← Chapters

ဆာဗာမျိုးဖြုတ်ရေးစီမံကိန်း

Vol. 39 Ch. 582

ဆာဗာမျိုးဖြုတ်ရေးစီမံကိန်း

Vol. 39 Ch. 582

"သေစမ်း။ နဂါးတိုက်က ကစားသမားတွေ ညစ်နေကြတာ"

"ဂိမ်းကြီးကြပ်သူတွေ ဘယ်ရောက်နေလဲ။ သူများတွေ ဟက်ခ်ကုတ်သုံးနေတာကို ဂရုမစိုက်ကြတော့ဘူးလား"

"သေစမ်း။ သောက်ကျိုးနည်း...ဒီဂိမ်းမှာ ဟက်ခ်ကုတ်လုံးဝမရှိပါဘူးဆို။ တစ်ယောက်ယောက် ငါ့ကို ရှင်းပြကြဦး"

ကစားသမားအယောက်ငါးထောင်လောက် ပြန်လည်မွေးဖွားရာနေရာမှာ စုဝေးရောက်ရှိနေကြပြီး အားလုံးကလည်း အသံကုန်အော်ဟစ်ဆဲဆိုနေကြသည်။

တစ်ဖက်ကစားသမားများ၏ အသေးစိတ်အချက်အလက်များကို သူတို့ မသိခဲ့ပေ။ အစကတော့ သူတို့ကို NPC များဖြစ်နိုင်သည်ဟု သံသယဖြစ်ခဲ့သေးသည်။

ဤဂိမ်းထဲတွင် စစ်ပွဲနယ်မြေတစ်ခုချင်းစီ၌ ကိုယ်ပိုင်စောင့်ရှောက်သူများရှိ၏။ ဤသည်မှာ ဆာဗာတစ်ခုလုံး၏ အစောင့်အရှောက်နတ်ဘုရားလည်း ဖြစ်၏။ အကယ်၍ အစောင့်အရှောက်နတ်ဘုရားသာ အသတ်ခံလိုက်ရလျှင် သူတို့ဆာဗာလည်း လုံးဝပြိုလဲသွားပြီဟူသော အဓိပ္ပာယ်ပင်။ ထိုသို့ဆိုလျှင် အခြားဆာဗာ၏အပိုင်ဖြစ်သွားလိမ့်မည်။

ဆာဗာတစ်ခုချင်းစီ၏ အစောင့်အရှောက်မှာ အလွန်ထူးခြားလှသည်။ နင်ဂျာတိုက်၏ အစောင့်အရှောက်မှာ နှစ်တစ်ထောင်လောက် နင်ဂျာသိုင်းကို လေ့ကျင့်ထားသည်။

အစတုန်းကတော့ ဟွာရှားအသုံးအဆောင်များကြောင့် ဓားပျံစီးနင်းသူမှာ နဂါးတိုက်၏ အစောင့်အရှောက်နတ်ဘုရားဟု သူတို့ ထင်လိုက်မိသေးသည်။

ဤလူက မီတာလေးဆယ်ရှည်လျားသော ဓားရှည်တစ်လက်ကို ဆွဲထုတ်ခဲ့လျှင် တစ်ကဏ္ဍပင်။ သို့သော် လေဆာအမြောက်ကြီး ပေါ်လာချိန်မှာတော့ ပုံစံကား လုံးဝပြောင်းလဲသွားသည်။ ထိုကဲ့သို့သော NPCမျိုးကို တကယ်ထည့်သွင်းထားပါက ဂိမ်းဒီဇိုင်နာများ ရူးသွားခြင်းပင် ဖြစ်ရမည်။

သို့သော် ဆက်ဖြစ်လာသည့် ဖြစ်ရပ်များမှာ ပို၍ပင် ယုတ္တိမတန်ပေ။ စူပါမန်း၊ အယ်လ်ထရာမန်းနှင့် စူပါဆိုင်ယန်တို့အားလုံး ပေါ်လာခဲ့သည်။ ဤသည်မှာ NPCဖြစ်နိုင်ပါဦးမလား။ သူတို့သာ NPCဆိုလျှင် နဂါးတိုက်နယ်၏ ဆာဗာပေါ်တွင် ပေါ်မလာသင့်ပေ။

