← Chapters

အန္တရာယ်

Vol. 213 Ch. 3203

အန္တရာယ်

Vol. 213 Ch. 3203

ဧကရီဆိုးယုတ်က ဆူဇီမို၏ အခြေအနေကို တွေ့မြင်သောအခါ သူမက မှင်သေသေဖြင့်ပြောလိုက်၏။

“ငါနင့်ကိုသတိပေးဦးမယ်… ကောင်းကင်ဘုံဆန့်ကျင်တိုက်ပွဲက ပြီးဆုံးသွားပြီဆိုပေမယ့် အလယ်အလတ်ကမ္ဘာတစ်ထောင်လောကက ဖရိုဖရဲဖြစ်နေတုန်းပဲ… အန္တရာယ်တွေက နေရာတိုင်းမှာရှိနေတယ်… နင် သတိထားနေတာပိုကောင်းမယ်”

ဆူဇီမိုက ရင်တစ်ချက်ထိတ်သွား၏။

ပုံမှန်အခြေအနေအောက်မှာဆိုလျှင် ကောင်းကင်ဘုံခုံရုံးကို ဖျက်ဆီးပြီးနောက် အလယ်အလတ်ကမ္ဘာတစ်ထောင်လောကမှ ဧကရာဇ်များသည် အောင်မြင်စွာတက်လှမ်းနိုင်မည်ဖြစ်ပြီး အလယ်အလတ်ကမ္ဘာတစ်ထောင်လောက၏ ဖွဲ့စည်းပုံက ပုံမှန်အတိုင်းပြန်ဖြစ်လာပေလိမ့်မည်။ သို့သော်လည်း သိုင်းတာအိုပင်မခန္ဓာသည် မဟာကပ်ဘေးတစ်ခုကို ဆွဲဆောင်မိခဲ့သောကြောင့် နိယာမအဟန့်အတားက ကြေမွပျက်စီးပြီး အပြောင်းအလဲများစွာ ဆက်တိုက်ပေါ်ထွက်လာခဲ့၏။

တျဲယွဲ့၏ သေဆုံးမှုက ထိုအပြောင်းအလဲများထဲမှ တစ်ခုဖြစ်သည်။

ကောင်းကင်ဘုံခုံရုံးဘက်မှာ ကျင့်ကြံမှုနယ်ပယ်အမျိုးမျိုးနှင့် ဧကရာဇ်များနှင့် သက်ရှိများစွာကျန်ရှိနေသေးသော်လည်း ကောင်းကင်ဘုံခုံရုံးကို ထိန်သိမ်းစောင့်ရှောက်ပေးနေသည့် အရှင်များမရှိဘဲ သူတို့၏ လွှမ်းမိုးနိုင်စွမ်းက ပျောက်ဆုံးသွားပြီး ကျန်ရှိနေသောလူများအနေဖြင့် ပြဿနာကောင်းကောင်းရှာနိုင်တော့မည် မဟုတ်ပေ။

ဒါ့အပြင် ကောင်းကင်ဘုံခုံရုံးက ပျက်စီးသွားပြီး ကောင်းကင်ဘုံခုံရုံးမှ အရှင်များ သေဆုံးသွားသည်ကို တွေ့မြင်သောအခါ ကောင်းကင်ဘုံခုံရုံးမှကျန်ရှိနေသော ဧကရာဇ်များသည် အခြေအနေမကောင်းတော့သည်ကို တွေ့မြင်သွားပြီး တိုက်ပွဲနယ်မြေကနေ တစ်ယောက်ပြီးတစ်ယောက်ထွက်ခွာကာ မဟာကမ္ဘာတစ်ထောင်လောကသို့ တက်လှမ်းဖို့ ရွေးချယ်လိုက်ကြပြီဖြစ်သည်။

