အနုနည်းအရင်သုံးမယ် ပြီးမှ အကြမ်းနည်းသုံးမယ်
Vol. 39 Ch. 576
"ဟုန်းရီ.. ပေါင်လဲ့ကုမ္ပဏီပိုင်ရှင်ရဲ့ ဖုန်းနံပါတ်ကို စုံစမ်းပေးဦး။ ပြီးတော့ သူ့ရဲ့ကိုယ်ရေးအကျဉ်းကိုပါ ပို့ပေး"
တစ်စုံတစ်ယောက်နှင့် ရင်ဆိုင်တော့မည်ဆိုလျှင် ရန်သူကိုသိပြီး မိမိကိုယ်ကိုယ်သိမှ တိုက်ပွဲတိုင်းတွင် အောင်နိုင်ပေလိမ့်မည်။
"မစ္စတာကျန်း...သူ့ရဲ့ဖုန်းနံပါတ်ကို ကျွန်မ ပို့ထားပြီးပါပြီ။ ဒါက သူ့ရဲ့ကိုယ်ရေးအကျဉ်းပါ။ ကြည့်လိုက်ပါဦး"
ငါးမိနစ်မပြည့်သေးခင်မှာပင် ဟုန်းရီထံမှ စာရွက်စာတမ်းတစ်ထပ် ရောက်ရှိလာသည်။
"မိုက်ကယ်၊ အသက်၃၁နှစ်၊ တော်တော်ငယ်သေးတာပဲ"
ပေါင်လဲ့ကုမ္ပဏီ၏ပိုင်ရှင်က ၁၉၉၀နောက်ပိုင်း၌ မွေးဖွားသော လူငယ်တစ်ယောက်ဖြစ်နေလိမ့်မည်ဟု ကျန်းမုန့်လောင် ထင်မထားပေ။
မိုက်ကယ်က ပေါင်လဲ့ကုမ္ပဏီ၏ ပထမဆုံးပိုင်ရှင်မဟုတ်ပေ။ မူလတုန်းက ဤကုမ္ပဏီကို တက္ကသိုလ်ကျောင်းသား သုံးယောက်က စတင်တည်ထောင်ခဲ့ခြင်းဖြစ်ပြီး သူတို့၏ ထူးချွန်လှသော စွမ်းရည်များနှင့် ခေတ်မီသော စိတ်ကူးစိတ်သန်းများကို အသုံးချ၍ သုညမှစတင်ကာ တည်ဆောက်ခဲ့ကြခြင်းပင်။
သို့သော် ကုမ္ပဏီတစ်ခု ကြီးထွားလာရန် အရင်းအနှီးက မရှိမဖြစ်လိုအပ်လေရာ နောက်ပိုင်းတွင် မိုက်ကယ်က အကြီးဆုံးရှယ်ယာရှင် ဖြစ်လာခဲ့သည်။
မိုက်ကယ်က အမေရိကန်လူမျိုးစစ်စစ်တစ်ယောက်ပင်။ သူ့အဖေက E-commerceလုပ်ငန်းဖြင့် စီးပွားဖြစ်ထွန်းခဲ့သူဖြစ်လေရာ မိုက်ကယ်ကလည်း သူဌေးသားတစ်ယောက်ပင်။
သူသည် ငယ်စဉ်ကတည်းက E-sportsနှင့် ထိတွေ့ခဲ့ရသဖြင့် ဤနယ်ပယ်တွင် သူ့ကိုယ်ပိုင်အကြံဉာဏ်များနှင့် အိပ်မက်များစွာ ရှိခဲ့သည်။
