အခန်း (၁၇၆)
Vol. 4 Ch. 176
ဆီနိတ်တာတွေရဲ့ဆွေးနွေးပွဲ ပြီးသွားတာ နာရီပိုင်းခန့် ရှိပါပြီ။ မော်လီက လက်ထဲမှာ တစ္ဆေမီးအိမ်ကိုကိုင်ပြီး အမှောင်စံအိမ်ရဲ့နောက်ဖေးဘက် ကုန်သိုလှောင်ရုံ တံခါးကိုဖွင့်လိုက်တယ်။
“သေသေချာချာ စစ်ဆေးကြည့်ပြီးပြီဆိုတော့ အနားမှာ ဘယ်သူမှမရှိတဲ့ပုံပဲ။ သခင့်ကိုလည်း ဩတေဗီယန်တို့ သုံးယောက်က အစီရင်ခံစာတွေအများကြီးပေးပြီး ရှင်းခိုင်းထားလို့ အချိန်တစ်ခုလောက်ထိတော့ ငါတို့ဆီကို အာရုံရောက်ဦးမှာမဟုတ်ဘူး။”
မော်လီက ပြောလိုက်ပြီးတော့ နောက်ကိုလှည့်ကြည့် လိုက်ပါပြီ။ ပထမဆုံး မော်လီ့နောက်တည့်တည့်မှာ ရှိနေတာက နာတာရှာ။ နာတာရှာ့နောက်မှာတော့ အိုလီရာနာနဲ့ မိုနီကာရှိပါတယ်။ အမျိုးသမီး လေးယောက်က တစ်ယောက်ကိုတစ်ယောက် ခေါင်းညိတ်ပြလိုက်ပြီး သိုလှောင်ခန်းထဲကို ဝင်လိုက်ကြပါပြီ။
“အသံလုံအစီအရင်ချကြရအောင်....” နာတာရှာက အထဲရောက်တာနဲ့ မှော်နှင်တံကို ဝေ့ယမ်းလိုက်ပြီး တံခါးကိုပိတ်လိုက်ကာ မှော်စာလုံးပေါင်းများစွာကို ခပ်သွက်သွက်ရေးလိုက်ပါပြီ။ အဲဒီနောက်မှ စိတ်ချလက်ချနဲ့ မော်လီကို ပြုံးပြလိုက်တယ်။
မော်လီရတော့ အိန္ဒြေရရ သိုလှောင်ခန်းအလယ်ကို လျှောက်သွားလိုက်ရင်းနဲ့ တခြားအမျိုးသမီးသုံးဦးကို မျက်နှာချင်းဆိုင် ရပ်ကြည့်လိုက်လေရဲ့။
“အားလုံးပဲ၊ အခုဆိုရင် ဆယ်ဗီက အလုပ်ထွက်သွားပြီ။ သခင်က သူ့ကိုဆီနိတ်တာရာထူးပေးခဲ့တာတောင်မှ ကျေးဇူးတင်ရကောင်းမှန်းမသိဘဲ စိတ်ပျက်စရာ အပြုအမူမျိုး လုပ်ခဲ့တယ်။”
ကျန်တဲ့သူတွေက သဘောတူတဲ့အနေနဲ့ ခေါင်းညိတ် လိုက်ကြပါပြီ။ မော်လီကတော့ ဒေါသတကြီးနဲ့ ဆက်ပြောနေတုန်းပဲ။
“သခင်လေးကလည်း သခင်လေးပဲ။ သာမန်ဝန်ထမ်း ကောင်မလေးတစ်ယောက် အလုပ်ထွက်သွားတာကို ကွာရှင်းစာချုပ်မှာ လက်မှတ်ထိုးပေးသလိုမျိုး ပြုမူနေတယ်။ ဒီထက်ပိုပြီးတော့ သခင်လေးကို စိတ်ဖိစီးမခံနိုင်တော့ဘူး။”
ဖြောင်း... ဖြောင်း... ဖြောင်း...
