လျော်ပေးဖို့ဆိုတာ မဖြစ်နိုင်ဘူး
Vol. 39 Ch. 585
"ကျန်းမုန့်လောင်... မင်း တအားဘဝင်မြင့်မနေနဲ့။ ဖုန်းပြောထားတဲ့ အကြောင်းအရာအကုန်လုံးကို ငါ အသံဖမ်းထားတယ်။ ဒါတွေအားလုံးက တရားရုံးရောက်ရင် သက်သေအဖြစ် အသုံးဝင်မှာပဲ"
မိုက်ကယ်က ဆက်ပြောလိုက်သည်။
"ငါတို့ပေါင်လဲ့ဂိမ်းကုမ္ပဏီရဲ့ ဟွာရှားဌာနခွဲက မင်းကို တရားဝင်အမှုဖွင့်တော့မယ်"
မိုက်ကယ်၏လက်ထဲတွင် အသံဖမ်းစက် အသေးစားလေးတစ်ခု ရှိနေပေသည်။ မြေခွေးအိုကြီးပီပီ ယခုလိုလှည့်ကွက်မျိုးကို သုံးခြင်းမှာ သူက ဝါရင့်နေလေပြီ။
"စိတ်မကောင်းပါဘူး မစ္စတာမိုက်ကယ်"
ကျန်းမုန့်လောင်က အေးဆေးတည်ငြိမ်စွာပြုံးရင်း ပြောလိုက်သည်။
"ဟွာရှားနိုင်ငံမှာ တစ်ဖက်လူမသိအောင် ခိုးပြီး အသံဖမ်းထားတာမျိုးက ဥပဒေအရ ဘာအကျိုးသက်ရောက်မှုမှ မရှိဘူး။ ပြီးတော့ အဲ့ဒီအသံဖမ်းစက်ကို အခုချက်ချင်း လွှင့်ပစ်ဖို့ အကြံပေးချင်တယ်။ မဟုတ်ရင် အန္တရာယ် အရမ်းများသွားလိမ့်မယ်"
"ကျန်းမုန့်လောင်.. ငါ့ကို လွယ်လွယ်လေး လာခြိမ်းခြောက်လို့ရမယ်များ ထင်နေတာလား"
မိုက်ကယ်က အသံဖမ်းစက်ကို ပို၍ပင် တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်ထားလိုက်သည်။
"သူ့ကို ပညာနည်းနည်းလောက် ပြလိုက်စမ်းပါ"
ကျန်းမုန့်လောင်က တစ်စုံတစ်ယောက်ကို လှမ်းပြောလိုက်သလိုမျိုး ရေရွတ်လိုက်သည်။ သို့သော် ထိုနေရာတွင် ဘယ်သူမှ ရှိမနေပေ။
ရုတ်ခြည်းပင် မိုက်ကယ်၏လက်ထဲရှိ အသံဖမ်းစက်က ထူးဆန်းစွာ ပေါက်ကွဲသွားပြီး သူ့လက်တစ်ဖက်လုံးလည်း သွေးများဖြင့် ဖုံးလွှမ်းသွားတော့သည်။
မိုက်ကယ်ခမျာ နာကျင်လွန်းသဖြင့် အော်ဟစ်လိုက်မိသည်။ အကောင်းကြီးရှိသေးသည့် အသံဖမ်းစက်က ဘာအကြောင်းမှမရှိဘဲ ဘယ်လိုလုပ်ပြီး ပေါက်ကွဲသွားရသလဲ။ စက်ပစ္စည်းချို့ယွင်းမှုရှိသည်ဆိုလျှင်ပင် ယခုလို ပြင်းပြင်းထန်ထန်ပေါက်ကွဲစရာ အကြောင်းမရှိပေ။
