← Chapters

Esportsလောကရဲ့ နတ်ဘုရားများနေဝင်ချိန်

Vol. 39 Ch. 577

Esportsလောကရဲ့ နတ်ဘုရားများနေဝင်ချိန်

Vol. 39 Ch. 577

"နတ်ဘုရားတို့ရဲ့နေဝင်ချိန်တဲ့လား။ အဓိပ္ပာယ်မရှိတာ"

မိုက်ကယ်က ဖုန်းချပြီးနောက် လှောင်ပြောင်ထေ့ငေါ့လိုက်ပြီး ကျန်းမုန့်လောင်၏စကားများကို ဟာသတစ်ခုအလား သဘောထားကာ လုံးဝလျစ်လျူရှုလိုက်သည်။

"ငါ့ရုံးခန်းကိုလာခဲ့"

မိုက်ကယ်က သူ့လက်ထောက်ကို ရုံးခန်းထဲသို့ လှမ်းခေါ်လိုက်၏။

"အထက်လူကြီးတွေကို အကြောင်းကြားလိုက်။ ငါတို့ ကျန်းမုန့်လောင်ရဲ့လုပ်ရပ်တွေကို မျက်ခြည်မပြတ်စောင့်ကြည့်ရမယ်။ ပြီးတော့ သူ့ပိုင်ဆိုင်မှုတွေကြောင့် ငါတို့ဈေးကွက်ကို လာမထိခိုက်စေနဲ့"

မိုက်ကယ်က အမိန့်ပေးလိုက်သည်။

"ဟုတ်ကဲ့"

"ပြီးတော့ ပြည်တွင်းက နာမည်ကြီးဗီဒီယိုဂိမ်းထုတ်လုပ်ရေးကုမ္ပဏီတွေကို သတိပေးထားလိုက်။ ကျန်းမုန့်လောင်ကို ရှယ်ယာဝယ်ယူရေးအကွက်တွေ မခင်းစေနဲ့လို့။ သူ့ရန်ပုံငွေနဲ့ဆိုရင် ကမ္ဘာပေါ်မှာရှိတဲ့ ဂိမ်းကုမ္ပဏီတွေအကုန်လုံးကို ဝယ်ပစ်နိုင်လောက်ဝယ်။ တကယ်လို့ အဲဒီကုမ္ပဏီတွေသာ ပေါင်းစည်းသွားရင် နည်းပညာဖွံ့ဖြိုးမှုကို ငါတို့ လိုက်ယှဉ်နိုင်မှာမဟုတ်ဘူး"

ယခင်အတွေ့အကြုံများအရ ကျန်းမုန့်လောင်က သူတို့၏ဂိမ်းကုမ္ပဏီကို ဖျက်ဆီးဖို့ နည်းလမ်းပေါင်းစုံသုံးလာနိုင်ကြောင်း မိုက်ကယ် ကြိုတင်တွက်ဆထားသည်။ သို့သော် ကံဆိုးချင်တော့ ကျန်းမုန့်လောင်က ဤတစ်ခေါက်တွင် ငွေကြေးအင်အားသုံး၍ တိုက်ခိုက်ဖို့ အစီအစဉ်မရှိချေ။

"ဒါနဲ့ မင်း နတ်ဘုရားရဲ့နေဝင်ချိန်ဆိုတာကို ကြားဖူးလား"

မိုက်ကယ်က ရုတ်တရက်သတိရလိုက်သဖြင့် မေးကြည့်လိုက်၏။ ထူးထူးဆန်းဆန်းရယ်နေစဉ်က ကျန်းမုန့်လောင်၏အမူအရာကို ပြန်မြင်ယောင်မိချိန်မှာ သူ ရတက်မအေးဖြစ်သွားရသည်။

"နတ်ဘုရားတို့ရဲ့နေဝင်ချိန်လား။ မနှစ်တုန်းက PUBGမှာဖြစ်သွားတဲ့ ကိစ္စကို ပြောတာလား"

"ငါ့ကို အဲဒီအကြောင်း ပြောပြစမ်းပါ"

မိုက်ကယ်လည်း စိတ်ဝင်စားသွားလေသည်။

"တကယ်တော့ အဲဒါက တော်တော်ရုပ်ပျက်ဆင်းပျက်ဖြစ်သွားတာ"

မိုက်ကယ်၏လက်ထောက်က ရှင်းပြလိုက်၏။

"ဟက်ခ်ကာတွေရဲ့တိုက်ပွဲလေ"

"ဟက်ခ်တာလား"

