ငရဲချောက်နက်
Vol. 213 Ch. 3211
အချိန်က လွန်းပျံတစ်စင်းကဲ့သို့ တရိပ်ရိပ်ဖြတ်သန်းသွား၏။
ကောင်းကင်ဘုံဆန့်ကျင်တိုက်ပွဲ ပြီးဆုံးခဲ့သည်မှာ နှစ်နှစ်ထောင်ကျော် ကြာသွားခဲ့လေပြီ။
အမျိုးမျိုးသော မျိုးနွယ်စုများမှ ကျင့်ကြံသူများအနေဖြင့် နှစ်နှစ်ထောင်သည် တစ်ခဏသာဖြစ်သည်။
ကောင်းကင်ဘုံဆန့်ကျင်တိုက်ပွဲပြီးကတည်းက အလယ်အလတ်ကမ္ဘာတစ်ထောင်လောကသည် ကြီးကြီးမားမား စစ်ပွဲများ သို့မဟုတ် ကစဉ့်ကလျားများ မရှိတော့ဘဲ တည်ငြိမ်အေးချမ်းသည့် မကြုံစဖူးကာလတစ်ခုကို ဝင်ရောက်နေ၏။
ကမ္ဘာကြီးများမှာ မျိုးနွယ်စုတစ်သောင်းမှ သက်ရှိများက ပြန်လည်အားဖြည့်နေကြ၏။
အလယ်အလတ်ကမ္ဘာတစ်ထောင်လောကသည် ကြွယ်ဝသော အမြုတေချီနှင့် အခွင့်အလမ်းများစွာနှင့်အတူ အညွန့်တလူလူ တက်လာနေသည်။
ကောင်းကင်ဘုံကမ္ဘာမှာ…
ကောင်းကင်ဘုံဆန့်ကျင်တိုက်ပွဲမတိုင်ခင်က တမလွန်ဘုံအရှင်၏ အလောင်းသုံးလောင်းသည် ကောင်းကင်ဘုံကမ္ဘာကို ဂူသင်္ချိုင်းအဖြစ် အသုံးပြုပြီး မရေမတွက်နိုင်သော သက်ရှိများနှင့် ပညာရှင်များကို သန့်စင်ခဲ့၏။ တည်ဆောက်သူသစ်ပင်ကလည်း ညှိုးခြောက်လုနီးပါးဖြစ်ခဲ့သည်။
နောက်ပိုင်းမှာ တည်ဆောက်သူသစ်ပင်ကို မဟာဧကရီ သွေးလိပ်ပြာက ကယ်တင်၍ ထျန်ဟွမ်ကမ္ဘာသို့ ယူဆောင်သွားခဲ့၏။ ၎င်းသည် ထိုနေရာမှာ အမြစ်တွယ်ပြီး ထွက်ခွာမသွားလိုတော့ပေ။
ကောင်းကင်ဘုံခုံရုံးကို ဖျက်ဆီးပြီးနောက် ပိုမိုကြီးမားတုတ်ခိုင်သော တည်ဆောက်သူသစ်ပင်တစ်ပင်ကိုပင် သူတို့ ရရှိခဲ့ကြသည်။
ထျန်ဟွမ်ကမ္ဘာမှ ပညာရှင်များ ဆွေးနွေးခဲ့အပြီးမှာ သူတို့သည် ကောင်းကင်ဘုံကမ္ဘာကို လျော်ကြေးပေးသည့်အနေဖြင့် ထိုအပင်ကို ကောင်းကင်ဘုံကမ္ဘာမှာ စိုက်ပေးပြီး မူလတည်ဆောက်သူသစ်ပင်နေရာကို အစားထိုးပေးခဲ့၏။
ထို့ကြောင့်ပင် ကောင်းကင်ဘုံကမ္ဘာက အလျင်အမြန် ပြန်လည်အားအင်ပြည့်ဝလာနေ၏။
ဤနှစ်မှာ…
ခရီးပန်းလာသော ကိုယ်တော်များစွာသည် မဟာထျဲဝေတောင်သို့ ရောက်ရှိလာပြီး သုခဘုံသန့်စင်ကုန်းမြေရှိရာဘက်သို့ ကြည့်လိုက်၏။ ထိုနေရာမှာ အဆုံးမဲ့ နက်ရှိုင်းသော ပင်လယ်တစ်စင်း ရှိနေ၏။
