← Chapters

အခန်း (၉၈၆-၉၉၀)

Vol. 66 Ch. 986-990

အခန်း (၉၈၆-၉၉၀)

Vol. 66 Ch. 986-990

Chapter 986

တိမ်တိုက်များအတွင်းရှိ...

ခန်းမဆောင်အပြင်ဘက်မှ ကျောက်စိမ်းလှေကားထစ်များပေါ်တွင်...

ပိုင်ဖျောင်ဖျောင်သည် အပြုံးနှင့် ကြိုဆိုနေပြီး ရီဖုန်းကလည်း စိတ်အားထက်သန်စွာ ရယ်မောလိုက်သည်။

"မိန်းကလေးပိုင်.... မင်းက အရမ်းယဉ်ကျေးလွန်းနေပြီ....ဒီလောက်ထိ ခမ်းခမ်းနားနားလုပ်ပြီးတော့ လက်ဖက်ရည်သောက်ဖို့ ဒီလောက်ကောင်းတဲ့နေရာကို ရွေးချယ်ခဲ့တယ်... ငါက ဒီလောက်တောင် တခမ်းတနားဧည့်ခံဖို့လိုတဲ့လူ မလို့လား"

လက်ဖက်ရည်သောက်သည့်ကိစ္စကို ရီဖုန်း အမှန်တကယ် သဘောကျသည်။

အရက်သောက်ခြင်းသည် ဒုက္ခဖြစ်စေနိုင်ပေ၏။

လက်ဖက်ရည်သောက်ခြင်းသည် အရေးကြီးကိစ္စများကို ပြောဆိုရန် အခွင့်အရေးကောင်းတစ်ခုပင်။

အစောပိုင်းက သူသည် စကားမည်သို့စရမည်ကို စဉ်းစားနေခဲ့သည်။ ယခုချိန်၌မူ သူသည် လက်ဖက်ရည်သောက်ရင်း စကားစရန် အခွင့်အရေးရှာကာ စုကျဲထံမှ အကူအညီလေးတစ်ခု တောင်းခံရပေမည်။ ဤသည်မှာ သဘာဝကျသော ကိစ္စတစ်ခု မဟုတ်လော...။

'နတ်ဘုရားတွေက ငါ့ကို တကယ်ကြီး ကူညီလိုက်တာပဲ'

ပိုင်ဖျောင်ဖျောင် ကြိုဆိုရန် ထွက်လာသည်ကို မြင်တွေ့ချိန်၌ ရီဖုန်းသည် ပို၍ပို၍ဝမ်းသာလာပေ၏။

ပိုင်ဖျောင်ဖျောင်သည်လည်း ရီဖုန်း စိတ်အားတက်ကြွနေသည်ကို မြင်တွေ့မိသဖြင့် သူမ၏မျက်နှာပေါ်ရှိ ပျော်ရွှင်မှုအရိပ်အယောင်များ ပို၍ပို၍ပီပြင်ထင်ရှားလာသည်။

သူတို့သည် မျက်လုံးချင်းဆုံမိသွားပြီး သူတို့ထံတွင် နွေးထွေးမှုများဖြင့် ပြည့်နှက်နေသည်။

သူတို့နှစ်ဦးသည် ခြေတစ်လှမ်းရှေ့တိုးပြီး သူတို့၏ ဝမ်းသာကြည်နူးဖွယ်ကောင်းသော နံနက်ခင်းလက်ဖက်ရည်ပွဲကို စတင်တော့မည်အပြုတွင်...

ရုတ်တရက် အဝေးမှ အသံတစ်သံ ထွက်ပေါ်လာသည်။

"မင်းက ဘယ်သူလဲ..."

"ဧကရီပိုင်ကိုတောင် ဦးမညွှတ်ဘူး... မင်းက ဘယ်လိုသတ္တိမျိုးနဲ့ ဒီလောက်ထိ မောက်မာရဲတာလဲ..."

ရီဖုန်းက မျက်မှောင်ကြုတ်ပြီး အသံကြားရာနေရာသို့ သူ လှမ်းကြည့်လိုက်၏။

ပိုင်ဖျောင်ဖျောင်၏နောက်ရှိ ခန်းမဆောင်အတွင်းတွင် လူငယ်တစ်ဦး မတ်တတ်ရပ်နေသည်။

ထိုလူငယ်ကို ယောက်ျားဟု ဆိုနိုင်သော်လည်း...

သူသည် အမှန်တကယ်ကို အနည်းငယ်မိန်းမဆန်ပြီး အလွန်အမင်းဖြူဖျော့သော မျက်နှာရှိကာ မျက်နှာချေလိမ်းထားသကဲ့သို့ ဖြစ်နေသည်။ ဤှသည်မှာ သူ၏ယခင်ဘဝမှ 'ရှောင်ကောကော'များနှင့် အနည်းငယ်တူကာ မိတ်ကပ်အထူကြီးလိမ်းထားသကဲ့သို့ မျက်နှာမျိုးရှိသည်။

သူ့ကို မိန်းမလျာဟု ပြောရမည်လော...

ထိုသို့လည်း မထင်ရချေ။

အနည်းဆုံးအနေဖြင့် သူ၏မျက်လုံးများအတွင်းတွင် သိသာထင်ရှားသော ရုန့်ရင်းကြမ်းတမ်းမှုတစ်ခု ရှိနေသည်။ ဤမျှရက်စက်သော မိန်းမတစ်ယောက် အမှန်တကယ် ရှိနေပါက သူသည် ရန်လိုတတ်သော မိန်းမတစ်ဦး ဖြစ်ပေမည်။

ရီဖုန်း၏ နားလည်သဘောပေါက်မှုအရ..

ပိုင်ဖျောင်ဖျောင်သည် အမြဲတစေ နူးညံ့သိမ်မွေ့ပြီး စိတ်သဘောထားဖြူစင်ကာ သူမ၏စကားနှင့်အပြုအမူများသည် ပညာတတ်ဆန်ပြီး ကျိုးကြောင်းဆီလျော်သည်။ သူသည် ရန်လိုတတ်သော မိန်းမတစ်ဦးကို သိကျွမ်းရန်မှာ လုံးလုံးလျားလျားမဖြစ်နိုင်ချေ။

ရီဖုန်းသည် အကြောင်းအရင်းကို တွေးတော၍မရတော့ချေ။

'ငါက ဘယ်လိုလုပ်ပြီး ဒီလိုထူးဆန်းတဲ့လူတစ်ယောက်ကို ရန်စမိသွားတာလဲ'

ထိုလူငယ်ကို တစ်ချက်ကြည့်ပြီးနောက် ရီဖုန်းသည် ချက်ချင်းမတုံ့ပြန်ခဲ့ချေ။

သူသည် ပိုင်ဖျောင်ဖျောင်ကိုကြည့်ပြီး မေးမြန်းလိုက်၏။

"မိန်းကလေးပိုင်....ဒါက မင်းရဲ့သူငယ်ချင်းလား..."

ပိုင်ဖျောင်ဖျောင်၏မျက်နှာပေါ်တွင် တောင်းပန်သောအမူအယာတစ်ရပ် ထင်ဟပ်လာပြီးနောက် အလျှင်အမြန် ရှင်းပြသည်။

"ကျွန်မတို့က သူငယ်ချင်းတွေမဟုတ်ပါဘူး... အသိအကျွမ်းတွေ သက်သက်ပါ"

ဤစကားကို ကြားပြီးနောက် ရီဖုန်း စိတ်သက်သာရာရသွားသည်။ သူတို့သည် သူငယ်ချင်းများ မဟုတ်သောကြောင့် သူသည် ထိုလူငယ်ကို အလွန်အမင်း မျက်နှာသာပေးရန် မလိုအပ်တော့ချေ။

သူတို့နှစ်ယောက်သည် ရှေ့သို့လျှောက်လှမ်းသွားကြကာ မည်သည့်အရာမျှ မဖြစ်ခဲ့သည့်အလား လက်ဖက်ရည်မြည်းစမ်းခြင်းကိုသာ အာရုံစိုက်လိုက်ကြသည်။

သို့ရာတွင်...

ဤတုံ့ပြန်မှုသည် ကုချင်းချန်ကို ပို၍ပင်ဒေါသထွက်သွားစေသည်။

သူသည် သူတော်စင်တစ်ပါးပင်။

ပိုင်ဖျောင်ဖျောင်သည် သူ့အား လျစ်လျူရှုထားလျှင်ပင် ကိစ္စမရှိချေ။

ဤသည်မှာ သူမ၏ဆန္ဒအလျောက် ဖြစ်သည်။

ဤကောင်လေးသည် မည်သည့်နေရာမှရောက်လာမှန်း မသိရသော်လည်း အလွန်မောက်မာပြီး သူ့ကို လျစ်လျူရှုခဲ့သည်။

ဤသည်မှာ သူ့အတွက် အလွန်ကြီးမားသော အရှက်ရမှုတစ်ခုပင်။

ထို့နောက် လူနှစ်ယောက်သည် ဘေးချင်းယှဥ်၍ လျှောက်လှမ်းလာသည်ကို သူ မြင်တွေ့လိုက်ရကာ သူတို့နှစ်ယောက်ကြား၌ တစ်ပေခန့်သာ ကွာဝေးသည်။

ဤကဲ့သို့ နီးကပ်သောအကွာအဝေးသည် ကုချင်းချန်ကို ချက်ချင်းဒေါသထွက်သွားစေပေ၏။

သူ၏လက်များကို နောက်သို့ပစ်ထားပြီး စန္ဒကူးသစ်သားယပ်တောင်ကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်လိုက်သဖြင့် အက်ကွဲသံများ ထွက်ပေါ်နေသည်။

ထို့နောက် သူက ရုတ်တရက် ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။

"သူတော်စင်တစ်ယောက်ကို စော်ကားလို့မရဘူး..."

"မင်းက နိမ့်ကျတဲ့ကျင့်ကြံဆင့်ရှိတဲ့ နိမ့်ကျတဲ့လူတစ်ယောက်ဖြစ်ပေမဲ့ ယဉ်ကျေးမှုမရှိဘူး... မင်းက ဒီသူတော်စင်ကို လျစ်လျူရှုရဲတဲ့အပြင် ဧကရီပိုင်နဲ့တောင် အရမ်းနီးကပ်နေခဲ့တယ်... ဒါက ခွင့်မလွှတ်နိုင်စရာပဲ..."

"ဒီနေ့ ဒီသူတော်စင်က မင်းကို သင်ခန်းစာပေးမယ်.

..."

သူ၏ဟိန်းဟောက်သံမှာ မိုးကြိုးတစ်စင်းအလားပင်။

ပတ်ဝန်းကျင်အခြေအနေသည် ရုတ်တရက် ပြောင်းလဲသွားပေ၏။

မိုးကောင်းကင်မှ လွှမ်းမိုးချုပ်ကိုင်နိုင်သော အားလှိုင်းတစ်ရပ် ကျဆင်းလာပြီး တာအိုလမ်းစဉ်၏ စွမ်းအားများ မြင့်တက်လာကာ မိုးကောင်းကင်ယံရှိ တိမ်တိုက်များပင်လျှင် တလိမ့်လိမ့်ထနေပြီး မြစ်တစ်စင်းကဲ့သို့ စီးဆင်းနေသည်။

ကြည့်နေစဉ်မှာပင်....

ပုရွက်ဆိတ်တစ်ကောင်ကဲ့သို့သော ရီဖုန်းသည် ဤစွမ်းအားလှိုင်း၏ဝါးမြိုခြင်းကို ခံရတော့ပေမည်။

ပိုင်ဖျောင်ဖျောင်က ဒေါသတကြီး ခြေတစ်လှမ်းလှမ်းပြီး သူမ၏လက်များကို ရှေ့သို့ဖြန့်ကားလိုက်ရာ တူညီသော အားလှိုင်းတစ်ရပ် ပွင့်အံ့ထွက်လာသည်။

"စစ်တုရင်သခင်..."

"သခင်လေးရီက ကျွန်မရဲ့ ဂုဏ်သရေရှိဧည့်သည်တော်ပါ... နင်က အရမ်းရိုင်းစိုင်းတာပဲ..."

နူးညံ့သိမ်မွေ့သော အသံတစ်သံ ထွက်ပေါ်လာပြီးနောက် နံဘေးပတ်လည်တွင် ပျံဝဲနေသော ပန်းပွင့်များသည် ပင်လယ်တစ်ခုအဖြစ်သို့ စုဝေးသွားပေ၏။

တိမ်ပင်လယ်နှင့် ပန်းပင်လယ်တို့သည် တစ်ခုနှင့်တစ်ခု ဆန့်ကျင်၍ထိတွေ့မိကာ ကောင်းကင်နှင့်မြေပြင်ပင် အရောင်ပြောင်းလဲသွားသည်။

မူလက ငြိမ်းချမ်းသော တိမ်တိုက်များ ရုတ်တရက် လှုပ်ခတ်လာပြီး မုန်တိုင်းတစ်ခု ကျရောက်လာတော့မည့်အလား လေပြင်းများ တိုက်ခတ်နေသည်။

ကုချင်းချန်၏မျက်လုံးများအတွင်းမှ မနာလိုဝန်တိုမှုများ ပို၍ပင်ပြင်းထန်လာသည်။

ပိုင်ဖျောင်ဖျောင်သည် ဤကောင်လေးအတွက် သူကို ထိပ်တိုက်ရင်ဆိုင်မည်ဟု သူ တစ်ကြိမ်တစ်ခါမျှ တွေးထင်မထားခဲ့ချေ။

သို့ရာတွင် သူမ၏အသံတွင် ဒေါသများရောယှက်နေသဖြင့် ကုချင်းချန်သည် သူ့ကိုယ်သူ ပြန်၍ထိန်းချုပ်လိုက်သည်။ သူ၏အင်္ကျီလက်များကို ပေါ့ပေါ့ပါးပါး ဝှေ့ယမ်းလိုက်သည်နှင့် တဝုန်းဝုန်းလှုပ်ခတ်နေသော စွမ်းအားများ ချက်ချင်းပျောက်ကွယ်သွားပြီး အရာအားလုံး ငြိမ်သက်သွားပေ၏။

လေနှင့်မိုး ရုတ်တရက် ပြောင်းလဲသွားကာ မျက်စိတစ်မှိတ်အတွင်း အရာအားလုံး ပုံမှန်အတိုင်း ပြန်ဖြစ်သွားသည်။

သူ လက်မြှောက်လိုက်သည်နှင့် ကောင်းကင်နှင့်မြေပြင်၏အရောင် တဖန်ပြန်၍ ပြောင်းလဲသွားပေ၏။

ဤသည်မှာ သူတော်စင်များကြားမှ တိုက်ပွဲ၏ ကြောက်မက်ဖွယ်ကောင်းပုံပင်။

ရီဖုန်းသည်လည်း ဤမြင်ကွင်းကြောင့် တုန်လှုပ်သွားပြီး သူ၏နှလုံးသားအတွင်းတွင် အနည်းငယ် မျှော်လင့်တောင့်တမှု ခံစားလိုက်ရသော်လည်း တစ်ချိန်တည်းမှာပင် သူသည် အကြောင်းအရင်းကို အကြမ်းဖျင်းနားလည်သွားသည်။

ဤချောမောခန့်ညားသော ကောင်လေးသည် ပိုင်ဖျောင်ဖျောင်ကို သဘောကျပြီး သူ့အား မနာလိုဖြစ်နေသည်မှာ သိသာထင်ရှားသည်။ ထိုကြောင့် ထိုလူငယ်သည် ဒေါသထွက်ပြီး အကြောင်းပြချက်မရှိဘဲ သူ့ကို တိုက်ခိုက်ခဲ့ခြင်းဖြစ်ပေမည်။

သူတော်စင်များကို မစော်ကားသင့်ဟု သူ ပြောခဲ့သော်လည်း သူဘက်က အရင်ရိုင်းစိုင်းခဲ့သည်မှာ သိသာထင်ရှားသည်။

ဤသည်မှာ တစ်စုံတစ်ယောက်အပေါ် အပြစ်ပုံချရန် နည်းလမ်းကောင်းတစ်ခုပင်။

ဤကောင်လေးသည် စိတ်ထားသေးသိမ်သော်လည်း သူသည် အစစ်အမှန်သူတော်စင်တစ်ပါးဖြစ်ပြီး အလွန်အစွမ်းထက်သည်။

သူ၏အရှိန်အဝါအရကြည့်လျှင် သူ၏ ကျင့်ကြံဆင့်စွမ်းအားသည် ပိုင်ဖျောင်ဖျောင်ထက် အနည်းငယ်ပို၍ မြင့်မားပုံရသည်။

ဤကဲ့သို့ တည်ရှိမှုမျိုးသည် ယခုလောက်ထိ စိတ်ထားသေးသိမ်သလော...

သူသည် ပိုင်ဖျောင်ဖျောင်နှင့် စကားအနည်းငယ်သာ ပြောခဲ့ပြီး သူတို့၏ကြားတွင် နှစ်ပေါင်းများစွာကြာရှည်ခဲ့သော ခင်မင်မှုရှိနေသည်။ သို့ရာတွင် ထိုလူငယ်သည် သူတို့ကြား၌ မလျော်ကန်သော အတွေးတချို့ရှိနေသည်ဟု မှားယွင်းစွာ ထင်မြင်နေပေ၏။

'ဒါက တကယ်ပဲ တုန်လှုပ်စရာကောင်းလိုက်တာ....'

'ဒါက သူတော်စင်တစ်ပါးလား....'

သူ၏ကျင့်ကြံမှုမှလွဲ၍ သူ၏ကိုယ်ရည်ကိုယ်သွေးသည် ကောင်းမွန်ပုံမရချေ။

ရီဖုန်းသည် သူ၏စိတ်အတွင်းမှ စောဒကတက်နေရင်း ရုတ်တရက် အကြံတစ်ခု ရလာသည်။

သူသည် ပိုင်ဖျောင်ဖျောင်အား စုကျဲကို ဖျောင်းဖျပေးရန် အကြောင်းပြချက်တစ်ခု ရှာဖွေနေခဲ့ပြီး ဤကိစ္စအတွက် သူခေါင်းခြောက်နေခဲ့သည်။

သို့ရာတွင် ယခုအချိန်တွင်...

ရီဖုန်းသည် ဤကိစ္စ ပို၍လွယ်ကူသွားသကဲ့သို့ ခံစားလိုက်ရသည်။

သူတော်စင်...

'ငါရှေ့မှာ တစ်ယောက်ရှိနေတာ မဟုတ်ဘူးလား...'

'ငါ စဉ်းစားနေခဲ့တဲ့ ကိစ္စက နောက်ဆုံးတော့ ငါ့ဆီကို ရောက်လာခဲ့ပြီ'

'ဒီကောင်လေးကိုသာ လှုပ်ရှားခွင့်ပြုခဲ့ရင် ဒါက ပြီးပြည့်စုံတဲ့ကိစ္စ မဟုတ်ဘူးလား'

ဤသည်မှာ သူ့အတွက် ဒုက္ခများစွာကို သက်သာစေရုံသာမက ပိုင်ဖျောင်ဖျောင်ကိုလည်း အရှက်ရခြင်းမှ ကာကွယ်ပေးသည်။ ဤကိစ္စသည် အမှန်တကယ်ကို ခဲတစ်လုံးနှင့် ငှက်နှစ်ကောင်ပစ်သည့်အလားပင်။

သူ ချက်ချင်း စိတ်လန်းဆန်းသွားသည်။

'ရီဖုန်း မင်းက တကယ့်ကို ပါရမီရှင်တစ်ယောက်ပဲ'

ရီဖုန်း၏အတွေးများ ရှင်းလင်းနေပြီး သူသည် ဤအဖြစ်အပျက်ကို လုံးလုံးလျားလျား အလေးမထားဘဲ ပို၍ပို၍ စိတ်လှုပ်ရှားလာသည်။

ပိုင်ဖျောင်ဖျောင်က တောင်းပန်သောအမူအယာဖြင့် နောက်ပြန်ကြည့်လိုက်သည်။

"တောင်းပန်ပါတယ်...ဒီကိစ္စ..."

