လုံးများပင် ပြူးကျယ်သွားသည်။
ထို့နောက် သူသည် ရုတ်တရက် ခေါင်းညိတ်လိုက်ပြီး သူ၏ခြေသလုံးများ အနည်းငယ်တုန်ရီနေကာ နောက်တစ်ကြိမ် ချောင်းကြည့်ရန်ပင် မဝံ့ရဲတော့ပေ။
ဤသည်မှာ သူတော်စင်တစ်ယောက်ပင်။
သူမ၏လက်ကို တစ်ချက်ဝှေ့ယမ်းလိုက်ရုံဖြင့် သူ့ကို အမှုန့်ဖြစ်သွားစေနိုင်သည်။
ဤမျှ ကြောက်မက်ဖွယ်ကောင်းသော တည်ရှိမှုကြီး၏ရှေ့တွင်...
ချန်းသုန်သည် သူ၏ပုံမှန် လည်လည်ဝယ်ဝယ်နိုင်မှုများ မရှိတော့ဘဲ လုံးလုံးလျားလျား တုန်လှုပ်ချောက်ချားနေပေ၏။
ပေအနည်းငယ်အကွာတွင် ရှိနေသည့်တိုင်...
ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါသည် သူ့ကို အသက်ပင်မရှူနိုင် ဖြစ်စေသည်။
သူ့၏နှလုံးသားသည် လည်ချောင်းဝသို့ ဆို့တက်လာတော့မည့် အလားပင်။
သူ ဒူးထောက်တော့မည်အပြုတွင်....
ညင်သာသောအသံတစ်သံက တည်ငြိမ်အေးချမ်းစွာ ထွက်ပေါ်လာသည်။
"ရီဖုန်း... ဒါက နင့်ရဲ့သူငယ်ချင်းလား.."
ရီဖုန်းက ပေါ့ပေါ့ပါးပါး ပြန်ဖြေသည်။
"ဟုတ်တယ်...သူက ငါ့ရဲ့သူငယ်ချင်းပဲ..."
ရီဖုန်းသည် စကားပြောဆိုရင်း သူ၏မျက်နှာပေါ်တွင် အပြုံးတစ်ခု ထင်ဟပ်လာကာ နေရာ၌ ထိုင်ချလိုက်သည်။
သူ၏အမြင်အရ...
ချန်းသုန်က သူ၏ကိစ္စကို ဂရုစိုက်ပြီး သတင်းလာပြောပေးသည့်အတွက် သူ၏သူငယ်ချင်းတစ်ယောက်ပင်။
ပိုင်ဖျောင်ဖျောင်သည် ထိုစကားကိုကြားချိန်၌ ခေါင်းညိတ်လိုက်၏။
'သူက ရီဖုန်းရဲ့ သူငယ်ချင်းဖြစ်မှတော့ ငါ နှုတ်ဆက်သင့်တယ်...'
ဤသို့တွေးမိသဖြင့်...
သူမ၏စိတ်အတွက်းရှိ ရှက်ရွံ့မှုကို ဖြေဖျောက်ရန် ပိုင်ဖျောင်ဖျောင်က ချန်းသုန်ကို တည်ငြိမ်အေးဆေးစွာ ကြည့်လိုက်သည်။
"မင်္ဂလာပါ.."
ဘုန်း....
ထိုအသံသည် ညင်သာစွာ ထွက်ပေါ်လာသော်လည်း ချန်းသုန်၏စိတ်အတွင်းတွင် မိုးခြိမ်းသံအလား ပေါက်ကွဲသွားသည်။
သူ ခေါင်းငုံ့ထားလိုက်သည်။
သူ၏မျက်နှာပေါ်တွင် မယုံနိုင်မှုများဖြင့် ပြည့်နှက်နေပြီး သူ၏ခန္ဓာကိုယ်တစ်ခုလုံး ရုတ်တရက် တောင့်တင်းသွားပေ၏။
ပိုင်ဟွမ်ဧကရာဇ်သည် သူ့ကို အရင်ဆုံး နှုတ်ဆက်ခဲ့သလော...
သူ့၏ အဆင့်အတန်း ကျင့်ကြံမှုဖြင့် သူတော်စင်တစ်ပါး၏ အာရုံစိုက်မှုကို ခံရသလော...
'ဒါက ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ...'
'ဒါက အိပ်မက်လား...'
'ဒါက အိပ်မက်ပဲဖြစ်ရမယ်...'
သူ၏စိတ်အတွင်းတွင် ကြီးမားသော ထိတ်လန့်တုန်လှုပ်မှုတစ်ခု ပျံ့နှံ့သွားသည်။
ချန်းသုန်သည် အိပ်မက်အတွင်းတွင် ရောက်နေသည့်အလား သူ၏စိတ် ရှုပ်ထွေးနေပြီး သူ ဤနေရာသို့ မည်သည်ကြောင့် လာသည်ကိုပင် မေ့လျော့သွားသည်။
သူ အသိစိတ်လွတ်ကင်းသွားကာ...
သူကိုယ့်သူ ဆိတ်ဆွဲကြည့်တော့မည်အပြုတွင်...
ရီဖုန်း၏ မကျေမနပ် ပြောဆိုလိုက်သောအသံ ထွက်ပေါ်လာသည်။
"မိန်းကလေးပိုင်က မင်းကို နှုတ်ဆက်နေတာလေ... ဘာလို့ လျစ်လျူရှုနေတာလဲ..."
အမ်...
ချန်းသုန်သည် ထိုအသံကိုကြားချိန်၌ ထိတ်လန့်တုန်လှုပ်သွားပေ၏။
'ဒါက အမှန်ပဲလား...'
မည်သည့်နေရာက ရလာမှန်းမသိသော သတ္တိဖြင့် သူသည် မျက်လုံးများကို ဖြည်းညှင်းစွာ ဖွင့်ကြည့်လိုက်သည်။
သူ အမှန်တကယ်ကို မြင်လိုက်ရသည်။
နတ်ဘုရားမသည် သူ့ကို တည်ငြိမ်စွာ ကြည့်နေသည်။
ရီဖုန်းကလည်း စကားမပြောဘဲ သူ့ကိုကြည့်နေကာ သတိပေးနေသည့်အလားပင်။
ရုတ်ချည်းဆိုလိုပင်...
ချန်းသုန် ကြက်သေသေသွားသည်။
ဒါက……
အိုး ဘုရားရေ....
သူတော်စင်သည် သူ့အား အမှန်တယ်ကို နှုတ်ဆက်ခဲ့သလော...
နောက်ဆုံးတွင် သူ နားလည်သဘောပေါက်သွားသည်။
ချန်းသုန်သည် ထိတ်လန့်ကြောက်ရွံစွာဖြင့် အကြိမ်ကြိမ် ဦးညွှတ်လိုက်သည်။
"အရှင်မက ယဉ်ကျေးလွန်းနေပြီ...အရှင်မက ယဉ်ကျေးလွန်းနေပါပြီ"
သူ၏ ကြောက်လန့်နေသောပုံစံကို မြင်ချိန်တွင်....
ရီဖုန်းသည်လည်း အပိုစကားများပြောလျှင်ပင် အသုံးမဝင်မည်ကို သိရှိသဖြင့် သူ၏စိတ်အတွင်းတွင် ကူကယ်ရာမဲ့စွာ သက်ပြင်းရှိုက်လိုက်၏။
အမှန်အားဖြင့်..
သူတော်စင်များသည် လူအများ လက်လှမ်းမမီနိုင်သော တည်ရှိမှုကြီးများပင်။
သာမန်လူများသည် သူတော်စင်များကိုမြင်လျှင် စိတ်လှုပ်ရှားကြမည်မှာကို ရှောင်လွှဲ၍မရချေ။
ခြွင်းချက်အနေဖြင့် သေလမ်းရှာနေသော သူတစ်ယောက်တည်းသာ ရှိပေမည်။
သူသည် အရာအားလုံးကို လွန်ခဲ့သောအချိန်ကာလများအတွင်းမှ စတင်၍ စွန့်လွှတ်ထားပြီး မည်သည့်အရာကိုမျှ ဂရုမစိုက်တော့ချေ။
ဤကဲ့သို့ အချိန်အခိုက်အတန့်တွင်..
မည်သူမဆို စိတ်တည်ငြိမ်ရန် ခက်ခဲပေမည်။
ချန်းသုန် မတ်တတ်ရပ်နိုင်သေးသည်မှာပင် အံ့အားသင့်စရာ ဖြစ်နေလေပြီ။
သူ၏အမူအယာကမူ စိတ်လှုပ်ရှားမှ အနည်းငယ်လွန်ကဲနေပုံသည်။
ရီဖုန်းသည် အမျိုးသမီးနှစ်ဦးကို တောင်းပန်သော အကြည့်ဖြင့် ကြည့်လိုက်၏။
စုကျဲသည် ယခင်အတိုင်း အေးစက်တည်ငြိမ်နေဆဲပင်။
သူမ၏ကြည်လင်သောမျက်လုံးများကြောင့် သူမ မည်သည့်အရာကို စဉ်းစားနေသည်အး ပြောရန်ခက်ခဲသည်။ သူမသည် တစ်စုံတစ်ခုကို တွေးတောနေသကဲ့သို့ဖြစ်ပြီး ချန်းသုန်ကို လုံးလုံးလျားလျား ဂရုမစိုက်ချေ။
ပိုင်ဖျောင်ဖျောင်ကမူ...
ယခင်အတိုင်း ကျက်သရေရှိပြီး လှပနေကာ သူမက အပြုံးဖြင့် ဖြေသည်။
"ကိစ္စမရှိပါဘူး...."
"နင်က ရီဖုန်းရဲ့ သူငယ်ချင်းဖြစ်မှတော့ ဒီလောက်ထိ ရိုကျိုးနေစရာမလိုပါဘူး..."
သူမ၏နူးညံ့သောအသံသည် သဘာဝတရား၏ တေးသံအလားပင်။
ဖော်ပြရန်မစွမ်းသော လျှို့ဝှက်ဆန်းကြယ်သည့် အရှိန်အဝါတစ်ရပ်သည် ခြံဝန်းအတွင်းတွင် ပျံ့နှံ့နေပြီး လူအများကို စိတ်အေးချမ်းကာ ပျော်ရွှင်စေသည်။
ချန်းသုန်သည်လည်း ဤအရှိန်အဝါကြောင့် အနည်းငယ် သက်တောင့်သက်သာဖြစ်သွားပေ၏။
နောက်ဆုံး၌.....
သူ အနည်းငယ် တည်ငြိမ်သွားနိုင်ပြီး ခေါင်းညိတ်ကာ ကျေးဇူးတင်စကားဆိုလိုက်သည်။
သို့ရာတွင် သူ ခေါင်းမော့ကြည့်လိုက်ချိန်၌...
ပိုင်ဖျောင်ဖျောင်
ချိုမြိန်သော အပြုံးကို မြင်လိုက်ရသည်။
သူ့၏နှလုံးသား လည်ချောင်းဝသို့ တဖန်ပြန်၍ဆို့တက်လာသည်။
'ကယ်ကြပါ.....'
'ကယ်ကြပါအုံး...'
ဒဏ္ဍာရီလာ သူတော်စင်အသစ် ပိုင်ဟွမ်ဧကရာဇ်မှ သူ့ကို ပြုံးပြနေသလော...
'ဘုရားရေ...'
'ဘုရားရေ....'
'အိုး ဘုရားရေ...'
ဤအချိန်အခိုက်အတန့်တွင်....
ချန်းသုန်သည် အံ့အားသင့်သွားကာ နေရာ၌ ကျောက်ရုပ်ဖြစ်သွားလုမတတ်ပင်။
သူတော်စင်များနှင့် အလွန်နီးကပ်ခွင့်ရမည်ဟု သူ တစ်ကြိမ်တစ်ခါမျှ မျှော်လင့်မထားမိချေ။
ထို့ထက်ပို၍ မျှော်လင့်မထားသည်မှာ....
သူတော်စင်၏ အာရုံစိုက်မှုကို ခံရမည်ကိုပင်။
ပိုင်ဟွမ်ဧကရာဇ်သည် မည်ကဲ့သို့ တည်ရှိမှုမျိုး ဖြစ်သနည်း....
သူသည် မည်သည့်သတ္တိဖြင့် မရိုမသေစိတ်များ ထားဝံ့မည်နည်း....
သူ့ကဲ့သို့ သာမန်လူတစ်ယောက်အတွက် အတိတ်တွင် သူမ၏အမည်ကို ကြားရုံဖြင့်ပင် လေးစားကြည်ညိုခဲ့ရသည်။ ယနေ့တွင် သူသည် သူမကို မြင်တွေ့ခွင့်ရပြီး အကြိမ်များစွာ အာရုံစိုက်ခံရခြင်းသည် သူ၏ဘဝအတွက် အထွတ်အထိပ်သို့ ရောက်ရှိခြင်းပင်။
ဤကိစ္စကို သူ တစ်သက်လုံး ကြွားဝါနေလျှင်ပင် လွန်မည်မထင်ချေ။
ကြီးမားသော တုန်လှုပ်မှုနှင့် အံ့အားသင့်မှုများ တိုးဝင်လာပြီး...
