ဧကရာဇ်နယ်ပယ်
Vol. 213 Ch. 3219
မဟာဧကရာဇ်အနန္တ၏ နာမည်ကို ကြားရချိန်မှာ ငရဲအရှင်၏ အမူအရာက ချက်ချင်းပင် သုန်မှုန်သွား၏။
“မင်းကလား… မင်းက ငါ့ကို ဖိနှိမ်ချင်တာလား”
ငရဲအရှင်က သူ၏ မျက်လုံးကို မှေးကျဉ်းပြီး မလှမ်းမကမ်းမှာရှိသော ဆူဇီမိုကို အေးစက်နေသော အမူအရာဖြင့် စိုက်ကြည့်လိုက်၏။
ငရဲအရှင်သာလျှင် မဟုတ်ဘဲ၊ ဧကရာဇ်တစ်ပိုင်းသာဖြစ်သော ဆူဇီမိုက မဟာဧကရာဇ်တစ်ပါးကို ဖိနှိမ်နိုင်မည်ဟု တခြားမည်သူကမှ မယုံကြည်နိုင်ပေ။
အရင်တုန်းက သိုင်းတာအိုပင်မခန္ဓာပင် ထိုသို့မပြုလုပ်နိုင်ခဲ့ပေ။
ဖုန့်တူက ထိုစကားကို ကြားသောအခါ သူက အရယ်ရဆုံးဟာသကို ကြားလိုက်ရသည့်အလား အထင်အမြင်သေးစွာဖြင့် လှောင်ရယ်လိုက်၏။
ဆူဇီမိုသည် သူနှင့် သူတစ်ပြန်ကိုယ်တစ်ပြန် တိုက်ခိုက်နိုင်သော်လည်း သူသည် ငရဲအရှင်ကို သေချာပေါက် ယှဉ်နိုင်မည်မဟုတ်ပေ။
ငရဲအရှင်က အစစ်အမှန်မဟာဧကရာဇ်တစ်ပါးဖြစ်သည်။
သူတို့နှစ်ယောက်ကြား ခွန်အားကွာဟချက်က ကမ္ဘာခြားနေသည်။
ဆူဇီမိုက တည်ငြိမ်စွာ ပြောလိုက်၏။
“ငါက မင်းကို ဖိနှိမ်ရုံတင်မကဘူး… မင်းကို ဘယ်တော့မှ ပြန်မဝင်စားနိုင်အောင် အဝီစိငရဲမှာ နောက်တစ်ခါပြန်ပြီး အကျဉ်းချချင်တာ”
“အား...”
ငရဲအရှင်က မဟာအဝီစိဟူသောစကားကို ကြားရချိန်မှာ သူသည် ကြီးမားသော ထိုးနှက်ချက်တစ်ခုကို လက်ခံရရှိသွားသည့်ပုံပင်။ ခေတ်နှစ်ခေတ်ကြာအောင် သူကြိတ်မှိတ်ခံစားခဲ့ရသည့် နာကျင်မှုကို ပြန်သတိရသွားပြီး သူက ရုတ်တရက် မကျေမချမ်းဖြစ်လာကာ မာန်ဖီဟိန်းဟောက်လိုက်၏။
“ပုရွက်ဆိတ်… သေစမ်း”
ငရဲအရှင်မှာ ကြမ်းကြုတ်ခက်ထန်သောအမူအရာနှင့် မကျေမချမ်းအကြည့်တစ်ခုရှိနေ၏။ သူ၏ ခန္ဓာကိုယ်ထဲရှိ သွေးချီက လှည့်ပတ်လာပြီး သူ၏ နောက်ဘက်မှာ မကောင်းဆိုးဝါးဆန်ဆန် ငရဲတစ်ခုက ခပ်ရေးရေး ပေါ်ထွက်လာ၏။ သူက ကောင်းကင်တစ်ခွင် အုပ်မိုးထားသည့် ဧရာမလက်ကို ဆန့်ထုတ်လိုက်ပြီး သူ၏လက်ဖဝါးမှာ ဓမ္မတာအိုအမှတ်အသားတစ်ခု ပေါ်ထွက်လာ၏။ ထိုအရာဖြင့် ဆူဇီမိုရှိရာသို့ ပစ်ရိုက်ချလိုက်လေသည်။
