နဂါးတိုက် စစ်ချီထွက်ခြင်း၊ မြက်တစ်ပင်တောင် မပေါက်စေရဘူး
Vol. 39 Ch. 579
ပထမဆုံးကစားသမားတစ်ယောက်က "ဟက်ခ်ကုတ်"ကို စတင်တွေ့ရှိသွားချိန်မှာပင် ထိုကုတ်က ဖိုရမ်ပေါ်မှ ချက်ချင်းပျောက်ကွယ်သွားခဲ့သည်။ သို့သော် အစအနမကျန်အောင် ပျောက်သွားခြင်းတော့ မဟုတ်ချေ။ ကစားသမားအသိုင်းအဝိုင်းကျဉ်းကျဉ်းလေးတစ်ခုထဲတွင် တိတ်တဆိတ်ပျံ့နှံ့သွားခဲ့သည်။
ထိုကစားသမားက ဤအကြောင်းကို သူ့သူငယ်ချင်းများအား ချက်ချင်းလက်တို့လိုက်သည်။ ဤအတောအတွင်း သူတို့ဟာ ပေါင်လဲ့ဂိမ်းကုမ္ပဏီ၏ နည်းဗျူဟာများကြောင့် ဒေါသထွက်နေကြရုံသာမက တခြားဆာဗာရှိ ကစားသမားများ၏ ရန်စမှုများကြောင့်လည်း အကြီးအကျယ်စိတ်တိုနေကြရသည်။ ဤဟက်ခ်ကုတ် ပေါ်ပေါက်လာခြင်းမှာ သူတို့ရင်ထဲရှိ ရဲတင်းလှသော အကြံတစ်ခုကို မီးမွှေးပေးလိုက်သလို ဖြစ်သွားသည်။
"မင်းတို့က ဂိမ်းရဲ့မျှခြေကို ဖျက်ဆီးချင်တယ်ပေါ့။ ရတယ်လေ။ ဒါဆိုလည်း တစ်စစီဖြစ်သွားအောင် ငါတို့က ဖျက်ဆီးပေးမယ်"
နဂါးတိုက်၏ဆာဗာထဲတွင် ကျန်းနန်ဒေသထဲရှိ မြေပုံ၏ တောင်တန်းထူထပ်သော နေရာတစ်ခုမှာ ကစားသမားတစ်စု စုဝေးရောက်ရှိနေကြသည်။ လူအများကြီးတော့ မဟုတ်ပေ။ ထိုကစားသမားဝင်ထားသော ဂိုဏ်းထဲရှိ အဖွဲ့ဝင်အယောက်နှစ်ဆယ်ခန့်သာ။
"မှော်ဆရာမလေးကာတိုတာကာ"ဟုခေါ်သော ကစားသမားက ဂိုဏ်းဂရုထဲမှာ မေးလိုက်၏။
"ဘာကိစ္စမို့လို့ အခုလို အရေးတကြီးလူစုလိုက်ရတာလဲ"
မှော်ဆရာမလေးအီဂတ် : "ဟုတ်ပါ့။ ငါ့သမီးကို ကျောင်းသွားကြိုရဦးမှာဟ။ ညကျမှ ပြောလို့မရဘူးလား"
မှော်ဆရာမပင်ဂွင်းလေး : "သူငယ်ချင်းတို့... ငါ သောက်ရမ်းမိုက်တဲ့ဟာတစ်ခု ရှာတွေ့ထားတယ်။ ဒီကမ္ဘာပေါ်မှာ ဒီလောက်မိုက်တဲ့ဟက်ခ်မျိုး ရှိတယ်ဆိုတာ မင်းတို့ ယုံတောင်ယုံမှာမဟုတ်ဘူး"
မှော်ဆရာမလေးတင်းဆန်ရှီ : "ဘရို... မင်းအကောင့်တော့ သွားပြီ။ ဒီဂိမ်းက ဟက်ခ်ကုတ်သုံးရင် တအားစည်းကမ်းတင်းကျပ်တာကွ။ ငါထင်တာတော့ ဂိမ်းရဲ့ကြီးကြပ်သူတွေက မင်းကို သတိထားမိနေလောက်ပြီ"