မိုနီကာက မော်လီကို ထောက်ခံတဲ့အနေနဲ့ လက်ခုပ်တီး လိုက်ပါတယ်။ အိုလီရာနာကလည်း ဘုမသိဘမသိနဲ့ လိုက်လက်ခုပ်တီးတာကြောင့် နာတာရှာကလည်း ကြောင်စီစီဖြစ်မနေအောင်လို့ သူတို့နဲ့အတူလိုက်ပြီး လက်ခုပ်တီးရလေရဲ့။
“ဒါပေမဲ့ ငါတို့အမှောင်ကျောင်းတော်မှာ မိန်းကလေး ဆိုလို့တစ်ယောက်ပဲ ရှိတာမဟုတ်ဘူး။ ငါတို့တွေက သခင့်ရဲ့အစေခံတွေဖြစ်တယ်။ ဒါကြောင့်သခင်လေး အနေနဲ့ တခြားမိန်းမတွေကြောင့် စိတ်မဆင်းရဲအောင် ကူညီပေးဖို့ ငါတို့မှာတာဝန်ရှိတယ်။”
အဲဒီနောက် မော်လီက မိုနီကာကို လက်ညိုးထိုးရင်း “မိုနီကာ၊ နင်သာ သခင့်ကိုတကယ်ချစ်တယ်ဆိုရင် အခုက လိုက်ဖို့အကောင်းဆုံးအချိန်ပဲ။”
မိုနီကာက လက်ကိုခေါင်းပေါ်မြှောက်လိုက်ပြီး မော်လီကို အလေးပြုလိုက်ရင်း “ရော်ဂျာ၊ ဒါလင့်အတွက် ပျော်စရာနေ့ရက်လေးတွေ ဖန်တီးပေးပါ့မယ်။” ဆိုပြီးပြောတယ်။
မော်လီကတော့ နာတာရှာကို ဆက်ကြည့်လိုက်ပြီး “နာတာရှာ၊ နင်ကလည်း မိန်းကလေးဆိုတာမမေ့နဲ့။ ငါတို့က တစ်မြို့စီခွဲသွားရတော့မှာဆိုပေမဲ့ ဒီလထဲမှာ သခင်က ငါတို့တာဝန်ယူရတဲ့ ဌာနခွဲတိုင်းကို လာစစ်ဆေးလိမ့်မယ်။ ရတဲ့အချိန်လေးမှာ အလုပ်ကြိုးစားရမယ်။ ဒီအတိုင်း ဖြစ်သလိုမနေနဲ့၊ လှလှပပဝတ်ဆင်ပြီး သခင့်ရဲ့အားကိုးရတဲ့ စပိုင်ခေါင်းဆောင်ဖြစ်လာပေး။”
“......” နာတာရှာက တစ်ခုခုပြန်ပြောချင်ပေမဲ့ မော်လီရဲ့ကြောက်ရွံမှုစွမ်းအား ပါဝင်နေတဲ့ အကြည့်တွေကြောင့် ခေါင်းကိုငုံထားလိုက်တယ်။
အိုလီရာနာကတော့ သူ့ထပ်အကြီးတွေ အပြောခံရတာ ကြည့်ရင်းပျော်နေပေမဲ့ မော်လီရဲ့အကြည့်က သူ့ဆီကို ရောက်လာချိန်မှာတော့ မျက်နှာပေါ်ကအပြုံး ပျောက်သွားလေရဲ့။
“ကျ... ကျွန်မကို ဘာလုပ်ခိုင်းမလို့လဲဟင်။ ကျွန်မက ကလေးနော်။”
မော်လီက အိုလီရာနာရှေ့ကိုလျှောက်လာပြီး အိုလီရာနာကို ခေါင်းခေါက်လိုက်တယ်။
“အိုလီရာနာ၊ နင်က အနည်းဆုံးအသက်ငါးရာလောက် ရှိနေပြီလေ။ ကလေးလိုလုပ်မနေနဲ့။ ပြီးတော့ နင်က ဖွန်တီနာမြို့မှာ နေရမှာမလို့ သခင်နဲ့အနီးဆုံးသူပဲ။”
နောက်တော့ မော်လီက အိုလီရာနာကို ချိုင်းကြားကနေ ဆွဲမြှောက်လိုက်ရင်း...