သူမ၏စကားမဆုံးမီမှာပင် ရီဖုန်းက သဘောထားကြီးစွာဖြင့် သူ၏လက်ကို ဝှေ့ယမ်းလိုက်၏။

"ရပါတယ်....ရပါတယ်.... မတိုက်ခိုက်ရင် မရင်းနှီးဘူး"

သူ၏ပေါ့ပေါ့ပါးပါး မှတ်ချက်တစ်ခုက ကြီးမားကျယ်ပြန့်သော စိတ်ထားကို ပြသနေသည်။

ထို့ပြင် ကုချင်းချန်၏ စိတ်ထားသေးသိမ်မှုကိုလည်း ပို၍သိသာထင်ရှားစေသည်။

ကွာခြားချက်မှာ သိသာထင်ရှားပေ၏။

ပိုင်ဖျောင်ဖျောင်သည် ဝမ်းသာသွားပြီး ရီဖုန်းကို ပို၍နူးညံ့ညင်သာသော မျက်လုံးအကြည့်ဖြင့် ကြည့်လိုက်သည်။

သူမသည် တခြားမည်သည့်အရာကိုမျှ အာရုံမစိုက်တော့ချေ။

သူတို့နှစ်ယောက်သား ရှေ့သို့ဆက်လက်ရွေ့လျားပြီး ခန်းမဆောင်ထံသို့ လျှောက်လှမ်းသွားကြသည်။

ကုချင်းချန်သည် ပိုင်ဖျောင်ဖျောင်၏မျက်လုံးများအတွင်း၌ တခြားသူဖြင့် ပြည့်နှက်နေသော အကြည့်မျိုးကို တစ်ကြိမ်တစ်ခါမျှ မမြင်ဖူးခဲ့ချေ။ သူသည် ဒေါသထွက်လွန်းသဖြင့် သူ၏မျက်နှာ ပြာနှမ်းလုနီးပါး ဖြစ်သွားသည်။ သူ၏ ခန့်ညားသောအမူအယာသည် ပျက်ယွင်းသွားပြီး ယခုအချိန်တွင် ပြိုလဲလုနီးပါး ဖြစ်နေလေ၏။

သူ မည်သို့လုပ်ဆောင်ရမည်နည်း....

သူ ရိုင်းစိုင်းခြင်းမပြုမီကတည်းက ပိုင်ဖျောင်ဖျောင်သည် စိတ်မပျော်မရွှင် ဖြစ်နေခဲ့လေပြီ။ ထို့ကြောင့် သူသည် တိတ်တဆိတ်သည်းခံပြီးနောက် ပြန်လည်သင့်မြတ်ရန် အခွင့်အရေးကို ရှာဖွေရပေမည်။

မည်သူ သိနိုင်မည်နည်း...

အစောပိုင်းက ထိုကောင်လေး သူ၏နံဘေးက ဖြတ်သွားစဥ်တွင် သူ့ကို အပြုံးနှင့် ကြည့်သွားခဲ့သည်။

ထိုအကြည့်တွင် ကျေနပ်အားရမှုများဖြင့် ပြည့်နှက်နေသည်။

'ဒါက... ရန်စတာလား...'

ကုချင်းချန်က မျက်မှောင်အနည်းငယ်ကြုတ်လိုက်ပြီး သူ၏မျက်လုံးများအတွင်းတွင် အံ့အားသင့်မှုအရိပ်အယောင်တစ်ရပ် ထင်ဟပ်နေသည်။

အမည်မသိ ကောင်လေးတစ်ယောက်...

ကျင့်ကြံမှု ရုပ်ရည် ပုံပန်းသွင်ပြင်နှင့် မိသားစုနောက်ခံအရဆိုလျှင် မည်သည့်တစ်ခုတွင် ထိုကောင်လေးသည် သူနှင့် နှိုင်းယှဉ်နိုင်မည်နည်း။

ဤကဲ့သို့ သာမန်လူတစ်ယောက်ထံတွင် သူ့ကို စိန်ခေါ်ရဲတဲ့သတ္တိ ရှိနေသလော...

ကုချင်းချန်သည် ဒေါသထွက်လွန်းသဖြင့် အေးစက်စက် နှာမှုတ်လိုက်၏။

"ဟမ့်...."

ထို့နောက် သူသည် ထိုလူငယ်ကို မထီမဲ့မြင်ကြည့်လိုက်သည်။ သူတော်စင်တစ်ပါးအနေဖြင့် သူသည် ထိုကဲ့သို့ နိမ့်ကျသောလူစားမျိုးကို တစ်ကြိမ်တစ်ခါမျှ အလေးမထားဖူးချေ။

ယခင်က သိသာထင်ရှားသော အမှားမျိုးကို သူ ထပ်မံ၍ ကျူးလွန်တော့မည်မဟုတ်ပေ။

ထိုတည်ငြိမ်သော အကြည့်ကိုမြင်လျှင် ရီဖုန်းသည်လည်း ကုချင်းချန်ကို ပို၍အထင်ကြီးစွာ ကြည့်လိုက်သည်။

မည်သို့ပင်ဆိုစေကာမူ သူသည် သူတော်စင်တစ်ပါးဖြစ်သဖြင့် သူ၏စိတ်ကို ပြန်ထိန်းချုပ်နိုင်ပုံရသည်။

ထို့ကြောင့် သူသည် မုန်းတီးမှုကို ဆွဲဆောင်ရန်အတွက် အားထုတ်မှုတချို့လုပ်ရန် လိုအပ်ပေမည်။

'မင်းက မနာလိုဝန်တိုတတ်တဲ့သူပဲ...ဟုတ်တယ်မလား...'

'ဒါဆိုရင် ငါက အားကောင်းတဲ့ အချစ်ပြိုင်ဘက်အဖြစ် သရုပ်ဆောင်ပေးရမှာပေါ့....'

ခန်းမဆောင်အတွင်းသို့ ဝင်ပြီးနောက် ရီဖုန်းက ပြုံးလိုက်သည်။

ထို့နောက် သူသည် ပိုင်ဖျောင်ဖျောင်၏နံဘေးတွင် ထိုင်ချလိုက်ပြီး သူမကို စူးစိုက်၍ကြည့်လိုက်၏။

ဤတစ်ကြိမ်တွင် ကုချင်းချန်၏ မျက်နှာမှာ ညိုမည်းသွားသည်။

ရီဖုန်းထိုင်နေသော နေရာကိုကြည့်ရင်း သူသည် ကျယ်လောင်စွာအော်ဟစ်၍ ဆဲဆိုလိုစိတ်များ ပေါက်ဖွားလာသည်။

'ခွေးမသား....'

ဤသည်မှာ သူ တစ်ကြိမ်တစ်ခါမျှ မကြုံတွေ့ဖူးသော ရင်းနှီးမှုအဆင့်တစ်ခုပင်။

ကုချင်းချန်သည် တိတ်တဆိတ်အံ့ကြိတ်လိုက်ပြီး သူ၏ဒေါသများကို မထိန်းချုပ်နိုင်တော့ချေ။

ပိုင်ဖျောင်ဖျောင်က ရီဖုန်းကို ခေါင်းညိတ်ပြပြီး လက်ဖက်ရည်ငှဲ့ပေးလိုက်ကာ တခြားမည်သည့်အရာကိုမျှ ဂရုမစိုက်သည့်အလားပင်။

ရုတ်ချည်းဆိုသလိုပင်..

ကုချင်းချန်ထံတွင် မကောင်းသော ခံစားချက်တစ်ခု ရရှိလိုက်ပြီး သူ၏နှလုံးသားအတွင်း ဒေါသများ တဖန်ပြန်၍ မီးတောက်လာသည်။

ဤသို့ မဖြစ်သင့်ချေ။

ပိုင်ဖျောင်ဖျောင်သည် တခြားသူများနှင့် ဆက်ဆံရာတွင် တင်းကြပ်ပြီး မည်သည့်အမျိုးသားကိုမျှ သူမ အလေးအနက်မထားခဲ့ချေ။ သူမသည် ပုံမှန်အားဖြင့် နူးညံ့ပြီး သဘောကောင်းသော်လည်း ဤသည်မှာ သူမ၏ယဥ်ကျေးသိမ်မွေ့ပြီး အမူအကျင့်ကောင်းမွန်သော အကျင့်စရိုက်ကြောင့်သာဖြစ်သည်။

ဤကဲ့သို့သော ပါရမီအရည်အချင်းရှိသော မိန်းကလေးတစ်ဦးသည် မည်သည်ကြောင့် သာမန်အမျိုးသားတစ်ဦးနှင့် ဤမျှထိ နီးကပ်စွာ နေနိုင်မည်နည်း။

သူ၏ခန့်မှန်းချက်ကို အတည်မပြုနိုင်သေးမီမှာပင် ရီဖုန်းထံမှ စကားသံထွက်ပေါ်လာသည်။

"မိန်းကလေးပိုင်..."

"ခုဏက လေပြင်းတိုက်နေတော့ မင်းရဲ့ဆံပင်တွေ နည်းနည်းရှုပ်သွားတယ်.."

ပိုင်ဖျောင်ဖျောင်သည် ထိုအသံကိုကြားလျှင် မော့ကြည့်လိုက်ပြီး သူမ၏မျက်လုံးများအတွင်းတွင် စိတ်မသက်မသာဖြစ်သွားသည့် အရိပ်အယောင်တစ်ရပ်ရှိနေသည်။

"တကယ်လား..."

သူမသည် မနက်စောစော အလှပြင်ခဲ့ပြီး ရီဖုန်းနှင့်တွေ့ဆုံအတွက် ပြင်ဆင်မှုများ ပြုလုပ်ခဲ့သည်။ သူမသည် အကြိမ်ကြိမ်ကြိုးစားပြင်ဆင်ပြီးနောက် ရီဖုန်းနှင့်အတူ လက်ဖက်ရည်သောက်နိုင်ခဲ့လေ၏။

ဤမျှအရေးကြီးသော အချိန်အခိုက်အတန့်တွင်...

သူမသည် ကိုယ့်ကိုယ်ကိုယ် အရှက်ရအောင်လုပ်ခဲ့မိသလော..

'ငါ ဘာလုပ်ရမလဲ...'

'ရီဖုန်းက ငါ့အပေါ် မကောင်းတဲ့အမြင်မျိုး ရှိသွားနိုင်လား...'

ပိုင်ဖျောင်ဖျောင် စိုးရိမ်ပူပန်နေစဉ်မှာပင်...

ရီဖုန်းက ကုချင်းချန်ကို တစ်ချက်ကြည့်လိုက်သည်။

ထိုချောမောခန့်ညားသော ကောင်လေး၏မျက်ခုံးများ တွန့်ကွေးသွားသည်ကို မြင်လျှင် သူ နောက်ဆုံးတွင် စိတ်မရှည်တော့ချေ။

သူ လိုအပ်နေသည်မှာ မီးပွားတစ်စပင်။

'မင်းက ငယ်ပါသေးတယ်...'

ရီဖုန်းက ရယ်မောလိုက်ပြီး သူ၏လေသံသည် ပို၍ဖော်ရွေလာပေ၏။

"ပြဿနာမရှိပါဘူး..."

"တိုက်တိုက်ဆိုင်ဆိုင်နဲ့ ငါက အရမ်းခေတ်စားနေတဲ့ ဆံပင်ပုံစံတစ်ခုကို သိထားတယ်..မိန်းကလေးပိုင်က စိတ်မရှိဘူးဆိုရင် ငါ မင်းအတွက် ဆံပင်စည်းပေးချင်တယ်"

ထိုစကားဆုံးသည်နှင့် ကုချင်းချန် မှင်တက်သွားသည်။

ပိုင်ဖျောင်ဖျောင်သည်လည်း ထိတ်လန့်သွားပြီး ဖြည်းညင်းစွာ ခေါင်းမော့ကြည့်လိုက်သည်။

သူမတို့နှစ်ယောက်ကြားရှိ တိုးတက်မှုသည် ဤမျှလျင်မြန်မည်ဟု သူမ တစ်ကြိမ်တစ်ခါမျှ တွေးထင်မထားခဲ့ချေ။

တစ်ရက်တာ အတူရှိနေရုံဖြင့် နှစ်ပေါင်းများစွာ သိကျွမ်းခဲ့ခြင်းထက် ပို၍ကောင်းနေသည်။

ဤသည်မှာ သူမတို့နှစ်ယောက်သည် နှစ်ပေါင်းများစွာကြာအောင် မတွေ့ရသောကြောင့် ဖြစ်နေသလော....

ထိုသို့မဟုတ်ပါက ကုချင်းချန် ထွက်ပေါ်လာခြင်းကြောင့် ရီဖုန်းသည် သူမအပေါ် ဂရုစိုက်နေသလော...

အကယ်၍ ဤအတွေးသာအမှန်ဖြစ်ပါက..

ကုချင်းချန်သည် သူမ၏မျက်လုံးများအတွင်း၌ ယခင်လောက် အမြင်မဆိုးတော့ချေ။ ဆန့်ကျင်ဘက်အနေဖြင့် သူသည် လူကောင်းတစ်ယောက်ပင်။

ရီဖုန်း၏ ကြယ်တာရာကဲ့သို့တောက်ပနေသော မျက်လုံးများကို ကြည့်ရင်း...

အကြည့်ချင်း ဆုံတွေ့မိရုံဖြင့်...

ပိုင်ဖျောင်ဖျောင်သည် ထပ်မံ၍ မကြည့်ရဲတော့ဘဲ ခေါင်းငုံသည်။

သူမသည် နံဘေးပတ်ဝန်းကျင်ရှိ အရာအားလုံးကို မေ့လျော့သွားပြီး သူမ၏နှလုံးသားနှုန်း အလွန်လျှင်မြန်နေသည်ကိုသာ ခံစားလိုက်ရသည်။ သူမ၏နှလုံးခုန်သံကို သူမ ပြန်ကြားရသလောက်နီးပါးပင်။

သူမက ခေါင်းငုံ့ပြီး ဖျော့တော့တော့အသံဖြင့် တုံ့ပြန်အဖြေပေးလိုက်သည်။

"ကောင်း...ကောင်းပြီလေ..."

ပိုင်ဖျောင်ဖျောင်ထံမှ နူးညံ့ညင်သာသော အသံတစ်သံ ထွက်ပေါ်လာသည်။

ကုချင်းချန်သည် မသိစိတ်ဖြင့် လက်များကို အားစိုက်လိုက်ရာ ယပ်တောင်အရိုးသည် နေရာမှာပင် ကြေမွှပျက်စီးသွားပေ၏။

ခရက်....

'ဘာလို့လဲ...'

လူတွေကို အမြဲတမ်း အဝေးမှာထားတတ်တဲ့ ပိုင်ဖျောင်ဖျောင်က ဒီနေ့ကျမှ ဘာလို့ မိန်းကလေးငယ်တစ်ယောက်လို ဖြစ်နေရတာလဲ...'

'မင်းက ဒီကောင်လေးကို ဒီလောက်ထိနီးကပ်ခွင့်ပြုဖို့ ဆန္ဒရှိနေတာလား...'

'ဒီလိုရင်းနှီးမှုက ဘာသဘောလဲ..'

သူ အလွန်အမင်း ဒေါသထွက်နေကာ သူ၏မျက်နှာ ပြာနှမ်းနေလေပြီ။

သို့ရာတွင် တခြားလူနှစ်ယောက်သည် သူ ရှိမနေသကဲ့သို့ ပြုမူနေကြသည်။

ရီဖုန်းက သူ၏လက်များကို သူမ၏ဆံပင်ပေါ်တွင် တင်ထားကာ ပိုင်ဖျောင်ဖျောင်သည် ခေါင်းညိတ်ပြီး စောင့်ဆိုင်းနေသည်ကို သူ မြင်တွေ့မိလေ၏။ သူ၏အိပ်မက်မြင်ကွင်းသည် သူ၏မျက်လုံးရှေ့တွင် ပြသနေသော်လည်း သူ့နေရာတွင် တခြားလူဖြစ်နေသဖြင့် ကုချင်းချန်သည် လုံးလုံးလျားလျား ရူးသွပ်သွားတော့သည်။

သူ ရုတ်တရက် မတ်တတ်ထရပ်လိုက်သည်။

သူသည် အော်ဟစ်ပြီး ရီဖုန်းကို ဒေါသတကြီး လက်ညှိုးထိုးလိုက်ကာ တခြားမည်သည့်အရာကိုမျှ ဂရုမစိုက်တော့ချေ။

"ခွေးမသား...မင်းက ဘယ်သူမို့လို့ ဖျောင်ဖျောင်ကို တပ်မက်ရဲတာလဲ..."

သူ၏စိတ်ကို ထိန်းချုပ်နိုင်မှု ကျိုးပေါက်သွားသည်။

ဤသည်မှာ ကြီးမားသော ထိုးနှက်ချက်တစ်ခုပင်။

သူမည် ပိုင်ဟွမ်ဟုပင် မခေါ်တော့ဘဲ ပိုင်ဖျောင်ဖျောင်ဟု နာမည်ကိုတိုက်ရိုက်ခေါ်ပြီး အလွန်ရင်းနှီးစွာ သုံးနှုန်းနေသည်။

သူသည် အမှန်တကယ်ကို မနာလိုဝန်တိုတတ်သောလူပင်။

ကျယ်လောင်သော အော်ဟစ်သံတစ်သံ ထွက်ပေါ်လာသဖြင့်....

ပိုင်ဖျောင်ဖျောင်သည်လည်း ရုတ်တရက် နိုးထလာပြီး မသိစိတ်ဖြင့် လက်တစ်ဖက်ကို ရီဖုန်းရှေ့တွင် ထားကာ သူ့ကို ကာကွယ်ပေးလိုက်သည်။

ရီဖုန်းသည့် လုံးလုံးလျားလျား ကြောက်ရွံ့ခြင်းမရှိချေ။

သူသည် မီးလောင်ရာလေပင့်လုပ်နေဆဲပင်။

"ငါတို့ကိစ္စကို မင်း စိတ်ပူဖို့မလိုဘူး"

ရီဖုန်းသည် စကားလုံးများကို အားစိုက်၍ ရွေးချယ်သုံးနှုန်းကာ အောင်နိုင်သူအပြုံးမျိုးကို ပြုံးရန် အပြင်းအထန် ကြိုးစားလိုက်သည်။

မျှော်လင့်ထားသည့်အတိုင်း...

ကုချင်းချန်သည် အလွန်ဒေါသထွက်နေသဖြင့် ရီဖုန်းကို လက်ညှိုးငေါက်ငေါက်ထိုးပြီး သူ၏ခန္ဓာကိုယ်တစ်ခုလုံး အနည်းငယ် တုန်ခါနေသည်။

"မင်း..."

"မင်းက သေလမ်းကို ရှာနေတာလား..."

ဤစကားလုံးများသည် ရီဖုန်း၏ နှလုံးသားကို တိုက်ရိုက်ထိမှန်သွားသဖြင့် သူ ချက်ချင်း မတ်တတ်ထရပ်လိုက်၏။

သူ၏မျက်နှာပေါ်ရှိအပြုံး ပို၍ပင် ပီပြင်ထင်ရှားလာသည်။

"အမှန်ပဲ...မင်း အဲ့ဒါကို သိသွားပြီလား"

ကုချင်းချန်သည် ဤပြန်လည်ချေပမှုကြောင့် မှင်တက်သွားသည်။

သူသည် ထိုကဲ့သို့သော လူမိုက်တစ်ဦးကို တစ်ကြိမ်တစ်ခါမျှ မမြင်ဖူးခဲ့ပေ။

ကုချင်းချန်သည် ပိုင်ဖျောင်ဖျောင်ကို တစ်ချက်ကြည့်ပြီးနောက် သူ၏မျက်လုံးများအတွင်းတွင် သတ်ဖြတ်လိုစိတ်များ ထင်ဟပ်လာသည်။

"ကောင်းပြီလေ..."

"နောင်တစ်ချိန်မှာ မင်းက ဒီနေ့လိုပဲ မာနကြီးနိုင်လိမ့်မယ်လို့ ငါ မျှော်လင့်တယ်..."