မှော်ဆရာမပင်ဂွင်းလေး : "စိတ်မပူစမ်းပါနဲ့ကွာ။ ငါက တားဆီးပိတ်ဆို့တဲ့စနစ်ကို ဖွင့်ထားပြီးသား။ ဟက်ခ်အကြောင်း ပြောဖို့နေနေသာသာ အခုချက်ချင်း ငါ ဟက်ခ်ထုတ်သုံးပြရင်တောင် သူတို့သိမှာမဟုတ်ဘူး"
"မှော်ဆရာမပင်ဂွင်းလေး"ဟုခေါ်သော ကစားသမားက ချောက်ကမ်းပါးအစွန်းကို လျှောက်သွားပြီး အောက်သို့ တကယ်ခုန်ချပစ်လိုက်လေတော့သည်။
သူ့ဂိုဏ်းသားများအားလုံး ထိတ်လန့်သွားကြသည်။ ဤဂိမ်းထဲမှာ အမြင့်ပေများကို လက်တွေ့ဆန်ဆန် ဖန်တီးထားသည်။ မီတာတစ်ရာကျော်မြင့်သော ချောက်ကမ်းပါးပေါ်က ခုန်ချလျှင် သေချာပေါက်သေရမည်သာ။ ဂိမ်း၏ပြစ်ဒဏ်စည်းမျဉ်းအရ ကစားသမားတစ်ယောက် သေဆုံးသွားပါက သူတို့၏စွမ်းဆောင်ရည်နှင့် စာရင်းဇယားများအားလုံး နှစ်ဆယ့်လေးနာရီတိတိ ထက်ဝက်လျော့ကျသွားမည်ဖြစ်၏။
နဂါးတိုက်ထဲရှိ ကစားသမားများခမျာ အစကတည်းက အကျပ်ရိုက်နေပြီးသားပင်။ သူက ယခုလို သေကြောင်းကြံစည်လိုက်သောအခါ နဂါးတိုက်၏အင်အားကို လျော့ပါးသွားအောင် လုပ်လိုက်သလို ဖြစ်မသွားဘူးလား။ လက်ရှိအခြေအနေတွင် ကစားသမားတစ်ယောက်၏ လုပ်အားက အလွန်တန်ဖိုးရှိလှသည်။
သူတို့အားလုံး ချောက်ကမ်းပါးအစွန်းကို ချက်ချင်းပြေးကြည့်လိုက်ကြသော်ငြား ထိုစဉ်မှာပင် ချောက်ကမ်းပါးအောက်ခြေမှာ ခရမ်းရောင်အလင်းတန်းတစ်ခု လက်ခနဲ ဖြစ်သွားပြီး ခုန်ချသွားသည့် "မှော်ဆရာမပင်ဂွင်းလေး"က အထက်သို့ ဖြည်းဖြည်းချင်းပြန်တက်လာကြောင်း တွေ့လိုက်ရသည်။ သူ့ကျောဘက်မှာမူ လျှပ်စီးတဖျပ်ဖျပ်လက်နေသော ခရမ်းရောင်အတောင်ပံတစ်စုံ ရှိနေပေသည်။
"သောက်ကျိုးနည်း သိုချီအတောင်ပံလား။ တိုက်ခိုက်ရေးဘုရင်အဆင့်ပညာရှင်လား"
"သေစမ်း။ မင်း ဘယ်လိုလုပ်ပြီး ပျံနေတာလဲ။ ဒီဂိမ်းက နည်းပညာစနစ်ပဲ ရှိတာလေ။ ကျင့်ကြံရေးစနစ်မပါဘူးမလား"
"ကိုယ့်လူ... မင်း ဟက်ခ်လိုက်တာလား"
မှော်ဆရာမဂိုဏ်းထဲရှိ အဖွဲ့ဝင်အားလုံး ပါးစပ်အဟောင်းသားဖြစ်ကုန်ကြသည်။
ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။ ဒါက သောက်ရမ်းအဓိပ္ပာယ်မရှိတာကြီး!
