← Chapters

သည်းခံနိုင်စွမ်းရည်

Vol. 213 Ch. 3206

သည်းခံနိုင်စွမ်းရည်

Vol. 213 Ch. 3206

ကောင်းကင်ဘုံဆန့်ကျင်တိုက်ပွဲမှာ ဆူဇီမို၏ ကောင်းကင်လိုဏ်ဂူငါးခုသည် အားဖြည့်ထောက်ပံ့မှုကို လက်ခံရရှိပြီး ပကတိကောင်းကင်လိုဏ်ဂူနယ်ပယ်သို့ ချိုးဖျက်တက်လှမ်းနိုင်ခဲ့သည်။

ပြီးခဲ့သည့် နှစ်၁၀၀မှာ သူ၏ ကျင့်ကြံမှုကလည်း ကြီးမားစွာ တိုးတက်လာခဲ့၏။ သို့သော်လည်း သူ့အနေဖြင့် နောက်တစ်ဖန် အဆင့်ချိုးဖျက်တက်လှမ်းဖို့ မဖြစ်နိုင်သေးပေ။

ကောင်းကင်လိုဏ်ဂူငါးခု၏ တိုက်ခိုက်ရည်ခွန်အားက ကြောက်စရာကောင်းပြီး သူတို့က အဆင့်တူများကြားမှာ ပြိုင်ဘက်ကင်းနေသော်လည်း ကောင်းကင်လိုဏ်ဂူငါးခုလုံးကို ဧကရာဇ်တစ်ပိုင်းအဖြစ် အသွင်ပြောင်းလဲဖို့က အဆပေါင်းများစွာ ပိုမိုခက်ခဲလာ၏။

နှစ် ၁၀၀ ကြာပြီး.. တစ်နေ့မှာ ဆူဇီမိုသည် မည်သူ့ကိုမှ နှုတ်ဆက်ခြင်းမရှိဘဲ ထျန်ဟွမ်ကမ္ဘာကနေ တစ်ယောက်တည်း ရုတ်တရက်ထွက်ခွာကာ ပျောက်ကွယ်သွားသည်။

ထျန်ဟွမ်ကမ္ဘာမှ လူတိုင်းက အဲ့ဒါကို အာရုံခံမိသောအခါ သူတို့က စိုးရိမ်ပူပန်လာကြသည်။

ဤနှစ်များမှာ ဆူဇီမိုသည် လူတိုင်းနှင့်အတူရှိနေစဉ် မည်သည့်မူမမှန်မှုကိုမှ မပြသခဲ့ပေ။ သူက ရိုက်ခတ်ခံရမှု များစွာမရှိသည့်အလား စကားပြောဆိုကာ ရယ်မောနေခဲ့၏။

သို့သော်လည်း ဆူဇီမိုက ကောင်းမွန်သော အခြေအနေမှာ မရှိသည်ကို ထျန်ဟွမ်ကမ္ဘာမှ လူတိုင်းက သိရှိထားကြသည်။

သူတစ်ယောက်တည်း ရှိနေသည့်အချိန်တိုင်း ဆူဇီမိုသည် မကြာခဏငေးငိုင်နေတတ်၏။ သူသည် စကားပြောဆိုခြင်း သို့မဟုတ် ကျင့်ကြံခြင်းမရှိဘဲ တစ်ယောက်တည်း အထီးကျန်နေတတ်လေသည်။

“ဒီလိုအခြေအနေမှာ သူတစ်ယောက်တည်း ထွက်သွားတယ်ဆိုတော့ သူက အဆင်ပြေပါ့မလား… သူတစ်ခုခုဖြစ်နိုင်မလား”

မိုချင်သည် မျက်မှောင်အနည်းငယ်ကြုတ်လိုက်ပြီး သူမ၏ လှပသောမျက်လုံးများထဲမှာ စိုးရိမ်ပူပန်မှုအငွေ့အသက်များ ရှိနေ၏။

ဆူဇီမို၏ ရုတ်တရက်ထွက်ခွာမှုအပြီးမှာ ထျန်ဟွမ်ကုန်းမြေတိုက်မှ မိတ်ဆွေဟောင်းတချို့နှင့် ထျန်ဟွမ်ကမ္ဘာမှာ ရောက်ရှိနေသော ပညာရှင်တချို့က အတူတကွစုဝေးကာ ဤကိစ္စကို ဆွေးနွေးလိုက်ကြ၏။

