စိတ်ထဲမထားပါနဲ့
Vol. 39 Ch. 574
"လောင်ကျန်း… ဘာဖြစ်နေတာလဲ။ မင်း ဘာလို့ စကားမပြောတာလဲ"
ဝမ်လင်က အသံဆက်သွယ်မှုထဲတွင် ကျန်းမုန့်လောင်ဘက်က တိတ်ဆိတ်နေသည့်အတွက် မမေးဘဲ မနေနိုင်လိုက်ပေ။
"မြေပုံဖွင့်ကြည့်လိုက်"
ကျန်းမုန့်လောင်က အေးစက်စက်လေသံဖြင့် ပြောလိုက်လေသည်။
"မြေပုံလား"
ဝမ်လင်တို့တစ်သိုက်လည်း ဂိမ်းမြေပုံကို အမြန်ဖွင့်ကြည့်လိုက်ပြီးနောက် ချက်ချင်းဆိုသလိုပင် မျက်နှာများ ကွက်ခနဲပျက်သွားချေသည်။
ထိလွယ်ရှလွယ်သော နိုင်ငံတကာအရေးကိစ္စများကို ရှောင်ရှားရန်အတွက် ဂိမ်းမြေပုံပေါ်ရှိ နိုင်ငံများနှင့် မြို့များ၏နာမည်ကို ပြောင်းလဲထားသည်။ ဥပမာဆိုရလျှင် ဟွာရှားနိုင်ငံကို ဂိမ်းထဲတွင် နဂါးတိုက်နယ်ဟု ပေးထားပြီး အမေရိကန်ကိုတော့ လင်းယုန်တိုက်နယ်၊ ကိုင်ဘွန်နိုင်ငံကိုမူ နင်ဂျာတိုက်နယ်ဟု ပေးထားသည်။
နာမည်ကများကို အသာထားပြီး မြေပုံ၏နေရာချပုံကို ကြည့်လိုက်သည်နှင့် ခံ့ညားထည်ဝါပြီး မာန်ဝင့်ထည်လှသော ကြက်ဖပုံသဏ္ဍာန်က သူတို့ဟွာရှားမှလွဲပြီး အခြားမဖြစ်နိုင်ကြောင်း လူတိုင်း သိကြသည်။
အပေါ်ယံကြည့်လိုက်ပါက ဤမြေပုံသည် ဟွာရှားနိုင်ငံ၏ မြေပုံအစစ်နှင့် သိပ်ကွာခြားမှုမရှိပါသော်ငြား သေချာကြည့်လိုက်လျှင် ကွဲလွဲမှုများစွာရှိနေချေသည်။
ဥပမာအားဖြင့် နဂါးတိုက်နယ်၏ အောက်ခြေရှိ ကျွန်းကို သီးခြားခွဲထုတ်ထားပြီး နန်ကျိုးဟု နာမည်ပေးထားသည်။
ထို့ပြင် နဂါးတိုက်နယ်၏ အရှေ့ပင်လယ်နယ်မြေထဲရှိ ကျွန်းတစ်ကျွန်းကို ရန်ကျိုးနယ်နိမိတ်ထဲသို့ ထည့်သွင်းထားသည်။
ဤသည်မှာ ဂိမ်းတစ်ခုမျှသာဖြစ်ပြီး နာမည်များကလည်း လက်ရှိနိုင်ငံများနှင့် မတူညီပါသော်ငြား ကျန်းမုန့်လောင်ကတော့ ဤအရာကို သည်းမခံနိုင်ပေ။ ဤသည်မှာ ခိုးကြောင်ခိုးဝှက်နည်းလမ်းဖြင့် ပြဿနာရှာနေခြင်းသာ။
"ခွမ်း"
ခွက်တစ်လုံး ကျကွဲသွားသည့်အသံကို ကျန်းမုန့်လောင် ကြားလိုက်ရ၏။ ဤသည်မှာ ချင်းဖန်ထံမှ ဖြစ်သည်။
"ခွေးမသား"
ချင်းဖန်က ဒေါသတကြီးဆဲရေးလိုက်သည်။
