← Chapters

ဒါက တကယ်ပဲ ငါတို့ရဲ့မင်္ဂလာပွဲလား

Vol. 39 Ch. 571

ဒါက တကယ်ပဲ ငါတို့ရဲ့မင်္ဂလာပွဲလား

Vol. 39 Ch. 571

"ပြီးတော့ ဒီဝတ်စုံလည်း ရှိပါသေးတယ်။ သိပ်တော့ဈေးမကြီးပေမဲ့ မစ္စတာဂျော့ချ်အာမန်နီရဲ့ ဆက်ခံသူကိုယ်တိုင် ချုပ်ထားတာပါ။ တန်ဖိုးကတော့ အမေရိကန်ဒေါ်လာသန်းဂဏန်းက စပါတယ်"

"ဒါက တကယ်ကြီး ငါတို့မင်္ဂလာပွဲလား"

ယဲ့ဝေက ခေါင်းစောင်းငဲ့လျက် ကျူးရှောင်ယွီကို မေးလိုက်သည်။

အရာအားလုံးက အိပ်မက်ဆန်လွန်းလှသည်။ ဆန်းကြယ်လွန်းလှသောကြောင့် ဤမျှခမ်းနားလှသော အရာမျိုးကို သူတို့၏အိပ်မက်ထဲမှာတောင် ထည့်မမက်ရဲပေ။

"မင်းတို့နှစ်ယောက် မိတ်ကပ်ကနေ အရင်စကြရအောင်။ ဒီနေ့လယ် မင်္ဂလာပွဲမတိုင်ခင် အပြီးပြင်ရဆင်ရမှာ လွယ်မှာမဟုတ်ဘူး"

ရှာရီယယ်က ပြုံးလျက် ပြောလာလေသည်။

"ဒီမင်္ဂလာဝတ်စုံတစ်ခုတည်းနဲ့တင် နှစ်နာရီလောက် အချိန်ယူပြီး ဝတ်ရမှာ။ မိတ်ကပ်ကလည်း ပြင်ရဦးမယ်။ အဝတ်အစားလည်း ဆင်ပေးရဦးမယ်"

ယဲ့ဝေ၏ဆွေမျိုးများနှင့် သူုငယ်ချင်းများမှာ လေးစားနေသော အမူအရာများဖြင့် မနာလိုအားကျစွာ ကြည့်နေကြသည်။

ဝတ်ဖို့ အချိန်နှစ်နာရီတောင်ကြာတဲ့ မင်္ဂလာဝတ်စုံတဲ့လား?

ဤအဝတ်အစားများမှာ ဧကရာဇ်များနှင့် မင်းသမီးများ၏ နန်းဝတ်နန်းစားများထက်ပင် ပိုခမ်းနားနေပြီမဟုတ်လား။ ထိုကဲ့သို့သော ဝတ်စုံမျိုးကိုသာ သူတို့ ဝတ်ခွင့်ရလျှင် သေပျော်လေပြီ။

"သွားလေ"

ကျူးရှောင်ယွီက ယဲ့ဝေ၏ပခုံးကို ပုတ်လိုက်၏။

"ဒီနေ့ မင်းက အလှဆုံးသတို့သမီး ဖြစ်ရတော့မှာ"

ကျူးရှောင်ယွီလည်း ယခုမှတော့ သတိကြီးကြီးထားမနေတော့ပေ။ ထူးခြားဆန်းကြယ်လှသော ဤသူငယ်ချင်းက ပိုက်ဆံပြတ်လပ်နေသူတစ်ယောက် မဟုတ်သည်မှာ သိသာလှ၏။ သူ့လုပ်ရပ်၏နောက်ကွယ်၌ အကြံအစည်တစ်ခုခုရှိခဲ့သည်ဆိုလျှင်ပင် သူ့ဆီက ဘာလိုချင်စရာရှိနိုင်မည်နည်း။ ဆင်းရဲသားတစ်ဖြစ်လဲ ဒုက္ခိတတစ်ယောက်ဆီက ဘာများလိုချင်စရာရှိမည်နည်း။

စစ်မြေပြင်မှ လောလောလတ်လတ်ပြန်လာသူတစ်ယောက်ဖြစ်သည့်အတွက် သူသည် ဒဏ်ရာများနှင့် အသားကျနေချေပြီ။ အဆုတ်၊ အစာအိမ်နှင့် ကျောက်ကပ်တို့လည်း ကျည်မှန်ခံခဲ့ရဖူးသည်။ အတွင်းအင်္ဂါရောင်းဖို့ဆိုလျှင်လည်း သူ့ကို ထည့်တွက်၍ မရနိုင်ချေ။

