← Chapters

ထူးဆန်းတဲ့ မျက်လှည့်

Vol. 4 Ch. 177

ထူးဆန်းတဲ့ မျက်လှည့်

Vol. 4 Ch. 177

ကျွန်မက လွတ်နေတဲ့ ခုံတစ်လုံးမှာ ဝင်ထိုင်လိုက်တော့ အရှုပ်ကောင်ပါစီဗယ်ကလည်း ကျွန်မနဲ့မျက်နှာချင်းဆိုင် ဝင်ထိုင်ပါတယ်။ ပြီးတော့ သူက မျက်နှာကိုမေးထောက် ရှေးရုပ်ရှင်ကားတွေထဲက မင်းသားတစ်ယောက်လိုမျိုး အထာဖမ်းတော့တာ။

“ဆယ်ဗီ၊ ကိုယ်လည်း တစ်ခုခုမှာလို့ရမလား။”

ကျွန်မကတော့ သူ့ကို မျက်လုံးမှေးပြီး ကြည့်မိတာပေါ့။ ပြောရရင် သူက တစ္ဆေမလို့ လူတွေသုံးတဲ့ပိုက်ဆံ ရှိမှာမရှိတာ။ ဒါနဲ့ပဲ ကျွန်မနှုတ်ခမ်း ကိုက်လိုက်ပြီး အခုလိုပြောလိုက်မိတော့တာပဲ။

“ဟွန့်၊ ရှင့်ဘာသာရှင်လိုက်လာတာလေ။ ရှင့်ကိုဘာကိစ္စ ရွေးရမှာလဲ။ ပြီးတော့ တစ္ဆေက စားဖို့လိုသေးလို့လား။”

ကျွန်မသူ့ကို လှမ်းပြီးစကားပြောနေတုန်း စားပွဲထိုး ရောက်လာတဲ့အတွက်ကြောင့် စကားစပြတ်သွားတယ်။

“လက်တီတစ်ခွက်ရယ်၊ ချေ့စ်မုန့်လုံးရယ်၊ ပေါင်မုန့်ရှည်တစ်ချောင်းရယ်၊ ခရုပတ်မုန့်ရယ်၊ အီကလဲယားရယ်၊ ခရိုးဆန့်ရယ် တစ်ပွဲစီပေးပါ။”

ကျွန်မလည်း ဗိုက်ဆာနေရတာရယ်။ အလုပ်မထွက်ခင် ရထားတဲ့လစာလေးရှိနေသေးတာရယ်ကြောင့် စားချင်တာမှန်သမျှ မှာလိုက်တယ်။ စားပွဲထိုးကတော့ ကျွန်မတို့နှစ်ယောက်ကိုကြည့်ရင်း...

“ထိုင်ခုံတွေ ပိုယူလာပေးရမလားရှင့်၊ ဧည့်သည်တွေ ထပ်လာဖို့ရှိသေးတယ်ထင်တယ်နော်။”

ကျွန်မကတော့ မဟုတ်ကြောင်းငြင်းရတာပေါ့။ “မလိုပါဘူး၊ မှာထားတာတွေ ကျွန်မတစ်ယောက်တည်း စားမှာလေ။”

“.....”

...

စားစရာတွေ လာမချသေးခင်အထိ ဆိုင်အပြင်က ရှုခင်းတွေကို ကျွန်မလှမ်းကြည့်နေမိပါတယ်။ ဆောင်းရာသီ မကုန်သေးဘူး။ ပါရီမြို့လမ်းမတွေပေါ် နှင်းတွေဖုံးလွှမ်းနေဆဲပဲ။ အခုကညဦးပိုင်းအချိန် ဖြစ်ပေမဲ့ နှင်းတွေတဖွဲဖွဲကျနေတာကြောင့် လမ်းမပေါ် လူသိပ်မရှိဘူး။

ဒါပေမဲ့ ကဖေးဆိုင်လိုနေရာမျိုးတွေမှာတော့ လူတွေ အများကြီးရှိနေသေးတယ်။ မကြာဘူး၊ စားပွဲထိုး ရောက်လာပြီးတော့ လက်တီတစ်ခွက်နဲ့ ချေ့စ်မုန့်လုံး တစ်ပွဲ၊ ခရိုးဆန့်မုန့်နဲ့ ပေါင်မုန့်ရှည်ကြီးတစ်ချောင်း လာချပေးတယ်။