“အန္တရာယ် မရှိလောက်ပါဘူး”

ဖုန့်စန်းထျန်က ခေါင်းခါပြလိုက်၏။

“ကောင်းကင်ဘုံဆန့်ကျင်တိုက်ပွဲမှာတုန်းက ဇီမိုပြသခဲ့တဲ့ တိုက်ခိုက်ရည်ခွန်အားနဲ့ နည်းလမ်းတွေအရဆို ဒီလောကမှာ သူ့ကိုထိခိုက်အောင်လုပ်နိုင်တဲ့သူ များများစားစား မရှိဘူး”

မဟာဧကရာဇ်များနှင့် အထွတ်အထိပ်ဧကရာဇ်များကလွဲလျှင် ကြောက်စရာ ဘာမှမရှိပေ။

ဆူဇီမိုသည် အန္တိမဧကရာဇ်များနှင့် ဆန့်ကျင်တိုက်ခိုက်နိုင်သည်။

လင်းရွှမ်ကျီက ပြောလိုက်သည်။

“သူ့ကို တစ်ယောက်တည်း လွှတ်ပေးလိုက်တာကလည်း ကောင်းပါတယ်… သူ့ရဲ့ရင်ထဲက နာကျင်မှုတချို့ကို သက်သာကောင်းသက်သာနိုင်စေလိမ့်မယ်”

“သူက ဘယ်သူ့ကိုမှ နှုတ်မဆက်ဘဲ ထွက်သွားတယ်… အဲ့ဒါ နာကျင်မှုတချို့ကို သက်သာစေဖို့အတွက်ပဲ မဟုတ်ဘူးလို့ ငါထင်တယ်”

ရုတ်တရက် လူအိုကြီးရွှမ်က ပြောလိုက်၏။

“သူက တစ်ယောက်ယောက်ကို မျှားခေါ်ထုတ်ဖို့အတွက် သူ့ကိုယ်သူ ငါးစာအဖြစ် အသုံးချချင်နေတာ ဖြစ်နိုင်တယ်”

လူတိုင်းက အကြည့်ချင်းဖလှယ်ပြီး တစ်ချိန်တည်းနီးပါးမှာပင် တူညီသောလူကို တွေးမိသွားကြ၏။

“သူက မဟာကမ္ဘာတစ်ထောင်လောကကို တက်လှမ်းလောက်ပြီမလား”

ယန်လောရှုက မေးလိုက်၏။

“သူ မသွားဘူး”

လူအိုကြီးရွှမ်က ခေါင်းခါပြပြီး အခိုင်အမာပြောလိုက်၏။

“သူက အရမ်းကို ရည်မှန်းချက်ကြီးတယ်… သူက မဟာကမ္ဘာတစ်ထောင်လောကကို တိတ်တဆိတ် တက်လှမ်းသွားမှာ မဟုတ်ဘူး”

လက်ရှိလူတိုင်းကြားမှာ လူအိုကြီးရွှမ်သည် တက္ကသိုလ်ဂိုဏ်းချုပ်အကြောင်း အသိဆုံးဖြစ်သည်။

ယွင်ကျူးက မျက်မှောင်ကြုတ်ကာ ပြောလိုက်၏။

“လက်ရှိသတင်းအချက်အလက်အရဆို တက္ကသိုလ်ဂိုဏ်းချုပ်က ပကတိဧကရာဇ်နယ်ပယ်ကို ဝင်ရောက်သွားလောက်ပြီ… သူက ဇီမို့ကို ရှာတွေ့မယ်ဆိုရင် ဇီမိုက အန္တရာယ်ကျရောက်လာမှာမလား”

“အန္တရာယ်က သေချာပေါက်ရှိလိမ့်မယ်”

လူအိုကြီးရွှမ်က ပြောလိုက်၏။

“ဒါပေမဲ့ ဇီမို့ရဲ့နည်းလမ်းတွေအရဆို တက္ကသိုလ်ဂိုဏ်းချုပ်က သူ့ကိုသတ်နိုင်မှာ မဟုတ်ဘူး”

မည်သို့ပင်ဆိုစေ ကောင်းကင်ဘုံဆန့်ကျင်တိုက်ပွဲမှာ ဆူဇီမိုသည် ဆန်းကြယ်ကောင်းကင်ဘုံသခင်လေးကဲ့သို့ ထိပ်သီးပညာရှင်တစ်ဦးအပါအဝင် ထိပ်သီးဧကရာဇ် ၅၀ ကို တစ်ယောက်တည်း ထိန်းပေးထားခဲ့သည်။