"မင်း... ဒါက မင်းလက်ချက်လား"
မိုက်ကယ်၏လေသံထဲတွင် ထိတ်လန့်မှုများ ရောယှက်နေသည်။
"ကျုပ် မစ္စတာမိုက်ကယ်ကို သတိပေးသားပဲ။ ဒါပေမဲ့ ခင်ဗျားက ကျုပ်ရဲ့စေတနာကို အသိအမှတ်မပြုဘူးလေ"
ကျန်းမုန့်လောင်က ပြုံးလျက် ပြောလိုက်သည်။
"မင်း ဘာစုန်းအတတ်တွေ သုံးလိုက်တာလဲ"
မိုက်ကယ်ခမျာ ကြောက်လန့်တကြားဖြစ်သွားချေသည်။ ကျန်းမုန့်လောင်က အဝေးကြီးကပင် ယခုလိုလုပ်နိုင်သည်ဆိုလျှင် သူ့အသက်ကရော ကျန်းမုန့်လောင်၏လက်ထဲမှာ ရောက်နေလေပြီလား။
တရားဥပဒေစိုးမိုးသော ခေတ်ကြီးဖြစ်နေပြီဆိုသော်ငြား ယခုလို ထူးဆန်းကြောက်မက်ဖွယ်ကိစ္စမျိုးက သူ့ကို တုန်လှုပ်သွားစေသည်။ ဟွာရှားလူမျိုးများတွင် ထူးဆန်းအံ့ဩဖွယ်ကောင်းသော စွမ်းရည်များ ပိုင်ဆိုင်ထားသည်ဟု သူ ကြားဖူးသည်။ ဤသည်မှာ အရှေ့တိုင်း၏ ဒဏ္ဍာရီလာ စွမ်းအားများလား။
"ခင်ဗျား ဘယ်လိုထင်လဲ"
ကျန်းမုန့်လောင်က ပြုံးစစဖြင့် ပြန်မေးလိုက်သည်။
"မင်းပြောကြည့်လေ"
"ကျုပ်ဘာပြောမယ်လို့ ခင်ဗျားထင်လဲ"
"ဟွာရှားလူမျိုး.. တော်လိုက်တော့"
မိုက်ကယ်က ပြောလိုက်၏။
"မင်းတို့ ဝန်မခံချင်လည်းနေ။ ဟွာရှားလူမျိုးတွေက ဟက်ခ်ကုတ်သုံးတယ်ဆိုတာကတော့ ငြင်းမရတဲ့အမှန်တရားပဲ။ ဒီလိုလုပ်ရပ်မျိုးကို တစ်ကမ္ဘာလုံးက ရွံရှာကြလိမ့်မယ်"
"ဟုတ်လား"
ကျန်းမုန့်လောင်က ဂရုမစိုက်သလိုပြုံးရင်း ပြောလိုက်သည်။
"စိတ်ဝင်စားစရာပဲ။ ဒါဆို ခင်ဗျားကို တစ်ခုမေးပါရစေ။ သမိုင်းအမှန်တွေနဲ့ အချက်အလက်တွေကို လိမ်လည်တုပခဲ့တဲ့ ခင်ဗျားရဲ့လုပ်ရပ်ကရော ဂုဏ်ယူစရာကောင်းနေလို့လား"
"ငါပြောပြီးပြီလေ။ ဒါက ပုံရိပ်ယောင်ကမ္ဘာတစ်ခုပဲ။ အကုန်လုံးက အစစ်မှမဟုတ်တာ။ မင်းတို့က ဒါကို အပြစ်ရှာချင်နေရင်တော့ ဒါက မင်းတို့ပြဿနာပဲ။ ဒီကိစ္စကို ဥပဒေကြောင်းအရ ဖြေရှင်းမယ်ဆိုရင်လည်း ငါတို့ပေါင်လဲ့ကုမ္ပဏီဘက်က ရင်ဆိုင်ဖို့အဆင်သင့်ပဲ"
"သေချာတာကတော့..."