“ပြီးတော့ ဒီခန္ဓာကိုယ်သေးသေးလေးနဲ့ ကြွေရုပ်လို အသားအရေက ပြောင်မြောက်တဲ့ လက်ရာတစ်ခုပဲ။”
“အ... အစ်မကြီး.... ကျွန်မကြောက်လာပြီနော်။”
အိုလီရာနာက ရုန်းကန်ရင်းပြောလိုက်ချိန်မှာတော့ မော်လီက သဘောကျသွားတဲ့ပုံစံနဲ့ ရယ်မောလိုက်ပါပြီ။
“ဟုတ်တယ်၊ အဲဒါပဲ။ ဒီနေ့ကစပြီး နင်သခင့်ကို အိုနီး-ချန်လိုခေါ်ရမယ်။ နတ်ဘုရားကိုကိုလို့ခေါ်တာ မလုံလောက်ဘူး။ ပြီးတော့ ကျောင်းတက်ရမယ်။ ကျောင်းတက်နေတဲ့ ညီမလေးတွေက ချစ်စရာအကောင်းဆုံးပဲလို့ ကြားဖူးတယ်။
ဒီတော့ နေ့တိုင်းကျောင်းသွားပြီး ကျောင်းဝတ်စုံနဲ့ အိမ်ပြန်လာတိုင်း သခင့်ကိုလိုက်ရှာပြီး အိမ်စာကူလုပ် ခိုင်းရမယ်။”
အိုလီရာနာကတော့ မော်လီပြောနေတဲ့ ရှက်စရာကောင်းလှတဲ့ အကြောင်းအရာတွေကိုတွေးပြီး မျက်နှာက ခရမ်းချဥ်သီးလို နီရဲလာတော့တာပဲ။
....
ရက်အနည်းငယ်ကြာပြီးနောက်။
နက်ဆန်က စာကြည့်ခန်းထဲမှာ စာအုပ်တစ်အုပ်ကို လက်ထဲမှာကိုင်ပြီး ဟိုလျှောက်လိုက် ဒီလျှောက်လိုက် လုပ်နေပါတယ်။ အစီရင်ခံစာဖိုင်တွဲတစ်ခုဖြစ်ပြီး နက်ဆန်က သေသေချာချာအာရုံစိုက်ဖတ်နေတာပါ။
“ အမှောင်ကျောင်းတော်အဖွဲ့ဝင် စုစုပေါင်းက ၁၇၅၆ ယောက်။ ဆီနိတ်တာခုနစ်ယောက်ရှိပြီး မော်လီနဲ့ငါက အယ်ဒါတွေပဲ။ ဆီနိတ်တာတွေကိုထည့်မတွက်ရင် မာစတာအဆင့်က ၁၂ ယောက်ပဲရှိတယ်။ အဆင့်မြင့် အဖွဲ့ဝင် နှစ်ရာကျော်ရှိပြီး ကျန်တာတွေက အားနည်းတယ်။ လက်အောက်ခံဖြစ်တဲ့ ပူးတွဲပဒေသရာဇ်မှာတော့ အင်အားငါးရာလောက်ရှိမယ်။”
ဘုတ်...
အချိန်အတန်ကြာ စာဖတ်ပြီးပြီဖြစ်တာကြောင့် မျက်စိညောင်းလာတဲ့ နက်ဆန်က စာအုပ်ကို ပိတ်လိုက်ပါပြီ။ အဲဒီနောက်တော့ သက်ပြင်းချရင်း ပြောလိုက်တယ်။
“ ကျောင်းတော်ရဲ့အုပ်ချုပ်ရေးအဖွဲ့ကို ပြန်ပြီး ဖွဲ့စည်းထားပြီဆိုပေမဲ့ အဖွဲ့ဝင်အင်အားက အဖိုးလက်ထက်ကနဲ့ယှဥ်ရင် သုံးပုံတစ်ပုံပဲ ရှိတော့တယ်။ တခြားကျောင်းတော်တွေနဲ့ယှဥ်ရင် တော်တော်လေးအားနည်းသေးတာပဲ။”
နက်ဆန်က ဆက်ပြီးတွေးတောနေရင်း ကျောင်းတော် တစ်ခုချင်းစီရဲ့နာမည်ကို ရေရွတ်နေပါတယ်။ သူ့မျက်နှာမှာ စိုးရိမ်စိတ်တချို့က အထင်းသား။