အစောပိုင်းနှစ်တွေတုန်းက သူသည် E-sportsပြိုင်ပွဲများတွင် ကိုယ်တိုင်ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး E-sportsအသင်းအမြောက်အများကိုလည်း ဖွဲ့စည်းခဲ့သည်။ ယခုနှစ် E-sportsအိုလံပစ်ပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ကြသည့် အသင်းအမြောက်အများမှာ သူကိုယ်တိုင် သုညမှစတင်ကာ လေ့ကျင့်ပျိုးထောင်ပေးထားသော အသင်းများပင်။
ဤE-sportsအိုလံပစ်တွင် သူတို့၏အသင်းများ အောင်ပွဲဆင်နိုင်လိမ့်မည်ဟု ထင်ထားခဲ့သော်လည်း ကျန်းမုန့်လောင်နှင့်ဝမ်လင်တို့ ဖွဲ့စည်းထားသည့် LSPအသင်းက အလွန်အမင်း အစွမ်းထက်လွန်းနေခဲ့သည်။ သူတို့က နိုင်ငံအသီးသီးမှ ကစားသမားများကို အပြတ်အသတ်အနိုင်ယူပြီး ရွှေတံဆိပ်ဆုအားလုံးကို သိမ်းပိုက်သွားခဲ့သည်။
ထို့ကြောင့် မိုက်ကယ်မှာ အလွန်မကျေမနပ်ဖြစ်ခဲ့ရသည်။ ဟွာရှားကစားသမားများက ဘာကြောင့် ဤမျှအထိ စွမ်းဆောင်ရည်ကောင်းနေရလေသလဲ။ ယခင်တုန်းက ချင်းချိုးနိုင်ငံ၏လွှမ်းမိုးမှုကို ခံခဲ့ရပြီး ယခုမူ သူ့ပြိုင်ဘက်ဟောင်း ဟွာရှားနိုင်ငံက သူ့ကိုကျော်တက်သွားပြန်ပြီဟူသော အတွေးက သူ့ရင်ထဲဝယ် မီးတောက်တစ်ခု တောက်လောင်လာစေခဲ့သည်။
သူ ဟွာရှားကစားသမားများကို မရှုမလှရှုံးသွားအောင် လုပ်ရပေမည်။
...
"လတ်တလော ဆာဗာအခြေအနေ ဘယ်လိုရှိလဲ"
မိုက်ကယ်က သူ့ရုံးခန်းထဲရှိ ထိုင်ခုံပေါ်တွင် သက်သောင့်သက်သာမှီထိုင်ရင်း မေးလိုက်သည်။
"ဆာဗာတွေအားလုံး ပြည့်ကျပ်နေတာပါပဲ။ မကြာခင် ငွေပေးပြီးဝယ်ရမဲ့ ပစ္စည်းတွေကို မိတ်ဆက်ပေးလို့ ရမယ်ထင်တယ်။ လစဉ်ဝင်ငွေကတော့ ဘီလီယံနဲ့ချီပြီး ရနိုင်မယ်လို့ ခန့်မှန်းထားပါတယ်"
"ငါစိတ်ဝင်စားတာ အဲဒါမဟုတ်မှန်း မင်းသိသားပဲ"
မိုက်ကယ်က ခပ်ပြတ်ပြတ်ပြောလိုက်သည်။
"ဒီဂိမ်းကို ဦးဆောင်ဖန်တီးခဲ့တာ ငါကိုယ်တိုင်ပဲလေ။ ဒီတော့ ဒီဂိမ်းကနေ အမြတ်အစွန်းရမယ်ဆိုတာ ငါ ယုံကြည်မှုအပြည့်ရှိပြီးသား။ ငါသိချင်တာက E-sportsလောကထဲမှာ ဘယ်လိုသက်ရောက်မှုတွေရှိလဲဆိုတာပဲ"
"သဘောပေါက်ပါပြီ"
မိုက်ကယ်သိချင်နေသည့်အရာကို သူ့လက်အောက်ငယ်သားကလည်း ချက်ချင်းသဘောပေါက်လိုက်သည်။
