← Chapters

အခန်း (၉၉၁)

Vol. 67 Ch. 991

အခန်း (၉၉၁)

Vol. 67 Ch. 991

ပိုင်ဖျောင်ဖျောင်သည် အံ့အားသင့်စွာဖြင့် သူမ၏အင်္ကျီလက်ကို ဝှေ့ယမ်းလိုက်သည်။

ဖုန်မှုန့်များ လွင့်ပြယ်သွားချိန်၌ အပျက်အစီများကြားတွင် ရီဖုန်းသည် လုံးလုံးလျားလျား ထိခိုက်မှုမရှိဘဲ မတ်တတ်ရပ်နေခဲ့သည်။ သူ၏မျက်နှာပေါ်တွင် စိတ်ရှုပ်ထွေးခြင်းနှင့်စိတ်ပျက်အားငယ်ခြင်း အရိပ်အယောင်များ ထင်ဟပ်နေပေ၏။

ထိုမြင်ကွင်းကို မြင်တွေ့ချိန်တွင် ပိုင်ဖျောင်ဖျောင်၏လှပသောမျက်ဝန်းများအတွင်းတွင် ထိတ်လန့်တုန်လှုပ်မှုများ ဖြတ်ပြေးသွားပြီး ရီဖုန်းကို စူးစိုက်ကြည့်ကာ စကားတစ်ခွန်းမှ မပြောနိုင်အောင် ဖြစ်သွားခဲ့သည်။

ရီဖုန်းသည် ခေါင်းငုံ့ကာ သူ့ကိုယ်သူ စစ်ဆေးကြည့်လိုက်ရင်း အလွန်အမင်း စိတ်ရှုပ်ထွေးသွားသည်။

သူသည် လုံးလုံးလျားလျား ဒဏ်ရာမရခဲ့သည့်အပြင် အဝတ်အစားပေါ်တွင် ဖုန်အနည်းငယ်ပေနေသည်မှလွဲ၍ မည်သည့်အရာမျှ မဖြစ်ခဲ့ချေ။ နာကျင်ခြင်း ယားယံခြင်း မရှိသည့်အပြင် နွေဦးလေပြေညင်းက သူ့ကို ပွတ်သပ်သွားသည့်အလား အလွန်အမင်း သက်သောင့်သက်သာ ရှိနေခဲ့ပေ၏။

'ဒါက ဘယ်လိုဖြစ်သွားတာလဲ...'

ရီဖုန်းက မျက်မှောင်အနည်းငယ်ကြုတ်လိုက်သည်။ ခြေလှမ်းတစ်ဝက်သူတော်စင်တစ်ယောက်ဖြစ်သော သူသည် ပိုင်ဖျောင်ဖျောင်၏ အားကုန်သုံးထားသော လက်ဝါးချက်ကို ခံယူပြီးနောက် မည်သည်ကြောင့် လုံးလုံးလျားလျားထိခိုက်မှုမရှိသည်ကို နားမလည်နိုင် ဖြစ်နေခဲ့သည်။

'ဒါက လုံးဝ အဓိပ္ပာယ်မရှိဘူး...'

'ပိုင်ဖျောင်ဖျောင်က သူ့ကို တကယ်မတိုက်ခိုက်ချင်တာကြောင့် အားလျှော့လိုက်တာများလား'

ရီဖုန်းသည် သံသယများ စိတ်ရှုပ်ထွေးမှုများဖြင့် ပတ်ဝန်းကျင်ကို ဝေ့ဝိုက်၍ကြည့်လိုက်သည်။ ထိုသို့ကြည့်လိုက်ချိန်တွင် သူ လုံးလုံးလျားလျား မှင်တက်သွားပေ၏။

သောက်ချေးပဲ....

