← Chapters

ထာဝရကွဲကွာခြင်း

Vol. 213 Ch. 3201

ထာဝရကွဲကွာခြင်း

Vol. 213 Ch. 3201

အလယ်အလတ်ကမ္ဘာတစ်ထောင်လောကရှိ မျိုးနွယ်စုတစ်သောင်း သက်ရှိများသည် ငရဲမှာဖြစ်ပျက်နေသည့်အရာကို မသိရှိကြပေ။

တျဲယွဲ့၏ စိတ်ဝိညာဉ်အသိစိတ်ကပင် တမလွန်မြစ်ကို ထောက်လှမ်းပြီးနောက် အနက်ပိုင်းထဲသို့ ဆက်လက်၍ မဝင်ရောက်နိုင်တော့ပေ။

ဤအပြောင်းအလဲက ရုတ်တရက်ဆန်လွန်းစွာ ဖြစ်ပွားခဲ့သည်။

မဟာကမ္ဘာတစ်ထောင်လောကကနေ ဆင်းသက်လာသော အလင်းတန်းကြောင့် မဟာဧကရာဇ်အထီးကျန်သိုင်းသခင်၏ ခန္ဓာကိုယ်က ကြေမွပျက်စီးပြီး သူ၏ အမြုတေစိတ်ဝိညာဉ်က ဖျက်ဆီးခံလိုက်ရသည်ကိုသာ လူတိုင်းက တွေ့မြင်ခဲ့ရသည်။

သူတို့သာလျှင်မဟုတ်ဘဲ သိုင်းတာအိုပင်မခန္ဓာ၏ အမြုတေစိတ်ဝိညာဉ်က သွေးပင်လယ်ထဲသို့ ဝင်ရောက်သွားပြီးနောက် အစိမ်းရောင်ကြာပန်းအစစ်အမှန်ခန္ဓာပင် သူနှင့် ဆက်သွယ်မှု ပျောက်ဆုံးသွားပြီး ထိုသူက သေသလား၊ ရှင်သလား မသိရတော့ပေ။

သွေးပင်လယ်မှာ ထောက်လှမ်းမှုများအားလုံးကို ပိုင်းခြားပေးနိုင်သည့် သူ့ကိုယ်ပိုင်ပိုင်နက်နယ်မြေတစ်ခု ရှိနေပုံရသည်။

မဟာကမ္ဘာတစ်ထောင်လောကမှလာသော အလင်းရောင်သည် ပျောက်ကွယ်သွားခဲ့ပြီဖြစ်သော်လည်း ၎င်းသည် သုံးဘုံလောက၏ အဟန့်အတားကို ထိုးဖောက်ထားခဲ့၏။

ကောင်းကင်ဘုံဆန့်ကျင်တိုက်ပွဲ၏ အဆုံးသတ်မှာ ကြိုတင်မခန့်မှန်းနိုင်သော အလှည့်အပြောင်းများ ထပ်တိုးလာပေလိမ့်မည်။

ဆူဇီမိုက တစ်စုံတစ်ရာကို ခပ်ရေးရေး တွေးမိနေ၏။

သို့သော်လည်း သိုင်းတာအိုပင်မခန္ဓာသည် ကြီးမားသော ကပ်ဘေးတစ်ခုနှင့် ယခုတင် ကြုံတွေ့ထားပြီး သူ၏ ကံကြမ္မာက ဘာမှန်းမသိရပေ။ သူက ယခုအချိန်ထိ သတိကောင်းကောင်းပြန်မကပ်နိုင်သေးဘဲ သူ၏ စိတ်က ရှုပ်ထွေးနေ၏။

ထိုစဉ်မှာပင် မိစ္ဆာအရှင်သည် လေထဲသို့ ပြန်တက်ကာ မဟာကမ္ဘာတစ်ထောင်လောကသို့ ပျံသန်းသွားပြီဖြစ်၏။