ချန်းသုန်သည် အလွန်ကြောက်လန့်နေသဖြင့် နှလုံးခုန်ရပ်သွားလုမတတ်ပင်။
သူသည် ယနေ့ဖြစ်ပျက်ခဲ့သောကိစ္စကို ချန်းမိသားစု၏ ဆွေစဉ်မျိုးဆက်မှတ်တမ်းတွင် ရေးမှတ်ထားရန် သန္နိဋ္ဌာန်ချထားပေ၏။ နောင်လာနောက်သားများသည် သူ ချန်းသုန်၏ ထွန်းလင်းတောက်ပသော အချိန်အခိုက်အတန့်ကို မြင်တွေ့နိုင်စေရန် ဖြစ်ပေ၏။
တစ်ချိန်တည်းမှာပင်....
သူ ရုတ်တရက် နိုးကြားလာသည်။
အစောပိုင်းက ဗလာဖြစ်နေသော သူ၏မှတ်ဉာဏ်များ ရုတ်တရက် ထွက်ပေါ်လာသည့်အလားပင်။
သူ ဤကဲ့သို့ အထူးတလည် ဆက်ဆံခံရခြင်းမှာ...
အရာအားလုံး ရီဖုန်းကြောင့်ပင်။
ရီဖုန်းသည် သူတော်စင်တစ်ပါးနှင့် သူငယ်ချင်းဖြစ်ပြီး ဤမျှထိ ကြီးမားသော ဂုဏ်သတင်းမျိုးရှိနိုင်သည်မှာ မည်ကဲ့သို့ တည်ရှိမှုမျိုး ဖြစ်သနည်း။
'မဟုတ်သေးဘူး....'
'ဒါက မဟုတ်သေးဘူး...'
'ဒီညီအစ်ကို...'
'သူက ပြိုင်ဘက်ကင်း ထိပ်သီးကျင့်ကြံသူတစ်ယောက်လား...'
နိုးထလာသော တုန်လှုပ်မှုနှင့်အတူ...
ချန်းသုန်သည် ရီဖုန်းကို ပြန်ကြည့်လိုက်ချိန်၌ သူ၏စိတ်အတွင်းတွင် ကြောက်ရွံ့လေးစားစိတ်များ ပေါက်ဖွားနေလေပြီ။
သို့ရာတွင် သူ တိတ်တဆိတ် မျက်လုံးလှန်ကြည့်လိုက်ချိန်၌...
သူ၏နံဘေးဘေးတွင် ထိုင်နေသော သူတော်စင်ပိုင်ဖျောင်ဖျောင်က ရီဖုန်းကို စူးစိုက်ကြည့်နေသည်အား မမျှော်လင့်ဘဲ တွေ့ရှိမိလေ၏။
သူမ၏ ကြည်လင်သော မျက်လုံးများအတွင်းတွင်..
နွေးထွေးမှု အရိပ်အယောင်တစ်ခု ဖြတ်ပြေးသွားသည့်အလားပင်။
'ဒီအကြည့်...'
'ဒီအကြည့်က...'
ရှီး……
ချန်းသုန် လုံးလုံးလျားလျား ကြက်သေသေသွားသည်။
Chapter 983
ချန်းသုန် တုန်တုန်ရီရီဖြစ်နေသည်ကို မြင်တွေ့ချိန်၌....
ရီဖုန်းသည် သူ့ကို ဆက်လက်၍ဖျောင့်ဖျလို့ မရတော့ကြောင်း သိရှိသွားသည်။
ဤကဲ့သို့ ကြောက်ရွံ့ရိုသေမှုသည် ကာလကြာရှည်စွာ တည်ရှိခဲ့သော ကျင့်ကြံမှုနှင့် အဆင့်အတန်းကွာဟမှုကြောင့် ဖြစ်ပေါ်လာခြင်းဖြစ်ပြီး လက်ရှိအချိန်တွင် ပြောင်းလဲ၍မရနိုင်ချေ။
သူသည် ပိုင်ဖျောင်ဖျောင်နှင့် စုကျဲတို့ကို ဦးညွှတ်၍ တောင်းပန်ရုံသာ တတ်နိုင်တော့သည်။
"ငါ တောင်းပန်ပါတယ်..."
အမျိုးသမီးနှစ်ဦးစလုံးသည် သူတော်စင်များဖြစ်သဖြင့် ဤအရာအားလုံးကို ယခင်ကတည်းက ကျင့်သားရနေလေပြီ။
ထို့ကြောင့် သူမတို့သည် ဤကိစ္စကို စိတ်အတွင်း၌ မထားကြချေ။
'ငါ ဘာလုပ်ရမလဲ...'
ပိုင်ဖျောင်ဖျောင်သည် သူစိမ်းတစ်ယောက် ရှိနေသည့်အတွက် အနည်းငယ် မလုံမလဲ ခံစားနေရသည်။
သူမ၏စိတ်အတွင်းတွင် စကားလုံးများစွာ ရှိနေပေ၏။
သို့ရာတွင် အချိန်တခဏကြာသည့်အထိ သူမ မည်ကဲ့သို့ စကားစရမှန်းမသိ ဖြစ်သွားသည်။
နှစ်ပေါင်းများစွာ မတွေ့ရသဖြင့်....
သူမသည် ရီဖုန်းနှင့် ကောင်းကောင်းစကားပြောချင်ပြီး သူနှင့်အတူ အချိန်ပို၍ကုန်ဆုံးလိုသည်။
အချိန်တခဏကြာခန့် တွေဝေတုံ့ဆိုင်းနေပြီးနောက်....
နောက်ဆုံးတွင် သူမသည် မျှော်လင့်ချက်အပြည့်ဖြင့် ရီဖုန်းကို ကြည့်လိုက်၏။
"သခင်လေးရီ...."
"ကျွန်မတို့ မတွေ့ရတာ နှစ်တွေအများကြီး ကြာခဲ့ပြီ... ကျွန်မ သိချင်တာက... ကျွန်မနဲ့အတူ ဧည့်သည်အဖြစ် လိုက်ခဲ့ချင်ပါလား...."
ပိုင်ဖျောင်ဖျောင်သည် ဤစကားကို ပြောနိုင်ရန် သူမသည် အတင်းအကြပ်အားတင်း၍ သတ္တိမွေးခဲ့ရလေ၏။ အကယ်၍ သူမ မျက်နှာချင်းဆိုင်နေရသူသည် ရီဖုန်းမဟုတ်ပါက သူမသည် ထိုလူကို အစပြုဖိတ်ခေါ်မည်မဟုတ်သည့်အပြင် စကားပြောဆိုမည်လည်း မဟုတ်ချေ။
သူမ၏မျက်နှာအမူအယာသည် တည်ငြိမ်နေသော်လည်း....
သူမသည် မျှော်လင့်ချက်အပြည့်ရှိသော မျက်ဝန်းများဖြင့် ရီဖုန်းကို စိုးရိမ်တကြီး စိုက်ကြည့်ရင်း အကြည့်မလွှဲနိုင်တော့ပေ။
ဤရုတ်တရက် ဖိတ်ခေါ်မှုကို ကြားချိန်တွင်...
ရီဖုန်းသည် အစပိုင်းတွင် ကြောင်သွားသည်။
သူ၏လုပ်ရပ်များသည် မမှန်လှချေ။
သူသည် သူမတို့ကို ဖိတ်ခေါ်ပြီးနောက် ကောင်းကောင်းမွန်မွန် ဧည့်ခံရပေမည်။
မိတ်ဆွေကောင်းများအကြားတွင် ဤကဲ့သို့ သေးငယ်သော ဧည့်ဝတ်ပြုမူ ရှိရမည်ကို သူ နားလည်သဘောပေါက်ပေ၏။
သို့ရာတွင်...
သူသည် ယခုအချိန်၌ ကိုယ့်ကိုယ်ကိုယ် သတ်သေရန် စိတ်ပိုင်းဖြတ်ထားပြီး သူ့ထံ၌ ပျော်ပါးလိုသော ဆန္ဒအနည်းငယ်သာရှိသည်။
အကယ်၍ အတိတ်ကသာဆိုလျှင်...
သူ ငြင်းကောင်းငြင်းမိပေလိမ့်မည်။
သို့ရာတွင်..
ဤအချိန်အခိုက်အတန့်တွင် ပိုင်ဖျောင်ဖျောင်၏ မျှော်လင့်ချက်အပြည့်နှင့် မျက်ဝန်းများကို သူ မြင်တွေ့မိသည့်အပြင် စုကျဲကလည်း သူ့ကို စိုက်ကြည့်နေသည်ကို သတိပြုမိသည်။
သူတော်စင်နှစ်ယောက်...
တစ်ယောက်သည် သူ
သူငယ်ချင်းဖြစ်သဖြင့် မငြင်းသာချေ။
နောက်တစ်ယောက်သည် အစွမ်းထက်ဆုံးသူတော်စင်ဖြစ်ပြီး ယခုလက်ရှိချိန်တွင် သူ သေဆုံးနိုင်ရန်အတွက် အကြီးမားဆုံး မျှော်လင့်ချက်ပင်။
'ဒီအခွင့်အရေးကို ငါ လက်လွတ်ခံလို့ မဖြစ်ဘူး'
'ဒီလိုအခွင့်အရေး နောက်တစ်ခါ ရချင်မှရတော့မှာ....'
ရီဖုန်းက ရိုးရှင်းစွာပင် သဘောတူလိုက်သည်။
"ကောင်းပြီလေ...ဒါဆိုရင်တော့ ငါက မင်းတို့ကို အနှောင့်အယှက်ပေးမိတော့မယ်..."
ပိုင်ဖျောင်ဖျောင်သည် တိတ်တဆိတ် ဝမ်းသာပျော်ရွှင်သွားပြီး သူမ၏စိတ်လှုပ်ရှားမှုကို ထိန်းချုပ်ရန် ကြိုးစားလိုက်၏။
မည်သည့်တွေဝေတုံ့ဆိုင်းခြင်းမျှ မရှိဘဲ...
သူမ၏အင်္ကျီလက်ကို ညင်သာစွာ ဝှေ့ယမ်းလိုက်ရာ လေထုအတွင်းတွင် လှိုင်းဂယက်တစ်ခု ထွက်ပေါ်လာသည်။ လူသုံးဦး၏မျက်လုံးရှေ့တွင် လေဟာနယ်သည် ရေကန်မျက်နှာပြင်အလား ဘေးနှစ်ဖက်သို့ရွေ့လျားသွားပြီး အက်ကွဲကြောင်းတစ်ခု ဖြစ်ပေါ်လာသည်။
ဤသည်ကို သူတော်စင်တစ်ပါး၏နည်းလမ်းဟု ပြောရန် ထိုက်တန်ပေ၏။
'တကယ်ကို အံ့အားသင့်စရာ ကောင်းတယ်'
ရီဖုန်းသည် အံ့အားတသင့် ချီးကျူးနေစဉ်မှာပင် မိန်းကလေးနှစ်ဦးသည် မတ်တတ်ထရပ်ကာ အက်ကွဲကြောင်းထံသို့ လျှောက်လှမ်းသွားနေလေပြီ။
ပိုင်ဖျောင်ဖျောင်က နောက်သို့ပြန်လှည့်ပြီး အပြုံးနှင့် ပြောဆိုသည်။
"သခင်လေးရီ...ဒါဆို... ကျွန်မနောက်ကို လိုက်ခဲ့ပါ"
ရီဖုန်းသည် ခေါင်းညိတ်ကာ တုံ့ပြန်လိုက်ပြီး ချန်းသုန်၏ပခုံးကိုပုတ်ကာ နှုတ်ဆက်လိုက်သည်။
ထိုသူငယ်ချင်း၏ ကြောင်ငေးနေသော အကြည့်အောက်တွင်...
သူတို့သုံးဦးသည် အမှောင်ထုအတွင်းသို့ နစ်မြုပ်သွားပြီးနောက် လှိုင်းဂယက်များ လွင့်ပြယ်သွားကာ အက်ကွဲကြောင်းသည်လည်း လိုက်ပါပျောက်ကွယ်သွားပြီး ခြေရာလက်ရာမကျန် ပျောက်ဆုံးသွားတော့သည်။
ချန်းသုန်သည် ကြောက်လန့်တကြားဖြင့် မြေကြီးပေါ်သို့ လဲကျသွားသည်။
သူသည် သက်ပြင်းရှည်ကြီး ရှိုက်လိုက်၏။
တဖြည်းဖြည်း...
သူ၏မျက်နှာပေါ်တွင် အပြုံးတစ်ခု ထင်ဟပ်လာပြီး စိတ်လှုပ်ရှားစွာဖြင့် တီးတိုးရေရွတ်လိုက်သည်။
"ငါ...ငါ သူတော်စင်ကို သိတယ်... ငါ သူတော်စင်ကို သိတယ်..."
…
အခြားကမ္ဘာငယ်တစ်ခုတွင်...
မိုးကောင်းကင်ယံ၌ အက်ကွဲကြောင်းကြီးတစ်ခု ထွက်ပေါ်လာကာ...
သူတို့သုံးဦးသည် တည်ငြိမ်စွာ ထွက်လာပြီး လေထုအတွင်းတွင် မတ်တတ်ရပ်လိုက်ကြသည်။
မိုးကောင်းကင်ယံသည် တိမ်တိုက်များဖြင့် ပြည့်နှက်နေကာ မြူပင်လယ်သည် လှိုင်းထန်နေပေ၏။
သူ့ရှေ့မှ လှပသော နေဝင်ချိန်နှင့် တိမ်ပင်လယ်ကို ကြည့်ရင်း ရီဖုန်း ကြောင်ငေးသွားသည်။
ဤနှစ်များအတွင်း၌....
