← Chapters

သောက်ကျိုးနည်း ရက်စက်လိုက်တာ

Vol. 39 Ch. 581

သောက်ကျိုးနည်း ရက်စက်လိုက်တာ

Vol. 39 Ch. 581

"ကြည့်လိုက်ဦး။ အဲဒါက ဘာကြီးလဲ"

နင်ဂျာတိုက်မှ ကစားသမားများသာမက နဂါးတိုက်၏ဆာဗာထဲရှိ ဟွာရှားကစားသမားများကလည်း အမတစ်ပါးနှင့်တူသော ကောင်းကင်ပေါ်ရှိ ထိုပုံရိပ်ကို လှမ်းမြင်လိုက်ကြသည်။

သူက တိရစ္ဆာန်သားရေဖြင့်ပြုလုပ်ထားသော အဝတ်အစားကို ဝတ်ဆင်ထားသည့် လူငယ်လေးတစ်ယောက်ပင်။ ဤဂိမ်းထဲတွင် တိရစ္ဆာန်သားရေဆိုသည်မှာ အဆင့်အနိမ့်ဆုံးနှင့် ဈေးအပေါဆုံးအဝတ်အစားဖြစ်လေရာ ဤကစားသမားမှာ ဂိမ်းကစားတာ သိပ်မကြာသေးကြောင်း ပေါ်လွင်လှသည်။

သို့သော် ထိုကဲ့သို့သော ကစားသမားတစ်ယောက်က အဖြူရောင်အလင်းတန်းများကို ထုတ်လွှတ်နေသည့် ဓားပျံတစ်လက် စီးနင်းနေချေသည်။ ထိုအရာမှာ အေးအေးလူလူနေတတ်သော ဆရာ့ဆရာကြီးများတွင်သာ ရှိတတ်‌သော အရှိန်အဝါမျိုးပင်။

"ဒီဂိမ်းထဲမှာ ဒီလိုပစ္စည်းမျိုးက ဘယ်တုန်းကပါလာတာလဲ။ အဆင့်မြင့်ပစ္စည်းလား"

ကုမ္ပဏီတစ်ခု၏ သဘောသဘာဝအရ ပိုက်ဆံသုံးနေသရွေ့တော့ စင်စစ်အင်အားကြီးမားလာနိုင်သည်။ သို့သော် ဤဂိမ်းထဲတွင်မူ ဂိမ်း၏မျှခြေကို ထိခိုက်မှုမရှိမှသာ အဆင့်မြင့်ပစ္စည်းများကို ရောင်းချမည်ဖြစ်ကြောင်း တရားဝင်ထုတ်ပြန်ကြေညာထားသည်။

အကယ်၍ ဓားပျံစီးနင်း၍ ရသည်ဆိုလျှင် ဂိမ်း၏မျှခြေက ဟိုးယခင်ကတည်းက ပျက်သွားလောက်ပြီဖြစ်၏။ ဤဂိမ်းကို ဒီဇိုင်းဆွဲစဉ်က သူတို့၏ကနဦးရည်ရွယ်ချက်နှင့်လည်း ဆန့်ကျင်နေပေလိမ့်မည်။

ထို့ပြင် ဤပစ္စည်းက ဟွာရှားအငွေ့အသက်များဖြင့် ပြည့်နှက်နေသည်။ အခြားနိုင်ငံမှ စူပါဟီးရိုးများက ဓားပျံစီးနေခြင်းမျိုး မြင်ဖူးရဲ့လား။

"စစ်မြေပြင်ထဲကိုရောက်နေတဲ့ နဂါးတိုက်က ညီအစ်ကိုတို့… ငါ မင်းတို့ကိုကူညီဖို့ရောက်လာပြီ"

ကမ္ဘာဦးဝတ်စုံကို ဝတ်ဆင်ထားသည့် ဓားပျံအမတက အော်ပြောလိုက်လေသည်။

"သူက တစ်ယောက်တည်းပါ။ ပစ်ချလိုက်ကြ"

နင်ဂျာတိုက်ရှိ ဂိုဏ်းခေါင်းဆောင်က အမိန့်ပေးလိုက်သည်။

"အုန်း! အုန်း! အုန်း!"