"ငါ့အဘိုးကိုယ်တိုင် တိုက်ခိုက်ပြီး ကာကွယ်ခဲ့ရတဲ့နယ်မြေကို မင်းတို့ကောင်တွေက ဒီဂိမ်းထဲမှာ ပရမ်းပတာလုပ်ရဲတယ်ပေါ့။ မင်းတို့ဂိမ်းလည်း သွားသေလိုက်လေ"
"သောက်ကျိုးနည်း..ပေါင်လဲ့ဂိမ်း.. ငါ သူတို့ကို အခုချက်ချင်းဖုန်းဆက်ပြီး ပညာပေးရမယ်"
သူတို့က ဂိမ်းအသစ်တစ်ခုကို စတင်ကစားလိုသည့် ရည်ရွယ်ချက်ဖြင့် ဝင်လာခဲ့ကြသော်လည်း စစချင်းမှာပင် ယခုလိုကိစ္စမျိုးနှင့် ကြုံရလိမ့်မည်ဟု ထင်မထားပေ။ သူတို့က အသာငြိမ်နေရမှာလား။ စိတ်အခြေအနေက ချက်ချင်းပျက်စီးသွားရော လူသတ်ချင်စိတ်ပင် ပေါက်လာသည်။
"စိတ်အေးအေးထားကြ"
ကျန်းမုန့်လောင်က ပြောလိုက်သည်။
"ဒီနေရာမှာ ဒေါသထွက်ပြနေတော့ရော ဘာအကျိုးရှိမှာလဲ။ အားနည်းတဲ့ကောင်တွေကပဲ သူတို့ခံစားချက်ကို စကားလုံးတွေနဲ့ ထုတ်ပြကြတာ"
သူလည်း ဒေါသကိုမျိုသိပ်ထားရင်း ပြောလိုက်ရသော်ငြား ဒေါသမထွက်တာတော့ မဟုတ်ချေ။
"ငါတို့ ဒီနေ့တော့ ဒီဂိမ်းကို ဆော့ဖြစ်မှာမဟုတ်တော့ဘူး"
"ဒါပေါ့။ ဒီဂိမ်းကစားဖို့ ဒေါ်လာတစ်သန်းပေးမယ်ဆိုရင်တောင် ငါကတော့ ရွံတယ်"
"ငါတို့ တစ်ခုခုလုပ်ကြမလား"
"ဒါပေါ့"
"ငါ အခြေအနေကို အရင်စုံစမ်းကြည့်လိုက်ဦးမယ်"
ကျန်းမုန့်လောင်က ပြောလိုက်သည်။
"အစမ်းဗားရှင်းတုန်းက 'အုပ်စိုးသူအရှင်'ဂိမ်းမှာ ဟွာရှားကစားသမားဆယ်သန်းကျော်လောက် စာရင်းသွင်းခဲ့ကြတာ။ လက်ရှိအခြေအနေကိုကြည့်ရပုံထောက်တော့ အခုလောက်ဆိုရင် ကစားသမားတွေအများကြီး ဒီအကြောင်းကို သိနေလောက်ပြီ။ အခြေခံပညာရေးစနစ်တက်ထားတဲ့ ဘယ်သူမဆို ဒီကိစ္စကို လျစ်လျူရှုထားမှာမဟုတ်ဘူး"
ကျန်းမုန့်လောင်က အင်တာနက်ဖွင့်ကြည့်လိုက်သောအခါ ထိုအကြောင်းအရာက ပေါက်ကွဲနေချေပြီ။
မြောက်များလှစွာသော ပို့စ်များတွင် ပေါင်လဲ့ကုမ္ပဏီ၏ လုပ်ရပ်များကို ဒေါသတကြီးရှုံ့ချထားပြီး သမိုင်းကြောင်း၊ သူတို့၏နိုင်ငံနှင့် ကမ္ဘာကြီးကို မထီမဲ့မြင်ပြုထားသည်ဟု စွပ်စွဲနေကြသည်။
"ငါ အခုလေးတင်ပဲ ပေါင်လဲ့ရုံးချုပ်ကို ဖုန်းဆက်ပြီး ကွန်ပလိန်းတက်ထားတယ်။ ဂိမ်းထဲက အရာအားလုံးက စိတ်ကူးယဉ်သက်သက်ဖြစ်တာမို့ အပြင်လောကနဲ့ မဆက်စပ်ပါနဲ့လို့ ပြောလိုက်တယ်။ သောက်ကောင်တွေ.. သူတို့ ရူးနေကြတာလား။ ငါတို့ကစားသမားတွေကို ငတုံးတွေများမှတ်နေလား"