လင်းရွှမ်ကျီက ပြောလိုက်၏။

“ဒါပေမဲ့ ညီအစ်ကိုဆူက တက္ကသိုလ်ဂိုဏ်းချုပ်ကို မျှားခေါ်ထုတ်နိုင်မယ်ဆိုရင်တောင် သူ့ရဲ့လက်ရှိတိုက်ခိုက်ရည်ခွန်အားနဲ့ဆို တက္ကသိုလ်ဂိုဏ်းချုပ်ကို သတ်ဖြတ်နိုင်မှာ မဟုတ်ဘူး”

“ဓားဧကရာဇ်သံသရဖူကို မမေ့လိုက်နဲ့”

လူအိုကြီးရွှမ်က ပြောလိုက်သည်။

ထိုလူ့အကြောင်းပြောဆိုချိန်မှာ လူတိုင်း၏ မျက်လုံးက ဝင်းလက်သွား၏။

ဓားဧကရာဇ်သံသရဖူ၏ ကျင့်ကြံမှုနယ်ပယ်က တိုးမြင့်မလာသော်လည်း သူ၏ တိုက်ခိုက်ရည်ခွန်အားသည် ကောင်းကင်ဘုံဆန့်ကျင်တိုက်ပွဲအပြီးမှာ နောက်တစ်ဆင့်ကို မြင့်တက်လာခဲ့၏။

ဓားဧကရာဇ်သံသရဖူသည် မဟာဧကရီသွေးလိပ်ပြာအလွန်မှာ မဟာဧကရာဇ်တစ်ပါးဖြစ်လာဖို့ ဖြစ်နိုင်ခြေအများဆုံးရှိသည့် ကျင့်ကြံသူများထဲမှ တစ်ဦးဟုဆိုနိုင်သည်။

လူအိုကြီးရွှမ်က ပြောလိုက်၏။

“ဓားဧကရာဇ် သံသရဖူက မဟာကမ္ဘာတစ်ထောင်လောကကို တက်လှမ်းသွားသေးဘူးဆိုတာ တက္ကသိုလ်ဂိုဏ်းချုပ်ကြောင့်ပဲ”

“အဲ့ဒီမျိုးမစစ်ဂိုဏ်းချုပ်က ဘာများထူးခြားနေလို့လဲ… အစ်ကိုကြီးက ဘာလို့ ငါတို့မသိအောင် အဲ့ဒါကို ဖုံးကွယ်ထားခဲ့တာလဲ”

ကျားက စောဒကတက်ပြောဆိုလိုက်၏။

အင်မော်တယ်ဘုရင်မလင်းလုံက မှင်သေသေဖြင့် ပြောလိုက်၏။

“အဲ့ဒီကိစ္စနဲ့ပတ်သက်ပြီး သိတဲ့လူပိုများလေ ကောင်းကင်ဘုံလျှို့ဝှက်ချက်တွေက ပိုပြီးပေါက်ကြားလေပဲ… သူက အန္တရာယ်ကို အာရုံခံမိသွားတာနဲ့ ပေါ်ထွက်လာမှာ မဟုတ်တော့ဘူး”

ဤနှစ်များမှာ အင်မော်တယ်ဘုရင်မလင်းလုံသည် အတော်လေး ပိန်ပါးသွားသည်။

“တက္ကသိုလ်ဂိုဏ်းချုပ်တစ်ယောက်လောက်ကို အဲ့လောက်ထိ အလေးထားနေစရာလိုလို့လား”

လင်းရွှမ်ကျီက မှင်သေသေဖြင့် ပြောလိုက်၏။

သူသည် တက္ကသိုလ်ဂိုဏ်းချုပ်အကြောင်းကို အခြားသူများထံမှ အနည်းအကျဉ်းသာ သိရှိထားသည်။ သူသည် ဂမ္ဘီရအတွက်အချက်မှာ ထက်မြက်ပြီး အလွန်တရာ လိမ္မာပါးနပ်သည့်ပုံရှိသော်လည်း တခြားထူးခြားနေသည့်အရာ ဘာမှမရှိသည့်ပုံပင်။