ဧကရီဆိုးယုတ်သည် တစ်စုံတစ်ရာကို ပြောချင်သည့်အလား ဆူဇီမိုကို တစ်ချက်လှည့်ကြည့်လိုက်၏။ သို့သော်လည်း သူမက တွေဝေတုံ့ဆိုင်းနေပြီးနောက် မဟာကမ္ဘာတစ်ထောင်လောကရှိရာသို့ ပျံတက်သွား၏။

သုံးဘုံလောက၏ အဟန့်အတားက ထိုးဖောက်ခံခဲ့ရ၏။ သို့သော်လည်း ပျက်စီးထိခိုက်မှုက သိပ်ပြီးမကြီးမားပေ။ ဒါ့အပြင် ၎င်းကို မြင်နိုင်သော နှုန်းထားဖြင့် ပြန်လည်ပြုပြင်ပေးနေ၏။

မိစ္ဆာအရှင်၊ ဧကရီဆိုးယုတ်၊ ဗြဟ္မာတစ္ဆေမိခင်နှင့် အခြားသူများသည် အလယ်အလတ်ကမ္ဘာတစ်ထောင်လောကတွင် ဖိနှိမ်ခံထားရပြီး အလွန်ဆုံး မဟာဧကရာဇ်တစ်ပါး၏ တိုက်ခိုက်ရည်ခွန်အားကိုသာ ထုတ်ဖော်နိုင်ရသည့် အကြောင်းရင်းမှာ နိယာမများ၏ ကန့်သတ်မှုကြောင့်ဖြစ်သည်။

ထိုအခိုက်အတန့်မှာ မဟာကမ္ဘာတစ်ထောင်လောကနှင့် အလယ်အလတ်ကမ္ဘာတစ်ထောင်လောကအကြား နိယာမအဟန့်အတားက ကျိုးပျက်သွားသောကြောင့် မိစ္ဆာအရှင်၊ ဧကရီဆိုးယုတ်နှင့် ဗြဟ္မာတစ္ဆေမိခင်တို့သည် မဟာကမ္ဘာတစ်ထောင်လောက၏ စွမ်းအားကို အာရုံခံမိနိုင်ကြပြီဖြစ်သည်။

သူတို့ကို ဖိနှိမ်ထားသော နိယာမများမှာ အားနည်းချက်တစ်ခုလည်း ရှိလာ၏။

သူတို့သုံးယောက်၏ အော်ရာများက လျင်မြန်စွာ မြင့်တက်လာနေသည်။ တစ်ခဏချင်းမှာပင် သူတို့သည် မဟာဧကရာဇ်နယ်ပယ်ကို ကျော်လွန်သွားပြီး နောက်ထပ်အဆင့်တစ်ခုသို့ သိသိသာသာ ဝင်ရောက်သွားပြီဖြစ်သည်။

ခပ်လှမ်းလှမ်းမှာ မတ်တတ်ရပ်နေသော တျဲယွဲ့သည် ဗြဟ္မာတစ္ဆေမိခင်၏ အော်ရာကို အာရုံခံမိသွားပြီး သူမက ရင်ထိတ်ထိတ်ဖြစ်ကာ သူမ၏ အမူအရာက အနည်းငယ်ပြောင်းလဲသွား၏။

မိစ္ဆာအရှင်နှင့် ဧကရီဆိုးယုတ်တို့နှင့်မတူဘဲ ဗြဟ္မာတစ္ဆေမိခင်သည် ချက်ချင်းထွက်ခွာမသွားပေ။ ထိုအစား သူမက သူ၏ခေါင်းကို အနည်းငယ်မော့ပြီး မိုးကောင်းကင်၏အစပ်မှာ ပြန်လည်ပြုပြင်နေသော အပေါက်ကို ကြည့်လိုက်၏။ သူမသည် မဟာကမ္ဘာတစ်ထောင်လောကမှ မြင်ကွင်းများကို တွေ့မြင်နိုင်သည့်အလားပင်။ သူမသည် ဝမ်းသာပျော်ရွှင်နေသော အကြည့်တစ်ခုနှင့် အပြုံးတစ်ခုကို ထုတ်ဖော်လိုက်၏။

သူမ၏ ခွန်အားကို ပြန်လည်ရယူနေစဉ် သူမ၏ မျက်နှာပေါ်ရှိ အရေးအကြောင်းများက တဖြည်းဖြည်းပျောက်ကွယ်သွား၏။

ရုတ်တရက်ဆိုသလို….

