ဖုန့်တူနှင့်နောက်တစ်ဖန်တိုက်ခိုက်ခြင်း
Vol. 213 Ch. 3217
ဤထိပ်တိုက်ရင်ဆိုင်မှုက ဖုန့််တူကိုလည်း တုန်လှုပ်သွားစေသည်။
သူတို့နှစ်ယောက်ကြားမှာ ကျင့်ကြံမှုနယ်ပယ်အကြီးတစ်ခု ကွာဟနေသည်။ အစကတော့ သူက အနိုင်ရဖို့ကို ယုံကြည်မှုရှိနေခဲ့သည်။ မထင်မှတ်ထားစွာပင် လောကတစ်ခု၏ လွှမ်းခြုံမှုက ဆူဇီမို၏ ကောင်းကင်လိုဏ်ဂူငါးခုကို လုံးဝ မကိုင်လှုပ်နိုင်ပေ။
အနီးကပ်အနေဖြင့် ဖုန့်တူသည် အဲဒါကို ပို၍ရှင်းလင်းစွာအာရုံခံမိနိုင်၏။
ဆူဇီမို၏ ဘေးပတ်လည်ရှိ ကောင်းကင်လိုဏ်ဂူငါးခုသည် လောကတစ်ခုဖြစ်မလာသေးသော်လည်း သူတို့မှာ အလွန်တရာကြောက်စရာကောင်းသော စွမ်းအားအတက်အကျများပါဝင်နေ၏။
“ငါ့မှာ သိုင်းတာအိုပင်မခန္ဓာမရှိပေမယ့် မင်းမှာလည်း အလောင်းသုံးလောင်းဓမ္မခန္ဓာမှ မရှိတော့တာ”
ဖုန့်တူ၏ ရင်ထဲရှိ တုန်လှုပ်မှုကို ပြောနိုင်သည့်အလား ဆူဇီမိုက မှင်သေသေဖြင့် ပြောလိုက်၏။
“မင်းရဲ့အမြုတေစိတ်ဝိညာဉ်က မဟာဧကရာဇ်နယ်ပယ်မှာရှိနေသေးတယ်ဆိုရင်တောင် မင်းရဲ့ကိုယ်ကာယက လွန်ခဲ့တဲ့နှစ်နှစ်ထောင်က အလောင်းသုံးလောင်းဓမ္မခန္ဓာကို ယှဉ်နိုင်ဖို့ အဝေးကြီးရှိသေးတယ်”
ဖုန့်တူ၏ အမူအရာက သုန်မှုန်သွား၏။
ဆူဇီမို၏ စကားက တကယ်ပင် အရှိုက်ထိသွား၏။
အရင်တုန်းက သူသည် သူ့ခန္ဓာကို ကောင်းမွန်၊ ဆိုးယုတ်နှင့် အတ္တအလောင်းများဟူ၍ ခွဲထုတ်ပြီး အလယ်အလတ်ကမ္ဘာတစ်ထောင်လောကသို့ ဆင်းသက်စေကာ အင်မော်တယ်ဧကရာဇ်အရုဏ်ဆည်းဆာ၊ မိစ္ဆာဧကရာဇ်ကမ္ဘာဖျက်ကပ်ဘေးနှင့် ဧကရာဇ်ပိုရွှင်းတို့ကို ဖြစ်လာစေခဲ့၏။ သူတို့အားလုံးသည် နယ်မြေဒေသတစ်ခုကို အုပ်စိုးသော ထိပ်သီးပညာရှင်များဖြစ်ခဲ့ကြသည်။
တစ်ဘဝစာကျင့်ကြံပြီးနောက် အဆင့်ချိုးဖျက်တက်လှမ်းဖို့က ခက်ခဲကြောင်းကို သူက နားလည်သဘောပေါက်သွားခဲ့သည်။ ထို့ကြောင့်ပင် သူသည် ကောင်းကင်ဘုံသင်္ချိုင်းသုတ္တန်ကို အသုံးချပြီး မဟာဧကရာဇ်ဂူသင်္ချိုင်း၏ စွမ်းအားကို စုပ်ယူကာ သူ၏ မှတ်ဉာဏ်များကို နိုးထစေခဲ့၏။