နက်ရှိုင်းသော ပင်လယ်ထဲမှာ ဧရာမချောက်နက်တစ်ခုကို ခပ်ရေးရေးတွေ့မြင်နိုင်သည်။ ဘေးပတ်ဝန်းကျင် ပင်လယ်ရေများက ချောက်နက်၏ ဘေးပတ်လည်မှာ လှည့်ပတ်စီးဆင်းနေ၏။
ဦးဆောင်လာသော ဘုန်းကြီးအိုက ပကတိကောင်းကင်လိုဏ်ဂူနယ်ပယ်ကို ရောက်ရှိနေပြီဖြစ်သည်။ သူသည် ချောက်နက်ကို လက်ညှိုးထိုးပြီး သူ၏နောက်ဘက်မှ ငယ်ရွယ်သော ကိုယ်တော်လေးများကို ပြောလိုက်၏။
“လွန်ခဲ့တဲ့ နှစ်နှစ်ထောင်ကျော်တုန်းက အဲ့ဒီနေရာမှာ နောက်ထပ် ထျဲဝေတောင်တစ်ခု ရှိခဲ့တယ်”
“ဒါပေမဲ့ ကောင်းကင်ဘုံဆန့်ကျင်တိုက်ပွဲ ပြီးဆုံးသွားတဲ့အချိန်မှာ အဲ့ဒီထျဲဝေတောင်က ကောင်းကင်ဘုံကနေ ဆင်းသက်လာတဲ့ နတ်ဘုရားအပြစ်ဒဏ်ကြောင့် ပြိုကျပျက်စီးသွားခဲ့တယ်… အဲ့ဒါကြောင့် အဲ့ဒီငရဲချောက်နက်က ပေါ်ထွက်လာတာပဲ”
သူ၏ နောက်ဘက်မှာရှိသော ကိုယ်တော်လေးများက ငယ်ရွယ်ပြီး ကောင်းကင်ဘုံဆန့်ကျင်တိုက်ပွဲကို မတွေ့ကြုံခဲ့ကြရပေ။ သူတို့သည် အတိတ်ကာလနှင့်ပတ်သက်၍ စူးစမ်းလိုစိတ်ဖြင့် ပြည့်နှက်နေကြ၏။
“ဆရာ… အဲ့ဒါကို ဘာလို့ ငရဲချောက်နက်လို့ ခေါ်တာလဲ… အဲ့ဒါက တကယ်ပဲ အောက်ဘက်မှာရှိတဲ့ ငရဲနဲ့ ချိတ်ဆက်နေတာလား”
ကိုယ်တော်လေးက မျက်တောင်ခတ်ကာ မေးလိုက်၏။
ဘုန်းကြီးအိုက ပြုံးပြလိုက်၏။
“အရင်တုန်းက မဟာထျဲဝေတောင်ရဲ့ တောင်ထွတ်က တကယ်ပဲ အဝီစိနဲ့ ချိတ်ဆက်ထားတယ်… ဒဏ္ဍာရီအရဆို အဝီစိရဲ့ အနက်ရှိုင်းဆုံးအပိုင်းက ကောင်းကင်ဘုံခုံရုံးက အရှင်တွေကို အကျဉ်းချနိုင်တဲ့ အနန္တငရဲပဲ… အဲ့ဒါကို ဗုဒ္ဓကျောင်းတော်တွေရဲ့ မဟာဧကရာဇ် အနန္တက သူ့ကိုယ်သူ စတေးပြီး ဖန်တီးခဲ့တာပဲ”
“မဟာဧကရာဇ်အနန္တ…”
ကိုယ်တော်လေးများ၏ ကျင့်ကြံမှုနယ်ပယ်များက မမြင့်မားသော်လည်း သူတို့သည် မဟာဧကရာဇ်များ၏ ဒဏ္ဍာရီများကို ကြားဖူးထားကြ၏။
လွန်ခဲ့သည့် နှစ်နှစ်ထောင်က မဟာဧကရာဇ်နှစ်ပါးခေတ် ပေါ်ထွန်းခဲ့ပြီး မဟာဧကရာဇ် အထီးကျန်သိုင်းသခင်နှင့် မဟာဧကရီ သွေးလိပ်ပြာ၏ အကျိုးဆောင်မှုများစွာက အလယ်အလတ်ကမ္ဘာတစ်ထောင်လောကမှာ ပျံ့နှံ့နေခဲ့ပြီဖြစ်သည်။
“အာ…”