“မီးလျှံကျောင်းတော်က ရိုစယ်လီယာက ငါ့ထက် အားနည်းပြီး ဆီနိတ်တာတစ်ယောက် ကျသွားပေမဲ့ အခုလောက်ဆိုရင် အသစ်ခန့်ပြီးနေပြီ။ ဆာဗွေ နယ်စားနယ်ထဲမှာတင် အဖွဲ့ဝင်ငါးထောင်ကျော်ရှိပြီး တစ်ဝက်လောက်က အဆင့်မြင့်အဖွဲ့ဝင်တွေပဲ။”
“ရေကျောင်းတော်က စီးပွားရေးအင်အားကြီးတဲ့ ကျောင်းတော်တစ်ခုအဖြစ်ကျော်ကြားတယ်။ သူတို့ရဲ့ လက်ရှိခေါင်းဆောင် ဟိုင်းနရစ် ဗန် အဲဘတ်တိုင်းက ရိုစယ်လီယာရဲ့အဖွားထက် နည်းနည်းလေးပဲ အားနည်းတယ်။”
“မြေကျောင်းတော်က ရီဆာ ဘဲလ်လာဝှစ်က သိပ်အစွမ်းထက်တဲ့ အယ်ဒါမဟုတ်ပေမဲ့ ခံစစ်မှာ ပြိုင်ဖက်ကင်းတဲ့သူပဲ။”
“လေကျောင်းတော်ရဲ့ရှလော့ခ်ကလည်း အမြန်နှုန်းနဲ့ ပတ်သက်လာရင် ကြောက်စရာကောင်းလွန်းတယ်။”
“နောက်ဆုံးအနေနဲ့ကတော့ ရိုမြူလက်ချက်ကျောင်း။ ရဟန်းမင်းပီးယပ်က ရှေးအယ်ဒါဖြစ်ပြီး ဆားဗီးရပ်က ငါ့ထက်တောင်ပိုအစွမ်းထက်တယ်။ ပူးတွဲပဒေသရာဇ် ကနေတစ်ဆင့်ရလာတဲ့ သတင်းတွေအရဆိုရင် ရောမကိုဆားဗီးရပ်မလာခင် သူတို့ပိုင်နက်ထဲမှာ လေးသူတော်စင်နဲ့တိုက်ပွဲဖြစ်ပြီး သီရာကလည်း အယ်ဒါအဆင့်က စွမ်းအားမျိုးကို ထုတ်ပြခဲ့တယ်တဲ့။ တခြားသူတော်စင် နှစ်ယောက်ကလည်း လျင်လျင်မြန်မြန်တိုးတက်နေမှာပဲ။”
နက်ဆန်ရဲ့ခေါင်းထဲမှာ အဖွဲ့အစည်းတွေရဲ့အင်အား၊ သူတို့ရဲ့ခေါင်းဆောင်တွေ၊ လက်ရှိအမှောင်ကျောင်းနဲ့ ဆက်ဆံရေးအခြေအနေ စတာတွေပေါ်လာပါတယ်။
“ရိုစယ်လီယာက သူ့အဖွားကိစ္စကြောင့် ငါ့ကို မုန်းနေတယ်။ မြေနဲ့ရေက ရော့ဝဲလ်ရန်စထားလို့ ငါတို့ကိုမကျေနပ်လောက်ဘူး။ လေကျောင်းတော်က အခုထိကြားနေဆိုပေမဲ့ ကျောင်းတော်အားလုံးကို လက်တစ်ဖက်တည်းနဲ့ယှဥ်နိုင်တဲ့ ရိုမြူလက် ဘုရားကျောင်းက ငါတို့နဲ့ရန်သူဖြစ်နေပြီး စစ်ဖြစ်နေတယ်လို့တောင် ပြောလို့ရနိုင်တယ်။”
“ဒီအတိုင်းဆိုရင် ငါတို့တွေမှာ မဟာမိတ်မရှိဘဲ သင်းကွဲ ခြေမှုန်းခံရလိမ့်မယ်။”
...
“အိုနီး-ချန်၊ ညီမလေး ကျောင်းသွားဖို့အသင့်ဖြစ်ပြီနော်။”
စာဖတ်နေတာ အချိန်တွေဘယ်လောက်တောင် ကြာသွားတယ်မသိ။ အပြင်မှာ နေထွက်လို့ မှန်ပြတင်းပေါက်တံခါးကနေ မနက်ခင်း အလင်းရောင်တောင် အခန်းထဲကို စိမ့်ဝင်နေပြီ။ အခန်းအပြင်ကနေ အိုလီရာနာရဲ့စကားသံကို ကြားမှပဲ သတိဝင်လာတော့တယ်။
ကျွီ...