အလောင်းသုံးလောင်းသည် ကောင်းမွန်ခြင်းနှင့် ဆိုးယုတ်ခြင်းအပေါ် သူ၏ နှောင်ဖွဲ့မှုများကို ဖြတ်တောက်ပြီး သူ၏ အမြုတေစိတ်ဝိညာဉ်နှင့် လုံးဝကိုက်ညီမှုရှိကာ မည်သည့်ပဋိပက္ခမှမရှိဘဲ ပေါင်းစည်းနိုင်ခဲ့သည်။
သို့သော်လည်း သူ့အနေဖြင့် နှစ်နှစ်ထောင်မျှမှာ အလောင်းသုံးလောင်းဓမ္မခန္ဓာကို နောက်တစ်ဖန်စုဖွဲ့ဖို့က မလွယ်ကူတော့ပေ။ သူသည် လက်ရှိကိုယ်ကာယကို ရရှိဖို့အတွက် စွမ်းအားကြီးမားသောအလောင်းတချို့ကို စုစည်းကာ ပုံသွင်းခဲ့ရလေသည်။
ဤခန္ဓာက သူ၏ အမြုတေစိတ်ဝိညာဉ်နှင့် ကိုက်ညီဖို့ ခက်ခဲနေ၏။
ထို့ကြောင့် သူတို့သည် အထွတ်အထိပ်ဧကရာဇ်များ၏ ကိုယ်ကာယများဖြစ်သော်လည်း လက်ရှိခန္ဓာသည် အလောင်းသုံးလောင်းဓမ္မခန္ဓာကို မပြောနှင့် အလောင်းသုံးဖော်ထဲမှ တစ်ဖော်ချင်းစီကိုပင် မယှဉ်နိုင်ပေ။
သူကျင့်ကြံထားသော လောက၏ စွမ်းအားကလည်း ကြီးမားစွာလျော့ကျသွားခဲ့သည်။
လွန်ခဲ့သည့် နှစ်နှစ်ထောင်ကသာဆိုလျှင် သူသည် သူ၏ အထွတ်အထိပ်အလောင်းသုံးလောင်းဓမ္မခန္ဓာနှင့်အတူ ဆူဇီမိုကို သေချာပေါက်ဖိနှိမ်နိုင်ပေလိမ့်မည်။
တကယ်တော့ ဖုန့်တူက ထိပ်လန့်တကြားဖြစ်မနေပေ။
သူတို့၏ ဝှက်ဖဲများကို အသုံးပြုခြင်းမရှိလျှင်ပင် သူတို့နှစ်ယောက်ကြား တိုက်ပွဲရလဒ်ကို ခန့်မှန်း၍မရသေးပေ။
ဒါ့အပြင် သူ့မှာ မဟာဧကရာဇ်အမြုတေစိတ်ဝိညာဉ်တစ်ခုရှိလေသည်။
ဝုန်း… ဝုန်း… ဝုန်း…
တမလွန်ဘုံလောကက ကောင်းကင်လိုဏ်ဂူငါးခုနှင့် အဆက်မပြတ်ရိုက်ခတ်ပြီး လောကမှာ တဖျတ်ဖျတ်တလက်လက်အလင်းတစ်ခု ပစ်လွင့်ထွက်ပေါ်လာ၏။
ကြယ်တာရာကောင်းကင်က တုန်ခါ၍ လေဟာနယ်က ပြိုကျလာ၏။
ဖုန့်တူသည် နှစ်ပေါင်းမရေမတွက်နိုင်အောင် ရှင်သန်နေထိုင်လာခဲ့ပြီး တမလွန်ဘုံကို အုပ်စိုးခဲ့လေသည်။ သူ့မှာ အတွ့အကြုံအားသာချက်ရှိပြီး မရေမတွက်နိုင်သော နည်းလမ်းများကို ပိုင်ဆိုင်ထားသည်။
သူသည် ဆူဇီမိုထုတ်ဖော်နိုင်သည့် နည်းလမ်းများအားလုံးနီးပါးကို ထုတ်ဖော်နိုင်လေသည်။