အေးစက်သော နှာမှုတ်သံနှင့်အတူ သူတော်စင်ကုသည် သူ၏အင်္ကျီလက်များကို ဝှေ့ယမ်းပြီး ခြေတစ်လှမ်းလှမ်းလိုက်ရာ လေဟာနယ်စုတ်ပြဲသွားပြီး ခြေရာလက်ရာမကျန် ပျောက်ကွယ်သွားသည်။

အရာအားလုံး ရုတ်တရက် ရပ်တန့်သွားပေ၏။

'မင်းက အခုထွက်သွားတော့မှာလား...'

'ဟူး....အင်မော်တယ်ကျင့်ကြံသူအားလုံးက မတိုက်ခိုက်ဘဲ ပြင်းထန်တဲ့ စကားလုံးတွေပြောရတာကို ကြိုက်ကြတာလား'

ရီဖုန်းသည် အနည်းငယ် စိတ်ပျက်သွားပြီး စိတ်ဓာတ်ကျစွာဖြင့် ထိုလေဟာနယ်ကို ကြည့်လိုက်သည်။

နံဘေးတွင်ရှိနေသော....

ပိုင်ဖျောင်ဖျောင် နှုတ်ခမ်းကိုက်ပြီး စကားပြောဆိုလိုက်ကာ သူမ၏လေသံတွင် စိုးရိမ်ပူပန်မှုများဖြင့် ပြည့်နှက်နေသည်။

"ရီဖုန်း...နင်က ဒုက္ခကြီးတစ်ခုကို ဖြစ်စေခဲ့မိပြီ"

Chapter 987

ပိုင်ဖျောင်ဖျောင်၏မျက်လုံးများအတွင်းတွင် စိုးရိမ်ပူပန်မှုအရိပ်အယောင်များ ထင်ဟပ်နေသည်။ သူမသည် စကားပြောပြီးနောက် ချက်ချင်းပင် သူမ၏နတ်ဘုရားစိတ်အာရုံကို သတင်းပို့ကျောက်စိမ်းပြားထံသို့ စေလွှတ်လိုက်သည်။ ထို့နောက် သူမသည် ရီဖုန်းကို ကြည့်လိုက်ပြီး သူမ အနည်းငယ် ထိတ်လန့်တကြား လုပ်ခဲ့မိသည်ကို နားလည်သဘောပေါက်သွားပေ၏။

သူမက အလျင်အမြန် ရှင်းပြလိုက်သည်။

"ရီဖုန်း...ကျွန်မက ရှင်ကို အပြစ်တင်ဖို့ မရည်ရွယ်ပါဘူး...ဒါပေမဲ့ ရှင်က အဲ့ဒီလူကို စိတ်ဆိုးအောင်လုပ်ခဲ့တာကြောင့် ဒုက္ခရောက်တော့မယ်..."

သူမ၏မျက်နှာအမူအယာသည် စိုးရိမ်တကြီးဖြစ်နေပြီး သူမ၏လေသံသည် နူးညံ့သိမ်မွေ့နေသည်။

ရီဖုန်းသည် တစ်ချက်ကြည့်ရုံဖြင့် ပိုင်ဖျောင်ဖျောင်သည် သူ့အတွက် စိုးရိမ်နေခြင်းသာဖြစ်ပြီး ထိုချောမောခန့်ညားသောလူငယ်၏ရည်ရွယ်ချက်များကို ဂရုမစိုက်ကြောင်း သိလိုက်သည်။ ပိုင်ဖျောင်ဖျောင် ဤမျှထိ စိတ်လှုပ်ရှားနေသည်ကို မြင်တွေ့ချိန်၌ သူသည်လည်း စူးစမ်းလိုစိတ်များ ပေါက်ဖွားလာသည်။

"တကယ်ပဲ ဒီလောက်ထိ အန္တရာယ်များတာလား..."

ပိုင်ဖျောင်ဖျောင်သည် ထိုမေးခွန်းကိုကြားသည်နှင့် ခေါင်းညိတ်လိုက်ပြီး သူမ၏မျက်နှာအမူအယာသည် အနည်းငယ်ပို၍ တည်ကြည်လေးနက်လာပေ၏။

"ဒီလူရဲ့နာမည်က ကုချင်းချန်... သူက စစ်တုရင်လမ်းစဥ်ကနေတဆင့် တာအိုကို ရရှိခဲ့တယ်... သူက အရမ်းတွက်ချက်တတ်ပြီးတော့ ရက်စက်ကြမ်းကြုတ်တယ်...သူ သူတော်စင်နယ်ပယ်ကို ရောက်နေတာ နှစ်ထောင်ပေါင်းများစွာ ကြာနေခဲ့ပြီးတော့ သူ့ရဲ့ကျင့်ကြံမှုက နက်နဲသိမ်မွေ့တယ်... သူက ရှေးဟောင်းမိသားစုတစ်ခုမှာ မွေးဖွားခဲ့ပြီးတော့ ထူးခြားတဲ့အရည်အချင်းရှိတယ်

.. သူ့ရဲ့အခြေခံအုတ်မြစ်ကို ဘယ်သူမှ မယှဉ်နိုင်ဘူး...သူက ဒီလောက်ထိ ပေါ့ပေါ့ဆဆမနေရင် သူ့ရဲ့ကျင့်ကြံမှုက ပိုပြီးအားကောင်းလောက်တယ်"

"ကုချင်းချန်က နာမည်ဆိုးရှိပြီးတော့ သူ့ရဲ့ကျင့်ကြံမှုကို လျစ်လျူရှုခဲ့ပေမဲ့ သူက နှစ်ထောင်ပေါင်းများစွာအတွင်းမှာ ရှားပါးတဲ့ ပါရမီရှင်တစ်ယောက်ဖြစ်နေတုန်းပဲ.. သူ့ရဲ့ကျင့်ကြံမှုက အရမ်းကြောက်ဖို့ကောင်းလို့ ရှေ့ကစီနီယာတချို့တောင် သူ့ရှေ့မှာ အားငယ်စိတ်ကို ခံစားရတယ်...သူတို့က သူ့အကြောင်း ပြောတဲ့အချိန်မှာ အမြဲတမ်း နောင်တရကြောင်း ထည့်ပြောခဲ့ကြတယ်...စုကျဲကလွဲရင် လွန်ခဲ့တဲ့နှစ်တစ်သောင်းအတွင်း နိုးထလာခဲ့တဲ့ သူတော်စင်တွေထဲမှာ သူနဲ့ယှဉ်နိုင်တဲ့သူမရှိဘူး"

ရီဖုန်းသည် ဤစကားများကို ကြားချိန်၌ အံ့အားသင့်သွားသည်။

ဤချောမောခန့်ညားသော ကောင်လေးသည် ဓားသူတော်စင်နှင့် တန်းတူနီးပါး အားကောင်းနေမည်ဟု သူ အမှန်တကယ်ကို မျှော်လင့်မထားခဲ့ချေ။ သို့ရာတွင် ကုချင်းချန်ထံ၌ အရည်အချင်းမရှိလျှင် ဤမျှထိ မာနကြီးမည်မဟုတ်ပေ။ သူသည် သူတော်စင်၏နေအိမ်တွင် မောက်မာထောင်လွှားရဲပြီး ပိုင်ဖျောင်ဖျောင်ပင်လျှင် သူ့ကို မျက်နှာသာပေးခဲ့ရသည်။ ဤကိစ္စကို ဖုံးကွယ်ထား၍ မရချေ။

အကယ်၍ ဤကဲ့သို့ကိစ္စမျိုး အမှန်တကယ်ရှိနေပါက ကုချင်းချန်သည် ထူးချွန်သော ကိုယ်စားလှယ်လောင်းတစ်ဦးပင်။ သူ မုန်းတီးမှုအောင် လုပ်ခဲ့သမျှသည် အချည်းနှီးမဟုတ်ဟု တွေးထင်ရပေ၏။ သူ၏ရည်မှန်းချက်အတွက် မျှော်လင့်ချက်များ တဖန်ပြန်၍ ရရှိလာလေပြီ။

ထိုအချိန်မှာပင် ပိုင်ဖျောင်ဖျောင်က ဆက်လက်၍ ပြောဆိုသည်။

"လွန်ခဲ့တဲ့နှစ်တစ်ထောင်က ရုပ်ရည်ချောမောခန့်ညားတဲ့ သူတော်စင်အသစ်တစ်ယောက် ရှိခဲ့တယ်လို့ ပြောကြတယ်.... ကုချင်းချန်က သူ့ကို အကြိမ်ရေအများကြီး သွားတွေ့ခဲ့ပေမဲ့ ငြင်းပယ်ခံခဲ့ရတယ်...သူက ဒေါသတကြီးနဲ့ သူတော်စင်အသစ်ရဲ့ ဂူထဲကို ကျူးကျော်ဝင်ရောက်သွားခဲ့တယ်... တခြားသူတော်စင်သုံးပါးက အဲ့ဒီသူတော်စင်အသစ်ကို ကူညီပေးခဲ့ပေမယ့်....သူတော်စင်လေးပါးရဲ့ပူးပေါင်းတိုက်ခိုက်မှုကို သူက တိုက်ကွက်ဆယ်ကွက်နဲ့ အနိုင်ယူနိုင်ခဲ့တယ်..."

"အဲ့ဒီတုန်းက စုကျဲသာ သူ့ကို မတော်တဆမတွေ့ခဲ့ရင် အခြေအနေတွေက ထိန်းမနိုင်သိမ်းမရ ဖြစ်သွားလောက်ပြီ"

"ထူးဆန်းတာက အဲ့ဒီအချိန်ကစပြီး သူတော်စင်အသစ်က ဘယ်တော့မှ မပေါ်လာတော့ဘူး.. ကောလာဟလတွေအရတော့ သူ သေသွားတယ်လို့ ပြောကြတယ်... ဒါပေမဲ့ ဘာဖြစ်ခဲ့တယ်ဆိုတာ ဘယ်သူမှမသိဘူး...ကုချင်းချန်က လှုပ်ရှားခဲ့တယ်ဆိုတဲ့ သက်သေအထောက်အထားလည်း ဘယ်သူ့မှာမှ မရှိဘူး..."

ဤစကားများကိုကြားချိန်၌ ရီဖုန်း၏နှလုံးခုန်နှုန်း လျှင်မြန်လာပြီး သူ ပို၍ပင်စိတ်လှုပ်ရှားသွားသည်။

ဤချောမောသောကောင်လေးသည် အမှန်တကယ်ကို အစွမ်းထက်ပြီး သူ မမျှော်လင့်ထားမိသည့်အဆင့်ထိ သန်မာအားကောင်းသည်။ သူသည် တစ်ချိန်တည်းတွင် သူတော်စင်လေးပါးကို ချေမှုန်းနိုင်ခဲ့ပြီး စုကျဲ ထွက်ပေါ်လာမှသာ အခြေအနေ တည်ငြိမ်သွားခဲ့သည်။ အဓိကအချက်မှာ သူ့တွင် အရန်အစီအစဉ်တစ်ခုရှိပြီး နောက်ဆုံးတွင် ထိုချောမောခန့်ညားသော သူတော်စင်အသစ်ကို သေဆုံးစေခဲ့ခြင်းပင်။

သူသည် အလွန်အစွမ်းထက်ပြီး ရက်စက်သဖြင့် သာမန်လူများ လက်လှမ်းမမီနိုင်သည်မှာ အမှန်ပင်။ အထူးသဖြင့် သူ၏ပန်းတိုင်သို့ မရောက်မချင်း လက်မလျှော့သော သူ၏မောက်မာထောင်လွှားသည့်ပုံစံ ဖြစ်ပေ၏။ သူသည် ပြောင်ပြောင်တင်းတင်းနည်းလမ်းများဖြင့် အလုပ်မဖြစ်ပါက ခိုးကြောင်ခိုးဝှက်နည်းလမ်းများကို အသုံးပြုပေလိမ့်မည်။ ဤကောင်လေး၏ မုန်းတီးခြင်းကိုခံရသော တစ်စုံတစ်ယောက်သည် သေဆုံးရမည်မှာ သေချာပေါက်ပင်။

မျှော်လင့်ထားသည့်အတိုင်း ချောမောခန့်ညားပြီး အကျင့်စရိုက်ကောင်းသော အမျိုးသားများသည် အလွန်ရှားပါးပေ၏။ ပြဇာတ်များအတွင်းတွင် ချောမောခန့်ညားသော ကောင်လေးများအဖြစ် သရုပ်ဆောင်သူများသည် များသောအားဖြင့် လူဆိုးများဖြစ်သည်။ သူတို့အနက်မှ တစ်ယောက်ယောက်ကို ရွေးလိုက်လျှင် သူသည် နာမည်ဆိုးဖြင့် ကျော်ကြားသော သစ္စာဖောက်တစ်ဦးသာ ဖြစ်ပေလိမ့်မည်။

ကုချင်းချန်ထံတွင် အမှန်တကယ်ကို ရာဇဝတ်မှုမှတ်တမ်းရှည်ကြီးရှိကာ သူသည် ကောက်ကျစ်စဉ်းလဲပြီး အတွေ့အကြုံများသည့် ဝါရင့်လူမိုက်ကြီးတစ်ယောက်ပင်။

ဤကဲ့သို့ ဆိုးယုတ်သောလူတစ်ဦး၏ ပစ်မှတ်ထားခြင်းကို ခံရသည်နှင့် ထိုလူ သေဆုံးရပေမည်။ သူတော်စင်များပင်လျှင် ဒုက္ခရောက်နိုင်သည် ဖြစ်သောကြောင့် သူ့ကဲ့သို့ ခြေလှမ်းတစ်ဝက်သူတော်စင်တစ်ယောက်၏ သေခြင်းအတွက် အကောင်းဆုံးကိုယ်စားလှယ်လောင်းဖြစ်ပုံရသည်။

ဤကိစ္စ အဆုံးသတ်တော့ပေမည်။

ရီဖုန်းသည် နားထောင်မိလေလေ သူ ပို၍အလေးအနက်ထားကာ အာရုံစိုက်မိလေလေပင်။ သူ ပို၍ပို၍စိတ်လှုပ်ရှားလာသည်။ သူသည် နောက်ဆုံးတွင် အစွမ်းထက်ပြီး ရက်စက်သော လူငယ်တစ်ယောက်နှင့် တွေ့ဆုံနိုင်ခဲ့လေပြီ။ ဤတစ်ကြိမ်တွင် သူ သေကြောင်းကြံစည်နိုင်မည့် အခွင့်အရေးများ အလွန်အမင်းမြင့်တက်လာခဲ့သည်။

'အရင်က မုန်းတီးမှုက လုံလောက်ပါ့မလား မသိဘူး..ငါ မီးလောင်ရာလေပင့်လုပ်ဖို့ လိုသေးလား....'

ရီဖုန်းသည် နက်ရှိုင်းသော အတွေးများအတွင်းသို့ ကျရောက်သွားပေ၏။

ရီဖုန်း ရုတ်တရက် တိတ်ဆိတ်သွားသည်ကို မြင်တွေ့ချိန်၌ ပိုင်ဖျောင်ဖျောင်သည် အနည်းငယ် စိတ်မကောင်းဖြစ်သွားပြီး သူ ထိတ်လန့်ကြောက်ရွံသွားသည်ဟု တွေးထင်လိုက်သည်။ အချိန်တခဏကြာခန့် တုံ့ဆိုင်းနေပြီးနောက် သူမသည် သူ့ကို နှစ်သိမ့်ပေးလိုက်၏။

"ရီဖုန်း...ရှင် အရမ်းစိုးရိမ်စရာမလိုပါဘူး... ကျွန်မက ကုချင်းချန်ကို သတင်းစကားပို့ပြီးသားပါ...သူ ဘာမှလုပ်ရဲမှာ မဟုတ်ဘူး....ရှင်က ကျွန်မရဲ့နယ်မြေထဲမှာ နေနေသမျှ ကာလပတ်လုံး ဘေးကင်းပါလိမ့်မယ်"

"ရှင် အဆင်ပြေရင် ဒီနေမှာ အချိန်အကြာကြီး နေလို့ရတယ်..."

ထိုစကားအဆုံးတွင် ပိုင်ဖျောင်ဖျောင်၏အသံသည် ပို၍ပို၍တိုးညှင်းသွားပြီး သူမ၏မျက်နှာပေါ်တွင် နီမြန်းမှုအရိပ်အယောင်တစ်ခု ထင်ဟပ်လာသည်။

ကုချင်းချန်သည် အလွန်အစွမ်းထက်ပြီး ကောက်ကျစ်စဉ်းလဲကြောင်း သူမ သိသော်လည်း သူမထံတွင် ကိုယ်ပိုင်ဝှက်ဖဲများရှိနေသဖြင့် တစ်ဖက်လူကို မကြောက်ရွံချေ။ အပြောင်းအလဲတစ်စုံတစ်ရာရှိပါက ရီဖုန်းသည် သူမ၏ကိုယ်ပိုင်နယ်မြေအတွင်းတွင် နေနေသမျှကာလပတ်လုံး သူ ဘေးကင်းပေလိမ့်မည်။

မည်သို့ပင်ဆိုစေကာမူ ကုချင်းချန်သည် အလွန်အန္တရာယ်များပြီး ဤယာယီဖြေရှင်းနည်းသည်ကူကယ်ရာမဲ့သော လှုပ်ရှားမှုတစ်ခုသာဖြစ်သည်။ ဤကိစ္စသည် အနာဂတ်တွင် သတင်းပျံ့သွားလျှင်ပင် မည်သူမျှ ဝေဖန်ရဲမည်မဟုတ်ဘဲ ရီဖုန်းလည်း သဘောတူမည်ဟု သူမ ယုံကြည်သည်။

ထိုသို့ပြောဆိုပြီးနောက် ပိုင်ဖျောင်ဖျောင်သည် အနည်းငယ် ရှက်ရွံ့သွားပြီး သူမ၏ခံစားချက်များကို ထုတ်ဖော်ခံလိုက်ရသကဲ့သို့ ဖြစ်နေသည်။ သူမ၏မျက်လုံးများအတွင်း၌ စိုးရိမ်ထိတ်လန့်မှုအရိပ်အယောင်များ ထင်ဟပ်နေပြီးသူမသည် မည်ကဲ့သို့ ဆက်လက်၍ဖြောင့်ဖျရမည်ကို မသိတော့ချေ။

ပတ်ဝန်းကျင်နေရာတဝိုက်လုံး တိတ်ဆိတ်သွားပြီး သိမ်မွေ့သောအခြေအနေတစ်ခုကို ဖန်တီးခဲ့သည်။

ရီဖုန်းသည်လည်း စိတ်လှုပ်ရှားသွားပေ၏။

တခြားတစ်ဖက်သည် အလွန်ကောက်ကျစ်စဉ်းလဲကြောင်း သိနေသည့်တိုင် ပိုင်ဖျောင်ဖျောင်သည် သူ့ကို အကြိမ်ကြိမ် ကာကွယ်ပေးခဲ့ပြီး သူ့ကို ဤနေရာတွင် အချိန်ကြာမြင့်စွာ နေထိုင်ခွင့်ပြုရန်ပင် ဆန္ဒရှိခဲ့သည်။ အခက်အခဲတွေ့ချိန်တွင် ကူညီခြင်းသည် သူငယ်ချင်းအစစ်ဟု ဆိုကြသည်။ ဤသည်မှာ အမှန်တကယ်ကို မှန်ကန်ပေ၏။အကြွင်းမဲ့မှန်ကန်သော ဆိုရိုးစကားတစ်ခွန်းပင်။

ဤတစ်ကြိမ်တွင် သူသည် ပိုင်ဖျောင်ဖျောင်ကို အမှန်တကယ် နားလည်သွားသည်။ ဤမိန်းကလေး၏စိတ်ထားသည် အလွန်ဖြောင့်မတ်မှန်ကန်ပေ၏။

'ငါတို့က တကယ့်ကို ထာဝရသူငယ်ချင်းတွေပဲ'

သို့ရာတွင် ထိုကုချင်းချန်း အကျင့်စရိုက်ဆိုးသူဖြစ်ပြီး ယခုအချိန်၌ ထိုလူငယ်သည် ပိုင်ဖျောင်ဖျောင်ကို မျက်စေ့ကျနေသည်။ သူ မည်သည်ကြောင့် ငြိမ်ငြိမ်ထိုင်ကြည့်နေနိုင်မည်နည်း။ သူသည်အသက်ရှင်ရန်အတွက် အမျိုးသမီးတစ်ဦး၏နောက်ကွယ်တွင် ပုန်းအောင်းနေမည်မဟုတ်ချေ။

'ငါ မသေချင်ဘူး...ဒါပေမဲ့ ငါက ယောက်ျားတစ်ယောက်ဖြစ်လို့ သတ္တိရှိရှိရင်ဆိုင်ရမယ်'

ရီဖုန်းက စားပွဲခုံကိုရိုက်ပုတ်ပြီး နေရာမှာပင် မတ်တတ်ထရပ်လိုက်သည်။

"ဟမ့်..."