"လက်ရှိမှာ နိုင်ငံနဲ့ဒေသပေါင်း ၁၂၇ခုက ဆာဗာလျှောက်ထားကြပါတယ်။ ကျွန်တော်တို့ရဲ့ စာရင်းအင်းတွေအရ အမေရိကန်က ပထမ၊ ချင်းချိုးက ဒုတိယနဲ့ ဥရောပနိုင်ငံတွေက တတိယကနေ သတ္တမနေရာအထိ အသီးသီး နေရာယူထားကြပါတယ်။ ဟွာရှားကတော့... ဟားဟား... အဆင့်၇၀ကျော်လောက်မှာ ရောက်နေပါတယ်"
"ဟားဟား"
မိုက်ကယ် အော်ရယ်လိုက်မိသည်။
"လောလောဆယ်တော့ အိမ်နီးချင်းဆာဗာတချို့က 'နဂါးတိုက်'နယ်မြေကို တိုက်ခိုက်နေကြပါပြီ။ ဟွာရှားကစားသမားတွေလည်း မူလနယ်မြေရဲ့ ၇.၅ရာခိုင်နှုန်းလောက် ဆုံးရှုံးထားပါတယ်။ အခု ဟွာရှားကစားသမားတွေက နည်းဗျူဟာအသစ်ပြောင်းထားပါတယ်။ အစွန်အဖျားနယ်မြေတွေကို စွန့်လွှတ်ပြီး ခံစစ်တင်းကျပ်နေကြတယ်။ ဒါပေမဲ့ ဒီဂိမ်းရဲ့စနစ်အရ သူတို့သာ မသမာတဲ့နည်းလမ်းကိုမသုံးရင် ဘယ်လိုမှ အမီလိုက်နိုင်မှာမဟုတ်ပါဘူး"
"မသမာတဲ့နည်းတဲ့လား... ဟားဟား"
မိုက်ကယ်ခမျာ ပို၍ပင် ကျယ်လောင်စွာ ရယ်မောလိုက်မိသည်။ ဤဂိမ်းအင်ဂျင်ကို တည်ဆောက်ရန် သုံးနှစ်ကျော်ခန့် အချိန်ယူခဲ့ရသည်။ မသမာသည့်နည်းလမ်းကို သုံးဖို့မဆိုထားနှင့်။ ဂိမ်းထဲမှာ ချို့ယွင်းချက်တစ်ခုခုပေါ်လာဖို့ပင် မဖြစ်နိုင်ချေ။
စနစ်ထဲတွင် ကိုယ်တိုင်စစ်ဆေးသည့်စနစ်ကိုလည်း ထည့်သွင်းထားသည်။ ပြင်ပမှ ဝင်ရောက်စွက်ဖက်မှုတစ်စုံတစ်ရာကို တွေ့ရှိသည်နှင့် အကောင့်ကို ချက်ချင်း ပိတ်ပစ်မည်သာ။ ဂိမ်း၏ဟန်ချက်ကို မထိခိုက်စေဘဲ ကစားရလွယ်ကူစေသည့် အထောက်အကူပြုကိရိယာများကိုလည်း သုံး၍ရမည်မဟုတ်ပေ။
ထိုအချိန်တွင် မိုက်ကယ်၏ဖုန်းက အသံမြည်လာသည်။
"မင်းသွားလို့ရပြီ။ ထူးခြားမှုတစ်ခုခုရှိရင် ငါ့ကိုလာပြောလှည့်"
မားကတ်တင်းဌာနခေါင်းဆောင်က ရုံးခန်းထဲမှ ထွက်သွားသောအခါ မိုက်ကယ်လည်း ဖုန်းကိုင်လိုက်သည်။
"မိုက်ကယ်ပြောနေပါတယ်"
"ကျန်းမုန့်လောင်ပါ"
"ဟစ်!"