"ဒါကို ပျံသန်းခြင်းတိုက်ခိုက်ရေးကျင့်စဉ် - ခရမ်းရောင်တိမ်တိုက်တောင်ပံ'လို့ခေါ်တယ်"
"မှော်ဆရာမပင်ဂွင်းလေး"က ဂုဏ်ယူဝင့်ကြွားစွာဖြင့် ပြောလိုက်၏။
"မင်း ဘယ်လိုလုပ်လိုက်တာလဲ။ ပိုက်ဆံဖြည့်လိုက်တာလား။ မဟုတ်သေးပါဘူး... ဒီဂိမ်းက ငွေဖြည့်တဲ့လုပ်ဆောင်ချက်တောင် မဖွင့်ရသေးဘူး။ ဖွင့်တယ်ဆိုရင်တောင် အလှဆင်ဖို့သက်သက်ပဲဖြစ်မှာ။ အခုလိုမျိုး ပျံလို့ရတယ်ဆိုတာက ဂိမ်းရဲ့မျှခြေကို ပျက်စီးစေတယ်"
"ငါပြောသားပဲ။ သောက်ရမ်းမိုက်တဲ့ ကုတ်တစ်ခုကို ဖွင့်ထားပါတယ်ဆိုမှ"
မှော်ဆရာမပင်ဂွင်းလေးက ဆက်ပြောလေသည်။
"မင်းတို့တော့ ယုံမှာမဟုတ်ဘူး။ ဒီထဲမှာ အထောက်အကူပြုတဲ့ လုပ်ဆောင်ချက်တွေတင်မကဘူး။ ပစ္စည်းစုံတဲ့ အရောင်းဆိုင်လည်း ပါတယ်။ ပြီးတော့ အဲဒါက အမြတ်ထုတ်ဖို့ လုပ်ထားတာမဟုတ်ဘူးထင်တယ်။ ပစ္စည်းတွေအကုန်လုံးက အလကားရတာကွ"
"ငါ့ရဲ့သွေးဘားကို ကြည့်လိုက်"
ကစားသမားအားလုံးလည်း "မှော်ဆရာမပင်ဂွင်းလေး"၏ ဇာတ်ကောင်အရုပ်လေးကို နှိပ်ကြည့်လိုက်သော် သူ့ကိုယ်ရေးအချက်အလက်နေရာတွင် သွေးပမာဏကို "???"ဟု ပြနေကြောင်း တွေ့လိုက်ရသည်။ ဤနေရာရှိ လူတိုင်းက ဝါရင့်အင်တာနက်အသုံးပြုသူများပင်။ ပုံမှန်ဆိုလျှင် ယခုလိုပြသနေခြင်းမှာ ဂဏန်းက များလွန်းလှသဖြင့် တွက်ချက်၍မရနိုင်ကြောင်း ဆိုလိုပေသည်။
ဤဂိမ်းထဲတွင် အဆင့်မည်မျှပင် တက်သွားစေကာမူ၊ ဘယ်လိုပစ္စည်းကိရိယာများပင် ဝတ်ထားထား အမြင့်ဆုံး သွေးပမာဏက တစ်ရာအထိသာ ရှိ၏။ ထိုကိရိယာများက ကာကွယ်နိုင်စွမ်းနှင့် ခံနိုင်ရည်အားကိုသာ မြှင့်တင်ပေးပြီး သတ်မှတ်ထားသည့် သွေးပမာဏကိုတော့ ပြောင်းလဲမပေးနိုင်ပေ။
"ဒီထက်ပိုမိုက်တာကို ပြဦးမယ်"
မှော်ဆရာမပင်ဂွင်းလေးက မြေပြင်ပေါ်သို့ ဆင်းသက်လိုက်၏။ "ခရမ်းရောင်တိမ်တိုက်တောင်ပံ"လည်း ပျောက်ကွယ်သွားပြီး သူ့အိတ်ထဲရှိ ပုံစံခပ်ဆန်းဆန်းပစ္စည်းတစ်ခုကို ထုတ်ယူလိုက်၏။
"ဒီ... ဒီဒီဇိုင်းက... မဟုတ်မှလွဲရော..."
"အယ်လ်ထရာမန်း!"
စူးရှလှသော အလင်းရောင်တစ်ခု ဖြာထွက်လာသဖြင့် ကစားသမားများအားလုံး ခဏမျှ မျက်လုံးမဖွင့်နိုင်ခဲ့ပေ။ စက္ကန့်အနည်းငယ်ကြာမှသာ သူတို့၏ကွန်ပျူတာဖန်သားပြင်များမှာ တဖြည်းဖြည်းပြန်လည်ကြည်လင်ပြတ်သားလာတော့သည်။
"ဒါ... ဒါ လုံးဝမဖြစ်နိုင်ဘူး!"
"သောက်ကျိုးနည်း...သောက်ကျိုးနည်း... သောက်ကျိုးနည်း"
"ဘာလဲဟ!"
"သေစမ်း! မိုက်လိုက်တာကွာ!"