အချိန်တခဏအတွင်းမှာပင် လှပသပ်ရပ်စွာ ပြင်ဆင်ထားသော ခြံဝင်းသည် ဒုတိယကမ္ဘာစစ် ဖြစ်ပွားသွားသည်ထက်ပင် ပိုဆိုးနေသည်။ ပြာပုံများမှလွဲ၍ မည်သည့်အရာကိုမျှ မမြင်ရတော့ချေ။ ဤသည်မှာ တောကန္တာရတစ်ခုနှင့်ပင် ခွဲခြား၍ မရတော့ဘဲ ခြံဝန်းဟူသော အရိပ်အယောင်ပင် မကျန်တော့ပေ။

မျက်စိတစ်ဆုံး အကွာအဝေးထိ ဖုန်မှုန့်များသာ ရှိတော့သည်။ ခြံဝန်း၏ အစိတ်အပိုင်းအများစုမှာ လုံးလုံးလျားလျား ပျောက်ကွယ်သွားခဲ့ပြီး ကျောက်သင်ပုန်းပေါ်မှ စာလုံးများကို ခဲဖျက်ဖြင့် ဖျက်လိုက်သည့်အလားပင်။

ဤသည်မှာ အမှန်တကယ်ကို ကြောက်ရွံဖွယ်ကောင်းပေ၏။

သူတော်စင်အဆင့် ကျင့်ကြံသူတစ်ယောက်ဟု မျှော်လင့်ထားတဲ့အတိုင်း သူတို့၏တိုက်ခိုက်မှုများတွင် အကြွင်းမဲ့ဖျက်ဆီးနိုင်စွမ်းရှိသည်။ သူတို့နှင့်ယှဉ်လိုက်လျှင် တစ်ချိန်က မယုံနိုင်လောက်အောင် အစွမ်းထက်သည်ဟု သူ တွေးထင်ခဲ့သော သိုင်းဝိညာဉ်အဆင့် ကျင့်ကြံသူများသည် ဖင်မလုံသောဘောင်းဘီဝတ်ထားသည့် ကလေးငယ်လေးများကဲ့သို့ ဖြစ်သွားလေပြီ။

ဤသည်ကို အားကုန်သုံးထားသော တိုက်ခိုက်မှုမဟုတ်ဟု မည်သို့ ပြောနိုင်မည်နည်း။ ရီဖုန်းကို သေအောင်ရိုက်ပြီး ပြောလျှင်ပင် သူ ယုံကြည်မည်မဟုတ်ချေ။

သို့ရာတွင် အဓိကအချက်မှာ ရီဖုန်း မသေသွားခြင်းပင်။ သူသည် ဒဏ်ရာတစ်ချက်ပင် မရခဲ့ချေ။ သူ၏ နားနံဘေးမှဖြတ်တိုက်သွားသော လေပြည်အေးကို ခံစားရင်း ရီဖုန်းသည် လုံးလုံးလျားလျား ကြက်သေသေနေသည်။ ဤအစီအစဉ်၏ မည်သည့်အပိုင်းတွင် မှားယွင်းသွားသည်ကို သူ မသိနိုင်တော့ဘဲ ရလဒ်သည် မမျှော်လင့်ထားသည့်အရာ ဖြစ်နေခဲ့ပေ၏။

ရီဖုန်းသည် သူ၏ ဖြစ်တည်မှုကိုပင် စတင်၍ သံသယဝင်လာခဲ့သည်။

တစ်ဖက်တွင်မူ ပန်းခင်းနံဘေးတွင် ရပ်နေသော ပိုင်ဖျောင်ဖျောင်သည်လည်း ရီဖုန်း အနည်းငယ်မျှ ထိခိုက်မှုမရှိသည်ကို မြင်တွေ့ချိန်၌ မှင်တက်သွားသည်။ ဤရလဒ်သည် သူမ၏ မျှော်လင့်ချက်များထက် များစွာပို၍ကျော်လွန်နေပေ၏။

