ဒါပေမဲ့ ခင်ဗျားမှာ သက်သေမှမရှိတာ
Vol. 39 Ch. 584
ကမ္ဘာ့ဂိမ်းလောကသမိုင်းတွင် ဂိမ်းဟက်ခ်ခံရသည့် ဖြစ်စဉ်များစွာ ပေါ်ပေါက်ခဲ့ဖူးသည်။ ကုမ္ပဏီအများအပြားမှာ အချက်အလက်များ ပျက်စီးဆုံးရှုံးခြင်း၊ ကစားသမားများ ဆုံးရှုံးခြင်းနှင့် လျော်ကြေးပေးရခြင်းမျိုးအထိ ဆိုးဝါးလှသော အကျိုးဆက်များနှင့် ရင်ဆိုင်ခဲ့ရဖူးသည်။
သို့သော် ထိုသို့သော ကျူးကျော်တိုက်ခိုက်မှုအများစုမှာ ထိန်းချုပ်၍ရသော အတိုင်းအတာတစ်ခုအထိသာ ဖြစ်လေ့ရှိသည်။ အကြောင်းမှာ အကျွမ်းကျင်ဆုံး ဟက်ကာများပင်လျှင် ဂိမ်း၏ဗားရှင်းအချက်အလက်များနှင့် အဓိက အချက်အလက်များကို ဖျက်ဆီးနိုင်စွမ်း မရှိကြသောကြောင့် ပင်။
စီမံခန့်ခွဲသူအကောင့်များကို ပြန်ဘန်းပစ်သည်ဆိုတာမျိုးကတော့ ကြားလည်းမကြားဖူးသလို မြင်လည်းမမြင်ဖူးသည့် ဖြစ်စဉ်မျိုးပင်။ ကုမ္ပဏီတစ်ခုအနေနှင့် စီမံခန့်ခွဲသူ၏လုပ်ပိုင်ခွင့်ကိုသာ လုယူခံလိုက်ရပြီဆိုလျှင် ထိုကုမ္ပဏီမှာ ဘာမှသုံးစားမရတော့သည့် သဘောပင် မဟုတ်ပါလား။
ယနေ့ ပေါင်လဲ့ဂိမ်းကုမ္ပဏီတွင် ထိုကဲ့သို့သော ဖြစ်ရပ်မျိုးဖြင့် ကြုံတွေ့လိုက်ရလေပြီ။ စီမံခန့်ခွဲသူအကောင့်များ အပိတ်ခံရရုံသာမက နည်းပညာပိုင်းဆိုင်ရာ စီမံခန့်ခွဲသူများ၏အကောင့်များပါ လော့ကျသွားလေသည်။
ဤအခြေအနေက ဂိမ်းကို ဟက်ကာများကိုယ်တိုင် ဖန်တီးထားသကဲ့သို့ပင်။
ပိုဆိုးသည်မှာ ဤအချက်က ဟက်ခ်ကုတ်၏ လုပ်ဆောင်ချက်အစိတ်အပိုင်းအသေးစားလေးတစ်ခုသာ ဖြစ်နေခြင်းပင်။
နည်းပညာပိုင်းဆိုင်ရာစီမံခန့်ခွဲသူများ၏ အကောင့်များ မရှိတော့သဖြင့် ပေါင်လဲ့ဂိမ်းကုမ္ပဏီမှ ရာပေါင်းများစွာသော ဝန်ထမ်းများလည်း ဘာဆက်လုပ်ရမှန်းမသိ ဖြစ်နေကြသည်။ လုပ်ပိုင်ခွင့်အမြင့်ဆုံး အကောင့်များပါ ပါသွားပြီဖြစ်ရာ သူတို့လည်း ဂိမ်းနှင့် ဘာမှမဆိုင်တော့သလို ဖြစ်သွားသည်။ ဤပြဿနာကို သူတို့ ဘယ်လိုကိုင်တွယ်ဖြေရှင်းကြမည်နည်း။
