← Chapters

ကြီးကြပ်သူအကောင့်ကို ပြန်ဘန်းပစ်လိုက်

Vol. 39 Ch. 583

ကြီးကြပ်သူအကောင့်ကို ပြန်ဘန်းပစ်လိုက်

Vol. 39 Ch. 583

"သေစမ်း! ဒီဟွာရှားလူမျိုးတွေ ဘယ်လိုဟက်ခ်ကုတ်မျိုးများ ရေးထားတာလဲ။ စနစ်ကတောင် မသိနိုင်ဘူးတဲ့လား"

အစောကပင် တိုက်ပွဲထဲတွင် သေဆုံးပြီး ပြန်လည်မွေးဖွားလာသော နင်ဂျာတိုက်နယ် ကစားသမားတစ်ဦးခမျာ စိတ်ပျက်လက်ပျက်ဖြင့် သတ္တုတူးနေသည်။

သေဆုံးမှုပြစ်ဒဏ်စနစ်ကြောင့် သူ့သတ္တုတူးနှုန်းက ၅၀ရာခိုင်နှုန်းကျဆင်းသွားသလို ရုပ်ပိုင်းဆိုင်ရာစွမ်းရည်အားလုံးလည်း ၅၀ရာခိုင်နှုန်းစီ ကျဆင်းသွားသည်။ လက်နက်အချို့ ရှိနေသေးသော်ငြား အနားကပ်လာမည့် အန္တရာယ်ရှိသားရဲများကိုမူ အထူးသတိထားနေရသည်။

ရုတ်တရက်ဆိုသလို ဂိမ်းမျက်နှာပြင်တစ်ခုလုံး အပြင်းအထန်တုန်ခါသွားပြီး အဝေးရှိ ကောင်းကင်ယံတွင် အနက်ရောင် အက်ကွဲကြောင်းကြီးတစ်ခု ပေါ်လာသည်။

"ဘာဖြစ်တာလဲ"

ထိုကစားသမားမှာ လန့်ဖျပ်သွားလေသည်။ ဤဂိမ်းကို တစ်လကျော် ဆော့လာသည့်တိုင် ယခုလိုမြင်ကွင်းမျိုး တစ်ခါမှမမြင်ဖူးခဲ့ပေ။ ယနေ့အက်ပ်ဒိတ်လုပ်ပြီးနောက် ဂိမ်းယန္တရားအသစ်တွေများ ပါလာတာလား။

သို့သော် နောက်တစ်စက္ကန့်မှာပင် ထိုအနက်ရောင်အစက်လေးက လျင်မြန်စွာကြီးထွားလာပြီး ဧရာမအရာဝတ္ထုကြီးတစ်ခုက သူ့မျက်စိရှေ့တည့်တည့်သို့ ရောက်လာသဖြင့် ပါးစပ်အဟောင်းသားဖြစ်သွားရသည်။

"အာ..အာကာသစစ်သင်္ဘောကြီးလား"

ဂိမ်း၏အတိုင်းအတာအရ ထိုအာကာသစစ်သင်္ဘောကြီး၏ အလျားမှာ မီတာထောင်ချီရှည်လျားပြီး အနံကမူ နှစ်ကီလိုမီတာနီးပါးရှိ၏။ သတ္တုသားနှင့် ကြီးမားလှသော ဖိအားတို့ကြောင့် ဤအရာမှာ ဂိမ်း၏နောက်ပိုင်းအဆင့်သို့ ရောက်လာလျှင်ပင် ပေါ်လာနိုင်စရာ အကြောင်းမရှိပေ။

"ဝှစ်! ဝှစ်! ဝှစ်!"

