မိုးမြေအရှင်
Vol. 213 Ch. 3210
“ကောင်းကင်ဘုံခုံရုံးကို ပြန်လည်တည်ဆောက်ဖို့လား”
ငရဲအရှင်က ထိုစကားကိုကြားသောအခါ သူက ခပ်ယဲ့ယဲ့ပြုံးလိုက်၏။
“အဲဒီလူက ရည်မှန်းချက်ကြီးတာ မဟုတ်တော့ဘူး… သူလုပ်ချင်တဲ့တစ်ခုတည်းသောအရာက အလယ်အလတ်ကမ္ဘာတစ်ထောင်လောကကို အုပ်စိုးချင်တာပဲ”
ငရဲအရှင်သည် ကောင်းကင်ဘုံခုံရုံးကို နောက်တစ်ဖန်တည်ဆောက်ဖို့ကိစ္စကို သိပ်ပြီး စိတ်ဝင်စားမှုမရှိသည်မှာ သိသာနေ၏။
သူသည် ငရဲကမ္ဘာမှာ ပြန်လည်မွေးဖွားဖို့ ရွေးချယ်ခဲ့သည်မှာ ယာယီအတွက်သာဖြစ်၏။ အလယ်အလတ်ကမ္ဘာတစ်ထောင်လောကကို သွေးလွှမ်းစေပြီးနောက် သူက မဟာကမ္ဘာတစ်ထောင်လောကသို့ တက်လှမ်းသွားပေလိမ့်မည်။
“ဘယ်ဟုတ်ပါ့မလဲ”
ဖုန့်တူက ပြောလိုက်၏။
“သူက မဟာကမ္ဘာတစ်ထောင်လောကကို တက်လှမ်းဖို့ ရွေးချယ်လိမ့်မယ်… ဒါပေမဲ့ သူမတက်လှမ်းခင် ကောင်းကင်ဘုံခုံရုံးကို နောက်တစ်ခါတည်ဆောက်နိုင်အောင် သူက ငါ့ကို ကူညီပေးလိမ့်မယ်… နောက်ပြီး ကောင်းကင်ဘုံခုံရုံးကို နောက်တစ်ခါတည်ဆောက်ပြီးတာနဲ့ အလယ်အလတ်ကမ္ဘာတစ်ထောင်လောကက သက်ရှိတွေက မဟာကမ္ဘာတစ်ထောင်လောကကို တက်လှမ်းချင်တယ်ဆိုရင် သူတို့တွေက ကောင်းကင်ဘုံခုံရုံးရဲ့ ခွင့်ပြုချက်ကို ယူရလိမ့်မယ်”
“နောက်ပြီး ကောင်းကင်ဘုံခုံရုံးကို တည်ဆောက်ပြီးရင် သူက အလယ်အလတ်ကမ္ဘာတစ်ထောင်လောကမှာ သိပ်ကြာကြာမနေဘဲ မဟာကမ္ဘာတစ်ထောင်လောကကို တက်လှမ်းမယ်လို့ ငါ့ကို ကတိပေးထားတယ်”
“အဲဒီအချိန်ကျရင် ငါက ကောင်းကင်ဘုံခုံရုံးရဲ့ အရှင်အသစ်ဖြစ်လာမယ်”
“တမလွန်ဘုံနဲ့ ကောင်းကင်ဘုံခုံရုံးနှစ်ခုစလုံးက ငါ့ရဲ့ထိန်းချုပ်မှုအောက်မှာ ရောက်သွားလိမ့်မယ်… အဲဒီအချိန်ကျရင် ငါက မျိုးနွယ်စုတစ်သောင်းကို အုပ်စိုးတဲ့ မကြုံစဖူးထူးခြားတဲ့ မိုးမြေအရှင်ဖြစ်လာမယ်”
ထိုအကြောင်းကိုပြောဆိုချိန်မှာ ဖုန့်တူသည် အတော်လေးစိတ်လှုပ်ရှားတက်ကြွနေသည်။ သူက ခဏမျှရပ်တန့်ပြီးနောက် ဆက်ပြောလိုက်၏။