အမြောက်ပြောင်းများစွာက ကောင်းကင်ထက်ရှိ ထိုပုံရိပ်ကို ချိန်ထားလိုက်ကြသည်။ အကယ်၍ သူသာ ထိုအမြင့်အတိုင်း ဆက်ထိန်းထားလျှင် အမြောက်ကျည်များက သူ့ကို ထိနိုင်မည်မဟုတ်သော်လည်း ဓားပျံစီးနင်းသူက နင်ဂျာတိုက်နယ်ရှိ ကစားသမားများ၏ သစ်သားခံတပ်ဆီသို့ အပြင်းနှင်လာသည်ဖြစ်ရာ အမြောက်များ၏ ပစ်ကွင်းအတွင်းသို့ ရောက်နေချေသည်။

"သုန်းဟွမ်းနာရီ! ပစ်တော့"

တစ်ခဏတွင်းချင်းမှာပင် ရှေးဟောင်းရွှေရောင်နာရီကြီးတစ်ခုက ထိုကစားသမားထံမှ ပျံသန်းလာပြီးနောက် သူ့ခေါင်းပေါ်တွင် ပျံဝဲကာ ခန္ဓာကိုယ်ပတ်ပတ်လည်တွင် ရွှေရောင်အကာအကွယ်အလွှာပါးတစ်ခုကို ဖန်တီးလိုက်သည်။

ထိုရွှေရောင်အကာအကွယ်အလွှာပါးကို လာထိမှန်သော အမြောက်ကျည်များက သူ့ကို ဘာအန္တရာယ်မှမပြုနိုင်ဘဲ လမ်းကြောင်းချော်သွားပြီး နဂါးတိုက်ကစားသမား၏အရှိန်ကိုပင် လျှော့ချနိုင်ခဲ့ခြင်းမရှိချေ။

ခမ်းနားလှသော ချဉ်းကပ်မှုကြီးကို မြင်လိုက်ရချိန်ဝယ် နင်ဂျာတိုက်မှ ကစားသမားများ၏ နှလုံးသားထဲဝယ် အကြောက်တရားတစ်ခု ကိန်းအောင်းသွားသည်။

"ဘာကြောက်စရာရှိလဲ။ လူတစ်ယောက်တည်းပဲကို။ ငါတို့မှာ အယောက်ငါးထောင်တောင်ရှိတယ်။ ချီတက်ကြ။ သူ့ကို ပစ်ချကြဟေ့"

"ကောင်စုတ်လေးတွေ မင်းတို့တွေအားလုံး သေစေရမယ်"

ထိုကစားသမား၏ပခုံးနှစ်ဖက်ပေါ်တွင် နက်မှောင်လှသော ပြောင်းဝကြီးနှစ်ခု ရုတ်ခြည်းပေါ်လာပြီးနောက် စွမ်းအင်များကို ဖြည့်တင်းနေလေသည်။ ခဏအကြာဝယ် သစ်ပင်ပင်စည်အလား တုတ်ခိုင်လှသော အလင်းတန်းကြီးနှစ်ခုက အမြောက်ပြောင်းဝမှ ပွင့်ထွက်လာသည်။

"ဝုန်း"

ထိုအလင်းတန်းကြီးက နင်ဂျာတိုက်၏ ကစားသမားများ၏ ခံတပ်ကို ဝင်ဆောင့်လိုက်လေရာ စွမ်းအင်လှိုင်းလုံးကြီးများက ပတ်ပတ်လည်ရှိ မီတာရာပေါင်းများစွာရှိသော နယ်မြေကြီးတစ်ခုလုံးကို ဝါးမျိုလိုက်ပြီးနောက် ထိုခံတပ်ကြီးတစ်ခုလုံးမှာ မျက်စိတစ်မှိတ်အတွင်း ပျောက်ကွယ်သွားလေတော့သည်။

နင်ဂျာတိုက်နယ်၏ ပြန်လည်မွေးဖွားရာနေရာတွင် ကစားသမားအယောက်နှစ်ထောင်ကျော် ရုတ်တရက်ပေါ်လာသဖြင့် ဘေးနားရှိ ကစားသမားများမှာ အလွန်လန့်ဖျပ်ကုန်ကြသည်။

ပြန်လည်မွေးဖွားရဿာနေရာတွင် ကစားသမားအယောက်နှစ်ထောင် ရုတ်တရက်ပြန်ပေါ်လာခြင်းမှာ ဂိမ်းထဲတွင် ထိုပမာဏအတိုင်း သေဆုံးသွားသည်ဟု ဆိုလိုခြင်းပင်။

ဤကဲ့သို့သော အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုကား သဘာဝဘေးအန္တရာယ်ကြီးများ ပေါ်ပေါက်လာမှသာ ဖြစ်ပွားလေ့ရှိသည်။

"သူငယ်ချင်းတို့… မင်းတို့တွေ မီးတောင်ပေါက်ကွဲမှုတစ်ခုခုနဲ့များ ကြုံလာတာလား"