ရောင်စုံအလင်းတန်းများက စစ်သင်္ဘောကြီး၏ အမြောက်များထံမှ ပစ်လွှတ်လိုက်ပြီး ကျရောက်သည့်နေရာတိုင်းကို မီးလောင်တိုက်သွင်းပစ်လိုက်သည်။

ဤခံစားချက်မှာ PUBGဆော့နေရင်း ဗုံးကြဲဇုန်နှင့် တိုးလိုက်သလိုပင်။ အကယ်၍ ကွင်းပြင်မှာ ရောက်နေလျှင်မူ ကံကောင်းပါစေဟု ဆုတောင်းရုံသာ တတ်နိုင်သည်။

ကွာခြားချက်မှာကား PUBGတွင် မြေပုံပေါ်ရှိ အဆောက်အအုံများကို ဖျက်ဆီး၍မရသဖြင့် ကစားသမားများအနေနှင့် အဆောက်အအုံများထဲ၌ ဝင်ပုန်းပြီး ဗုံးဒဏ်ကို ရှောင်ရှားနိုင်သည်။

သို့သော် "အုပ်စိုးသူအရှင်"ဂိမ်းတွင်မူ လက်တွေ့ဆန်စေရန်အတွက် တိုက်ခိုက်ခံရသော အဆောက်အအုံတိုင်းကို အတိုင်းအတာတစ်ခုအထိ ပျက်စီးသွားစေနိုင်သည့် စနစ်ပါရှိသည်။

ထို့ပြင် အာကာသစစ်သင်္ဘောကြီး၏ ပစ်ခတ်အားက ဂိမ်းထဲရှိ အဆောက်အအုံများ ခံနိုင်ရည်ရှိသည့် ပမာဏထက် များစွာကျော်လွန်နေသည်။

ပို၍ယုတ္တိမရှိသည်မှာ မြေပုံ၏အခြေခံပုံစံကို ဖျက်ဆီးနိုင်သည့် ဂိမ်းယန္တရားမပါရှိခြင်းပင်။ တစ်နည်းဆိုရသော် တိုက်ခိုက်မှုက မည်မျှပင်ပြင်းထန်ပါစေ တောင်တစ်ခုလုံးကို ဖြိုချလိုက်ခြင်းမျိုး သို့မဟုတ် မြေကြီးပေါ်တွင် ချိုင့်ခွက်ကြီးများ ဖြစ်သွားအောင် လုပ်ခြင်းမျိုးတော့ မဖြစ်နိုင်ပေ။

ဒါပေမဲ့... သောက်ကျိုးနည်း... ဒီတိုက်ခိုက်မှုတွေကတော့ အဲ့ဒါတွေအကုန်လုံးကို လုပ်ပြနေပါရောလား။ ဒါ ဂိမ်းယန္တရားကဏ္ဍကို တော်တော်ကျော်နေပြီ!

ရုတ်တရက်ဆိုသလိုပင် အလင်းတန်းတစ်ခုက ထိုကစားသမားထံသို့ တည့်တည့်ပြေးဝင်လာသည်။ သေအံ့ဆဲဆဲအချိန်လေးမှာပင် သင်္ဘောပေါ်တွင် ရေးထိုးထားသော နဂါးတိုက်နယ်ကစားသမားများကို ကိုယ်စားပြုသည့် အမှတ်တံဆိပ်တစ်ခုကို လှမ်းမြင်လိုက်သည်။

"ဒါက နဂါးတိုက်ဆာဗာက ကောင်တွေပဲ။ သူတို့ ငါတို့ကို လာတိုက်နေတာ"

ကြောက်စရာအကောင်းဆုံးသော အိပ်မက်ဆိုးကြီး အမှန်တကယ်ဖြစ်လာခဲ့လေပြီ။ ယခုလေးတင် ပြန်လည်မွေးဖွားလာသော ထိုကစားသမားခမျာ သူ့ဂိုဏ်းသားများကို သတင်းလှမ်းပို့ပေးရန် ကြိုးစားလိုက်သော်ငြား နောက်ကျသွားခဲ့လေပြီ။ အကြောင်းမှာ မီတာငါးဆယ်ကျော်မြင့်မားသော ဘီလူးကြီးတစ်ကောင်က သူတို့၏ ပြန်လည်မွေးဖွားရာနေရာတွင် ရောက်နှင့်နေသောကြောင့်ပင်။