“မင်းသိတဲ့အတိုင်းပဲ ငါက မဟာကမ္ဘာတစ်ထောင်လောကကို တက်လှမ်းနိုင်တာမဟုတ်ဘူး… အဲဒါကြောင့် ငါလုပ်ချင်တာက အလယ်အလတ်ကမ္ဘာတစ်ထောင်လောကမှာရှိတဲ့ အရာရာတိုင်းကို ထိန်းချုပ်ဖို့ပဲ”
ငရဲအရှင်က ပြောလိုက်၏။
“မင်းရဲ့ အခြေအနေက ထူးခြားတယ်… မင်းက မင်းရဲ့တာအိုကို အတည်ပြုဖို့မလွယ်ဘူး… တစ်ယောက်ယောက်က အလယ်အလတ်ကမ္ဘာတစ်ထောင်လောကမှာ သူတို့ရဲ့တာအိုကို အတည်ပြုပြီး မဟာဧကရာဇ်တစ်ပါးဖြစ်လာမယ်ဆိုရင် သူတို့တွေက ကောင်းကင်ဘုံခုံရုံးကို တွန်းလှန်နိုင်တယ်… မင်းက မိုးမြေအရှင်ဆိုတဲ့နေရာကို သိပ်ကြာကြာရယူထားနိုင်မှာမဟုတ်ဘူး”
“မဟုတ်ဘူးလေ…”
ဖုန့်တူက မကောင်းဆိုးဝါးဆန်ဆန်ပြုံးကာ ခပ်ပေါ့ပေါ့ပြောလိုက်၏။
“ကောင်းကင်ဘုံခုံရုံးကို ပြန်တည်ဆောက်ပြီးရင် ငါလုပ်ရမယ့် ပထမဆုံးအရာက အလယ်အလတ်ကမ္ဘာတစ်ထောင်လောကရဲ့ မျိးနွယ်စုတစ်သောင်းသက်ရှိတွေအားလုံးကို အမှန်တကယ်ကျွန်ပြုဖို့ပဲ”
“အမ်း…”
ငရဲအရှင်က တစ်ချက်ပင့်ကြည့်လိုက်၏။
ဖုန့်တူက ဖြည်းဖြည်းချင်းပြောလိုက်၏။
“အရင်တုန်းက ကောင်းကင်ဘုံခုံရုံးက အလယ်အလတ်ကမ္ဘာတစ်ထောင်လောကကို ချိပ်ပိတ်ပြီး ကျွန်ပြုဖို့အတွက် အကျဉ်းထောင်တစ်ခု တည်ဆောက်ထားရုံပဲ… သူတို့တွေက မျိုးနွယ်စုတစ်သောင်းသက်ရှိတွေရဲ့ ရုပ်ပိုင်းဆိုင်ရာကိုပဲ အကျဉ်းချထားတာ”
“ငါလုပ်ချင်တာက ပင်ကိုယ်ဗီဇဝေဒနာကျိန်စာကိုသုံးပြီး မျိုးနွယ်စုတစ်သောင်းက ဧကရာဇ်တွေကို ထိန်းချုပ်မယ်… သူတို့ကို ကျွန်ပြုပြီး သူတို့ရဲ့ စိတ်တွေ၊ စိတ်ဝိညာဉ်တွေနဲ့အသိစိတ်တွေကိုပါ ထိန်းချုပ်မယ်”
“အဲဒီဧကရာဇ်ပညာရှင်တွေကနေ ငါက အလယ်အလတ်ကမ္ဘာတစ်ထောင်လောကက မျိုးနွယ်စုတစ်သောင်းသက်ရှိတွေကို ထိန်းချုပ်နိုင်တယ်”
ဖုန့်တူက ထိုနေရာမှာ အတွေ့အကြုံရှိထား၏။
