← Chapters

ကောင်းကင်ယံ၌ ဓားပျံစီးနင်းနေသူတစ်ယောက်

Vol. 39 Ch. 580

ကောင်းကင်ယံ၌ ဓားပျံစီးနင်းနေသူတစ်ယောက်

Vol. 39 Ch. 580

"ဒီည နင်ဂျာတိုက်နယ်က နဂါးတိုက်ရဲ့ ကျန်းရေကန်နယ်မြေကို တိုက်ခိုက်ဖို့ ကစားသမားအယောက်ငါးထောင် လွှတ်လိမ့်မယ်"

စစ်ကြေညာစာတမ်းတစ်စောင်က အုပ်စိုးသူအရှင်၏ ကမ္ဘာ့ဖိုရမ်ထဲတွင် ထွက်ပေါ်လာခဲ့သည်။

သမိုင်းကြောင်းကိုပြန်ကြည့်လျှင် အခြားဆာဗာမှ ကစားသမားများက ကြိုတင်သတိပေးခြင်းမရှိပါဘဲ ဝင်ရောက်တိုက်ခိုက်လေ့ရှိသည်။ အကြောင်းမှာ နဂါးတိုက်မှ ကစားသမားများ၏ စုစုပေါင်းအင်အားမှာ အလွန်အားနည်းသောကြောင့်ပင်။ သူတို့တွင် ကစားသမားလူဦးရေ များပြားသော်ငြား တိုက်ပွဲဇုန်အသီးသီးကို တပ်ဖြန့်လိုက်သည့်အခါ အရေအတွက်ကား ပြောပလောက်စရာမရှိတော့ချေ။

ထို့ပြင် နဂါးတိုက်ရှိ ကစားသမားများ၏ ပျမ်းမျှအဆင့်သတ်မှတ်ချက်မှာ အဆင့်၈၇ဖြစ်၏။ တစ်နည်းဆိုရသော် တစ်ဖက်ဆာဗာက အင်အားကွာခြားမှုသိသာခြင်းမရှိပါက နဂါးတိုက်နယ်ဘက်မှ ခုခံကာကွယ်ရန် ခက်ခဲပေလိမ့်မည်။

ထိုမျှသာမက ရုတ်တရက်ဆန်သော ဤတိုက်ခိုက်မှုများကြောင့် တစ်ဖက်စောင်းနင်းဆန်သလို ဖြစ်သွားစေသည်။

ယခုမူ နင်ဂျာတိုက်နယ်၏ ကစားသမားများက နဂါးတိုက်နယ်ကို စိန်ခေါ်စာပို့လိုက်ခြင်းမှာ နဂါးတိုက်ရှိ ကစားသမားများကို ပြင်ဆင်ချိန်အလုံအလောက်ပေးလိုက်ခြင်းဖြစ်ကြောင်း သေချာပေသည်။

နဂါးတိုက်ထဲရှိ ကစားသမားများမှာ ကြေးခေတ်နှောင်းပိုင်းသို့ ရောက်ရှိနေပြီဖြစ်ကာ ကျောက်ခဲပစ်စက်များ၊ လေးများနှင့် အခြားစစ်လက်နက်များကို ပိုင်ဆိုင်ထားကြပြီဖြစ်၏။ အကယ်၍ ခံစစ်ကိုသာ ကြိုတင်ပြင်ဆင်ထားနိုင်ပါက နင်ဂျာတိုက်ရှိ ကစားသမားများ အထိနာသွားနိုင်သည်။

သို့သော် ယခုလိုပြောင်ပြောင်တင်းတင်း စိန်ခေါ်ရဲပုံထောက်သော် သူတို့ဘက်က ဤစစ်ဆင်ရေးကို အလွန်ယုံကြည်မှုရှိနေပုံရသည်။

"သေလိုက်လေ။ လာစမ်းပါ။ ဘယ်သူက ဘယ်သူ့ကိုကြောက်ရမှာလဲ"