ထို့ပြင် ဤမျှပိုက်ဆံပေါနေပါက အသက်များကိုပင် ဝယ်နိုင်လေသည်။ သူတို့မဝယ်နိုင်သည့် ကိုယ်တွင်းကလီစာဟူ၍ ရှိဦးမည်လား။

သို့ဖြစ်လေရာ တစ်ဖက်လူထံတွင် ဘာအကြံအစည်မှ မရှိလောက်ကြောင်း သူ သေချာလုနီးပါးဖြစ်သွားသည်။ တစ်ဖက်လူက သူ့အတွက် အသက်ကိုပင် စတေးနိုင်လောက်သည့် သူငယ်ချင်းတစ်ယောက် ဖြစ်ရပေမည်။ သို့မဟုတ်ပါက ဤမျှချမ်းသာနေသည့် လူတစ်ယောက်က သူ့ကို ကူညီပေးမည်တဲ့လဲ။

"ကျန်းမုန့်လောင်လား"

ကျူးရှောင်ယွီ ထိုသို့တွေးလိုက်မိသည်။ သူ့ရဲဘော်များကလွဲလျှင် သူ့အချစ်ဆုံးသူငယ်ချင်းက သူတစ်ယောက်သာရှိ၏။

သို့သော် ကျူးရှောင်ယွီနှင့် ကျန်းမုန့်လောင်က အတူကြီးပြင်းလာခဲ့ကြခြင်းပင်။ သူတို့ရပ်ကွက်ကလည်း တစ်လမ်းသာခြားပြီး သူတို့၏မိဘများကလည်း အချင်းချင်းရင်းနှီးပေသည်။ ကျန်းမုန့်လောင်တို့အိမ်က သူ့အိမ်နှင့် အလွန်ရင်းနှီး၏။

ကျန်းမုန့်လောင်တို့မိသားစု၏ စီးပွားရေးအခြေအနေက သူ့ထက် အနည်းငယ်သာရုံမျှသာ။ သူသာ တကယ်ချမ်းသာသွားသည်ဆိုပါက သူ့ကြိုးစားမှုကြောင့်သာ ဖြစ်ပေလိမ့်မည်။

သို့သော် ကျန်းမုန့်လောင်က ယခုမှ ဘွဲ့ရခါစရှိသေးသည်။ တက္ကသိုလ်တက်နေစဉ်ကတည်းက လုပ်ငန်းစတင်ခဲ့သည်ဆိုလျှင်ပင် ဒေါ်လာဘီလီယံမျှရှိသော စည်းစိမ်များကို ပိုင်ဆိုင်နိုင်မည်တဲ့လား။

မဖြစ်နိုင်ပေ။ ဤလုပ်ရပ်များမှာ တစ်ဘီလီယံပိုင်ဆိုင်မှုရှိရုံမျှဖြင့် လုပ်ပေးနိုင်သောအရာများ မဟုတ်ချေ။

ယခုအချိန်အထိ သုံးစွဲထားသည့်ပမာဏမှာ ဘီလီယံပေါင်းများစွာရှိ၏။ ၎င်းကို အမေရိကန်ဒေါ်လာနှင့်ပင် တွက်ရလိမ့်မည်။ ထို့ကြောင့် ဤလူ၏ပိုင်ဆိုင်မှုက ထိုပမာဏထက် အဆပေါင်းတစ်ထောင်လောက် ပိုများပေလိမ့်မည်။

ထိုကဲ့သို့သောလူတစ်ယောက်က Forbesစာရင်းထဲမှာသာ ရှိပေလိမ့်မည်။

သူက ထိုကဲ့သို့သောအရာများကို အာရုံလည်းမစိုက်သလို အာရုံစိုက်နိုင်သော အင်အားလည်း မရှိပေ။ ကျန်းမုန့်လောင်က Forbesစာရင်းထဲသို့ ဝင်နိုင်သည်အထိ အင်အားကြီးသွားပြီလား။ သူက ကိုင်ဘွန်သရုပ်ဆောင်စာရင်းများထဲသို့ ရောက်နေနိုင်ခြေပိုများလေသည်။

