← Chapters

အခန်း (၉၉၄)

Vol. 67 Ch. 994

အခန်း (၉၉၄)

Vol. 67 Ch. 994

မိုးခြိမ်းသံကဲ့သို့ ဟိန်းသံတစ်သံသည် သူတော်စင်ကျွန်းတစ်ကျွန်းလုံးအနှံ့ ပဲ့တင်ထပ်သွားပြီး မည်းမှောင်သောတိမ်တိုက်များက ထွက်ပေါ်လာခါစ နေမင်းကြီးကို ဖုံးကွယ်သွားသည်။

ကုချင်းချန်၏မျက်လုံးများ နီမြန်းနေပြီး သူသည် တိမ်တိုက်တစ်ခု၏ထိပ်တွင် မတ်တတ်ရပ်ကာ အောက်သို့ငုံ့ကြည့်နေသည်။ သူ၏ ဆံပင်များ ရှုပ်ပွနေပြီး သူ၏မျက်နှာပေါ်တွင် ပင်ပန်းနွမ်းနယ်မှုများ ထင်ဟပ်နေကာ ယခင်က သူ၏မိန်းမဆန်သော ချောမောခန့်ညားမှုများ ပျောက်ကွယ်သွားပေ၏။ သူ၏ မျက်လုံးများအတွင်းတွင် ရက်စက်ကြမ်းကြုတ်မှုများဖြင့် ပြည့်နှက်နေပြီး ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါတစ်ရပ်က ကောင်းကင်နှင့်မြေပြင်ကို လွှမ်းခြုံသွားသည်။

မြေပြင်ပေါ်ရှိ လှိုဏ်ဂူများနှင့်ခန်းမဆောင်များသည် အက်ကွဲစပြုလာပြီး မြေပြင်တပြင်လုံး အဆက်မပြတ် တုန်ခါနေသည်။ သူတော်စင်တစ်ပါး၏ အမျက်ဒေါသသည် နေရာအနှံ့အပြား၌ ပျက်စီးခြင်းကို ဖြစ်စေနိုင်သည် ။ အစေခံများသည် ကမောက်ကမဖြစ်နေကြပြီး နတ်ဆိုးသားရဲများသည် လောကကြီးပျက်စီးသည့်အလား ထိတ်လန့်တကြား ထွက်ပြေးနေပေ၏။

လေထုအတွင်းတွင် လှိုင်းဂယက်များ ပျံ့နှံ့သွားကာ...

တင့်တယ်လှပသော ပုံရိပ်နှစ်ခု ထွက်ပေါ်လာပြီး ကျယ်လောင်စွာအော်ဟစ်လိုက်ကြသည်။

"ကုချင်းချန်...."

ထိုအော်သံကြောင့် ကုချင်းချန်၏ မျက်လုံးများ အနည်းငယ်ကျဉ်းမြောင်းသွားသည်။ ရောက်ရှိလာသူများကို မှတ်မိသွားချိန်တွင် သူသည် အေးစက်စက် နှာမှုတ်လိုက်၏။

"ဒါဆိုရင် မင်းတို့မှာ အကူအညီ ရှိနေတာကိုး...ငါ့ကို ဒီလိုဆက်ဆံရဲတာ မဆန်းတော့ဘူး..ဟမ့် ပိုင်ဖျောင်ဖျောင်...စုကျဲရဲ့ အကူအညီက ငါ့ကို ကြောက်အောင်လုပ်နိုင်မယ်လို့ မင်း ထင်ရင် ဒီသူတော်စင်ကို မင်း အရမ်းအထင်သေးလွန်းနေပြီ..."

"ဒီနေ့ မင်းတို့ ဒီသူတော်စင်ကို ရှင်းပြချက်တစ်ခု မပေးဘူးဆိုရင် ငါ့ရဲ့ကုမျိုးနွယ်က ဒီကိစ္စကို ဘယ်တော့မှ အလွတ်ပေးမှာမဟုတ်ဘူး..."