“စိတ်မရှိပါနဲ့၊ တခြားမုန့်တွေ အသင့်မဖြစ်သေးလို့ ခဏနေမှချပေးပါ့မယ်။ ဒါနဲ့ ဒီဘက်က ကိုယ်လူချော ကရော ဘာမှမမှာတော့ဘူးလားဟင်။”

“ကျွန်တော့်ကို ကက်ပချီ....အား... မမှာတော့ပါဘူး။ ဟီးဟီး...”

ပါစီဗယ်တစ်ခုခု မမှာနိုင်ခင်မှာပဲ ကျွန်မ သူ့ခြေထောက်ကို ထိုင်ခုံအောက်ကနေ တက်နင်းလိုက်တယ်။ ဒါကြောင့်ချက်ချင်း အချိုးက ပြောင်းသွားရော။ စားပွဲထိုးပြန်သွားတော့ ကျွန်မက သူ့ကိုဂရုမစိုက်တော့ဘဲ စားစရာတွေဆီကို အာရုံပြန်ပြီး စိုက်လိုက်ပါတယ်။

ပထမဆုံးအနေနဲ့ ချေ့စ်မုန့်လုံးကြော်လေးက ရွှေရောင် ဝင်းပြီးတော့ မွှေးနေတာပဲ။ ကျွန်မလက်နဲ့ကိုင်ကြည့်ဖို့ ကြိုးစားလိုက်ပေမဲ့ ပူနွေးနေဆဲမလို့ မြန်မြန်ပြန်ချ ထားလိုက်မိတယ်။ ဒါပေမဲ့ မျက်နှာနားကပ်မိတာနဲ့တင် ချေ့စ်အနံက ကျွန်မနှာခေါင်းထဲကို တိုးဝင်လာနေနှင့်ပြီ။ ဒါကြောင့် ခက်ရင်းနဲ့ထိုးပြီး မုန့်လုံးတစ်လုံးကို ပါးစပ်ထဲ ထည့်လိုက်တဲ့အခါမှာတော့ မီးတောင်တစ်ခုပေါက်ကွဲ သွားသလိုမျိုး ခံစားချက်ကို ရလိုက်တော့တာပါပဲ။

‘အိုဟိုးဟိုး... ပါးစပ်တစ်ခုလုံးအပြည့် ချေ့စ်ပြားတွေ ထည့်ထားရသလိုပဲ။ ပြီးတော့ပူနွေးပြီး သက်သောင့် သက်သာဖြစ်လိုက်တာ။'

ကျွန်မဘာသာအရသာခံနေတုန်း ပါစီဗယ်က ကျွန်မရဲ့ ချေ့စ်မုန့်လုံးတွေထဲကတစ်ခုကို လှမ်းယူမြည်းဖို့ ကြိုးစားလိုက်ပေမဲ့ ကျွန်မက ခပ်မြန်မြန်ပဲ သူ့လက်ကို ရိုက်ချလိုက်တယ်။

“ကပ်ပါးကောင်၊ ငါဝယ်ထားတာနော်။ နင့်ပိုက်ဆံ တစ်ပြားမှပါတာမဟုတ်ဘူး။ ထိရဲထိကြည့်။”

“ဆယ်ဗီရေ၊ ကိုယ့်ကို တကယ် ရက်စက်တော့မှာလား။ ကဖေးဆိုင်ထိုင်ပြီး မုန့်ကောင်းကောင်းမစားရတာ နှစ်ကိုးဆယ်လောက်ရှိနေပြီလို့။”

ပါစီဗယ်ရဲ့အသံ နည်းနည်းကျယ်သွားတယ်နဲ့တူတယ်။ ကျွန်မတို့ကို တခြားဝိုင်းက အဒေါ်ကြီးတွေတောင်မှ လှမ်းကြည့်နေပြီ။ ပြီးတော့သူတို့အချင်းချင်း လက်ဖဝါးကာပြီး အတင်းတုတ်နေကြသေးတယ်။