အရင်တုန်းက ပင်ကိုယ်ဗီဇဝေဒနာကျိန်စာနှင့်အတူ သူသည် ဧကရာဇ်ပညာရှင်တချို့ကို ထိန်းချုပ်ပြီး နဂါးကမ္ဘာ၊ နေကာသစ်ပင်ကမ္ဘာနှင့် အခြားသောကမ္ဘာများကို လုံးလုံးလျားလျားနီးပါး ထိန်းချုပ်နိုင်ခဲ့၏။
ဖုန့်တူက မကောင်းဆိုးဝါးဆန်ဆန်ပြုံးလိုက်၏။
“မျိုးနွယ်စုတစ်သောင်းသက်ရှိတွေကို ရုပ်ပိုင်းဆိုင်ရာအရ ကျွန်ပြုတာက အတော်လေးကိုအကြမ်းဖျင်းနိုင်တဲ့နည်းလမ်းပဲ… ငါလုပ်ချင်တာက သူတို့နဲ့ပတ်သက်တဲ့အရာရာတိုင်းကို ကျွန်ပြုထားဖို့ပဲ”
“မျိုးနွယ်စုတစ်သောင်းသက်ရှိတွေရဲ့အတွေးအကြံတွေက ငါ့ရဲ့လွှမ်းမိုးမှုအောက်မှာရှိနေရမယ်.. တစ်ယောက်ယောက်က မဟာဧကရာဇ်တစ်ပါးဖြစ်လာမယ်ဆိုရင်တောင် သူတို့က ငါ့အမိန့်ကို နာခံရလိမ့်မယ်”
ကြမ်းကြုတ်ခက်ထန်၍ သွေးဆာရက်စက်သော ငရဲအရှင်လိုလူပင်လျှင် ထိုစကားကိုကြားသောအခါ ကြက်သီးမွေးညင်းထသွား၏။
ဤကဲ့သို့သောနည်းလမ်းများသည် ကောင်းကင်ဘုံကိုးလွှာထက်ပို၍ ရက်စက်ကြမ်းကြုတ်နေ၏။
“အဲဒီမှာ ပြဿနာတစ်ခုတော့ရှိတယ်”
ရုတ်တရက်ငရဲအရှင်က ပြောလိုက်၏။
“အဲဒီလူက ကောင်းကင်ဘုံဆန့်ကျင်တိုက်ပွဲတိုင်ခင် ဒီပူးပေါင်းဆောင်ရွက်မှုကို အကြုံပြုထားခဲ့တာပဲ… ဒါပေမဲ့ အဲဒီတုန်းက အောင်မြင်မှုအလားအလာက နိမ့်ကျတယ်… သူက ငါပြန်လည်ရှင်သန်လာမှာကိုမပြောနဲ့ ကောင်းကင်ဘုံဆန့်ကျင်တိုက်ပွဲရဲ့ ရလဒ်ကို မသိသလို အထီးကျန်သိုင်းသခင်နဲ့ သွေးလိပ်ပြာသေမှာကိုလည်း ကြိုမသိခဲ့ဘူး”
မင်းတို့နှစ်ယောက်က ပူးပေါင်းပြီး ကောင်းကင်ဘုံခုံရုံးကို တည်ဆောက်မယ်ဆိုရင် သူက အလယ်အလတ်ကမ္ဘာတစ်ထောင်လောကမှာ မဟာဧကရာဇ်တစ်ပါးဖြစ်လာမှရမယ်… အဲဒီဖြစ်နိုင်ခြေကလည်း အရမ်းကိုနိမ့်ကျတယ်… သူလုံးဝယုံကြည်မှုရှိမှာမဟုတ်ဘူး”
“သူ.. အဲဒီပူးပေါင်းဆောင်ရွက်မှုကို အကြုံပြုခဲ့တယ်ဆိုတာ သူက မင်းကိုအသုံးချချင်လို့ပဲဖြစ်ရမယ်”
ငရဲအရှင်က အဓိကကျသော အချက်ကို ဆွဲထုတ်ပြလိုက်၏။
“ဟဲဟဲ..”