"သူက ကြီးမားတဲ့အောင်မြင်မှုတွေ ရရှိခဲ့ရင်တောင် ဘာဖြစ်လဲ...သူက မကောင်းမှုတွေ အများကြီးကို ကျူးလွန်ခဲ့တဲ့လူဖြစ်တာကြောင့် ဘယ်သူမဆို သူ့ကို အပြစ်ပေးသင့်တယ်...ငါသာ သူ့ကိုရှောင်ပုန်းနေရင် ငါက ယောက်ျားကောင်းတစ်ယောက် ဖြစ်တော့မှာမဟုတ်ဘူး"

"ငါတို့ တစ်ခါပဲ တွေ့ခဲ့ပေမယ့် သူမှာ မသမာတဲ့ရည်ရွယ်ချက်တွေရှိတယ် ဆိုတာကို ငါ မြင်နိုင်တယ်...မင်းက ငါ့အပေါ်မှာ ရိုးရိုးသားသားနဲ့ ကြင်ကြင်နာနာ ဆက်ဆံခဲ့တယ်...ငါက ဘယ်လိုလုပ်ပြီး မင်းရဲ့နောက်ကွယ်မှာ ပုန်းအောင်းနေနိုင်မှာလဲ....အဲ့ဒီလိုသာဆိုရင် အနာဂတ်မှာ ငါမင်းကို ဘယ်လိုလုပ်ပြီး မျက်နှာချင်းဆိုင်နိုင်တော့မှာလဲ"

သူ ဒေါသတကြီးပြောဆိုလိုက်သော စကားများတွင် ဖြောင့်မတ်မှန်ကန်မှုများဖြင့် ပြည့်နှက်နေပေ၏။

ပိုင်ဖျောင်ဖျောင်သည် သူမ ကြားလိုက်ရသောစကားကြောင့် ကြက်သေသေသွားသည်။

သူမ အံ့အားတသင့် မော့ကြည့်လိုက်ရာ ရီဖုန်း၏ ခိုင်မာပြတ်သားသော မျက်နှာအမူအယာကို မြင်တွေ့ရသည်။ သူသည် ဆုံးဖြတ်ချက်ချပြီးဖြစ်သောကြောင့် တခြားသူများ ဖြောင့်ဖျ၍ အသုံးမဝင်တော့သည်မှာ သိသာထင်ရှားသည်။ ပိုင်ဖျောင်ဖျောင်၏မျက်ခွံများ အနည်းငယ် လှုပ်ခတ်သွားပေ၏။

'ငါ့မှာ ပြောစရာစကားလုံးတွေ တစ်ထောင်လောက် ရှိနေပေမယ့် အဲဒါတွေအားလုံးက ငါ့ရဲ့နှလုံးသားထဲမှာ ပိတ်မိနေတယ်'

ကောင်းကျိုးဆိုးကျိုးများကို ရှင်းရှင်းလင်းလင်းသိစေရန်အတွက် သူမသည် ရီဖုန်းအား အရာအားလုံးကို ထုတ်ဖော်ပြောဆိုခဲ့ပြီး သူတော်စင်များကြားမှ လျှို့ဝှက်ဇာတ်လမ်းများကိုပင် ဖွင့်ဟပြောဆိုခဲ့သည်။ ထို့ကြောင့် ကုချင်းချန် မည်မျှထိ အစွမ်းထက်သည်ကို ရီဖုန်း ကောင်းစွာသိရှိပြီး ဖြစ်ပေမည်။

လူတိုင်းသည် ထိုကဲ့သို့ ရက်စက်သောလူတစ်ဦးကို ရှောင်တိမ်းကြပေလိမ့်မည်။ ရီဖုန်းသည် ယခုအချိန်တွင် သူမကို သူ့အားကာကွယ်ပေးရန် အတင်းအကြပ် တောင်းဆိုလျှင်ပင် သူမသည် စိတ်မဆိုးဘဲ သူ၏ဆန္ဒကို လိုက်လျောမိပေလိမ့်မည်။ သူမ၏အမြင်အရ ဤသည်မှာ အကောင်းဆုံးရွေးချယ်မှုဖြစ်ပြီး လူ့သဘာဝလည်းဖြစ်သည်။

သူမ တစ်ကြိမ်တစ်ခါမျှ မျှော်လင့်မထားခဲ့သည်မှာ...

ရီဖုန်းသည် ကုချင်းချန်ကိုရင်ဆိုင်ရန် ဆုံးဖြတ်လိုက်သည့်ကိစ္စပင်။

ရီဖုန်းသည် ခြေလှမ်းတစ်ဝက်သူတော်စင်သာဖြစ်သော်လည်း လုံးလုံးလျားလျားကြောက်ရွံ့မှုမရှိဘဲ ကုချင်းချန်ကို သူကိုယ်တိုင် ရင်ဆိုင်မည်ဟု ပွင့်ပွင့်လင်းလင်း ပြောဆိုခဲ့သည်။

သူ၏ ခိုင်မာပြတ်သားပြီး မယိမ်းမယိုင်သောအကြည့်မှတဆင့် ပိုင်ဖျောင်ဖျောင်သည် အကြွင်းမဲ့ဂရုစိုက်မှုကို ခံစားခဲ့ရပြီးဖြစ်သည်။ ဤှသည်မှာ အသက်သေဆုံးခြင်းဖြင့် မတားဆီးနိုင်သော စစ်မှန်သည့်အချစ်ဖြစ်ပြီး သူ တစစီဆုတ်ဖြဲခံရလျှင်ပင် မပြောင်းလဲနိုင်သော ယောက်ျားပီသသည့်သွေးပင်။

အလှဧကရီတစ်ပါးအတွက် အသက်ကိုစွန့်ခြင်း...

ဤသည်မှာ ယောက်ျားတစ်ဦး၏ စစ်မှန်သည့်သဘာဝပင်။

လောကတွင် သူရဲကောင်းများနှင့် ပါရမီရှင်များဟုခေါ်သော မရေမတွက်နိုင်သည့်လူများ ရှိသော်လည်း သူတော်စင်များပင်လျှင် ကုချင်းချန်ကို ကြောက်ရွံ့ကြသည်။ သို့ရာတွင် ရီဖုန်းကဲ့သို့ ပြတ်သားပြီး ရဲရင့်သူဟူ၍ တခြားမည်သူ ရှိနိုင်မည်နည်း။

ရီဖုန်းသည် သူ၏ကိုယ်ပိုင်လမ်းကြောင်းအတွက် မည်သည့်အရာကိုမဆို လုပ်ဆောင်ပေလိမ့်မည်။

ပိုင်ဖျောင်ဖျောင်၏ ကြည်လင်သော မျက်လုံးများအတွင်း၌ တဖြည်းဖြည်း မြူများဖြင့် ဖုံးလွှမ်းသွားသည်။ သူမသည် ထပ်မံ၍စကားပြောဆိုရန် ရည်ရွယ်ချက်မရှိတော့ချေ။ သူမသည် ရီဖုန်းကိုသာ ကြည့်နေပြီး ဤအချိန်အခိုက်အတန့်ကို သူမ၏စိတ်အတွင်းတွင် မှတ်သားထားသည်။ သူမ ပြောလိုသော စကားလုံးများအားလုံးသည် နူးညံ့သော တုံ့ပြန်မှုတစ်ခုအဖြစ်သို့ ပြောင်းလဲသွားပေ၏။

"အင်း..."

ရီဖုန်းသည် ပိုင်ဖျောင်ဖျောင် သူ့ကို ယုံကြည်သွားသည်အား မြင်ပြီးနောက် စိတ်သက်သာရာရသွားကာ နောက်ဆုံးတွင် ထိုင်ချလိုက်သည်။ သူသည် အလွန်စိတ်လှုပ်ရှားနေသဖြင့် လက်ဖက်ရည်ကို ကောက်ယူပြီး တစ်ကျိုက်တည်း မော့သောက်လိုက်သည်။ သူသည် ဖော်ပြ၍မရနိုင်လောက်အောင် ပျော်ရွှင်နေပြီး သူထံတွင် မျှော်လင့်ချက်များဖြင့် ပြည့်နှက်နေပေ၏။

"ဒီလက်ဖက်ရည်က အရမ်းကောင်းတယ်.... မင်းက ငါ့အပေါ်မှာ အရမ်းကြင်နာတာပဲ.. ဒီလိုစိတ်ပျက်စရာကောင်းတဲ့ ကိစ္စတွေအကြောင်း မပြောဘဲနေကြရအောင်...လက်ဖက်ရည်သောက်ကြစို့"

ထိုအချိန်ကျမှသာ ပိုင်ဖျောင်ဖျောင်သည် သူမ၏ခံစားချက်များကို ပြန်ရုတ်သိမ်းပြီး သူမ၏မျက်နှာ နီမြန်းသွားသည်။ သူမသည် နူးညံညင်သာစွာ လက်ဖက်ရည်ငှဲ့ပေးနေစဉ် ရီဖုန်းက သူမကို တိတ်တဆိတ် အဖော်ပြုပေးနေသည်။ သူတို့နှစ်ဦးသည် တိတ်ဆိတ်စွာ ထိုင်နေကြပြီး မည်သည့်အရာကိုမျှ ဂရုမစိုက်တော့ချေ။ ဤခန်းမဆောင်သည် နယ်ပယ်များအားလုံးမှ ကင်းလွတ်နေသကဲ့သို့ ထင်ရသည်။

သူတို့သည် အကြည့်ချင်း ဆုံမိသွားပြီးနောက်..

ဤအကြည့်တစ်ချက်သည် ထာဝရ တည်မြဲသွားမည့်အရာပင်။

ပိုင်ဖျောင်ဖျောင်သည် ပန်းလေးတစ်ပွင့်ကဲ့သို့ လှပစွာပြုံးလိုက်ပြီး သူမ၏စိတ်နှလုံးသားထဲတွင် တိတ်တဆိတ် ဆုံးဖြတ်ချက်ချလိုက်သည်။ နောင်အနာဂတ်တွင် မည်မျှပင်အန္တရာယ်များစေကာမူ သူမသည် အစွမ်းကုန်ခုခံပြီး သူမအတွက် ရပ်တည်ပေးရန် ဆန္ဒရှိသော ဤအမျိုးသားကို ထိခိုက်ခွင့်ပြုမည် မဟုတ်ချေ။

လက်ဖက်ရည်သည် ရီဖုန်း၏လည်ချောင်းအတွင်းသို့ ဆင်းသွားပြီး သူ၏နှုတ်ခမ်းနှင့်သွားများပေါ်တွင် သင်းပျံ့သောမွှေးရနံ့တစ်ခုကို ချန်ထားခဲ့သည်...

Chapter 988

မိုးကောင်းကင်ယံတွင် ကြယ်တာရာများ ပြည့်နှက်နေသည်။

ညဉ့်နက်လာလေလေ ကြယ်စုံသော ကောင်းကင်ယံသည် နယ်ရုပ်များ ဖြန့်ကျဲထားသော စစ်တုရင်ခုံကြီးတစ်ခုနှင့် တူနေလေလေပင်။ ဤကြယ်ပွင့်များကို လက်တစ်ဖက်ဖြင့် ဆွတ်ခူးယူနိုင်တော့မယောင် ထင်ရပြီး လူတို့အား အဆုံးမဲ့သော စိတ်ကူးများ ပေးစွမ်းနိုင်သည်။ ဤလှပသော ရှုခင်းကို မော့ကြည့်မိချိန်တွင် လူအများထံ၌ စိတ်လှုပ်ရှားမှုများဖြင့် ပြည့်နှက်နေပေလိမ့်မည်။

သို့ရာတွင် ရီဖုန်းကမူ ပြတင်းပေါက်ကို မှီ၍ထိုင်နေရင်း သူ၏မျက်နှာညှိုးငယ်ကာ အတွေးနက်နေသောအမူအယာဖြင့် ရှိနေခဲ့သည်။

အကြောင်းအရင်းမှာ သူ၏စစ်တုရင်ကစားကွက်သည် အဆင်မပြေသောကြောင့်ပင်။

ကုချင်းချန်သည်လည်း ဤနန်းတော်တွင် ယာယီတည်းခိုနေပြီး အရေးကြီးဧည့်သည်တော်အဖြစ် ဧည့်ခံခြင်း ခံနေရသည်ဟု ရီဖုန်း ကြားသိခဲ့သည်။ မည်သို့ပင်ဆိုစေကာမူ သူ၏ အဆင့်အတန်းသည် သာမန်မဟုတ်ချေ။

ထိုအချက်က ရီဖုန်းကို အချိန်အတော်ကြာ ပျော်ရွှင်စေခဲ့သည်။

သို့ရာတွင် သူသည် သူ့ကိုယ်သူ သေကြောင်းကြံရန် အခွင့်အရေးရပြီဟု ထင်ခဲ့သဖြင့် တစ်ညလုံးနီးပါးမအိပ်ဘဲ တစ်ဖက်လူ လှုပ်ရှားလာမည့်အချိန်ကို စောင့်နေခဲ့သည်။

ရလဒ်အနေဖြင့် မည်သည့်လှုပ်ရှားမှု အရိပ်အယောင်မျှ မတွေ့ရချေ။

'မနာလိုဝန်တိုတတ်ပြီး ရန်ငြိုးထားတတ်တဲ့ ကလိမ်ကကျစ်ကောင်က ဘယ်ရောက်သွားတာလဲ....'

'ဒီလိုသာ ဆက်ဖြစ်နေရင် ငါ့ရဲ့အကြံအစည်တွေ ပျက်သွားတော့မှာပဲ....'

ရီဖုန်းသည် အိပ်ငိုက်လာသည်အထိ စောင့်နေသော်လည်း လှုပ်ရှားမှု တစ်စုံတစ်ရာ မရှိသေးချေ။ သူ စိတ်မရှည်နိုင်တော့ဘဲ တွေးတောလိုက်မိသည်။

'ကုချင်းချန်က ပိုင်ဖျောင်ဖျောင်ကို ကြောက်နေလို့ ဒီနေရာမှာ မလှုပ်ရှားရဲတာ ဖြစ်နိုင်မလား...'

'တကယ်လို့သာ အဲ့ဒီလိုဆိုရင်တော့ ငါ နည်းနည်း ရှုံးသွားပြီ.... ဒီမနက် ငါ ကြိုးစားခဲ့သမျှအားလုံး အလဟဿ ဖြစ်သွားတော့မှာပဲ'

နောက်ထပ် နှစ်နာရီခန့် ကြာသွားသည်။

ရီဖုန်းသည် စောင့်ဆိုင်းရင်း ပို၍ပို၍စိတ်မရှည်ဖြစ်လာကာ သူ၏အစီအစဉ် အချည်းနှီးဖြစ်တော့မည်ဟု မြင်ယောင်နေမိသည်။ ယနေ့ ဖြစ်ရပ်များကို ပြန်စဉ်းစားကြည့်မိချိန်တွင် ဤခံစားချက်သည် ပို၍ပြင်းထန်လာပေ၏။ ထိုကုချင်းချန်သည် ဆိုးယုတ်ပြီး အရှက်မရှိသော်လည်း သူသည် အမှန်တကယ် စိတ်ရှည်သည်းခံတတ်ပြီး အခြေအနေများကို မည်သို့ကိုင်တွယ်ရမည်အား သိရှိထားသည်။ သူထံတွင် ချမ်းသာသောမိသားစုမှ သခင်လေးတစ်ယောက်၏အမူအကျင့်မျိုး အမှန်တကယ်ကို ရှိနေပေ၏။

'ဒီအတိုင်းသာ ဆက်သွားနေရင်တော့ ပိုင်ဖျောင်ဖျောင် ပြောသလိုပဲ... အဲ့ဒီကောင်က ဒီနေရာမှာ မလှုပ်ရှားရဲလောက်ဘူး....'

'ဒီလိုတော့ မဖြစ်ဘူး...'

'ငါက မီးလောင်ရာလေပင့် ပေးရမယ်...ဒီအခွင့်အရေးကို လက်လွတ်ခံလို့ မဖြစ်ဘူး..'

အချိန်တခဏကြာ စဉ်းစားပြီးနောက် ရီဖုန်းသည် စားပွဲတွင်ထိုင်လိုက်ပြီး မင်သွေးကာ စုတ်တံကို ကောက်ကိုင်လိုက်သည်။ ထို့နောက် သူသည် သွေးဆူသော လူငယ်တစ်ယောက်အဖြစ် ပြောင်းလဲသွားကာ သူ စဉ်းစားနိုင်သမျှ အရာအားလုံးကို ရေးသားလိုက်သည်။

သူ ကြားဖူးသမျှ စကားလုံးများကို ပြန်သုံးသပ်ပြီးနောက် သူ ဆန္ဒရှိသလောက် မောက်မာထောင်လွှားစွာဖြင့် ရေးချလိုက်သည်။

"သခင်လေးကု... မင်းက မျက်နှာလေး ချောမောခန့်ညားတာနဲ့ ငါ့ရဲ့အချစ်ကို လုယူဖို့မကြိုးစားနဲ့...ငါ့ရဲ့ ဖျောင်ဖျောင်က အပေါ်ယံကို ကြည့်တတ်တဲ့ မိန်းကလေးမဟုတ်ဘူး... အမှန်အတိုင်း ပြောရရင် ငါတို့က ငယ်ငယ်လေးကတည်းက သိခဲ့ကြတာ..."

စုတ်တံကိုကိုင်ကာ လျင်မြန်စွာရေးရင်း ရီဖုန်းသည် စကားလုံးများကို ဆက်လက်၍စဉ်းစားကာ စာကြောင်းတစ်ကြောင်းပြီးတစ်ကြောင်း ရေးသားနေသည်။

"ဖျောင်ဖျောင်နဲ့ငါက ငယ်ကျွမ်းဆွေတွေဖြစ်ပြီးတော့ အတူပေါင်းဖက်ဖို့ သစ္စာဆိုပြီးပြီ... မင်းရဲ့ မျက်နှာမှာ မျက်နှာချေတွေလိမ်းပြီးတော့ ဆံပင်မှာ ဆီတွေလူးထားတဲ့ရုပ်နဲ့ ဟန်ရေးပြချင်ရင်တော့ မင်းက သီချင်းဆို ကခုန်နေတဲ့ လူပြက်တစ်ယောက်လို ဖြစ်သွားလိမ့်မယ်...ဒီသတင်းသာ ပြန့်သွားရင် မင်းကို လူတွေက ဝိုင်းရယ်ကြမှာ သေချာတယ်..."

"မင်းရဲ့ အလှပြင်ထားတဲ့ ရုပ်ကိုကြည့်ရတာ ယောက်ျားတစ်ယောက်ရဲ့သွေး မရှိလောက်ဘူးထင်တယ်... အဲ့ဒီလိုမဟုတ်ရင် မင်းရဲ့အိမ်တော်ကနေ ထွက်လာခဲ့ပါ... နန်းတော်အရှေ့ဘက်က အနက်ရောင်တိမ်ပင်လယ်ထဲက သစ်တောအုပ်မှာ ငါတို့နှစ်ယောက်ရဲ့ကိစ္စကို အပြတ်ရှင်းကြမယ်"

"မှတ်ချက် ...တကယ်လို့ မင်း မလာရင် မင်းက ယောက်ျားမဟုတ်ဘူး...ပြီးတော့ အရာရာတိုင်းမှာ အရည်အချင်းမရှိတဲ့ကောင်ပဲ.."

"ပိုင်ဖျောင်ဖျောင်ရဲ့ ချစ်မြတ်နိုးရသူ....ရီဖုန်း..."