သူသည် နေရာများစွာသို့ ရောက်ဖူးပြီး မဟာဂိုဏ်းကြီးများဟု ခေါ်တွင်သည့် နေရာများကိုလည်း မြင်ဖူးပေ၏။ သူသည် ဂိုဏ်းတစ်ဂိုဏ်း၌ ဂိုဏ်းချုပ်၏ခင်ပွန်းအဖြစ်ပင် ဟန်ဆောင်ခဲ့ဖူးလေရာ လောကအတွေ့အကြုံရှိသူဟု ဆိုနိုင်သည်။
သို့ရာတွင် သူ၏မျက်လုံးရှေ့မှ မြင်ကွင်းကမူ....
တစ်ချက်ကြည့်ရုံဖြင့် သူ့ကို မိန်းမောစေသည်။
သူသည် ဤအချိန်အခိုက်အတန့်တွင် တိမ်တိုက်များအတွင်း၌ မတ်တတ်ရပ်နေသည်။
နတ်ဘုရားသားရဲများသည် နံဘေးပတ်လည်တွင် ပျံဝဲနေကြပြီး ဧရာမသားရဲကြီးများသည် တလိမ့်လိမ့်ထနေသော တိမ်ပင်လယ်အတွင်းတွင် သွားလာနေသည်။ တိမ်ပင်လယ်များသည် နေဝင်ရီတရောအလင်းရောင်များဖြင့် ထွန်းလင်းတောက်ပနေပြီး ငြိမ်းချမ်းတိတ်ဆိတ်သော မြင်ကွင်းတစ်ခုဖြစ်ကာ ဆူညံသံများ မရှိချေ။
ဤနေရာသည် လောကတွင် မည်သူမျှ မရောက်နိုင်သည့် သန့်စင်သော သုခဘုံတစ်ခုအလားပင်။
ထိုမြင်ကွင်းကို သူ၏အတိတ်ဘဝရှိ ဇာတ်လမ်းတွဲများအတွင်းမှ ကောင်းကင်ဘုံနှင့်ပင် နှိုင်းယှဉ်၍မရချေ။
ပိုင်ဖျောင်ဖျောင်က နူးညံ့ညင်သာစွာ ပြုံးလိုက်သည်။
"ကျွန်မနောက်ကို လိုက်ခဲ့ပါ...."
စကားဆုံးသည်နှင့်..
သူမသည် ညင်သာစွာ ရှေ့သို့ ခြေတစ်လှမ်းလှမ်းလိုက်သည်ကို မြင်လိုက်ရပြီး နောက်တစ်ကြိမ်ပေါ်လာချိန်၌ သူမသည် ပေပေါင်းထောင်ချီအကွာရှိ လေထုအလယ်တွင် ရောက်နေလေပြီ။
စုကျဲသည်လည်း သိပ်မကွာခြားချေ။
အတွေးတစ်ချက်ဖြင့်...
သူမသည် တိမ်တိုက်များအကြားသို့ ရောက်ရှိသွားသည်။
အချိန်တခဏအတွင်း မိုင်ထောင်ချီကွာဝေးသောနေရာသို့ ရောက်ရှိသွားနိုင်ခြင်း...
ဤသည်မှာ သူတော်စင်တစ်ပါး၏ နည်းလမ်းဖြစ်ရန် ထိုက်တန်ပေ၏။
မိန်းကလေးနှစ်ဦး ရှေ့မှ လမ်းပြသွားသည်ကို မြင်ချိန်၌ ရီဖုန်းသည် သူ၏စိတ်အတွင်းမှ သက်ပြင်းရှိုက်လိုက်သော်လည်း ထိတ်လန့်ကြောက်ရွံ့ခြင်းမရှိချေ။
ထို့နောက် သူသည် အရှိန်ဖြင့် ပျံသန်းလိုက်၏။
အချိန်တခဏအကြာတွင်...
မိန်းကလေးနှစ်ဦး၏လမ်းညွှန်မှုအောက်၌ ရီဖုန်းသည် တိမ်ပင်လယ်အတွင်းတွင် ခရီးသွားခဲ့သည်။ သူ၏ခြေဖဝါးအောက်တွင် ခမ်းနားထည်ဝါသော နန်းတော်များနှင့် ခန်းမဆောင်များရှိပြီး နတ်ဘုရားသားရဲများနှင့် ဖီးနစ်ငှက်များကို နေရာတိုင်းတွင် မြင်တွေ့နိုင်သည်။
အင်မော်တယ်တေးသံသာသည် ပျံ့လွင့်နေပြီး စိတ်ဝိညာဥ်စမ်းရေများ တသွင်သွင်စီးဆင်းနေသည်။
ဤသန့်စင်သောမြေသည် အမှန်အားဖြင့် ကောင်းကင်ထောက်ပံ့ကျွန်းပေါ်၌ တည်ရှိသည်။ အောက်ဘုံရှိ ကျယ်ပြောသော တိမ်ပင်လယ်ကို လှမ်းမျှော်ကြည့်ချိန်တွင် လောကအတွင်းရှိ အရာအားလုံးသည် ပုရွက်ဆိတ်များအလားပင်။ ဤသည်မှာ လူအများ၏အိပ်မက်များအတွင်း၌ပင် မြင်နိုင်ရန်ခဲယဉ်းသော မြင်ကွင်းတစ်ခုဖြစ်ပေ၏။
သူ၏ခြေဖဝါးအောက်တွင် ပေါ်ထွက်လာသော နတ်ဘုရားကုန်းမြေသည် အဆုံးအစမရှိသည့်အလားပင်။
ရီဖုန်း အံ့အားသင့်သွားသည်။
ဤသည်မှာ သူတော်စင်တစ်ပါး ကျင့်ကြံသောနေရာပင်။
ဤနေရာသည် တစ်စုံတစ်ယောက်အတွက် စိတ်ကိုစင်ကြယ်စေပြီး အကျင့်စရိုက်ကို ပြုစုပျိုးထောင်ပေးရန်အတွက် အမှန်တကယ်ကို အံ့အားသင့်ဖွယ်ကောင်းသော နေရာတစ်ခုပင်။
ထိပ်သီးဂိုဏ်းဟုခေါ်တွင်သော အရာများသည် ဤကဲ့သို့ သန့်စင်သောမြေ၏ရှေ့တွင် အလွန်ကြမ်းတမ်းပြီး ရိုင်းစိုင်းနေကာ အလွန်အမင်းကွာခြားလှပေ၏။
အတိတ်ကို ပြန်တွေးကြည့်လျှင်....
သူသည် သာမန်လူတစ်ယောက်မျှသာဖြစ်ပြီး တစ်ခါတစ်ရံ အစားအစာပင် လုံလောက်စွာ မရခဲ့ချေ။
သို့ရာတွင် ယခုချိန်၌ သူတော်စင်တစ်ယောက်၏ နယ်မြေတွင် ရှိနေကာ ဤလှပသော ရှုခင်းကို မြင်တွေ့လိုက်ရသည်။
အရာအားလုံး...
အမှန်တကယ်ကို လှပလွန်းပေ၏။
အကယ်၍ ပိုင်ဖျောင်ဖျောင်က အရှိန်မလျှော့ဘဲ သူ့ကို အရာအားလုံး မြင်တွေ့ခွင့်မပေးခဲ့လျှင် သူသည် ဤလှပသော မြင်ကွင်းကို လွဲချော်သွားနိုင်ဖွယ်ရှိသည်။
ဤမိန်းကလေး...
သူမသည် အမှန်တကယ်ကို မိတ်ဆွေကောင်းတစ်ယောက်ဖြစ်သည်။
တစ်ဖက်ကပြန်တွေးကြည့်လျှင်...
အင်မော်တယ်ကျင့်ကြံခြင်းသည် အမှန်တကယ်ကို လူသားများ၏ အကြီးမားဆုံးသော အိပ်မက်ပင်။ ကျင့်ကြံခြင်းတွင် သူတော်စင်အဆင့်သို့ ရောက်ရှိနိုင်ခြင်းသည် ဆန္ဒကင်းမဲ့သော အခြေအနေသို့ အမှန်တကယ် ရောက်ရှိနေခြင်း ဖြစ်ပေ၏။
လောကကြီးအတွင်းမူ လူသားများထံတွင် အလွန်များပြားသော စိတ်ဆန္ဒများဖြင့် ပြည့်နှက်နေသည်။
သူ ဤတစ်ကြိမ်တွင် အခွင့်အရေးကို သေချာပေါက် ဆုပ်ကိုင်ထားရပေမည်။
'ငါ သေလမ်းရှာရာမှာ အောင်မြင်သရွေ့ ဒီအဆင့်ကို သေချာပေါက် ရောက်နိုင်မှာပဲ..'
အနာဂတ်တွင်...
မိတ်ဆွေသူငယ်ချင်းများအားလုံး မသေမျိုးဖြစ်လာပြီး နေ့စဉ်နေ့တိုင်း ပူပင်သောကကင်းမဲ့သော ဘဝတွင် ပျော်မွေ့ကာ တိမ်တိုက်များအကြားတွင် ကျားကစားရင်း လက်ဖက်ရည်သောက်ခြင်း ကြယ်တွေအောက်မှာ အသားကင်စား၍ ဝိုင်အရက်သောက်ခြင်းတို့ကို ပြုလုပ်ရပေမည်။
ဤသည်မှာအလွန်အမင်း လှပကာ....
သူ၏အိပ်မက်သည် လက်တစ်ကမ်းအကွာတွင် ရှိနေပေ၏။
ရီဖုန်းသည် အလွန်စိတ်လှုပ်ရှားသွားပြီး ရှေးကဗျာတစ်ပုဒ်ကို ရွတ်ဆိုလိုက်သည်။
"တကယ်လို့ မင်းက အင်မော်တယ်ဖြစ်ရင် တိမ်ပင်လယ်ကြားမှာ ပျံသန်းနိုင်မယ်...မြင့်မြတ်တဲ့အင်မော်တယ်နယ်မြေမှာ တာအိုမိတ်ဆွေတွေက ကြိုဆိုလိမ့်မယ်...မြို့ငယ်လေးရဲ့ လမ်းမထက်က မိတ်ဆွေတွေကတော့ မင်းကို အိပ်မက်မက်နေလိမ့်မယ်"
ဤကဗျာစကားလုံးများ၏ အရည်အသွေးသည် အေးချမ်းသော အနုပညာအာရုံကို ဖန်တီးပေးသည်။
ဤအံ့မခန်းရှုခင်းများကြားတွင် နားထောင်ရသည်မှာ ထိုအရာကို မြင်ရာကြားရသကဲ့သို့ ဖြစ်နေပြီး နှလုံးသားနှင့် ပဲ့တင်ထပ်စေသည်။
ပိုင်ဖျောင်ဖျောင်သည် ထိုအသံကို ကြားချိန်၌ နောက်သို့ပြန်လှည့်ကြည့်လိုက်သည်။
ရီဖုန်း၏ ကြယ်ရောင်လင်းလက်သော မျက်လုံးများကို မြင်တွေ့ချိန်တွင် သူမ၏စိတ်နှလုံးသား မလှုပ်ရှားဘဲ မနေနိုင်တော့ချေ။။
မတွေ့ရသည်မှာ အချိန်ကြာညောင်းသွားသော်လည်း....
သခင်လေးရီသည် အတိတ်ကအတိုင်း ပါရမီရှိနေဆဲဖြစ်ပြီး စိတ်ကူးရှိတိုင်း ကဗျာစပ်ဆိုနိုင်ကာ အရာအားလုံး အတိတ်သို့ ပြန်ရောက်သွားသည့်အလားပင်။
သူမ၏စကားပြောလိုစိတ်များ ပို၍ပင် ပြင်းပြလာပေ၏။
ပိုင်ဖျောင်ဖျောင်သည် ကဗျာကို တိတ်တဆိတ် မှတ်သားလိုက်ပြီး တိမ်ပင်လယ်နန်းတော်၏ အတွင်းပိုင်းဆီသို့ အမြန်သွားလိုက်သည်။
အသက်ရှူချိန်အနည်းငယ်အတွင်းတွင်....
သူတို့သုံးဦးသည် ခြံဝန်းတစ်ခုတွင် ဆင်းသက်လိုက်ကြသည်။
ဥယျာဉ်အတွင်းတွင် ထူးခြားဆန်းပြားသော ပန်းများ ပွင့်လန်းနေပြီး ကျက်သရေရှိသော်လည်းအမြင်မရိုင်းချေ။ ခန်းမဆောင်အတွင်းတွင် ဂီတတူရိယာများနှင့် စစ်တုရင်ခုံများပါရှိပြီး တစ်ချက်ကြည့်ရုံဖြင့် စိတ်ကို အေးချမ်းစေသည်။
ဤသို့သော မြင်ကွင်းမျိုးသည် သူတော်စင်တစ်ပါးနှင့် မလိုက်ဖက်သည့်အလား အလွန်သာမန်ဆန်ပေ၏။
သို့ရာတွင် မဟာတာအို၏အရှိန်အဝါသည် နံဘေးပတ်ဝန်းကျင်တွင် စီးဆင်းနေသည်။
ဤနေရာတွင် ရှိနေနိုင်ခြင်းသည် အကျိုးကျေးဇူးကြီးမားသော်လည်း ရီဖုန်းသည် ထူးခြားမှုတစ်စုံတစ်ရာကိုမျှ သတိမပြုမိချေ။
သူသည် ရင်းနှီးသော အပြင်အဆင်ကို ကြည့်ရင်း ပို၍ပို၍စိတ်လှုပ်ရှားလာကာ စိတ်ကျေနပ်နေမိသည်။
ဤအပြင်အဆင်များနှင့်ရှုခင်းများ....