ဗြဟ္မာတစ္ဆေမိခင်က ရန်လိုသောအမူအရာနှင့်အတူ ခပ်ဝေးဝေးမှာ ရှိနေသော တျဲယွဲ့ကို လှည့်ကြည့်လိုက်၏။

တစ်ချိန်တည်းမှာပင် ဆူဇီမိုက တစ်စုံတစ်ရာကို အာရုံခံမိကာ နားလည်သဘောပေါက်သွားသည်။ သူက ကောင်းကင်ဘုံခုံရုံး ရှိရာဘက်သို့ ချာခနဲလှည့်ကြည့်လိုက်ပြီး ဗြဟ္မာတစ္ဆေမိခင်က တျဲယွဲ့ကို မမှိတ်မသုန် စိုက်ကြည့်နေသည်ကို သူက တွေ့မြင်လိုက်ရသည်။

“မကောင်းတော့ဘူး”

ဆူဇီမိုက ရင်ထဲမှာ နင့်ခနဲ ဖြစ်သွား၏။

အစက မဟာကမ္ဘာတစ်ထောင်လောကမှာ ဗြဟ္မာတစ္ဆေမိခင်သည် တျဲယွဲ့ကို ဘာမှမလုပ်နိုင်ခဲ့ပေ။ တကယ်ဆို သူမ၏ တိုက်ခိုက်ရည်ခွန်အားက တျဲယွဲ့ထက်ပင် အနည်းငယ်နိမ့်ကျနေခဲ့သည်။

သို့သော်လည်း ထိုအခိုက်အတန့်မှာ သုံးဘုံလောက၏ အဟန့်အတားက ကြေမွပျက်စီးသွားပြီး ဗြဟ္မာတစ္ဆေမိခင်ကို ချုပ်နှောင်ထားသည့် ကန့်သတ်မှုများကလည်း ပျောက်ကွယ်သွားလေသည်။ သူမ၏ မူလခွန်အားကို လျင်မြန်စွာ ပြန်လည်ရရှိနေ၏။

သူတို့၏ ကျင့်ကြံမှုနယ်ပယ်များက မဟာဧကရာဇ်များ၏ အထက်မှာ ရှိသည်ဟု မိစ္ဆာအရှင်က တစ်ခါပြောခဲ့ဖူးသည်။

ဤကဲ့သို့သော စွမ်းအားသည် အလယ်အလတ်ကမ္ဘာတစ်ထောင်လောကမှာ အရာရာတိုင်းကို ဖျက်ဆီးပစ်ဖို့ လုံလောက်နေသည်။

ကောင်းကင်ဘုံဆန့်ကျင်တိုက်ပွဲမတိုင်ခင် တျဲယွဲ့သည် ဗြဟ္မာတစ္ဆေမိခင်နှင့် ပဋိပက္ခတစ်ခု ရှိထားခဲ့သည်။

ထိုအချိန်တုန်းက မိစ္ဆာအရှင်၏ ကြားဝင်ဖျန်ဖြေမှုဖြင့် ဗြဟ္မာတစ္ဆေမိခင်သည် ရပ်တန့်ခဲ့ရပြီး ကောင်းကင်ဘုံဆန့်ကျင်တိုက်ပွဲကိုသာ အာရုံစိုက်ခဲ့သည်။