အလယ်အလတ်ကမ္ဘာတစ်ထောင်လောကဘက်မှာ မျိုးနွယ်စုတစ်သောင်းမှ သက်ရှိများသည် သွေးသံရဲရဲတိုက်ပွဲအပြီးမှာ ကြီးမားသောပျက်စီးထိခိုက်မှုများနှင့် ကြုံတွေ့ထားပြီး ဆက်လက်၍ မတိုက်ခိုက်နိုင်တော့ပေ။

ဒါ့အပြင်် ကောင်းကင်ဘုံခုံရုံးက ပျက်စီးသွားပြီဖြစ်ပြီး သူတို့အနေဖြင့် အသေအကြေဆက်လက်၍ တိုက်ခိုက်စရာလည်း မလိုတော့ပေ။

မဟာကမ္ဘာတစ်ထောင်လောကသို့ တက်လှမ်းနိုင်မည့်အခွင့်အရေးက သူတို့ရှေ့မှောက်သို့ ရောက်ရှိလာ၏။ ဧကရာဇ်များသည် အချိန်တစ်ခုကြာ အနားယူအားဖြည့်ပြီးနောက် တက်လှမ်းဖို့ စီစဉ်ထားကြ၏။

အရင်တုန်းက သုံးဘုံလောက၏ အဟန့်အတားကို ကြေမွပျက်စီးစေပြီး ကြီးမားသည့်တိုက်ပွဲတစ်ခု ဖြစ်ပွားစေခဲ့သောကြောင့် သူတို့တွေက အလယ်အလတ်ကမ္ဘာတစ်ထောင်လောကသို့ ကျဆင်းလာခဲ့ကြောင်း ဧကရီဆိုးယုတ်က တစ်ခါပြောခဲ့ဖူး၏။

သို့သော်ယခု သုံးဘုံလောက၏ အဟန့်အတားက နောက်တစ်ဖန်ထိုးဖောက်ခံလိုက်ရပြီး မဟာကမ္ဘာတစ်ထောင်လောကမှ ပညာရှင်များ ဆင်းသက်လာနိုင်သည်ဟု အဓိပ္ပါယ်ရနေ၏။

“ကောင်းကင်ဘုံခုံရုံးက အရှင်တွေ ပြန်လာဦးမှာလား”

ဆူဇီမိုက မျက်မှောင်ကြုတ်ကာမေးလိုက်၏။

“သူတို့လာမှာမဟုတ်ဘူး”

ဧကရီဆိုးယုတ်က ပြောလိုက်၏။

“မိစ္ဆာအရှင်နဲ့ တစ္ဆေမိခင်က တက်လှမ်းသွားခဲ့ပြီ… ဟိုလူတွေရဲ့စိတ်အာရုံက သူတို့အပေါ်မှာ ရောက်နေလိမ့်မယ်… သူတို့တွေက အလယ်အလတ်ကမ္ဘာတစ်ထောင်လောကကို ထပ်ပြီးအာရုံစိုက်နိုင်မှာမဟုတ်ဘူး.. နောက်ပြီး…”

ဧကရီဆိုးယုတ်က သူမ၏ ခေါင်းကို အနည်းငယ်မော့ပြီး ထိုးဖောက်ခံထားရသော နိယာမအဟန်ု့အတားကို တစ်ချက်ကြည့်လိုက်၏။

“ဒီအပေါက်က သုံးဘုံလောကတစ်ခုလုံးရဲ့ အဟန့်အတားတစ်ခုလုံးနဲ့ယှဉ်ရင် လျစ်လျူရှုလို့ရသလောက်ပဲ.. ကောင်းကင်နှင့်မြေကြီးနိယာမတွေရဲ့စွမ်းအားနဲ့ဆို အဲဒါက သိပ်မကြာခင် ပြင်ဆင်လို့ပြီးသွားလိမ့်မယ်”

တကယ်တမ်းမှာလည်း ဧကရီဆိုးယုတ်ပြောသည့်အတိုင်းပင်ဖြစ်သည်။

အချိန်တိုအတွင်းမှာ မဟာကပ်ဘေးကြောင့် ထိုးဖောက်ခံထားရသောအပေါက်သည် တဖြည်းဖြည်းကျုံ့ဝင်ကာ ပျောက်ကွယ်လာနေပြီဖြစ်၏။