"အယ်လ်ထရာမန်းလား။ တာရိုအယ်လ်ထရာမန်းကြီးလား"

သို့သော် ဤတာရိုအယ်လ်ထရာမန်းက ကိုင်ဘွန်ရုပ်ရှင်ထဲကလို လူသားများကို ကာကွယ်ပေးသည့် သူရဲကောင်း မဟုတ်တော့ပေ။ သူ့လက်ဝါးတစ်ချက် ရိုက်ချလိုက်ရုံဖြင့် နင်ဂျာတိုက်ကြီး၏ အဆောက်အအုံတစ်ခုကို ကြေမွသွားစေလေရာ မီတာငါးဆယ်ကျော်မြင့်မားသော အဆောက်အအုံကြီးမှာ ချက်ချင်းပြိုကျသွားပြီး အထဲရှိ ကစားသမားအားလုံး သေဆုံးကုန်ကြသည်။

ပြန်လည်မွေးဖွားရာနေရာကား ရေပန်းတစ်ခုကဲ့သို့ ဖြစ်နေချေသည်။ ကစားသမားများမှာ မယုံနိုင်စရာကောင်းသောနှုန်းဖြင့် သေဆုံးလိုက် ချက်ချင်းပြန်ပေါ်လာလိုက် ဖြစ်နေပေသည်။

ဤဖြစ်စဉ်ကား နင်ဂျာတိုက်နယ် ကစားသမားများ အစုလိုက်အပြုံလိုက် သေဆုံးနေကြောင်း ပြသနေသည်။ ဤမြို့တစ်မြို့တည်းပင် မဟုတ်ပေ။ အခြားမြို့များလည်း နဂါးတိုက်နယ် ကစားသမားများ၏ တိုက်ခိုက်မှုကို ခံစားနေရသည်။

"မြို့တော်၁မှာ စူပါမန်းပေါ်လာပြီး ငါတို့ရဲ့ လူနေအဆောက်အအုံတွေကို ဖျက်ဆီးနေတယ်"

"မြို့တော်၃မှာ ဟော့ခ်ရောက်လာတယ်။ ဂိုဏ်း၇ဂိုဏ်းတောင် ရှင်းထုတ်ခံလိုက်ရပြီ"

"မြို့တော်၉မှာ ဘီလူးတွေပေါ်လာတယ်။ Attack on Titanထဲက ကောင်တွေ!"

"မင်းတို့က ဘာတွေပွက်လောရိုက်ပြနေတာလဲ။ ငါတို့ မြို့တော်၁၃မှာဆိုရင် အာအိုကီဂျီရောက်လာပြီး တစ်မြို့လုံးကို ရေခဲရိုက်သွားတာ"

...

ဤကဲ့သို့သော ဖြစ်ရပ်များမှာ ကိုင်ဘွန်ဆာဗာရှိ နင်ဂျာတိုက်တစ်ခုတည်းတွင် ဖြစ်ပျက်နေခြင်းမဟုတ်ဘဲ အခြားဆာဗာအားလုံးနီးပါးတွင်လည်း ကြုံတွေ့နေရသည်။

"မီတိုက်နယ်မှာ သာနော့စ်ပေါ်လာပြီး လက်ဖျောက်တစ်ချက် တီးလိုက်တာနဲ့ ဆာဗာထဲက ကစားသမားတစ်ဝက်ကို ရှင်းထုတ်ပစ်လိုက်တယ်"

"အရှေ့အလယ်ပိုင်းတိုက်နယ်ဆာဗာမှာ နျူကလီးယားဗုံးနဲ့ အပစ်ခံရလို့ ကစားသမားတွေအကုန်လုံး သေကုန်ကြပြီ"