လူအိုကြီးရွှမ်က ထိုစကားကို ကြားသောအခါ သူက လင်းရွှမ်ကျီကို စိုက်ကြည့်လိုက်၏။

“ပြီးခဲ့တဲ့နှစ်တွေထဲ သူ့ကိုအထင်သေးခဲ့တဲ့ ပြိုင်ဘက်တွေအားလုံး သေဆုံးကုန်ကြပြီ”

လူအိုကြီးရွှမ်သည် တက္ကသိုလ်ဂိုဏ်းချုပ်နှင့် နှစ်ပေါင်းများစွာ သိကျွမ်းလာခဲ့သော်လည်း သူပင်လျှင် အကွက်ချကြံစည်ခံရကာ ဆိုးဆိုးရွားရွားရှုံးနိမ့်၍ သူ၏ အသက်ကို ဆုံးရှုံးလုမတတ်ဖြစ်ခဲ့ရ၏။

သုခဘုံတစ်ခုကဲ့သို့ ထျန်ဟွမ်ကမ္ဘာ၏ ပေါ်ထွန်းလာမှုနှင့် ကောင်းကင်ဘုံကိုးလွှာ ဖျက်ဆီးခံရပြီးနောက် ကျဆင်းလာသော အမြုတေချီကြောင့်သာ သူက သူ၏ ဘဝသက်တမ်းကို ဆွဲဆန့်ထားနိုင်ခြင်းဖြစ်သည်။

“တခြားအရာတွေကို ဘေးဖယ်ထား… သူ့ရဲ့ စိတ်ရှည်နိုင်မှုတစ်ခုတည်းကတင် တခြားလူတွေထက် သာလွန်နေပြီ”

လူအိုကြီးရွှမ်က ပြောလိုက်၏။

“ရည်မှန်းချက်ကြီးတဲ့သူတွေနဲ့ စိတ်ရှည်သည်းခံနိုင်တဲ့လူတွေ အများကြီးရှိတယ်… ဒါပေမဲ့ ရည်မှန်းချက်လည်းကြီး စိတ်လည်းရှည်တဲ့သူကတော့ သိပ်မရှိဘူး”

“စိတ်ရှည်နိုင်မှုလား.. အဲ့ဒါက ဘယ်လောက်ထိ သုံးစားရလို့လဲ”

လင်းရွှမ်ကျီက နှုတ်ခမ်းမဲ့ကာ ပြောလိုက်၏။

“စိတ်ရှည်ရတာ လွယ်တယ်လို့ မင်းထင်လို့လား”

လူအိုကြီးရွှမ်က ပြောလိုက်၏။

“လူတစ်ယောက်က အလွန်တရာ စိတ်ရှည်နိုင်မယ်ဆိုရင် အဲ့ဒီလူက အရမ်းကို ဆင်ခြင်တုံတရားရှိပြီး တည်ငြိမ်တယ်လို့ ဆိုလိုတာပဲ… သူတို့တွေက သူတို့ရဲ့စိတ်အာရုံတွေနဲ့ အမျက်ဒေါသကို ချုပ်တည်းထားနိုင်ကြတယ်… တကယ်ဆို သူတို့တွေက စိတ်ခံစားချက်အားလုံးကို လွှတ်ချပြီး ပြင်ပအကြောင်းအရာတွေကြောင့် သက်ရောက်ခံရမှာ မဟုတ်ဘူး… အဲ့ဒီကနေ သူတို့အတွက် အကျိုးအရှိဆုံး ဆုံးဖြတ်ချက်ကို ချနိုင်ကြတယ်”

“မင်းကိုယ်မင်း မေးကြည့်လေ… မင်း အဲ့လိုလုပ်နိုင်လား”

လင်းရွှမ်ကျီက နှုတ်ဆိတ်သွား၏။

အလုံးစုံ စိတ်ရှည်နိုင်မှုသည် စိတ်အာရုံများကို ချုပ်တည်းပြီး အမျက်ဒေါသကို ဖိနှိမ်ကာ စိတ်ခံစားချက်များအားလုံးကို ဖြတ်တောက်နိုင်သည့် စွမ်းရည်ဖြစ်သည်။

တက္ကသိုလ်ဂိုဏ်းချုပ်ကလွဲလျှင် ဤလောကမှာ ထိုသို့ပြုလုပ်နိုင်သည့် အခြားသူမရှိလောက်တော့ပေ။

လူအိုကြီးရွှမ်က ပြောလိုက်၏။

“သူ့မှာ ၉၀ ရာခိုင်နှုန်းအထက် ယုံကြည်မှုမရှိဘဲ သူက တိုက်ခိုက်မှာ မဟုတ်ဘူး”