ကိုယ်တော်လေးတစ်ပါးက သက်ပြင်းချပြီး ပြောလိုက်၏။
“မဟာဧကရာဇ် အထီးကျန်သိုင်းသခင်က ကောင်းကင်ဘုံဆန့်ကျင်တိုက်ပွဲကို အောင်နိုင်ပြီးတဲ့နောက် သူက နတ်ဘုရားအပြစ်ဒဏ်ကြောင့် သေဆုံးသွားတယ်လို့ ကျုပ်ကြားမိတယ်”
“အမှန်ပဲ… မဟာဧကရာဇ် အထီးကျန်သိုင်းသခင်က ခေတ်အဆက်ဆက် အလယ်အလတ်ကမ္ဘာတစ်ထောင်လောကကို ဖိနှိမ်ခဲ့တဲ့ ကောင်းကင်ဘုံခုံရုံးကို မှောက်လှန်ပစ်နိုင်ခဲ့တယ်… သူက ကောင်းကင်ဘုံခုံရုံးက အရှင်တွေရဲ့လက်ထဲမှာ မသေခဲ့ရဘဲ သူက နားလည်ရခက်တဲ့ နတ်ဘုရားအပြစ်ဒဏ်ကြောင့် သေခဲ့ရတယ်လို့... တကယ်ပဲ… အား…”
နောက်ထပ် ကိုယ်တော်တစ်ပါးက ညည်းတွားရေရွတ်လိုက်၏။
ကိုယ်တော်လေးတစ်ပါးက တစ်စုံတစ်ရာကို တွေးမိသွားပုံရပြီး မချိတင်ကဲအမူအရာဖြင့် သူ၏ လက်သီးနှစ်ဖက်ကိုဆုပ်ကာ ပြောလိုက်၏။
“နှမျောစရာအကောင်းဆုံးနဲ့ ရင်နာစရာအကောင်းဆုံးကတော့ မဟာဧကရီ သွေးလိပ်ပြာကို သူ့နဲ့အတူ ကောင်းကင်ဘုံဆန့်ကျင်တိုက်ပွဲမှာ တိုက်ခိုက်ခဲ့တဲ့ တစ္ဆေမိခင်က သတ်ဖြတ်ခဲ့တာပဲ”
“တစ္ဆေမိခင်က တကယ့်ကို ရွံစရာပဲ… သူက သေသင့်တယ်”
ထိုအကြောင်းကို ပြောဆိုချိန်မှာ အခြားသော ကိုယ်တော်များကလည်း မချင့်မရဲဖြစ်လာကြ၏။
ဘုန်းကြီးအိုက မိုးကောင်းကင်ထက်ကို မော့ကြည့်ပြီး တိမ်စိုင်များကြားမှ ကောင်းကင်ဘုံခုံရုံး၏ အပျက်အစီးပုံများကို ခပ်ရေးရေးတွေ့မြင်နေရ၏။ သူသည် လွန်ခဲ့သည့် နှစ်နှစ်ထောင်က ကောင်းကင်ဘုံဆန့်ကျင်တိုက်ပွဲကို ပြန်လည်သတိရသွားပြီး သက်ပြင်းချလိုက်၏။
အရင်တုန်းက သူသည် ကမ္ဘာတုန်လောက်ဖွယ်ရာ ထိုတိုက်ပွဲမှာ မပါဝင်ခဲ့သော်လည်း သူသည် ကံကောင်းထောက်မစွာဖြင့် အဲ့ဒါကို မြင်တွေ့ခဲ့ရ၏။
ထူးခြားအံ့မခန်း မဟာဧကရာဇ်နှစ်ပါးခေတ်ကလည်း ထိုကဲ့သို့ပင် အဆုံးသတ်သွားခဲ့ရသည်။
အချိန်တစ်ခုမှာ ခပ်ဖျော့ဖျော့ အနက်ရောင်မြူခိုးအလွှာများက မိုးကောင်းကင်ထက်မှာ လွင့်မျောလာပြီး သူ၏ အမြင်အာရုံကို ဖုံးလွှမ်းသွား၏။
ရုတ်တရက်ဆိုသလို…
မကောင်းဆိုးဝါးဆန်ဆန် လေပြင်းတစ်ချက်က ဘယ်ဆီဘယ်ဝယ်ကရယ်မသိ တိုက်ခတ်သွားပြီး ဘုန်းကြီးအိုက ဆတ်ခနဲတုန်ယင်သွား၏။