ထို့ကြောင့် နဂါးတိုက်မှ ကစားသမားများက ဟက်ခ်ကုတ်သုံးထားခြင်းဖြစ်ကြောင်း သူတို့ သုံးသပ်မိသည်။ သို့မဟုတ်ပါက ဤကစားသမားများ ရုတ်တရက်ကြီးအင်အားတောင့်တင်းလာရခြင်းအတွက် ဘာအကြောင်းပြချက်မှ ပေးနိုင်မည်မဟုတ်ချေ။

သူတို့က နဂါးတိုက်ကို လုယက်ဖို့ စိတ်ကူးထားခဲ့ကြသည်။ သို့သော် လုယက်ဖို့နေနေသာသာ အရှုံးကြီးရှုံးခဲ့ရသည်။ အရင်းအမြစ်များစွာ ဆုံးရှုံးရသည့်အပြင် ကစားသမားအယောက်ငါးထောင်လည်း တစ်ပြိုင်တည်းသေခဲ့ရသည်။ မည်သူကများ ဤအဖြစ်ကို သည်းခံနိုင်မည်နည်း။

သိထားသင့်သည့်အချက်မှာ နင်ဂျာတိုက်နယ်ကစားသမားများက အစကတည်းက နယ်မြေနည်းနည်းနှင့် ကစားသမားအရေအတွက်နည်းနည်းသာ ရှိခဲ့သဖြင့် ဤစစ်ပွဲမှ ဆုံးရှုံးနစ်နာမှုများမှာ အလွန်ကြီးမားလှသည်။

နင်ဂျာတိုက်မှ ဒေါသူပုန်ထနေသော ကစားသမားများက ပေါင်လဲ့ကုမ္ပဏီသို့ တိုင်ကြားစာများ ပို့ကြတော့သည်။ ထို့ပြင် သူတို့ရိုက်ယူထားသော ဗီဒီယိုများကိလည်း ဖိုရမ်များပေါ်တွင် တင်လိုက်သည်။

အစတုန်းက နင်ဂျာတိုက်မှ ကစားသမားများနှင့် ဤဆာဗာတိုက်ပွဲထဲတွင် ဝင်ရောက်ဆင်နွှဲခဲ့သူများသာ ဤအကြောင်းကို သိထားခဲ့သော်လည်း ဗီဒီယိုများ ထွက်လာသည်နှင့် ဖိုရမ်တစ်ခုလုံး အုန်းအုန်းကျက်ကျက်ဖြစ်သွားလေတော့သည်။

"စိတ်လှုပ်ရှားဖို့ကောင်းလိုက်တာ"

"သေစမ်း။ ဒီလောက်ကြမ်းတဲ့ဟက်ခ်ကုတ်ကို ဘယ်သူဖန်တီးခဲ့တာလဲ။ သောက်ရမ်းလန်းတယ်"

"ငါ ဒီနတ်ဘုရားအတွက် ရုပ်တုသွားထုပြီး ကိုးကွယ်တော့မယ်"

"အရမ်းကျေနပ်ဖို့ကောင်းတာပဲ။ မင်းတို့က ငါတို့ကို စစ်ကြေညာတယ်ပေါ့လေ။ မင်းတို့တွေက သိပ်တော်တတ်ပြနေခဲ့တာမလား။ ငါတို့ကို အမြစ်ပြတ်ချေမှုန်းချင်ခဲ့တာမလား။ အခု ဘယ်သူက သင်ခန်းစာအပေးခံလိုက်ရတာလဲ"

ဟွာရှားနိုင်ငံမှ ကစားသမားများမှာ အလွန်စိတ်လှုပ်ရှားနေကြသည်။ ဟက်ခ်ကုတ်သုံးခြင်းမှာ ဆိုးဝါးလှသဖြင့် တော်တော်များများက သူတို့ကိုယ်သူတို့ မုန်းတီးကြသည်။ သို့သော် ဤသည်မှာ မျှမျှတတရှိသည့် ဂိမ်းများအတွက်သာ။

မင်းတို့ဘက်က ကောင်းကောင်းမွန်မွန်ကစားရင် ငါတို့လည်း ကောင်းကောင်းကစားမယ်။ တစ်ယောက်နဲ့တစ်ယောက် ဝင်မစွက်ဖက်ဘူး။

ဒါပေမဲ့ မင်းတို့ဘက်က ငါတို့ကို ဒေါသထွက်ပြီး ယုံကြည်မှုကျဆင်းအောင် မြေပုံကို ပရမ်းပတာဖြစ်အောင်လုပ်ခဲ့တယ်မလား။ ငါတို့က အဲဒါကို အသာကြည့်နေမယ်များထင်လား။ ဂိမ်းရဲ့မျှခြေကို စချိုးဖောက်ခဲ့တာက ငါတို့မဟုတ်ဘူးနော်။ ဂိမ်းကုမ္ပဏီက အရင်ချိုးဖောက်ခဲ့တာ!