နိယာမအဟန့်အတားများကို ပြန်လည်ပြင်ဆင်ပြီးနောက် မဟာကမ္ဘာတစ်ထောင်လောကမှ ပညာရှင်များက ဆင်းသက်နိုင်တော့မည် မဟုတ်ပေ။

ဧကရီဆိုးယုတ်၏ ကျင့်ကြံမှုနယ်ပယ်သည် သိသိသာသာမြင့်တက်လာလျှင်တောင် နိယာမအဟန့်အတားကို ပြန်လည်ပြင်ဆင်ပြီးသွားသည်နှင့် သူမသည် အလယ်အလတ်ကမ္ဘာတစ်ထောင်လောကမှာ ရှိနေဦးမည်ဆိုလျှင် သူမ၏ ခွန်အားက ကန့်သတ်ခံရပြီး မဟာဧကရာဇ်တစ်ပါး၏ အဆင့်ကို ပြန်လည်ရောက်ရှိသွားပေလိမ့်မည်။

ဧကရီဆိုးယုတ်ပြောနေသည့်အန္တရာယ်သည် မဟာကမ္ဘာတစ်ထောင်လောကမှ လာခြင်းမဟုတ်လျှင် အဲဒါက ဘယ်ကနေလာမှာလဲ။

ဆူဇီမို၏ အကြည့်က တိုက်ပွဲနယ်မြေမှာလွင့်မျောနေသည့် အနက်ရောင်စာရွက်တစ်ရွက်ကို အမှတ်တမဲ့တွေ့မြင်သွား၏။ ၎င်းသည် ဒဏ္ဍာရီလာသေခြင်းရှင်ခြင်းစာအုပ်ဖြစ်၏။

သိုင်းတာအိုပင်မခန္ဓာသည် မဟာကပ်ဘေးဖြင့်ထိခတ်ခံရစဉ်က သူ၏ ခန္ဓာကိုယ်နှင့် ငရဲဖိနှိမ်မီးဖိုက ကြေမွပျက်စီးသွားပြီး သူ၏ သိုလှောင်အိတ်ကလည်း ပျက်စီးသွားခဲ့၏။

ထိုအနက်ရောင်စာရွက်ကလွဲလျှင် အထဲမှာရှိသောအရာရာတိုင်းက ဖုန်မှုန့်များအဖြစ် ပြောင်းလဲသွားခဲ့သည်။

“ဖုန့်တူ…”

ဆူဇီမိုသည် အနက်ရောင်စာရွက်ကို လှမ်းဆွဲယူပြီး တမလွန်ဘုံအရှင်ကို တွေးမိသွားကာ လေးနက်သောအသံဖြင့် ပြောလိုက်၏။

“သူမသေဘူးလား”

တမလွန်ဘုံအရှင်သည် ဤလောကမှာ သူ့ကိုသတ်ဖြတ်နိုင်သည့်သူမရှိဟု တစ်ခါက ပြောဆိုခဲ့ဖူးသည်။

သိုင်းတာအိုပင်မခန္ဓာ၏ စိတ်ဝိညာဉ်အသိစိတ်သည် တစ်ခါက တမလွန်ဘုံကို လှည့်လည်စစ်ဆေးခဲ့သော်လည်း ဖုန့်တူ၏ မည်သည့်အငွေ့အသက်ကိုမှ ရှာမတွေ့နိုင်ခဲ့ပေ။

သို့သော်လည်း ထိုစဉ်တုန်းက ကောင်းကင်ဘုံဆန့်ကျင်တိုက်ပွဲက ဖြစ်ပွားလာတော့မည့်ဆဲဆဲဖြစ်ပြီး သူကထိုအချိန်မှာ ထိုအတွေးကို စွန့်လွှတ်ခဲ့ရ၏။