“ကောင်းကင်ဘုံဆန့်ကျင်တိုက်ပွဲမှာတုန်းက မဟာဧကရာဇ်အထီးကျန်သိုင်းသခင်နဲ့ မဟာဧကရီသွေးလိပ်ပြာက သေဆုံးခဲ့တယ်… ဓားကမ္ဘာ၊ ထျန်ဟွမ်ကမ္ဘာနဲ့ မဟာအရိုင်းကမ္ဘာက ကြီးမားတဲ့ ပျက်စီးထိခိုက်မှုနဲ့ ကြုံတွေ့ပြီး ဇီမိုကလည်း ဒဏ်ရာအပြင်းအထန် ရရှိထားတယ်… အဲ့လိုမျိုးအခြေအနေမှာတောင် သူက ပေါ်ထွက်မလာခဲ့ဘူး”

ထိုအချိန်တုန်းက ဧကရီဆိုးယုတ်က ရှိနေသေး၏။ တက္ကသိုလ်ဂိုဏ်းချုပ်က မဆင်မခြင်တိုက်ခိုက်လာမည်ဆိုလျှင် သူက သတ်ဖြတ်ခံရနိုင်သည်။

ကျားက အော်ပြောလိုက်၏။

“ချီးတဲ့မှ… အဲ့ဒီတက္ကသိုလ်ဂိုဏ်းချုပ်က ပုန်းတဲ့နေရာမှာ တော်တော်တော်တာပဲ”

“သူက အရမ်းစွမ်းအားကြီးမားတယ်… ဒါပေမဲ့ သူက နှစ်ကြိမ်ရှုံးနိမ့်ခဲ့တာပဲမလား”

လင်းရွှမ်ကျီက မျက်ခုံးပင့်ကာ မေးလိုက်၏။

လူအိုကြီးရွှမ်က ခေါင်းခါပြလိုက်၏။

“အတိအကျပြောရရင် အဲ့ဒီနှစ်ကြိမ်ကို ရှုံးနိမ့်တယ်လို့တောင် မဆိုနိုင်ဘူး”

“သူ ဇီမို့ကို ပထမဆုံးအကြိမ်တိုက်ခိုက်တုန်းက သူ့ရဲ့တွက်ချက်မှုတွေက တကယ်ပဲ ဟာကွက်မဲ့ပြီး သူက လူတိုင်းကို စစ်တုရင်အရုပ်တွေအဖြစ် သတ်မှတ်နိုင်ခဲ့တယ်… ဧကရာဇ်ဂူသင်္ချိုင်းရဲ့ ပေါ်ထွက်လာမှုကြောင့်သာ သူ့ရဲ့အစီအစဉ်က ပျက်စီးသွားခဲ့တာပဲ”

“ဧကရာဇ်ဂူသင်္ချိုင်းကို တမလွန်ဘုံရဲ့ အရှင်ကနေ ယူဆောင်လာခဲ့တာပဲ… အဲ့ဒါကို သူ မတွက်ချက်နိုင်တာ နားလည်လို့ရတယ်”

“နောက်ပြီး သူက အဲ့ဒီအချိန်တုန်းက လုံးလုံးလျားလျား ရှုံးနိမ့်ခဲ့တာ မဟုတ်ဘူး… အနည်းဆုံးတော့ သူက ပြီးပြည့်စုံတဲ့ တဗူးဂမ္ဘီရကျင့်စဉ် သူတော်စင်သုံးပါးကျောက်စိမ်းကျမ်းကို ရသွားခဲ့တယ်… သူက အဲ့ဒါကိုအသုံးချပြီး ဧကရာဇ်နယ်ပယ်ကိုလည်း ချိုးဖျက်တက်လှမ်းနိုင်ခဲ့တယ်… သူ့ရဲ့ကျင့်ကြံမှုက အဲ့ဒီကနေ ခုန်ပေါက်ပြီး မြင့်တက်လာခဲ့တယ်”

ထိုနေရာအရောက်မှာ လူအိုကြီးရွှမ်က လူတိုင်းကို ကြည့်လိုက်၏။

“သူက ဖန်တီးခြင်းကြာပဒုမ္မာကို ရယူချင်တယ်လို့ လူတိုင်းထင်နေကြတယ်… ဒါပေမဲ့ တကယ်တမ်း သူလိုချင်တာက အခွင့်အလမ်းတစ်ခုပဲ… ဖန်တီးခြင်းကြာပဒုမ္မာက အဲ့လိုမျိုးအခွင့်အလမ်းပဲ”