"တစ္ဆေနှိမ်နင်းသူတစ်အုပ်က A3တိုက်နယ်မှာ ပေါ်လာပြီး ဆိုင်ကယ်တွေစီးရင်း တွေ့သမျှလူတိုင်းကို လိုက်သတ်ပြီး နေရာတိုင်းကို မီးရှို့နေကြတယ်"

အုပ်စိုးသူအရှင်ဂိမ်းတစ်ခုလုံး ကမောက်ကမဖြစ်ကုန်လေပြီ။

"ဟားဟား... စိတ်လှုပ်ရှားဖို့ကောင်းလိုက်တာ"

ဝမ်လင်က မီတာလေးဆယ်ရှည်သောဓားကြီးကို ကိုင်ပြီး ဟိုယမ်းသည်ယမ်း လျှောက်ခုတ်နေသည်။ သူ့လူအချင်းချင်း ထိမိမည်ကိုလည်း မကြောက်ပေ။ အကြောင်းမှာ နဂါးတိုက်နယ် ကစားသမားအားလုံးက ဟက်ခ်ကုတ်ဖွင့်ထားသဖြင့် ဓားထိလျှင်လည်း သွေးမလျော့သွားသောကြောင့်ပင်။

"ရှယ်ပဲကွာ"

မိစ္ဆာကြာပန်းသန့်စင်ရေးမီးတောက်ကို ရွေးချယ်ထားသော ချင်ဖုန်းကလည်း အရာအားလုံးကို ပျောက်ပျက်သွားစေနိုင်သော မီးတောက်ပြင်းပြင်းများကို အသာပစ်လွှတ်လိုက်၏။

"သေစမ်း။ ငါပြောသားပဲ။ ငါတို့နဂါးတိုက်ဆာဗာကို လာမရှုပ်နဲ့။ လာမကျူးကျော်နဲ့လို့"

...

"အစီရင်ခံပါတယ်... သောက်ကျိုးနည်း...ပွဲဖျက်တဲ့ ကြီးကြပ်သူတွေ.. လာကြည့်ကြဦး။ ခင်ဗျားတို့ဂိမ်းကြီး ရူးသွားပြီ"

"ဟိုကောင်စုတ်က ငါတို့ကိုင်ဘွန်လူမျိုးတွေကို ကောလာဟလတွေ ဖြန့်နေတာတို့ ပြဿနာရှာနေတာတို့ ဆက်တိုက်ပြောနေတာမလား။ အခု မင်းတို့ မြင်ကြပြီလား။ ဟွာရှားကစားသမားတွေ သုံးနေတဲ့ Pluginတွေက ကြောက်စရာကြီးကွ"

"ဒါက ဘယ်လိုPluginမျိုးလဲ။ ပစ္စည်းမျိုးစုံကို ဖန်တီးနိုင်ရုံတင်မကဘူး။ ဒေတာဘေ့စ်မှာလည်း အကုန် ပုံမှန်အတိုင်းပဲ ပြနေအောင် လုပ်ထားတာ"

...

ကုမ္ပဏီရှိ ပရိုဂရမ်မာများမှာ လုံးဝခေါင်းမီးတောက်နေကြသည်။ ဒေတာအချက်အလက်များကို စစ်ဆေးကြည့်သော်လည်း ဘာပြဿနာမှ မတွေ့ရပေ။ သို့သော် သူတို့ ဖန်တီးထားသော စမ်းသပ်ရေးအကောင့်မျက်နှာပြင်တွင်မူ ပီကာချူးတစ်ကောင်က လျှပ်စီးများဖြင့် လျှောက်ပစ်ကာ သောင်းကျန်းနေသည်ကို မြင်နေရ၏။ သူတို့၏မျက်စိဖြင့် တပ်အပ်မမြင်ရပါက ကုတ်ပိုင်းဆိုင်ရာ ပြဿနာတစ်ခုရှိသည်ဟု သူတို့ ဘယ်လိုလုပ်ဝန်ခံနိုင်မည်နည်း။