"လာလေ။ လာရဲရင် လာကြည့်လိုက်။ ငါတို့ရဲ့ကျောက်ခဲပစ်စက်တွေနဲ့ ဒူးလေးတွေက အလကားအလှပြထားတာမို့လို့လား"

"တစ်ယောက်လာရင် တစ်ယောက်သတ်ပစ်မယ်။ နှစ်ယောက်လာရင် နှစ်ယောက်သတ်ပစ်မယ်။ နင်ဂျာတိုက်က ကောင်တွေ ငရဲသွားလိုက်ကြတော့"

ရန်စလိုဟန် အပြုအမူကြောင့် နဂါးတိုက်ရှိ ကစားသမားများ၏ ဆဲဆိုသံများမှာ ပိုမိုကျယ်လောင်လာခဲ့သည်။

လက်ရှိအချိန်အထိ နဂါးတိုက်ဆာဗာ၏နယ်မြေများကို အများဆုံးသိမ်းပိုက်ထားသူမှာ ရက်နည်းနည်းကြာတိုင်း လာရောက်တိုက်ခိုက်နေသည့် နင်ဂျာတိုက်နယ်ပင်။ လာတိုက်ခိုက်တိုင်းလည်း နဂါးတိုက်ရှိ ကစားသမားများဘက်က အထိနာခဲ့ပြီး ကစားသမားများခမျာ သေဆုံးမှုပြစ်ဒဏ်ကို ခံယူခဲ့ရရုံဿာမက နယ်မြေအရင်းအမြစ်များစွာကိုလည်း လက်လွှတ်ခဲ့ရသည်။

သို့သော် ထိုအချိန်မှာပင် မျှော်လင့်ချက်ပျက်သုဉ်းစေသော သတင်းစကားတစ်ခု ရောက်လာခဲ့သည်။

နင်တိုက်နယ်ရှိ ကစားသမားများက ရေနွေးငွေ့ခေတ်သို့ ရောက်လုနီးပါးဖြစ်နေလေပြီ။ သူတို့က သေနတ်တချို့ကိုပင် ပိုင်ဆိုင်ထားကြပြီတဲ့။

အားအနည်းဆုံးသေနတ်ဖြစ်လျှင်ပင် နဂါးတိုက်ရှိ ကစားသမားများအနေနှင့် လက်ရှိအခြေအနေတွင် ပြန်လည်ခုခံနိုင်စွမ်းမရှိပါချေ။

ဤဂိမ်းလောကထဲရှိ လွတ်လပ်ခွင့်မှာ မြင့်မားလှသည်။ အရာအားလုံးက လက်တွေ့ကမ္ဘာထဲကအတိုင်း ဖြစ်နေစရာမလိုပေ။ မိမိ၏စိတ်ကူးဉာဏ်ကွန့်မြူးမှုက ကြွယ်ဝနေပြီး ဂိမ်း၏ယန္တရားများကို နားလည်ကာ ဒီဇိုင်းကိုဖန်တီးပြီး ကုန်ကြမ်းပစ္စည်းများသာ အလုံအလောက်ရှိသရွေ့ ဖန်တီးထုတ်လုပ်နိုင်ပေသည်။

ပြီးခဲ့သည့်တစ်ခေါက်တုန်းက အိမ်နီးချင်းဆာဗာတစ်ခု လာရောက်ကျူးကျော်စဉ်က သားရဲကောင်များ ဆွဲလာသည့် ရွေ့လျားသံမဏိခံတပ်ကြီးတစ်ခု ပါလာခဲ့သည်။ လက်တွေ့ကမ္ဘာတွင် မည်မျှသန်မာသော သားရိုင်းကောင်ပင်ဖြစ်လင့်ကစား ထိုအရာကို ဆွဲနိုင်မည်မဟုတ်သော်ငြား ဤနေရာမှာတော့ ဖြစ်နိုင်သည်။