ထိုနာမည်ကို ကြားလိုက်သည်နှင့် မိုက်ကယ် ကျောချမ်းသွားသည်။ ဤသည်မှာ ကမ္ဘာတစ်ဝန်းရှိ စီးပွားရေးလုပ်ငန်းရှင်များနှင့် နိုင်ငံရေးသမားများကို ခေါင်းခဲစေသည့် နာမည်တစ်ခုပင်။
သို့သော် ခဏအကြာမှာမူ မိုက်ကယ်လည်း စိတ်ပြန်ထိန်းလိုက်သည်။
"မစ္စတာကျန်းကိုး။ ခင်ဗျားအကြောင်းကို ကြားဖူးနေတာကြာပြီ။ ကျုပ်ရဲ့ ကိုယ်ပိုင်ဖုန်းနံပါတ်ကိုတောင် ရအောင်ယူနိုင်တယ်ဆိုတော့ ဥက္ကဋ္ဌကျန်းက တော်တော်အထင်ကြီးချင်စရာပဲ"
"ကျုပ်သာလိုချင်ရင် ခင်ဗျားမိန်းမရဲ့ ဖုန်းနံပါတ်ကိုတောင် ရအောင်ယူနိုင်တယ်"
ကျန်းမုန့်လောင်ကတော့ ခပ်ပြတ်ပြတ်သာ ပြောလိုက်လေ၏။
"မစ္စတာကျန်းက နောက်တတ်သားပဲ"
ရင်ထဲတွင် ဒေါသထွက်နေသော်ငြား မိုက်ကယ် သည်းခံထားလိုက်သည်။ ကျန်းမုန့်လောင်က သူ့အား ဘာကိစ္စကြောင့် ဆက်သွယ်လာသလဲဆိုသည်ကို သူသိချင်သည်။
များများစားစားစဉ်းစားနေဖို့မလိုပေ။ ထိုဂိမ်းကြောင့်ပင် ဖြစ်ရမည်။
သူ ကျန်းမုန့်လောင်အကြောင်း လေ့လာထားသည်။ ဤလူက ချမ်းသာကြွယ်ဝသည့်အပြင် အထင်ရှားဆုံးအချက်ကတော့ မျိုးချစ်စိတ်ထက်သန်ခြင်းပင်။
ဂိမ်းမြေပုံကိစ္စဖြစ်ပွားခဲ့သည်မှာ ရက်သတ္တပတ်အမြောက်အများ ကြာခဲ့လေပြီ။ ကျန်းမုန့်လောင်၏စရိုက်အရဆိုလျှင် အစောကတည်းက စကားလာပြောခဲ့သင့်သည်။ သူ့ကို ဘာလို့ ယခုမှ ဆက်သွယ်ရလေသလဲ။
"မစ္စတာကျန်း ဘာကိစ္စများ ဆွေးနွေးချင်လို့လဲ"
"ကျုပ်က စကားကို ဝေ့ဝိုက်ပြောနေရတာ မကြိုက်ဘူး။ ဒါကြောင့် လိုရင်းကိုပဲ တိုက်ရိုက်ပြောမယ်"
ကျန်းမုန့်လောင်က ပြောလိုက်လေသည်။
"'အုပ်စိုးသူအရှင်'ဂိမ်းကို ချက်ချင်းပိတ်ချလိုက်ပါ။ လက်ရှိဂိမ်းဒေတာတွေအကုန်လုံးကို ဖျက်ပစ်ပြီးတော့ 'နဂါးတိုက်'ရဲ့မြေပုံကို ကျုပ်တို့ရဲ့ဟွာရှားမြေပုံအစစ်အတိုင်း ပြန်ပြင်ပေးစေချင်တယ်"
"ဝိုး... ဟွာရှားလူမျိုးတွေက ဒီလောက်အထိ တဲ့တိုးဆွေးနွေးကြတာလား။ စလာကတည်းက တောင်းဆိုချက်ကလည်း များလှချည်လား"
ကျန်းမုန့်လောင်က သူ ယခင်က ဆက်ဆံခဲ့ဖူးသူများနှင့် လုံးဝမတူကြောင်း မိုက်ကယ် သဘောပေါက်လိုက်ချေသည်။