နင်ဂျာတိုက်မှ ကစားသမားတချို့ စူးစမ်းလိုစိတ်ဖြင့် မေးလိုက်ကြသည်။

သို့သော် ထိုကစားသမားအယောက်နှစ်ထောင်မှာ ဘာဖြစ်သွားမှန်းမသိလိုက်သဖြင့် ကြောင်အနေကြသည်။ ဓားပျံစီးနင်းထားသည့် ဟွာရှားကစားသမားတစ်ယောက်၏ ပခုံးပေါ်တွင် အလင်းတန်းကြီးနှစ်ခု ထွက်ပေါ်လာသည်ကိုသာ သူတို့ မြင်လိုက်ရသည်။ ထို့နောက် သူတို့၏အသက်များ ရုတ်တရက်ကုန်ဆုံးသွားပြီးနောက် ပြန်လည်မွေးဖွားရာနေရာသို့ ရောက်လာခဲ့ခြင်းပင်။

"ငါတို့ ခုနတုန်းက သေသွားတာလား"

ထိုအခါမှသာ ထိုကစားသမားအယောက်နှစ်ထောင်ကျော်က လက်ရှိအခြေအနေ၏လေးနက်မှုကို သဘောပေါက်သွားကြသည်။ ဟွာရှားကစားသမားတစ်ယောက်က ထူးခြားဆန်းကြယ်သော လက်နက်တစ်မျိုးဖြင့် လူအယောက်နှစ်ထောင်ကို တစ်ချက်တည်းနှင့် အမျိုးဖြုတ်လိုက်ပေသည်။

...

အခင်းဖြစ်ပွားရာနေရာတွင်…

ခံတပ်ကြီးရှိနေခဲ့သော နေရာကိုကြည့်ရင်း ယခုမှရောက်လာသော နင်ဂျာတိုက်မှ ကစားသမားအယောက်သုံးထောင်မှာ ပါးစပ်အဟောင်းသားဖြစ်ကုန်ကြသည်။ ပင်လယ်ပြင်ထက်ရှိ ရေနွေးငွေ့ကြီးက ဤနေရာသို့ ကျရောက်သွားသော အပူချိန်က အလွန်အမင်းပြင်းထန်လှကြောင်း သက်သေပြနေချေသည်။

"အဲဒီလူက ဘယ်သူလဲ"

"သူ့ပခုံးပေါ်က ဘာကြီးလဲ။ လေဆာအမြောက်လား။ ဒါပေမဲ့ ငါတို့က ဂိမ်းထဲမှာ ရေနွေးငွေ့ခေတ်ပဲ ရှိသေးတာလေ။ ဘယ်သူက ဒီလိုပစ္စည်းမျိုးကို ဖန်တီးနိုင်မှာလဲ။ မဖြစ်နိုင်တာ"

"ဧကန္တ… ဟက်ခ်ကုတ်များလား"

"မဖြစ်နိုင်ဘူး။ ဒီလောက်မိုက်တဲ့ ဟက်ခ်ကုတ်မျိုးရှိရင် အခုလောက်ဆိုရင် သူ အဘန်းခံနေရလောက်ပြီမလား"

"ဘရို မင်း ဘယ်ကလာတာလဲ"

စစ်မြေပြင်ထဲရှိ နင်ဂျာတိုက်၏ပြိုင်ဘက် နဂါးတိုက်ရှိ ကစားသမားတစ်ယောက်က သူ့ဆီသို့ အပြေးသွားပြီး နှုတ်ဆက်လိုက်သည်။

"ညီအစ်ကိုတို့.. ငါက ရှေ့ပြေးတပ်ဖွဲ့ပဲရှိသေးတယ်။ ငါ့နောက်မှာ လူတွေအများကြီးကျန်သေးတယ်။ ဒီနေ့ ဒီနင်ဂျာတိုက်က ကစားသမားတွေကို ပြန်လမ်းမရှိစေရဘူး"

ဓားပျံစီးနင်းသူက မိမိုက်လှသော သူ့ဓားကို ဓားအိမ်ထဲသို့ ပြန်ထည့်လိုက်ပြီးနောက် မူပိုလွန်းလှသော ကိုယ်နေဟန်ထားမျိုး လုပ်ပြလိုက်လေသည်။

"မီးနဂါးဒိုင်းကာ ပေါင်းစပ်စေ"

"ဝှစ်"