“ဟယ်၊ ကောင်လေးသနားပါတယ်။ ရုပ်ချောချောလေး ဆိုပေမဲ့လို့ ပိုက်ဆံတတ်နိုင်ပုံမပေါ်ဘူးနော်။ ကောင်မလေးကလည်း လွန်လိုက်တာ။ ကောင်လေးက သူ့အတွက်ပိုက်ဆံရှင်းမပေးနိုင်ဘူး ဆိုတာနဲ့ပဲ ဒီလောက်ရက်စက်စရာလားလို့။”

“အေးလေ၊ ကောင်လေးတွေ ပိုက်ဆံရှင်းရတဲ့ခေတ်က ကုန်သွားတာကြာလှပြီ။”

‘နင်တို့ပြောနေတာတွေ ငါကြားရတယ်ဟဲ့' ကျွန်မလည်း ထပြီး ပါးတွေနားတွေဆွဲရိုက်ပစ်ချင်ပေမဲ့ ပါစီဗယ်က ကျွန်မကို ကြောင်လေးတစ်ကောင်လို ကြည့်နေတာမလို့ ကိုယ်တိုင်သနားလာပြီး လက်ထောင်ကာ စားပွဲထိုးကို လှမ်းခေါ်လိုက်မိပါတယ်။

“ဒီဝိုင်းကို ကပက်ချီနိုတစ်ခွက် ပေးပါရှင့်”

အဲဒီနောက်တော့ ကျွန်မက သူ့ကို စေ့စေ့ကြည့်လိုက်ပြီး “နင်မုန့်လုံးတစ်လုံးပဲ စားရမှာနော်။ တခြားဟာတွေ ထိဖို့မကြိုးစားနဲ့။”

“.......”

....

စားနေရင်းစားနေရင်းနဲ့ ရွှေရောင်မုန့်လုံးလေးတွေ ဘယ်ပျောက်လို့ပျောက်သွားမှန်းတောင် ကျွန်မမသိဘူး။ ဒါပေမဲ့ မှာထားတဲ့မုန့်တွေက အများကြီးပဲလေ။ ဒါကြောင့် ဒုတိယစားစရာဖြစ်တဲ့ ပေါင်မုန့်လုံးရှည်ကြီးဆီ ကျွန်မအကြည့်က ရောက်သွားရော။

ပထမဆုံးအနေနဲ့ မုန့်အပူပေးစက်ထဲကနေ ယူလာခါစ ပူနွေးနေတဲ့ ပေါင်မုန့်ရှည်ကို စားပွဲတင်ဓားနဲ့ အနေတော် အတုံးလေးတွေဖြစ်အောင် ကျွန်မလှီးလိုက်ပါတယ်။ အဲဒီနောက်တော့ စားပွဲပေါ် အသင့်တင်ထားပေးတဲ့ ယိုမျိုးစုံထဲက စတော်ဘယ်ရီယိုကို တစ်ချပ်မှာသုတ်တယ်။ နောက်တော့ ထောပတ်တို့၊ နက်တယ်လာတို့ပါ အစုံထည့်ပြီးသုတ်တော့တာပဲ။ အဲဒီနောက်တော့ အရသာအမျိုးမျိုးကို ကြမ်းတမ်းပေမဲ့ ပွယောင်းပြီးအရသာရှိတဲ့ ပေါင်မုန့်ရှည်သားနဲ့ မြည်းစမ်း ခံစားကြည့်တော့တာပဲ။

“ဆယ်ဗီ၊ ငါနည်းနည်း ထပ်စားလို့မရဘူးလား။”

ပေါင်မုန့်လုံး ကုန်သွားပြီဖြစ်တဲ့ ပါစီဗယ်က ကျွန်မကို မျက်နှာငယ်လေးနဲ့ လှမ်းကြည့်ပါတယ်။ ကျွန်မလည်း သူ့ကို သနားလာပြီး မြေပဲယိုသုတ်ထားတဲ့ ပေါင်မုန့်ပိုင်း တစ်ပိုင်း ပန်းကန်ထဲ ထည့်ပေးလိုက်တာပေါ့။