ငရဲအရှင်က ဒေါသချောင်းချောင်းထွက်နေပြီး အမျက်ဒေါသနှင့်အတူ သူ၏ ခွန်အားအပြည့်အဝနီးပါးဖြင့် ထိုလက်ဝါးရိုက်ချက်ကို ထုတ်ဖော်လိုက်၏။
သူသည် သူ၏ သွေးချီကို လှည့်ပတ်ထားရုံသာမက သူသည် လောကတစ်ခုကိုပင် မြှောက်တင်ပြီး သူ၏ မဟာဧကရာဇ်တာအိုအမှတ်အသားကို စုဖွဲ့ကာ ဆူဇီမိုကို နေရာမှာပင် သတ်ဖြတ်ဖို့ စိတ်ပိုင်းဖြတ်လိုက်သည်။
လက်ဝါးဆင်းသက်မလာခင် ဆူဇီမို၏ ဘေးပတ်လည်မှာရှိသော ကြယ်များက ဖုန်မှုန့်များအဖြစ် ပြောင်းလဲသွားသည်။
ကောင်းကင်တစ်ခွင် အုပ်မိုးလာသော ဧရာမလက်ဝါး၏ လွှမ်းခြုံမှုအောက်မှာ ဆူဇီမို၏ ထွက်လမ်းများအားလုံးက ပိတ်ဆို့ခံထားရသည်။
ပထမဆုံး ထိခတ်ခံရသည်မှာ သူ၏ ဘေးပတ်လည်မှ တင်းခြောက်ပါးနှင့် ကျားခြောက်ပါး နတ်ဘုရားများဖြစ်သည်။
မည်သို့ပင်ဆိုစေ တင်းခြောက်ပါးနှင့် ကျားခြောက်ပါး နတ်ဘုရားများမှာ အသွေးအသားနှင့် အမြုတေစိတ်ဝိညာဉ်များ မရှိကြပေ။ သူတို့ကို ယင်ယန်၏ စွမ်းအားကနေ စုဖွဲ့ထားခြင်းသာဖြစ်ပြီး အစစ်အမှန်မဟာဧကရာဇ်များ မဟုတ်ကြပေ။
သူတို့သည် တာအိုအမှတ်အသားတစ်ခုပါဝင်သည့် လက်ဝါးရိုက်ချက်နှင့် ရင်ဆိုင်ရချိန်မှာ ဘာမှမဟုတ်တော့ပေ။
ငရဲအရှင်၏ လက်ဝါးက သူတို့ကို မထိခင်မှာပင် တင်းခြောက်ပါးနှင့် ကျားခြောက်ပါး နတ်ဘုရားများက အဲဒါကို ခံနိုင်ရည်မရှိဘဲ တစ်ခုပြီးတစ်ခု ပျက်ပြယ်ကာ ယင်နှင့်ယန်၏ စွမ်းအားအဖြစ် ပြောင်းလဲသွား၏။
ဖျောက်… ဖျောက်… ဖျောက်…
ဆူဇီမို၏ နောက်ဘက်ရှိ မျိုးဆက်သွေးနယ်မြေဖြစ်စဉ်နှင့် တိုက်ပွဲဝိညာဉ်ကလည်း ငရဲအရှင်ထံမှ ဧရာမလက်ဝါးရိုက်ချက်ဖြင့် အလွယ်တကူ ကြေမွပျက်စီးသွား၏။
မရေမတွက်နိုင်သော အကြည့်များအောက်မှာ ငရဲအရှင်၏ ဧရာမလက်ဖဝါးက ကောင်းကင်ထက်ကနေ ဆင်းသက်လာ၏။ အောက်ဘက်မှာရှိသော ဆူဇီမိုက တကယ်ပင် ပုရွက်ဆိတ်တစ်ကောင်ကဲ့သို့ အရေးမပါ အရာမရောက်ပေ။