“ဟမ့်…”
ဘုန်းကြီးအိုက မျက်မှောင်အနည်းငယ်ကြုတ်လိုက်၏။
“ဘယ်လောက်တောင် သိပ်သည်းလေးလံတဲ့ အနိဋ္ဌာရုံခံစားချက်လဲ”
သူ၏ ကျင့်ကြံမှုနယ်ပယ်နှင့်ပင် စောစောက တိုက်ခတ်လာသော လေပြင်းက သူ့ကို ကြက်သီးမွေးညင်းထသွားစေ၏။
ဘုန်းကြီးအို၏ အမူအရာက တည်တံ့သွားပြီး လေထဲသို့ ခုန်တက်ကာ ဘေးပတ်ဝန်းကျင်ကို အကဲခတ်ကြည့်လိုက်၏။ တစ်ချိန်တည်းမှာပင် သူက သူ၏ စိတ်ဝိညာဉ်အသိစိတ်ကို ထုတ်လွှတ်ပြီး နက်ရှိုင်းသော ပင်လယ်ထဲရှိ ငရဲချောက်နက်ကို အာရုံစိုက်၍ ကြည့်လိုက်၏။
ငရဲချောက်နက်သည် အဆုံးမဲ့ပြီး ပြီးခဲ့သည့် နှစ်နှစ်ထောင်အတွင်း မည်သည့်လှုပ်ရှားမှုမှ မရှိခဲ့ပေ။
ထိုအခိုက်အတန့်မှာ ဘုန်းကြီးအိုက ငရဲချောက်နက်ကို အဝေးကနေ ငုံ့ကြည့်နေ၏။ ချောက်နက်ထဲကနေ သက်ရှိပေါင်းများစွာက သူ့ကို စိုက်ကြည့်နေသည့်အလား သူက ခံစားလာရ၏။
အေးစက်နေသော အော်ရာတစ်ခုက ငရဲချောက်နက်ထဲကနေ အဆက်မပြတ်ထိုးတက်လာ၏။ သိပ်သည်းပြင်းထန်ပြီး ကြောက်စရာကောင်းသည့် တစ်စုံတစ်ရာက အထဲမှာ မွေးဖွားပေါ်ထွက်လာသည့်အလားပင်။
တစ်ခုခုတော့ လွဲနေလေပြီ…။
ဘုန်းကြီးအိုက ရင်တစ်ချက်ထိတ်သွား၏။
သူသည် ငရဲချောက်နက်က ဘာဖြစ်လာမည်ကို မသိရှိသော်လည်း နှစ်ပေါင်းများစွာ ကျင့်ကြံပြီးနောက် ရရှိလာသော သူ၏ ဝမ်းတွင်းအသိစိတ်က ကပ်ဘေးတစ်ခု ကျရောက်လာတော့မည်ဟု သူ့ကို သတိပေးနေ၏။
ဘုန်းကြီးအိုက တွေဝေတုံ့ဆိုင်းခြင်းမရှိဘဲ သူ၏ ကျယ်ပြန့်သော ဝတ်ရုံစကို ဝှေ့ယမ်းပြီး သူ၏ အောက်ဘက်မှ ကိုယ်တော်လေးများကို ပွေ့ယူကာ ထွက်ခွာဖို့အတွက် လေဟာနယ်ကို ဆုတ်ဖြဲလိုက်၏။
သို့သော်လည်း အာကာသဥမင် ပေါ်ထွက်လာသည့်ခဏမှာပင် ၎င်းသည် အခြားသော စွမ်းအားတစ်ခုဖြင့် ဖျက်ဆီးခံလိုက်ရ၏။
ဘုန်းကြီးအို၏ အမူအရာက ပြောင်းလဲသွားသည်။
စောစောက ထိုစွမ်းအားသည် အေးစက်ပြီး မကောင်းဆိုးဝါးဆန်နေ၏။ ၎င်းသည် သူ့နှင့် ထိပ်တိုက်မထိတွေ့ခဲ့သော်လည်း သူက ချောက်ချားစရာကောင်းသော ခံစားချက်တစ်ခုကို ရရှိခဲ့ဆဲဖြစ်၏။