သူမဟုတ်ပါက မည်သူဖြစ်နိုင်မည်နည်း။

ကျူးရှောင်ယွီလည်း ဖုန်းထုတ်၍ ကျန်းမုန့်လောင်ကို ချက်ချင်းဖုန်းခေါ်လိုက်သည်။ ကျန်းမုန့်လောင်က ဘွဲ့ရပြီးခါစတုန်းက သုံးခဲ့သော ဖုန်းနံပါတ်ကို သုံးနေဆဲပင်။

"မုန့်လောင်.. မင်းဘယ်မှာလဲ။ ဘယ်အချိန်ရောက်မှာလဲ"

"ငါလာနေပြီ။ တစ်နာရီနှစ်နာရီလောက်ပဲ လိုတော့တာ။ မင်းရဲ့မင်္ဂလာပွဲမစခင် သေချာပေါက်ရောက်မှာပါ"

ကျန်းမုန့်လောင်က တည်ငြိမ်စွာပြန်ဖြေလိုက်၏။

"ကောင်းပြီလေ။ ငါ မင်းကိုစောင့်နေမယ်"

"ငါ အတွေးလွန်နေတာပဲ ဖြစ်မှာပါ"

ကျူးရှောင်ယွီ ဖုန်းချလိုက်သည်။ ကျန်းမုန့်လောင်၏တုံ့ပြန်မှုက အလွန်သာမန်ဆန်လှချေသည်။ ကျူးရှောင်ယွီ သူ့အကြောင်း နားလည်ထားသလောက်ဆိုလျှင် ကျန်းမုန့်လောင် ချမ်းသာလာသဖြင့် ယခုလိုခမ်းနားလှသော မင်္ဂလာပွဲတစ်ခုဖြစ်မြောက်လာအောင် သူ့ကိုကူညီပေးခဲ့သည်ဆိုပါက ဖုန်းထဲကတစ်ဆင့် ကြွားနေလိမ့်မည်သာ။

...

ကမ္ဘာကျော်မိတ်ကပ်ပညာရှင်ဟူသော ဂုဏ်သတင်းအတိုင်း ရှာရီယယ်က သူတို့ကို ခပ်မြန်မြန်ပင် ပြင်ဆင်ပေးသည်။

ကျူးရှောင်ယွီက ခံ့ညားပြီး ရွှင်ပျသူတစ်ယောက်ဖြစ်ပြီး စစ်သားတစ်ယောက်၏ ထူးခြားသော အရှိန်အဝါကိုပါ ပေါင်းထည့်လိုက်လေရာ ယောကျ်ားပီသမှု၏ပြယုဂ်အဖြစ် ဖော်ညွှန်းနေချေသည်။

ဤဝတ်စုံကိုလည်း အသေးစိတ်ဖန်တီးထားသည်။ အစတုန်းက ဤသည်မှာ အပြီးသတ်ထုတ်လုပ်ထားသော ထုတ်ကုန်တစ်ခုဖြစ်သော်ငြား ကျူးရှောင်ယွီက စစ်သားတစ်ယောက်၊ ရဲအရာရှိတစ်ယောက်ဖြစ်သောကြောင့် ကျန်းမုန့်လောင်က ဒီဇိုင်နာများကို တစ်ညလုံးအချိန်ပိုဆင်းစေပြီး စစ်ဝတ်စုံတွင်ပါဝင်သော အဆင်တန်ဆာများကို ဖြည့်စွက်ရင်း ပြန်ပြင်ဆင်ခိုင်းခဲ့သည်။

ပခုံးပေါ်ရှိ ရွှေချည်ပန်းဖွားများ၊ ရင်ဘတ်ပေါ်ရှိ တံဆိပ်တို့က သူ့ဂုဏ်သရေများကို ထင်ဟပ်စေသည်။

"ကျွီ"

အခြားအခန်းထဲရှိ တံခါးမှာ ပွင့်လာပြီးနောက် အဖြူရောင်ဝတ်စုံနှင့် နတ်သမီးလေးတစ်ပါး ထွက်လာလေသည်။

ယဲ့ဝေ၏ရုပ်ရည်က သာမန်ထက် အနည်းငယ်မျှသာ ပိုချောသည်ဟု သတ်မှတ်၍ရနိုင်သော်ငြား ကမ္ဘာပေါ်တွင် ရုပ်ဆိုးသော မိန်းမရယ်ဟု မရှိဘဲ ပျင်းသောမိန်းမသာရှိသည်ဟုလည်း အဆိုရှိထားသည်။ နတ်ဆိုးအနုပညာဟု တင်စားနိုင်သော မိတ်ကပ်စွမ်းရည်ကိုပင် ဟွာရှားနိုင်ငံရှိ မိတ်ကပ်ပညာရှင်များက အကောင်းဆုံးကိုင်တွယ်နိုင်ခဲ့ကြသေးသည်။