ဖုန့်တူက အံ့အားသင့်မသွားဘဲ ရယ်မောကာပြောလိုက်၏။
“သူက ငါ့ကိုအသုံးချချင်တယ်ဆိုတာ ငါလည်းသိတာပေါ့… ဒါပေမဲ့ အဲဒါက မျှော်လင့်ချက်ပါးပါးကလေးပဲရှိမယ်ဆိုရင်တောင် ငါသူနဲ့ အဲဒီအလောင်းအစားကိုလုပ်ပြီး သူ့ကိုအခွင့်အရေးတစ်ခုပေးချင်တယ်”
“အဲဒါကြောင့် ငါသူနဲ့တွေ့ဆုံပြီးတဲ့နောက် ငါ့သူ့ကို ကောင်းကင်ဘုံသင်္ချိုင်းသုတ္တန်အပြင် ကျင့်ကြံရေးအရင်းအမြစ်တွေနဲ့ သဘာဝအရင်းအမြစ်တွေအများကြီးပေးခဲ့တယ်… အဲဒါတွေအားလုံးက သူ့ရဲ့ကျင့်ကြံမှုမှာ အထောက်အကူဖြစ်စေလိမ့်မယ်”
ငရဲအရှင်က ဖုန့်တူကို ပြုံးစစဖြင့်ကြည့်ပြီး မေးလိုက်၏။
“မင်းသူ့ကို လက်ဆော့မထားခဲ့ဘူးလား… ဒါမှမဟုတ် သူ့ဆီမှာ အမှတ်အသားတစ်ခုခု ချန်မထားခဲ့ဘူးလား”
“မလိုပါဘူး”
ဖုန့်တူက ပြုံးလိုက်၏။
“အဲဒီလူက အတော်လေးပါးနပ်တယ်… သူက မဟာဧကရာဇ်တစ်ပါးဖြစ်လာမယ်ဆိုရင်တောင် သူက ငါ့ကိုရှိန်နေလိမ့်မယ်”
“ဒီလူက အရမ်းကိုရည်မှန်းချက်ကြီးပြီးပြတ်သားတယ်… သူက အရမ်းကိုစိတ်ရှည်နိုင်ပြီး လုံလောက်အောင် ရက်စက်ကြမ်းတမ်းနိုင်.. နှလုံးသားမဲ့နိုင်တယ်… သူက မဟာကမ္ဘာတစ်ထောင်လောကကို တက်လှမ်းသွားနိုင်တယ်ဆိုရင် သူက အညတရတစ်ယောက်ဖြစ်နေမှာမဟုတ်ဘူး… မင်းတို့တွေ သူ့ကို အသုံးချနိုင်လောက်တယ်”
“အို..ဟုတ်လား”
ငရဲအရှင်က အံ့အားသင့်စွာဖြင့်ပြောလိုက်၏။
“မင်းဆီကနေ ဒီလိုမျိုး အလေးထားမှုတစ်ခုရရှိဖို့ဆိုတာ လွယ်တာမဟုတ်ဘူး”
ဖုန့်တူက ပြောလိုက်၏။
“အဲဒီနေ့တုန်းက အဲဒီလူက ငါ့ဆီကိုရောက်လာပြီး ကောင်းကင်ဘုံဆန့်ကျင်တိုက်ပွဲမှာ ဖြစ်လာနိုင်တဲ့ အခြေအနေအမျိုးမျိုးကို သုံးသပ်ပြခဲ့တယ်… သူက အရမ်းကိုစေ့စပ်သေချာတယ်… လူသားနှလုံးသားကိုလည်း ထွင်းဖောက်မြင်နိုင်တယ်… သူက လူမှုစွမ်းအားကို ကိုင်တွယ်ထိန်းချုပ်တဲ့နေရာမှာ တော်တော်လေးတော်တယ်… သူ့လိုမျိုးလူတစ်ယောက်က အသုံးချဖို့ထိုက်တန်တယ်”
“ဒါဆို ဒီတစ်ခေါက် မင်းငါ့ကို ဘာလို့လာရှာတာလဲ”
ငရဲအရှင်က မေးလိုက်၏။
ဖုန့်တူက ပြောလိုက်သည်။