နည်းနည်းအီလာရင် ကော်ဖီလေး သောက်လိုက်၊ ပေါင်မုန့်လေးစားလိုက်နဲ့ ဇိမ်ကိုကျနေရော။

ဟော၊ မသိလိုက်ရခင်မှာပဲ နှစ်ပေလောက်ရှိတဲ့ ပေါင်မုန့်ရှည်ကြီး ကိစ္စပြတ်သွားပြီး ကျွန်မအကြည့်က ခရီးဆန့်အစာသွပ်မုန့်အပေါ် ရောက်ရှိသွားတော့တယ်။

ခဏလောက်ကြာတော့ ကျွန်မရှေ့မှာရှိနေတဲ့ လက်တီခွက်ထဲက ကော်ဖီတွေအားလုံး ကုန်သွားပြီ။ ကျွန်မက ပန်းကန်ထဲမှာ ဝက်သားခြောက်အစာသွပ် ခရိုးဆန့်မုန့်က ကျန်နေတဲ့အစအနလေးတွေကို လိုက်ပြီး လက်ညိုးနဲ့တို့စားနေရင်း ပါစီဗယ်ကို ကြည့်လိုက်မိတယ်။

သူလည်းကပချီနိုကို ကုန်အောင်သောက်ပြီးနေပြီ။ ကျွန်မကတော့ အခုထိခရုပတ်မုန့်နဲ့ အိကလဲယား ရောက်မလာသေးလို့ စိတ်ဆိုးနေတော့တာပေါ့။

“အားလုံးပဲ၊ မင်္ဂလာညချမ်းလေးဖြစ်ပါစေရှင့်။”

ဒါပေမဲ့ ရုတ်တရက်ဆိုင်ထဲကို မိန်းမလှလေးတစ်​ယောက် ဝင်လာတဲ့အတွက် ကျွန်မအံ့ဩမိသွားတယ်။ အဲဒီမိန်းကလေးရဲ့ဆံပင်တွေက ခရမ်းရောင်ဖြစ်ပြီး ဂုတ်ဝဲအဖြောင့်ပါ။ မျက်လုံးတွေက အနက်ရောင်ပေမဲ့ လက်ဖျံပေါ်မှာရှိနေတဲ့ ထူးခြားတဲ့ ယုန်ပုံတက်တူးက သာမန်ထက်ပို ထူးခြားတဲ့ ဆွဲဆောင်မှုတစ်ခုကို ဖော်ပြနေသလိုပဲ။

“ကျွန်မနာမည်က ဘန်နီပါ။ ပါရီမြို့ကို မနေ့ကမှ ရောက်လာတဲ့ နယ်လှည့်မျက်လှည့်ပညာရှင်ပါရှင့်။”

‘မျက်လှည့်ပညာရှင်လား၊ ပြောခါမှ သူတကယ်ပဲ အဲဒီလိုဝတ်ထားတာပဲ။'

ကျွန်မလည်း အခုမှသတိပြုလိုက်မိတာ။ ဘန်နီဆိုတဲ့ အသက်နှစ်ဆယ်လောက်ပဲရှိဦးမယ့် ကောင်မလေးက အနီရောင်ချိုင်းပြတ်ဘလေဇာကို အတွင်းမှာရှပ်အင်္ကျီ ခံဝတ်ထားတယ်။ အဲဒီရှပ်ကလည်း ချိုင်းပြတ်ပဲမလို့ ထူးထူးခြားခြား ချိုင်းမွှေးတချို့ရှိနေတဲ့ချိုင်းကို ဒီအတိုင်းမြင်နေရတယ်။

ပြီးတော့ လည်ပင်းမှာ ဖဲပြားလည်စည်းရှိနေပြီး ပိုက်ကွန်စတော့ကင်ကို ဝတ်ဆင်ထားပါတယ်။ လက်ထဲမှာတော့ မျက်လှည့်ဆရာတွေဆောင်တတ်တဲ့ မှော်နှင်တံအနက်ရောင်ကိုကိုင်ထားလို့ ခေါင်းပေါ်မှာ အနက်ရောင်ဦးထုပ်ရှည်ကြီးနဲ့ပေါ့။

“မျက်လှည့်လား... ဒါပေမဲ့ ခုခေတ်မှာသိပ်ပြီး ခေတ်မရှိတော့ဘူးမဟုတ်လား။”