"ဘုရားရေ… မရှက်မရှိတဲ့လူတွေတော့ မြင်ဖူးပေမဲ့ ဒီလောက်အထိ အရှက်မရှိတာတော့ မမြင်ဖူးဘူး"
"ဆက်တိုက်ဖုန်းခေါ်နေ။ သင့်တော်တဲ့ဖြေရှင်းချက်တစ်ခု မရမချင်း သူတို့ကို အနားမပေးနဲ့"
"သောက်ကျိုးနည်း.. ငါတို့ကို ဒုက္ခပေးချင်တဲ့ သူတို့ရဲ့စိတ်က ဘယ်တော့မှမပျောက်ပါလားနော်။ ညီအစ်ကိုတို့ ချီတက်ကြစို့
ထိုညတုန်းက ပေါင်လဲ့ကုမ္ပဏီရှိ ဖုန်းလိုင်းများမှာ မအားမလပ်ဖြစ်နေလေတော့သည်။ အစတုန်းက ဆင်ခြင်တုံတရားရှိသော ဟွာရှားကစားသမားများက ဤမြေပုံ၏နောက်ကွယ်ရှိ အဓိပ္ပာယ်ကိုသာ မေးခွန်းထုတ်ခဲ့ကြပြီး အစမ်းဗားရှင်းကို ချက်ချင်းရပ်တန့်ကာ မြေပုံကို ပြန်လည်ပြင်ဆင်ပေးရန် တောင်းဆိုခဲ့ကြသည်။
သို့သော် ပေါင်လဲ့ကုမ္ပဏီဘက်က တုံ့ပြန်မှုကတော့ တစ်ပုံစံတည်းသာ။
"ဂိမ်းထဲမှာပါတဲ့ အကြောင်းအရာတွေက စိတ်ကူးယဉ်သက်သက်ဖြစ်တဲ့အတွက် ကျေးဇူးပြုပြီး အပြင်လောကနဲ့ မဆက်စပ်ပါနဲ့"
တစ်ဆက်တည်းမှာပင် ပေါင်လဲ့ကုမ္ပဏီ၏ တရားဝင်ဝက်ဘ်ဆိုက်နှင့် ဆိုရှယ်မီဒီယာများတွင်လည်း ထိုစကားအတိုင်း ဟွာရှားကစားသမားများကို ဆင်ခြင်တုံတရားရှိရန်နှင့် အစွန်းရောက်သောလုပ်ရပ်များကို ရပ်တန့်ရန် ကြေညာချက်ထုတ်ပြန်ခဲ့သည်။ ထို့ပြင် လိုအပ်လာပါက ကုမ္ပဏီ၏အကျိုးစီးပွားကို ကာကွယ်ရန် ဥပဒေအရ အရေးယူသွားမည်ဟု ခြိမ်းခြောက်ထားသည်။
သို့သော် ဤစကားများမှာ ဟွာရှားကစားသမားများကို စိတ်ကျေနပ်အောင်လုပ်ဖို့ဝေးစွ။ ဂိမ်းတစ်ခုဖြစ်ရုံဖြင့် လုပ်ချင်တိုင်းလုပ်လို့ရသွားလေပြီလား။ ကမ္ဘာ့မြေပုံကို အခြေခံပြီး ဂိမ်းတစ်ခု ဖန်တီးရဲပါက သမိုင်းကြောင်းနှင့် အချက်အလက်များကိုလည်း လေးစားရပေမည်။
ဤတုံ့ပြန်မှုကြောင့် ဟွာရှားကစားသမားများ၏ဒေါသကို မီးလောင်ရာလေ့ပင့်သလို ဖြစ်သွားခဲ့သည်။
မင်းတို့ဘက်က ညစ်ပတ်တယ်ပေါ့လေ။ မင်းတို့က လူမိုက်ဆန်ချင်တယ်ပေါ့။ ကောင်းပြီလေ။ ငါတို့ကရော လူမိုက်မလုပ်တတ်ဘူးများ ထင်နေလား။