မိုက်ကယ်က အံကြိတ်ရင်း ပြောလိုက်သည်။
"ဘယ်လိုနည်းလမ်းပဲသုံးသုံး မင်းတို့နိုင်မှာ မဟုတ်ဘူး"
"တွေ့လား။ ခွေးမြီးကောက်ကျည်တောက်စွပ်ဆိုတာ ဒါမျိုးပဲ"
ကျန်းမုန့်လောင်က လက်ခါပြရင်း ပြောလိုက်သည်။
"ဒါပေမဲ့ ကျုပ်က ဒီကိစ္စကို ဥပဒေလမ်းကြောင်းကနေ ဖြေရှင်းဖို့ အစီအစဉ်မရှိဘူး။ နိုင်ခဲ့ရင်တောင် ခင်ဗျားတို့ကို ဒဏ်ငွေနည်းနည်းရိုက်ပြီး မြေပုံလေးပြင်ခိုင်းရုံလောက်ပဲ ရှိမှာ။ အဲ့ဒါက ခင်ဗျားတို့ကို သက်ညှာလွန်းရာကျနေမှာပေါ့"
မိုက်ကယ်က တစ်ခုခုပြန်ပြောရန် ပြင်လိုက်စဉ် သူ့ဖုန်းက တုန်ခါသွားပြီး အလွန်အရေးကြီးသော သတင်းတစ်ခု ဝင်လာသည်။
"ကျန်းမုန့်လောင်... အခု မင်း ငါတို့ကို ဘယ်လိုရင်ဆိုင်မလဲဆိုတာထက် ဟွာရှားဂိမ်းကုမ္ပဏီတွေရဲ့ဒေါသကို ဘယ်လိုဖြေရှင်းမလဲဆိုတာကိုသာ အရင်စဉ်းစားလိုက်ပါဦး"
"ဩော်"
ကျန်းမုန့်လောင် မျက်ခုံးပင့်လိုက်မိသည်။
"ခင်ဗျားတို့က ကျုပ်ကို ဘာလုပ်နိုင်မှာမို့လို့လဲ။ ကျုပ် ကျန်းမုန့်လောင်ဆီမှာ ခင်ဗျားတို့ကုမ္ပဏီအစုတ်လေးကို ဒေဝါလီခံသွားရအောင် လုပ်ပစ်ဖို့ နည်းလမ်းပေါင်းတစ်ရာလောက် ရှိတယ်။ ခင်ဗျားတို့ကတော့ ဘာမှမလုပ်နိုင်ပါဘူး"
"ကျန်းမုန့်လောင်... မင်းက ပိုက်ဆံရှိရုံနဲ့ ထင်ရာစိုင်းလို့ ရပြီလို့ ထင်နေတာလား"
မိုက်ကယ်က ပြောလိုက်သည်။
"အခု မင်းတို့ဟွာရှားလူမျိုးတွေက နာမည်ပျက်နေပြီ။ ဂိမ်းထဲမှာ အဲ့ဒီလိုနည်းနဲ့ အနိုင်ယူတာက တော်တော်ရှက်စရာကောင်းတယ်"
နဂါးတိုက်နယ်ကစားသမားများက ဟက်ခ်ကုတ်သုံးပြီး အခြားဆာဗာအကုန်လုံးကို တိုက်ခိုက်ဖျက်ဆီးခဲ့သောကြောင့် ဂိမ်းကစားရသည့်အရသာ ပျက်စီးသွားခဲ့ရသည်။ အေးအေးဆေးဆေး ဘဝသရုပ်ဖော်ဂိမ်းလောက်သာကစားဖို့ ရည်ရွယ်ထားသော နိုင်ငံငယ်လေးများရှိ ဆာဗာများလည်း မလွတ်ခဲ့ပေ။
အခြားဆာဗာရှိဟက်ကာများ ဝင်မွှေသည်ဆိုလျှင်ပင် ဂိမ်းကစားချိန်အလယ်လောက် သို့မဟုတ် နောက်ပိုင်းလောက်မှသာ ဖြစ်လေ့ရှိသည်။ အနည်းဆုံးတော့ ဂိမ်းအရသာကို အချိန်အတိုင်းအတာတစ်ခုအထိ ခံစားနိုင်ကြသေးသည်။
သို့သော် ဟွာရှားကစားသမားများကတော့ ဟက်ခ်ကုတ်သုံးပြီး ဤရာသီကို ချက်ချင်းအဆုံးသတ်ပစ်လိုက်သည်။ သူတို့မှာ ကစား၍မဝသေးသလို ဂိမ်းအကြောင်းကိုပင် ကောင်းကောင်းမသိလိုက်ရခင် ပြီးသွားခဲ့သည်။
ဤခံစားချက်က ချစ်နယ်ကျွံနေကြသော ချစ်သူစုံတွဲနှစ်ယောက်က လူသားများ၏ မူလဇာစ်မြစ်ကို ရှာဖွေဖို့ ပြင်ဆင်နေခိုက် တစ်ယောက်ယောက်က ခုတင်ကို လှန်ပစ်လိုက်သလိုမျိုးပင်။ ဘောင်းဘီချွတ်ပြီးမှ ဤမြင်ကွင်းကြီးကို မြင်လိုက်ရသလို ဖြစ်သွားချေသည်။