သူမ၏လက်ဝါးချက်ကြောင့် ရီဖုန်း မြေပြင်ပေါ်သို့ လဲကျသွားပြီးနောက် အောင်မြင်မှုရရှိကာ အင်မော်တယ်ဖြစ်လာပြီး သူ၏ကျင့်ကြံဆင့်တိုးတက်လာကာ လက်ရှိအခက်အခဲကို ကျော်လွှားနိုင်မည်ဟု သူမ စိတ်ကူးခဲ့သည်။ ဤသည်မှာ အကောင်းဆုံး ရလဒ်ဖြစ်ပြီး သဘာဝအတိုင်း ပိုဆိုးသော ခန့်မှန်းချက်များလည်း ရှိခဲ့သည်။ အကယ်၍ တစ်ခုခု မှားယွင်းသွားပါက သူမသည် ရီဖုန်းနောက်သို့ လိုက်သွားမည်ဟုပင် ပိုင်ဖျောင်ဖျောင်က ဆုံးဖြတ်ထားခဲ့သည်။

သို့ရာတွင် ရီဖုန်းသည် တစိုးတစိမျှ ထိခိုက်မှုမရှိလိမ့်မည်ဟု သူမ မျှော်လင့်မထားခဲ့ချေ။

ပိုင်ဖျောင်ဖျောင် မဆိုထားနှင့် တခြားမည်သူမဆို ရှိနေခဲ့လျှင်ပင် ခြေလှမ်းတစ်ဝက်သူတော်စင်တစ်ယောက်က သူတော်စင်တစ်ယောက်၏ အားကုန်သုံးထားသော လက်ဝါးချက်ကို ခံယူပြီးနောက် အနည်းငယ်မျှထိခိုက်မှုမရှိသည်ကို မယုံနိုင်ဖြစ်နေကြပေမည်။

ဤသည်မှာ အလွန်ထူးဆန်းသော ကိစ္စတစ်ရပ်ပင်။

ဤအချိန်အခိုက်အတန့်တွင် ရီဖုန်း ငြိမ်သက်စွာ မတ်တတ်ရပ်နေသည်ကို မြင်တွေ့ချိန်၌ ပိုင်ဖျောင်ဖျောင်၏စိတ်နှလုံးသားအတွင်းတွင် ပျော်ရွှင်မှုနှင့်အတူ ကြီးမားသော စိတ်ရှုပ်ထွေးမှုများဖြင့် ပြည့်နှက်နေသည်။ သူမ၏အမြင်အရ ရီဖုန်းသည် အမှန်တကယ်ကို ထူးချွန်ပြီး တခြားမည်သည့်ယောက်ျားနှင့်မျှ နှိုင်းယှဉ်၍မရချေ။ သို့ရာတွင် သူ၏ကျင့်ကြံဆင့်သည် ခြေလှမ်းတစ်ဝက်သူတော်စင်အဆင့်တွင်သာ ရှိသည်မှာ အမှန်ပင်။ သူသည် ဤလက်ဝါးချက်ကို မည်သို့ ကြံ့ကြံ့ခံနိုင်ခဲ့သနည်း။း

ထိုသို့မဟုတ်ပါက…

ထိုသို့မဟုတ်ပါက ရီဖုန်းသည် ခြေလှမ်းတစ်ဝက်သူတော်စင် မဟုတ်ဘဲ သူတော်စင်တစ်ယောက် ဖြစ်နေသလော...

ရုတ်ချည်းဆိုသလိုပင် ဤအချက်ကို နားလည်သဘောပေါက်သွားချိန်၌ ပိုင်ဖျောင်ဖျောင်၏စိတ်နှလုံးသား ပြင်းထန်စွာတုန်ခါသွားပြီး သူမ ထပ်မံ၍ ထိတ်လန့်တုန်လှုပ်သွားသည်။ သူမ၏နှလုံးခုန်နှုန်ူများ မြန်လာပြီး အလွန်အံ့အားသင့်နေသဖြင့် စကားပင် မပြောနိုင်တော့ချေ။

အစပိုင်းတွင် သူမက ရီဖုန်းသည် ဤမျှတိုတောင်းသော အချိန်ကာလအတွင်း၌ ခြေလှမ်းတစ်ဝက်သူတော်စင် ဖြစ်လာခြင်းကြောင့် သူသည် အလွန်ရှားပါးသော ပါရမီရှင်တစ်ယောက်ဖြစ်ပြီး မခန့်မှန်းနိုင်သော ကြိုးစားအားထုတ်မှုများ ပြုလုပ်ခဲ့ရမည်ဟု တွေးထင်ခဲ့သည်။ ပိုင်ဖျောင်ဖျောင်သည် ဤကိစ္စအတွက် အချိန်အတော်ကြာ ပျော်ရွှင်ခဲ့ပြီး စိတ်ကျေနပ်နေခဲ့သည်။

ယခုအချိန်၌..