ထိုရွေ့လျားခံတပ်ကြီးက လက်နက်မျိုးစုံကို ပစ်ခတ်နိုင်သဖြင့် နဂါးတိုက်ဆာဗာ၏ မြို့တစ်မြို့ကို ချက်ချင်းအမြစ်ဖြတ်ပစ်လိုက်နိုင်သည်။

ထို့ကြောင့် ဤဂိမ်းထဲတွင် နယူတန်က အခေါင်းထဲမှ ထလာမလားဆိုတာကိုလည်း စိတ်ပူနေစရာမလိုချေ။ လက်တွေ့ဘဝအတိုင်းသာ အရာရာတိုင်းကို တစ်သဝေမတိမ်းလိုက်နာနေလျှင် ဂိမ်းကစားရခြင်းမှာ အဘယ်မှာများ ပျော်စရာကောင်းတော့မည်နည်း။

"အကုန်သတ်ပစ်။ အကုန်မီးရှို့ပစ်လိုက်။ အကုန်လုယူကြ"

"နဂါးတိုက်က ကစားသမားတွေအကုန်လုံး အမှိုက်တွေချည်းပဲ။ အဲဒီအရင်းအမြစ်တွေအကုန်လုံး ငါတို့နင်ဂျာတိုက်ကစားသမားတွေကို ပေးလိုက်စမ်း"

"နဂါးတိုက်ကစားသမားတွေ လက်နက်ချလိုက်တာ ပိုကောင်းမယ်နော်။ မင်းတို့ ထပ်သေနေရင် အဆင့်၉၀အောက်ကို ရောက်သွားလိမ့်မယ်"

ပုံမှန်တိုက်ပွဲများတွင် နင်ဂျာတိုက်ကစားသမားတစ်ယောက်ကို သတ်နိုင်ရန်အတွက် နဂါးတိုက်ကစားသမားလေးငါးယောက်ခန့် စတေးရသဖြင့် နင်ဂျာတိုက်ကစားသမားများ၏ မျက်လုံးထဲတွင် နဂါးတိုက်ကစားသမားများမှာ ခုခံနိုင်စွမ်းမရှိသူများအဖြစ် မြင်ကာ အရူးအမူးလှောင်ပြောင်နေကြသည်။

"ငါတို့တွေအကုန်လုံး တိုက်ပွဲကျသွားရင်တောင် ဘယ်တော့မှ အရှုံးမပေးဘူးကွ"

"ငါတို့ဟွာရှားလူမျိုးတွေက ဘယ်တုန်းကမှ ဒူးမထောက်ဖူးဘူး။ သမိုင်းထဲမှာလည်း ဒူးမထောက်ခဲ့ဖူးသလို ဂိမ်းထဲမှာလည်း ဖြစ်လာမှာမဟုတ်ဘူး"

"မင်းတို့ ငါတို့ဆာဗာရဲ့အရင်းအမြစ်တွေကို လိုချင်ရင် ငါတို့ကို အရင်ကျော်သွားမှရမယ်"

...

ဟွာရှားကစားသမားများ၏ရင်ထဲတွင် မခံချင်စိတ်များနှင့် ဒေါသများ ပြည့်နှက်လာသည်။

"ခုခံတာတွေဘာတွေ မေ့လိုက်တော့။ ငါ ကျန်းရေကန်တိုက်ပွဲဇုန်ကို တန်းသွားတော့မယ်"

"ဘာလို့မိုင်းတူးနေဦးမှာလဲ။ လူသတ်ကြမယ်လေ"

"ညီအစ်ကိုတို့.. မင်းတို့လက်နက်တွေကို ယူခဲ့ကြ"

"ဧကရာဇ်စစ်ချီထွက်ပြီဟေ့။ မြက်တစ်ပင်တောင် မကျန်စေရဘူး"

ကစားသမားအမြောက်အများက ကျန်းရေကန်နယ်မြေသို့ ထွက်လာခဲ့ကြသည်။ အစတုန်းက ကစားသမားအယောက်နှစ်သောင်းမျှသာ ရှိခဲ့သော ကျန်းရေကန်တိုက်ပွဲဇုန်တွင် ကစားသမားအယောက်ငါးသောင်းကျော်အထိ ရုတ်ခြည်းတိုးလာခဲ့သည်။

လူအရင်းအမြစ်များကို အင်အားဖြည့်တင်းလိုက်သည်နှင့် ကမ်းရိုးတန်းတစ်လျှောက်တွင် ခံစစ်စည်းများ တစ်ခုပြီးတစ်ခု ပေါ်လာခဲ့သည်။

...