ကျွန်မတွေးမိလိုက်ချိန်မှာပဲ ဘန်နီကစပြီး ဦးထုပ်ကို မှော်နှင်တံနဲ့ထောက်ပြီး လှည့်နေပါပြီ။

“ကျွန်မက ဒီဆိုင်မှာ ဖျော်ဖြေမှုသေးသေးလေးတစ်ခု လုပ်ပြချင်လို့ လာခဲ့တာပါ။ ဥပမာအနေနဲ့ ယုန်လေးက ဦးထုပ်ထဲက ထွက်လာတာလား၊ ယုန်လေးကဦးထုပ်ကို ဖန်ဆင်းလိုက်တာလား ဆိုတာမျိုးပေါ့။”

နောက်တော့ ဘန်နီက ဦးထုပ်ကို မြောက်တင်လိုက်တယ်။ လေပေါ်ပျံနေတဲ့ ဦးထုပ်ထဲကနေ ယုန်ဖြူလေးတစ်ကောင်ထွက်လာပြီး ဘန်နီက အောက်ကနေ ကြိုစီးဖမ်းထားလိုက်ပါတယ်။ ဦးထုပ်က ယုန်ပေါ်ကိုတည့်တည့်ပြန်ပြုတ်ကျလာပြီး လူတိုင်းရှေ့မှာတင် ယုန်ကလုံးဝပျောက်သွားပြန်တယ်။

ဘန်နီကတော့ ဦးထုပ်အတွင်းပိုင်းကို လူတွေ မြင်ရအောင်လို့ ထောင်ပြလိုက်ပြီး အတွင်းမှာဘာမှမရှိကြောင်း သက်သေပြပါတယ်။ မကြာခင်မှာပဲ ဆိုင်ထဲကလူတွေဆီကနေ လက်ခုပ်တီးသံတွေထွက်လာတော့တာပေါ့။

ဖြောင်း... ဖြောင်း... ဖြောင်း....

“မိုက်တယ်...မိုက်တယ်....”

လက်ခုပ်တီးနေတဲ့အထဲ ကျွန်မလည်းပါပါတယ်။ ဒါက ပြကွက်ဟောင်းကြီးဆိုပေမဲ့ အခုလိုမျိုးအနီးကပ် တစ်ခါမှမမြင်ဖူးဘူးလေ။ နောက်တော့ ဘန်နီက နောက်တစ်ကွက်ပြဖို့အတွက် အစောပိုင်းက ကျွန်မတို့တို့ လှမ်းအတင်းပြောနေတဲ့ အဒေါ်ကြီးနှစ်ယောက်ရှေ့ရောက်လာတယ်။

ဘန်နီက ပြုံးထားရင်း “ ဒီတစ်ခေါက်ပြမယ့်အကွက်က ပြကွက်အသစ်လေးပါရှင့်။ အိုမင်းနေတဲ့သူတွေကို ပြန်နုပျိုအောင်လုပ်လို့ရတဲ့ ဆေးလေးရှိတယ်ဆိုတာပါ။”

ဘန်နီက သူ့ဦးထုပ်ထဲကနေ အပြာရောင်ဆေးပုလင်း တစ်ခုကိုထုတ်လိုက်ပြီး ဆေးပုလင်းကိုဖွင့်ကာ ဆေးစက်လေးတစ်စက်ကို အဒေါ်ကြီးနှစ်ယောက်ထဲက တစ်ယောက်မျက်နှာပေါ် တို့ပေးလိုက်တယ်။

ကျွန်မမျက်စိရှေ့မှာတင် အဒေါ်ကြီးရဲ့ပုံစံက အသက်နှစ်ဆယ်ကျော်ကျော်အရွယ်ကို ပြန်ရောက်သွားပြီး ကျွန်မအပါအဝင် ဆိုင်ထဲကလူတွေအားလုံး ရုတ်ရုတ်သဲသဲ ဖြစ်ကုန်လေရဲ့။

“အတုအယောင်လုံးဝ မဟုတ်ပါဘူးနော်။ တကယ့် ဆေးရည်ပါ။”

ဘန်နီက နောက်အဒေါ်ကြီးတစ်ယောက်ကိုပါ နုပျိုအောင်လုပ်ပေးပြီးတဲ့နောက် အားလုံးကို ဆေးပုလင်းထောင်ပြလိုက်တယ်။