ဧကရီဆိုးယုတ်သည် တမလွန်ဘုံအရှင်နှင့်ပတ်သက်၍ စကားများစွာမပြောဆိုလိုသည့်ပုံပင်။ သူမက မှင်သေသေဖြင့်သာပြောလိုက်၏။

“သူတစ်ယောက်တည်း မဟုတ်ဘူး”

ဆူဇီမိုက ရင်တစ်ချက်ထိတ်သွားပြီး ရုတ်တရက် အလွန်တရာကြောက်စရာကောင်းသည့် တစ်စုံတစ်ရာကို တွေးမိသွား၏။ သူ၏ အကြည့်က အဝီစိထိုးဖောက်ခံထားရသော ကောင်းကင်ဘုံကမ္ဘာရှိရာဘက်သို့ ရောက်ရှိသွားပြီး ကျောရိုးတစ်လျှောက်ချမ်းစိမ့်လာသည်ဟု ခံစားလိုက်ရ၏။

အစက မဟာဧကရာဇ်အနန္တသည် သူ၏ အသွေးအသားကို အသုံးပြုပြီး မဟာအဝီစိကို ဖန်တီးကာ မီးတောက်ကောင်းကင်ဘုံအရှင်နှင့် ငရဲအရှင်ကို အကျဉ်းချထားခဲ့သည်။ သို့သော်ယခု မဟာအဝီစိက ထိုးဖောက်ခံလိုက်ရ၏။

မီးတောက်ကောင်းကင်ဘုံအရှင်နှင့် ငရဲအရှင်တို့က ထွက်ပြေးလွတ်မြောက်သွားသည်ဟု ဆိုလိုလေသည်။

“သူတို့တွေက…”

ဆူဇီမို၏ အမူအရာက သုန်မှုန်တည်တံ့လာ၏။

ဧကရီဆိုးယုတ်က ပြောလိုက်၏။

“မီးတောက်ကောင်းကင်ဘုံအရှင်က မဟာကမ္ဘာတစ်ထောင်လောကမှာ ပြန်လည်မွေးဖွားဖို့ ရွေးချယ်ခဲ့ပြီးပြီ… ဒါပေမဲ့ ငရဲအရှင်ကတော့ ထွက်ခွာမသွားခဲ့ဘူး.. အဲဒီအစားက သူက ငရဲကမ္ဘာမှာ ပြန်လည်မွေးဖွားဖို့ ရွေးချယ်ခဲ့တယ်”

ကောင်းကင်ဘုံခုံရုံးက ပျက်စီးသွားခဲ့ပြီဖြစ်ပြီး ငရဲအရှင်သည် မဟာအဝီစိကနေ ထွက်ပြေးလွတ်မြောက်သွား၏။ တကယ်ဆို သူသည် မဟာကမ္ဘာတစ်ထောင်လောကမှာ ပြန်လည်မွေးဖွားဖို့ ရွေးချယ်နိုင်ခဲ့သည်။

သို့သော်လည်း သူသည် ငရဲကမ္ဘာမှာသာနေဖို့ ရွေးချယ်ခဲ့သည်။ သူက ဘာလုပ်ဖို့ကြိုးစားနေတာလဲ။

ဧကရီဆိုးယုတ်က ပြောလိုက်၏။

“အလယ်အလတ်ကမ္ဘာတစ်ထောင်လောကမှာ သူဘာပဲလုပ်လုပ် ငါအံ့အားသင့်မိမှာ မဟုတ်ဘူး”

ဧကရီဆိုးယုတ်ပြောသည့် ဘာပဲလုပ်လုပ်ဆိုသည်မှာ ကောင်းသောအရာ မဟုတ်နိုင်ပေ။

ငရဲအရှင်သည် လူကောင်းတစ်ယောက်ဖြစ်မည်ဆိုလျှင် အရင်တုန်းက သူ့ကို မဟာဧကရာဇ်အနန္တက အကျဉ်းချထားခဲ့လိမ့်မည် မဟုတ်ပေ။