ကွာဟချက်က ကြီးမားလွန်းနေသည်။
ထျန်ဟွမ်ကမ္ဘာ၊ ဓားကမ္ဘာ၊ နီညိုရောင်မျောက်ဝံကမ္ဘာ၊ မဟာအရိုင်းကမ္ဘာနှင့် အခြားသောကမ္ဘာများစွာမှ ပညာရှင်များသည် ထိုမြင်ကွင်းမှာ ကူကယ်ရာမဲ့နေကြ၏။
သူတို့က ကူညီပေးချင်သည်ဆိုလျှင်တောင် မကူညီနိုင်ကြပေ။
သူတို့က ကောင်းကင်တစ်ခွင် အုပ်မိုးထားသည့် ဧရာမလက်ဝါး၏ သက်ရောက်မှုအတွင်း မဝင်ရောက်ခင်မှာပင် သေနှင့်သွားပေလိမ့်မည်။
ငရဲအရှင်၏ တိုက်ခိုက်မှုမှာ ဆူဇီမိုသည် ရလဒ်ကို သိရှိသွားပုံရသည်။ သူက ရှောင်တိမ်းရမည့်အစား သူ၏ မျက်လုံးနှစ်ဖက်ကို မှိတ်ပြီး ခုခံခြင်းကို လက်လျှော့လိုက်၏။
သို့သော်လည်း ဆူဇီမိုက သူ၏ မျက်လုံးနှစ်ဖက်ကို မှိတ်လိုက်သည့်ခဏမှာပင် သူ့မျက်လုံးအနက်ပိုင်းထဲမှာ အလင်းရောင်တစ်ချက် ဖျပ်ခနဲလက်သွားသည်ကို မည်သူကမှ သတိမထားမိလိုက်ပေ။
“သင့်ရဲ့ကိုယ်ပိုင်နှလုံးသားနဲ့ စိတ်ကို အာရုံခံနိုင်ရမယ်… သင့်ရဲ့နှလုံးသားနဲ့စိတ်က ဖက်တွယ်စရာ ဘာမှမရှိတော့ရင် သင့်ရဲ့ သေခြင်းနဲ့ရှင်ခြင်းက သင့်ရဲ့ နှလုံးသားနဲ့စိတ်နဲ့ မသက်ဆိုင်တော့ဘူး”
“သင့်ရဲ့ခန္ဓာနဲ့စိတ်က ပုံရိပ်ယောင်တွေအဖြစ် ပျောက်ကွယ်သွားလိမ့်မယ်… နတ္ထိဓမ္မက နေရာတိုင်းမှာရှိပြီး အနတ္တက ထင်ဟပ်လာလိမ့်မယ်”
ဆူဇီမိုသည် မျက်လွှာချပြီး သုတ္တန်တစ်ခုကို ရွတ်ဆိုနေ၏။ သို့သော်လည်း ဘေးပတ်ဝန်းကျင်လောကနှင့် ကြယ်တာရာကောင်းကင်က လဲပြိုကျသွား၏။ ကျယ်လောင်သော တဝုန်းဝုန်းအသံများကြားမှာ သူ၏ ရွတ်ဆိုသံက သိပ်မကြာခင် နစ်မြုပ်သွားပြီး မည်သူကမှ ထိုအသံကို မကြားနိုင်တော့ပေ။
ကောင်းကင်လိုဏ်ဂူငါးခုက အလင်းရောင်ခြည်ကို ဖြာထုတ်နေဆဲဖြစ်ပြီး နိမိတ်ဖြစ်စဉ်များ ပေါ်ထွက်လာကာ ဆူဇီမိုကို ကာကွယ်ပေးနေ၏။
ငရဲအရှင်၏ ဧရာမလက်က ဆင်းသက်လာပြီး တာအိုအမှတ်အသားက တဖျပ်ဖျပ်လက်နေ၏။ ကောင်းကင်လိုဏ်ဂူငါးခုက တောင့်ခံထားဆဲဖြစ်ပြီး ဆူဇီမိုကို အလယ်မှာထားကာ ကာကွယ်ပေးနေ၏။