စိတ်ဓာတ်ခွန်အားမြင့်တက်လာသဖြင့် ဟွာရှားနိုင်ငံမှ ကစားသမားများမှာ ဟက်ခ်ကုတ်ကို ဝန်လေးမနေဘဲ သုံးကြတော့သည်။ ဤသည်မှာ သူတို့လက်ကိုင်ထားသော စည်းမျဉ်းပင်။ ငါ့ကိုလာမထိရင် မင်းတို့ကိုလည်း မထိပါးဘူး။

သို့သော် အခြားကစားသမားများမှာမူ စိုးရိမ်နေကြဟန်ပင်။ ယခုအချိန်တွင် နဂါးတိုက်က စစ်နတ်ဘုရားများဖြစ်လာလေပြီ။ မည်သူကများ သူတို့ကို သွားရန်စရဲမည်နည်း။

သူတို့ဘက်က အယောက်တစ်သောင်းဖြင့် နဂါးတိုက်နယ်ဘက်သို့ ကျူးကျော်သွားလျှင်ပင် တစ်ဖက်က စူပါဆိုင်ယန်ကို မဆိုထားနှင့်။ လူတစ်ယောက်တည်း ပို့လိုက်သည့်တိုင် လေယာဉ်နှင့် တင့်ကားကပင် သူတို့ကို တားဆီးနိုင်စွမ်းမရှိချေ။

ရူးသွပ်နေကြသော နဂါးတိုက်နယ်ကစားသမားများက တန်ပြန်တိုက်ခိုက်လာမလားဆိုသည်ကို မည်သူကသိနိုင်မည်နည်း။ ဤအတောအတွင်း အနီးအနားဆာဗာရှိ ကစားသမားများက သူတို့အပေါ် သိပ်မကြင်နာခဲ့ကြပေ။

ယခုလိုစစ်တပ်ကြီး ထွက်လာလျှင် ဘယ်ဆာဗာကများ တောင့်ခံနိုင်မည်နည်း။ သူတို့သည် ဘုံခြောက်ဆင့်ကို သန့်စင်ပြီး အရပ်ရှစ်မျက်နှာလုံးကို ရှင်းလင်းပစ်လိုက်ပါက မည်သူမှ လွတ်မည်မဟုတ်ပေ။

ဤဟက်ခ်ကုတ်၏စွမ်းအားအရဆိုလျှင် သူတို့ဘက်က ဂိမ်းထဲရှိ ဆာဗာအားလုံးကို တစ်ညတည်းနှင့်ပင် သိမ်းပိုက်နိုင်လောက်သည်။

ဤဗီဒီယိုကိုကြည့်ပြီး သူတို့ ထိတ်လန့်သွားကြသည်။ ဤဟက်ခ်ကုတ်မှာ တခြားဘယ်လိုစွမ်းအားတွေများ ရှိနေဦးမလဲဆိုသည်ကို မည်သူသိနိုင်မည်နည်း။ သူတို့က ဂန်ဒမ်ကိုတောင် ယူလာနိုင်မှတော့ နျူကလီးယားလက်နက် ထုတ်လုပ်ရန်လည်း ဖြစ်နိုင်သည်မဟုတ်လား။

ဆာဗာတစ်ခုကို အကြိမ်အနည်းငယ် ပစ်ခတ်လိုက်ပါက ဤဂိမ်း၏ လက်ရှိနည်းပညာတိုးတက်မှုနှုန်းအရဆိုပါက ဘယ်ဆာဗာမှ ဤကပ်ဘေးမှ လွတ်မြောက်နိုင်မည်မဟုတ်။

ယခုလိုအချိန်မှာ အကောင်းဆုံးဖြေရှင်းနည်းကတော့ အခြေအနေကို ချက်ချင်းတိုင်ကြားပြီး သက်ဆိုင်ရာအကောင့်များကို ဘန်းပေးဖို့ ဂိမ်းတာဝန်ရှိသူများကို တောင်းဆိုခြင်းပင်။