ဆူဇီမိုကတော့ ဖန်တီးခြင်းကြာပဒုမ္မာ၏ ခွန်အားကြောင့်သာ အသာစီးရရှိနေ၏။ ကောင်းကင်လိုဏ်ဂူငါးခုသည် တမလွန်ဘုံလောက၏ ရိုက်ခတ်မှုကို တောင့်ခံထားပြီး သူ၏ ခေါင်းလေးလုံးလက်ရှစ်ဖက်အခြေအနေပေါ်မှီခိုကာ မနှိုင်းယှဉ်သာအောင် ကြံ့ခိုင်နေ၏။
နှစ်ဦးနှစ်ဖက်က တိုက်ခိုက်ပြီး သွေးမြူတစ်ခုက လေထဲမှာ ပျံ့လွင့်လာ၏။
ကောင်းကင်ဘုံကနေ တမလွန်ဘုံအထိ အရာရာတိုင်းသည် ကျွမ်းထိုးမှောက်ခုံဖြစ်ကုန်၏။
နေက ၎င်း၏ အလင်းရောင်ကို ဆုံးရှုံးပြီး ကောင်းကင်ထက်ရှိ ကြယ်များကပင် မှိန်ဖျော့သွား၏။
ဆူဇီမိုနှင့် ဖုန့်တူကြား တိုက်ပွဲပေါ်ထွက်လာစဉ် ရှေ့သို့ထွက်ကာ ကောင်းကင်ဘုံကမ္ဘာတိုက်ပွဲနယ်မြေသို့ ဝင်ရောက်လာသော ပညာရှင်များကလည်း ပို၍ပို၍ များပြားလာ၏။
ထျန်ဟွမ်ကမ္ဘာ၊ ဓားကမ္ဘာနှင့် အခြားကမ္ဘာများမှ ပညာရှင်များနှင့်အတူ သူတို့သည် ငရဲစစ်တပ်နှင့် သွေးကမ္ဘာ၊ အဆိပ်ကမ္ဘာနှင့် အခြားကမ္ဘာများမှ ပူးပေါင်းမဟာမိတ်စစ်တပ်များကို ခုခံလာနိုင်၏။
ဤတိုက်ပွဲသည် ကောင်းကင်ဘုံကမ္ဘာအတွက်သာမဟုတ်ဘဲ မျိုးနွယ်စုတစ်သောင်း၏ သက်ရှိများကိုယ်တိုင်အတွက်လည်း ဖြစ်သည်။
ကောင်းကင်ဘုံခုံရုံးကို နောက်တစ်ဖန်ပြန်လည်တည်ဆောက်သည်နှင့် သက်ရှိများအားလုံးသည် နောက်တစ်ဖန် အကျဉ်းချ၍ ကျွန်ပြုခံရလိမ့်မည်ဖြစ်ပြီး နေ့အလင်းရောင်ကို ဘယ်တော့မှ တွေ့မြင်ရတော့မည် မဟုတ်ပေ။
ဆူဇီမိုနှင့် ဖုန့်တူကြားတိုက်ပွဲမှာ နှစ်ဦးနှစ်ဖက်က ပြင်ထန်ကြမ်းတမ်းစွာတိုက်ခိုက်နေပြီး မည်သူကမှ နောက်မဆုတ်ဘဲ စွမ်းအင်မြောက်မြားစွာကို သုံးစွဲနေကြ၏။
အချိန်ကြာလာသည်နှင့်အမျှ ဖုန့်တူသည် ပင်ပန်းနွမ်းလျမှုအငွေ့အသက်တစ်ခုကို တဖြည်းဖြည်းခံစားလာရ၏။
မည်သို့ပင်ဆိုစေ ဤနေရာက အလယ်အလတ်ကမ္ဘာတစ်ထောင်လောကဖြစ်ပြီး သူ့ကို အားဖြည့်ထောက်ပံ့ပေးမည့် ရင်းမြစ်ချီမရှိပေ။ သူက သူ၏ တမလွန်ဘုံလောကကို ထိန်းသိမ်းထားချင်သည်ဆိုလျှင် သူသည် ကြီးမားသည့် စွမ်းအင်ပမာဏတစ်ခုကို သုံးစွဲရပေလိမ့်မည်။