ကုချင်းချန်၏မျက်နှာပေါ်တွင် ပင်ပန်းနွမ်းနယ်မှုများထင်ဟပ်နေပြီး သူ၏အဝတ်အစားများ စုတ်ပြတ်သတ်နေသည်။ သို့ရာတွင် ကုချင်းချန်သည် သူ၏ဟန်ဆောင်မျက်နှာဖုံးကို လုံးလုံးလျားလျား ဆုတ်ဖြဲကာ သူ့ထံမှနေ၍ ထူးကဲသော ရက်စက်ကြမ်းကြုတ်မှု အရှိန်အဝါတစ်ရပ် ပွင့်အံ့ထွက်လာသည်။ သူ၏ မျက်လုံးများအတွင်းတွင် မကောင်းကြံစည်မှုများဖြင့် ပြည့်နှက်နေပြီး မြင်သူတိုင်းအား ထိတ်လန့်ကြောက်ရွံ့မှုကို ခံစားရစေသည်။

ဤမျှကြီးမားသော အရှက်တရားကို ခံစားခဲ့ရသော ရှေးဟောင်းမျိုးနွယ်၏သူတော်စင်သည် သူ၏ဂုဏ်သိက္ခာကို ပြန်လည်ရယူရန် စိတ်ပိုင်းဖြတ်ထားလေ၏။

သို့ရာတွင် ဤအချိန်အခိုက်အတန့်တွင် ပိုင်ဖျောင်ဖျောင်နှင့်စုကျဲတို့၏ မျက်လုံးများအတွင်းတွင် ထင်ဟပ်နေသော သူ၏ပုံစံသည် မည်သည့် လှိုင်းဂယက်ကိုမျှ မထစေခဲ့ချေ။ အမျိုးသမီးနှစ်ယောက်သည် တိတ်ဆိတ်စွာ အကြည့်ချင်းဖလှယ်လိုက်ကြပြီး သူမတို့၏မျက်လုံးများအတွင်းတွင် ကရုဏသက်သော အရိပ်အယောင်တစ်ခု ရှိနေသည်။

အတိတ်ကာလတွင် ဤကဲ့သို့ ကုချင်းချန်၏အလွန်ကြီးမားသောဒေါသကို မြင်တွေ့ရလျှင် သူမတို့ အနည်းငယ် စိုးရိမ်မိနိုင်သည်။ သို့ရာတွင် ယခုချိန်၌ ရီဖုန်း၏ကျင့်ကြံဆင့်စွမ်းအားသည် မယုံနိုင်လောက်အောင် အစွမ်းထက်ပေ၏။ သူတို့နှစ်ယောက် အမှန်တကယ်တိုက်ခိုက်ကြလျှင် ကုချင်းချန်သည်သာ အခက်တွေ့ရပေလိမ့်မည်။

ကုချင်းချန်၏စွမ်းအားများ မြင့်တက်လာပြီး ဤကိစ္စကို အလွယ်တကူ လက်မလျှော့လိုသည့်ပုံကို မြင်တွေ့ရချိန်တွင်....

စုကျဲသည် ရှေ့သို့တက်ကာ လေထုအတွင်းတွင် မတ်တတ်ရပ်ပြီး တင်းမာခက်ထန်စွာ ပြောဆိုလိုက်ရုံမှတစ်ပါး တခြားရွေးချယ်စရာ မရှိတော့ချေ။

"ကုချင်းချန်...နင် အခုချက်ချင်း ထွက်သွားဖို့ ငါ အကြံပေးချင်တယ်....မဟုတ်ရင် နင် နောင်တရလိမ့်မယ်..."

ကုချင်းချန်သည် သူမ၏စကားကြောင့် အချိန်တခဏကြာ ကြက်သေသေသွားပြီးနောက် မောက်မာထောင်လွှားစွာ အော်ဟစ်ရယ်မောလိုက်သည်။

"ဟား ဟား ဟား...."

"စုကျဲ...ကိုယ့်ကိုယ်ကိုယ် အထင်ကြီးမနေနဲ့... ဒီသူတော်စင်က အရင်က ပိုင်ဖျောင်ဖျောင်ကြောင့် အရှက်ရခဲ့ရတယ်... မဟာတောနက်ခုနစ်သွယ် အထီးကျန်ဝင်္ကပါထဲမှာ ငါက ခုနစ်ရက်တိုင်တိုင် ပိတ်မိနေခဲ့ရတယ်... ဒီကိစ္စသာ ကြီးထွားလာရင် မင်းတစ်ယောက်တည်းနဲ့ ငါတို့ကုမျိုးနွယ်ရဲ့ အမျက်ဒေါသကို ခံနိုင်မှာမဟုတ်ဘူး..."