ပုံမှန်အခြေအနေအောက်မှာ ကောင်းကင်ဘုံခုံရုံး ဖျက်ဆီးခံရပြီးလျှင်တောင် မိစ္ဆာအရှင်၊ ဧကရီဆိုးယုတ်နှင့် ဗြဟ္မာတစ္ဆေမိခင်တို့က တျဲယွဲ့ကို ခြိမ်းခြောက်နိုင်မည် မဟုတ်ပေ။

သို့သော်လည်း သိုင်းတာအိုပင်မခန္ဓာအပေါ် ကပ်ဘေးတစ်ခု ရုတ်တရက်ကျရောက်လာသောကြောင့် သုံးဘုံလောက၏ အဟန့်အတားက ကြေမွပျက်စီးသွား၏။ ထို့သို့ဖြင့် ဗြဟ္မာတစ္ဆေမိခင်သည် သူမ၏ စွမ်းအားကို အလယ်အလတ်ကမ္ဘာတစ်ထောင်လောကမှာပင် ပြန်လည်ရရှိနေ၏။

ဆူဇီမိုက လေထဲသို့ ခုန်တက်ပြီး ကောင်းကင်ဘုံခုံရုံးရှိရာသို့ ရူးသွပ်စွာ ပြေးလွှားသွား၏။

ကောင်းကင်ဘုံခုံရုံးမှာ…

ဗြဟ္မာတစ္ဆေမိခင်နှင့် ရင်ဆိုင်ရချိန်မှာ တျဲယွဲ့သည် ထွက်ပြေးခြင်းမရှိဘဲ သူမ၏ အမူအရာက တည်ငြိမ်နေ၏။

သူမကို ဗြဟ္မာတစ္ဆေမိခင်က မမှိတ်မသုန် စောင့်ကြည့်နေပြီဖြစ်ပြီး လုံးဝမလွတ်မြောက်နိုင်တော့သည်ကို သူမက သိရှိထားသည်။

သူတို့နှစ်ယောက်အကြား ခွန်အားကွာဟချက်က ကြီးမားလွန်းနေသည်။

တကယ်ဆို ဗြဟ္မာတစ္ဆေမိခင်သည် ထိုအကွာအဝေးမှာ လက်ချောင်းတစ်ချောင်း လှုပ်ရှားရုံဖြင့် သူမကို ဖိခြေသတ်ဖြတ်နိုင်သည်ဟုပင် တျဲယွဲ့က ခံစားမိနေသည်။

“စောစောက နင် ငါ့ကို ခြိမ်းခြောက်ခဲ့တယ်”

ဗြဟ္မာတစ္ဆေမိခင်က ပြုံး၍ ပြောလိုက်၏။

ထိုအခိုက်အတန့်မှာ ဗြဟ္မာတစ္ဆေမိခင်၏ မျက်နှာပေါ်ရှိ အရေးအကြောင်းများက ပျောက်ကွယ်သွားခဲ့ပြီဖြစ်ပြီး ရင့်ကျက်တည်ငြိမ်၍ ချောမောလှပသော အမျိုးသမီးတစ်ဦးအဖြစ် အသွင်ပြောင်းလဲသွား၏။ သူမ၏ နှုတ်ခမ်းများက တောက်ပနီရဲနေပြီး သွေးဆောင်ဖြားယောင်းမှုဖြင့် ပြည့်နှက်နေ၏။

ဗြဟ္မာတစ္ဆေမိခင်က ဘေးပတ်ဝန်းကျင်ကို အာရုံမစိုက်ဘဲ ပြောလိုက်၏။

“နင် အဲ့ဒါကို သိမှာမဟုတ်လောက်ဘူး… မဟာကမ္ဘာတစ်ထောင်လောကမှာတောင် ငါ့ကို အဲ့ဒီလေသံနဲ့ ပြောရဲတဲ့သူ အများကြီးမရှိဘူး”