ဤစာကိုတစ်ချက်ကြည့်လိုက်ရုံဖြင့် ကုချင်းချန်အား သွေးတက်သွားစေနိုင်လောက်သည်။

လက်မှတ်ထိုးရန် စုတ်တံကို ကောက်ကိုင်လိုက်ပြီးနောက် သူ ဘယ်လက်ဖြင့် ရေးထားသဖြင့် စောင်းရွဲ့နေသော လက်ရေးကို မြင်တွေ့ချိန်တွင် ရီဖုန်းသည် စိတ်ကျေနပ်စွာဖြင့် ခေါင်းညိတ်လိုက်၏။

သူနှင့်ပိုင်ဖျောင်ဖျောင်ကြားက ဆက်ဆံရေးကို ချဲ့ကားပြောရခြင်းမှာ နာကျည်းမုန်းတီးမှုကို ဆွဲဆောင်ရန်ပင်။

ဆီရွှဲနေသောဆံပင်နှင့် မျက်နှာချေများလိမ်းထားသည့် ထိုလူသည် မည်သည့်အရာအား တွေးနေသည်ကို သူ မည်သည်ကြောင့် နားမလည်ဘဲ နေမည်နည်း။

စာအဆုံးမှာပါသော စိန်ခေါ်မှုနှင့် ပေါင်းလိုက်လျှင် ကုချင်းချန်သာ ယောက်ျားတစ်ယောက်ဆိုလျှင်

သူ သွေးတက်သွားပြီး စိန်ခေါ်မှုကို လက်မခံဘဲနေတော့မည် မဟုတ်ချေ။

ဤနည်းသည် အနည်းငယ်ယုတ်မာသော်လည်း သေချင်နေသော ရီဖုန်းအတွက် တခြားရွေးချယ်စရာ မရှိတော့ချေ။

ထို့ပြင် ဤသည်မှာ သူ၏သူငယ်ချင်းကောင်း ပိုင်ဖျောင်ဖျောင်၏အနာဂတ်နှင့်လည်း သက်ဆိုင်နေသဖြင့် ဤကဲ့သို့ လူမိုက်တစ်ယောက်ကို ဖြေရှင်းသည်မှာ မည်သည့်အမှားအယွင်းမျှ မရှိနိုင်ချေ။ သူ သေလမ်းရှာ၍အောင်မြင်ပြီး အင်မော်တယ်အဆင့်သို့ ရောက်သွားပါက ဤပြဿနာကို လွယ်လင့်တကူ ဖြေရှင်းပေးနိုင်ပေမည်။ ဤသည်မှာ ခဲတစ်လုံးနှင့် ငှက်နှစ်ကောင်ပစ်ရသကဲ့သို့ အလွန်ကောင်းမွန်သော ကိစ္စဖြစ်သဖြင့် သူ မည်သည်ကြောင့် မလုပ်ဘဲ နေရမည်နည်း။

ဤလူမိုက်ကို ရှင်းပစ်ရမည့်ကိစ္စအား သူ တာဝန်ယူလိုက်သည်က ပို၍ကျိုးကြောင်းဆီလျော်ပေမည်။

စိန်ခေါ်စာကို စာအိတ်အတွင်းသို့ ထည့်ပြီးနောက် ရီဖုန်းသည် ခြံဝင်းအပြင်သို့ ထွက်ကာ တံခါးအပြင်ဘက်ရှိ အစေခံအား ညွှန်ကြားချက်တချို့ ပေးလိုက်သည်။

"ဒါက ဖိတ်စာတစ်စောင်ပဲ..ကျေးဇူးပြုပြီး စစ်တုရင်သခင် ကုချင်းချန်ကို ပေးလိုက်ပါ... ပြီးတော့ ရီဖုန်းက သူနဲ့အတူ လက်ဖက်ရည်သောက်ချင်တယ်လို့ သူ့ကို ပြောလိုက်ပါ..."

အစေခံ၏စိတ်နှလုံးသား တုန်ခါသွားပြီးနောက် သူသည် ဦးညွှတ်အရိုအသေပြုကာ ထွက်ခွာသွားလေ၏။

အရာအားလုံး အဆင်ပြေသွားသည်ကို မြင်ချိန်၌ ရီဖုန်းက စိတ်ကျေနပ်စွာဖြင့် ပြုံးလိုက်သည်။ ယနေ့မြင်ခဲ့ရသော ကုချင်းချန်၏ မနာလိုဝန်တိုသည့် အပြုအမူအရ သူသည် ဤစိန်ခေါ်မှုကို ငြင်းပယ်မည် မဟုတ်သည်မှာ သေချာပေါက်ပင်။ သူ အကြောင်းပြန်စာရလျှင် တိုက်ခိုက်ရန် သွားရပေမည်။ သူသာ မီးလောင်ရာလေပင့် ထပ်လုပ်လိုက်လျှင် ထိုကုချင်းချန်သည် ပြင်းထန်သောတိုက်ကွက်များဖြင့် စတင်၍တိုက်ခိုက်မည်မှာ သေချာပေါက်ပင်။

အချိန်မရှိတော့သဖြင့် ရီဖုန်းသည် ချက်ချင်း အခန်းအတွင်းသို့ဝင်ကာ သူ စဉ်းစားနိုင်သမျှ စကားလုံးများအားလုံးကို စနစ်တကျ ပြင်ဆင်ထားလိုက်သည်။

သူ ပြင်ဆင်နေစဉ်မှာပင်...

အစေခံသည် ကုချင်းချန်ရှိရာ ခန်းမထံသို့ သွားနေသော်လည်း လမ်းတွင် သူ ပို၍ သတိထားနေသည်။ သူသည် စာကို အရင်ဖွင့်ဖောက်ပြီး ခပ်မြန်မြန် ကြည့်လိုက်၏။ အစေခံသည် ယနေ့တွင် သူ၏သခင်မ ပိုင်ဖျောင်ဖျောင်ထံမှ ရရှိထားသော အမိန့်ကြောင့် ဤသို့ပြုလုပ်ဝံ့ခြင်း ဖြစ်သည်။ ထိုအမိန့်မှာ ရီဖုန်း၏ပတ်ဝန်းကျင်ကို အလွန်သတိကြီးစွာထား၍ စောင့်ကြပ်ရမည်ဖြစ်ပြီး မည်သည့်ပေါ့ဆမှုမျှ မရှိစေရဟူ၍ပင်။

ဤစာကိုကြည့်လိုက်ရာပြီးနောက် သူ၏မျက်လုံးများ ပြူးကျယ်သွားသည်အထိ အလွန်ထိတ်လန့်တုန်လှုပ်သွားသည်။

'ကိစ္စကြီးတစ်ခု ဖြစ်တော့မယ်...'

အစေခံသည် ဧကရီပိုင်ထံသို့ အရင်သတင်းပို့ရန် ပြင်လိုက်သော်လည်း ပျင်းရိသဖြင့် နန်းတော်အပြင်ဘက်တွင် လမ်းလျှောက်ကာ အပန်းဖြေနေသော ကုချင်းချန်နှင့် လမ်းတွင် ဆုံတွေ့သွားခဲ့သည်။

"ဘာကိစ္စလဲ...."

အစေခံသည် မည်သည့်စကားမျှ မပြောဝံ့ဘဲ ဆင်ခြေတစ်ခုပေးကာ လွတ်အောင်ရှောင်တိမ်းရန် ကြံရွယ်လိုက်သည်။

သို့ရာတွင် ကုချင်းချန်သည် သူတော်စင်တစ်ပါးဖြစ်ပြီး သူထံမှ ထွက်ပေါ်နေသော ခန့်ညားထည်ဝါမှုနှင့် စွမ်းအားအရှိန်အဝါသည် အလွန်ကြီးမားပေ၏။ အစေခံသည် ဉာဏ်အလင်းပွင့်ခြင်းနယ်ပယ်တွင်သာ ရှိသောကြောင့် ထိတ်လန့်ကြောက်ရွံ့ကာ နေရာမှာပင် ကြက်သေသေသွားသည်။ သူသည် သူ့ကိုယ်သူ တည်ငြိမ်အောင် ထိန်းသိမ်းကာ ဟန်ဆောင်စကားတချို့ ပြောလိုက်သော်လည်း သူ၏ဟာကွက်များ ပေါ်သွားပြီဟု တွေးထင်မိသည်။

သို့ရာတွင် အမှန်အားဖြင့် ဤစာကို ကုချင်းချန်က မြင်တွေ့ပြီးသား ဖြစ်နေသည်။

"စစ်တုရင်သခင် ကုချင်းချန်ထံသို့..."

စာအိတ်ပေါ်မှ လက်ရေးကို တစ်ချက်ကြည့်လိုက်ပြီး ကုချင်းချန်က ပေါ့ပေါ့ပါးပါး လက်ညှိုးထိုးလိုက်ရာ ထိုစာသည် သူ့ထံသို့ ပျံ့လွင့်လာပေ၏။

သူ စာအိတ်ကိုဖွင့်ဖောက်ကာ စာကိုဖတ်လိုက်သည်။

ကုချင်းချန်၏မျက်နှာသည် အလွန်အမင်းသုန်မှုန်သွားသည်။ ထိုစာသည် ချက်ချင်းဆိုသလိုပင် မြူမှုန်များအဖြစ်သို့ ပြောင်းလဲကာ လေထုအတွင်းသို့ လွင့်ပြယ်သွားပြီး သူ၏ခန္ဓာကိုယ်သည်လည်း လေဟာနယ်အတွင်းသို့ ပျောက်ကွယ်သွားတော့သည်။

ထိုမြင်ကွင်းကို မြင်တွေ့ချိန်၌...

အစေခံသည် တစ်စုံတစ်ခု မှားယွင်းနေပြီဟု ခံစားမိသဖြင့် နန်းတော်အတွင်းပိုင်းရှိ ဧကရီပိုင်၏အိမ်တော်သို့ အလျင်အမြန် အပြေးသွားလေသည်။

"အရှင်မပိုင်...အရှင်မပိုင်..."

ပိုင်ဖျောင်ဖျောင်သည် ကုချင်းချန်အား လက်လျှော့သွားစေရန် အကြောင်းပြချက်တစ်ခု ရှာဖွေရန် ပြင်ဆင်ရင်း ယနေ့ဖြစ်ရပ်များအကြောင်း စဉ်းစားနေစဉ် ခြံဝင်းအပြင်ဘက်မှ အော်သံကို ရုတ်တရက်ကြားလိုက်ရသဖြင့် မျက်မှောင်ကြုတ်မိလိုက်သည်။

သူမ သူတော်စင်ဖြစ်လာစဥ်မှစ၍ အမြဲတစေလာရောက်လည်ပတ်တတ်သည့် စိတ်အနှောင့်အယှက်ဖြစ်စရာ ကုချင်းချန်မှလွဲ၍ သူမ၏နေရာတွင် မည်သည့်ဆူညံ့မှုမျှ မရှိခဲ့ချေ။ သို့ရာတွင် ယနေ့၌ အလှည့်အပြောင်းများစွာ ဖြစ်ပျက်ခဲ့ပြီးနောက် အစေခံသည် ဤမျှထိ ထိန်းမနိုင်သိမ်းမရ အော်ဟစ်နေသည်။ သူမ၏ စိတ်အတွင်းတွင် မကောင်းသော နိမိတ်တစ်ခုကို ခံစားနေရပေ၏။

သူမ၏စိတ်အတွင်း၌ အတွေးတစ်ခု ထွက်ပေါ်လာသည်နှင့်အတူ...

ပိုင်ဖျောင်ဖျောင်သည် ထိုအစေခံအား တင်းမာသောလေသံဖြင့် ချက်ချင်းဆင့်ခေါ်လိုက်သည်။ အစေခံ၏ပြောပြချက်ကို ကြားချိန်၌ သူမသည် အစပထမတွင် မှင်တက်သွားပြီးနောက် ထိတ်လန့်တကြားဖြင့် သူမ၏မျက်နှာဖြူဖျော့သွားသည်။

ငယ်ကျွမ်းဆွေ..အဆုံးအဖြတ်တိုက်ပွဲ...

ထိုပြင်းထန်သော စကားလုံးများကို ကြားရုံဖြင့် ပိုင်ဖျောင်ဖျောင်၏စိတ်နှလုံးသားသည် ရှုပ်ထွေးသွားပေ၏။ မူလက သူမသည် ရီဖုန်း၏ ရိုးသားမှုနှင့်ရဲစွမ်းသတ္တိကြောင့် စိတ်လှုပ်ရှားခဲ့ပြီး သူ့ကို ဒုက္ခမရောက်စေလိုသောကြောင့် ထိုကိစ္စကို တိတ်တဆိတ် ဖြေရှင်းလိုခဲ့သည်။

မမျှော်လင့်ဘဲ ရီဖုန်းသည်လည်း ထိုသို့တွေးခဲ့ပြီး ဦးစွာလှုပ်ရှားခဲ့သည်။ ခြေလှမ်းတစ်ဝက်သူတော်စင်မျှသာရှိသော ကျင့်ကြံဆင့်ဖြင့် သူသည် စစ်တုရင်သူတော်စင် ကုချင်းချန်ကို တိုက်ရိုက်ရင်ဆိုင်လိုခဲ့သည်။

အရာအားလုံးကို ကြံ့ကြံ့ခံနိုင်သည့် ဤသို့သော ယောက်ျားပီသသော သတ္တိသည် ပိုင်ဖျောင်ဖျောင်ကို လုံးလုံးလျားလျား စိတ်လှုပ်ရှားသွားစေခဲ့သည်။ သူမသည် ဤဘဝတွင် ရီဖုန်းနှင့်တွေ့ဆုံခဲ့ရကာ အလှည့်အပြောင်းများပြီးဆုံးချိန်၌ ပြန်လည်ဆုံစည်းရခြင်းသည် ကောင်းကင်ဘုံကပေးသော ကောင်းချီးမင်္ဂလာဖြစ်သည်ဟု တွေးထင်မိလေ၏။

ကုမိသားစုမှ စစ်တုရင်သူတော်စင်သည် သူမတို့၏လမ်းတွင်တားဆီးနေသည့်တိုင် သူမသည် မည်သည့်အမှားအယွင်းကိုမျှ ဖြစ်ခွင့်ပြုမည်မဟုတ်ချေ။ ရီဖုန်းသည် သူမအတွက် အသက်စွန့်နိုင်လျှင် သူမသည်လည်း သူ့ကို မည်သည်ကြောင့် စိတ်ပျက်အောင် လုပ်နိုင်မည်နည်း။

ပိုင်ဖျောင်ဖျောင်၏မျက်လုံးများအတွင်း၌ ခိုင်မာပြတ်သားသော အရိပ်အယောင်များထင်ဟပ်လာပြီး သူမက အမိန့်ပေးလိုက်သည်။တာအိုအရှိန်အဝါသည် သူမ၏ခန္ဓာကိုယ် နံဘေးပတ်လည်တွင် စီးဆင်းနေပေ၏။

"ဒီအကြောင်းကို ဘယ်သူ့ကိုမှ မပြောနဲ့..."

သူမထံမှ ရှားရှားပါးပါး ထွက်ပေါ်လာသော အမိန့်အာဏာကြောင့် အစေခံများသည် ထိတ်လန့်တုန်လှုပ်စွာဖြင့် ခေါင်းငုံ့လိုက်ကြသည်။

ထို့နောက် ပိုင်ဖျောင်ဖျောင်၏ နတ်ဘုရားစိတ်အာရုံ လှုပ်ရှားသွားခြင်းနှင့်အတူ ခြံဝန်းအတွင်းတွင် ပုံရိပ်တစ်ခု ထွက်ပေါ်လာသည်။ ထိုလူ၏ မျက်လုံးများအတွင်းတွင် ရှုပ်ထွေးမှုများနှင့် အံ့အားသင့်တုန်လှုပ်မှုများ ရှိနေသော်လည်း သူသည် ပိုင်ဖျောင်ဖျောင်ကို အလျှင်အမြန် အရိုအသေပြုလိုက်၏။

"သခင်မလေး...ဘာအရေးကြီးကိစ္စရှိလို့ ခေါ်တာလဲ.... ကျွန်တော်က အခုမှ စပြီးကျင့်ကြံနေတာပါ...ကျွန်တော်က ခုမှ ခြေလှမ်းတစ်ဝက်သူတော်စင်အဆင့်ကို ရောက်ကာစမို့လို့ ကျင့်ကြံဆင့်က မခိုင်မာသေး..."

ရောက်ရှိလာသူ ရှင်းပြသည်ကို မစောင့်ဘဲ ပိုင်ဖျောင်ဖျောင်သည် မတ်တတ်ထရပ်ကာ သူ့အား အလွန်တင်းမာခက်ထန်သော အမူအယာဖြင့် ကြည့်လိုက်သည်။

"အခု ဂူထဲမှာ ကျန်နေတဲ့ အစွမ်းထက်ဆုံး ဝင်္ကပါစာလိပ်က ဘာလဲ...."

အဘိုးအိုသည် အံ့အားသွားသော်လည်း အမှန်အတိုင်း ပြန်ဖြေလိုက်သည်။

"သခင်မလေး...အခုကျန်နေတဲ့ အစွမ်းထက်ဆုံး ဝင်္ကပါက မဟာတောနက်ခုနစ်သွယ် အကြွင်းမဲ့ဝင်္ကပါပဲ... ဒီဝင်္ကပါက ရှေးခေတ်ကတည်းက လက်ဆင့်ကမ်းလာခဲ့ပြီး စွမ်းအားပြင်းထန်တဲ့ သူတော်စင်အဆင့်ဝင်္ကပါတစ်ခုပါ... အဲ့ဒီစာလိပ်ကို မြင့်မြတ်နယ်မြေရဲ့ရတနာတိုက်ထဲမှာ ချိတ်ပိတ်ထားပြီးတော့ အလွယ်တကူ သုံးလို့မရပါဘူး.... ဒီဝင်္ကပါကို တစ်ခါသုံးလိုက်ရင် သူတော်စင်တစ်ပါးတောင် အချိန်တခဏအတွင်းမှာ လွတ်မြောက်နိုင်ဖို့ ခက်ခဲလိမ့်မယ်..."

သူ၏စကားမဆုံးမီမှာပင် ပိုင်ဖျောင်ဖျောင်က လေသံမာမာဖြင့် ပြောဆိုလိုက်သည်။

"အဲ့ဒီဝင်္ကပါစာလိပ်ကို ရတနာတိုက်ထဲကနေ ထုတ်ခဲ့ပါ"

အဘိုးအိုသည် ကြက်သေသေသွားလေ၏။

မဟာတောနက်ခုနစ်သွယ် အကြွင်းမဲ့ဝင်္ကပါ၏ စွမ်းအားသည် ကြောက်မက်ဖွယ်ကောင်းသော်လည်း ထိုအရာကို စာလိပ်အတွင်းတွင် ချိတ်ပိတ်ထားပြီး တစ်ကြိမ်သာ သုံးနိုင်သဖြင့် အလွန်အဖိုးတန်ရှားပါးသည်။

ဧကရီပိုင်သည် မည်သည်ကြောင့် ဤကဲ့သို့ အရာတစ်ခုကို ဤမျှထိ ပေါ့ပေါ့ဆဆသုံးရန် ဆုံးဖြတ်လိုက်သနည်း....

အဘိုးအိုသည် အလွန်တုန်လှုပ်သွားပြီး တစ်စုံတစ်ခုမေးချင်သော်လည်း ဧကရီပိုင်၏ ခိုင်မာပြတ်သားသော မျက်လုံးများကို မြင်တွေ့ချိန်၌ သူသည် ခေါင်းညိတ်ရုံမှတပါး တခြားရွေးချယ်စရာမရှိတော့ပေ။ အဘိုးအိုသည် ချက်ချင်းပျောက်ကွယ်သွားပြီး အချိန်တခဏအကြာတွင် သူသည် စာလိပ်ကိုယူဆောင်ကာ ပြန်ရောက်လာသည်။

သူသည် ဧကရီပိုင်မှ စာလိပ်ကို ယူကာ လေဟာနယ်ကို ဆုတ်ဖြဲပြီး ထွက်ခွာသွားသည်ကို ကြည့်နေမိလေ၏။

အဘိုးအို ကြက်သေသေသွားသည်။

ရှေးဟောင်းဝင်္ကပါတစ်ခုကို သူတော်စင်အဆင့်မဟုတ်သူများနှင့် တိုက်ပွဲများတွင် သုံးရန်မလိုအပ်ချေ။

'ဧကရီပိုင်ကို ဒီလောက်ထိ စိတ်လောစေပြီးတော့ ဒီလောက်စွမ်းအားကြီးတဲ့ အရာကိုပါ အသုံးချစေတဲ့အထိ ဘယ်လိုကိစ္စကြီး ဖြစ်ခဲ့တာလဲ... ကြောက်ဖို့ကောင်းတဲ့ ကပ်ဘေးကြီးတစ်ခု ကျရောက်တော့မှာလား...'