သို့သော်လည်း နှစ်ဦးနှစ်ဖက်ကြား ခွန်အားကွာဟချက်က အရမ်းကို ကြီးမားလွန်းသည်။
ခဏမျှ ရပ်တန့်သွားပြီးနောက် ကောင်းကင်လိုဏ်ဂူငါးခုက လုံးလုံးလျားလျား လဲပြိုကျကာ ငရဲအရှင်၏ ခြေမွှဖျက်ဆီးခြင်းခံရပြီး ဘာမှမကျန်တော့ပေ။
ဆူဇီမိုကပင်လျှင် တစ်စွန်းတစ်စမကျန် ပျောက်ကွယ်သွားပြီး သွေးတစ်စက်ပင်လျှင် မကျန်ခဲ့ပေ။
သူသည် ငရဲအရှင်၏ လက်ဝါးရိုက်ချက်ဖြင့် ဤလောကကနေ တစ်စွန်းတစ်စမကျန် ဖျောက်ဖျက်ခံလိုက်ရသည့်အလားပင်။
လောကက တဖြည်းဖြည်း ပြန်လည်တည်ငြိမ်လာ၏။
တိုက်ပွဲနယ်မြေမှာ တိုက်ခိုက်နေသော စစ်တပ်များကလည်း တဖြည်းဖြည်း ရပ်တန့်သွားကြသည်။
အလယ်အလတ်ကမ္ဘာတစ်ထောင်လောက၏ နေရာအနှံ့မှာ သက်ပြင်းချသံများ ထွက်ပေါ်လာ၏။
“ဘယ်လောက် နှမျောဖို့ကောင်းလိုက်လဲ”
ဖုန့်တူက သူ၏ နှုတ်ခမ်းကို လျှာဖြင့်သပ်ကာ ပြောလိုက်၏။
“အထီးကျန်သိုင်းသခင်ရဲ့ ဖန်တီးခြင်းကြာပဒုမ္မာက တကယ်ကို မဆိုးဘူး… ဒါပေမဲ့ မင်းက အဲဒါကို ဒီလိုပဲ ဖျက်ဆီးလိုက်တယ်”
ငရဲအရှင်က မျက်မှောင်ကြုတ်ထားသည်။
ဤလောကမှာ မရေမတွက်နိုင်သော သက်ရှိများ ရှိကြသော်လည်း တစ်စုံတစ်ခု လွဲမှားနေသည်ကို သူတစ်ယောက်သာလျှင် အာရုံခံမိလေသည်။
စောစောက သူ၏ တိုက်ခိုက်မှုသည် တကယ်ပင် ကြောက်စရာကောင်းပြီး ဧကရာဇ်တစ်ပိုင်း ပုရွက်ဆိတ်ကို သတ်ဖြတ်ဖို့ လုံလောက်ခဲ့သည်။
သို့သော်လည်း ထိုလက်ဝါးရိုက်ချက်အပြီးမှာ အရာရာတိုင်းက အရမ်းကို ရှင်းလင်းလွန်းနေ၏။
ထိုနေရာမှာ သွေးတစ်စက်ပင် မကျန်ခဲ့ပေ။
သူသည် အထီးကျန်သိုင်းသခင်ကို သတ်ဖြတ်လိုက်ခြင်းမဟုတ်ဘဲ ထိုသူက ပျောက်ကွယ်သွားခြင်းဖြစ်သည်ဟု ခံစားနေရ၏။
အထီးကျန်သိုင်းသခင်က သူ့ရှေ့ကနေ ပျောက်ကွယ်သွားတာလား…
ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ…
ငရဲအရှင်၏ မျက်လုံးထဲတွင် ညိုမှောင်နေသော အလင်းတစ်ခု တလိပ်လိပ်ထိုးတက်လာပြီး သူက စက္ခုနည်းစနစ်လျှို့ဝှက်အတတ်တစ်ခုကို ထုတ်ဖော်ကာ ဆူဇီမိုပျောက်ကွယ်သွားရာနေရာသို့ ကြည့်လိုက်၏။