"ပုံမှန်အခြေအနေတွေမှာ ငါ မင်းကို မျက်နှာသာပေးရတာက ကိစ္စမရှိဘူး...ဒါပေမဲ့ ဒီနေ့ ဒီသူတော်စင်ရဲ့ ဒေါသမီးတောက်တွေရှေ့မှာ မင်းက အလိုက်မသိဆက်လုပ်နေဦးမယ်ဆိုရင် မင်း အကျိုးဆက်ကို ခံနိုင်မှာလား..."

"ဟမ့်..."

ကုချင်းချန်၏စကားများသည် ယခင်ကဲ့သို့ မောက်မာထောင်လွှားနေဆဲဖြစ်ပြီး မထီမဲ့မြင်ပြုသည့်သဘောကိုပင် သက်ရောက်နေသည်။ သူ၏စကားများသည် သူ အရှက်ရခဲ့ရခြင်းကိုသာ အာရုံစိုက်ပြီး သူ ယခင်က မောက်မာထောင်လွှားမှုနှင့် နှောင့်ယှက်မှုများကို ဖော်ပြခဲ့ခြင်းမရှိချေ။ သူ့ထံတွင် အလွန်အမင်းကွဲပြားသော ပုံပန်းသွင်ပြင်နှစ်မျိုး ရှိနေပေ၏။ သူ၏ယခုလက်ရှိပုံစံသည် ပုံမှန်အချိန်၌ သူ ဟန်ဆောင်ထားသော ကျက်သရေရှိမှု သိမ်မွေ့မှုတို့နှင့် သိသိသာသာ ကွဲပြားခြားနားနေသည်။

ဤအချိန်အခိုက်အတန့်တွင် ကုချင်းချန်သည် သူ၏ဟန်ဆောင်မှုမျက်နှာဖုံးကို လုံးလုံးလျားလျား ဆုတ်ဖြဲလိုက်သည်။

စုကျဲ၏မျက်လုံးများအတွင်းတွင် ကူကယ်ရာမဲ့သည့်အရိပ်အယောင်များ ထင်ဟပ်လာပြီး ထိုကဲ့သို့သော ရှေးဟောင်းမျိုးနွယ်မှ သခင်လေးတစ်ဦးကို သူမ ဖျောင့်ဖျ၍မရနိုင်မှန်း သိလိုက်၏။

သူမသည် ပိုင်ဖျောင်ဖျောင်ကို တစ်ချက်ကြည့်ပြီး သူမ၏ နတ်ဘုရားစိတ်အာရုံဖြင့် သတင်းစကား ပေးပို့လိုက်သည်။

"နင် သွားပြီးဖျောင်းဖျကြည့်လိုက်အုံး...ဒီကိစ္စ ဒီနေရာမှာတင် ပြီးသွားတာ အကောင်းဆုံးပဲ..."

ပိုင်ဖျောင်ဖျောင်သည် နားလည်သဘောပေါက်သွားပြီး လူအများ၏အကျိုးအတွက် သူမသည် စိတ်အားထက်သန်စွာ ကြိုးစားပြောဆိုလေသည်။

"ကုချင်းချန်....ဒီကိစ္စက ကျွန်မဆီကနေ စတာပါ...ရှင် မကျေမနပ်ဖြစ်နေတယ်ဆိုရင် ကျွန်မ လျော်ကြေးပေးဖို့ ဆန္ဒရှိပါတယ်... ဘယ်လိုသဘောရလဲ..."

သူတော်စင်တစ်ပါးမှ လျော်ကြေးပေးမည်ဆိုခြင်းသည် ကြီးမားသော အလျှော့ပေးမှုဖြစ်ပြီး ပိုင်ဖျောင်ဖျောင်၏ စကားများသည် ကုချင်းချန်ကို မျက်နှာသာများစွာ ပေးလိုက်ခြင်းဖြစ်သည်။

သို့ရာတွင် ကုချင်းချန်၏မျက်လုံးများအတွင်းတွင် အရာရာကိုသိရှိထားသည့်အလား အရိပ်အယောင်တစ်ခု ထင်ဟပ်လာကာ ပို၍ပင်မောက်မာထောင်လွှားပြီး အာဏာပြလာသည်။

"ဟမ့်...မင်း... ကောင်မစုတ်..."