Chapter 989

တိမ်ပင်လယ်သည် လရောင်ဖြင့် ထွန်းလင်းနေပေ၏။

ပိုင်ဟွမ်ဂူ၏အရှေ့ဘက်တွင် ထူထပ်သိပ်သည်းသော တောအုပ်များ ဖုံးအုပ်နေပြီး မြူခိုးပင်လယ်တစ်ခုက ရစ်သိုင်းလွှမ်းခြုံထားသည်။ ထိုနေရာပေါ်သို့ လရောင်ဖြာကျလာချိန်၌ ဤသည်မှာ လောကကြီးအတွင်းရှိရှိ အလှပဆုံး သုခဘုံရှုခင်းများအနက်မှ တစ်ခုပင်။

ကုချင်းချန်သည် လက်နောက်ပစ်ကာ အချိန်အတော်ကြာ စောင့်ဆိုင်းနေခဲ့ပြီးနောက် သူ၏မျက်နှာပေါ်တွင် စိတ်မရှည်သည့် အရိပ်အယောင်များ ထင်ဟပ်နေလေပြီ။ သူသည် အံ့ကြိတ်ကာ မျက်လုံးစုံမှိတ်ထားရင်း သူ၏ဒေါသများ တဖြည်းဖြည်း ပြင်းထန်လာကာ လူသတ်ချင်စိတ်ပင် ပေါက်နေလေ၏။

ထိုအချိန်အခိုက်အတန့်မှာပင်..

သူတော်စင်တစ်ပါး ချဉ်းကပ်လာသည့်အလား ပတ်ဝန်းကျင်ရှိ လေထုအတွင်းတွင် လှိုင်းဂယက်များ ထွက်ပေါ်လာသည်။

ကုချင်းချန်သည် သူ၏မျက်လုံးများကိုဖွင့်ကာ သူ၏ရှေ့မှ လေဟာနယ်ကို ကြည့်လိုက်သည်။ သူ၏မျက်လုံးများအတွင်းတွင် အံ့အားသင့်မှု အရိပ်အယောင်တစ်ရပ် ဖြတ်ပြေးသွားပြီးနောက် မထီမဲ့မြင်ပြုမှုနှင့် ဒေါသတို့ ရောယှက်သွားပေ၏။။ သူထံ၌ သတ်ဖြတ်လိုသော စိတ်ဆန္ဒများ လုံးလုံးလျားလျား ပြင်းထန်နေလေပြီ။ ထိုလူသည် သူ၏ကျင့်ကြံဆင့်ကို ဖုံးကွယ်ထားသည့်တိုင် သူသည် သေလမ်းကိုသာ ရွေးနှင့်ပြီးသား ဖြစ်သည်။

သာမန်သူတော်စင်များသည် သူ၏မျက်လုံးအတွင်းတွင် ပုရွက်ဆိတ်များနှင့် ထပ်တူထပ်မျှပင်။

သို့ရာတွင် အဖြူရောင်ဝတ်စုံဝတ် အမျိုးသမီးတစ်ဦး လေဟာနယ်အတွင်းမှ လျှောက်လှမ်းထွက်လာသည်။ သူ နေ့နေ့ညည တွေးတောနေခဲ့ရသူသည် သူ၏ရှေ့တွင် မတ်တတ်ရပ်နေသည်ကို မြင်တွေ့ချိန်၌ ကုချင်းချန်၏မျက်လုံးများ ပြူးကျယ်သွားကာ သူ၏အံ့အားသင့်မှု ပို၍ပြင်းထန်လာပြီးနောက် ပြုံးလိုက်သည်။ သူ၏အပြုံးတွင် အရာအားလုံးကို ထွင်းဖောက်မြင်နိုင်သော ယုံကြည်မှုအလင်းရောင်များ ထင်ဟပ်နေပေ၏။

"ဒါက ဧကရီပိုင်ကိုယ်တိုင် ဖြစ်နေတာပါလား..."

"ငါက ခြေလှမ်းတစ်ဝက်သူတော်စင်တစ်ဆီက စိန်ခေါ်စာလို့ ထင်နေတာ...ဒါပေမဲ့ မင်း ဖြစ်နေတာပဲ...ဒီအရာအားလုံးက မင်းရဲ့လက်ချက်ပဲ ဖြစ်ပုံရတယ်....သူ့အတွက် တောင်းပန်ချင်ရင် မင်း ဘာလို့ ဒီလောက်တောင် ဒုက္ခခံနေရတာလဲ"

"ဖျောင်ဖျောင်...ငါ မင်းကို ဘယ်လောက်ထိ သဘောကျတယ်ဆိုတာ မင်း သိပါတယ်....ဘာပဲဖြစ်ဖြစ် မင်းရဲ့စကားတစ်ခွန်းတည်းနဲ့ ငါ သဘောတူမှာပဲ...ဘာလို့ ဒီလောက်တောင် အလုပ်ရှုပ်ခံနေတာလဲ..."

စကားအနည်းငယ်အတွင်းမှာပင် ပြင်းထန်သော အစပျိုးမှုသည် နက်ရှိုင်းသော ချစ်ခင်မြတ်နိုးမှုအဖြစ်သို့ ပြောင်းလဲသွားသည်။ သူ့ထံတွင် စိုးမိုးနိုင်သော အရှိန်အဝါတစ်ရပ်ရှိနေကာ သာမန်လူများ ခုခံရန်ခက်ခဲသော သူ့ကိုယ်သူယုံကြည်မှုယဉ်ကျေးသိမ်မွေ့မှုနှင့် အစွမ်းထက်မှုတို့ ပါဝင်နေသည်။

သူသည် စကားလုံးများကို အသုံးပြုပြီးနောက် အကွာအဝေးကို မသိမသာ နီးကပ်စေခဲ့သည်။ သာမန်အမျိုးသမီးတစ်ဦးသာ သူ့ကို မြင်တွေ့မိပါက ဤကဲ့သို့အမူအယာကြောင့် သေချာပေါက် ဆွဲဆောင်ခြင်း ခံရပေလိမ့်မည်။

ပန်းပေါင်းများစွာကြား လှည့်ပတ်ခဲ့ဖူးသော ကုချင်းချန်သည် ဤကိစ္စတွင် အမှန်တကယ် ထူးချွန်သည်ဟု ဆိုရပေမည်။

ကံမကောင်းစွာဖြင့် ပိုင်ဖျောင်ဖျောင်သည် ကုချင်းချန်နှင့်ပတ်သက်၍ များစွာကြားသိထားပြီး သူ၏ဟန်ဆောင်မှုကို ယခင်ကတည်းက ထွင်းဖောက်မြင်ပြီးဖြစ်သည်။ သူမသည် သူ့အပေါ် အမြဲတစေ သတိထားနေခဲ့ပြီး ယခုအချိန်အခိုက်အတန့်တွင် အေးစက်စက်လေသံဖြင့် ပြောဆိုလိုက်၏။

"စစ်တုရင်သူတော်စင်... ရှင် နားလည်မှုလွဲနေပြီ..."

"ကျွန်မ ဒီကိုလာတာ ရီဖုန်းအတွက် တောင်းပန်ဖို့ မဟုတ်ဘူး... ဒီကိစ္စကို အဆုံးသတ်ဖို့ပဲ..."

အဆုံးသတ်ဖို့ဟု ဆိုသလော....

အေးစက်သောစကားလုံးများကြောင့် ကုချင်းချန်သည် မှင်တက်သွားပြီးနောက် ပိုင်ဖျောင်ဖျောင်၏ခိုင်မာပြတ်သားသည့် အကြည့်ကို သူမြင်လိုက်ရသည်။ သူ၏ရှေ့မှ အလှပဂေးလေးကို ကြည့်ရင်း ကုချင်းချန်၏မျက်လုံးအတွင်းမှ အပြုံးသည် ပို၍ပြင်းထန်လာပေ၏။

"ဖျောင်ဖျောင်...."

"ငါ့နောက်ကို လိုက်ချင်တဲ့ မိန်းမတွေ ဘယ်လောက်ထိများလဲဆိုတာ မင်း သိလား... ဒါပေမဲ့ ငါက သူတို့ကို တစ်ချက်လေးတောင် လှည့်မကြည့်ခဲ့ဘူး...သူတို့တွေက ရိုင်းစိုင်းတဲ့ မိန်းမတစ်စုပဲ..."

"ဒါပေမဲ့ မင်းကတော့ မတူဘူး... မင်းက အမြဲတမ်း ခေါင်းမာပြီး အေးစက်ပေမယ့် အရမ်းအရည်အချင်းရှိပြီး လှပချောမောတယ်... မင်းက ငါ့ရဲ့နှလုံးသားကို တကယ်ပဲ သိမ်းပိုက်နိုင်ခဲ့တယ်....ငါ မင်းကို အရမ်းလေးစားတယ်.... ဒါကြောင့် ငါ ဘယ်တုန်းကမှ အတင်းအကြပ် မလုပ်ခဲ့ဘူး"

"ဒါပေမဲ့ မင်းလည်း သတိထားသင့်တယ်.... ငါတို့နှစ်ယောက်လုံးက သူတော်စင်တွေ ဖြစ်ပေမယ့် မင်းက အခုမှ နိုးထလာကာစမို့ အခြေခံက မခိုင်မာသေးဘူး...ငါ မင်းကို ဒုက္ခမရှာဖို့ အကြံပေးချင်တယ်.... ပြီးတော့ ဒီသူတော်စင်ရဲ့ သည်းခံမှုကိုလည်း စိတ်မပျက်စေနဲ့..."

သူ၏ယုံကြည်မှုရှိသော အပြုံးသည် အလွန်တောက်ပနေပြီး လရောင်အောက်တွင် ထင်ဟပ်နေသော သူ၏ ဖြူဖွေးသော မျက်နှာသည် လူကို အေးစက်သွားစေလောက်အောင် မိန်းမဆန်သည်။

ပိုင်ဖျောင်ဖျောင်သည် ထိတ်လန့်တုန်လှုပ်သွားခြင်း မရှိချေ။

သူမ၏ကျောက်စိမ်းကဲ့သို့ နူးညံချောမွတ်သော လက်သည် ကျယ်ပြန့်သောအင်္ကျီလက်အတွင်းမှ ထွက်လာပြီး သူမ၏လက်ချောင်းများကို လှုပ်ခတ်လိုက်သည်။ ရုတ်ချည်းဆိုသလိုပင် တာအိုလမ်းစဉ်၏စွမ်းအားများ စု

စည်းလာပြီး တောက်ပသောလမင်းသည် ပန်းပင်လယ်ဖြင့် ဖုံးကွယ်သွားပေ၏။

ထိုလှုပ်ရှားမှုကို မြင်တွေ့ချိန်၌....

ကုချင်းချန်သည် သနားကရုဏာသက်သည့် အကြည့်ဖြင့် ထိုမိန်းမလှလေးကိုကြည့်ပြီး ဂုဏ်ယူဝံ့ကြွားစွာ ရယ်မောလိုက်သည်။

"ဖျောင်ဖျောင်..မင်း ကိုယ့်ကိုယ်ကိုယ် သိပ်ပြီးအထင်မကြီးနဲ့...မဟုတ်ရင် မင်း နာကျင်ရလိမ့်မယ်..."

သူ ရယ်မောနေစဉ်မှာပင်..

ရှေးဟောင်းစာလိပ်တစ်ခုသည် အဖြူရောင်အင်္ကျီလက်အတွင်းမှ ပျံ့လွင့်လာသည်ကို သူ မြင်တွေ့လိုက်ရသည်။ ဤစာလိပ်တွင် တာအိုလမ်းစဉ်၏စွမ်းအားများ လွှမ်းခြုံနေပြီး မရေမတွက်နိုင်သော စာလုံးများသည် လေထုတွင် ပေါ်လာကာ လျှို့ဝှက်နက်နဲပြီး ရှေးကျသော အငွေ့အသက်များ ထုတ်လွှတ်နေသည်။ ထို့နောက် စာလိပ်မှနေ၍ သားရဲတစ်ကောင်၏ ဟိန်းဟောက်သံကဲ့သို့ အလွန်ကျယ်လောင်သော အသံတစ်သံ ထွက်ပေါ်လာပေ၏။

ရုတ်ချည်းဆိုသလိုပင်။

ကုချင်းချန်၏မျက်လုံးအကြည့်သည် ရုတ်တရက် တည်ကြည်လေးနက် သွားပြီး သူသည် သူမကို ကြည့်ကာ စကားပြောဆိုလိုက်သည်။

"ရှေးဟောင်းဝင်္ကပါ.... မင်း..."

နောက်ထပ်အချိန်တခဏမှာပင်...

ထိုမရေမတွက်နိုင်သော ရွှေရောင်စာလုံးများသည် စက်ဝိုင်းတစ်ခုအဖြစ် စုစည်းသွားပြီး တောက်ပသော လမင်းအလင်းရောင်ကို လုံးလုံးလျားလျား ပိတ်ဆို့လိုက်သည်။ ထိုအရာမှနေ၍ နေရောင်ခြည်ကဲ့သို့ ရွှေရောင်အလင်းတန်းများ ဖြာထွက်လာကာ အလင်းတန်းခုနစ်ခုသည် မိုးကောင်းကင်ယံမှ ကျဆင်းလာပေ၏။

ကြောက်မက်ဖွယ်ကောင်းသော ရွှေရောင်အလင်းတန်းများ ကျဆင်းလာသည်ကို မြင်တွေ့ချိန်တွင် ကုချင်းချန်၏မျက်နှာအမူအယာ ရုတ်တရက် ပြောင်းလဲသွားသည်။ သူသည် သူ၏ခန္ဓာကိုယ်အတွင်းရှိ တာအိုစွမ်းအားများကို လှည့်ပတ်ပြီး သူ၏ဆံပင်များ ပြင်းပြင်းထန်ထန် ပျံ့လွင့်နေကာ ကျယ်လောင်စွာအော်ဟစ်လိုက်သည်။

"ပိုင်ဖျောင်ဖျောင်...မင်း... မိန်းမယုတ်... ငါ့အပေါ်မှာ မဟာတောနက်ခုနစ်သွယ် အကြွင်းမဲ့ဝင်္ကပါကို သုံးရဲတယ်...."

“အား...”

…

ပိုင်ဟွမ်ဂူ၏အလယ်ဗဟိုရှိ....

လှပသော ခြံဝန်းတစ်ခုအတွင်းတွင်....

ရီဖုန်းသည် စောင့်မျှော်ရင်း အကြိမ်ကြိမ် ခေါင်းငိုက်စိုက်ကျနေကာ အိပ်ပျော်သွားတော့မည့်အလားပင်။

"စိုးရိမ်တကြီး မျှော်လင့်နေသည်" ဟူသော စကားလုံးများသည် ယခုအချိန်တွင် သူ၏စိတ်အခြေအနေကို အမှန်တကယ် ဖော်ပြနိုင်သည်။ အမှန်အတိုင်းပြောရလျှင် ရီဖုန်းသည် သူ၏ဘဝတွင် ချောမောခန့်ညားသော ကောင်လေးတစ်ယောက်ထံမှ အကြောင်းပြန်စာကို ဤမျှထိ စိတ်အားထက်သန်စွာ မစောင့်ခဲ့ဖူးပေ။ ဤကိစ္စသည် ထူးဆန်းသည်ဟု ထင်ရသော်လည်း အမှန်တရားပင်။

လရောင်သည် မှိန်ဖျော့နေပြီး ညဉ့်နက်နေပြီမှာ သိသာထင်ရှားသည်။ ရီဖုန်း၏မျက်လုံးများအတွင်းတွင် စိတ်ပျက်မှု အရိပ်အယောင်တချို့ ထင်ဟပ်လာပေ၏။ ဆီရွှဲနေသောဆံပင် မျက်နှာချေများလိမ်းထားသော မျက်နှာနှင့် ထိုချောမောခန့်ညားသည့် ကောင်လေးသည် အမှန်တကယ်အားဖြင့် ဒေါသကြီးခြင်းမရှိမည်ဟု သူ မျှော်လင့်မထားမိချေ။

ပိုင်ဖျောင်ဖျောင်ကို သူ မည်မျှထိ ချစ်ကြိုက်နေပါစေ လုံးလုံးလျားလျား သတ္တိမရှိသည်အထိ မဖြစ်သင့်ချေ။သူ စိန်ခေါ်စာ ရေးပို့ခဲ့သည့်တိုင် ကုချင်းချန်သည် စိတ်ထိန်းနိုင်ခဲ့သည်။

သူ၏စိတ်ရှည်သည်းခံမှုသည် နှစ်တစ်ထောင်လိပ်များကပင် သူ့ကို ဆရာတင်ရလောက်သည်။

ကလိမ်ကကျစ် သူတော်စင်အဘိုးကြီးဟု ဆိုသည့်အတိုင်းပင် ကုချင်းချန်သည် မယုံနိုင်လောက်အောင် အကြံအစည်ကြီးပြီး အနည်းငယ်ကိုင်တွယ်ရခက်ပေ၏။

ရီဖုန်း သက်ပြင်းချနေစဉ်မှာပင်...

ခြံဝန်းထဲတွင် ပုံရိပ်တစ်ခု ထွက်ပေါ်လာပြီး နောက်ဆုံး၌ သူ မျှော်လင့်နေသော အာရုံစိုက်မှုကို ဆွဲဆောင်နိုင်ခဲ့သည်။ သို့ရာတွင် ပိုင်ဖျောင်ဖျောင်သည် နူးညံ့ညင်သာသော အပြုံးဖြင့် သူ့ထံ လျှောက်လှမ်းလာသည်ကို မြင်တွေ့ချိန်၌ ရီဖုန်း၏မျက်လုံးအတွင်းမှ အလင်းရောင်များ ပျောက်ကွယ်သွားပြီး အနေရခက်သော အပြုံးတစ်ခုသာ ကျန်ရစ်ခဲ့သည်။

သူသည် ရှေ့သို့တိုးပြီး ပိုင်ဖျောင်ဖျောင်ကို အပြုံးနှင့်နှုတ်ဆက်လိုက်သည်။

"မိန်းကလေးပိုင်...ဒီလောက်ညဉ့်နက်ကြီးမှာ ဒီနေရာကို ဘာလာလုပ်တာလဲ"

ရီဖုန်း၏ အတင်းလုပ်ယူထားသော အပြုံးကို မြင်တွေ့သော်လည်း ပိုင်ဖျောင်ဖျောင်သည် စိတ်ဆိုးသွားခြင်းမရှိဘဲ ပို၍ပင်စိတ်လှုပ်ရှားသွားသည်။ ဤအခြေအနေမျိုးသို့ ရောက်နေသည့်တိုင် သူသည် အရာရာကို အတင်းအကြပ်ကြိုးစားပြီး လုပ်ဆောင်နေဆဲပင်။ ဤကဲ့သို့ခေါင်းမာမှုမျိုးသည် သူမအား အမှန်တကယ်ကို စိတ်ထိခိုက်စေပြီး ရင်နာစေသည်။

သူတော်စင်တစ်ပါးကဲ့သို့ အစွမ်းထက်သော ရန်သူကို တစ်ယောက်တည်း ရင်ဆိုင်ရဲသည့် သူ၏ရဲစွမ်းသတ္တိကို တွေးကြည့်ရုံဖြင့်ပင် ပိုင်ဖျောင်ဖျောင်၏နှလုံးသားအတွင်းတွင် နာကျင်မှုကို ခံစားလိုက်ရပြီး သူမသည် သူနှင့်နီးစပ်ချင်စိတ်ကို မထိန်းနိုင်တော့ချေ။

ရီဖုန်းသည် သူမအတွက် ဤသို့ လုပ်ဆောင်ခဲ့ပေ၏။ သူ၏ခံစားချက်များသည် သူမ မြင်နေရသည်ထက် များစွာပို၍နက်ရှိုင်းပြီး အဆပေါင်းများစွာ ပို၍ရိုးသားဖြူစင်သည်။

ပင်လယ်ကြီးကို မြင်ဖူးပြီးနောက် တခြားသောရေပြင်တို့သည် ရေအိုင်ငယ်မျှသာ...