"ဒီလိုလုပ်လို့မဖြစ်တော့ဘူး။ တစ်ဖက်လူရဲ့ နည်းလမ်းက အရမ်းပါးနပ်လွန်းတယ်။ ငါတို့ရဲ့ပင်မပရိုဂရမ်ထဲမှာ ကုတ်အသစ်တစ်ခု ထည့်ထားပုံရတယ်။ ဖျက်ဆီးလို့လည်း မရဘူး"

"ဒါဆိုရင် အကောင့်တွေကို ဘန်းပစ်လိုက်။ ဒီချို့ယွင်းချက်တွေကို ပြင်လို့မရရင် အကောင့်တွေကို ဘန်းပစ်လိုက်။ ဒီဟွာရှားကစားသမားတွေရဲ့ ဒေတာတွေအကုန်လုံးကို ဖျက်ပစ်"

"ဟုတ်ပြီ။ အကောင့်တွေဖျက်မယ်။ ဒေတာတွေ အကုန်ဖျက်ပစ်မယ်"

...

"ဂိမ်း၏မျှတမှုကို ထိခိုက်စေသော တရားမဝင်ဆော့ဝဲများ အသုံးပြုနေကြောင်း စစ်ဆေးတွေ့ရှိပါသည်။ စီမံခန့်ခွဲသူမှ သင့်အကောင့်ကို ယခုချက်ချင်း အရေးယူဆောင်ရွက်ပါမည်။ ပိတ်ပင်သည့်ကာလမှာ နှစ်တစ်ရာဖြစ်၏"

ဝမ်လင်တစ်ယောက် ပျော်ပျော်ကြီးကဲနေတုန်း ရုတ်တရက်ဆိုသလို သူ့ဂိမ်းဖန်သားပြင်ပေါ်တွင် သတိပေးစာတန်းတစ်ခု ပေါ်လာသည်။

"ငါ့အကောင့်ကို ဘန်းရဲတယ်ပေါ့လေ။ မင်းတို့မှာ အရည်အချင်းရှိလို့လား"

ဝမ်လင်က ညာဘက်အောက်ထောင့်ရှိ ဟက်ခ်ကုတ်အင်တာဖေ့စ်ကို ချက်ချင်းဖွင့်လိုက်သည်။

"မင်းက ငါ့အကောင့်ကို ဘန်းချင်တာလား။ သောက်ကျိုးနည်း... ငါ မင်းတို့ကြီးကြပ်သူအကောင့်ကို ပြန်ဘန်းပစ်လိုက်မယ်"

ဝမ်လင်က "ကြီးကြပ်သူအကောင့်ကို ဘန်းမည်"ဟူသည့် ခလုတ်ကို နှိပ်ချလိုက်သည်။

မိုင်ပေါင်းရှစ်ရာအကွာရှိ ရုံးခန်းတစ်ခုတွင်မူ ဝမ်လင်၏အကောင့်ကိုပိတ်ရန် လုပ်ဆောင်နေသော စနစ်ကြီးကြပ်သူ၏ ကွန်ပျူတာဖန်သားပြင်၌ စာတန်းတစ်ခု ရုတ်တရက် ပေါ်လာသည်။

"တောင်းပန်ပါတယ်။ ဤလုပ်ဆောင်ချက်ကို ဆောင်ရွက်ရန် သင့်တွင် လုပ်ပိုင်ခွင့်မရှိပါ"

"သတိပေးချက်။ သင့်အကောင့်ကို ဆိုင်းငံ့လိုက်ပါပြီ"

"ဘာလဲဟ"

ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။

ကြီးကြပ်သူအကောင့်ဆိုသည်မှာ System Developerပြီးလျှင် အဆင့်အမြင့်ဆုံးခွင့်ပြုချက်ကို ရထားသည်။ ပင်မကုတ်များကို ကိုင်ထားသူများကလွဲ၍ ဘယ်သူကများ သူတို့အကောင့်ကို ပိတ်နိုင်မည်နည်း။