ဒါ့အပြင် ငရဲအရှင်သည် နှစ်ပေါင်းများစွာကြာအောင် မဟာဧကရာဇ်အနန္တ၏ အကျဉ်းချထားခြင်းခံခဲ့ရပြီး တစ်ချိန်လုံး အဆုံးမဲ့ညှင်းပန်းနှိပ်စက်မှုကို တွေ့ကြုံခံစားခဲ့ရ၏။ သူ၏ ရင်ထဲမှာ စုဆောင်းထားသည့် မကျေမချမ်းမှုများနှင့် မုန်းတီးမှုများကို စဉ်းစားကြည့်နိုင်သည်။

ဧကရီဆိုးယုတ်သည် ဤကိစ္စနှင့်ပတ်သက်၍ ဘာမှမတတ်နိုင်ပေ။

သူမက တိုက်ခိုက်မည်ဆိုလျှင်ပင် သူမသည် ငရဲအရှင်ကို လုံးလုံးလျားလျားသတ်ဖြတ်နိုင်လိမ့်မည် မဟုတ်ပေ။ ငရဲအရှင်သည် ငရဲအရှင်အဖြစ် ပြန်လည်မွေးဖွားလာဦးမည်ဖြစ်ပြီး သူ၏ ရင်ထဲရှိမုန်းတီးမှုများက ပိုမိုနက်ရှိုင်းကာ ပိုမိုပြင်းထန်လာဖို့သာ ရှိပေလိမ့်မည်။

“တကယ်တော့ ဖုန့်တူပဲဖြစ်ဖြစ်.. ငရဲအရှင်ဘဲဖြစ်ဖြစ် သူတို့တွေက ပြန်လည်မွေးဖွားလာပြီးရင် သူတို့ရဲ့ဧကရာဇ်နယ်ပယ်ကျင့်ကြံမှုကိုပြန်ရဖို့ အချိန်တချို့ယူရလိမ့်မယ်”

“ဖုန့်တူက မဟာဧကရာဇ်တစ်ပါးဖြစ်လာမလားဆိုတာ ပြောဖို့ခက်နေသေးတယ်”

“ဒါပေမဲ့ ငရဲအရှင်ကတော့ သူကမဟာဧကရာဇ်တစ်ပါးဖြစ်လာဖို့ အချိန်တစ်ခုပဲလိုတဲ့ကိစ္စပဲ… သူ့ရဲ့တာအိုအမှတ်အသားက ငရဲကမ္ဘာမှာရှိနေတုန်းပဲ”

ကောင်းကင်ဘုံကိုးလွှာက ဖျက်ဆီးခံလိုက်ရပြီး မိစ္ဆာအရှင်နှင့် ဗြဟ္မာတစ္ဆေမိခင်တို့ တက်လှမ်းသွားပြီးနောက် ဧကရီဆိုးယုတ်ကလည်း အလယ်အလတ်ကမ္ဘာတစ်ထောင်လောကမှာ ဆက်လက်၍ နေတော့မည်မဟုတ်ပေ။

တျဲယွဲ့က သေဆုံးသွားပြီး သိုင်းတာအိုပင်မခန္ဓာက မဟာကပ်ဘေးဖြင့် အမဲလိုက်ခြင်းခံရပြီး သူတို့၏ ဆက်သွယ်မှုက ဖြတ်တောက်ခံလိုက်ရသည်။ သူက သေဆုံးသွားခြင်းလည်း ဖြစ်နိုင်သည်။

ငရဲတာအိုမှာ ငရဲအရှင်သည် မဟာဧကရာဇ်တစ်ပါးဖြစ်လာသည်နှင့် အလယ်အလတ်ကမ္ဘာတစ်ထောင်လောကနှင့် တမလွန်ဘုံမှာ မည်သူကမှ သူ့ကို ယှဉ်နိုင်မည်မဟုတ်ပေ။