“ငါ့ကိုတိုက်ခိုက်ရဲတဲ့သူက ပိုလို့တောင် မရှိဘူး”

“ဒါတောင် ဒီအလယ်အလတ်ကမ္ဘာတစ်ထောင်လောကမှာ လိပ်ပြာတစ်ကောင်က ငါ့ရှေ့မှာ မောက်မာရဲတယ်ပေါ့… ဘယ်လောက်စိတ်ဝင်စားဖို့ကောင်းလဲ… ဟဲဟဲ”

ရုတ်တရက်ဆိုသလို…

ဗြဟ္မာတစ္ဆေမိခင်က သူမ၏ အပြုံးကို ရုတ်သိမ်းပြီး သူမ၏ လက်ကို ဖြည်းဖြည်းချင်းမြှောက်လိုက်၏။ ဆိုးယုတ်၍ ကြောက်စရာကောင်းသော တစ္ဆေမျက်နှာတစ်ခုက သူမ၏ နောက်ဘက်မှာ ခပ်ရေးရေးပေါ်ထွက်လာပြီး သူမက တျဲယွဲ့ကို စိုက်ကြည့်ရင်း အေးစက်စွာ မေးလိုက်၏။

“နင့်ရဲ့အပြစ်ကို နင်သိလား”

ထိုသို့ သူမ ပြောလိုက်သည့်ခဏမှာပင် ဘေးပတ်ဝန်းကျင်အပူချိန်က ရုတ်တရက်ထိုးဆင်းသွား၏။

“အဲ့ဒါကို ပြန်စခွင့်ရမယ်ဆိုရင် ငါထပ်ပြီးတိုက်ခိုက်ဦးမှာပဲ”

တျဲယွဲ့က မှင်သေသေဖြင့် ပြောလိုက်သည်။

ဗြဟ္မာတစ္ဆေမိခင်က သူမကိုသတ်ဖြတ်ဖို့ စိတ်ပိုင်းဖြတ်ထားပြီကို တျဲယွဲ့က ပြောနိုင်လေသည်။

သူမ ပြောသည့် မည်သည့်စကားကမှ ဤရလဒ်ကို ပြောင်းလဲပေးနိုင်တော့မည် မဟုတ်ပေ။

ဗြဟ္မာတစ္ဆေမိခင်၏ ကျင့်ကြံမှုနယ်ပယ်အရ တျဲယွဲ့ထံမှ စကားတချို့မျှနှင့် သူမ၏စိတ်ကို သေချာပေါက် ပြောင်းလဲပစ်လိမ့်မည် မဟုတ်ပေ။

ဗြဟ္မာတစ္ဆေမိခင်က ပြေးလာနေသော ဆူဇီမိုကိုကြည့်ပြီး ညင်သာစွာ ပြုံးလိုက်၏။

“နင်က သေချင်တယ်ဆိုမှတော့ ငါက နင့်ဆန္ဒကို ဖြည့်ဆည်းပေးရတာပေါ့”

“ဘယ်လောက်နှမျောဖို့ကောင်းလဲ… နင်နဲ့ နင့်ရဲ့ချစ်သူက ထာဝရခွဲခွာရတော့မှာပဲ”

ထိုသို့ သူမ ပြောလိုက်သည့်ခဏမှာပင် ဗြဟ္မာတစ္ဆေမိခင်က တိုက်ခိုက်လိုက်ပြီဖြစ်သည်။

“မလုပ်နဲ့…”

ဆူဇီမိုက ဒေါသတကြီး ဟိန်းဟောက်လိုက်သော်လည်း သူက ဤမြင်ကွင်းကို လုံးဝမတားဆီးနိုင်ပေ။ သူသည် ဗြဟ္မာတစ္ဆေမိခင်၏ လက်ဖဝါး ဆင်းသက်လာသည်ကို ကူကယ်ရာမဲ့စွာ ကြည့်နေရ၏။