ရီဖုန်းသည် သူမ၏မျှော်လင့်ချက်များထက် ကျော်လွန်ကာ သူတော်စင်အဆင့်သို့ ရောက်ရှိနေပြီဖြစ်ပြီး သူမ တွေးထင်ထားသည်ထက်ပင် ပို၍ထူးချွန်နေသည်ကို ရှာဖွေတွေ့ရှိခဲ့သည်။ ဤယောက်ျားသည် သူမအား အံ့အားသင့်မှုများစွာ ပေးစွမ်းနိုင်ခဲ့ပြီး ဤအချိန်အခိုက်အတန့်တွင် သူမသည် ပို၍ပင် စိတ်လှုပ်ရှားကာ စိတ်သက်သာရာရမှုကို ခံစားလိုက်ရသည်။

မြူခိုးများနှင့်ဖုန်မှုန့်များကြားမှ မည်သူမျှမယှဉ်နိုင်သောဟန်ပန်ဖြင့် ထွက်ပေါ်လာသော တည်ငြိမ်နေသည့်ပုံရိပ်ကို ကြည့်ရင်း သူမသည် အနည်းငယ် မရင်းနှီးသကဲ့သို့ ဖြစ်သွားလေ၏။ သို့ရာတွင် သူ၏ပုံပန်းသွင်ပြင်နှင့်မျက်နှာမှာမူ သူမနှင့် အလွန်ရင်းနှီးကျွမ်းဝင်နေဆဲပင်။ ပိုင်ဖျောင်ဖျောင်သည် ဂုဏ်ယူဝံ့ကြွားမှုကို မခံစားဘဲ မနေနိုင်တော့ချေ။

ထိုကဲ့သို့သော လူတစ်ယောက်သည် သူမ၏အကာအကွယ်ကို မလိုအပ်ရုံသာ သူမ၏စိုးရိမ်ပူပန်မှုများကိုလည်း များစွာမလိုအပ်ပေ။ သူသည် သူမထက်ပင် ပို၍ ထူးချွန်ပေ၏။ သူမ အမှန်တကယ်ကို လူရွေးမမှားခဲ့ချေ။

ပိုင်ဖျောင်ဖျောင်ထံ၌ ကြီးမားသော ပျော်ရွှင်မှုနှင့် စိတ်လှုပ်ရှားမှုတို့ ရောယှက်နေပြီး သူမ၏ မျက်ဝန်းများသည် ကြယ်ပွင့်လေးများအလား တောက်ပနေသည်။

တစ်ချိန်တည်းမှာပင်.....

သူမ၏လက်ဝါးရိုက်ချက်သည် ကောင်းကင်နှင့်မြေပြင်ကို အရောင်ပြောင်းလဲသွားစေခဲ့ပြီး သူတော်စင်နယ်မြေရှိ အိမ်တော်တစ်ခုလုံးကို တုန်လှုပ်ခြောက်ခြားစေခဲ့သည်။ အစေခံများနှင့် နတ်ဆိုးသားရဲများသည် တုန်ခါမှုများ အဆက်မပြတ်ပျံ့နှံ့လာသည်နှင့်အမျှ သူတို့ထံတွင် တုန်လှုပ်ချောက်ချားခြင်း ထိတ်လန့်ကြောက်ရွံ့ခြင်းတို့ဖြင့် ပြည့်နှက်နေခဲ့သည်။

ခြံဝန်းအတွင်းရှိ လေဟာနယ်၌ လှိုင်းဂယက်များ ပျံ့နှံ့သွားပြီး စုကျဲသည် ဓားရှည်တစ်ချောင်းကို ကိုင်ဆောင်ကာ ထွက်ပေါ်လာခဲ့သည်။