ထိုသို့အတွေးဖြင့် ကောင်းကင်ဘုံခုံရုံးက ဖျက်ဆီးခံလိုက်ရသော်လည်း အလယ်အလတ်ကမ္ဘာတစ်ထောင်လောကအတွက် ရောက်ရှိမလာသေးသည့် ပို၍ပင်ကြီးမားသည့်အန္တရာယ်တစ်ခု ရှိနေသေးသည်ကို ဆူဇီမိုက နားလည်သဘောပေါက်သွား၏။

ဖုန့်တူနှင့် ငရဲအရှင် တစ်ကျော့ပြန်လာသည်နှင့် အလယ်အလတ်ကမ္ဘာတစ်ထောင်လောကသည် အကန့်အသတ်မဲ့သောငရဲခန်းတစ်ခုဖြစ်လာဖို့ ဖြစ်နိုင်ခြေမြင့်မားလေသည်။

ဆူဇီမိုက ညင်သာစွာပြောလိုက်၏။

“တစ်နည်းအားဖြင့် ဒီအချိန်အတောအတွင်း အလယ်အလတ်ကမ္ဘာတစ်ထောင်လောကမှာ တစ်ယောက်ယောက်က မဟာဧကရာဇ်တစ်ပါးဖြစ်လာမှပဲ သူတို့နဲ့ တိုက်ခိုက်နိုင်မှာပေါ့”

“အဲဒါက နောက်ထပ်အလှည့်အပြောင်းတစ်ခုပဲ”

ဧကရီဆိုးယုတ်က ပြောလိုက်သည်။

“သွေးလိပ်ပြာရဲ့သေဆုံးမှုနဲ့ သူ့ရဲ့တာအိုအမှတ်အသားပျက်ပြယ်မှုနဲ့ဆိုရင် အလယ်အလတ်ကမ္ဘာတစ်ထောင်လောကမှာ ဘယ်ဧကရာဇ်ပညာရှင်မဆို မဟာဧကရာဇ်တစ်ပါးဖြစ်လာဖို့ အခွင့်အရေးရှိတယ်”

ထိုနေရာအရောက်မှာ ဆူဇီမိုသည် ရုတ်တရက်တခြားလူတစ်ယောက်ကို တွေးမိသွားသည်။

ထိုလူသည် ကောင်းကင်ဘုံဆန့်ကျင်တိုက်ပွဲတစ်ခုလုံးမှာ ပေါ်ထွက်မလာခဲ့ပေ။

ကောင်းကင်ဘုံဆန့်ကျင်တိုက်ပွဲက အရမ်းကို ချောက်ချားစရာကောင်းပြီး အစစ်အမှန်ခန္ဓာနှစ်ခုက ကြီးမားသော ဖိအားနှင့် ရင်ဆိုင်နေခဲ့ရသည့်အချက်နှင့်အတူ သူက ထိုလူကို မေ့သလောက်နီးပါးဖြစ်နေခဲ့၏။

ဤအခိုက်အတန့်မှသာ ဧကရီဆိုးယုတ်၏ စကားကိုကြားသောအခါ သူက ထိုသူကို တွေးမိလာခဲ့၏။

တက္ကသိုလ်ဂိုဏ်းချုပ်…။

သိုင်းတာအိုပင်မခန္ဓာရှိနေသေးစဉ်က တက္ကသိုလ်ဂိုဏ်းချုပ်သည် စကားထဲမှာထည့်ပြောဖို့ပင် မထိုက်တန်ခဲ့ပေ။ သူ့အတွက်တော့ ထိုသူက ခြိမ်းခြောက်မှုတစ်ခုပင် မဟုတ်ခဲ့ပေ။

သိုင်းတာအိုပင်မခန္ဓာရှိနေသရွေ့ တက္ကသိုလ်ဂိုဏ်းချုပ်က ပေါ်ထွက်လာရဲလိမ့်မည် မဟုတ်ပေ။