ထိုညမှာ ပေါင်လဲ့ကုမ္ပဏီ၏ ဖောက်သည်ဝန်ဆောင်ရေးဌာနရှိ ဖုန်းများမှာ တစ်ဖန်အလုပ်များသွားပြန်လေသည်။ သူတို့ခမျာ ဟွာရှားကစားသမားများ၏ တိုင်ကြားစာမုန်တိုင်းဒဏ်မှ မလွတ်မြောက်သေးရသည့်ကြားထဲ ယနေ့မှာလည်း နောက်ထပ်တိုင်ကြားမှုလှိုင်းလုံးကြီးတစ်ခုနှင့် ရင်ဆိုင်လိုက်ရပြန်သည်။

"ဒီဂိမ်းမှာ ဟက်ခ်ကုတ်လုံးဝမရှိစေရဘူးလို့ ပြောခဲ့တာမလား။ ဒါက ဘာလဲ။ နင်ဂျာတိုက်နယ်ကစားသမားတွေရဲ့ နစ်နာမှုအတွက် လျော်ကြေးပေးဖို့ တောင်းဆိုပါတယ်!"

"ဒီမှာကြည့်ပါဦး။ ဟက်ခ်ကုတ်သုံးတာကတင် ဆိုးရွားနေပြီကို။ သူတို့က အယ်လ်ထရာမန်းတွေနဲ့ စူပါမန်းတွေတောင် ခေါ်လာကြသေးတယ်။ မီတာလေးဆယ်ရှည်တဲ့ ဓားကြီးနဲ့ ငါတို့ကို လှမ်းခုတ်နေတာ။ ခင်ဗျားတို့ကုမ္ပဏီက နည်းပညာသမားတွေက ဘာလုပ်နေကြတာလဲ။ ဒါလေးကိုတောင် မတွေ့ဘူးလား"

"သက်ဆိုင်ရာကစားသမားတွေရဲ့ အကောင့်တွေကို ချက်ချင်းဘန်းပေးဖို့ တောင်းဆိုပါတယ်!"

...

လက်ရှိအချိန်တွင် ပေါင်လဲ့ကုမ္ပဏီ၏ နည်းပညာဌာနခမျာ အလွန်အလုပ်ရှုပ်နေပြီး စနစ်ပိုင်းဆိုင်ရာ ချို့ယွင်းချက်ရှိမရှိ အသည်းအသန်စစ်ဆေးနေကြသည်။ သို့သော် စစ်ဆေးကြည့်လိုက်သည့်တိုင် စနစ်ကိုထိခိုက်စေနိုင်သည့် ချို့ယွင်းချက်တစ်ခုမှ မတွေ့ရသလို တိုင်ကြားခံထားရသည့် ကစားသမားများ၏ ဂိမ်းဒေတာများကလည်း ပုံမှန်အတိုင်းပင်။ အကန့်အသတ်မဲ့သွေးပမာဏမျိုးလည်း မရှိသလို စူပါဆိုင်ယန် သို့မဟုတ် အယ်လ်ထရာမန်းဒေတာများ ပေါ်လာခြင်းမျိုးလည်း မရှိပေ။

"ဟွာရှားဆာဗာပေါ်က ဒေတာတွေမှာ ဘာပြဿနာမှမရှိပါဘူး။ ကစားသမားတွေအားလုံး အကျိုးသင့်အကြောင်းသင့် တွေးပေးကြပါ။ ဒါက မလိုတမာစိတ်နဲ့ တည်းဖြတ်ထားတဲ့ အထူးပြုလုပ်ချက်ဗီဒီယိုတွေ ဖြစ်နိုင်ပါတယ်"

ဤကြေညာချက်မှာ နာရီဝက်အကြာတွင် ပေါင်လဲ့ကုမ္ပဏီ၏ တရားဝင်ဝက်ဘ်ဆိုက်မှာ ပေါ်လာခဲ့သည်။

ကစားသမားများက ဤဖြေရှင်းချက်ကို မည်သို့များ အလွယ်တကူ လက်ခံနိုင်မည်နည်း။ ကိုယ်တိုင်မကြုံဖူးသည့် တခြားဆာဗာရှိ ကစားသမားများကတော့ ဗီဒီယိုကိုကြည့်ပြီး ဤအဖြေကို လက်ခံကောင်းလက်ခံလိမ့်မည်။ သို့သော် နင်ဂျာတိုက်နယ်ရှိ ကစားသမားများကမူ မည်သို့လက်ခံနိုင်မည်နည်း။ သူတို့က အသေအကြေအလဲထိုးခံလိုက်ရသော နစ်နာသူအစစ်များပင်။

