သူတို့က ကိုယ့်သေတွင်းကိုယ်တူးနေတာပဲ
Vol. 39 Ch. 573
ထိုနေ့တုန်းက သုန်းကျီမြို့ထဲတွင် ပင်မသတင်းနှစ်ပုဒ် ပေါ်ထွက်လာခဲ့သည်။
ပထမသတင်းမှာ ကမ္ဘာအချမ်းသာဆုံးလူ ကျန်းမုန့်လောင်က သာမန်လူမှုဝန်ထမ်းတစ်ယောက်၏ မင်္ဂလာပွဲကို တက်ရောက်ခဲ့သည်ဟုပင်။
ဒုတိယသတင်းကား ဤဒုက္ခိတပြည်သူ့ဝန်ထမ်း၏ ခြေထောက်က အံ့ဖွယ်ကောင်းလောက်အောင်ပင် ပြန်ကောင်းသွားခဲ့သည်ဟုပင်။
ပထမသတင်းမှာ လက်ခံနိုင်ဖွယ်ရာ ရှိသောငြား ဒုတိယသတင်းမှာမူ လုံးဝယုတ္တိမရှိချေ။
ဆေးပညာသိပ္ပံက အရှုပ်ထွေးဆုံးရောဂါများကိုပင် ကုသနိုင်သည်အထိ တိုးတက်လာလေပြီ။ သို့သော် လက်ရှိအချိန်အထိ ခြေလက်အင်္ဂါများ ပြန်ပေါက်လာစေသည့် နည်းပညာမျိုးကို မည်သူမှ မတီထွင်နိုင်သေးပေ။
ကျန်းမုန့်လောင်က ထိုနေရာတွင် ရှိနေသောကြောင့် လူတော်တော်များများက ဤဖြစ်ရပ်ကို သူနှင့် ဆက်စပ်မိသွားကြသည်။
ကျန်းမုန့်လောင်က သင်္ချာ၊ ရူပဗေဒနှင့် ဉာဏ်ရည်တုပညာရပ်များတွင် ပါရမီရှင်တစ်ယောက်ဖြစ်ကြောင်း လူတိုင်း သိထားကြသည်။ အကယ်၍ သူသာ ခြေလက်များကို ပြန်လည်ဖွံ့ဖြိုးနိုင်သည့် ဆေးတစ်မျိုးကို တီထွင်နိုင်သည်ဆိုပါက သိပ်တော့လည်း အံ့ဩစရာမရှိပေ။
သို့တိုင် ဤသတင်းသာ မှန်ကန်ပါက ကမ္ဘာတစ်ဝှမ်းကို အကြီးအကျယ်ပွက်လောရိုက်သွားစေလိမ့်မည်။
ကမ္ဘာတစ်ဝှမ်းတွင် မတော်တဆမှုနှင့် အခြားအကြောင်းအရင်းများကြောင့် ဒုက္ခိတဖြစ်နေရသောလူများ ဘယ်နှယောက်လောက် ရှိလေသလဲ။ လူတော်တော်များများမှာ အသက်ဆက်နိုင်ရန်အတွက် ကိုယ်လက်အင်္ဂါများကို ဖြတ်တောက်ခဲ့ရလေရာ ကျူးရှောင်ယွီထက်ပင် အဖြစ်ဆိုးလှပေသည်။
သူတို့၏အိပ်မက်မှာ ဝှီးချဲလ်ထံမှ လွတ်မြောက်ပြီး "မသန်စွမ်း"ဟူသော တံဆိပ်ကို ဖြုတ်နိုင်ရန်ပင်။ ဤသတင်းက သူတို့အား မျှော်လင့်ချက်ရောင်ခြည်လေးတစ်စ ပေးစွမ်းနိုင်ခဲ့သည်။
"မစ္စတာကျန်း ခင်ဗျားသူငယ်ချင်းရဲ့ခြေထောက်ကို ကုသပေးခဲ့တာ ခင်ဗျားလား"
"မစ္စတာကျန်း ခင်ဗျားက ဒီကမ္ဘာရဲ့ပြိုင်ဘက်ကင်းနတ်ဘုရားတစ်ပါးများလား"
"မစ္စတာကျန်း ဒီဆေးကို ဘယ်အချိန်လောက် တရားဝင်အသုံးချနိုင်မှာလဲ"