အနီရောင်အလင်းတန်းတစ်ခုက ကောင်းကင်ပေါ်မှ သက်ဆင်းလာပြီး ထိုကစားသမား၏တစ်ကိုယ်လုံးကို လွှမ်းခြုံလိုက်သည်။ အလင်းရောင်ပြယ်သွားသောအခါ ထိုကစားသမားက သတ္တုသားဖြင့် ပြုလုပ်ထားသော သံချပ်ကာဝတ်စုံကို ဝတ်ဆင်လျက်သား ဖြစ်သွားလေသည်။

"??? သောက်ကျိုးနည်းဟေ့"

"ဘာလဲ"

"သောက်ကျိုးနည်း"

နင်ဂျာတိုက်မှ ကစားသမားများသာမက နဂါးတိုက်မှ ကစားသမားများပါ ကြောင်အသွားကြသည်။ ဤသည်မှာ သူတို့ကစားနေသော ဂိမ်းနှင့် အတူတူပဲလား။ ဤသည်မှာ သူတို့၏စိတ်ကူးနိုင်စွမ်းကို ကျော်လွန်နေပြီဖြစ်၏။

"ငါ့ဂိုဏ်းထဲက ညီအစ်ကိုတွေအတွက် စစ်ကူရောက်လာပြီဟေ့"

ရုတ်ခြည်းပင် ဆူညံသံတစ်သံက ပတ်ဝန်းကျင်အနှံ့ ပျံ့နှံ့သွားပုံမှာ စစ်တပ်ကြီးတစ်တပ် စစ်မြေပြင်ဆီသို့ ချီတက်လာသလိုပင်။

"ကြည့်လိုက်။ မိုးပေါ်ကနေ တစ်ခုခုဆင်းလာနေပြန်ပြီ"

"အပြာရောင်အမှုန်တွေ… အဲဒါက ဂန်ဒမ်၀၀ထဲက နတ်ဘုရားအဆင့်ဂန်ဒမ်ကြီးမလား"

"အနီရောင်အတွင်းခံဝတ်ထားတဲ့လူက ဘယ်သူလဲ။ စူပါမန်းလား။ သူက တကယ်ပျံနေတာလား"

"ရွှေရောင်ဆံပင်နဲ့တစ်ယောက်လည်း ပါတယ်။ ဆိုင်ယန်လား"

"ပင်လယ်ထဲကလည်း တစ်ခုထွက်လာတယ်။ နျူကလီးယားရေငုပ်သင်္ဘောကြီးလား။ စစ်မြေပြင်က အဲဒီကစားသမားတွေက နျူကလီးယားခေတ်ကို ရောက်နေကြပြီလား"

"ဘာတွေဖြစ်နေတာတုန်း"

အင်အားတောင့်လှသော တပ်ဖွဲ့ကြီးတစ်ခု ရုတ်တရက်ပေါ်ပေါက်လာသဖြင့် နဂါးတိုက်မှ ကစားသမားများခမျာ အံ့ဩမှင်တက်သွားလေသည်။ ဘာတွေဖြစ်နေမှန်း သူတို့ နားမလည်တော့ချေ။

"သေစမ်း ရက်စက်လိုက်တာကွာ"

"ဒါက ဟက်ခ်ထားတာလား"

"မေးမနေစမ်းနဲ့။ ဟက်ခ်ထားတာမဟုတ်ရင် စူပါဆိုင်ယန်တွေက ဘယ်လိုလုပ်ပြီးပေါ်လာမှာလဲ"

"ဒီဟက်ခ်ကုတ်ကို ဘယ်သူဖန်တီးထားတာလဲ။ သောက်ရမ်းလန်းတယ်"

"အဲဒီလိုဟက်ခ်ကုတ်မျိုး ငါ့ကိုပေးစမ်းပါ။ ဒါဆိုရင် အုပ်စိုးသူအရှင်ဂိမ်းတစ်ခုလုံးကို သိမ်းပိုက်ပစ်လို့ရပြီ"

"ညီအစ်ကိုတို့ သတ်ကြစို့"

ဟိန်းဟောက်သံကြီးတစ်သံက နတ်ဘုရားအလား ကစားသမားများထံမှ ထွက်ပေါ်လာလေသည်။ ထိုအခိုက်ဝယ် နင်ဂျာတိုက်မှ ကစားသမားများက သူတို့၏သဲအိတ်များ ဖြစ်လာချေသည်။

"လိပ်…လှိုင်းလုံး..စွမ်းအင်..ပေါက်ကွဲမှု"