သူတို့ရှေ့တွင် အနီနှင့်အပြာစပ်ကြား အစင်းကြောင်းများပါရှိသည့် မီတာငါးဆယ်ကျော်မြင့်သော ဘီလူးကြီးတစ်ကောင် ရပ်နေလေသည်။ သူ့ခန္ဓာကိုယ်မှ အားကောင်းလှသော ဖိအားတစ်ရပ် ထွက်ပေါ်နေသလို ကြီးမြတ်လှသော အလင်းရောင်တစ်ဖြာလည်း တောက်ပနေချေသည်။
"မင်း အလင်းရောင်အဖြစ် ပြောင်းသွားတာလား"
"ဒါ ဘယ်လိုကုတ်မျိုးလဲ။ သောက်ရမ်းမိုက်လွန်းမနေဘူးလား"
ဤကဲ့သို့သောဂိမ်းများကို ကစားဖူးသည့် ဝါရင့်ကစားသမားများအနေနှင့် ကုတ်များ၏ကန့်သတ်ချက်ကို ကောင်းကောင်းသိထားကြသည်။ များသောအားဖြင့် စနစ်၏ ဟာကွက်များကို အခွင့်ကောင်းယူပြီး ဂိမ်းကစားပုံကို ပြောင်းလဲတာမျိုး ရှိသော်လည်း ဤမျှအထိတော့ မဖြစ်နိုင်ချေ။
ဥပမာအားဖြင့် PUBGဂိမ်းထဲတွင် နာမည်အကြီးဆုံးဖြစ်သည့် "နတ်ဘုရားများ၏နေဝင်ချိန်"တွင် အနိုင်ရရှိသူက ပစ်မှတ်ချိန်ရွယ်စနစ်နှင့် ဖောက်ထွင်းမြင်ရသောစနစ်ကိုသုံးပြီး မြေပုံတစ်ဝက်လောက်ဝေးသော အကွာအဝေးမှ တစ်ဖက်လူကို တစ်ချက်တည်းနှင့် သတ်ပစ်နိုင်ခဲ့သည်။
ထို့ပြင် အရှိန်နှုန်းမြင့်သောဟက်ခ်များ၊ ကိုယ်ပျောက်ဟက်ခ်များ စသဖြင့်လည်း ရှိ၏။
သို့သော် အယ်လ်ထရာမန်းအဖြစ် ပြောင်းလဲခြင်းမှာမူ ယုတ္တိမရှိလှပေ။ ဤသည်မှာ ဟက်ခ်ကုတ်ရော ဟုတ်ရဲ့လား။ ဤသည်မှာ အသစ်စက်စက်ဂိမ်းတစ်ခုမဟုတ်လား။
သုံးမိနစ်အကြာတွင် "မှော်ဆရာမပင်ဂွင်းလေး"က မူလပုံစံအဖြစ် ပြန်ပြောင်းသွားသည်။
"ဒီဇိုင်နာကတော့ ရူးသွားပြီပဲ။ အယ်လ်ထရာမန်းကိုထည့်ပြီး သုံးမိနစ်စည်းမျဉ်းကို လိုက်နာနေသေးတယ်"
"အကောင့်ဘန်းမဲ့သတိပေးစာ ရောက်မလာဘူးလား"
တစ်စုံတစ်ယောက်က မေးလိုက်၏။
"မလာပါဘူး။ ဒီဟက်ခ်ကုတ်ရဲ့ရှင်းလင်းချက်မှာတော့ ဆာဗာဆီကိုပြန်ပို့တဲ့ ဒေတာတွေအကုန်လုံးကို ပြုပြင်ထားပြီးသားလို့ ရေးထားတယ်။ အဲဒါကြောင့် တစ်ယောက်ယောက်ကသာ ဗီဒီယိုရိုက်မထားရင် ဒေတာအရ ငါတို့ ဟက်ခ်ကုတ်သုံးထားမှန်း ပေါ်မှာမဟုတ်ဘူး"
"ဒါပေမဲ့ စိတ်တော့မချရသေးဘူး။ သက်သေသာရှိရင် အကောင့်ဘန်းလို့ရနေတုန်းပဲလေ။ လက်ဝင်ပေမဲ့ အနှေးနဲ့အမြန်ဖြစ်လာမှာပဲ"
"ဟေး..သူတို့တွေပဲ အကောင့်ဘန်းလို့ရတယ်လို့ ထင်နေတာလား"