"မုန့်လောင်.. မင်း သတင်းကြားပြီးပြီလား။ နင်ဂျာတိုက်ကစားသမားတွေက ဒီနေ့ ငါတို့နဂါးတိုက်ကစားသမားတွေကို လာတိုက်ကြမယ်တဲ့။ အယောက်ငါးထောင်တောင်နော်။ နည်းနည်းနောနောမဟုတ်ဘူး။ ဘယ်လိုလဲ။ ငါတို့ စစ်ကူသွားဖြည့်ကြမလား"

"ထားလိုက်ပါကွာ။ မင်းရဲ့အဆင့်နဲ့ ကိရိယာတွေနဲ့သာဆိုရင် တောဝက်တစ်ကောင်ကတောင် မင်းကို သတ်နိုင်တယ်။ မင်းက အဲဒီကို ဘာသွားလုပ်မှာလဲ"

ကျန်းမုန့်လောင်က လှောင်ပြောင်ထေ့ငေါ့လိုက်၏။ ဝမ်လင်သည် ပထမဆုံးရက်ကတည်းက လော့အင်ဝင်ထားပြီး အခြားဆာဗာမှ ကစားသမားများ၏ လှောင်ပြောင်သရော်မှုများကို ဂရုမစိုက်ဘဲ အုပ်စိုးသူအရှင်ဂိမ်းကို ကစားနေခဲ့သည်။

ဤသို့ဖြင့် သူ့ဇာတ်ကောင်က ခေါင်းပြောင်ပြောင်ကြီးကလွဲပြီး ဘာမှမရှိပေ။

"သေစမ်း။ ဒါဆို ငါတို့က နဂါးတိုက်ဆာဗာကြီး ပျက်စီးသွားတာကို ဒီအတိုင်းထိုင်ကြည့်နေရမှာလား"

"ငါတို့ဆာဗာက ပျက်စီးမယ်လို့ ဘယ်သူကပြောလဲ"

ကျန်းမုန့်လောင် ရယ်မောလိုက်ချေသည်။

"ဒီ‌နေ့ သူတို့က အယောက်ငါးထောင်လွှတ်လိုက်မယ်တဲ့။ တစ်ယောက်မှ အရှင်ပြန်မလွှတ်ဘူး"

"တကယ်လား။ မင်းကိုကြည့်ရတာ တေ်တော်ယုံကြည်မှုရှိနေသလိုပဲ"

"ဟဲဟဲ.. ငါ မင်းကိုပြစရာတစ်ခုရှိတယ်"

...

"သောက်ကျိုးနည်း! မိုက်လိုက်တာ! ငါလည်းကစားချင်တယ်"

"ဒီညရှစ်နာရီ ကျန်းရေကန်နယ်မြေမှာ ဆုံကြမယ်။ မလာဘဲမနေနဲ့နော်"

...

ညရှစ်နာရီတွင် နဂါးတိုက်ရှိ ကစားသမားအယောက်ငါးသောင်းကျော်က ကျန်းရေကန်တိုက်ပွဲနယ်မြေတွင် စုဝေးနေကြပြီး ကျယ်ပြောလှသော သမုဒ္ဒရာကြီးကို ငေးကြည့်နေကြသည်။

နဂါးတိုက်ရှိ ကစားသမားများမှာ သစ်သားလှေများကို တည်ဆောက်နိုင်ပြီဖြစ်သော်ငြား ထိုလှေငယ်လေးများမှာ ခရီးဝေးရွက်လွှင့်မှုကို မလုပ်ဆောင်နိုင်သေးပေ။ တစ်ဖက်ခြမ်းရှိ နင်ဂျာတိုက်နယ်သို့ ရောက်နိုင်ရန်မှာ ဝေးလှသေးသည်။