သို့သော်လည်း ဆူဇီမို၏ ကောင်းကင်လိုဏ်ဂူငါးခုက ကောင်းကင်နှင့်မြေကြီးအမြုတေချီကို ရယူသုံးစွဲနေ၏။
ကောင်းကင်လိုဏ်ဂူငါးခုသည် ခွန်အားကို တစ်ချိန်တည်းမှာ ထုတ်ဖော်ပြီး ကောင်းကင်ဘုံနှင့် ချိတ်ဆက်ထား၏။ သူတို့သည် ဖုန့်တူနှင့်တိုက်ခိုက်နေစဉ် အလယ်အလတ်ကမ္ဘာတစ်ထောင်လောက၏ ကောင်းကင်နှင့်မြေကြီးအမြုတေချီကို အငမ်းမရစုပ်ယူနေ၏။
နှစ်ဦးနှစ်ဖက်ကြား တိုက်ပွဲချိန်ကြာမြင့်လာသည်နှင့် ဆူဇီမိုအတွက် ပို၍အကျိုးရှိလာလေသည်။
ဒါ့အပြင် ဆူဇီမိုသည် အဆင့်-၁၂ ဖန်တီးခြင်းကြာပဒုမ္မာခန္ဓာကို ပိုင်ဆိုင်ထားပြီး သူ့မှာ တုန်လှုပ်စရာကောင်းသော ပြန်လည်ကုသနိုင်စွမ်းရှိနေ၏။
ကောင်းကင်ဘုံကိုးလွှာသက်ရှိမြေဆီလွှာ၏ ခံစစ်နှင့်အတူ သူက ထိခိုက်ဒဏ်ရာတချို့ရရှိမည်ဆိုလျှင်တောင် သူ၏ တိုက်ခိုက်ရည်ခွန်အားကို သက်ရောက်စေခြင်းမရှိဘဲ သူတို့ကို အလျင်အမြန်ကုသပေလိမ့်မည်။
သို့သော်လည်း ဖုန့်တူအတွက် အခြေအနေက ကွဲပြားလေသည်။
သူ၏ ခန္ဓာကို ပညာရှင်များစွာ၏ အလောင်းများနှင့် အသားများကနေ စုဖွဲ့ထားပြီး ဖန်တီးခြင်းကြာပဒုမ္မာခန္ဓာကို လုံးဝမယှဉ်နိုင်ပေ။
စောစောက အကြိမ်ရေအနည်းငယ် အနီးကပ်တိုက်ခိုက်အပြီးမှာ သူ၏ ခန္ဓာကိုယ်သည် ဒဏ်ရာများဖြင့် ပြည့်နှက်လာပြီဖြစ်ပြီး အလွန်တရာချုံးချုံးကျလာ၏။
အာဒိကပ္ပသမဂ္ဂမြင်းမြီးကျာပွတ်၏ ချည်မျှင်သုံးထောင်က သူ၏ ခန္ဓာကိုယ်ပေါ်သို့ ကျဆင်းလာသောအခါ ကြီးမားသောဒဏ်ရာများပေါ်ထွက်လာပြီး အသားများက ကွာကျလာ၏။
သုံးပါးရတနာကျောက်စိမ်းတောင်ဝှေးကျဆင်းလာသောအခါ သူ၏ ခန္ဓာကိုယ်ပေါ်မှာ ကြီးမားသောအပေါက်တစ်ခု ဖြစ်ပေါ်သွား၏။
အစိမ်းရောင်ကြာပန်းဓား၏ ထက်ရှမှုက ပို၍ပင်ကြောက်စရာကောင်းနေ၏။
သူသည် အစိမ်းရောင်ကြာပန်းဓားကို ခုခံဖို့အတွက် ဧကရာဇ်လက်နက်တချို့ကို အသုံးပြုထားခြင်းကြောင့်မဟုတ်လျှင် သူ၏ ခန္ဓာကိုယ်သည် ခုတ်ပိုင်းခံရသည်မှာ ကြာနေလောက်လေပြီ။