မှော်ဆရာမပင်ဂွင်းလေးက ရယ်လိုက်လေသည်။
"ဒီဟက်ခ်ကုတ်မှာ အရမ်းမိုက်တဲ့လုပ်ဆောင်ချက်တစ်ခုပါတယ်။ တန်ပြန်ဘန်းခြင်းတဲ့"
"တန်ပြန်ဘန်းခြင်းဆိုတာက ဘာအဓိပ္ပာယ်လဲ"
"ရှင်းရှင်းလေးပါ။ စနစ်ကြီးကြပ်သူရဲ့အကောင့်ကို ပြန်ဘန်းတာကိုပြောတာ"
သူက ဂိုဏ်းဂရုချက်ကိုဖွင့်ပြီး ထိုလုပ်ဆောင်ချက်ပါသော အင်တာဖေ့စ်ကို စခရင်ရှော့ရိုက်ပို့လိုက်လေရာ ဂိုဏ်းတစ်ခုလုံး စိတ်လှုပ်ရှားမှုကြောင့် ပွက်လောရိုက်ကုန်လေသည်။
"ရှယ်ပဲဟေ့။ မင်းက ကြီးကြပ်သူကိုတောင် ဘန်းလို့ရတယ်ပေါ့။ ဒီဆရာကြီးက ဆာဗာရဲ့ပင်မကုတ်ကိုများ ရထားတာလား"
"သူလျှိုတစ်ယောက်များရှိတာလား"
"မှော်ဆရာမပင်ဂွင်းလေး"က အံ့ဖွယ်ကောင်းလှသော ပစ္စည်းတစ်ခုကို လူတိုင်းမြင်နိုင်စေရန် မျှဝေဖို့ ဆုံးဖြတ်လိုက်သည်။ သူသည် အလွန်ထူးခြားလှသော ပစ္စည်းကိုဖွင့်ကာ ဖိတ်ဖိတ်လက်နေသော ပစ္စည်းများအားလုံးကို စခရင်ရှော့ရိုက်ပြပြီး ဂရုထဲသို့ ပို့လိုက်လေတော့သည်။
"တကယ်ပါပဲ။ ငါက အယ်လ်ထရာမန်းအသွင်ပြောင်းကိရိယာတစ်ခုတည်းနဲ့တင် ကြမ်းလှပြီထင်နေတာ။ ဆိုင်ယန်မျိုးဆက်လည်း ပါနေသေးတာကိုး။ အဲဒါက သောက်ကျိုးနည်း ဘာကြီးလဲ"
"ဂန်ဒမ်လား။ ယောကျ်ားတစ်ယောက်ရဲ့အိပ်မက်ပါလား"
"ကျင့်ကြံရေးစနစ်တောင် ပါသေးတာလား။ ဘုရားရေ.. ဓားပျံထိန်းချုပ်ရေးနည်းပညာတဲ့လား"
...
"မြန်မြန်လုပ်…မြန်မြန်.. လင့်ခ်ကို ဂရုထဲမှာ ပို့ထားပေးစမ်းပါ။ ငါ ဒေါင်းချင်လှပြီ"
"ဟားဟားဟား.. အဲဒီနိုင်ငံခြားသားကစားသမားတွေက သူတို့ကိုယ်သူတို့ ဟုတ်လှပြီထင်နေတာမလား။ ဂိမ်းရဲ့မျှခြေ ပျက်စီးသွားရင် ဘယ်လိုခံစားရလဲဆိုတာ သူတို့ကို ပြလိုက်ရအောင်"
"သူတို့က အရင်စည်းဖောက်တာဆိုတော့ ငါတို့ကို အပြစ်လာမတင်နဲ့ပေါ့"
"အရင်ဆုံး ငါတို့ မဟာမိတ်ဖွဲ့ဖို့လိုတယ်။ ငါတို့အယောက်နှစ်ဆယ်တည်းနဲ့ဆိုရင် စိတ်လှုပ်ရှားဖို့မကောင်းဘူး။ ဒီလောက်ပျော်စရာမကောင်းတဲ့ကိစ္စကို ငါတို့ချည်းပဲ သိမ်းထားလို့ ဘယ်ဖြစ်မလဲ"
"ဟဲဟဲဟဲ"
"နဂါးတိုက်က စစ်ချီပြီဟေ့ဆိုရင် မြက်တစ်ပင်တောင် မကျန်စေရဘူး"
*****************