သေချာစဉ်းစားကြည့်လိုက်လျှင် ပြိုင်ဘက်၏ စွမ်းရည်မှာ အလွန်ထူးချွန်လှသောကြောင့် မျက်လှည့်ပြနေသလိုပင်။ ကုမ္ပဏီဘက်က ကုတ်များကို ပြုပြင်နိုင်သည်ထားဦး။ ဘာထူးမည်နည်း။ တစ်ဖက်လူတွင် ဂိမ်းကို စိတ်ကြိုက်မွှေနှောက်ပြောင်းလဲပစ်ဖို့ နည်းလမ်းပေါင်းတစ်ရာလောက် ရှိနေပေသည်။
ထိုအချိန်တွင် ဝမ်လင်နှင့် အခြားသူများမှာ နင်ဂျာတိုက်နယ်ဆာဗာရှိ နဂါးတိုက်နယ်ကစားသမားများအကြား သတ်ဖြတ်ပွဲကြီး စတင်နေချေပြီ။ နင်ဂျာတိုက်နယ် ကစားသမားတိုင်းလိုလိုမှာ တစ်ကြိမ်စီအသတ်ခံထားရပြီး ပြန်လည်မွေးဖွားရာနေရာတွင်လည်း လူများ ပြည့်ကျပ်နေသည်။
သူတို့အားလုံး ဒေါသထွက်နေကြသော်လည်း ဘာမှလည်း ပြန်မပြောရဲကြပေ။ ဘယ်ဘက်မှာ အယ်လ်ထရာမန်း၊ ညာဘက်မှာ Attack on Titanထဲက ဘီလူးကြီးရှိပြီး အရှေ့မှာ ဂန်ဒမ်စက်ရုပ်၊ နောက်မှာမူ ကျင့်ကြံရေးပညာရှင်တစ်ယောက်ရှိကာ အပေါ်မှာမူ စူပါဆိုင်ယန်တစ်ကောင် ပျံဝဲနေသည်။
ယခုလိုအခြေအနေမျိုးမှာ ဘယ်သူကများ မဆင်မခြင် လှုပ်ရှားရဲမည်နည်း။ လှုပ်လိုက်သည်နှင့် သေရမည်သာ။
"နင်ဂျာတိုက် ကစားသမားတွေကို ငါတို့ တစ်ခေါက်စီ သတ်ပြီးသွားပြီ။ အခု သူတို့ရဲ့ ပြန်လည်မွေးဖွားရာနေရာကို ဖျက်ဆီးပစ်လိုက်ရင် နင်ဂျာတိုက်ကြီးတစ်ခုလုံး ပျက်စီးသွားပြီပဲ"
နင်ဂျာတိုက်နယ်ဆာဗာ၏ ဖျက်ဆီးရေးအတွက် တာဝန်ယူထားသော နဂါးတိုက်နယ် ကစားသမားအချို့က ပြောလိုက်သည်။
"ကောင်းတယ်။ မြန်မြန်အပြတ်ရှင်းပြီး ညလယ်စာသွားစားကြတာပေါ့"
ကျင့်ကြံရေးပညာရှင်က သူ့လက်ထဲရှိ ဓားကို ဆွဲထုတ်လိုက်ပြီး မီတာလေးရာခန့် ရှည်လျားသော ဧရာမဓားသွားချီစွမ်းအင်ဖြင့် ပြန်လည်မွေးဖွားရာနေရာရှိ ကျောက်တိုင်ကြီးကို ခုတ်ပိုင်းပစ်လိုက်သည်။
ဤကျောက်တိုင်ကား စစ်မြေပြင်တိုင်းတွင် အရေးအကြီးဆုံးအရာဖြစ်ပြီး League of Legendsဂိမ်းထဲမှ ခရစ္စတယ်နှင့် အလားသဏ္ဌာန်တူသည်။ ယင်းကို ဖျက်ဆီးလိုက်နိုင်သည်နှင့် နင်ဂျာတိုက်နယ် စစ်မြေပြင်တစ်ခုလုံးကို နဂါးတိုက်နယ် ကစားသမားများက သိမ်းပိုက်လိုက်ပြီဖြစ်၏။
"ဝုန်း!"