သို့ဖြစ်လေရာ ရှာရီယယ်ကဲ့သို့ နိုင်ငံတော်အဆင့် ကျွမ်းကျင်ပညာရှင်တစ်ယောက်က သူတို့ထက် အားနည်နိုင်မည်တဲ့လား။

လက်ရာမြောက်လှသော မိတ်ကပ်က ယဲ့ဝေကို နတ်သက်ကြွေလာသော နတ်သမီးတစ်ပါးနှယ် ပြောင်းလဲပေးလိုက်လေသည်။ သန်းတစ်ရာကျော်ပေးရသော မင်္ဂလာဝတ်စုံက သူ(မ)၏အရှိန်အဝါကို ပိုမြင့်မားသွားစေသည်။

"မင်းတို့နှစ်ယောက် ဒီနေ့ဖန်တီးထားတဲ့ ဒီဇိုင်းကို ကျေနပ်ရဲ့လား"

သူတို့မျက်ဝန်းထဲရှိ အံ့အားသင့်နေဟန် အမူအရာနှင့် ဘေးနားရှိ ဆွေမျိုးများ၏ ပါးစပ်အဟောင်းသားဖြစ်နေသော အသွင်အပြင်ကို မြင်ရသောအခါ ရှာရီယယ်လည်း သူ အောင်မြင်လိုက်ပြီဖြစ်ကြောင်း သိလိုက်သည်။

...

မင်္ဂလာပွဲက စီစဉ်ထားသည့်အတိုင်း စတင်နေလေပြီ။ သတို့သားဖြစ်သူမှာ ခန်းမထဲတွင် ဧည့်သည်များကို ဧည့်ခံရမည်သာ။ ယဲ့ဝေက သူ(မ)၏မိသားစုနှင့် အတူရှိနေသည်ဖြစ်ရာ သူ့အနေနှင့် စိုးရိမ်စရာမလိုဘဲ လူတိုင်းကို နှုတ်ဆက်ပြီးနောက် အောက်ထပ်သို့ ဆင်းလာခဲ့လိုက်သည်။

သူ ခန်းမထဲသို့ ဝင်လိုက်သည်နှင့် နူးညံ့ပြီး ကဗျာဆန်လှသော စန္ဒရားသံတစ်သံ စတင်ထွက်ပေါ်လာသည်။

"ဒီဧည့်ခံပွဲရဲ့ ဂီတအရည်အသွေးက မဆိုးဘူးပဲ"

ကျူးရှောင်ယွီ ခန်းမထဲသို့ ဝင်လာခဲ့လိုက်သော်ငြား အထဲရှိ မြင်ကွင်းမှာ သူထင်ထားသလို ရှုပ်ထွေးနေခြင်းမျိုးမဟုတ်ပါဘဲ တိတ်ဆိတ်ငြိမ်သက်နေလေသည်။

အာကျယ်အာကျယ်လုပ်နေတတ်သော သူ့ဆွေမျိုးများအပါအဝင် ဧည့်သည်များအားလုံးမှာ ကိုယ့်နေရာမှာကိုယ်ထိုင်နေကြသည်။

"ဘာတွေဖြစ်နေတာလဲ"

ကျူးရှောင်ယွီလည်း ပတ်ပတ်လည်ကို ကြည့်လိုက်လေရာ ခန်းမ၏အစွန်အားရှိ ခရစ္စတယ်စန္ဒရားတစ်ခုကို မြင်လိုက်ရ၏။

ဤစန္ဒရားကား ခရစ္စတယ်အခွံဖြင့် ပြုလုပ်ထားသော စန္ဒရားတစ်ခုဖြစ်သောကြောင့် အတွင်းအစိတ်အပိုင်းများအားလုံးမှာ ပြတ်ပြတ်သားသား မြင်နေရသည်။ နောက်ကွဲကုတ်အင်္ကျီရှည်ကို ဝတ်ဆင်ထားသည့် ဝဖိုင့်ဖိုင့်အမျိုးသားတစ်ယောက်က ထိုစန္ဒရားကို တီးခတ်နေပေသည်။ သူ့အမူအရာက အလွန်အာရုံဝင်စားနေသဖြင့် ချဲ့ကားနေသလိုပင် ထင်ရသော်ငြား သူ့လက်ချောင်းများမှာ စန္ဒရားခလုတ်ပေါ်တွင် တက်ကြွလှသော မှင်စာလေးများအလား ကခုန်နေချေသည်။