“မင်းက ငရဲကမ္ဘာမှာ ပြန်မွေးဖွားလာပြီဆိုမှတော့ သူက အလယ်အလတ်ကမ္ဘာတစ်ထောင်လောကမှာ သူ့ရဲ့တာအိုကို အတည်ပြုမှာကို ငါစောင့်နေစရာမလိုတော့ဘူးလေ… နောက်နှစ်တစ်ထောင်နေပြီးရင် မင်းက မဟာဧကရာဇ်တစ်ပါးဖြစ်လာတဲ့အခါ ကောင်းကင်ဘုံခုံရုံးပြန်လည်တည်ဆောက်ဖို့ မင်းငါ့ကို ကူညီပေးနိုင်တယ်”
“သူက အလယ်အလတ်ကမ္ဘာတစ်ထောင်လောကမှာ မဟာဧကရာဇ်တစ်ပါးဖြစ်လာဖို့ ငါဘယ်လောက်ကြာကြာစောင့်ရမလဲမသိဘူး.. တခြားအလှည့်အပြောင်းတွေဖြစ်မလာအောင် ကောင်းကင်ဘုံခုံရုံးကို တတ်နိုင်သမျှမြန်မြန်တည်ဆောက်နိုင်ရင် အကောင်းဆုံးပဲ”
“ဟဲဟဲ…”
ငရဲအရှင်က အထင်အမြင်သေးစွာဖြင့်ပြုံးပြီး မေးလိုက်၏။
“ဘယ်အလှည့်အပြောင်းက ရှိလာနိုင်ဦးမှာလဲ… အထီးကျန်သိုင်းသခင်နဲ့ သွေးလိပ်ပြာက သေသွားပြီပဲ… အလယ်အလတ်ကမ္ဘာတစ်ထောင်လောကရဲ့ ဧကရာဇ်ထက်ဝက်ကျော်ကလည်း တက်လှမ်းသွားကြပြီ… သူတို့ရဲ့ ခွန်အားက အတော်လေးလျော့ကျသွားပြီ… အလယ်အလတ်ကမ္ဘာတစ်ထောင်လောကမှာ အခြားတစ်ယောက်ယောက်က တာအိုကိုအတည်ပြုပြီး မဟာဧကရာဇ်တစ်ပါးဖြစ်လာမှာကို မင်းစိုးရိမ်နေတာလား”
“အဲဒါက အကြောင်းအရင်းတွေထဲက တစ်ခုပဲ”
ဖုန့်တူက တစ်စုံတစ်ရာကို တွေးမိသွားပုံရပြီး သူ၏ အမူအရာက အနည်းငယ်တည်တံ့သွားကာ ဖြည်းဖြည်းချင်းပြောလိုက်၏။
“တကယ်တော့ အထီးကျန်သိုင်းသခင်က လုံးလုံးသေသွားတာမဟုတ်ဘူး… သူ့ရဲ့ အစစ်အမှန်ခန္ဓာတစ်ခုက အလယ်အလတ်ကမ္ဘာတစ်ထောင်လောကမှာ ကျန်နေခဲ့တုန်းပဲ… အဲဒီအစစ်အမှန်ခန္ဓာရဲ့ ကျင့်ကြံမှုနယ်ပယ်က လုံလောက်အောင် မမြင့်မားသေးပေမယ့် သူ့ရဲ့ အလားအလာကို လျှော့တွက်လို့မရဘူး… သူက ပကတိဧကရာဇ်နယ်ပယ်ထိ ကျင့်ကြံပြီးတာနဲ့ အရမ်းကိုကိုင်တွယ်ရခက်ခဲသွားလိမ့်မယ်”
“ဘာတွေများ ထူးခြားနေလို့လဲ”
ငရဲအရှင်က မျက်ခုံးပင့်ကာ ပြောလိုက်၏။
“ပကတိဧကရာဇ်တစ်ဦးက မဟာဧကရာဇ်တစ်ပါးကို တိုက်ခိုက်နိုင်မှာလား”
“ဖြစ်နိုင်လောက်တယ်”
ဖုန့်တူက ပြောလိုက်၏။
“အထီးကျန်သိုင်းသခင်ရဲ့ အဲဒီအစစ်အမှန်ခန္ဓာက ကောင်းကင်ဘုံဆန့်ကျင်တိုက်ပွဲတုန်းက ပကတိကောင်းကင်လိုဏ်ဂူနယ်ပယ်မှာပဲ ရှိခဲ့တယ်… ဒါပေမဲ့ နယ်ပယ်အကြီးတစ်ခုကျော်လွန်တဲ့ တိုက်ခိုက်ရည်ခွန်အားကို ပြခဲ့ပြီးပြီ”
“နောက်ပြီး သူ့ရဲ့အစစ်အမှန်ပုံစံက အဆင့်-၁၂ ဖန်တီးခြင်းကြာပဒုမ္မာပဲ… အဲဒီအစိမ်းရောင်ကြာပန်း ဘယ်ကနေလာတယ်ဆိုတာ မင်းလည်းသိပါတယ်”