သို့သော် ကိစ္စများက ချောချောမွေ့မွေ့ ပြီးမသွားပေ။ မမြင်ရသော အကာအကွယ်တစ်ခုက ကျောက်တိုင်ကို ရုတ်တရက်လွှမ်းခြုံသွားသည်။ ဓားသွားချီစွမ်းအင်က ထိုအကာအကွယ်တံတိုင်းကို ပြင်းထန်စွာတုန်ခါသွားစေရုံမှလွဲ၍ လုံးဝဖျက်ဆီးနိုင်ခြင်း မရှိပေ။
ထိုအချိန်မှာပင် အရိပ်မည်းတစ်ခု ပေါက်ကွဲထွက်လာပြီး ရှေးဟောင်းနင်ဂျာဝတ်စုံ ဝတ်ဆင်ထားသော ပုံရိပ်တစ်ခုက အနက်ရောင်မြူခိုးများအကြား ဖြည်းညင်းစွာထွက်ပေါ်လာသည်။
"နင်ဂျာတိုက်ရဲ့ အစောင့်အရှောက်ပဲ။ နင်ဂျာတိုက်ရဲ့အစောင့်အရှောက် ရောက်လာပြီဟေ့။ သူ ငါတို့ကိုကယ်ဖို့ ရောက်လာပြီ"
"အစောင့်အရှောက်ကြီးရေ... နဂါးတိုက်နယ် ကစားသမားတွေက ကျွန်တော်တို့နင်ဂျာတိုက်ကို ဖျက်ဆီးနေကြတယ်။ သူတို့ကို မြန်မြန်သတ်ပြီး မောင်းထုတ်ပေးပါဦး"
"အစောင့်အရှောက်ကြီး... ခင်ဗျား နောက်ဆုံးတော့ ရောက်လာပြီပဲ"
နင်ဂျာတိုက်နယ် ကစားသမားများမှာ ကျောထောက်နောက်ခံ ရှာတွေ့သွားသကဲ့သို့ ချက်ချင်းပင် အားတက်သွားကြသည်။
ဆာဗာတစ်ခုစီ၏ အစောင့်အရှောက်ဆိုသည်မှာ အလွန်စွမ်းအားကြီးသော ဖြစ်တည်မှုတစ်ခုပင်။ ဂိမ်း၏နောက်ပိုင်း အဆင့်များတွင်ပင် ၎င်းတို့ကိုအနိုင်ယူရန် လူအင်အားနှင့် ငွေအင်အားအများအပြား ရင်းနှီးမြှုပ်နှံရသည်။
လက်ရှိဂိမ်းအဆင့်တွင် ဆာဗာအစောင့်အရှောက်ဆိုသည်မှာ ပြိုင်ဘက်ကင်းသော ဖြစ်တည်မှုပင်။
"မင်းတို့က ဘာကောင်တွေမို့လို့ ငါတို့ရဲ့နင်ဂျာတိုက်နယ်မြေကို လာကျူးကျော်ရဲတာလဲ"
နင်ဂျာတိုက်အစောင့်အရှောက်က အသံကျယ်ကြီးဖြင့် ပြောလိုက်သည်။
"နင်ဂျာတိုက်ထဲကနေ အခုချက်ချင်း ထွက်သွားကြ"
"ဟားဟားဟား! ဟုတ်တယ်။ နင်ဂျာတိုက်ထဲကနေ ထွက်သွားကြ"
"ကြားလား။ ထွက်သွားကြ။ မဟုတ်ရင် နဂါးတိုက်နယ် ကစားသမားတွေ တစ်ယောက်မှ အရှင်ပြန်မထွက်နိုင်စေရဘူး"
"မလုပ်နဲ့။ သူတို့ကို လွှတ်မပေးနဲ့။ အစောင့်အရှောက်ကြီး... သူတို့က ကျွန်တော်တို့တွေတစ်ယောက်ချင်းစီကို လိုက်သတ်ထားတာ။ ဒီတိုင်း လွယ်လွယ်လေးလွှတ်မပေးနိုင်ဘူး"
ဤဂိမ်း၏ ထူးခြားချက်တစ်ခုမှာ ဉာဏ်ရည်တုနည်းပညာကို အသုံးပြုထားခြင်းဖြစ်ပြီး ဆာဗာတစ်ခုစီ၏ အစောင့်အရှောက်များကို AIဖြင့် ထိန်းချုပ်ထားသည်ဖြစ်ရာ ပတ်ဝန်းကျင်နှင့် ကစားသမားများ၏ အခြေအနေအပေါ် မူတည်ပြီး တုံ့ပြန်နိုင်သည်။ သာမန်NPCသက်သက် မဟုတ်ပေ။