"ဒီသူတော်စင်က မင်းအပေါ် ဒီလောက်တောင် သဘောထားကြီးခဲ့တယ်... တခြားသူတွေ အိပ်မက်မက်ရတဲ့ နူးညံ့မှုကို ပေးသနားခဲ့တယ်... ဒါပေမဲ့ မင်းက အသုံးမကျတဲ့ကောင်တစ်ကောင်ကို ကူညီခဲ့တယ်....အခု မင်းတို့နှစ်ယောက် သဘောကောင်းချင်ယောင်ဆောင်နေတာ ဒီသူတော်စင်က အဲ့ဒီအသုံးမကျတဲ့ကောင်ကို သတ်ပစ်မှာ ကြောက်လို့ မဟုတ်လား..."

"အခုမှ မင်းတို့ ကြောက်တတ်နေပြီလား... အရမ်းနောက်ကျသွားပြီ..."

သူ၏ဆဲဆိုမှုများသည် ထက်ရှပြီး ရက်စက်ကြမ်းကြုတ်ကာ သူ၏ယခင် နူးညံသိမ်မွေ့သော အမူအယာမျိုး လုံးလုံးလျားလျားကင်းမဲ့နေသည်။

စုကျဲ၏မျက်လုံးများ ပို၍အေးစက်လာရုံသာမက ပိုင်ဖျောင်ဖျောင်၏ မျက်နှာအမူအယာလည်း တင်းမာခက်ထန်သွားသည်။ အမျိုးသမီးနှစ်ယောက်သည် အကြည့်ချင်းဖလှယ်လိုက်ကြပြီး နောက်ထပ် ဖျောင့်ဖျရန် ရည်ရွယ်ချက်ကို စွန့်လွှတ်လိုက်ကြ၏။ သို့ရာတွင် သူမတို့၏ မျက်လုံးများအတွင်းရှိ လှောင်ပြောင်သရော်လိုမှုများ ပို၍ပီပြင်ထင်ရှားလာသည်။

အမျိုးသမီးနှစ်ယောက် တိတ်ဆိတ်သွားသည်ကို မြင်တွေ့ချိန်၌ ကုချင်းချန်၏မျက်နှာပေါ်တွင် မောက်မာထောင်လွှားမှုများဖြင့် ပြည့်နှက်နေပြီး ပို၍ပင်လွှမ်းမိုးချုပ်ကိုင်ကာ ယုံကြည်မှုရှိလာသည်။

"ဘာလဲ...."

"ငါက မင်းတို့ရဲ့ အတွေးတွေကို ဖော်ထုတ်လိုက်လို့ အခု မတုံ့ပြန်ရဲတော့ဘူးလား.... ဒီသူတော်စင်က စစ်တုရင်ကနေ တာအိုကို နားလည်သဘောပေါက်တာ... ငါ့ရဲ့ နည်းဗျူဟာတွေနဲ့ အကြံအစည်တွေက လောကမှာ ပြိုင်ဘက်ကင်းတယ်...ဒီသူတော်စင်ရှေ့မှာ ဒီလို သေးငယ်တဲ့ လှည့်ကွက်တွေကို ပြရဲသေးတယ်...ဒါက တကယ့်ကို ရယ်စရာပဲ"

ပိုင်ဖျောင်ဖျောင်သည် သူမ၏စိတ်အတွင်းမှနေ၍ လှောင်ပြောင်ရယ်မောလိုက်သည်။

ဤရှေးဟောင်းမျိုးနွယ်မှ သခင်လေးသည် အမှန်တကယ်ကို အတ္တကြီးပြီး မောက်မာကာ အားနည်းသူကို အနိုင်ကျင့်ခြင်းသည် သူ့အတွက် အကျင့်ဖြစ်နေသည်။ သူသည် လောကကြီးအတွင်းရှိ လူများအားလုံး သူ့ကို မြှောက်ပင့်ချီးကျူးပြီး သူ၏လိုအင်ဆန္ဒများကို ဖြည့်ဆည်းပေးသင့်သည်ဟု တွေးထင်နေပေ၏။ လောလကြီးအတွင်းတွင် ကိုယ့်ထက်သာသူ အစဥ်အမြဲရှိသည်ဟူသော သဘောတရားကို သူ လုံးလုံးလျားလျား မသိချေ။