“ ဒီဆေးပုလင်းမျိုးလိုချင်ရင် ကျွန်မတို့ဆိုင်ရှိရာ နေရာကိုလာခဲ့ပေးပါ။ အားလုံးကို လိပ်စာကတ်တွေ ပေးခဲ့ပါမယ်။ ဒါနဲ့၊ အမြည်းပေးထားတဲ့ဆေးက တစ်ရက်ပဲအာနိသင်ရှိမှာနော်။”

နောက်တော့ ဘန်နီက သူ့အင်္ကျီအိတ်ကပ်ထဲကနေ အနက်ရောင်လိပ်စာကတ်တွေကို ဖဲချပ်ထုတ်သလို ထုတ်ဖြန့်လိုက်ပြီး ဆိုင်ထဲကလူတိုင်းဆီ တစ်ခုစီ ပစ်ပေးတယ်။

ကျွန်မလည်း အဲဲဒီလိပ်စာကတ်တစ်ခုရလိုက်တယ်။ AC&B ကုမ္ပဏီလီမီတက်လို့ ရွှေရောင်နဲ့ရေးထားပြီး အောက်မှာဘန်နီမျက်လှည့်ပစ္စည်းဆိုင်ရဲ့လိပ်စာပါတယ်။

“အားလုံးပဲ နောက်မှတွေ့ကြမယ်နော်။”

ဘန်နီက ကိစ္စပြီးတာနဲ့ ဦးညွှတ်လိုက်ပြီး မီးခိုးတွေအဖြစ်ပြောင်းလဲကာ နေရာကနေ ပျောက်ကွယ်သွားတော့တယ်။ ဆိုင်ထဲက လူတွေကတော့ အဲဒီမိန်းကလေးပေးခဲ့တဲ့ လိပ်စာကိုရှာဖို့အတွက် ဆိုင်ထဲကနေထွက်သွားတာ ကျွန်မမြင်နေရပါတယ်။

“ပါစီဗယ်... ခုနက မိန်းကလေးက...”

ကျွန်မ စကားစလိုက်တော့ ပါစီဗယ်ကခေါင်းညိတ်ပြပြီး “ဆေးက မှော်ဆေးတွေ။ တားမြစ်ထားတာတောင် ဖြစ်နိုင်တယ်။ သူ့မျက်လှည့်က ငါနဲ့တူညီတဲ့ မြူအစွမ်းပဲ။ ဒါပေမဲ့ အဲဒီဆံပင်အရောင်အရ ကောင်းချီးပေးခံရရုံမဟုတ်ဘဲ ဟီကိတ်ရဲ့သမီးတော်အစစ်လို့ အဓိပ္ပါယ်ရတယ်။ နတ်တစ်ပိုင်းပဲ၊ ကျောင်းခြောက်ကျောင်းကတော့ မဟုတ်ဘူး။”

နောက်တော့ ပါစီဗယ်ရဲ့မျက်နှာက စပ်ဖြီးဖြီးနဲ့ ကျွန်မနားကိုကပ်လာပြီး အခုလိုမေးပါလေရော။

“မဟုတ်မှလွဲရော မဒမ်မူဆဲ(မိန်းမပျိုလေး) ဆယ်ဗီက စိန့်ပီတာဇဘတ် ဆီနိတ်တာအနေနဲ့ ဒီကိစ္စကို စုံစမ်းမလို့တော့မဟုတ်ပါဘူးနော်။”

ကျွန်မလည်း စိတ်ဆိုးလာပြီး သူ့ခေါင်းကို လက်သီးဆုပ်နဲ့လှမ်းခေါက်လိုက်တယ်။

“အဲဒီအလုပ်က ကျွန်မထွက်ထားပြီးသား။ ဒီအတိုင်း စိတ်ဝင်စားလို့မေးကြည့်ရုံပဲ။”

အဲဒီနောက်တော့ ကျွန်မအကြည့်တွေက မုန့်ဖိုခန်းထဲက ထွက်လာတဲ့ စားပွဲထိုးမလေးလက်ထဲက ခရုပတ်မုန့်နဲ့ အိကလဲယားတွေဆီ ပြန်ရောက်သွားပါလေရော။

All Chapters