"ဟုတ်ပါတယ်။ ကတယ်တော့ အဲဒီပြိုင်ပွဲက ဖျော်ဖြေရေးနဲ့တောင် ပိုတူနေသေးတယ်။ ကမ္ဘာတစ်ဝန်းက ဟက်ကာအယောက်တစ်ရာလောက် အဲဒီပွဲမှာ ဝင်ပြိုင်ခဲ့ကြတာလေ။ အဲဒါကို ကမ္ဘာတစ်ဝှမ်းမှာ တိုက်ရိုက်ထုတ်လွှင့်ခဲ့တာ။ ကိုယ်ပျောက်တာတို့ နံရံကိုဖောက်မြင်တာတို့ မိုင်ရှစ်ရာအကွာကနေ ခေါင်းကိုချိန်ပစ်တာတို့ စုံနေတာပဲ။ အကုန်ဟက်ခ်ထားတာချည်းပဲ"

"အဲဒီလိုကိစ္စမျိုးလည်း ဖြစ်ခဲ့တာလား"

"နောက်ပိုင်းမှာ အဲဒီလူတော်တော်များများ အဖမ်းခံလိုက်ရတယ်။ တကယ်တော့ လူစိတ်ဝင်စားအောင် ပွဲဆူရုံသက်သက်ပါ။ ထည့်ပြောနေစရာတောင် မလိုပါဘူး။ ဒါပေမဲ့ အဲဒီအချိန်တုန်းက PUBGဂိမ်းကိုတော့ တော်တော်ထိခိုက်စေခဲ့တယ်။ ဟက်နေတဲ့လူတွေ ရှိလာတော့ ဂိမ်းရဲ့ဟန်ချက်ကို ပျက်စီးသွားစေပြီး ကစားသမားတွေရဲ့ စိတ်ကျေနပ်မှုကိုလည်း ထိခိုက်စေခဲ့တယ်လေ"

"အဲလိုကိုး"

ဤကိစ္စကို မိုက်ကယ် လုံးဝစိတ်မဝင်စားချေ။ ဟက်ခ်ဆိုသည်မှာ နည်းပညာချို့တဲ့မှုရှိသော ကုမ္ပဏီများတွင်သာ ကြုံရတတ်သည့် ပြဿာနာမျိုးပင်။ သူကတော့ သူ့ဂိမ်းအင်ဂျင်ကို အပြည့်အဝယုံကြည်သဖြင့် ထိုကဲ့သို့သော အသေးအဖွဲကိစ္စလေးများကို မကြောက်ချေ။

...

"ဘယ်လိုလဲ။ အခြေအနေထူးလား"

ဝမ်လင်တို့တစ်သိုက်လည်း ဖုန်းခေါ်ဆိုမှုပြီးဆုံးသွားသည်နှင့် စိတ်မရှည်စွာ မေးမြန်းလိုက်ကြသည်။

"ရှင်းနေတာပဲမဟုတ်လား"

ကျန်းမုန့်လောင်က ဆို၏။

"ဖုန်းတစ်ချက်ဆက်ရုံနဲ့ ငါ့စကားကို သူနားထောင်မယ်ဆိုရင် အစကတည်းက လုပ်ရဲမှာမဟုတ်ဘူး"

"အဲဒါလည်းဟုတ်တာပဲ"

ဝမ်လင် ခေါင်းညိတ်ပြလိုက်သည်။

"အခု သခင်လေးကျန်းရဲ့အစွမ်းအစကို မသိတဲ့လူဆိုတာ ဘယ်မှာများရှိသေးလို့လဲ။ ဟွာရှားနိုင်ငံကို ပြဿနာရှာတာက မင်းကိုဆန့်ကျင်တာနဲ့အတူတူပဲမလား"

"ဒီတော့ မင်း ဘယ်လိုလုပ်ဖို့ စီစဉ်ထားလဲ"

ချင်ဖုန်းကလည်း ဝင်မေးလိုက်၏။ သူ့အရင်းအမြစ်များက စစ်ထဲမှာသာ ရှိနေသည်ဖြစ်ရာ ယခုလိုအခြေအနေမျိုးတွင် သူသည် ဘာမှမစွမ်းနိုင်ချေ။ ပေါင်လဲ့ကုမ္ပဏီကို ဗုံးကြဲဖို့အတွက် ကိုယ်ပျောက်တိုက်လေယာဉ်များကို လွှတ်၍လည်း မရပေ။

"ဒါက ဖြေရှင်းရလွယ်ပါတယ်"