ဤတိုင်းသာဆက်သွားလျှင် သူက မသေဘူးဆိုလျှင်တောင် သူ၏ အသက်ဓာတ်အားက ပြင်းထန်စွာ ထိခိုက်ဒဏ်ရာရရှိသွားပေလိမ့်မည်။
“အထီးကျန်သိုင်းသခင်.. မင်းရဲ့ အစိမ်းရောင်ကြာပန်းခန္ဓာက တကယ်မဆိုးဘူး… အခုကစပြီး အဲဒါငါ့ဟာပဲ”
ရုတ်တရက် ဖုန့်တူက ခပ်စူးစူးအော်ပြောလိုက်၏။ သူ၏ မျက်ခုံးနှစ်ဖက်ကြားကနေ အညိုရောင်အလင်းတစ်ခု တဖျတ်ဖျတ်လက်ပြီး အလွန်တရာကြောက်စရာကောင်းသော စွမ်းအားအတက်အကျတစ်ခုက ပေါက်ကွဲထွက်ပေါ်ကာ ဆူဇီမိုကို တိတ်တဆိတ်လွှမ်းခြုံလာ၏။
ထိုစွမ်းအားဆင်းသက်လာသောအခါ လောကက ရုတ်တရက်တိတ်ဆိတ်ငြိမ်သက်သွား၏။
အရာရာတိုင်းက လုံးဝကို ငြိမ်သက်သွားလေသည်။
နှစ်နှစ်ထောင်ကြာအောင် ပေါ်ထွက်မလာခဲ့သည့် ကြောက်စရာကောင်းသော စွမ်ပကားတစ်ခုက အလယ်အလတ်ကမ္ဘာတစ်ထောင်လောကကို လွှမ်းခြုံလာ၏။
ဤသည်က မဟာဧကရာဇ်တစ်ပါး၏ စိတ်ဝိညာဉ်အသိစိတ်စွမ်းအားဖြစ်သည်။
တစ္ဆေမီးတစ်ခုက လွင့်မျောလာ၏။
ဖုန့်တူသည် သူ၏ မဟာဧကရာဇ်အမြုတေစိတ်ဝိညာဉ်နှင့်အတူ ဆူဇီမို၏ အမြုတေစိတ်ဝိညာဉ်ကို ဖျက်ဆီးသတ်ဖြတ်ချင်၏။
စိတ်ဝိညာဉ်အသိစိတ်တိုက်ခိုက်မှုနှင့်ရင်ဆိုင်ရချိန်မှာ ဆူဇီမိုသည် အဲဒါကို မျှော်လင့်ထားပြီးသားဖြစ်သည့်အလား သူ၏ အမူအရာက တည်ငြိမ်နေ၏။
တကယ်တော့ သူသည် ဧကရာဇ်တစ်ပိုင်းနယ်ပယ်သို့ ဝင်ရောက်ပြီးနောက် သူ၏ အမြုတေစိတ်ဝိညာဉ်နယ်ပယ်က ဧကရာဇ်အကြီးနယ်ပယ်ကို ရောက်ရှိသွားခဲ့ပြီဖြစ်သည်။
ပြီးခဲ့သည့် နှစ်နှစ်ထောင်က သူသည် လှည့်ပတ်သွားလာရင်း သူ၏ ချစ်ရသူကို ဆုံးရှုံးရခြင်း၏ နာကျင်မှုမှာ နစ်မျောနေခဲ့၏။ သူသည် တဗူးနည်းစနစ်များစွာကို နားလည်ဆင်ခြင်ရင်း သူ၏ တာအိုနှလုံးသားက ပို၍ပင် ကြံ့ခိုင်လာခဲ့သည်။
သူသည် တဗူးနည်းစနစ်များကို သူ၏ ကျင့်ကြံမှုနယ်ပယ်ကြောင့် ကောင်းကောင်းမထုတ်ဖော်နိုင်သော်လည်း သူက တဗူးနည်းစနစ်များကို နားလည်ဆင်ခြင်ရင်း သူ့အမြုတေစိတ်ဝိညာဉ်၏ စွမ်းအားက အဆက်မပြတ်မြင့်တက်လာခဲ့၏။