ထိုနေ့တုန်းက ကျန်းမုန့်လောင်၏ဝေးပေါ်တွင် သိန်းပေါင်းများစွာသော မက်ဆေ့ချ်များဖြင့် ပြည့်နှက်သွားသည်။ မီဒီယာတော်တော်များကလည်း သူ့ကိုဆက်သွယ်ရန် နည်းလမ်းအမျိုးမျိုးဖြင့် ကြိုးစားခဲ့ကြသည်။ သို့သော် ဉာဏ်ရည်တုနည်းပညာ၏ အကူအညီကြောင့် အနှောင့်အယှက်ပေးထားသော မက်ဆေ့ချ်တော်တော်များများမှာ ပိတ်ဆို့ခံခဲ့ရသည်။
သို့သော် ဤကိစ္စမှာ အလွန်သတင်းကြီးလှချေသည်။ အထက်လူကြီးများအထိ သတင်းရောက်သွားခဲ့လေရာ လူတိုင်းလည်း ဤနည်းပညာက အမှန်တကယ်ရှိကြောင်း သိလိုက်ရ၏။
"မုန့်လောင်.. ငါပါ"
အခြားရွေးချယ်စရာမရှိသည့်အဆုံး ကျန်းမုန့်လောင်လည်း လောင်ကျိုး၏ဖုန်းကို ကိုင်လိုက်ရသည်။
"လောင်ကျိုး.. ခင်ဗျားဖုန်းခေါ်မယ်ဆိုတာ သိနေတယ်လေ"
ကျန်းမုန့်လောင်က မဲ့တဲ့တဲ့ပြုံးလိုက်ချေသည်။ ကျူးရှောင်ယွီ၏ကိစ္စက နာမည်ကြီးသွားပြီးနောက် အများပြည်သူ၏တုံ့ပြန်မှုက မည်သို့ဖြစ်လေမလဲဆိုသည်ကို သူ သေချာပေါက်သိထားသည်။ သူ့တွင် ထိုအကြောင်းအရာကို ဖုံးကွယ်ဖို့ စိတ်ကူးမရှိသလို ငြင်းဆိုရန်လည်း အစီအစဉ်မရှိပေ။
အင်တာနက်အသုံးပြုသူများက ငတုံးများမဟုတ်ကြပေ။ နောက်ကွယ်ရှိ သဘောတရားမှာ ကောက်ချက်ချရန် လွယ်ကူလှချေသည်။
"ဒါဆို ငါ မင်းကို ဘာမေးမလဲဆိုတာကိုရော သိမှာပဲ"
ထက်မြက်သူနှစ်ဦးကြားရှိ စကားဝိုင်းကား သက်သောင့်သက်သာပင်။
"ဟုတ်တယ်။ ကျွန်တော့်သူငယ်ချင်းရဲ့ခြေထောက်ကို ကျွန်တော် ကုပေးခဲ့တာ"
ကျန်းမုန့်လောင်ကလည်း ပွင့်ပွင့်လင်းလင်းဝန်ခံလိုက်သည်။
"တော်လိုက်တဲ့ကောင်လေး"
လောင်ကျိုးမှာ သူ့ကို မချီးကျူးဘဲ မနေနိုင်ချေ။
"ငါကတော့ လုံးဝမအံ့ဩဘူး။ မင်းက ပစ်မှတ်ထားကင်ဆာကုထုံးကိုတောင် တီထွင်ခဲ့သေးတာပဲ။ ကိုယ်လက်အင်္ဂါပြန်လည်ဖွံ့ဖြိုးရေးလောက်ကတော့ ပုံမှန်ပါပဲ"
"ဒါက အမှန်တရားဟုတ်မဟုတ် မေးရုံလောက်ပဲတော့ မဟုတ်ဘူးမလား"
"ဟားဟားဟား"
လောင်ကျိုးလည်း အားရပါးရအော်ရယ်လိုက်မိတော့သည်။
"အဲဒီအကြောင်းကို မေးမလို့ပါကွာ"
"သဘောတရားကတော့ ရိုးရိုးလေးပါ"
ကျန်းမုန့်လောင်က ဆို၏။