ကျန်းမုန့်လောင်၏စိတ်ထဲတွင် အစီအစဉ်တစ်ခုရှိပြီးသားပင်။

"သူတို့က ကစားချင်တာမလား။ ဒါဆို အဆုံးအထိ သူတို့နဲ့ ကစားပေးလိုက်တာပေါ့"

"ဘာသဘောလဲ။ ဒီဂိမ်းကို ဆက်ကစားမှာလား"

"မလိုပါဘူး။ ဒီဂိမ်းကိုမြင်တာနဲ့တင် အန်ချင်နေပြီ"

ကျန်းမုန့်လောင်က သူ့ရွံရှာမှုကို ပြသလိုက်၏။

"သူတို့ရဲ့လုပ်ရပ်က ဂိမ်းရဲ့တရားမျှတမှုကို ဖျက်ဆီးလိုက်တာမလား။ ဂိမ်းရဲ့မျှတမှုကို ဖျက်ဆီးတဲ့နေရာမှာ ငါတို့ဟွာရှားက ဘယ်သူ့ကိုများ ကြောက်ဖူးလို့လဲ"

"မင်းက ဟက်ခ်သုံးမယ်လို့ပြောချင်တာလား"

ဝမ်လင်လည်း ချက်ချင်းပင် သဘောပေါက်သွားသည်။

ယခင်တုန်းက ဟွာရှားနိုင်ငံတွင် ခေတ်စားခဲ့ပြီး ကလေးတော်တော်များများ၏ ငယ်ဘဝအမှတ်တရဖြစ်ခဲ့ဖူးသော ဂိမ်းတစ်ခုရှိသည်။ ရတနာရှာပုံတော်ကျွန်းပင်။ ထိုဂိမ်းမှာ ကိုးဆယ်ခုနစ်ဖွား မျိုးဆက်များအကြား အလွန်ရေပန်းစားခဲ့သည်။

သို့သော် ပြည်တွင်းမှာ ဟက်ခ်ဆော့ဖ်ဝဲများ ခေတ်စားလာသောကြောင့် ဂိမ်းကစားရသည့် အရသာလည်း ပျက်စီးသွားခဲ့သည်။ မြေပုံတိုင်းလိုလိုမှာ ရွှေဒင်္ဂါးများရှာဖွေရသည့် စတူဒီယိုများဖြင့် ပြည့်နှက်နေခဲ့သည်။ တာဝန်ရှိသူများကလည်း မသိချင်ယောင်ဆောင်ပြီး ဘာမှမဖြေရှင်းခဲ့ချေ။

ယနေ့ခေတ်တွင် ထိုဂိမ်းကိုကစားသူများမှာ သိသိသာသာနည်းပါးသွားပြီး အလွမ်းပြေဝင်ကစားရုံလောက်သာ ရှိတော့သည်။

ဤသည်ကိုကြည့်ခြင်းအားဖြင့် ဟက်ခ်များက ဂိမ်းတစ်ခုကို မည်မျှအထိ ဒုက္ခပေးနိုင်သလဲဆိုသည်မှာ သိသာလှ၏။ အကယ်၍ ဂိမ်းတစ်ခုကို ဖျက်ဆီးချင်လျှင် ဟက်ခ်ခြင်းက အကောင်းဆုံးလက်နက်ပင်တည်း။

"အလုပ်မဖြစ်မှာစိုးတယ်"

ဝမ်လင်က ဆိုလာချေသည်။

"ငါတို့နိုင်ငံထဲက ဘယ်သူမှ စမ်းမကြည့်ဖူးဘူးလို့ ထင်နေတာလား။ စတူဒီယိုတော်တော်များများက အုပ်စိုးသူအရှင်ဂိမ်းရဲ့ဟာကွက်ကိုရှာပြီး ဟက်ခ်လုပ်ဖို့ ကြိုးစားခဲ့ကြပေမဲ့ အခုအချိန်အထိတော့ ဘယ်သူမှ မအောင်မြင်သေးဘူး"

ဝမ်လင်က ဆက်ပြောလိုက်၏။

"ဂိမ်းအင်ဂျင်မှာ အရမ်းအစွမ်းထက်တဲ့ ကိရိယာတစ်ခု ထည့်ထားတယ်တဲ့။ စနစ်ရဲ့အစိတ်အပိုင်းမဟုတ်တဲ့ အရာတစ်ခုခုဝင်လာတာနဲ့ ဟက်ခ်တာလို့ သတ်မှတ်ပြီး တန်းပိတ်ပစ်လိုက်တာ။ ပြီးတော့ ပြစ်ဒဏ်ကလည်း ပြင်းထန်တယ်။ ဟက်ခ်လုပ်တာကို အတည်ပြုပြီးတာနဲ့ ဘာသတိပေးချက်မှမထုတ်ဘဲ အကောင့်ကို နှစ်တစ်ရာလောက် တန်းပိတ်ပစ်တာ"