သို့သော် နင်ဂျာတိုက်နယ်ရှိ ကစားသမားများကတော့ ကျယ်ပြောလှသော ဤသမုဒ္ဒရာကိုပင် ကျော်ဖြတ်နိုင်သည်ဖြစ်ရာ သူတို့နှစ်ဖက်ကြားရှိ ကွာဟချက်မှာ အလွန်ကြီးမားလှလေ၏။

ကမ်းခြေတွင် သစ်သားတံတိုင်းကြီးတစ်ခု တည်ဆောက်ထားပြီး မီတာအနည်းငယ်အကွာတွင် ကျောက်ခဲပစ်စက်တစ်လုံးရှိ၏။ နဂါးတိုက်ကစားသမားများ၏ အရင်းအမြစ်အများစုကို ဤနေရာတွင် စုပုံထားခြင်းဖြစ်လေရာ ဤသည်မှာ သူတို့၏အမြင့်မားဆုံး တိုက်ခိုက်ရေးအင်အားဟုပင် ဆိုနိုင်လေသည်။

"သူတို့ လာပြီ"

လှေငယ်ဖြင့်ရောက်လာသော ကစားသမားတစ်ယောက်က ကမ်းပေါ်သို့ တက်လာလေသည်။

"သူတို့ ရောက်လာပြီ"

ဧရာမအရိပ်မည်းကြီးတစ်ခုက မကောင်းဆိုးဝါးတစ်ကောင်အလား ညအမှောင်ထုထဲ၌ ထွက်ပေါ်လာသည်။ ၎င်းမှာ နင်ဂျာတိုက်ကစားသမားများဖြင့် ပြည့်ကျပ်နေသော ရွေ့လျားခံတပ်ကြီးနှင့် တူလှပေသည်။ ဤဧရာမခံတပ်ကြီးပေါ်တွင် အနန္တချောက်နက်အလား နက်ရှိုင်းလှသော သေနတ်ပြောင်းများကိုလည်း တပ်ဆင်ထားသည်။

"ဘွန်း"

နင်ဂျာတိုက်မှ ကစားသမားများက ဘာစကားတစ်ခွန်းမှမပြောဘဲ စတင်တိုက်ခိုက်လိုက်လေရာ မီးလျှံများ တောက်ပ‌နေသော ကျည်ဖူးများက နဂါးတိုက်ကစားသမားများ၏ တံတိုင်းဆီသို့ ပျံသန်းလာသည်။

"အုန်း!"

"ခွမ်း"

ခိုင်ခံ့လှသော နံရံကြီးမှာ ထိုမီးတောက်များအောက်တွင် ခုခံနိုင်စွမ်းကင်းမဲ့စွာဖြင့် ပျက်စီးသွားပြီး နဂါးတိုက်ကစားသမားများ၏ ခံစစ်စည်းတစ်ခုလုံးကိုပါ ပျက်စီးသွားစေသည်။

"ဝှစ် ဝှစ် ဝှစ်"

နဂါးတိုက်ကစားသမားများလည်း ချက်ချင်းပင် လက်တုံ့ပြန်ကြသည်။ နင်ဂျာတိုက်ကစားသမားများ၏ ယာဉ်ဆီသို့ မြားမိုးရွာချလိုက်၏။

သို့သော် ထင်မှတ်မထားပါဘဲ သူတို့၏ခံတပ်နှင့်တူသောသင်္ဘောကြီးက မဖောက်ထွင်းနိုင်သော လိပ်ခွံကြီးတစ်ခုအဖြစ် အသွင်ပြောင်းသွားပြီး အပြင်ဘက်ရှိ သူတို့၏တိုက်ခိုက်မှုများအားလုံးကို ကာကွယ်ထားလိုက်သည်။