“အိုနီးချန်...”
အိုလီရာနာက တံခါးကိုအတင်းဖွင့်လိုက်ပြီး နက်ဆန်ကိုတွေ့တာနဲ့ ခါးကိုပြေးဖက်လိုက်တယ်။ မျက်နှာကလည်း ပြုံးလို့ရွှင်လို့။ အိုလီရာနာရဲ့ အဖြူရောင်ရှပ်အင်္ကျီ ရိုးရိုးရှင်းရှင်းပေါ်မှာတော့ ဖွန်တီနာအထက်တန်းကျောင်းတံဆိပ်ကို တပ်ထားတယ်။
“ဒီနေ့ ကျောင်းကို ပထမဆုံးသွားရမှာမလို့ သူငယ်ချင်းတွေအများကြီးရလာမလားဆိုပြီး တွေးနေမိတာ။”
အိုလီရာနာက အပြစ်ကင်းစင်စွာပြောလိုက်ပုံရပေမဲ့ သူ့မျက်လုံးတွေရဲ့တောက်ပပုံက တစ်မျိုးထူးဆန်းလို့ နေပါတယ်။ ‘ဟိဟိ၊ အစ်မကြီးမော်လီသင်ပေးထားတဲ့ အတိုင်းဆိုရင် ချစ်စရာကောင်းပြီး အပြစ်ကင်းစင်တဲ့ ညီမလေးတစ်ယောက်လိုနေမှ သခင်အဲဒီအမှိုက်မကို မေ့သွားမှာတဲ့။'
နက်ဆန်ကလည်း ကျောင်းသွားဖို့တက်ကြွနေတဲ့ အိုလီရာနာကိုကြည့်ရင်း မျက်နှာကြီးမည်းနက် သွားပါတော့တယ်။ တခြားကြောင့်မဟုတ်ဘဲ ကျောင်းမှာတုန်းက အတိတ်ဆိုးတွေကို သတိရလာလို့ပါ။ ဒါကြောင့် ဒူးတစ်ဖက်ထောက် ထိုင်ချလိုက်ပြီး အိုလီရာနာရဲ့ပခုံးကိုဆုပ်ကိုင်ရင်း မှာတမ်းခြွေတော့တာပဲ။
“အိုလီရာနာ၊ ကျောင်းရောက်ရင် လူအများရှေ့မှာ စွမ်းအားထုတ်မသုံးရဘူးနော်။”
“အင်း...”
“အစွမ်းတွေရှိတဲ့အကြောင်းလည်း မပြောနဲ့နော်။”
“ညီမလေးသိပါတယ်....”
“စာလိုက်လုပ်ရမယ်နော်၊ စွမ်းအားသုံးပြီး စာကူးချမယ်မကြံနဲ့။”
“ဟုတ်ကဲ့ပါရှင့်...”
နက်ဆန်က အိုလီရာနာကို ခါတမ်းခြွေနေတုန်းမှာပဲ အခန်းအပြင်ဘက်ကို အိမ်စေဝတ်စုံနဲ့အမျိုးသမီး တစ်ယောက်ရောက်လာတယ်။ ဒါပေမဲ့မျက်နှာမရှိဘဲ မျက်နှာမှာပြောင်နဲ့ပါ။
“ညအရှင်၊ မနက်စာအသင့်ဖြစ်ပါပြီ။”
ဒီတော့မှ နက်ဆန်လည်း အိုလီရာနာကိုလွှတ်ပေးပြီး ပြန်ထရပ်လိုက်ပါတယ်။
“ဟုတ်သားပဲ၊ မော်လီလည်း ပါရီကိုသွားပြီကိုး။”
အဲဒီနောက်တော့ သူက အခန်းထဲကနေ ထွက်လိုက်တယ်။ အိုလီရာနာကတော့ နက်ဆန်ရဲ့လက်ကိုဆွဲရင်း နောက်ကနေ ပီကေလိုတွယ်ကပ်ပြီး လိုက်လာတော့တာပဲ။
ထမင်းစားဝိုင်းမှာ ဝင်ထိုင်ပြီးတဲ့နောက် အိမ်စေက တာဝန်ရှိတဲ့အတိုင်း ဒီနေ့အတွက်ပြင်ဆင်ထားတဲ့ ဟင်းလျာတွေကို ရှင်းပြပေးပါတယ်။
“ဒီနေ့အတွက် အဓိကဟင်းလျာကတော့ ကရဝေး ဘဲသားချက်ပါ။ ပြင်သစ်အနောက်ပိုင်းဒေသရိုးရာ ဟင်းလျာဖြစ်ပြီး....”