"ကမ္ဘာပေါ်မှာ သတ္တဝါတော်တော်များများက ခြေလက်တွေကို ပြန်လည်ဖွံ့ဖြိုးနိုင်စွမ်းရှိကြတယ်။ ဥပမာ ပြည်ကြီးငါးတို့၊ တောက်တဲ့တို့၊ တီကောင်တို့လိုမျိုးပေါ့။ သူတို့ကို တစ်ဝက်ပိုင်းပစ်လိုက်ရင်တောင် သက်ရှိနှစ်ကောင်အဖြစ် ပြောင်းလဲသွားတယ်လေ။ ကျွန်တော်က သူတို့ရဲ့ခန္ဓာကိုယ်ထဲက အဲဒီမျိုးရိုးဗီဇတစ်စိတ်တစ်ပိုင်းကို ထုတ်ယူပြီး အဆင့်မြှင့်တင်ပြီးတော့ လူသားခန္ဓာကိုယ်ထဲကို ပေါင်းစပ်လိုက်တာ"
"မင်းက မျိုးရိုးဗီဇအင်ဂျင်နီယာပညာရပ်အကြောင်း ပြောနေတာလား"
"အဲဒီလိုပြောလို့ရပါတယ်"
ကျန်းမုန့်လောင်က ဆို၏။
ကျူးရှောင်ယွီ၏ မင်္ဂလာပွဲကို သူ ခပ်စောစောသွားနိုင်ခဲ့ပါသော်ငြား ထိုဆေးဝါးကို ပြင်ဆင်နေရသဖြင့် နောက်ကျသွားခဲ့ခြင်းပင်။
ဤဆေးဝါးက အလွန်အဆင့်မြင့်လှသော နည်းပညာကို ကိုယ်စားပြုနေပြီး "မျိုးရိုးဗီဇပေါင်းစည်းခြင်း"ဟုခေါ်သော အရာတစ်ခုလည်း ပါဝင်ပေသည်။
သက်ရှိတိုင်း၏ မျိုးရိုးဗီဇတည်ဆောက်မှုက အလွန်ကွဲပြားလှသောကြောင့် အခြားသတ္တဝါများ၏ မျိုးရိုးဗီဇကို လူသားခန္ဓာကိုယ်ထဲသို့ အတင်းပေါင်းစပ်လိုက်ပါက အကြီးအကျယ်မတည်မငြိမ်ဖြစ်သွားစေလိမ့်မည်။
ဤနည်းပညာက သတ်မှတ်ထားသော မျိုးရိုးဗီဇတစ်စိတ်တစ်ပိုင်းကို လူသားမျိုးရိုးဗီဇထဲသို့ ယာယီပေါင်းထည့်ပေးပြီး ပေါင်းစည်းမှုကို ခဏမျှလုပ်ဆောင်စေပြီးနောက် ပျော်ဝင်၍ ပျောက်ကွယ်သွားချေသည်။
ကမ္ဘာမြေ၏ လက်ရှိနည်းပညာအရဆိုလျှင် ဤကဲ့သို့သော စွမ်းဆောင်မှုမျိုးကို ရရှိနိုင်ရန်အတွက် နှစ်ရာပေါင်းများစွာ ကြာနိုင်ပေသည်။
"လောင်ကျိုး.. အမှန်အတိုင်းပြောရရင် ကျွန်တော်က ခင်ဗျားကို မပေးချင်တာမဟုတ်ပါဘူး။ ဒါပေမဲ့ ဒီနေ့ခေတ်နည်းပညာနဲ့သာဆိုရင် ကျွန်တော့်ဘက်က ဒေတာတွေအကုန်ပေးလိုက်ရင်တောင်မှ ဆယ်နှစ် အနှစ်နှစ်ဆယ်အတွင်း အစုလိုက်အပြုံလိုက်ထုတ်လုပ်ဖို့ဆိုတာ မဖြစ်နိုင်ဘူး"
"အဲဒီလောက်တောင် ခက်တာလား"
လောင်ကျိုးခမျာ အတန်ငယ်စိတ်ပျက်သွားဟန်လေပင်။
တကယ်တမ်းတွင် သူ ယခုလိုလုပ်ရခြင်းမှာ သူ့မိတ်ဆွေတချို့အတွက်ဖြစ်သည်။
တည်ထောင်သူခေါင်းဆောင်တော်တော်များများက စစ်ပွဲအတွင်း ခန္ဓာကိုယ်အစိတ်အပိုင်းများ ဆုံးရှုံးခဲ့ရသည်။ သူတို့က ဘဝနေဝင်ချိန်နီးကပ်လာပြီဖြစ်သော်ငြား သူတို့ မသန်စွမ်းဖြစ်နေသည်ကို မြင်လိုက်ရတိုင်း လောင်ကျိုး အမြဲတမ်း စိတ်မကောင်းဖြစ်ရသည်။