သူမသည် ရီဖုန်း တစ်စုံတစ်ခုဖြစ်မည်ကို မကြောက်ရွံပေ။ ရီဖုန်းသည် စုကျဲ၏အားကုန်သုံး ဓားချက်ကိုပင် တောင့်ခံနိုင်ခဲ့ရာ စုကျဲကို ရှုံးနိမ့်ဖူးသူတစ်ယောက်အား ဖြေရှင်းရန်မှာ သူ့အတွက် အလွန်လွယ်ကူသောကိစ္စပင်။

သူမ စိုးရိမ်နေသည်မှာ အကယ်၍ ရီဖုန်းသည် ဤအကျင့်ပျက်စစ်တုရင်သခင်ကို မတော်တဆ သတ်မိလျှင် ကြီးမားသော ရုန်းရင်းဆန်ခတ်မှုကြီးဖြစ်ကာ သူ ဒုက္ခရောက်သွားမည်ကိုပင်။

'ဒီလူက ဘာလို့ အလိုက်တသိ မနေနိုင်ရတာလဲ…'

ပိုင်ဖျောင်ဖျောင်သည် ယခုအချိန်၌ ကုချင်းချန်၏မွေးရာပါမောက်မာမှုကို ကုသ၍မရနိုင်ကြောင်း အကြွင်းမဲ့နားလည်သွားသည်။ ပြဿနာကြီးဖြစ်လာတော့မည်ကို မြင်တွေ့ချိန်၌ သူမ၏မျက်လုံးများအတွင်းတွင် ကူကယ်ရာမဲ့မှုများဖြင့် ပြည့်နှက်သွားပေ၏။

"သူက တကယ့်ကို အလိုက်မသိဘူး..."

စုကျဲသည်လည်း ကုချင်းချန်ကို ဖျောင့်ဖျရန် လက်လျှော့လိုက်ပြီး ပိုင်ဖျောင်ဖျောင်ကိုကြည့်ကာ သက်ပြင်းရှိုက်၍ ပြောဆိုသည်။

"ထားလိုက်တော့..."

"သူက ဒီလောက်တောင် ယုံကြည်မှုရှိပြီး ရီဖုန်းနဲ့ ယှဉ်ပြိုင်ချင်နေမှတော့ သူ့သဘောပဲ... တစ်ခါတစ်လေ ရှုံးနိမ့်မှုကို ခံစားရတာက မကောင်းတဲ့အရာတော့ မဟုတ်ပါဘူး...ငါတို့ တတ်နိုင်သလောက် လုပ်ပေးခဲ့ပြီးပြီ..."

အမျိုးသမီးနှစ်ယောက်၏အသံသည် မကျယ်လောင်သော်လည်း ကုချင်းချန်သည် သူတော်စင်တစ်ပါးဖြစ်သောကြောင့် ရှင်းရှင်းလင်းလင်း ကြားလိုက်ရသည်။

သူမတို့၏ကူကယ်ရာမဲ့သော မျက်နှာအမူအယာများကို မြင်ပြီး သူမတို့သည် အမှန်တကယ် စိုးရိမ်နေသကဲ့သို့ ပြုမူနေသည်ကို မြင်တွေ့ချိန်တွင်....

ကုချင်းချန်သည် လောကတွင် အကြီးမားဆုံး ဟာသကို ကြားလိုက်ရသည့်အလား အလွန်ဒေါသထွက်သွားသဖြင့် အော်ဟစ်ရယ်မောသည်။

"ဟား…"

"ဟား...ဟား...ဟား..."

"စိတ်ဝင်စားစရာပဲ....တကယ့်ကို စိတ်ဝင်စားစရာပဲ... ငါ ကုချင်းချန်က နှစ်ထောင်ပေါင်းများစွာအတွင်းမှာ နယ်မြေအမျိုးမျိုးကို ဖြတ်သန်းလာခဲ့ပြီး ပါရမီရှင်လို့ခေါ်တဲ့သူတွေကို မရေမတွက်နိုင်အောင် တွေ့ခဲ့တယ်....အရည်အချင်းနဲ့ ကျင့်ကြံမှုအရဆိုရင် အဲ့ဒီလိုလူတွေ တော်တော်များများကို ငါက အာရုံတောင် မစိုက်ခဲ့ဖူးဘူး...."