စုကျဲသည် သူမ၏ရှေ့မှ အရာအားလုံးကို မြင်တွေ့ရသော်လည်း ထိတ်လန့်တုန်လှုပ်သွားခြင်း မရှိခဲ့ချေ။ ဤနေရာတွင် ပိုင်ဖျောင်ဖျောင်နှင့် ရီဖုန်းမှလွဲ၍ တခြားမည်သူမျှ မရှိခဲ့ပေ။ စုကျဲ၏ အေးစက်စက်မျက်ဝန်းများအတွင်းတွင် စိတ်ရှုပ်ထွေးမှုများ ထင်ဟပ်လာပြီး သူမက တည်ငြိမ်စွာ မေးမြန်းလိုက်သည်။

"ဘာတွေ ဖြစ်ခဲ့တာလဲ....ဘာလို့ အိမ်ထဲမှာ ခုလို မျိုး တိုက်ခိုက်နေကြတာလဲ"

ဤမေးခွန်းသည် သူတို့နှစ်ယောက်လုံးကို သတိပြန်ဝင်လာစေခဲ့သည်။

သူမ၏သူငယ်ချင်းသည် ကျင့်ကြံနေရာမှ ထွက်လာသည်ကို မြင်တွေ့ချိန်၌ ပိုင်ဖျောင်ဖျောင်၏ မျက်လုံးများအတွင်းတွင် တောင်းပန်သည့်အရိပ်အယောင်များ ထင်ဟပ်လာသည်။ သို့ရာတွင် သူမ၏မျက်နှာပေါ်တွင် မထိန်းချုပ်နိုင်သော စိတ်လှုပ်ရှားမှုနှင့်ပျော်ရွှင်မှုများလည်း ရှိနေပေ၏။ သူမက တည်ငြိမ်စွာဖြင့် ရှေ့သို့လျှောက်လှမ်းသွားပြီး ရှင်းပြလိုက်သည်။

သူမသည် ရီဖုန်းကို တစ်ချက်ကြည့်လိုက်ပြီးနောက် ကန့်ကွက်ခြင်းမရှိသည်ကို မြင်တွေ့ချိန်တွင် ဖြစ်စဉ်တစ်ခုလုံးကို အပြည့်အစုံ ပြန်ပြောပြလိုက်သည်။

ဤဖြစ်စဥ်၏ဇာစ်မြစ်ကို နားထောင်နေချိန်၌ စုကျဲ၏မျက်နှာအမူအယာသည် တည်ငြိမ်နေဆဲဖြစ်ပြီး သူသည် ကုချင်းချန်၏အကျင့်စရိုက်နှင့် အလွန်ရင်းနှီးနေပုံရသည်။ ထို့နောက် ရီဖုန်းသည် နတ်ဘုရားကျင့်ကြံနည်းစနစ်တစ်ခုကို ကျင့်ကြံမည်ဖြစ်သောကြောင့် ပိုင်ဖျောင်ဖျောင်သည် အားကုန်သုံး၍ လက်ဝါးတစ်ချက် ရိုက်နှက်ခဲ့သည်ကို သူမ သိရှိခဲ့ရသည်။ သို့ရာတွင် ရီဖုန်းသည် ထိုလက်ဝါးရိုက်ချက်ကို အလွယ်တကူ ကြံ့ကြံ့ခံနိုင်ကာ မည်သည့်ထိခိုက်မှုမရှိဟု ကြားချိန်၌…

နောက်ဆုံးတွင် စုကျဲ၏မျက်လုံးများအတွင်း၌ ထူးဆန်းသော အမူအယာတစ်ရပ် ထင်ဟပ်လာပြီးနောက် သူမသည် ရီဖုန်းကို အချိန်အတော်ကြာ စူးစိုက်ကြည့်ကာ ပို၍ပို၍သိချင်စိတ်ပြင်းပြလာခဲ့သည်။

"နင်က ဖျောင်ဖျောင်ရဲ့ လက်ဝါးချက်ကို တောင့်ခံနိုင်လိမ့်မယ်လို့ ငါ မထင်ထားဘူး....နင်မှာ သူတော်စင်တစ်ယောက်ရဲ့ ကျင့်ကြံဆင့် ရှိနေလောက်တယ်.... ပြီးတော့ နင့်ရဲ့အရှိန်အဝါကို ဖုံးကွယ်နိုင်တဲ့ အံ့အားသင့်ဖို့ကောင်းတဲ့ နည်းစနစ်တစ်ခုကို ပိုင်ဆိုင်ထားပုံပဲ...ငါ မင်းကို အထင်သေးခဲ့မိပုံရတယ်…"

စုကျဲ စကားပြောဆိုလိုက်သည်နှင့်....