“ဟမ်”
ထိုအကြည့်က ငရဲအရှင်၏ အမူအရာကို အနည်းငယ် ပြောင်းလဲသွားစေသည်။
“ဘာဖြစ်လို့လဲ”
ဖုန့်တူက ငရဲအရှင်၏ မျက်နှာပေါ်မှ ထူးဆန်းသောအမူအရာကို တွေ့မြင်သောအခါ အလိုလိုမေးလိုက်၏။
“မင်းက အတော်လေး အစွမ်းအစရှိသားပဲ… မင်းက တကယ် မသေဘူးပဲကိုး”
ငရဲအရှင်၏ အကြည့်က အေးစက်နေပြီး သတ်ဖြတ်လိုစိတ်က တလိပ်လိပ်ထိုးတက်နေ၏။ သူက ယခုတင် ဆူဇီမိုပျောက်ကွယ်သွားရာနေရာသို့ စိုက်ကြည့်နေပြီး သူ၏ အသံက အေးစက်စွာဖြင့် ထွက်ပေါ်လာ၏။
“သူ မသေဘူးလား”
ဖုန့်တူက သူ၏ စိတ်ဝိညာဉ်အသိစိတ်ကို ချက်ချင်းပင် ထုတ်ဖော်ပြီး ကြယ်တာရာကောင်းကင်ကို စစ်ဆေးကြည့်လိုက်၏။
တကယ်ပင်…
ထိုနေရာမှာ သက်ရှိတစ်ဦး ပုန်းကွယ်နေသည်ကို သူ၏ စိတ်ဝိညာဉ်အသိစိတ်ဖြင့် အာရုံခံမိလိုက်၏။ ထိုသက်ရှိက ယခုတင် ပျောက်ကွယ်သွားသော ဆူဇီမိုဖြစ်သည်။
သို့သော်လည်း ဆူဇီမို၏ အခြေအနေက အနည်းငယ်ထူးဆန်းနေ၏။ သူသည် လေဟာနယ်အဖြစ် ပြောင်းလဲသွားပြီး မည်သည့်အရာကမှ သူ့ခန္ဓာကိုယ်ကို မထိတွေ့နိုင်သည့်အလားပင်။
“အဲဒါက နေရာလွတ် တဗူးနည်းစနစ်တစ်ခုလား”
ဖုန့်တူက မျက်မှောင်ကြုတ်ပြီး ချက်ချင်းပင် တုံ့ပြန်လိုက်၏။
သို့သော်လည်း သူက တွေဝေရှုပ်ထွေးစွာဖြင့် အလျင်အမြန်ပြောလိုက်၏။
“ဒီလူက ဧကရာဇ်တစ်ပိုင်းတစ်ဦးပဲ… သူက မင်းရဲ့တိုက်ခိုက်မှုကို ရှောင်တိမ်းဖို့ တဗူးနည်းစနစ်တစ်ခုကို ဘယ်လိုလုပ် ထုတ်ဖော်နိုင်မှာလဲ”
ငရဲအရှင်၏ လက်ဝါးကို ယခုအချိန်ထိ မရုတ်သိမ်းရသေးဘဲ ကြယ်တာရာကောင်းကင်ထဲမှာ ရှိနေသေးပြီး အချိန်မရွေးထပ်မံတိုက်ခိုက်ဖို့ အဆင်သင့်ဖြစ်နေ၏။
ထိုစဉ်မှာပင် ငရဲအရှင်က သူ၏ လက်ဖဝါးမှ စူးရှသော နာကျင်မှုတစ်ခုကို ရုတ်တရက်ခံစားလိုက်ရသည်။
သူက သူ၏ လက်ကို အလိုလိုရုတ်ပြီး တုန်လှုပ်သွားရ၏။
ဆူဇီမိုက မသေသေးသည်ကို ယခုတင် သူက သတိထားမိခဲ့လျှင်တောင် များစွာဂရုမစိုက်ခဲ့ပေ။
သို့သော်လည်း သူ့လက်ဖဝါးမှ နာကျင်မှုက သူ့ကို တုန်လှုပ်သွားစေ၏။