“နောက်ဆုံးမှာ သူက ဖန်တီးခြင်းကြာပဒုမ္မာကို မရခဲ့ပေမဲ့ သူက သူတော်စင်သုံးပါးကျောက်စိမ်းကျမ်းနဲ့ သူလိုချင်တဲ့ အခွင့်အလမ်းကို ရခဲ့တယ်”

ခဏမျှရပ်တန့်ပြီးနောက် လူအိုကြီးရွှမ်က ဆက်ပြောလိုက်သည်။

“ဒုတိယမြောက် ရှုံးနိမ့်မှုကတော့ ဇီမို့ရဲ့ သိုင်းတာအိုပင်မခန္ဓာ တည်ရှိမှုကြောင့်ပဲ… အဲ့ဒီတည်ရှိမှုက မဟာကမ္ဘာတစ်ထောင်လောကက နတ်ဘုရားအပြစ်ဒဏ်ကိုတောင်မှ ဆွဲဆောင်မိခဲ့တယ်… အဲ့ဒါက ကောင်းကင်ဘုံတာအိုရဲ့ သဘောတရားကို ကျော်လွန်နေပြီ… အဲ့ဒါက သာမန်ကမ္မ… ဒါမှမဟုတ် ကောင်းကင်ဘုံလျှို့ဝှက်ချက်တွေနဲ့ မသက်ဆိုင်တော့ဘူး… အဲ့ဒါကြောင့် သူက အဲ့ဒါကို မတွက်ချက်နိုင်ခဲ့တာပဲ”

“ဒီလိုဆိုရင်တောင် သူက ထွက်ပြေးလွတ်မြောက်နိုင်ခဲ့တယ်”

ထိုနေရာအရောက်မှာ တက္ကသိုလ်ဂိုဏ်းချုပ်က ဘယ်လောက်ကြောက်စရာကောင်းသလဲ လူတိုင်းက တဖြည်းဖြည်း နားလည်သဘောပေါက်လာကြ၏။

သိုင်းတာအိုပင်မခန္ဓာက ဘယ်လောက်ကြောက်စရာကောင်းခဲ့သလဲ လူတိုင်းက သူတို့မျက်လုံးနှင့် ကိုယ်တိုင်မြင်တွေ့ထားခဲ့သည်။

ဤလောကမှာ သိုင်းတာအိုပင်မခန္ဓာ၏ လက်ကနေ ထွက်ပြေးလွတ်မြောက်နိုင်သည့်လူ များစွာမရှိပေ။

တက္ကသိုလ်ဂိုဏ်းချုပ်က ကျရှုံးခဲ့သော်လည်း သူသည် သိုင်းတာအိုပင်မခန္ဓာ၏ လက်ကနေ ရှင်သန်နိုင်ခဲ့သည်။

ဤအချက်ကပင် အကြီးမားဆုံးအောင်မြင်မှုတစ်ခုဟု ဆိုနိုင်နေပြီဖြစ်သည်။

သို့သော် ယခု သိုင်းတာအိုပင်မခန္ဓာက သေဆုံးသွားပြီဖြစ်သော်လည်း တက္ကသိုလ်ဂိုဏ်းချုပ်က အသက်ရှင်နေဆဲဖြစ်၏။

သူတို့နှစ်ယောက်ကြား တိုက်ခိုက်မှုမှာ ဘယ်သူအနိုင်ရခဲ့သလဲ ပြောဖို့ခက်လေသည်။

လူအိုကြီးရွှမ်က တိုးညင်းစွာ သက်ပြင်းချလိုက်၏။

“တက္ကသိုလ်ဂိုဏ်းချုပ်က အခုအချိန်မှာ တိုက်ခိုက်လိုပြီး ဇီမို့နောက်ကို လိုက်မယ်ဆိုရင် အဲ့ဒါက ဆိုးရွားတဲ့အခြေအနေတစ်ခုတော့ မဟုတ်ဘူး… အထွတ်အထိပ်ဧကရာဇ်တွေက သန်မာပေမဲ့ သူတို့က ပြိုင်ဘက်ကင်းနေတာ မဟုတ်ဘူး”

“ငါစိုးရိမ်တာက နောက်ထပ်အခြေအနေတစ်ခုပဲ။”

All Chapters