မိနစ်အနည်းငယ်အတွင်းမှာပင် နင်ဂျာတိုက်ကစားသမားများလည်း ကမ်းပေါ်သို့ တက်လာနိုင်ခဲ့ကြသည်။

"သေစမ်း။ ဒါကဘာလဲ။ တင့်ကားကြီးလား။ သစ်သားအခွံကြီးလား"

"သောက်ကျိုးနည်း.. ငါတို့ ဒီသစ်သားခွံကိုတောင် မဖောက်နိုင်ဘူးပေါ့"

"သောက်ပေါက်ကရတွေ! ဒီသင်္ဘောကြီးက မီးမှုတ်နေတယ်"

...

သူတို့၏လက်ရှိခေတ်နှင့် ကွာဟလှသော လက်နက်များနှင့် ရင်ဆိုင်ရချိန်ဝယ် နဂါးတိုက်ကစားသမားများ၏ ခုခံကာကွယ်မှုမှာ အားပျော့ပြီး မျှော်လင့်ချက်မဲ့လာလေသည်။

"ဟားဟားဟား မင်းတို့တွေအကုန်လုံး အမှိုက်တွေချည်းပဲ"

"ဒီနေ့ ကျန်းရေကန်နယ်မြေက ငါတို့နင်ဂျာတိုက်ရဲ့အပိုင်ဖြစ်သွားပြီ"

"သတ်ကြ! လုယက်ကြဟေ့"

နင်ဂျာတိုက်မှ ဂိုဏ်း၁၂ဂိုဏ်းပေါင်းစည်းထားသော အယောက်ငါးထောင်ပါ အဖွဲ့ကြီးတွင် ခေါင်းဆောင်များမှာ အတူစုဝေးရင်း တစ်ဖက်သတ်ဆန်သော အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုကြီးကိုကြည့်ကာ လှောင်ပြုံးပြုံးနေကြသည်။

"နောက်ရက်နည်းနည်းလောက်နေရင် ငါတို့ အသင်းပြန်ဖွဲ့စည်းပြီးတာနဲ့ ဒီနေရာမှာ အခြေစိုက်စခန်းထောင်ကြမယ်"

"ဟုတ်တယ်။ ဒါဆို တော်တော်အချိန်ကုန်သက်သာသွားပြီ။ ငါတို့ရဲ့သတ္တုတူးဖော်ရေးသမားတွေနဲ့ လယ်သမားတွေကိုပါ ဒီကိုခေါ်လာလို့ရပြီ"

"နဂါးတိုက်ထဲက အရင်းအမြစ်တွေကို ငါတို့ မြန်မြန်လုထားမှဖြစ်မယ်။ အဲဒါမှ နောက်ပိုင်းကျရင် ထိပ်တန်းအဆင့်ဆာဗာတွေက ကစားသမားတွေနဲ့ ယှဉ်ပြိုင်တဲ့အခါ အောင်မြင်နိုင်ခြေရှိမှာ"

သူတို့က ဆာဗာအားလုံးကို လွှမ်းမိုးချုပ်ကိုင်ထားနိုင်သည့်အလား အနာဂတ်ကို ကြိုတင်စိတ်ကူးယဉ်နေကြသည်။

"အပေါ်ကိုကြည့်လိုက်ဦး။ မိုးပေါ်မှာ တစ်ခုခုရှိနေသလားလို့"

"ငှက်တွေပါကွာ။ ဘာကြည့်စရာရှိလဲ"

"မဟုတ်ဘူး။ လူတစ်ယောက် ပျံနေသလိုပဲ"

"ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။ ဘယ်တိုက်ပွဲနယ်မြေကမှ လေယာဉ်ပျံတွေ မထုတ်နိုင်သေးဘူးမလား"

"မဟုတ်ဘူး။ အဲဒါက ယာဉ်မဟုတ်ဘူး။ ဓားပျံစီးနေတဲ့ လူတစ်ယောက်ကွ"

"ဘုရားရေ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ"

*****************

All Chapters