"ဒါပေမဲ့ နမူနာနည်းနည်းလောက်လိုချင်တာဆိုရင်တော့ နည်းနည်းပေးနိုင်ပါတယ်"
ကျန်းမုန့်လောင်က ပြောလိုက်လေသည်။
"ဆယ်ပုလင်းဆိုရင် လောက်ရဲ့လား"
"လောက်တယ်။ လောက်တာပေါ့"
လောင်ကျိုးက သုံးပုလင်းလောက်သာ မျှော်လင့်ထားခြင်းဖြစ်၏။ သို့သော် ကျန်းမုန့်လောင်က ဤမျှအထိ ရက်ရောလိမ့်မည်ဟု သူ ထင်မထားပေ။
"ဒါဆို မနက်ဖြန်ကျမှ လူလွှတ်ပြီး ပို့ခိုင်းလိုက်ပါ့မယ်"
ကျန်းမုန့်လောင်က ဆို၏။
"ဟားဟားဟား ကောင်းတယ်။ မင်းအားရင် ယန်ကျင်းကို လာလည်ဦးလေကွာ"
လောင်ကျိုးက လောကွတ်ပြုလျက် ပြောလိုက်လေသည်။
...
"လောင်ကျိုးက တစ်ခုခုတော့တစ်ခုခုပဲ။ ဒီအသက်အရွယ်ပဲ ရောက်နေပြီဟာကို အေးအေးချမ်းချမ်းချမ်း နေလို့ရရဲ့သားနဲ့ ဒီလိုကိစ္စတွေနဲ့ ကိုယ့်ကိုယ်ကိုယ်အလုပ်ရှုပ်ခံနေတုန်းပဲ"
ကျန်းမုန့်လောင်က ခေါင်းခါယမ်းလျက် ဖုန်းချလိုက်သည်။
"ရီရီ အဆင်သင့်ဖြစ်ပြီလား"
ကျန်းမုန့်လောင် မေးလိုက်လေသည်။
"အဆင်သင့်ပဲ"
လုရီယောင်က အိမ်ထဲမှာရှိသည့် သူ(မ)၏ ဂိမ်းထိုင်ခုံမှာထိုင်ရင်း အတန်ငယ်စိုးရိမ်နေလေဟန်ပင်။
"ငါ ဂိမ်းမကစားတတ်ပါဘူးဆိုမှ။ ဘာလို့ ငါ့ကိုပါ ဆွဲခေါ်နေတာလဲ"
"ဟားဟားဟား.. ငါ့လို ပါရမီရှင်တစ်ယောက်က မင်းနဲ့အတူ ကစားနေတာကို။ ဘာကြောက်စရာရှိလဲ"
"ဝမ်လင် လိုင်းတက်ခဲ့တော့"
ကျန်းမုန့်လောင်က ဝမ်လင့်ထံသို့ အမြန်မက်ဆေ့ချ်ပို့လိုက်သည်။
ဤသည်မှာ ပေါင်လဲ့ဂိမ်းက မကြာသေးခင်ကမှ ထုတ်လုပ်ထားသော ဂိမ်းအသစ်တစ်ခုပင်။ ဂိမ်းလောကထဲရှိ ဆရာကြီးတစ်ဆူဖြစ်သောကြောင့် ပေါင်လဲ့ဂိမ်းမှ ထုတ်လုပ်လိုက်သည့် ဂိမ်းတစ်ခုချင်းစီတိုင်းက ဈေးကွက်ထဲ၌ အကြီးအကျယ်လှုပ်ခတ်သွားစေခဲ့သည်။
လွန်ခဲ့သည့်နှစ်နှစ်တုန်းက PUBG၏ အရှိန်အဟုန်ပြင်းလှသော ရေပန်းစားမှုကြောင့် လူတော်တော်များများက စစ်ပွဲများဖြင့်ပြည့်နှက်နေသော စစ်မြေပြင်၏ စိတ်လှုပ်ရှားဖွယ်ရာ ခံစားချက်ကို သဘောကျခဲ့ကြသည်။ သို့သော် ပေါင်လဲ့က ကိုယ်ကျင့်တရားရှိသူတစ်ယောက်ဖြစ်သဖြင့် ဤဂိမ်းကို မတုပခဲ့ချေ။ ထိုအစား အဖွဲ့သစ်တစ်ခု ဖွဲ့စည်းပြီး "အုပ်စိုးသူအရှင်"ဟုခေါ်သော ဂိမ်းအသစ်တစ်ခုကို တီထွင်ခဲ့သည်။