ပိုင်ဖျောင်ဖျောင်၏ခန့်မှန်းချက်သည် အတည်ပြုနိုင်သလောက်နီးပါးဖြစ်သွားပြီး သူမ မပြုံးဘဲ မနေနိုင်တော့ချေ။ လောကကြီးတွင် အရည်အချင်းရှိပြီး အစွမ်းထက်သော ပုဂ္ဂိုလ်များ မရေမတွက်နိုင်အောင် ရှိသော်လည်း စုကျဲ၏ ချီးမွမ်းခြင်းကို ခံရသူမှာ များများစားစား မရှိပေ။ ရီဖုန်းကို အသိအမှတ်ပြုခြင်း ခံရသည်အား ကြားရချိန်တွင် သူမ၏စိတ်နှလုံးသားအတွင်း၌ မဖော်ပြနိုင်သော ချိုမြိန်မှုကို ခံစားလိုက်ရသည်။

သို့ရာတွင် ရီဖုန်းမှာမူ ပို၍ပင် စိတ်ရှုပ်ထွေးသွားသည်။

'ဘာလဲ....'

'သူတော်စင် ကျင့်ကြံမှု.... ပြီးတော့ ငါ့ရဲ့ အရှိန်အဝါကို ဖုံးကွယ်ထားတယ်... ဟုတ်လား....'

'ငါ ဘာလို့ မသိရတာလဲ…'

မတူညီသော မျက်နှာအမူအရာများဖြင့် သူ့ကို ကြည့်နေကြသော အမျိုးသမီးနှစ်ယောက်ကို ကြည့်ရင်း ရီဖုန်းသည် ပို၍ပင် လမ်းပျောက်လာပေ၏။ သူသည် ပိုင်ဖျောင်ဖျောင်၏ လက်ဝါးရိုက်ချက်ကို တောင့်ခံနိုင်ခဲ့ခြင်းအတွက် အလွန်အံ့အားသင့်နေပြီဖြစ်ရာ ယခုချိန်၌ သူ့ထံတွင် သူတော်စင်အဆင့်ကျင့်ကြံမှု ရှိသည်ဟု ကြားရသဖြင့် ရီဖုန်းသည် လုံးလုံးလျားလျား မယုံကြည်နိုင်တော့ပေ။

ယခင်က သူ၏ကျင့်ကြံဆင့်ကို ခန့်မှန်းခဲ့ရုံမျှသာရှိကာ အဆိပ်စမ်းသပ်ခံပြီးနောက် တခြားသူများ၏အတည်ပြုချက်ဖြင့် သူသည် ခြေလှမ်းတစ်ဝက်သူတော်စင်တစ်ယောက် ဖြစ်သည်ဟု မယုံတဝက်ယုံတဝက် လက်ခံခဲ့သည်။ ထို့ကြောင့် သူသည် မကြာသေးမီမှစ၍ သူ၏သေလမ်းရှာခြင်းပန်းတိုင်ကို သူတော်စင်အဆင့် ကျင့်ကြံသူများပေါ်တွင် ထားရှိခဲ့သည်။

ထိုသို့ဆိုသည့်တိုင် သူ၏ သေလမ်းရှာခရီးသည် အလွန်ခက်ခဲခဲ့ပေ၏။ အကယ်၍ သူသာ ယခုချိန်၌ သူတော်စင်အဆင့်တွင် အမှန်တကယ် ရှိနေပါက သူ့ကို သတ်ခိုင်းရန် မည်သူ့ကို ရှာရမည်နည်း။

သူသည် ဒီကစားပွဲကို မည်ကဲ့သို့ ဆက်ကစားရမည်နည်း...