ဤသည်မှာ တောင်တစ်သောင်းနယ်မြေရှိ ပိုင်ဖျောင်ဖျောင်၏ ယခင်နေအိမ်နှင့် အလွန်တူညီသည်။
ဤမိန်းကလေးသည် သူ မျှော်လင့်ထားသည့်အတိုင်းပင် သူကဲ့သို့ အတိတ်ကို တမ်းတတတ်ပြီး ခံစားလွယ်သောသူတစ်ယောက်ပင်။
အမှန်အားဖြင့်...
ဤသည်ကို စိတ်တူသဘောတူဟု ခေါ်နိုင်ပေမည်။
ရီဖုန်းသည် သူငယ်ချင်းကောင်းတစ်ယောက်နှင့် ပြန်လည်တွေ့ဆုံရသည့်အလား ပို၍ပို၍ စိတ်သက်သာရာရလာသည်။
တခြားခံစားချက်များမရှိဘဲ သူသည် ပိုင်ဖျောင်ဖျောင်၏ပြောဆိုပြုမူမှုများအားလုံးကို အလွန်သဘောကျနေပေ၏။
ပိုင်ဖျောင်ဖျောင်၏ ဖိတ်ခေါ်မှုအရ...
သူတို့နှစ်ယောက်သား ခန်းမဆောင်အတွင်းတွင် ထိုင်လိုက်ကြသည်။
စုကျဲကမူ ခြံအတွင်းရှိ ပန်းခင်းဘေးတွင် တိတ်တဆိတ် မတ်တတ်ရပ်နေသည်။
သူမ၏မျက်လုံးအကြည့်သည် သူ့ထံသို့သာ စူးစိုက်၍ ကျရောက်နေပေ၏။
ဤအလေးအနက်ထားမှုသည် တစ်ချက်ကြည့်ရုံဖြင့် တစ်ခုခုမှားနေသည့်အလားပင်။
သူ၏မျက်နှာပေါ်တွင် ညစ်ပတ်သောအရာတစ်ခုခု ရှိနေသည့်အလား ထိုမိန်းကလေး၏ အာရုံစိုက်မှုကို အဆက်မပြတ် ဆွဲဆောင်ထားနိုင်သည်။
ဖြစ်နိုင်သည်မှာ……
ဤသည်က ချောမောခန့်ညားသော ယောကျာ်း သားများ၏ဒုက္ခပင်။
ရီဖုန်းသည် ထိုအကြောင်းကို ဂရုမစိုက်တော့ဘဲ ပိုင်ဖျောင်ဖျောင်နှင့် ဆက်လက်၍ ထိုင်စကားပြောနေသည်။ သူတို့နှစ်ဦးသည် ပို၍ရင်းနှီးလာကြ၏။
သူတို့ အချိန်အတော်ကြာ စကားပြောကြဆိုပြီးနောက်....
ပိုင်ဖျောင်ဖျောင်သည် စိတ်သက်သာရာရသွားပုံရသည်။
"နှစ်အနည်းငယ်အတွင်းမှာ နင်က ခြေလှမ်းတစ်ဝက်သူတော်စင်အဆင့်ကို ရောက်နေပြီ....ဒီလိုအောင်မြင်မှုရတဲ့အတွက် နင့်အတွက် ငါဝမ်းသာတယ်..."
နားထောင်ရသည်မှာ မည်မျှထိ နှစ်လိုဖွယ်ကောင်းသော စကားဖြစ်သနည်း....
သူမ၏ကျင့်ကြံဆင့်က သူ့ထက် မြင့်မားသော်လည်း သူ့ကို လုံးဝအထင်မသေးဘဲ အားပေးပြီး သူ့အတွက် ဝမ်းသာပေးသည်။
ဤသည်မှာ မိတ်ဆွေကောင်းပင်။
သို့ရာတွင် ရီဖုန်းသည် ကိုယ့်ကိုယ်ကိုယ် ကောင်းကောင်းသိသဖြင့် ချီးကျူးစကားတစ်ခွန်းဖြင့် ဘဝမြင့်သွားမည်မဟုတ်ပေ။
"ဒါက ဘာမှမဟုတ်ပါဘူး..."
"မိန်းကလေးပိုင်....မင်းက သူတော်စင်ဖြစ်နေပြီ.... ငါရဲ့ နိမ့်ပါးတဲ့ကျင့်ကြံဆင့်က ဘာမှမဟုတ်ပါဘူး..စကားထဲထည့်ပြောဖို့တောင် မတန်ပါဘူး... ဟား ဟား...ဟား..."
ရီဖုန်း၏ ယဉ်ကျေးသော စကားပြောဆိုမှုနှင့် အပြုံးသည် ထွန်းလင်းတောက်ပလာသော နေရောင်ခြည်နွေးနွေးနှင့် တူညီသည်။
ပိုင်ဖျောင်ဖျောင်သည် သူ့ကို ကြည့်ရင်းကြည့်ရင်း ပို၍ပို၍နစ်မျောသွားသည်။
မမျှော်လင့်ဘဲ....
နှစ်အနည်းငယ်အတွင်း ခြေလှမ်းတစ်ဝက်သူတော်စင်အဆင့်သို့ ရောက်ရှိခြင်းသည် မည်သည့်နေရာတွင်မဆို မယုံနိုင်ဖွယ်ကောင်းသော ပါရမီရှင်ဟု သတ်မှတ်ခံရမည်ဖြစ်သော်လည်း ရီဖုန်းသည် တည်ငြိမ်အေးဆေးနေပေ၏။
ဤကဲ့သို့ စိတ်နေစိတ်ထားမျိုး အမှန်တကယ်ကို ရှားပါးသည်။
ကြည့်ရသည်မှာ သူမသည် သူ့အတွက် စိုးရိမ်မှုလွန်ကဲခဲ့ပုံပင်။
ထိုအချိန်မှာပင် ရီဖုန်းက ရုတ်တရက် သက်ပြင်းရှိုက်လိုက်သည်။
"ဟူး....."
ဤအသံ ထွက်ပေါ်လာသည်နှင့်...
ပိုင်ဖျောင်ဖျောင်သည် အနည်းငယ် စိတ်ပူသွားပြီး သူ့ကို စိုးရိမ်တကြီး ကြည့်လိုက်သည်။
"သခင်လေးရီ ဘာလို့ ဒီလိုဖြစ်ရတာလဲ... ဖြစ်နိုင်တာက နင့်မှာ အခက်အခဲတွေ ရှိနေလို့လား"
Chapter 984
ရီဖုန်းသည် ကူကယ်ရာမဲ့စွာ သက်ပြင်းရှိုက်လိုက်၏။
"တကယ်တော့ ခြေလှမ်းတစ်ဝက်သူတော်စင်ဖြစ်ရတာ မကောင်းပါဘူး... ရိုးရိုးသားသားပြောရရင် ငါ့ရဲ့အရင်ဘဝက ပိုပြီးသက်သောင့်သက်သာရှိတယ်..."
တစ်ချိန်က...
ရီဖုန်းထံတွင် ကျင့်ကြံမှုမရှိခဲ့ချေ။
နေ့စဥ်နေ့တိုင်း သူသည် သိုင်းပညာခန်းမအတွက်သာ စိုးရိမ်ပူပန်နေခဲ့ရသည်။ အားလပ်ချိန်ရလျှင် မိတ်ဆွေသူငယ်ချင်းများနှင့် လက်ဖက်ရည်သောက်နိုင်ပြီး တစ်ခါတစ်ရံ စိတ်အပြောင်းအလဲဖြစ်စေရန် တောရိုင်းသားကောင်တချို့ကို အမဲလိုက်ခဲ့သည်။ ထိုကဲ့သို့ဘဝမျိုးသည် စိတ်အေးချမ်းပြီး သက်သောင့်သက်သာရှိပေ၏။
ထိုအချိန်က သူသည် အင်မော်တယ်ဖြစ်ရန် ကျင့်ကြံသူများကို အားကျခဲ့သည်။
သို့ရာတွင် နောက်ပိုင်း၌ သူသည် အရည်အချင်းတချို့ ရရှိလာခဲ့ကာ စနစ်မှပေးသော တာဝန်အမျိုးမျိုးကို ပြီးမြောက်အောင် လုပ်ဆောင်နေရသဖြင့် အလုပ်များနေခဲ့သည်။
ထိုကဲ့သို့ အေးချမ်းစွာနေခွင့်ကို သူ ရှားရှားပါးပါးသာ ရရှိတော့သည်။
ယခုရက်ပိုင်းများတွင်...
သူသည် သူ့ကိုယ်ကို သတ်သေရန် ကြိုးစားနေရသဖြင့် အလုပ်ရှုပ်နေပြီး လမ်းတလျှောက်၌ မရေမတွက်နိုင်သော နည်းလမ်းများကို ကြိုးစားခဲ့သော်လည်း အချည်းနှီးသာ ဖြစ်ခဲ့သည်။
သူ ရှေ့ဆက်ရမည့်လမ်းမှာ ရှည်လျားလှပေ၏။
သူ တောင့်မခံနိုင်တော့ချေ။
ရီဖုန်းသည် အတိတ်ကို အမှန်တကယ် လွမ်းဆွတ်နေမိသည်။
အဆိုးဆုံးမှာ...
သူသည် သာမန်လူတစ်ယောက်ကဲ့သို့ အေးချမ်းစွာမနေနိုင်သည့်အပြင် ပင်ကျင်းမြို့တွင် ရှိနေစဉ်က သူ့အတွက် သေခြင်းကိုရှာဖွေရန်မှာ မိနစ်ပိုင်းမျှသာ ကြာမြင့်ပေမည်။
ကြောက်မက်ဖွယ်ကောင်းသော သိုင်းပညာရှင်တစ်ဦးနှင့် သူ ထိပ်တိုက်ရင်ဆိုင်လိုက်ရုံပင်။
သူ၏လက်ညှိုးတစ်ချက် ထိုးလိုက်ရုံဖြင့် သူ၏အိပ်မက်ကို ချက်ချင်းအကောင်အထည် ဖော်နိုင်ပေမည်။
ယခုချိန်တွင်မူ...
ခြေလှမ်းတစ်ဝက် သူတော်စင်...
ဤကျင့်ကြံဆင့်သည် အတော်လေးကောင်းမွန်ပေ၏။
လူအမြောက်အများက သူ့ကို အားကျကြလိမ့်မည်။
သို့ရာတွင် ရီဖုန်း စိတ်ဆင်းရဲနေသည်ကို တခြားသူများ မည်သို့ နားလည်နိုင်မည်နည်း။ ယခုချိန်၌ သူ့အတွက် သေခြင်းကိုရှာဖွေရန် အခက်အခဲမှာ အဆပေါင်းမရေမတွက်နိုင်အောင် တိုးလာခဲ့သည်။ သူတော်စင်တစ်ပါးမှလွဲ၍ တခြားမည်သူမျှ သူ့ကို မကူညီနိုင်တော့ချေ။
ပိုင်ဖျောင်ဖျောင်ထံမှရစကားတစ်ခွန်း ထွက်ပေါ်လာပြီးနောက်...
ရီဖုန်း၏မျက်လုံးများအတွင်းတွင် စိတ်လှုပ်ရှားမှုများ ပြည့်နှက်နေပြီး တောင့်တမှုအရိပ်အယောင်တစ်ခု တဖြည်းဖြည်း ထွက်ပေါ်လာသည်။
ထိုအကြည့်ကို မြင်မိချိန်တွင် ပိုင်ဖျောင်ဖျောင် ကြက်သေသေသွားသည်။
သူမက ရီဖုန်း အခက်အခဲတချို့ ကြုံတွေ့နေရမည်ဟု သူ ရုတ်တရက် သက်ပြင်းချလိုက်ခြင်းဖြစ်မည်ဟု တွေးထင်ပြီး သူမ အစွမ်းကုန်ကူညီပေးရန် ကြံစည်ထားခဲ့သည်။
မထင်မှတ်ဘဲ....
ရီဖုန်းသည် အတိတ်ကို အမှန်တကယ် လွမ်းဆွတ်နေခဲ့သည်။
ဤအခြေအနေ...
လောကရှိ လူတိုင်းသည် အင်မော်တယ်ဖြစ်ရန်နှင့် ထာဝရအသက်လမ်းကြောင်းကို လိုက်စားရန် အိပ်မက်မက်ကြသည်။
အချိန်သည် မျက်စိတစ်မှိတ်အတွင်း ကုန်ဆုံးသွားပြီး ခိုင်မာသော နှလုံးသားရှိသူများသာ အင်မော်တယ်လမ်းကြောင်းကို လျှောက်လှမ်းနိုင်သည်။
မရေမတွက်နိုင်သော ပါရမီရှင်များသည် အင်မော်တယ်ဖြစ်ရန် လိုက်စားရင်း အရာအားလုံးကို မေ့လျော့သွားကြပြီး သူတို့၏ မူလရည်ရွယ်ချက်နှင့် အတိတ်ကိုပင် မေ့လျော့သွားကြ၏။
နောက်ဆုံးတွင်...
သူတို့အနက်မှ အများစုသည် သေဆုံးသွားကြပြီး အရာအားလုံးအချည်းနှီးဖြစ်သွားသည်။
ဤသခင်လေးရီကမူ....