ဤဂိမ်း၏မိတ်ဆက်ပုံမှာ အလွန်ဆွဲဆောင်မှုရှိလှသည်။ ဂိမ်းမြေပုံကို လက်ရှိ ကမ္ဘာမြေပေါ်ရှိ နိုင်ငံများနှင့် နယ်မြေများကို အခြေခံ၍ ဒေသအလိုက်ခွဲခြားထားပြီး ကမ္ဘာမြေအတိုင်းအတာ ၁:၁ဖြင့် ဖန်တီးထားသည်။
နိုင်ငံတစ်နိုင်ငံချင်းစီတိုင်းတွင် ဆာဗာတစ်ခုစီ ထောင်ထားပြီး ထိုနိုင်ငံရှိ ကစားသမားများ ဂိမ်းထဲသို့ ဝင်ရောက်လာလျှင် သူတို့၏သက်ဆိုင်ရာနိုင်ငံ၏ ဆာဗာထဲသို့ အလိုလိုရောက်ရှိသွားမည်ဖြစ်၏။
ဤသည်မှာ စစ်ပွဲဂိမ်းတစ်ခုဖြစ်ပြီး နိုင်ငံအသီးသီးမှ ကစားသမားများမှာ အရင်းအမြစ်ရယူရန်နှင့် သူတို့၏ကိုယ်ပိုင်နိုင်ငံကို တည်ထောင်ရန်အတွက် တစ်ဖက်နိုင်ငံ၏နယ်မြေများကို တိုက်ခိုက်နိုင်သည်။ နိုင်ငံတစ်နိုင်ငံရှိ ကစားသမားအားလုံးက သူတို့၏နည်းပညာများကို တိုးတက်စေရန်၊ ပြည်ပရန်ကို ကာကွယ်ရန်နှင့် အခြားနိုင်ငံများကိုတိုက်ခိုက်ရန်အတွက် ပေါင်းစည်းလုပ်ဆောင်ရမည်သာ။
နိုင်ငံတစ်နိုင်ငံကို လုံးဝသိမ်းပိုက်နိုင်ခဲ့ပါက ထိုနယ်မြေမှာ မြေပုံပေါ်တွင် လုံးဝပျောက်ကွယ်သွားမည်ဖြစ်ပြီး ရာသီအဆုံးတွင် နိုင်ငံတစ်နိုင်ငံတည်းသာ ကျန်ရစ်ခဲ့မည်ဖြစ်၏။ ဤသို့ဖြင့် အဆုံးတွင် ရာသီအသစ်ပြန်လည်စတင်ပေလိမ့်မည်။
ဤဂိမ်းထဲတွင် မမျှတသော အချက်တချို့လည်းရှိ၏။ နိုင်ငံတော်တော်များများ၏ ပိုင်နက်နယ်မြေက သိပ်မကြီးလှသော်ငြား နယ်မြေအမြောက်အများရှိသည့် ဟွာရှားကဲ့သို့သော နိုင်ငံများတွင် ယှဉ်မရနိုင်သော အရင်းအမြစ်များရှိပြီး အခြေခံလူဦးရေကလည်း နိုင်ငံတစ်ခုချင်းစီ၏ ကစားသမားအရေအတွက်အပေါ် သက်ရောက်မှုရှိလေသည်။
ထို့ကြောင့် ဟန်ချက်ညီစေရန်အတွက် ဤဂိမ်းက အထူးကာကွယ်မှုယန္တရားများကို ထည့်သွင်းထားသည်။ ဥပမာ ဟွာရှားနိုင်ငံ၏ သတ္တုတူးဖော်သူများမှာ နိုင်ငံငယ်လေးများရှိ သတ္တုတူးဖော်သူများ၏စွမ်းဆောင်ရည်ထက် တစ်ဝက် သို့မဟုတ် ပိုနည်းသောစွမ်းဆောင်မှုမျိုးသာ ရှိမည်ဖြစ်၏။