ငရဲအရှင်က ထိုစကားကိုကြားသောအခါ သူ၏ အမူအရာက ပြောင်းလဲသွားပြီး မေးလိုက်၏။
“ဖန်တီးခြင်းကြာပဒုမ္မာလား”
“ဟုတ်တယ်”
ဖုန့်တူက ခေါင်းညိတ်ပြလိုက်၏။
“ဖန်တီးခြင်းကြာပဒုမ္မာက သူနဲ့ရှိနေတာပဲ”
ငရဲအရှင်သည် ညင်သာစွာရေရွတ်ပြီးနောက် တမလွန်မြစ်ရှိရာဘက်သို့ အတွေးနက်စွာဖြင့် လှည့်ကြည့်လိုက်၏။
ဖုန့်တူ၏ မျက်လုံးက တဖျတ်ဖျတ်လက်သွားပြီး ဆက်ပြောလိုက်၏။
“အထီးကျန်သိုင်းသခင်ရဲ့ အစိမ်းရောင်ကြာပန်းအစစ်အမှန်ခန္ဓာက အခွင့်အလမ်းတွေအများကြီးကို ပိုင်ဆိုင်ထားတယ်… သူက မကြုံစဖူးထူးခြားတဲ့ ကောင်းကင်လိုဏ်ဂူငါးခုကို ကျင့်ကြံထားတယ်… သူက တဗူးဂမ္ဘီရကျင့်စဉ်တွေအများကြီးအပြင် ဝိဇ္ဇာထွက်ရပ်လမ်းသုတ္တန်ကိုပါ ကျင့်ကြံထားသေးတယ်”
“ဟမ်…”
ဝိဇ္ဇာထွက်ရပ်လမ်းသုတ္တန်ဟူသော စကားကိုကြားသောအခါ ငရဲအရှင်၏ ခန္ဓာကိုယ်ထဲရှိ သတ်ဖြတ်လိုစိတ်က ရုတ်တရက်ပေါက်ကွဲထွက်ပေါ်လာပြီး ထိန်းချုပ်မှုကနေ လွတ်ထွက်မတတ်ပင်။ သူက မျက်လုံးကိုမှေးကျဉ်းပြီး ပြောလိုက်၏။
“သူက အနန္တရဲ့ ကျင့်ကြံရေးနည်းစနစ်ကို ကျင့်ကြံထားတယ်ပေါ့လေ”
“အဲဒါတင်မကဘူး”
ဖုန့်တူက ပြောလိုက်၏။
“အတိအကျပြောရရင်သူက အလယ်အလတ်ကမ္ဘာတစ်ထောင်လောကမှာ မဟာဧကရာဇ်အနန္တရဲ့ တစ်ဦးတည်းသော အရိုက်အရာဆက်ခံသူပဲ… မဟာဧကရာဇ်အနန္တရဲ့ ကျင့်ကြံရေးနည်းစနစ်က သူ့လက်ထဲမှာ ရှိနေရုံတင်မကဘူး ငရဲဖိနှိမ်မီးဖိုကလည်း သူ့လက်ထဲမှာရှိနေခဲ့တယ်… ဒါပေမဲ့ အဲဒါက ကောင်းကင်ဘုံဆန့်ကျင်တိုက်ပွဲမှာ ကြေမွပျက်စီးသွားပြီ”
“အထီးကျန်သိုင်းသခင်… ဖန်တီးခြင်းကြာပဒုမ္မာ…”
ငရဲအရှင်၏ နှုတ်ခမ်းထောင့်က အနည်ငယ်ကွေးညွှတ်သွားပြီး သူ၏ မျက်လုံးအနက်ပိုင်းထဲတွင် သွေးဆာရက်စက်သောအလင်းတစ်ခု ဖျတ်ခနဲပေါ်ထွက်လာ၏။
သူက ပြောလိုက်လေသည်။
“မင်း ပြန်တော့… နောက်နှစ်တစ်ထောင်နေပြီးရင် ကောင်းကင်ဘုံခုံရုံးကို ပြန်တည်ဆောက်ပြီး မိုးမြေအရှင်ဖြစ်လာအောင် မင်းကို ငါကူညီပေးမယ်”
“အထီးကျန်သိုင်းသခင်ကိုတော့ ငါကိုယ်တိုင် သူ့ကို အဆုံးသတ်ပေးမယ်”
မဟာဧကရာဇ်အနန္တနှင့် ပတ်သက်ဆက်စပ်နေသော ဘယ်သူမဆို သေရမည်။