တျဲယွဲ့ကလည်း ဆူဇီမိုကို နက်ရှိုင်းစွာ လှည့်ကြည့်လိုက်၏။

အရာရာတိုင်းက ရုတ်တရက်ဆန်လွန်းစွာ ဖြစ်သွားပြီး သူတို့နှစ်ယောက်က တစ်စုံတစ်ရာ ပြောဆိုဖို့ပင် အချိန်မရခဲ့ပေ။

ထိုအကြည့်တစ်ချက်မှာ စိတ်ခံစားချက်များစွာ ပါဝင်နေ၏။

ထိုအကြည့်မှာ နူးညံ့သိမ်မွေ့မှု၊ ဝန်လေးမှု၊ နောင်တနှင့် မျှော်လင့်တမ်းတမှု…။

ထိုအကြည့်က သူတို့၏ နောက်ဆုံးနှုတ်ဆက်မှုလည်း ဖြစ်သည်။

ဗြဟ္မာတစ္ဆေမိခင်သည် လေဟာနယ်ကနေတစ်ဆင့် တျဲယွဲ့ရှိရာဘက်သို့ ရိုက်ချလိုက်ရုံမျှသာဖြစ်၏။ ကမ္ဘာတုန်လောက်ဖွယ်ရာ မည်သည့်မြင်ကွင်းမျိုးမှ ပေါ်ထွက်မလာခဲ့ပေ။

သို့သော်လည်း တျဲယွဲ့သည် သွေးမြူတစ်ခုအဖြစ် ချက်ချင်းပင် ပြောင်းလဲသွားသည်။

ခွန်အားကွာဟချက်က အရမ်းကိုကြီးမားနေ၏။

ဆူဇီမိုသည် သူ၏ လှုပ်ရှားမှုကို တဖြည်းဖြည်းရပ်တန့်ပြီး သူက နေရာမှာပင် ငေးငိုင်စွာ မတ်တတ်ရပ်လိုက်၏။ သူသည် အသက်ဓာတ်ကင်းမဲ့နေသော မျက်လုံးများနှင့် မှေးမှိန်သွားသော အကြည့်နှင့်အတူ ကောင်းကင်ဘုံခုံရုံးမှ သွေးမြူခိုးကို ကြည့်နေ၏။ သူက သူ၏ ဝိညာဉ်ကို ချက်ချင်းပင် ဆုံးရှုံးသွားရသည့်အလားပင်။

လူသားဧကရာဇ် သေဆုံးသွားစဉ်က သူသည် အလွန်တရာ စိတ်ထိခိုက်ခံစားခဲ့ရ၏။

ထိုအခိုက်အတန့်မှာ သူသည် မည်သည့်အရာကိုမှ ဆက်လက်၍ မခံစားရတော့ပေ။ သူ့ဘဝမှာ တန်ဖိုးအထားရဆုံးအရာကို ရုတ်တရက် ဆုံးရှုံးသွားရသည့်အလား သူ၏ စိတ်က ဗလာကျင်းနေ၏။

ဤမြင်ကွင်းသည် လူတိုင်းတွေးထင်ထားသည်ထက်လည်း ကျော်လွန်နေ၏။

အလယ်အလတ်ကမ္ဘာတစ်ထောင်လောကရှိ မျိုးနွယ်စုအမျိုးမျိုးမှ ပညာရှင်များသည် ထိုသည်ကို တွေ့မြင်သောအခါ တုန်လှုပ်စွာဖြင့် သူတို့၏ မျက်လုံးများ ပြူးကျယ်နေကြသည်။

ကောင်းကင်ဘုံဆန့်ကျင်တိုက်ပွဲက တစ်မူထူးခြားစွာ ချောက်ချားစရာနှင့် ဝမ်းနည်းစရာကောင်းနေမည်ကို လူတိုင်းက ကြိုတင်ခန့်မှန်းနိုင်ကြသည်။