ယခု ၎င်းသည် ပကတိဧကရာဇ်နယ်ပယ်ကို ရောက်ရှိနေပြီဖြစ်သည်။
တကယ်တော့ ပကတိဧကရာဇ်နယ်ပယ်အမြုတေစိတ်ဝိညာဉ်တစ်ခုမျှက ဖုန့်တူ၏ အမြုတေစိတ်ဝိညာဉ်လျှို့ဝှက်အတတ်ကို ခုခံနိုင်လိမ့်မည် မဟုတ်ပေ။
ရွှစ်…
ဆူဇီမို၏ အကြည့်က သိပ်သည်းစုဖွဲ့လာပြီး ပေတစ်သိန်းမြင့်မားသော ပုံရိပ်ယောင်တစ်ခုက မြေပြင်ထက်ကနေ မြင့်တက်လာ၏။ ၎င်းသည် ကောင်းကင်ကိုထိုးဖောက်ပြီး တိုက်ပွဲဝင်စိတ်ဆန္ဒနှင့်အတူ တလိပ်လိပ်ထိုးတက်ကာ သူ၏ နောက်ဘက်ရှိ မျိုးဆက်သွေးနယ်မြေဖြစ်စဉ်နှင့် ပေါင်းစည်းသွားသည်။
လျှို့ဝှက်ဆန်းကြယ်သောမြစ်တစ်စင်းက သူ၏ နောက်ဘက်မှာ ပေါ်ထွက်လာ၏။
ဆူဇီမိုသည် သူ၏ မြင်းမြီးကျာပွတ်နှင့် ဓားကို ကိုင်ဆွဲပြီး ရှည်လျားသော အချိန်မြစ်အထက်မှာ လိပ်မြွေတစ်ကောင်ကို စီးနင်းထား၏။
အတိတ်နှင့်ပစ္စုပ္ပန်ကို တိုက်ခိုက်ခြင်းလျှို့ဝှက်အတတ်က အသက်ဝင်လာခဲ့သည်။
ဆူဇီမို၏ ကိုယ်ကာယနှင့် အမြုတေစိတ်ဝိညာဉ်စွမ်းအားက နောက်တစ်ဖန်မြင့်တက်လာ၏။
အသက်တစ်ရှိုက်စာမှာ နှစ်တစ်သောင်းကို သုံးစွဲနေသည့် အခြေအနေမှာ သူ့အမြုတေစိတ်ဝိညာဉ်၏ စွမ်းအားသည် ပကတိဧကရာဇ်နယ်ပယ်ကို ကျော်လွန်ပြီး မဟာဧကရာဇ်နယ်ပယ်နှင့် အင်မတန်နီးစပ်သွားပြီဖြစ်၏။
အဲဒါက လုံလောက်လေသည်။
နဂါးမျိုးနွယ်၏ လျှို့ဝှက်အတတ် ဘက်ပြန်ကြေးခွံ…။
ဝိဇ္ဇာထွက်ရပ်လမ်းသုတ္တန်၏ မဟာလျှို့ဝှက်အတတ်သုံးခုထဲမှ နောက်ဆုံးလျှို့ဝှက်အတတ် ထွက်ရပ်လမ်းငြိမ်သက်ခြင်း။
ထပ်ဆောင်းအနေဖြင့် အစိမ်းရောင်ကြာပန်းဓားကနေ အမြုတေစိတ်ဝိညာဉ်တိုက်ခိုက်မှုတစ်ရပ်ကို ထုတ်လွှတ်လိုက်၏။
ထိပ်တန်းအမြုတေစိတ်ဝိညာဉ်လျှို့ဝှက်အတတ်သုံးခုက ပစ်လွင့်ထွက်ပေါ်ပြီး ဖုန့်တူ၏ အမြုတေစိတ်ဝိညာဉ်လျှို့ဝှက်အတတ်ရှိရာသို့ ပစ်ဝင်သွား၏။
တစ်ချိန်တည်းမှာပင် ဆူဇီမို၏ အသိစိတ်ထဲမှာ ရွှေရောင်အလင်းတစ်ခုက ပျံ့နှံ့လာပြီး ဂါထာမန္တန်ရွတ်ဖက်သံက အဆက်မပြတ်ထွက်ပေါ်လာ၏။ ဗုဒ္ဓပုံရိပ်ယောင်များပေါ်ထွက်လာပြီး နဂါးနှင့်ဆင်တို့က ဟိန်းဟောက်နေကြ၏။