"ငါတို့ဟွာရှားကစားသမားတွေက ဒုက္ခရောက်နေတဲ့ကြားထဲ အကောင့်ပါ ဘန်းခံလိုက်ရရင် လူရယ်စရာကြီးဖြစ်သွားမှာပေါ့"

ချင်ဖုန်းကလည်း စိုးရိမ်တကြီးဝင်ပြောလိုက်၏။

"ငါ့အစီအစဉ်ကို ပယ်မချပါနဲ့ဦး"

ကျန်းမုန့်လောင်က ရယ်လိုက်လေသည်။

"မမေ့နဲ့နော်။ ငါ့ဉာဏ်ရည်တုနည်းပညာက တစ်ကမ္ဘာလုံးကို ကျော်တက်နေတာ။ ဟက်ခ်ဆော့ဖ်ဝဲလေးနည်းနည်းလောက်ကတော့ ဘာဂရုစိုက်စရာလိုလဲ။ ငါသာ သူတို့ရဲ့ပင်မကုတ်ကို လှမ်းယူလိုက်ရင် မြေပုံတစ်ခုလုံးကို ပြုပြင်ပြီး နဂါးတိုက်ပိုင်နက်အဖြစ် ပြောင်းပစ်လိုက်လို့တောင်ရတယ်"

"သေစမ်း။ မင်းမှာ အဲဒီလိုစွမ်းရည်မျိုးရှိတယ်ဆိုတာ ဘာလို့ စောစောကမပြောတာလဲ"

ဝမ်လင်က အမြန်ဆိုလာလေသည်။

"မြန်မြန်လုပ်။ သူတို့ရဲ့မြေပုံကိုပြောင်းလိုက်။ ငါတို့ဟွာရှားရဲ့နယ်မြေအဖြစ် အကုန်ပြောင်းပစ်လိုက်။ ဟားဟားဟား"

"ဒါက စိတ်ဝင်စားဖို့ကောင်းတယ်လို့ မင်းထင်လား"

ကျန်းမုန့်လောင်လည်း ပခုံးတွန့်ပြလိုက်လေသည်။

"ငါကတော့ သိပ်စိတ်လှုပ်ရှားဖို့ကောင်းတယ်လို့ မထင်ဘူး"

"ဒါဆို ဘယ်လိုလုပ်မှ စိတ်လှုပ်ရှားဖို့ကောင်းမှာလဲ"

"ဟီးဟီး"

ကျန်းမုန့်လောင် ရယ်လိုက်လေသည်။

"နတ်ဘုရားတို့ရဲ့နေဝင်ချိန်ဆိုတဲ့ ဖြစ်ရပ်ကို ပြန်ဖန်တီးလိုက်မှာ။ တခြားနိုင်ငံတွေက ကျောက်ခေတ်တို့ ကြေးခေတ်တို့မှာပဲ ရှိနေသေးတဲ့အချိန် အာကာသယာဉ်ကြီးတစ်စင်းက ရုတ်တရက်ကြီး ခေါင်းပေါ်ကိုရောက်ချလာရင် ဘယ်လောက်မိုက်လိုက်မလဲ"

"အမလေး.. ကောက်ကျစ်တဲ့နေရာမှာ မင်းကို ဘယ်သူမမီဘူး"

ဝမ်လင်၏စိတ်ထဲတွင် ထိုအဖြစ်ကို မြင်ယောင်ကြည့်လိုက်မိသည်။ တွေးကြည့်ရုံမျှဖြင့် ရင်ခုန်ဖို့ကောင်းနေပြီမဟုတ်လား။

"မင်းတို့တွေက ကြေးခေတ်ကိုရောက်ဖို့ နည်းပညာဖွံ့ဖြိုးတိုးတက်ရေးကို အပတ်ပေါင်းများစွာ အချိန်ယူခဲ့ရတာမလား။ နဂါးတိုက်ကို ကျူးကျော်ဖို့အတွက် မင်းတို့ရဲ့သံချပ်ကာတပ်တွေနဲ့ လက်နက်တွေကို အားကိုးနေရတာမလား"

"လွှမ်းမိုးခံရတဲ့ အကြောက်တရားကို မင်းတို့ခံစားဖူးလား"