အပြာရောင်အလင်းတန်းတစ်ခု ဆင်းသက်လာပြီးနောက် နင်ဂျာတိုက်မှ ကစားသမားရာပေါင်းများစွာလည်း အော်ဟစ်ရင်း ပျောက်ကွယ်သွားရှာသည်။

"Thorရဲ့တူ"

မိုးခြိမ်းသံကြီး ထွက်ပေါ်လာပြီး နောက်ထပ်နင်ဂျာတိုက်မှ ကစားသမားတစ်ရာကျော်မှာ ထိုမိုးကြိုးစွမ်းအားအောက်တွင် ကျဆုံးသွားရပြန်လေသည်။

"အစိမ်းရောင်ကြာပန်းကမ္ဘာမြေမီးတောက်! ကြွေလွင့်နှလုံးသားမီးတောက်! နဂါးကိုးကောင်မိုးကြိုးမီးတောက်! ဗုဒ္ဓအမျက်တော်ကြာပန်း!"

"မဟာကန္တာရကောင်းကင်အချုပ်လက်ညှိုးသိုင်း၊ ကောင်းကင်နဲ့မြေကြီးကို လှုပ်ခါစေမဲ့လက်ချောင်း"

"စပီဘယ်လင်ရောင်ခြည်! အယ်လ်ထရာမန်းရဲ့ အဋ္ဌမအလင်းစက်ဝန်း"

"ဂါရီယာစွမ်းအင်အမြောက်!"

"ယန္တရားအမှုန်အမြောက်"

"ပရိုတွန်လေဆာအမြောက်"

အစတုန်းက ယုံကြည်မှုလွန်ကဲနေခဲ့သော နင်ဂျာတိုက်မှ ကစားသမားများခမျာ ကြောက်လန့်တကြားဖြင့် ဖရိုဖရဲဖြစ်ကုန်ကြလေတော့သည်။

ဤသည်မှာ တစ်ဖက်သတ်သုတ်သင်ခြင်းဖြစ်လိမ့်မည်ဟု ထင်ထားခဲ့သော်ငြား မည်သို့များ ယခုလိုအဖြစ်မျိုးကို ရောက်ခဲ့ရသနည်း။ ဤနတ်ဘုရားများက ကြေးခေတ်သာရှိသေးသည့် ကမ္ဘာမြေပေါ်သို့ မည်သို့ရောက်လာလေသနည်း။

စက်သေနတ်များ၊ တင့်ကားများနှင့် လေယာဉ်များဆိုလျှင် သူတို့ ခံသာသေးသည်။ ဂိမ်းနောက်ပိုင်းအဆင့်များတွင် ယခုလိုဒီဇိုင်းများကို ထုတ်လုပ်လာမည်ဖြစ်ကြောင်း သူတို့ ခန့်မှန်းထားပြီးသားပင်။

သို့သော် စူပါဆိုင်ယန်နှင့် အယ်လ်ထရာမန်းတို့ ပေါ်လာသည်မှာမူ စင်စစ်ယုတ္တိမရှိလှချေ။ ဂိမ်းကို လက်တွေ့ဆန်ဆန်ဖန်တီးနိုင်သော်ငြား ဤမျှအထိ လက်တွေ့ဆန်စရာတော့မလိုပေ။ အခြားဆာဗာရှိ ကစားသမားများက မည်သို့ယှဉ်ပြိုင်နိုင်တော့မည်နည်း။

ခဏအကြာတွင် နင်ဂျာတိုက်မှ ကစားသမားများခမျာ တစ်ယောက်မှ အသက်ရှင်လျက်မရှိတော့ချေ။

နင်ဂျာတိုက်မှ ဂိုဏ်းခေါင်းဆောင်ဆယ့်နှစ်ယောက်လည်း ပြန်လည်မွေးဖွားရာနေရာတွင် အကြောင်သားရပ်နေကြသည်။ သူတို့ အသတ်မခံရခင်လေးမှာ တစ်စုံတစ်ယောက်က ကိုင်ဘွန်ဘာသာစကားဖြင့် လူတိုင်းမြင်နေရသည့် ဖန်သားပြင်ထက်တွင် စာတစ်စောင်ပို့လိုက်သလိုပင်။

"ဘရို ဟက်ခ်ကုတ်ဝယ်ချင်လား"

ထိုအချိန်မှသာ ကိုင်ဘွန်ကစားသမားများလည်း သဘောပေါက်ကုန်ကြသည်။

"သူတို့ ဟက်ခ်ကုတ်သုံးထားကြတာ။ နဂါးတိုက်က ကစားသမားတွေက ဟက်ခ်ထားကြတာ"

*****************

All Chapters