ဤနှစ်များမှာ တက္ကသိုလ်ဂိုဏ်းချုပ်သည် ကြီးမားသော အန္တရာယ်တစ်ခုကို စွန့်စားပြီး တစ်ခါသာ ပေါ်ထွက်ခဲ့ပြီးနောက် နောက်တစ်ဖန်ပျောက်ကွယ်သွားခဲ့သည်။

သို့သော်ယခု အခြေအနေက မတူတော့ပေ။

သိုင်းတာအိုပင်မခန္ဓာသည် တမလွန်မြစ်ထဲကျဆင်းသွားပြီး သူ၏ ကံကြမ္မာက ဘာမှန်းမသိရပေ။

တျဲယွဲ့က သေဆုံးသွားပြီဖြစ်သည်။

တက္ကသိုလ်ဂိုဏ်းချုပ်ကို အမှန်တကယ်ခြိမ်းခြောက်နိုင်သည့်သူများက ဤလောကမှာ ဆက်လက်၍ မရှိကြတော့ပေ။

တစ်ချိန်တည်းမှာပင် တက္ကသိုလ်ဂိုဏ်းချုပ်သည် သူနှင့်ပူးပေါင်းဆောင်ရွက်လိုကြောင်း တမလွန်ဘုံအရှင် ပြောခဲ့သည့်စကားကို ဆူဇီမိုက ရုတ်တရက်အမှတ်ရသွား၏။

ဤပူးပေါင်းဆောင်ရွက်မှုသည် တမလွန်ဘုံအရှင်ကိုပင် စိတ်ပါလာအောင် ဆွဲဆောင်နိုင်ခဲ့သည်။

ထိုပူးပေါင်းဆောင်ရွက်မည့်ကိစ္စကြောင့် သူက တက္ကသိုလ်ဂိုဏ်းချုပ်ကို လွှတ်ပေးခဲ့ခြင်းဖြစ်သည်။

တက္ကသိုလ်ဂိုဏ်းချုပ်ပြုလုပ်တော့မည့်အရာကို ဆူဇီမိုက ခပ်ရေးရေးခန့်မှန်းမိနိုင်သည်။

အလယ်အလတ်ကမ္ဘာတစ်ထောင်လောကမှာ တျဲယွဲ့၏ တာအိုအမှတ်အသားက ပျက်ပြယ်သွားပြီး ယခု ကောင်းကင်ဘုံခုံရုံး၏ အဟန့်အတားက ဆက်လက်၍မရှိတော့ဘဲ လောကရှိအမြုတေချီက ကြွယ်ဝလာ၏။ ကောင်းကင်ဘုံဆန့်ကျင်တိုက်ပွဲအပြီးမှာ ကောင်းကင်ဘုံခုံရုံးမှ မရေမတွက်နိုင်သောရတနာများက ကျဆင်းလာပြီး ဤနေရာမှာ အဆုံးမဲ့အခွင့်အလမ်းများရှိနေသည်။

ခေတ်အဆက်ဆက်စုဆောင်းထားသော ရတနာများနှင့် အခွင့်အလမ်းများ၊ ကောင်းကင်ဘုံဆန့်ကျင်တိုက်ပွဲ၊ မဟာဧကရာဇ်များကြားတိုက်ပွဲနှင့် ဓမ္မတာအိုများစွာ၏ ထိတွေ့ရိုက်ခတ်မှုတို့ကို မြင်တွေ့ရခြင်း… ဤအရာများအားလုံးသည် မနှိုင်းယှဉ်သာအောင် အဖိုးတန်သော အတွေ့အကြုံများဖြစ်ကြသည်။

ကံ၊ အခွင့်အလမ်းနှင့် အကြောင်းအရာအမျိုးမျိုးပေါင်းစုံသွားပြီးနောက် အလယ်အလတ်ကမ္ဘာတစ်ထောင်လောကမှာ မဟာဧကရာဇ်တစ်ပါးမွေးဖွားပေါ်ထွက်လာဖို့ ဖြစ်နိုင်ခြေက ပိုမိုမြင့်မားလာသည်။

All Chapters