နက်ဆန့်ခေါင်းထဲမှာတော့ အဲဒီရှင်းပြချက်တွေ နားထဲမှာရှိမနေဘူး။ သူက အိုလီရာနာနဲ့သူသာရှိနေတဲ့ ထမင်းစားဝိုင်းကို တစ်ချက်ကြည့်လိုက်မိပြီး အရင်က ဒီမှာရှိနေခဲ့ဖူးတဲ့ လူတွေကိုသတိရလာမိတယ်။ အရင်ကဆိုရင် မော်လီက သူတို့အားလုံးအတွက် ချက်ပြုတ်ပေးတတ်ပြီး ဆယ်ဗီက ဝမ်းသာအားရ စားတတ်ပါတယ်။ နာတာရှာကတော့ လေးနက်တဲ့ပုံစံနဲ့ အလုပ်ကိစ္စတွေကို ထမင်းဝိုင်းအထိသယ်လာတတ်ပြီး မိုနီကာကတော့ မဖိတ်ခေါ်ဘဲ ရောက်လာတတ်သူပါ။
အခုတော့ ဖွန်တီနာမှာ တာဝန်ကျနေတဲ့ အိုလီရာနာပဲ ရှိပါတယ်။ မိုနီကာတောင် မသိရတဲ့အကြောင်းကိစ္စ တစ်ခုကြောင့် ဒီနေရာမှာရှိမနေဘူး။
“အရွယ်ရောက်လာရတဲ့ ခံစားချက်လား... အထီးကျန်လိုက်တာ။”
....
“နောက်ဆုံးတော့ ရောက်လာပြီပေါ့လေ။”
အမြန်ရထားဘူတာကနေ ကျွန်မဆင်းလိုက်တာနဲ့ ခမ်းနားလှတဲ့ ပါရီမြို့ရဲ့လမ်းတွေနဲ့ နန်းဆန်တဲ့ အဆောက်အဦးတွေကို မြင်လိုက်ရတယ်။ ဇန်နဝါရီ လလယ်ပိုင်းဖြစ်ပြီး အေးစက်တဲ့ရာသီဥတုက အခုထိရှိနေသေးတာမလို့ အဝတ်အထူကြီးတွေ ဝတ်ထားရပေမဲ့ လမ်းမပေါ်မှာ လူတွေရှိနေပြီးတော့ ကဖေးဆိုင်တွေမှာလည်း လူတွေအပြည့်ပဲ။
“ဒိုင်ယာအထွေထွေဆေးရုံကြီးက မြို့လယ်ကနေဆို တော်တော်ဝေးတာပဲ။ ငှားထားတဲ့ အခန်းကိုအရင်သွား ပစ္စည်းတွေထားပြီးမှ သွားကြည့်ရင်ကောင်းမလားပဲ။”
ကျွန်မ လက်ထဲက အလုပ်ခန့်စာကိုကြည့်ရင်းနဲ့ ပြောလိုက်မိတယ်။ ဟုတ်တယ်၊ ကျွန်မအလုပ်သစ် ရသွားပြီ။ အဲဒီစိတ်ပျက်စရာကောင်ကို ဂရုစိုက်ပေးစရာ မလိုတော့ဘူး။ ပြီးတော့ အခုလုပ်ရမယ့်အလုပ်က ကျွန်မတကယ်ဝါသနာပါတဲ့ သူနာပြုအလုပ်။ သူများအိမ်မှာ စားလိုက်သောက်လိုက်နဲ့ အလကားလခယူနေရတဲ့ အလုပ်မျိုးမဟုတ်ဘူး။
ဂွီ....