ဝူရှန်တောင်ကို မြင်ဖူးပြီးနောက် အခြားသောတိမ်တိုက်တို့သည် တောင်ပူစာမျှသာ ဖြစ်တော့သည်။

ဤလောကတွင် ရီဖုန်းမှလွဲ၍....

မည်သူကမျှ သူမကို ဤမျှထိ စိတ်လှုပ်ရှားစေနိုင်မည် မဟုတ်ပေ။ ယနေ့ လှိုင်းတံပိုးများအပြီးတွင်သူမတို့၏နှလုံးသားနှစ်ခုကြားမှ အကွာအဝေးသည် ပို၍နီးကပ်လာသကဲ့သို့ တွေးထင်ရသည်။

ရီဖုန်းသည် စကားတစ်ခွန်းမျှ မပြောသည့်တိုင် သူမသည် သူ၏ စိတ်မငြိမ်မသက်ဖြစ်နေမှုနှင့် စိုးရိမ်ပူပန်မှုတို့ကို ခံစားမိသည်။

ထောင်ပေါင်းများစွာသော စကားလုံးတို့သည် အပြုံးတစ်ခုအဖြစ်သို့ ပြောင်းလဲသွားပေ၏။

"ရီဖုန်း... ရှင် ဖုံးကွယ်ထားဖို့ မလိုပါဘူး...ကျွန်မအကုန်သိပါတယ်..."

'မင်းက ဘာသိတာလဲ....'

ရီဖုန်းသည် စိတ်ရှုပ်ထွေးသွားပြီး တစ်စုံတစ်ခုမှားနေသကဲ့သို့ ရုတ်တရက် ခံစားလိုက်ရသည်။

သူ မည်သည့်စကားကိုမျှ မပြောနိုင်သေးမီမှာပင် ပိုင်ဖျောင်ဖျောင်သည် သူ့ကို အိမ်အတွင်းသို့ ခေါ်ဆောင်သွားပြီး ထိုင်ခိုင်းကာ အရာအားလုံးကို တီးတိုးပြောဆိုလိုက်သည်။ ရီဖုန်းသည် ကြက်သေသေသွားပြီး အံ့အားသင့်တုန်လှုပ်သွားပေ၏။

"ဘာ……..."

"မင်းက ကုချင်းချန်ကို ဝင်္ကပါထဲမှာ ပိတ်လှောင်ထားလိုက်တာလား... ဒါက ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ..."

ရီဖုန်းသည် ဤသို့ဖြစ်လာမည်ဟု တစ်ကြိမ်တစ်ခါမျှ မျှော်လင့်မထားမိချေ။

သူသည် နာကျည်းမုန်းတီးမှုကို ဆွဲဆောင်နိုင်ရန် အချိန်အတော်ကြာ ကြိုးစားနေခဲ့ကာ နောက်ဆုံးတွင် ရက်စက်သော လူတစ်ယောက်နှင့် တွေ့ဆုံခဲ့သော်လည်း ဤသို့ဖျက်ဆီးခြင်း ခံလိုက်ရသည်။ ဤသည်မှာ သူ၏ကံ အလွန်ဆိုးနေခြင်းပင်။ သို့ရာတွင် ပိုင်ဖျောင်ဖျောင်၏ ရိုးသားဖြူစင်သောမျက်နှာကို မြင်တွေ့ချိန်တွင် သူ့အတွက် စိုးရိမ်ပူပန်သဖြင့် ဤပြဿနာကို တိတ်တဆိတ် ဖြေရှင်းပေးခဲ့ကြောင်း သူ နားလည်သဘောပေါက်သွားသည်။ ဤသည်မှာ မရည်ရွယ်ဘဲ ပြုလုပ်မိသော အမှားတစ်ခုဟု မှတ်ယူရပေမည်။ ရီဖုန်းသည် ညည်းတွားခြင်းမပြုတော့ဘဲ ပြောမပြနိုင်အောင် စိတ်လှုပ်ရှားသွားသည်။

ဤသည်မှာ ကံကြမ္မာသာ ဖြစ်ပေလိမ့်မည်။

အချိန်တခဏတာ ကြက်သေသေနေပြီးနောက် ရီဖုန်းသည် မျှော်လင့်ချက်ကင်းမဲ့သော အမူအရာဖြင့် ကျေးဇူးတင်စကား ပြောဆိုရုံသာ တတ်နိုင်တော့သည်။

"မိန်းကလေး...ကျေးဇူးတင်ပါတယ်... ဒါပေမဲ့ နောင်ကို ဒီလိုမျိုး ဘယ်တော့မှ ထပ်မလုပ်ပါနဲ့တော့"

ပိုင်ဖျောင်ဖျောင်က အပြုံးနှင့် ခေါင်းညိတ်လိုက်သည်။

သူမသည် ရီဖုန်း၏ အနည်းငယ် အထီးကျန်နေသောအမူအယာကို စွဲလန်းသွားပေ၏။

သူမ မျှော်လင့်ထားသည့်အတိုင်းပင် ရီဖုန်းသည် မည်သည့်စကားမျှ မပြောသော်လည်း သူမ ဝင်ပါခဲ့သည်အား စိတ်မသက်မသာ ဖြစ်နေမည်မှာသေချာပေါက်ပင်။ သူမ ပြန်စဉ်းစားကြည့်ချိန်၌ သတ္တိရှိသော ယောက်ျားတစ်ယောက်အနေဖြင့် ဤကိစ္စကို သူကိုယ်တိုင် ရင်ဆိုင်လိုပေမည်။

သူမသည် ဤအကြပ်အတည်းကို ဖြေရှင်းပေးခဲ့သည်မှာ မှန်သော်လည်း ရီဖုန်း၏ မူလရည်ရွယ်ချက်ကို အနည်းငယ် လျစ်လျူရှုမိခဲ့သည်။ ဤချဉ်းကပ်ပုံသည် ပြီးပြည့်စုံသည်မဟုတ်သောကြောင့် နောင်အနာဂတ်တွင် သူမ ပို၍သတိထားရပေမည်။

သို့ရာတွင် ဤကိစ္စသည် လူသိရှင်ကြား ဖြစ်သွားခဲ့ကာ ပိုင်ဖျောင်ဖျောင်သည်လည်း ရီဖုန်း၏ ခံစားချက်များကို သိရှိခဲ့သည်။ ဤကိစ္စသည် သူတို့နှစ်ဦးကို ပို၍နီးစပ်စေခဲ့ပုံရှိပြီး အခက်အခဲများအားလုံးသည် လုံးလုံးလျားလျား ပြဿနာမရှိတော့သကဲ့သို့ ဖြစ်နေသည်။

နောင်အနာဂတ်တွင် မည်သို့သော အခက်အခဲများကို ကြုံတွေ့ရသည်ဖြစ်စေ သူမသည် ရီဖုန်းကို တစ်ယောက်တည်း ရင်ဆိုင်ခွင့်ပေးမည် မဟုတ်ချေ။

Chapter 990

ရက်အနည်းငယ်သည် လျှပ်တပြက်အတွင်း ကုန်ဆုံးသွားခဲ့သည်။

ပိုင်ဖျောင်ဖျောင်နှင့် ရီဖုန်းတို့သည် နေ့စဉ်နေ့တိုင်း လက်ဖက်ရည်သောက်၍ ကဗျာရွတ်ကာ လရောင်အောက်၌ ဇီသာတီးခတ်၍ စကားပြောရင်း အလွန်ပျော်ရွှင်ဖွယ်ကောင်းသော အချိန်များကို ဖြတ်သန်းခဲ့ကြသည်။ သူတို့နှစ်ဦးသည် တိတ်တဆိတ် သိနားလည်မှုဖြင့် အလှတရားကို ခံစားခဲ့ကြပြီး တခြားမည်သည့်အရာကိုမျှ မပြောဆိုခဲ့ကြချေ။

သတ္တမနေ့ ညနေခင်းအထိ...

တေးသံအဆုံးသတ်သွားချိန်၌ ရီဖုန်းသည် ယခင်အတိုင်း ချီးကျူးစကား ပြောဆိုလိုက်၏။

"မိန်းကလေးပိုင်ရဲ့ ဇီသာတီးခတ်မှုက ပိုပြီး ကောင်းလာပြီ...ဒီကျွမ်းကျင်မှုက ပြီးပြည့်စုံတဲ့အဆင့်ကို ရောက်နေပြီ...မင်းရဲ့ ဇီသာသံစဉ်တွေမှာ စိတ်ခံစားမှုတွေနဲ့ ပြည့်နှက်နေပြီးတော့ လူတွေကို စိတ်အေးချမ်း ပျော်ရွှင်စေတယ်"

တစ်စုံတစ်ယောက်သည် ဘဝတွင် အသိမိတ်ဆွေကောင်းတစ်ယောက်ရှိနေပါက နောင်တမရှိဘဲ သေဆုံးနိုင်ပေမည်။

သူမ ကြိုက်နှစ်သက်ရသူထံမှ ချီးကျူးစကားကို ကြားချိန်တွင် ပိုင်ဖျောင်ဖျောင်သည် အပြုံးနှင့်ခေါင်းညိတ်လိုက်ပြီး ပျော်ရွှင်မှုနှင့် အနည်းငယ် ရှက်ရွံ့မှုတို့ကို ခံစားလိုက်ရသည်။ သူမသည် နူးညံ့ညင်သာစွာ ခေါင်းမော့ပြီး သူ့ကို တိတ်တဆိတ် ကြည့်လိုက်သည်။ ရုတ်ချည်းဆိုသလိုပင် သူ၏မျက်ခုံးနှစ်ခုကြားမှ စိုးရိမ်ပူပန်မှုအရိပ်အယောင်ကို သူမ မြင်လိုက်ရသည်။ သူသည် ဤကိစ္စကို ကောင်းစွာဖုံးကွယ်ထားသော်လည်း ပိုင်ဖျောင်ဖျောင်၏အမြင်အာရုံအောက်မှ လွတ်မြောက်နိုင်ခြင်း မရှိချေ။

ရီဖုန်းသည် ကုချင်းချန်အတွက်နှင့် စိတ်ပူနေဆဲ ဖြစ်ပေမည်။

သူမတို့နှစ်ဦးသည် တိတ်တဆိတ် နားလည်မှုယူထားပြီး ဤကိစ္စကို တစ်ကြိမ်တစ်ခါမျှ မပြောဆိုခဲ့ကြသော်လည်း ပိုင်ဖျောင်ဖျောင်သည် ကောင်းစွာနားလည်သဘောပေါက်ပေ၏။ ဤသို့သော စိတ်အနှောင့်အယှက်ဖြစ်ဖွယ် ကိစ္စများသည် သူမတို့၏ ရှားပါးသော ကောင်းမွန်သည့်အချိန်များကို မထိခိုက်စေချင်သောကြောင့် သူမသည် တိတ်တဆိတ်နေရန် တမင်သက်သက် ရွေးချယ်ခဲ့ခြင်းပင်။ ကပ်ဘေးကြီး ကျရောက်တော့မည်ကို သူမတို့နှစ်ဦးလုံး ကောင်းစွာသိပြီး ရီဖုန်းတွင်လည်း အစီအစဉ်တစ်ခု ရှိနေလောက်ပြီး ဖြစ်ပေမည်။ မည်သို့ပင်ဆိုစေကာမူ ဤတစ်ကြိမ်တွင် သူသည် သူမ၏အကူအညီကို လက်ခံလိုမည် မဟုတ်ပေ။

ခုနစ်ရက်မြောက်နေ့တောင် ရောက်နေပြီ...ဒါက အဆုံးသတ်ဖို့ အချိန်တန်ပြီ...

ပိုင်ဖျောင်ဖျောင်၏မျက်နှာအမူအယာသည် အနည်းငယ် တည်ကြည်လေးနက်သွားပေ၏။

သူမသည် မတ်တတ်ထရပ်ကာ ရီဖုန်းထံသို့ လျှောက်လှမ်းသွားပြီး နူးညံ့ညင်သာစွာ ပြောဆိုလိုက်သည်။

"ရီဖုန်း... မဟာတောနက်ခုနစ်သွယ် အကြွင်းမဲ့ဝင်္ကပါရဲ့စွမ်းအားက ခုနစ်ရက်ပဲခံမှာ... မနက်ဖြန်ကျရင် သတ္တမမြောက် တာအိုလမ်းစဥ်ရဲ့ စွမ်းအား ပျက်ပြယ်သွားတာနဲ့ ကုချင်းချန် ပြန်လွတ်လာလိမ့်မယ်..."

"အချိန်တန်ရင် ကျွန်မ သူ့ကို တားထားလိုက်မယ်... ရှင်က ဒီကိစ္စကို တစ်ယောက်တည်း တာဝန်ယူချင်မှန်း ကျွန်မ သိတယ်... ဒါပေမဲ့ ဒီတစ်ခါမှာ ကုချင်းချန်က အရမ်းဒေါသူထွက်နေတာကြောင့် သူ့ကို လျှော့တွက်လို့မရဘူး... ကျွန်မတောင်မှ သူ့ကို စိတ်ပြေအောင် လုပ်နိုင်မှာ မဟုတ်ဘူး"

"အခုအချိန်မှာ အကောင်းဆုံးနည်းလမ်းကတော့ ရှင် ချက်ချင်းထွက်သွားပြီး မုန်တိုင်းကို ရှောင်ရှားဖို့ လျှို့ဝှက်ပြီး ဆိတ်ငြိမ်တဲ့နေရာတစ်နေရာကို ရွေးချယ်သင့်တယ်... ကုချင်းချန်က ကျွန်မကို ဘာမှလုပ်ရဲမှာ မဟုတ်ဘူး.... ရှင် သူတော်စင်အဆင့်ကို ချိုးဖျက်ဝင်ရောက်နိုင်တဲ့အထိ စောင့်ပါ...အဲ့ဒီနောက်မှ အနာဂတ်မှာ ပြန်ပေါ်လာလည်း နောက်မကျပါဘူး...အဓိကက အသက်ရှင်နေဖို့ပဲ....ဒါဆိုရင် အနာဂတ်အတွက် ဘာမှပူစရာ မလိုတော့ဘူး... ရှင်နားလည်ရဲ့လား..."

သူမ၏လေသံသည် နူးညံ့ညင်သာပြီး စကားလုံးများသည် ယဉ်ကျေးသိမ်မွေ့သည်။

ပိုင်ဖျောင်ဖျောင်၏ စိုးရိမ်ပူပန်နေသော မျက်လုံးများကို ကြည့်ရင်း ရီဖုန်း၏နှလုံးသားအတွင်းတွင် ပြောမပြနိုင်သော နွေးထွေးမှုကို ခံစားလိုက်ရသည်။ ဤမိန်းကလေးသည် သူ့အပေါ်တွင် အမှန်တကယ်ကို ကောင်းမွန်ပေ၏။ သူမသည် ဤမျှထိကြီးမားသော ကပ်ဘေးကို ကြံ့ကြံ့ခံကာ သူ့ကို ကာကွယ်ပေးလိုသည်။ သူမ၏စေတနာသည် အမှန်တကယ်ကို ရိုးသားဖြူစင်ပြီး အဖိုးတန်သည်။

သူ၏ဘဝတွင် ဤကဲ့သို့ ရင်းနှီးသော သူငယ်ချင်းကောင်းတစ်ယောက်ရှိခြင်းသည် နတ်ဘုရားများပေးသော ဆုလာဘ်ပင်။

သို့ရာတွင် သူ ရီဖုန်းသည် အရပ်မြင့်ပြီး သန်မာထွားကျိုင်းသော ယောက်ျားတစ်ယောက်ဖြစ်လေရာ သူ မည်သည်ကြောင့် ထွက်ပြေးနိုင်မည်နည်း။

"လူတိုင်းမှာ တာဝန်ကိုယ်စီရှိတယ်..ငါက အရှက်တကွဲနဲ့ ထွက်ပြေးသွားလို့ မဖြစ်ဘူး...ဒါ့ပြင် မင်းတစ်ယောက်တည်း ရင်ဆိုင်ဖို့လည်း ငါ ပစ်မထားနိုင်ဘူး..."

ထိုစကားကိုကြားချိန်၌ ပိုင်ဖျောင်ဖျောင်သည် ကြက်သေသေသွားပြီးနောက် သူမ၏စိတ်နှလုံးသား လှုပ်ရှားသွားသည်။ ရီဖုန်း၏ခိုင်မာပြတ်သားသော အမူအယာကိုကြည့်ရင်း သူမ၏နှလုံးခုန်နှုန်းများ မြန်လာပေ၏။ ကပ်ဘေးကြီး ကျရောက်တော့မည်ကို သိနေသည့်တိုင် ရီဖုန်းသည် သူမကို ဦးစွာစဉ်းစားပေးပြီး သူ၏ကျင့်ကြံမှု မလုံလောက်သော်လည်း ကြောက်ရွံခြင်းမရှိချေ။ ဤကဲ့သို့ ယောက်ျားပီသသော တာဝန်ယူမှုသည် သူမကို အမှန်တကယ် စိတ်လှုပ်ရှားစေခဲ့သည်။ သူသည် သူမကို တစ်ကြိမ်တစ်ခါမျှ စိတ်မပျက်စေခဲ့ပေ။

သို့ရာတွင် ဤသို့ဖြစ်လေလေ ပိုင်ဖျောင်ဖျောင်သည် ရီဖုန်းကို ပို၍ တန်ဖိုးထားလေလေပင်။

"ရီဖုန်း...အခုက စိတ်လိုက်မာန်ပါ လုပ်ရမယ့်အချိန် မဟုတ်ဘူး... ရှင် စောစောထွက်သွားသင့်တယ်..ကျွန်မတို့ နောင်တစ်ချိန်မှာ ပြန်ဆုံဖို့ အခွင့်အရေး ရှိပါသေးတယ်... ရှင်သာ မတော်တဆ တစ်ခုခုဖြစ်သွားရင် ကျွန်မ... ကျွန်မ တစ်သက်လုံး နောင်တရလို့ပြီးတော့မှာ မဟုတ်ဘူး..."

ဤစကားများကြောင့် ရီဖုန်း၏မျက်လုံးများ ပြူးကျယ်သွားသည်။

ပိုင်ဖျောင်ဖျောင်၏မျက်နှာနီမြန်းနေကာ ရီဖုန်း၏စူးစိုက်ကြည့်ခြင်းကို ခံလိုက်ရသော်လည်း သူမသည် အကြည့်မလွှဲဘဲ သူ၏မျက်လုံးများကို ရဲရဲရင့်ရင့်နှင့်ခိုင်မာစွာ စိုက်ကြည့်နေသည်။ သူမတို့သည် အကြည့်ချင်းဆုံသွားပြီး ဤအကြည့်တစ်ချက်သည် စကားလုံးထောင်ပေါင်းများစွာထက် ပို၍တန်ဖိုးရှိသည်။

ရီဖုန်းက ဤမိန်းကလေးသည် သူ့ကို ဤမျှထိ တန်ဖိုးထားလိမ့်မည်ဟု တစ်ကြိမ်တစ်ခါမျှ တွေးထင်မထားခဲ့မိချေ။

တစ်စုံတစ်ယောက်သည် သူ့အတွက် ဓားလှံကို ခံယူပေးမည့် သို့မဟုတ် ဂရုစိုက်ပေးမည့် သူငယ်ချင်းကောင်းတစ်ယောက်ကို ရှာတွေ့ရန် ခက်ခဲပေလိမ့်မည်။

ဤအခြေအနေသို့ ရောက်ရှိလာနိုင်ပြီး ဤသို့သော သေအတူရှင်မကွဲ ခင်မင်မှုမျိုးရှိနေလျှင် ဖုံးကွယ်ထားမှုများ မရှိသင့်ချေ။ သူ၏အကြီးမားဆုံး လျှို့ဝှက်ချက်ကိုပင် ဖုံးကွယ်မထားသင့်တော့ပေ။

အချိန်တခဏကြာခန့် တွေဝေတုံ့ဆိုင်းနေပြီးနောက် ရီဖုန်းသည် အမှန်တရားကို ပြောပြရန်မှတစ်ပါး တခြားရွေးချယ်စရာ မရှိတော့ချေ။

"ငါ့ရဲ့ဝှက်ဖဲကို ချပြမယ်...တကယ်တော့... ငါက ကုချင်းချန်နဲ့ ရင်ဆိုင်ရရင် သူက သူတော်စင် ဖြစ်နေရင်တောင် ငါ့မှာ အနိုင်ရနိုင်ခြေ ရှိကောင်းရှိနိုင်တယ်"

ထိုစကားကိုကြားချိန်တွင် ပိုင်ဖျောင်ဖျောင်က မျက်မှောင်အနည်းငယ်ကြုတ်လိုက်သည်။

"ရီဖုန်း...ဒါက စနောက်နေရမယ့် အချိန်မဟုတ်ဘူး..ခြေလှမ်းတစ်ဝက်သူတော်စင်နဲ့ သူတော်စင်ကြားမှာ စကားလုံးတစ်လုံးပဲ ကွာခြားပေမဲ့ သူတို့ကြားက ကွာဟချက်က မိုးနဲ့မြေလိုပဲ... သူတော်စင်တစ်ယောက်က စုစည်းလိုက်တဲ့ တာအိုလမ်းစဉ်ရဲ့ စွမ်းအားကို ရှင် လုံးဝ ခုခံနိုင်မှာ မဟုတ်ဘူး..."