နင်ဂျာတိုက်နယ်ကစားသမားများက တစ်ယောက်ပြီးတစ်ယောက် တိုင်ကြားစာပို့ကြသည့်တိုင် ပေါင်လဲ့ကုမ္ပဏီကတော့ သူတို့၏နည်းပညာကို အလွန်ယုံကြည်မှုရှိပြီး စနစ်ဒေတာများကိုပင် သက်သေအဖြစ် တရားဝင်ဝက်ဘ်ဆိုက်တွင် တင်လိုက်သေးသည်။

ဂိမ်းကစားသူများထဲမှာ နည်းပညာကျွမ်းကျင်သူများလည်း မနည်းမနောပင်။ ယခု စနစ်ဒေတာများ ထွက်လာပြီဖြစ်ရာ သူတို့ ဘာတတ်နိုင်ဦးမည်နည်း။ ဤဒေတာများအရ ထိုကစားသမားများ၏ ဂိမ်းဒေတာများမှာ လုံးဝပုံမှန်ပင်။ အကယ်၍ ဟက်ခ်ကုတ်သုံးထားလျှင် ဒေတာဘေ့စ်ထဲမှာ မူမမှန်သောဒေတာများ သေချာပေါက်ရှိနေရမည်သာ။

တစ်ခဏအတွင်းမှာပင် နင်ဂျာတိုက်နယ်ကစားသမားများခမျာ ဝိုင်းဝန်းလှောင်ပြောင်ဝေဖန်ခြင်းကို ခံလိုက်ရသည်။

"အသုံးမကျတဲ့ကောင်တွေ..သူတို့မနိုင်တာနဲ့ပဲ ဟက်ခ်ကုတ်ပါဆိုပြီး လွှဲချနေတယ်"

"ရှက်စရာကောင်းလိုက်တာ!"

"ငါ လုပန်ဝေ့က ဘယ်တုန်းကမှ ဟက်ခ်ကုတ်မသုံးဖူးဘူးကွ"

...

သို့သော် နဂါးတိုက်နယ်ထဲတွင် နှင်းတောင်ကြီးတစ်ခုအောက်ရှိ လျှို့ဝှက်အခြေစိုက်စခန်းတစ်ခုမှာ နဂါးတိုက်နယ်ကစားသမားများ သောင်းနှင့်ချီ၍ စုဝေးနေကြပြီး ကြီးမားလှသော စီမံကိန်းတစ်ခုကို ပြင်ဆင်နေကြကြောင်း မည်သူမှ မသိကြချေ။

"ညီအစ်ကိုတို့..ဟက်ခ်ကုတ်တွေအကုန်လုံး ဒေါင်းလုတ်ဆွဲပြီးပြီလား"

"ဒေါင်းလုတ်ပြီးစီး။ စမ်းသပ်မှုအားလုံးအောင်မြင်။ တိုက်ပွဲဝင်လက်နက်အားလုံး အဆင်သင့်!"

"စုစုပေါင်းအယောက်၅၇,၂၃၄ အားလုံးစုစည်းပြီးပြီ!"

"အရမ်းကောင်းတယ်! ဒါဆိုရင် 'အုပ်စိုးသူအရှင်'ရဲ့ ဆာဗာမျိုးဖြုတ်ရေးစီမံကိန်းကို အခုချက်ချင်း စတင်ကြမယ်။ ပထမအဖွဲ့က အရှေ့ဘက်ကိုသွားကြ။ ဒုတိယအဖွဲ့ကတော့ အနောက်ဘက်ကိုသွားကြ။ တတိယအဖွဲ့က တောင်ဘက်နဲ့ စတုတ္ထအဖွဲ့ကတော့ မြောက်ဘက်ကိုသွားကြ။ ငါတို့ တစ်နာရီအတွင်း တိုက်ပွဲကိုအဆုံးသတ်ဖို့ ရည်မှန်းထားတယ်။ ဒီရာသီကို အဆုံးသတ်လိုက်ကြစို့!"

*******************

All Chapters