"အသုံးမကျတဲ့ကောင်တစ်ကောင်ကို မင်းတို့နှစ်ယောက်က ဒီလောက်တောင် ချီးကျူးနေကြတယ်...သူကို ဆရာကြီးတစ်ယောက်လိုတောင် ပြုမူနေကြသေးတယ်... ဒါက တကယ့်ကို အရမ်းစိတ်ဝင်စားစရာကောင်းတာပဲ.."

"ရီဖုန်း ဟုတ်လား...ကောင်းတယ်..ကောင်းတယ် အရမ်းကောင်းတယ်...ဘယ်သူက ရှုံးနိမ့်မှုကို ခံစားရမလဲဆိုတာ ငါ မင်းတို့ကို ပြမယ်..."

ကုချင်းချန်၏ဆံပင်များ ရှုပ်ပွနေကာ သူ၏ မျက်လုံးများအတွင်းတွင် ရက်စက်ကြမ်းကြုတ်မှုများဖြင့် ပြည့်နှက်နေပြီး သူ၏ အသံသည် ကောင်းကင်နှင့်မြေပြင်အနှံ့ ပဲ့တင်ထပ်သွားပေ၏။

"ရီဖုန်း.... အခုချက်ချင်း ထွက်လာပြီး အသေခံစမ်း..."

သူ၏ဒေါသတကြီး ဟိန်းဟောက်သံသည် မဟာတာအို၏စွမ်းအားများဖြင့် ရောယှက်နေပြီး သူတော်စင်နယ်မြေတစ်ခုလုံးအနှံ့ ပဲ့တင်ထပ်သွားကာ ပတ်ဝန်းကျင်ရှိ နတ်ဘုရားသားရဲများကို ကြောက်ရွံ့တုန်လှုပ်စေသည်။

မြေပြင်ပေါ်ရှိ ခြံဝင်းတစ်ခုအတွင်းတွင်...

ရီဖုန်းသည် ပန်ဒါမျက်လုံးနှစ်လုံးဖြင့် ထွက်လာခဲ့သည်။ သူသည် ယမန်နေ့ညက သူ၏ဘဝကို သံသယဝင်ကာ တွေးတောရင်း လူးလွန့်နေခဲ့ပြီး မိုးလင်းခါနီးမှသာ အိပ်ပျော်သွားခဲ့သည်။ သူသည် ယခုအချိန်တွင် အနည်းငယ် မူးနောက်နောက် ဖြစ်နေသေးပေ၏။

ယခုချိန်၌ သူထံတွင် ကျင့်ကြံမှုရှိနေပြီဖြစ်သော်လည်း သူ၏ ကာလရှည်ကြာ ပျင်းရိသော နေထိုင်မှုပုံစံသည် အကျင့်ဖြစ်နေလေပြီ။ ရုတ်တရက် အနှောင့်အယှက်ပေးခံရချိန်တွင် ရီဖုန်းသည် အသားမကျသေးချေ။ မနက်စောစော အနှောင့်အယှက်ခံရခြင်းသည် သူ့ကို ပို၍ စိတ်ဓာတ်ကျသွားစေသည်။

သေးငယ်သောခြံဝန်းအတွင်းမှ သူ မူးနောက်နောက်ဖြင့် ထွက်လာစဥ်တွင် သူ၏ မျက်လုံးများအတွင်း၌ အိပ်ချင်မူးတူး အရိပ်အယောင်များ ရှိနေဆဲပင်။ သို့ရာတွင် ထို့ထက်ပို၍ သိသာသည်မှာ သူ၏ဘဝမှ မျှော်လင့်ချက်အားလုံး ပျောက်ကွယ်သွားသည့်အလား အလွန်အမင်းစိတ်ပျက်အားငယ်နေသော အမူအယာပင်။ အဝေးမှကြည့်လျှင် သူသည် မည်သည့် အရှိန်အဝါ သို့မဟုတ် ဟန်ပန်မျှမရှိဘဲ စိတ်ရှုပ်ထွေးကာ ကြောင်တောင်တောင်ဖြစ်နေသော လူငယ်တစ်ယောက်နှင့် တူညီနေသည်။

သူ၏မျက်လုံးများသည် ကြောင်စီစီဖြစ်နေပြီး ပတ်ဝန်းကျင်ကို ဝေ့ဝိုက်၍ကြည့်နေလေ၏။

တစ်စုံတစ်ယောက်သည် သူ့ကို ရှာနေပုံရသော်လည်း မည်သည့်နေရာ၌ ရှိနေသနည်း...