အစိမ်းရောင်ကြာပန်းအမြုတေစိတ်ဝိညာဉ်သည် အဆင့်-၁၂ ဖန်တီးခြင်းကြာခုံပေါ်မှာ မတ်မတ်ထိုင်ပြီး သူ၏လက်ဝါးနှစ်ဖက်ကို ပူးကပ်ထား၏။ သူက မျက်လွှာချပြီး တည်ကြည်ခံ့ညားနေ၏။
ရောင်စုံအလင်းများက ကြာခုံထဲကနေ လျှံထွက်လာပြီး ၎င်းကို လွှမ်းခြုံလာခဲ့၏။
ဘေးပတ်လည်မှာရှိသော ပွင့်ချပ်များက ပိတ်ဆို့ပြီး အစိမ်းရောင်ကြာပန်းအမြုတေစိတ်ဝိညာဉ်ကို ငုံကာ မထိုးဖောက်နိုင်သော ခံစစ်အလွှာတစ်ခုကို ဖြစ်ပေါ်လာစေ၏။
ဆူဇီမိုသည် ပေါ့ပေါ့ဆဆမပြုမူရဲပေ။ ချက်ချင်းပင် သူ၏ အမြုတေစိတ်ဝိညာဉ်သည် ဖုန့်တူ၏ အမြုတေစိတ်ဝိညာဉ်လျှို့ဝှက်အတတ်ကို ခုခံရန် တိုက်စစ်နှင့်ခံစစ် ဝှက်ဖဲများအားလုံးကို အသုံးပြုလိုက်၏။
ဖုန့်တူ၏ အမြုတေစိတ်ဝိညာဉ်က တကယ်ပင် စွမ်းအားကြီးမားပြီး ရပ်တန့်တားဆီးမရနိုင်ပေ။
သို့သော်လည်း သူ၏ အမြုတေစိတ်ဝိညာဉ်က ဘယ်လောက်ပင်သန်မာသည်ဖြစ်စေ အကန့်အသတ်တစ်ခုရှိနေ၏။ တစ္ဆေမီးက ဘက်ပြန်ကြေးခွံကို ဖြတ်ကျော်လာပြီးနောက် ၎င်း၏ ခွန်အားက အနည်းငယ်လျော့ကျသွား၏။
ထွက်ရပ်လမ်းငြိမ်သက်ခြင်း၏ ဓမ္မချိပ်စည်းကို ချိုးဖျက်ပြီးနောက် ၎င်းသည် စွမ်းအားအမြောက်အမြားကို ဆုံးရှုံးကာ မီးတောက်များက ကျုံ့ဝင်လာ၏။
၎င်းသည် အစိမ်းရောင်ကြာပန်းဓားဖြင့် ထိခတ်သောအခါ တစ္ဆေမီးသည် အရှိန်ကုန်တော့မည့် မြားတစ်စင်းဖြစ်သွားလေသည်။
၎င်းသည် ဆူဇီမို၏ အသိစိတ်ထဲသို့ ဝင်ရောက်လာပြီး ဗုဒ္ဓနဂါးဆင်နှင့် ရင်ဆိုင်ရသောအခါ ၎င်းသည် ဗုဒ္ဓအလင်းရောင်များကြားမှာ အရည်ပျော်ကျလာ၏။ ၎င်းသည် ဖန်တီးခြင်းကြာခုံရှေ့သို့ ရောက်ရှိလာသောအခါ တစ္ဆေမီးသည် မှိတ်တုတ်မှိတ်တုတ်မီးပွားများအဖြစ် ပြောင်းလဲပြီး ထိခိုက်နိုင်စွမ်း မရှိတော့သလောက်နီးပါးပင်။
၎င်းသည် ဖန်တီးခြင်းကြာပဒုမ္မာ၏ ပွင့်ချပ်များနှင့် ထိခတ်သောအခါ မည်သည့်အငွေ့အသက်မှမကျန်အောင် ချက်ချင်းပင် ချုပ်ငြိမ်းသွားလေသည်။