ရီဖုန်းသည် မျက်မှောင်ကြုတ်ကာ တီးတိုးရေရွတ်ရင်း အလွန်အမင်း စိတ်ဆင်းရဲသွားသည်။

"မဖြစ်နိုင်ဘူး…"

"ဒီလို မဖြစ်သင့်ဘူး"

သူ၏ အသံထွက်ပေါ်လာသည်နှင့် ပိုင်ဖျောင်ဖျောင်သည်လည်း သူမ၏ ပျော်ရွှင်မှုမှ နိုးထလာသည်။ သူမသည် ရီဖုန်း၏ နတ်ဘုရားကျင့်ကြံနည်းစနစ်ကို သတိရသွားကာ သူမ၏မျက်လုံးအတွင်းတွင် နောင်တအရိပ်အယောင်တစ်ရပ် ထင်ဟပ်လာသည်။

"ငါတို့ ဘယ်လိုလုပ်ကြမလဲ...ရီဖုန်းရဲ့ ကျင့်ကြံမှုက အရမ်းမြင့်မားလွန်းနေတယ်... သူက နတ်ဘုရားကျင့်ကြံနည်းစနစ်ကို လေ့ကျင့်နိုင်မှာ မဟုတ်တော့ဘဲ အခွင့်အရေးကောင်းတစ်ခုကို လက်လွှတ်လိုက်ရတော့မှာ မဟုတ်လား..."

နှစ်ယောက်သား တိတ်ဆိတ်သွားသည်ကို မြင်တွေ့ချိန်၌...

စုကျဲသည် အချိန်အတော်ကြာ စူးစမ်းကြည့်ရှုခဲ့သော်လည်း ရီဖုန်း၏ ကျင့်ကြံမှုကို ခွဲခြားမရနိုင်သေးသဖြင့် သူမသည် တည်ငြိမ်စွာ စကားပြောဆိုကာ တိတ်ဆိတ်မှုကို ဖြိုခွင်းလိုက်၏။

"မဖြစ်နိုင်တာတော့ မဟုတ်ဘူး...."

"ရီဖုန်းက နင့်ရဲ့လက်ဝါးရိုက်ချက်ကို တားဆီးနိုင်တာနဲ့...သူ့မှာ သူတော်စင်အဆင့် ကျင့်ကြံမှုရှိတယ်လို့ ဆိုလိုတာ မဟုတ်ဘူး..."

ဤစကားကိုကြားချိန်တွင် ရီဖုန်းတို့နှစ်ယောက်သား စုကျဲကိုကြည့်လိုက်ကြပြီး သူမ၏ အကြည့်သည် ပို၍ပင်အလေးအနက် ဖြစ်လာသည်ကို တွေ့လိုက်ရသည်။

"ဖျောင်ဖျောင်က မကြာသေးခင်ကမှ နိုးထလာတာ...သူ့မှာ သူတော်စင်အဆင့်ကျင့်ကြံမှု ရှိပေမယ့် သူ့ရဲ့အခြေခံက မခိုင်မာသေးဘူး... ပြီးတော့ သူတော်စင်တစ်ယောက်ရဲ့ အကြွင်းမဲ့စွမ်းအားကို အပြည့်အဝ မထုတ်သုံးနိုင်သေးဘူး....ခြေလှမ်းတစ်ဝက်သူတော်စင်တစ်ယောက်မှာ ကာကွယ်ရေး အားသာချက်တချို့ ရှိနေရင် ဒါကို တောင့်ခံနိုင်တာက နားလည်ပေးနိုငတယ်....ဒီအမြင်ကနေ ကြည့်ရင် ရီဖုန်းမှာ သူတော်စင်အဆင့်ကျင့်ကြံမှု မရှိနိုင်ဘူး..."

'ဒါကြောင့်ကိုး....'