"ဘုရားရေ... ငါ့အကောင့် တကယ်ကြီးအပိတ်ခံလိုက်ရပြီ"

"ငါ့အကောင့်လည်း အပိတ်ခံလိုက်ရပြီ"

"နည်းပညာအဖွဲ့.. ဘယ်ရောက်ကုန်ပြီလဲ။ မင်းတို့ ဘာလုပ်နေကြတာလဲ။ ဘယ်လိုလုပ်ပြီး ငါတို့အကောင့်တွေက အပိတ်ခံလိုက်ရတာလဲ"

"မဖြစ်နိုင်တာ။ ငါတို့ ဘာမှမလုပ်ထားပါဘူး"

နည်းပညာဝန်ထမ်းများမှာ ကြောင်အမ်းသွားကြသည်။ သူတို့မှာ ချို့ယွင်းချက်များကို ဖြေရှင်းဖို့ အကြံအိုက်နေရသည့်ကြားထဲ မိမိတို့၏ကြီးကြပ်သူအကောင့်ကို ပြန်ပိတ်ဖို့ ဘယ်လိုလုပ်ပြီး အချိန်ရှိမည်နည်း။

"ဘာတွေဖြစ်နေတာလဲကွာ။ ဘာလို့ ငါတို့အကောင့်ရဲ့ လုပ်ပိုင်ခွင့်တွေ အပိတ်ခံလိုက်ရတာလဲ။ မြန်မြန်စစ်ကြည့်စမ်း"

"တွေ့ပြီ"

နည်းပညာရှင်တစ်ယောက်က အကောင့်ခွင့်ပြုချက်လုပ်ဆောင်မှုကို ချက်ချင်းဖွင့်ကြည့်လိုက်လေရာ စနစ်ကြီးကြပ်သူအကောင့်အားလုံး မီးခိုးရောင်ဖြစ်နေသည်ကို တွေ့လိုက်ရ၏။

သူလည်း ခွင့်ပြုချက်များကို ချက်ချင်းပြန်ထည့်ပေးဖို့ ကြိုးစားလိုက်သော်ငြား ထိုအချိန်မှာပင် သူ့ကုတ်များ အလုပ်မလုပ်တော့ကြောင်း သိလိုက်ရသည်။

ဘာဖြစ်နေသလဲဆိုသည်ကို သိဖို့အတွက် ဂိမ်းအင်ဂျင်ကို ဖွင့်ကြည့်လိုက်ချိန်မှာတော့ ပိုပြီးကြောက်စရာကောင်းသည့် အရာတစ်ခု ဖြစ်ပေါ်လာသည်။ System Developerဖြစ်သော သူကိုယ်တိုင်ပင် သူ့အကောင့်ထဲသို့ ဝင်မရတော့ပေ။

"တစ်ယောက်ယောက်က ငါတို့ပင်မဆာဗာကို လုသွားပြီ။ ငါတို့ရဲ့ပင်မကုတ် အတိုက်ခိုက်ခံလိုက်ရပြီ"

"ဘာ... ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ"

နည်းပညာရှင်ခေါင်းဆောင်၏မျက်နှာကား ဖြူဖပ်ဖြူရော် ဖြစ်သွားလေသည်။ ဤအခြေအနေက ဂိမ်းတစ်ခုလုံးကို သူတို့ လုံးဝထိန်းချုပ်နိုင်စွမ်းမရှိတော့ဘူး ဟူသည့်သဘောပင်။ သူတို့အနေနှင့် ဂိမ်းထဲမှာ ဘာမှဝင်လုပ်လို့ မရတော့ပေ။

သူက ရေခွက်ကို ကြမ်းပြင်ပေါ်သို့ ဒေါသတကြီး ကောက်ပေါက်လိုက်တော့သည်။

"သောက်ကျိုးနည်း... ဒီဟွာရှားလူမျိုးတွေ ဘာတွေလုပ်နေကြတာလဲ"

********************

All Chapters