"ဘာအစောင့်အရှောက်လဲကွ။ ထွက်ခဲ့စမ်းပါ။ တစ်ယောက်ချင်းချမယ်"
နဂါးတိုက်နယ် ကစားသမားတစ်ယောက်က လှမ်းအော်ရင်း သူ့ရှေ့ရှိ လုပ်ဆောင်ချက်ဘောင်ကွက်ကို နှစ်ချက်နှိပ်လိုက်သည်။ သူ့ဇာတ်ကောင်၏ မျက်လုံးများတွင် အနီရောင်ပုံစံများ ရုတ်တရက် ပေါ်ပေါက်လာသည်။
"လူပါးဝတဲ့ နဂါးတိုက်ကစားသမား!"
နင်ဂျာတိုက်အစောင့်အရှောက်ကြီးက အေးစက်စွာ ပြောလိုက်ပြီးနောက် သူ့ကျောကုန်းထက်မှ တောက်ပြောင်နေသော ဆာမူရိုင်းဓားတစ်လက်ကို ဖြည်းညင်းစွာ ဆွဲထုတ်လိုက်သည်။
"ဘုန်း!"
သူသည် အနက်ရောင်မြူခိုးများအဖြစ် ပေါက်ကွဲပျောက်ကွယ်သွားပြီး တစ္ဆေတစ်ကောင်အလား ဟွာရှားကစားသမား၏ နောက်ကျောဘက်တွင် ရုတ်တရက် ပေါ်လာကာ ဓားဖြင့် ခပ်ကြမ်းကြမ်းထိုးချပစ်လိုက်သည်။
နင်ဂျာတိုက်ကစားသမားများအားလုံးလည်း ဝမ်းသာအားရ အော်ဟစ်လိုက်ကြသည်။ ဆာဗာတစ်ခုလုံး၏ အစောင့်အရှောက်နတ်ဘုရားဆိုသည့်အတိုင်း တစ်ချက်တည်းနှင့် နှိမ်နင်းပြခဲ့သည်။
သို့သော် စက္ကန့်အနည်းငယ် ကြာသွားသည့်တိုင် ဟွာရှားကစားသမားက မသေဆုံးပေ။ ထို့ပြင် သူက အနောက်ကိုလှည့်လာပြီး နင်ဂျာတိုက်အစောင့်အရှောက်ကို မျက်နှာမူကာ ဂိမ်းစနစ်ထဲတွင်ပါသော အကမျိုးစုံဖြင့် ကပြနေလေသည်။
"သူက ဘယ်လိုဖြစ်လို့ မသေတာလဲဟ"
"နေဦး... ကြည့်လိုက်။ သူ့သွေးက အပြည့်ပဲ။ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ"
"ငါ့ဆီမှာ တစ်ဖက်လူရဲ့အခြေအနေကို စစ်ဆေးလို့ရတဲ့ အထူးပစ္စည်းရှိတယ်။ ကြည့်ကြည့်လိုက်ဦးမယ်"
"သူ့... သူ့ရဲ့သွေးနဲ့ ခံစစ်မှာ ဘာလို့ '???'လို့ ပြနေတာလဲ"
"ဆောရီးပဲ ညီအစ်ကိုတို့ရေ... မင်းတို့ စိတ်ပျက်သွားအောင် လုပ်မိပြီထင်တယ်"
ထိုဟွာရှားကစားသမားက လှောင်ပြောင်သရော်ထားသော စာတန်းရှည်ကြီးတစ်ခုကို ရိုက်ထည့်လိုက်၏။
"အသုံးမကျတဲ့ကောင်"
ကြီးမားလှသော စွမ်းအားတစ်ရပ်က သူ့ခန္ဓာကိုယ်ထဲမှ ရုတ်တရက်ထွက်ပေါ်လာပြီးနောက် မီတာရာပေါင်းများစွာအတွင်းရှိ နင်ဂျာတိုက်ကစားသမားများအားလုံး ထပ်သေဆုံးကုန်ကြသည်။ နင်ဂျာတိုက်အစောင့်အရှောက်ကြီးလည်း အဝေးသို့ လွင့်စဉ်ထွက်သွားသည်။
"ဆူဆာနို!"