‘ဘုရားရေ၊ ငါလေးစားစရာအကြောင်း ခဏပဲတွေးမိတာပါ။'
ရုတ်တရက် တဂွမ်ဂွမ်မြည်လာတဲ့ဗိုက်ကြောင့် ကျွန်မ မျက်နှာတစ်ခုလုံး ဖြူဖျော့သွားသလိုခံစားရပါတယ်။ ဘာကြောင့်မှန်းမသိဘဲ ရောမမြို့ကနေထွက်လာတဲ့ အချိန်ကတည်းက ဗိုက်ခဏခဏဆာနေတာပါ။
“ဒုက္ခပါပဲ၊ ငါအစားကြီးပုံမျိုးနဲ့တော့ ငါရတဲ့လခနဲ့ လောက်ပါ့မလား။” ပြောရရင် အရင်လိုမျိုး ကျွန်မကို မက်ချယ်လင့်အဆင့် စားသောက်ဆိုင်တွေမှာ လိုက်ပြီးကျွေးမယ့်လူ ကျွန်မနားမှာမရှိတော့ဘူးရယ်။
ဒါပေမဲ့ ဘာလို့အဲဒီအရူးကောင်အကြောင်း ထပ်ပြီး စဥ်းစားမိနေရတာပါလိမ့်။ စိတ်ပျက်စရာကြီး။
စိုးရိမ်မှုတွေအများကြီးရှိနေပေမဲ့ ယုံကြည်မှုအပြည့်နဲ့ ရှေ့ဆက်လျှောက်ဖို့အတွက် ကျွန်မဆုံးဖြတ်လိုက်ပြီ။ ဒါပေါ့၊ ကျွန်မရှေ့မှာက ဘာဂေ့စ်ပေါင်မုန့်လုံးရှည်တွေ ကို ခြင်းတောင်းထဲထည့်ပြီးအလှပြထားတဲ့ မုန့်ဖုတ်ဆိုင်လေးတစ်ဆိုင်ကို မြင်နေရတာကိုး။
“ မွှေးလိုက်တဲ့ ပေါင်မုန့်နံလေးနော်။ ပြီးတော့ ရှုခင်းလေးကလည်းကောင်းပြီး အီဖယ်တာဝါကြီးကို လှမ်းမြင်နေရတာ။ ကဖေးသီချင်းလေးနဲ့တွဲလိုက်တော့ လောကနိဗ္ဗာန်ဘုံအတိုင်းပဲ။ ဒါကြောင့် ပဲရစ်ကို ရိုမန့်တစ်မြို့တော်လို့ ခေါ်ကြတာကိုး။”
ရုတ်တရက် ကျွန်မအရိပ်ထဲကနေ ဗိုလ်လေးပါစီဗယ် ထွက်လာတယ်။ ခါတိုင်းလိုပဲချောမောနေပြီး ကြည့်လို့ အဆင်ပြေတဲ့ အနောက်တိုင်းဝတ်စုံကိုဝတ်ထားတယ်။ သူစစ်ဝတ်စုံဝတ်ထားရင် ကျွန်မတို့ကို လူတွေအာရုံစိုက်မှာ စိုးလို့ထင်တာပဲ။
“ဆယ်ဗီ၊ ကိုယ်တို့ဒီမှာ ချိန်းတွေ့ကြမလား။”
ဒါပေမဲ့ ခါတိုင်းလိုပဲ မျက်နှာပြောင်တိုက်ပြီးတော့ ကျွန်မအလစ်မှာ လက်ကိုကိုင် ပေါက်ကရတွေ ပြောတော့တာပဲ။
“နှာဘူးကောင်၊ အဲဒါကြောင့် နင့်ကိုမခေါ်ချင်တာ။” ကျွန်မလည်း ဒေါသထွက်ထွက်နဲ့ သူ့ခြေထောက်ကို ဆောင့်နင်းလိုက်ပြီး ဆိုင်ထဲဝင်လိုက်တယ်။ တစ္ဆေနှာဘူးကောင်က ကျွန်မကိုကာကွယ်ပေးဖို့ဆိုပြီး နက်ဆန်ဆီကနေ ထွက်လာကတည်းက ကျွန်မ အရိပ်ထဲဝင်ပြီး လိုက်လာတာပါ။ နှင်ထုတ်လို့လည်း မရဘူးရယ်။
“နောက်ဆုံးတော့ ကိုယ်တို့နှစ်ယောက်တည်း ကဖေးဆိုင်တစ်ဆိုင်မှာ ဒိတ်ခွင့်ပြီပေါ့၊ မဒမ်မူဆဲ ဆယ်ဗီ။”