သူလို အဆင့်အတန်းမျိုးတွင် လူတိုင်းနီးပါးက လေးစားမှုကို လိုလားကြသည်။ အငြင်းပွားစရာရှိလာလျှင်ပင် တိုက်ရိုက်ထုတ်မပြောကြပေ။ ဤသည်မှာ စီးပွားရေးလောက၏ ထုတ်ပြောစရာမလိုသော စည်းမျဉ်းတစ်ခုပင်။
"မစ္စတာကျန်း... တကယ်တော့ ကျုပ်လည်း ပြည်ပသတင်းတွေမှာ ဒီအကြောင်းကို ကြားပါတယ်"
မိုက်ကယ်က မည်သို့တုံ့ပြန်ရမလဲဆိုသည်ကို အဖြေရှာထားပြီးဖြစ်၏။
"ကျုပ်ကိုယ်တိုင်လည်း သမိုင်းနဲ့ အချက်အလက်တွေကို အလေးအနက်ထားပါတယ်။ ဒါပေမဲ့ ခင်ဗျား ဒီဂိမ်းအကြောင်းကိုလည်း နားလည်သင့်တယ်။ ဒါက ကျုပ်တို့ရဲ့ လက်ရှိကမ္ဘာနဲ့ လုံးဝကွဲပြားခြားနားတဲ့ သီးခြားကမ္ဘာတစ်ခုပါ။ ကျုပ်တို့က ကမ္ဘာ့မြေပုံကို မှီငြမ်းထားရုံသက်သက်ပါ"
"ခင်ဗျားတို့ရဲ့ဂိမ်းကို ကြော်ငြာတုန်းကတော့ ကမ္ဘာ့မြေပုံအတိုင်း ၁:၁အချိုးအစားနဲ့ တည်ဆောက်ထားတယ်ဆို"
"အဲဒါက မီဒီယာတွေ လျှောက်ရေးနေကြတာပါ။ ခင်ဗျား ပြန်ရှာကြည့်လို့ရပါတယ်။ ကျုပ်တို့ဘက်က တရားဝင်ထုတ်ပြန်ထားတာ တစ်ခုမှမရှိပါဘူး"
မိုက်ကယ်လည်း ပြန်လည်ချေပလိုက်သည်။
"ဒါက စိတ်ကူးယဉ်ကမ္ဘာတစ်ခုလေ မစ္စတာကျန်းရဲ့.. အဲဒါကို လက်တွေ့ဘဝနဲ့ လိုက်ချိတ်ဆက်ဖို့လိုလို့လား။ အဲဒါက နည်းနည်းကလေးဆန်ရာမကျဘူးလား"
"တောင်းပန်ပါတယ်... ကျုပ်က အသက်၂၃နှစ်ပဲရှိသေးတဲ့ တက္ကသိုလ်ကျောင်းသားတစ်ယောက်လေ။ ဘယ်လောက် ရင့်ကျက်နိုင်ဦးမှာလဲ"
ကျန်းမုန့်လောင်၏ မူဝါဒကား ရိုးရှင်းလှသည်။ တစ်ဖက်က အကျိုးသင့်အကြောင်းသင့်ပြောလျှင် သူကလည်း အကျိုးသင့်အကြောင်းသင့် ပြန်ပြောမည်။ တစ်ဖက်လူက ညစ်ပတ်လာလျှင် သူကလည်း ပြန်ညစ်ပတ်မည်သာ။
တစ်ဖက်လူက သူ့ကို ကလေးဆန်သည်ဟု ပြောလာလျှင် သူကလည်း ကလေးဆန်ပြလိုက်မည်သာ။ တစ်ဖက်လူအနေနှင့် ဘာတတ်နိုင်မည်နည်း။
"မစ္စတာကျန်း... ခင်ဗျားက ဒီကိစ္စကို အတည်ယူချင်တယ် ဆိုရင်တော့ ကျုပ်လည်း ဘာမှမတတ်နိုင်ဘူး။ ဒါပေမဲ့ ဆာဗာပိတ်ဖို့ဆိုတာကတော့ မဖြစ်နိုင်ဘူး။ ခင်ဗျားလည်း စီးပွားရေးလုပ်ငန်းရှင်တစ်ယောက်ပဲလေ။ ဂိမ်းကို ရပ်လိုက်တာတို့ ဒေတာတွေဖျက်ပစ်လိုက်တာတို့လုပ်ရင် ကျုပ်တို့ဂိမ်းနဲ့ကုမ္ပဏီရဲ့ဂုဏ်သတင်းက ဘယ်လောက်ထိခိုက်သွားမလဲဆိုတာ ခင်ဗျားလည်း နားလည်မှာပါ"