"အဲဒါက လန်လန်လား"

ကျူးရှောင်ယွီလည်း ပရိုဂျက်တာမှတစ်ဆင့် ထိုစန္ဒရားပညာရှင်၏မျက်နှာကို မြင်လိုက်ရသည်။

ဤလူက သူ့မင်္ဂလာပွဲအတွက် ဖျော်ဖြေပေးနေတာလား။ လူတိုင်းတိတ်ဆိတ်နေတာ မအံ့ဩတော့ပါချေ။ ယခုလိုဖျော်ဖြေမှုမျိုးကို လန်လန်၏ဖျော်ဖြေပွဲမှာသာ မြင်တွေ့နိုင်သည်။

"ရှောင်ယွီ ဘာတွေငေးနေတာလဲ။ ဧည့်သည်တွေကို သွားနှုတ်ဆက်ဦးလေ။ ဆွေမျိုးတွေတော်တော်များများ ရောက်နေပြီ။ မင်းသူငယ်ချင်းတွေလည်း မကြာခင်ရောက်လာတော့မှာ။ ငါတို့ မယဉ်မကျေးလုပ်လို့မဖြစ်ဘူး"

ကျူးရှောင်ယွီ၏အမေက သူ့အား တံခါးနားသို့ အမြန်ဆွဲခေါ်သွားသည်။

"အာ တစ်ဆိတ်လောက်ပါ"

"ဟားဟားဟား မတွေ့ရတာကြာပြီနော်။ ငါတို့ ဘွဲ့ရပြီးကတည်းက မတွေ့ဖြစ်ကြတော့တာပဲ။ ဟုတ်တယ်မလား"

"မင်းက အရမ်းသဘောကောင်းလွန်းနေပါပြီ"

ကျူးရှောင်ယွီက သူ့အတန်းဖော်ဟောင်းများနှင့် သူငယ်ချင်းများကို တစ်ယောက်ပြီးတစ်ယောက် နှုတ်ဆက်လိုက်၏။ သူတို့ မတွေ့ဖြစ်သည်မှာ နှစ်ပေါင်းများစွာ ကြာလေပြီ။ သူသည် လူမှုအသိုင်းအဝိုင်းထဲမှ လေးနှစ်တိတိ ပျောက်ကွယ်သွားခဲ့သည်။ သို့ဖြစ်လေရာ ဤသူငယ်ချင်းများ ရောက်လာသည်ကို မြင်သောအခါ အလွန်အံ့ဩပြီး ကျေးဇူးလည်းတင်မိသည်။

"ဟင်.. နိုင်ငံခြားသားတွေက ဘာလို့ရောက်လာတာလဲ"

ကျူးရှောင်ယွီလည်း တုန်လှုပ်သွားရသည်။ သူသိသည့် နိုင်ငံခြားသားများဟူ၍ နိုင်ငံတကာမူးယစ်ကုန်သည်များသာ ရှိ၏။

"တစ်ဆိတ်လောက်ပါ ဆရာ.. ခင်ဗျား နေရာမှားပြီး လာခဲ့တာများလား"

ကျူးရှောင်ယွီက မေးလိုက်၏။

"ဒါက မစ္စတာကျူးရှောင်ယွီရဲ့မင်္ဂလာပွဲလား"

"ဟုတ်ပါတယ်။ ကျွန်တော်ပါပဲ"

"ဒါဆို နေရာမှန်ပါတယ်"

ထိုနိုင်ငံခြားသားက ပြုံးလိုက်လေသည်။

"ကျွန်တော့်နာမည်က တွမ်ခရုစ်ပါ။ ခင်ဗျားရဲ့မင်္ဂလာပွဲကို တက်ရောက်ဖို့ ဖိတ်ကြားခံရတဲ့အတွက် ဂုဏ်ယူမိပါတယ်"

"တွမ်ခရုစ်"

ကျူးရှောင်ယွီခမျာ အလွန်ရင်းနှီးနေသော ဤနာမည်ကို ဦးနှောက်ခြောက်မတတ် ဖျစ်ညှစ်စဉ်းစားလိုက်သော်ငြား လုံးဝမမှတ်မိပေ။

"တွမ်ခရုစ်! ခင်ဗျားက တွမ်ခရုစ်မလား!?"