ဟွာရှားကစားသမားများမှာ အရူးအမူးဖုန်းဆက်ကြပြန်လေသည်။ ဖုန်းဝင်သွားသည်နှင့် သူတို့က အကျိုးသင့်အကြောင်းသင့် ရှင်းမပြတော့ဘဲ ကျွမ်းစတိုင်ဆဲဆိုမှုများကို တရစပ်လုပ်ကြလေတော့သည်။
"ဟယ်လို.. ပေါင်လဲ့ဂိမ်းကုမ္ပဏီရဲ့ အသုံးပြုသူဝန်ဆောင်မှုဌာနကပါ။ ဘာများ ကူညီပေးရမလဲ"
"မနှစ်တုန်းက ကျုပ် နာရီတစ်လုံးဝယ်ထားတယ်။ ပြီးတော့ ငါက မင်းအဖေပဲ"
"ပေါင်လဲ့ဂိမ်းကုမ္ပဏီလား။ ငါ မင်းတို့ဘော့စ်ကို မီးသင်္ဂြိုလ်ဖို့အတွက် နေရာတစ်နေရာ ဘိုကင်တင်ထားပြီးပြီ။ သူ ဘယ်လောက်အနေအထားအထိ မီးမြိုက်ခံချင်လဲဆိုတာကို သိချင်လို့ ဖုန်းဆက်လိုက်တာ"
"မင်းတို့ဘော့စ်ကိုပြောလိုက်။ ငါ့အမေမရှိတော့ဘူးလို့"
"မင်းတို့ဘော့စ်ကို ရောင်စုံငါးကြင်းနှစ်ကောင် မြန်မြန်ဝယ်သွားဖို့ပြောလိုက်။ အဲဒါမှ ဒီည သူ့အမေ အနိစ္စမရောက်မှာ"
"ငါ့ရောင်စုံငါးကြင်းလေးက မင်းတို့ရဲ့နံစော်နေတဲ့နေရာကြီးမှာ စွန့်စားခန်းခရီးထွက်ချင်သတဲ့"
…
"ဘော့စ်.. ဟွာရှားကစားသမားတွေက တော်တော်ပွက်လောရိုက်နေကြပါတယ်"
ဇိမ်ခံရုံးအဆောက်အအုံတစ်ခုတွင် ပေါင်လဲ့ဂိမ်းကုမ္ပဏီ၏ မားကတ်တင်းခေါင်းဆောင်က သူဌေးဖြစ်သူကို အစီရင်ခံတင်ပြနေချေသည်။
"ကိစ္စမရှိဘူး။ အရေးမပါတဲ့ဒေါသတွေ။ သူတို့ကို လျစ်လျူရှုထားလိုက်။ ဒါက ဂိမ်းလေးတစ်ခုပဲဟာကို။ ဒီလောက်အထိ အတည်ယူစရာမလိုပါဘူး။ အရေးမပါတာ"
သူဌေးက ဂရုမစိုက်ဟန်ဖြင့် ပြန်ပြောလိုက်၏။
"ဒါပေမဲ့ ဘော့စ်.. ကျွန်တော်တို့ ဟွာရှားကစားသမားတွေကို ဆုံးရှုံးနိုင်တယ်နော်။ ဟွာရှားက ကျွန်တော်တို့ရဲ့အကြီးဆုံးဈေးကွက်ဆိုတာ ဘော့စ်လည်းသိတာပဲ"
မားကတ်တင်းခေါင်းဆောင်က ထောက်ပြလိုက်သည်။
"မပူပါနဲ့။ အဲဒီလိုဖြစ်မှာမဟုတ်ပါဘူး"
ပေါင်လဲ့ဂိမ်းကုမ္ပဏီမိုက်ကယ်က ယုံကြည်မှုအပြည့်ဖြင့် ဆိုလိုက်သည်။
"ဒါက ကမ္ဘာတစ်ဝှမ်းက ကစားသမားတွေ ပြိုင်ဆိုင်ရတဲ့ ဂိမ်းတစ်ခုဆိုတာ မမေ့နဲ့။ ဟွာရှားလူမျိုးတွေက အရမ်းပြိုင်ဆိုင်လိုစိတ်ကြီးတာ။ တကယ်လို့ သူတို့သာ ဒီဂိမ်းကိုမဆော့ရင် 'အုပ်စိုးသူအရှင်'ဂိမ်းထဲမှာ သူတို့အတွက် နေရာရှိမှာမဟုတ်ဘူး။ တခြားနိုင်ငံက ကစားသမားတွေက သူတို့နေရာကို သိမ်းပိုက်သွားမှာပဲ"