သို့သော်လည်း ပိန်ပိန်အဘိုးအိုနှင့် ဝဝအဘိုးအို၊ မျောက်ဝံအိုကြီး၊ သားရဲဧကရီအမြီးကိုးချောင်း၊ သားရဲဧကရာဇ်နတ်ဆင်၊ လူသားဧကရာဇ်နှင့် အခြားသော ဧကရာဇ်ပညာရှင်များ သေဆုံးသွားပြီးနောက် မဟာဧကရာဇ်အထီးကျန်သိုင်းသခင်ကလည်း မဟာကမ္ဘာတစ်ထောင်လောကမှ စွမ်းအားကြောင့် သတ်ဖြတ်ခံရလိမ့်မည်ဟု မည်သူကမှ ထင်မှတ်မထားခဲ့ပေ။

ယခု မဟာဧကရီသွေးလိပ်ပြာကပင် သေဆုံးသွားရသည်။

ကောင်းကင်ဘုံဆန့်ကျင်တိုက်ပွဲသည် မဟာဧကရာဇ်နှစ်ပါး၏ သေဆုံးမှုများနှင့်အတူ အဆုံးသတ်သွားလိမ့်မည်ဟု မည်သူက တွေးမိခဲ့ပါ့မလဲ။

သူတို့သည် ကောင်းကင်ဘုံဆန့်ကျင်တိုက်ပွဲမှာ အနိုင်ရခဲ့သော်လည်း ပေးဆပ်ရသောတန်ဖိုးက အရမ်းကိုကြီးမားလွန်းသည်။

“တစ္ဆေမိခင်…”

တင်းမာခက်ထန်သော အော်ဟစ်သံက ထွက်ပေါ်လာ၏။

ဧကရီဆိုးယုတ်က ကောင်းကင်ဘုံခုံရုံး၏ အထက်မှာ ပြန်လည်ပေါ်ထွက်လာ၏။ သူမက အောက်ဘက်ရှိ အပြောင်းအလဲကို မြင်တွေ့ပြီးနောက် ချက်ချင်းပင် ပြန်လှည့်လာခဲ့၏။

မိစ္ဆာအရှင်၏ ပုံရိပ်က ပျောက်ကွယ်လုနီးပါး ဖြစ်နေလေပြီ။

တိမ်စိုင်များကြားမှာ မိစ္ဆာအရှင်သည် သူ၏ ခေါင်းကိုငုံ့ပြီး အောက်ဘက်မှာရှိသော အခြေအနေကို ဂရုမစိုက်သည့်ဟန်ဖြင့် တစ်ချက်ကြည့်လိုက်၏။ သူက မှင်သေသေအမူအရာဖြင့် ရှိနေပြီး သူ၏ မျက်လုံးများက တည်ငြိမ်နေ၏။

အောက်ဘက်မှာ ဖြစ်ပျက်နေသော အရာရာတိုင်းက သူနှင့် ဘာမှမသက်ဆိုင်သည့်အလားပင်။

“အာရှဲ့… နင်လာတာ နောက်ကျသွားပြီ”

ဗြဟ္မာတစ္ဆေမိခင်၏ မျက်နှာပေါ်မှာ အပြုံးတစ်ခုရှိနေသော်လည်း သူမက သနားကရုဏာသက်ဟန်ဖြင့် ဟန်ဆောင်သက်ပြင်းချလိုက်၏။

“သူက သေသွားပြီပဲ”

ဧကရီဆိုးယုတ်၏ အမူအရာက သုန်မှုန်သွားပြီး စကားတစ်ခွန်းမပြောဆိုပေ။ သူမက သွေးမြူခိုးကို ကြည့်ပြီး ၎င်းကို သူမ၏ နောက်ဘက်မှာ ကာပေးကာ ဗြဟ္မာတစ္ဆေမိခင်ကို အေးစက်စွာ စိုက်ကြည့်နေ၏။

All Chapters