ထားလိုက်တော့... ဒါက အရေးမကြီးဘူးထင်တယ်…

သူ၏မျက်နှာသည် ဖုတ်ကောင်ကဲ့သို့ ခံစားချက်ကင်းမဲ့မှုများဖြင့် ပြည့်နှက်နေပြီး လူအိုကြီးတစ်ယောက်နှင့် တူညီနေသည်။

ရီဖုန်းစိတ်ရှုပ်ထွေးပြီး ထုံထိုင်းနေသော မျက်နှာအမူအယာကို ငုံ့ကြည့်ပြီးနောက် သူ၏မျက်နှာပေါ်ရှိ ကြောင်စီစီမျက်လုံးများကို ကြည့်ကာ ကုချင်းချန်က လှောင်ပြောင်ရယ်မောလိုက်သည်။ သူ၏မျက်လုံးများအတွင်းရှိ မထီမဲ့မြင်ပြုမှုသည် ပို၍ပင်ပီပြင်ထင်ရှားလာပေ၏။

"ဒီလို အမှိုက်ကလား... ဒီသူတော်စင်ကို ရှုံးနိမ့်အောင် လုပ်နိုင်မယ် ဟုတ်လား.... ငါ ထင်တာတော့ မင်းတို့နှစ်ယောက် စိတ်ဖောက်ပြန်နေပြီ.... ဒီလို ဟာသမျိုးနဲ့ ဒီသူတော်စင်ကို ခြောက်လှန့်ဖို့ ကြိုးစားနေတာက အရမ်းရယ်စရာကောင်းတယ်...."

ကုချင်းချန်သည် စကားပြောဆိုနေရင်း သူ၏မျက်လုံးများသည် ဒေါသကြောင့် စူးရှတောက်ပနေပေ၏။ သူသည် လက်များကို နောက်ပစ်ကာ မတ်တတ်ရပ်နေပြီး အလွန်အမင်း မောက်မာထောင်လွှားနေသည်။

"ဒီလို ပုရွက်ဆိတ်တစ်ကောင်အတွက် ငါ့ကို ဒီလောက်ထိ ဖရိုဖရအောင် လုပ်ခဲ့တယ်... သူ့ရဲ့ ယုတ်ညံ့တဲ့ အသက်နဲ့ ဒီဒေါသကို ဖြေဖျောက်တာကတောင် ဒီသူတော်စင်ရဲ့ ကြီးမားတဲ့ သဘောထားကြီးမှုပဲ..."

သူ၏အသံ မဆုံးမီမှာပင်....

ကုချင်းချန်သည် သူ၏ညာလက်မှ လက်ညှိုးနှင့် လက်ခလယ်ကို ဆန့်တန်းလိုက်ရာ သူတော်စင်ဓားတစ်လက်သည် လေဟာနယ်အတွင်း၌ ထွက်ပေါ်လာပေ၏။

သူတော်စင်လက်နက်တစ်ခုကို ဤမျှ ပေါ့ပေါ့ဆဆ ကိုင်ဆောင်နိုင်ခြင်းသည် ရှေးဟောင်းကုမျိုးနွယ်၏ နက်ရှိုင်းသော အမွေအနှစ်ကို ပြသနေခြင်းပင်။ သို့ရာတွင် ဤလှုပ်ရှားမှုကြောင့် ပိုင်ဖျောင်ဖျောင်နှင့်စုကျဲတို့သည် အနည်းငယ်မျှပင် စိုးရိမ်ထိတ်လန့်သွားခြင်း မရှိချေ။ သူမတို့သည် ကုချင်းချန်ကို စာနာသနားနေကြကာ သူမတို့၏စိတ်အတွင်း၌ သက်ပြင်းရှိုက်လိုက်ကြသည်။

'ဒီ ကုချင်းချန်က တကယ့်ကို မောက်မာထောင်လွှားပြီး စိတ်လိုက်မာန်ပါ ပြုမူတတ်တယ်'