ကျူးရှောင်ယွီ ဘာမှမတုံ့ပြန်နိုင်ခင်မှာပင် သတိုသားအရံက အနောက်မှ အော်ဟစ်လေတော့သည်။

"ဟုတ်ပါတယ်။ ကျွန်တော်ပါ"

တွမ်ခရုစ်က ရုပ်ရှင်တစ်ကားကို ပရိုမိုးရှင်းဆင်းရန်အတွက် ဤရက်ပိုင်းအတွင်း ဟွာရှားနိုင်ငံသို့ ရောက်နေခဲ့သည်။ ယနေ့ ပြန်ဖို့ စီစဉ်ထားသော်ငြား မနေ့တုန်းက ငြင်းဆန်၍မရနိုင်သော လူတစ်ယောက်ဆီမှ ဖိတ်စာတစ်စောင် ရောက်လာခဲ့သည်။

"အမလေး! ကျွန်တော့်ကို လက်မှတ်လေးထိုးပေးလို့ရမလား"

"ရတာပေါ့"

တွမ်ခရုစ်က ရယ်မောလိုက်၏။

"ဒါပေမဲ့ ဒီနေ့ရဲ့ဇာတ်လိုက်က ကျွန်တော်တို့ရဲ့သတို့သားကြီးလေ။ ဒီအကြောင်းကို အထဲရောက်မှ ပြောကြတာပေါ့"

"ဟားဟား.. ခင်ဗျားလို သူငယ်ချင်းတစ်ယောက် ရှိနေမှတော့ ရိုးရာအတိုင်း စာအိတ်နီပေးတာက ပိုပိုလျှံလျံဖြစ်သင့်တာပေါ့"

တွမ်ခရုစ်က ဘူးတစ်ဘူးကို ကမ်းပေးလိုက်၏။

"မစ္စတာကျူးကို အိမ်ထောင်ရေးသာယာပါစေလို့ ဆုတောင်းပေးတဲ့အနေနဲ့ပေးတဲ့ လက်ဆောင်သေးသေးလေးတစ်ခုပါ

"ကျေးဇူးပြုပြီး ဝင်ပါဦး"

ကျူးရှောင်ယွီက ထိုရုပ်ရှင်မင်းသားကို မင်္ဂလာဧည့်ခံပွဲခန်းမထဲသို့ ဖိတ်ခေါ်လိုက်လေသည်။

"အဲဒါက ဘာလဲလို့ ကြည့်ကြည့်ရအောင်"

သတို့သားအရံများက စူးစမ်းလိုစိတ်ဖြင့် ဝိုင်းအုံလာကြသည်။

"ဒီလိုလုပ်တာ မသင့်တော်ဘူးမလား"

"ဘာမသင့်တော်စရာရှိလဲ။ နိုင်ငံခြားထုံးစံက ငါတို့နဲ့မတူဘူး။ သူတို့ပေးတဲ့လက်ဆောင်ကို ပေါ်တင်ဖွင့်ဖောက်ပြီး မင်းပျော်သွားတာမြင်ရင် သူတို့က ပိုတောင်ကျေနပ်သေးတယ်"

မသေချာမရေရာဖြစ်နေသေးသော ကျူးရှောင်ယွီက ထိုပါဆယ်ထုပ်ကို ဖွင့်ကြည့်လိုက်သောအခါ ရွှေစင်ရုပ်တုတစ်ခုကို တွေ့လိုက်ရ၏။ ဤသည်မှာ တွမ်ခရုစ်၏ ပထမဆုံးအော်စကာဆုကြီးပင်။ ဤမျှတန်ဖိုးကြီးပြီး အဓိပ္ပာယ်ရှိလှသော ပစ္စည်းမျိုးကို ကျူးရှောင်ယွီအား လက်ဆောင်အဖြစ် ပေးသတဲ့လား။

"ဒါက…"

ကျူးရှောင်ယွီခမျာ သူ့အနားရှိ သတို့သားအရံများကို ကြည့်လိုက်မိတော့သည်။

"ဒါက တကယ်ကြီး ငါ့မင်္ဂလာပွဲရောဟုတ်ရဲ့လား"

*****************

All Chapters