သူသည် ထူးခြားသော အရည်အချင်းကို ပိုင်ဆိုင်ပြီး နှစ်အနည်းငယ်အတွင်း ခြေလှမ်းတစ်ဝက်သူတော်စင် ဖြစ်လာခဲ့သော်လည်း ထိုကဲ့သို့သောအရာများကို လုံးဝအလေးမထားပေ။ ထိုအစား သူသည် အတိတ်ကို လွမ်းဆွတ်နေဆဲပင်
သူ၏မူလရည်ရွယ်ချက်သည် ပြောင်းလဲမသွားချေ။
ဤစိတ်အခြေအနေသည် ကျင့်ကြံသူတစ်ဦးအတွက် အလွန်တန်ဖိုးရှိသည်။
သူတော်စင်များအနက်တွင်ပင် လူအနည်းငယ်သာ သူနှင့် နှိုင်းယှဉ်နိုင်ပေမည်။
ပိုင်ဖျောင်ဖျောင်သည် ရီဖုန်းကို တိတ်တဆိတ် ကြည့်နေလေ၏။
သူမ၏နှလုံးသားသည် ပို၍ပို၍မြန်ဆန်စွာ ခုန်နေပြီး ပုံမှန်အတိုင်း တည်ငြိမ်ရန် ခက်ခဲနေသည်။
အချိန်အတော်ကြာ တိတ်တဆိတ် ကြည့်နေပြီးနောက်....
နှစ်ပေါင်းများစွာ မမြင်တွေ့ခဲ့ရသော မျက်နှာသည် အထူးသဖြင့် မျက်စိပသာဒဖြစ်လာပုံရသည်။ ရီဖုန်း၏စကားများအားလုံးကို ကြားပြီးနောက် ပိုင်ဖျောင်ဖျောင်သည် သူ့ကို ပို၍ပို၍ အထင်ကြီးလာပြီး သူမကိုယ်သူမ အနည်းငယ် အားငယ်စိတ်ပင် ခံစားလာရသည်။
သူ တစ်ယောက်တည်းသာ ဤမျှထိ တည်ငြိမ်နိုင်သည်။
ရီဖုန်း....
သူသည် အမြဲတစေ ပါရမီရှိပြီး နွေးထွေးသော နှလုံးသားရှိသည့် အမျိုးသားဖြစ်ပြီး တစ်ကြိမ်တစ်ခါမျှ မပြောင်းလဲခဲ့ချေ။
သူမကိုယ်တိုင်သည်လည်း ထပ်တူထပ်မျှပင်။
သူမ၏ ကျင့်ကြံဆင့်နှင့်အခြေအနေ မည်သို့ပင်ပြောင်းလဲသွားစေကာမူ သူမ၏စိတ်နှလုံးသားသည် ယခင်အတိုင်း ဖြစ်နေဆဲပင်။
သူမသည် သူ့ကို ကြည့်မိလေလေ ပို၍ပျော်ရွှင်လာလေလေပင်။
စကားတစ်ခွန်းမပြောဘဲ ငြိမ်ငြိမ်ထိုင်နေခြင်းသည်ပင် စကားလုံးတစ်ထောင်ထက် ပို၍ကောင်းသည်။
ပိုင်ဖျောင်ဖျောင်၏မျက်လုံးများတွင် နူးညံ့ညင်သာမှုများဖြင့် ပြည့်နှက်နေပြီး သူမသည် ပတ်ဝန်းကျင်ရှိ အရာအားလုံးကို မေ့လျော့သွားပေ၏။ သူမ၏ မဟာတာအိုအပေါ် နားလည်သဘောပေါက်မှု တိတ်တဆိတ် တိုးတက်ပြောင်းလဲနေသည်ကိုပင် သူမ သတိမထားမိတော့ချေ။
အလွန်နက်နဲသိမ်မွေ့ပြီး လျှို့ဝှက်ဆန်းကြယ်သော ကြောက်မက်ဖွယ်အရှိန်အဝါတစ်ရပ်သည် နံဘေးပတ်ဝန်းကျင်တွင် အပ်ချည်မျှင်များကဲ့သို့ ပျံ့နှံ့သွားသည်။
ထိုအရှိန်အဝါ ရောက်ရှိသွားလေရာ၌...
ပန်းများပွင့်လန်းပြီး အရာအားလုံးသည် နွေဦးရာသီအလားပင်။
ဤအရာအားလုံးကို တိတ်ဆိတ်စွာ ကြည့်ရင်း သူမ၏လက်အတွင်းတွင် ဓားရှည်တစ်လက်ကို ကိုင်ထားသော စုကျဲသည် ကြက်သေသေသွားလေ၏။
ဘာလို့လဲ...
ဘာလို့ ပိုင်ဖျောင်ဖျောင်က မဟာတာအိုအပေါ်မှာ နောက်တစ်ကြိမ် ဉာဏ်အလင်းရသွားတာလဲ....
အထွတ်အထိပ်ဓားတာအိုအပေါ် သူမ၏နားလည်မှုသည် နက်ရှိုင်းသော်လည်း ဤကိစ္စကို နားလည်သဘောပေါက်ရန် ခက်ခဲပေ၏။ ပိုင်ဖျောင်ဖျောင်ကမူ ခြေတစ်လှမ်း ရှေ့တိုးသွားခဲ့လေပြီ။
ဤအရာအားလုံးသည်....
စကားအနည်းငယ် ပြောရုံမျှဖြင့် ဤမျှထိကြီးမားသော ပြောင်းလဲမှုကို ဆောင်ကြဉ်းပေးခဲ့သည်။
စုကျဲသည် သူမ၏ ကြည်လင်သော မျက်လုံးတစ်စုံဖြင့် ပို၍အလေးအနက်ထားကာ ကြည့်လိုက်သည်။
သို့ရာတွင် သူတို့နှစ်ဦးသည် ပုံမှန်အတိုင်း တိတ်ဆိတ်စွာ ထိုင်နေကြပြီး ရယ်မောကာ စကားစမြည်ပြောနေကြသည်ကို မြင်နိုင်သည်။
သူမ မည်သို့မျှ စဥ်းစားတွေးတော၍ မရတော့ချေ။
သန်းနှင့်ချီသောနှစ်များအတွင်းတွင် ရှားပါးသော ပါရမီရှင်ဖြစ်ကာ ပြိုင်ဘက်ကင်း အင်မော်တယ်ကျင့်ကြံသူတစ်ဦးအနေဖြင့် သူမသည် သူတော်စင်နယ်ပယ်သို့ ရောက်ရှိပြီးဖြစ်သည်။ သို့ရာတွင် ဤမဟာတာအိုများအားလုံး၏နောက်ကွယ်မှ အမှန်တရားကို ဆုပ်ကိုင်ရန်မှာမူ သူမအတွက် ခက်ခဲနေဆဲပင်။
အချစ်တာအို....
ဤသည်မှာ လျှို့ဝှက်ဆန်းကြယ်ပြီး နက်နဲသိမ်မွေ့ပုံရသည်။
သူမ ဂရုတစိုက်နှင့် တိတ်တဆိတ် ကြည့်လိုက်မိချိန်တွင်...
ပိုင်ဖျောင်ဖျောင်သည် တိတ်ဆိတ်ငြိမ်သက်စွာ ထိုင်နေပြီး စကားစမြည်ပြောနေဆဲဖြစ်ကာ သူမ၏မျက်နှာပေါ်တွင် နှစ်ပေါင်းများစွာအတွင်းတွင် မမြင်တွေ့ခဲ့ရသော နူးညံ့သိမ်မွေ့သည့် အပြုံးတစ်ခု ရှိနေသည်။ သူမ၏ခန္ဓာကိုယ်တစ်ခုလုံးမှ ယခင်နှင့်မတူညီသော အရှိန်အဝါတစ်ရပ်ကို ထုတ်လွှတ်ထားပြီး သူမ၏မျက်လုံးအကြည့်သည် ရီဖုန်းအပေါ်တွင်သာ ရှိနေပေ၏။
ဤသည်မှာ....
သူမ၏နံဘေးပတ်ဝန်းကျင်ရှိ အရာအားလုံးအပြင် စကြာဝဠာကြီးပင်လျှင် ထိုအမျိုးသားလောက် အရေးကြီးပုံမရချေ။
ဤကဲ့သို့ အာရုံစိုက်မှုမျိုး....
စုကျဲ ပို၍ပို၍စိတ်ရှုပ်ထွေးလာသည်။
သူမ၏အမြင်အရ....
ရီဖုန်း၏ကျင့်ကြံဆင့်သည် မဆိုးသော်လည်း ခြေလှမ်းတစ်ဝက်သူတော်စင်နယ်ပယ်သို့သာ ရောက်ရှိသေးသည် ။ ထို့ပြင် သူ၏ရုပ်ရည်နှင့်အပြုအမူသည်လည်း လက်ခံနိုင်ဖွယ်ရှိသော်လည်း သူ့ထံတွင် တခြားထူးချွန်သော အရည်အချင်းများ မရှိချေ။
ခြေလှမ်းတစ်ဝက်သူတော်စင်....
မည်သို့ပင်ဆိုစေကာမူ သူသည် သူတော်စင်အဆင့်သို့ မရောက်သေးချေ။
ဤခြေတစ်လှမ်းကွာခြားချက်မူသည် လောကကြီးတစ်ခုစာလောက် ကွာခြားပြီး တစ်သက်လုံး အမီလိုက်ရန် ခက်ခဲနိုင်ကာ ယခုမှစ၍ ကွာဟချက် ပို၍ပင်ကြီးမားလာနိုင်သည်။
နှစ်သန်းပေါင်းများစွာအတွင်းတွင်....
စုကျဲသည် ပါရမီရှင်ဟုခေါ်သော မရေမတွက်နိုင်သည့် လူများကို မြင်တွေ့ခဲ့ဖူးသည်။
ထိုလူများအနက်အများစုသည် ဤအဆင့်သို့အရောက်တွင် ရပ်တန့်သွားပေ၏။
အစွမ်းထက်ဆုံး သူတော်စင်တစ်ယောက်အနေဖြင့် သူမသည် မရှုံးနိမ့်နိုင်သော ဓားအင်မော်တယ်ဟူသည့် ဘွဲ့အမည်ကို အချည်းနှီးရခဲ့ခြင်းမဟုတ်ပေ။ သူမ၏လက်ရှိအဆင့်သို့ ရောက်ရှိနိုင်ခဲ့ခြင်းမှာ သူမ၏ ထူးချွန်သောအရည်အချင်းနှင့် ပုံမှန်ထက်လွန်ကဲသော ကြိုးစားအားထုတ်မှုတို့ကြောင့်ပင်။
ထို့ကြောင့် သူမထံတွင် အလွန်မြင့်မားသော စံနှုန်းများရှိပြီး ခြေလှမ်းတစ်ဝက်သူတော်စင်များကို တစ်ကြိမ်တစ်ခါမျှ အလွန်အမင်း အာရုံမစိုက်ခဲ့ချေ။
အနည်းဆုံးအနေဖြင့်...
သူမသည် သူတော်စင်များဖြင့်သာ ပြောဆိုဆက်ဆံခဲ့သည်။
ယခုအချိန်တွင် စုကျဲသည် သူမ၏သူငယ်ချင်းမှ ရီဖုန်းကို မည်သည်ကြောင့် ဤမျှထိ အလေးထားနေသည်ကို နားလည်နိုင်ရန် ခက်ခဲနေသည်။
ခြေလှမ်းတစ်ဝက် သူတော်စင်အဆင့်၏ ထောက်ပံ့မှုရှိနေသည် ဆိုလျှင်ပင် ရီဖုန်းသည် အမှန်တကယ်ကို သာမန်ဆန်ပေ၏။
အစောပိုင်းက သူက စာပေအရည်အချင်းအနည်းငယ် ပြသခဲ့ပုံရသော်လည်း သူ့ထံ၌ တခြားအားသာချက်များ မရှိချေ။သူ့ကဲ့သို့လူစားမျိုးသည် နေရာတိုင်းတွင် မရှိနိုင်သော်လည်း သူ သူတော်စင်တစ်ယောက် ဖြစ်လာရန်မှာမူ အလှမ်းကွာဟနေဆဲပင်။
သူမတို့သည် အဆင့်တူ၌ ရှိမနေချေ။
သို့ရာတွင် ကံအကြောင်းမလှစွာဖြင့်....
ပိုင်ဖျောင်ဖျောင်သည် ထိုလူကို အလွန်အမင်း အလေးထားနေပေ၏။
သူမ၏သူငယ်ချင်းသည် တစ္ဆေပူးကပ်ခံနေရပုံရသော်လည်း ပိုင်ဖျောင်ဖျောင်၏အသက်ရှုနှုန်း တည်ငြိမ်နေသည်ကို သူမ မြင်တွေ့မိသည်။
ဤအခြေအနေမှာ အလွန်ထူးဆန်းနေသည်။
စုကျဲသည် ပို၍ပို၍စိတ်ရှုပ်ထွေးလာပေ၏။
သူမသည် အင်မော်တယ်လမ်းကြောင်းကို စတင်လျှောက်လှမ်းကတည်းက အကြီးမားဆုံးပြဿနာနှင့် ကြုံတွေ့နေရပုံရသည်။
သူမသည် စူးစမ်းလိုသောအကြည်ဖြင့် ထိုမြင်ကွင်းကို စူးစိုက်၍ကြည့်နေသည်။
အချိန်မည်မျှ ကုန်ဆုံးသွားသည်ကို မသိရသော်လည်း...
ရီဖုန်း အနည်းငယ် ပင်ပန်းနေပုံရကာ...