"အဲဒီအချိန်ကျရင် သူတို့ဆုံးရှုံးရမှာ အဲဒီနှစ်နေရာလေးပဲမဟုတ်ဘူး။ နဂါးတိုက်နယ်တစ်ခုလုံး ကျရှုံးသွားရင် တစ်ကမ္ဘာလုံးက လှောင်ရယ်ကြလိမ့်မယ်"
မိုက်ကယ်က တဟားဟားရယ်လိုက်သည်။
"အဲဒါကြောင့် သူတို့ ဒီဂိမ်းကို လုံးဝလက်လျှော့မှာမဟုတ်ဘူး"
"ဥက္ကဋ္ဌကတော့ အမြော်အမြင်ရှိလိုက်တာ"
မားကတ်တင်းခေါင်းဆောင်က ပြောလိုက်၏။
"ဥက္ကဋ္ဌ ကျွန်တော် တစ်ခုလောက်မေးလို့ရမလား။ ဒါက ဒီဇိုင်နာရဲ့အမှားလား။ ဒါမှမဟုတ် တမင်လုပ်ထားတာလား"
"ဟမ့်!"
မိုက်ကယ်က နှာခေါင်းရှုံ့လိုက်ချေသည်။
"ဒါကို မင်းသိစရာမလိုပါဘူး"
မားကတ်တင်းခေါင်းဆောင်လည်း တုန်လှုပ်သွားသည်။ ဤသည်မှာ ထိလွယ်ရှလွယ်သော မေးခွန်းတစ်ခုပင်။
"တောင်းပန်ပါတယ် ဥက္ကဋ္ဌ.. ကျွန်တော် စည်းကျော်မိသွားတယ်"
သူက ဆိုသည်။
"ကစားသမားတွေဘက်က ထူးခြားတဲ့တုံ့ပြန်မှုတစ်ခုခုလုပ်လာမှာကို မကြောက်ဘူးလား။ ဟွာရှားနိုင်ငံမှာ အဲဒီလူရှိနေတယ်ဆိုတာ မမေ့နဲ့နော်"
"ကျန်းမုန့်လောင်ကို ပြောတာလား"
မိုက်ကယ်ကလည်း ပြန်ဖြေလိုက်သည်။
"သူ့ကိုကြောက်နေစရာမလိုပါဘူး။ သူ့မှာ ပိုက်ဆံရှိတာကလွဲရင် ဘာအစွမ်းအစမှမရှိဘူး။ ပေါင်လဲ့ကုမ္ပဏီက နိုင်ငံတော်ပိုင်ဖြစ်သွားပြီ။ သူ့ပိုက်ဆံနဲ့ ငါတို့ကို လာဝယ်လို့မရဘူး။ ဂိမ်းလောကဆိုတာ အတားအဆီးမြင့်တယ်။ အခုအချိန်မှာ ငါတို့နဲ့ယှဉ်နိုင်တဲ့ ဂိမ်းကုမ္ပဏီတစ်ခုကိုလည်း သူတို့ တည်ထောင်နိုင်စွမ်းမရှိဘူး။ ဒီတော့ ဈေးကွက်ပြိုင်ဆိုင်မှုနဲ့ ငါတို့ကို ထိခိုက်အောင်လုပ်လို့မရဘူး"
"ဝန်ထမ်းတွေကို ချောဆွဲတာတို့ သပိတ်မှောက်တာတို့ကတော့…"
မိုက်ကယ်က ဆက်ပြောလိုက်၏။
"ပြီးခဲ့တဲ့လတုန်းကမှ နိုင်ငံတော်က အလုပ်သမားဥပဒေကို အသစ်ပြန်ပြင်ထားတယ်။ သူ့နည်းလမ်းတွေက ငါတို့ကို ခြိမ်းခြောက်နိုင်မှာမဟုတ်ဘူး။ အဲဒါကြောင့် သူ့မှာ ပိုက်ဆံရှိရင်တောင် ဘာမှလုပ်လို့မရဘူး"
"ဒါဆိုရင်တော့ ကျွန်တော်တို့ စိတ်အေးလို့ရပါပြီ"
...