အမျိုးသမီးနှစ်ယောက်၏ တိတ်ဆိတ်သော အကြည့်အောက်တွင် သူတော်စင်ဓားသည် ကြယ်ပျံတစ်စင်းကဲ့သို့ ပျံ့လွင့်သွားပြီး ကြောက်မက်ဖွယ်ကောင်းသော တုန်ခါသံကို ထုတ်လွှတ်လိုက်သည်။ ဤသည်မှာ စုကျဲ၏ တိုက်ခိုက်မှုလောက် အားမကောင်းသော်လည်း ထိုဓား၏စွမ်းအားသည် အံ့အားသင့်ဖွယ်ကောင်းပေ၏။

သူ့ဆီသို့ ပျံ့လွင့်လာသော ဓားတစ်လက်ကို မြင်တွေ့ချိန်တွင် ရီဖုန်း ပို၍ပင်စိတ်တိုသွားသည်။ သူသည် စုကျဲ၏ဓားချက်ကိုပင် ခံယူခဲ့ပြီးဖြစ်ရာ မိန်းမလျာကောင်လေးတစ်ယောက်ကို ကြောက်ရွံနေရန် အကြောင်းမရှိချေ။ သူသည် မသိစိတ်မှနေ၍ သူ၏လက်ကို ရှေ့သို့ဝှေ့ယမ်းလိုက်သည်။

ဤလက်ဝါးရိုက်ချက် ကျရောက်သွားသည်နှင့် မျက်စိတစ်မှိတ်အတွင်း စိတ်ဝိညာဉ်စွမ်းအင်

လှိုင်းလုံးများ တဝုန်းဝုန်းထလာသည်။

"ဘုန်း...."

ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားတစ်ရပ် ထွက်ပေါ်လာပြီး မိုးကောင်းကင်ယံကို ဖြတ်သန်းတိုက်ခတ်သွားသော မုန်တိုင်းတစ်ခုအလား ပတ်ဝန်းကျင်နေရာတဝိုက်ကို လွှမ်းခြုံသွားသော စွမ်းအင်လှိုင်းလုံးကြီးတစ်ခု လှိုင်းထန်လာသည်။

ထိုကြောက်မက်ဖွယ် စွမ်းအင်လှိုင်းလုံးကြီးသည် မိုးကောင်းကင်ယံကိုပင် ပိတ်ဖုံးလုနီးပါးဖြစ်နေပြီး ပျံ့လွင့်သွားသော သူတော်စင်ဓားသည် ပင်လယ်အတွင်းသို့နစ်ဝင်သွားသည့် သစ်ရွက်တစ်ရွက်အလားပင်။

ရုတ်ချည်းဆိုသလိုပင် ထိုသူတော်စင်ဓားသည် စွမ်းအင်လှိုင်းလုံးကြီးအတွင်းတွင် လုံးလုံးလျားလျား နစ်မြုပ်သွားပြီး ဓား၏အလင်းတန်းများအားလုံး ပျောက်ကွယ်သွားသည်။ စွမ်းအင်လှိုင်းလုံးကြီးသည် မရပ်မနား ရှေ့သို့ဆက်လက်၍ တိုးဝင်သွားပြီး ကုချင်းချန်ပင်လျှင် လွှမ်းခြုံသွားခြင်းခံလိုက်ရသည်။

"အား...အား..."

စူးရှပြီးနာကျင်သော အော်ဟစ်သံတစ်သံသည် ပတ်ဝန်းကျင်နေရာတဝိုက်လုံးအနှံ့ ပဲ့တင်ထပ်သွားသည်။

လေထုအတွင်းတွင် မတ်တတ်ရပ်နေသော ပိုင်ဖျောင်ဖျောင်နှင့်စုကျဲတို့သည် ကြက်သေသေသွားပြီး သူမတို့၏ကြည်လင်သောမျက်လုံးများအတွင်း၌ အံ့အားသင့်တုန်လှုပ်မှုများ ထင်ဟပ်နေသည်။

အရမ်းအားကောင်းလွန်းတယ်…

ဒီပေါ့ပေါ့တန်တန် လှုပ်ရှားမှုတစ်ခုက ဒီလောက်ထိ ကြောက်ဖို့ကောင်းတာလား....

All Chapters