အစတုန်းက လူသားများမှာ ဓားလှံလက်နက်များကိုသာ အသုံးပြုခဲ့ရသည်။ လူသားများအနေနှင့် သူတို့၏နည်းပညာကို တိုးတက်ဖွံ့ဖြိုးအောင် လုပ်ဆောင်နိုင်သည်။ အကယ်၍ မိမိကသာ မြန်ဆန်ပြီး တီထွင်နိုင်စွမ်းရှိပါက အာကာသယာဉ်ကိုတောင် အခြားနိုင်ငံများဆီသို့ မောင်းချသွားနိုင်ပေသည်။
၎င်းမှာ ဤဂိမ်း၏ဆွဲဆောင်မှုပင်။
ဤဂိမ်းက ယနေ့မှသာ အစမ်းဗားရှင်းကို တရားဝင်ထုတ်ပြလာခြင်းပင်။ ထို့ကြောင့် ကျန်းမုန့်လောင်တို့တစ်သိုက်က သူငယ်ချင်းတစ်အုပ်ကြီးကို ဖိတ်ခေါ်၍ ပွက်လောရိုက်ဖို့ စတင်ကြလေတော့သည်။
ဝမ်လင်သာမက သူတို့၏သူငယ်ချင်းများအားလုံး ပါကြသည်။ ဤသည်မှာ ဂိမ်းတစ်ခုဖြစ်သော်ငြား တစ်နည်းအားဖြင့်ဆိုရလျှင် ပုံရိပ်ယောင်ကမ္ဘာတစ်ခုလိုပင်။
"ဟားဟားဟား ဝမ်လင်.. မင်းပုံစံက တော်တော်ကြည့်ရဆိုးတာပဲ။ မင်း ဘာလို့ ထိပ်ပြောင်နေတာလဲ"
"သေစမ်း! ငါက ဇာတ်ကောင်ပုံစံတွေကို ပုံသေသတ်မှတ်ထားတယ်ထင်နေတာ။ စိတ်ကြိုက်ဖန်တီးနိုင်တဲ့အဆင့်ကို ကျော်ချခဲ့မိတာကိုး"
"ဟားဟားဟား မင်းဆံပင်က ဘာလို့စိမ်းနေတာလဲ"
ကမ္ဘာဦးတိရစ္ဆာန်အရေပြားများကို ဝတ်ဆင်ထားသည့် ပုံရိပ်ယောင်ဇာတ်ကောင်ဆယ်ယောက်လောက် ပေါ်လာလေသည်။ ဂိမ်း၏အရှိန်အတိုင်းဆိုလျှင် ဤသည်မှာ အစသာရှိသေးသောကြောင့် လူသားများအတွက် အန္တရာယ်အများဆုံးအရာမှာ သဘာဝပတ်ဝန်းကျင်ကြီးပင်။
မြေပုံထဲတွင် သားရိုင်းကောင်များစွာ ပေါ်လာတတ်သည်။ အကယ်၍ ဇာတ်ကောင်တစ်ကောင်သာ သေသွားပါက သူ့နိုင်ငံ၏ဖွံ့ဖြိုးတိုးတက်ရေးကို ထိခိုက်စေနိုင်သည့် ပြစ်ဒဏ်တချို့ ရှိလိမ့်မည်သာ။
"မြေပုံကို ကြည့်ရအောင်။ ငါတို့ ဘယ်ကိုရောက်နေတာလဲ"
ကျန်းမုန့်လောင်က မြေပုံကို ဖွင့်ကြည့်လိုက်လေရာ အံ့အားသင့်ဖို့ကောင်းလောက်အောင်ပင် သူတို့၏တည်နေရာမှာ ကျန်းနန်မြို့၏တည်နေရာပင်။
"ဒီဂိမ်းကို ရှယ်ဖန်တီးထားတာပဲ"
ကျန်းမုန့်လောင်ပင် မချီးကျူးဘဲ မနေနိုင်ခဲ့ပေ။
သို့သော် ရုတ်ခြည်းပင် သူ့အမူအရာက ပျက်ယွင်းသွားရသည်။ မြေပုံပေါ်ရှိ တချို့အရာများက သူ့သည်းခံနိုင်စွမ်းကို စမ်းသပ်နေချေသည်။
"ကဲ ကဲ"
ကျန်းမုန့်လောင်လည်း လှောင်ပြောင်ထေ့ငေါ့လိုက်မိသည်။
"ပေါင်လဲ့က ကိုယ့်ဒုက္ခကိုယ်ရှာနေတာပဲ"
***************