ထို့ကြောင့် ကမ္ဘာတစ်ဝန်းရှိ ဂိမ်းကစားသူများမှာ ပွက်လောရိုက်ကြတော့သည်။
ဤအကြောင်းပြချက်ကြောင့် နိုင်ငံပေါင်းများစွာရှိ ဂိမ်းကစားသူများက ဟွာရှားနိုင်ငံထုတ်ဂိမ်းများကို သပိတ်မှောက်မည်ဟု လူသိရှင်ကြားကြေညာလိုက်ကြသည်။ နိုင်ငံခြားသို့ ဟွာရှားဂိမ်းများ တင်သွင်းနေသည့် ကိုယ်စားလှယ်များလည်း သတိပေးခံရပြီး အပြစ်ပေးခံရတာမျိုးလည်း ရှိလာသည်။
သူတို့က ဂိမ်းများအတွက် လည်ပတ်မှုစရိတ်တိုးပေးဖို့ တောင်းဆိုလာကြသည်။ ဤလုပ်ရပ်က စာချုပ်ကိုချိုးဖောက်ရာကျသော်လည်း စာချုပ်ထဲမှာ 'ဟွာရှားကိုယ်စားလှယ်ဘက်က အပျက်သဘောဆောင်သည့် သက်ရောက်မှုတစ်စုံတစ်ရာကြောင့် ဂိမ်းလည်ပတ်မှုကို ထိခိုက်စေခဲ့လျှင် လျော်ကြေးတောင်းခံပိုင်ခွင့် သို့မဟုတ် စာချုပ်ဖျက်သိမ်းပိုင်ခွင့်ရှိသည်'ဟူသောအချက် ပါဝင်နေသည်။
ကိုယ်စားလှယ်များအနေနှင့် သူတို့၏တင်သွင်းသူများကို စိတ်ကျေနပ်အောင် လုပ်ပေးရန်အတွက် ယခုလို မတန်တဆတောင်းဆိုမှုများကို လိုက်လျောပေးရုံမှတစ်ပါး ရွေးချယ်စရာမရှိတော့ပေ။
တိုက်ရိုက်စီးပွားရေးဆုံးရှုံးမှုအနေနှင့် တွက်မည်ဆိုလျှင် အမေရိကန်ဒေါ်လာ ဘီလီယံဆယ်ဂဏန်းလောက်တော့ အနည်းဆုံးရှိပေလိမ့်မည်။
ထိုမျှသာမက နိုင်ငံအများအပြားက ဂိမ်းကစားသူများမှာ ဆန္ဒပြသည့်အနေနှင့် ဟွာရှားဆာဗာများကို VPNနှင့် ဝင်ရောက်ခွင့်ပါ ပိတ်ပင်လိုက်ကြသည်။ သဘောမှာ ဟွာရှားကစားသမားများအနေနှင့် နိုင်ငံခြားဆာဗာများကို ပုံမှန်နည်းလမ်းဖြင့် ဝင်ကစား၍ မရတော့ပေ။
တကယ်တော့ ဟွာရှားကစားသမား အများအပြားဟာ တစ်ချိန်တုန်းက နိုင်ငံခြားဆာဗာများတွင် ဂုဏ်ဝင့်ခဲ့သူများပင်။ ယခုလိုကိစ္စများ ဖြစ်လာသောအခါ သူတို့၏ဂုဏ်သတင်းလည်း အကြီးအကျယ်ထိခိုက်သွားရသည်။
တစ်နည်းအားဖြင့်ဆိုရသော် ဟွာရှားကစားသမားများ၏ နာမည်ဂုဏ်သတင်းက ကမ္ဘာတစ်ဝန်းမှာ ပျက်စီးသွားပြီး ကမ္ဘာ့ဂိမ်းလောကတစ်ခုလုံးကလည်း ဟွာရှားကစားသမားများကို ဝိုင်းပယ်ကြလေတော့သည်။
"ကောင်းပြီလေ"
ကျန်းမုန့်လောင်က ရယ်မောလိုက်သည်။
"မဆိုးပါဘူး။ အထင်ကြီးချင်စရာပဲ။ သူတော်ကောင်းယောင်ဆောင်တဲ့ကောင်တွေ... ခင်ဗျားတို့တွေ ဂိမ်းထဲမှာ Bugတွေ Glitchတွေနဲ့ လျှောက်လုပ်တုန်းကကျတော့ ဘယ်သူကမှ တရားမျှတမှုအတွက် ဝင်ရပ်တည်မပေးကြဘူး။ ကျုပ်တို့ဟွာရှားကစားသမားတွေက မခံမရပ်နိုင်ဖြစ်ပြီး ထကြွတော့မှ ပြဿနာလာရှာနေကြတယ်။ အခုမှပဲ သဘောပေါက်တော့တယ်"