မိုက်ကယ်ပြောသလိုပင်။ ဤသည်မှာ ဂိမ်းတစ်ခုမျှသာ။ အရာအားလုံးက စိတ်ကူးယဉ်ဖန်တီးမှုများသာဖြစ်သောကြောင့် အကယ်၍ သူတို့အနေနှင့် ကမ္ဘာ့မြေပုံထဲရှိ အစိတ်အပိုင်းများကို ယူသုံးထားသည်ဆိုလျှင်ပင် ဤသည်မှာ မြေပုံကို ပြုပြင်ထားရုံသာဖြစ်သဖြင့် ပြင်ပလောကနှင့် မဆက်စပ်ပါနှင့်ဟု ဆင်ခြေပေးနိုင်သည်။
တင်းတင်းကျပ်ကျပ်ပြောရလျှင် ဟာကွက်တစ်ခုမှ ရှိမနေချေ။
ဟွာရှားကစားသမားများက ဂိမ်းကို သပိတ်မှောက်သည့်လုပ်ငန်းစဉ်ကို အလွန်အလေးထားကြသည်။ နှစ်ပတ်အတွင်း ဂိမ်းထဲသို့ ဟွာရှားလူမျိုးများ ဝင်ရောက်သည့်ပမာဏက တစ်သန်းပင် မပြည့်ချေ။
သို့သော် ဤဂိမ်းက ကမ္ဘာတစ်ဝှမ်းတွင် ရူးသွပ်မှုတစ်ရပ် ဖြစ်လာခဲ့သည်။ အထူးသဖြင့် ကိုင်ဘွန်နိုင်ငံနှင့် ဟွာရှားနိုင်ငံ၏ ရတနာကျွန်းနယ်မြေပင်။ သူတို့က ယခုလိုမြေပုံမျိုးကို မြင်ရသည့်အတွက် အလွန်စိတ်အားထက်သန်နေကြသည်။
နဂါးတိုက်နယ်က ကျယ်ပြောပြီး ချမ်းသာလှသောကြောင့် ဂိမ်း၏ဟန်ချက်ချိန်ညှိမှုယန္တရားအောက်မှာ ဖွံ့ဖြိုးတိုးတက်မှုက အတန်ငယ်နှေးကွေးပေသည်။ ဟွာရှားကစားသမားကလည်း နည်းပါးလှသောကြောင့် နဂါးတိုက်နယ်မှာ ကျောက်ခေတ်တွင်သာ ရှိနေဆဲဖြစ်ပြီး အချို့နိုင်ငံများက ကြေးခေတ်ကို ရောက်နေကြပြီဖြစ်၏။ ကွာဟချက်က ဤနှုန်းအတိုင်း ဆက်လက်ကြီးထွားလာပါက ပိုဆိုးဝါးလာပေတော့မည်။
ဤအခြေအနေတွင် ဟွာရှားကစားသမားများလည်း ထိတ်လန့်ကုန်ကြသည်။ ဟွာရှားကစားသမားများမှာ ဂုဏ်သိက္ခာကို အဖတ်ဆည်ရန်အတွက် ခပ်ဆိတ်ဆိတ် ကြိတ်မှိတ်သည်းခံနေရသည်။
*****************