ထိုစကားကို ပြောဆိုပြီးနောက် ပိုင်ဖျောင်ဖျောင်က ထိတ်လန့်တကြား ရှင်းပြသည်။

"ကျွန်မက တခြားဘာကိုမှ ဆိုလိုချင်တာ မဟုတ်ဘူး.... ရှင့်မှာ ဝှက်ဖဲတွေရှိမှန်း ကျွန်မ သိပါတယ်...ဒါပေမဲ့ ရှင်က စိတ်စောပြီးတော့ သူတော်စင်တစ်ယောက်နဲ့ တိုက်ခိုက်လို့မဖြစ်ဘူး...ပြီးတော့ သူ့ကို လုံးဝလျှော့မတွက်ရဘူး..."

ရီဖုန်းသည် ထိုစကားများကို နားထောင်ရင်း ပို၍ စိတ်လှုပ်ရှားလာကာ အပြုံးနှင့် နှစ်သိမ့်လိုက်သည်။

"မိန်းကလေးပိုင်...မင်း ဆိုလိုတာကို ငါ နားလည်ပါတယ်....ဒါပေမဲ့ ငါ့မှာ အတိုင်းအတာတစ်ခုအထိ ယုံကြည်မှုရှိတယ်..တကယ်တော့ ငါ့မှာ အံ့အားသင့်ဖို့ကောင်းတဲ့ နည်းစနစ်တစ်ခုရှိတယ်....ဒီနည်းစနစ်ကို အတည်မပြုရသေးပေမဲ့ အဲ့ဒီအရာရဲ့စွမ်းအားကို ငါ သိတယ်.... ငါက သေပြီးမှ ပြန်ရှင်သန်လာနိုင်ရင် အင်မော်တယ်အဆင့်ကို ရောက်သွားပြီးတော့ ငါ့ရဲ့ကျင့်ကြံဆင့်လည်း အကြီးအကျယ်မြင့်တက်လာလိမ့်မယ်"

"မင်းကသာ ငါ့ကို ဒီအဆင့်ကို ကျော်ဖြတ်နိုင်အောင် ကူညီပေးမယ်ဆိုရင် အဲ့ဒီစစ်တုရင်သူတော်စင်ဆိုတဲ့ကောင်ကို ကိုင်တွယ်ဖို့ ဘာပြဿနာမှ မရှိလောက်တော့ဘူး..."

သူ၏စကားဆုံးသည်နှင့် ပိုင်ဖျောင်ဖျောင်သည် ထိတ်လန့်တုန်လှုပ်သွားပေ၏။

သေပြီးမှ ပြန်ရှင်သန်ခြင်းဟု ဆိုသလော...

ထိုသို့ဆိုပါက သူသည် အမှန်တကယ် သေဆုံးသွားရမည် မဟုတ်လော....

လောကကြီးအတွင်းတွင် ဤကဲ့သို့ ထူးဆန်းသောကျင့်ကြံနည်းစနစ်မျိုး မည်သည်ကြောင့် ရှိနိုင်မည်နည်း....

သူမသည် သူတော်စင်တစ်ယောက်ဖြစ်နေသော်လည်း ဤကဲ့သို့ ထူးဆန်းသောကိစ္စကို တစ်ကြိမ်တစ်ခါမျှ မကြားဖူးခဲ့ချေ။ ရီဖုန်း ပြောဆိုသည်သာ မဟုတ်လျှင် သူမသည် ဤကိစ္စကို ယုံကြည်မည်မဟုတ်ပေ။

အရင်ဆုံးသေပြီးမှ ပြန်လည်မွေးဖွားခြင်း...

ထို့နောက် အင်မော်တယ်အဖြစ်သို့ ရောက်ပြီး ကျင့်ကြံမှု အကြီးအကျယ် မြင့်တက်ခြင်း.....

ဤရိုးရှင်းသော ဖော်ပြချက်ကို နားထောင်ရုံဖြင့် ပိုင်ဖျောင်ဖျောင်သည် ဤသည်မှာ အလွန်ကြောက်မက်ဖွယ်ကောင်းသော ကျင့်ကြံနည်းစနစ်တစ်ခုဖြစ်ပြီး ရှေးခေတ်ကတည်းက ပျောက်ဆုံးသွားခဲ့ခြင်း ဖြစ်နိုင်သည်ဟု သိလိုက်သည်။

ရီဖုန်းထံ၌ အမှန်တကယ်ကို ဤကဲ့သို့လျှို့ဝှက်ချက်တစ်ခု ရှိနေသည်။ သူသည် နှစ်အနည်းငယ်အတွင်းတွင် ခြေလှမ်းတစ်ဝက်သူတော်စင်အဆင့်သို့ ချိုးဖျက်ဝင်ရောက်နိုင်ခဲ့သည်မှာ အံ့အားသင့်ဖွယ် မရှိတော့ချေ။

သူတော်စင်တစ်ယောက်ဖြစ်သော သူမကို သူသည် ဤကဲ့သို့ လျှို့ဝှက်ချက်တစ်ခုအား ဖွင့်ပြောပြခဲ့သည်။ သူမအပေါ် သူ၏ယုံကြည်မှုကို စကားလုံးများနှင့် ဖော်ပြ၍မရလောက်အောင်ပင်။

ပိုင်ဖျောင်ဖျောင်၏စိတ်နှလုံးသားအတွင်းတွင် ရောထွေးသော ခံစားချက်များ ပေါက်ဖွားလာပြီး သူမ၏မျက်နှာပေါ်တွင် ထိတ်လန့်တုန်လှုပ်မှု အရိပ်အယောင်များ ထင်ဟပ်လာသည်။ သူမသည် စိတ်လှုပ်ရှားနေကာ ဤကြောက်မက်ဖွယ်ကောင်းသော ကျင့်ကြံနည်းစနစ်အပေါ်တွင် သံသယများ ရှိနေသည်။ သို့ရာတွင် သူမသည် ရီဖုန်းအပေါ် ကြီးမားသော ယုံကြည်မှုရှိပြီး ကျင့်ကြံသူများအားလုံးတွင် ကိုယ်ပိုင်လျှို့ဝှက်ချက်များ ရှိတတ်သည်ကို သိရှိထားသည်။ ထို့ကြောင့် တစ်ခါတစ်ရံ၌ မေးခွန်းများစွာမေးရန် အဆင်မပြေသောကြောင့် သူမသည် ဤကိစ္စကိုယုံကြည်ရန် ရုန်းကန်နေရလေ၏။

သူမသည် အချိန်တခဏကြာခန့် စဥ်းစားတွေးတောပြီးနောက် အလေးအနက်ထားသော မျက်နှာအမူအယာဖြင့် ပြောဆိုသည်။

"ရီဖုန်း... ရှင့်မှာ တကယ်ပဲ ဒီလိုကျင့်ကြံနည်းစနစ်မျိုး ရှိတာလား...ဒီကိစ္စက အရမ်းအရေးကြီးတယ်.. ဒါကို ပေါ့ပေါ့ဆဆ သဘောထားလို့မရဘူး"

"ငါ ဘယ်တော့မှ ဒီလိုစကားမျိုးကို လှည့်စားပြီးပြောမှာမဟုတ်ဘူး... မင်းကိုလည်း လိမ်ညာမှာ မဟုတ်ဘူး...ဒီနည်းစနစ်ကို လေ့ကျင့်ဖို့အတွက် အခြေအနေတွေက အရမ်းခက်ခဲလွန်းတယ်...အရင်ဆုံး တစ်ခါသေရမယ်...ဒါကြောင့် ငါက အခုထိ လေ့ကျင့်ဖို့ကို မစနိုင်သေးဘူး.... အခု မင်းရဲ့အကူအညီကို ငါ လိုအပ်နေတယ်"

ရီဖုန်းသည် ပွင့်ပွင့်လင်းလင်းပြောဆိုပြီး ခေါင်းညိတ်လိုက်သည်။

ထိုတည်ကြည်လေးနက်သော အမူအယာကိုကြည့်ရင်း ပိုင်ဖျောင်ဖျောင်သည် အနည်းငယ် စိတ်လှုပ်ရှားလာကာ သူမ၏ မျက်ခုံးနှစ်ခုကြားတွင် ဖိအားတစ်ခု တိုးလာသည်ကို ခံစားလိုက်ရသည်။

သူမ၏နားလည်သဘောပေါက်မှုအရ ရီဖုန်းသည် အဓိပ္ပာယ်မရှိသော စကားများကို ပြောဆိုတတ်သူ မဟုတ်ချေ။ ထိုအစား သူသည် မည်သည့်ကိစ္စကိုမဆို တည်ငြိမ်စွာနှင့် တိတ်တဆိတ် ပြုမူတတ်သည်။ သူသည် ယခင်က သူ၏ကျင့်ကြံဆင့်ကိုပင် ဖော်ပြခဲ့ခြင်းမရှိချေ။ ယခုချိန်၌ သူသည် ဤကဲ့သို့ လျှို့ဝှက်ချက်ကို ဖွင့်ဟပြောဆိုလိုက်ပြီဖြစ်သောကြောင့် တတိယလူတစ်ယောက်မှ သိနိုင်မည်မဟုတ်ပေ။။

သေပြီးမှ ပြန်ရှင်သန်ခြင်း...

သေရေးရှင်ရေးကိစ္စမျိုး မဟုတ်လျှင် မည်သူသည် ဤကဲ့သို့ စွန့်စားရမည့် ကျင့်ကြံနည်းစနစ်ကို ရွေးချယ်မည်နည်း။ ရီဖုန်းသည် ရှေ့သို့တက်လှမ်းရန် စိတ်ပိုင်းဖြတ်ထားပုံရသည်။

ရဲစွမ်းသတ္တိရှိသော ယောက်ျားကောင်းတစ်ယောက်အတွက် တားမြစ်မှုများအားလုံးသည် စော်ကားမှုတစ်ခုသာ ဖြစ်ပေမည်။

ပိုင်ဖျောင်ဖျောင်၏မျက်လုံးများတွင် မျက်ရည်မြူခိုးများ တဖြည်းဖြည်း ရစ်သိုင်းလွှမ်းခြုံလာသည်။ ရီဖုန်းသည် အလွန်အစွမ်းထက်လာမည်ကို သူမ သိသော်လည်း သူမသည် သူ့ကို မည်သည့်အရာမှ လုပ်မပေးနိုင်ချေ။ သူမသည် အသေးငယ်ဆုံးအမှားကို ပြုလုပ်မိမည်ကိုပင် ကြောက်ရွံ့နေသည်။ သူမသည် ကျရှုံးမှု၏ အကျိုးဆက်များကို ခံနိုင်မည်မဟုတ်သောကြောင့် အကျပ်အတည်းတစ်ခုအတွင်းတွင် ကျရောက်နေပေ၏။

ဤကဲ့သို့ တိတ်ဆိတ်နေသော အခိုက်အတန့်တွင် ရီဖုန်းက ဆက်လက်၍ ပြောဆိုသည်။

"အဆင်ပြေပါတယ်...မင်း အစွမ်းကုန်သုံးပြီး ငါ့ကို တိုက်ခိုက်ပါ..အရာအားလုံးကို ကံကြမ္မာရဲ့လက်ထဲ အပ်လိုက်ပါ...မင်း ငါ့ကို ယုံကြည်ရမယ်...မင်းသာ ငါ့ကို သတ်နိုင်ရင် ဒီကျင့်ကြံနည်းစနစ်ကြောင့် ငါ ပိုပြီးအစွမ်းထက်လာမှာ သေချာတယ်"

"သေခြင်းရှင်ခြင်းက ကံကြမ္မာအရဖြစ်ပြီးတော့ စည်းစိမ်ချမ်းသာက ကောင်းကင်ဘုံရဲ့ လက်ထဲမှာပဲ ရှိတယ်...မင်းလုပ်ရမှာက အစွမ်းကုန် ကြိုးစားဖို့ပဲ"

သူ၏ချောမောခန့်ညားသော မျက်နှာပေါ်တွင် ယခုအချိန်၌ အရာအားလုံးကို ထွင်းဖောက်မြင်နိုင်ပုံရသည့် တည်ငြိမ်မှုမျိုး ထင်ဟပ်နေသည်။ သူ၏ အလွန်ပေါ့ပါးပျော်ရွှင်သည့် အမူအယာသည် ပိုင်ဖျောင်ဖျောင်ကို လုံးလုံးလျားလျား ကြက်သေသေသွားစေခဲ့သည်။

သေခြင်းရှင်ခြင်းသည် ကံကြမ္မာအရဟု ဆိုသလော....

ဤစကားလုံးများသည် နက်ရှိုင်းသော ဉာဏ်ပညာနှင့် ပွင့်လင်းသောစိတ်ထားကို ဖော်ပြနေပြီး သူမကိုလည်း ကြီးမားသော စိတ်အားထက်သန်မှုကို ပေးခဲ့သည်။ ရီဖုန်း၏ ပွင့်လင်းသော စိတ်အခြေအနေကို လေးစားမိသဖြင့် ပိုင်ဖျောင်ဖျောင်သည် အကယ်၍ သူမ ကျရှုံးခဲ့လျှင် သူ့နောက်သို့ လိုက်မည်ဖြစ်ပြီး သူ့ကို စိတ်မပျက်စေရဟု စိတ်ပိုင်းဖြတ်လိုက်သည်။

ပိုင်ဖျောင်ဖျောင်၏စိတ်အတွင်းတွင် ခိုင်မာသောယုံကြည်ချက်များ ပေါက်ဖွားလာကာ သူမက ခေါင်းညိတ်ပြပြီး တုံ့ပြန်လိုက်သည်။

"ကောင်းပြီလေ...ကျွန်မ အစွမ်းကုန် ကြိုးစားမယ်"

သူမ၏အသံသည် နူးညံ့ညင်သာစွာ ထွက်ပေါ်လာပေ၏။

ပိုင်ဖျောင်ဖျောင်၏မျက်လုံးများအတွင်းတွင် စိုးရိမ်ပူပန်မှု အရိပ်အယောင်တစ်ခု ရှိနေပြီး သူမ၏နူးညံသေးသွယ်သော လက်ချောင်းများမှစွမ်းအားများသည် ရေစီးကြောင်းများအလား ပန်းပင်လယ်ကို ဖြတ်သန်း၍ ပျံသန်းသွားသည်။ မရေမတွက်နိုင်သော ကြီးမားသည့်စွမ်းအားများသည် ကောင်းကင်နှင့်မြေပြင်မှ စုဝေးလာပေ၏။ ထူထပ်သိပ်သည်းသောစွမ်းအားများသည် သာမာန်မျက်စိဖြင့် မြင်နိုင်လုနီးပါးဖြစ်ပြီး လရောင်သည် ပန်းပင်လယ်ဖြင့် ပိတ်ဖုံးသွားသည်။

သူမသည် သူမ၏လက်ယာဘက်လက်မှ လက်ချောင်းငါးချောင်းကို ပူးကပ်လိုက်ပြီး သူမဘဝ၏ အစွမ်းထက်ဆုံး လက်ဝါးချက်ကို ချက်ချင်း ထုတ်လွှတ်လိုက်သည်။ လွှမ်းမိုးချုပ်ကိုင်နိုင်သောစွမ်းအားလှိုင်းတစ်ရပ်သည် ရီဖုန်းကို ဝါးမြိုသွားခဲ့သည်။ ဤကြောက်မက်ဖွယ်ကောင်းသော ပန်းပင်လယ်ရှေ့တွင် ရီဖုန်း၏ပုံရိပ်သည် အလွန်သေးငယ်နေပုံရပြီး မျက်စိတစ်မှိတ်အတွင်း ဝါးမြိုခြင်း ခံလိုက်ရသည်။

ဤအချိန်အခိုက်အတန့်တွင်...

ပိုင်ဖျောင်ဖျောင်၏နှလုံးသားသည် ရုတ်တရက် တင်းကြပ်သွားပြီး သူမ၏မျက်လုံးများအတွင်းတွင် မျက်ရည်များ ပြည့်လျှံလာသည်။ သို့ရာတွင် သူမသည် အံ့တင်းတင်းကြိတ်ကာ သူမ၏စွမ်းအားများကို အကုန်အစင် ထုတ်ဖော်အသုံးပြုလိုက်သည်။

"ဘုန်း...."

ကောင်းကင်နှင့်မြေပြင်ကို တုန်ခါသွားစေသောကျယ်လောင်သောအသံတစ်သံ ပျံ့နှံ့သွားပြီး မြင့်မြတ်နယ်မြေတခွင်လုံးကို တုန်ခါသွားစေသည်။ ပတ်ဝန်းကျင်ရှိ နတ်ဘုရားသားရဲများသည် ကပ်ဘေးကြီးတစ်ခု ကျရောက်လာသည့်အလား ထိတ်လန့်တကြားပျံသန်းကာ ထွက်ပြေးသွားကြသည်။

ဒီရေကဲ့သို့ အရာအားလုံးကို ဝါးမြိုသွားသော ပန်းပင်လယ်ကြောင့် ခြံဝန်းငယ်လေးသည် ချက်ချင်းဆိုသလိုပင် မြေပြင်နှင့် တစ်သားတည်း ဖြစ်သွားသည်။ ပိုင်ဖျောင်ဖျောင်သည် ရင်ကွဲမတတ် ခံစားနေရသော်လည်း သူမသည် ဖုန်မှုန့်မြူခိုးများကို စူးစိုက်၍ ကြည့်နေသည်။ သူမထံတွင် မျှော်လင့်ခြင်း ထိတ်လန့်ခြင်းများ ပြည့်နှက်နေကာ သူမ၏မျက်နှာပေါ်တွင် စိတ်ရှုပ်ထွေးသောအမူအယာတစ်ရပ် ထင် ဟပ်နေသည်။

ဖုန်မှုန့်နှင့်မြူခိုးများ အနည်းငယ်ပျက်ပြယ်သွားသည့်တိုင် လူတစ်ယောက်၏ ပုံရိပ်သည် ထိုနေရာတွင် မတ်တတ်ရပ်နေဆဲပင်။

သူ့ထံမှနေ၍ စိတ်ရှုပ်ထွေးဖြင့် ညည်းတွားလိုက်သော အသံတစ်သံ ထွက်ပေါ်လာသည်။

"အမ်...ငါ ဘာလို့ ဘာမှမဖြစ်တာလဲ... ဒါ...ဒါက..."

ထိုအသံကိုကြားချိန်တွင် ပိုင်ဖျောင်ဖျောင်သည် ထိတ်လန့်တုန်လှုပ်ကာ ကြက်သေသေသွားလေ၏။

Thank For Reading.

All Chapters