ပိုင်ဖျောင်ဖျောင်သည် အနည်းငယ် တည်ငြိမ်သွားပုံရပေ၏။
သူမသည် အစေခံများကို ရီဖုန်းအား အထူးဧည့်သည်တစ်ဦးအဖြစ် ဆက်ဆံရန်နှင့် ညွှန်ကြားပြီး သူ့ကို အနားယူစေခဲ့သည်။
ထွက်ခွာသွားသော ပုံရိပ်ကို ကြည့်ရင်း....
ပိုင်ဖျောင်ဖျောင်၏ကြည်လင်သော မျက်လုံးများအတွင်းတွင် နွေးထွေးသောအပြုံးတစ်ခု ရှိနေသည်။
"မကြည့်နဲ့တော့....လူက အဝေးကြီးရောက်သွားပြီ"
ဖျော့တော့တော့ အသံတစ်သံ ထွက်ပေါ်လာသည်။
ပိုင်ဖျောင်ဖျောင် အံ့အားသင့်သွားပေ၏။
ထိုအချိန်ကျမှသာ စုကျဲသည် သူမ၏နံဘေးတွင် ရပ်နေပြီး စိတ်ရှုပ်ထွေးစွာဖြင့် သူမအား ကြည့်နေသည်ကို သတိပြုမိသည်။
သူငယ်ချင်းတစ်ယောက်မှ သူမအား စိုက်ကြည့်နေသည်ကို မြင်တွေ့ချိန်တွင်...
ပိုင်ဖျောင်ဖျောင်သည် အနည်းငယ် အကြည့်လွှဲလိုက်ပြီး သူမ၏အံ့အားသင့်မှုနှင့် ရှက်ရွံ့မှုကို ဖုံးကွယ်ရန် ခွက်အတွင်းသို့ လက်ဖက်ရည်လောင်းထည့်သည့် လှုပ်ရှားမှုကို အသုံးပြုလိုက်သည်။
"တောင်းပန်ပါတယ်..."
"အချိန်အကြာကြီး ကွဲကွာနေတဲ့ သူငယ်ချင်းဟောင်းနဲ့ ပြန်တွေ့တော့ ခဏလေး..."
သူမ၏စကား မဆုံးသေးသေးမီမှာပင်....
နှစ်နာရီကြာ စောင့်ဆိုင်းပြီးနောက် စုကျဲသည် သူမ၏ စူးစမ်းလိုစိတ်ကို မထိန်းချုပ်နိုင်တော့သဖြင့် ကြားဖြတ်ပြောဆိုလိုက်သည်။
"ဘာလို့ သူ့ကို ဒီလောက်တန်ဖိုးထားနေရတာလဲ..... ငါ ကြည့်ရသလောက်တော့ နင်က သူ့ကို နည်းနည်းစွဲလမ်းနေသလိုပဲ..."
"အမ်"
'စွဲလမ်းနေတာလား....'
'ဒီလောက်တောင် သိသာနေတာလား...'
ဤမေးခွန်းသည် အလွန်တိုက်ရိုက်ဆန်လွန်းသောကြောင့် ပိုင်ဖျောင်ဖျောင် ကြက်သေသေသွားသည်။
သူငယ်ချင်းတစ်ယောက်က မေးသည်ဆိုလျှင်ပင်....
ဤကိစ္စမျိုးနှင့် ပတ်သက်ပြီး...
သူမသည် အနည်းငယ် ရှက်ရွံ့နေဆဲဖြစ်ပြီး စကားပြောဆိုရန် ခက်ခဲနေသည်။
ထို့နောက် စုကျဲ၏ တည်ကြည်လေးနက်သောမျက်နှာနှင့် သံသယများပြည့်နှက်နေသော မျက်လုံးများကို သူမ မြင်တွေ့မိလေ၏။ ဤသည်မှာ စုကျဲ၏စူးစမ်းလိုစိတ်ကြောင့်ဟု သိသာသောကြောင့် ပိုင်ဖျောင်ဖျောင်၏အရှက်ရစိတ် လျော့နည်းသွားသည်။
သူမသည် ရီဖုန်း၏ကျင့်ကြံမှုပါရမီ အကြောင်းကို အချိန်တခဏနှင့် ရှင်းပြနိုင်ခြင်း မရှိသော်လည်း သူနှင့်ပတ်သက်သည့်ကိစ္စများကို ပြောပြနိုင်ပေ၏။
ပိုင်ဖျောင်ဖျောင်၏ မျက်လုံးများအတွင်းမှ နူးညံ့သိမ်မွေ့မှုများ ပို၍ပင်ပြင်းထန်လာသည်။
ထိုထူးဆန်းသော အကြည့်ကိုမြင်လျှင် စုကျဲသည် ပို၍အလေးအနက်ထားလာပေ၏။
"ဒီလူရဲ့ ကျင့်ကြံမှုက သာမန်ပဲ...သူက ခြေလှမ်းတစ်ဝက်သူတော်စင်တစ်ယောက်ပဲ...သူ့ရဲ့စာပေအရည်အချင်းကလည်း သာမန်ပဲ.
သူ့ထက်သာတဲ့လူတွေ မရေမတွက်နိုင်အောင်ရှိတယ်..နင်က သူ့ရဲ့ဘာကို တန်ဖိုးထားနေတာလဲ"
ယခင်ထက်ပို၍လေးနက်သော မေးခွန်းများကို ရင်ဆိုင်ရချိန်၌...
ပိုင်ဖျောင်ဖျောင်သည် ရှောင်လွှဲခြင်းမပြုတော့ဘဲ ပြုံးလိုက်သည်။
"ငါက ဒီအပြင်ပန်းအရာတွေကို တန်ဖိုးထားတာမဟုတ်ဘူး...နင် နားလည်မှာ မဟုတ်ဘူး"
နားလည်မှာမဟုတ်ဟု ဆိုသလော...
စုကျဲသည် ဤစကားကို ကြားချိန်၌ ကြက်သေသေသွားသည်။ သူမ နားမလည်သောအရာဟူ၍ တစ်စုံတစ်ရာမျှ မရှိချေ။
သို့ရာတွင် ယခုအချိန်၌
သူမသည် အမှန်တကယ်ကို အနည်းငယ် စိတ်ရှုပ်ထွေးနေကာ အချိန်တခဏကြာသည်အထိ မည်ကဲ့သို့ ချေပရမည်ကို မသိခဲ့ချေ။
သူမ မော့ကြည့်လိုက်ချိန်တွင်....
ပိုင်ဖျောင်ဖျောင်သည် ကျောက်စားပွဲသို့ တစ်ယောက်တည်း လျှောက်သွားပြီး သာမန်လူတစ်ယောက်အလား မင်သွေးပြီး စုတ်တံကို ကောက်ယူလိုက်၏။
မကြာမီမှာပင်...
လှပသော လက်ရေးသည် စက္ကူစာရွက်ပေါ်သို့ ကျရောက်သွားပြီး သူမ၏မျက်လုံးများအတွင်းတွင် နူးညံ့မှုများ ထင်ဟပ်နေကာ အပြုံးတစ်ခုဖြင့် တီးတိုးရေရွတ်နေသည်။
"တကယ်လို့ မင်းက အင်မော်တယ်ဖြစ်ရင် တိမ်ပင်လယ်ကြားမှာ ပျံသန်းနိုင်မယ်...မြင့်မြတ်တဲ့အင်မော်တယ်နယ်မြေမှာ တာအိုမိတ်ဆွေတွေက ကြိုဆိုလိမ့်မယ်...မြို့ငယ်လေးရဲ့ လမ်းမထက်က မိတ်ဆွေတွေကတော့ မင်းကို အိပ်မက်မက်နေလိမ့်မယ်"
ပိုင်ဖျောင်ဖျောင်၏ အရောင်တလက်လက်ထနေသော အကြည့်ကိုမြင်လျှင် စုကျဲက မျက်မှောင်အနည်းငယ် ကြုတ်လိုက်သည်။
သူ တကယ်ပဲ ပူးကပ်ခံလိုက်ရတာလား....
လျှို့ဝှက်စုံစမ်းပြီးနောက် သူမ၏သူငယ်ချင်းသည် ပုံမှန်ဖြစ်ပြီး ပိုင်ဖျောင်ဖျောင် ထုတ်လွှတ်ထားသော တာအိုအရှိန်အဝါသည် ပို၍ပင် အားကောင်းလာကာ သူမကိုယ်ထက်ပင် ကျော်လွန်လုနီးပါးဖြစ်နေသည်ကို ရှာဖွေတွေ့ရှိခဲ့သည်။
စုကျဲသည် တွေဝေမိန်းမောစွာ မတ်တတ်ရပ်နေပြီး လုံးလုံးလျားလျား စိတ်ရှုပ်ထွေးသွားသည်။
အချိန်တခဏမျှ စဉ်းစားပြီးနောက်....
မရှုံးနိမ့်နိုင်သော ဓားအင်မော်တယ်သည် ထွက်ခွာသွားပြီး တိတ်ဆိတ်သော အခန်းတစ်ခုတွင် သူမ၏စိတ် တည်ငြိမ်စေရန် ကျင့်ကြံနေတော့သည်...
Chapter 985
နောက်တစ်နေ့မနက်၌....
အရှေ့အရပ်တွင် အရုဏ်ဦးလင်းရောင်ခြည် ထွက်ပေါ်လာသည်။
စိတ်ကိုစွဲဆောင်နိုင်သော တိမ်ပင်လယ်သည် အိပ်မက်ကမ္ဘာတစ်ခုအလားပင်။ ပိုင်ဖျောင်ဖျောင်သည် တောင်ထိပ်ပေါ်ရှိ ခန်းမဆောင်အတွင်းတွင် တိတ်ဆိတ်စွာ ထိုင်နေပြီး သူမ၏ မျက်လုံးများအတွင်း၌ မျှော်လင့်ချက်များဖြင့် ပြည့်နှက်နေကာ ပတ်ဝန်းကျင်ရှိ ရှုခင်းများသည် ယခင်ကထက် ပို၍လှပနေသည့်အလားပင်။
သူမသည် ကိုယ်တိုင်ကိုယ်ကျ လက်ဖက်ရည်ဖျော်စပ်ရင်း စိတ်လှုပ်ရှားစွာဖြင့် စောင့်ဆိုင်းနေခဲ့သည်။
အချိန်အတော်ကြာပြီးနောက်....
အစေခံတစ်ယောက်သည် တိမ်ပင်လယ်အတွင်းမှ ထွက်လာပြီး ရိုသေလေးစားစွာ ဦးညွှတ်လိုက်သည်။
"အရှင်မကို အရိုအသေပြုပါတယ်"
"သခင်လေးရီက အခုထိ အိပ်ယာမထသေးလို့ ကျွန်တော်က သူ့ကို မနှောင့်ယှက်ရဲပါဘူး.."
ထိုစကား အဆုံးသတ်သွားချိန်တွင်
ပိုင်ဖျောင်ဖျောင်သည် အချိန်တခဏတာကြာ မှင်တက်သွားသော်လည်း ထိုအစေခံကို အပြစ်မတင်ခဲ့ချေ။ သူမသည် သူမ၏နူးညံချောမွေ့သောလက်ကို ဝှေ့ယမ်းပြီး ထိုလူကို ထွက်သွားစေခဲ့သည်။
မည်သူမျှ မရှိတော့သည် အချိန်တွင်.....
သူမ၏ ကြည်လင်သော မျက်လုံးများအတွင်းတွင် စိတ်ပျက်အားငယ်မှု အရိပ်အယောင်တစ်ခု ရှိနေပေ၏။
ယမန်နေ့က....
သူမသည် အစေခံတစ်ယောက်ကို ဖိတ်ကြားစေကာ မနက်စောစောအချိန်တွင် ရီဖုန်းနှင့်အတူ လက်ဖက်ရည်သောက်ရန် စီစဉ်ခဲ့သည်။
မိုးမလင်းမီ အချိန်မှာပင်....
သူမသည် ဤနေရာတွင် လက်ဖက်ရည်နှင့်မုန့်များကို ပြင်ဆင်ခဲ့ပြီး သူတော်စင်နတ်မိမယ်လက်ဖက်ခြောက်ကိုပင် ထုတ်ယူခဲ့သည်။ ဤနတ်မိမယ်လက်ဖက်ခြောက်သည် အလွန်အဖိုးတန်ပြီး နှစ်တစ်သောင်းတွင် တစ်ပေါင်သာ ထုတ်လုပ်နိုင်သည်။ သို့ရာတွင် စုကျဲမှလွဲ၍ အခြားမည်သူမျှ သူမထံမှ ဤကဲ့သို့ ဆက်ဆံမှုကို မခံစားနိုင်ချေ။
'ရီဖုန်းကတော့ ကတိမဖျက်လောက်ပါဘူး...'
'ဘာလို့ အခုထိ သူ အိပ်ယာမထသေးတာလဲ...'
သူမသည် သံသယများ စိုးရိမ်ပူပန်မှုများဖြင့် အဝေးမှ တိမ်ပင်လယ်ကို ကြည့်လိုက်သည်။
ထိုအချိန်မှာပင် ပိုင်ဖျောင်ဖျောင်သည် အရှေ့အရပ်တွင် တိမ်များ တက်လာသည်ကို သတိပြုမိသည်။
ဤသည်မှာ...
အနည်းငယ်စောနေခြင်းပင်။
ပိုင်ဖျောင်ဖျောင်သည် ရုတ်တရက် ခစ်ခနဲရယ်လိုက်ပြီး အနည်းငယ် စိတ်အနှောင့်အယှက်ဖြစ်သွားသည်။
"ဘာလို့ ငါ့စိတ်ကို ငါမထိန်းနိုင်ဖြစ်သွားရတာလဲ... ကံကောင်းတာက ဘယ်သူမှ မသိဘူး..."