မီတာတစ်ရာခန့်မြင့်မားသော ဧရာမအရိပ်ကြီးတစ်ခု မြေကြီးထဲမှ ထွက်ပေါ်လာပြီး နင်ဂျာတိုက်အစောင့်အရှောက်ကို တစ်ချက်တည်းဖြင့် ဖမ်းဆုပ်လိုက်သည်။
အားကောင်းလှသော NPCတစ်ဦး ဖြစ်သော်ငြား နင်ဂျာတိုက်အစောင့်အရှောက်၏ စွမ်းအားမှာ အကန့်အသတ်ရှိသေးသည်။ ဟက်ခ်ကုတ်၏ စွမ်းအားက အစောင့်အရှောက်ထက် အဆပေါင်းများစွာ သာလွန်နေသည်တဲ့လား။
"ကောင်းကင်အလင်းမီးတောက်"
အနက်ရောင်မီးတောက်များက နင်ဂျာတိုက်အစောင့်အရှောက်ကြီးကို ဝါးမျိုသွားသည်။ အစောင့်အရှောက်ကြီးခမျာ အော်သံပင် မထွက်လိုက်နိုင်ဘဲ အနက်ရောင်မီးတောက်များအကြား ပျောက်ကွယ်သွားတော့သည်။
"ရယ်စရာကောင်းလိုက်တာ။ ဘာအစောင့်အရှောက်လဲကွ"
မိုးထိမတတ်မြင့်မားလှသော ဆူဆာနိုကြီးက နင်ဂျာတိုက်ကို ကိုယ်စားပြုသည့် ကျောက်တိုင်ကို ရိုက်ချိုးပစ်လိုက်သည်။
နင်ဂျာတိုက်ကစားသမားအားလုံး၏ ဖန်သားပြင်ထက်တွင် စာတန်းတစ်ခု ပြိုင်တူပေါ်လာသည်။
"သင်၏ဆာဗာ ဖျက်ဆီးခံလိုက်ရပါပြီ။ နောက်ရာသီပြန်မစခင်အထိ ဂိမ်း၏ပြိုင်ပွဲပုံစံကို ဝင်ရောက်ကစားနိုင်မည် မဟုတ်ပါ"
"သွားပြီ"
နင်ဂျာတိုက်ကစားသမားများခမျာ အမှောင်ထုမှလွဲ၍ ဘာမှမမြင်ရတော့ပေ။ တစ်ချိန်က သူတို့ပိုင်ဆိုင်ခဲ့သော မြေပုံပေါ်ရှိ ဧရိယာကား ယခုမူ နဂါးတိုက်၏အမှတ်တံဆိပ်က အစားထိုးသွားပြီဖြစ်၏။
...