“မင်းတို့တွေက ဗြဟ္မာတစ္ဆေမိခင်ရဲ့ နောက်ကွယ်မှာ သူ့မကောင်းကြောင်း ပြောနေတာပဲ… ငါ အဲ့ဒါကို ရှင်းရှင်းလင်းလင်း ကြားတယ်နော်… ဟဲဟဲ”
မကောင်းဆိုးဝါးဆန်ဆန် ရယ်မောသံတစ်သံက မဟာထျဲဝေတောင်အနီးအနားမှာ ချောက်ချားဖွယ်ရာ ထွက်ပေါ်လာ၏။
မဟာထျဲဝေတောင်ပေါ်မှာဘုန်းကြီးအိုနှင့် ကိုယ်တော်လေးများအပြင် မိုးကောင်းကင်ကိုးလွှာ အင်မော်တယ်မဟာနယ်မြေနှင့် မိစ္ဆာမဟာနယ်မြေမှ ကျင့်ကြံသူများစွာလည်း ရှိနေ၏။
သူတို့သည် မကောင်းဆိုးဝါးဆန်ဆန်နှင့် ကြောက်စရာကောင်းသော ရယ်မောသံကို ကြားသောအခါ ကျင့်ကြံသူများက ကြောင်တိကြောင်တောင် အမူအရာများဖြင့် လှည့်ကြည့်လာကြ၏။
ဝေါ…
ရုတ်တရက် ကြီးမား၍ ဆိုးယုတ်ခက်ထန်သော တောကောင်လက်တစ်ဖက်က ငရဲချောက်နက်၏ အစပ်ကနေ ဆန့်တန်းထွက်ပေါ်လာပြီး နက်ရှိုင်းသော ပင်လယ်ကို ပြင်းထန်စွာ ပစ်ရိုက်ချကာ ကြီးမားသော လှိုင်းလုံးများကို ဖြစ်ပေါ်လာစေ၏။
လူတိုင်းက အလိုလိုလှည့်ကြည့်လိုက်ကြ၏။
ခေါင်းသုံးလုံးနှင့် ကြမ်းကြုတ်ခက်ထန်သော ခွေးတစ်ကောင်က ငရဲချောက်နက်ထဲကနေ ခုန်ထွက်လာ၏။ ၎င်း၏ ခန္ဓာကိုယ်တစ်ခုလုံးက နီရဲနေသော မီးတောက်များဖြင့် လောင်ကျွမ်းနေပြီး ဘေးပတ်ဝန်းကျင် ပင်လယ်ရေကို စတင်၍ အငွေ့ပျံလာစေ၏။
ခေါင်းသုံးလုံးနှင့် ကြမ်းကြုတ်ခက်ထန်သော ခွေးတစ်ကောင်က ငရဲချောက်နက်ထဲကနေ ခုန်ထွက်လာ၏။ သူ၏ ခန္ဓာကိုယ်တစ်ခုလုံးက နီရဲနေသော မီးတောက်များဖြင့် လောင်ကျွမ်းနေပြီး ဘေးပတ်ဝန်းကျင်ပင်လယ်ရေက စတင်ဆူပွက်လာ၏။
ငရဲခွေးမှာ ထက်ရှသော သွားစွယ်များ ရှိပြီး သူ၏ ပါးစပ်ထဲကနေ စေးကပ်သော သွားရည်များက စီးကျနေ၏။ ၎င်းသည် ကြမ်းကြုတ်ခက်ထန်ပြီး သွေးဆာရက်စက်သော အကြည့်နှင့်အတူ ဘုန်းကြီးအိုနှင့် အခြားသောကျင့်ကြံသူများကို စိုက်ကြည့်နေ၏။ ၎င်းသည် သူတို့ကို အပိုင်းပိုင်းဆုတ်ဖြဲပစ်ချင်နေသည့်အလားပင်။
“ငရဲသက်ရှိတွေ…”
ဘုန်းကြီးအိုက ငရဲခွေး၏ နောက်ခံကို ချက်ချင်းပင် မှတ်မိသိရှိသွား၏။
ကောင်းကင်ဘုံဆန့်ကျင်တိုက်ပွဲမှာတုန်းက ငရဲသက်ရှိများစွာသည် တိုက်ပွဲထဲမှာ ဝင်ပါခဲ့ကြ၏။