စောစောက စွမ်းအားသည် သူ့ကို ထိခိုက်ဒဏ်ရာရရှိစေနိုင်ပြီး သူ့ကိုပင် ခြိမ်းခြောက်နိုင်သည်ဟု ဆိုလိုနေသည်။
ထို့နောက် ချက်ချင်းပင် လူတိုင်း၏ ရှေ့မှောက်မှာ စောစောက ဗလာကျင်းနေသော ကြယ်တာရာတိုက်ပွဲနယ်မြေတွင် ဆူဇီမို၏ ခန္ဓာကိုယ်က နောက်တစ်ဖန် ပြန်လည်ပေါ်ထွက်လာ၏။
ဗလာနယ်အခြေအနေကို သိပ်ကြာကြာထိန်းမထားနိုင်ပေ။
ထိုအခိုက်အတန့်မှာ သူ၏ နောက်ဘက်ရှိ ကောင်းကင်လိုဏ်ဂူငါးခုက ပျက်ပြယ်ကာ ပျောက်ကွယ်သွားခဲ့ပြီဖြစ်သည်။
ထိုနေရာမှာ မိုးနှင့်မြေ၊ ယင်နှင့်ယန်၊ ဒြပ်စင်ငါးမျိုး၊ လေ၊ မိုး၊ လျှပ်စီး၊ သေခြင်းနှင့် ရှင်ခြင်း…. စသည်တို့ ပါဝင်နေပုံရသော လောကတစ်ခုရှိနေသည်။
ဤလောကက အရာရာတိုင်းကို ခြုံငုံထားသည်ဟု ထင်ရသည်။
လူတိုင်းက အာရုံစိုက်၍ ကြည့်ရှုလိုက်သောအခါ အထဲမှာရှိသော အရာရာတိုင်းက နောက်တစ်ဖန် ပျောက်ကွယ်သွားပြီး ဝေဝေဝါးဝါး မီးခိုးရောင်မြူခိုးများက အစားထိုးလာ၏။
ကောင်းကင်ထက်သို့ တရိပ်ရိပ်ထိုးတက်သွားပြီး အလင်းရောင်နှင့်အတူ ယိမ်းနွဲ့နေသော ကျောက်စိမ်းရောင်ကြာပင်တစ်ပင်ကို ခပ်ရေးရေး တွေ့မြင်လိုက်ရသည်။
“ဒါ… ဒါက… အထီးကျန်သိုင်းသခင်က လောကတစ်ခုကို စုဖွဲ့လိုက်တာလား”
“ဇီမိုက ဧကရာဇ်နယ်ပယ်ကို တက်လှမ်းသွားပြီ”
သံသဖူဆောင်းအဘိုးအိုနှင့် အခြားသူများက ထိုသည်ကို တွေ့မြင်သောအခါ သူတို့က နောက်ဆုံးမှာ တုံ့ပြန်လာပြီး ဝမ်းသာအားရဖြစ်သွားကြ၏။
“ငါသိပြီ”
အင်မော်တယ်ဧကရီလင်းလုံက နားလည်သဘောပေါက်သွားပြီး ခပ်တိုးတိုးရေရွတ်လိုက်၏။
“ဇီမိုက စောစောတုန်းက သူရဲ့ကောင်းကင်လိုဏ်ဂူငါးခုကို ဖျက်ဆီးဖို့ ငရဲအရှင်ကို အသုံးချခဲ့တာပဲ… အဲဒါမှ သူက သူတို့တွေကို လောကတစ်ခုအဖြစ် စုဖွဲ့နိုင်မှာပဲ”
“စောစောတုန်းက ဇီမိုက မဟာဧကရာဇ်အနန္တနဲ့ အဝီစိအကြောင်း ပြောဆိုခဲ့တယ်ဆိုတာ သူက ငရဲအရှင်ကို တမင်သက်သက် ရန်စပြီး သူ့ကို အစွမ်းကုန်တိုက်ခိုက်စေချင်လို့ပဲ။”