"အဲဒါက ကျုပ်ကိစ္စမှမဟုတ်တာ"
ကျန်းမုန့်လောင်က ပြောလိုက်သည်။
"မစ္စတာမိုက်ကယ်... ခင်ဗျား နားလည်ထားသင့်တာက လူကြီးတစ်ယောက်အနေနဲ့ ကိုယ့်လုပ်ရပ်အတွက် ကိုယ်တာဝန်ယူရမယ်ဆိုတာပဲ"
"စိတ်မကောင်းပါဘူး မစ္စတာကျန်း။ ကျုပ် ဘာအမှားမှလုပ်မထားတဲ့အတွက် ခင်ဗျားပြောတဲ့ တာဝန်ယူမှုဆိုတာကိုလည်း လုပ်စရာလိုမယ်မထင်ဘူး။ ခင်ဗျားကြိုက်တဲ့နည်းလမ်းနဲ့ ကျုပ်တို့ကုမ္ပဏီကို တရားစွဲနိုင်ပါတယ်။ ဒါပေမဲ့ ဒါကိုတော့ယုံလိုက်ပါ။ ခင်ဗျားရဲ့စွပ်စွဲချက်တွေက အရာထင်မှာ မဟုတ်ဘူး"
မိုက်ကယ်က ဥပဒေအကြံပေးများနှင့် တိုင်ပင်ပြီးသားပင်။ သူတို့၏ တရားဝင်ကြော်ငြာများတွင် ဤမြေပုံက ကမ္ဘာ့မြေပုံကို အခြေခံထားသည်ဟု ဘယ်တုန်းကမှ မပြောခဲ့ဖူးပေ။ ဆင်တူယိုးမှားဖြစ်နေရုံသာ ရှိ၏။ လူတွေကသာ အတင်းကာရော ဆက်စပ်တွေးတောနေကြခြင်းဖြစ်လေရာ သူလည်း ဘာမှမတတ်နိုင်ချေ။
"မစ္စတာမိုက်ကယ်... ကျုပ်က အမြဲတမ်း လူကြီးလူကောင်းဆန်ဆန် အရင်နေကြည့်တယ်။ မရတော့ဘူးဆိုရင်တော့ အကြမ်းနည်းသုံးတတ်တယ်။ အဲဒါကြောင့် ကျုပ်မလုပ်ချင်တဲ့အရာကို လုပ်မိအောင် ဖိအားမပေးပါနဲ့"
"ဟားဟားဟား... မစ္စတာကျန်း ခင်ဗျားချမ်းသာမှန်း ကျုပ်သိပါတယ်။ ဒါပေမဲ့ ခင်ဗျား ဂိမ်းတစ်ခုကိုတီထွင်ပြီး ကျုပ်ရဲ့PUBGဂိမ်းကို တိုက်ရိုက်အနိုင်မယူနိုင်သရွေ့တော့ ခင်ဗျားရဲ့နည်းလမ်းတွေက ကျုပ်အပေါ် သက်ရောက်မှုရှိမှာမဟုတ်ဘူး"
"ဒါဆို ခင်ဗျားက ဂိမ်းကိုလည်း မပိတ်နိုင်ဘူး။ မြေပုံကိုလည်း ပြင်မပေးနိုင်ဘူး။ တောင်းပန်ဖို့လည်း ဆန္ဒမရှိဘူးပေါ့...ဟုတ်လား"
"အင်း"
"ကောင်းပြီလေ"
ကျန်းမုန့်လောင်ကလည်း ပြောလိုက်လေသည်။
"PUBGဂိမ်းထဲက 'နတ်ဘုရားတွေရဲ့နေဝင်ချိန်'ဆိုတဲ့ဖြစ်ရပ်ကို ခင်ဗျားကြားဖူးလား"
"ဟင်"
မိုက်ကယ်ခမျာ ကြောင်အသွားချေသည်။ သူ မကြားဖူးပေ။ နတ်ဘုရားတို့၏နေဝင်ချိန်ဆိုသည်မှာ သူတို့၏ အနောက်တိုင်းဒဏ္ဍာရီထဲရှိ ပုံပြင်တစ်ပုဒ်မဟုတ်လား။
"မပူနဲ့။ နောက်ရက်နည်းနည်းနေရင် ခင်ဗျားသိရလိမ့်မယ်"
*****************