သူမ တီးတိုးရေရွတ်နေစဉ်မှာပင် အစေခံမလေးတစ်ဦးသည် အဝေးရှိ တိမ်ပင်လယ်အတွင်းမှ တဖန်ပြန်၍ ထွက်ပေါ်လာသည်။
ထိုအစေခံမလေးသည် စိုးရိမ်တကြီးဖြင့် ပြေးလာကာ သူမထံတွင် အရေးကြီးသော ကိစ္စတစ်ခုခု ရှိပုံရပေ၏။
"အရှင်မ..."
သူမ မည်သည့်အရာကိုမျှ မပြောရသေးမီမှာပင် ပိုင်ဖျောင်ဖျောင်သည် တိတ်တဆိတ် ဝမ်းသာသွားပြီး သူမကိုယ်သူမ မထိန်းချုပ်နိုင်တော့ဘဲ မေးမြန်းလိုက်သည်။
"သခင်လေးရီ ရောက်လာတာလား..."
အစေခံက ရိုသေလေးစားစွာ တုံ့ပြန်အဖြေပေးသည်။
"အရှင်မကို လာရောက်တွေ့ဆုံတာက သခင်လေးရီ မဟုတ်ပါဘူး...စစ်တုရင်သခင်ကုပါ"
ကုချင်းချန်...
ထိုအသံကြားလျှင် ပိုင်ဖျောင်ဖျောင်၏မျက်လုံးများအတွင်းမှ မျှော်လင့်ချက်သည် စိတ်ပျက်မှုအဖြစ်သို့ ပြောင်းလဲသွားပြီး တဖြည်းဖြည်း လျစ်လျူရှုသော အမူအယာသို့ ရောက်ရှိသွားပေ၏။
"ငါ သူနဲ့ မတွေ့ချင်ဘူး..."
အစေခံမလေးသည် ချက်ချင်းပင် ထွက်ခွာသွားပြီး စကားတစ်ခွန်းမျှ မပြောရဲတော့ချေ။
စစ်တုရင်သခင် ကုချင်းချန်...
သူသည် ဒဏ္ဍာရီလာ ရှေးဟောင်းမျိုးနွယ်ဖြစ်သော ကုမိသားစု၏ သားအကြီးဆုံးဖြစ်ပြီး ထျန်းရှာအဖွဲ့အစည်း၏ အကြီးအကဲတစ်ယောက်ဖြစ်ကာ ငယ်စဉ်ကတည်းက ပါရမီထူးချွန်ပြီး စစ်တုရင်တာအိုဖြင့် သူတော်စင်ဖြစ်လာခဲ့သည်။ သူသည် အလွန်ချောမောခန့်ညားသော ရုပ်ရည်ကိုလည်း ပိုင်ဆိုင်ထားပေ၏။ သူသည် အမျိုးသားတစ်ဦးဖြစ်သော်လည်း သူ၏ရင်သပ်ရှုမောဖွယ်ရုပ်ရည်ကြောင့် နာမည်ကျော်ကြားသည်။ ကုချင်းချန်သည် အမည်နှင့် လိုက်ဖက်သည်ဟု ဆိုနိုင်သည်။
သူ၏ ပြိုင်ဘက်ကင်းအရည်အချင်းနှင့် ချောမောခန့်ညားမှုကြောင့် မရေမတွက်နိုင်သော မင်းသမီးများနှင့်သူတော်စင်မများက သူ့ကို ချစ်ကြိုက်ခဲ့ကြသည်။
သနားဖွယ်ကောင်းသည်မှာ..
သူသည် ပိုင်ဖျောင်ဖျောင်၏ သဘောကျနှစ်သက်ခြင်းကို တစ်ကြိမ်တစ်ခါမျှ မရရှိခဲ့ခြင်းပင်။
သူတော်စင်ကုသည် အကြိမ်များစွာ လာရောက်တွေ့ဆုံခဲ့သော်လည်း အကြိမ်ကြိမ်ငြင်းပယ်ခြင်း ခံခဲ့ရသည်။
ဤကိစ္စမှာ အသစ်အဆန်းမဟုတ်ဘဲ သူတော်စင်အသိုင်းအဝိုင်း၌ အဆင့်အတန်းအနည်းငယ်ရှိသော မည်သူမဆို ကြားဖူးကြသည်။
အစေခံမလေးသည် ဇဝေဇဝါဖြစ်နေသော်လည်း သူမ၏သခင်မသည်လည်း သူတော်စင်တစ်ပါးပင်။ ဤသည်မှာ သူတော်စင်များကြားမှ ဆက်ဆံရေးဖြစ်သဖြင့် အကြောင်းပြချက်တစ်ခု ရှိနေရပေမည်။ သူမသည် မည်သည်ကြောင့် စကားနောက်တစ်ခွန်း ထပ်ပြောရဲမည်နည်း။
အစေခံမလေး ဆုတ်ခွာသွားသည်ကို မြင်ချိန်တွင်....
ပိုင်ဖျောင်ဖျောင်၏ အရေးမစိုက်သောအမူအယာ ပျောက်ကွယ်သွားပြီး သူမသည် ရီဖုန်းကို တိတ်ဆိတ်စွာ စောင့်ဆိုင်းနေခဲ့လေ၏။
ရုတ်တရက်....
ခန်းမဆောင်အပြင်ဘက်ရှိ လေဟာနယ်အတွင်း၌ လှိုင်းဂယက်များများ စတင်၍ တလိမ့်လိမ့်တက်လာသည်။
ပိုင်ဖျောင်ဖျောင်သည် အံ့အားတသင့်ဖြင့် ထိုနေရာသို့ ကြည့်လိုက်သည်။
'ရီဖုန်းက သူတော်စင်အဆင့်ကို ဘယ်တုန်းက ချိုးဖျက်ဝင်ရောက်သွားတာလဲ'
'သူရဲ့အရည်အချင်းက ဒီလောက်တောင် နတ်ဆိုးဆန်တာလား'
သူမ၏မျက်လုံးများအတွင်းတွင် မျှော်လင့်ချက်အရိပ်အယောင်တစ်ခု ထင်ဟပ်လာသည်။
သို့ရာတွင် ရောက်ရှိလာသူကို သူမ သေချာကြည့်လိုက်ချိန်၌...
ထိုလူသည် ခန့်ညားသောဝတ်စုံကို ဝတ်ဆင်ထားပြီး စန္ဒကူးသစ်သားယပ်တောင်ကို ကိုင်ဆောင်ထားကာ သူ၏မျက်နှာပေါ်တွင် ခန့်ညားထည်ဝါသော အပြုံးတစ်ခု ရှိနေသည်။ သူသည် ကျက်သရေရှိပြီး မြင့်မြတ်သော လူငယ်တစ်ဦးကဲ့သို့ ထင်ရသော်လည်း သူ၏ကြည်လင်ပြီး ဖြူစင်ပုံရသော မျက်လုံးများအတွင်းတွင် တည်ငြိမ်မှု အနည်းငယ်ကင်းမဲ့နေသည်။
ရောက်ရှိလာသောဧည့်သည်သည် အလွန်တင့်တယ်သော အမူအယာဖြင့် သူ၏လက်နှစ်ဖက်ကိုပူးဆုပ်ပြီး နှုတ်ဆက်လိုက်သည်။
"ခွင့်လွှတ်ပါ အရှင်မ... ငါက အရှင်မကို အချိန်အကြာကြီး စိုးရိမ်တကြီး စောင့်မျှော်နေခဲ့ရတာကြောင့် ခွင့်ပြုချက်မတောင်းဘဲ ကျူးကျော်ဝင်ရောက်လာခဲ့မိပါတယ်...ငါ မရိုမသေပြုမိခဲ့ရင် ခွင့်လွှတ်ပေးပါ"
ဤလူသည် စစ်တုရင်သခင်ကုချင်းချန်ပင်။
သူသည် စကားများကို အလွန်လိမ္မာပါးနပ်စွာ ပြောဆိုပြီး နှုတ်ဆက်သည့် ထုံးတမ်းစဥ်လာကို အလွန်ချောမွေ့စွာ ပြုလုပ်ခဲ့ကာ သူ့ထံတွင် ကျောင်းတော်သားတစ်ယောက်ကဲ့သို့ အရှိန်အဝါတစ်ရပ် ရှိနေသည်။
မည်သို့ပင်ဆိုစေကာမူ သူသည်လည်း သူတော်စင်တစ်ပါးဖြစ်ပြီး သူ၏ကျောထောက်နောက်ခံအဖြစ် ရှေးဟောင်းမျိုးနွယ်လည်း ရှိနေသည်။
ကုချင်းချန်သည် ရောက်ရှိလာပြီဖြစ်သောကြောင့်....
ပိုင်ဖျောင်ဖျောင်သည် ဒေါသမထွက်ချင်သည့်အပြင် သူမ၏ပင်ကိုစရိုက်သည် သဘောကောင်းသူတစ်ယောက် ဖြစ်နေသဖြင့် ပေါ့ပေါ့တန်တန်သာ တုံ့ပြန်လိုက်၏။
"စစ်တုရင်သခင်က ယဉ်ကျေးလွန်းနေပါပြီ"
ဤသည်မှာ ဟန်ဆောင်ဟန်ဆောင်ပြောဆိုလိုက်သည့် သာမာန်ကာလျှံကာ စကားတစ်ခွန်းပင်။
သို့ရာတွင် ဤစကားသည် ကုချင်းချန်ကို ယုံကြည်မှုများစွာ ပေးလိုက်ပုံရသည်။ သူသည် ယုံကြည်မှုရှိစွာဖြင့် ရယ်ပြုံးကာ ခန်းမဆောင်အတွင်းသို့ တိုက်ရိုက်လျှောက်လှမ်းသွားပြီး လက်ဖက်ရည်စားပွဲ၏တစ်ဖက်တွင် ဝင်ထိုင်လိုက်သည်။
ထို့နောက် သူသည် စန္ဒကူးယပ်တောင်ကို ဖွင့်ပြီး ယပ်ခတ်ကာ ရယ်မောရင်း စကားစမြည်ပြောဆိုလေ၏။
"ဧကရီပိုင်မှာ တကယ့်ကို သန့်စင်တဲ့စိတ်ထား ရှိတာပဲ"
"အမ်...."
ပိုင်ဖျောင်ဖျောင် ကြက်သေသေသွားသည်။
"ဒါက ခရမ်းတိမ်တိုက်နတ်မိမယ် လက်ဖက်ရည်ဖြစ်ပြီးတော့ သူတော်စင်တွေပဲ ခံစားနိုင်တဲ့ ရှားပါးပစ္စည်းတစ်ခုပဲ... ဧကရီပိုင်က ကျွန်တော်လာမယ်ဆိုတာသိလို့ မနက်စောစောထပြီး လက်ဖက်ရည်ကို ကြိုတင်ပြင်ဆင်ပေးထားတာများလား..."
"အဲဒီလိုသာဆိုရင် ကျွန်တော် တကယ်ကို ထိတ်လန့်သွားမိလိမ့်မယ်..."
ကုချင်းချန်၏ချောမောခန့်ညားသော မျက်နှာပေါ်တွင် အပြုံးတစ်ခု ထင်ဟပ်လာသည်။
သူသည် အမှန်တကယ်ကို အလွန်ချောမောခန့်ညားသည့် အမျိုးသားတစ်ဦးဖြစ်ပြီး သူ့အား ပထမဆုံးအကြိမ်မြင်လျှင်ပင် လူများကို သဘောကျနှစ်သက်စေသည်။ ထို့ပြင် သူ၏စန္ဒကူးယပ်တောင်ကို ဝှေ့ယမ်းလိုက်သည်နှင့် အလွန်ရှားပါးသော မွှေးရနံ့တစ်ခု ထွက်ပေါ်လာကာ သူ၏ချောမောခန့်ညားမှုနှင့် ရောယှက်သွားသည်။
ဤနေရာတွင် သာမန်လူတစ်ဦးသာ ရှိနေပါက...
ထိုမွှေးရနံ့ကို ရှူရှိုက်လိုက်ရုံဖြင့် လူတစ်ဦး၏ ကျင့်ကြံမှု ရုတ်တရက်တိုးတက်လာပြီး အကျိုးကျေးဇူးများစွာ ဆောင်ကြဉ်းပေးနိုင်သည်။ ဤသည်မှာ သူတော်စင်များနှင့် ရှေးဟောင်းမျိုးနွယ်များ၏ အခြေခံအုတ်မြစ်ပင်။
သို့ရာတွင် ပိုင်ဖျောင်ဖျောင်သည်လည်း သူတော်စင်တစ်ပါးပင်။
သူမ၏အခြေခံအုတ်မြစ်ကို သာမန်လူများ လက်လှမ်းမမီနိုင်ချေ။
ယခုအချိန်တွင် ပိုင်ဖျောင်ဖျောင်သည် ပြင်းထန်သောမွှေးရနံ့ကို ရှူရှိုက်မိချိန်၌ အနည်းငယ် အသက်ရှူကြပ်သကဲ့သို့ ခံစားလိုက်ရသည်။ နတ်မိမယ်လက်ဖက်ရည်၏ ခန့်ညားထည်ဝါသော အရသာပင်လျှင် ဖုံးလွှမ်းခံလိုက်ရပြီး သူမ အပင်ပန်းခံပြင်ဆင်ထားသမျှ အလဟဿဖြစ်သွားခဲ့လေပြီ။
ပိုင်ဖျောင်ဖျောင် ရုတ်တရက် အနည်းငယ် စိတ်မကြည်မသာဖြစ်သွားသည်။
ကုချင်းချန်၏ ကိုယ်ရည်သွေးစကားများကို နားထောင်ပြီးနောက် ဤလူသည် မူလက ရီဖုန်းပိုင်ဆိုင်သော ထိုင်ဖုံပေါ်တွင် ထိုင်နေသည်အား မြင်တွေ့ချိန်၌...