ကျန်းမုန့်လောင်က ဘာမှထပ်မပြောတော့ဘဲ သူ့ကွန်ပျူတာကိုဖွင်ကာ ကုတ်စရေးလေတော့သည်။

"ဘာဖန်တီးရမလဲ"

ကျန်းမုန့်လောင် စဉ်းစားကြည့်လိုက်သည်။

"အင်း..အခြေခံက စကြတာပေါ့။ အကန့်အသတ်မဲ့ခံနိုင်ရည်အား၊ အကန့်အသတ်မဲ့အသက်၊ သတ္တုတူးနှုန်းအဆတစ်ရာတိုးတက်ခြင်း၊ ပစ္စည်းအားလုံးကျနိုင်ခြေအဆတစ်ရာတိုးခြင်း။ သတ္တဝါတွေအားလုံးကို တစ်ချက်တည်းနဲ့ သတ်နိုင်မယ်"

"တင့်ကားတွေ လေယာဉ်တွေ စက်သေနတ်တွေနဲ့ အမြောက်ပုံစံဒီဇိုင်းတွေ"

"ပြီးတော့ အာကာသယာဉ်ဒီဇိုင်းနဲ့ ဂန်ဒမ်ဒီဇိုင်းတွေထည့်မယ်"

"အယ်လ်ထရာမန်းအသွင်ပြောင်းကိရိယာရော"

"ကာမန်ရိုက်ဒါအသွင်ပြောင်းခါးပတ်"

"သံချပ်ကာဟီးရိုးအသွင်ပြောင်းကိရိယာတွေ"

"သံမဏိလူသားရဲ့သံချပ်ဝတ်"

"ပြီးတော့ မျိုးရိုးဗီဇနည်းပညာတွေ ထည့်ပေါင်းမယ်။ အင်း..စူပါမန်း ဟော့ခ်…"

"သာမန်လက်နက်တွေက များသွားပြီ။ ကျင့်ကြံရေးဘက်ကို သွားရအောင်"

"ထူးဆန်းတဲ့မီးအမျိုးအစားတွေ၊ မဟာကန္တာရကောင်းကင်အကျဉ်းတိုက်လက်ညှိုးသိုင်း၊ လောင်ကျွမ်းခြင်းကျင့်စဉ်၊ ဝိညာဉ်သိုင်းစနစ်…"

ကျန်းမုန့်လောင်က သူစဉ်းစား၍ရသမျှ အရာအားလုံးကို ဂိမ်းထဲသို့ ထည့်ထားလိုက်သည်။ သူ့မှာ ရယ်ချင်စိတ်ကို မနည်းထိန်းထားရသည်။ ဤဟက်ခ်က အလွန်အစွမ်းထက်နေလေပြီ။ ဤဟက်ခ်များ ဂိမ်းထဲတွင် ပေါ်လာသည်နှင့် ထိုနိုင်ငံခြားသားကစားသမားများ၏ မျက်နှာထက်ရှိ စိတ်ပျက်လက်ပျက်ဖြစ်သွားမည့် အမူအရာများကို သူ မြင်ယောင်နေမိသည်။

"ဖျတ်"

တစ်ညအတွင်းမှာပင် ဟက်ခ်ကုတ်များကို ကျန်းမုန့်လောင် တစ်ထိုင်တည်းအပြီးရေးပြီး အွန်လိုင်းပေါ်သို့ တင်လိုက်သည်။ ဤကုတ်ကို နဂါးတိုက်မှ ကစားသမားများသာ အသုံးပြုနိုင်သည်။ သူ့ဉာဏ်ရည်တု၏အကူအညီဖြင့် အွန်လိုင်းဆန်းစစ်ရေးကိုလည်း ထည့်သွင်းထားသည်။ နိုင်ငံခြားသားကစားသမားတစ်ယောက်ယောက်သာ နဂါးတိုက်နယ်ထဲသို့ ခိုးဝင်လာပြီး ဤဟက်ခ်ကုတ်ကိုသုံးဖို့ ကြိုးစားသည်နှင့် အကောင့်ပိတ်ခံရမည်ဖြစ်၏။

တစ်နည်းဆိုရသော် ဟွာရှားစစ်သည်တော်များသာ ဤကုတ်ကို အသုံးပြုနိုင်ပေသည်။

"ကျစ် ကျစ် ကျစ်"

ကျန်းမုန့်လောင် ခေါင်းခါယမ်းလိုက်မိသည်။

"အရူးအမူးပွဲစည်သွားမဲ့ ပွဲတော်ကြီးကို စလိုက်ကြရအောင်"

*****************

All Chapters