အမှန်တရား ထွက်ပေါ်လာသည်ကို ကြားလိုက်ချိန်တွင် ပိုင်ဖျောင်ဖျောင်သည် ရုတ်တရက် နားလည်သဘောပေါက်သွားပြီး သူမ၏ မျက်နှာအမူအယာ တဖြည်းဖြည်းတည်ငြိမ်သွားသည်။ အချိန်တခဏမျှ စဉ်းစားပြီးနောက် သူမသည်လည်း ဤှသည်မှာ အလွန်အဓိပ္ပာယ်ရှိသည်ဟု ခံစားမိပေ၏။

"အင်း....စုကျဲရဲ့ စကားတွေကလည်း ကျိုးကြောင်းဆီလျော်တယ်..."

တစ်ချိန်တည်းမှာပင် ပိုင်ဖျောင်ဖျောင်၏ ဆုံးဖြတ်ချက်သည် ယခင်ကဲ့သို့ တွေဝေတုံ့ဆိုင်းမှုများ မရှိတော့ဘဲ ပို၍ပင်ခိုင်မာလာခဲ့သည်။

"ဒီလိုဆိုရင် စုကျဲပဲ လှုပ်ရှားလိုက်ပါလား....နင့်ရဲ့ ကျင့်ကြံမှုနဲ့ဆိုရင် ရီဖုန်းကို နတ်ဘုရားသိုင်းပညာ ရရှိအောင် ကူညီပေးနိုင်မှာ သေချာတယ်..."

စုကျဲသည် ဤစကားကို ကြားသော်လည်း တိတ်ဆိတ်နေဆဲဖြစ်ပြီး ရီဖုန်းကို အလေးအနက်ထား၍ ကြည့်နေသည်။

သူမ၏ကျင့်ကြံမှုသည် အလွန်အမင်း အားကောင်းပြီး သူမသည် ဓားတာအိုလမ်းစဉ်ဖြင့် သူတော်စင်အဖြစ်သို့ ရောက်ရှိခဲ့သူပင်။ အစစ်အမှန်သူတော်စင်တစ်ယောက်ပင်လျှင်သူမ၏တိုက်ကွက်တစ်ကွက်ကို တောင့်ခံနိုင်မည် မဟုတ်ချေ။ မရှုံးနိမ့်နိုင်သော ဓားသူတော်စင်ဟူသော ဘွဲ့အမည်သည် သူမ၏ စွမ်းအားပေါ်တွင် အခြေခံ၍ တည်ဆောက်ထားခြင်းဖြစ်သည်။ သူမတို့နှစ်ဦးလုံး သူတော်စင်များ ဖြစ်ကြသော်လည်း သူမတို့ကြားရှိ ကွာဟချက်သည် ကြီးမားပေ၏။

အကယ်၍ သူမ အားကုန်အသုံးပြုလိုက်ပါက ရီဖုန်းသည် သေချာပေါက် သေဆုံးသွားလိမ့်မည်။

ပတ်ဝန်းကျင်နေရာတဝိုက်လုံး ရုတ်တရက် တည်ကြည်လေးနက်သွားသည်။ အမျိုးသမီးနှစ်ဦးလုံး ရီဖုန်းကို တိတ်ဆိတ်စွာ ကြည့်နေကြပြီး သူမတို့၏မျက်နှာအမူအယာများသည် ပို၍တည်ငြိမ်လာကာ ရီဖုန်း၏အဖြေကို စောင့်မျှော်နေကြသည်။

မမျှော်လင့်ဘဲ....

ရီဖုန်းသည် ဖိအားတစ်စုံတစ်ရာ မခံစားရသည့်အပြင် သူ၏မျက်လုံးများသည် မျှော်လင့်ချက်များဖြင့် ပြည့်နှက်နေသကဲ့သို့ တောက်ပလာခဲ့သည်။

"တကယ်လား...."

"မိန်းကလေးစုသာ လှုပ်ရှားပေးဖို့ ဆန္ဒရှိတယ်ဆိုရင် ဒါက ပိုတောင်ကောင်းသေးတယ်...

ငါမှာ ဒီထက်ပိုပြီးတောင်းဆိုစရာမရှိတော့ဘူး...

All Chapters