"ဂိမ်းဖြတ်ကြဟေ့"
"ငါ့ရဲ့လူငယ်ဘဝကို ဖျက်ဆီးတဲ့ ဂိမ်းစုတ်"
"ရုတ်တရက်ကြီး သစ္စာဖောက်သွားတဲ့ ဒီဂိမ်းကိုသပိတ်မှောက်ကြ"
"မင်းတို့က ဂိမ်းကို ဖင်နဲ့ စီမံခန့်ခွဲနေကြတာလား။ ဟက်ခ်ကုတ်တွေကို ဒီလို သောင်းကျန်းခွင့်ပေးထားတယ်ပေါ့"
မိမိတို့ဆာဗာကို ဆုံးရှုံးလိုက်ရသဖြင့် နင်ဂျာတိုက်ကစားသမားများမှာ ဒေါသဖြေစရာနေရာမရှိ ဖြစ်နေလေရာ ဖောက်သည်ဝန်ဆောင်မှုဌာနကို ဖုန်းဆက်သူကဆက်၊ ဂိမ်းဖိုရမ်များတွင် အော်ဟစ်သူကအော်ဟစ်နှင့် ရှုပ်ထွေးနေတော့သည်။
ဂိမ်းကုမ္ပဏီ၏ပိုင်ရှင် မိုက်ကယ်လည်း ထိုသတင်းကို ချက်ချင်းသိလိုက်သည်။
သူတို့၏ခန့်မှန်းချက်အရ ငွေပေးချေမှုစနစ်စတင်သည်နှင့် တစ်လလျှင် ဘီလီယံနှင့်ချီသောဝင်ငွေကို ရရှိမည်သာ။ ရာသီတစ်ခုလျှင် တစ်နှစ်မှ တစ်နှစ်ခွဲအထိ ကြာမြင့်မည်ဟု မျှော်မှန်းထားသဖြင့် အမေရိကန်ဒေါ်လာ ဘီလီယံပေါင်းများစွာ အမြတ်ထွက်မည့် အစီအစဉ်ဖြစ်၏။
ယခုတော့ ဂိမ်းအခြေအနေက ဤသို့နှယ်ဖြစ်သွားလေပြီ။ တစ်နှစ်ခွဲနေနေသာသာ တစ်ရက်တောင် မခံလိုက်ပေ။ နဂါးတိုက်နယ်ကစားသမားများက စွမ်းအားကြီးလှသော ဟက်ခ်ကုတ်များကို ကိုင်စွဲထားပြီး ဘယ်သူမှ တားမရဆီးမရဖြင့် ရှေ့ဆက်တိုက်ခိုက်နေကြသည်။
ဆယ်မိနစ်အကြာတွင် ဆာဗာငါးခုကျဆုံးသွားသည်။ မိနစ်နှစ်ဆယ်အကြာတွင် ဆာဗာ၁၇ခု၊ မိနစ်သုံးဆယ်အကြာတွင် ဆာဗာ၄၂ခု ကျဆုံးသွားသည်။ တစ်နာရီအကြာတွင်တော့ ဆာဗာအားလုံးကျဆုံးသွားပြီး နဂါးတိုက်နယ်ကစားသမားများမှာ အခြားဆာဗာအားလုံးကို ရှင်းလင်းသုတ်သင်ပစ်လိုက်သည့် 'အဆုံးစွန်သော အောင်မြင်မှု'ကို ရယူနိုင်ခဲ့ကြသည်။
ရုတ်ခြည်းပင် မိုက်ကယ်လည်း ကျန်းမုန့်လောင် ပေးခဲ့ဖူးသော သတိပေးချက်တစ်ခုကို သွားသတိရလိုက်သည်။ ပြီးခဲ့သည့်တစ်ခေါက် စကားပြောစဉ်က အဆုံးနားတွင် ကျန်းမုန့်လောင်က "နတ်ဘုရားတို့နေဝင်ချိန်"ကို ကြားဖူးလားဟု မေးခဲ့သည်။ ယခုတော့ သူ ကြားဖူးရုံတင်မကဘဲ မျက်ဝါးထင်ထင်ပါ ကြုံတွေ့လိုက်ရပြီဖြစ်၏။
ထိုအချက်ကို တွေးမိပြီးနောက် သူလည်း ကျန်းမုန့်လောင်ထံသို့ ချက်ချင်းဖုန်းခေါ်လိုက်သည်။
"ကျန်းမုန့်လောင်... ဒါက မင်းလက်ချက်မလား"
မိုက်ကယ် ဖုန်းဆက်လာမည်ကို ကြိုသိထားပြီးသားဖြစ်သော ကျန်းမုန့်လောင်ကမူ နှုတ်ခမ်းထောင့်စွန်းများ ကွေးတက်သွားအောင် ပြုံးလိုက်၏။
"ဒါပေမဲ့ ခင်ဗျားမှာ သက်သေမှမရှိတာ"
*******************