သူမထံတွင် တစ်ချိန်ကရှိခဲ့သော သည်းခံမှုနှင့် စိတ်ရှည်မှုများ မရှိတော့ချေ။
သူမ၏နူးညံ့သိမ်မွေ့သော မျက်နှာသည် ရုတ်တရက် အနည်းငယ် အေးစက်တင်းမာသွားပေ၏။
"စစ်တုရင်သခင်က နောက်နေတာပဲ...."
ကုချင်းချန်၏မြှောက်ပင့်မှုများအားလုံးသည် ပိုင်ဖျောင်ဖျောင်၏ အေးစက်စက်မျက်နှာနှင့်သာ ကြုံတွေ့ခဲ့ရလေ၏။
'တခြားတစ်ယောက်ကို ပြောင်းလိုက်စမ်း...'
'ငါက အခုချက်ချင်း မျက်နှာပျက်ရမှာကို မစိုးရိမ်ပြီး နင့်ကို ဒေါသတကြီး အော်ထုတ်မိနိုင်တယ်'
သို့ရာတွင် ကုချင်းချန်သည်လည်း သာမန်လူမဟုတ်ချေ။
သူသည်လည်း ငြင်းပယ်မှုကို အကြိမ်ကြိမ် ကြုံတွေ့ခဲ့ဖူးပြီးနောက် ဤသည်မှာ သူ၏စိတ်ဓာတ်ခွန်အားနှင့် သည်းခံနိုင်စွမ်းတို့ကို မြင့်တက်စေခဲ့သည်။
သူသည် အချိန်တခဏတာ တုံ့ဆိုင်းသွားပြီးနောက် ရှက်ကိုးရှက်ကန်းဖြင့် ရယ်မောလိုက်ပြီး တခြားအကြောင်းအရာသို့ ပြောင်းလိုက်၏။
"ဟား ဟား ဟား...ဒီသူတော်စင်က ဧကရီပိုင်ရဲ့ စစ်မှန်တဲ့စရိုက်ကို သဘောကျတယ်...မင်းကို တွေ့ဆုံတိုင်း ငါ့ရဲ့စိတ်ကို အမြဲတမ်း လန်းဆန်းစေတယ်"
ဤမြှောက်ပင့်သော စကားတစ်ခွန်းအပြီးတွင်...
ကုချင်းချန်၏ မျက်နှာပေါ်တွင် တောက်ပသော အပြုံးတစ်ခု ရှိနေပြီး သူ၏လေသံသည် ပို၍ရင်းနှီးလာပေ၏။
"ဖျောင်ဖျောင်...."
"ပွင့်ပွင့်လင်းလင်းပြောရရင် ငါက တိုင်းတစ်ပါးမှာ အရမ်းလှပတဲ့ နေရာတစ်ခုကို တွေ့ခဲ့တယ်...အဲ့ဒါက မင်းရဲ့မြင့်မြတ်နယ်မြေထက် မနိမ့်ကျဘူး.... လောကမှာ လူအနည်းစုကပဲ အဲ့ဒီနေရာကို ခြေချဖူးတယ်... ငါ ဒီကိုလာတာ မင်းကို ငါနဲ့အတူ ခရီးသွားဖို့ ဖိတ်ခေါ်ချင်လို့ပဲ"
"မင်းသာ အဲ့ဒီနေရာကို မြင်ပြီးရင် ဘယ်တော့မှ မေ့နိုင်မှာမဟုတ်ဘူး...."
ရင်သပ်ရှုမောဖွယ် အလှတရား၏ ကောင်းချီးပေးမှုနှင့် နူးညံ့သောလေသံ ချစ်ကြင်နာသော စကားလုံးများ ပေါင်းစပ်လိုက်ချိန်တွင် မိန်းကလေးတစ်ဦး၏ အိပ်မက်အတွင်းမှ မြင်ကွင်းတစ်ခု ဖြစ်လုနီးပါးပင်။
ဤလှုပ်ရှားမှုအောက်တွင် မရေမတွက်နိုင်သော မိန်းမလှများကို ဒူးထောက်စေခဲ့သည်။
သူသည် ဤကိစ္စကို စမ်းသပ်ပြီးဖြစ်ကာ တစ်ကြိမ်တစ်ခါမျှ မရှုံးနိမ့်ခဲ့ချေ။
သူသည် ချစ်ခြင်းတရားများ လွှမ်းမိုးနေသောအကြည့်ဖြင့် ပိုင်ဖျောင်ဖျောင်ကို ကြည့်ရင်း...
သူ၏မျက်လုံးများအတွင်းတွင် ဖုံးကွယ်ထားသော ယုံကြည်မှုအလင်းရောင်သည် ပို၍ပို၍ ပြင်းထန်လာပေ၏။
သို့ရာတွင် အသက်တစ်ရှိုက်စာ ကြာမြင့်ခဲ့ပြီးနောက်....
ပိုင်ဖျောင်ဖျောင်သည် တုံ့ပြန်အဖြေပေးကာ သူမ၏မျက်နှာအမူအယာ ပို၍ပင် အေးစက်တင်းမာလာသည်။
"ကျွန်မက အလုပ်များတယ်...မသွားဘူး.."
သူမ၏လေသံသည် အလွန်အေးစက်ပြီး ယဉ်ကျေးမှုအရိပ်အယောင် တစိုးတစိမျှပင် မရှိချေ။
ကုချင်းချန်သည်လည်း အချိန်တခဏတာကြာခန့် သူ့ကိုယ်သူ မထိန်းချုပ်နိုင်တော့ဘဲ သူ၏မျက်နှာအမူအယာ ပျက်ယွင်းသွားသည်။
ထို့နောက် သူသည် အားတင်း၍ ပြုံးလိုက်ကာ စကားဆက်ပြောနေရင်း သူ၏လက်ဝဲဘက်လက်ကို သူ အိပ်မက်မက်နေခဲ့ရသော ပိုင်ဖျောင်ဖျောင်၏နူးညံချောမွေ့သောလက်ထံသို့ လှမ်းလိုက်၏။
"ဖျောင်ဖျောင်..."
"ဘာလို့ မင်းက ငါ့ကို အမြဲတမ်း အဝေးမှာထားနေရတာလဲ... ငါ မင်းကို အကြိမ်များစွာ လာတွေ့ခဲ့တယ်... ဒါပေမဲ့ မင်းက ငါ့ရဲ့ခံစားချက်တွေကို မသိဘူးလား..."
သူသည် ပိုင်ဖျောင်ဖျောင်၏လက်ကို ထိတွေ့တော့မည့်အချိန်၌...
သူ၏ရှေ့မှ လေဟာနယ်သည် ရုတ်တရက် လှိုင်းထသွားပြီး အဖြူရောင်ပုံရိပ် ချက်ချင်း ပျောက်ကွယ်သွားသည်။
ကုချင်းချန်သည် မည်သည့်အရာကိုမျှ ဖမ်းဆုပ်နိုင်ခဲ့ခြင်းမရှိချေ။
သူ၏မျက်လုံးများအတွင်း၌ အံ့အားသင့်မှုအရိပ်အယောင်များ ထင်ဟပ်နေသည်။
သူ လှည့်ကြည့်လိုက်ချိန်တွင်
လှပချောမောသော အဖြူရောင်ပုံရိပ်လေးသည် ခန်းမဆောင်၏အပြင်ဘက်တွင် မတ်တတ်ရပ်နေပြီး သူ့ကိုကျောခိုင်းကာ အေးစက်စက်လေသံဖြင့် စကားပြောဆိုလေ၏။
"စစ်တုရင်သခင်...ကျေးဇူးပြုပြီး ကိုယ့်ကိုယ်ကိုယ် လေးစားပါ"
ဤစကားလုံးများမှာ ရေခဲနက်အလား အေးစက်သည်။
ဤှသည်မှာ ကုချင်းချန် မျှော်လင့်ချက်ထားသည့် တုံ့ပြန်မှုထက် လုံးလုံးလျားလျား ကျော်လွန်သွားပြီး သူ့ကို ကြေကွဲဝမ်းနည်းစေသည်။
ဤအချိန်တွင်....
ကုချင်းချန်သည် သူ၏စိမ်းကားမှုကို မထိန်းနိုင်တော့သောကြောင့် သူ၏စန္ဒကူးယပ်တောင်ကို ဘေးဖယ်ထားပြီး မတ်တတ်ထရပ်လိုက်သည်။ သူ၏မျက်နှာပေါ်တွင် စိတ်ရှုပ်ထွေးသော အမူအယာတစ်ရပ် ထင်ဟပ်နေပြီး စိုးရိမ်ပူပန်တကြီး မေးမြန်းလိုက်၏။
"ဘာလို့လဲ..."
"ဘာလို့ မင်း ငါ့ကို လက်မခံတာလဲ...ကျင့်ကြံမှုနဲ့ မိသားစုနောက်ခံအရဆိုရင် ငါက ဘယ်နေရာမှာမှ မနိမ့်ကျဘူး....ငါနဲ့နီးစပ်ဖို့ ဘယ်လောက်ထိများတဲ့ မိန်းကလေးတွေ အိပ်မက်မက်နေလဲဆိုတာ မင်း သိလား..."
သူ ဒေါသတကြီး မေးလိုက်စဉ်မှာပင်...
ပိုင်ဖျောင်ဖျောင်သည် တစ်စုံတစ်ခုကို ရှာဖွေတွေ့ရှိသွားပုံရပြီး သူ့ကို လျစ်လျူရှုလိုက်သည်။ ထိုအစား သူမသည် နူးညံ့ညင်သာသော ခြေလှမ်းများဖြင့် ကျောက်စိမ်းလှေကားများအတိုင်း လျှောက်လှမ်းသွားပြီး သာမန်လူတစ်ယောက်အလားပင်။
သူမသည် သူငယ်ချင်းကောင်းတစ်ဦးကို ကြိုဆိုနေသည့်အလား စိတ်အားထက်သန်ပြီး ပျော်ရွှင်နေပုံရသည်။
'ဒါက ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ...'
အစစ်အမှန် သူတော်စင်တစ်ယောက်သည် တစ်စုံတစ်ယောက်ကို နှုတ်ဆက်ရန်အတွက် သူ၏အဆင့်အတန်းနှင့် ကျင့်ကြံဆင့်ကို လျစ်လျူရှုပြီး ရှေ့သို့ ခြေတစ်လှမ်းတိုးရန် ဤမျှထိ စိတ်အားထက်သန်နေသနည်း....
တစ်စုံတစ်ယောက် ရှိနေရပေမည်။
ပိုင်ဖျောင်ဖျောင်ကို ဤမျှထိ အလေးထားစေနိုင်သော လူသည် မည်သူဖြစ်သနည်း။
'စုကျဲလား....'
လျစ်လျူရှုခံရသည်ကို ခံစားမိသဖြင့် ကုချင်းချန်သည် သူမကို အေးစက်စွာ ကြည့်လိုက်ပြီး သူ၏မျက်လုံးများအတွင်းတွင် နာကြည်းမှုနှင့် စိတ်ရှုပ်ထွေးမှုများ ရှိနေသည်။
သူ စေ့စေ့စပ်စပ် စိုက်ကြည့်လိုက်သောအချိန်၌...
ပုံရိပ်တစ်ခုသည် အဝေးမှနေ၍ သူတို့ထံသို့ လျှောက်လှမ်းလာသည်ကို မြင်တွေ့လိုက်ရသည်။
'ယောက်ျားလေးလား...
'တကယ့်ကို ယောက်ျားတစ်ယောက် ဖြစ်နေတာပါလား'
ကုချင်းချန်သည် အချိန်တခဏကြာခန့် ကြက်သေသေသွားပြီး စန္ဒကူးယပ်တောင်ကို ဆုပ်ကိုင်လိုက်၏။
ထို့နောက်....
သူ တစ်ကြိမ်တစ်ခါမျှ မကြားဖူးသော နူးညံ့ညင်သာသည့်အသံတစ်သံကို အမှန်တကယ် ကြားလိုက်ရသည်။
"နင် ရောက်လာပြီလား..."
စိတ်လှုပ်ရှားမှု...
နူးညံ့မှု
ချုပ်တည်းထားသော ပျော်ရွှင်မှု...
ဤသည်မှာ စကားလုံးအနည်းငယ်သာ ဖြစ်သည့်တိုင် ထိုခံစားချက်များ ရောယှက်နေသဖြင့်.....
မိန်းမလှများကြားတွင် လှည့်လည်သွားလာခဲ့ဖူးသော ကုချင်းချန်သည် ဤအချိန်
တခဏအတွင်းတွင် အရာများစွာကို ကြားလိုက်ရသည့်အလားပင်။
သူဆုပ်ကိုင်ထားသော စန္ဒကူးသစ်သားယပ်တောင်မှ အက်ကွဲသံများ ထွက်ပေါ်လာကာသူ၏မျက်လုံးများအတွင်းတွင် ဒေါသအရိပ်အယောင်များ ထင်ဟပ်နေပေ၏။