"ဒါပေမဲ့ မင်းတို့ရဲ့ အဲ့ဒီဂိမ်းစုတ်တွေကို ငါတို့က ဂရုစိုက်မယ်များ ထင်နေလား"
ကျန်းမုန့်လောင်လည်း အေးစက်စက်ပြုံးလိုက်လေတော့သည်။
မိုက်ကယ်၏အတွင်းရေးမှူးက ရုံးခန်းထဲသို့ ရောက်လာပြီး သူ့လက်မှ ဒဏ်ရာကို ပတ်တီးစည်းပေးလိုက်သည်။
"ကျန်းမုန့်လောင်... မင်း နားမလည်သေးဘူးထင်တယ်။ မင်းတို့လူတွေဖန်တီးထားတဲ့ ဂိမ်းတွေက ကမ္ဘာကျော်တာ တစ်ခုမှမရှိဘူး။ သူများဆီက ခိုးချတာကလွဲရင် မင်းတို့ ဘာအသစ်အဆန်းများ ဖန်တီးနိုင်လို့လဲ။ ငါတို့နိုင်ငံခြားဂိမ်းတွေရဲ့ ကျေးဇူးကြောင့်သာ မင်းတို့ရဲ့ဂိမ်းဈေးကွက်က ရပ်တည်နိုင်တာမဟုတ်ဘူးလား"
"ခင်ဗျား ဘာပြောချင်တာလဲ"
ကျန်းမုန့်လောင်က မေးခွန်းထုတ်လိုက်သည်။
"ငါတို့ဂိမ်းတွေသာမရှိရင် မင်းတို့ ဟွာရှားဂိမ်းလောကတစ်ခုလုံး ပျက်စီးသွားမှာ"
"အဲ့ဒီတော့ ခင်ဗျားက ဘာလိုချင်လို့လဲ"
ကျန်းမုန့်လောင်က ဆက်မေးလိုက်သည်။ မိုက်ကယ်ဘက်က တစ်ခုခုလိုချင်စိတ်မရှိပါက ဤအကြောင်းများကို ပြောနေမည်မဟုတ်ချေ။
"မအောင်မြင်လိုက်တဲ့ ဂိမ်းတွေအတွက် နစ်နာကြေးပေးပါ"
မိုက်ကယ်မှာ ကြိုတင်စဉ်းစားထားပြီးသားပင်။ မအောင်မြင်လိုက်သည့် ဂိမ်းများမှာ ကမ္ဘာ့ဂိမ်းလောကတွင် ဩဇာညောင်းကြသလို ဤသပိတ်မှောက်မှုကို စတင်ခဲ့သူလည်း ဖြစ်၏။ အစ်ကိုကြီးက စကားစလာလျှင် စိတ်ပါသည်ဖြစ်စေ၊ မပါသည်ဖြစ်စေ ညီလေးများက နားထောင်ရစမြဲသာ။
"ပိုက်ဆံဘယ်လောက်လိုချင်လို့လဲ"
"တစ်ဆယ်ဘီလီယံ"
"အမလေးလေး.. ခင်ဗျားက တော်တော်ရဲတင်းတာပဲ"
ကျန်းမုန့်လောင် လုံးဝအံ့သြမသွားပေ။ မိုက်ကယ်လို လူစားမျိုးက အခွင့်အရေးရတုန်း ငွေမညှစ်မှသာ ထူးဆန်းနေဦးမည်။
"ကောင်းပြီလေ။ ဗီယက်နမ်ငွေ တစ်ဆယ်ဘီလီယံဆိုရင်တော့ ခဏနေရင် လွှဲပေးမယ်"
"ကျန်းမုန့်လောင်.. မင်း အခုထိ ကတ်သီးကတ်ဖဲ့လုပ်ချင်နေသေးတာလား"
မိုက်ကယ်လည်း ဒေါသကို မထိန်းနိုင်တော့ပေ။
"ငါပြောတာ အမေရိကန်ဒေါ်လာကွ"
"ခင်ဗျားကိုကြည့်စမ်းပါဦး... စိတ်ကြီးနေလိုက်တာ"
ကျန်းမုန့်လောင်က အေးအေးဆေးဆေး ပြောလိုက်သည်။
"ပိုက်ဆံပေးဖို့ကတော့ ဝေးသေးတယ်။ ဒီတစ်သက် အလျော်ပေးဖို့ဆိုတာ မဖြစ်နိုင်ဘူး။ အဲ့ဒီဂိမ်းတွေ မရှိလည်း နေပါစေ။ ကျုပ်တို့ဟွာရှားက ကိုယ်ပိုင်ဂိမ်းတွေ ထုတ်လုပ်တော့မှာ။ ကဲ... တာ့တာ"
*******************