ငရဲသက်ရှိများသည် အလွန်တရာ ကြမ်းကြုတ်ခက်ထန်ကြသည်။ သို့သော်လည်း ထိုစဉ်တုန်းက မဟာဧကရာဇ်အထီးကျန်သိုင်းသခင်က ငရဲအရှင်ဖြစ်ခဲ့သည်။
မဟာဧကရာဇ် အထီးကျန်သိုင်းသခင်၏ အမိန့်အောက်မှာ ငရဲစစ်တပ်သည် သူတို့၏ ပင်ကိုယ်သဘာဝကို ဖိနှိမ်ပြီး အလယ်အလတ်ကမ္ဘာတစ်ထောင်လောကမှ သက်ရှိများကို ရန်မမူခဲ့ကြပေ။ ထိုအစား သူတို့သည် ကောင်းကင်ဘုံခုံရုံးစစ်တပ်ကို တိုက်ခိုက်ပေးခဲ့သည်။
နောက်ပိုင်း မဟာဧကရာဇ် အထီးကျန်သိုင်းသခင် သေဆုံးသွားပြီး ငရဲစစ်တပ်က ပြိုကွဲသွား၏။
တချို့က ထျန်ဟွမ်ကမ္ဘာမှာ ကျန်နေခဲ့ကြပြီး အများစုက ငရဲသို့ပြန်သွားကာ ပျောက်ကွယ်သွားကြသည်။
ငရဲခွေးက ငရဲကမ္ဘာက လာသည်မှာ သိသာနေ၏။
တဖြည်းဖြည်း ငရဲချောက်နက်ထဲကနေ တုန်ခါလှိုင်းတစ်ခု ထွက်ပေါ်လာပြီး တဖြည်းဖြည်း ပိုမိုပြင်းထန်ကြမ်းတမ်းလာ၏။ ကြီးမားသော စစ်တပ်တစ်တပ်က ချီတက်လာနေသည့်အလားပင်။
လူတိုင်း မတုံ့ပြန်နိုင်ခင် မရေမတွက်နိုင်သော ငရဲသက်ရှိများက ကြမ်းကြုတ်ခက်ထန်သော အော်ရာတစ်ခုနှင့်အတူ ငရဲခွေး၏ နောက်ဘက်ကနေ တဖွားဖွား ထွက်ပေါ်လာကြ၏။ သူတို့က သူတို့၏ သွေးသံရဲရဲပါးစပ်များကို ဖွင့်ဟပြီး မဟာထျဲဝေတောင်ပေါ်မှ ကျင့်ကြံသူများနှင့် ဘုန်းကြီးအိုရှိရာသို့ ခုန်ဝင်လာ၏။
ဘုန်းကြီးအိုက ထိုသည်ကို တွေ့မြင်သောအခါ ဆတ်ခနဲတုန်ယင်သွား၏။
ငရဲဂိတ်တံခါးက ပွင့်သွားခဲ့ပြီကို သူ သိရှိလိုက်သည်။
သည်ဘက်မျိုးဆက်မှာ မဟာဧကရာဇ် အထီးကျန်သိုင်းသခင် မရှိဘဲ ငရဲသက်ရှိများသည် ကောင်းကင်ဘုံကမ္ဘာနှင့် အလယ်အလတ်ကမ္ဘာတစ်ထောင်လောကမှာပင် သွေးလွှမ်းမိုးမှုများကို ဖြစ်ပေါ်စေပေလိမ့်မည်။
“မြန်မြန်သွားကြတော့”
ဘေးပတ်ဝန်းကျင်လေဟာနယ်က တည်နေရာခုန်ကူးလို့ မရတော့ပေ။ ဘုန်းကြီးအိုသည် သူ့ကိုယ်သူ ဂရုမစိုက်ဘဲ သုခဘုံသန့်စင်ကုန်းမြေ၏ အနက်ပိုင်းထဲသို့ ထွက်ပြေးရန် အခြားသော ကိုယ်တော်များကို ခပ်မြန်မြန်သတိပေးပြီး သူကတော့ ငရဲသက်ရှိများစွာ၏ ရှေ့မှာ မတ်တတ်ရပ်နေ၏။
တစ်ချိန်တည်းမှာပင် ဘုန်းကြီးအိုက ဗုဒ္ဓကျောင်းတော်များကို သတိပေးရန် သတင်းပို့အဆောင်တစ်ခုကို ချိုးချေလိုက်၏။